ကျွန်တော့်ဘဝမှာ -------

အမေ့အပေါ်မှာလည်း မတောင်းပန်ခဲ့ဖူးဘူး။

အဖေ့အပေါ်မှာလည်း မတောင်းပန်ခဲ့ဖူးဘူး။

ညီကိုမောင်နှမတွေပေါ်မှာလည်း မတောင်းပန်ခဲ့ဖူးဘူး။

တခြားသူတွေအပေါ်မှာတော့ ---

မတော်လို့ ခလုတ်ကလေး တိုက်မိရင်တောင် တောင်းပန်ခဲ့တယ်။

သတိမထားဘဲ ဖိနပ်လေး လွဲစီးမိရင်လည်း

ပြန်တည့်ပြီး တောင်းပန်ခဲ့တယ်။

ခင်လို့ မင်လို့ စမိ နောက်မိတာကို စိတ်ဆိုးသွားလို့ တောင်းပန်ခဲ့တယ်။

ချိန်းထားတဲ့နေရာ အချိန်လေးနည်းနည်း နောက်ကျပြီးမှ ရောက်သွားလို့ တောင်းပန်ခဲ့တယ်။

လူတိုင်းဟာ အမှားနဲ့ မကင်းဘူး။ အမှားနည်းအောင်ပဲ နေလို့ရမယ်။ ဒီတော့ အမှားလုပ်မိတိုင်း တောင်းပန်ရမှာပါ။

ဒါဖြင့် အဖေ အမေ ညီကိုမောင်နှမတွေရဲ့ အပေါ် ဘာလို့ မတောင်းပန်သလဲလို့ မေးစရာ ရှိပါတယ်။ ရှင်းပါတယ်။ မိသားစုဆိုတာ တောင်းပန်စရာမလိုအောင်ကို ခွင့်လွှတ်ပြီးသားမို့ပါ။ မိသားစုမှာ အရှုံး အမြတ်ဆိုတာ မရှိဘူး။ သာတယ် နာတယ်ဆိုတာ မရှိဘူး။ မိသားစုဆိုတာ သွေးနဲ့ ပေါင်းစပ်ပြီးတည်ဆောက်ထားတာ။ ၅၂၈ သွယ်သော အချစ်မေတ္တာတွေနဲ့ ဖွဲ့နှောင်ထားတာ။ တစ်ဦးနဲ့တစ်ဦး စာနာ နားလည်မှု ယုံကြည်မှုတွေနဲ့ နေထိုင်ကြတာ။ အဖေ အမေ အကို အမတွေထက် ကောင်းတဲ့လူဆိုတာ မရှိပါဘူး။ သူစိမ်းကောင်းတယ်ဆိုတာ မိဘတွေ စိတ်ဆိုးနေသလောက်ပဲရှိတာပါ။ မိတ်ဆွေအိမ်မှာ ထမင်းတစ်နပ်စားမိရင် ကျေးဇူးတင်ကြောင်း အခါခါပြောရပေမယ့် မိဘအိမ်မှာ ထမင်း အခါခါစားမိရင်တောင် ကျေးဇူးတင်စကား မပြော

ဖြစ်ကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျေးဇူးတင် စကား ပြောစရာမလိုအောင်ကို မိဘတွေက စေတနာ မေတ္တာ အပြည့်ထားတဲ့သူတွေမို့ပါ။

ညီအကိုမောင်နှမဆိုတာကလည်း အဖေ အမေ ပြီးရင် ကိုယ့်အပေါ်  ဒုတိယ အကောင်းဆုံး စေတနာရှင် 

မေတ္တာရှင်တွေပါ။ "သွေးက စကားပြောတယ် "ဆိုတဲ့အတိုင်း တကယ်အရေးကြုံရင် ကိုယ့်သွေး ကိုယ့်သားကမှ ရှေ့ဆုံးက ရောက်လာတာပါ။

ကိုယ့်သွေး ကိုယ့်သားကမှ အနစ်နာခံကြတာပါ။

လူတိုင်းမှာ မိသားစု ရှိပါတယ်။

ဒါကြောင့် အဓိက ပြောချင်တာက

ကိုယ့်မိသားစုကို ချစ်ပါ။

ကိုယ့်မိသားစုကို တန်ဖိုးထားပါ။



Credit:FB