“ရာဂစရိုက်”
●အလှအပတွေ သိပ်ကြိုက်တယ်နော်။
●မက်မောတယ်။
●အဆင်းလှတာ သဘောကျတယ်။
●အသံကောင်းတာ သဘောကျတယ်။
●အနံ့မွှေးတာ သဘောကျတယ်။
●ဟင်းကောင်းကြိုက်တယ်။
●တွယ်တာမှုတွေ အားကြီးတယ်။
●လောဘတွေ အားကြီးတယ်။
ဒီစရိုက်တွေ များလာပြီဆိုရင် ဘာနဲ့ ဖျောက်ဖို့ကြိုးစားမလဲ။အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ကမ္မဋ္ဌာန်း ၄၀ လို့ဆိုပြီးထိုထိုကျမ်းဂန်တွေကနေထုတ်ပြီးတော့ မှတ်တမ်းတင်ထားတယ်။ အဲဒီအထဲမယ် “ရာဂစရိုက်” ရှိတဲ့ ပုဂ္ဂိုလ်တဲ့အတွက် “အသုဘဘာဝနာ-မတင့်တယ်မှု” ကို ဆင်ခြင်စဉ်းစားမှု အရေးကြီးဆုံးပဲ။
သူက ဘာဖြစ်လို့တုန်းဆိုတော့ အမြဲတမ်း လှတယ်ချည့်တွေးနေတဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒီတော့ မလှဘူး၊မစင်ကြယ်ဘူးဆိုတာ မြင်အောင် ကြည့်ဖို့ပေါ့။အဲဒါမှ သူ့ရဲ့ တွယ်တာမှုကို လျှော့ချနိုင်မှာ။“အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ”-
ရာဂစရိုက်ကို ဖယ်ရှားနိုင်ဖို့အတွက် “အသုဘ ကမ္မဋ္ဌာန်း” ကို ပွါးပါတဲ့။
အေး၊လူတွေက အသုဘလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက်ဟို-မသာအိမ်သွား အောက်မေ့နေတယ်နော်။အသုဘ ဆိုတာ အသက်ရှင်နေတုန်းလည်းပဲ“အသုဘ” ၊ “အသုဘ” ဆိုတဲ့စကားလုံးက မတင့်တယ်ဘူး။ရွံစရာကောင်းတယ်။ကဲ- ကိုယ့်ကိုယ်ကို ရွံစရာကောင်း၊ မကောင်း ကိုးပေါက်ဒွါရကနေထွက်နေတာတွေကို နမ်းကြည့်ပေါ့။အတွင်းထဲမှာ မွှေးကြိုင်နေတယ်ဆိုတာ တစ်ခုမှမရှိဘူးနော်။
●မျက်စိကထွက်ရင် မျက်ချေး၊
●နှာခေါင်းကထွက်ရင် နှပ်ချေး၊
(အမယ် နန်းတော်သူတွေကတော့ မျက်ချေးကို“မျက်ဝတ်” လို့ ခေါ်လိုက်သေးတာနော်။နာမည်လေးကိုလှလှပပ ထားပြီးတော့ ရွံစရာမကောင်းအောင်လို့။)
●နှာခေါင်းကထွက်တော့ နှပ်ချေး၊
●နားကထွက်တော့ နားဖာချေးပေါ့။
အဲဒီလို ခန္ဓာကိုယ်က ထွက်သမျှ အရာတွေဟာ သိမ်းထားလို့ရတဲ့ဟာ တစ်ခုမှ မရှိဘူး။မွှေးကြိုင်တယ် ဆိုတာလည်းတစ်ခုမှ မရှိဘူး။လူတွေမွှေးကြိုင်တယ်ဆိုတာ ပြင်ပကခေတ္တခဏ လိမ်းကျံထားတဲ့ အနံ့ကမွှေးတာ။လူက မွှေးတာ မဟုတ်ဘူး။စနိုးလိမ်းထားရင် စနိုးက၊ပေါင်ဒါလိမ်းထားရင် ပေါင်ဒါက မွှေးတာနော်။
ရေမွှေးဆွတ်ထားရင် ရေမွှေးက မွှေးတာ။အဲဒါကို လူကမွှေးတယ် ထင်နေကြတာ။အဲဒီတော့ လူရဲ့ခန္ဓာကိုယ်ဟာ မွှေးတယ်၊ကြိုင်တယ်ဆိုတာတစ်ခုမှမရှိဘူး။ ဒါစဉ်းစားဖို့ ပြောတာနော်။
အဲဒီလို စဉ်းစားဆင်ခြင် တတ်လာမယ်ဆိုရင်လှပတယ်၊တင့်တယ်တယ်ဆိုတာ မရှိဘူးတဲ့။ရွံစရာကောင်းတယ်ဆိုတာတွေ တွေ့လာမှာပဲ။အဲဒီလို ရွံစရာကောင်းတာတွေကို တွေးပြီးတော့ ရာဂစိတ်ကို ပယ်ဖျောက်ရမယ်တဲ့။တွယ်တာမှုကို လျှော့ချရမယ်။ဒါက “ရာဂစရိုက်ကို ပြုပြင်တဲ့နည်းတစ်နည်း” ပေါ့နော်။
ကသာ၊လောမာ၊နခါ၊ဒန္တာ၊တစော၊ဆံပင်၊မွှေးညင်း၊ခြေသည်း၊လက်သည်း၊သွား၊အရေ၊ ခန္ဓာကိုယ်ကြီးကို တစ်ခုစီ၊ တစ်ခုစီ ဖျက်ချကြည့်လိုက်။ဆံပင်ကလည်း ခေါင်းပေါ်မှာတော့ လှနေတယ်လေ။အဲဒီ ခေါင်းပေါ်ကဆံပင်လေးတစ်ခုဟာ ထမင်းပန်းကန်ထဲရောက်သွားရင် ရွံစရာကောင်းတယ်။
လူက အဲဒီကျမှ ရွံစရာကောင်းမှန်း သိတာ။ခေါင်းပေါ်နေတုန်းကတော့ အရောင်အမျိုးမျိုးဆိုးပြီးအလှအပတွေလုပ်၊အမွှေးအကြိုင်တွေ လိမ်းဒီလို လုပ်ကြတယ်။အဲဒီတော့ ခေါင်းပေါ်မှာရှိတဲ့ဆံပင်နဲ့ ကျွတ်လာတဲ့ ဆံပင်ဟာ အတူတူပါပဲ။အတူတူပဲ။
အဲဒီလို ဆံပင်မွှေးညင်း၊ခြေသည်းလက်သည်း၊သွား၊အရေ၊ခန္ဓာကိုယ်မှာရှိတာတွေ သဘာဝရဲ့ မလှပ၊မတင့်တယ်မှုတွေကို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့်ရာဂစရိုက်ကို လျှော့ချပေးလို့ရပါတယ်။
“ဒေါသစရိုက်”
■ဒါဖြင့် “ဒေါသစရိုက်” ကိုတော့ ဘာနဲ့လျှော့ချရမလဲဆိုလို့ရှိရင် ဒေါသဆိုတာ ဘယ်အာရုံပေါ်မှာမှ သူက ကြည်လင်တာ မဟုတ်ဘူး။အမြဲတမ်း မုန်းတီးမှုနဲ့ ဆက်ဆံနေတယ်။ဒါကြောင့်မို့ ဒေါသစရိုက်ကို ဖယ်ရှားဖို့ရာကျတော့ကိုယ့်ရင်ထဲ၊နှလုံးသားထဲမှာ “မေတ္တာတရား” ကို ဖြစ်ပွါးအောင် ကြိုးစားရမယ်။
“မေတ္တာ ဘာဝေတဗ္ဗာဒေါသဿ ပဟာနာယ” တဲ့။အမုန်းတရားလို့ ဆိုတဲ့ ဒေါသစရိုက် ပျောက်သွားအောင်မေတ္တာတရားကို မိမိရင်ထဲမှာ ဖြစ်ပွါးအောင်ကြိုးစားပါတဲ့။အများအကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာကိုတည်ဆောက်တဲ့အခါမှာ “ခန္တီ”ဟာ များစွာ အကူအညီပေးတယ်။ဒါကြောင့်မို့ သည်းခံခြင်း၊ခွင့်လွှတ်ခြင်းဖြင့် မေတ္တာတရားကိုထိန်းသိမ်းထားပြီး၊ဒေါသတရားကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။
အဲဒီလို မကြိုးစားနိုင်လို့ အကျင့်ကြီး ပါသွားပြီဆိုရင် လူဖြစ်ရင်လည်း လူစိတ်တိုကြီးဖြစ်တယ်။တိရစ္ဆာန် ဖြစ်ရင်လည်း ကျားတို့၊ ခြသေ့င်္တို့ ဒေါသကြီးတဲ့ အကောင်မျိုးတွေ သွားဖြစ်တယ်။အဲဒီလို မဖြစ်ရအောင် သိတတ်တဲ့ဘဝမှာ မေတ္တာတရားများများ ပွါးပြီးတော့၊ အဲဒီစရိုက် ပျောက်ဖို့ရာအတွက် ကိုယ့်ရဲ့နှလုံးသားကို မေတ္တာတရားတွေနဲ့ ဆွတ်ဖြန်းပေးဖို့
လိုအပ်တယ်တဲ့။
“မောဟစရိုက်”
“မောဟစရိုက်” ပျောက်ဖို့ရာအတွက် ဘာလုပ်မလဲ၊တရားနာရမယ်။ မောဟစရိုက် ပျောက်အောင်တရားနာတယ်၊နှလုံးသွင်းတယ်။မြတ်စွာဘုရားဟောကြားထားတဲ့ တရားရေးသားထားတဲ့စာအုပ်တွေဖတ်ရှုတယ်၊ လေ့လာတယ်။
မေးမြန်းတယ်၊ဆရာသမားတွေဆီ ချဉ်းကပ်တယ်၊မသိတာတွေကို မေးတယ်၊အဲဒီလို မေးမြန်းစုံစမ်းခြင်း၊သင်ယူခြင်း၊ မှတ်သားခြင်းဖြင့် “မောဟစရိုက်” ကို ပျောက်ကင်းစေနိုင်ပါတယ်။
အဲဒီလို ပညာရလာအောင် လုပ်တဲ့အခါမှာ အရေးကြီးတာက ဘာလဲဆိုရင် စိတ်ကလေးငြိမ်အောင်နဲ့မိမိရဲ့သန္တာန်မှာ သတိတရားတွေ ခိုင်မာလာအောင် လေ့ကျင့်ရမယ်။ “သတိသမ္ပဇည” ထားရမယ်။သတိရှိလာလို့ရှိရင် ပညာဟာ ရှိလာမှာဖြစ်တယ်။ဒါကြောင့်မို့လို့ သတိကို ထူထောင်ပေးရမယ်။
“အာနာပါနံ မောဟစရိတဿ”-မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ သတိလေးထားပြီး ထွက်လေ၊ဝင်လေလေးကို ရှုမှတ်ပွါးများနေရမယ်။ဒီလိုနေမယ်ဆိုရင် မောဟစရိုက် နည်းပါးသွားမယ်။သတိရှိလာတာနဲ့ တစ်ပြိုင်နက် အသိပညာလည်း ရတယ်။အသိပညာ ရအောင်လည်း ရရာရကြောင်းတွေကိုဆည်းပူးရတယ်။လေ့လာရတယ်။နာယူရတယ်။မှတ်သားရတယ်။ ဟော-ဒီလိုနည်းနဲ့ မောဟစရိုက်တွေပျောက်ကွယ်ပြီးတော့ သွားနိုင်တယ်။
စရိုက်ဆိုးတွေကို ဒီဘဝမှာ ပြင်ရင်ပြင်၊မပြင်လို့ရှိရင် သံသရာမှာ စရိုက်ဆိုးတွေနဲ့ပဲ ကျင်လည်ကြရမှာဖြစ်တယ်။
လူ့ဘဝ ရောက်လာရင်ပဲ စရိုက်ဆိုးတဲ့လူ၊လောကလူတွေ ကြည့်လေ၊တစ်ယောက်နဲ့တစ်ယောက် စရိုက်မှ မတူတာ။
စရိုက်ဆိုးတဲ့လူတွေ ရှိတာပဲ။စရိုက်ကောင်းတဲ့လူတွေ ရှိသလို ၊စရိုက်ဆိုးတဲ့ လူတွေ ရှိတာပဲ။ဒီဘဝမှာ မပြင်ဘူးဆိုလို့ရှိရင် နောင်ဘဝမှာလည်းပဲအကျင့်ကြီးတွေ ပါသွားမှာပဲ။
အဲဒီ မကောင်းတဲ့ အကျင့်ကြီးတွေ ပါသွားပြီဆိုလို့ရှိရင် အဲဒီစရိုက်ဟာ နောက်ဆုံးမှာဖျောက်လို့မရနိုင်တဲ့ အဆင့်ထိအောင် ရောက်သွားပြီးတော့၊ အထုံဝါသနာကြီး ပါပြီးတော့ ဘုရားတောင်မှ ချွတ်ဖို့ရာ ခက်သွားတယ်။ ဥပမာမယ် “ဖွတ်ဖို့၊လျှော်ဖို့ မလွယ်ကူတဲ့ လက်နှီးစုတ်”လို ဖြစ်သွားမှာပေါ့နော်။
မကောင်းတဲ့စရိုက်တွေ ကိုယ့်စိတ်မှာ လွှမ်းမိုးသွားပြီဆိုလို့ရှိရင် သံသရာ နစ်မွန်းသွားနိုင်တယ်တဲ့။ဒါကြောင့်မို့လို့ ဒီလို ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်နဲ့ကြုံတဲ့အခိုက်မှာ …
●ရာဂစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။
●ဒေါသစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။
●မကောင်းတဲ့ မောဟစရိုက်ကိုလည်း လျော့ချဖို့ကြိုးစားရမယ်။
ကောင်းတဲ့စရိုက်တွေကိုတော့ ကြီးထွားလာအောင်ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ပေးရမယ်လို့ဒီလိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်။အခုလို တရားဓမ္မတွေကို နာယူမှတ်သားပြီးတဲ့အခါမှာမိမိတို့ရဲ့ ဘဝမှာ ကောင်းမြတ်တဲ့ စရိုက်တွေကို မွေးမြူခြင်းဖြင့်၊ ကောင်းမြတ်တဲ့ ဝါသနာတွေနဲ့ နောက်ဆုံးမှာ ထာဝရချမ်းသာတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကို
မျက်မှောက် ပြုနိုင်မှာဖြစ်တယ်လို့ အားလုံးသဘောကျပြီးဝါသနာတို့၊စရိုက်တို့ကို ဖယ်ရှားနိုင်ကြောင်း၊အကျင့်ကောင်းကို
ကျင့်ကြံကြိုးကုတ် အားထုတ်ကာ နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ ။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
စာရိုက်ပူဇော်သူ – Admin Team of Young Buddhist’s Association
အရှင် ခေမာသီရိ
