၁။ 

ဪ … တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တတ်တာတွေများ ပြောပါတယ်။ လောကမှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ ဆိုတာ ရှိစမြဲပါ။ ဒါပေမဲ့ မယုံနိုင် လောက်အောင် ထူးဆန်းတာတွေ ကျတော့ လူပိုပြီး စိတ်ဝင်စားတယ် ဟုတ်လား။ ဒါပေမဲ့ လူတိုင်း လူတိုင်း စိတ်ဝင်စားဖို့ ကျတော့ မလွယ်ပါဘူး။ ဆိုကြပါစို့ ခွဲလို့ မရအောင် တူတဲ့ လူနှစ်ယောက် ပေါ်ပေါက်လာရင် သိပ္ပံသမားက ပိုပြီး စိတ်ဝင်စားမယ်။ စိတ်ချင်း ဆက်သွယ်တာတို့၊ ခံစားမှုချင်း တစ်ထပ်တည်း တူနေတာတို့ ကျတော့ ဝိဇ္ဇာသမားက ပိုပြီး စိတ်ဝင်စားမှာပေါ့။ 

ဒီလိုပြောလို့ ကျွန်တော် အခုပြောပြမယ့် ကိစ္စက တော်တော် ထူးခြားနေသလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ စောစောက ပြောသလိုပေါ့လေ၊ ကိုယ့်သဘာဝ၊ ကိုယ့်ခံစားမှုနဲ့သာ ဆိုင်တဲ့ ထူးထူးဆန်းဆန်း ကိစ္စလေးတွေ ကျတော့ ကိုယ်တစ်ယောက်တည်း စိတ်ဝင်တစား ရှိရတာပါ။ 

ခုဟာက တစ်မျိုးလေးပဲ။ ကျွန်တော် တစ်ယောက်တည်းရဲ့ ခံစားမှုလည်း မဟုတ်ပြန်ဘူး။ ကျွန်တော့်ဇနီးရဲ့ ခံစားမှု သဘာဝနဲ့ပါ သွားပြီး ထပ်တူ တိုက်ဆိုင်နေတဲ့ ကိစ္စ။ မိသားစု ကိစ္စ၊ အိမ်ထောင်ရေး ကိစ္စလို သားသမီးတွေနဲ့လည်း မပတ်သက်ပြန်ပါဘူး။ ဒါဖြင့် အချစ်ကိစ္စလားတဲ့။ အင်း … ဟုတ်တော့လည်း ဟုတ်တယ် ပြောရမလိုပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်ကိစ္စလည်း မဟုတ်ပြန်ပါဘူး။ 

ဟုတ်ပါ့၊ အချစ်ဦးကိစ္စ ပေါ့လေ။ 

လူတိုင်းမှာ အချစ်ဦးဆိုတာ ရှိကြစမြဲပဲ။ ချစ်ဦးသူနဲ့ ညားကြတာတော့ ရှားပါတယ်။ ချစ်ဖူးသူနဲ့တော့ အများအားဖြင့် အိမ်ထောင်ကျ သွားတတ်ကြ ပါတယ်လေ။ အဲ-မချစ်ဖူးဘဲ အိမ်ထောင်ကျ သွားကြသူတွေလည်း ရှိလေရဲ့။ မြင်တောင် မမြင်ဖူးဘဲ အာဝါဟ ဝိဝါဟ သွားကြတာမျိုးလည်း ခုခေတ်အထိ ရှားရှားပါးပါး ရှိနေသေးတာပဲ မဟုတ်လား။ 

ကျွန်တော်နဲ့ အေးအေးဦး ကလား။ သမားရိုးကျ ချစ်သူဘဝက တစ်ဆင့်တက် ပေါင်းဖက်မိ တာပါပဲ။ နည်းနည်းလေး ပြောစရာ ရှိတာက မိဘ သဘောမတူ ခဲ့တာလေးပါ။ မဟုတ်သေးဘူး၊ အဲဒါတော့ ထူးခြားတယ်။ သဘောမတူနိုင် ဖြစ်ရတာက ကျွန်တော့် မိဘဘက်။ ကြည့်ဦး၊ အေးအေးဦးရဲ့ မိဘတွေက မျိုးရိုးနဲ့ ချမ်းသာကြလို့ တဲ့။ စီးပွားရေးသမားတွေ မို့လား ဆိုတော့လည်း မဟုတ်ရှာပါဘူး။ မြန်မာ့ရိုးရာ ဆေးပေါ့လိပ် လုပ်ငန်းနဲ့ ချမ်းသာ ကြတာပါဗျာ။ ဆေးလိပ် ဆန့်ကျင်ရေး ဆိုတဲ့ ကမ္ဘာ့ ဆန္ဒပြပွဲကြီးလည်း အဲဒီအချိန်က မပေါ်ပေါက်သေးပါဘူး။ ပိုက်ဆံချမ်းသာသူ မှန်သမျှကို ကုပ်သွေးစုပ် အရင်းရှင် ဆိုပြီး အုတ်အော်သောင်းတင်း ခေတ်စားနေတဲ့ ကာလလည်း လွန်မြောက်ခဲ့ ပါပြီ။ 

ကျွန်တော့် မိဘရဲ့ အကြောင်းပြချက်က ကျွန်တော်က စာရေးဆရာမို့ … ကျွန်တော့် အိမ်ထောင်ဖက် အသိုင်းအဝိုင်းကြောင့် ကျွန်တော့် အနုပညာတွေ လျော့ပါး ပွန်းပဲ့ကုန်မှာ စိုးလို့တဲ့လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ အေးအေးဦး တစ်အိုးတစ်အိမ် ထူထောင် နိုင်ခဲ့ကြပါတယ်။ နှစ်ဖက်မိဘ ပြဿနာလည်း မပေါ်ခဲ့ပါဘူး။ ပြီးတော့ အိမ်ထောင်ရေး ကိစ္စတွေမှာ အရှုပ်အရှင်း မရှိ သာယာသမှ သားလေး နှစ်ယောက်တောင် အမြွှာပူး ထွန်းကားခဲ့လေရဲ့။ 

ဒါပေမဲ့ ကျွန်တော် စကားခံ ခဲ့တယ်နော်။ 

အေးအေးဦးဟာ ကျွန်တော့် အချစ်ဦး မဟုတ်ဘူးလို့။ ကျွန်တော်ဟာလည်း သူ့အချစ်ဦး မဟုတ်ဘူး ဆိုတာ သူ ရှက်ရှက်နဲ့ ဝန်ခံဖူးပါတယ်။ 
 
* * *
 
၂။ 

“ဟေ့ကောင် သစ်ပုပ်ပင်၊ နီမ လင်ယူတော့မယ်ကွ” 
“မင့် ဘယ်သူ ပြောလဲ” 
“သူကိုယ်တိုင် ပြောတာ” 
“ငါ့ပြောတုန်းကတော့ တစ်သက်လုံး အိမ်ထောင်မပြုဘူးဆို” 
“အေပေး၊ ဒီစကား မှတ်ထားတယ်ပေါ့” 
“အချစ်ဦးရဲ့ … နောက်ဆုံး မုန်းစကားကိုးကွ” 

ဒီစကားတွေ အချီအချ ပြောနေကြတာက လမ်းဆုံဆိုတဲ့ စားသောက်ဆိုင် မှာပါ။ သစ်ပုပ်ပင် ဆိုတာ ကျွန်တော့်ကို သူငယ်ချင်းတွေက ပေးထားတဲ့ နာမည်ပြောင်၊ တက္ကသိုလ် ရောက်စတုန်းက သစ်ပုပ်ပင်ကြီး အောက်မှာပဲ အမြဲတမ်း ထိုင်ပြီး ကဗျာတွေ ရေးခဲ့လို့။ 

နီမ ကတော့ ကျွန်တော့် အချစ်ဦးပေါ့။ ကျွန်တော်တို့ ချစ်သူ မဖြစ်တဖြစ် အချိန်ကတည်းက သူ့ကိုစရင် လက်မောင်းကို အမြဲတမ်း ကိုက်တတ်လို့ ကျွန်တော်က ပေးထားတဲ့ ချစ်စနိုး နာမည်။ အချစ်ဦးရဲ့ နောက်ဆုံး စကားလို့ သုံးလိုက်ရတာက သူနဲ့ ကျွန်တော် လမ်းခွဲတော့ သူက ပြောခဲ့တဲ့ ငါတစ်သက်လုံး လင်မယူဘူး ဆိုတဲ့ လွမ်းကတိ။ 

“ရော့ ဒီမယ်၊ ဖိတ်စာ၊ မင့်အိမ်ကို လာပေးမလို့ ပဲ မျက်နှာပူလို့” 
“အောင်မာ- မင်းနဲ့ ဘာဆိုင်လို့ မျက်နှာ ပူရတာလဲ” 
“မင့်မိန်းမ ရှေ့မှာ ဖိတ်စာ မပေးချင်ဘူးလေ” 
“သူက ဘာလို့ ကိုယ်တိုင် လာမဖိတ်တာလဲကွ” 
“မျက်နှာပူလို့ နေမှာပေါ့။ ရှက်လည်း ရှက်နေလားမှ မသိတာ” 
“ကောင်မ … ဗိုက်ပူ ရတော့မှာတော့ မရှက်ဘူးလား” 

အပြောင်အပြက် သဘော ရယ်စရာ မောစရာလို ပြောလိုက် ရပေမယ့် စိတ်ထဲ တစ်ခုခု ဖြစ်သွားတာတော့ သေချာပါတယ်။ 

သင်းကိုယ်တိုင် လာဖိတ်တော့ ဘာဖြစ်သွားမှာ မို့လို့လဲ။ အေးအေးဦးက နားလည်မှု ရှိပါတယ်ဗျာ။ ပြီးတော့ နီမဟာ ကျွန်တော့်ရဲ့ အချစ်ဦး ဆိုတာ အေးအေးဦး သိထားပေမယ့် အဲသလို ကျွန်တော်က အေးအေးဦးကို ဖွင့်ပြောထားတယ် ဆိုတာ နီမက သိတာမှ မဟုတ်ဘဲ။ တစ်ခုတော့ ရှိတာပေါ့လေ။ သူပြောခဲ့တယ် မဟုတ်လား။ ငါတစ်သက်လုံး လင်မယူဘူးလို့။ ဒါပေမဲ့ပေါ့လေ၊ ကျွန်တော့် မင်္ဂလာဆောင် သူ မလာဘူး။
 
* * *
 
စားသောက်ဆိုင်က ပြန်တော့ ဒီကိစ္စက ပေါ့ပေါ့ပါးပါး ဖြစ်သွားပါပြီ။ စားသောက်ဆိုင် ဆိုကတည်းက ယမကာလေး ကလည်း ပါလိုက်သေး မဟုတ်လား။ နီမ ကိစ္စဟာ ပေါ့ပါးရုံတင် မကဘူး။ လှပ်လှပ်ကလေး ဖြစ်သွားတော့ တာပါပဲ။ လှပ်လှပ်ကလေး ဖြစ်သွားတဲ့ အခါ လူတွေဟာ ရယ်စရာ မောစရာလို သဘောထား တတ်ကြပါတယ်။ 

“ဟေ့ကောင် … ငါ့စိတ်ထဲ ကဗျာတစ်ပုဒ် ပေါ်လာတယ်ကွ” 
“ဒါဆို သစ်ပုပ်ပင်အောက် သွားကြရအောင်လေ” 
“အေး … ဒါပေမဲ့ ညဉ့်နက်နေလို့ ပေါ့ကွာ၊ ငယ်ကလိုဆို သွားပြီး ကဗျာစပ်မိမယ်” 
“ဆိုပါဦး၊ မင့် ကဗျောင်” 
“ချစ်ဖူးလို့ ချစ်ဦးသူ ဖြစ်ခဲ့ …။ ဒါပေမဲ့ သူ့မင်္ဂလာပွဲဟာ ငါ့အတွက် မျက်ရည်တစ်စက် ထွက်ကျသွားတဲ့ အသုဘ” 
“ဟ … မင့်ဟာက ကဗျောင် အဆင့်တောင် မရှိဘူး၊ ကဗျွတ်ပဲ။ ဟား … ဟား … ဟား …” 
“ဟား … ဟား … ဟား …” 

* * *
 
အရက်ရဲ့ သဘောက သွေးဆူတယ်လို့ ယေဘုယျ သတ်မှတ်ကြပေမယ့် တကယ်တော့ သွေးအေး သွားတာပါ။ ရေခဲဟာ အပူဓာတ်လို့ ဗိန္ဒောဆရာတွေ ပြောတယ် မဟုတ်လား။ ဒီသဘောပဲ။ လူဆိုတာ သွေးအေးရင် အမှတ်သညာ ကြီးတတ်တယ်။ အထူးသဖြင့် အရက်မူးလို့ သွေးအေးသွားရင် အသေးအဖွဲလေးတွေကို မှတ်မိတတ်တယ်။ မှတ်ထားတတ်တယ်။ ခုလည်း ကြည့်။ 

အိမ်ပြန်ရောက်တော့ … 

နီမရဲ့ ဖိတ်စာကို ကျွန်တော့်တိုက်ပုံ အတွင်းအိတ်ထဲက ဘာကြောင့် ဆွဲမထုတ်ဘဲ ဝှက်ထားမိ လိုက်ပြန်ပါလိမ့်။ 
 
* * *
 
၃။ 

“ဒီနေ့ မင်္ဂလာဆောင် သွားမှာ မဟုတ်လား” 

အေးအေးဦးရဲ့ အသံက သမားရိုးကျလေးပါ။ နည်းနည်းပါးပါး စချင် နောက်ချင်သယောင် လေးတော့ ပါတာပေါ့လေ။ 

“ဪ … ဟုတ်သားပဲ၊ ကို မေ့နေတယ်” 

ကျွန်တော် တကယ်လည်း မေ့လျော့ နေခဲ့တာပါ။ မေ့ချင်ဟန် ဆောင်ရင်းက တကယ် မေ့သွားတာလည်း ပါတာပေါ့လေ။ 

“လိုက္ခဲ့ရဦးမလား” 

မနာလို တိုရှည် သလိုလေး ရှက်နေသလားပဲ။ အေးအေးဦး အမေးက အနာဟောင်းကို ဆွချင် သလိုလိုနဲ့။ 

“ဟ … မင်္ဂလာဆောင် ဆိုမှ လင်မယားစုံတွဲ သွားမှပေါ့၊ မင့်စကားက ဘာလဲ” 

နည်းနည်း ဒေါသသံပါ ပါသွားမိတယ် ထင်တာပဲ။ ကျွန်တော့် အဖြေက အနာပေါ် တုတ်ကျ လာလေမလား စိုးရိမ် သလိုလိုနဲ့။ 

“ဟုတ်တာပေါ့လေ၊ ပိုပြီး လိုက်သင့်တာပေါ့” 

ဒါတော့ သူ့ တကယ် စိတ်ရင်းနဲ့ လူကြီးဆန်ဆန် ပြောတာပါ။ 

“မင့် … စော်ဘွားကြီး မင်္ဂလာဆောင်ရင်လည်း ကို လိုက်မှာပါ” 

ဒါလည်း တကယ်ပဲ ရိုးရိုးသားသား ကျွန်တော် ပြောလိုက်တာပါ။ စော်ဘွားကြီး ဆိုတာက အေးအေးဦးရဲ့ အချစ်ဦး။ ကျွန်တော်တို့ ပေးထားတဲ့ နာမည်ပြောင်။ သူက ရှမ်းအမျိုးသား။ သူလည်း ကနေ့ထိ လူပျိုကြီး။ 

ကျွန်တော်နဲ့ အေးအေးဦး လတ်လတ်ဆတ်ဆတ် ရယ်မောလိုက်မိ ကြလေရဲ့။ သန့်ရှင်းတဲ့ အပြုံးကိုယ်စီနဲ့ ပေါ့လေ။ ထူးခြားတာလေး တစ်ခုပဲ ရှိတယ်။ 

အေးအေးဦးက ကျွန်တော့် နားသယ်စပ်က ဆံပင်စလေးတွေ ဆွဲပြီး - 

“တော်တော် အမှတ်သညာ ကြီးတယ်” တဲ့။ 
 
* * *
 
ကိုင်း- ဒီဝတ္ထု စစချင်း ကျွန်တော် ပြောခဲ့တဲ့ “ဪ … တိုက်တိုက်ဆိုင်ဆိုင်တွေများ ပြောပါတယ်” ဆိုတဲ့ စကားလေး ခုချိန်မှာ ပြန်ဆက်ကြရအောင်။ 

ဒီလိုပါ၊ ကျွန်တော်တို့ လင်မယား မင်္ဂလာဆောင် သွားဖို့ အဝတ်အစား လဲနေတုန်း တယ်လီဖုန်း မြည်လာပါတယ်။ ကျွန်တော်က ယောက်ျားသား ဆိုတော့ အဝတ်လဲရင်း တန်းလန်းပဲ ဖုန်းပြေး ကိုင်ရတာပေါ့။ 

“အေးအေးဦး ရှိလား” တဲ့။ 

မိန်းမသံ။ 

“ရှိပါတယ်။ ခဏလေး ကိုင်ထားပါ၊ အဝတ်လဲရင်းမို့ပါ” ပြောတော့ - 

“နေပါစေ ကိုရဲလွင်၊ ဟို … ကျွန်မတို့ သူငယ်ချင်း စော်ဘွားကြီး တစ်နေ့က ရုတ်တရက် ဆုံးသွားတယ်။ အဲဒါ သူ လိုက်မယ်ဆိုရင် ကျွန်မ ခဏနေတော့ လာခေါ်မယ်။ ဒီနေ့ ဆယ့်နှစ်နာရီ သင်္ဂြိုဟ်မယ်” တဲ့။ 

ကျွန်တော့်မှာ “ဟာဗျာ” ဆိုတဲ့ ဝမ်းပန်းတနည်းကြီး ထွက်သွားရတယ်။ စောစောကတင် “သူ မင်္ဂလာဆောင်ရင်” လို့ အေးအေးဦးကို နောက်ခဲ့သေးတာ မဟုတ်လား။ ဒါကြောင့် - 

“လာသာ ခေါ်ပါဗျာ၊ သူ လိုက်ကို လိုက်ပို့ရမှာပေါ့။ ကျွန်တော့်တော့ ခွင့်လွှတ်ပါ၊ ခုပဲ မင်္ဂလာဆောင် သွားရတော့မှာမို့” 
လို့ ပြောလိုက်ရတယ်။ 

တကယ်ကိုပဲ တော်တော် စိတ်မကောင်းခြင်း ကြီးစွာနဲ့ အေးအေးဦးကို ပြောပြလိုက်တော့ ခမျာ ငိုက်ခနဲ ဖြစ်သွားရှာတယ်။ တပ်လက်စ အင်္ကျီကြယ်သီး ပြန်ပြုတ်သွားတယ်။ မှန်ကိုကြည့်ပြီး တွေတွေကြီး ဖြစ်သွားတယ်။ ကျွန်တော် အေးအေးဦးရဲ့ ပခုံးကလေးကို ကိုင်ပြီး ယုယပေးလိုက် ရတယ်။ ဒါပေမဲ့ သူ မျက်ရည် မကျတော့ပါဘူး။ သက်ပြင်းရှည်ကြီးပဲ ချတယ်။ 

“ဖြစ်မှ ဖြစ်ရတယ်ကွာ”  
“ဘယ်တတ်နိုင်မလဲ ကိုရယ်၊ ကံတရားပေါ့” 
 
* * *
 
၄။ 

အိမ်ကနေ မော်တော်ကား နှစ်စီး တစ်ပြိုင်တည်း ထွက်ခဲ့ကြတယ်။ ကျွန်တော်က အင်းလျားလိပ် ဟိုတယ်ဘက်ဆီ ဦးတည်လိုက်တော့ အေးအေးဦးနဲ့ သူ့သူငယ်ချင်း ကားက ရေဝေးသုဿာန် ဘက်ကို ကွေ့သွားလေရဲ့။ 

နီမရဲ့ မင်္ဂလာဆောင် ကလည်း သွားနေကျ မင်္ဂလာဆောင်တွေ လိုပါပဲ။ သိပ်ပြီး ထူးထူးခြား ခြား မဟုတ်ပါဘူး။ သူငယ်ချင်းတွေ ပြန်ဆုံကြလို့ ရယ်မောပျော်ရွှင် တာလောက်၊ အပြောင်အပြက် စကားတွေ ပြောဖြစ်ကြတာ လောက်ပဲ ကြည်နူးစရာ ကောင်းခဲ့တာပါ။ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော် ထိုင်နေတဲ့ ဝိုင်းက သတို့သား၊ သတို့သမီးတို့ ပွဲထုတ်တဲ့ မင်းလမ်းနဲ့ ကပ်ရက်မှာ။ ကျွန်တော့် ကုလားထိုင်ကလည်း သူတို့ဘက် မျက်နှာချင်းဆိုင် ဆိုတော့ မကြည့်မဖြစ် ကြည့်နေမိတဲ့ ကြားကပဲ မျက်နှာပိုး သတ်ရတာ ခက်နေပါရဲ့။ 

နီမခမျာမှာလည်း ဘယ့်နှယ်က ဘယ့်နှယ် သတို့သမီး မျက်လွှာ ချထားရာက ကျွန်တော့်နား ရောက်မှ မျက်လုံးတစ်ချက် ဝေ့အကြည့်မှာ ကျွန်တော့်ကို မြင်သွားတယ်။ ချက်ချင်း အကြည့်တွေကို လွှဲလိုက်ရပေမယ့် တစ်ချက်တော့ ရင်ခုန်သွားမိသား။ တစ်မျိုးကြီးပေါ့လေ။ 

အင်း … မနာလိုတိုရှည် ဖြစ်သွားတာမျိုးလို့ ပြောရ ကောင်းမလား။ စဉ်းစားချင် စဉ်းစား နိုင်ပါတယ်ဗျ။ 

နီမကကောတဲ့။ သိဘူးလေ။ သူ့အကြည့်ကလည်း လွှဲသွားပြီကိုး။ ကျွန်တော့် အကြည့်ကလည်း သူတို့ စုံတွဲရဲ့ ချိတ်ထားတဲ့ လက်တွေဆီကို ရောက်နေပြီကိုး။ အင်း … အဲဒီ ချိတ်ထားတဲ့ လက်နှစ်ဖက် ပိုပြီး တင်းသွားသလား လို့တော့ ထင်တာပါပဲလေ။ 
 
* * *
 
အဲဒီ တဒင်္ဂလေးမှာ ကျွန်တော့်စိတ်က ဖျတ်ခနဲ ရေဝေး သုဿာန်ဆီ ရောက်သွားတယ်။ ဒီမှာ ပျော်ရွှင်ရယ်မော နေကြချိန်မှာ ဟိုမှာတော့ ငိုယိုပူဆွေး နေကြမှာ အမှန်ပဲ။ အေးအေးဦးဟာ မျက်ရည်လွယ်တဲ့ မိန်းမတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ ငိုမှာ သေချာပါတယ်။ ဟုတ်တယ်လေ။ မင်္ဂလာဆောင် ဆိုတာ ရယ်ကို ရယ်ရမယ့် နေရာ။ သုဿာန်ဆိုတာ ငိုကို ငိုရမယ့် နေရာ ဟုတ်လား။ 

တစ်ခုတော့ ရှိတယ်။ သတို့သား၊ သတို့သမီး လက်ချင်းချိတ်ပြီး ကျွန်တော့် အနားက ဖြတ်ချိန်မှာ ကျွန်တော် ရင်တစ်ချက် ခုန်သွားသလို စော်ဘွားကြီးရဲ့ အလောင်း မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်တဲ့ အချိန်၊ သံတံခါးကြီး ဂျိန်းခနဲ ပိတ်လိုက်ချိန်မှာတော့ အေးအေးဦး မျက်ရည်တစ်စက် ထွက်ကျသွားမှာ သေချာပါတယ်။ ဒါလည်း သဘာဝတရားပဲ။ အေးအေးဦး မျက်ရည်ကျချင် ကျပါစေ။ အို … တစက်တလေပဲဟာ။ 

----------
သုမောင်