ရှမ်းပြည်နယ် (ရှမ်း: မိူင်းတႆး) သည် မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များအနက် အကြီးဆုံး(ဧရိယာအကျယ်ဆုံး) ပြည်နယ်ဖြစ်သည်။ ဗြိတိသျှအစိုးရလက်ထက်က ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်ခဲ့သော နယ်များအား လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဟူ၍ ပေါက်ဖွားလာသောအခါ ပြည်ထောင်စု အခြေခံဥပဒေအပိုဒ် ၅ အရ အဆိုပါ နယ်များတွင် 'ဝ'နယ်များကို ပူးပေါင်း၍ ရှမ်းပြည်နယ်ဟု သတ်မှတ်ပိုင်းခြားခဲ့သော နယ်များကို ခေါ်ဝေါ်သမုတ်ခြင်း ဖြစ်ပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိ၍ အကြီးဆုံးပြည်နယ်လည်း ဖြစ်၏။ ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း တောင်စခန်းတို့ဖြင့် သာယာလှပသောပြည်နယ်တစ်ခုဖြစ်ပါသည်။

တည်နေရာနှင့် အကျယ်အဝန်း ပြင်ဆင်
ရှမ်းပြည်နယ်သည် ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း ဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်‌၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ မှ ၂⁠၂ဒီဂရီ ၁၅မိနစ် အတွင်း ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၆မိနစ် မှ ၉၈ ဒီဂရီ ၄၇မိနစ် အတွင်းတည်ရှိသည်။ ထိုပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိပြီးလျှင် အကြီးဆုံးပြည်နယ် ဖြစ်သည်။ ပြည်မ၏အရှေ့ဘက်၌ရှိသော ထိုပြည်နယ်သည် အကြမ်းဖျင်းအားဖြင့် ပဉ္စဂံပုံ ရှိလေရာ အနောက်ဘက်ရှိ ပြည်မ၏ လွင်ပြင်ဒေသများကို ပဉ္စဂံ၏ အခြေပြုထားကာ အရှေ့ဘက်ရှိ မဲခေါင်မြစ် (လာအိုနိုင်ငံ) ပေါ်တွင် ပဉ္စဂံ၏ ထိပ်ဖျားကျရောက်နေလေသည်။ ရှမ်းပြည်နယ်သည် မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ယူနန်ပြည်နယ် (တရုတ်ပြည်သူ့သမ္မတနိုင်ငံ)၊ အရှေ့ဘက်တွင် ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း၊ အနောက် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းတို့ဖြင့် ဝိုင်းရံလျက် ရှိသည်။ ထိုပြည်နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂ဝ မိနစ်နှင့် ၂၄ ဒီဂရီ ၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် နှင့် ၁ဝ၁ ဒီဂရီ ၉ မိနစ်တို့၏ အကြား၌ တည်ရှိလေသည်။

ပထဝီဝင် 
မြေမျက်နှာသွင်ပြင် 

ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း၊ တောင်စခန်းတို့ဖြင့် သာတောင့်သာယာ ရှိပေသည်။ ဧရာဝတီမြစ်ရိုး တစ်ခုဆီမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်ဟု အများခေါ်ဆိုကြသော တောင်စဉ်တောင်တန်းများကို တောင်ခိုးတောင်ငွေ့ တစ်ဝေဝေဖြင့် တွေ့မြင်ကြရပေလိမ့်မည်။ ရှမ်းရိုးမတောင်ဟု ခေါ်ဆိုနေကြသော်လည်း စင်စစ် ရှမ်းပြည်နယ်တစ်ခုလုံးသည် ကုန်းပြင်မြင့် ဖြစ်လေသည်။

ရှမ်းကုန်းပြင်မြင့်သည် ပျှမ်းမျှခြင်းအားဖြင့် ပင်လယ်ရေပြင်မှ ပေ ၃ဝဝဝ-၄ဝဝဝ ကျော်အထိ မြင့်ပြီးလျှင် နေရာ ဒေသများစွာတို့၌ မြေမျက်နှာပြင်သည် လှိုင်းအိထိုးနေဘိသကဲ့သို့ နိမ့်တုံမြင့်တုံ ဖြစ်နေလေသည်။ အရှေ့ဘက်ပိုင်း ကုန်းမြေမြင့်သည် အနောက်ဘက်ပိုင်းထက် ပို၍မြင့်သည်။ အမြင့်ဆုံးအပိုင်းသည် လားရှိုး၏ အနောက်တောင်ဘက်ပိုင်း ဖြစ်သည်။ ကုန်းမြေမြင့်မျက်နှာပြင်သည် သိန္နီနယ်၏ အလယ်ပိုင်းခန့်မှ စ၍ မန္တလေးခရိုင် အထက်နားရှိ တောင်ကုန်းဒေသသို့တိုင်အောင် ကျယ်ပြန့်သွားသော်လည်း မိုးနဲနယ်နှင့် မောက်မယ်နယ်စပ်သို့ အရောက်တွင်မူ ကျဉ်းမြောင်းသွားလေသည်။

တောင်ရိုးတောင်တန်းတို့သည် ရှမ်းပြည်မြောက်ပိုင်း အချို့ ဒေသများတွင် အရှေ့နှင့်အနောက်တန်းလျက် ရှိသည်မှ လွဲ၍ ပြည်နယ်တစ်ခုလုံး၌ များသောအားဖြင့် တောင်နှင့်မြောက် တန်းလျက်ရှိကြလေသည်။ တောင်ထိပ်များသည် ပေ ၆ဝဝဝ မှ ၈ဝဝဝ ကျော်အထိ မြင့်ကြ၍ အမြင့်ဆုံးတောင်ထွတ်သည် တောင်သိန္နီနယ် အတွင်းရှိ ပေပေါင်း ၈၇၇၇ မြင့်သော လွယ်လိန်းတောင်ထွတ်ဖြစ်သည်။ အခြားမြင့်မားသော တောင်ထွတ်များမှာ မြောက်သိန္နီနယ်အတွင်းရှိ လျန်ရှန်၊ ကျိုင်းတုံနယ်အရှေ့ပိုင်းရှိ လွယ်ပန်နောင်၊ မိုင်းကိုင်နယ်အတွင်း ရှိ လွယ်စန့်နှင့် လွယ်လမ် စသည်တို့ ဖြစ်ကြ၍ ပေ ၈ဝဝဝ ကျော် မြင့်ကြပေသည်။ ပင်းတယနယ်အတွင်းမှ မဲနယ်တောင်တန်းရှိ အရှေ့မြင် အနောက်မြင်တောင်ထွတ်သည် ၇၆၇၈ ပေ မြင့်သည်။ ထိုပြင် နမ့်တမ်ဖတ် ချောင်းဝှမ်းနှင့် နမ့်ပွန်ချောင်းဝှမ်းကို ခြားလျက်ရှိသော လွယ်မောနှင့် လွယ်မောင်ဟု ခေါ်သည့် ပေ ၇ဝဝဝ မှ ၈ဝဝဝ ကျော်ရှိသော တောင်မြင့်ကြီးများလည်း ရှိပေသေးသည်။ ကလောမြို့အနီးရှိ ဆင်တောင်နှင့် မြင်းမထိတောင်တို့သည် ပေ ၅ဝဝဝ ကျော် မြင့်ကြလေသည်။

မြစ်ချောင်း 

ရှမ်းပြည်နယ်၏ မြစ်ချောင်းတို့သည် တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်စီးဆင်းရသဖြင့် မြစ်ကမ်းပါးတို့သည် များသောအားဖြင့် ကျဉ်းမြောင်းမတ်စောက်ကြသည်။ မြစ်ချောင်းတို့အကြား၌ တောင်နှာမောင်းတို့သည် မြစ်ချောင်းများ ဆုံးသည့် တိုင်အောင် တည်ရှိကြလေသည်။ရှမ်းပြည်နယ်တွင် သံလွင်မြစ်သည် အကြီးဆုံးဖြစ်သည်။ ထိုမြစ်ကို ရှမ်းဘာသာဖြင့် နမ့်ခုန်းမြစ်ဟု ခေါ်သည်။ ယင်းသည် ရှမ်းပြည်နယ်တစ်ခုလုံးကို မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းရာ အကြမ်းဖျဉ်းအားဖြင့် ပြည်နယ်ကို အရှေ့နှင့်အနောက် ပိုင်းခြားထားသကဲ့သို့ ရှိသည်။ မြစ်ရိုးတစ်လျှောက် ဧရာဝတီမြစ်ကဲ့သို့ မြေပြင် ပြန့်ဖြူးခြင်းမရှိဘဲ နက်ရှိုင်းမတ်စောက်သော ကမ်းပါးစောက်ကြီးများကို ဖြစ်ပေါ်စေလျက် အရှိန်ပြင်းစွာဖြင့် စီးဆင်းလေသည်။

သံလွင့်မြစ်အထက်ပိုင်း ဖြတ်သန်းစီးဆင်းရာ ရှမ်းပြည် မြောက်ပိုင်းသည် တောင်ထူထပ်၍ ပေ ၆ဝဝဝ ကျော် ၇ဝဝဝ နီးပါးမြင့်သော တောင်တန်းကြီးများ ရှိသည်ထိုတောင်တန်းကြီးများသည် တံတိုင်းကြီးများသဖွယ် ကာဆီးလျက်ရှိခြင်းကြောင့် ရှေးအခါက မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ရန် မလွယ်ကူခဲ့ခြင်း ဖြစ်ပေသည်။ တောင်ရိုးတောင်တန်းများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ထပ်ဆင့်နေလေရာ မြေပြန့် မြေကျယ်များစွာ မရှိချေ။ ထိုကြောင့် ထိုအပိုင်းတွင် လူနေအိမ်ခြေလည်း နည်းပါးလေသည်။

အလယ်ပိုင်းနှင့် အောက်ပိုင်းတစ်လျောက် သံလွင်မြစ် ဖြတ်သန်း စီးဆင်းလာသောအခါ အနောက်ဘက်တွင် တောင်တန်းများသည် နီးကပ်စွာ ထပ်ဆင့်ခြင်းမရှိဘဲ နီးတစ်လှည့် ဝေးတစ်ခါရှိနေကြလေရာ တောင်တန်းတစ်ခုနှင့် တစ်ခုအကြားတွင် မြေပြန့်မြေကျယ်များကို တွေ့ရသည်။ ထိုမြေပြန့်မြေကျယ်များတွင် မြို့ရွာများကို တည်ထားကြလေသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ထဲသို့ စီးဝင်သော မြစ်လက်တက်များမှာ လက်ဝဲဘက်ကမ်းမှ စီးဝင်သော နမ့်တင်(နမ့်တိန်း)၊ နမ့်မ၊ နမ့်ဆင် စသည်တို့၎င်း၊ လက်ယာဘက်ကမ်းမှ စီးဝင်သောနမ့်နင်း၊ နမ့်ပန်နှင့် နမ့်တန်စသည်တို့၎င်း ဖြစ်ကြလေသည်။

ရှမ်းပြည်နယ်၏ အခြားမြစ်ကြီးတစ်မြစ်သည် မဲခေါင်မြစ် ဖြစ်ပေသည်။ သို့သော် ရှမ်းပြည်နယ်နိမိတ်နှင့် လာအိုနိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ထားသည့် မိုင်ပေါင်း ၁၂ဝ ခန့်မျှသာ ထိုမြစ်ကြီးသည် ရှမ်းပြည်နယ်နှင့် သက်ဆိုင်လေသည်။

နမ္မတူ၊ မြစ်ငယ်၊ ဒုဋ္ဌဝတီဟူသော သုံးမည်ရ နမ္မတူမြစ်သည် ရှမ်းပြည်နယ်၏ ထင်ရှားသောမြစ်တစ်သွယ် ဖြစ်သည်။ ပြည်နယ်အတွင်း တစ်စိတ်တစ်ဒေသမျှသာ ဖြတ်သန်းသွားသော်လည်း မဖော်ပြဘဲ မနေအပ်သော မြစ်တစ်သွယ်မှာ နမ့်မင်းဟုလည်း ခေါ်သော ရွှေလီမြစ်ပေတည်း။ ထိုမြစ်၏ မြစ်ဖျား လက်ယာဘက်ကမ်းရှိ မိုင်းမောဒေသမှ စ၍ ရှမ်းပြည်ထောင် အများ ပေါ်ပေါက်ပြန့်ပွားခဲ့သည်ဟု ဆိုကြလေသည်။ ဖော်ပြခဲ့သော မြစ်များအပြင် ရှမ်းပြည်နယ်အလယ်ပိုင်း မြေလပ်ဒေသ၌ မြစ်ဖျားခံပြီးလျှင် ရပ်စောက်နယ်၊ ဘော်နယ်တို့ကို ဖြတ်ကျော်ကာ ပြည်မရှိ ကျောက်ဆည်ခရိုင်မှ တစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သော ဇော်ဂျီမြစ်၊ ဟိုပုန်းနယ်တွင် မြစ်ဖျားခံသော နမ့်တမ်ဖတ်ချောင်း၊ မြေလပ်ဒေသတစ်ဝိုက် စီးဆင်းကာ အင်းလေးထဲသို့ အနောက်ဘက်မှ စီးဝင်၍ တောင်ဘက်မှတစ်ဖန် ပြန်ထွက်ပြီးလျှင် ကယားပြည်နယ်အတွင်းသို့ စီးဝင်သော နမ့်ဘီလူးချောင်း၊ လဲချားနယ်တောင်ကုန်းများ၌ မြစ်ဖျားခံပြီးလျှင် တောင်ဘက်ကယား ပြည်နယ်အတွင်းသို့ စီးဝင်ပြီးနောက် သံလွင်မြစ်အတွင်းသို့ နမ့်ပွန်ချောင်း စသည်တို့လည်း ရှိပေသေးသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း မြစ်ရိုးချောင်းရိုး မြေပြန့် လွင်ပြင်များတွင် မြို့ရွာများကို များသောအားဖြင့် ရှမ်းလူမျိုးတို့က တည်ထောင်ထားကြရာ မြောက်ပိုင်း နမ္မတူမြစ်ရိုး မြေပြန့်တွင် သိန္နီနယ်၊ သီပေါနယ်တို့ကို တွေ့ရသည်။ ရပ်စောက်၊ ရေဦး၊ ရွာငံ၊ ပင်းတယ၊ ပွေးလှနယ်တို့သည် ဇော်ဂျီမြစ်ရိုး မြေပြန့်တစ်လျောက် တည်ထားသော မြို့ရွာများဖြစ်ကြသည်။ နမ့်ပွန်ချောင်းရိုးမြေပြန့်တွင် မိုင်းပွန်နယ်ကို၎င်း နမ့်တမ်ဘက်ချောင်းရိုး မြေပြန့်တွင် ဟိုပုန်း၊ ဘန်းယဉ်၊ ဆီဆိုင်(သထုံ) နယ်တို့ကို၎င်း တွေ့ကြရလေသည်။

မြစ်ချောင်းများသည် တောင်စဉ် တောင်တန်းများကို ဖြတ်ကျော်စီးဆင်းကြသဖြင့် ရှမ်းပြည်နယ်တွင် ရေတံခွန်စိမ့်စမ်းများအနှံ့အပြား ရှိသည်။ သီပေါနှင့် လာရှိုးအကြားရှိ မန့်ဆမ်ရေတံခွန်ကြီးသည် အမြင့်ပေ ၁၅ဝဝ ကျော် ၂ဝဝဝ ခန့်မှ တောင်ခန့်မှ တောင်ခါးပန်းအဆင့်ဆင့်ကို စီးဆင်းလာခဲ့ရာ ကြည့်၍ မငြီးဖွယ်ရာ ဖြစ်ပေသည်။ ထိုရေတံခွန်ကြီးမှ ရေအားကို အသုံးပြု၍ နမ္မတူမြို့ရှိ ဘားမားကော်ပိုရေးရှင်း လီမီတက်၏ သတ္တုတွင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အခြားရေတံခွန်များလည်း အများအပြားရှိရာ ယင်းတို့မှ ရေအားကိုလည်း အသုံးချနိုင်ရန် ပြည်ထောင်စု အစိုးရက လေ့လာ စမ်းသပ်စေခဲ့သည်။ ရှမ်းပြည်တောင်ပိုင်းတွင် စက်မှုလုပ်ငန်း ဓာတ်အားပေးရေးအတွက် အလားအလာရှိသော ရေတံခွန်တို့မှာ မိုင်းပွန်မြို့အနီးရှိ ရေတံခွန်သုံးခု၊ ရပ်စောက်မြို့မှ ၁ဝ မိုင်ခန့်ကွာ အင်းတော်သွားလမ်းရှိ ဇော်ဂျီရေတံခွန်(မိုးဟင်းရေတံခွန်)၊ ညောင်ရွှေမြို့အနီးရှိ ရေတံခွန်ငယ်နှစ်ခုနှင့် လဲချားနယ်မှ နမ့်တွပ်ရေတံခွန်တို့ ဖြစ်ကြသည်။ ကျိုင်းတောင်း စီရင်စုအတွင်းရှိ နမ့်တိန်းရေတံခွန်မှ ရေအားကို ယူ၍ မြန်မာနိုင်ငံ၌ အကြီးဆုံးသော ရေအားလျှပ်စစ်ရုံကြီးတစ်ခု တည်ဆောက်နိုင်မည်ဟုလည်း ခန့်မှန်းထားကြလေသည်။ မြစ်ချောင်း ရေတံခွန်များအပြင် အင်းအိုင်များလည်း ရှိသေးရာ ယင်းတို့အနက် ညောင်ရွှေနယ်ရှိ အင်းလေးသည် အကြီးဆုံး အကျော်ကြားဆုံးဖြစ်သည်။

ရေထွက် 

ထို့ပြင် ဆိုင်ရာမြို့နယ်လူထုအတွက်ဆယ့်နှစ်ရာသီ မပြတ်သုံးစွဲရန် ရေရနိုင်သော ရေထွက်ခေါ် စမ်းရေပေါက်များလည်း ရှိသေးသည်။ ဟိုပုန်းရေထွက်၊ ဘော်ဆိုင်းရေထွက်၊ ရပ်စောက်ရေထွက် (ဗထူးစမ်း)၊ ကရင်မရေထွက် (တောင်ကြီး)တို့သည် လူသိ များသော စမ်းရေပေါက်များပေတည်း။ ရှမ်းပြည်နယ်၏ အောက်ခံကျောက်မြေသည် များသောအားဖြင့် ထုံးကျောက်များဖြစ်လေရာ ရွာချသော မိုးရေသည် မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။ ထိုစိမ့်ဝင်သွားသော ရေများသည် အချို့နေရာများတွင် စမ်းရေပေါက်များဖြစ်ကာ မြေပြင်သို့ ပြန်ထွက်လာကြရာ ယင်းတို့ကို ရေ ထွက်များဟု ခေါ်ဝေါ်ကြသည်။ မြစ်ချောင်းနှင့်လည်း မနီး၊ ရေထွက်များလည်း မရှိသော ဒေသများလည်း ရှိသေးရာ ထိုဒေသများတွင် ရေရှားပါးသဖြင့် မြေတွင်း သယံဇာတ ပစ္စည်းများဖြင့် ပေါများသည့်တိုင်အောင် စက်မှုလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်း၊ စိုက်ပျိုးရေး ခက်ခဲခြင်းများ ရှိလေသည်။

ရေထွက် သို့မဟုတ် စမ်းရေပေါက်များအပြင် ရေပူစမ်းများလည်း ပေါများသည်။ ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်တွင် မြေလွှာကျွံခြင်း၊ သို့မဟုတ် မြေကြောအံလွှဲခြင်းများ ရှိပေရာ ထိုနေရာများတွင် ရေပူစမ်းများ ဖြစ်ပေါ်သည်။ သီပေါ၊ လားရှိုး၊ သိန္နီ၊ လင်းခေး၊ ကျိုင်းတုံ၊ အင်းလေးဒေသရှိ ခေါင်တိုင်ရွာ စသည်တို့တွင် ထိုကဲ့သို့သော ရေပူစမ်းများရှိလေသည်။

အောက်ခံမြေနှင့် ကျောက်အမျိုးမျိုး ပြင်ဆင်
ရှမ်းပြည်နယ်၏ ဘူမိဗေဒကို သေချာစွာ စေ့ငုလေ့လာ၍ သုတေသန မပြုရသေးချေ။ အောက်ခံကျောက်မြေနှင့် စပ်လျဉ်း၍ ပြည်နယ်တစ်ခုလုံးကို ချုံ၍ဆိုရလျှင် ရှမ်းကုန်းပြင်မြင့်သည် များသောအားဖြင့် ထုံးကျောက်မြေ အောက်ခံဖြစ်သည်။သို့သော် အာစီယန်ခေတ် (ရှေးအကျဆုံးခေတ်) ကျောက်များ၊ ပထမကပ်ကျောက်များ၊ ဒုတိယ ကပ်ကျောက်များနှင့် တတိယကပ် ကျောက်များ စသော ခေတ်အမျိုးမျိုးမှ ကျောက်များကိုလည်း ကြိုကြား ကြိုကြား တွေ့ရပေသည်။

ဘူမိဗေဒ ထုံးကျောက်ခေတ်ကာလက ရှမ်းပြည်နယ်သည် မြန်မာပြည်မနည်းတူ ပင်လယ်ရေတိမ်အောက်တွင် ကျရောက်နေခဲ့ရာ မြစ်များမှ သဲများ၊ ပင်လယ်ပိုးကောင်သေများ၊ ရေညှိရေမှော်ပုပ်များ စသည်တို့သည် တဖြည်းဖြည်း စုပုံလာပြီးလျှင် ပင်လယ်အောက် မြေသားသည် တဖြည်းဖြည်း ပို့တက်လာသည်။ ထိုကြောင့် ထိုခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများကို ထုံးကျောက်မြေများအကြား၌ ညှပ်လျက်တွေ့ကြရသည်။ ထုံးကျောက်ခေတ် ကုန်ဆုံးလုနီးကာလ၊ သို့မဟုတ် တတိယကပ် အစလောက်တွင် မြန်မာနိုင်ငံ၌ အပေါ်ယံ မြေလွှာပုံပြောင်းစေသော မြေလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ရာ ရှမ်းကုန်းပြင်မြင့်နှင့်ဆက်လျက်တောင်ဘက်သို့ မြန်မာနိုင်ငံ အောက်ပိုင်းအထိ တောင်ရိုးတောင်တန်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် မြေကြောများပြတ်၍ အချို့နေရာများတွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်ကာ မြေလွှာကျွံခြင်း၊ သို့မဟုတ် အံလွှဲများ ဖြစ်ပေါ်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း၌ သီပေါနယ် ဂုတ်ထိပ်ချိုင့်ဝှမ်းမှသည် သံလွင်မြစ်ကမ်းပေါ်ရှိ ကွမ်းလုံကူးတို့ဆိပ်တိုင်အောင် အရှေ့နှင့်အနောက် ရှည်လျားသော မြေလွှာကျွံချိုင့်ဝှမ်းကြီးတစ်ခုကို တွေ့ရ၍ ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်တွင် ထူးခြားပေါ်လွင်သော ဘူမိဗေဒလက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ညောင်ရွှေနှင့် ရွှေညောင်မြောက်ဘက်မှ အင်းလေး တောင်ဘက်အထိလည်း ကြီးမား၍ တောင်နှင့်မြောက်ရှည်လျားသော မြေလွှာကျွံချိုင့်ဝှမ်းကြီး တစ်ခုရှိလေသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ခေတ်အမျိုးမျိုးမှ သက်ရင့်ကျောက်များကို ရှမ်းပြည်နယ် အနှံ့အပြား၌ တွေ့ကြရသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် မိုးကုတ်နယ် ပတ္တမြားမြေ၏ လိပ်သည်းကျောက်မြေနှင့် ဆက်စပ်လျက် ဝေဘူကျောက်မြေမျိုးကိုတွေ့ကြရသည်။ ထိုမှ တောင်ဘက်သို့ ရွေ့လာခဲ့သော် ကမ်ဗရီယမ်ခေတ် ကျောက်မျိုးဖြစ်သော သလင်းကျောက်၊ သင်ပုန်းကျောက် စသည်တို့ကို တွေ့ရသည်။ သီပေါမြို့၏ အရှေ့ဘက်မှ ကျောက်မြေများသည် ထုံးကျောက်များတွင် သဲကျောက်နီများ ညှပ်လျက်ပါသောမြေမျိုးဖြစ်လေသည်။

လားရှိုးမှ မြောက်ဘက်ငါးမိုင်ကွာသော နမ့်ယော်မြစ်ဝှမ်းတွင်လည်းကောင်း၊ တောင်ဘက်နမ့်မမြစ်ဝှမ်းတွင်လည်းကောင်း ကျောက်မီးသွေးကြောများ ပါရှိသော တတိယကျောက်ခေတ်မှ မြေစေးနှင့် သံကျောက်များကို တွေ့ရလေသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ဆိုင်ယင်နိုက်နှင့် နှမ်းဖတ်ကျောက်မျိုးတို့ ပါဝင်သော လိပ်သည်းကျောက်မြေမျိုးသည် ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက် နှုတ်ခမ်းသားအစွန်းများအဖြစ်ဖြင့် ပေါ်နေကြသည်။ သီပေါနှင့် လားရှိုးအကြား၌ တွေ့ရသော ဒုတိယကျောက်ခေတ်၏ ခရမ်းပြာသဲကျောက် တို့သည် ထုံးကျောက်များအကြား၌ ညပ်လျက်ရှိသည်။ ထုံးကျောက်တောင်တန်းများအကြား၌ သက်တမ်းမရင့်သေးသော စရစ်ဖြုန်း သဲကျောက်နှင့် နုံးမြေများသည် အလျားလိုက် အမြှောင်းလိုက် ဖြစ်ပေါ်နေကြသည်။ ယင်းတို့မှလွဲလျှင် ရှမ်းပြည်တောင်ပိုင်း၌လည်း များသောအားဖြင့် ထုံးကျောက်မြေများသာလျှင်ဖြစ်သည်။ မြစ်ဝှမ်းချောင်းဝှမ်းများ၌ တတိယကပ်ကျောက်များ ချထားစုပုံ၍ ယင်းတို့အတွင်း၌ ကျောက်မီးသွေးနုများလည်းရှိရာ ထိုချိုင့်ဝှမ်း မြစ်ဝှမ်းချောင်း ဝှမ်းတို့၌ နုံးမြေများဖြင့် ဖုံးအုပ်လျက် ရှိလေသည်။

တွင်းထွက်ပစ္စည်းများ= ပြင်ဆင်
နမ္မတူ သတ္တုတွင်းမှ ဘော်၊ ခဲ၊ ရွှေ နှင့် အခြားဓာတ်သတ္တုအနည်းငယ်တို့ထွက်ရှိသည်။ တီကျစ် ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများထုတ်လုပ်ပြီး တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လောင်စာကုန်ကြမ်း ထောက်ပံ့လျက်ရှိသည်။ အထူးထင်ရှားသည့် မြန်မာ့ပတ္တမြား၊ နီလာနှင့် ကျောက်မျက် ရတနာများကို မိုင်းရှူး နှင့် နမ့်ယားဆိမ့် ဒေသများမှ တူးဖော်ထုတ်ယူနိုင်သည်။

ဘူမိဗေဒအရဆိုလျှင် ရှမ်းပြည်နယ်သည် များသောအားဖြင့် သက်ရင့်ကျောက်မြေ ဖြစ်သည်။ ထိုကြောင့် ရေနံမှတပါး သတ္တု မျိုးစုံကို တွေ့ရသည်။ သို့သော် ရှမ်းပြည်မြောက်ပိုင်း နမ္မတူနှင့် ဘော်တွင်းရှိ ဘားမားကော်ပိုရေးရှင်းလီမီတက်၏ သတ္တုတွင်း လုပ်ငန်းသာလျှင် ကြီးကြီးကျယ်ကျယ် ဆောင်ရွက် နေသော လုပ်ငန်းကြီး ဖြစ်သည်။ အခြားသတ္တုလုပ်ငန်းများကို တိုင်းရင်း သားများက တတ်အားသမျှ ငွေအင်အား လူအင်အားတို့ဖြင့်သာ ဆောင်ရွက်နေကြခြင်း ဖြစ်၍ ကြီးကြီးကျယ်ကျယ် မရှိလှချေ။

၁၉၆ဝ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်ထွက် သတ္တုများမှာ ခဲတန်ချိန် ၃၁,၆ဝဝ (တန်ဖိုးငွေကျပ် ၁၆,၅၂၉,ဝဝဝ)၊ သွပ်တန်ချိန် ၁၇,၇၄၃ (တန်ဖိုးငွေကျပ် ၁,၁၁၅,ဝဝဝ)၊ ကြေးနီတန်ချိန် ၅ဝ ခန့် (တန်ဖိုး ငွေကျပ် ၃၆၆,ဝဝဝ)၊ ခနောက်စိမ်းတန်ချိန် ၂ဝ၉ တန် (တန်ဖိုးငွေ ၈ဝ,ဝဝဝ)၊ သံရိုင်းတန်ချိန် ၂ဝ၉ တန် (တန်ဖိုးငွေ ၈ဝ,ဝဝဝ)၊ သံရိုင်းတန်ချိန် ၁၅,၆၇ဝ (တန်ဖိုးကျပ် ငွေ ၈၆၂,ဝဝဝ)၊ ငွေသတ္တု ၂,ဝ၄၁,၃၉၅ အောင်စ (တန်ဖိုးငွေ ကျပ် ၈,၂၈၉,ဝဝဝ) တို့အပြင် အခြားထွက်ရှိသော သတ္တုများမှာ တန်ချိန် ၄၁ဝ ခန့် ဖြစ်လေသည်။

နမ္မတူသတ္တုတွင်း၊ သို့မဟုတ် ဘော်တွင်းသည် ခဲ၊ သွပ်၊ ဘော် အများဆုံးထွက်သော ကမ္ဘာကျော် သတ္တုတွင်းပေတည်း။ နမ္မတူသတ္တုတွင်းမှလွဲလျှင် ဘော်ဆိုင်းသတ္တုတွင်းသည် အကျိုးအခံစားရဆုံးဟု ဆိုကြ သည်။ ဘော်ဆိုင်းသတ္တုကြောကြီးသည် မိုင် ၄ဝ ခန့် ရှည်လျား၍ ဟဲဟိုးတောင်ဘက် မဲနယ်တောင်မှ ရပ်စောက်နယ် အထိ ရောက်သည်ဟု သိရသည်။ ထိုသတ္တုကြော၏ အနောက်စူးစူး ကလောနှင့် မိတ္ထီလာခရိုင်အစပ်ရှိ မင်း ပလောင် တောင်တန်း၌လည်း ခဲအမြောက်အမြား ရနိုင်သည်ဟု ဆိုကြသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပင်းတယနယ် မြောက်ပိုင်းနှင့် မြင်ကြာဒိုးနယ်ရှိ တောင်မင်းကြီး၌လည်း ခဲများ တူးဖော်ရရှိလေသည်။

သွပ်ထွက်စံချိန်တွင် ဘော်တွင်းကို ချိုးနိုင်မည့် သွပ်သတ္တု တွင်းသည် မိုင်းပွန်မြို့၏ တောင်ဘက်မိုင် ၃ဝ ခန့်တွင် ရှိသော လုံချိန်သတ္တုတွင်း ဖြစ်သည်။ နမ့်တင်းရေတံခွန်နှင့်လည်း မဝေးလှသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ကိုင်နိုင်ရန် မဖြစ်သေးပေ။ ခနောက်စိမ်း သတ္တုများကို ရှမ်းပြည်နယ် နေရာအနှံ့ အပြား၌ တွေ့ရှိရသည်။ သို့သော် ဈေးကောင်းမရ၍ လုပ်ကိုင်သူ နည်းသည်။

ရွှေအနည်းငယ် ရောနှောပါသော ကြေးနီတူးဖော်ခြင်းကို ဟဲဟိုးနယ်အတွင်း၌ လုပ်ကိုင်ကြသည်။ သို့သော် ရေအခက်အခဲရှိ၍ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ကြချေ။ စံကားနှင့် လင်းခေးစီရင်စုတို့၌လည်း ကြေးနီများ တွေ့ရှိရသည်ဟု သိရလေသည်။ ဝင်ငွေဖြောင့်သော သတ္တုတစ်မျိုးသည် မန်းဂနီးဖြစ်၍ ဟိုပုန်းနယ်၌ တူးဖော်လုပ်ကိုင်ကြသည်။ ဘော်တွင်းနှင့် ဘော်ဆိုင်းနယ်များအပြင် ဝနယ်အချို့ဒေသများ၌လည်း ငွေသတ္တုကို တူးဖော်ရရှိလေသည်။

ကျောက်မီးသွေးကို လားရှိုး၊ သီပေါ၊ တောင်ကြီးနယ်များအနီး၌ တွေ့ရသော်လည်း အမျိုးအစား မကောင်းချေ။ သာစည် ကလော မီးရထားလမ်းအနီး မင်းပလောင်တောင်တန်းမှ တွေ့ရှိရသော ကျောက်မီးသွေးသည် အမျိုးအစားမညံ့လှသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တူးဖော်လုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။
ရှေးက မောက်မယ်နယ်မှ အလွန်ကောင်းသော သံများ တူးဖော်ရရှိ၍ မောက်မယ်နယ်ထွက် ဓားများသည် ကျော်ကြားလှသည်။ ကျိုင်းတုံနယ်နှင့် ကျိုင်းခမ်းစီရင်စုတို့မှလည်းကောင်း၊ ဝနယ်များမှလည်းကောင်း သံထွက်သည်ဟု ဆိုကြလေသည်။ မကြာသေးမီက (၁၉၆၃ ခုနှစ်) တောင်ကြီးမြို့အနီး ပင်းပက်တွင် သံတန်ချိန် ၆၃ သန်းခန့် ထွက်နိုင်မည့် သံတွင်းတစ်တွင်းကို တွေ့ရှိခဲ့ကြသည်။ သယ်ယူပို့ဆောင်ရေးလည်း မခက်ခဲသဖြင့် အလားအလာရှိသော သံရိုင်းတွင်းပေတည်း။ ရှမ်းပြည်နယ်အတွင်း၌ မလေ့လာ မတူးဖော်ရသေးသော သတ္တုရိုင်းအမျိုးမျိုးကို နေရာအနှံ့အပြား၌ တွေ့ရှိနိုင်သည်။

 ရာသီဥတု 
တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။ မိုးဥတုတွင် မိုးရေချိန်များလေ့လည်းရှိသည်။ အပူချိန်မှာ အအေးဆုံးလများဖြစ်သည့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် ၇၀ဒီဂရီ ဖာရင်ဟိုက် နှင့် ၈၀ဒီဂရီ ဖာရင်ဟိုက် ကြားတွင်သာရှိသည်။ အပူဆုံးအချိန်များတွင် ၁၀ဝ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ရှိသည်။ ကပ္ပလီပင်လယ်မှ အနောက်တောင်မုတ်သုံလေကြောင်းကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်မှ တခါတရံဝင်ရောက်လာတတ်သည့် မိုးသက်မုန်တိုင်းများ၊ လေကြောင်းများကြောင့် လည်းကောင်း မိုးများသည့် ဒေသအဖြစ် တည်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၄၀လက်မ ဝန်းကျင်ရွာသွန်းလေ့ရှိသည်။

ရှမ်းပြည်နယ်သည် ကုန်းပြင်မြင့်ဖြစ်၍ ယေဘူယျအားဖြင့် ဥတုသပ္ပါယ အေးချမ်းမျှတသည်။ နေရာ ဒေသ များစွာတို့တွင် အင်္ဂလန်ပြည်ကဲ့သို့ ဥရောပတိုက် ရေမြေအနေအထား ရာသီဥတုမျိုးဆန်ဆန် ရှိလေသည်။ သို့သော် ယခုအခါ တောရိပ်တောင်ရိပ်နည်းပါးလာ၍ အပူရှိန် အနည်းငယ်တက်လာသည်။ ကုန်းမြေအနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်၍ တစ်နေရာနှင့် တစ်နေရာ ရာသီဥတုအေးမြ၍ ထင်းရှူးပင်တို့ဖြင့် ဝေဆာနေ သော်လည်း ယင်းတို့နှင့် နီးကပ်ပါလျက် မြေနိမ့်ပိုင်းတွင်ရှိကြသော ညောင်ရွှေ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်စသော ဒေသများတွင် ရာသီဥတု ပူအိုက်ကာ မန်ကျည်းပင်၊ အုန်းပင်၊ သရက်ပင်တို့ ဖြစ်ထွန်းသည်ကို တွေ့ရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် သီပေါနယ် ချိုင့်ဝှမ်းသည် အပူချိန်အများဆုံးတက်သော ဒေသဖြစ်သည်။ ဧပြီ လအတွင်း နေ့အခါ ဖာရင်ဟိုက် ၉၆ ဒီဂရီထက်ပင် ကျော်လွန်သော်လည်း ညဉ့်ဘက်တွင် ၆၅ ဒီဂရီအထိ ကျဆင်းသွားတတ်ပြန်သည်။ ဆောင်းရာသီတွင် နေထွက်ပြီး၍ နာရီအနည်းငယ်ကြာသည့် တိုင်အောင် မြူများ ဆိုင်းနေတတ်သည်။ လားရှိုးမြို့တွင်(၁၈၉၆ ခုနှစ်မှ ၁၉၄ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ)အပူဆုံး အချိန် ဧပြီလ၌ မဇ္ဈိမ အပူချိန် ၉၁ ဒီဂရီ ရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန်တွင် မဇ္ဈိမအပူချိန် ၅၉.၉ ဒီဂရီရှိလေသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် (၁၉၅ဝ ပြည့်နှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၈၄.၅ ဒီဂရီရှိ၍ ဇန်နဝါရီလတွင် မဇ္ဈိမ အပူချိန် ၅၈.၂ ဒီဂရီ ရှိလေသည်။ ကျိုင်းတုံမြို့တွင် (၁၉၅၁ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၉၂.၅ ဒီဂရီရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန် တွင် မဇ္ဈိမအပူချိန် ၆၂.၆ ဒီဂရီရှိကြောင်း တွေ့ရလေသည်။ တောင်ပေါ်ဒေသများ၌ကား အအေးဓာတ် ပိုမိုလွန်ကဲလေသည်။ ရှမ်းပြည်နယ်တွင် မိုးသည်းထန်သည်ဟု မဆိုနိုင်သော် လည်း မိုးသည် တစိမ့်စိမ့်စွေ၍ ရွာနေတတ်လေသည်။ ပျှမ်းမျှ မိုးရေချိန်သည် တောင်ကြီးမြို့၌(၁၉၅ဝ-၆ဝ ပြည့်နှစ်များအတွင်း) ၅၇.ဝ၅ လက်မ၊ ကျိုင်းတုံ မြို့၌ (၁၉၅ဝ-၆ဝ ပြည့် နှစ်များအတွင်း) ၄၆.ဝ၅ လက်မ၊ လားရှိုးမြို့၌ (၁၈၉၆-၁၉၄ဝ ပြည့်နှစ်အတွင်း) ၆၁.၈၆ ဖြစ်ရာ ပြည်နယ်တစ်ခုလုံး ချုံ၍ဆိုရလျှင် ပျမ်းမျှမိုးရေချိန်သည် လက်မ ၇ဝ မှ ၉ဝ အတွင်းသာရှိသည်။ ယင်းသို့မိုးရေချိန်သည် မများလှသော်လည်း တောရိပ်တောင်ရိပ်ရှိသဖြင့် မိုးရာသီအခါတွင်စိုစွတ် ထိုင်းမှိုင်းပြီးလျှင် အေးစိမ့်နေတတ်လေသည်။
#General_Knowledge
ကိုးကား : ဝီကီပီးဒီးယား