ဟောကြားတော်မူသော ဓမ္မာနုပဿနာတရားတော် ❞
✧ ဒကာ ဒကာမတို့ •••
ရှင်းပေးမယ်ဆိုတဲ့အတိုင်း သားရေးသမီးရေး စီးပွားရေးနယ်ထဲက လူတွေအဖို့ နှလုံးသွင်းမှန်မှုကမလာဘူး။ တရားအားထုတ်တတ်မှ နှလုံးသွင်းမှန်မှုကလာတယ်။
ဒကာ ဒကာမတို့ နှလုံးသွင်းမှန်မှုရအောင် ရှေးဦးစွာ အိမ်မှာပဲလုပ်လုပ် ကျောင်းမှာပဲလုပ်လုပ် ပေါ့ဗျာ။
ရှေးဦးစွာထိုင်ပြီးသကာလ လေကလေးထွက်တာသိ လေကလေးဝင်တာသိပြီး သမာဓိတည်အောင်လေးလောက်ကို ၁၅ မိနစ်လုပ်ကြည့်လိုက်နော်။
ဝင်တာကိုဝင်မှန်းသိ ထွက်တာကိုထွက်မှန်းသိ
ဒီလိုနဲ့ ထွက်တိုင်းသိ ဝင်တိုင်းသိနဲ့ သိနေပြီဆိုတော့ စိတ်ဟာဘယ်မှမပြေးတော့ပဲ တစ်သိထဲသိနေတော့တာပဲ။
ဒီလိုစိတ်ကို ကိုယ်ကနိုင်လာပြီဆိုလို့ရှိရင်
စိတ်ဟာ တောင်ပြေးမြောက်ပြေး မပြေးတော့ဘူး။ ခဏိကသမာဓိလေးရလာပြီပေါ့။
ဒီတော့ စိတ်ကို ထွက်လေဝင်လေ ချည်တိုင်မှာ သတိဆိုတဲ့ကြိုးလေးနဲ့ ချည်ထားပြီးပြီဆိုတော့ စိတ်က
ထွက်လေဝင်လေမှာ တည်နေပြီဆိုရင် သူ့ကို
ခဏလေးထားပြီး -
► ခန္ဓာကိုယ်ထဲမှာ အေးလာသလား ပူလာသလား
► လှုပ်လာသလား ရွလာသလား။
► တောင့်လာသလား တင်းလာသလား
စသဖြင့် ထူးထူးခြားခြားဘာပေါ်လာသလဲဆိုတာ
ခန္ဓာကိုယ်က ပြောလိမ့်မယ်။
ဘယ်လိုပြောမလဲဆိုတော့ •••
ယားတယ် နာတယ် ကိုက်တယ် ကျင်တယ် ညောင်းတယ်လို့လည်းပြောလိမ့်မယ်။
ပူတယ်အေးတယ် လှုပ်တယ်လည်း ပြောလာတာတွေကို စိတ်ကငြိမ်နေတော့ ခန္ဓာပြောသမျ သိသိနေလိမ့်မယ်။
စိတ်ကငြိမ်လာတဲ့အလျောက်
ခန္ဓာကပြောလာသမျှ တစ်သိထဲသိလာလိမ့်မယ်။
အဲဒီလိုပြောလာတာသည် သမာဓိကောင်းလာလို့ သိလာတာလား ခန္ဓာ၏ ပင်ကိုယ်သဘောမို့ သိလာတာလားလို့ ဆိုရင် ဘယ့်နှယ်ဖြေကြမတုန်း။ ခန္ဓာကြီးက သူ့သဘောက ဒီလိုပါပဲလို့ ခန္ဓာက ပြောနေတယ်။
ခန္ဓာကြီးက ပြောတာကတော့ ဟိုနေရာတစ်မျိုး
ဒီနေရာတစ်ဖုံ ပါလားဆိုတာ မပေါ်လာဘူးလား။
ခန္ဓာသည် ဖောက်ပြန်တဲ့လက္ခဏာဖြစ်နေတယ်။
ခန္ဓာမှာ ဖြစ်ပေါ်နေတာ သတိလေးနဲ့ စိတ်ကို ငြိမ်အောင်
လုပ်ပြီး ဥာဏ်နဲ့မကြည့်မိစဉ်က ဖောက်ပြန်နေတာကို ဘယ်လိုမှမသိနိုင်ဘူး။ စိတ်ကလေးငြိမ်တဲ့ သမာဓိလေး
ရလာလို့ ခန္ဓာရဲ့သဘောကို ဥာဏ်ကသိလာတယ်။
ခန္ဓာကယားတယ်ဆိုရင် ဝေဒနက္ခန္ဓာ
နာတယ်လို့ပြောရင်လည်း ဝေဒနက္ခန္ဓာ
ကောင်းတယ်ဆိုရင်လည်း ဝေဒနက္ခန္ဓာ ။
ဘယ်သူကပြောတာလည်း ဝေဒနက္ခန္ဓာ။
ဒီတော့ ခန္ဓာထဲမှာ ဝေဒနာအမျိုးမျိုး
ပေါ်နေတာပဲ ဆိုတာ မသိနိုင်ဘူးလား။ သိနိုင်ပါတယ်။
► သိသဘော စိတ်တွေ အမျိုးမျိုး ပေါ်နေတာပါလားဆိုတော့ မသိဘူးလား။ သိပါတယ်။
► ပူတာ နွေးတာ နွေးတာ တိုးတာ လှုပ်တာဆိုတဲ့
ဖောက်ပြန်တဲ့ ရုပ်သဘောတွေကော မသိဘူးလား။ သိပါတယ်။
ဘယ်သူကပြောတာလဲ ခန္ဓာကပြောတာ။
ဒကာ ဒကာမတို့ခန္ဓာကို ဘုရားက
ပြောထားတာကတော့ ဖောက်ပြန်ပျက်စီးတာပဲ။
အေး အခုအသစ်ပေါ်လာတယ်ဆိုတ နဂိုလ်ပင်ကိုယ်
သဘောကို စွန့်တာပဲ။
အဲဒီဖောက်ပြန်တာလေးကို
သတိ သမာဓိရှိတဲ့ ပုဂ္ဂိုလ်က ကြည့်လိုက်တော့
ဖောက်ပြန်တာလေး ပျောက်မသွားဘူးလား။
ပျောက်သွားပါတယ်။
ဖြစ်တာ သင်္ခါရ •••
ပျက်စီးတာက ပျောက်တာ အနိစ္စ ဆိုတော့
ခန္ဓာကိုယ်ထဲမှာ ဖြစ်တာနဲ့ပျက်တာသာရှိတယ်။
အဲဒီလို ခန္ဓာကိုယ်ကပြောတဲ့
ဖောက်ပြန်ပျက်စီးတာ တွေ့တွေ့နေရပြီဆိုရင်
ရုပ်တွေ နာမ်တွေ ရွေးမနေပါနဲ့တော့တဲ့။
ဖောက်ပြန်ပျက်စီးတဲ့ အမှန်သဘော
ဓမ္မသဘော သစ္စာကို ရှုနေတော့ ခန္ဓာငါးပါးသက္ကာယကို
ငါထင် သူထင် ယော်ကျား မိန်းမအထင်တွေက လိုသေးသလား
မလိုတော့ဘူးဆိုတော့ အလိုလို ပြုတ်သွားတော့တာပေါ့။
ဒီတော့ ဒကာ ဒကာမတွေက မိမိခန္ဓာကိုယ်မှာ ဖောက်ပြန်ပျက်စီးနေတာတွေကို စောင့်ကြည့်ရင် ခြေထောက်တွေ့မလား ဖောက်ပြန်ပျက်စီးတာ တွေ့မလား။ လက်တွေ ကိုယ်တွေပေါ်မှာရော လက် ကိုယ် စတဲ့ ပညတ်တွေ့မလား ဖောက်ပြန်ပျက်စီးတဲ့ ပရမတ်ကို တွေ့မလား။ ဖောက်ပြန်ပျက်စီးမှုဆိုတဲ့ ပရမတ်ကိုပဲ တွေ့ရမယ်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ်တွေမှာရော ဖောက်ပြန်ပျက်စီးတာပဲ တွေ့ရမယ်။
အဲဒီ ဖောက်ပြန်ပျက်စီးတဲ့သဘော ဓမ္မကိုတွေ့တော့ သစ္စာမြင်တဲ့ ဓမ္မာနုပဿနာ သတိပဌာန် ဖြစ်တာပေါ့။
ဖောက်ပြန်ပျက်စီးတာက ⇉ ဒုက္ခသစ္စာ
ဥာဏ်နဲ့မြင်တာက ⇉ မဂ္ဂသစ္စာ။
ဒီတော့ မိမိလား ဒုက္ခသစ္စာလားဆိုရင် ဒုက္ခသစ္စာပါ။
ဒီတော့ အမှန်မြင် သစ္စာမြင်မှ နိဗ္ဗာန်မြင်တာ။ ဖောက်ပြန်ပျက်စီးနေတဲ့ ဓမ္မသဘော အမှန်သဘော
သစ္စာကို မြင်ရင် အနိစ္စ ဒုက္ခ အနတ္တ ထဲ ဝင်သွားပြီပေါ့။
ဒီတော့ ဖောက်ပြန်ပျက်စီးနေတဲ့
ဖြစ်ပျက်ဒုက္ခသစ္စာ ကိုရှု။ ရှုတဲ့ဥာဏ်က မဂ္ဂသစ္စာ။
ဒီလို ဖောက်ပြန်ပျက်စီးနေတာကို ရှုကြည့်နေတော့ ကာမအာရုံတွေမှာ တဏှာဥပါဒါန်တွေ ဖြစ်နေတဲ့
ကာမသုခါလ္လိက ဆိုတဲ့ တဏှာအစွန်း။
စိတ်ထဲမှာ ဆင်းရဲခြင်း ဒုက္ခ ဒေါမနဿ ဥပါယာသ ဆိုတဲ့ ဒေါသလမ်းဖြစ်တဲ့ အတ္တကိလာမထာနုယောဂေါကော လာသေးရဲ့လား။ မလာတော့ဘူးနော်။ ဒီတော့ အစွန်းနှစ်ပါးလွတ်တဲ့ မဇ္ဈိမပဋ္ဋိပဒါ အလယ်လမ်းလို့ မှတ်လိုက်။ အလယ်လမ်းကသွားမှ နိဗ္ဗာန်သွားလို့ရတာကိုး။
နဂိုလ်ကတော့ ခန္ဓာကိုယ်ကြီးကို ••• အရတော်လေခြင်းလို့ထင်နေတာ အခုတော့ အရမတော်ဘူး။ ဖောက်ပြ့န်ပျက်စီးတဲ့ ဒုက္ခသစ္စာကို အမြင်များလာတော့ ဥာဏ်ကတက်လာပြီး ဖောက်ပြန်ပျက်စီးတာလည်းပျောက် ခန္ဓာပါပျောက်တော့ ေဩာ် ဟိုတုန်းက ဖောက်ပြန်ပျက်စီးနေတုန်းက မြင်ရတဲ့ အမှန်မြင်က ဒုက္ခသစ္စာ ။ အခုမဖောက်မပြန် မပျက်စီးတာ မြင်ရတဲ့အမြင်က နိရောဓသစ္စာ အနေနဲ့ နိဗ္ဗာန်ဖက်ကူးသွားပြီး နိဗ္ဗာန်ပေါ်လာတယ်။
နိဗ္ဗာန်ပေါ်လာတာ ဘာလဲဆိုတော့ ရုပ်ရှင်ပြသလိုပဲ မှတ်လိုက်ကြပါ။ ပြနေတုန်းတော့ အရုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ အဖြစ်အပျက်တွေ မြင်နေရသလိုပဲပေါ့။ ရုပ်ရှင်လည်း ပြီးသွားရော ဘာမှမမြင်ရတဲ့ ပိတ်ကားဖြူကြီးကို မြင်ရသလိုပဲ ရှင်းသွားပြီလို့မှတ်လိုက်ကြပါ။
【မိုးကုတ်ဆရာတော်ဘုရားကြီး
ဦးကံညွန့်ရေးသားပူဇော်သော
ဓမ္မာနုပဿနာတရားတော် တတိယတွဲ။
စာမျက်နှာ။ ၁၀၆ မှ ၁၁၆။】
