ဆယ့်တစ်နာရီထိုးရန် ငါးမိနစ်အလိုတွင် အတန်းပြီးသည်။ ကြားမှာ တစ်ချိန်အားသည်။ ပြီးတော့
အားလပ်ချိန်။ ဆယ့်နှစ်နာရီလေးဆယ်မှာ “ရသပညာ” နည်းပြတန်း။ သို့ရာတွင် ဆရာဦးဆောင်
လာမည်မဟုတ်။ အားကစားပွဲအတွက် အစည်းအဝေးရှိ၏။ ဒီနေ့အဖို့ အားလပ်သွာ းပြီ။ ညက
စဉ်းစားထားသော ဝတ္ထုတိုကလေးကို အပြီးရေးမည်ဟု ဆုံးဖြတ်လိုက်သည်။ အတန်းထဲက
ကျောင်းသားကျောင်းသူများ အလျှိုလျှို ထွက်ကုန်ကြပြီ။ ကိုတင်မြင့်နှင့် ကိုဇော်လင်းတို့က
အအေးသွားသောက်ရန် ခေါ်သည်ကို ငြင်းလိုက်ရသည်။
အခန်းထဲ၌ တိတ်ဆိတ်သွား၏။ ဗလာစာအုပ်ကို လွယ်အိတ်ထဲမှ ထုတ်လိုက်သည်။ ဖောင်တိန်နှင့်ရေးလျှင်
ကောင်းမလား။ ဘောပင်နှင့်ရေးလျှင် ကောင်းမလား။ ဖောင်တိန်ဆိုလျှင် မင်ပြန့်မည်စိုး၍ ဘောပင်နှင့်ပင်
ရေးတော့မည်။ ဝတ္ထုခေါင်းစဉ်ကို “ရွှေကံ့ကော်” ဟု ပေးလျှင် ကောင်းမည်ဟု စဉ်းစားမိသည်။
ဒီဇာတ်လမ်းမှာ ကံ့ကော်ပန်းသည် အရေးပါ၏။ ဝတ္ထုခေါင်းစဉ် တပ်လိုက်သည်။
ဇာတ်လမ်း စပါပြီ။

 (ယနေ့နံနက်)
“ရှူး.. တိုးတိုး၊ စာရေးဆရာကြီး စာရေးနေတယ်”
“ရှူး.. တိုးတိုး” ဆိုသော အသံကပင် တော်တော်ကျယ်၏။ အခန်းဘေးက ဖြတ်လျှောက်သွားသော
အမျိုးသမီးသုံးယောက်။ တစ်ယောက်ကို ကျွန်တော်သိသည်။ ပန်းချီပြပွဲမှာ သူငယ်ချင်းတစ်ယောက်က
မိတ်ဆက်ပေးဖူးသည်။ စီးပွားရေးတက္ကသိုလ်က၊ နာမည်တော့ မေ့သွားပြီ။
“ထားပြောတာ သူလား”
“အင်း”
“ကဗျာလေးတွေကတော့ မဆိုးပါဘူး၊ လူပုံကတော့.. ဟိ ဟိ”
အပေါက်ဝနားထိုင်မိတာ မှားသည်။ ချောင်ထဲသို့ရွှေ့မှ။ တက္ကသိုလ်မှာက ဒီလိုပဲ။
ယောက်ျားလေးအုပ်စုများလျှင် မိန်းကလေးတွေ အနောက်အပြောင် ခံရမည်။ အဲ.. မိန်းကလေးအုပ်စုက
များပြီး ယောက်ျားလေးတစ်ယောက်တည်း ဆိုလျှင်လည်း မလွယ်ဘူး။
ရေးလက်စစာမျက်နှာကို ပြန်ကြည့်သောအခါ ယနေ့နံနက်တဲ့၊ ဘာဖြစ်သလဲ ယနေ့နံနက် (ယနေ့နံနက်
မိုးအုံ့ပါသည်။ နှင်းဆီပန်းကလေးတွေ အိပ်ပျော်နေကြတုန်း။ ဇော်လတ်သည် အိမ်တံခါးကို ပိတ်လိုက်၏။
သော့ခတ်သည်။ ရာသီဥတုကား အုံ့မှိုင်းမှိုင်းရှိ၏။ သို့ရာတွင် သူ့စိတ်ကား ပေါ့ပါးသွက်လက်နေသည်အမှန်။)
“ဟေ့ ကိုဉာဏ်ပိုင်၊ ဘာတွေ ရေးနေတာလဲဗျ”
ဟိုက်.. သွားပါပြီ၊ သူ့ကို လှမ်းမကြည့်မိသော်လည်း အသံကြားရုံဖြင့် သိလိုက်သည်။ စိုးမြင့်။ ကျွန်တော်တို့
အတန်းထဲမှာ စကားအများဆုံး။ ဒုက္ခပါပဲ။
“ကျောင်းမဂ္ဂဇင်းကို ပို့မလို့ ဝတ္ထုတိုကလေး ရေးနေတာပါဗျာ”
ဒီလောက်ဆို သူနားလည်ဖို့ကောင်းပြီ။ သို့ရာတွင်....
“ဒါဆို ဦးနှောက်လေး ကြည်လင်သွားအောင် လက်ဖက်ရည် သွားသောက်ကြစို့၊ လာ.. ကျွန်တော်
တိုက်ပါ့မယ်”
ငြင်းဆိုဖို့မသင့်ကြောင်း နားလည်သည်။ လက်ဖက်ရည်ဆိုင် မလိုက်လျှင်လည်း ဒီအခန်းထဲမှာပင်
သူစကားတွေ ပြောပါလ်ိမ့်မည်။ ထို့ကြောင့် ထလိုက်သွားသည်။ လက်ဖက်ရည်နှစ်ခွက် မှာပြီးနောက်..
“ဒီမှာ ကိုဉာဏ်ပိုင်၊ ခုနလက်ချာကို ဘယ်လိုသဘောရသလဲဗျ” ဆိုပြီး စတင် ဆွေးနွေးလေတော့သည်။
ခက်သည်။ သူပြောတာတွေ အကုန်လုံး ကျွန်တော်သိပြီးသား။ မသိဘဲ နေပါ့မလားဗျာ။ ခုနပဲ
ဆရာသင်သွားတဲ့ ဟာတွေပဲ။
ဆွေးနွေးခြင်း၊ ငြင်းခုန်ခြင်းသည် အသိတရားကို တိုးပွားစေကြောင်း သိပါသည်။ သို့ရာတွင် ခုအချိန်မှာတော့
မဆွေးနွေးချင်၊ စာပဲ ရေးချင်နေသည်။ ဒီတော့ ကျွန်တော့်နဖူးကို ဖြန်းခနဲ ရိုက်လိုက်ပြီး....
“ဟာ.... ဆယ့်နှစ်နာရီတောင် ထိုးတော့မယ်၊ အမျိုးသမီးနဲ့ချိန်းထားလို့ သွာ းလိုက်ဦးမယ်ဗျာ”
လှစ်ခနဲထပြီး ထွက်လာခဲ့ရ၏။ ဘယ်ကိုသွားလျှင် ကောင်းမလဲ။ သိပံ္ပခန်းမတငွ် လူရှင်းနေမည်ကို သိသည်။
သို့ရာတွင် သိပ္ပံဆောင်ဘက်သို့ မသွားချင်။ မတော်တဆ မိစံနှင့်တွေ့နေလျှင် ခက်မည်။

လောလောဆယ်တွင် သူနှင့် မတွေ့ချင်သေး။ ညနေသုံးနာရီခွဲ မိစံတို့ အတန်းပြီးမှ သွားတွေ့တော့မည်။ ခု
စိုးမြင့်နှင့် စကားပြောနေရသောကြောင့် (အမှန်မှာ သူကချည်း ပြောခြင်းဖြစ်သည်) အတွေးပြတ်သွားသော
ဇာတ်လမ်းကလေးကို လမ်းလျှောက်ရင်း စဉ်းစားရသည်။
အမရဆောင် အပေါ်ဘက်သို့ တက်ခဲ့သည်။ လက်ဝဲဘက်ထောင့်ရှိ အခန်းတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
ဇာတ်လမ်းကို ပြန်ဆက်ရေးသည်။
(မနှင်းဖွေးနှင့် တွေ့ရမည်ကိုး၊ မနှင်းဖွေး၏ ရုပ်သွင်ကို မြင်ယောင်ကြည့်သည်။ မျက်ဝန်းအစုံကို အလျင်မိ၏။
ကြည်စင်၍ တည်သောမျက်ဝန်း၊ နှုတ်ခမ်းအလွှာ၏ တစ်စွန်းတစ်စ။)
စီခနဲ စူးရှသော အသံများနှင့်အတူ မိန်းကလေးတစ်သိုက် အခန်းထဲဝင်လာသည်။ ထမင်းဘူးကိုယ်စီနှင့်
ရှေ့ဆုံးခုံတန်းလျားတွင် မျက်နှာချင်းဆိုင်ထိုင်သည်။ ထမင်းဘူးတွေ ဖွင့်သည်။ အစပိုင်းတော့
တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ထမင်း လေးငါးဇွန်းစီ စားပြီးသောအခါ အင်အားပြည့်ဝလာကြဟန်တူသည်။
စကားပြောသံများ ထွက်လာ၏။ ထမင်းတစ်ဇွန်း စားလိုက်၊ စကားငါးခွန်းလောက် ပြောလိုက်၊ ရယ်လိုက်၊
ထမင်းစားလိုက်၊ စကားပြောလိုက်။
ထိုအခါ ကျွန်တော်ကလည်း သက်ပြင်းချလိုက်၊ ဖောင်တိန်ကိုပိတ်လိုက်၊ စာအုပ်ကို
လွယ်အိတ်ထဲထည့်လိုက်၊ မတ်တပ်ရပ်လိုက်၊ အခန်းအပြင်သို့ ထွက်လိုက်။ ကျုပ်သွားပြီ
ဆက်ရက်မလေးတို့ရေ။
လက်ဝဲဘက် အခန်းများကို စွန့်၍ လက်ယာဘက်သို့ လျှောက်ခဲ့သည်။ တံခါးစေ့ထားသည်။ တံခါးကိုဖွင့်၍
ဝင်လိုက်ရာ.. ဟိုက်ရော၊ အခန်းထဲသို့ ဝင်မည့်ခြေလှမ်းများ တွန့်သွားရ၏။
အခန်း၏ထောင့်စွန်းမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်။ သူတို့သည်
အပေါက်ဝဘက်သို့ ကျောပေးထားသဖြင့် ကျွန်တော့်ကို မမြင်ကြချေ။ တံခါးဖွင့်သံကိုလည်း ကြားဟန်မတူ။
ဟုတ်ပါ့.. သူတို့သည် လောကကြီးသုံးပါး၌ ဘာတွေဖြစ်နေသည်ကို သတိထားနိုင်ကြမည် မဟုတ်။
အမျိုးသမီးက စိတ်ကောက်နေသည် ထင်၏။ အမျိုးသားက စကားတတွတ်တွတ်ပြောရင်း ချော့နေသည်။
သူ ခေါင်းကုတ်လိုက်၏။
ကျွန်တော်သည် ကိုယ်ချင်းစာတတ်သူ၊ အလိုက်သိတတ်သူ ဖြစ်သည်နှင့်အညီ အခန်းအပြင်သို့
ထွက်ခဲ့ပါသည်။ တံခါးကိုလည်း အသံမမြည်အောင် ပြန်ပိတ်ပေးခဲ့ပါသည်။
ကျန်းမာချမ်းသာကြပါစေ။

ဆက်လျှောက်ခဲ့ရသည်။ ဟိုအခန်းတုန်းကလို အရမ်းမဝင်ရဲတော့။ ပြတင်းပေါက်က
အသာချောင်းကြည့်ရသည်။ ဒီအခန်းထဲလည်း လူရှိနှင့်၏။ သွားပေဦးတော့။ နောက်တစ်ခန်း၊ ထူးခြားစွာ
အားလပ်နေသည်။ လူမရှိ။ အတန်းထဲသို့ဝင်၍ ထောင့်စွန်းခုံတန်းမှာ ထိုင်သည်။ စာအုပ်ကို ဖွင့်သည်။
ရေးရန်ပြင်၏။ ဘာရေးရမှန်း မသိတော့ပြန်။
ဇော်လတ်နှင့် မနှင်းဖွေးတို့ကို အင်းဝလမ်းပေါ်က ကံ့ကော်ပန်းရောင်းသော ဆိုင်ကလေးရှေ့မှာ
တွေ့ခိုင်းလိုက်မည်။ အပွင့်အလှဆုံး ကံ့ကော်ပန်းကို နှစ်ယောက်စလုံးက ပြိုင်၍ဝယ်ကြမည်။ ဟုတ်ပြီ။
အတွေးကလေး ရလိုက်တော့လည်း ရေးရတာ အဆင်ပြေသားပဲ။ စာတစ်မျက်နှာကို
ခဏလေးပြီးသွားသည်နှင့် နောက်တစ်မျက်နှာ။ တယ်ဟုတ်ပါလား။ ဒီနှုန်းအတိုင်းဆိုလျှင်...
“ကျွီ”
မြတ်စွာဘုရား.. တံခါးဖွင့်သံပါလား။ ဦးခေါင်းကိုငဲ့၍ ကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက်နှင့်
အမျိုးသားတစ်ယောက်၊ ကျွန်တော့်ကို မြင်သောအခါ အခန်းထဲဝင်မည့် သူတို့ခြေလှမ်းများ တုံ့သွား၏။
အမျိုးသမီးက ပြန်ထွက်ရအောင်ဟူသော အိုက်တင်။ ဟုတ်သားပဲ.. သွားကြလေ၊ ဘာဖြစ်လို့
ရပ်နေရတာလဲ။ သို့ရာတွင် သူတို့နှစ်ယောက်သည် အခန်း၏ တစ်ဖက်အစွန်းရှိ ခုံတန်းတွင်
ဝင်ထိုင်လိုက်ကြပေပြီ။
သိတဲ့အတိုင်းပင် သူတို့ကို မြင်သောအခါ ကျွန်တော်သည် မိစံကို ဖျတ်ခနဲ သတိရလိုက်လေ၏။ ထိုအခါ
ဖောင်တိန်သည် စာရွက်ပေါ်တွင် လမ်းမလျှောက်နိုင်တော့ချေ။ ဒီအချိန်ဆိုလျှင် မိစံတော့ သင်ခန်းစာတွေ
လိုက်မှတ်နေတော့မှာပဲဟု တွေးမိပြန်လေသည်။
ကျွန်တော်သည် အတွဲချောင်းဖို့ ဝါသနာမပါပါ။ ခုဟာက မျက်စိရှေ့တင် ရောက်နေတာ၊ ချောင်းနေတာ
မဟုတ်ပါဘူး။ အထင်ကရကြီးပါဗျာ။
အမျိုးသားက အမျိုးသမီး၏ ပခုံးပေါ်သို့ လက်တစ်ဖက်တင်လိုက်သည်။ အမျိုးသမီးက လက်ကို
ဖယ်ချလိုက်သည်။ ကျွန်တော့်ဘက်သို့ မသိမသာ ငဲ့ကြည့်၏။ (ကျွန်တော်ကလည်း မသိမသာ
ခိုးကြည့်နေသောကြောင့် သူ ကျွန်တော့်ကိုကြည့်ကြောင်း သိခြင်းဖြစ်ပါသည်)
အမျိုးသားက အမျိုးသမီး၏ နားနားသို့ကပ်၍ တစ်စုံတစ်ခုပြောသည်။ အမျိုးသမီးက မျက်စောင်းထိုပြီး
ဗိုက်ခေါက်ကို ဆွဲလိမ်သည်။ “အား” ဟု အော်ပြီး သူတို့ရယ်ကြ၏။
ကျွန်တော်ကလည်း ခပ်တည်တည်ပဲ။ ဘယ်ရမလဲ။ စာအုပ်ကိုပိတ်၍ အခန်းအပြင်သို့ ထွက်ခဲ့ပါတော့သည်။
ကဲ.. ငါ့အကြောင်း သိပြီလား။
ဒီတော့ကာ ဘယ်ကိုသွားမလဲ။ မန္တလေးဆောင်၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ ရာမညဆောင်၊ ကံ့ကော်တော၊
တစ်ခုမှ စိတ်ကြိုက်မတွေ့။ လမ်းပေါ်တွင် အိယောင်ဝါးလုပ်ရင်း လျှောက်နေမိသည်။
အပန်းဖြေရိပ်သာဘေးမှ အင်္ဂတေခုံတန်းကလေးမျာကို မျက်စိကျမိသည်။ ထိုင်မည်ပြုလိုက်စဉ်မှာပင်
အနုပညာအသင်း တီးဝိုင်းခန်းထဲမှ “ဗေထိ ဗေထိ” ဆိုသော အသံကို ကြားလိုက်ရ၏။ “စိန်မျိုးသန်း”
လက်စွမ်းပြနေပေသကိုး။ “ကောင်လေး.. ကြိုးစားလိုက်ကွ” ဟု စိတ်ထဲကအားပေးရင်း ထွက်လာခဲ့သည်။
ဘွဲ့နှင်းသဘင်ခန်းမ၏ ကျောက်သလင်းလှေကားထစ်များတွင် ထိုင်မည် စိတ်ကူးသေးသည်။ သို့ရာတွင်
ထိုနားတစ်ဝိုက်မှာ ကားပြိုင်ပွဲရှိသည်။ ကားတစ်စင်းနှင့် တစ်စင်း ပြိုင်မောင်းကြခြင်း မဟုတ်ပါ။
တစ်စင်းတည်းပြိုင်သော ကားပြိုင်ပွဲ။ ဖြည်းဖြည်းမောင်းသည့်တိုင် ဗိုလ်စဲနွ ိုင်သော်လည်း
အရမ်းမောင်းသည်။ အပန်းဖြေရိပ်သာထောင့်တွင် စိုက်ထားသော “ကားများ ဖြည်းဖြည်းမောင်းရန်”
တောင်းပန်ထားသော ဆိုင်းဘုတ်သည် အဓိပတိလမ်းထိပ်မှ တက္ကသိုလ်မြေပုံ ဆိုင်းဘုတ်ကဲ့သို့ပင်
ဂရုစိုက်သူ နည်းပါးလှသည်။
“ဝူးခနဲ” “ပွမ်ခနဲ” “ဝှီးခနဲ” “ကျွီခနဲ”.. နေပါစေ။ အင်းလျားကန်စပ်မှာပဲ နားအေးပါးအေး
သွားရေးတော့အံ့။
သာယာသော အင်းလျားနယ်မြေကျတော့ နေရာတွေက ပေါများလှပါဘိ။ သို့ရာတွင် အကောင်းဆုံးနေရာကို
ရွေးရမည်။
တွေ့ပါပြီ။ လက်ပံပင်ကြီးတစ်ပင်။ ပါးပျဉ်းမြစ်များနှင့်၊ ပါးပျဉ်းမြစ်ဆိုသည်မှာ အခြားအမြစ်များလို
မြှောကပ်လျက် အလုံးလိုက်မရှိ။ မြွေပါးပျဉ်းများလို အပြားဖြစ်ပြီး မြေပေါ်တွင် ထောင်လိုက်ရှိနေ၏။
အပင်ရင်းတွင် မြေပေါ်သို့ တစ်ပေခန့် မြင့်တက်နေသောကြောင့် အမြစ်တစ်ခုနှင့် တစ်ခုအကြားတွင်
အကန့်ကလေးများသဖွယ် ဖြစ်နေသည်။
ဇိမ်နှင့်ထိုင်ချပြီး ဇာတ်လမ်းကို ပြန်စဉ်းစားသည်။ ဇော်လတ်နှင့် မနှင်းဖွေးတို့
နှစ်ယောက်တည်းတွေ့ကြသော အခန်း။ ဘယ်လိုသရုပ်ဖော်မလဲ။ ဟုတ်ပြီ။ စောစောက
ရာမညဆောင်မှာတွေ့ခဲ့သော အမျိုးသမီးနှင့် အမျိုးသားတို့ ဖြစ်စဉ်လေးကို ပြန်ရေးမည်။ ကျေးဇူးပဲ။
(ဇော်လတ်သည် မနှင်းဖွေး၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်သည်။ ထိုအခါ.... )
“အဟင့်”
အလိုလေး။ ဝတ္ထုသည် အသက်ဝင်လွန်းသွားသည် ထင်သည်။ ဇာတ်ကောင်တွေက အသံများတောင်
ထွက်လာသည်ထင်ရသည်။ မဟုတ်ပါ။ လက်ပံပင်ကြီးနောက်ဘက်မှ..
“လွှတ်ပါဦးကွယ်”
ဟုတ်ပါ့။ ကျွန်တော် မရောက်ခင်ကတည်းက သူတို့ရောက်နေခြင်း ဖြစ်ပါလိမ့်မည်။ လက်ပံပင်ကြီးသည်
လက်ငါးဖက်စာလောက် ရှိသောကြောင့် ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် မမြင်ခဲ့ခြင်း
ဖြစ်ပါလိမ့်မည်။
ထိုသို့ဖြစ်ရကား ကျွန်ုပ်သည် အလိုက်သိတတ်သူ၊ ကိုယ်ချင်းစာတတ်သူ ဖြစ်သည်နှင့်အညီ ထိုနေရာမှ
ရှောင်ထွက်ခ့ပဲ ါတော့သည်။ လွတ်လပ်စွာ နေရစ်ကြပါလေ။

နေရာ.. နေရာ.. နေရာ။ ငါ့အတွက် နေရာ။ အမှောင့်ပယောဂ ကင်းဝေးရာနေရာ။
အို.. ကြည့်စမ်း၊ နီးလျက်နှင့်ဝေးနေသော နေရာတစ်ခုကို မေ့ထားခဲ့ပါသကော။
တက္ကသိုလ်များဗဟိုစာကြည့်တိုက်က ဘာလုပ်ဖို့ထားသလဲ။ ထိုနေရာ၌ ဆူညံခြင်းမပြုရ။ တိုးတိုးပြောပါ။
စာဖတ်နေသည်။
စာကြည့်တိုက်သို့ အမြန်ပြေး၊ ချောင်အကျဆုံးနေရာမှာထိုင်၊ စာကိုဆက်ရေးသည်။ ဒီဝတ္ထု
ဒီနေ့ပြီးမှဖြစ်မည်။ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းအတွက် စာမူများကို ဒီနေ့ညနေ လေးနာရီ နောက်ဆုံးထား၍
လက်ခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ကမ္ဘာစစ်ကြီးဖြစ်လို့ စာကြည့်တိုက်ကို လေယာဉ်ပျံဖြင့်
ဗုံးလာကြဲသည့်တိုင် ဒီနေရာကမထပြီဟု ဆုံးဖြတ်လိုက်လေသတည်း။
ဒီနေရာနှင့် ကျွန်တော်နှင့် လမိုင်းကပ်သလားမသိ။ စိတ်ပါလက်ပါရေးလိုက်ရာ ဇာတ်သိမ်းပိုင်းကိုပင်
အစပျိုးလိုက်နိုင်သည်။ ဇာတ်သိမ်းခန်းဆိုတော့ အရေးကြီးသည်။ စကားလုံးတွေကို
သေချာစွာရွေးချယ်ပြီး....
“ဟိတ်.. ကိုကို”
“အမလေး”
မိစံ.. မိစံ၊ ချစ်သောမိစံ။ ဘေးမှာ လာရပ်နေ၏။ သွားပါပြီဗျာ၊ သွားပါပြီ။ ကယ်ကြပါဦး။
“ဘာဖြစ်လို့ ဒီလောက်တောင် လန့်သွားရတာလဲ ကိုကိုရဲ့၊ ရှာလိုက်ရတာ၊ တစ်ခါတည်း သူက
ဒီမှာလာပုန်းနေတာကိုး”
“မဟုတ်ပါဘူး”
“ကဲပါ၊ ဆာလှပြီကွယ်၊ ထ.. သွားရအောင်လေ”
“ဟို.. ဟိုဥစ္စာလေ”
“ဘာလဲ.. မလိုက်ဘူးလား၊ ဒါဖြင့်လဲ”
“ဟာ.. မဟုတ်ပါဘူး၊ လိုက်ပါ့မယ်”
“ဒါဆိုပေး၊ အဲဒီစာအုပ်”
ကျွန်တော့်စာအုပ်ကို သူယူ၍ လွယ်အိတ်ထဲ ထည့်လိုက်သည်။ ကျွန်တော်သည် စာအုပ်ကလေးကို
သံယောဇဉ် မကုန်သော်လည်း မတတ်နိုင်သောဘဝမို့ မိစံနှင့်အတူ လိုက်ခဲ့ရသည်။
ဘယ်သွားမှာလဲဆိုတော့ အင်းလျားတဲ့။ အကြော်စားချင်လို့တဲ့။ အင်းလျားကန်စပ်သို့
တစ်ခေါက်ရောက်ရပြန်သည်။ အကြော်စားကြ၏။ တစ်နေရာသို့ ရောက်သောအခါ..
“ကိုကို.. ဟိုအပင်ကြီးအောက်မှာ ထိုင်ရအောင်”
မိစံ လက်ညှိုးထိုးပြသော အပင်ကြီးကတော့ စောစောက ကျွန်တော်ထွက်ပြေးခဲ့ရသော လက်ပံပင်ကြီး။
“လာလေ.. သွားရအောင်”
ရွံ့တွန့်တွန့်ဖြစ်နေသော ကျွန်တော့်ကို မိစံက အံ့သြနေလိမ့်မည်ထင်၏။ အလွန်ကဲသော ကိုကို၊
ဘယ်လိုများ ဖြစ်နေပါလိမ့်ဟု ထင်မလားမသိ။

လက်ပံပင်ကြီးကို ကျွန်တော် လှည့်ပတ်စစ်ဆေးလိုက်သည်။ ကျွန်တော့်လို စာတွေဘာတွေ
လာရေးနေတဲ့လူများ ရှိမလားလို့။ ပြီးတော့ စောစောကအတွဲ။ ဘယ်သူမှ မရှိ။ စိတ်ချရပြီဆိုမှ မိစံနှင့်
ဘေးချင်းယှဉ်၍ ထိုင်ချလိုက်သည်။
လေညင်းကလေးသည် အင်းလျားကန် ရေပြင်ပေါ်တွင် ပြေးလွှားဆော့ကစားသောအခါ
လှိုင်းကြက်ခွပ်ကလေးများသည် နောက်တွင် “ဖျတ်ခနဲ ဖျတ်ခနဲ ကခုန်နေကြတုန်း”
“ဟင်းနော်”
ကျွန်တော့်ဝတ္ထုထဲက ဇာတ်ကောင်က အသံထွက်လာခြင်း မဟုတ်ပါ။ လက်ပံပင်ကြီးနောက်ကွယ်မှ
အခြားစုံတွဲဆီမှ အသံလည်း မဟုတ်ပါ။
ကျွန်တော်နှင့် အနီးကပ်ဆုံးနေရာမှ ထွက်ပေါ်လာသောအသံ၊ ဟုတ်ပါ၏။ ကျွန်တော့်မျက်နှာနှင့်
တစ်ထွာလောက်သာ ကွာသောနေရာမှ ထွက်လာသောအသံ။ ကျွန်တော်က မိစံ၏ပခုံးပေါ်သို့
လက်တစ်ဖက်ကို တင်လိုက်သဖြင့် သူက ကျွန်တော့်လက်ကို ပုတ်ချလိုက်ရင်း ပြောလိုက်သောအသံ။
မည်ကဲ့သို့ ဆက်စပ်နေသည်မသိ၊ မိစံက ကျွန်တော့်ကျောကုန်းကို ဒုတ်ခနဲထုလိုက်သောအခါ စောစောက
ရေးလက်စ ဝတ္ထုဇာတ်လမ်းလေးသည် ဦးနှောက်တွင်းမှ ဖတ်ခနဲ ခုန်ထွက်သွားလေသည်။
အလိုက်သိတတ်သော အင်းလျားလေညင်းသည် ထိုဝတ္ထုဇာတ်လမ်းကလေးကို ကြိုးဖြင့်တုပ်နှောင်၍
ဝေးရာသို့ ဖမ်းဆီးခေါ်ဆောင်သွားလေသည်။

********
မင်းလူ
ဂီတပဒေသာ၊ ဇူလိုင်၊ ၁၉၈၀