လူတွေရဲ့ စိတ်အားထက်သန်မှုမှာ အဆင့် (၅) ဆင့်ရှိပါသတဲ့။ Maslow's Hierarchy of Needs လို့ ခေါ်ပါတယ်။
အခြေခံအကျဆုံးကတော့ စားဝတ်နေရေးပါ။ စားဝတ်နေရေး ကြပ်တည်းချိန်မှာ ချောင်လည်ဖို့က အဓိကတွန်းအား အနေနဲ့ စိတ်အားထက်သန် နေပေမယ့် အသင့်အတင့် ချောင်လည်လာတဲ့အခါ ဒီတွန်းအား လျော့ပါးသွားပြီး စိတ်အားထက်သန်မှု လျော့သွား ကြပါသတဲ့။
အောက်ပိုင်းအဆင့် (၄) ဆင့်လုံးဟာ ဒီသဘောချည်းပါပဲ။ လိုချင်တာ မရခင်မှာ စိတ်အားထက်သန် ကြပေမယ့် ရသွားရင် လျော့သွားကြရော။
စားဝတ်နေရေး ချောင်လည်တဲ့အခါ နောက်တစ်ဆင့် အနေနဲ့ ဘဝလုံခြုံမှုက တွန်းအားဖြစ်လာတယ်။ အာမခံချက်ရှိတဲ့ အလုပ် ရှိတာမျိုး နဲ့ စုမိစောင်းမိ ရှိလာတာမျိုးပေါ့။ အတိုင်းအတာတစ်ခုထိ အာမခံချက်ရှိလာပြန်ရင် စိတ်အားထက်သန်မှု မရှိကြတော့ပြန်ဘူး။
အဲ့ဒီမှာ လူမှုအသိုင်းအဝိုင်း အဆင့်ကို ရောက်လာတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုနဲ့ ချစ်ရခင်ရသူတွေနဲ့ သိုက်သိုက်ဝန်းဝန်း ဖြစ်ချင်လာတယ်။ အတူတူပဲ.. အတိုင်းအတာ တစ်ခုထိ သိုက်သိုက်ဝန်းဝန်း ဖြစ်လာပြီဆိုရင် စိတ်အားထက်သန်မှုက လျော့လာပြန်ရော။
နောက်တစ်ဆင့်ကျတော့မှ ဂုဏ်၊ ရာထူး၊ ပါဝါ၊ ကျော်ကြားမှု စတာတွေအတွက် စိတ်အားထက်သန် ကြပြန်တယ်။ ငါတို့က ဂုဏ်တွေ ကျော်ကြားမှုတွေ မမက်ဘူးဆိုရင် အဲ့ဒီအဆင့်ကို မရောက်သေးလို့ ဖြစ်နိုင်တယ် (ဤကားစကားချပ်)။ ဒါလည်းပဲ အထိုက်အလျှောက် ရှိလာရင် စိတ်အားထက်သန်မှု လျော့လာပြန်ရော။
Maslow ရဲ့အဆိုအရ ဒါတွေဟာ အများအားဖြင့် တစ်ဆင့်ပြီးမှတစ်ဆင့် သွားကြလေ့ ရှိတယ်တဲ့။ ၁၀၀% တော့ မဟုတ်ပါဘူး။ အများအားဖြင့်ပါ။ တစ်ချို့ ပြိုင်တူ သွားနေတာတွေလည်း ရှိတော့ရှိပါတယ်။ အဲ့ဒီမှာ ထူးခြားတာက နောက်ဆုံးအဆင့်။
ရှေ့အဆင့်တွေမှာ လိုချင်တာရသွားရင် စိတ်အားထက်သန်မှု လျော့သွားပေမယ့်၊ နောက်ဆုံးအဆင့်မှာတော့ လိုချင်တာ ရလေ စိတ်အားထက်သန် လာလေပါပဲတဲ့။ ကိုယ့်အစွမ်းရှိသလောက် ရောက်ခဲ့ပြီလို့ ခံယူသွားတဲ့ အဆင့်ပါ။ အရှိတရားကိုလက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားတဲ့အဆင့် ဆိုတော့၊ ရောင့်ရဲနိုင်သွားတဲ့ အဆင့်ပေါ့။ ရယ်တော့ ရယ်ရတယ်၊ ရှိတာလေးနဲ့ ကျေနပ် ရောင့်ရဲပါတယ် ဆိုတဲ့ အဆင့်ရောက်ဖို့ ရှေ့အဆင့်တွေမှာ လိုချင်တာ အကုန်ရပြီးမှ ရောက်ကြတာ။
ဒီအဆင့် ရောက်ပြီဆိုရင်တော့ သူသာလား၊ ငါသာလားတွေ စိတ်မဝင်စားတော့ဘူး။ ကိုယ့်အားနည်းချက် ကိုယ်သိပြီး လက်ခံတယ်။ ငါမှန်ဖို့ ဆိုတာထက်၊ အဖြေမှန်ဖို့ကို ပိုလိုလားတယ်။ ဖန်တီးနိုင်စွမ်းတွေ တက်လာတယ်။ အများအတွက် ပိုလုပ်လာတယ်။ ကိုယ်ကျင့်တရား ပိုခိုင်မာလာတယ် (အူမတောင့်လို့ သီလပိုစောင့် လာသလားပေါ့)။ ဒီအဆင့်မှာ အမြဲတမ်း စိတ်အားထက်သန် နေတော့တာ။ အရင်အဆင့်တွေမှာ ကိုယ်လိုချင်တာ ရသွားရင်၊ ကိုယ်လုပ်လိုက်တာ ဖြစ်မြောက်ပြီးသွားရင် လျော့သွားပေမယ့်၊ ဒီအဆင့်မှာ လိုချင်တာရလေ၊ အလုပ်ဖြစ်မြောက်လေ စိတ်အား ထက်သန်လာလေပဲတဲ့။
ကိုယ်ဘယ်နားလောက် ရောက်နေလဲ သုံးသပ်ကြည့်ပြီးရင်.. ရှေ့မှာ ဘာတွေဆက်လာမလဲ ကြိုမှန်းဆနိုင်ထားတော့ အစောကတည်းက တစ်ပန်းသာတာပေါ့။
- https://www.simplypsychology.org/maslow.html

