တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့အခါ စုစုပေါင်းရမှတ်ကောင်းတဲ့သူတွေက ဘယ်တက္ကသိုလ်ကို တက်ရမလဲ၊ ရမှတ်အထိုက်အလျောက်ရှိတဲ့သူတွေကလည်း ဘယ်ဘာသာရပ်ကို သင်ယူရမလဲ မေးမြန်း၊ စုံစမ်းကြပါတယ်။ အကြံဉာဏ်ပေးတဲ့သူတွေကလည်း ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အမြင်ပေါ်မှာ အခြေခံပြီး ဘယ်ဘာသာရပ်ကိုတော့ သင်ယူသင့်တယ်၊ ဘယ်တက္ကသိုလ်က ပိုကောင်းတယ်ဆိုပြီး အကြံပေးကြတာ ရှိပါတယ်။ မိသားစုထဲမှာ သြဇာရှိတဲ့သူ၊ ဆရာသမားတွေဆိုရင် ဘာကိုတက်ဆိုပြီး ဖိအားဆန်ဆန် ပြောကြတာ ရှိပါတယ်။ 

ကျွန်တော်တို့ နိုင်ငံမှာ တက္ကသိုလ်ဆက်တက်တဲ့အခါ ဘွဲ့တစ်ခုတော့ ရှိထားမှ ဆိုတဲ့ သဘောထားကို အခြေခံပါတယ်။ နောက်ထပ် အရေးကြီးတဲ့တစ်ချက်က ဘယ်ဘွဲ့ဆိုရင် အလုပ်အကိုင် ပိုကောင်း နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်ကိုလည်း အခြေခံပါတယ်။ 

အစဉ်အလာအရဆိုရင် တက္ကသိုလ်ဝင်တန်း ပြီးတဲ့အထိ ကျွန်တော်တို့ရဲ့လူငယ်တွေက ကိုယ်ဘာကို တကယ်စိတ်ဝင်စားသလဲ မသိကြပါဘူး။ ကိုယ်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ကို ထိန်းကျောင်းပေးတဲ့ ပုံစံတွေအရ အလိုက်သင့်နေလိုက်ကြပြီး တက္ကသိုလ်ဝင်တန်းပြီးမှ အမှတ်မီရာကို တက်မယ်လို့ ဆုံးဖြတ်ကြတဲ့သူတွေက အများစုပါ။ 

ဘာစိတ်ဝင်စားမှန်း ရေရေရာရာ မသိတဲ့အခါ သူများပြောတဲ့ လမ်းကြောင်းကိုပဲ ဆက်လျှောက်မိတတ်ပါတယ်။ မိဘဆွေမျိုးတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းတွေပြောတာကို အခြေခံပြီး ကောင်းမယ်ထင်တဲ့ တက္ကသိုလ် တက်ကြပါတယ်။ ကောင်းမယ်ထင်တဲ့ ဘာသာ ယူကြပါတယ်။ ကြာတဲ့အခါ ဒါက စံနှုန်းတစ်ခုလို ​ဖြစ်လာပါတယ်။ 

လူကြီးမိဘတွေက ကျောင်းပြီးရင် အလုပ်အကိုင်ရနိုင်မယ်လို့ သူတို့ထင်တဲ့ ဘာသာရပ်၊ တက္ကသိုလ်ကို တက်ခိုင်းတဲ့အခါ သူတို့ရဲ့ အကြံဉာဏ်တွေဟာ သူတို့ရဲ့ အတွေ့အကြုံ၊ သူတို့ဖြတ်သန်းလာခဲ့တဲ့ ခေတ်ကနေ ထွက်ပေါ်လာခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ 

ကျွန်တော်တို့ဆီမှာ ခေတ်အဆက်ဆက် အခွင့်အရေး နည်းခဲ့ပါတယ်။ ယှဉ်ပြိုင်ထိုးဖောက်နိုင်တဲ့ ပတ်ဝန်းကျင်မရှိခဲ့ပါဘူး။ စွန့်စားလုပ်ကိုင်နိုင်တဲ့ အလုပ်နယ်ပယ်တွေ ရှားပါးလှပါတယ်။ ဒီအခါမှာ လူကြီးမိဘတွေက သူတို့ကြုံခဲ့ဖူးတာ အခြေခံပြီး အကြံပေးမိတတ်ပါတယ်။ လူငယ်တွေကိုယ်တိုင်ကလည်း ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ဖြစ်တတ်ပါတယ်။ ဒီအခါ အများကောင်းမယ်ထင်တာကို စံလို့ သတ်မှတ်ပါတော့တယ်။ ကိုယ့်မှာ ထိုက်သင့်တဲ့ ရမှတ်ရှိထားရင် အများလက်ခံတဲ့ စံဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ နာမည်ကြီးတက္ကသိုလ်စတဲ့ ဘောင်တွေကနေ မလွတ်တော့ပါဘူး။ ဘာသာရပ်တွေ ရွေးချယ်ယူတဲ့အခါမှာလည်း ဒီသဘောအတိုင်းပါပဲ။ အများကောင်းမယ်ထင်တာ၊ ခေါ်ယူတဲ့အမှတ်မြင့်တဲ့ ဘာသာက ကောင်းမယ်ထင်ပြီး ဒါကိုပဲ ယူကြပါတယ်။ အဲဒီလို လူတိုင်းလုပ်ကြတဲ့အခါ ရေရှည်မှာ အခက်တွေ့လာရပါတယ်။ 

ကျွန်တော်တို့ နားလည်သင့်တာ တစ်ချက်က ခေတ်ပြောင်းလာပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေ အရင်ထက် ပိုများလာပါတယ်။ နည်းပညာကြောင့် အလုပ်အကိုင် အခွင့်အရေးသစ်တွေလည်း ပိုများလာပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ ခေတ်ကြောင့်ပဲ ဘယ်အသက်မွေးဝမ်းကျောင်းအလုပ်က ပိုကောင်းတယ်၊ ဘယ်ဘာသာက ပိုအဆင်ပြေတယ်ဆိုတာ မရှိတော့ပါဘူး။ ဘယ်တက္ကသိုလ်တက်သည်ဖြစ်စေ၊ ဘယ်ဘာသာရပ်ကို ယူသည်ဖြစ်စေ ထူးချွန်သူတွေကသာ ရှေ့တန်း ရောက်နေတာကို မြင်ရပါလိမ့်မယ်။ 

ထူးချွန်ဖို့ဆိုရင် ကိုယ်သင်ကြားနေတဲ့ ဘာသာ၊ ကိုယ်လုပ်နေတဲ့အလုပ်ကို ဇွဲရှိရှိနဲ့ အပင်ပန်းခံနိုင်ဖို့ လိုပါတယ်။ ဒီလို နှစ်ရှည်လများ အပင်ပန်း ခံနိုင်ဖို့ဆိုတာကလည်း ဝါသနာပါမှသာ လုပ်နိုင်တာပါ။ ဒါကြောင့် တက္ကသိုလ်တစ်ခုကို တက်တော့မယ်၊ ဘာသာရပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ဒါနဲ့ ပတ်သက်ပြီး ကိုယ့်မှာ စိတ်ဝင်စားတာရှိရဲ့လား၊ ပင်ကိုယ်အစွမ်းအစရော ပါရဲ့လား၊ ဘယ်လောက်ထိ စိတ်နှစ်လုပ်နိုင်မလဲဆိုတာပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ ကိုယ်စိတ်ဝင်စားပြီး အပင်ပန်းခံ ကြိုးစားလေလေ အခွင့်အရေး အသစ်တွေပေါ်လေလေ ဖြစ်ပါတယ်။ 

ခုကတော့ အဆင်ပြေရာ သင်ယူထားမယ်။ နောင်အလုပ်လုပ်တဲ့အခါမှ စိတ်ဝင်စားရာ ဆက်လုပ်မယ်ဆိုရင်လည်း မရဘူးတော့ မဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမဲ့ ကိုယ်သုံးခဲ့တဲ့အချိန်တွေ၊ ကိုယ်စိုက်ထုတ်ခဲ့ရတဲ့ အရင်းအနှီးတွေကို မှန်မှန်ကန်ကန်သာ စနိုင်ခဲ့မယ်ဆိုရင် အလုပ်အကိုင်လောကကို ဝင်ရောက်တဲ့အခါ အရှိန်ရနေမှာ ဖြစ်ပါတယ်။ 

ဆရာဝန်ဘွဲ့ရပြီး အောင်မြင်နေတဲ့ အဆိုတော်တွေကိုပဲ ကြည့်မယ်ဆိုရင် သူတို့ခြောက်နှစ်ကျော် ခုနစ်နှစ်ကာလတွေက ဆေးပညာသင်ယူမယ့်အစား ဂီတပညာစနစ်တကျ လေ့လာခဲ့ရင် နိုင်ငံကျော်တင်မက ကမ္ဘာကျော် အဆိုတော်ပါ ဖြစ်လာနိုင်ပါတယ်။ ဘာသာစကားကို စိတ်ဝင်စားထူးချွန်ပါလျက်နဲ့ အင်ဂျင်နီယာ ပညာသင်ကြား၊ နောင်တစ်ချိန် ဘာသာစကားနဲ့ အသက်မွေးဝမ်းကျောင်း ပြန်လုပ်နေသူတွေလဲ စကတည်းက ဘာသာစကားကို စနစ်တကျလေ့လာခဲ့ရင် ပိုထူးချွန် အောင်မြင်မှာပါ။ 

အချုပ်ပြောရရင် ပညာသင်ယူတဲ့အခါ သူများပြောတာ ကောင်းနိုးနိုးနဲ့ မသင်ယူဘဲ မိမိတကယ်စိတ်ဝင်စားရာ၊ မိမိ ထူးချွန်နိုင်ရာကို လေ့လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးရလာ၊ အခွင့်အလမ်းသစ်တွေကို ပိုပြီး မြင်နိုင်လာစရာ ရှိပါတယ်။ ဒါပေမဲ့ ခုပြောခဲ့တဲ့ အချက်တွေအားလုံးက ဇွဲလုံ့လဝီရိယ မရှိသူတွေအတွက်တော့ မဟုတ်ပါဘူး။ သာမန်ဘဝမှာ အေးဆေးနေချင်သူတွေကတော့ ဘာကိုမှ စိတ်ပူစရာမရှိဘဲ ကြုံတဲ့အတိုင်း အလိုက်သင့်နေသွားရုံပါပဲ။
Crd: Saryar SiThuHtet

Youtube link
https://youtu.be/XvOK8x5HSMY
Telegram Channel
https://t.me/essentialSayaSithuHtet