အချစ်ဆုံးမြ,

မောင့်ကို သိပ်နှိပ်စက်တာပဲနော်။ လုပ်ပါမြရယ် လုပ်ပါ။ ချစ်မိပြီကို။ 
ချစ်သူရဲ့နှိပ်စက်မှုဟာ ပါရမီဖြည့်သလို ခံရမှာ ဓမ္မတာပေါ့။ 
မောင်ကတော့ အထူးအထွေ ဘာမှ ပြောစရာ မလိုဘူး။ 
မြကို မောင် ဘယ်လောက်ချစ်နေတယ်၊ ဘယ်လောက်ချစ်ခဲ့တယ်၊ ဘယ်အထိ ချစ်လိမ့်ဦးမယ်ဆိုတာ မြကိုယ်တိုင် အကြွင်းမဲ့ သိထားတယ်လို့ မောင်ယုံနေတာမို့ မြက မောင့်ကို ဘယ်အထိ နှိပ်စက်နှိပ်စက် မောင့်ချစ်စိတ် မပျက်နိုင်ရတော့ပါဘူး။
ဟိုနေ့ညက မောင်သုံးနာရီထိုးမှ မြတို့အိမ်နားက မောင် ပြန်ခဲ့ရတယ်ဆိုတာ မြသိမှာပေါ့။ 
မရယ်ပါနဲ့မြရယ်၊ မရယ်ပါနဲ့။
ဒီစာကိုဖတ်ပြီး မြရယ်နေမှာကို မောင်ရိပ်မိပါတယ်။ မြအဖို့မှာတော့ ရယ်စရာပေါ့လေ။ 
နှုတ်ခမ်းပါးကလေးဖွင့်ပြီး အဟင့်လို့ ရယ်လိုက်ရတာဟာ မြအတွက်မှာ အရသာဖြစ်နိုင်ပေမဲ့ မျှော်လင့်ချက် ဗိမာန်ကြီး ပြိုကျလို့ မောင်တစ်ယောက်တည်း ပြန်ရတဲ့ ဒုက္ခကတော့ အတော် စိတ်ဆင်းရဲရပါတယ်။ 
အဲသည့်အချိန်ဟာ မြမှာတော့ အိပ်ရာထဲကနေပြီး ပြုံးလိုက်ဦးမှာပဲ။
တကယ်ဆိုတော့ မြကို အဆိုးမဆိုပါဘူးလေ။ 
မောင်ခံရတဲ့ဒုက္ခဟာ မြပယောဂမှ မဟုတ်ဘဲ။
ဒါကိုလဲ သိပါတယ်။ မြ သဘောတူညီချက်မရဘဲ မောင်ကသာ မြရဲ့ကရုဏာကို အားကိုးပြီး ဇွတ်တိုးလို့ လာနေရတာကို မောင့်ကို နှစ်ယောက်ချင်း မယုံလို့ အတွေ့မခံချင်တာဘဲဖြစ်ဖြစ်၊ ကြောက်လို့ အတွေ့ မခံချင်တာဘဲ ဖြစ်ဖြစ် မြချစ်တာကို မောင်သိထားတဲ့အတွက် မြကိုယ်တိုင် ကရုဏာသက် မလာမချင်း မောင့်အချစ်ဇွဲကို ပြရအောင် စနေနေ့ညတိုင်း လာမျှော်နေမှာပဲ။ 
ဒီကနေ့ညလည်း ရောက်မှာပဲ။
                                          မောင်

ဒေါ်မြမြ၏လက်သည် စာရွက်ကလေးကိုကိုင်ရင်း တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ စာကိုဖတ်ရင်း နက်နက်နဲနဲ စဉ်းစားလိုက်သောအခါ မျက်ရည်ကလေးများပင် လည်လာမိသည်။ ဝမ်းနည်းသလော
ဝမ်းသာသလော ကြည်နူးမိသလော စိတ်ဆိုးနေမိသလောဟု စစ်ကြော၍ မရအောင် စိတ်ထားမငြိမ် ရှိတော့သည်။ ဤသို့ အမည်မတပ်နိုင်ပေမဲ့
ရင်ထဲကတော့ တလှပ်လှပ် ခံစားနေရတော့သည်။

ဒေါ်မြမြမှာ ယခုဆိုလျှင် အသက် လေးဆယ်နားသို့ တရွေ့ရွေ့ နီးစပ်လာခဲ့ရပြီ။ ဤအသက်အရွယ်သို့ ရောက်၍သာ လာခဲ့သည်။

ဤစာမျိုးတော့ ဤတကြိမ်သာ ဖတ်ခဲ့ရဖူးပါသည်။ ထို့ကြောင့်ပင် ဤရွေ့ဤမျှ တုန်လှုပ်နေသလား မပြောတတ်။

ဒေါ်မြမြသည် နှုတ်ခမ်းကို အမှတ်မထင် ကိုက်လိုက်မိသည်။ မသိမသာကလေး ခေါင်းယမ်းလိုက်မိသည်။ ထို့နောက်မှပင် စာရွက်ပေါ်မှ မျက်လုံးကိုခွာ၍ အဝေးသို့ လှမ်းမျှော်လိုက်မိသည်။

“ဪ သမီး သမီး ရည်းစားတောင် ထားနေမှကို”
ဒေါ်မြမြသည် အသံမထွက်သော စကားကိုပြော၍ ခပ်လေးလေး ခေါင်းညိတ်လိုက်မိပြန်သည်။ ဤစာမှာ သူနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟုလည်း ပြောနိုင်သည်။ မသက်ဆိုင်ဟူ၍လည်း ငြင်းရပေတော့မည်။

ဒေါ်မြမြ၏ တစ်ဦးတည်းသော ဖအေမဲ့သမီးကလေး၏ အမည်မှာလည်း မြမြဝင်းပင် ဖြစ်သောကြောင့် ဤစာမှာ အသက်လေးဆယ်နီးပါး
မုဆိုးမဒေါ်မြမြ၏ စာမဟုတ်။ သူ့သမီး မြမြဝင်း၏ သမီးရည်းစားစာဖြစ်ကြောင်း လွယ်ကူစွာ သိနိုင်ပေတော့သည်။ မြမြဝင်းသည် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ခန့် ရှိပြီဖြစ်၍ အပျိုကလေးတို့ဘဝတွင် အစွမ်းကုန် လှနေသောအရွယ် ဖြစ်တော့သည်။

ဒေါ်မြမြကိုယ်တိုင်ကပင် အသက်လေးဆယ်နားနီး၍ ကြီးသည်ဟု ဆိုစေကာမူ ရုပ်ရည်လက္ခဏာများမှာ အတော်နုပျိုလန်းဆန်းသော မျက်ခုံးကောင်း၊ မျက်လုံးကောင်း၊ အဆစ်အမြစ်ပြေပြစ်သော မိန်းမချောတစ်ယောက် ဖြစ်သောကြောင့် သမီးလေးမြမြဝင်းမှာ မအေတူ၊ အရွယ်ကောင်း အလှတွေ စုပေါင်း၍ ပြည့်ပြည့်တင်းတင်း ကြွကြွရွရွရှိလှသည်။

ဒေါ်မြမြ စီးပွားပျက်ခဲ့သောအချိန်မှာ သမီးကလေး သိမ်သိမ်ငယ်ငယ် ရှိနေသည်ကို ရင်ထုမနာ ဖြစ်ခဲ့သော်လည်း ယခု မိမိရင်အုပ်မကွာ၊ အချစ် ဌာပနာထားရာက ရည်းစားဟူသော သူစိမ်းတစ်ယောက်ကို
ဖောက်ဖောက်ပြန်ပြန် ဆက်ဆံကူးလူးနေကြောင်း ဒိဋ္ဌသိရသောအခါတွင်ကား ရင်ထုမနာအဖြစ်က ရင်ထု၍ နာသလိုနာလိုက် ဝမ်းနည်းလိုက်မိလေသည်။

မိဘလက်ထက်က ဆင်းသက်လာခဲ့သော ပိုးကုမ္ပဏီကြီး ပျက်စီးပြီးသည့်နောက် ယခုအချိန်မှာ ဆင်ပိန်ကျွဲလောက်တော့ ကြွင်းကျန်ခဲ့သေးသဖြင့် ဗိုလ်ချုပ်ဈေးထဲတွင် ပိုးထည်ဆိုင်ကလေးဖွင့်ကာ သားအမိ
နှစ်ယောက် ဒိုးတူပေါင်ဖက် ဆက်လက်၍ ရောင်းဝယ်နေကြရသည်။

မိမိကိုယ်တိုင် အပျိုဘဝက သမီးရည်းစားဟူ၍ မထားခဲ့စဖူး ထားရကောင်းမှန်းလည်းမသိ။ မိခင်ကြီးနှင့်သာ ရောင်းရေးဝယ်တာကို ကြိုးစားကာ
လောဘတက်ခဲ့သည်။ ထို့အတူ မိမိသမီးကျပြန်သော် မိမိနည်းအတိုင်း ဗိုင်းကောင်းကျောက်ဖိ ပိရိလိမ္မာလှပြီဟု မှတ်ထင်နေခဲ့သည်။

ယခုမှ ယောက်မကို မြင်းစီး၍ထွက်သည့် အချက်အချာ သမီး ရည်းစားစာကို မိတော့၏။ ဈေးဝယ်သူ ပါးသည့်အခိုက် မြမြဝင်းသည် ဆိုင်နီးချင်း အပျိုဖော်ကလေးတစ်သိုက်နှင့် ဆိုင်ပေါ်မှ ဆင်း၍ နောက်ဖေးနောက်ဖိ ထွက်သွားခဲ့သည့်အတွင်း မြမြဝင်းအိတ်ထဲမှ မတော်တဆ အမှတ်တမဲ့ ကျကျန်ရစ်ခဲ့ဟန်တူသော အထက်ပါစာကို ဒေါ်မြမြကိုယ်တိုင် ကောက်တွေ့ ဖတ်မိခြင်းဖြစ်တော့ရာ အဘယ်မှာလျှင် မတုန်မလှုပ်သော
မိဘဟူ၍ ရှိနိုင်ကြပါမည်နည်း။

ဘယ်အရွယ်ပင်ရှိရှိ မိမိ၏ ရင်နှစ်ဖြစ်သော သားသမီးကို ကြီးသည်ဟု မထင်နိုင်။ အချိန်တန်အရွယ်ရောက်၍ အချစ်စိတ်တွေပေါ်ပေါက်သော သဘာဝကို မလွန်ဆန်နိုင်ကြောင်း သိကြစေကာမူ အပင်ကိုသာ အညှိုးခံ၍ မိမိကိုယ်တိုင် ချိုးဆွတ်၍လည်း မပန်ရက်၊ သူတစ်ပါး၏လက်နှင့် ခြွေမှာကိုလည်း ရွံ့စိုးသည့် ပန်းပင်ရှင်မျိုးလို ဖြစ်ကြရသည်မှာလည်း မိဘနှင့်သားသမီးပင် ဖြစ်ပေသည်။ 

ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်ဆို၍သာ ထိုဝတ္တရားကို သားသမီးက ပူဆာ၍ လိုက်နာဆောင်ရွက်ပေးကြရသည်။ တချို့ မှာကား ချစ်၍မှ အားမရမီ သူစိမ်းလက်ကို ဝကွက်အပ်လိုက်ကြဖို့ မလိုလားသဖြင့် အပျိုကြီးဖားဖားက ဟိုင်း၍သာ သွားစေကြတော့သည်။

ဒေါ်မြမြအဖို့မှာသာ သာ၍ ခင်တွယ်စရာဖြစ်တော့သည်။ သူ့တွင် မြမြဝင်း တစ်ယောက်တည်းသာ လက်ကတုံးတောင်ဝှေး ဆေးပေးမီးယူ ရှိသည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်ဆိုကတည်း ဤသမီးသာ ဖြစ်ခဲ့သည်။
ဥမကွဲသိုက်မပျက်နေသွားဖို့ အရေးကြီးသည်။

ဒေါ်မြမြ စဉ်းစားနေမိသည်မှာ တစ်ခဏလောက်သာ ကြာလိုက်သည် ထင်ရမည်။ သို့သော် သမီးသည်မြမြဝင်းသည် သူ့စာ ကျကျန်ရစ်ခဲ့သည်ကို သိသည်အလား ပျာယီးပျာယာနှင့် ပြန်လာသည်ကို အဝေးကပင် သိသာနိုင်လောက်သည်။

မြမြဝင်းဘက်ကနေကြည့်လျှင် သမီးရည်းစားစာ မိခင်ကြီးမိ၍ သိသွားမှာ စိုးရှာသည်။ မိခင်ပင် ဖြစ်လင့်ကစား ရှက်စရာကြားက အကြောက်တရားကလည်း မကင်းသေးချေ။ မိမိ လော်မာဖောက်ပြန်မှု
ကြောင့် မိခင်ကြီး စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို အတော်စိုးရှာသည်။

ထို့ကြောင့် ဣန္ဒြေမပျက်အောင် မနည်းဟန်ဆောင်၍ မုန့်ပဲသရေစာမှ မစားနိုင်ဘဲ ဆိုင်သို့ တောက်လျှောက် ပြန်လာခဲ့သည်။

ဂနာမငြိမ်သောမျက်လုံးက မိခင်ကြီး၏ အရိပ်အကဲကို တစ်ဖက်ကကြည့်ရင်း တစ်ဖက်က မိမိ၏ပေါ့လျော့မှုကြောင့် ကျကျန်ရစ်ခဲ့သောစာကို ရှာဖွေနေမိသည်။ စာရွက်ခေါက်ကလေးကို မြမြဝင်း တွေ့လိုက်သောအခါ ခေါင်းနပန်းများ ကြီးသွားမိတော့သည်။

“ကံကောင်းလို့ ကံကောင်းလို့"ဟု တိတ်တခိုး ဘုရားတမိရှာသည်။

အကြောင်းမှာ မတွေ့ စကောင်း တွေ့ စကောင်း စာရွက်ခေါက်ကလေးမှာ မိမိနမော်နမဲ့ ကျကျန်ရစ်ခဲ့ဟန်တူသောနေရာတွင်ပင် ခြေရာလက်ရာမပျက် တွေ့ ရသောကြောင့် ဖြစ်လေ၏။ မိခင်ကြီးမျက်နှာကို
အကဲခတ်လိုက်သောအခါ မသိလိုက် မသိဘာသာပင် ရှိပါသေးသည်။

ထို့ကြောင့် မြမြဝင်းသည် စပါးရောဖွဲရောနှင့် ကျင်လည်စွာ အိတ်တွင်းသို့ ပြန်ထည့်လိုက်နိုင်တော့သည့် နောက်တွင် ဟင်းခနဲ သက်မကြီးတစ်လုံး
ဗုန်းဗုန်းပါအောင် ပစ်ချလိုက်ရတော့လေ၏။

ညနေစောင်းခါနီးမှ ဈေးဝယ်သူ တဖျောက်ဖျောက် ပေါ်ပေါက်လာသောကြောင့် သားအမိနှစ်ယောက်စလုံး သမီးရည်းစားကိစ္စကို မေ့ပျောက်သွားကြတော့သည်။ 

ထိုသည့်နောက်လည်း ညနေဆိုင်ပိတ် အိမ်ပြန်၊
စားမှုသောက်မှုဝေယျာဝစ္စတို့က သူတို့၏အသီးသီး ဒုက္ခကို ဖုံးလွှမ်း တားဆီးထားလိုက်ပါသေးသည်။ ညဉ့်ဦးကလေးတွင်လည်း အညောင်းပြေ အပျင်းပြေ မိတ်ဆွေသင်္ဂဟများနှင့် သွားသွားလာလာ၊ စားစားသောက်သောက် စကားကို ကရွတ်ကင်းလျှောက် ပြောနိုင်သေးသဖြင့်
ဆွေးစရာအကြောင်းများ မစဉ်းစားမိကြသေး။

တဖြည်းဖြည်း ညဉ့်နက်ခဲ့လေပြီ။ ဦးစွာပထမ သမီးကလေးမြမြဝင်း၏ ဘုရားကန်တော့သံနှင့် ဓမ္မစကြာဝတ်ရွတ်သံမှာ ဒေါ်မြမြ၏စိတ်ကို ဘုရားခန်းက လှမ်း၍ သတိပေးလိုက်ခြင်းပင် ဖြစ်တော့သည်။ မြမြဝင်း အသံကလေး စလိုက်သဖြင့် ကိုယ့်မိဘ၊ ကိုယ့်လင်၊ ကိုယ့်သား ကိုယ့် အဖြစ်အပျက်များကို အစပေါ်လာတော့လေ၏။

“ဪ ကိုလွင် ကိုလွင် … ရှင့်သမီးဖြင့် ရည်းစားတွေ ဘာတွေတောင် ထားကုန်ပကော ကိုလွင်ရယ်။ ရှင်သာရှိရင် ဘယ်လိုများ ပြောမလဲ။ ရှင့်ကိုတိုင်ပြီး ရှင့်အဆုံးအဖြတ်ကို ခံရရဲ့။ အခုတော့ မြမှာ
တိုင်ရမယ့်လူလဲ မရှိ။ တိုင်ပင်ရမယ့်လူလဲ မတွေ့ မဆုံးမရက်။ အိုး ဖျက်လိုဖျက်ဆီးလုပ်ရမှာလဲ ခက်ပါတယ်”ဟု တိုးတိုးကလေး ပွင့်ထွက်ရင်း မျက်ရည်ကိုသာ ငုံ့ သုတ်မိရှာသည်။

ဒေါ်မြမြအဖို့မှာတော့ ဤအတိုင်း အမှန်ဖြစ်ပါသည်။ သူသည် ညနေက ဘာမှ မလုပ်တတ်သောကြောင့် သမီးကလေး စိတ်ချမ်းသာမှုရှိအောင် စာကို သူ့နေရာ သူပြန်ထားပြီး မသိချင်ယောင် ကြိုးစား၍ ဟန်ဆောင်ရသည်။ ဝမ်းထဲမှာတော့ ဗလောင်ဆူသွားမိရှာသည် မဟုတ်လော့။ သူ့သမီးကလည်း သူ့ ဤအထိ ချစ်ခင်ကြင်နာရိုးမှန်ဘိ၏။

အချိန်သည် သစ်သားကို ခြစားသလို တရွေ့ရွေ့ တတိတိနှင့် ကုန်မှန်းမသိအောင် ဝါးလျက် ရှိတော့သည်။ မြမြဝင်း၏ အမျှဝေသံနှင့် ကြေးစည်ခတ်သံတို့ ပေါ်လွင်လာပြီးသည့်နောက် ညင်သာသော ခြေလှမ်းနှင့် အခန်းတွင်းသို့ ဝင်လာခဲ့သည့်အချိန်တွင် ဒေါ်မြမြမှာ စိုစွတ်သော မျက်လုံးအစုံကို မှိန်းကာထားလိုက်မိတော့သည်။ သို့သော် မြမြဝင်းသည် နေ့စဉ် ဝတ်ပြုနေကျအတိုင်း ခြေရင်းဘက် ခပ်ကျကျက ပုဆစ်ဒူးတုပ်ထိုင်၍ မိမိအား ကန်တော့လိုက်သေးသည်ကိုတော့ မှိန်းနေရာကပင် သိလိုက်ပါသေးသည်။

“မေမေ”

ကိုယ့်သမီးမို့ ကိုယ်ထင်လေသလားတော့ မပြောတတ်။ မြမြဝင်း၏ အသံကလေးမှာ ချိုမြိန်လှသည်။ သာယာလှသည်ဟု ထင်မိလိုက်သည်။
ဒေါ်မြမြက ပြန်၍ မထူးသောအခါ ခြေရင်းတွင် လာထိုင်၍ ခြေသလုံးကိုကိုင်ရင်း တစ်ချက်နှစ်ချက် နှိပ်လိုက်သေးသည်။

“မေမေ၊ အိပ်ပြီလား မေမေရဲ့”

“ဪ သမီး၊ ဘုရားတောင် ဝတ်ပြုပြီပြီးလား”ဟု ဒေါ်မြမြက ဝမ်းနည်းသံမပါအောင် မနည်းကြိုးစား၍ လျောင်းနေရာက ပြန်ပြောလိုက်ရသည်။ သူ့ ဝမ်းထဲမှာတော့ အလိုလိုဝမ်းနည်းနေမိသည်။ သို့သော် ဝမ်းနည်းနေကြောင်း သမီးကောင်းကလေး မသိစေချင်ပါပေ။

“တစ်ချက် နှစ်ချက်လောက် အနှိပ်ခံလိုက်ပါဦးလား မေမေ။ ညနေက ညောင်းတယ်ဆို”ဟု ပြောရင်းဆိုကာ အသာအယာ လက်ကလေးနှစ်ဖက်နှင့် ဆုပ်နယ်ပေးရှာသည်။

သူ့ခမျာကလည်း မအေတစ်ခုသမီးတစ်ခုမို့ ဂရုပြုရှာပါပေသည်။
ရိုသေကြင်နာ၍ ဝတ်ကြီးဝတ်ငယ်ပြုစုလျက်ရှိပါသည်။ သမီးရည်းစားထားရုံနှင့် သားသမီးတို့က ပြုအပ်သောဝတ် ချို့ယွင်းသည်ဟု ဆိုရပါမည်လော။ ချို့ယွင်းသည်ဟု ဒေါ်မြမြ မထင်နိုင်ရှာ။ သို့သော် ဤရွေ့ဤမျှ လိမ္မာသောသမီးကလေးမို့ မိမိမှတစ်ပါး တခြားလူတစ်ဦးကို အချစ်ထူးဖြင့် ယစ်မူးစွာချစ်သည်ကို မခံနိုင်ခြင်းသည်သာ ဖြစ်ပါသည်။

ဤမခံခြင်းမှာ မနာလိုစိတ်ဖြစ်ကြောင်းကိုတော့ မစဉ်းစားမိ။ စဉ်းစားမိသည့်တိုင်အောင် ဝန်ခံနိုင်မည်တော့မဟုတ်။ မဟုတ်သည့်အကြောင်းတွေ
နည်း အမျိုးမျိုးပြ၍ အနိုင်မရရအောင် ကိုယ့်ကိုယ်ကို ပြန်လိမ်ရပေတော့မည်။ ကိုယ့်သမီး ရည်းစားထားတာ မနာလိုဘူးဆိုတာတော့ အဖြစ်မခံနိုင်။
ဘယ်နည်းနှင့်မှ အဖြစ်မခံနိုင်။

“ပေါင်ရင်းကို နင်းပြီး အပူထုတ်ပေးမယ်လေ မေမေ”

ဒေါ်မြမြကား မည်သို့မှ အဖြေမပေး၊ မျက်စိမှေးကာ တွေး၍သာ နေမိသည်။

“မေမေ၊ အိပ်ပျော်သွားပြီလား။ မေမေကလဲ မြန်လိုက်တာ”

မြမြဝင်းသည် စကားပြန်၍ ပြောဖော်မရသော သူ့ မိခင်ကို ဤသို့ မှတ်ချက်ချလိုက်တော့သည်။ ထို့နောက် နှစ်ယောက်အိပ်ခုတင်ကြီးဖြစ်သောကြောင့် မိခင်၏ဘယ်ဘက်ဘေးက ခပ်ကွေးကွေးကလေး ဝင်ခွေလိုက်တော့သည်။

လူငယ်ပီပီ ဟားခနဲ အပျင်းတွဲ၍ သမ်းဝေခြင်း၊ ခြေညောင်းလက်ဆန့်နေခြင်းဖြင့် လွတ်လွတ်လပ်လပ်နေပြီးမှ ငြိမ်ဆိတ်၍ သွားတော့သည်။ သို့သော် ခုတင်တစ်ခုတည်းပေါ်က သားအမိနှစ်ယောက်စလုံးမှာ
ဘယ်သူမှ အိပ်၍မပျော် ကိုယ့်အတွေးနှင့်ကိုယ် မြမြဝင်းအဖို့က သူ့ချစ်သူ ယနေ့ညလာလျှင် ဆင်း၍ တွေ့သင့်မတွေ့သင့်ဟူသော အကြောင်းမှာ စာပါအရေးအသားနှင့် ရိပ်မိနိုင်လောက်သည်။ သို့သော် ဒေါ်မြမြ၏ အတွေးမှာကား ကိုယ့်သမီး ရည်းစားထားသည်ကို တားသင့်၊ မတားသင့်ပင် ဖြစ်သည်။ 

တားဆီးခြင်း ပိတ်ပင်ကန့်ကွက်ခြင်းသည် တစ်ကိုယ်ကောင်းသာကြည့်သော အာဏာရှင်တို့အတွက် အလွန်လွယ်ကူသလောက် သူ့ အကျိုးသူ့ဆန္ဒပါ ရောဖက်၍ ကြည့်ရလျှင် အတားခက်လှသည်။

“သမီးရယ်၊ ရည်းစားထားတာတော့ မေမေ မကြိုက်ဘူးကွယ်။ မေမေလဲ ရည်းစား မထားခဲ့ဖူးဘူး။ ငါ့သမီးလဲ ရည်းစားမထားနဲ့နော်” ဟု မိမိက ပြောလိုက်သည်နှင့် တစ်ပြိုင်နက်

“အို မေမေကလဲ မေမေတို့ ခေတ်က မထားခဲ့တာနဲ့ သမီးတို့ မထားရတော့ဘူးလား"ဟု မြမြဝင်းက အထွန့်တက်နေလိမ့်မည် မဟုတ်။

မျက်ရည်ကိုသုတ်၍ ခေါင်းညိတ်ပြမည်ကား သေချာလှပါသည်။ ဤအထိလောက်ပင် ဒေါ်မြမြသည် သူ့သမီးကို သူ စိတ်ချထားပါသည်။

မိဘရဲ့စကား တမာလို ခါးသော်လည်း ပျားသကာကဲ့သို့ ချိုပါမည်ဟူသော စကားများမှာ ပွဲထဲ၊ ဇာတ်ထဲတွင်သာ ကြားရိုးကြားစဉ် ရှိခဲ့သည်။ လောကတွင်ကား ရှားပါးလှသည်။ သို့သော် ဒေါ်မြမြတို့သားအမိအတွက်မှာမူ မိခင်လုပ်သူကလည်း တမာလိုခါးသည့်စကား ဘယ်အခါမှ မပြောခဲ့သောကြောင့် ပျားသကာလို မချိုစေကာမူ အလိုကျ အလိုက်သင့် နာခံဖို့ အဆင်သင့် ရှိခဲ့လေသည်။ ထိုကဲ့သို့ သိတိုင်း ကိုယ့်သမီးကို ကိုယ် နိုင်လိုမင်းထက် ကန့်ကွက်မိမှာ စိုးသည်။ သူ စိတ်ချမ်းသာမှုကို ဖျက်ဆီးမိမှာ ရွံ့မိသည်။

သမီးရည်းစားထားခြင်းသည် အပြစ်ရှိသလော။

လူကြီးမိဘ သြဇာကို နာခံ၍ အိမ်ထောင်ရက်သားနေခြင်းသည် အပြစ်ကင်းသလော၊ ဒါကိုပဲ ဒေါ်မြမြ စဉ်းစားရတော့မည်။ ကိုယ်ချင်းစာ၍ကြည့်နိုင်ရန် ဒေါ်မြမြကိုယ်တိုင် ငယ်စဉ်က ရည်းစားမထားခဲ့စဖူး
မိဘသြဇာကိုနာခံ၍ မိဘသဘောတူသူနှင့်သာ စုံဖက်ခဲ့ရသည်။ ကိုယ့်သားသမီးကို အပျိုကြီးဘဝနှင့် အရိုးထုတ်စေချင်သည်ဟု ပြောကြသည့် စကားမှာ လွယ်ကူသလောက် သားသမီးများကိုယ်တိုင်က လိုက်နာဖို့ ခက်ခဲကြသည်။

သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သမျှ ကာမနှင့်မကင်း အချစ်စာရင်းက ငါတကော မကောနိုင်သဖြင့် လင်နှင့်သားနှင့် နေကြရမည်ဖြစ်သော် မိမိမျက်စိနှစ်လုံး စုံမမှိတ်မီ စိတ်ချရအောင် ပေးစားခဲ့မှ သူရောကိုယ်ပါ ဒုက္ခအေးကြရမည် မဟုတ်လော။ ထိုသို့ဆိုလျှင် မိမိသဘောကျသူနှင့် ထိမ်းမြားမလော၊ သူသဘောကျသူနှင့် ပေးစားမလော။

ဒေါ်မြမြသည် ပြဿနာကို အပြန်ပြန်အလှန်လှန် သုံးသပ်ကြည့်နေမိသည်။ မြမြဝင်းမှာလည်း အတွေးအာရုံကြောတွင် နစ်မျောနေပုံရသည်။

သူ့တွင်လည်း အိပ်မပျော် လမ်းပေါ်က အသံကို နားစွင့်နေရတော့သည်။

“ဆွတ်ချူရန် ခက်ပါရဲ့။ မျက်ပါနဲ့သက်လယ်၊ အုံ့ပုန်းမောင့်မျက်နှာငယ်မှာ၊ ကွက်မလယ်နိုင်သေး၊ ရွှေငုံးမင့် အမြီးမျှော်သလို၊ ခရီးနော် နီးလျက်နဲ့ဝေး"

ဤတေးသံသည် မင်ဒိုလင် တီးသံကလေးနှင့် ပေါ်ပေါက်လာသောအခါ မြမြဝင်းမှာ အိပ်နေရာက ခေါင်းကြွ၍ နားထောင်လိုက်ကြောင်း ဒေါ်မြမြ သတိမူလိုက်မိသည်။

အမှန်စင်စစ် ဤသီချင်းမှာ ကာလသားတိုင်း ဖန်တစ်ရာတေအောင် ဆိုနေကျ သီချင်းဖြစ်၍ 
မထူးခြားနိုင်သော်လည်း မြမြဝင်းအတွက်မှာတော့ ခေါင်းထောင်၍ ထစေလောက်အောင် တန်ခိုးအာနိသင် ပြည့်ဝသည်။

“ဘယ်သောအခါများ တူနှစ်ကိုယ် နီးရပါ့မယ် မောင်ကြံရွယ် နတ်ပန်းထက်ပင် ခူးရခက်သေးတယ်”
ဆက်၍ ပေါ်လာပြန်၏။ မြမြဝင်းသည် ဟင်းခနဲ သက်မချပြီး ပြန်အိပ်လိုက်ပြန်သည်။ ပြီးတော့ သတိရသလို မိခင်ကြီးအား ကြည့်မိသည်။

ဒေါ်မြမြသည် သမီးက ထကြည့်လိုက်မှန်းသိလိုက်သည်။ သို့သော် မလှုပ်မယှက် အသက်ကို မှန်မှန်ရှူ၍ အိပ်ပျော်ယောင်ဆောင် နေလိုက်ရသည်။ စိတ်ကတော့မကျ ဘယ်အထိ မကျသနည်းဟူမူ သူကိုယ့်ခန္ဓာမှ လွင့်စဉ်ကျက်စားနေသလားဟု မှတ်ရသည်။ သမီး၏ ကိုယ်ရေးကို စိတ်ပါဝင်စားစွာ စဉ်းစားလိုက်သည်မှစ၍  အသက်လေးဆယ်နီးပါး ဒေါ်မြမြဘဝမှ သမီးမရခင် အိမ်ထောင်ကျစ မြမြအဖြစ်သို့ ခန္ဓာမပြောင်း လိပ်ပြာမပြောင်း အဟောင်းတွေ အသစ်ပေါ်လာခဲ့ရှာတော့သည်။

သင်ပုန်းကြီး မကျေဘဲနှင့် မင်္ဂလသုတ် တက်ခဲ့ရသလို သမီး ရည်းစားမထားရဘဲနှင့် လင်ယူခဲ့ရသော မြမြသည် ယခုမှ ပင့်သက်ရှု၍ အိမ်ထောင်ရေးမှုကို စဉ်းစားမိသည်။

သမီးရည်းစားထားခြင်းသည် အလကား ကိစ္စမဟုတ်။ လင်ယူသည့် ပြဿနာကို မတတ်တာတတ်အောင် သင်တန်းတက်ခြင်း သာ ဖြစ်၏။

တကယ် ပြောရလျှင် မိဘပေးစားတာကို အသာဝင်ထိုင်’ လိုက်ရတာထက် သမီးရည်းစားထားရခြင်းက ပို၍ ခက်ပေသည်။ တစ်ချက်ကိုပဲ စဉ်းစားကြည့်ပါတော့။

သမီးရည်းစားဆိုသည်မှာ ကိုယ့်ကို သူချစ်သည်ဟုသိရ၍ ကိုယ်က သူ့ကိုချစ်မှ သမီးရည်းစားရယ်လို့ ဖြစ်နိုင်ကြသည်။ ကိုယ်က သူ့ကို ချစ်၍သော်လည်းကောင်း၊ ကိုယ့်ကို ချစ်နေ၍သော်လည်းကောင်း၊ အကြောင်းနှစ်ပါး မဆုံသမျှ သမီးရည်းစားစင်စစ်တော့ မဖြစ်နိုင်ချေ။
ဒါတစ်ခုတည်းနှင့်ပင် ခရီးရောက်လှပေသည်။

မိဘပေးစား၍ညားရသော လင်မယားမောင်နှံတို့အနက် ကိုယ်ကသာ နှစ်သက်၍ သူက မစုံမက်၊ ကိုယ်က စုံမက်၍ သူက မကြည်ဖြူ၊

ဂုဏ်ကို ယူ၍သာ ပေါင်းနေရသောအကြောင်းမလှ အဆင်မပြေသည့် သတို့သမီး၊ သတို့သားများကို သနားစရာပင် ကောင်းသေးသည်။

သမီးရည်းစားတို့ သဘာဝမှာကား ဤသို့မဟုတ်။ စာမေးပွဲဝင်ချင်လျှင် သင်ခန်းစာတွေ ကြိုးစားပြီး မေးခွန်းအတန်တန် ဖြေဆိုခဲ့ရသကဲ့သို့ သမီးရည်းစား စစ်တမ်းနှင့် သင်ခန်းစာတွေ တွေ့ နိုင်ကြသည်။ မိမိ၏ “လူ”ကို မိမိစစ်ဆေးလိုသမျှ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းနိုင်သည်။ အကဲခတ်နိုင်သည်။ ကိုယ့်လူအကြောင်း စနည်းနာ၍ စပ်စုစုံစမ်းနိုင်သေးသည်။ 

သူ့အလိုနှင့် ကိုယ့်ဝါသနာ ကြိုက်ရာကို လိုက်နာနိုင်ပါ့မလောဟု စစ်ကြောဆင်ခြင်နိုင်သေးသည်။ ဤသို့သောအခွင့်အရေးများကို နားလည်၍ ရှေးမြန်မာ ယဉ်ကျေးမှုခေတ်က သုံးနှစ်သုံးမိုးကြာအောင်
ရည်းစားပြဿနာ ရှင်းခဲ့ကြသည်။ ရည်းစားတစ်ထောင်အနက်မှ လင်ကောင်တစ်ယောက် မမှားအောင်ရွေး၍ “လင်”ဟူသည့် ဘွဲ့ကို ပေးအပ်နိုင်ကြသည်။

“ကိုယ့်ကို သင်းဘယ်အထိ သံယောဇဉ် တွယ်နေသလဲ”

“ကိုယ့်အကျိုးကို ဘယ်အထိ သယ်ပိုးနိုင်ခဲ့သလဲ"

"ကိုယ့်သြဇာကို ဘယ်နှခါ နာခံသလဲ”

“မျက်နှာများ၍ လောင်းကစားနှင့် အရက်သမားဟုတ် မဟုတ်”

“ကိုယ့်ဆွေမျိုးမိဘနှင့် သဘာဝတူ မတူ၊ ဂါရဝမူ မမူ”

“လူစွမ်း၊ လူစ အားကိုးလို့ ရ မရ”

မိန်းကလေးတွေအတွက် တစ်သက်တစ်ခါ အရေးအပါဆုံးသော ဤအချက်တို့ကို သမီးရည်းစား လက်ထက်ကတည်းက စစ်ကြောချင့်ချိန်နိုင်သဖြင့် အလွန်အဖိုးတန်လေသည်။ မီးကို မလောင်ခင်က တားနိုင်သည်။ လူတစ်ယောက်သည် ကြာရှည်စွာ ဟန်မဆောင်နိုင် ငါးပိကိုအနံ့ မထွက်အောင် မဖုံးမဖိနိုင်သည့်နည်းတူ လူတစ်ယောက်၏ အကျင့်စာဂ စာရိတ္တကို ဖုံးဖိ၍မရ။ 

ထို့ကြောင့် အရေးပုံတော်မလှလျှင် အပျိုရည်ဘဝ မပျက်ခင် ဆလံပေး၍ အဝေးကရှောင်နိုင်ရကား ဤသို့မှ မဟုတ်ဘဲ သူစိမ်းပြင်ပြင် ရေသွင်သွင်က အောင်ဇေယျတုဟု ဆိုကာမျှနှင့် လင်ဘဝသို့ ရောက်ခဲ့ပြီးမှတော့ ကိုယ် သဘောမကျသော်လည်း "အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးချက် မှုမပိုင်လျှင်၊ နောက်ပြင်နိုင် ခက်သည့်အမျိုး”ဟူသော စာချိုးထဲသို့ ခေါင်းလျှို၍ ဝင်ရရုံသာရှိသည်။

မိုးလွန်မှ ထွန်ချ၊ လူမိုက်နောက်မှ အကြံရသော် တွေက မထောင်းတာ မိန်းမတွေမှာ မခံချိ၊ ဒူးနှင့် မျက်ရည်ကိုဖိ၍ တအိအိ ကျိတ်ရှိုက်ရုံမှတစ်ပါး အခြားသော လွတ်မြောက်ခွင့် မရှိနိုင်တော့ပေ။ လူမြင်လျှင် အမူလုပ်ပါလို့ မပူရုပ်ပြုံးရပါတော့သည်။

ဒါတွေ ဒါတွေကို နေရာချပေးမယ့် လူကြီးမိဘတွေက မစုံစမ်းမစစ်ဆေး အလွယ်ကလေးနှင့် ဈေးပေါင်ကျိုးမှာ ကျိတ်ထိုးနှိပ်ထိုး ထိုးရောင်းသလို ရောင်းလိုက်ကြတာမဟုတ်ပါဘူးဟုဆိုစေကာမူ လူကြီးပီပီ အရိပ်အကဲဖမ်းသည့် အစမ်းစာမေးပွဲများမှာ သမီးရည်းစားတွေလောက်တော့ အတွင်းစိတ်ဓာတ်အထိတော့ မရောက်နိုင်ပေ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိ၊ ကိုယ့်ဆေးကိုယ် ဖိသောက်မှ ပျောက်နိုင်သည့် ကိုယ်တွင်းရောဂါပေတကား။

“ကဲ အမိတို့ ကိုယ်တိုင်ရွေး ကိုယ်တိုင်ကြိုက်လို့ ခိုးရာလိုက်ပြေးတဲ့လင်မယား မကြာခင် အိုးစားကွဲကြတာတွေကော ဘယ်လိုပြောမလဲ”ဟု စောဒကတက်ကြသည် ဆိုပါတော့။ ဤမေးခွန်း၏ အဖြေမှာ
မိဘတွေ သမက်အဖမ်းမှား၍ တစ်လမ်းသွားဖြစ်ခဲ့ကြရသော လင်မယား အပူသည်တွေနှင့် ဘဲကင်းဘဲကြေ ပြေလည်နိုင်လောက် ကောင်းပါသည်။

ထိုအထဲမှာ မှားခြင်းမှားလျှင် လူငယ်မှားတာက တော်ဦးမည်။ လူကြီးတွေ မှားမိက ကိုယ့်ပယောဂကိုယ်သိ၊ ကိုယ့်သမီးကိုယ်ကြည့်၍ မချိတရိ ရင်ထုမနာ ရှိရှာပေလိမ့်မည်။

မြမြသည် သမီးကလေး မြမြဝင်း အပျိုပေါက်ကလေး ဖြစ်လာကတည်းက ကိုယ့်ဘဝ ကိုယ့်ဖြစ်စဉ်ကို ဆင်ခြင်မိလေသည်။ မိမိကိုယ်တိုင် မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့သည်။ မိခင်ကြီး မုဆိုးမအဖြစ်နှင့် အုပ်ထိန်းသည့် အောက်မှာ မိခင်နှင့်အတူပင်လျှင် ဒိုးတူပေါင်ဖက် အရောင်းအဝယ် ဂရုစိုက်ခဲ့သည်။ ဗိုင်းကောင်းကျောက်ဖိ ပိပိရိရိနေခဲ့သည်။ 

ခေတ်ကာလ သားသမီးများ လွန်ဆန်နိုင်ခဲသော သမီးရည်းစားသော်မှ ကိုယ့်သဘောနှင့် ကိုယ်မထားမနေခဲ့စဖူး။ မိခင်ကြီး သဘောကျလှပါသည်ဆို၍ သမက်ဖမ်းခဲ့သော မောင်မောင်လွင်ကျကာမှ မချစ်မမုန်းဘဝက သာမိက အခေါ်ခံလိုက်ရတော့သည်။
မိမိတို့ကလည်း ပိုးကုန်သည်၊ နာမည်ကြီး မောင်မောင်လွင့်မိဘကလည်း သင်္ကန်းပရိက္ခရာကုန်သည်၊ မျက်နှာကြီး သားသမီးနှစ်ယောက် ပေါင်းသဖြင့် အကောင်းဆုံးမင်္ဂလာဆောင်ဖြစ်အောင် အကုန်ခံလိုက်ကြသည်။ ဂျူဗလီဟောပေါ်တွင် ပရိသတ်တွေသောက်သောက်လဲ လက်ဖွဲ့ပစ္စည်းတွေ ခြိမ့်ခြိမ့်သဲသဲ ပိုးဖဲစိန်ရောင်ခန်းမကြီးတစ်ခုလုံး ဝင်းပြောင် ထိန်တောက်ခဲ့တော့သည်။ 

ပတ်ဝန်းကျင်တစ်ခုလုံး ရွှင်ရွှင်ပြုံးပြုံး နှလုံး
သည်းခြေကြိုက်စရာတွေသာ မြင်ရသည်။

ရေခဲမုန့်၊ ကော်ဖီ၊ ကိတ်မုန့်၊ ချိုမြိန်သော အစားအစာတွေကို စားသောက်ကြရင်း သံသာညှင်းညှင်း ရယ်သံမောသံ သောသောညံနေကြသည်။ "အတိုင်းမသိ ကျက်သရေ မင်္ဂလာရှိပါဘိတယ်ကို” ဟူသော
အမျိုးမှစ၍ “တော်ကြီး ငယ်ယဉ်ရာ ဇမ္ဗူတောင်ကျွန်း တင့်ရွှန်းသည့် ကျက်သရေဖြာ"ဟူသော မင်္ဂလာဘွဲ့ သီချင်းကို ရွှေပြည်အေးတီးဝိုင်းက သာယာငြိမ့်ညောင်းစွာ သီဆို၍ တီးမှုတ်နေကြသည်။ 

အဆိုကျော် စိန်ပါတီ၏ ရှူသံရှိုက်သံ ဟစ်ကြွေးလိုက်သည့် အသံထဲတွင် ထုတိသြဘာ မင်္ဂလာအဆီအနှစ်တွေ ပြည့်ဝရွှန်းစိုနေတော့သည်။ ထိုအသံကို ကြားရုံနှင့် စိတ်ချမ်းသာစရာ ကောင်းလှသည်။

ထို့နောက် ငွေသုံးရာပေး၍ အခါကောင်း အခါမြတ်ရွေးကာ သြဘာစာ ဖတ်စေသော မန္တ လေး ပုဏ္ဏားတော်ဆရာစိန်၏ ငွေခရုသင်းမှုတ်သံနှင့် ကြောင်း ဟရီ ဟရိ ရွတ်သံမှာ ဟင်္သာရိုက်သံပါလှသည်။

ဇယံဒေယျတု ဇယုတ္တရောဆိုသည့် ဇေယျမင်္ဂလံထဲမှ မထွက်သည့် အောင်ခြင်းမင်္ဂလာ လင်္ကာပတ်တမ်းတွေကိုလည်း ငွေပေးရတာ တန်သည်ထင်အောင် ကြိုးစားမင်းစား သရဇ္ဈာယ် နေပြန်ပါသေးသည်။ အောင်ပါစေ သပြေပန်းနှင့် ရေချမ်းကို လောင်းဆိုသော စည်တော်သံကိုလည်း ကြားလိုက်ရသည်။ ထိုသည့်နောက် ရေကိုတားသော်လည်း အခြားမထင်
ရေကိုခွဲ၍ မကွဲဟူသည့် ဥပမာအားဖြင့် ငွေဖလားကြီးထဲက ရွှေရည်ငွေရည် ရတနာရေအေးထဲတွင် မောင်မောင်လွင်လက်နှင့်ထပ်ကာ နှစ်လိုက်ကြရ
ပြန်သေးသည်။

ယခုခေတ် ဂုဏ်ပကာသနတို့တွင် အထွတ်အထိပ်ဟု ထင်သော နန်းရင်းဝန်ကိုယ်တိုင်က မောင်မောင်လွင်နှင့်မြမြကို လက်ဆက်၍ပေးကာ တတ်သမျှ မှတ်သမျှထုတိသြဘာ မင်္ဂလာစကားများ ပြောကြားလိုက်သေးသည်။ ဝိသာခါ ဓနဉ္စယ ပုဏ္ဏ ဝဍ္ဎဏ သတို့သမီး၊ သတို့သားတွေနှင့်နှိုင်းကာ ရာသက်ပန် မကွေမကွဲ ရွှေလက်တွဲ၍ အမြဲပျော်ကြပါစေဟု ဆုမွန်များ ပေးလိုက်သေးသည်။

ဤကဲ့သို့ ပွဲကြီး ယှဉ်၍ မိဘနှစ်ပါးက ထင်သမျှသော စေတနာ မင်္ဂလာတို့၏တန်ခိုး ဆွေမျိုးပရိသတ် အထပ်ထပ်တို့၏ အာသီသတို့နှင့် ဆိုရလျှင် မြမြတို့ လင်မယားမှာ ယခုမှစ၍ ငှက်ဖြစ်တောင် တစ်ကိုင်းတည်း နားသွားနိုင်ကြလောက်ပါပေသည်။ သို့သော်သို့သော် အများက ရှင်မောဂ္ဂလာန်ဆိုပေမဲ့ ဈာန်ကြွနိုင်မှ ယုတ္တိရှိသကဲ့သို့ အများက ထင်သလို ကာယကံရှင်လင်မယားက အကြင်နာတရားကိုယ်စီရှိကြမှ အရှည်သဖြင့် တည်စွဲခိုင်မြဲ သွားနိုင်ကြမည် မဟုတ်ပါလော။

မြမြသည် လက်ထပ်လိုက်ရသော မောင်မောင်လွင်ကို မြင်ဖူးတွေ့ဖူးရုံမျှရှိသည်။ ထိုကတစ်ဆင့်တက်၍ မိမိနှင့် စုံဖက်ရမည်ဟု သိရသောအခါ တစ်ခွန်းစနှစ်ခွန်းစ ပြောဖူးဆိုဖူးရုံမျှရှိခဲ့သည်။ ထို ပြောဖူးသည့်စကားများမှာလည်း သမီးရည်းစား စကားများလို အတွင်းကျကျ အသည်းနှလုံးထဲက စကားမျိုးမဟုတ်။ အပရိက အာသံဝစ္စတို့သာ ဖြစ်တော့သည်။ 

ထို့ကြောင့် ထိုနေ့က မင်္ဂလာကိစ္စတွေပြီးကတည်းက မောင်မောင်လွင်နှင့် နှစ်ကိုယ်ချင်း မတွေ့ ခဲ့ရ။ တွေ့ ရဖို့လည်း အာသာမရှိ။ မချစ်ဘူး၊ ချစ်တယ် စဉ်းစားဖွယ်မဟုတ်။ 

မချစ်ဘူးပဲပြောပြော၊ ချစ်ပါတယ်ပဲပြောပြော
နောက်ဆုံးသဘောကတော့ သုံးတောင်ပြည့်ခန်းသာလယ်၊ လေးတောင်ပြည့်ခန်းသာလယ် မောင်ကြံရွယ်တဲ့ စံပယ်ကုံးရယ် မင်းဘယ်သို့တုံး”ဟု ယနေ့ညပဲ မေးတော့မယ်ဟု သိခဲ့ရသည်။

သမီးရည်းစား မဟုတ်ခဲ့သူများအဖို့ ထိုနေ့ညသည် အတော်ခွကျသည်။ မိမိတို့အဖို့ သတ်မှတ်ပြင်ဆင်ထားသောအခန်းတွင်းသို့ ကိုယ်က အရင်ဝင်နေပြန်လျှင်လည်း မတင့်တယ်။ နောက်ချန်နေပြန်လျှင်လည်း အရုပ်ဆိုး၊ ရှိုးတိုးရှန့်တန့်ဖြစ်စရာ တွေ့ကြုံရသည်။ နောက်ဆုံး ခုတင် ပေါ်တွင် ထိုင်နေသောအခါ အခန်းတံခါးကိုဖွင့်၍ မောင်မောင်လွင် ဝင်လာသည်ကို စောင်းပါးရိပ်ခြည် ကြည့်နေရတော့သည်။ 

သူ့အမူအရာမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းမှ ကင်း၍ မင်းမူမည့် ဣန္ဒြေမျိုးလိုလို တည်တည်ခန့်ခန့်ကြီး ထင်ရသည်။ တကယ်တွေးလိုက်တော့ ကိုယ့်ချစ်သူ မဟုတ်ခဲ့၍ ဤသို့ ထင်လေသလားဟု စဉ်းစားသည့်အခါ ကိုယ့်ချစ်သူဖြစ်ကလည်း ခပ်တည်တည် ဣန္ဒြေကြီးနှင့်လာသူကလည်း လာမည်မဟုတ်။ 

မှိုရသည့်မျက်နှာ ပြုံးစိစိစပ်ဖြဲဖြဲ အမူအရာမျိုးသာ တွေ့ ရမည် ဖြစ်၍ ကိုယ်ကလည်း သူ့ မျက်နှာထား ရူးနှမ်းနှမ်းကို ချစ်မျက်စောင်းနှင့် လှမ်း၍ ပက်လိုက်တော့မည် ဖြစ်၏။

မောင်မောင်လွင်က အနားရောက်လာသောအခါ ပြုံးကားပြုံးပါ၏။
သူ့အပြုံးမှာ စစ်နိုင်သော စစ်သူကြီးက လက်နက်ချ၍ အညံ့ခံရသော သူပုန်အပေါ်ကို ကျော်၍ ကြည့်ပြုံးသည့် အပြုံးမျိုးဖြစ်လေရာ ယခုထက် ရှင်းအောင် ပြောရလျှင်ကား

“ကဲ မင်း ဘာတတ်နိုင်သေးသလဲ ငါ့လက်ခုတ်ထဲကရေ"ဟု ကြုံးဝါးချင်သယောင် ရှိတော့သည်။ ထို့နောက် သူက အနားကပ်ထိုင်ချလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“ဘယ့်နှယ်လဲ ပျော်ရဲ့လား”

ဤမေးခွန်းမှာ အတော်အဖြေရကျပ်သည်။ ရည်းစားမဟုတ်ခဲ့ရသောမြမြအတွက် ရှက်စရာ ကြောက်စရာ မိန်းမတို့ဣန္ဒြေပါ ငဲ့ညှာဖို့ အလုံးစုံ အကျုံးဝင်နေတော့သည်။ သမီးရည်းစားသာ ဖြစ်ခဲ့ရပါမူကား
ဤမေးခွန်းကို ကြားလိုက်ရသည့်နှင့် တစ်ပြိုင်နက် သူ့ရင်အုံကြီးကို ခေါင်းနှင့် ဝင်ကာ

“ဘယ်နှယ့်မေးပါလိမ့် မောင်ရယ်။ အနေ့နေ့အရက်ရက် အထိတ်ထိတ်နဲ့ မျှော်လင့်လာခဲ့ရတဲ့ အောင်မြင်မှုကို မပျော်ဘဲ နေပါ့မလား။ မောင်ကော မပျော်ဘူးလားဟင် ဟင်လို့ ဒီကမေးနေတာများ ပြောစမ်းပါဦး။ တကတဲ ပြုံးနေဖို့ပဲတတ်တယ်။ ဟင်းနော် ဒါပဲ နောက်တော့မှ မြကို မပစ်နဲ့သိလား။ နည်းနည်းကလေးများ စိတ်ညစ်အောင် လုပ်ရင်တော့ ငိုချည်းပဲ ပစ်လိုက်မယ်”ဟု မူကာရွဲ့ကာ ခရာလို့ကောင်းလိုက်မည့်ဖြစ်ခြင်း နော့လို့ မူလို့အရသာရှိလိုက်မည့်ဖြစ်ခြင်း။

ယခုတော့ ယခုတော့ မိမိအတွက် တစ်သက်လုံးအထင်သေးစရာ မဖြစ်အောင် ဟန်ဆောင်မည့် သိက္ခာ၊ သူ ကန်းမတက်ရအောင် စောင့်စည်းချုပ်တည်းရမည့် အမူအရာတို့အပြင် ကိုယ့်အလှဂုဏ်၊ ကိုယ့်မိဘဂုဏ်၊ ကိုယ့်ဓနဂုဏ်ကလေးတွေက မာနရယ်လို့ ရှိသေးသည်။

“ပျော်ပါတယ်”ဟု ဖြေလိုက်မိလျှင် သူနဲ့ညားလို့ ဝမ်းသာအားရ ရှိလှသည်ဟုများ ထင်သွားလေမလား။ ဒီလိုဆိုရင် မိန်းမ‌ဈေးပျက်ရချည့်ရဲ့။

“ဟင့်အင်း မပျော်ပေါင်”ဆိုလိုက်ပြန်ကလည်း

“ဒါဖြင့် မင်းငါ့ကို မကြိုက်ဘဲနဲ့ ယူရတာပေါ့လေ”ဟု လေရှည်စရာဖြစ်ရာက တစ်သက်လုံး စိတ်မချမ်းသာစရာဘဝတွေကို မောင်မင်းကြီးသားက ဖန်တီးလိုက်မှာ စိုးရသေးသည်။

ထို့ကြောင့် မြက လိမ္မာစွာနှင့် မတင်မကျ ဖြေလိုက်ရသည်။

“ကိုယ်ချင်းစာကြည့်လေ”

မောင်မောင်လွင်က အဖြေကို သဘောကျသွားသကဲ့သို့ သံညှင်းကလေးနှင့် မပွင့်တပွင့် ရယ်ပြလိုက်သည်။ ရယ်ရာက မြ၏ ပခုံးနှစ်ဖက်ကို စုံကိုင်လိုက်ရာ မြက မသိမသာ ပခုံးတွန့်၍ ရွံ့ဟန်ပြလိုက်သည်။

အမှန်အားဖြင့် ဆိုရလျှင်လည်း လန့်တော့ လန့်သွားမိသည်။ ထိုကဲ့သို့ ကြောက်ခြင်းလန့်ခြင်းတို့မှာ အချစ်စိတ်နှိုးဆော်မှု မရှိ၍သာဖြစ်ကြောင်းမြကိုယ်တွေ့ကြုံရသည်။ မြက မထုံတက်သေး ခပ်အေးအေး နေလိုက်ခြင်းကြောင့် မောင်မောင်လွင်ကလည်း မကျေနပ်သလိုလို ဖြစ်သွားသည်။

သူကိုယ်တိုင်ကလည်း မြကို ချော့ချင်သည့် စိတ်စေတနာ မရှိ။ မြကလည်း အောက်ကျမခံချင်။

“မြ၊ ကိုယ့်ကို ချစ်ရဲ့လား”

ဤမေးခွန်းမျိုး ထွက်လာမှာကို မြ အတော်စိုးရိမ်လိုက်မိသည်။
သူ မမေးစေချင်သည်မှာ အဖြေခက်၍ဖြစ်တော့သည်။ ဒါဖြင့် ကိုယ်က သူ့ကို မေးလိုက်ပါတော့ကော

“မြကို ချစ်ရဲ့လား”

ဤမေးခွန်းမျိုးကိုလည်း ကိုယ်က အမေးခက်လှသည်။ အတော်ဆတ်ဆော့သည့် မိန်းကလေးမှ ကိုယ်ကစ၍ မေးဝံ့လိမ့်မည်။ ဤသို့နှင့် သူတို့၏ အိမ်ထောင်ရေးသည် စက္ကူနှင့် ပြုလုပ်ထားသော နှင်းဆီပန်းကလေးကဲ့သို့ အမြင်လှသော်လည်း အနံ့အသက်ရှူ၍မရအောင် ရှိတော့၏။ လင်မယားဟူသည့်စပ်ကြားတွင် ဂုဏ်တွေ၊ မာနတွေက ကာထားလျက်ရှိတော့သည်။ သည်အယူအဆ အစွဲအမြဲတို့က အသီးသီးပင် ပယောဂ ဖိစီးနေကြသည်။

စကားပြောရာက မောင်မောင်လွင်သည် … ခုတင်ပေါ်တက်၍ ပက်လက်လှန်အိပ်လိုက်သည်။ ထို့နောက် ပါးစပ်က ဝါးခနဲနေအောင် သမ်းဝေလိုက်ရင်း တစ်နေ့လုံးပင်ပန်းခဲ့ရသမျှ ယခုမှ အနားယူအပန်းဖြရသလို လေးဖက်လေးတန် ခြေပစ်လက်ပစ်ဆန့်၍ ဟင်းခနဲ သက်ပြင်း မှုတ်ထုတ်လိုက်သည်။ 

သူ့ မျက်စိအစုံမှာတော့ ခြင်ထောင်အမိုး မျက်နှာ
ကြက်ကိုသာ မမှိတ်မသုန် စိုက်ကြည့်၍ နက်နက်နဲနဲ စဉ်းစားနေဟန်တူသည်။ မြမှာကား အနားက ငုတ်တုတ်ကလေး ထိုင်လျက်ပင်။

ထိုညမှစ၍ မြမြ မျက်ရည်ကျရသည်။
မိန်းမ၊ ယောက်ျားနှစ်ဦးသားတို့ လင်မယား ဖြစ်လာကြသည်မှာ ချစ်၍ပင် ညားသလော၊ ညား၍ပင် ချစ်သလော စောဒနာဖို့အကြောင်းဆိုက်လာခဲ့လေသည်။
မြမြနှင့်မောင်မောင်လွင် အကြင်လင်နှင့်မယားဟု လူသိနတ်ကြား လက်ထပ်ခဲ့ကြရသည်။ အများမျက်မြင် နှစ်ကိုယ်ယှဉ်၍ ပြုံးပြုံးရွှင်ရွှင် နေခဲ့ကြရသည်။ 

သို့သော် အတွင်းရေးကို ကြည့်လိုက်ရလျှင်ကား သံပတ်ပေးထားသည့် စက်အရုပ်တွေလို ဝတ္တရားကျေဆောင်ရွက်နေကြကြောင်း နှစ်ကိုယ်ချင်းသာ သိနိုင်ကြသည်။ လင်ဝတ္တရား၊ မယားဝတ္တရား ထို ဝတ္တရားတွေကို ကျေပွန်လျှင် လင်မယားစခန်း၌ စိတ်ချမ်းသာမှု ရလိမ့်မည်ဟု ထင်မှတ်မှားနေသူများအဖို့ စိတ်စေတနာ သဒ္ဓါတရား ရှေ့ဆောင်မှု မရှိ။ ဝတ္တရားသိ၍သာ ဆောင်ရွက်ပေးမှုကို ခံစားနေရသူများ အဖြစ်သို့ ရောက်ဖူးမှ သိကြကြုံကြရပေသည်။

လောကမှာ ပိုက်ဆံသာ အရေးကြီးတာပါပဲကွာဟူသော ဥပါဒါန်ဖြင့် ငွေပေးကာ ခိုင်းကြသည်။ ငွေရအောင် လုပ်ကြသည်။ ထိုအခါ ငွေပေးရသူက ငွေပေး၍ ခိုင်းသည်ဟု ခပ်ရိုင်းရိုင်း သဘောထားကြသလို ငွေရဖို့ ထမ်းဆောင်သူကလည်း ငွေရလျှင်ပြီးစတမ်းဟု ပရမ်းပတာ လုပ်လိုက်ကြပြန်သည်။ ခိုချင်လျှင်ခို၊ ကပ်ချင်လျှင်ကပ်၊ ခိုးချင်လျှင်ခိုး၊ ဝှက်ချင်လျှင်ဝှက် နှစ်ဦးနှစ်ဖက် စေတနာအရင်းမခံသဖြင့် အမှုမှန်လျက် မကြီးပွားနိုင်သည့်နည်းတူ အိမ်ထောင်ရေးပြဿနာ လင်မယား သင်ခန်းစာမှာလည်း ပမာထို့အတူ ဤမူအတိုင်းသာ ရှိတော့သည်။

လင်ယောက်ျား ရှာဖွေ၍ရသမျှ မယားကိုသာ အပ်ကြရမည် ဟူသည့်အတိုင်း “ရော့ဟေ့၊ လခထုတ်လာတယ်”ဟု ပိုက်ဆံကို ပစ်ပေးလိုက်သကဲ့သို့ အိမ်မှုကိစ္စ မယားများက လုပ်ကြရမည်ဟူသော ဥပဒေအရ

“ဟောဒီမှာ ထမင်းခူးပြီးပြီ”ဟု မယားက မီးဖိုချောင်က လှမ်းအော်လိုက်ပြီးလျှင် နှစ်ဦးစလုံး၏ ဖျားရေးနာတာ ဝေဒနာများအတွက် ဆရာဝန်ခေါ်ပေး၊ အနှိပ်သည် အနှိပ်ခိုင်း၊ ထိုထက်တစ်ဆိတ် အခံဆိုးလာလျှင် ဆေးရုံကိုပို့ပေးရုံနှင့် လင်မယားအရသာ လင်မယားတို့၏ဝတ္တရား ကျေပွန်သည်ဟု ဆိုရမည်လား။ ချွတ်ယွင်းသည်ဟု မဆိုနိုင်သော်လည်း
ပြည့်ဝသည်ဟု မမှတ်ယူနိုင်သော ဤအကြောင်းတရားများသည် လင်မယားအမည်ခံယူရုံသာ နေကြရသော အိမ်ထောင်မောင်နှံ၌ ရှိတတ်ကြသည်။

လူကို ချစ်လို့ ယူတာလား၊ ပစ္စည်းကို မက်၍ ယူတာလာ့း၊ မိဘသြဇာကို နာခံရလို့ ယူတာလား ဟူသော လားပေါင်းတစ်ရာ့ခြောက်လောက်သည် ဘုမသိဘမသိ မင်္ဂလာဆောင်ယူရသော ဇနီးခင်ပွန်းတို့၏စိတ်ဝယ် ကိန်းဝပ်နေတတ်သည်။ ပျော်တုန်းတော့မထောင်းတာ နာစရာဖက်မိတော့ ဤအချက်တွေကပါဝင်၍ စနိုးစနောင့် ဒုက္ခပေးတတ်သေး
သည်။ ညားပြီးမှ မေးလျှင်တော့

“မချစ်ဘဲနဲ့ ယူပါ့မလား”ဟူသော အဖြေသာ ဒိဋ္ဌကြားကြရပေမည်။ ထိုမှလွဲသောအဖြေကား ကွဲပြားခါနီးမှ စစ်ကြေညာသလို ကြေညာရင်း အဖြေထွက်လာတတ်ပေသည်။ ဆူးပေါ်ဖက်ကျလျှင် ဖက်ပေါက်၍ ဖက်ပေါ်ဆူးကြလျှင်လည်း ဖက်သာပေါက်ရအံ့သော မြမြတို့လို မိန်းကလေးတစ်ယောက်အတွက် တည်မိတဲ့ဘုရား လင်းတပင်နားနား၊ ရတနာသုံးပါးအဖြစ်က ရွေ့လျားနိမ့်ကျ၍ မသွားနိုင်သကဲ့သို့ ညားမိသော လင်ကိုလည်း ဆိုးဆိုးကောင်းကောင်း ပေါင်းရပေတော့မည်။

မြမြသည် ထိုသဘောတရားအရ လင်ကို ဂရုစိုက်ဖို့ ကြိုးစားခဲ့သည်။
ရင်းရင်းနှီးနှီး တိုးတိုးခွေ့ခွေ့ နေနိုင်ရအောင် သွေးဆောင်ကြည့်မိသည်။
သို့သော် မြမြ၏ဆန္ဒအတိုင်း မဖြစ်မြောက်ခဲ့။
လင်နှင့်မယားဟူသည် အပေးအယူရှိစမြဲ၊ အပေးအယူ အပြန်အလှန် မှန်သားကဲ့သို့လည်းကောင်း၊ ရေကသိုဏ်းကဲ့သို့လည်းကောင်း ရှိတတ်သည်။ ရှိမှလည်း သဘာဝဖြစ်သည်။ လင်မယားဘဝသာမက ကမ္ဘာ့ လူမှုပေါင်းသင်း ဆက်ဆံရေးတွင်ပင် အဓိကတရားကြီးဖြစ်သည်။

သူ့ လက်လာမှ ကိုယ့်လက်နှင့် တွေ့ ကြမည်။ ကိုယ်က လက်လှမ်းလျက်နှင့် သူ့လက်က မကမ်းလျှင် လမ်းတွင် တွေ့ ဆုံနိုင်ကြသည်မဟုတ်။

ထိုသို့သောအခါ သူမာလျှင် စိန်သံချောင်းသာပ၊ သူပျောင်းလျှင် အရည်ဖြစ်နိုင်ငဲ့။ သူတော်မှ ကိုယ်ကောင်းမည်ဆိုသော စကားမျိုးနှင့် ချင်းစိမ်းနှင့် မိဿလင် သူကြင်မှ ကိုယ်ကြင်မယ်ဆိုသောဥပမာများ၊ သံကို ကြွက်စားလျှင် သားကိုစွန်ချီသော ထုံးတမ်းသည် အာဃာတတရားနှင့် နှစ်ဦးကြားတွင် မားမားကြီး ပေါ်ပေါက် ကာဆီးလာတတ်ကြသည်။

အခါခပ်သိမ်း တွဲဖက်၍ တစ်သက်တာ ဘဝခရီး၏ ဇနီးမောင်နှံများကို မဆိုထားနှင့် တကယ် လင်မယားမဟုတ်သော ပွဲထဲက မင်းသား၊ မင်းသမီး ကပြသူများပင်လျှင် သထိထား၍ ကြည့်ပါဦး။

“မာလာ ငွေဖော့၊ ခွေလျော့လျော့၊ ကြွေတော့မယ့်ပုံ၊ နုကသိုဏ်းကျ၊ ရှုတိုင်းလှပါတဲ့၊ မြကြေးမုံ ခင်လေးဗျ”ဟု မင်းသားက ချွဲချွဲပစ်ပစ် ခေါ်စမ်းလိုက်သည့်အခါ

“ဘာတုံး”ဟု နှစ်လုံးတည်းသာ မင်းသမီးက ထူးလိုက်သည်ဆိုလျှင် နားဝင်တစ်မျိုးကြောင့် ခွက်ထိုးခွက်လန် ရယ်စရာအမှန် ဖြစ်သွားနိုင်သေးသည်။ ထို့အတူ မင်းသမီးက “ရွှေလည်ပင်းနှင့်၊ ခင်းသင့်သင့်မှာ၊ ညှင်းနှစ်ပွင့်ဆိုင် သျှောင်ထုံးတွဲတွဲ၊ ဆောင်လုံးနွဲ့တဲ့၊ မယ့်ကေခိုင်မောင်မောင်ဘုရာ့”ဟု ခရာတာတာ မာယာသံတွဲ၍ချွဲလိုက်မှ မင်းသားက ကဗျာဆန်ဆန်ကာရန်နဲ့ ပြန်မလာဘဲ

“ဘာလဲကွာ၊ တကတဲ နားပူလိုက်တာ”ဟု ဆိုလိုက်လျှင်လည်း အပေးအယူ နားဝင်ပီယံ မဟုတ်၊ မင်းသမီးခမျာအတွက် အောင့်သက်သက် ဆန့်တငံ့ငံ့ ခံလိုက်ရရှာမည် မဟုတ်လော။

ထို့အတူ မြမြအတွက်လည်း အခေါ်အပြော အဆက်အဆံစ၍ အဆင်မပြေမှုကလေးတွေ ကြုံရသည်။ တစ်ခါက နှစ်ခါ မောင်မောင်ဘဘလုပ်၍ အဆင်မပြေသောအခါ နောင်ကို မျက်နှာပြောင်တိုက်ဖို့
အတော်ကလေး ဝန်လေးလာတော့သည်။ ဝန်လေး၍ ဆက်မလုပ်သောအခါ လင်ယောက်ျားက အမြင်တစ်မျိုး အထင်တစ်မျိုး မြင်လာ ထင်လာတတ်တော့သည်။

လင်နှင့်မယား နှစ်ဦးကြားဝယ် မယားငယ်ယူမှု၊ လင်ငယ်နေမှုတို့ သည်သာလျှင် ကွဲပြား ခွာပြဲလောက်အောင် အရေးကိစ္စကြီးတစ်ခုမဟုတ်။ အမှတ်မထင်သဘောနှင့် ကြည့်လျှင် မပြောပလောက်ဟု ထင်ရသည့် အကြောင်းတရားကလေးများကလည်း တဖြည်းဖြည်းနှင့် အရေးကြီးလာလောက်အောင်သတ္တိရှိကြ၏။ 

ဥပမာအားဖြင့် တဟုန်းဟုန်းတောက်လောင်သော မီးအလျှံကြီးသည်သာ ပြာသာဒ်ကြီးတစ်ခုလုံးကို
မျိုဝါး စွဲလောင် ဖျက်ဆီးနိုင်သည်ကား မှန်၏။ သို့သော် ထိုမီးဟုန်းဟုန်း၏ ဘဝသည် မပြောပလောက်သော မီးပွားမီးမှုန်ကလေးက မူတည်၍ စခဲ့ခြင်း ဖြစ်သည်။

မြမြနှင့် ကိုလွင်တို့၏ အိမ်ထောင်ရေးဘဝ သက်တမ်း၌လည်း မီးပွားကလေးတွေကို သတိမပြုခဲ့သဖြင့် မီးတောက်မီးလျှံ ကြီးသည်ထက်ကြီးကာ မြမြဝင်း ပဋိသန္ဓေ အရင့်အမာတွင် အိမ်ထောင်ရေး မီးလျှံကြီး တဝုန်းဝုန်း တဟုန်းဟုန်း တောက်လောင် ဝါးမျိုခံရခဲ့လေသည်။

ဒေါ်မြမြတို့ အိမ်မှ တိုင်ကပ် သံစုံနာရီကြီး၏ ဆယ့်နှစ်ချက် တီးခေါက်သံသည် အတွေးထဲတွင် နစ်မျောနေခဲ့မိသော ဒေါ်မြမြအား လန့်ဖျပ်ဖျက်ဆီးလိုက်လေ၏။

ခေါင်းအုံးတစ်ဖက်စွန်းတွင် တစိမ့်စိမ့် စီးကျနေသော မျက်ရည်များသည် အတော်ကလေး စိုစွတ်နေတော့သည်။ သို့သော် သမီးကလေး မြမြဝင်းနိုးမည်စိုး၍ ကိုယ်ခန္ဓာလည်း မလှုပ်ဝံ့၊ မျက်ရည်လည်း မသုတ်ဝံ့ ဖြစ်နေရှာသည်။ ထိုသို့ နေသည့်ကြားက မြမြဝင်း၏ ကိုယ်ကလေးမှာ လှုပ်လှုပ်ရွရွ ဖြစ်လာသည်ကို သိလိုက်ရသည်။ ထို့နောက် မြမြဝင်း ထထိုင်လိုက်မှန်းလည်း သိသည်။ မိမိအား ငုံ့ကြည့်၍ အိပ်ပျော်မပျော်ကို အကဲခတ်နေကြောင်းလည်း ရိပ်မိလိုက်သည်။ ဒေါ်မြမြကား ဝမ်းတွင်းက ဘလောင်ဆူလျက်နှင့် မျက်စိကို စုံမှိတ်၍ အိပ်ချင်ယောင် ဆောင်နေလိုက်လေသည်။

မြမြဝင်းသည် ခုတင်ပေါ်မှခြေဖျားထောက်၍ ဆင်းလိုက်သည်။
ထို့နောက် တစ်လှမ်းချင်း လှမ်းကာ အခန်းဝသို့ ရှေ့ရှုနေလေသည်။
ထိုအချိန်တွင်ပင် အိမ်နောက်ဖေးပေါက်မှ ရွှီခနဲ လေချွန်သံတစ်ချက် ကြားရပြန်သည်။ မြမြဝင်းသည် ထိုအသံကြောင့် စိတ်မလုံနိုင်ဘဲ မိခင်ကြီးရှိရာကို ပြန်လှည့် ကြည့်လိုက်သေးသည်။ မိခင်ကြီးက ဘာမှ မထူးခြားသောအခါ ဆက်၍လှမ်းကာ အခန်းအပြင်အရောက် ထွက်သွားတော့သည်။ ဒေါ်မြမြမှာ စိတ်တွင်းက တားရမယောင်ယောင် ဥပေက္ခာ ပြုရမယောင်ယောင်နှင့် ဝမ်းနည်းလျက်သာ ရှိလေသည်။ 

အဘယ်ကြောင့် ဝမ်းနည်းနေသည်ကိုမူ သူကိုယ်တိုင်ကမှ မသိ။

ယခု ထ၍ ထွက်သွားသော ခရီးသည် သမီးသည်မြမြဝင်းအတွက် အလွန်တရာ စိတ်ချမ်းမြေ့စရာအဖြစ်ဖြင့် တည်ရှိပေလိမ့်မည်။ ထိုသို့ သမီး စိတ်ချမ်းသာလျှင် မိခင်၌ မုဒိတာ ဖြစ်ဖို့သာ ရှိသည်။ ယခုကား အဘယ်ကြောင့် ဝမ်းနည်းခြင်း ဖြစ်ရသည်ကို မတွေးတတ်။

ဒေါ်မြမြသည် ကိုယ့်စိတ်ကို အစိုးမရသော ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ ခုတင်ပေါ်မှ ထထိုင်လိုက်မိသည်။ ယောင်ယောင်နန ဖြစ်နေခြင်းမှာ စဉ်းစားနေသောကြောင့်မဟုတ်။ ဘာလုပ်ရမည် မသိသလိုသာ ဖြစ်နေလေသည်။ ထို့နောက် ဒေါ်မြမြ ကိုယ်တိုင် မြမြဝင်း သွားရာခရီးကို ခြေရာနင်းမိသည်။

အိမ်နောက်ဖေးတံခါးသည် အသာကလေး စေ့ထားသလို တွေ့ ရသည်။ တံခါးကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်သောအခါ အိမ်နောက်ဖေး ပန်းရုံကလေးနားရှိ ခုံတန်းလျားကလေး အပေါ်၌ ယောက်ျားပျိုတစ်ဦး၏ ရင်ကို ခေါင်းမှီကာ လောကကြီးတစ်ခုလုံး၏အာရုံကို ပီတိနှင့် အဆက်ဖြတ်ထားဟန် ဣန္ဒြေနှင့် ကြည်နူးနေဟန်တူသော သမီးသည်၏ အမူအရာကို မြင်လိုက်ရသည်။

“မြ၊ မြ မောင့်ကို ချစ်တယ်ဆိုတာ ဘယ်တော့မှ မပြောင်းဘူးနော်”

“အို မောင်ကလဲ။ မြ အချစ်ကို မယုံလိုက်တာ မောင့်ကိုလေ မောင့်ကိုလေ မြ မေမေထက်တောင် ချစ်သေးတယ် သိလား၊ သိလား”

နောက်ဆုံးကြားရသော မြမြဝင်း၏ စကားသည် တံခါးကို မှီနေသော ဒေါ်မြမြတစ်ကိုယ်လုံးအား သွေးတွေ လျော့နည်းသွားသလို ထင်လိုက်မိရုံမျှမက မျက်ရည်တွေတွေကျရာက အိပ်ခန်းထဲသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လေးလေးပင်ပင် ဖင့်ဖင့်နွဲ့နွဲ့ မချိတင်ကဲနှင့် ပို့လိုက်သလို ရှိလေ၏။

#ဦးသုခ
ရှုမဝ၊ ၁၉၅၁၊ မေ