(၁)

ရွှေအမြုတေမဂ္ဂဇင်းမှာ ကျွန်မအမေရဲ့ ဘဝဖြတ်သန်းမှု လို့ဆိုနိုင်တဲ့ ‘လှေသူကြီးကတော်’ ဝတ္ထုဟန်အတ္ထုပ္ပတ္တိကို ရေးရင်းနဲ့ အမေပြောခဲ့တဲ့ တိပ်ခွေတွေ ပြန်နားထောင်ဖြစ်တယ်။ တိပ် ခွေပေါင်း ၅၀ လောက် အသံ သွင်းပြီး ဖွဲ့ကာနွဲ့ကာ ပြောခဲ့တဲ့ အမေ့အသံတွေထဲမှာ ဘဝရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေ အများကြီးပါပါတယ်။ သည်အထဲမှာ အမေကြုံခဲ့ရတဲ့ ရွေးကောက်ပွဲတွေအကြောင်း လည်း ပါသပေါ့။ နိုင်ငံသမိုင်းနဲ့ တစ်ဆက်တည်းရှိလာတဲ့ ရွေး ကောက်ပွဲတွေက အင်္ဂလိပ်ခေတ် ကာလ ဒိုင်အာခီရွေးကောက်ပွဲ တွေကစလိုက်တာ အမေတို့အ ရွယ်ရောက်လို့ အိမ်ထောင်ရက် သားကျတဲ့အခါ ၁၉၅၁-၅၂ ပြည် သူ့လွှတ်တော်ရွေးကောက်ပွဲ၊ ၁၉၅၆ ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲ။ ၁၉၆၀ မှာတော့ အိမ် စောင့်အစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲတွေကြုံခဲ့ရတယ်။ ၁၉၅၈ ခုနှစ်က ဦးနု၊ သခင်တင် တို့ရဲ့ (နုတင်) သန့်ရှင်းဖဆပလနဲ့ ဦးဗဆွေ၊ဦးကျော်ငြိမ်းတို့ရဲ့ (ဆွေ ငြိမ်း) ဖဆပလတို့က အဓိကပြိုင် ဘက်။ လွှတ်တော်မှာ နှစ်ဖွဲ့ပြိုင် ကြတော့ အမတ်နေရာက ၂၄၈ နေရာမှာ ပမညတမဲ ၄၅ မဲပေါင်း ပြီး သန့်ရှင်းဖဆပလက ၁၂၇ မဲ၊ တည်မြဲက ၁၁၉ မဲရသတဲ့။ ရှစ်မဲ အသာနဲ့နိုင်တာကို မကျေနပ်ကြ ရာက ဆူဆူပူပူတွေဖြစ်လာတော့ ၁၉၅၈ ခုနှစ်မှာ အာဏာလွှဲပေး ခဲ့ရာက ၁၉၆၀ ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရက ကျင်းပပေး တယ်။ အရောင်သတ်မှတ်ချက်က ဦးနုရဲ့သန့်ရှင်းက အဝါရောင်၊ ဦးဗဆွေရဲ့တည်မြဲက အနီရောင်၊ ပမညတက အပြာရောင်။

‘‘အမေတို့ မြင်းခြံဈေးထဲများ အနီရောင်တွေ ရဲပတောင်းကြီး ခတ်လို့ပါအေ... တည်မြဲက ထဘီ အနီတွေ အုပ်လိုက် အုပ်လိုက် ဖြတ်ပေးတာ ရလိုက်ကြစမ်းဆို တာများ... အမေတို့လည်းရတာပဲ ...ရွေးကောက်ပွဲမစခင် ချုပ်ဝတ် ကြတာပဲ...။ မဲလည်းရွေးရော သန့်ရှင်းကနိုင်ရော...လူတွေက တည်မြဲက ပေးတာတော့ ယူကြ ပါရဲ့...။ မဲထည့်တော့ သန့်ရှင်းပုံး ထဲချည်းထည့်ကြတာကိုး...။ ဦးနု နိုင်တာပါပဲအေ...။ ရွေးကောက်ပွဲ ပြီးတော့ တည်မြဲဘက်ကပြဿနာ ရှာပြန်လို့ အမေတို့ ဈေးသူဈေး သားတွေ စွန်းလွန်းဘက် အကြာ ကြီးရှောင်နေကြရသေးတယ်’’ အမေက ကျွန်မကို ရယ် ရယ်မောမော ပြောပြခဲ့တာပါ။ အမေ့အသံ တိပ်ခွေထဲက ထွက် နေတာကိုယ်က ရယ်သံလေးနဲ့ပါ။ အဲသည်ခေတ်ကာလတွေတုန်း ကတော့ ရယ်နိုင်ပုံမရပါဘူး။ တစ်လလောက် ဈေးမထွက်ကြရ ဘူးဆိုတာလည်း ဟုတ်ရှာမှာ ပေါ့။ အမေက အဲသည်ကာလ တုန်းက မြင်းခြံဈေးထဲ အိုးရောင်း နေချိန်ပါ။

(၂)

 ရွေးကောက်ပွဲလို့ပြောရင် ကျွန်မဖြင့် ဆရာသိန်းဖေမြင့်ရဲ့ ‘အညာပြန်’ ကို သိပ်သတိရမိ တယ်။ ဆရာရေးခဲ့တဲ့ ‘ပြည်သူ ကြားမှာ အမှန်ရှာ’ ဆိုတဲ့စာအုပ် ထဲက ‘အရှုံးထဲက အပြုံး’ ဆိုတဲ့ ရွေးကောက်ပွဲအတွေ့အကြုံကို ရေးထားတဲ့အခန်းကို ကျွန်မ ပို ပြီးသတိရတာပါ။ ဆရာသိန်းဖေ မြင့်က ပမညတအမတ်အဖြစ် သူ့ နယ် ဘုတလင်ဘက်မှာ အရွေးခံ ဖို့ အမတ်လောင်း စာရင်းတင် ပါတယ်။ အဲသည်ကာလမှာ မဲ ဆွယ်မဲရွေး အတွေ့အကြုံတွေ ကိုရေးပြတဲ့ ‘အရှုံးထဲက အပြုံး’ ဟာ မဲဆန္ဒရှင်လူထုနဲ့ တွေ့ဆုံရင်း ခံစားရတဲ့ အမတ်လောင်းတစ် ယောက်ရဲ့ ဝေဒနာကို သိပ်ထင် ဟပ်စေပါတယ်။ အထူးသဖြင့် နိုင်ငံရေးလောကဓံကိုရေးပြတာ လေးစားစရာ၊ ချစ်စရာကောင်း လွန်းလို့ ကျွန်မဖြင့် မကြာမကြာ ပြန်ဖတ်ဖြစ်တယ်။ အနိုင်ကိုရေး ပြတာမဟုတ်ဘဲ အရှုံးထဲက ပြုံး မိတဲ့အဖြစ်ကို ရေးပြတာဖြစ်လို့ သိပ်ကို ကျက်သရေရှိပါတယ်။

ဆယ်ကြီး၊ မဒိုင်ကျင်း၊ ရဲ ထွက်ဆင်ရံ၊ကင်းစမ်း၊ ငပယင်း၊ မောက်တက်၊ ဖိုကုန်း၊ သခွပ်တ နယ်၊ ရုံလှေးကုန်း၊ ဘုတလင်မြို့ မ၊ သပြေပင်၊ လွှဲတဲ၊ သားရိုးကုန်း စတဲ့ရွာတွေကို ရောက်ခဲ့၊ တရား ဟောခဲ့တယ်။ ‘နီဝါရောင်ပျောက် ၍ ကြည်ပြာရောင်တောက်စေရ မည်၊ မြို့ရွာသုံးတဲ့ တို့အပြာပုံးဗျ’ ဆိုတဲ့သံချပ်တွေကြားက ပမည တအမတ်မင်း။ ပန်းကုံးပြာတွေ စွပ်ပြီး ကြိုဆိုကြတဲ့ ကျေးရွာတွေ။ တစ်ဖက်ကလည်း စွဲချက်တွေ တင်ကြ၊ ထိုးနှက်ကြ။ ဆရာကိုယ် တိုင်ကပဲ ရေးပြထားတာပါ။

‘‘ခင်ဗျားတို့ အမတ်သိန်း ဖေမြင့်က သိန်းသန်းကွန်မြူနစ်ဗျ’’

‘‘ပမညတ အာဏာရရင် အ ရင်ကွန်မြူနစ်တွေ လုပ်သွားတဲ့ အတိုင်း ခင်ဗျားတို့ကျီထဲက ပဲနဲ့ ငရုတ်တွေလည်း သိမ်းသွားမှာ ပဲ’’

‘‘ပမညတဆိုတာ ဓမ်မန်တရာယျ ပဲ’’

ရွေးကောက်ပွဲတွေမှာ တံစိုး လက်ဆောင်တွေရှိကြသလို ထိုး နှက်ချက်တွေလည်း ရှိတာပဲ မဟုတ်လား။

(၃)

တစ်ရက်က အိန္ဒိယရုပ်ရှင် ကားတစ်ကားကြည့်ဖြစ်တယ်။ ဇာတ်ကားနာမည်က တစ်ထောင် တန် (1000 Rupee Note) တဲ့။ ဒါရိုက်တာ Shrihari Sathe က အိန္ဒိယနိုင်ငံ မဟာရသျှတ္တရပြည် နယ်ထဲက မာရသီကျေးရွာတစ် ရွာမှာဖြစ်ခဲ့တာကို ရိုက်ပြထား တာပါ။ ရွာနာမည်က ပူလမ်ဘာ ရီ။ ဇာတ်ကားဖွင့်တော့ တမာ ရွက်တွေ ခါးစည်းထားကြတဲ့ ကလေးတစ်သိုက် Dhondi Panni De (ရေပေးကြပါဗျို့) ကျေး လက်ရိုးရာမိုးခေါ်တေးကိုဆိုကြ ရင်း ရွာထဲမှာ အလှူခံတာနဲ့ စဖွင့် ပါတယ်။ တမာရွက်တွေ ခါးမှာ စည်းလို့၊ ဝါးလုံးမှာ တမာရွက်နဲ့ အတူ ဖားတစ်ကောင်လည်း ကား ယားကြီးပါရဲ့။ ရွာကလူတွေက သူတို့ကိုရေလောင်း၊ အလှူငွေ ထည့်၊ ဆုတောင်းကြတယ်။ မိုး ခေါ်တေးဆိုကြသူ ကလေးတွေက လည်း ပျော်ကြလို့။

ပူလမ်ဘာရီရွာမှာ ဘူဒီး (အမေကြီး) လို့ခေါ်ကြတဲ့ မာရသီ လူမျိုးစု အမျိုးသမီးကြီးတစ် ယောက်က သူ့တဲလေးထဲမှာ တစ် ယောက်တည်းနေရှာသူပါ။ လင် သားမရှိတော့သလို တစ်ဦးတည်း သောအားကိုးရာ သားကလည်း အကြွေးထူလွန်းလို့ မနှစ်တုန်းက ပဲ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးသွားခဲ့တယ်။ သည်သ တင်းက အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး သတင်းစာ၊ ဂျာနယ်တွေ ထဲထိပါခဲ့တယ်။ သည်သားမရှိက တည်းက အိမ်နီးချင်းဖြစ်တဲ့ သား အရွယ် ဆူဒါးမားကို သားလို အောက်မေ့ရင်း နှစ်အိမ့်တစ်အိမ် ရှိတာလေး ဝေမျှစားကြသူတွေ ပေါ့။ ဘူဒီးက သူတကာအိမ်မှာ အရွယ်နဲ့မမျှ အဝတ်လျှော် သန့် ရှင်းရေး လုပ်ရင်း ရတဲ့ငွေကလေး နဲ့ သူ့ဘဝသူရပ်တည်နေခဲ့တယ်။ နွားချေးတွေမံထားတဲ့ သူ့အိမ်က လေးကလည်း မိုးရွာအစို၊ နေပူ အခြောက်ပေါ့။ မနက်မိုးလင်းပြီ ဆိုတာနဲ့ ဘူဒီးက ရွာကအိမ်ဆိုင် ကလေးမှာ ရူပီးနှစ်ပြားပေးပြီး ထန်းလျက်ခဲကလေး ရသ လောက်ဝယ်တယ်။ နွားနို့ နှစ်ပြား ဖိုးဝယ်တယ်။ လမ်းမှာ စက်ဘီးနဲ့ မုန့်လည်ရောင်းတဲ့သူဆီက ပေါင် မုန့်ကြေကလေး နှစ်ပြားဖိုးဝယ် တယ်။ ဘူဒီး ဆင်းရဲမှန်းသိတော့ ပေးနိုင်သလောက်ပေးပြီး ရောင်း လိုက်ကြတာပါပဲ။ နွားနို့ကလေးနဲ့ ထန်းလျက်ကလေး ကျိုပြီးရင် အိမ်နီးချင်း ဆူဒါးမားကိုခေါ်တိုက် လိုက်သေးတာပါ။

ဆူဒါးမားကလည်း မြေပိုင် ယာပိုင်မရှိရှာပါဘူး။ မြေရှင်တစ် ယောက်အိမ်က ဆိတ်တွေ ကျောင်းရင်း ကလေးနှစ်ယောက် နဲ့ မိသားစုလေးယောက်အိုးကို မနည်းထမ်းထားရသူပါ။ ဘူဒီးက ကိုယ်တိုင်ဖျော် လက်ဖက်ရည် ကလေး သောက်ပြီးရင် အလုပ် ခေါ်ခိုင်းတဲ့အိမ်ကို သွားတော့တာ ပါပဲ။ အလုပ်သွားရင်း လမ်းမှာ ရှိနေတဲ့ ဘုရားကျောင်းကလေး ဝင်ပြီး ဘုရားရှိခိုးတယ်။ ခါးကြား လိပ်ယူလာတဲ့ စားကြွင်းစားကျန် ကလေးတွေကို လမ်းမှာတွေ့တဲ့ ခွေးတွေချကျွေးတယ်။ ပုရွက် ဆိတ်ကျင်းဝမှာ ထန်းလျက်ကြေ လေးတွေချကျွေးတယ်။ ဘယ် လောက်ဆင်းရဲဆင်းရဲ သူတတ် နိုင်သမျှလေးနဲ့ ကုသိုလ်ပြုရင်း ဘဝမှာနေပျော်ရရှာသူပါ။

တစ်ရက်မှာတော့ သူတို့ရွာ ပူလမ်ဘာရီကို ရွေးကောက်ပွဲ အတွက် မဲဆွယ်ကြမယ့်အဖွဲ့တွေ ရောက်လာကြတယ်။ အမတ်မင်း ရောက်မလာခင် ကြိုရောက်နေတဲ့ အဖွဲ့က မဏ္ဍပ်စင်ဆောက်၊ အ ခမ်းအနားပြင်၊ အသံချဲ့စက်ဆင် လုပ်ပေးနှင့်ကြတယ်။ အဲသည် ညနေက ရွာထဲက အသံချဲ့စက်သံ ကြားလို့ ဘူဒီးက လှမ်းမေးတယ်။

‘‘ဆူဒါးမား ဒီနေ့ လွတ်လပ် ရေးနေ့လားဟဲ့...ဂန္ဒီဂျီး ဂုဏ်ပြု သီချင်းဖွင့်သံကြားလို့’’

ဆူဒါးမားက သူသိသ လောက်ပြန်ဖြေတယ်။

‘‘ရွေးကောက်ပွဲအတွက် အ မတ်မင်း မိန့်ခွန်းလာပြောမှာမို့ လှုံ့ဆော်ရေးသီချင်းတွေဖွင့်တာ ဘူဒီး...ဒီခေတ်ကြီးထဲ ဂန္ဒီဂျီးကို ဘယ်သူကများ ခေါင်းထဲရှိနေကြ လို့တုံး...ရွေးကောက်ပွဲသီချင်းဖွင့်ရင်း တိပ်ခွေထဲ နဂိုကရှိနေလို့ အတွဲလိုက်ပါလာတာနေမှာ’’

ကျွန်မပြုံးလိုက်မိပါရဲ့။

ည ၈ နာရီမှာ ရွေးကောက်ပွဲ အတွက် မဲဆွယ်ဟောပြောတာစ မှာဆိုတော့ ညနေမိုးချုပ်တာနဲ့ ရွာကလူတွေ မဲဆွယ်တရားပွဲ တဖြုတ်ဖြုတ်သွားကြပြီ။ ရွာလယ် မှာစင်ထိုး၊ မီးကလေးမှိတ်တုတ် နဲ့ မြေကြီးပေါ်ရွာသူရွာသား တွေထိုင်ဖို့ ဂုန်နီအိတ်တွေခင်း ထားတယ်။ စင်ပေါ်မှာ အမတ် လောင်းပုံ ချိတ်ထားတာပြူးလို့။ ပါတီတံဆိပ်ဖြစ်တဲ့ နွားမပုံကြီး ကလည်း ထင်းလို့။ ရွာလမ်းမှာ ဘူဒီးတို့ကိုတွေ့လို့ ရွေးကောက်ပွဲ မဲဆွယ်လာတဲ့ကားက တင်ခေါ် သွားတယ်။ သည်လို ဇိမ်ခံကားမျိုး မစီးဖူးတော့ ဘူဒီးလည်းပျော်လို့ ပေါ့လေ။ ရွာက ရှိသမျှလူကုန် ကလေးမကျန် စင်ရှေ့ငုတ်တုတ် ရောက်ကုန်ကြပြီ။ ညစာကျွေး မယ်၊ လက်ဖက်ရည်တိုက်မယ် ဆိုသကိုး။ တိုက်နှင့်တဲ့လက်ဖက် ရည်ကို လုကာယက်ကာသောက် ကြလို့။ အမတ်မင်းကြွမလာသေး တော့ တစ်ယောက်တစ်ပေါက် စကားတွေ ပြောနေကြတယ်။ ကုန်ပို့ကားလေးနဲ့ တကယ့်နွားမ ကြီးတစ်ကောင် တင်လာတာချ ပရိသတ်ရှေ့ချည်။

‘‘မဲဆွယ်ပွဲဆိုလို့ ညစာ မချက်တော့ဘူးလေ...ညစာစား ချင်လို့ လာနားထောင်တာ’’

‘‘အတူတူပါပဲကွာ...ဒါနဲ့ နွားမကြီးက ဘာလို့ကားပေါ်တင် လာတာတုံး’’

‘‘လက်ဖက်ရည်ဖျော်ဖို့ရာ နွားနို့ညှစ်မလို့နေမှာပေါ့’’

‘‘မင်းရူးနေသလား ဟ ကောင်ရ... အဲဒါ သူတို့ပါတီရဲ့ အမှတ်တံဆိပ်လေကွာ’’

‘‘အေး တို့လည်း အလကား စားရ...နွားမကြီးလည်း နွားစာ စားရကောင်းချက်တော့ကွာ’’

အဲသည်အချိန်မှာပဲ အမတ် မင်း အူတာမာရောင်း ပဝါစုံချကြီး နဲ့ ပါးစပ်ကြီးဖြဲပြီး လက်အုပ်တ ချီချီနဲ့ ရောက်လာတယ်။ သူက လက်ရှိ သည်နယ်ရဲ့ အမတ်ဖြစ် သလို လာမယ့်နှစ်အတွက် ကြို ကြိုတင်တင်မဲဆွယ်တာပါ။ အ မတ်မင်းနဲ့အတူပါလာကြတဲ့ပါတီ ကလူတွေက တိုင်ပေးလိုက် တယ်။

‘‘အမတ်မင်း အူတာမာ ရောင်း...’’

‘‘သက်တော်ရာကျော် ရှည် ပါစေ...’’

‘‘အောင်မြင်ပါစေ...’’

အမတ်မင်းက စင်ပေါ်တက် ပြီး လက်အုပ်ချီတယ်။ ပြုံးတယ်။ ပြီးမှ အသံချဲ့စက် မိုက်ခွက်နဲ့ တရားစဟောတယ်။

‘‘ချစ်စွာသော ညီအစ်ကို မောင်နှမများခင်ဗျာ... အခုလို ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ် အများကြီးတွေ့ရတဲ့ အတွက် အတိုင်းမသိဝမ်းသာမိပါ တယ်။ ခင်ဗျားတို့ရှေ့မှာရပ်နေတဲ့ ကျွန်တော်ဟာ ခင်ဗျားတို့ရွာက လေးကို ရင်နဲ့အမျှ အမြဲတမ်း သတိတရ ချစ်ခင်နေမိသူပါ’’

အမတ်မင်းကပြောနေပေ မယ့် လူတွေက အမတ်မင်းပြော နေတဲ့စကားကို စိတ်မဝင်စားကြ ပါဘူး။ မျက်လုံးတွေက ကျီးကန်း တောင်းမှောက်။ ညစာကျွေးမယ် ဆိုတာကိုပဲ လိုက်ရှာနေကြတယ်။ လူတွေက ကိုယ့်ထင်ကြေးနဲ့ကိုယ်။

‘‘ဘာ အစားအသောက်မှ လည်း မမြင်ရသေးပါလားကွ...ချက်မယ့်ပြုတ်မယ့် မီးဖိုလည်း မမြင်ဘူး’’

‘‘တော်ရာမှာ ချက်ပြုတ်ပြီးမှ သယ်လာပြီးကျွေးမှာနဲ့တူပါရဲ့’’

အမတ်မင်းကတော့ အော် တုန်း။

‘‘ချစ်စွာသော ညီအစ်ကို မောင်နှမများခင်ဗျား...အမျိုး သားခေါင်းဆောင်ကြီး ဂန္ဒီဂျီးက ကျွန်တော်တို့နိုင်ငံကို လွတ်လပ် ရေးရအောင်လုပ်ပေးခဲ့တယ်။ ပန် ဒစ်နေရူးက အမိနိုင်ငံကို ကိုယ့် ခြေထောက်ပေါ်ကိုယ် ရပ်တည် နိုင်အောင် စွမ်းဆောင်ခဲ့တယ်။ ကျွန်တော်ကလည်း ခင်ဗျားတို့ ရွာကို လျှပ်စစ်မီးတိုင်တွေ စိုက် နိုင်အောင် လုပ်ပေးပါ့မယ်။ ရွာ ကနေ ဒီဂါရာ့စ်မြို့ကိုသွားတဲ့ ဘတ်စ်ကားကြီးတွေ ရအောင် လုပ်ပေးပါ့မယ်’’

လူတွေက သည်လိုအလွတ် ရွတ်လေ့ရှိတဲ့စကားမျိုး နှစ်တိုင်း ကြားနေကျဆိုတာ့ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ တချို့က မဲဆွယ်တရားပွဲထဲထိုင်ရင်း ဝါး ခနဲ သမ်းကြလို့။ တချို့ကအစား အသောက်မလာသေးလို့ တောင် ကြည့် မြောက်ကြည့် ကြည့်ကြ လို့။ တချို့က ပျင်းလာသလို ခါး ကြောတွေဆန့်ကြ။ အဲသည်တုန်း မှာပဲ အစားအသောက်တွေ တင် လာတဲ့ ကားကြီးဝင်လာတယ်။ လူတွေက အမတ်မင်းကို ဂရု မစိုက်နိုင်ဘူး။ အပြေးအလွှားထ သွားပြီး ကားပေါ်ကဝေတဲ့ ထမင်း ဘူးတွေ လုကြတယ်။ အမတ်မင်း လည်း စကားပြောတာရပ်လိုက် ရရော။

‘‘စားကြပါ ဗိုက်ပြည့်အောင် စားကြ။ အိမ်လည်း ယူသွားကြ။ ပြီးရင် နွားမတံဆိပ်ပါတီနဲ့ ကျုပ် ကို မဲပေးကြ’’

‘‘အလောမကြီးကြပါနဲ့...လူ တိုင်းရမှာပါ’’

ပြီးတော့ အမတ်မင်းက စင် ပေါ်ကနေ ပိုက်ဆံတွေ တစ်ရွက်စီ ဝေတယ်။ တစ်ယောက်ပြီး တစ် ယောက် စင်ပေါ်အလုအယက် တိုးခွေ့တက်ပြီး ပိုက်ဆံယူကြ တယ်။ တစ်ဦးကို ရူပီးတစ်ရာစီ။ ဘူဒီးအလှည့်ရောက်တော့ ဆူဒါး မားက ဘူဒီးဟာ မနှစ်တုန်းက သူ့သားကြိုးဆွဲချသေသွားတဲ့အ ကြောင်း အမတ်မင်းကိုပြောပြ လိုက်တော့ အမတ်မင်းက ရူပီး တစ်ထောင်တန်တွေ ပေးလိုက် တယ်။ လေးရွက်။ ဘူဒီးနဲ့တွဲပြီး ဓာတ်ပုံရိုက်ခိုင်းတယ်။

ဘူဒီးက အိမ်ရောက်ရောက် ချင်း ထမင်းဘူးကိုဖွင့်စားပြီး အ မတ်မင်းပေးလိုက်တဲ့ ပိုက်ဆံ တွေကို ထုတ်ကြည့်တယ်။ တစ် ထောင်တန်တွေ။ ဘူဒီး တစ်ခါမှ မမြင်ဖူးဘူး။ ပိုက်ဆံပေါ်ကသုည တွေကို လက်ဝါးနဲ့အုပ်ရင်း ရေ တွက်ကြည့်တယ်။ ရူပီး ၁၀၊ ရူပီး ၁၀၀၊ ရူပီး ၁,၀၀၀။ ဘူဒီး ညအိပ် ရမှာတောင် စိတ်မလုံသလို ခံစား ရတယ်။ သည်လို တစ်ထောင်တန် တွေသာ သူ့လက်ထဲရှိခဲ့ရင် သူ့ သားသေမှာမဟုတ်ဘူးလို့လည်း တွေးမိပြီး မျက်ရည်ကျမိတယ်။ မနက်မိုးလင်းတော့ ခါတိုင်းလို ပါပဲ။

ရွာထဲက ကုန်စုံဆိုင်သွား တယ်။ ထန်းလျက်ဝယ်တယ်။ နွားနို့ဝယ်တယ်။ ဒါပေမဲ့ ဘူဒီးကို နှစ်ပြားဖိုး မရောင်းချင်ကြတော့ ဘူး။ အမတ်မင်းက တစ်ထောင် တန်တွေ ပေးသွားမှန်းသိကြတာ ကိုး။ သည်လိုပဲ မုန့်သည်ကလည်း နှစ်ပြားဖိုးမရောင်းချင်တော့ဘူး။

နောက်ရက်မှာတော့ ဘူဒီးက ဆူဒါးမား ဆိတ်ကျောင်းတဲ့ဆီ လိုက်သွားပြီး၊ ဒီဂါရာ့စ် (Degras) မြို့ကိုသွားပြီး ကွဲသွားတာ ကြာပြီဖြစ်တဲ့ သူ့မျက်မှန်လေးပြန်လုပ်ချင်တဲ့အကြောင်း လာပြော တယ်။ မြို့ကို သူနဲ့ အဖော်လိုက် ပေးဖို့ပေါ့။ သည်လိုနဲ့ ဘူဒီးနဲ့ ဆူ ဒါးမား ဘတ်စ်ကားအိုကြီးနဲ့ မြို့ ကိုလိုက်ခဲ့ကြတယ်။ ဘတ်စ်ကား ခ ၁၂ ရူပီးကို တစ်ထောင်တန် ထုတ်ပေးတော့ စပယ်ယာက မအမ်းနိုင်လို့ ဆူဒါးမားကပဲ ခဏ စိုက်တဲ့သဘောနဲ့ ထုတ်ပေး လိုက်ရတယ်။ လမ်းမှာ ကားက မြစ်ကူးတံတားပေါ်ရောက်တော့ ဘူဒီးက မြစ်ထဲကို အကြွေစေ့က လေးပစ်ချရင်း မြစ်နတ်ကို ပူဇော် ဆုတောင်းလိုက်သေးတာပါ။ မြို့ ဈေးရောက်တော့ မျက်မှန်ဆိုင်မှာ မျက်မှန်ကလေး အရင်ဝင်ပြင် တယ်။ ရူပီး ၄၀ ကျတာ တစ် ထောင်တန်ထုတ်ပေးတော့ မျက် မှန်ဆရာက မအမ်းနိုင်လို့ ဆူဒါး မားကပဲ ထုတ်ပေးလိုက်ရပြန် တယ်။ တစ်ခါ မှန်ပေါင်ရောင်း တဲ့ဆိုင်ဝင်ပြီး ကွဲကြေနေတဲ့ သွား လေသူ သူ့သားရဲ့ ဓာတ်ပုံကလေး ကို မှန်ပေါင်အသစ်လဲတယ်။ ရူပီး ၇၀ ကျတယ်။ သည်တစ်ခါ တော့ တစ်ထောင်တန် အမ်းနိုင် လိမ့်မယ်ထင်ပေမယ့် မအမ်းနိုင် ပြန်ဘူး။ ဆူဒါးမားမှာလည်း ထုတ်ပေးစရာ မရှိတော့ဘူး။ မှန်ဆိုင်ရှင်က အကြွေရမှသာ လာရွေးလှည့်ပါပြောလို့ ထားခဲ့ရ တယ်။ ဆာရီဆိုင်မှာသွားပြီး ဆာရီဝယ်ကြတယ်။ဆာရီက ရူပီး ၇၆၀ ဆိုတော့ အမ်းနိုင်ပြီပေါ့။ သည်မှာတင် ပြဿနာကစတော့ တာပါပဲ။ ဆိုင်ရှင်က ဘူဒီးပေးတဲ့ ငွေစက္ကူ တစ်ထောင်တန်ကို မသင်္ကာလို့စစ်ဆေးကြည့်လိုက် တဲ့အခါ အတုလို့ သံသယဝင်သွား တယ်။ အနားမှာရှိနေတဲ့ရဲကို ခေါ် ပြလိုက်တော့ ရဲက စခန်းခေါ်သွား တယ်။ ဆူဒါးမားက အတုကြီးဆို လည်း ခင်ဗျားတို့ပဲသိမ်းထား လိုက်ပါတော့ ကျုပ်တို့ ရွာပြန်ပါ ရစေ တောင်းပန်ပေမယ့် မရပါ ဘူး။ စခန်းရောက်လို့ စခန်းမှူးက စစ်ဆေးလိုက်တော့မှ ပြဿနာက ပိုကြီးသွားတော့တာပါ။ တစ် ထောင်တန်က လုံခြုံရေးကြိုးက ပုံမှန်ထက် အလုံးကြီးနေပါသတဲ့။

‘‘ဒါ ပါကစ္စတန်က ခိုးဝင်လာ တဲ့ ငွေစက္ကူအတုတွေပဲ။ ခင်ဗျား တို့ဆီမှာ ဘယ်လောက်ရှိသလဲ’’

ဘူဒီးက သူ့ရှုံ့ကြိုးအိတ် ကလေးထဲက တစ်ထောင်တန် လေးရွက်စလုံး ထုတ်ပြလိုက် တယ်။

‘‘အဲဒါ အကုန်ပဲ’’

ဘူဒီးတို့က ပြဿနာအ တိမ်အနက်ကို မသိကြပါဘူး။ ရဲ စခန်းထဲမှာ တဖြည်းဖြည်းနဲ့ မှောင်လာတော့ ရွာကိုပြန်ဖို့ ဘတ်စ်ကားမရှိတော့မှာကို စိတ် ပူလာတယ်။ သူတို့ကို ပိုက်ဆံတွေ အကုန်ပေးလိုက်ပြီး ရွာကိုပြန်ဖို့ ပြောကြည့်ပါလားဆိုတော့ ဆူဒါး မားက သွားပြောတယ်။ ရဲက မဟုတ်တာ လာပြောရပါ့မလား ဆိုပြီး ပါးရိုက်လွှတ်လိုက်တယ်။ အဲသည်အချိန်မှာပဲ အူတာမာ ရောင်းရဲ့ မဲဆွယ်ကားကြီးက လူ တွေတရုန်းရုန်းနဲ့ ရဲစခန်းရှေ့က ဖြတ်မောင်းလာတယ်။ ကားပေါ် မှာ အမတ်မင်း အူတာမာရောင်း ကိုတွေ့လိုက်တော့ ဘူဒီးက ရဲ လက်ထဲက တစ်ထောင်တန်ကို ဆတ်ခနဲဆွဲယူပြီး မဲဆွယ်ကား နောက် ပြေးလိုက်သွားတယ်။

‘‘ဟေး... အူတာမာရောင်း။ မင်းပေးသွားတဲ့တစ်ထောင်တန် ကြီးက အစစ်ဟုတ်ရဲ့လား။ ရဲက အတုကြီးလို့ ပြောနေလို့ တစ် ယောက်မှ ငါ့ကိုမယုံကြဘူး။ ပြန် လဲပေးခဲ့စမ်းပါ။ ဆူဒါးမားကို လည်း ရဲကရိုက်နေပြီ... တို့ လည်းရွာပြန်ချင်လို့ပါ’’

ရဲတွေက ဘူဒီးကို အတင်း လိုက်ဖမ်းတယ်။ ဒါတွေကို မှန် ပေါင်ဆိုင်က ဆိုင်ရှင်က လှမ်း တွေ့လိုက်တယ်။

သည်တစ်ခါတော့ ရဲက ဘူ ဒီးတို့နှစ်ယောက်ကို အချုပ်ခန်းထဲ ထည့်ထားလိုက်ပြီ။ ရဲတွေက ဘူဒီးရဲ့လုပ်ရပ်ကိုတွေ့သွားပြီး ဒါ အမှန်ဖြစ်လောက်တယ်လို့တော့ တွက်မိပြီ။ သည်တော့ အကွက် ဆိုက်တုန်း ရွေးကောက်ခံအမတ် မင်းကို ငွေသွားညှစ်ဖို့တိုင်ပင်ကြ တော့တာပါပဲ။

အမတ်မင်းဆီ ငွေသွားညှစ် တာ နှစ်ခါမညှစ်လိုက်ရပါဘူး။ စခန်းမှူးက ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းအိမ်ကို လိုက်သွား တော့ အမတ်မင်းက ကြက်ကြော် နဲ့ အရက်နဲ့။ သူ့ဘေးမှာလည်း ငွေစက္ကူအထုပ်တွေ အပုံလိုက်။ စခန်းမှူးက အမတ်မင်း ဘူဒီးကို တစ်ထောင်တန်တွေ ပေးသွားတဲ့ အကြောင်း ဂျာနယ်လစ်တစ် ယောက်သိသွားပြီ၊ သတင်းစာထဲ ထည့်လိုက်ရင် ရွေးကောက်ပွဲဥပ ဒေနဲ့ငြိနိုင်တယ်၊ သည်တော့ ပြဿနာမဖြစ်ချင်ရင် ဖုံးဖို့ဖိဖို့ ငွေငါးသောင်းပေးရမယ်လို့ ငွေ ညှစ်တဲ့အခါ နှစ်သောင်းခွဲနဲ့ ဈေး တည့်သွားကြတယ်။ ကလေးမုန့် ဖိုးတောင် ရဲက အပိုရလိုက်သေး။ ရဲတွေက ညဘက်မှာ သောက်ကြ စားကြ အောင်ပွဲကြီးခံလိုက်ကြ လို့။ အချုပ်ခန်းထဲက ဆူဒါးမား ကိုတောင် ဆုံးမတဲ့အနေနဲ့ ခါး ပတ်နဲ့ချွတ်ရိုက်လိုက်သေး။ ညဉ့် နက်တော့ မူးထိုးပြီးအိပ်လိုက် ကြတာ မနက်လင်းတော့ ဘူဒီး တို့နှစ်ယောက် အချုပ်ခန်းထဲမှာ မတွေ့တော့ ပျာသွားကြတယ်။ အပြင်မှာ လျှောက်ပြောနေမှာ စိုး ရိမ်သွားကြလို့ပါ။ ဒါပေမဲ့ ဘူဒီး တို့က မပြေးပါဘူး။ ရွာထုံးစံအ တိုင်း မနက်အစောကြီးနိုးပြီး မျက် နှာထသစ်နေကြတာပါ။ စခန်းမှူး က လက်ဖက်ရည်နဲ့မုန့် ဝယ်ခိုင်း လိုက်တယ်။ ဘူဒီးတို့ကိုကျွေး တော့ စားလိုက်ကြတာ။ မနေ့က ရွာကထွက်ကတည်းက ဘာမှကို မစားရရှာတော့ ဆာကြပြီလေ။ စခန်းမှူးက တစ်ထောင်တန်တစ် ရွက်နဲ့ ရူပီး ၅၀ ထုတ်ပေးလိုက် တယ်။

‘‘ရော့... ဒါ ခင်ဗျားတို့တစ် ထောင်တန်။ ဒါက ရွာပြန်ဖို့စရိတ် ငါးဆယ်။ ရွာ တန်းပြန်ကြနော်။ ရွေးကောက်ပွဲ မပြီးမချင်း ဒီဂရာ့စ် ကို မလာကြနဲ့။ သည်ကြားထဲ တစ်ယောက်ယောက်ကို ဒီအ ကြောင်းတွေပြောရင် ဖမ်းချုပ် မယ် ကြားလား။ သွားတော့’’

ဘူဒီးက သူ့တစ်ထောင် တန်ကလေးကို ကောက်ယူလိုက် တယ်။ ရဲက အပိုပေးတဲ့ ငါးဆယ် တန်ကို ထားပစ်ခဲ့တယ်။

စခန်းမှူးက ဘူဒီးထားခဲ့တဲ့ ငါးဆယ်တန်ကို ကောက်ယူရင်း ပြောတယ်။

‘‘ဆင်းရဲသားတွေများ ဖြစ်ရ ပုံ။ ငါတို့က သနားကြင်နာမှုကို ပြတယ်။ ဒါပေမဲ့ သူတို့က မလို အပ်ဘဲ မာနကြီးကြတယ်။ အခု လည်းကြည့်လေ ရူပီးငါးဆယ်ကို ယူမသွားကြဘူး’’

ဘူဒီးတို့ အပြန်မှာ ဘယ်မှ လည်းမဝင်ပါဘူး။ ဘယ်သူနဲ့မှ လည်း စကားမပြောကြပါဘူး။ ကားဂိတ်ကို တန်းတန်းမတ်မတ် ကြီး ပြန်လာခဲ့ကြတာပါပဲ။ ဆူဒါး မားကတော့ မေးတယ်။

‘‘ရွေးကောက်ပွဲကျရင် မဲ သွားပေးမှာလား ဘူဒီး။ သူတို့ ပိုက်ဆံ ယူထားတာဆိုတော့လေ’’

ဘူဒီးက ဘာမှပြန်မဖြေ တော့ပါဘူး။ ဘူဒီး မဲသွားပေး မယ်ဆိုတာ ကျွန်မကတော့သိနေ သလိုပဲ။ သူတို့ပေးတဲ့ ငွေစက္ကူကို တစ်ပြားမှ မသုံးလိုက်ရပေမယ့် ဘူဒီးကတော့ သူပေးချင်တဲ့ပါတီ ကို မဲသွားပေးမှာပဲ မဟုတ်လား။ ဘူဒီးတို့ ကားပေါ်ထိုင်မိလို့ စိတ် လျှော့လိုက်ချိန်မှာပဲ မှန်ဆိုင်ပိုင် ရှင်ကြီးက ပြေးလာပြီး ကား အောက်ကနေ သူ့သားဓာတ်ပုံလာ ပေးတယ်။

‘‘ကျုပ်တို့မှာ ပိုက်ဆံ အနုတ် မရှိ...’’

‘‘ကိစ္စမရှိပါဘူး...ခင်ဗျားတို့ နောက်တစ်ခေါက် မြို့ကို လာမှ သာပေးပါတော့’’

ဘူဒီးက သူ့သားဓာတ်ပုံလေး ကို လှမ်းယူလိုက်တယ်။ ဘတ်စ် ကားလည်း ထွက်လာခဲ့ပြီ။ ဘူဒီး နောက်တစ်ခေါက်မြို့ကို မလာ လောက်တော့ဘူးလို့ ကျွန်မတွေး နေမိတယ်။ ဘူဒီးက ကားလက် မှတ်နှစ်စောင်ဖြတ်လိုက်တယ်။ ကားစထွက်လာတော့မှ ဘူဒီး သက်ပြင်းချနိုင်တော့တယ်။ မြစ် ကူးတံတားပေါ်ရောက်တော့ မြစ် နတ်ကို ပူဇော်တဲ့အနေနဲ့ဂြိုဟ်မွှေ တဲ့ ပိုက်ဆံတစ်ထောင်တန်ကို အိတ်ထဲကထုတ်ပြီး မြစ်ထဲပစ်ချ လိုက်တော့တာပါပဲ။ တစ်ထောင် တန်ကလေးက ဝေ့ကာ ဝဲကာနဲ့ မြစ်ထဲ ကျသွားတယ်။ လှိုင်းဂ ယက်တွေကြားမှာ မြုပ်မျော မျောသွားလေရဲ့။ တကယ်တော့ တစ်ထောင်တန်တွေက အစစ် တွေပါ။ ဇာတ်လမ်းက သည်နေ ရာမှာပဲ သိမ်းပါတယ်။ နောက် ဆုံးမှာတော့ ဒါရိုက်တာက စာ တန်းတစ်ကြောင်းထိုးတယ်။

‘ကျွန်တော်တို့ ဘိုးဘွားများ ကို ရည်ညွှန်းပါတယ်’ တဲ့။

(၄)

 ရွေးကောက်ပွဲဆိုတာက တော့ ရှင်းပါတယ်။ လူထုက ကိုယ်ကြိုက်တဲ့ပါတီ၊ ကိုယ်ကြိုက် တဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး ဆန္ဒမဲ ပေးတာ။နောက်တစ်မျိုးက တစ် တိုင်းပြည်လုံး အတိုင်းအတာနဲ့ တိုင်းပြည်လူထုရဲ့ သဘောထား ကောက်ယူတာ၊ ဆန္ဒခံယူတာ။ ဒါကို Voting and Referendums ခေါ်ကြတာပါ။ နှစ်မျိုးစ လုံးက မိမိရဲ့ကိုယ်ပိုင်ဆန္ဒနဲ့ ရွေး ချယ်မဲပေးရတာချည်းပါပဲ။ ရွေး ကောက်ပွဲဆိုရင်တော့ တချို့အ မတ်ဟောင်းက ငါးနှစ်ရာသီလုံး လုံးပေါ်မလာဘဲ ပွဲနီးမှကြွလာကြ တာတွေရှိတယ်။ မိုးကလေးတစ် ပြိုက်စင်တော့မှ မြက်ကြားက လူးလွန့်ထလာတဲ့ ပုတတ်စာတွေ လိုပေါ့။ တချို့ကတော့ လူထုနဲ့ အမြဲထိတွေ့၊ အမြဲနားထောင် ကြသူတွေလည်းရှိပါရဲ့။ ရုပ်ရှင် ထဲက အူတာမာရောင်းလို အချိန် တန်ရင် ထမင်းတစ်ဘူး၊ ငွေတစ် ရာလောက်ပေးရင် မဲတစ်ပြား အသာလေးရတယ်ဆိုတဲ့သူတွေ လည်းရှိတာပါပဲ။ (၂၀၁၅ ရွေး ကောက်ပွဲတုန်းက ဓာတ်ဘူးတွေ ဝေတာ၊ ဓာတ်တိုင်တွေ ရွာထိပ် ချပြတာ၊ ဓမ္မာရုံမှာ တီဗီစလောင်း ဆင်ပေးတာ စသည်ဖြင့် ကြုံခဲ့ လှပေါ့)

တကယ်တော့ ကျွန်မတို့ တိုင်းပြည်လူထုက နိုင်ငံရေးအ သိမြင့်ကြသူတွေပါ။ နိုင်ငံရေးအ မြင်တွေ သိပ်ကိုထက်မြက်ကြ သူတွေပါ။ ရွေးကောက်ပွဲမှာနည်း အမျိုးမျိုးနဲ့ ဝင်လာကြမှာကိုလည်း သိကြပါရဲ့။ တစ်နည်းက ပေးတဲ့ ကမ်းတဲ့နည်း၊ ချော့တဲ့နည်းပေါ့။ တစ်နည်းကတော့ ခြောက်တဲ့ နည်း။ မလွန်ဆန်နိုင်ရင်သာရှိ မယ်၊ လူထုက ဓမ္မနဲ့ အဓမ္မကို ခွဲ ခြားတတ်နေပါပြီ။ ရုပ်ရှင်ကား ကိုကြည့်ရင်းက အူတာမာရောင်း လို မစားရဝခမန်း အမတ်လောင်း တွေ ရောက်လာကြဦးမှာပဲလို့ လည်း တွေးမိရဲ့။

ရွေးကောက်ပွဲကလည်း နီး ပြီလေ။ တချို့ဆို ရွာ့ရှေ့တောင် ညောင်ပင်ကြီးမှာ မြင်းကိုယ်စီ ပြင်ကြလို့။ ။

ခင်ခင်ထူး