ကိုတလုတ်ဖြူသည် ချောင်းတဟွတ်ဟွတ် ဆိုးရာက လက်တွင် ကိုင်ထားသော ကျပ်တန် ငွေစက္ကူ အဟောင်းကလေး ငါးရွက်ကို အားငယ်စွာ ငုံ့ကြည့်မိလေသည်။ ထိုငွေကလေး မဖြစ်စလောက်နှင့် ဆရာဝန်ရှိရာ အခန်းထဲသို့ ဝင်ရန်မှာ ငွေတစ်ထောင်နှင့် ပြန်ပေး လုပ်ထားသူကို ငွေနှစ်ဆယ်လောက်နှင့် ပြန်၍ အရွေးသွားရတော့သလိုလို ရှိတော့သည်။

မဖြစ်စလောက်ဟု ဆိုသည်မှာ ဆရာဘက်မှနေ၍ ကြည့်လျှင်သာ ဖြစ်ချင် ဖြစ်ပေမည်။ ကိုတလုတ်ဖြူ ဘက်က ပြောရလျှင်ကား ထိုငွေငါးကျပ်မှာ ငါးပိရည် တစ်ခွက်တည်းနှင့် တစ်အိမ်လုံး စားသုံးခြိုးခြံ၍ထားရသော ခုနှစ်ရက် တစ်ပတ်တိတိ စုငွေ ဖြစ်တော့သည်။ သူ့မယား မငွေစုကလည်း ရှာဖွေကျွေးမွေးနေသော ကိုတလုတ်ဖြူ၏ ကျန်းမာရေးအတွက် ရှိသမျှ စည်းစိမ်ကို စု၍ အပ်လိုက်ရသလို အခြေအနေဖြစ်သည်။

ကိုတလုတ်ဖြူမှာ ကလေး သုံးယောက်နှင့်တကွသော မယား မငွေစုတို့၏ တစ်ဦးတည်းသော အားကိုးရာမှီခိုရာ ဖြစ်တော့သည်။ ထိုသဘောတရားကို သိ၍လည်း ကိုတလုတ်ဖြူတွင် တော်ရုံတန်ရုံ နာမကျန်းဖြစ်၍ နားနေခွင့်၊ အိပ်နေခွင့်၊ ဖျားနေခွင့် မရအောင် တစ်နေကုန် ကျောက်သွေးရရှာသည်။ မကြာမကြာ ညဘက် ဆယ်နာရီ ဆယ့်တစ်နာရီ ထိအောင် ရေနံဆီမီးခွက် တစ်ခွက်နှင့် တရှဲရှဲ အလုပ်လုပ်ရသည်။ နောက်တစ်နေ့ မိုးလင်းလျှင်လင်းချင်း နေမြင့်အောင် မအိပ်နိုင်ဘဲ ထ၍ လုပ်ရပြန်သည်။

အခုတော့ သူ့ရောဂါဝေဒနာမှာ အပ်နှင့် ထွင်ရမည်ကို ပုဆိန်နှင့် ပေါက်ထွင်ရတော့မလို ရှိနေလေပြီ။ ရောဂါဝေဒနာတစ်ခုခု ဖြစ်လျှင် ချက်ချင်း ကုနိုင်ပါက ပျောက်ကင်းသက်သာနိုင်ကြောင်းကို ကိုတလုတ်ဖြူ သိပါသည်။ သို့သော် သူ၏ဝမ်းရေးမှာ ရောဂါကုသနေနိုင်လောက်အောင် မကြွယ်ဝခဲ့။ မတ်တတ်စာသာ မရ,ရအောင် ရှာရသည်။ တုံးလုံးစာ အဖြစ်ဖြင့် ငွေပိုငွေလျှံ မရှိခဲ့။

တော်တော်ကလေး အခံရဆိုးလာမှ ဆရာနှင့် ကုရမှန်း သိရသည်။ သတိရနိုင်တော့သည်။ ထိုသို့ သိလာသောအခါတွင်လည်း ကြေးကြီးပေးရသော ဆေးဝါးဓာတ်စာနှင့် ဆရာဝန် စသည်တို့ကို မပြသနိုင်။ ပေါပေါရသော ဆေးမြီးတိုများနှင့် တော်စွာ ရော်စွာ အရပ်ဆရာတို့ကိုသာ သူ့အခြေအနေနှင့် လိုက်အောင် ပြသ ကုစားရရှာသည်။ သို့နေရင်းက ရင်အောင့်ပြီး ချောင်းဆိုးလာတာက အခံရခက်လာတော့သည်။

“ခင်ဗျားရောဂါက ဥဏှတေဇော အကြောင်းခံပြီး ဖြစ်တဲ့ မြစ်ခြောက်နာပဲ၊ အပူစာ မှန်သမျှ မစားနဲ့” 

ထိုမျှသာ ဆရာက ပြောသည်။ သူ့ဆေးကလေး အနည်းငယ် ပေးသည်။ ထို့နောက် စားသောက်ရန် ဟင်းကျွေးဓာတ်စာများကို ပေးသည်။ ကိုတလုတ်ဖြူသည် ခံနိုင်သမျှ အောင့်၍ခံကာ ဝမ်းစာအတွက် အလုပ်လုပ်ရရှာသည်။ သို့သော် ခါတိုင်းလို အလုပ် မတွင်ကျယ်တော့ပေ။

“မဖြစ်ဘူး မငွေစု၊ အင်္ဂလိပ် ဆရာဝန် ဆိုတာ ပြကြည့်ရ မကောင်းလား၊ ကြာကြာနေရင် ဒိထက် အလုပ်ပျက်မှာ စိုးရတယ်” ဟု သူ့မယားကိုသူ တိုင်ပင်ကြည့်ရတော့သည်။ သူ့ဝေဒနာမှာ သူ့အသက် ကျန်းမာဖို့ထက် အလုပ်လုပ်နိုင်ဖို့က အဓိကထားသလို ဖြစ်နေရှာသည်။ တကယ်ဆိုတော့လည်း ကိုတလုတ်ဖြူ၏ ဘဝအခြေအနေမှာ လူကျန်းမာမှ ထမင်းစားဖို့ အလုပ်လုပ်မည် ဖြစ်သည်ထက် အလုပ်လုပ်နိုင်မှ ထမင်းဝကာ ကျန်းမာရမလို ရှိသည်။

“ကဲ... ကိုတလုတ်ဖြူ ဆရာဝန်အခန်းထဲမှာ လူရှင်းရောပေါ့”

မငွေစုက သူ့လင်ကို သူတိုက်တွန်းလိုက်သည်။ ကိုတလုတ်ဖြူမှာတော့ စားနိုင် သောက်နိုင်၊ ကုနိုင် သနိုင်သော လူတန်းစားများ ထွက်လိုက် ဝင်လိုက်ဖြစ်နေသည့်အတွက် ဆိုင်းငံ့နေရခြင်းဖြစ်သည်။ ဆရာဝန်ထံ ရောဂါကုသရအောင် လာကြသူများမှာ ကိုတလုတ်ဖြူထက် ကျန်းမာသန်စွမ်းကြရုံမက ရယ်လား မောလားနှင့် ဆရာဝန်အား စကားလက်ဆုံ ကျနေပါသေးသည်။ ကိုတလုတ်ဖြူနှင့်စာလျှင် ထိုရောဂါသည် ဆိုသူများမှာ သံချောင်း သံခဲတွေလောက် မာပါသေးသည်။

လူတွေအားလုံး ရှင်းကုန်မှ ဆရာဝန်သည် သူ့အလုပ်ကို သူသိမ်းရန် အပြင်ဘက်သို့ ထွက်လာသည်နှင့် ဆုံမိတော့သည်။

“အို... ခင်ဗျား ဝေဒနာပြဖို့လား၊ လာလေ ဝင်ခဲ့”

ဤတွင် သူတို့လင်မယား ဝင်ဝံ့ ပြဝံ့တော့သည်။

ဆရာဝန်သည် နာရီဝက်နီးပါး စမ်းသပ်တီးခေါက်ကြည့်နေလေရာ၊ သူ့မယား မငွေစုမှာ စီရင်ချက် နာခံရမည့် တရားခံ၏ မယားတစ်ယောက်လို တထိတ်ထိတ် ဖြစ်နေရှာတော့သည်။

ဆရာဝန်က နောက်ဆုံး လက်ဆေးနေရင်းက... 

“အင်း... ခင်ဗျားဥစ္စာ တီဘီပဲ၊ တီဘီဆိုတာ အဆုတ်ရောဂါပေါ့၊ အတော်ဆိုးနေပြီ၊ ခင်ဗျား ဆေးရုံကို မြန်မြန်တက်ရင် ကောင်းမယ်”

“ဆေးရုံတက်ပြီး ဘယ်လောက်နေရမလဲ ဆရာရယ်”

“အနည်းဆုံး သုံးလ”

“အင်း... သုံးလဆိုတော့”

ကိုတလုတ်ဖြူသည် ကိုယ့်ဝမ်းနာ ကိုယ်သိ၍ ညည်းလိုက်မိသည်။ သုံးလ မပြောနှင့်၊ ဆယ်ရက် အလုပ်မလုပ်လျှင် မယားနှင့်ကလေးတွေ ငတ်ကြတော့မည်။

“ဒါဖြင့်  အပြင်မှာ ကုမလား၊ ခင်ဗျားတို့ ကုနိုင်ပါ့မလား။ ဓာတ်မှန် ရိုက်ရမှာက ငွေနှစ်ဆယ်၊ ဆေးထိုးရမှာက အပြင်မှာ ဝယ်ယူရင် ဆေးဖိုးတင် ငွေတစ်ရာကျော် ကျမယ်၊ နောက်ပြီး သောက်ဆေးက သုံးဆယ်ဖိုးလောက် ကျမယ်၊ မနက်တိုင်း ညတိုင်း နွားနို့စစ်စစ် ငါးဆယ်သားလောက် နေ့တိုင်း သောက်ရမယ်၊ ကြက်ဥသုံးလုံး သုံးလုံး မှန်မှန် သောက်ရမယ်။ ဒါတွေထက် အရေးကြီးတာက လေကောင်း လေသန့် ပူနွေးတဲ့နေရာတို့၊ အိမ်တို့ကို ပြောင်းရွှေ့ နေရမယ်၊ စိတ်မချမ်းသာစရာ မှန်သမျှ ဘာမှမတွေးဘဲ အလုပ်မှန်သမျှ ရပ်နားပြီး အေးအေး နေရမယ်။ တတ်နိုင်ရင် သူနာပြုဆရာမတစ်ယောက် အမြဲတမ်း ငှားထားရမယ်။ အကောင်းတကာ့ အကောင်းဆုံး ပြောရမယ်ဆိုရင် မဒရပ်တို့၊ မိတ္ထီလာတို့ သွားနေနိုင်ရင် အကောင်းဆုံးပဲ။ အဲဒါတောင် ခြောက်လလောက် ကုမှ ဒီရောဂါ ရှင်းရှင်းပျောက်နိုင်မယ်၊ ဘယ့်နှယ့်လဲ”

မငွေစုသည် ပါးစပ် အဟောင်းသားနှင့် မျက်ရည်တွေ ဝဲပြီး တွေးချင်ရာ တွေးငေးနေတော့သည်။ ကိုတလုတ်ဖြူကတော့ မတွေး မငေးတော့ဘဲ သက်မ,ကြီး ပြင်းပြင်းသာ တစ်ချက်တည်း ချလိုက်ပြီး ဆရာဝန်ကို တောင်းပန်လိုက်သည်။

“ဆရာရယ်… ကျုပ်မှာ ငွေငါးကျပ်ပဲ ပါပါတယ်၊ အဲဒါ အဆိပ်ဆေး ငါးကျပ်ဖိုးသာ ပေးပါတော့”
-----------
#သုခ
သုခဝတ္ထုတိုများ
ဆဋ္ဌမအကြိမ်၊ ၁၉၉၆၊ ဇန်နဝါရီ၊ ပါရမီစာပေ။