ဦးချစ်ဆိုင်၊ တောင်ငူကင်တင်း တို့ကို ဖြတ်၍ ရာမညဆောင် ရှေ့တံခါးပေါက်လေးမှ ထွက်လိုက်လျှင် ယာဉ်ရှုပ်ထွေးသော လမ်းခွဲကို ဖြတ်ကျော်ကာ ဆူညံ စည်ကားလှသည့် လှည်းတန်းဈေးကို ရောက်ရလေသည်။ မောင်က မေချို၏ လက်ကို မလွှတ်ပေ။ ဝါသော၊ နီသော၊ စိမ်းသော မီးတို့ကို မျှော်ကြည့်ရင်း ဝဲယာရှေ့နောက် ရှုပ်ထွေးလှသော ကားတွေကြားမှ ဆွဲခေါ်ခဲ့၏။ 

လှည်းတန်းဘက် ပလက်ဖောင်းပေါ် ခြေချမိသည်နှင့် ကော်ပိုရေးရှင်းနိုင်းမှာ ခွဲတမ်းနှင့် ရသော စာအုပ် ထုတ်စရာ ရှိတာ ထုတ်ကြမည်။ အဖြူနှင့် အပြာ တစ်ခါသုံး ဘောလ်ပင်လေးတွေ၊ မြဝတီ ဘောလ်ပင်လေးတွေ ဝယ်မည်။ ပြီးလျှင်တော့ သက်ငယ်မိုးလေး ရှေ့ထွက်၍ မိုးထားသော အတွင်းဘက်က ခပ်မှောင်မှောင် စာအုပ်ဆိုင်လေးမှာ စာအုပ် အသစ်လေးတွေ ထွက်မထွက် ဝင်ကြည့်မည်။ လဆန်းရက် ဆိုလျှင်တော့ လစဉ် ဝယ်ယူနေကျ ရှုမဝကို မောင်ကလည်း တစ်အုပ်၊ မေချိုကလည်း တစ်အုပ် အတူဝယ်ယူ ကြမည်။ ဆိုင်ရှေ့မှာပင် မာတိကာကို ပြိုင်တူကြည့်ရင်း မအိ ပါတယ်၊ ကျော်စိန်မင်း ပါတယ်၊၊ မိုးငြိမ်းအေး ပါတယ်၊ မောင်သိက္ခာ ပါတယ်ဟု အလုအယက် ဆိုကြဦးမည်။ 

စာအုပ်ဆိုင်ကို လွန်တော့ လမ်းပေါ်တွင် ဖြန့်ခင်းထားသော နှီး၊ ဆန်ခါတောင်း ဆိုင်များ၊ ဒန်အိုး၊ ဒန်ခွက် ဆိုင်များကို ကျော်ဖြတ်၍ မေချို စားချင်သော ဆီချက်ဆိုင်သို့ ရောက်ရ၏။ မောင်က ဆီချက်နှစ်ပွဲ လှမ်းမှာ လိုက်သည်။ ဆီချက်နှစ်ပွဲ လာချချိန် မှာတော့ ဆီချက်ဆိုင်နှင့် ကပ်လျက် လက်ဖက်ရည် ဆိုင်မှ လက်ဖက်ရည် တစ်ခွက်ကိုလည်း မှာဦးမည်။ ပြီးလျှင်တော့ မေချိုရှေ့မှ ဆီချက် ပန်းကန်ကို ယူမည်။ တူတစ်စုံကို လက်သုတ်ပဝါနှင့် သုတ်ပြီး ဆီချက်ဖတ်၊ အသားဖတ်၊ ခေါက်ဆွဲဖတ်တို့ကို မွသွားအောင် ထိုးဆွ မွှေနှောက် ပေးလိမ့်မည်။ နူးရွသော ခေါက်ဆွဲဖတ်လေး တွေမှာ မောင့် 'တူ' တစ်စုံ အောက်တွင် အလိုက်သင့် လိုက်ပါ နေကြ၏။ တူကိုင် ကျွမ်းကျင်သော မောင့်ကြောင့် ငရုတ်ကောင်းမှုန့်၊ အချိုမှုန့်၊ ပဲငံပြာရည် တို့သည် နှံ့နှံ့စပ်စပ် ရှိကာ ဆိုင်ရှင် ထည့်ပေးသည်ထက် အစပ်အဟပ် ပိုတည့်သွား လေသည်။ 

မောင်က ပန်းကန်လုံး အနားပေါ်တွင် တင်ကျန်ရစ်သော ခေါက်ဆွဲဖတ်များကို တူဖြင့် လှပစွာ သိမ်းဆည်းပြီး မေချို ရှေ့သို့ ချပေးလိုက်၏၊ အစိမ်းရောင် (သို့မဟုတ်) အပြာရောင် ဆေးသုတ်ထားသော သံဇွန်းတွေ ထဲမှာ အနားကို လက်နှင့် ပွတ်သပ်၍ ရွေးချယ်ပြီး ရေနွေးကြမ်း ပူပူလေးဖြင့် ဆေးလိုက်ကာ ခေါက်ဆွဲ ပန်းကန်တွင် တပ်ပေးလျက် “စားတော့” ဟု မောင်က အမိန့်ချမှပဲ မေချို စားခွင့် ရလေသည်။ 

မေချိုက တူ မကိုင်တတ်။ ဇွန်းဖြင့် ခေါက်ဆွဲကို နယ်ဖတ် ရသည်မှာ ဟန်မကျ၊ ကြင်နာမှုဖြင့် ပြည့်စွက်ထားသော မောင့် 'လက်' အစုံကြောင့်လည်း ဆီချက်မှာ ပို၍ ချိုမြိန်၏။ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး ဘာတစ်ခုမှ မကြိုက်တတ်သော မေချို့အတွက် မောင် ထည့်ပေးသော ရေနွေးကြမ်းက အအီကို ဖြေ၍ ရင်ကို အေးစေ၏။ ကြွေပန်းကန်လုံး ထူထူကြီးတွေ ကြားမှာ အနား ချောမွတ်သည့် အလုံးမျိုးကိုမှ မောင်က ရွေးပေးသေးသည်။ 

ထို အဖြစ်အပျက် အားလုံးသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က ဖြစ်လေသည်။ 

* * *

တက္ကသီလာ မြကျွန်းသာတွင် ဆုံတွေ့ခဲ့ရသော မောင်နှင့် မေချိုတို့၏ အချစ်ဇာတ်လမ်းသည် “တစ်ဦးနှင့် တစ်ဦး မိတ်ဆွေ အပေါင်းအသင်း ဖြစ်သွားကြတာတွေ၊ စိတ်အနေ ပြောင်းရင်း ချစ်သွားကြတာတွေ၊ ဒါတွေ တကယ်တော့ မဆန်းပေ” ဆိုသော ချိုပြုံး၏ တက္ကသိုလ်ကျောင်းက ငွေလမင်း ထဲက အတိုင်းပင် ဖြစ်ပါသည်။ သို့သော် သီချင်းထဲက လိုတော့ မေချို၏ ငွေလမင်းသည် မပျောက်ဆုံးခဲ့ရှာ။ 

နီးစပ်မှုကြောင့် ပေါက်ဖွားရသော အချစ် ဆိုလျှင်တော့ မောင်နှင့် မေချိုတို့၏ နှလုံးသားချင်း နီးစပ်မှုက လူချင်း နီးစပ်မှုထက် ပို၍ အဓိက ကျလေသည်။ 

ပြီးတော့ ထိုနေရာသည် ဆေးစက်တို့နှင့် အရုပ် ထင်ရာတည်း ...။ 

မောင်နှင့် မေချိုတို့၏ အဝန်းအဝိုင်း ကလေးသည် စာ၊ ကဗျာ၊ အနုပညာ ခံစားမှုတို့ဖြင့် လန်းဆတ်နေ၏။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ အနားပဲ့ကြွေနေသော စာအုပ်ဟောင်းလေး တွေနှင့် မေချိုတို့၏ တက္ကသိုလ် ဘဝသည် အဓိပ္ပါယ် ပြည့်လျှံလျက်။ အလွတ်ရအောင် ကျက်ထားသော စာတွေ၊ ကဗျာတွေ ရွတ်ပြကြ၏။ စာအုပ်ထဲမှာ လိုင်းတွေ သားကြ၏။ စာအုပ်တွေ ငှားပြီး ပြန်မပေးကြ။ လစ်လျှင် ခိုးထားကြ၊ နှစ်သက်သော စာတွေ တွေ့လျှင် ဆုတ်ဖြဲ သိမ်းဆည်း၊ ဘယ်လိုမှ အခွင့်လည်း မသာ စိတ်လည်း ကောင်းကြလျှင်တော့ လက်ရေးနှင့် ကူး။ မေချိုတို့ အားလုံး၏ နှလုံးသားများသည် စာလုံးတွေပေါ်တွင် လိပ်ပြာလေးတွေလို ပျံဝဲလျက်။ လိပ်ပြာနှင့် တူသော လိပ်ပြာလေးများဟု မေချိုက တင်စားခဲ့တော့ အားလုံးက ထောက်ခံကြသည်။ 

အတန်းမှန်မှန် မတက်ကြ သော်လည်း ကိုအောင်ရင်၊ ဂျပ်ဆင်၊ ဦးချစ်ဆိုင်တို့တွင် မေချိုတို့ လိပ်ပြာတစ်သိုက် အတန်းမှန်မြဲ။ မဂ္ဂဇင်းတိုက်တွေကို ကဗျာတွေ၊ ဝတ္ထုတွေ ပို့ကြ၏။ တစ်ယောက်မျှတော့ ပါမလာကြ။ ဒါလည်း ပျော်နေကြ သည်ပဲ။

နောက်ပိုင်းမှာတော့ မောင်က ရှုမဝကို မဝယ်တော့ပေ။ မောင်တို့ အတူနေတဲ့ အခါ ရှုမဝတွေ နှစ်အုပ် ဖြစ်နေမှာပေါ့ တဲ့။ 

ထို အခြေအနေမျိုးမှာ မောင်နှင့် မေချို လျှို့ဝှက်စွာ ခွဲထွက်ကာ လှည်းတန်း ရောက်ကြ၏။ ဂုဏ်နှင့် ပပဝင်းကို ခိုးလစ်ရ၏။ မြေနီကုန်းနှင့် ပန်းဆိုးတန်း တွေမှာ စာအုပ်ဟောင်းတွေ သွားမွှေကြပြီး ဝယ်ဖြစ်သော စာအုပ်မှာ “မောင်နှင့်မေချို” ဟု လက်မှတ်ကိုယ်စီ ထိုးထားကြ၏။ မောင့် သူငယ်ချင်းတွေ ဖြစ်သော ကိုသိန်းလွင်၊ ကိုဌေး၊ ကိုအေးတို့ အတွက် မိုးဝေ အဟောင်းလေးတွေ ရှာပေးရ၏။ 

“နင်တို့ လစ်သွားတာ ငါ မသိဘူး ထင်နေလား” 

ကိုဌေးက မျက်နှာ စူပုပ်၍ မကျေနပ်စကား ဆိုလျှင် - 

“ဒီမှာ မန်းတင်ရဲ့ပထမအရွယ် ရလာတယ်။ ကိုဌေး ရှာနေတာ မဟုတ်လား။ ဒါက ဝိုင်း ရှာနေတဲ့ ကမ္ဘောဇ နေဝင်ဘုရင်များ ...” 

သည်လို မျက်နှာချိုသွေး လိုက်လျှင် သူတို့ မျက်နှာသည် ရုတ်ခြည်း လင်းလက်ကာ အရောင်ပြောင်း သွားမြဲ။ 

ကျောင်းပြီးသွားတော့ အားလုံး တဖြည်းဖြည်း ဝေးကွာ သွားကြရသည်။ မဆုတ်နစ်သော လုံ့လရှိသည့် ကိုဌေး၏ စာတွေ၊ မဂ္ဂဇင်းတွေ စာမျက်နှာတွေ ပေါ်မှာ ကျိုးတိုးကျဲတဲ တွေ့လာရ၏။ 

“ကိုဌေးက အာ့တ် ရှိတယ်” 

မေချိုတို့ ဝမ်းမြောက်ခဲ့ရ၏။ ကိုဌေးစာတွေ စောင့်ဖတ်ရင်း ကံ့ကော်တောကို မောင်ရော မေချိုပါ လွမ်းဆွတ် နေခဲ့မြဲ ဖြစ်ပါသည်။ 

* * * 

ခုတော့ အရာရာသည် ပြောင်းလဲ သွားကြပေပြီ။ လှည်းတန်းသည် ဟိုယခင် လှည်းတန်း မဟုတ်တော့။ သက်ငယ်မိုးလေး အပြင်ထုတ်ထားသော စာအုပ်ဆိုင်လေးလည်း ရှိ မရှိ မသိတော့ပေ။ မရောက်တာ ကြာလျှင် မေချိုသည် လှည်းတန်းမှာပင် မျက်စိလည်ချင် လည်နေတတ် သေးသည်။ အဆောက်အအုံတွေ ကြားမှာ ဆီချက်ဆိုင် ကိုလည်း မရှာဖြစ်ခဲ့တော့။ ယခင်က သစ်သီးတန်းတွေ ကိုတော့ တွေ့နေရသေးသည်။ နှီးတောင်း၊ ဆန်ခါတွေ ရောင်းသော နေရာမှာ ပလတ်စတစ် ပစ္စည်းတွေက ရောင်စုံ တောက်ပ၍ ရှိသည်။ ဒန်အိုး၊ ဒန်ခွက်တို့ အစား စတီးလ်ပစ္စည်း အမျိုးမျိုးက ဖိတ်လက်နေသည်။ 

လှည်းတန်းဈေးကို မေချို မသွားဖြစ် သလောက် ရှိ၏။ မေချိုတို့ နေသော ရန်ကင်းနှင့် လှည်းတန်းသည် အလိုလို ဝေးကွာသွား၏။ နေ့စဉ် ဈေးဝယ်ဖို့မှာ ရန်ကင်းဈေး ဒါမှမဟုတ် ဂွတ္တလစ်ဈေး။ စတိုးဆိုင်တွေ ကလည်း နေရာ အနှံ့။ ဧရာမ ဆိုင်ကြီးတွေ ကုန်တိုက်ကြီးတွေမှာ ဈေးဝယ်ရသည် ကိုလည်း သဘောကျ၏။ ယုဇနတို့၊ စီးတီးမတ်တို့၊ ဂျမ်းရှင်းအိတ်တို့ အပ်ကစလို့ ဒုံးပျံအထိပင် ရနိုင်အံ့ဟု မေချို ထင်၏။ 

လှည်းတန်းဈေးကို မရောက်ရခြင်းမှာ လမ်းမသင့်သည် ကလည်း တစ်ကြောင်း ဖြစ်လေသည်။ တစ်နေ့ တစ်နေ့ အပြင်ထွက်လျှင် လမ်းကြောင်းကို ရွေးရ၏။ မိုးလင်းလျှင် သားတို့ကို ကျောင်းပို့ဖို့နှင့် မောင် အလုပ်သွားဖို့က အဓိက ဖြစ်၏။ သားတို့နေသော ကမာရွတ် (၂) နှင့် မောင့်အလုပ် ရှိရာ ဘုရင့်နောင် ပွဲရုံများ ဘက်သည် သီးခြားစီ ဖြစ်နေသည်။ သားတို့ကို ကျောင်းပို့၊ မောင် အလုပ်သွား၊ သားတို့ကို ပြန်ကြို၊ ကျူရှင်တွေ ပို့နှင့် ကားသည် အားရသည် မရှိ။ ကျောင်းပိတ်ပြန် တော့လည်း အမ်သရီး သွားချင်သူနှင့်၊ ရှမ်းကန်မှာ ဒင်းဆမ်း စားချင်သူနှင့် မြကျွန်းသာ လည်ချင် ပြန်တာနှင့်။ မေချိုသာ မိတ်ဆွေတွေနှင့် ဝေး၍ သွားရ၏။ သာရေး နာရေးမှသာ ဆုံရ၏။ လှည်းတန်းဈေး ကားဦးပင် မလှည့်ဖြစ်တော့။ ကားပါကင် ခက်သော လှည်းတန်းကိုလည်း မေချိုကိုယ်တိုင် ရှောင်လွှဲနေမိသည်။ 

သို့သော် အခါများစွာ မှာတော့ လှည်းတန်းဈေးကို မေချို တမ်းတမိမြဲ ဖြစ်ပါသည်။ 

ရောက်ရှိလာသော အသက်အရွယ်နှင့် အခြေအနေ အရ ဆေးရေး ပါတိတ်တွေ၊ ဓားကြီးတွေ၊ မာဘယ်လ်တွေ တစ်စုံစာ လေးငါးထောင် ကုန်ကျရလျှင် ဟိုတစ်ချိန်က တစ်ကိုက်လျှင် ဆယ့်ငါးကျပ်လောက်သာ ရှိသော တက်ထရွန်ပွင့်ရိုက် ကလေးတွေ ဝတ်ခဲ့ရသော တက္ကသိုလ်ကျောင်းသူ ဘဝသည် ပကာသန မလိုဘဲ အေးချမ်းလှပါဘိခြင်း။ 

ပိတ်စဝယ်လျှင် မေချိုက ပိန်သေးသေးမို့ တစ်ကိုက်ပင် ဝယ်စရာ မလိုပါ။ တစ်ကိုက် မိုက်လျော့လောက် ဝယ်ကာ ရင်စေ့ လက်တိုလေး ချုပ်လိုက်လျှင် ချုပ်ခက ရှစ်ကျပ်၊ တစ်ဆယ်မို့ ငွေအစိတ်ခန့်နှင့် အင်္ကျီတစ်ထည် ရပြီး ဆယ်ထည်မျှ ရှိလျှင် လုံလောက်သော လေယာဉ်မောင် ပြောင်လေးတွေနှင့် တွဲဖက်၍ ဝတ်ပါက ရှင်း၍ ပေါ်လွင် နေပေသေးသည်။ 

ကုန်သွယ်ရေး ဘောလ်ပင်တွေ ကလည်း တစ်ချောင်း တစ်ကျပ်လောက်သာ ဖြစ်၍ တစ်ဒါဇင်လောက် ဝယ်ထားလိုက်လျှင် သုံးပါလေ့။ လှည်းဘီးဖိနပ် တစ်ရန်မှ ဆယ့်နှစ်ကျပ် ဆိုပြန်တော့ မေချိုက သုံးရံ ပြိုင်တူဝယ်ကာ လှည့်ပတ် စီးနေသော် တော်တော်နှင့် မဟောင်းတော့ပေ။ တစ်ချိန်က မေချိုတို့ တစ်လစာ ကျောင်းစရိတ်သည် ယခု ကတ္တီပါ ဖိနပ် တစ်ရန်ဖိုးမျှသာ။ 

ထိုအခါတွေမှာ ငယ်ဘဝနှင့်အတူ လှည်းတန်းဈေးကို မေချို တမ်းတမိရ လေသည်။ လှည်းတန်းဈေး ကလည်း မေချိုတို့ ကျောင်းသူ ကျောင်းသားတွေကို အမာခံ ထားရသည် မဟုတ်လား။ ပစ္စည်းချင်း အတူတူ စကော့ဈေးလို မှာက ပို၍ ဈေးကြီး နေတတ်ပြီး တစ်ခါတစ်ရံ မဝယ်နိုင်ဘူး ထင်လျှင် ထုတ်ပင် မပြချင်ကြ။ မာန်မာန ကင်းစင်သော လူကို လူလို ဆက်ဆံတတ်သော လှည်းတန်းကို မေချို မမေ့နိုင်ပါ။ 

ထိုနှင့်အတူ လှည်းတန်းမှာ မောင်နှင့် မေချို စားနေကျ ဆီချက် ဆိုင်လေးသည် လည်းကောင်း၊ သွားနေကျ စာအုပ်ဆိုင်လေးသည် လည်းကောင်း မေချို့ အာရုံတွင် ပုံရိပ်ထင်ဆဲ ဖြစ်ပါသည်။ သတိရ လိုက်လျှင်တော့ စားခဲ့ရသမျှ ဆီချက်တွေထဲ မှာတော့ လှည်းတန်းမှာ မောင်ကျွေးခဲ့သော ဆီချက်သည်သာ အကောင်းဆုံးဟု မှတ်တမ်းတင် ထားမိပါသည်။ ရန်ကင်းတစ်ဝိုက် ကြေးအိုး၊ ဆီချက်တွေမှာ နာမည်ကြီးလှ သော်လည်း လှည်းတန်းကို မီသည် မထင်ချင်။ အထူးသဖြင့် တစ်နေ့လုံး နေ၍ စကားဆယ်ခွန်း ပြည့်အောင် မောင်နှင့် ပြောခွင့် မရသော အခါတွေမှာ ညအိပ်ရာဝင်ချိန် ရောက်တော့လည်း မောမောနှင့် မောင် အိပ်ပျော်သွားသော အခါတွေမှာ ဝေးကွာသွားသော လှည်းတန်းဈေးကို လည်းကောင်း၊ တစ်အိမ်တည်းမှာ အတူ နေရင်းလည်း ဝေးကွာ သွားရသော မောင့်ကို လည်းကောင်း မေချို အထီးကျန်စွာ လွမ်းဆွတ် နေမိပါသည်။ 

* * *

ပြောသာ ပြောရပေသည့် မေချိုတွင် လွမ်းဆွတ်ရမည့် အချိန်ကလည်း ကောင်းကောင်းရလှ သည်တော့ မဟုတ်ပါ။ 'ပညာခေတ်' တွင် မေချိုသည် သားတွေ ဝမ်းတူတင်းန် မဝင်မှာ အမြဲစိုးရိမ် နေရ၏။ သားတွေနှင့်အတူ တစ်တန်းပြီး တစ်တန်း လိုက်တက် နေရသည်။ သူတို့ ၇ တန်းဆို မေချို ၇ တန်း။ သူတို့ ၈ တန်းဆို မေချို ၈ တန်း။ 

အပြင်စာတွေက ဈေးကြီးလွန်းသဖြင့် အိမ်မှာ ဝလင်အောင် ကျွေးမွေး လိုက်ဖို့ကလည်း တကယ့်တာဝန်။ မောင်က မနက်စာ လွတ်တာ ခပ်များများမို့ မိုးလင်းလင်းချင်း ဟဲဗီး ဘရိတ်ခ်ဖတ်စ်က စီစဉ်ပေးရသည်။ သားတွေ အတွက်လည်း နံနက်စာ၊ နေ့လယ်စာ ကျောင်းက ပြန်လာလျှင်၊ ကျူရှင်က ပြန်လာလျှင် စားဖို့ တစ်ခုခု။ စာလာသင်သည့် ဆရာမ အတွက်လည်း ပါဦးမှ။ ညရောက်လျှင် နေ့လယ်စာ လွတ်ကာ လက်ဖက်ရည်နှင့် ပြီးထားသော မောင်က လေခံချင်ပြီမို့ ခေါက်ဆွဲ၊ ကြာဆံ ပူပူနွေးနွေး တစ်မျိုးမျိုး။ 

ဒါပေမဲ့ ခပ်များများတော့ ညစာတွေမှာ မောင်က သူ့မိတ်ဆွေတွေနှင့် ချိန်းရတာ များ၏။ မောင်က ချိန်းသည့်အခါ ချိန်း။ မောင့်မိတ်ဆွေတွေက ချိန်းသည့်အခါ ချိန်း။ ထိုအခါတွေမှာ မေချိုသည် ကလေးတွေ စာကျက်ကို စောင့်ရင်း မောင့်ကို စောင့်ရင်း ကြော်ငြာတွေ ကြားမှာ ပြတတ်သော တရုတ်ကားတွေကို စိတ်ပါပါ၊ မပါပါ ကြည့်နေရ၏။ ကလေးတွေ အိပ်လျှင်တော့ ငှါးထားသော အင်္ဂလိပ်ခွေတွေ ထိုးကြည့်ရင်း ဒါမှမဟုတ် စာအုပ်တွေညဖတ်ရင်း မောင့်ကို စောင့်ရလေသည်။ 

Step Mom လို ကားမျိုးကို ကြည့်ပြီး မေချို တစ်ယောက်တည်း တရှိုက်ရှိုက် ငိုကြွေး နေမိချိန်၊ မင်းသမီး နှစ်ယောက်၏ ပညာစွမ်းတွေနှင့် အနုပညာဆိုသော အရာကို မေချို နင့်နင့်နဲနဲ ခံစားနေရချိန်တွင် မောင် ရောက်လာတော့ မောင်က “မေချို ဘာဖြစ်တာလဲ” တဲ့။ “မေချို အခွေကြည့် နေတာပါ။ မောင် ပြန်လာတာ စောသားပဲ။ မောင် ကြည့်ပါလားဟင်။ ပြန်ရစ် လိုက်မယ်လေ” ဆိုတော့ မောင်က “နေပါစေတော့ကွာ” တဲ့။ “မောင် အိပ်ချင်လှပါပြီ” တဲ့။ 

ရုပ်ရှင်ထဲက မိန်းမသား နှစ်ယောက် ကြားမှ လူသားတို့၏ ဗြဟ္မစိုရ်တရားကို မေချို ခံစား နေရသည်မှာ အရှိန်မပြေသေး။ သို့သော် မောင် ထုတ်ပေးသော ငွေထုပ်ကိုမူ သွက်လက်စွာ လှမ်းယူ လိုက်ရသည်။ ဘီယာနံ့ သင်းသော မောင့်ကိုယ်ကို ကျောင်းတုန်းက မောင့်ကိုယ်မှ စီးကရက်နံ့ကို ခိုး၍ ရှူရှိုက် ရတာမျိုး ယခုခိုး၍ မရှူရှိုက် ဖြစ်တော့ပါ။ 

အစားကောင်း စားလျှင် အချစ်ဆုံးသူကို သတိရမိတယ် ဆိုတာမျိုး၊ အနုပညာ တစ်ခုခုကို ခံစားရလျှင်လည်း ချစ်သူတွေကို သတိရမိ တတ်သည် မဟုတ်ပါလား။ အထူးသဖြင့် မောင်နှင့် မေချိုတို့ ကြားမှာ တူညီသော အနုပညာ ခံစားမှုတွေ ရှိနေကြသည်။ မောင့်ကိုလည်း ခံစားစေချင်၏။ သို့သော် မောင်က ပင်ပန်း နွမ်းနယ်၍ နေလေပြီ။ 

သည်လိုပါပဲ။ မောင် ကြည့်နိုးနိုးနှင့် ခုနစ်ရက် တစ်ပတ် ငှါးပေးထားသော Legends of the Fall လို ကားမျိုး၊ Message in a bottle လို ကားမျိုးတွေ မောင် မကြည့်ဘဲ ပြန်အပ် လိုက်ရလျှင် မေချိုသည် ဝမ်းနည်း နေမိသည်။ ထိုအခါ သိန်းနှင့်ချီ ပေးဝယ် ထားရသည့် Stereo ပါသော Flat screen နှင့် Sony Vega T.V ကြီးသည် စက္ကူဖာ တစ်လုံးမျှသာ တန်ဖိုးရှိလေ၏ဟု မောင့်အတွက် မေချို ခံစားရ လေသည်။ ရုပ်ဝတ္ထု ဖွံ့ဖြိုး တိုးတက်မှုတွေ ကြားမှာ စိတ်ဖွံ့ဖြိုးမှု ကြုံလှီရသည် ဆိုသော အဖြစ်များ။ 

“မောင်ရယ် ရသလေး ဘာလေး ဖတ်ပါဦး။ ဝင်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ မဂ္ဂဇင်းထဲ အခန်းဆက် ပါတုန်းကလည်း မဖတ်ဘူး။ လုံးချင်း ထွက်တော့လည်း မဖတ်ဘူး။ ခု အမျိုးသား စာပေဆု ရလို့ ဒုတိယအကြိမ် ပြန်ထုတ်ဝော့လည်း မဖတ်ဘူး။ မောင့်ဂျာနယ်တွေ ထားလိုက်ပါဦး” 

မေချိုက မောင့်လက်ထဲမှ စီးပွားရေး စာစောင်တွေ၊ ဂျာနယ်တွေကို လှမ်းကြည့်ကာ ပြောလျှင်လည်း မောင်က မလှုပ်။ 

“ဒါမျိုးက အေးအေးဆေးဆေးမှ ဖတ်ရမှာမို့ပါကွာ။ မဂ္ဂဇင်းတွေတောင် မှန်မှန် မဖတ်ဖြစ်တဲ့ ဥစ္စာ” 

မေချိုတို့ နှစ်ယောက်သည် တစ်အိမ်တည်းမှာ တကယ်ပင် ဝေးကွာ ဝေးကွာ၍ လာလေပြီလား။ 

မေချိုကလည်း လစဉ် မဟေသီ၊ ရွှေအမြုတေ၊ သင့်ဘဝ၊ ရနံ့သစ်တို့ကို ဝယ်ပြီး မောင်က ဓန၊ မြန်မာ့ဓန၊ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်၊ ခေတ်သစ်တို့ကို မှန်မှန်ဝယ်၏။ 

မေချိုက မောင်ဝယ်နေကျ စာအုပ်တွေကို မဝယ်ဖြစ် သော်လည်း ဖတ်ရမည့် စာမျိုးတွေမို့ ကောက်၍တော့ ဖတ်မြဲ။ မောင်ကတော့ မေချိုဝယ်သော မဂ္ဂဇင်းတွေကို လှန်လှော ကြည့်ရုံသာ။ မေချိုက လစဉ်ထွက်သော စာအုပ်ကောင်းတွေ၊ ဆောင်းပါး ပေါင်းချုပ်တွေ၊ ဝတ္ထုတို ပေါင်းချုပ်တွေ ဝယ်ချင်တာချည်း ဖြစ်သော်လည်း မောင်က မီးပွိုင့်တွေ ရောက်လျှင် အတင်း ထိုးပေးလာသော လက်ပွေ့သမား တွေ၏ ဂျာနယ်တွေကိုသာ ဝယ်ဖြစ် နေလေသည်။ 

အိပ်မက်ထဲမှာတော့ မောင်သည် ငွေစက္ကူတွေ ကြားမှာ နစ်နေသော အတောင်ကျိုးသည့် လိပ်ပြာဝါဝါလေး။ မေချိုက မောင့်ကိုယ်ပေါ်က ဝဲကာ ပျံသန်းလျက် လက်လှမ်းပေသည့် မဖမ်းဆုပ်မိချေ။ 

မောင့်ကိုလည်း အဆိုး မဆိုရက်ပါ။ သားတို့က ကြီးလာပြီ။ ရန်ကင်းထက် ပိုကျယ်သော တိုက်ခန်းမျိုး မေချို လိုချင်၏။ မောင့်အလုပ်နှင့် ကား တစ်စီးတည်းမှာ မအား။ နှစ်စီး ရှိပါလျှင် အဆင်မပြေဘူးလား။ သားကြီးက တစ်လောကပင် ကွန်ပျူတာ တပ်ပေးပါတော့။ သားငယ်ကလည်း အခန်းသစ် ဝယ်လျှင် အခန်းတိုင်းမှာ အဲယားကွန်း တပ်ပါတဲ့။ လူကြီးတွေ ပြောသလို မောင်တစ်ယောက် ဘိုကေကို မီးထွန်း၍ ရှာပေတော့။ 

မောင် ဝယ်ထားသော ဓန ထဲမှာပင် သီးနှံ အထွက် ကောင်းအောင် ဓာတ်မြေဩဇာ တွေကို ဖောဖောသီသီကြီး သုံးစွဲ စိုက်ပျိုးကြရာ ခူးဆွတ်ပြီးတဲ့ အခါ တာရှည် အထားမခံ ဖြစ်ရ ပြန်သည်တဲ့။ Side Effect ဆိုသည်မှာ နေရာတိုင်း ရှိသည် ထင်ရဲ့။

* * *

လှည်းတန်းဈေးကို သွားခွင့် ကြုံကြိုက်သည့် တစ်ရက်မှာတော့ အထွက် ကောင်းသော်လည်း တာရှည် အထားမခံသည့် သီးနှံများ၏ Side Effect အတွက် ဓာတုဆေးနှင့် ဖျန်းပက်ကာ ပြုပြင်ခွင့် ကြုံပြီဟု မေချိုက စိတ်ကူးယဉ်မိ လေသည်။ 

“မောင်ရေ ဆီချက် စားရအောင်နော်” 

လှည်းတန်းထိပ်မှ သန့်ပြန့်သော ဆိုင်သည် ဟို အနှစ်နှစ်ဆယ် ခန့်က မေချိုတို့ စားခဲ့သော ဆီချက်ဆိုင် ဟုတ်၊ မဟုတ်ကို အကဲခတ်၍ မရတော့ပါ။ အရာရာသည် သစ်လွင် ပြောင်းလဲနေ၏။ 

သာယာဝတီလုပ် ညိုညစ်သော ပန်းကန်လုံး အစား မယ်လမင်း ပန်းရောင်လေးတွေ။ ရေနွေးကြမ်း သောက်စရာ ဖန်ခွက်လေးတွေ ကလည်း ကြည်စင် တောက်ပနေကာ ကွဲရာရှရာ မရှိကြ။ နှုတ်ခမ်းသား ရှကာ သံစော်နံသည့် ဇွန်းတို့အစား ပြောင်လက်သော စတီးလ် ဇွန်းလေးတွေ။ ဟိုတုန်းက စဉ့်အိုး ထူထူကြီးတွေနှင့် ချပေးသော ရေနွေးကြမ်းမှာ ယခုအခါ ခေါင်းလေး ဖိလိုက်ရုံနှင့် နှုတ်သီးမှ ထွက်ကျလာသော ဓာတ်ဘူး လှလှလေး တွေနှင့်။ 

တစ်ခါသုံး တူလေး ပန်းကန် နှုတ်ခမ်းပေါ် တင်ကာ စားပွဲပေါ် ရောက်လာသည့် ဆီချက်နံ့သည် မွှေးပျံ့ လှပါဘိခြင်း။ မောင့်ကို မေချို လှမ်းကြည့်လိုက်၏။ မောင်က ခပ်ငေးငေး။ 

မေချို ပလတ်စတစ် အိတ်ကလေးကို ဆွဲဖောက်ကာ တိုနံ့နံ့ တူလေး တစ်စုံဖြင့် ခေါက်ဆွဲတို့ကို စတင် ထိုးဆွ မွှေနှောက်လိုက်သော် မောင်ကလည်း ငေးနေရာမှ အသက် ဝင်လာကာ တူထည့်ထားသော အိတ်ကလေးကို ဖောက်ပြီး သူ့ပန်းကန်ထဲက ခေါက်ဆွဲကို မွှေနှောက် နေလေသည်။ 

“ဟိုတုန်းက မေချိုတို့ လှည်းတန်းမှာ စားခဲ့တဲ့ ဆိုင်များလား မသိဘူးနော်” 

မေချိုက မောင့်အာရုံကို နှိုးဆွလိုက်၏။ 

“အင်း ဟုတ်မလား မသိဘူး” 

တုံ့ဆိုင်းဆိုင်း ပြောရင်း မောင်က ခေါက်ဆွဲကို စတင်၍ပင် စားနေပေပြီ။ 

အနှစ်နှစ်ဆယ် အတွင်းမှာတော့ မေချိုလည်း တူကိုင် ကျွမ်းကျင်ပါပြီ။ သို့သော် တူနှစ်ချောင်းကို တစ်ချောင်းစီ ဘယ်ညာကိုင်လျက် အဆင်မပြေဟန် ပြုလျက် ခေါက်ဆွဲဖတ်တွေကို ထိုးဆွပြလိုက်၏။ 

“တူကလည်း တိုလိုက်တာနော်” 

မေချို ညည်းတွားလိုက်၏။ မောင် သုံးလုတ်လောက် စားပြီးနေချိန် အထိ မေချိုက နယ်လို့ မပြီးသေး။ 

မေချို လုပ်နေပုံကို မြင်သော် မောင်က “ကျွတ် ကျွတ်” ဟု နှုတ်ခမ်းနှင့် အသံပြု၍ စားပွဲထိုးလေးကို လှမ်းခေါ်လိုက်ကာ “ဇွန်းခက်ရင်း တစ်စုံလောက် ပေးပါလား” တဲ့။ 

မေချိုသည် စားပဲပေါ်က အရောင် ပြောင်းသွားသော အချဉ်ရည် ခွက်လေးကို ငေးကြည့်မိ လေသည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က မြန်မာပြည်လုပ် နီနီရဲရဲ ငရုတ်ဆီ ခွက်လေးကို မြင်ယောင်မိ၏။ (ထိုငရုတ်ဆီကို မောင်က စားခွင့် မပြုခဲ့ပါ။) 

ယခု မေချို့ရှေ့က စားကုန် မှတ်ပုံတင်နှင့် အန္တရာယ် ကင်းစင်သော ချီတို ဆော့စ် အရောင်ကလေး ကတော့ လိမ္မော် ပြေပြေလေးမှာ နီရောင် ပြေးနေသည်။ ဆိုးဆေးကဲသော အညံ့စား ဆော့စ်ကို မေချို့ ဦးနှောက်က လက်မခံသော်လည်း နှလုံးသားဖြင့်တော့ တမ်းတမိပါသည်။ 

ဇွန်းခက်ရင်း တစ်စုံ လာပေးရင်း စားပွဲထိုးလေးက “အစ်ကိုတို့ ဘာ သောက်ဦးမလဲ” ဟု လှမ်းမေးလိုက်၏။ 

မောင်သည် မေချို့ကို ပြုးတူး ကြောင်တောင် လှမ်းကြည့်ကာ “ကော်ဖီ လား၊ တီး လား” ဟု လုပ်နေ ပြန်သည်။ 

မေချိုက “ခရက်ရှာ ရှိလား” ဟု အသံ အက်အက်ဖြင့် ပြုံးပြုံးလေး လုပ်၍ ပြန်မေးလိုက်သော် တကယ် ထင်မှတ်လျက် မောင်က စားပွဲထိုးလေးကို မေးပြန်လေသည်။ “ခရက်ရှာတော့ မရှိဘူး။ မက်စ်တို့ ဖင်တင်စီတို့ ရှိတယ်တဲ့” ဟု တစ်ဆင့်စကား ဖြေကြားပြန်သော် “ဟိုမှာ သူငယ်ချင်းတွေ ထပ်ရောက်နေတယ်” ဟု မေချို ပြောပစ်လိုက်ချင် လေသည်။ 

မကောင်းတတ် သဖြင့် “ရပါတယ်၊၊ ရေနွေးကြမ်းလေးက အအီပြေပါတယ်” ဆိုကာ ကိုယ့်ဘာသာကိုယ် ငှဲ့ထည့်ရင်း မောင့်ကို မချိစွာ ပြုံးပြလိုက်ရ၏။ 

မောင်ကား ဘာကို ဘာမျှ အမှတ် မရတော့။ 

ဆီချက်လို အအီအဆိမ့် စားပြီးတိုင်း ရေနွေးကြမ်းကိုသာ တစ်သက်ပတ်လုံး စွဲစွဲမြဲမြဲ သောက်ခဲ့သော မေချို့ အကျင့်ကို မောင် နေ့စဉ် တွေ့ပါလျက် မသိမှတ်တော့ပါ။ မေချိုသည် မျက်နှာချင်းဆိုင်က အတိတ်မေ့လူသား မောင့်ကို စိုက်ကြည့် နေမိလေသည်။ 

မေချိုဆိုသော လိပ်ပြာလေးသည် ဆီချက်ဆိုင်လေး အတွင်းမှ မြင့်မားသော တိုက်တာများ၊ ဆိုင်ခန်းများကို ဖြတ်ကျော်၍ ခေတ်မီ မော်တော်ယာဉ်များ၊ ဟီးနိုးကား မြင့်မြင့်ကြီးများ ကိုပါ ကျော်လွှားကာ စိမ်းညို့ညို့ကံ့ကော်တောသို့ အပြေး ပျံသန်း သွားလေသည်။ 

အတိတ် ပန်းချီကားသည် မေချို့ မျက်နှာနား ကြီးမားစွာ ထိုးကပ်လာ၏။ 

ကံကော်ရွက်လေး တွေမှာ ငြိမ်သက်နေ၏။ မိုးဝေ ကြိုက်သော မောင့်သူငယ်ချင်း တွေလည်း ဘယ်ရောက်ကုန်ပြီ မသိတော့။ 

သန်လျင် တစ်ဖက်ကမ်း သွားရုံနှင့် သီတာ သင်္ဘောပေါ်တွင် လှိုင်းမူးနေသော ကိုသိန်းလွင်ကြီးက သင်္ဘောဖြင့် ကမ္ဘာ တစ်ပတ်ပင် ပတ်မိပြီတဲ့။ 

ကိုကို (အမရပူရ) ၏ ယာယီခွဲခွာခြင်း ကဗျာကို ဖတ်ပြပြီး - 

“ကျောင်းပြီးသွားရင် ဟမ်းဆီးမှာ ကျောင်းဆရာပဲ ပြန်လုပ်မယ်” ဆိုသော စိုင်း တစ်ယောက် ကတော့ မိုင်းရှူးနှင့် ထောသွားပြီ ဆိုပဲ။ 

အညာကုန်တွေ မောင်နှင့်စပ်တူ လှောင်နေတာမို့ ကိုအေးတစ်ယောက် ကိုတော့ သတင်း မပြတ်လှ။ 

စစ်နှင့် ငြိမ်းချမ်းရေးတို့၊ လေရူးသုန်သုန် တို့ကို တစ်နှစ်တစ်ခေါက် ပြန်ဖတ်ပါသည် ဆိုသော မသက်ကတော့ “မေချို စာတွေ ဖတ်ဖြစ်သေးလား၊ မသက်တော့ ဘာမှ မသိတော့ဘူး” ဟု စာရေးလာသည်။ 

“ဟဲ့ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေကို ရွှေတွေနဲ့ ဒီလိုပဲ ဖုံးထား ရတယ်ဟဲ့” ဟု ရွှေတွေ ပြွတ်သိပ် ဝတ်ထားသူများ အပေါ် ဝေဖန်ခဲ့သော လင်း တစ်ယောက် ကိုတော့ တစ်နေ့က ဗိုလ်ချုပ်ဈေးမှာ တံတောင်ဆစ် ရောက်တော့မည့် လက်ကောက်တွေနှင့် ဝါလို့ ဝင်းလို့ တွေ့ရလေရာ - 

"ငါ အခု ပွဲစား လုပ်နေတယ်။ နှင် ဘာရောင်းချင်လဲ။ ဘာဝယ်ချင်လဲ ပြော” တဲ့။ 

မဂ္ဂဇင်း စာမျက်နှာများ ပေါ်တွင် စီးပွားရေး ဆောင်းပါးတွေဖြင့် အောင်မြင်နေသော ဌေးကို ဆိုတာက ကိုဌေး တဲ့။ 

မေချိုသည် ပင့်သက်ကို တစ်ချက်မျှ ရှိုက်လိုက်၏။ 

မောင့်မျက်လုံးတွေ ကတော့ ရေခဲတုံးတွေလို အေးစက်နေသည်။ 

အချို့မှုန့် ကဲလွန်းသော ခေါက်ဆွဲကြော် မေချို လျှာတွေမှာ ချွဲကျိနေ၏။ မောင့်ကို ကြည့်ရသည်မှာ ပစ္စက္ခနှင့်လည်း ကင်းကွာကာ အတိတ်ကိုလည်း သတိရပုံ မရတော့။ မောင် ငေးနေဆဲ။ 

မောင် ဘာတွေ ငေးနေသလဲ။ 

ဝယ်ထားသော တိုက်ခန်းများ အရှုံးပေါ် နေ၍လား။ 

ဒီတစ်နှစ် မန်ကျည်းနှင့် ချင်းမှာ သောက်သောက်လဲ မြတ်ထားသမျှ တရိပ်ရိပ် ကျလာသော ပဲဈေးကြောင့် မောင့်စိတ်တွေ လေလွင့် နေသလား။ 

အေးနေသည့် ရွှေဈေး အတွက်လား။ 

အာရှငွေကြေး ကမောက်ကမ ဖြစ်မှုက မောင့်ကို ရိုက်ခတ် နေသလား။ 

ဒါမှမဟုတ်။ 

ဘာ 'ခွင်' အသစ်များ မောင် တွေ့နေ၍လဲ ...။ 

ရေနွေးကြမ်း တစ်ခွက် မောင့်ရှေ့သို့ ချပေးလိုက်၏။ 

“သောက်လိုက်ပါဦး မောင်" 

မအေးစက်သော မေချို့ ချစ်သွေးဖြင့် မောင့်ရင် နွေးထွေး ပါစေတော့ ...။ 


#မခင်လေး 
မဟေသီ၊ မေ၊ ၂၀၀၀
မခင်လေး ဝတ္ထုတိုများ (၂၀၁၆) မှ