"ပျိုတို့မောင် အယဥ်ကြိုက်
ခါးဆိုက်တဲ့မင်ကြောင်
ခါးတောင်းရယ်မြှောင် "
ဆိုတဲ့ ကဗျာလေး ငယ်ငယ်က ရင်းနှီးခဲ့ရတယ် ။ စိတ်ဝင်စားလှတယ်ရယ်လို့ မဟုတ်ပေမဲ့ စပ်စုချင်မိတယ် ။ ထိုးကွင်းမင်ကြောင်ဟာ ရဲရင့်တဲ့ ယောက်ျားတွေရဲ့ သင်္ကေတလို့ စွဲမှတ်ယုံကြည်ထားကြတာကိုး ။

ကမ္ဘာအရပ်ရပ်က ယဥ်ကျေးတဲ့ လူမျိုးဖြစ်ဖြစ် ၊ မယဥ်ကျေးသေးတဲ့ လူမျိုးဖြစ်ဖြစ် ထိုးကွင်းထိုးတဲ့အလေ့က အနည်းနဲ့ အများ ရှိခဲ့ပါတယ် ။ ရှေးရိုးဆန်တဲ့ လူမျိုးတွေမှာ ပိုပြီး စွဲမြဲတဲ့ အလေ့အထ တစ်ခုပါ ။

ထိုးကွင်းထိုးခြင်းဟာ ရှေးယခင်က တော်တော်ခေတ်စားခဲ့ပါတယ် ။ ဂျပန်လူမျိုး၊ ပေါ်လီနီးရှင်းလူမျိုး၊ မာအိုရီလူမျိုး နှင့် မကေးဆ ကျွန်းသားတွေ မှာလည်း ထိုးကွင်းထိုးတဲ့အလေ့ ရှိခဲ့ကြပါတယ် ။ 

ထိုးကွင်းထိုးခြင်းအလေ့ဟာ စစ်သားတွေမှာ အများအပြား တွေ့ရပါတယ် ။ စစ်ပွဲမှာ သတ္တိရှိခြင်းအမှတ်အသား ၊ ရန်သူကြောက်လန့်သွားစေခြင်း၊အလှအပ အဖြစ် စသဖြင့် ထိုးကြလေ့ရှိပါတယ်။ဘာသာရေးကြောင့် ထိုးကြတာတွေ ရှိသလို ၊ ဝမ်းနည်းတဲ့ အထိမ်းအမှတ် အနေနဲ့လည်း တစ်သက်မမေ့အောင် ထိုးကြတာတွေရှိပါတယ်။

ရှေးမြန်မာတွေကတော့ ခါးကနေစပြီး ဒူးဆစ်အထိ ထိုးကြလေ့ရှိပါတယ်။ဆေးအရောင်က အနက်၊နက်ပြာ ဖြစ်ပါတယ် ။မြန်မာလူမျိုးတွေက ထိုးကွင်းထိုးတဲ့အခါ ကြောင်ရုပ်ကို ထိုးလေ့ရှိတဲ့အတွက် မင်ကြောင်လို့လည်း ခေါ်ကြပါတယ်။

အလုပ်ကြမ်း လုပ်တဲ့အခါ ဖြစ်ဖြစ် ၊ စစ်ထွက်တဲ့အခါဖြစ်ဖြစ် အောက်ပိုးကျိုက်လေ့ရှိပါတယ်။ အဲဒီမှာ အမြင်တင့်ချင်တာရယ် လှပစေချင်တာရယ်၊ ယောက်ျားပီသကြောင်း ပြချင်တာရယ်ကြောင့် ခါးကနေဒူးဆစ်အထိ ထိုးကွင်း ထိုးကြလေ့ ရှိပါတယ် ။

ရှေးမြန်မာတွေမှာတော့ ထိုးကွင်းမရှိတဲ့ ယောက်ျားဟာ ယောက်ျားမပီသ လို့ယူဆခဲ့ကြပါတယ် ။အချို့ကလည်း လက်မောင်း၊ ရင်ဘတ်၊ကျောပြင်၊ပေါင်တံနှင့် တစ်ကိုယ်လုံး နေရာ အနှံ့ ထိုးလေ့ရှိပါတယ် ။ ကာမသိဒ္ဓိ၊ပီယသိဒ္ဓိ၊အလှအပ သက်သက် စသဖြင့် ထိုးလေ့ရှိပါတယ် ။

ထိုးတဲ့ကိရိယာကလည်း ကြေးနဲ့လုပ်တဲ့ နှစ်ခွစုတ် ၊ လေးခွစုတ် တွေပါ ။ ထိုးတဲ့အခါမှာလည်း 
နေ့ကောင်းရက်သာ ရွေးပြီးမှ ထိုးကြပါတယ် ။
ယောက်ျားကလေးများ မင်ကြောင်ထိုးတဲ့အခါ ရွာမှာ ရှိတဲ့အပျိုမိန်းကလေးတွေက လိုက်လံအားပေးရပါတယ် ။

အပျိုကလေးတွေဟာ ရေချမ်းအိုး၊ကွမ်းအစ်၊သနပ်ခါးကျောက်ပျဥ်နှင့် နံ့သာတုံးများ၊လက်ဖက်အစ်များ၊ ဆီမီးခွက်၊ဆီမီးတိုင်နှင့် တံခွန်ကုက္ကားတိုင်များ ၊ ပခုံးပေါ်မှာလည်း ပုဆိုးရှည်၊တင်းတိမ်များ ရက်သစ်ပြီးစ တဘက်များယူပြီး ထိုးကွင်းထိုးတဲ့ နေရာကို လူစုပြီး သွားကြပါတယ် ။ အပျိုခေါင်းကြီးတွေလည်း ပါပါ့။

မိန်းမတွေဟာ မင်ကြောင်ထိုးတဲ့ နေရာနဲ့ အတောင်ခြောက်ဆယ်ကျော် ဝေးတဲ့နေရာမှာ စုဖွဲ့နေရပါတယ် ။ များနေရင် နှစ်ဖွဲ့ခွဲ နေရာယူကြပါတယ်။ မိန်းမပျိုတွေယူလာတဲ့ ပစ္စည်းတွေကို မင်သကျွန်(မင်သေ့ကျွန်) လို့ ခေါ်တဲ့ ကာလသားပေါက်ကလေးတွေက လာယူပါတယ် ။ သူတို့ဟာ ထိုးကွင်းမထိုးရသေး၊ချစ်သူရည်းစား မရှိသေးတဲ့ ကြီးကောင်ငင်ဆဲ ကာလသားလေးတွေပါ ။ ရေမိုးချိုး အဝတ်အစား အသစ်ဝတ်ဆင်ပြီး လာရပါတယ်။

မင်သကျွန်သည် အပျိုစုနှင့် ထိုးကွင်းထိုးရာကို ချိတ်ဆက်ပေးသူ လို့ဆိုနိုင်ပါတယ် ။မိန်းမပျိုတွေက ဘယ်သူအထိုးခံနေပြီလဲ ။ အော်လား။ အော်ရင် ဘယ်သူ့ကို တ ပြီး အော်လဲ လို့မေးကြပါတယ် ။ပြီးရင် ဘယ်သူက နံ့သာခွက်ပေး လိုက်တယ်။ ဘယ်သူက ကွမ်းယာနဲ့ ကွမ်းသီးမာမာတွေ ပေးလိုက်တယ် ။ဘယ်သူကတော့ နားမှာ ပန်ဖို့ ၊ နမ်းရှူဖို့ ပန်းပေါင်းတွေ ပေးလိုက်တယ် စသဖြင့် မင်သကျွန်က တစ်ဆင့် မှာကြားပြောဆို ကြရပါတယ် ။

မိန်းမပျိုတို့ကို အပျိုခေါင်းများက ဦးဆောင်လာသကဲ့သို့ ကာလသားကြီးများကလည်း မင်ကြောင်ထိုးမည့် ကာလသားတို့နှင့် ရောနှောနေထိုင်ရင်း အားပေးကြသည် ။သူတို့ကိုယ်၌ ရှိပြီးသော ဆေးမင်ရုပ်များကို သိဒ္ဓိတင်ခြင်းများ ပြုလုပ်ကြသည် ။

ဆေးမင်ကြောင် ထိုးမည့်နေရာကို ဦးစီးသူမှာ မင်ကြောင်ဆရာ ဖြစ်သည် ။ နေရာကို သူက သတ်မှတ်ရသည် ။မင်ကြောင်ဆရာ၏ လက်အောက်တွင် လက်ထောက်မင်ကြောင်ဆရာ လေးယောက်ခန့် ထားတတ်ကြပါတယ်။ လက်ထောက်မင်ကြောင် ဆရာတွေဟာ 

ဆေးမင်ထိုးရမည့် မြေတလင်း နေရာကို မန္တာန်ကျူးရင့်ခြင်း၊ပရိတ်ရေဖြန်းခြင်း၊ဆန်မန်းပေါက်ပေါက်ကြဲခြင်းတွေကို ကြိုတင်ပြုလုပ်ရပါတယ်။ နေရာပတ်ပတ်လည်ကို ရာဇမတ်ကာ ပရိတ်သဲဖြူခင်း ရပါတယ်။ထောင့်လေးထောင့်မှာ ငှက်ပျောပင်တွေ စိုက်ရပါတယ် ။

ဂြိုဟ်ရှစ်လုံးရဲ့ နံသင့်ဖြစ်တဲ့ အုန်း၊ကံ့ကော်၊ဆီး၊ဝါး၊ဒန်း၊ပေါက်၊ရှား၊သီး အညွန့်အခက်တွေကို အမိုးပတ်ပတ်လည်မှာ ပန်းဆွဲတွေလို ချိတ်ဆွဲရပါတယ်။ အမိုးကို ဗေဒင်အဟောက ထွက်တဲ့နေ့နံရှိတဲ့ အပျိုတစ်ယောက်တည်း အပြီးအစီး ရက်တဲ့ ဖျင်ဖြူကို ဖြန့်ကြက်မိုးပါတယ်။ အဲဒီဖျင်ဖြူကို ပထမံစမရုပ်များ ၊အင်းများကို ဟင်္သပြဒါးနှင့် စီရင်ရေးရပါတယ် ။

ပတ်ပတ်လည်မှာလည်း နေ့နံသင့် အပျိုလေးတွေချည်း ရက်လုပ်တဲ့ တင်းတိမ်စောင်တွေကို ပရိတ်ချည်တွေနဲ့ သီတွယ်ပြီး ခြင်ထောင်လို လေးဘက်ချ ကာထားပါတယ်။ အတွင်းက သဲဖြူက ပရိတ်ရေဖြန်းထားတဲ့အတွက် သိပ်သည်းမာကျောနေတဲ့ သဲဖြူပါ။သဲဖြူပေါ်မှာ ဆီမန်းသုတ်လိမ်းထားတဲ့ အလယါကြောခွာပြီးသား ငှက်ပျောရွက်တွေကို ထူထူထဲထဲ အပြည့်ခင်းထားပါတယ် ။

ကာထားတဲ့ တင်းတိမ်ရဲ့အတွင်း ခေါင်းရင်းဘက်မှာ သစ်မင်းဝါးမင်းတွေကို တိုင်လုပ်ပြီး စိုက်ထားတဲ့ စင်ငယ်တစ်ခု ထားပါတယ်။ စင်ပေါ်မှာ ဆေးစီရင်ထားတဲ့ ဘုရားတစ်ဆူ၊ဂုဏ်တော်ပုတီး၊ဆေးမျိုး၊စုတ်မျိုး၊ရေချမ်းအိုး၊နံသင့်ပန်းတွေ ထားရပါတယ်။

ဆေးစင်ရဲ့အောက် တစ်တောင့်ထွာ အကွာမှာ သုံးလွန်းတင်ကြိုးကို ဆေးစင်တိုင်မှာ တန်းထားရပါတယ် ။ အဲဒိကြိုးကို ၇နေ့သမီးအပျိုစင်တွေဆီက တောင်းယူထားတဲ့ ချည်မျှင်နဲ့ ကျစ်ရပါတယ်။ ကြိုးတန်းရဲ့ရှေ့ တစ်ထွာခန့် အနိမ့်မှာ သီးသန့်စင်ငယ်တစ်ခု ထားရပါတယ်။စင်ပေါ်မှာ အုန်းသီးစိမ်းကြွက်မြီးတန်းနဲ့ငှက်ပျောဖီးဆိုင် ဝန်းရံထားတဲ့ ဖျင်ဖြုဖျင်နီတွေ ပါတဲ့ကန်တော့ပွဲ ငါးပွဲနဲ့ဆီမီးတွေ ထွန်းထားပါတယ်။

ဆေးမင်ထိုးမယ့် ကာလသားဟာ ရေချိုးသန့်စင်၊ခေါင်းဖြီး၊ပုဆိုးအသစ်ဆီးထားရတယ်။အဲဒီနောက် အချိန်အခါ ဖဝါးကိုစောင့်ရပါတယ်
အချိန်ကျရင် အပျိုပေးလိုက်တဲ့ ပန်းကိုပန်ပြီး တင်းတိမ်အလုံ ကာထားတဲ့ ဆေးမှောင်ခန်းထဲကို ဝင်ရပါတယ်။ ဝဲပေါက်၊ယာပေါက် ရယ်လို့ ရှိတဲ့အထဲ ယာဘက်က ဝင်ရင် ယာမှောင်လို့ ခေါ်ပါတယ် ။ ဆေးအင်းအကျအနမပါ အလှအပ မြင်ရရုံသက်သက် ထိုးခြင်းဖြစ်ပ့တယ်။ ဦးစီးမင်ကြောင်ဆရာက ဆေးပါတဲ့ မင်သေ့သုံးကွက် ၊သို့၊ငါးကွက် ကိုးကွက် ကျန်မင်ကွက်တွေကို လက်ထောက်တပည့် နှစ်ယောက်က တစ်ပြိုင်နက် ဝိုင်းဖြည့်ထိုးပေးရပါတယ် ။အဲဒီနှစ်ယောက် ညောင်းရင် နောက်နှစ်ယောက်က အလွယ်တကူ ပြောင်းပြီး ထိုးပေးပါတယ် ။ လူတစ်ယောက်ကို တစ်နာရီ နှစ်နာရီ အတွင်း ပြီးနိုင်ပါတယ် ။

ဝဲဘက်ပေါက်က ဝင်တဲ့ ဝဲမှောင်ထိုးသူကိုတော့ ဦးစီးဆရာနဲ့ နေ့နံသင့်ရွေးချယ်ထားတဲ့ မင်ကြောင်ဆရာနှစ်ယောက် ပေါင်းသုံးယောက်ကသာလျှင် ထိုးပေးနိုင်ပါတယ် ။ တစ်ပြိုင်တည်း ဆရာနှစ်ယောက် ထိုးပေးလို့လည်း မရပါဘူး ။

မင်သေ့ကွက်တွေကို အစီအစဥ်အတိုင်း ဟင်္သပြဒါးနဲ့ မှတ်ထားပေးတဲ့ နေရာတွေမှာသာ လှည့်ပတ်ထိုးရတာပါ။ တစ်ဖက်တည်းမှာ ပြည့်သွားအောင် မထိုးရပါဘူး။ ဆေးထိုးနေစဥ် မန္တာန် ကျူးရပါတယ် ။ မန္တာန် စ တိုင်း စ တိုင်းအသက်မျိုးတို့ကို ဖန်ဆင်းသော "ဇီဝ" ဗြဟ္မာကြီး၏ မုခပဋ္ဌ်တော် "အုံ" ဆိုတဲ့ အက္ခရာကို ရှေ့ကခံပြီး ရွတ်ဆိုကာ မင်သေ့ကွက်တိုင်း ဆေးအင်းအစီအရင်ပါတဲ့ ထိုးခြင်းမျိုးနဲ့ ထိုးရပါတယ် ။

ဝဲမှောင်မှာမင်ကြောင်ထိုးသူ အနည်းဆုံး နေ့ ဝက်ကျော်ကျော် ကြာတတ်ပါတယ် ။မင်သေ့ထိုးတဲ့အခါ နက္ခတ်မသင့်တဲ့ အချိန်နဲ့ မတိုက်ဆိုင်အောင် ရှောင်ကြပါတယ်။ဘယ်အချိန် ဘယ်နက္ခတ်မှာ ဘယ်ဆေးမင်ကွက်ကို ထိုးရမယ်ဆိုတာ တိကျတဲ့ သတ်မှတ်ချက် ရှိပါတယ် ။ယာမှောင်ထိုးသူတွေက ထိုးလက်စ တန်းလန်းဖြစ်နေရင်တောင် ဝဲမှောင်ထိုးသူအတွက် အချိန်ကျရင် ရပ်ပေးရပါတယ် ။

ဝဲမှောင်ထိုးမယ့်သူ ဝင်လာတာနဲ့ လက်ထောက်မင်ကြောင်ဆရာတွေက ပရိတ်ဆီမန်းမထိရသေးတဲ့ ငှက်ပျောညွန့်ရွက်တွေကို ထူထူခင်းရပါတယ် ။အပျိုတွေပါးလိုက်တဲ့ နဂါးလိမ်များ၊လွန်းချိတ်များ၊ကြိုးကြီးချိတ်များ၊အလှအပရက်ထားတဲ့ ပိုးထည်ချည်တွေကို ငှက်ပျောညွန့်တွေပေါ် ခင်းရပါတယ် ။ဝဲမှောင်ထိုးသူက အခင်းပေါ်တက်လာပြီး ငြိမ်သက်စွာထိုင်၊နောက်ပြီး ဆေးစင်ကို ထိခြင်းငါးပါးနဲ့ ဦးခိုက်ရပါတယ်။တည်ငြိမ်တဲ့ ကိုယ် နှုတ် မျက်လုံး အမူအရာ ရှိရပါတယ်။စကားမပြောရပါဘူး။

နောက်ပြီး ငါးပါးသီလယူ ၊ ပုဆိုးချွတ် ဆေးစင်မှာတန်းထားတဲ့ ကြိုးပေါ်ရိုရိုသေသေတင်ရပါတယ် ။ အဲဒီပုဆိုးကို မင်ခံပုဆိုး လို့ ခေါ်ပါတယ်။ အသက်ထက်ဆုံး သေသည်အထိ သိမ်းထားတတ်ကြပါတယ် ။ မင်ခံပုဆိုးကို မိဘ၊အစ်မ၊ချစ်သူ တို့က ရက်လုပ်ပေးကြရပါတယ် ။ မိဘ၊အစ်မ တို့က ရက်လုပ်ပေးရင် "ရာပုဆိုး"လို့ခေါ်ပါတယ်။ ချစ်သူက ရက်ပေးရင် ထောင်ပုဆိုး လို့ခေါ်ပါတယ်။ မင်ခံပုဆိုးဟာ အိမ်ထောင်ပြုရာမှာ သိပ်အရေးကြီးပါတယ်။

ရာပုဆိုးဆီးသူ ဖြစ်ရင် သက်ကြီးရွယ်အိုတွေက နှစ်သက်ကြတယ်။ ၅၂၈မေတ္တာကိုသာ အရေးထားတဲ့ လူလိမ္မာလေးဟု ဆိုလိုပါတယ်။ ထောင်ပုဆိုး ဆီးသူကို လူငယ်ကာလသား အချင်းချင်း နဲ့ အပျိုငယ်တို့ သဘောကျ နှစ်သက်ကြပါတယ် ။ ဆွေမျိုးတို့ထက် ချစ်သူကို ပို၍အလေးပေးသူဟု ဆိုလိုသည်။ ထိုယောက်ျားကလေးမျိုးကို ထောင်ပုဆိုး ရက်ပေးခွင့်ရတဲ့ မိန်းကလေးအတွက်လည်း ဂုဏ်သိရ်တစ်ခုဖြစ်ရပါတယ် ။

အဲဒီ မိန်းကလေးဟာ မိဘတွေ သဘောမတူလို့ မိမိက မင်ခံပုဆိုး ရက်လုပ်ပေးခဲ့တဲ့သူနဲ့ မပေါင်းခံ့ရရင်တောင် မိမိကို တစ်သက်လုံး စောင့်ရှောက်ပေးမယ့် မောင်လို စိတ်ချရပြီး ကျွန်လို ခိုင်းစေနိုင်မယ့် " မောင်ကျွန်" တစ်ယောက် ရနေပြီလို့ တစ်သက်လုံး စိတ်ချ စွဲမှတ် သွားနိုင်ပါတယ် ။ 

အဲဒီ မောင်ကျွန် ကို မိန်းကလေးက စိတ်ဆိုးနိုင်တယ်။ စိတ်ကောက်နိုင်တယ်။ ထုရိုက်နိုင်တယ်။ ယောက်ျားလေးက ပြန်ရိုက်ရင် မိန်းကလေးကဖြစ်စေ ၊ မိန်းကလေးရဲ့ ခင်ပွန်းကဖြစ်စေ ဓမ္မသတ်အရ တရားစွဲနိုင်ပါတယ်။ မိန်းကလေးကိုတော့ ခင်ပွန်းကဖြစ်စေ ၊ ယောက်ျားလေးရဲ့ ဇနီးကဖြစ်စေ တရားမစွဲနိုင်ပါဘူး။ ကျမရဲ့ မောင်ကျွန် ပါလို့ ပြောလိုက်တာနဲ့ ရုံးတွေက အမှုလက်မခံဘဲ ပြန်လွှတ်တတ်ကြပါတယ် ။

ပြဿနာဖြစ်ရင်လည်း " ညည်းယောက်ျား သူ့မောင်ကျွန် ဖြစ်နေမှန်းသိလျက် ဘာကြောင့် ညည်းအစက ယူသလဲ " ဆိုပြီး မောင်ကျွန် ကိုယူတဲ့ ဇနီးသည်ကိုသာ အပြစ်တင်ကြပါတယ်။
ဒါကြောင့် မောင်ကျွန် ဖြစ်ပြီးသူကို အခြားမိန်းကလေးတွေက အိမ်ထောင်ပြုခဲပါတယ်။
အိမ်ထောင်မှု မသင်္ကာဖြစ်ခဲ့လို့ တရားစွဲဆိုနာတွေ ဖြစ်ခဲ့ရင်လည်း မောင်ကျွန် နဲ့ မောင်ကျွန် ရှိတဲ့ မိန်းမတွေကိုသာ အပြစ်ကျူးလွန်သူများလို့ လွှတ်ရုံးတွေက ဆုံးဖြတ်လေ့ ရှိပါတယ် ။ဒါကြောင့် " မင်ခံထောင်ပုဆိုး " ဆီးနိုင်တဲ့ ယောက်ျားလေးက ရှားလွန်းပါတယ် ။

ဝဲမှောင်မှာ မင်ကြောင်ထိုးခံမယ့်သူဟာ မင်ခံပုဆိုးကို တန်းပေါ်တင်ပြီး ကိုယ်လုံးတီးနဲ့ပဲ မင်သေ့ဆရာတွေကို ရှိခိုးရပါတယ် ။ နောက် မတ်တပ်ရပ်လျက် ခြေထောက်ကိုချဲလျက်၊မြှောက်လျက် သုံးပတ်တိတ်ိလှည့်ပြီး ခန္ဓာကိုယ်မှာ အနာကြီး စတဲ့ရောဂါ ပွေးကြီး၊ ဝဲကြီး၊ အိုင်းအနာ ရှိမရှိ အစစ်ဆေးခံရပါတယ်။ ရောဂါကင်းရ ပါတယ် ။ နပုန်းပဏ္ဍုတ်မဟုတ် ယောက်ျားစစ်စစ် ဖြစ်ရဲ့လားလို့ မင်သေ့ဆရာတွေက သုံးကြိမ်မေးရပါတယ် ။လက်ထောက်ဆရာတွေက ယောက်ျားစစ်စစ် ဖြစ်ကြောင်း သုံးကြိမ်ဖြေပေးရပါတယ် ။

ဖြေပြီးမှ ဦးစီးဆရာက နံ့သာခွက်ကို မန္တာန်စုတ်ပါတယ်။ ပြီးတော့မှ ဂဠုန်လက်သည်း ပန်းခက်ကို နံ့သာခွက်ထဲ နှစ်ပြီးဆေးစင်ပေါ်၊ နှင့်ကန်တော့ပွဲများဆီကို ပက်ဖျန်းပါတယ်။နံ့သာခွက်ကို လက်ထောက် ဆရာနှစ်ယောက်ကိုပေး၊ သူတို့က ထိုးကွင်းထိုးခံမယ့်သူရဲ့ တစ်ကိုယ်လုံး အနှံ့လိမ်းပေးရတယ်။ ဆံပင်ထဲပါ ပက်ပါတယ် ။ နံ့သာခြောက်မှ အခင်းပေါ်လှဲအိပ်ရပါတယ် ။ ဆေးမင်ထိုးမယ့်သူကို ချုပ်ကိုင်ပေးမယ့်လူ လေးယောက်လောက်ရှိရပါသေးတယ်။ နေ့နံသင့်ပြီး ပုဆိုးအသစ်ဆီးထားသူများ ဖြစ်ရပါတယ် ။

မင်သေ့ဆရာကြီးက သတ်မှတ်ထားတဲ့နေရာတွေမှာ ဂြိုဟ်ကြီးရှစ်လုံးရုပ်၊ကုမ္ဘဏ်ရုပ်၊ဇော်ရုပ်၊ဂဝံရုပ်၊ဝက်ကုန်းရုပ်၊ကြောင်ရုပ် စတဲ့ အရုပ်တွေထိုးပြီးမှ ကျန်တဲ့အဖြည့်ရုပ်တွေကို လက်ထောက်မင်သေ့ဆရာတွေကို ထိုးခိုင်းလေ့ရှိပါတယ်။အဲဒီနည်းအတိုင်း ခါးကိုပတ်၊ခါးကနေပေါင် ပေါင်ကနေ ဒူးဖုံးအောင်ထိုးပါတယ်။ထိုးတဲ့အခါ ဆေးနီပါရင် ဆေးနီအရင် ထိုးပြီးမှ ဆေးနက်ထိုးရပါတယ်။ ဆေးနီထိုးတဲ့စုတ်နဲ့ ဆေးနက်ထိုးလို့ မရပါဘူး ။

ဆေးမင်ထိုးနေတဲ့ အချိန် အပျိုတွေ ရှိတဲ့နေရာမှာ အိုးစည်၊ဒိုးပတ်၊ပြွေ၊လင်းကွင်းစတဲ့ တူရိယာတွေ တီးမှုတ်တဲ့ အဖွဲ့ရှိပါတယ်။အဲဒီ အဖွဲ့ကို အပျိုဝိုင်းက ဆေး၊ကွမ်း၊ပန်း စတာတွေ ပေးပြီး တီးမှုတ်ခိုင်းပါတယ်။ စုတ်ထိုးခံရသူဆီက အော်ညည်းသံကြား၊အံကြိတ်ခံနေရတယ်ဆိုတဲ့ သတင်းကြားရရင် မျောက်မင်းအူသံလို ငိုညည်းသံတွေကို တီးခိုင်းကြပါတယ်။ မျောက်မင်းအူသံ အစစ်ကိုတော့ မတီးကြပါဘူး။

အထူးသဖြင့် " အချာပဝရ" ချီ ဘုန်းတော်ဘွဲ့ကို တမင်ဖျက်တီးကြပါတယ်။ စုတ်ထိုးခံရသူက ခဏခဏ ညည်းညူနေရင် အတီးသမားတွေကို အပျိုတွေက ခဏခဏတီးခိုင်းပါတယ်။တော်တော်ကြာရင်း ချာ ရင်း ၊ တော်တော်ကြာရင်း ချာ ရင်းဆိုတော့ ခဏခဏ အချာပဝရ လုပ်ကြရပါတယ် ။ ခဏခဏ ချာ ရတဲ့သူဟာ အလွန်ချာသူ ဖြစ်ပါတယ် ။ (ချာတယ်ဆိုတာ ဒီကလာတာကိုး -စကားချပ်)

တစ်ခါတစ်ရံ မင်ထိုးဆရာတို့ ဆေးစီးတတ်ကြပါတယ် ။အသက်ရှူပြင်းလာတယ်၊အံကြိတ်လာတယ်။ စုတ်ချက်ပြင်းပြင်းနဲ့ မြန်မြန်ထိုးလာတယ်။အဲဒီအခါ စုတ်ဟာ စပါးလုံးနစ်ထောက်ကျော်လောက် အသားထဲမြုပ်ဝင်သွားပြီး သွေးတွေ ရဲနေအောင် စီးကျလာတတ်ပါတယ်။

အဲဒီအခါ မင်သကျွန်ကလေးက အပျိုဝိုင်းကိုလာပြီး ကွမ်းသီးမာမာတွေ တောင်းပြီး ဆေးမင်ထိုးခံသူရဲ့ ပါးစောင်မှာ ထည့်ပေးရပါတယ် ။ နာကျင်မှုကြောင့် အံတင်းတင်းကြိတ်တဲ့အခါ ကွမ်းသီးတွေ ထောင်းခနဲ၊ထောင်းခနဲ ကွဲထွက်ကုန်တတ်ပါတယ် ။ 

အဲဒီသတင်းကြားရင် နောက်တတ်တဲ့ အပျိုတွေက ဆိုင်းဆရာကို ကရောင်းအရိုက်ခိုင်းတတ်တယ်။ဗိန်းဗောင်း တီးခိုင်းတတ်တယ် ။ ဆိုင်းသံကြားရင် မင်ထိုးဆရာက စိတ်ပိုကြွလေ ပြင်းထန်စွာ ထိုးလေဖြစ်ပါတယ်။အထိုးခံရတဲ့သူက မစားသာလှ ။ သွေးခြင်းခြင်းကျပေါ့။ဆေးထိုးခံရသူရဲ့ ချစ်သူက ဗိန်းဗောင်းမဆင့်ဖို့ ဆိုင်းဆရာတွေကို ကွမ်း၊ဆေး၊လက်ဖက် လက်ဆောင်ပေးရစမြဲပါ ။

မင်သကျွန် အပျိုဝိုင်းကို ရောက်လာတဲ့အခါ အပျိုတွေက ဆေးမင်ထိုးခန်းအခြေအနေကို မေးကြပါတယ်။ မချွင်းမချန် အသေးစိတ်ပြောပြရပါတယ်။ မင်သကျွန်ဟာ ကြီးကောင်ငင်ဆဲ နို့စူဆဲ ပါ။ အပျိုဝိုင်းအလယ်ရောက်ရင် အမေပျောက်နေတဲ့ နွားပေါက်လေး တောခွေးအုပ်အလယ် ရောက်သလို မျက်နှာငယ် ဖြစ်ကြရတယ်။စားတော့ဝါးတော့မတတ် ကြည့်၊ တစ်ယောက်တစ်ခွန်း ဆင့်ကာဆင့်ကာ မေးကြတယ် ။ တွန်းလားထိုးလား လုပ်ကြတယ် ။ မင်သကျွန်လေး မရယ်နိုင်တော့ဘူး ။ ရှက်ပြီးမပြောဘဲနေရင် အတင်းဝိုင်းဆွဲ ပုဆိုးဆွဲချွတ်မယ် တကဲကဲမို့ ပုဆိုးကို ကျစ်ကျစ်ပါအောင် ပြန်ဆွဲထားရတယ်တဲ့။ 

ဒါကြောင့် မင်သကျွန်လုပ်မယ့်သူဟာ ရှက်တတ် ကြောက်တတ်လို့ မရပါဘူး။ ခပ်ရွတ်ရွတ် ခပ်ရဲရဲ ရှိရပါတယ် ။အလိုက်အထိုက် ပြောတတ် ရောတတ်ရတယ်။ သူ့လူ ငါ့လူ လုပ်တတ်ရပါတယ်။ မဟုတ်ရင် အပျိုတွေ စိတ်ရှိတိုင်း အညှင်းဆဲခံရတတ်ပါတယ်။ (ရေများရေ၊မီးများမီး)

သူတို့ သိချင်သမျှ ညစ်တီးညစ်ပတ်မကျန်ချော့မေး၊ခြောက်မေး၊လှည့်ပတ်မေးကြတယ်။တစ်ယောက်ပြီးတစ်ယောက် ၊တစ်မျိုးပြီးတစ်မျိုး ဆင့်ကဲဆင့်ကဲ ကပ်လိုက်၊ တိုးလိုက် ၊ တွန်းလိုက်၊ ပခုံးချင်းတိုက် ၊ ဝိုင်းပြီး ဟိုကိုင်သည်ကိုင် ၊ ဆွဲကြ ၊ညှစ်ကြ နဲ့ပေါ့ ။ ပေါက်ခါစ မွေးနုကလေးတွေ ဆွဲနုတ်သူကနုတ် ရက်ရက်စက်စက်မေးကြတယ်။ သိချင်တာ သိရရင်လည်း မငြိမ် ဝိုင်း သော ကြပြန်တယ်
အပျိုတွေအတွက် တစ်သက်မှာ တစ်မျိုးတည်းသာ ရတဲ့ လွတ်လပ်တဲ့ ရိုးရာအစဥ်အလာပွဲလည်း ဖြစ်နေပြန်ပါတယ်။

မင်သကျွန်က အပျိုတွေကို ကြောက်လို့ မသွားဘဲနေရင် အော်ကြ ဟစ်ကြတယ်။ မင်ကြောင်ထိုးတဲ့နေရာကို လာမယ်လို့ လာမယ်လို့ အကြပ်ကိုင်ကြတယ်။ မင်ကြောင်ထိုးတဲ့နေရာကို နယ်နိမိတ်ကန့်သတ်ထားတဲ့အတွက် မိန်းမတွေ ဝင်ခွင့်မရှိဘူး။ မလာရဘူး။လာရင် ဆေးပြယ်တတ်တယ်လို့ အယူရှိပါတယ်။ဒါကြောင့် အပျိုတွေ လာမယ်လို့ ခြိမ်းခြောက်ရင် လူကြီးတွေက မင်သကျွန်ကို ချော့မော့ပြီး လွှတ်ပေးကြရမြဲ ဖြစ်ပါတယ် ။

ဗိန်းဗောင်းရိုက်ရင်း တေးသီချင်းများကိုပါ သီဆိုကြတဲ့အတွက် ဆေးမင်ထိုးခြင်းပြုလုပ်နေတဲ့သူတွေသာမက အနီးအနားက လူတွေပါ က ချင် ခုန်ချင်လာအောင် ရွှင်မြူးစေပါတယ်။

ရှေးက ယောက်ျားသားတွေဟာ အရေးတကြီးအကြောင်းကိစ္စ မရှိရင် ကိုယ်ခန္ဓာမှာ အင်္ကျီ မပါဘဲ နေကြတာများပါတယ်။ အင်္ကျီမဲ့တဲ့ ခန္ဓာကိုယ်ကို ယုံကြည်မှုကြောင့် ဖြစ်ဖြစ် ၊ အလှအပအတွက် ဖြစ်ဖြစ်ဆေးမင် ထိုးကြတာပါ။ဆေးမင်ထိုးတဲ့အခါမှာ နတ်ကြီးငါးပါး စတဲ့ မြင့်မြတ်တဲ့ဆေးတွေကို ဟင်္သပြဒါးနဲ့ ခါးအထက်မှာ ထိားတတ်ကြပါတယ်။ အထက်ဆေး လို့ခေါ်ပါတယ်။ ဆေးရိုးကြီး စတဲ့ဆေးမျိုးတွေကို နွားသည်းခြေနဲ့ သတ်ထားတဲ့ မင်နက်နဲ့ ခါးအောက်ပိုင်းမှာ ထိုးနှံတတ်ကြပါတယ်။ အောက်ဆေးလို့ခေါ်ပါတယ်။

ထိုးနှံကြတဲ့အခါ သတ်မှတ်ထားတဲ့ဆေးနဲ့ သတ်မှတ်ထားတဲ့ အရုပ်တွေအတွက် သတ်မှတ်ထားတဲ့နေရာတွေမှာ ထိုးကြပါတယ်။ ( သီးသန့်ဖော်ပြပါ့မယ်)

မြန်မာ့ရိုးရာ အစဥ်အလာအရ ဆေးမင်ကြောင်ထိုးခြင်းအလေ့ဟာ ယနေ့အခါမှာ ပျောက်ကွယ်သလောက် ဖြစ်သွားပါပြ်ီ။ ဆေးမင်ကြောင်အစား တက်တူးဟူသော ယဥ်ကျေးမှုအသစ် ဝင်လာခဲ့ပါပြီ ဆေးမင်ထိုးသည့်စုတ်တံ နေရာတွင် စက်ကိရိယာငယ်တစ်ခု အစားဝင်လာခဲ့ပြီ ။ အလှအပ နဲ့ အမှတ်တရ အထိမ်းအမှတ် အတွက် ဆေးရောင် မျိုးစုံခြယ်ကြသည်။ 

ဂျပန်နိုင်ငံတွင်ရှိသော ယာကူဇာ ဂိုဏ်းသားတို့၏ ခန္ဓာကိုယ်တွင်လည်း ဆေးမင်ရုပ်များကို တွေ့ရဖူးသည် ။ မြန်မာနိုင်ငံရှိ ချင်းဝိသေသတိုင်းမှ တောင်ပိုင်းချင်းတိုင်းအမျိုးသမီးတို့၏ မျက်နှာများတွင်လည်း ဆေးမင်ထိုးခဲ့ကြသည်။ပယဲ ထိုးခြင်းဟုခေါ်သည်။

အိမ်ထောင်ဦး ဘုရားတည်
ဆေးမင်ရည်စုတ်ထိုး
သည်သုံးခုချက်မပိုင် နောင်ပြင်နိုင်ခက်သည့်အမျိုး

ဟု စာစပ်ရှိခဲ့လေသောကြောင့် နောက်ပိုင်း ဆေးမင်ထိုးသူ မရှိသလောက် ရှားခဲ့သည် ။ ဆေးမင်ထိုးခြင်းလောက် နာကျင်ခြင်းမရှိခြင်း၊ ခေတ်ကာလ ရွေ့လျောလာခြင်းကြောင့် ဖြစ်မယ်ထင်ပါတယ် ။ တက်တူးအဖြစ် ပြန်လည် ခေတ်စားလာခဲ့ပါတယ် ။

မည်သို့ပင်ဆိုစေ မြန်မာတို့၏ ဆေးမင်ကြောင် ထိုးခြင်းသည် ယဥ်ကျေးမှုလည်း ဖြစ်ခဲ့ပါတယ်။ အစဥ်အလာလည်း ဖြစ်ခဲ့ပါတယ် ။
လူမှုရေး ပါတယ် ။ အချစ်ရေး ပါတယ် ။ အိမ်ထောင်ရေးပါတယ်။ ဓမ္မသတ် အရေးပင်ဆက်နွယ် နေပါတယ် ။ 

အနှစ်သာရတွေ ပျောက်သွားတာတော့ စိတ်မကောင်းစရာပါပဲ ။

ရဲစွမ်းသတ္တိရဲ့ ပြယုဂ်ဖြစ်သလို အပျော်အပါးလည်း ပါဝင်ခဲ့ပါတယ်။ ချစ်ခင်နှစ်လိုဖွယ် ဓလေ့စရိုက် ရိုးရာတွေကို လည်းတစ်ကွက်ချင်း မီးမောင်းထိုးပြခဲ့တာကို တွေ့ရပါတယ် ။

ဒီထက်ပိုတဲ့ အချက်အလက်တွေ ရှိပါလိမ့်ဦးမယ်ဗျ။

ကိုဦး

ကျမ်းကိုး
မြန်မာ့စွယ်စုံကျမ်း အတွဲ ၅ တူ-နိ
ရန်ကုန်ဘဆွေ - မြန်မာပြည်သား
#crd_to_owner