လှစိန်သည် နာမည်ကြီးသလောက် မာန်မာနကြီးသူဖြစ်လေ၏။ ၎င်း၏ ရုပ်ဆင်းကြန်အင် လှပတင့်တယ်သော သတင်းသည် ရပ်နီးရပ်ဝေး
ကျော်ကြားလေ၏။ အရပ်ရပ်မှာ ပိုးပန်းသူများ ကြိုးပမ်းစွာ လာရောက် ကြသော်လည်း လှစိန်ကို တွေ့ရသည့်အခါမှသာ တွေ့ကြရ၏။ သို့ဖြစ်၍ မထိုက်သူ မယူရဟူသော စကားတစ်ခု ပေါ်၍နေလေ၏။ 

၎င်း၏ဖခင်မှာ ကျေးရွာကော်မတီလူကြီးဖြစ်၏။ ပစ္စည်းဥစ္စာလည်း ကြွယ်ဝ၏။ မိခင်ကလည်း မာနကြီး၏။ လှစိန်နှင့်တန်သူ ပုသိမ်နယ်မှာ မရှိဟု စွဲမှတ်၍ထားလေ၏။

လှစိန်ကိုလိုချင်သူများလည်း အနီးအပါးမြို့များမှ လာကြလေ၏။ ကာလသားတစ်ယောက်ကို လှစိန်လက်ခံ၍ စကားပြောလျှင် ၁၀ ယောက် အယောက် ၂၀ က မခံမရပ်နိုင်အောင် ဖြစ်ကြလျက် လမ်းမှာ ခိုက်ရန်ဒေါသ ဖြစ်ကြလေ၏။ ပုသိမ်သားကို လက်ခံလျှင် အနီးအပါးမြို့များက ကာ လသားများက မခံချင်၍ ရန်ဖြစ်၏။ အနီးအပါး ကာလသားများကို လက်ခံလျှင် ပုသိမ်သားများက မကျေမနပ်ဖြစ်ကာ ခိုက်ရန်ဖြစ်ပွားကြ၏။ သို့ ဖြစ်သောကြောင့် ဒေါင့်ကြီးမှာ မငြိမ်မသက် လှစိန်တစ်ယောက်အတွက် မကြာခဏ အဓိကရုဏ်းဖြစ်လေ၏။

ထိုအဓိကရုဏ်းသည် မြို့ထဲ၌ တစ်ဖက်နှင့်တစ်ဖက် တစ်ရပ်ကွက် နှင့်တစ်ရပ်ကွက် အမျိုးတစ်စုနှင့် တစ်စုသို့တိုင်အောင် နောက်ဆုံး၌ ပျံ့နှံ့၍ သွားလေ၏။ လှစိန်ကို ပိုးရသည့်အတွက် သေသည်တိုင်အောင် အနာတရ ဖြစ်သူများလည်းရှိလေ၏။ သို့သော်လည်း အလှဂုဏ်ကိုးခါ စိတ်ကြီးဝင်၍ နေသော လှစိန်နှင့် ၎င်း၏ မိဘများသည်ကား မြို့ပျက်၍သွားလျှင် သာ၍ပင် ထင်ရှားကျော်ကြားလိမ့်မည်ဟု မှတ်ယူကာ လှစိန်ကို ယောက်ျား မပေးစားဘဲ မြို့ပျက်အောင် ကြည့်၍နေလေ၏။ အရေးပိုင်က ဒီပုံဖြင့် ဒီမြို့ကို စစ်ပုလိပ် လက်အပ်ရလိမ့်မယ်ထင်တယ်၊ ကျုပ်တို့ မထိန်းနိုင်ဘူးဟုခြိမ်းခြောက်လေ၏။ 

သို့ဖြစ်လေရာ တိုက်တွန်းသူများကြသဖြင့် ဖခင်မင်းတိုင်ပင်အမတ် ကြီးသည် ရန်ကုန်သို့သွားပြီး သမက်လောင်းတစ်ယောက်နှင့် ပြန်၍ လာလေ၏။ ထိုအခါ ပုသိမ်သားကာလသားများက ငါတို့ပုသိမ်သားကိုတော့ အဖက်မတန်မှတ်ထင်ပြီး ရန်ကုန်သားကိုမှ သူ့သမီးကလေးကို အပ်ရသလားဟု အများသဘောတူ စိတ်ဆိုးကြလျက် ၎င်း၏ အိမ်ကို မီးနှင့်ရှို့လေရာ ထိုအိမ်မှမီးကူးစက်ပြီး တစ်ရပ်လုံး တက်တက်ပြောင်လေ၏။ မီးအာမခံ ရှိသော အိမ်တစ်အိမ်သာပါလေ၏။ ထိုအိမ်ကား လှစိန်တို့အိမ်ဖြစ်လေ၏။သို့ဖြစ်လေရာ အများငိုပွဲဆင်ကြသည့် အထဲတွင် လှစိန်တို့ သားအမိ သားအဖမှာ ရယ်ပွဲဆင်၍ နေကြလေ၏။

လှစိန်၏ အိမ်ခြေရင်း၌ မိဘဂုဏ် ပကာသနကြောင့်မဟုတ် တကယ်ရုပ်ရည်ချောမောလှပသော စန်းကြည်ဟုခေါ်သော မိန်းကလေး
တစ်ယောက်ရှိလေ၏။ ၎င်းမှာ လှစိန်လောက် လှလှပပ မဝတ်နိုင်ရှာပေ။ သို့ဖြစ်လေရာ တစ်ခါတစ်ရံ အဝတ်အစား လှလှပပကို ဝတ်ဆင်ရသည့်အခါ လှစိန်က ပိုးစုန်းကြူးဖက်လို့ ပြိုင်တယ်လေး ဘာလေးနှင့် မခံမရပ် နိုင်အောင် ရှုတ်ချပြောဆိုလေ၏။ စန်းကြည်သည် ထိုစကားများကို ကြားရသော်လည်း အောင့်အည်း၍နေလေ၏။ စန်းကြည် မိခင် မုဆိုးမကြီး သည်ကား ခိုက်ရန်ဒေါသကို လွန်စွာ ကြောက်တတ်သူတစ်ယောက် ဖြစ်သဖြင့် မိမိ၏သမီးကိုသာ နှိမ်လေ၏။ 

“ငြိမ်ငြိမ်နေပါသမီးရယ်၊ မေမေတို့က သူတို့လို အသိုက်အဝန်းကြီးတာ မဟုတ်ဘူး သမီး၊ မတူရင်မတုနဲ့သမီးရယ်။ လှစိန်က စိတ်ကြီးဝင်ပြီး အိမ်တွင်းပုန်းလုပ်လို့ နာမည်ထွက်တာပါ အေ၊ နောင်တော့စိတ်ကြီးဝင် အားကြီးလို့ ဘယ်ကာလသားမှ မရတဲ့အခါကျတော့ သူ့ဆီကိုဘယ်သူမှ လာမှာမဟုတ်ပါဘူး၊ ညည်း မျက်စိသာ ဒေါက်ထောက်ပြီးကြည့်ပါ။ အခုတောင် မလာတဲ့လူတွေ မလာကြတော့ဘူး။ အရှေ့ပိုင်း ဘိုးနီတို့ ညီအစ်ကိုများ ဘယ်လာတော့သလဲ၊ သူတို့အစက ငမ်းငမ်းတက်လာကြတာပဲ။ အခုအေးသွားပြီ။ နောက် တခြားလူတွေလည်း ဒီလိုဖြစ်ကြမှာပဲ။ လူမှာ လည်းစိတ်နဲ့ပဲအေ။ စိတ်ကြီးဝင်လည်း နာမည်ထွက်တယ်၊ စိတ်ကြီးဝင် အားကြီးလို့လည်း နာမည်ပျက်တာပဲ”

“ဒီလိုဖြင့် ကျွန်မ ဘယ်လိုနေရမလဲ” 

“ညည်း ဒီလိုပဲ အိမ်တွင်းပုန်းနေပေါ့”  

“ဒီတော့မှ သူ့ကိုရဲရဲတင်းတင်း ဂုဏ်ပြိုင်တယ်လို့ ပြောဦးမှာ” 

“ပြောပြောအေ ညည်း မကြား ပြီးရော မဟုတ်လား”

သို့ဖြစ်လေရာ စန်းကြည်သည် အဝတ်အစားကို အထူးလှလှပပ မဝတ်ဆင်နိုင်သူဖြစ်လေရာ၊ အိမ်တွင်းပုန်း လုပ်နေတာပဲအေးတယ်ဟု အောက်မေ့ပြီး အိမ်တွင်းပုန်းစပြုလေ၏။

ထိုအခါ အိမ်နံရံအကြားထဲမှ စန်းကြည်မြင်ရသောအရာကား စည်း စောင်း ချောင်းမြောင်းကြည့်သူများဖြစ်လေ၏။ 
 
“လှစိန်က ငါတို့အရပ်ထဲမှာ လတစ်စင်းပြူပြန်ပြီ”ဟု ပြောလေ၏။ ထိုစကားသည် စန်းကြည်၏နားသို့ ရောက်လေ၏။ စန်းကြည်၏မိခင်လည်း ကြားရလေ၏။ ထိုအခါ များစွာအားတက်လျက် စန်းကြည်ထံသို့ သွားရောက်ကာ -

“ဘယ့်နှယ်လဲသမီး ကြားရပြီမဟုတ်လား။ အရင်က ညည်းကို ချောင်းမြောင်းကြည့်သူများ ရှိရဲ့လား။ အခု ညည်းဘယ်လောက် တန်ခိုး ကြီးလာပြီလဲ” ဟုပြောလေ၏။ စန်းကြည်လည်း ကျေနပ်ပျော်ရွှင်၍ နေလေ၏။ မိခင်က ”ညည်း ဒီလိုအခါမျိုးမှာ ဂုဏ်တုဂုဏ်ပြိုင် ဝတ်ဆင်နေဖို့ မလိုပါဘူး။ ဆင်စရာလည်း ငါတို့မှာမရှိဘူး။ တစ်ခု ငါသတိပေးမယ်။ လှစိန်ထံလာတဲ့လူများဟာ စိတ်လက်မကျေမနပ် မသာမယာနဲ့ ပြန်ကြရတယ်။ ညည်းဒီလိုမလုပ်နဲ့၊ လာသူများကို အားရှိအောင် အရောတဝင်ကလေးလည်း လုပ်ရတယ်အေ့၊ သို့သော်လည်း အားလုံးရှေ့မှာ တစ်ယောက်ယောက်ကိုပိုပြီး အရောဝင်လို့လည်း မဖြစ်ဘူး၊ တစ်ယောက်တလေ လာသူများကိုသာ အားပေးရတယ်။ မိန်းမကအားမပေးရင် ယောက်ျားများလည်း မလာရဲဘူး။ အားပေးတန်သလောက် အားပေးမှ ဖြစ်တာ” ဟု ပြောလေ၏။ စန်းကြည်လည်း အမေမှာသည့်အတိုင်း ရိုးရိုးကျင့်၍ ရိုးရိုးနေ၏။ သို့ဖြစ်လေရာ လှစိန်ထံသွားရသဖြင့် ခြေတိုခမန်းဖြစ်လျက် စိတ်ပျက်၍နေသူ
မောင်စိန်ဖေခေါ် ယောက်ျားပျိုတစ်ယောက်သည် စွတ်စွတ်ရွတ်ရွတ် စန်းကြည်ထံ ရောက်၍လာလေ၏။

“ရှင် ဟိုအိမ်နဲ့ ဘာဖြစ်လာသလဲ”
 
“ဘယ်အိမ်လဲ”

“ရှင် အရင်က လှစိန်ဆီကို သွားသွားနေတယ်မဟုတ်လား။ အခု ဘာဖြစ်လာသလဲ” 

“အခု ဘာမှမဖြစ်လို့ ပြန်လာတာပေါ့။ ဒီကောင်မက သူ့ကို ယောက်ျားတွေ လာလာပြီး ခစားသလိုနေမှကြိုက်တာ” ဟုဆိုပြီး “ကျွန်တော်တို့က ဘာခစားမလဲအဒေါ်ရဲ့” ဟု စန်းကြည်၏မိခင်အား ပြောလေ၏။

“အဲ ...ဘယ့်နှယ်ရှိစ ငါပြောတာဟုတ်တယ်၊ မောင်ရင် ယောက်ျား ကလေးများလည်း ဂုဏ်နဲ့ အသရေနဲ့ပဲ။ ရမယ်ထင်လို့ ပိုးတာ၊ မရရင် ဘာလုပ်အချိန်ကုန်ခံပြီး ပိုးမှာလဲ၊ လူများမှာ အတောမသတ် စိတ်ရှည် နိုင်ဘူး။ စိတ်ဆိုတာ ရှည်သင့်သလောက် ရှည်တာပဲ”

မောင်စိန်ဖေမှာ စက်ရှင်ရုံး စာရေးကြီးဖြစ်၏။ လှစိန်ကား စာရေး စာချီလောက်ကို မျက်စိမမြင် အမြင့်ဆုံး အိုင်-စီ-အက်ကဲ့သို့သော သူများကိုသာ မြင်၍နေလေ၏။ ဒိစတြိတ်မြို့၌ အိုင်-ဒီ-အက်တွေ မြောက်မြားစွာ ပိုလျှံ၍မနေနိုင်ကြပေ။

သို့ဖြစ်လေရာ စန်းကြည်မှာ ထိုစာရေးကြီးနှင့်ပင် အကြောင်းပါ၍ သွားလေ၏။ လှစိန်မှာကား အိုင်-စီ-အက်ကို မျှော်လင့်တုန်းပင်။

စန်းကြည်မှာ ယောက်ျားရသဖြင့် တင့်တင့်တယ်တယ် ရွှေနှင့် ကျောက်အလား၊ ဘုရားသွားအတူ၊ ကျောင်းသွားအတူနေသည်ကို လှစိန် မြင်ရသောအခါ အားကျစပြုလေ၏။ စန်းကြည်မှာ ပိုမိုချောမောလှပ၍လည်း လာလေ၏။ လှလှပပ ဝတ်ဆင်၍ လင်မယားနှစ်ယောက် ရှေ့သွား
နောက်လိုက်ညီ၊ ဘေးချင်းတိုက်ညီညီ ကျက်သရေရှိစွာ သွားလာကြသည် ကို အားကျစပြုလေ၏။ 

သို့သော်လည်း လှစိန်မှာ အားကျသော်လည်း ရွေးချယ်၍ယူစရာ လူမရှိတော့ပေ။ ဟန်ဟန်ပန်ပန် လူများအနက် တစ်ယောက်မျှမကျန်အောင်ရှောင်ခွာ၍ သွားကြလေတော့သတည်း။  

ထိုအခါ မနာလိုမုန်းထားသောစိတ်၊ ဒေါသစိတ်၊ မခံချင်သောစိတ်များသည် လှစိန်၏ မျက်နှာကို အမျိုးမျိုး အရုပ်ဆိုးအောင် လုပ်ကြလေ၏။ 
 
သို့သော်လည်း ဟိုင်းစပြုသော လှစိန်ကို အိုစပြုသော ယောက်ျားများသာ မျက်စောင်းထိုးကြလေတော့၏။ ထိုသို့ မျက်စောင်းထိုးသူများ အနက် မလွတ်မလပ်သူများလည်း ပါဝင်ကြလေ၏။ 

သို့သော်လည်း ရှေးကထွက်ခဲ့သော နာမည်ကလေးနှင့် ရှေးအခါက မစွန့်စားဝံ့သူတစ်ယောက်သည် စွန့်စားဝံ့သောသူအဖြစ်သို့ ရောက်လျက် လှစိန်ကို အရကြံလေ၏။ ၎င်း၏နာမည်ကား ဆိုးပုံခေါ်သူဖြစ်လေ၏။ မယားတစ်ယောက်ကို ကောင်းစွာမကျွေးနိုင်သည့်အတွက် ထိုမိန်းမနှင့် ကွဲသလိုလိုဖြစ်၍နေလေ၏။ ၎င်းသည် လှစိန်ကို ဈေးကအပြန်တွင် လှည်း နှင့်တင်၍ ပြေးလေ၏။

လှစိန်မှာ မော်တော်ကားအတင်မခံရ၊ လှည်းကြမ်းကြီးနှင့် အတင် ခံရသည့်အတွက် စိတ်လက်မကျေမချမ်းဖြစ်လေ၏။ သို့သော်လည်း မိမိ၏ ကံအကြောင်းက ဤမျှသာ အကျိုးပေးသည်ကို မငြင်းမဆန်နိုင်ဘဲ မော်တော်ကားစီးနိုင်သူ များစွာမရှိသောအရပ်၌ လူလာ၍ဖြစ်ရသည့် အတွက် စိတ်ထဲတွင် တစ်ရပ်လုံးကို သိမ်းရုံးကျိန်ဆဲ၍နေလေ၏။

ဆိုးပုံသည်ကား ငွေကြေးရှာ၍ပင် မရသော်လည်း ထန်းရည် ကစော် အရက်များကိုကား နေ့စဉ်သောက်စားနိုင်၏။ အိမ်ကို မူးယစ်လျက်
ပြန်၍လာသည့်အခါ တစ်ခါတစ်ရံ တောအရက်ပုလင်းကို ခါးကြား၌ ညှပ်၍လာပြီး စတိုင်ပါပါနှင့် မီးဖိုချောင်၌ ပုလင်းကိုထောင်ကာ- 

“လှစိန် ဟေ့ ဒီမှာကွဲ့ လာစမ်းပါဦးကွဲ့ လင်ယောက်ျားကြိုက် တတ်တဲ့အရာကို ကူညီလုပ်ကိုင်ပေးမှ မိန်းမမြတ်ကွဲ့၊ လာ မင်းငှဲ့ပေးပါ။ ဒီတော့မှ ဘဝတိုင်း အဆက်ပါပြီး မင်းကို လှည်းနဲ့ ချည်းတင်ရမှာ လာပါရမီ ဖြည့်စမ်းပါကွယ် လှရယ်” ဟူသောစကားမျိုးဖြင့် လှစိန်အား အရက် ငှဲ့ ခိုင်းလေ၏။

လှစိန်ကား အလွန်စိတ်ကြီးဝင်ခဲ့ဖူးသူဖြစ်ရာ ဆိုးပုံကို သူနှင့်ညားပြီး အရက်ကိုငှဲ့၍ ပေးရသော ဘဝသို့ ရောက်သည်မှာ ကံကြမ္မာ၏ ဖန်တီးပုံ မဟုတ်။ မိမိကိုယ်တိုင်၏ ဖန်တီးခြင်းဖြစ်လေ၏။ သို့ သော်လည်း ထိုအကြောင်းကို မတွေးတောမိချေ။ မိမိ၏ဆိုးသော ကံကြမ္မာအတွက် အရပ်ကို ကျိန်ဆဲ၍နေလေ၏။ အရပ်မကောင်းလို့သာ ယခုလိုဖြစ်ရသည် ဟု မှတ်ထင်၍နေလေ၏။ 

တစ်ခါတစ်ရံ ဆိုးပုံ ရှာဖွေ၍မရသောအခါ စန်းကြည်ထံသို့သွား ၍ တစ်မတ်ငါးမူးကို၎င်း ချေးယူရလေသည်။ သို့သော်လည်း အချိန်မှန်မှန် ပြန်၍မဆပ်နိုင်။ စန်းကြည် သဘောကောင်းသဖြင့်သာ အဖြစ်အပျက်ကို အရပ်မသိဘဲနေလေ၏။ သို့ ချေးနေကျသောအခါ အချေးအငှား ပိုမိုရဲလေ၏။

တစ်နေ့သ၌ မိမိအရက်ဝယ်၍ သောက်နေကျဖြစ်သော အရက်အမြဲ ချက်လုပ်သူ ကိုရွှေတောင်၏ တဲသို့ ရောက်၍ သွားပြီး အရက်ရှိသေး သလားဟု မေးရာ ထန်းလျက်ဖိုးမရှိ၍ အရက်ကို မချက်နိုင်ကြောင်း၊ ဆိုးပုံထံမှ ငွေအတော်များစွာ ရဖို့ ရှိကြောင်းကို ပြောလေရာ ထိုအရက်ကြွေးနှင့် ပတ်သက်ပြီး အငြင်းအခုံဖြစ်ရာမှ ရန်ခိုက်ဒေါသဖြစ်ပြီး ဦးရွှေတောင်၏ တူ အောင်သူ ခေါ် ဂျပုက ဦးဆက်ကို ပုလင်းနှင့်ထုလိုက်ရာ ဆိုးပုံမှာ ဝဋ်ကျွတ်၍သွားလေ၏။

ဆိုးပုံသေပြီးသည်နောက် လှစိန်မှာ စန်းကြည်တစ်ယောက်သာ ခေါ်သူပြောသူ ရှိလေရာ တစ်မတ် ငါးပဲ စသည့် ကြွေးများကို စန်းကြည်ထံမှ မကြာမကြာ အလီလီယူရသဖြင့် ကြွေးသာထပ်လျက် ပြန်ဆပ်ခြင်းကား မရှိသဖြင့် နောက်ထပ် အလကား မချေးဝံ့တော့ချေ။ သို့သော်လည်း စန်းကြည်၏ အိမ်ကိုသွားသည့်အခါတိုင်း ပိုက်ဆံလို၍လာကြောင်းကို စန်းကြည်သိသဖြင့် အလိုက်သိစွာ နှုတ်ဖြင့်ဖွင့်၍မတောင်းမီက သုံးပဲ တစ်မတ်ကို စန်းကြည်က ပေးလေ၏။ ထိုအခါ ကြွေးတွေ ထပ်၍တင်၏။ ၎င်းနောက် စန်းကြည်၏အိမ်သို့ အလကား မသွားဝံ့တော့သည့် အခြေအနေ မျိုးသို့ ရောက်၍လာလေ၏။ ထိုအခါ စန်းကြည်၏ သောက်ရေအိုး၊ သုံးရေအိုး၊ ချိုးရေအိုးများကို ရေသယ်၍ထည့်ပေးလေ၏။ တစ်ခါတစ်ခါ စားရေးသောက်ရေး ကျပ်သောအခါ၌ ကူညီချက်ဖြုတ်လုပ်ကိုင်၍ပေးလေ၏။ ထိုနည်းနှင့် လှစိန်သည် စန်းကြည်၏ အိမ်တွင် မြဲမှန်းမသိ မြဲ၍သွားလေရာ ထင်းခွေ၊ ရေခပ်အလုပ်ကို စန်းကြည်၏ အိမ်၌ အတည်တကျ အတိအလင်း လုပ်၍နေသူအဖြစ်သို့ ရောက်၍သွားလေတော့သတည်း။ 

ဆရာပီမိုးနင်း၊ ဝတ္ထုပဒေသာအမှတ် (၇)၊
စာမျက်နှာ ၆၃ - ၆၉။


◾◾◾