❇❇❇❇❇❇
ဦးဘိုးရင်သည် ကနဖျင်းအောက်တွင် နှီးဖျာနေရာမှ ဇနီးဖြစ်သူအား ကြည့်၍ပြုံးမိသည်။ ဒေါ်ဖော့မှာ အသက်ငါးဆယ်ကျော်မှ မိမဲ့ဖမဲ့ဖြစ်ရှာသော မြေးမလေးအား ကျွေးမွေးသုတ်သင်နေရရှာသည်။ သမီးဖြစ်သူမှာ သေရွာသို့ သွားရှာသဖြင့် ကျန်ရစ်သူ မြေးငယ်ကလေးမှာ ဘာမှန်းမှ မသိရှာ။ တအီအီ တအာအာဖြင့် ပုခက်ထဲတွင် ငို၍နေသည်။

" အေး .... အေး .... ခွေးပုရယ် ... အိပ်ပါကွယ် .... ဂျို ပေါက်တဲ့နွား .... ပျိုးခင်းကိုဝင် .... ပျိုးဆယ်ပင် ကုန်အောင်စား ... ကြီးတော်တို့နွား ..... အင်း .... အင်း .... "

စိတ်မရှည်နိုင်သလိုရှိလာသဖြင့် ပုခက်ကိုဆောင့်၍ လွှဲပြန်သည်။ ကလေးမှာ အတန်ကြာအောင်ငို၍ မောလာမှ ငှက်ပျောသီးတစ်လုံးကိုဖက်ရင်း အိပ်ပျော်တော့သည်။ 

ဒေါ်ဖော့သည် ဆေးဗန်းကိုယူ၍ ဦးဘိုးရင်အနီးတွင် ဆေးလိပ်လိပ်ရင်း ပုခက်ကို ကြိုးရှည်ကြီးနှင့် တစ်ချက်တစ်ချက် လွှဲရသေးသည်။ 

" ကိုဘိုးရင် ... ကလေးကို ရွှေဥကလေး လုပ်ပေးချင်တယ် ... ဒါမှ ကလေးက သက်ဆိုးရှည်မှာ ... "

" ငါ့လက်စွပ်ကလေး ရှိသားပဲဟာ .... ကျောက်နီကလေး ဖြုတ်သိမ်းထားလိုက်တာပေါ့ ....ဒီလက်စွပ်ကလေးနဲ့ဆို ညည်းရွှေဥလေး လုပ်လောက်ရောပေါ့မယ်ဖော့ရဲ့ "

" ကျုပ်က တော်မြတ်နိုးတဲ့ လက်စွပ်မို့ပါတော် .... "

" တို့ ... အိုကြီးအိုမဖြစ်ပါမှ ကံကောင်းချင်တော့ သမီးချန်ရစ်ခဲ့တဲ့ကလေး ကောက်မွေးရတာဟာ တို့ရှိသမျှ သူ့ဖို့ပေါ့ မယ်ဖေါ့ရဲ့ .... ညည်းနှယ် ဖျင်းပါဘိ ....."

" ဒီလိုဆို ပြီးပါရောတော် ... ကျုပ် နက်ဖြန် ပန်းထိမ်သွားအပ်ချည်ဦးမယ် ...."

" နို့ ... ညည်းစုထားတာကလေးများကော .... "

" သူကြီးအခွန်တော်က နုတ်လိုက်ရတာ ၁၃ - ကျပ် ၆ - မူး ကျန်တော့တာပေါ့ "

" အေး .... အေး .... ကောင်းကောင်းသိမ်းထား .... ၁ - နှစ် ၂ - နှစ်လောက်ဆို ခွေးပုဖို့ နားကောက်ကလေး လုပ်နိုင်ကောင်းပါရဲ့ ..... "

ပြောင်းဖူးဖက်ဆေးလိပ်လိပ်ရင်း တိုးတိုးဖော်ရသောဇနီးနှင့် မပြတ်မလပ်ကြားရသောပုခက်ကြိတ်သံတို့သည် ဦးဘိုးရင်အဖို့ လှုပ်ရှားသက်ဝင်သောလောကကြီးဖြစ်၍ မြေးကလေးခွေးပု ကြီးပြင်းလာအောင် မွေးကျွေးဖို့
စိတ်ကူးအမျိုးမျိုးထုတ်ရခြင်းတို့သည် နေပျော်သော အသက်သာဖြစ်၍နေတော့သည်။ 

ခွေးပုကလေးမှာ ငှက်ပျောသီးနှင့် ထမင်းဆီဆမ်းတို၏ အသက်ဆက်ချက်ကြောင့် အခါလည်အရွယ်မှသည် ကစားနိုင် ပြေးလွှာနိုင်သော ၃ - နှစ်နီးပါးသို့ တိုင်ခဲ့လေပြီ။ ဦးဘိုးရင်တို့လင်မယားမှာ အိမ့်ဆည်းလည်း ၊ အိမ်ခလောက်ကလေး ခွေးပုနှင့်အတူ ဝင်၍ကစားမတတ် အဖော်ရ၍နေကြတော့သည်။ 

" ဘ ... ဘ ... ထွေးပုဖို့ တောင်းငယ်ငယ်ကလေး ယက်ပေးဦး ... " ဟု တစ်ခါပူဆာလိုက်လျှင် ၁ - လုံးမှသည် ကြီးကြီးငယ်ငယ် ၁၀ - လုံးခန့် သစ္စေသရိုးကိုင်၍ ပေးထားသည်။ နှီးချိန်ခွင်လေးနှင့်တမျိုး ၊ အိုးပုတ်ကလေးနှင့်တလှည့် ၊ 
ခွေးပုမှာ အဘိုးကြီးကို ဘ ၊ အမယ်ကြီးကို အစ်မနှင့် သူ့ပေါင်ပေါ်ရောက်လိုက် ၊ ငါ့ပုခုံးပေါ်တက်လိုက်နှင့် ပျော်၍နေရှာသည်။ ဒေါ်ဖော့မှာ အလှူသွားလည်း တတန်းလန်းလန်း ၊ ရေခပ်သွားလည်း တွဲတလောင်းလောင်း ၊ ဤသို့ခြေရှုပ်သည်ကိုပင် အကျေနပ်ကြီးကျေနပ်၍ သွားလာခါနီး၌ " ခွေးပုရေ " ဟု ခေါ်၍ အဖော်ပြုရမှ ကျေနပ်သည်။

ခွေးပုသည် တွတ်တီးတွတ်တာနှင့် ဤလင်မယားမှလွဲ၍ အခြားသူလည်း ကနွဲ့ကလျလုပ်စရာ မရှိရကား ဦးဘိုးရင်အနားတွင်ကပ်ကာ ချွဲနွဲ့ပူဆာနေသည်။ 

" ဘ ... ထွေးပုဖို့ ဖျာငယ်ငယ်ကလေး ရက်ပေးဦး ... "

" အေး .... အေး .... မြေးဖို့ ဖျာစိမ်းစိမ်းကလေး ဘ ရက်ပေးမယ်နော် .... ကဲ ....မြေး ...ဘ တိုင်ပေးတာ လိုက်ပြီးဆိုစမ်း ... ပြီးတာနဲ့ ရက်ပေးမယ် .... "

" ဟင့် ... ဆိုချင်ဘူး ...."

" အို .... မမိုက်ရဘူး ...မြေးကုသိုလ်ရအောင် ဘက သင်ပေးတာ ... ဆို .... အနိစ္စ.. "

" အနိစ္စ ... "

" အနတ်တ .... "

" အနတ်တ "

" အဲဒါရအောင် ဆိုနော် .... ဘသင်ပေးမယ် .... "

" ဖျာရက်ပေးရမှာနော် ... "

" ပေးမှာပေါ့ ... နက်ဖြန် ဝါးခုတ်ကပြန်တော့ ရက်ပေးမှာ .... "

" ဘ ဟိုဥကြီးတွေပါ ယူခဲ့ပေးနော် .... "

" ဟင် ... ဘာတုံးမြေးရဲ့ ... "

" ဟိုတစ်ခါ ချက်စားတဲ့ ဥမည်းမည်းကြီးတွေလေ... "

" သြော် ... အင်း .... အင်း .... မျောက်ဥ .. ဘ တောထဲက ရှာခဲ့ပေးမယ် ... "

" အစ်မက ထွေးပုကို အညားကြီး မစားရဘူးတဲ့ ... "

" ငါ့မြေး ရင်ကြပ်မှာစိုးလို့ပါ .... "

" အို .... ကြပ်ဖူး ... စားမှာ ... အများကြီး ..."

" အေး ... အေး .... စားတာပေါ့ ...."

ဦးဘိုးရင်သည် ဆေးတံကြီးကိုပင် ပါးစပ်ကချွတ်၍ ခွေးပုနှင့် အချေအတင်ပြောရရှာသည်။ " ငါ့မြေး နင့်အစ်မဆီ မီးခြစ်တောင်းချေစမ်း ... " ဟု ခိုင်းလိုက်လျှင် ထမီကလေးကို ပြင်၍ဝတ်ရင်း ဒေါ်ဖော့ဆီမှ မီးခြစ်ကို ယူ၍ လာပေးသည်။ လသာသော ညများတွင် ဥနှဲပင်ရိပ်ရှိ ကုတင်ကလေးပေါ်၌ ဦးဘိုးရင်၏လက်မောင်းကို ခေါင်းအုံး၍ ခွေးပုသည် လမင်းကို မျှော်ကြည့်ကာ အိပ်သည်။ ဒေါ်ဖော့က သူ့အနီးတွင် ထိုင်သည်။ 

" အဘိုးကြီးက မောင်းထောင်းလို့ အဘွားကြီးက ဆန်ဖွတ်လို့ ... "

" ဟင် ... ဒါဖြင့် ဘက ဘာလို့ မောင်းမထောင်းသလဲ ... အစ်မချည်း ထောင်းတာပဲ ... "

" ဘက မအားလို့ကွဲ့ ..."

" သူတို့တော့ အားတယ်လား ... "

" အေး ... ယုန်ကလေးက ဘေးကဝပ်လို့ ... "

" ဘ .... ထွေးပု ယုန်ကလေးလိုချင်တယ် .. ဖမ်းပေးနော် .. နော် .. ဘ.. နောက်တစ်ခါ ဝါးခုတ်သွားတော့ ဖမ်းခဲ့နော် .. ၃ - ကောင် .. အို ... အများကြီးပဲ ဖမ်းခဲ့ .... "

" ဘတို့ဝါးခုတ်တဲ့တောက ယုန်မရှိဘူးခွေးပုရဲ့ ... တစ်ခါတစ်ခါ မြွေကြီးတွေ ၊ ကျားခြေရာတွေ တွေ့ရတယ် ... "

" ကျားဆိုတာ နွားလောက် ကြီးကြီးလား ဘ ... "

" အင်း ... နွားခပ်ငယ်ငယ်လောက် ရှိတယ် ... " 

" ထွေးပု ကြည့်ချင်တယ် ဘ... ပြစမ်းနော် .... "

" ကျားဆိုတာ ကိုက်တတ်တယ် .... ကြောက်စရာကြီး .... "

" အံမာ ... ထွေးပုကိုကိုက်ရင် ဘက ဝင်ရိုက်ပေါ့ .... "

" ရိုက်မှာပေါ့ ... နို့ပေမဲ့ ဘကိုပါကိုက်ရင် ဘယ်နှယ့်လုပ်မလဲ .... "

" အို ... ဘတော့ကိုက်ရဘူး .... ဘကိုက်ရင် ထွေးပု အော်ငိုမှာ ... ကိုက်ရဘူး ... "

" အေးပါကွယ်... ငါ့မြေးအိပ်တော့ ... မိုးချုပ်လှပြီ .... "

" အို .... အိပ်သေးဘူး ... စကားပြောဦး ..... "

" မဖော့ ... ညည်းမြေးတော့ သိပ်စကားကြိုက်တာပဲအေ ... စကားပြောနေရမယ်ဆို အိပ်ချင်တယ်ကို မရှိဘူး ... "

" တော် အကျင့်လုပ်တာကိုး ... "

" ကဲ ... အေ .. ခေါ်ပါဦး ... လက်များကို ကျဉ်နေပါပြီ ... "

" လာ ... လာ ...ငါ့မြေး ... ပေါက်ပေါက်ဆုပ် စားချေရအောင် .... ပြီးတော့ အိပ်တော့ ....မနက်တော့ ဘ ဝါးခုတ်သွားမှာမို့ စောစောထရအောင် ..... "

ခွေးပုမှာ တစ်အိမ်လုံး တွင်ကျယ်၍နေတော့သည်။ ဦးဘိုးရင်၏အဖော်မှာ ခွေးပု ၊ ဒေါ်ဖော့၏လက်စွဲမှာလည်း ခွေးပု ၊ ရွာရှိကလေးများနှင့်ပင် ကစားရသည်မရှိ။ မျက်စိအောက်မှ အပျောက်မခံသော အဘိုးကြီးနှင့် အမယ်ကြီးတို့၏ ဖျော်ဖြရာကလေး ဖြစ်၍နေတော့သည်။ 

ခွေးပုသုံးနှစ်ပြည့်၍ လေးနှစ်ထဲအဝင်တွင် ဒေါ်ဖော့မှာ မိုးအားကြီးစွေသော နယုန်လထဲတွင် ပန်းနာရောဂါကြောင့် နလန်မထူနိုင်တော့ပဲ အနိစ္စရောက်၍သွားသည်။ 

" ဘ .... ဘ ... အစ်မသေပြီလား ... " ဟု ရှိုက်ကြီးတငင်ငိုသောအသံကြောင့် ဦးဘိုးရင်သည် ဇနီးသည်ပျက်ဆီးရသည်ကို ရူးမတတ် စိတ်ဆင်းရဲမိရှာသည်။ ခွေးပုကား ပထမအကြိမ်သာငိုယိုပြီး

" အစ်မ .. ဒါဖြင့် ထွေးပုတို့နဲ့ အိပ်တော့ဖူးပေါ့နော် " ဟု ပြောကာ မေ့မေ့ပျောက်ပျောက် ဧည့်သည်အဝင်အထွက်များအကြားတွင် ကစား၍ နေတော့သည်။ ဦးဘိုးရင်မှာကား မြေးငယ်ကလေး သိတတ်သလိုမေးသည့်အတွက် မချိမဆန့် ဝမ်းနည်းရသည်။ ဘာမျှကောင်းစွာမသိတတ်သဖြင့် မေ့မေ့ပျောက်ပျောက်ကစား၍ နေသည့်အတွက်လည်း " အင်း ... မြေးကလေး ဘာမှ မသိရှာဘူး .... ငါတစ်ယောက်တည်း အုပ်ထိန်းတာနဲ့သာ ဒင်း ကြီးပြင်းရတော့မယ် ... လှမေရေ နင့်သမီးနဲ့ ငါ့ကို မြင်လှည့်ဦး .... မဖော့ကတစ်ခါ နင့်နောက် လိုက်ပြန်ပကော .... " ဟု ဝမ်းထဲတွင် ပူဆွေး၍နေတော့သည်။ 

ကစားလိုက် လက်ဖက်စားလိုက်နှင့်နေသော ခွေးပုကို ရင်ခွင်ပိုက်၍ ရောက်လိုရာသာ ထွက်သွားချင်သည်။ ဦးဘိုးရင်သည် သားအမိသားအဖသုံးယောက် အတူနေခဲ့ရသည့် ငယ်စဉ်ကအဖြစ်အပျက်များကို မြင်ယောင်လာသည်။ တစ်ဦးတည်းသောသမီး လှမေကို အရွယ်ရောက်သော် အိမ်ထောင်ထိမ်းမြားလိုက်သဖြင့် မိမိတို့လင်မယားနှစ်ယောက်တည်း ကျန်နေခဲ့ရသည်ကို မြင်ယောင်လာသည်။

၄ - ၅ - နှစ်အကြာတွင် သမီးဆုံး၍ ငယ်ရွယ်စဉ် အမိမှန်း အဖမှန်းမသိလိုက်ရှာသော မြေးကလေးကို ကျွေးမွေးသုတ်သင်၍ မြေးအဘိုးသုံးယောက် ပျော်ရွှင်စွာနေခဲ့ကြသည်ကို မြင်ပြန်သည်။ ယခုသော်ကား ဒေါ်ဖော့လည်း သေမင်းနောက်ကို လိုက်ပြန်ချေပြီ။ သူနှင့် ခွေးပုတို့သာ ကျန်ရစ်ခဲ့သည်။ သေခြင်းတရားကား အမြဲရှိသောတရားသာတည်း။ 

ငါတို့မြေးအဖိုးပင် အသက်အတိုင်းနေခဲ့သော် ငါကအရင် စွန့်ပစ်၍ ဒင်းကလေးကို လူ့ဘောင်တွင် ထားခဲ့ရပေဦးမည်။ မျက်စိသူငယ်နဲ့ လူလားမမြောက်ခင်ဖြင့် မပစ်ခဲ့ပါရစေနဲ့။ ဒင်းကလေး ကြီးပြင်းသည့်တိုင်အောင် ငါ့သီလရှိကောင်းပါရဲ့ အစရှိသည်ဖြင့် မြေးသံယောဇဉ်နှင့် အနိစ္စတရားတို့သည် ရောကာထွေးကာ တဝဲလည်လည်ဖြစ်နေရှာလေ၏။ 

ခွေးပုမှာ ဒေါ်ဖော့မရှိတော့သဖြင့် ဦးဘိုးရင်နှင့်သာ နေရရှာတော့သည်။ " ဘ ... အစ်မကလည်း လာဘူး ... " ဟူသော အသံကလေးများ ကြားလိုက်ရလျှင် " ဒင်းကလေး ကံဆိုးရှာတယ် ... ငါပဲ အဖေ ၊ ငါပဲ အမေ ရှိရှာတယ် .. " ဟု အောက်မေ့၍ ကလးငယ်ငယ် လွမ်းသည်မှာ တော်တော်ပင်။ သိတတ်သောလူကြီးဖြစ်သူမှာ ဖြေမနိုင်ဆည်မရ ဝမ်းနည်းပက်လက်နှင့် မျက်ရည်များပင်ကျမိတော့သည်။ 

ဒေါ်ဖော့မရှိသဖြင့် ဦးဘိုးရင်သည် ခွေးပုကို ပို၍ဂရုစိုက်သည်။ မေ့မေ့ပျောက်ပျောက်မှ ရှိပါစေတော့ဟု အနားမှမခွါစေပဲ ကစားစရာအမျိုးမျိုး ၊ ပုံတိုပတ်စတို့ဖြင့် မပျင်းရအောင် ထားရှာ၏။ ခွေးပုနှင့် ဦးဘိုးရင်တို့မှာ တွဲလောင်းတွဲလောင်းဖြင့် ထမင်းချက်လည်း အတူတူ ၊ ထမင်းစားတာ့လည်း တတွဲတွဲ ၊ တောင်းရက်ရာမှာလည်း ခွေးပုသည် ဦးဘိုးရင်ကိုကူရင်း မကွဲမကွာ နေကြလေသည်။ ဦးဘိုးရင်သည် ခွေးပုကို အရိပ်ကြည့်ကြည့်၍ ခွေးပုသည် သူမ၏ဘတစ်ဦးတည်းကိုသာ အားကိုးချစ်ခင်နေရလေသည်။ 

ခွေးပု ၆ - နှစ်တိုင်ခဲ့လေပြီ။ ဦးဘိုးရင်၏ဘဝသည် ခွေးပုနှင့်ကင်း၍ မဖြစ်တော့သလောက် မြေးကလေးအပေါ် အတွယ်တာကြီး တွယ်တာလေသည်။ ခွေးပုကို သမီးမလှမေတုန်းကကဲ့သို့ အချိန်တန်အရွယ်ရောက်ပြီး ခွဲခွါရမည်ကို အစိုးရိမ်ကြီး စိုးရိမ်မိသည်။ အတောင်အလက်စုံလာလျှင် မေတ္တာတရားကို မလွန်ဆန်နိုင်ပဲ မိမိရင်ခွင်ထဲမှ ခွေးပု ထွက်သွားမည်ကို ကြောက်နေသည်။ ထိုအကြောင်းများကို စဉ်းစားမိလျှင် အဘိုးကြီးမှာ လင်းကြက်တွန်သည်အထိ အိပ်၍ မပျော်နိုင်ရှာ။

ခွေးပုမှာ ထမီကလေး လည်ပင်းရောက်လျှက် စောင်းလျက်တဖုံ မှောက်ခုံတမျိုးနှင့် အနားတွင် အိပ်ပျော်လျက်ရှိရှာ၏။ ဘာမှ မသိရှာ။ ဦးဘိုးရင်သည်သာလျှင် နဖူးပေါ်လက်တင်လိုက် ၊ ဆေးတံယူ၍ ခဲလိုက်နှင့် အိပ်မပျော်နိုင်ရှာပဲ တခါတခါ မြေးငယ်၏နဖူးကို နမ်းပြန်သည်။ 

" ခွေးပုရယ် ... ဒီအရွယ်ကနေ မကြီးပါနဲ့တော့လားကွယ် ... ဘနဲ့ ဘယ်တော့မှ မခွဲရပဲ အတူနေရအောင် ... ဘ ငါ့မြေးကို တောင်းရက်ကျွေးမှာပေါ့ .... " 
စသဖြင့် တွေးကာတွေးကာ ခွေးပုအား ယခုအရွယ်ထက် ကြီး မလာအောင် နတ်ရေကန်ထဲ၌ ရေချိုးပေးလိုက်ချင်လေသည်။ အနတ္တတရားကား အစိုးရခြင်းတရားမဟုတ်ပေ။ မတ်တတ်ပြေးကလေးက ဆင်မြန်းထားသော ရွှေဥကလေးသည် ယခုတွင် နားကောက်ကလေးအဖြစ်သို့ ရောက်ရပြီ။ သျှောင်ထုံးကလေးမှ ဆန်မြိတ်ကလေးခါတိုင်း နားကောက်ကလေးမှာ လှုပ်ခါ၍နေလေသည်။ 

တောင်းရက်ရန် ဝါးခုတ်ကြသောရက်များတွင် မြေးအဘိုးနှစ်ယောက် စကားတတွတ်တွတ်ဆိုကာ လှည်းတစ်စီးနှင့် သွားကြလေသည်။ အပြန်တွင် လှည်းပေါ်တင်ထားသော ဝါးပုံကြီးပေါ်၌ ခွေးပုကား ထိုင်လျှက် သစ်ခွပန်းတွေ မြောက်ဥတွေကို ပွေ့လျက်

" ဘ "

" ဟေ "

ဦးဘိုးရင် နွားလှည်းမောင်းရင်း လှည့်ထူးရသည်။ 

" ဟိုအပင်ပေါ်က အသီးကြီး ခူးပေးပါ .... ခွေးပုလိုချင်တယ် .... "

"ကျီးအာသီးပါကွယ် မကောင်းပါဘူး "

" လိုချင်တယ်... ခူးပေးပါ .. ခွေးပု ကစားမယ် "

 " အမြင့်ကြီးဟဲ့ "

" မြင့် မြင့်... ရအာင် ခူးပေး ... အလုံးကြီး သိပ်လှတာပဲ "

 ဦးဘိုးရင်သည် အပင်မြင့်ကို မော်ကြည့်ရင်း အသီးပါလိုပါငြား နွယ်တွေကို ဆွဲချသည်။ မရသည့်အဆုံး ရှုံ့တွနေသော ဖင်ပိန်ကလေးပေါ်အောင် ခါးတောင်းကျိုက်၍ ကျီးအာပင်နွယ်လျက်ရှိသော သစ်ပင်ကိုတက်ပြီး ခူးပေးရှာသည်။

" ဘက လိမ္မာတယ် ထွေးပုအိမ်ရောက်တော့ ဘုရားရှိခိုးမယ်နော်... ထွေးပုလိုချင်တာ ခူးပေးတာကိုး "

" အေး .... အေး ....ရှိခိုး ဒါမှ ကုသိုလ်ရတယ် ... ငါ့မြေးကို ပုတီးစိပ်တာ သင်ပေးဦးမယ် "

" အရှည်ကြီးလား .. ဘရဲ့ "

" မရှည်ပါဘူး .. မြေးရဲ့ "

" အင်း ....အင်း ... ဒါဖြင့် သင်ပေး "

ဦးဘိုးရင်မှာ ဤသို့ ခွေးပုနှင့်နေရသဖြင့် ဒေါ်ဖော့ကိုပင် တစ်ခါတစ်ရံမှ သတိရတော့သည်။ ခွေးပုကိုသာ သူ့ကမ္ဘာဟု ထင်နေသည်။ ခွေးပုသည် တစ်ညနေသော် သုံးအိမ်ခြား၌ နွားကလေးမွေးသည်ကို သွား၍ကြည့်သည်။ ကလေးများနှင့် ၎င်းအိမ်မှတစ်ဖန် ရွာစည်းရိုးနားသို့ ရောက်၍သွား၏။ ဝါဝါဝင်းအောင်ပွင့်နေသော တောပန်းကလေးများကို ခူးရင်း အဖော်များနှင့် ကွဲ၍သွား၏။ ကွမ်းသုံးညက်ခန့်အကြာတွင် နားကလေးနှစ်ဖက်ကို လက်ဖြင့်အုပ်လျက် " ဘရေ .... ဘ ... နာလိုက်တာ " ဟု ထွန့်ထွန့်လူး အော်၍ ငိုနေသည်။

 စည်းရိုးနားရှိအိမ်က ကြား၍ထွက်ကြည့်ရာ ခွေးပုမှန်းသိသဖြင့် ဦးဘိုးရင်အား ပြေးလွှားခေါ်ငင်ခဲ့ရာ ကလေးမ၏နားရှိ နားကောက်ကလေးကို အတင်းဆွဲ၍ ပြေးဖြင့် နားကလေးပြတ်၍ကျန်ရစ်ရာ နာရှာလွန်း၍ ငိုနေသည်ကို တွေ့ရလေ၏။ ဦးဘိုးရင်သည် ခွေးပု၏ပုခုံးပေါ်နှင့် လက်ဖမိုးတို့၌ သွေးစက်များကို မြင်လိုက်သောအခါ ထိတ်ခနဲဖြစ်ပြီး ခွေးပုအား ဆီး၍ပွေ့လေသည်။ 

" အီး.... ဘ ... နာတယ် ... နာတယ် လုပ်ပါဦး ... ထွေးပု နာတယ် ... " စသောအသံများသည် နားတွင်းသို့ သံရည်ပူလောင်းထည့်နေသလို နာခံခက်လှသည်။ ဦးဘိုးရင်သည် အံတကြိတ်ကြိတ်ဖြင့် မြေးကလေးအား ချော့မော့ရင်းမေးမြန်းရာ " ဆွဲလုပြီး ထွက်ပြေးတယ် .... ကိုညိုအေးဆိုတဲ့လူကြီး ထင်တာပဲ " ဟု ပြောပြလေ၏။

" တောက် ... ရိုင်းလိုက်လေညိုအေးရာ .... ငါ့ပဲ ဓါးနဲ့ လာခုတ်ပါတော့ .... ခွေးပုမှ လုပ်ရက်ပါပေ့ ... " ဟု အခဲမကျေနိုင်ပဲရှိတော့သည်။ 

" လာဟေ့ ... သတ္တိကောင်းရင် ဓါးချင်းယှဉ်ခုတ်လှည့် ... ငါ့မြေးတော့ မစော်ကားနဲ့ .. " စသောစကားများသည် တစ်ယောက်ထီးတည်း ပြော၍နေသောစကားများဖြစ်လေသည်။ တောင်းကိုလည်း ကောင်းကောင်းမရက်တော့ပြီ။ ခွေးပု၏နား အနာမကျက်နိုင်လေလေ ဒေါပွလေလေဖြစ်တော့သည်။

ညိုအေးမှာ ရွာတွင် နာမည်ကြီးလူဆိုးဖြစ်သည်။ " ဒင်းပဲ ဖြစ်မှာပဲ .... တစ်နေ့နေ့တော့ ဒင်း ... " ဟူ၍ အကြိမ်များစွာ ကြိမ်းလေသည်။ ကုတင်ပေါ်တွင် မြေးအဘိုးနှစ်ယောက် စကားပြောရင်း အိပ်ကြလေ့ရှိသည်။ ဦးဘိုးရင်သည် ရှေ့ရေးနောက်ရေးကိုတွေး၍ အိပ်မပျော်နိုင်ပေ။ ခွေးပုသည် လက်မောင်းပေါ်တွင် အိပ်နေရာမှ အနာနာသဖြင့် အင့်ခနဲညည်းလိုက်လျှင် ဦးဘိုးရင်သည် ငေါက်ခနဲထ၍ ထိုင်မိသည်။ ဆောင့်ကြောင့်ကြီးထိုင်နေရာမှ တောက်ခေါက်သံကြီးမှာ တိတ်ဆိတ်သော ညဉ့်အချိန်တွင် ဦးဘိုးရင်ကိုပင် ပြန်၍အားပေးသလိုရှိလေသည်။ 

ဤအခင်းဖြစ်ပွါးပြီး အတန်ကြာသော် ညိုအေးသည် ရွာနှင့်ထန်းတောကြားတွင် လူသတ်၍သေလေသည်။ လူမိုက်ကို မည်သူဇီဝိန်ချွေသည် မသိသော်လည်း မသေမီတစ်နေ့က သူကြီးအိမ်နားတွင် ဦးဘိုးရင်နှင့် ခွန်းကြီးခွန်းငယ် အချေအတင်ဖြစ်ကြသည်ကို တွေ့သူက တွေ့ကြလေသည်။ ဦးဘိုးရင်မှာ လူရိုးလူအေးဆိုသော်လည်း ခွေးပုနှင့် ပတ်သက်သဖြင့် သူတော်မှ ငါကောင်းချင်သလိုလိုနေရသည့်အထဲတွင် မျက်နှာချင်းဆိုင်လာသော ညိုအေးက မခိုးမခန့်လုပ်သဖြင့် အဘိုးကြီးမှာ အသားတဆတ်ဆတ် တုန်ကာ စိတ်ဆိုးလျက် ညိုအေးကို ထိုးမည်ကြိတ်မည် လုပ်သေးသည်။ ရွာသားများက ဝိုင်း၍ တောင်းပန်သောကြောင့်သာ လှည့်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ယခုသော်ကား ဓါးဒဏ်ရာများမှာ အားကောင်းခွန်ကောင်းနှင့်ထိုးသည့် ဒဏ်ရာများမဟုတ်ဟူသည်ကတစ်ကြောင်း ၊ ထိုညနေ၌ မြေးအဘိုးနှစ်ယောက်ဝါးခုတ်သွားသည်က တစ်ချက်တို့ကြောင့် ဦးဘိုးရင်ကိုပင် ဖမ်းဆီး၍ ထောင် ၁၀ - နှစ် ချလိုက်လေ၏။ ခွေးပုသည် မြေကြီးပေါ်တွင်လူး၍ " ဘရေ ... ဘရေ ... " နှင့် ငိုနေရစ်တော့သည်။ တွန့်လိမ်သော ပါးရည်တို့အကြားတွင် မျက်ရည်ယိုရွဲဖြင် သီဝေသောမျက်စိအစုံတို့မှာ အိမ်နီးချင်းဒေါ်ရွှေရေးလက်တွင် ထွန့်ထွန့်လူးငိုယိုရင်း ရုန်းကန်နေရှာသော ခွေးပုကို မကြည့်ရက်သဖြင့် မျက်နှာလွှဲခဲ့ရတော့သည်။ 

အချိန်တို့ကား တစ်နေ့ပြီး တစ်နေ့ကုန်ဆုံးခဲ့သည်။ နေ့ကို ရက်စား၍ ရက်ကို လမျိုကာ တစ်ဝါပြီး တစ်ဝါဆိုခဲ့ပြီ။ ဦးဘိုးရင်သည် ထောင်ထဲတွင် အလုပ်လုပ်နေရင်းလည်း ခွေးပု ၊ ထမင်းစားလည်း ခွေးပု ၊ လူစစ်ချိန်ပင် ခွေးပုကို အောက်မေ့နေသဖြင့် မထူးမိသောကြောင့် အရိုက်ခံရရှာသည်။ သူကဲ့သိုအဘိုးကြီးချင်း စကားဆုံမိလျှင် တချို့က သားမိုက်သမီးမိုက်တို့သံယောဇဉ်ကြောင့် ဒုက္ခဖြစ်ရပုံကို ပြောပြလျှင် " ခွေးပုရေ " ဟု ထ၍ ဟစ်ပစ်လိုက်ချင်တော့သည်။ " ဘ " ဆိုသောအသံကလေးကား နားထဲတွင် မပြတ်ကြား၍နေသည်။ အခြားသူများက သားသမီးလွမ်းဆွတ်ကြောင်းပြောနေလျှင် အဘိုးကြီး စကားမဆိုနိုင်တော့ပြီ။ လည်ပင်းတွင် တစ်ဆို့နေလျက် မျက်ရည်ဝိုင်း၍နေတော့သည်။ 

ထောင်မှလွတ်ရန် ၆ - လသာ ကျန်တော့သည်။ အဘိုးကြီးမှာ ရက်ကို လက်ချိုး၍ ရေတွက်နေလေသည်။ သူ့မျက်စိထဲ ပေါင်ပေါ် တက်ထိုင်တတ်သောခွေးပုကို မြင်၏။ သူ့လက်မောင်းခေါင်းအုံး၍ အိပ်ရမှ ကျေနပ်သောခွေးပုကိုသာ တွေ့၏။ ထမီကလေးမနိုင့်တနိုင် မဝတ်တတ် ဝတ်တတ်နှင့် ကစားနေသောခွေးပုကိုသာ စွဲနေလေသည်။ ဆေးပေးမီးယူ ကူတတ်သောခွေးပုကို သတိရသည်။ ဝါးလှည်းပေါ်တွင် သီချင်းများဆိုလျက် တီတီတာတာပြောတတ်သော ခွေးပု၏အသံကလေးများကို ကြားယောင်လျက်ရှိသေးသည်။ 

ဦးဘိုးရင်သည် ခွေးပုဖို့ လှပသောကြိမ်ဆွဲကြိုးကလေးတစ်ကုံးကို လုပ်ပြီး လုံခြုံစွာ ဝှက်ထားလေသည်။ အုန်းစိပ်ပုတီးကလေးတစ်ကုံးကိုလည်း အရောင်တလက်လက်ထွက်အောင် ပွတ်တိုက်ထားသည်။ ခွေးပုဆီပြန်ရောက်လျှင် ကြိမ်ပုတီးကလေးကို ဆွဲခိုင်းမည်။ အုန်းစိပ်ပုတီးကလေးဖြင့် ပုတီးစိပ်သင်ပေးရင်း ညတိုင်း မြေးအဘိုးနှစ်ယောက် ဘုရားရှိခိုးမည်။ အရောင်အဆင်းကင်းမဲ့ပြီဖြစ်သော အဘိုးကြီး၏မျက်လုံးအစုံသည် ငယ်မူပြန်၍ ကြည်လင်တောက်ပလာလေသည်။

ဦးဘိုးရင်သည် ရွာတွင်းသို့ သွက်လက်သောခြေလှမ်းတို့ဖြင့် ဝင်လာခဲ့သည်။ ၁၀ - နှစ်အတွင်း ဝါးတောသွားရာလမ်းကား မပြောင်းလဲ။ ရွာစည်းရိုးလမ်းမှာ ယခင်အတိုင်းပင်ရှိသည်။ သို့သော် အိမ်ခြေတို့ကား တမျိုးတမည်ပြောင်း၍နေပြီ။ 
လူရွယ်လူလတ်တို့သည် ဦးဘိုးရင်ကို စွေစွေစောင်းစောင်း လှမ်း၍ကြည့်ကြသည်။ အချို့ကား မှတ်မိသဖြင့် " ဟင် ... ဘကြီးရင် .. " ဟု ပါးစပ်အဟောင်းသားနှင့် နှုတ်ဆက်မေးမြန်းကြရာ ဦးဘိုးရင်သည် ခွေးပုကိုသာ တွင်တွင်မေးလေသည်။ 

" ရှိတယ် ... ရှိတယ် ... သွား .. သွား ... ဟာ .... ခင်ဗျား မသိပေဘူး ...... ကျွန်တော်လိုက်ပို့မယ် ... " ဟု ခေါ်သဖြင့် ရင်တခုန်ခုန်နှင့် လိုက်လာခဲ့ရာ အိမ်တစ်အိမ်အောက်တွင် အသက် ၁၆ - နှစ်ခန့် ဝတုတ်တုတ်မိန်းကလေးတစ်ယောက်သည် လူငယ်တစ်ယောက်အား နင်းပေးနေသည်ကို တွေ့ရလေသည်။ 

" မခွေး ... ဘကြီးရင် ပြန်လာပြီ .... " ဟု လိုက်ပို့သောသူငယ်က ပြောသဖြင့် မိန်းကလေးက လှမ်းကြည့်ပြီး ခပ်အမ်းအမ်းဖြစ်နေရာ အဘိုးကြီးမှာ ဘာမှ မပြောနိုင်ရှာ။ ပါးစပ်ဟ၍ ရှေ့မတိုးနိုင်သောခြေလှမ်းတို့ကြောင့် စုံရပ်၍ နေမိသည်။ မိန်းကလေးသည် နင်းနေရာမှ ဆင်းခဲ့၍ အဘိုးကြီးရှိရာလာပြီးလျှင် " ဘ .. လာလေ ... " ဟု ခေါ်သည်။ ဦးဘိုးရင်သည် ဤအဖြစ်ကို မတွေးခဲ့မိ။ ဤမျှကြီးပြင်းဦးမည် မထင်။ သူ့စိတ်တွင် ၁၆ - နှစ်သမီး ရှိတော့မည်ကို သိသည်။ သို့သော် သူ့နာမည်ကလေးကို မပီမသနှင့် " ထွေးပု ... ထွေးပု...." နှင့် ထည်၍ပြောတတ်သော ထမီမနိုင်စဉ်က အရွယ်ကလေးကိုသာ မြင်မိသည်။ 

ငါပြန်လာလျှင် ပြေးဖက်၍ ငိုရှာလိမ့်မည်။ " ဘရယ် .... ကြာလိုက်တာ ... " ဟု ဆိုရှာလိမ့်မည်။ ဤသို့သာ တွေးခဲ့၏။ လေးကန်လှစွာ ကုတင်ကလေးပေါ်ထိုင်ရင်း သူ့ခွေးပုကိုသာ ခြေဆုံးခေါင်းဆုံးကြည့်၍နေတော့သည်။ ဥဿဖယားနားပွင့်ကလေးနှင့် အမ်မ်စီဆွဲကြိုးကလေးတို့သည် ခွေးပု၏နေရေးထိုင်ရေးတို့ကို ဖော်ပြလင့်ကစား အိတ်ထောင်ဆီသို့ စမ်းမိသောဦးဘိုးရင်အဖို့မှာ သက်ပြင်းသာချမိတော့သည်။ 

ဦးဘိုးရင်ကို မခွေးပုတို့လင်မယားက ကျွေးမွေး၍ထားသည်။ သို့သော် ဦးဘိုးရင်ကား အိမ်တွင်မနေ။ သူ၏အိမ်နေရာဟောင်းဖြစ်သော ဝင်းမြေတွင် ဥနှဲပင်ရိပ်၌ ဖျာတစ်ချပ်ဖြင့် သွား၍ထိုင်လေသည်။ တစ်ခါတစ်ရံ စိပ်ပုတီးကိုစိပ်လျက် တစ်ခါတစ်ခါတွင်မူ ကြိမ်ပုတီးလေးကို လက်ဝါးပေါ်တင်လျက် ကသိုဏ်းရှုသလို ငြိမ်သက်စွာထိုင်နေလေ့ရှိသည်။ တစ်ဦးတစ်ယောက်က " ဘကြီး ဘာလုပ်တာလဲ.... " ဟု မေးလျှင် " ခွေးပုငယ်ငယ်က ဓါတ်ပုံလေ ... " ဟု ကြိမ်ပုတီးကို လက်ဝါးပေါ်တင်ရင်း ဖြေလေ့ရှိသည်။ 

လူထုဒေါ်အမာ 
#crd - မူရင်းရေးသူ