ကျုပ်နဲ့ဆက်ဆံတဲ့ လူအတော်များများဟာ တစ်လုံးချိုင့်တွေဗျ။ တစ်လုံးချိုင့်အကြောင်းတော့ ခင်ဗျားတို့ ကောင်းကောင်းသိကြမှာပေါ့။ တစ်လုံးချိုင့်ဆိုတာ အဆင့်မရှိဘူးလေ။
တစ်ခါတလေ လူတွေဟာ အတော် ရယ်စရာကောင်းတယ်ဗျ။ ကျုပ်တော့ ရယ်ချင်လျက်နဲ့ စိတ်ကုန်နေတာကြာပြီ။
ဘယ့်နှယ်ဗျာ... ကျုပ်နဲ့ နှစ်ယောက်ချင်းတွေ့လို့ကတော့ သူတို့အပြင် ကျုပ်ကို ရိုသေတဲ့လူ၊ နေရာပေးတဲ့လူ မရှိတော့ဘူး။ သူတို့နဖူးနဲ့ ကျုပ်ဒူးနဲ့ ထိလားထိရဲ့။ အမယ်... တစ်ခါတလေများ ကျပ်ခြေဖမိုးကိုတောင် သူတို့ဆံစပ်နဲ့ ပွတ်သပ်တတ်သေးသဗျ။ ကြောက် လိုက်ကြတာလည်း ဖိန့်ဖိန့်ကိုတုန်လို့။
အဲ... အဲသလို လူတွေက လူမှုရေးအသိုက်အဝန်းထဲ ရောက်ပြီ ဆို ကျုပ်ကိုမြင်ရင် ရှောင်ဖယ်ရှောင်ဖယ်နဲ့၊ ကျုပ်နဲ့ ဆက်စပ်မှုရှိနေတာကို၊ ကျုပ်ကို ဆရာတင်ထားတာကိုပဲ ရှက်စရာကောင်းနေသလိုလို။
ဘာတွေလဲဗျ...။ လူဆိုတာ ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လုပ်ရဲရမှာပေါ့။ ဘာလူသိမခံဝံ့စရာလိုလဲ။ အဲဒီလိုလူတွေကြောင့် ကျုပ်တို့ သိက္ခာကျနေတာ။
သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ နာမ်လောကပုဂ္ဂိုလ်တွေ ဝင်စီးပြီး ဟောချက်ချ ဆုံးမညွန်ပြလို့ အကျိုးစီးပွားတွေ အများကြီးဖြစ်ထွန်းပြီး ချမ်းသာကြွယ်ဝနေကြတာလို့ သူတို့ကိုယ်သူတို့ အသည်းအသန် ယုံကြည် နေကြတဲ့သူတွေကမှ ကြားခံဆက်သွယ်ရေးမှာ အဓိကလူဖြစ်တဲ့ ကျုပ်ကို လူရှေ့မှာ ဆရာခေါ်ရမှာ ရှက်နေကြလေတော့ ကျန်တဲ့တစ်လောကလုံး က ကျုပ်ကိုအထင်သေးတာ မဆန်းပါဘူးဗျာ။ ။
ဒါကြောင့် ခင်ဗျားတို့ပဲ ကြည့်လေ။ လူထုဆက်သွယ်ရေးမှာ တိုက်ရိုက်ကျတဲ့ အနုပညာလောကမှာ ကျုပ်တို့ ဘယ်မှာနေရာရလို့တုံး။ ရုပ်ရှင်တို့၊ ဗီဒီယိုတို့ရဲ့ သရုပ်ဆောင်မှု အတတ်ပညာမှာတောင် ကျုပ်တို့ လိုကောင်တွေကို ဇာတ်ကောင်စရိုက် ကောင်းကောင်းထားပြီး ဘယ်တော့ မှမရိုက်ကြဘူး။ အဲဒါ အထင်မကြီးတဲ့သဘောပေါ့။
      ဥပမာဗျာ.. ဇာတ်ကောင်စရိုက် ကောင်းကောင်းနေရာမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကုန်သည်ပွဲစားတွေ စသည်ဖြင့်ပေါ့ဗျာ။ သည့်ထက်နိမ့်တဲ့ ဒရိုင်ဘာတို့ ၊ မာလီတို့ ၊ ဆိုက်ကားသမားတို့တောင် ထားကြတယ်။ ယုတ်စွအဆုံး ခါးပိုက်နှိုက်တောင် ဇာတ်လိုက်ဖြစ်တယ် ဗျာ။ ကျုပ်တို့ကို ဘယ်ဇာတ်ကားမှာများ ‘ဒေဝ အကျိုးဆောင်ကြီး” ရယ်လို့ တခမ်းတနား ရိုက်ပြထားတာရှိလို့လဲ။ ရှိခြင်းရှိရင် ဟာသခန်းတို့၊
ဗီလိန်ခန်းတို့မှာပဲရှိမယ်။ လူလေးစားခံရတဲ့ အနုပညာဇာတာ ကျုပ်တို့မှာ ပါမလာဘူး ထင်ပါရဲ့ဗျာ။ တစ်ကားတလေ ရှိခဲ့ရင်လည်း ကျုပ်မကြည့် ဘူးလို့ တူပါရဲ့။
        လူတွေက နတ်ကတော်ဆိုရင် ရူးသလိုလို၊ ကြောင်သလိုလို ကောင်တွေဆိုပြီး နှာခေါင်းရှုံ့ချင်ကြတယ်ဗျ။ သိက္ခာမရှိတဲ့ကောင်တွေလို့ ထင်နေကြတယ်။
ဟေ့လူတွေ မရယ်ကြနဲ့။ ဘာလဲ အဲဒီထဲမှာ ခင်ဗျားတို့ရော ပါနေသလား။ ပါနေလည်း မတတ်နိုင်ဘူးဗျာ။ ဒါပေမဲ့ တစ်ခုတော့ရှိ တယ်။ ပင်ကိုသဘာဝကိုက အယုံအကြည်မရှိလို့၊ ဝါသနာမပါလို့ အထင်သေးတာ၊ နှာခေါင်းရှုံ့တာ၊ ကင်းကင်းနေကြတာ သဘာဝကျပါ တယ်။ သူ့ဟာသူ မယုံတာကို ကိုယ်က လက်မခံချင်လို့ ဘယ်ရမှာလဲ။ ကျုပ် အမြင်ကတ်တဲ့အထဲမှာ သူတို့မပါဘူး။ စောစောက တစ်လုံးချိုင့် တွေကိုပြောတာ။
         ဘယ့်နှယ်ဗျာ။ ယုံလိုက်တာလည်း သူတို့အပြင် မရှိတော့ဘူး။ ဝါသနာကလည်း ပါသလားမမေးနဲ့။ ဘယ်နားမှာ နတ်ကနားပွဲရှိတယ်လို့ သဲ့သဲ့လေးမှ မကြားလိုက်နဲ့။ ငွေကို ပက်ကင်လိုက်ယူလာပြီး သိသိ၊ မသိသိ ရောက်အောင်လာပြီး ပူးကြ၊ ကပ်ကြ၊ ချော့ကြ၊ မေးမြန်းကြနဲ့ သူတို့လောက် သောင်းကျန်းတာမရှိဘူး။ အဲဒီအချိန်ကျရင်တော့ သူတို့ မရှက်နိုင်ကြဘူးလေ။ ဘယ်ရှက်မလဲ။ ဘုန်းကြီးရူးနဲ့ လှေလူး၊ ကြောင် ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး၊ ဖိနပ်ပြတ်နဲ့ခွေးငတ် တွေ့ ကုန် ကြတာကိုး။
       ရာထူးတက်ချင်လို့၊ စာမေးပွဲအောင်ချင်လို့၊ ထီပေါက်ချင်လို့ အရောင်းအဝယ် အောင်မြင်ချင်လို့ “ချင်” ပေါင်းများစွာနဲ့ လာလိုက်
ကြတာဗျာ။ ဒီကြားထဲ လင်တရူးနဲ့ မယားတရူးကလည်း ပါသေးသဗျာ။
 သုံးဆယ့်ခုနစ်မင်းတွေကလည်း တစ်ပါးမှကို မနေရပါဘူးဗျာ။ နားတွေကိုပူလို့။ ပြောလိုက်၊ ဆိုလိုက်၊ တိုင်လိုက်၊ တန်းလိုက်၊ တောင်း လိုက်၊ ရမ်းလိုက်တာလည်း အမြှုပ်ကိုထွက်မတတ်ဘဲ။ အဟဲ... တစ်ခါတလေများ နတ်တွေကို သူတို့အငှာအတိုင်းပဲ မူလိုက်၊ နွဲ့ လိုက်နဲ့ အချော့ကလည်း ကြိုက်ချင်ကြသေးတယ်။ အဲဒါတွေကို အကုန်လိုက်ရှင်းနေရတဲ့ နတ်ကတော်တွေခမျာ ဟောဟဲကို လိုက်ကရော...။
       ဗျာ..... ဘယ်လိုမေးလိုက်တယ်။ နတ်ပူးတာ တကယ်ဝင် သလား.... ဟုတ်လား။
ခင်ဗျားတို့က ဘယ်လိုထင်လို့လဲ။
အဲဒီလိုဆိုရင် ကျုပ်ကလည်း ခင်ဗျားတို့ကို ပြန်မေးရလိမ့်မယ်။ သုံးဆယ့်ခုနစ်မင်းနတ်ဆိုတာရော တကယ်ရှိသလားလို့...။
ဪ.. ဒါကိုတော့ ခင်ဗျားတို့ လက်ခံတယ်လား။ ရာဇဝင်နဲ့ အထင်အရှားဗျာ။ အငြင်းပွားစရာ မလိုဘူး။ ဟုတ်ပြီ။ ဒါဆိုရင်တော့ ကိုးကွယ်ယုံကြည်မှု၊ ပူဇော်ပသမှု၊ အပြန်အလှန် အကျိုးသက်ရောက်မှု ဆိုတာ ရှိကောင်းရှိနိုင်လိမ့်မယ်။
ဒီအထိ ခင်ဗျား လက်ခံတယ်မဟုတ်လား။
ဒီတော့ အဲဒီ သုံးဆယ့်ခုနစ်မင်းနဲ့ လူသားတွေရဲ့ ကြားခံ ဆက်သွယ်မှုဖြစ်တဲ့ ဒေဝအကျိုးတော်ဆောင်တွေ ကိစ္စ။
“သဟဇာတ ဆိုတဲ့ စကားဟာ လူသားတိုင်းအတွက်တော့ ဖြစ်ချင်မှဖြစ်မှာပေါ့ ဗျာ.....။
ဒီနေရာမှာ သတိရလို့ ခင်ဗျားတို့ကို ကျုပ်ဆရာအကြောင်း။

ပြောပြရဦးမယ်။ ကျုပ် ဒီလောကကိုရောက်တာ ကျုပ်ဆရာ ကျေးဇူး ကြောင့်ပဲ။ ဒါပေမဲ့ ကျုပ်ကလည်း ခုတော့ ဆရာကောင်းတပည့် ပီသရဲ့ လားလို့ ကျုပ်ကိုယ်တိုင် ကျုပ်တောင် ပြန်မမေးရဲတော့ပါဘူးဗျာ။ ထားပါလေ။ ဒါက ကျုပ်အပိုင်းပါ။
ကျုပ်ရဲ့ သက်တမ်းတစ်လျှောက်မှာ ကျုပ်ဆရာဟာ ဘယ် တော့မှ သူများအပေါ် မလိမ်ခဲ့၊ မကောက်ခဲ့ဘူး။ နတ်လည်း အလွန်ပူးခဲ့ တယ်။ ကျုပ်မျက်စိရှေ့မှာ ဘယ်တော့မှလည်း ကြွေပစ်ပြီး နတ်ဟော တာမျိုး မတွေ့ခဲ့မိဘူး။ နတ်တင်တာ၊ နတ်မြှောက်တာ၊ နတ်ချော့တာ၊ ရိုးရာကန်တော့တာတွေကိုတော့ ထိထိရောက်ရောက် မှန်မှန်ကန်ကန်နဲ့ မချဲ့မထွင်ဘဲ ကျုပ်ကို လက်ထပ်သင်ပေးခဲ့တယ်။ သူကိုယ်တိုင်လည်း ဘယ်သူ့ကိုမဆို စေတနာကောင်းနဲ့ လိုအပ်သလောက်ကို တိတိကျကျ ထိထိရောက်ရောက် လုပ်ပေးတတ်တယ်။
     တကယ် အကျိုးသက်ရောက်မှုကြောင့်ပဲဖြစ်ဖြစ်၊ ဥပါဒါန် ကြောင့်ပဲဖြစ်ဖြစ်၊ တိုက်ဆိုင်မှုကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ ကာယကံ ရှင်ရဲ့ ဆိုးကျိုးကောင်းကျိုးအပေါ်မှာ ကျုပ်ဆရာ အမြဲလိပ်ပြာသန့်ခဲ့ ရတယ်။ဒါပေမဲ့ လူတွေက တစ်မျိုးဗျ။ တချို့က လိမ်မှကြိုက်တယ်။ ကျုပ်မှတ်မိနေသေးတယ်။
ကျုပ်ဆရာကို ရိုသေယုံကြည်လွန်းတဲ့ သူတစ်ယောက်ရဲ့ ဆက် သွယ်မှုနဲ့ လူချမ်းသာ မိသားစုတစ်စုအိမ်ကို မမျှော်လင့်ဘဲ သွားပြီး ရိုးရာကန်တော့ပေးရတဲ့ နေ့တစ်နေ့က အဖြစ်ပေါ့..။
ပုံသဏ္ဌာန်မျိုးစုံနဲ့ ငွေရှာ၊ ငွေရှာသလောက် စီးပွားဖြစ်၊ စီးပွားဖြစ်သလောက် ချမ်းသာ၊ ချမ်းသာသလောက် လောဘတက်၊ လောဘ တက်သလောက် အပူအပင်များတဲ့မိသားစုမျိုး ကျုပ် ဒီတစ်ခါပဲ တွေ့ဖူး သေးတယ်။
       ကျုပ်ဆရာက ထုံးစံအတိုင်း သူတို့ ဝယ်ခြမ်းပြင်ဆင်ထားတဲ့ ပစ္စည်းပစ္စယတွေနဲ့ ရိုးရာပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင်၊ လှလှပပ၊ ခံ့ခံ့ ညားညား ကန်တော့ပေးပြီးတယ်ဆိုရင်ပဲ သူတို့က နတ်မေးဖို့အတွက် ဆရာ့ကို နတ်ပင့်စေတယ်။
တကယ်တော့ ဒီပွဲဟာ ဆရာ့ပွဲပဲ။ ကျုပ်ဆရာဟောချက်ချတဲ့ အတိုင်း သူတို့ တစ်သဝေမတိမ်း နာယူကြမှာ အသေအချာပဲ။ ပြီးတော့ ကျုပ်ဆရာအတွက်လည်း မမျှော်လင့်ရဲခဲ့တဲ့ ထိုက်ထိုက်တန်တန် ပူဇော်မှု တွေနဲ့ ဒီမိသားစုတွေ၊ ဒီအသိုက်အဝန်းကြားမှာ စားပေရော့ပဲ။

“ဘယ်ပုဂ္ဂိုလ်များပါသလဲ၊ နှုတ်ဖွင့်တော်မူပါဘုရား”
နှုတ်တော်ဖွင့်လို့ ဟောချက်များချတော်မူပါဘုရား”

လို့ ဘေးက နေ တတွတ်တွတ်နဲ့ ပင့်လျှောက်နေကြတဲ့ မိသားစုကြားမှာ သပြေညွန့် တွေကို လက်အုပ်ထဲမှာညှပ်ကိုင်ပြီး နတ်ပင့်ရင်း တဆတ်ဆတ်တုန်ယင် စပြုတော့မယ်လို့ထင်ရတဲ့ ကျုပ်ဆရာဟာ မျက်လုံးကိုဖြည်းညင်းစွာဖွင့် ပြီး သူ့ဘေးပတ်လည်က ဝမ်းသာအားရနဲ့ လက်အုပ်ကလေးတွေချီပြီး ရှေ့တိုးလာကြတဲ့သူတွေကို အားနာပါးနာကြည့်ပြီး ဘာမှမဝင်ဘူးဗျာ'တဲ့။
မျှော်လင့်တကြီးနဲ့ ဝင်းလက်နေကြတဲ့ မျက်ဝန်းတွေဟာ ချက်ချင်းပဲ အထင်သေးတဲ့၊ ရှုံ့ချတဲ့ အရိပ်အယောင်တွေဖုံးလွှမ်းပြီး မျက်နှာတွေ အားလုံးဟာလည်း ရွဲ့တဲ့တဲ့နဲ့ မဲ့ခွက်ခွက်ဖြစ်သွားကြတယ်။ကျုပ်တောင် ကြားထဲက အတော်အနေရကျပ်သွားတာ။ အခြေ အနေကိုလည်း အတော်နှမြောသွားတာဗျ။ ဒါပေမဲ့ ကျုပ်ဆရာကတော့
ပုံမှန်ပဲ။ သူ့မှာ ဘာခံစားမှုမှ ရှိပုံမရဘူး။ တင်စရာမြှောက်စရာရှိတာ တင်မြှောက်ပြီးပြီမို့ သူ့ပစ္စည်းပစ္စယလေးတွေကောက်သိမ်း၊ နတ်ကြေးလေး ယူပြီး ဆရာတပည့်နှစ်ယောက် ကုန်းကြောင်းလျှောက်ပြန်ခဲ့ကြတာပဲ။ ကျုပ်တို့ ကို လာကြိုတုန်းက ကားကြီးကလည်း မျက်နှာပြောင်ပြောင်နဲ့ ရပ်ကြည့်ကျန်ခဲ့လေရဲ့ဗျာ။ ရှေ့ကြောင်း၊ နောက်ကြောင်းတွေတွေးပြီး အခြေအနေအရပ်ရပ်ကို နှမြောနေတဲ့ ကျုပ်အဖြစ်ကို ရိပ်မိပုံရတဲ့ ကျုပ် ဆရာရဲ့ နှစ်သိမ့်မှုက...

“ဘယ်တတ်နိုင်မလဲကွာ၊ ဝင်မှမဝင်ဘဲ၊ ငါလည်း ကြိုးစား ပင့်တာပဲတဲ့”

ခုတော့ ဆရာနဲ့ကျုပ်နဲ့တောင် အဆက်အသွယ်မရတာ အတော် ကြာပါပြီ။ ဆရာလည်း သူ့ဟာသူ အေးအေးဆေးဆေးပါပဲ။ စီးပွား မဖြစ်ပေမယ့် ငတ်တော့မငတ်ပါဘူး။ ကျုပ် ဘယ်အရပ်ပဲရောက်ရောက် ဒီလောကမှာ အကြည်ညိုဆုံးကတော့ ကျုပ်ဆရာပဲ။ ဆရာ့ဂုဏ်ကျေးဇူး
ကို ဘယ်တော့မှမမေ့ဘူး။ ဆရာ့သိက္ခာကို အမြဲလေးစားနေတယ်။ ဒါပေမယ့် အလုပ်နဲ့လက် ပြတ်တယ်မရှိလို့ ဆရာ့ဆီ ကျုပ်တစ်ခေါက် တလေတောင် မရောက်ဖြစ်ဘူး။
          ကျုပ်လား.. ကျုပ်လည်း ဒါပဲလုပ်တတ်တော့ ဒီအလုပ်ပဲ လုပ်ကိုင်စားနေရတာပေါ့ ။ ကျုပ်မှာက တာဝန်တွေကအများကြီး။ အမေမုဆိုးမကြီးရယ်၊ ကျုပ်ရယ် နှစ်ယောက်တည်းဆို ဘာအရေးလဲ။ အမေ့ခမျာ သားယောက်ျားလေးနှစ်ယောက် မွေးထားရှာပါတယ်။ အငယ်ကောင်လင်မယားက ရှေ့ဆင့်နောက်ဆင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကူးကုန်ကြတော့ သူတို့ ကလေးငါးယောက်က ကျုပ်တို့သားအမိဆီ မှာ အဖတ်တင်ကျန်ခဲ့ကြပါရောလား။ ဒီတော့ ကျုပ်ကရှာ၊ အမေက
ထိန်းပေါ့ဗျာ။ ဒီတော့ တတ်သည့်ပညာ မနေသာ နတ်တင်၊ နတ်မြှောက်၊ နတ်က၊ နတ်ဟော၊ နတ်ပူးပေါ့ဗျာ။ ဒါနဲ့ပဲ သူတို့လေးတွေကို ရှာကျွေး နေရတာပေါ့။
      ဗျာ... ကျုပ်နတ်ပူးရင် ဝင်သလား... ဟုတ်လား။
ဝင်တာပေါ့ ဗျာ၊ ဟား... ဟား...။ ပင့်တိုင်းကို ဝင်တော့တာ ပေါ့။ ကျုပ်အခြေအနေက ဝင်မှဖြစ်မယ်လေ။ နတ်ပူးရတာ တစ်ခါ တလေ ပျော်စရာလည်းကောင်း၊ အားရကျေနပ်စရာလည်းကောင်းရဲ့ ။
        တစ်ခါတစ်ရံ အပြင်မှာဆုံတုန်း ကျုပ်ကို မခန့်လေးစား လုပ် သွားတဲ့ကောင်ကို နတ်ပွဲမှာနတ်ဝင်နေရင်းနဲ့ သူတို့မျက်ခွက်ကို တံတွေးနဲ့ တဖတ်ဖတ် ထွေးပစ်လိုက်ရတဲ့အခါမျိုးတွေမှာပေါ့။ အမယ်.. အဲဒီအခါ တွေမျိုးကျ သူတို့က မျက်နှာလေးတောင် ပင့်ပင့်ပြီး ခံလိုက်သေးသဗျ။ “အဖေကြီးကျေနပ်အောင် ဆုံးမတော်မူပါ၊ မသိလို့ မိုးချုပ်ရပါတယ်။ မသိလို့ မိုးလင်းရပါတယ်၊ အမိုက်အမဲတွေမို့ ဗွေမယူပါနဲ့၊ ခွင့်လွှတ်တော် မူပါဆိုပြီး သနားစရာကောင်းလောက်အောင်ကို တောင်းပန်တော့တာပဲ။
      ဒါပေမဲ့ ကြာလာတော့ အဲဒီအလုပ်တွေကို ကျုပ်စိတ်ကုန်လာ တယ်။ တကယ်ပါ။ မပျော်တော့ဘူး။ အသက်ကလေးက ရလာတော့ အလုပ်လည်း သိပ်မလုပ်ချင်တော့ဘူး။ ကလေးတွေကလည်း ကြီးကုန်ပြီ။ သူတို့ကလည်း နတ်ကတော်သားသမီးလို့ပြောရမှာ ရှက်သတဲ့။ ဘယ်လောက်ရိုက်သတ်ချင်စရာ ကောင်းသလဲဆိုတာ။ အဲဒီ နတ်စာတွေပဲ တနင့်တပိုး စားသောက်ပြီး လူလားမြောက်ခဲ့ကြတဲ့ကောင်တွေက ခုတော့ အပေါင်းအသင်းတွေကြားမှာ မျက်နှာငယ်သတဲ့။ “မင်းတို့လည်း တစ်နေ့ ကျရင် နတ်ကတော်ပဲဖြစ်မှာပါ”လို့ အစခံရလို့ ရှက်သတဲ့။ တချို့ ကောင်မလေးတွေက သူတို့ကို သရော်တော်တော်နဲ့ အချော်တစ်ကောက်၊
အချော်တစ်ကောက်လို့ မကြားတကြား နောက်သတဲ့။
      အဲဒါ ဘကြီးကြောင့် ကျွန်တော်တို့ပါ အပြောခံရတာတဲ့ဗျာ။ ကျုပ်ကို သူတို့က ပြန်ပြီးရန်လုပ်နေကြသေးတယ်။ ဒီကောင်တွေ ဝဋ်နာကံနာ ဆိုတာတွေလည်း နားလည်ကြပုံ မပေါ်ပါဘူးဗျာ။
တစ်နေ့ကလည်း အကြီးကောင်ရဲ့ သူငယ်ချင်း ပန်းပုဆရာသား က အိမ်ထဲမှာ ကျုပ်မရှိဘူးထင်ပြီး ကျုပ်နန်းထဲက ကိုယ်တော်တွေကို 

“မင်းတို့ကိုးကွယ်တဲ့ နတ်တွေက ငါ့တို့လုပ်တာပါကွာ၊ ငါ့လက်ထွက်တွေ ပါ၊ ငါကော်ပတ်အစားကောင်းလို့ ဒီလောက်အချိုးကျနေတာ၊ သူတို့ကို ရှိခိုးမယ့်အစား၊ ငါ့ကို ရှိခိုးစမ်းပါ”တဲ့။
       အဲသလို ပါးစပ်သရမ်းတာ။ သူတို့အကြောင်း ကျုပ်မသိတာ မှတ်လို့။ အိမ်မှာ နတ်ရုပ်တစ်ရုပ်ထုပြီးရင် ဈေးကောင်းကောင်းရအောင်လို့ ပွဲပေးလိုက်ရ၊ ပူဇော်လိုက်ရ၊ တိုင်တည်လိုက်ရတာအမော။ လူရှေ့ကျတော့ တောင်ပြောမြောက်ပြောနဲ့။ အဲဒါတွေ စိတ်ကုန်စရာကောင်းတာ။ တစ်နေ့တုန်းကလည်း ဂေါပကလူကြီးတစ်ယောက်က ကျွန်တော်နဲ့ မလှမ်းမကမ်းက စကားဝိုင်းတစ်ခုမှာ...

"နတ်ဆိုတာ ရှိတာပေါ့ဗျာ၊ ဒါပေမဲ့ လူတွေကိုမယုံနဲ့၊ ဘာနတ် ကတော်မှမလိုဘူး၊တကယ်ဆို နတ်ပဲ၊ ကမ္မဇိဒ္ဓိတန်ခိုးရှိတာပဲ၊ မင်းလှူလှူ၊ ငါလှူလှူ သိပါတယ်ကွာ၊ ကိုယ့်စေတနာက အဓိကပါ၊ ကိုယ်ပြောတတ် သလိုပြော၊ ကိုယ်တောင်းတတ်သလိုတောင်းပေါ့၊ ကိုယ့်စိတ်က ယုံယုံ ကြည်ကြည်နဲ့လုပ်ရင် အကျိုးပေးမှာပဲ၊ အလကား ကြားကနေ ပွဲစား လုပ်ပြီး ညာတီးနေကြတာတွေကွ၊ ကိုးကွယ်မှုမှားရင် တစ်သံသရာလုံး မှောက်သတဲ့နော်၊ ကြပ်ကြပ်သတိထားကြ၊ တော်ရုံပဲကောင်းတယ်တဲ့ဗျ"

ဒါပေမဲ့ မကင်းရာမကင်းကြောင်းတွေက မဖြစ်မနေ လာပင့်ကြပြန်တော့ လိုက်ရပြန်ရော။ နောက်ပြီး ကျုပ်ကိုယ်တိုင်ကလည်း တစ်ကြောင်းမဟုတ်တစ်ကြောင်း ငွေလိုနေတတ်ပြန်ရောဗျ။ ဒီတော့ ကျွမ်းကျင်ရာ လိမ္မာရပြန်တာပေါ့။
ဒါပေမဲ့ ကျုပ်တစ်ခုတော့ ရဲရဲပြောနိုင်လာတာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အရင်တုန်းက ကျုပ်က ငွေကိုရှာတာ၊ အခုတော့ ငွေက ကျုပ်ဆီကို ရှာပြီးရောက်လာတာဗျ။ ရောက်လာတိုင်းလည်း ကျုပ်က ဝမ်းသာအားရ မရှိလှတော့ဘူး။ ကိုးကွယ်ယုံကြည်မှု အစွန်းရောက်နေကြ တဲ့ လူသားတွေကြောင့် “ရွှေတိုက်စာရင်းဝင် ́ဆိုတဲ့ ကျုပ်မှာ မလွှဲသာ မရှောင်သာ အားနာပါးနာနဲ့ ပြန်ပြန်မျောပါသွားတာဗျ။
      ဗျာ... “မလွှဲသာမရှောင်သာ အားနာပါးနာ ဆိုတာ ခင်ဗျားတို့ က မယုံဘူး..ဟုတ်၊ ဟား... ဟား.. ဟား... ဒီတစ်ခါ ကျုပ်ရယ် မယ်၊ ခင်ဗျားတို့ မယုံဘူးဆိုလို့ ကျုပ်က ရယ်တာ။
အခု ခင်ဗျားနဲ့ စကားမပြောခင် မနက်ကမှ ပူပူနွေးနွေးဖြစ်ခဲ့ တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြရင် ခင်ဗျားတို့ ယုံသွားမှာပါ။
       ညက တစ်ညလုံး အမေ ကောင်းကောင်းနေမကောင်းတာနဲ့ စိုးရိမ်ပြီး ကျုပ်လည်း တစ်ညလုံးအိပ်မရဘူး။ အမေက သွေးတိုးရော၊ နှလုံးရောရှိတော့ ကျုပ် မျက်ခြေပြတ်မခံဝံ့ဘူးပေါ့။ အဲဒါနဲ့ မနက်ကျ
တော့လည်း ဈေးသွားပြီး ဟင်းချက်စရာဝယ်တဲ့အမေ့အလုပ်ကို ဒီမနက်ပဲ လုပ်ခဲ့ရတယ်။ အပြန်ကျတော့ ဈေးဘေးနားက တိုက်ကလေးက ဒေါ် စိန်မမက ခဏလေးဝင်ထိုင်ပါဦး တိုင်ပင်စရာလေးရှိလို့ပါဆိုပြီး အတင်း ထွက်ခေါ်တာနဲ့ ကျုပ် ဝင်ထိုင်လိုက်ရသေးတယ်။ သူခေါ်လို့သာ ဝင်ရ တယ် ကျုပ်အရမ်းပင်ပန်းနေတယ်။ အိပ်လည်းအိပ်ချင်နေပြီ။ ကျုပ်ကိုမြင်တော့ သူ့ညီမအပျိုကြီးကပါ ငါးရံ့ခြောက်ဖုတ်တို့၊ ရေနွေးကြမ်းတို့၊ လက်ဖက်တို့နဲ့ ပျာပျာသလဲ ဧည့်ခံတော့တာပဲ။
           အကြောင်းရှိလို့ ခေါ်မှန်းသိပေမယ့် သူတို့က ဘာမှမပြောသေး တော့ ကျုပ်လည်း ဘာမှမမေးဘဲ အိပ်ငိုက်ငိုက်နဲ့ လက်ဖက်တစ်ဇွန်းစား လိုက်၊ ငါးခြောက်တစ်ဖတ်မြည်းလိုက်၊ ရေနွေးတစ်ခွက်သောက်လိုက်နဲ့ မနည်းကြီး စိတ်တင်းထားတဲ့ကြားက တဝါးဝါးသမ်းလာတော့တာပဲဗျို့။ အဲဒီအချိန်မှာ ကျုပ် လုံးဝမမျှော်လင့်တဲ့အဖြစ်ကို တွေ့ရတာပဲ။ ဒေါ်စိန်မမဟာ ရုတ်တရက် ကုလားထိုင်ပေါ်ကဆင်းပြီး ကျုပ်ရှေ့မှာ ကျုံ့ကျုံ့လေး ထိုင် လက်အုပ်ချီပြီး အိမ်ထဲဘက်လှမ်းလို့...

"မြန်မြန်လာကြဟေ့၊ ဒီမှာ သခင်မလေးဝင်လာပြီ”

တဲ့။ကျုပ်က တစ်စုံတစ်ရာ ပြန်ရှင်းပြဖို့ အားယူနေတုန်း အပြေး အလွှားရောက်လာကြတဲ့ သူ့သမီးတွေကို 

“အမေက ဆရာ့ကို ဘာမှကြို မပြောဘဲ စိတ်ထဲကနေ သခင်မလေးကိုရည်မှန်းပြီး အမေ့ကို တကယ်
စောင့်ရှောက်ရိုးမှန်ရင် အခုရှေ့မှာထိုင်နေတဲ့ ဒေဝပါရမီရှင်ကို ဝင်ကပ် ပေးပါ။ ရွှေမေမေကြီး သိပ်ကို ဒုက္ခရောက်နေလို့ပါဆိုပြီး တလိုက်တာ တကယ့်ကို တန်းပြီးဝင်လာတော့တာပဲ သမီးတို့ရယ်၊ ဝမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာ "

ဆိုတော့ သူရှက်သွားမှာစိုးတာနဲ့ ကျုပ် အသာလေး အလိုက်သင့် မျောပါသွားရတော့တာပေါ့။ အဲဒီမှာ သူကလည်း မေးချင် ရာမေး၊ ကျုပ်ကလည်း ပြောချင်ပြော၊ ဘာတွေပြောမိမှန်းတောင် မသိတော့ပါဘူးဗျာ။ လူကလည်း အိပ်ချင်နေတာနဲ့ မျက်လုံးတောင်ကောင်းကောင်းမပွင့်တော့ပါဘူး။ အဲဒီမှာ တစ်ခါတည်း သူ့လက်ထဲက လက်ကောက်တစ်ရန်ကိုချွတ်ပြီး ကျုပ်လက်ကိုဆွဲလို့ အတင်းဝတ်ပေး တော့တာ။ ဟောချက်တွေမှန်လွန်းလို့ ရှေ့ဆက်စောင့်ရှောက်အောင်သခင်မကို ဆက်တာတဲ့။ အဲသလိုနဲ့ဗျာ အတော်လေးကြာတော့ ကျုပ် လည်း ပါးစပ်ကို မိုင်ကုန်ဖြဲပြီး အားရပါးရကြီး သမ်းချလိုက်မိတော့ တာပဲ။ ဒီတော့

“ဟော.. ဟော... သခင်မ ပြန်ကြွသွားပြီ”

တဲ့။တော်ပါသေးရဲ့ဗျာ။ နို့မဟုတ်ရင် ဘယ်လောက်များ ကျုပ် ဆက်ပြီး ဝဋ်ခံနေရဦးမယ်မသိဘူး။ ဒီတော့မှ ပြန်ထပြီး ဆွဲခြင်းဆွဲယူ သူ့လက်ကောက်တွေ ပြန်ချွတ်ပေးတော့...

“မယူဝံ့ပါဘူး ဆရာရယ်၊ ကျွန်မ ပြန်လက်မခံပါရစေနဲ့၊ သခင်မဝင်တုန်း ဆက်ထားတဲ့ပစ္စည်းမို့ ကျွန်မနဲ့ မဆိုင်ပါဘူး၊ လိပ်ပြာရှင် ဆရာနဲ့ပဲ ဆိုင်ပါတယ်၊ ဆရာပစ္စည်းဖြစ်သွားပါပြီ၊ ဆရာပဲ ယူသွားပါ” တဲ့ဗျာ။ 

ကဲ... ခင်ဗျားတို့ ယုံပြီလား၊ မယုံရင် ဟောဒီမှာကြည့်...။