Envoy ဂျာနယ်က သူတို့ဂျာနယ်၏ ကြော်ငြာတွင် ကျွန်တော်၏ နာမည်ကို ထည့်သွင်းလျက် Aung Thin's Favourite ဟု အမည်ပေးလိုက်သည်။ “အောင်သင်းအကြိုက်ဆုံး” ဟု ဆိုရမည် ထင်ပါသည်။ ကျွန်တော်ကလည်း “အကြိုက်ဆုံးဝတ္ထုတို” ဆိုတာမျိုးတွေကို ရေးခဲ့ဖူးသည့်ပြင် ခံတွင်းတွေ့လှသော စာအုပ်များ၊ ဆောင်းပါးများကို ဖော်ထုတ်ရေးသားခဲ့ဖူးသည်မှာ မကြာခဏ ဖြစ်သည်။ ကျွန်တော်၏ စေတနာမှာ စာဖတ်သူများ (အထူးသဖြင့် လူငယ်စာသမားများ) လက်မလွတ်စေလိုသောကြောင့် ဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာ စာရေးဆရာအဖို့လည်း ဝမ်းမြောက်စေလိုသောကြောင့် ဖြစ်သည်။

ထို့ပြင် ကျွန်တော်၏ အသက်က ရှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သောကြောင့် ဘဝအတွေ့အကြုံအားဖြင့်လည်း (မလွှဲသာမရှောင်သာ) များပြားခဲ့လေပြီ။ စာဖတ်ဝါသနာ ပါနေသောကြောင့် စာပေအတွေ့အကြုံလည်း များပြားခဲ့ပါ
လေပြီ။ ထိုထိုသော ဘဝအတွေ့အကြုံ၊ စာပေအတွေ့အကြုံများကို ကျွန်တော်၏ စာပေတပည့်တပန်း လူငယ်များနှင့် စကားစပ်မိလာလျှင် ပြန်ပြောင်းပြောဆို မိတတ်သည်မှာ ကျွန်တော်၏ ဝါသနာပင် ဖြစ်နေပါတော့သည်။ သူတို့တစ်တွေ က ထိုသို့သော ပြန်ပြောင်းပြောဆိုချက်များကို စကားအဖြစ် ပျောက်ပျက်မသွား စေချင်ဘဲ စာအဖြစ် မှတ်တမ်းတင်စေချင်ကြသည်။ ထို့ကြောင့် အထက်တွင်ပါသော ခေါင်းစဉ်ကို ပေးလိုက်ကြဟန် တူပါသည်။ ကျွန်တော့်ကိုတောင် မေးမြန်းတိုင်ပင်ခြင်း မပြုဘဲ သည်ခေါင်းစဉ်ကို ပေးလိုက်တော့ သည်လိုစေတနာမျိုးကြောင့် ပေးလိုက်သည်ဟုပဲ ကောက်ချက်ချမိပါတော့သည်။

◾ စာပေပုံသဏ္ဍာန် 

ကျွန်တော့်စာကို မည်သို့သော ပုံသဏ္ဌာန်ဖြင့် ရေးမည်နည်း။ ဆောင်းပါလား၊ စာတမ်းလား၊ အတ္ထုပ္ပတ္တိလား စသည်ဖြင့် စဉ်းစားရတော့သည်။ နောက်ဆုံးတွင် ကျွန်တော် ဆုံးဖြတ်မိလိုက်သည်က “ကိုယ့်စာပေ အတွေ့အကြုံ၊ ကိုယ့်သုံးသပ်ချက် အတွေးအမြင်” တွေကို စာဖတ်သူအား (အထူးသဖြင့် စာပေလူငယ်များအား) ပြန်ပြောင်း ပြောဆိုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဧဧလူလူ သက်သက်သာသာပဲ ပြောသွားမည်။ ပုံသဏ္ဌာန်ဆိုတာတွေကို ထည့်ပြီး မတွေးတော့ပြီဟု ဆုံးဖြတ်လိုက်ပါသည်။ တစ်ခါတစ်ရံတွင်လည်း စကားစပ်မိစပ်ရာ မဆီမဆိုင် ဟိုအကြောင်း ဒီအကြောင်းလေးတွေကို ဖောက်ပြီး လျှာရှည်မိကောင်း ရှည်မိသည်များလည်း ပါသွားနိုင်ပါသည်။ ကျွန်တော့်စာပေဟောပြောပွဲများ အတွေ့အကြုံအရ မူလခေါင်းစဉ်ကြီးက ဖောက်ပြီး “စကားစပ်မိလာလို့ ပြော လိုက်ရဦးမယ်” စသည်ဖြင့် စကားခံကာ တောင်ရောက်မြောက်ရောက် ကြားဖောက်ပြီး ပြောတတ်မိသည်။ မူလခေါင်းစဉ်ကြီးကို မျက်ခြည်မပြတ်အောင်၊ ချော်တောငေါ့ သဝေထိုးမသွားအောင်တော့ သတိထားရသည်ပေါ့။ စကားပြောလျှင်၊ စာရေးလျှင် (ဆရာကြီးရွှေဥဒေါင်းပြောသလို) အစအဆုံး “၀” လုံးကဲ့သို့ ဖြစ်နေမှ ကောင်းသည် မဟုတ်လား၊ ဘေးချော်သွားလျှင် “ဝ” လုံး မဖြစ်ဘဲ သဝေထိုး ဖြစ်သွားတတ်သည်ကိုး။

တစ်ခုအံ့သြစရာကောင်းသည်က ထိုကဲ့သို့ “စကားစပ်မိလို့” ဆိုတာမျိုး လေးတွေကို ပရိသတ်က ပိုလို့ စွဲလန်း မှတ်မိသွားတတ်ခြင်း ဖြစ်သည်။ တစ်ခြား သူတွေကို မဆိုထားနှင့် သွားလေသူ မြသန်းတင့်ကြီးကပင်လျှင် “ခင်ဗျားက ပေါက်တတ်ကရတွေကို အလွန်ပြောတတ်တယ်” ဟု သရော်ရှုတ်ချသလိုလို ကျီစားရင်း မှတ်မိ သဘောကျနေတတ်သည်။ ထို့ကြောင့် ကျွန်တော်၏ ယခုဆောင်းပါးများတွင် စကားစပ်မိလျှင်လည်း ဝန်မလေးဘဲ ထည့်သွင်းရေးသွားလိုက်မည်ဟု ကျွန်တော် ဆုံးဖြတ်မိပါသည်။

◾ ငယ်ငယ်က စွဲမိခဲ့တဲ့စာ 

ကျွန်တော့်ဘဝ ငယ်ငယ်က စွဲမိခဲ့တဲ့ စာများကို ပြန်ပြောင်းစဉ်းစားကြည့်ကိုက် သောအခါ မူလတန်း ဒေါင်းတံဆိပ် ဖတ်စာများ ဖြစ်နေသည်ကို ပြန်လည် သတိရနေမိသည်။ ထိုဖတ်စာများတွင် ပါဝင်သော ပုံပြင်များ ဝတ္ထုများကိုသာမက သက်ဆိုင်ရာ သရုပ်ဖော်ပန်းချီကားလေးများ၏ ပုံကိုပါ မျက်စိထဲမှာ အလွတ်ပြန်လည် မြင်ယောင်နေပါသည်။ တစ်ချို့စာများကိုဆိုလျှင် ယခု အသက်ရှစ်ဆယ်ကျော်သည့်တိုင်အောင် မှတ်မိနေသေးသည်။

“ရှေးသရောအခါ ကျီးတကောင်သည် ပျံသွားရင်းပင် မြစ်ညာမှ မျောလာသော ဆင်သေကို မြင်၍ ဆင်သေပေါ်၌ နားလျက် မြည်တမ်းသည်မှာ အော် - ငါ့ကံ အလွန်ကောင်းလေစွ...” 

ဆိုတာမျိုးတွေကို ကျွန်တော်က မမှတ်ပါဘဲလျက် မှတ်မိနေသေးသည်။ ကျွန်တော်၏ ဒီကနေ့ စရိုက်တွင် ကောင်းတာလေးတွေ၊ မွန်မြတ်တာလေးတွေ၊ သင့်၏ မသင့်၏ ချင့်ချိန်မှုလေးတွေ ရှိနေပါသည်ဆိုလျှင် ထိုထိုသော ဖတ်စာများတွင် ပါဝင်သည့် ပုံပြင်များ၏ ကျေးဇူးဟု ကျွန်တော် ဆိုပါသည်။ ထိုထိုသော ကျောင်းသုံး ဖတ်စာများတွင် ထည့်သွင်းခဲ့သည့် ဗဟုသုတ စာပေဖြစ်သော “ပွန်းပီမြို့ မီးတောင်ပေါက်ကွဲခြင်းအကြောင်း” “ဇပန်ကျွန်း အကြောင်း” (”ဇ” ကို ရှေးခေတ်က “ဂျ” ဟု အသံထွက်သည်။ ထို့ကြောင့် “ဂျပန်” ကို ”ဇပန်” ဟု ရေးသည်၊ “ဂျာမဏီ” ကို “ဇာမဏီ” ဟု ရေးခဲ့ဟန်ရှိပါသည်။) ထားပါတော့။ ထိုထိုသော ဗဟုသုတများကို ဘာတစ်ခုမျှ မမှတ်မိတော့ပါ။ သို့သော် “ခြင်္သေ့နှင့် ကြွက်ငယ်အကြောင်း” “မြေ့ပါလည်းဆုံး သားလည်းဆုံး” “ပုစွန်ကြံတတ် ဗျိုင်းလည်ပြတ်” “သားရေကုန်သည်နှင့် စပါးကုန်သည် အကြောင်း” ဟူသော ပုံပြင်ဖတ်စာတို့ကိုဖြင့် မေ့လို့မရအောင် စွဲနေမိပါသည်။

ထိုပုံပြင်များတွင် ကျွဲ နွား ကျေးငှက်စသည်တို့ကလည်း စကားပြော နိုင်ကြသည်။ သူတို့ပြောသော စကားကိုလည်း လူတို့က နားလည်သည်။ လူတွေပြောတာကိုလည်း သူတို့က နားလည်သည်။ ကေဒါရကျေးမင်းဝတ္ထုကို ပြန်လည် သတိရမိသည်။ ကေဒါရကျေးမင်းက လယ်ရှင်ပုဏ္ဏားကြီးအား ရှင်းပြ ရာတွင် “ကြွေးဟောင်းတို့ကိုလည်း ဆပ်ရပါသည်၊ ကြွေးမြီသစ်ကိုလည်း ချရပါသည်” ဟူသော စကားချီချဆိုခန်းတို့ကို စာဖတ်သူ တွေ့ဖူးပါလိမ့်မည်။ ကျွန်တော်လည်း ယခုတိုင် သတိရနေမိသည်။

◾ ယခုမှ ကျွန်တော် သတိထားမိသည်က 

ကျွန်တော်တို့ ကလေးဘဝတွင် “ကျေးငှက်တွေက စကားပြောတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား ဒီလောက် ဆင်ခြေ ဆင်လက်အကျိုးအကြောင်းတွေကို ငှက်တစ်ကောင်က ပြောနိုင်ပါ့မလား” ဆိုတာမျိုး ယောင်လို့မျှ မတွေးခဲ့မိဘဲ ပုံပြင်က ပြောသမျှ အားလုံးကို ပုံပြီး ယုံလိုက်ခဲ့မိခြင်း ဖြစ်နေခဲ့ကြောင်းပါပဲ။

နောက်တစ်ဆင့် တက်လိုက်တော့ ငါးရာ့ငါးဆယ် နိပါတ်တော် ဇာတ်ဝတ္ထုများပင် ဖြစ်သည်။ ထိုထိုသော ဝတ္ထုတော်များတွင်လည်း ကျွဲတွေ၊ နွားတွေ၊ မိကျောင်းတွေ၊ ဟင်္သာတွေ၊ ကျေးငှက်တွေက ကောင်းမွန်ရေလည်စွာ စကားဆိုနိုင်ကြခြင်း ဖြစ်သည်။ ယနေ့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ တရားဟောကြရာတွင် နိပါတ်တော်ဝတ္ထုများ မပါလျှင် မပြီးသလောက် ဖြစ်သည်း၊ ကျွန်တော်တို့က “တိရစ္ဆာန်တွေက စကားပြောတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား” ဟု ဘယ်တော့မျှ ဆင်ခြေမတက်ခဲ့မိကြ။

ထို့အတူ အီစွတ်ပုံပြင်များတွင် ပါဝင်သော ကုလားအုပ်က စကား စမြည်ဆိုခြင်းကိုလည်း အလွယ်တကူ လက်ခံလိုက်ကြသည်။

ဘာကြောင့် ဒီလိုဖြစ်လာကြသလဲဆိုသည်ကို ကျွန်တော် စဉ်းစားမိသည်။

“စကားနောက် တရားပါ” ဟူသော မြန်မာစကား ရှိသည်။ 

ထိုထိုသော ပုံပြင်များကို နှစ်သက်လက်ခံရာ၌ ကျွန်တော်တို့၏ ဗီဇ စိတ်တွင် စိတ်ကူးလောကတွင် လွင့်ပါးလိုသော ဗီဇ ထိုကဲ့သို့ လွင့်ပါးနေရင်း လောက၏ ပကတိအမှန်တရားကို သိလိုသော ဗီဇတို့ကြောင့်ဟု ထင်မိသည်။ 

စာဖတ်သူကို မေးပါရစေ။ 

ပုံပြင်ဝတ္ထုတွေကို စွဲခဲ့ဖူးသလား။

ယုံပါသလား။ မယုံလျှင် ဘာကြောင့် စွဲသလဲ။ 
 
ဘာကိုစွဲတာလဲ၊ ဘာကြောင့်လဲ။
 
စဉ်းစားကြည့်စေချင်ပါသည်။

အောင်သင်း

◾◾◾