ချာလီလို့ လူသိများတဲ့ ချန်ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာရန်ဂရိုဗာဆိုသူကို လက်စားချေဖို့အတွက် ဖိုက်တာ တစ်ယောက်အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်းနေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ် ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ချာလီဟာ သတင်းတစ်ခုဖတ်ရင်း ခရစ္စမတ်နေ့မတိုင်ခင်တစ်ရက်မှာ အတ္တလန္တိတ် ဟိုတယ်ကို စိန်တွေရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ကြိုးစားပြီး ဂရိုဗာကို အမှုဆင်ဖို့ ကြံစည်ခဲ့ပါတယ်။ သူလှုပ်ရှားဖို့အတွက် အဖွဲ့ဖွဲ့ခဲ့ပြီး အဲဒီအဖွဲ့ထဲမှာ အကြားအာရုံချို့တဲ့တဲ့ ဂျက်ဂ်၊ အဝလွန်နေတဲ့ တမ်မီ၊ ဟက်ကာတစ်ယောက်ဖြစ်တဲ့ ရိုဟန်ဆင်းတို့ ပါဝင်ပါတယ်။ ပြဿနာတစ်ခုက ဂရိုဗာရဲ့ မြေအောက်ခန်းကို ဝင်ဖို့ရာမှာ လက်ဗွေလိုအပ်ပြီး အဲဒီအခန်းကို အချိန်တိုင်း ဝင်ထွက်ခွင့်ရတာက ဂရိုမာရဲ့သား ဗစ်ကီ တစ်ယောက်ပဲရှိတာကြောင့် သူနဲ့ ရုပ်ချင်းဆင်တဲ့ နန်ဒုဘီဟိုက်ရဲ့ အကူအညီယူဖို့ လုပ်ဆောင်ပါတော့တယ်။ ဆာလီတို့အဖွဲ့ဟာ ဂိုဒေါင်တစ်ခုတည်းမှာ စစ်ဆင်ရေး အကြိုလေ့ကျင့်ခဲ့ပြီး အတ္တလန္တိတ်ဟိုတယ်ထဲက စိန်ထည့်တဲ့နေရာမှာ အားနည်းချက်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ စိန်တွေထားတဲ့အခန်းဟာ အခန်း 9C နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး အဲဒီအခန်းဟာ အကပြိုင်ပွဲမှာ ဆုရမှသာလျှင် ဖွင့်ပေးမှာဖြစ်ပေမယ့် သူတို့ တစ်ဖွဲ့လုံး မကတတ်ကြပါဘူး။ ဒီလိုနဲ့ အဲဒီအခန်းထဲဝင်ဖို့အတွက် အကပြိုင်ကြဖို့ လုပ်ဆောင်ခဲ့ကြပြီး ဘားကချေသည် မိုဟီနီဂျိုရှီဆီကနေ အကသင်ယူကြရပါတယ်။ စိန်ခိုးဖို့ လုပ်ရာကနေ အကပြိုင်ကြရင်း ချာလီတို့အဖွဲ့ ဘာတွေဖြစ်ကုန်မလဲ၊ ဂရိုဗာကိုရော လက်စားချေနိုင်သလား။ အတိုက်အခိုက်တွေကြားက ဟာသပြကွက်တွေ၊ အကပြကွက်တွေ ရှုစားရမှာမို့ ဘောလိဝုဒ်ရသတော့ အပြည့်အဝခံစားရမှာပါ။ အိန္ဒိယဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ရိုက်ကွင်းအများစုဟာ ဒူဘိုင်းက Atlantis, the Palm ဟိုတယ်မှာ ရိုက်ကူးထားပြီး ဒူဘိုင်းရဲ့ အလှအပတွေနဲ့ အိန္ဒိယအကတွေကို ဟာသနဲ့ အက်ရှင်တွေ ရောညှပ်ပြီး ရိုက်ကူးထားတာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ စိတ်ပြေ လက်ပျောက်၊ အပန်းဖြေ ကြည့်ချင်သူတွေ၊ ဟာသကား ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားဖြစ်မှာပါ။


