မြစ်ကြီးလည်း မခန်းပါစေနှင့်။
သစ်ပင်ကြီးလည်း မလဲပါစေနှင့်။
ထုံးအိုးကြီးလည်း မကွဲပါစေနှင့်။

မြစ်ကြီး မခန်းပါစေနှင့်ဆိုတာ 
အေးမြတဲ့ စမ်းရေလို 
ကြည်ကြည် လင်လင် 
တသွင်သွင် စီးဆင်းနေတဲ့ 
မေတ္တာမြစ်ကြီးကို … ဆိုလိုတာ။ 
လူလူ ချင်း … မေတ္တာထားကြ။
မေတ္တာတွေ … မခန်းကြစေနဲ့
ဆိုတဲ့ အဓိပ္ပာယ်။

သစ်ပင်ကြီး မလဲပါစေနှင့်တဲ့။ 
သစ်ပင်ကြီးဟာ … အခက်အလက် 
အရွက်တွေ ဝေဝေဆာဆာနဲ့ 
အရိပ် အာဝါသကိုပေးတယ်။ 
ထို့အတူပဲ 
ဘုရား …တရား … သံဃာ ရတနာသုံး ပါးရဲ့ 
အရိပ်အာဝါသကောင်းကို ခိုလှုံ ရလို့လည်း 
ကြီးပွားချမ်းသာခြင်းကို ရတယ်။ 

ရတနာသုံးပါးရဲ့ 
အရိပ်အာ ဝါသကို ဖျက်ဆီးမိရင် 
သစ်ပင်ကြီး … လှဲပစ်တာနဲ့ တူတယ်။ 
ဒါကြောင့် သစ်ပင်ကြီး … မလဲပါစေနှင့်။

ထုံးအိုးကြီး မကွဲပါစေနှင့် ဆိုတာကတော့ 
ရိုးရာဓလေ့ထုံးစံတွေကို ပြောတာပါ။ 
မိဘ … ဘိုးဘွား လက်ထက်ကတည်းက 
လိုက်နာ ကျင့်သုံး လာကြတဲ့ 
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေ 
မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး 
ဗုဒ္ဓဘာသာ ဓလေ့အတိုင်း 
ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ 
နေထိုင်ကြ။ 

ကျေးဇူးတော်ရှင် 
ရွှေဥမင်ဆရာတော်ဘုရားကြီး (၁၂၅၇-၁၃၆၄)