ဘုန်းကြီးကတော့ စိတ္တာနုပဿနာ
သတိပဌာန်ကို ပိုပြီးအားရတယ်။

ဒါကြောင့်လည်း စိတ္တာနုပဿနာကို 
အဓိကထားပြီး ဟောပြနေတာပဲ။

ဘာဖြစ်လို့လဲဆိုတော့ သက္ကာယဒိဋ္ဌိ
သဘောဟာ စိတ်မှာသာ ဖြစ်လေ့ရှိတယ်။

ဒီတော့ ပထမဆုံး သက္ကာယဒိဋ္ဌိကို 
ပယ်သတ်နိုင်ဖို့ရာ စိတ်ကို ရှုရမှာပဲ။

ဒို့ဒကာတွေ သောတာပန် အမြန်တည်
ချင်ရင် စိတ္တာနုပဿနာကို ရှုကြရမယ်။

သောတာပန် အမြန်တည်နိုင်တဲ့နည်းဟာ 
စိတ္တာနုပဿနာပဲလို့ မှတ်ကြ။

"စိတ္တာနုပဿနာရှုကြ"

“ခန္ဓာငါးပါး” ဆိုတာ မီးလောင်စာနဲ့ 
မီးတွေပဲလို့ သိထားကြရမယ်။

ခန္ဓာဟာ လောင်စာနဲ့မီး၊ မီးနဲ့လောင်စာ 
တွဲလျက်ကြီး အမြဲနေတာဘဲ။ 

ခန္ဓာမှာ ဥာဏ်နဲ့ရှာရင် မီးလောင်စာ
မှတစ်ပါး တစ်ခြား ဘာမှမတွေ့ရပါဘူး။

ဒါကြောင့်မို့ ဒကာတို့ကို စိတ္တနုပဿနာ
ရူကြလို့ တိုက်တွန်းရတယ်။ 

ရူရင် ခန္ဓာဖြစ်ပျက် မြင်ရမယ်။ 
ဖြစ်ပျက်မြင်ရင် မီးဝိုင်းမှန်း သိပြီ။

မီးမှန်းသိလို့ မီးကိုမုန်းရင် 
နိဋ္ဌိန္ဒဉာဏ် ရတာပဲ။ 

မီးမုန်းတော့ ထွက်လမ်းရှာ၊ ရှာတော့ 
ထွက်လမ်းဟာ မဂ်လမ်းစဉ်နဲ့ ထွက်တော့ 
မီးဘေးက လွတ်မြောက်တဲ့ ဥပမာဟာ
နိဗ္ဗာန်ပါပဲ။

"ပင့်ကူအိမ်ပမာ ရှုရတာ"

ဥပမာနဲ့ ပြောရရင် ပင့်ကူအိမ်ကြီးမှာ 
ပင့်ကူကြီးက အလယ်က စောင့်နေတယ်။ 

ဒီမှာလည်း "မဂ်" ပညာက အလယ်က
ဟဒယဝတ္ထုပေါ်က စောင့်နေတယ်။

ကြိုးလှုပ်တဲ့ဆီကို ပင့်ကူက 
လိုက်တယ် မဟုတ်လား။ 

ဘာပြုလို့တုံး။ 
ဟိုမှာ အကောင်မိနေလို့။ 

အဲဒီ အကောင်မိတဲ့ဆီ ပင့်ကူက
လိုက်ပြီး ဖမ်းစားတယ်။ စားပြီးတော့ 
မူလအလယ်နေရာမှာ ပြန်ထိုင်တယ်။

ဒီမှာလည်း မဂ်ပညာက စိတ်ပေါ်ရာကို 
လိုက်ပြီး ဖြစ်ပျက်ရှုရတယ်။

ပြီးတော့မှ ဘယ်မှ ရှုစရာမရှိရင် 
အလယ်မှာဆိုတဲ့ ဟဒယဝတ္ထုထဲက
လာတဲ့ "ထွက်စိတ် ဝင်စိတ်" ဆိုတဲ့ 
အလယ်ကို ပြန်ပြီးတော့ ဖြစ်ပျက်ရှု။ 

ဒါဖြင့် ဧည့်သည်စိတ်ပေါ်လာရင် ပေါ်ရာ
စိတ်ကို လိုက်ရှု။ ပြီးရင် အလယ်ပြန်သွား။ 
ထွက်စိတ်နဲ့ ဝင်စိတ်ကို ပြန်သွား။ 

ထွက်တဲ့ စိတ်ကလေးကလည်း ဖြစ်ပြီး 
ပျက်တဲ့ အနိစ္စ။ ဝင်တဲ့စိတ်ကလေးက
လည်း ပျက်တဲ့ အနိစ္စ။ 

ဒီလိုရှုနေရင် အနိစ္စနဲ့ 
မဂ္ဂချည်း တွဲတွဲဖြစ်နေမယ်။

ဖြစ်နေရင် တဏှာ ဥပါဒါန်ဆိုတဲ့ 
ကိလေသာတွေ ကြားမခိုတော့ဘူး။

စိတ်မဖြစ်တဲ့ အချိန်မရှိတော့ 
အချိန်မရွေး ရှုလို့ရတယ်။

စိတ္တာနုပဿနာကို ဘုရားက ဟောတယ်။ 
နောက် အရှင်သာရိပုတ္တရာက ဆက်ဟော
တယ်။

သူတစ်ပါးစိတ် အကဲခတ်ရတာ မှားသည်ရှိ
မှန်သည်ရှိ ကိုယ့်စိတ်ကို ကိုယ့်ဉာဏ်နဲ့ 
အကဲခတ်ရင် မမှားတော့ဘူးတဲ့။

ကိုယ်လိမ်ခဲ့တာလည်း သိတယ်။ 
ကိုယ်ကောက်ခဲ့တာလည်း သိတယ်။
ဒါ ကိုယ့်အရှိကို ကိုယ်သိတာပဲ။ 

ကိုယ့်အရှိကို ကိုယ်သိဖို့ 
အရေးကြီးတယ်။

ကိုယ့်အရှိ ကိုယ်သိဖို့ဆိုတော့ 
မသိစရာလည်း မရှိဘူး။ ဝေဒနာ
ဆိုရင် စောင့်နေရသေးတယ်။

စိတ်ကတော့ မစောင့်ရဘူး။ စိတ်မဖြစ်တဲ့
အချိန်ရယ်လို့ မရှိတော့ အချိန်မရွေး ရှုလို့
ရတယ်။ 

ကိုယ့်စိတ်ကို ကိုယ်ရှုတော့ 
စိတ်ကလေးတွေက

ဖြစ်လိုက် ပျက်လိုက်
ပေါ်လိုက် ပျောက်လိုက်၊ 

ဒါတွေကို နောက်ဉာဏ်နဲ့
ကြည့်ရင် သိပါတယ်။ 

ဉာဏ်နဲ့ ကြည့်လိုက်တဲ့အချိန်မှာ 
စိတ်ကလေးဟာ မရှိတော့ဘူး။ 

ဒါဖြင့် မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ။ 
ကိုယ့်စိတ်ကို အကဲခတ်တော့ ရှိတာလည်း 
သိတယ်၊ မရှိတာလည်း သိတယ်။ 

ရှိတာသိရင် ဥဒယ၊ မရှိတာသိရင်
ဝယ(ဗယ) ဒါဖြင့် ဥဒယဗ္ဗယဉာဏ်ပေါ့။
ကိုယ့်စိတ်ရှိမရှိ အကဲခတ်တာ ဝိပဿနာပဲ။

"စိတ်ကိုဆုံးအောင်ရှု နိဗ္ဗာန်တွေ့မယ်"

စိတ်ကို ရှုကြ၊ ဘာစိတ်ပေါ်ပေါ်ဖြစ်ပျက်ရှု။
ကောင်းတဲ့စိတ် မကောင်းတဲ့စိတ် ပေါ်ချင်တာ
ပေါ် ဖြစ်ပျက်တာ ရှုပါ၊ မလွတ်စေနဲ့။

လွတ်ရင် ကိလေသာ ကြားဝင်လာမယ်။ 
ကိလေသာကြား ဝင်လာရင် ကြာမယ်လို့
မှတ်ကြ။

စားချင်တဲ့ စိတ်၊ အိပ်ချင်တဲ့ စိတ်၊ 
ပေါ်သမျှ ရှု။ ကြပ်ကြပ်ရှုရင် ဖြစ်ပြီး 
ပျက်သွားတာချည်းပဲ မြင်လာမယ်။

စိတ်ကို မြင်အောင်ရှု၊ နောက် မုန်းအောင်ရှု နောက်..ဆုံးအောင် ရှုကြ။ ခန္ဓာငါးပါးဆုံးရင် 
ဆုံးတဲ့အချိန်မှာ နိဗ္ဗာန်တွေ့ကြမယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး

credit