ဘဝတစ်ခု ရလာရင် ဇာတိပဲ။ ဇာတိရှိလို့ မရဏ ရှိတာ။ မရဏဆိုတာ သေခြင်းတရား။ တနေ့နေ့ တချိန်ချိန်မှာ တွေ့ရလိမ့်မယ်။ ဒါကြောင့် ကြိုတင်ပြီး စဉ်းစားပါ, ဆင်ခြင်ပါ။ သေခြင်းတရားကို မကြာမကြာ ဆင်ခြင်တာကို မရဏဿတိလို့ ခေါ်တယ်။ 

ဘာဖြစ်လို့ ဆင်ခြင်ရတာလဲ၊ ရှင်သန်ခြင်းရဲ့ တန်ဖိုးကို သိဖို့ပါပဲ။ ဆိုကြပါစို့၊ နောက်နှစ် သေမယ်ဆိုရင် ဒီတစ်နှစ်ပဲ နေခွင့်ရှိတယ်။ ဒီတစ်နှစ်ပဲ နေခွင့်ရှိတော့ ဒီတစ်နှစ်ပဲ ကုသိုလ်လုပ်ခွင့် ရှိတယ်။ ဒီတော့ ကုသိုလ်လုပ်မှပဲ။ ဒီလိုတွေးဖြစ်အောင် သေခြင်းတရားကို ဆင်ခြင်ရတာ။

နောက်လ သေမယ်ဆိုရင် ဒီတစ်လပဲ၊ နောက်ရက်သေမယ်ဆိုရင် ဒီရက်ပဲ၊ ဒီနေ့ည သေမယ်ဆိုရင် အခုအချိန်လေးပဲ နေခွင့်ရှိတယ်၊ အခုချိန်လေးပဲ ကုသိုလ် လုပ်ခွင့် ရှိတယ်။ ဒီတော့ ရှင်သန်နေတဲ့ အချိန်လေး ကုသိုလ်လုပ်မှ ဖြစ်မယ်ဆိုပြီး ရှင်သန်ခြင်းရဲ့ တန်ဖိုးကို သိဖို့အတွက် သေခြင်းတရားကို ဆင်ခြင်ရတာပါ။

ကမ္ဘာကြီးမှာ တစ်စက္ကန့်လျှင် လူနှစ်ယောက် သေနေတယ်။ အခုဆိုရင် ပိုဆိုးနေတယ်။ အဲဒီစာရင်းထဲမှာ ကိုယ် မပါသေးဘူးဆိုတော့ ဘယ်လောက် ကံကောင်းလဲ၊ ဒါလေး ဆင်ခြင်ရမယ်။

အဖြေရှာရမယ်
---------------

ငြင်းလို့မရတဲ့ မင်းနှစ်ပါး ရှိတယ်။ အိုမင်းနှင့် သေမင်းပဲ။ အိုမင်းကလည်း ခန္ဓာကိုယ်ကို မအိုအိုအောင် လုပ်နေတာပဲ။ သေမင်းကလည်း အချိန်တန်ရင် ဆွဲခေါ်သွားတာပဲ။ ဘယ်လိုမှ ငြင်းဆန်လို့ မရဘူး။

ဒါကြောင့် သေခြင်းတရားဆိုတာ ကွေးသောလက် မဆန့်ခင် ရောက်လာနိုင်တယ်လို့ နားလည်ရမယ်။

တချို့လူတွေ မနက်ခင်း မြင်ရပေမဲ့ နေ့လည် မမြင်ရတော့ဘူး။ နေ့လည် မြင်ရပေမဲ့ ညနေ မမြင်ရတော့ဘူး။ ညနေ မြင်ရပေမဲ့ မနက် မမြင်ရတော့ဘူး။ သေမင်းကြောင့် လူတွေဟာ နေ့မြင်ညပျောက် ဖြစ်နေကြတယ်။ ဒါကြောင့် သေခြင်းတရားကို မကြာမကြာ ဆင်ခြင်၊ ဆင်ခြင်တော့ သံဝေဂဖြစ်သွားတယ်။ သံဝေဂဖြစ်တော့ ကုသိုလ် ပို လုပ်ဖြစ်တယ်။

သံဝေဂဆိုတာ ထိတ်လန့်ကြောင်းတရားပဲ။ ထိတ်လန့်တော့ " ရှင်သန်ခိုက်မှာ ဘာလုပ်သင့်သလဲ" ဆိုပြီး တွေးမိတယ်။ ဒီတော့ " ကောင်းတာ လုပ်မှ ဖြစ်မယ်" ဆိုပြီး အဖြေ ရသွားတယ်။ ဒီတော့ ရတဲ့အချိန်လေးမှာ ကုသိုလ် လုပ်ဖြစ်သွားတယ်။ 

ဒါကြောင့် လောကကြီးရဲ့ မမြဲခြင်းတရားကို ဆင်ခြင်ပါ။ မမြဲခြင်းတရားကို ဆင်ခြင်တော့ သံဝေဂ ဖြစ်သွားတယ်။ သံဝေဂဖြစ်လေ ကုသိုလ် လုပ်ဖြစ်လေ၊ ကုသိုလ် လုပ်ဖြစ်လေ ဘဝကငြိမ်းအေးလေပါပဲ။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ🙏🌷