"ကိုရီး"
"ဘယ်က ကိုရီးရမှာလဲ ငါက ဘုန်းကြီးဟ"
"သိပါတယ် ကိုရီးရယ် ဘုန်းကြီးလည်းအသည်းနဲ့ပဲဆိုတာ"
"ဟာ ခက်ပါလား ဒီကလေးမ ညုတုတုနဲ့"
"ချစ်တာကိုး ကိုရီးရယ်"
"ဟာ ပြောလေ ကဲလေ"
"ကဲတာ မဟုတ်ပါဘူးကိုရီးရယ် ချစ်တာ ချစ်တာ"
"ဒီကလေးမ ငါ ဘလော့မိတော့မယ်"
"ဘလော့နိုင်ရင်တော့ ဘလော့လေ မနိုင်ရင်တော့
ခဏ ခဏ ကိုရီးကို လာခေါ်နေမှာပဲ"
"နေစမ်းပါအုံး နင်က ဘယ်သူလဲ"
"တစ်ချိန်က သင်းလေ ကိုရီးရဲ့ 
ဘာလဲ မမှတ်မိတော့ဘူးလား"
"ခိုင်သင်းကြည်လား သင်းသင်းယုလှိုင်လား"
"တစ်ယောက်မှ မဟုတ်ဘူး"
"ငါ့ ငယ်ချစ် အယောက်သုံးလေးဆယ်ထဲ
သင်း ဆိုလို့ အဲ နှစ်သင်းပဲ ပါတာပါကွယ်
မညုချင်နဲ့ ဂိုးတော့"
"ရပါတယ် ကိုရီးရယ် ရပါတယ် သင်းက လိုချင်တာ
မရရအောင် ယူတတ်တယ် နော်"
"အဲဒါ နင့်ကိစ္စ ငါနဲ့ မဆိုင်ဘူး"
"ဆိုင်တယ် တစ်နေ့ ကိုရီးကို မရရအောင် လာခေါ်ပြမယ်"
"ဟား ဟား ဟား"
"မရယ် နဲ့ ဒီမှာ ကိုရီး သင်းကြည် တို့ သင်းယုတို့လို
သစ္စာမဲ့မယ့် သင်းမဟုတ်ဘူး စောင့်ကြည့်လိုက်
ရအောင်လာခေါ်ပြမယ်"
"နင်က ဘာသင်းမို့လို့ ပြောပါအုံး"
"သင်း...မေ"
"ဟေ!"
"သင်း...မေ'' ဆိုတာ
ဟုတ်ပါ့ သင်းမေလာခေါ်မယ့်နေ့ နီးနေပါရောလား
သင်းမေ ဆိုသော သေမင်း ကို မဘလော့
နိုင်သေးသမျှ ခဏ ခဏ လာလာခေါ်မယ်တဲ့။
.....................
" သင်းမေ လာမခေါ်သေးခင် ဒါန သီလ ဘာဝနာတွေ
ရိက္ခာအဖြစ် စုကြရမယ့် အချိန်တန်နေပြီ ''
တစ်နေကွယ် သေနယ်သို့တစ်ခါကူး
မေ့လျှော့ကာ မသေဘူး မထင်လိုက်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တစ်ခါသွားရမယ်
ဪ..... တားမရချေဘူး ။