အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ ?
.
အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ ?
.
ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ ?
ဒီနေရာမှာ စဉ်းစာရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး
အပါယ်က လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား ?
ဆိုပါစို့ ဒါနကောင်းမှုလုပ်တယ်၊ သီလဆောက်တည်တယ်၊
ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်
သို့သော် သောတပန်ဆိုတဲ့ အဆင့်မရောက်ဘူး။
အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလား လို့ပြောရင်လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။
သို့သော် guarantee တော့မရှိဘူး။
အပဋ္ဌာန်ပါဋ္ဌိတော်´ မှာဆိုရင် အမျိုးကောင်းသားတစ်ယောက်ဟာ
ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူလိုက်တာနဲ့ (၉၁)ကမ္ဘာ
အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ အဲဒီပန်းလှူတဲ့ ကုသိုလ်ကို
အကြောင်းပြုပြီး ရဟန္တာ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။
ဒါက guarantee ရှိလားဆိုတော့ guarantee ရှိလို့ပြောတာ မဟုတ်ဘူး။
အပါယ်တံခါးတော့ ပွင့်နေတယ်။
ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။
တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား ? ။
အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။
သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။
ကုသိုလ်ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သာမာန်ကုသိုလ်တွေနဲ့
အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။ အာမခံချက် မရှိဘူး။
သို့သော် အပါယ်ကိုကျမှာလားလို့ မေးရင် ကျချင်မှကျမယ်ပေါ့။
ဘယ်သူက ဆွဲတင်တုန်းဆိုရင် ကုသိုလ်ကံတွေက ဆွဲတင်ပေးနေမှာ။
ဒါလည်း အင်မတန်အခြေအနေ
ကောင်းနေမှ။ အခြေအနေ မကောင်းရင် မရဘူး။
ကဲ ခုနက ပန်းလေးတစ်ပွင့် လှူတာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘူး
ဆိုတာ ဒီပန်းလေး တစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှုကနေပြီးတော့
ကယ်သွားတာလားဆိုတော့ ဒီလိုတွက်လို့မရဘူး။
ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကို ရည်စူးပြီးတော့ ပန်းလေးတစ်ပွင့်
လှူတာကို အကြောင်းပြုပြီးတော့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါကုသိုလ်တွေဆက်
လုပ်တယ်။
နောက်ဘဝလည်း ကုသိုလ်တွေ ဆက်ဆက်လုပ်တယ်။
ကုသိုလ်တွေ ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။
ဒီဘဝမှာ ပန်းလေးတစ်ပွင့်လှူထားတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
မေ့မေ့လျော့လျော့ နေပြီးတော့ အကုသိုလ်တွေ လုပ်မယ်ဆိုရင် ငရဲကျမှာပဲလေ။
ပန်းလေးတစ်ပွင့် လှူတာနဲ့ ဒီကုသိုလ်ကနေကယ်သွား
တယ်ဆိုတာက ဒီကုသိုလ်ရဲ့စွမ်းရည်သတ္တိကိုဖော်ပြတဲ့
အနေနဲ့ ဟောတာနော်။ တကယ် အဓိပ္ပါယ်ယူရမှာက
ပန်းလေးတစ်ပွင့် လှူလိုက်လို့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။
လုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို ရောက်ပြီးတော့
နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။
ဟောဒီလို အဓိပ္ပါယ်မျိုးကို ဆိုလိုတယ်။
ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာအားကိုးထိုက်
ပါတယ်။ အားမကိုးထိုက်ဘူး မဟုတ်ဘူး။
သို့သော် အပါယ်တံခါး ပိတ်သလားလို့မေးရင်တော့ အပါယ်တံခါး
ပိတ်တယ်ဆိုတာ နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်လို့ ဒီလိုမှတ်ရမယ်။
ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။
နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။
ဝိပဿ နာနဲ့ပဲ ဖွင့်လို့ရတယ်။
နိဗ္ဗာန်တံခါးဟာ ဝိပဿ နာနဲ့ပဲ သွားရမယ်။
ဝိပဿနာကျင့်စဉ် မကျင့်ဘဲနဲ့ နိဗ္ဗာန်တံခါး
ဖွင့်တယ်ဆိုတာ လောကမှာ မရှိဘူးတဲ့။
.
ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
မေတ္တာဖြင့်
အရှင်ဣန္ဒက(ကျိန်းရိပ်မြေ)
B.A(Hons), M.A(English)
M.A(Buddhist Studies)
#credit
