မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။

သမိုင်းကြောင်း 

မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို "အညာသားယဉ်ကျေးမှု" (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ [၂]

တည်နေရာနှင့် အကျယ်အဝန်း 

မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင်[၃] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက်[၁] ရှိသည်။

ရာသီဥတု 

ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက် တောင်တန်းဒေသများ(မိုးကုတ် နှင့် ပြင်ဦးလွင်) တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိပါသည်။

တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်ပါသည်။

သမိုင်းတစ်လျှောက် လူဦးရေများ

ခုနှစ် လူဦးရေ ±%
၁၉၇၃ ၃၆၆၈၄၉၃ —    
၁၉၈၃ ၄၅၇၇၇၆၂ +24.8%
၂၀၁၄ ၆၁၆၅၇၂၃ +34.7%
Source: ၂၀၁၄ သန်းခေါင်စာရင်း

ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိသည်ဟု သိရသည်။ လူဦးရေ တိုးတက်နှုန်းများအရ ၂၀၂၅ ခုနှစ်တွင် မြို့နေလူဦးရေ စုစုပေါင်း ၁.၅ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။ ဗမာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။

၂၀၁၄ခုနှစ် သန်း​ခေါင်စာရင်းအရ မန္တ​လေးတိုင်း​ဒေသကြီး၏ လူဦး​ရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦး​ရေ ၂၉၂၈၃၆၇ မဦး​ရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။မြန်မာနိုင်ငံလူဦး​ရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းပြီးလျှင် တတိယအများဆုံးဖြစ်သည်။

မန္တ​လေးတိုင်းသည် ၁၉၇၃သန်း​ခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦးနှင့် ၁၉၈၃သန်း​ခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။တိုင်းပြည်လူဦး​ရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။အ​ကြောင်းမှာ ပြည်​ထောင်စုနယ်​မြေအား မန္တ​လေးတိုင်းမှခွဲထုတ်၍ ​ရေတွက်ထား​သော​ကြောင့်ဖြစ်သည်။

မန္တ​လေးတိုင်းအတွင်းရှိ ခရိုင်များတွင် မန္တ​လေးခရိုင်မှာ လူဦး​ရေအများဆုံးဖြစ်ကာ ​ညောင်ဦးခရိုင်မှာ အနည်းဆုံးဖြစ်သည်။သန်း​ခေါင်စာရင်း​ကောက်ယူစဉ်က ​ကျောက်ပန်း​တောင်းမြို့နယ်အား ​ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း မပြုရ​သေး​ပေ

မန္တ​လေးတိုင်း၏ လူဦး​ရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၀၀ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၆ဦးနှင့် နှိုင်းယှဉ်ပါက အင်မတန်မြင့်မား​နေသည်။ရန်ကုန်တိုင်းပြီးလျှင် ဒုတိယ​မြောက် လူဦး​ရေအသိပ်သည်းဆုံးနယ်ပယ်ဖြစ်သည်။၁၉၇၃တွင် ၉၉ဦး၊၁၉၈၃တွင် ၁၂၄ဦးရှိခဲ့ရာမှ ၂၀၀ဦးသို့ မြင့်တက်လာခြင်းဖြစ်သည်။

တိုင်း​ဒေသကြီးအတွင်း လူ၁၀၀၌ ၆၅ဦးသည် ​ကျေးလက်၌ ​နေထိုင်ကြပြီး ၃၅ဦးသည် မြို့ပြတွင် ​နေထိုင်ကြသည်။မြို့ပြဦး​​ရေ ၇၀%ရှိ​သော ရန်ကုန်တိုင်းနှင့် ၃၆%ရှိ​သော ကချင်ပြည်နယ်ပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်း၏ လူဦးရေအများစုမှာ ဗမာလူမျိုးများဖြစ်သည်။သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။[၆] အိန္ဒိယလူမျိုးများလည်းနေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။

 စိတ်ဝင်စားဖွယ်နေရာများ 

မြနန်းစံကျော်ရွှေနန်းတော်
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
ကမ္ဘာ့အကြီးဆုံးစာအုပ်၊
သုဓမ္မာဇရပ်များ
ပယ်ပုံတော်ဝင်း
တဝဂူဘုရား
မဟာသကျသီဟ ရုပ်ပွားတော်
မဟာအတုလဝေယန်ကျောင်းတော်ကြီး
အိမ်တော်ရာဘုရား
ကျောက်တော်ကြီးဘုရား(မန္တလေး)၊
ကုသိုလ်တော်၊
စန္ဒာမုနိစေတီ၊
ရန်ကင်းတောင်၊
ရေတံခွန်တောင်၊
ရွှေစာရံဘုရား၊
မန္တလေးယဉ်ကျေးမှုပြတိုက်
အိမ်ရှေ့မင်းထန်းတော
ရတနာပုံ တိရစ္ဆာန်ဥယျာဉ်
မန်းသီတာ ဥယျာဉ်
အောင်ပင်လယ်ကန်
တောင်ပြုန်းပွဲတော်
သခင်မတောင်
အမရပူရနန်းတော်
သပြေတန်း ခံတပ်
တောင်သမန်အင်း
ဦးပိန်တံတား
မယ်ဇယ်တန်း
တောင်လေးလုံးကျောင်းတိုက်
ဗားကရာဘုန်းကြီးကျောင်း
ဆောင်းဒါး ရက်ကန်းကျောင်း
ကျောက်တော်ကြီးဘုရား(အမရပူရ)
ရတနာ့ဂူ
ပြင်ဦးလွင်မြို့ (ခေါ်)မေမြို့
အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပြင်ဦးလွင်
ပုပ္ပါးတောင်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
မိုးကုတ်ရတနာမြေ
တောင်သမန်အင်း
မန္တလေးတောင်မှနေဝင်ချိန်
ဦးပိန်တံတားမှနေဝင်ချိန်
ပုပ္ပါးတောင်
မန္တလေးတောင်နှင့်ကျုံး
အမျိုးသားကန်တော်ကြီးဥယျာဉ်
ပုဂံ

ဒေသထွက်ကုန်များ 

ဒေသထွက်ကုန်များအနေဖြင့် မြင်းခြံဒေသမှ ကြက်သွန်၊ငရုတ်၊ ကျောက်ပန်းတောင်းဒေသမှ အာလူး၊ စသည်တို့ထွက်ရှိသည်။ မြန်မာတို့၏ ဒြပ်ရှိယဉ်ကျေးမှုဟု သတ်မှတ်ခံထားရသော ယွန်းထည်များကို ပုဂံဒေသမှ ထွက်ရှိသည်။

တွင်းထွက်များ 

တွင်းထွက်ပစ္စည်း အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ မှ ထွက်ရှိသော ပတ္တမြားသည် မြန်မာတွင်သာမက ကမ္ဘာမှာပါ နာမည်ကြီးသော တွင်းထွက်ရတနာတစ်မျိုးဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့အပြင် ၊ နီလာ စသော ကျောက်မျက်ရတနာများလည်း ထွက်သည်။ ဘုရားစေတီများတွင် တင်လှူပူဇော်လေ့ရှိသော စိန်ဖူးတော်များကို မိုးကုတ်မြို့တွင်သာ ထွင်းထုပြုလုပ်လေ့ရှိသည်။

#General_Knowledge
ကိုးကား : ဝီကီပီးဒီးယား