=======
" မသွယ် ဝိုင်းဆယ့်တစ် ရှင်းမယ်တဲ့ "
" အော် ... အေးအေး "
မှန်ကောင်တာအနီးရောက်ရှိလာသည့် စားပွဲထိုးလေး၏စကားကြောင့် သွယ်သွယ်ခိုင်မှာ တဂျစ်ဂျစ်အသံမြည်ရင်း စက်ထဲမှထွက်လာသည့်
ဘောင်ချာစာရွက်လေးအား ကမ်းပေးလိုက်ပါ၏
ညနေစောင်းလုပြီဆိုတော့ ဆိုင်ထဲကဝိုင်းတွေအားလုံးနီးပါးတောင် ဧည့်သည်တွေပြည့်နေပြီ
ခေတ်အဆက်ဆက်ယဉ်ကျေးမှုပေါင်းများစွာ
ကိန်းအောင်းတည်ရှိနေသောကြောင့် ယဉ်ကျေးမှုမြို့တော်ကြီးဟုပင် အမည်တွင်ခဲ့သည့် သွယ်သွယ်ခိုင်တို့ မန္တလေးမှာ ခုချိန် အထွန်းကားဆုံး ယဉ်ကျေးမှုကို ပြစမ်းပါဟုဆိုလျှင်တော့ မာလာယဉ်ကျေးမှုပါ ဟုပဲဆိုရလိမ့်မည်ထင်ပါ၏
ကြည့်ပါဦး ... တာရဲတွေဆွေတလုပ်ဟု မောင်းထောင်ဦးကျော်လှ ကင်ပွန်းတပ်ထားခဲ့သည့် ပြည်ကြီးသားတွေ များပြားလာတာနဲ့အမျှ မန္တလေးတစ်ခွင်မှာ အလျှိုအလျှိုပေါ်ပေါက်လာသော မာလာဟင်းဆိုင် မာလာရှမ်းကောဆိုင်တွေဆိုတာ မနည်းမနော ဒါတောင် ဒီနောက်ပိုင်း အသစ်ပေါ်လာတာရှိသေးသည် ဘာတဲ့ ... မာလာတုတ်ထိုးဆိုလား
မာလာဟင်းဆိုသည်မှာ ပလတ်စတစ်ခွက်လေးများထဲမှာ ရေစိမ်ထားသည့် ခေါက်ဆွဲဖတ်လေးတွေ အသားတုတွေ ဟင်းသီးဟင်းရွက်တွေကို ရေလုံပြုတ်ပြီး ရယ်ဒီမိတ်အနှစ်နှင့် နယ်ဖတ်ပစ်လိုက်ရသော စားစရာတစ်မျိုး တစ်ဆိုင်နှင့်တစ်ဆိုင် ဟင်းအနှစ် ဖော်စပ်ပုံခြင်းကွာသော်လည်း ဘယ်ဆိုင်ကပဲ၀ယ်စားစား ထမင်းတစ်နပ်မြိန်သွားစေသည်ကတော့ အမှန်
နောက်ပြီး ... မာလာရှမ်းကောတဲ့
မာလာဟင်းယဉ်ကျေးမှုရဲ့အနောက်ကနေသာ လိုက်ခဲ့သော်လည်း မန္တလေးတစ်ခွင်မှာ စိုးမိုးထားနိုင်သည့် သူရဲ့ဩဇာအာဏာကလည်း မသေးလှ
အစကတော့ မာလာဟင်းကိုမှ အရည်စပ်စပ်နှင့်မဟုတ်ပဲ ဒယ်ပေါ်တင်ကြော်ထားသည်ဟု သွယ်သွယ်ခိုင်ယူဆမိသော်လည်း တကယ်တမ်းစားကြည့်တော့ကျ မာလာဟင်းနှင့်မတူ ဟင်းခတ်အမွှေးအကြိုင်တွေ အထုံတွေနှင့် မွမ်းမံထားသည့်အတွက်ကြောင့် မာလာဟင်းထက်ပိုမွှေးသည် ကြိုက်တတ်သူတွေအဖို့ဆို ထမင်းသုံးပန်ကန်လောက် အသာလေးကုန်သွားနိုင်သည့်အရသာမျိုး ...
ဒါပေမယ့် သူတို့မန္တလေးမြို့သူမြို့သားတွေဆိုတာကလည်း အသစ်အဆန်းကိုသိပ်ပြီး သဘောကျလေ့ရှိသူများဖြစ်သည် နောက်ပြီး မန္တလေးဆိုတာက ဆီတစ်ထောင်ဖိုးထည့်ရုံနှင့်ပင် ဆိုင်ကယ်တစ်စီးနှင့် မြို့ပတ်နိုင်တာဆိုတော့ အနှီရတနာပုံ ရတနာပုံသားတို့အနေနှင့် အိမ်အနီးအနားမှာ ရောင်းချသော စားစရာတွေကိုပဲ အားကိုးနေစရာမလို အသစ်အဆန်းပေါ်ပြီဆိုတာနှင့် အပြေးအလွှားသွားစားနိုင်ရန်အခွင့်အရေးရှိသူများပဲဖြစ်ပါ၏
ဒါကြောင့် မာလာရှမ်းကောအနေနှင့်လည်း မန္တလေးလိုနေရာမျိုးမှာ သိပ်ကြာကြာ ဩဇာကြီးလို့ရနိုင်ခဲ့ဟန်မတူသည်ဖြစ်လေရာ ခုနောက်ပိုင်း သွယ်သွယ်ခိုင့်မျက်လုံးထဲ မြို့ထဲမှာရော မြို့ပြင်နေရာတွေမှာရော သူ့တစ်လူငါတစ်မင်း ပေါ်ပေါက်လာခဲ့သည့် မာလာတုတ်ထိုးဆိုင်တွေကို မြင်တွေ့လာရခြင်းပဲဖြစ်မည်တူပါ၏
ဒါပေမယ့် ဒီအစားအစာကိုကျတော့ သွယ်သွယ်ခိုင်လည်း မစားဖူးတာမို့ ဘယ်လိုအရသာရှိမှန်း အကဲမခတ်တတ်သော်လည်း ဟိုနေ့က မာလာတုတ်ထိုးဆိုင်က ပြန်လာကြသော ညီမတော်နှစ်ယောက် ပြောတာကတော့ အရမ်းစားကောင်းတာပဲတဲ့ သူက သွယ်သွယ်တို့ဆိုင်မှာရောင်းနေကျတွေလို ဟင်းပွဲလိုက်ထွက်ပြီးရောင်းရတာမဟုတ်
မှန်အကြည်တပ်ထားသော ရေခဲသေတ္တာကြီးထဲမှာ အသားစုံ အသီးရွက်စုံတွေကို တုတ်ထိုးပြီး ပြထားရသည် ဧည့်သည်တွေဆိုင်ထဲရောက်ပြီဆိုမှ
စိတ်ကြိုက်ရွေးချယ်ခိုင်းပြီး တစ်ချောင်းချင်းတွက်ယူရသောကြောင့် ရောင်းသူအတွက်ရော
စားသူအတွက်ပါကိုက်သည် ဒါကြောင့်မို့
" မမသွယ် ဒါလေးလည်း ဆိုင်ပေါ်ကိုတင်ရောင်းပါလား အရမ်းမြတ်မှာ " ဆိုပြီး ညီမတော်နှစ်ယောက်က အကြံဉာဏ်ပေးနေကြခြင်းပဲဖြစ်မည်ထင်ပါ၏
ဪ ... ဆိုင်ပေါ်တင်ရောင်းဆိုလို့ ပြောရဦးမည်
မန္တလေး၏ မြို့ပြင်မကျ မြို့ထဲမကျတွင် ဖွင့်လှစ်ထားသော သွယ်သွယ်ခိုင်တို့၏ စားသောက်ဆိုင်မှာ လက်ချိုးရေလို့ရလောက်သည်အထိရှားပါးသော ဗမာလူမျိုးပိုင် မာလာဟင်းဆိုင်များတွင်
တစ်ဆိုင်အပါအ၀င်ဟုပဲဆိုရချေမည်
နောက်ပြီး ဆိုင်အများစုလို အရက်တွေ ဘီယာတွေလည်း တွဲမရောင်းဘူးဆိုတော့ ဆိုင်အတွင်း စားပွဲလွတ်မရှိလောက်အောင်အထိ ပြည့်သိပ်နေသည့် ဧည့်သည်အားလုံးမှာ သွယ်သွယ်တို့ဆိုင်၏
အရသာတစ်ခုတည်းကို သဘောကျလို့သာ လာရောက်ကြခြင်းဖြစ်ကြောင်း ယူဆနိုင်သည်ပဲမဟုတ်လား
" ဟဲ့ ... မော်မော် ဖရဲသီးက နွမ်းလှချေလား
လက်ဆောင်အချိုပွဲပေးတယ်ဆိုပေမယ့်
ဖြစ်သလိုချလို့မရဘူးလေ သွားသွား
အသစ်တစ်လုံးသွားခွဲချေ "
" ဟုတ်ကဲ့ မမသွယ် ... "
သွယ်သွယ်ခိုင်သည် ဆိုင်မှစားပွဲထိုး မိန်းကလေးတစ်ယောက်အား သတိပေးသလို လှမ်းပြောရင်း
အတွေးတွေက အတိတ်နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည် အရင်ကတော့ သူတို့ညီအစ်မတွေရဲ့ ဘ၀က ခုလိုဘယ်ဟုတ်မတုန်း ...
အဖေဆုံးပြီးသည့်နောက်ပိုင်း မိခင်ကြီးဖြစ်သူနှင့်အတူ သွယ်သွယ်တို့မှာ မောင်နှမလေးယောက်ကျန်ခဲ့သည် အိမ်ထောင်ကျပြီးနောက် တစ်အိုးတစ်အိမ်ခွဲသွားပြီဖြစ်သော အစ်ကိုကြီးပြီးသည့်နောက် သွယ်သွယ်ခိုင်လာသည် နောက်ပြီး ကျော့ကျော့ခိုင် ဝါဝါခိုင် ညီမလေးနှစ်ယောက်
အိမ်ထောင်ပြုပြီးသွားပြီဖြစ်သော်လည်း သားကြီးဩရသ တစ်ယောက်ဖြစ်သည်အတွက်ကြောင့် သွယ်သွယ်တို့ညီအစ်မတွေက အစ်ကိုကြီးအပေါ်မှာ အချစ်ပိုကြရသည် ဒါပေမယ့် ခက်နေတာက အစ်ကိုကြီးရဲ့မိန်းမဖြစ်သူ ယောင်းမတော် မီမီသော်ပင်
လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလတုန်းကဆိုတော့ အဖေကလည်းမရှိ တစ်ဦးတည်းသော ယောက်ျားသားဖြစ်သူ အစ်ကိုကလည်း အိမ်ထောင်သည်ဆိုတော့ သွယ်သွယ်တို့ အိမ်စီးပွားရေးမှာ သိပ်မပြေလည်သေး သွယ်သွယ်တစ်ယောက်သာ ကျောင်းပြီးသွား၍ ဘဏ်၀န်ထမ်းနေရာမှာ ၀င်လုပ်ခဲ့သော်လည်း ညီမလေးနှစ်ယောက်မှာ ကျောင်းမပြီးသေးပါချေ
ဒါကြောင့်မို့ အစ်ကိုကြီးဖြစ်သူထံမှ နှစ်လတစ်ခါ သုံးလတစ်ခါ အမေ့ကိုကန်တော့သောငွေ သွယ်သွယ်၏ လစာငွေ ဒီနှစ်ခုတည်းသာရှိသော သွယ်သွယ်တို့သားအမိတွေမှာ အကျဆိုလို့မရှိ တရိပ်ရိပ်သာ တိုးတက်လာခဲ့သော ကုန်ဈေးနှုန်း ဟာရီကိန်းအောက်တွင် သိပ်ပြီးအဆင်ပြေချောင်လည်ခြင်းမရှိခဲ့တာတော့အမှန်
ဒီကြားထဲမှာမှ ... အမေက မာလာဟင်းဆိုတာကိုသိပ်ကြိုက်သည် သွယ်သွယ်တစ်ယောက် ရုံးမှပြန်လာပြီဆိုတာနှင့် " သမီးရယ် မာလာဟင်းလေးတစ်ပွဲလောက်များ ပါဆယ်ဆွဲခဲ့တာမဟုတ်ဘူး " ဆိုပြီး မကြာခဏ ပြောနေကျ
အမေသည် ကြေးအိုး ကုန်းဘောင်ကြီးကြော်
ခေါက်ဆွဲကြော် အစရှိသော တရုတ်စာတွေကို လုံး၀ခံတွင်းမတွေ့သော်ငြား ဒီမာလာဟင်းများ၀ယ်လာလျှင်တော့ ခပ်မောက်မောက် ထမင်းနှစ်ပန်းကန်လောက်တော့ ကုန်ပြီးသား
ဒီလိုစားပြီးတိုင်းလည်း " လျှာရင်းမြက်လိုက်ပါဘိကွယ် စလေဦးပုညရဲ့ အာဂပါးစပ် လူဖြစ်ကျိုးနပ်ဆိုတာ ဒါကိုပြောတယ်ပဲထင်ပါရဲ့ " ဟုဆိုလေ့ရှိသူဖြစ်ပါ၏
ဒါကို အငယ်တွေဖြစ်သော ကျော့ကျော့နှင့် ဝါဝါက ဖာသိဖာသာနေနိုင်သော်လည်း သမီးအကြီးဆုံးဖြစ်သူ သွယ်သွယ်ကတော့ သတိထားမိသည်
နောက်ပြီး အမေကြိုက်တတ်သော မာလာဟင်းကိုလည်း တတ်များတတ်နိုင်မည်ဆိုလျှင် နေ့တိုင်း
ဗူးအကြီးကြီးနှင့် ၀ယ်ချလာခဲ့ချင်သည်
ဒါပေမယ့်လည်း လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလတုန်းကဆိုတော့ မာလာဟင်းရောင်းသောဆိုင်တွေက ခုခေတ်လို ဖောချင်းသောချင်းရှိမလာသေး အသားငါးမပါ အသီးအရွက်ရေလုံပြုတ်သာဖြစ်သော်လည်း မာလာဟင်းဆိုသည်မှာ စားသောက်ဆိုင်ကြီးတွေပေါ်မှာသာ
တခမ်းတနားတင်ရောင်းသော သူဌေးစာ
နောက်ပြီး ဈေးတွေကလည်း တစ်ထောင် ထောင့်ငါးရာ အချို့ဆိုင်တွေဆို နှစ်ထောင်နီးနီး ရှိနေသည်ဆိုတော့ သွယ်သွယ့်လို လခစား၀န်ထမ်းတစ်ယောက်အနေနှင့်က ဘယ်လိုလုပ်ပြီးများ တတ်နိုင်ပါလိမ့်မည်နည်း
ဒါပေမယ့် နောက်ပိုင်း တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ကြာလာသောအချိန်မှာတော့ ရပ်ကွက်ငယ်လေးတွေအတွင်းမှာ တစ်နိုင်တစ်ပိုင်ချက်ပြီးရောင်းသည့် လမ်းဘေးမာလာဟင်းဆိုင်လေးတွေပေါ်လာခဲ့သည်
အထူးသဖြင့် ညနေစောင်းဆို သွယ်သွယ်တို့ဘဏ်ရှေ့မှာ လာဖွင့်သော မမဆွေ၏ မာလာဟင်းဆိုင်လေးပင် အရသာအနေနှင့်ကတော့ ဆိုင်ကြီးတွေကို မယှဥ်နိုင်သော်ငြား ပွဲသေးသုံးရာ ပွဲကြီးမှငါးရာဆိုတော့ သွယ်သွယ်တို့လိုလူတန်းစားတွေအတွက် စားပျော်သည် ညနေစောင်းလို့ရုံးဆင်းပြီဆိုတာနှင့် ကြိုမှာထားသော အထုပ်လေးအား တူနှင့်ဆွဲပြီး အိမ်ကိုယူသွားရုံဆိုတော့ အတိုင်းထက်အလွန် အဆင်ပြေလှပါ၏
နောက်ပြီး မမဆွေဆိုတာက သွယ်သွယ်တို့ ဘဏ်ရှေ့ ညစောင့်စောင့်ပေးသူ ဦးလေးကြီး၏ မိန်းမဆိုတော့ သွယ်သွယ်တို့မို့ လာဝယ်ပြီဆိုလျှင် စေတနာပိုသည် အမြဲတမ်း ပိုပိုသာသာ ထည့်ပေးလိုက်သည်ချည်း ဒါကိုပင် သွယ်သွယ်က မကျေနပ်ခဲ့ အမြဲတမ်းပိုပြီးထည့်ပေးခိုင်းမြဲသာဖြစ်သည်
" မမတွေ ကျွန်တော့်ကို စပ်စပ်လေးနော်
စပ်နိုင်သမျှ မိုင်ကုန်စပ်အောင်ချက်ပေး "
" အေးပါဟယ် အေးပါ "
သွယ်သွယ် ဒီလိုတွေအထွန့်တက်တိုင်းလည်း
မမဆွေက မညည်းညူ အနှစ်တွေဆိုလျှင် ဇွန်းကြီးတစ်ဇွန်းနှင့် ကော်ကော်ပြီး ချက်ပေးတတ်မြဲ ဒီလိုစပ်ပြဲလန်နေသည့် မာလာဟင်းကိုမှ
အိမ်ကိုရောက်ပြီဆို ရေနွေးကလေး ဆားလေး ဟင်းချိုမှုန့်လေး နောက်ပြီး ယမ်ယမ်ခေါက်ဆွဲလေးတစ်ထုပ်စွက်လိုက်ပြီဆိုလျှင် သွယ်သွယ်တို့ အိမ်သားတွေအားလုံး ထမင်းမြိန်ဖို့ရန် လုံလောက်ပြီပဲမဟုတ်ပါလား ဒါပေမယ့် တစ်ခုခက်တာက
ကိုကို့မိန်းမ မီမီသော်ပင်တည်း
" အော် ... သွယ်သွယ်တို့ကလည်း လမ်းဘေးဆိုင်က မာလာဟင်းကိုမှ အကောင်းလုပ်စားနေရတယ်လို့ အဲဒါတွေက သန့်တာမဟုတ်ဘူး "
" မမသော်တွေ့သားပဲ ဆိုင်ရှင်မိန်းမကြီး ချက်ပြုတ်ရောင်းနေလိုက်တာများ အကုန်လုံး ညစ်ပတ်နေရော "
" မမသော်တို့သူငယ်ချင်းတွေကျ မာလာဟင်းဆို မြို့ထဲက ဆိုင်မှာပဲသွားစားဖြစ်တာကွဲ့ ဆိုင်ကြီးဆိုတော့လည်း သွယ်သွယ်ရယ် သိတယ်မဟုတ်လား ဈေးလည်းကြီးသလို အရသာကလည်း လွှတ်ကောင်းပေါ့ "
သားအမိတွေထမင်းစားနေချိန် အစ်ကိုကြီးနှင့်အတူရောက်လာပြီဆို စကားစမြည်လိုလို ဗဟုသုတလိုလိုပြောတတ်သော ယောင်းမတော်၏ စကားတွေက လုံး၀အနှောင့်အသွားမလွတ် လမ်းဘေးဆိုင်တွေကို မစားစေချင်သည့် စေတနာနဲ့လိုလို သွယ်သွယ်တို့တွေကို နှိမ်သလိုလို
အမြဲတမ်းနှစ်ခွဖြစ်နေတတ်ပါသည်
အစ်ကိုကြီးအနေနှင့်ကလည်း ယောက်ျားသားဆိုတော့ မိန်းမဖြစ်သူ ဘာကိုဆိုလိုသလဲဆိုတာကို နားလည်နိုင်ခြင်းရှိဟန်မတူ သို့သော် သွယ်သွယ်တို့ကတော့ မိန်းမချင်းဆိုတော့ ဘာကိုဆိုလိုသလဲဆိုတာကို တန်းပြီးနားလည်ရသည်
ပထမဆုံး ချွေးမ၏စကားကိုကြားတော့ အမေ့မျက်နှာ ညိုးငယ်သွားသည်မှာ စားလက်စထမင်းကိုပင်ဆက်မစားနိုင်ခဲ့ ဒါကိုအစ်မအကြီးဆုံးဖြစ်သော သွယ်သွယ်က သည်းညည်းခံနိုင်သော်လည်း လူငယ်အရွယ် ညီမလေးနှစ်ယောက်ကတော့ ခံနိုင်ဟန်မတူ
" အလကား မိန်းမကြီးပါ မမသွယ်ရာ
ညီမလေးတို့အိမ်ကိုသာ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောနေတာ သူကိုယ်တိုင်ကျတော့လည်း စားနိုင်တာမဟုတ်ပဲနဲ့ "
" ဟုတ်တယ် အမေစားနေတဲ့ မာလာဟင်းကိုတင်ပြောသွားတာမဟုတ်ဘူး ဟိုနေ့က ဝါဝါသုံးတဲ့ ရေမွှေးကိုလည်းပြောသွားတာ အပေါစား အော်ဒီကလုံးကြီးတဲ့ "
ဒီလို ဒီလိုမျိုးလေးတွေ တေးမှတ်ထားရပါများတော့ ကျော့ကျော့နှင့် ဝါဝါတို့ကလည်း အကြာကြီးသည်းမခံနိုင်တော့ အစ်ကိုကြီး တာ၀န်နှင့် ခရီးထွက်သွားသည့်နေ့ မမသော်တစ်ယောက်ထဲအိမ်ကိုရောက်လာချိန်မှာ အကြီးအကျယ်ရန်ဖြစ်ကြတော့သည် ရုတ်တရက်ကြည့်ရင်တော့ ဘာအကြောင်းမှ မဟုတ်ဘူးထင်ရသော်လည်း ညီမလေးတွေအနေနှင့်က မမသော်၏ နှိမ်ပိုးနှိမ်ပေါက်နှင့် ပြောနေကျစကားများအား သည်းခံခဲ့ရသည်မှာ အတော်ကြာခဲ့ရသည်မဟုတ်ပါလား
" အမလေးတော် အမလေး ကောက်သင်းကောက်က အနှံကြီးကြိုက်လို့ အပေါစားမို့ အပေါစားပြောတာ ဘာဖြစ်သတဲ့တုန်း ကိုကို့ညီမတွေမို့သာ
သည်းခံနေရတယ် မီမီသော်တို့က အောက်ကိုဆင်းပြီး သိပ်ပေါင်းချင်တာ မဟုတ်ဘူး "
ထိုနေ့က ထဘီကို ခပ်တင်းတင်း၀တ် အိမ်ရှေ့ကတက်နေရာမှာ ထွီကနဲနေအောင်တံတွေးထွေးရင်း ပြောသွားသည့် မမသော်၏ စကားတွေကို သွယ်သွယ် နားထဲကလုံး၀မထွက် ဒီစကားတွေကို ကြားတော့ အိမ်ထဲမှာရှိနေသည့် အမေက မျက်ရည်ကျသည် ဒါပေမယ့် သွယ်သွယ့်အနေနှင့်ကတော့ ပါးထရိုက်မည် တကဲကဲလုပ်နေသော ညီမလေးများအား ၀င်ပြီးဟန့်တားနေရုံအပြင်ဘာမှ မတတ်နိုင်ခဲ့ လူသာဆင်းရဲချင်ဆင်းရဲမည် ပတ်၀န်းကျင်၏ ပြောတာဆိုတာကိုတော့ သွယ်သွယ်ခံနိုင်ရည်မရှိဘူးပဲမဟုတ်လား
ဒီလိုကိစ္စတွေဖြစ်ပျက်ပြီးနောက်ပိုင်း အစ်ကိုကြီးကိုလည်း ဘာတွေဘယ်လို ခြေထိုးလိုက်သလဲမသိ ခါတိုင်းအိမ်ကိုမကြာမကြာလာနေကျ အစ်ကိုကြီးမှာ အမေ့ဆီကိုခြေဦးပင်လှည့်မလာတော့
သွယ်သွယ်တို့ မကြာမကြာဖုန်းဆက်ခေါ်တိုင်းလည်း တစ်ခုမဟုတ်တစ်ခု အကြောင်းပြပြီးသာငြင်းလို့နေခဲ့သည်
ဒီလိုမျိုး မယားဖက်လိုက်ပြီး
မိသားစုအပေါ် ပစ်ပစ်ခါခါပြုရက်သော အစ်ကိုကြီးအား သွယ်သွယ်တို့တွေက ဥပေက္ခာပြုနိုင်ခဲ့သော်လည်း အမေကတော့ မနေနိုင် သူ့သားကြီးအကြောင်းကို အမြဲတစေမေးနေတတ်သည်
ဒီကြားထဲ အစ်ကိုကြီးနှင့် မမသော် အမွှာယောက်ျားလေးနှစ်ယောက်ရလိုက်သည်ဆိုသော သတင်းကရောက်လာခဲ့တော့ သားကြီးဖြစ်သူကိုရော မြေးဦးလေးတွေကိုပါ တွေ့ချင်သော အမေ့ရဲ့ ဆန္ဒတွေက တစ်နေ့တစ်ခြား ပြင်းပျလာခဲ့၏
ဒါပေမယ့် အစ်ကိုကြီးအပေါ်ရော ယောင်းမအပေါ်မှာပါ စိတ်အနာကြီးနာနေသော သူတို့ညီအစ်မတွေကို ပြောမထွက်နိုင်ဘူးဆိုတာ သွယ်သွယ်သိပါသည် ဒါကြောင့်မို့ အမေ့ကွယ်ရာ ညီမလေးတွေရဲ့ကွယ်ရာမှာ သွယ်သွယ်ကြိတ်ပြီး မျက်ရည်သုတ်ရရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်ခဲ့
" မသွယ်ရယ် ... နင့်မလဲ ငါ့ဆိုင်က မာလာဟင်းကို သိပ်ကြိုက်တာပဲတဲ့လား "
" ကျွန်တော်တို့ကြိုက်တာထက် အမေကပိုကြိုက်တာ မမဆွေရဲ့ မမဆွေဆီက မာလာဟင်းများ၀ယ်လာရင် ထမင်းကိုမြိန်နေရော "
" ဒါဖြင့်လည်း ဘာထူးတော့မှာလည်းအေ
ညည်းတို့အိမ်ရှေ့လည်း တစ်နိုင်တစ်ပိုင်ဆိုင်လေးဖွင့်လိုက်ပေါ့ အိမ်မှာလည်းစားလို့ရ ဟော တစ်နိုင်တစ်ပိုင်၀င်ငွေလေးလည်းရှိ အဆင်မပြေဘူးလား"
ဒီစကားတွေက ရုံဆင်းချိန် သွယ်သွယ်မာလာဟင်း၀င်၀ယ်တိုင်း မမဆွေ ပြောလေ့ရှိသော စကားတွေပင်ဖြစ်သည် ရုံးဆင်းချိန်တိုင်း အားပေးနေကျ ဖောက်သည်ဖြစ်နေပြီဆိုတော့လည်း သွယ်သွယ်မှာ မမဆွေနှင့် မျက်မှန်းတန်းမိနေရုံသာမက အတော်လေးကို ခင်မင်ရင်းနှီးနေခဲ့ပြီ ...
အစတုန်းက မမဆွေတစ်ယောက် စနောက်နေခြင်းသာထင်ခဲ့သော်လည်း ပြောပါများလာပြန်တော့ မမဆွေးစကားတွေမှာ သွယ်သွယ်ယိမ်းယိုင်လာခဲ့သည်
" ငါက အကောင်းပြောတာ သွယ်သွယ်ရဲ့
ညည်းအိမ်နဲ့ ငါ့ဆိုင်ဆိုတာလည်း အဝေးကြီး
ငါ့ဖောက်သည်တွေပျက်မသွားဘူး တစ်နိုင်တစ်ပိုင် ၀င်ငွေလေး ရစေချင်လို့ပါအေ မာလာဟင်းဆိုတာ ဟင်းသီးဟင်းရွက်ထက် အနှစ်ကိုရောင်းတာမဟုတ်လား သိပ်မြတ်တာအေ့ "
ဟုတ်တော့လည်းဟုတ်သည် တကယ်တမ်းစဉ်းစားကြည့်တော့ ဒီလိုဆိုင်လေးတွေဆိုတာ ညနေစောင်းမှဖွင့်ရသောဆိုင်လေးတွေ
ဒါကြောင့် သွယ်သွယ်တို့ညီအစ်မတွေအနေနှင့် မနက်ရုံးမသွားကျောင်းမသွားခင် ပြင်စရာရှိတာတွေပြင်ပြီး ရုံးဆင်းပြီဆိုတာနှင့် ဆိုင်တန်းထွက်နိုင်သည် နောက်ပြီး ညီမလေးနှစ်ယောက်ဆိုတာလည်း ကျောင်းမှပြန်လာပြီးနောက်ပိုင်း အားလပ်နေတာပဲမဟုတ်လား
ဒါကြောင့်မို့ သွယ်သွယ်တို့ညီအစ်မတွေမှာ မမဆွေ၏ အကူအညီကိုယူပြီး အိမ်ရှေ့နေရာအလွတ်လေးမှာ မာလာဆိုင်လေးတစ်ဆိုင်ထွက်ဖြစ်ခဲ့ပါ၏ ဆိုင်ဟုသာဆိုသော်လည်း သိပ်ပြီး ခမ်းခမ်းနားနားမဟုတ်လှ အမေစိုက်ထားသောပန်းအိုးတွေကိုရှင်း အိမ်မျက်နှာစာနေရာမှာ မိုးကာလေးဆွဲပြီး စားပွဲခုံနှင့် အိုးခွက်ပန်းကန်တွေကို နေရာချလိုက်ရုံသာ
ဒီလို မသားမနားဆိုင်လေးတစ်ဆိုင်ဟုသာ နာမည်တပ်ရသော်လည်း တဖြည်းဖြည်းနှင့် ရောင်းအားတွေတက်လာခဲ့သည့်အချိန်မှာတော့ သွယ်သွယ်တို့ ညီအစ်မတွေပျော်လိုက်သည်မှာ ပြောမနေနှင့်
လက်ရာကောင်းသည် စေတနာလည်းကောင်းသည် နောက်ပြီး ဈေးနှုန်းကလည်း သုံးရာ လေးရာဆိုတော့ မစားနိုင်သူမရှိ နောက်ပြီး သွယ်သွယ်တို့နေထိုင်သော ၀င်ကြားနေရာမျိုးလေးမှာ
ထိုအချိန်တုန်းက မာလာဟင်းဆိုတာ ကြားသာကြားဖူးပြီး မြင်ဖူးစားဖူးသူ သိပ်မရှိဘူးပဲမဟုတ်ပါလား
" ဟယ်အေ ... ညနေဟင်းမရှိတာများ အကုန်ခံပြီးချက်မနေစမ်းနဲ့ သွယ်သွယ်တို့ ညီအစ်မတွေဆိုင်က မာလာဟင်းသုံးရာတန်ဆို တစ်မိသားစုလုံး စားကြပါလေ့ "
တစ်ခါတစ်ရံ ရပ်ကွက်ထဲမှာ သန်းတုပ်ရင်း ဈေးသွားငါး၀ယ်ဆုံရင်း ဖောက်သည်ချလေ့ရှိသော မိန်းမကြီးတွေက ကုမ္မဏီအကြီးကြီးများမှ ခန့်အပ်ထားသော မားကပ်တင်း မိန်းကလေးများထက်ပင် အစွမ်းထက်သေးသည်ဟု သွယ်သွယ်ထင်မိသည်
တစ်ရက်တစ်ရက် ရောင်းကြေးတွေကိုက ဆိုင်သိမ်းချိန် ရေတွက်လိုက်တိုင်း ကိုယ့်မျက်စိကိုပင်မယုံနိုင်လောက်အောင်ထိ ဒီတော့လည်း
အစတုန်းက ဒီအလုပ်ကိုဂုဏ်ငယ်သည်ဆိုပြီး
စိတ်မပါချင်ကြသည့် ကျော့ကျော့တို့မှာလည်း
သွယ်သွယ်မအားချိန်ဆို ဆိုင်ထိုင်ဈေးရောင်းပေးတတ်နေပြီ
ဒါပေမယ့် ဈေးကွက်စီးပွားရေးလောကမှာ ကာစတန်မာ ကွန်ပလိန့်ဟု ခေါ်သော စားသုံးသူ၏ ဝေဖန်ချက်ကို မေ့ထားလို့မရ ဒီတော့ သွယ်သွယ်တို့၏ ဆိုင်ငယ်လေးမှာလည်း စားသုံးသူ၏ ဝေဖန်မှုကို လိုက်နာဖို့ရန်ဖြစ်လာသည် သွယ်သွယ်တို့ရဲ့ ကာစတန်မာတွေကတော့ အခြားသူတွေမဟုတ် ရပ်ကွက်ထဲမှ မိန်းမကြီးများပင်ဖြစ်လေ၏
" သွယ်သွယ်ရယ် ... အိမ်ကဖိုးသားက ဒါတွေချည်းစားရတာရိုးနေပြီတဲ့ တခြားဟာလေးဘာလေးတင်ရောင်းပါဦးလား "
" ဟုတ်တယ် ... သွယ်သွယ်ရဲ့
အိမ်ကယောက်ျားဆိုလည်း မာလာတစ်ပွဲဝယ်
ခေါက်ဆွဲနဲ့ရောစားမှ အာသာပြေတာအေ့ "
ဒီလို ဒီလို အကြံပေးမှုတွေများလာပြီဆိုတော့
ရပ်ကွက်ထဲမှ ကာစတန်မာတို့၏ အလိုအရ သွယ်သွယ်တို့မှာ မာလာဟင်းတစ်မျိုးထဲသာ သီးသန့်ရောင်းချသော သူတို့ဆိုင်စမီနူးထဲတွင် စားစရာအသစ်များကို ထပ်ပြီးတိုးခဲ့ရ၏
ဒါပေမယ့် သိပ်ပြီးများများစားစားတော့မဟုတ်
မာလာဟင်းကိုမှ ယမ်ယမ်ခေါက်ဆွဲနှင့်ရောအပြုတ် ရပ်ကွက်အခေါ်ကျ မာလာယံယံတဲ့
ကြာဇံထုပ်ထည့်ပြုတ်တော့ကျ မာလာကြာဇံပေါ့
နောက်ပြီး ဘယ်ကနေဘယ်လိုဖြစ်တည်လာသည်မသိ ရပ်ကွက်အခေါ် " ၀မ်းဝမ်းချောင်း "
ဟုအမည်ရသော ယိုးဒယားဖြစ်အသားလုံးလေးတွေကိုပါ ကြော်လှော် တုတ်ထိုးပြီး ဆိုင်ပေါ်ကို တင်ဖြစ်ခဲ့သည်
ဒါတွေအားလုံးကလည်း သွယ်သွယ်တို့ အိမ်စီးပွားရေး၏ အခြေခံအုတ်မြစ်တစ်ခုလို့ပဲဆိုရမည် အစတုန်းကတော့ အိမ်စရိတ်ဖာဖို့သာ ဆိုင်ခင်းခဲ့ရသော်လည်း တစ်စတစ်စရောင်းအားတွေတက်လာသည်မှာ သွယ်သွယ်ပင် ဘဏ်ကနေပြီး ထွက်လိုက်ရသည်အထိ
ဒီနောက်ပိုင်းတွေမှာ ရပ်ကွက်ထဲက မျက်မှန်းတန်းမိပြီးလူတွေသာမက မြို့လယ်ခေါင် အသီးသီးကလူတွေပင် တစ်ဆင့်စကားတစ်ဆင့်နားနှင့်ရောက်လာကြသည် ပြီးတော့မှ သွယ်သွယ်သိရသည်မှာ ဆိုင်ကြီးတွေမှာသာ စားနေရသော
လူတန်းစားတွေအနေနှင့်က ဒီလိုလမ်းဘေးဆိုင်လေးတွေမှာထိုင်စားရတာကို ပိုသဘောကျသတဲ့လေ ... သိပ်လည်းနားလည်ရခက်တဲ့သူတွေ
ဒါပေမယ့်လည်း ဒီလို လူ့သဘာ၀တွေနှင့် ပတ်သက်ပြီး ဆိုင်ရှင်ဖြစ်သူ သွယ်သွယ်မှာ
အကြာကြီးမစဉ်းစားအား ကားကြီးကားငယ်တွေနှင့် ရှေ့ဆင့်နောက်ဆင့်ရောက်လာသော ဧည့်သည်တွေဆီကိုသွားပြီး ဘာစားမလဲဆိုတာကိုမေးမြန်းနေရပြီ
ဒါပေမယ့် ခုချိန်မှာတော့ သွယ်သွယ်တို့ ညီအစ်မတွေဟာ ဆိုင်ကိုလာတဲ့ဧည့်သည်တွေဆီသွားပြီး
ဘာစားမလဲဆိုတာကို မေးမြန်းနေရန်မလိုတော့
သွယ်သွယ်တို့ဆိုင်ဆိုတာကလည်း ရပ်ကွက်၀င်းလေးထဲမှာမဟုတ်တော့ မြို့လယ်ကောင်ရှိ လူသူစည်ကားသော နေရာတစ်ခုမှာ မီးတွေထိန်ထိန်ညီးအောင်ထွန်းပြီး ဖွင့်လှစ်ထားနိုင်သည့် အနေအထားကို ရောက်ရှိလို့နေပေပြီ
တခြားဆိုင်တွေလို စားစရာတွေကို ပုံအောနေအောင်မရောင်း မာလာ၏ မျိုးနွယ်စုများဖြစ်သော မာလာဟင်း မာလာကြက်ခြေထောက် မာလာရှမ်းကော နောက်ပြီး တွဲဖက်စားသုံးရန်အကင်စုံ ဒါတွေကိုပဲရောင်းချသည် ဒါပေမယ့်
ဆိုင်မှာရောင်းချသော အစားအသောက်တွေအနေနှင့် ဘယ်သောအခါမှ အရသာယုတ်လျော့မသွားစေရ အခက်အခဲရှိလို့ ဆိုင်သာပိတ်ချင်ပိတ်လိုက်မည် ရောင်းနေကျအရသာအပိုင်းကိုတော့ ဘယ်တော့မှ အထိမခံ
ဒီလိုသဘောထားတွေနှင့် မဆုတ်မနစ်ကြိုးစားခဲ့သောကြောင့်လည်း သွယ်သွယ်တို့အနေနှင့် ခုအနေအထားကိုရောက်ရှိခဲ့ရခြင်းပဲဖြစ်သည်မဟုတ်လား ခုဆို မာလာဟင်းကြိုက်သော အမေ့မှာပင် တော်ပါပြီ မစားနိုင်တော့ပါဘူးဟု
ငြင်းဆန်နေရသည်အထိ ဒါကို အမေ့အား ဇွတ်အတင်းကျွေးနေမြဲဖြစ်သော ကျော့ကျော့တို့အားကြည့်ရင်း သွယ်သွယ်ရယ်မောရသည်မှာလည်း
မကြာခဏ
" ဟယ် ... သွယ်သွယ်
ကြည့်ပါဦးအေ ၀လာလှလာလိုက်တာ "
အတိတ်ကာလတွေထဲကို တဒင်္ဂမျှရောက်ရှိနေမိသော သွယ်သွယ်မှာ မျက်နှာချင်းဆိုင်ကို ရုတ်တရက်ရောက်ရှိလာသည့် အမျိုးသမီးတစ်ယောက်၏ အသံကိုကြားမှ သတိပြန်၀င်လာခဲ့သည် ကြည့်ရတာတော့ ရင်းရင်းနှီးနှီးရှိဖူးသော မျက်နှာတစ်ခု ဘယ်သူများပါလိမ့် ...
" ဟင် ... မမသော်
မမသော်မဟုတ်လား "
" ဒါပေါ့ကွယ် သွယ်သွယ်က မသော်ကို
မှတ်မိသားပဲကွဲ့ အဟင်း "
မမသော် ... ဟုတ်သည် သွယ်သွယ့်အရှေ့မှာ ရောက်ရှိနေသူသည် ဆယ်စုနှစ်တစ်ခုကြာသည့်တိုင်အောင် မဆုံတွေ့ခဲ့ရသော မမသော်ပင်မဟုတ်ပါလား
စစချင်းတုန်းကတော့ စိတ်အနာကြီးနာခဲ့သည့်
သွယ်သွယ့်အနေနှင့် ဘာလဲ ဘာကိစ္စလဲ ဒီကိုဘာလာလုပ်တာလဲ စသဖြင့် ပြောဆိုလိုက်မည်ဟု စဉ်းစားထားသော်လည်း မမသော်နှင့် အတူပါလာသည့် အမွှာလေးနှစ်ယောက်အားမြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် စဉ်းစားထားသော စကားတွေအားလုံး ဘယ်ရောက်ကုန်မှန်း မသိတော့
" မမသော် ဒီကလေးတွေက "
" အဟင်း ... ဘယ်သူရှိဦးမှာလဲ ယောင်းမကလည်း ယောင်းမရဲ့တူလေးနှစ်ယောက်ပေါ့ "
" ဟယ် ... ချစ်စရာကောင်းလိုက်တာ
လာ ... လာမလားဟင် ဒေါ်လေးဆီကို လာမလား"
" သားတို့ ... သွားလေ
ဒီဆိုင်ပိုင်ရှင်က သားတို့အဒေါ်ပဲကွဲ့
အဟင်းဟင်း ... "
မမသော်တစ်ယောက် မျက်နှာပြောင်လွန်းသည်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်က သွယ်သွယ်တို့ အိမ်တံခါး၀တွင် တံတွေးထွေးပြီး ဆောင့်ကြီးအောင့်ကြီး ထွက်သွားခဲ့သည်မှာ
သူမဟုတ်တော့သည့်အတိုင်း သို့ရာတွင် သွယ်သွယ်မှာ ဒါတွေကို စဉ်းစားမအားနိုင်တော့
တူတော်မောင် အမွှာလေးများ၏ ပါးဖောင်းဖောင်းကိုသာ မထိတထိ ကိုင်ညှစ်ကြည့်ရင်း
ကြည်နူးပီတိတွေဖြစ်နေရချေသည် မဟုတ်လား
" အင်း ... သွယ်တို့ အစ်ကိုကလည်း ပါသာပါမလာခဲ့တာပါ သွယ်တို့ဆိုင်စားကောင်းတယ်ဆိုပြီး သူ့အသိတွေကို ညွှန်းပေးနေလေရဲ့လေ "
" အော် ... ညီမရေ ဒီမှာ ဆိုင်ပိုင်ရှင်ရဲ့အစ်မပါကွယ် မာလာဟင်းလေးတစ်ပွဲလောက် ပါဆယ်လုပ်ပေးပါဦး ရှယ်နော် ရှယ် ရှယ် "
ဒီနောက်ပိုင်း မမသော်ပြောလိုက်သော စကားတွေအပေါ် သွယ်သွယ်တစ်ယောက် အာရုံစိုက်နိုင်ခြင်းမရှိတော့ပါ ... သွယ်သွယ့်ရဲ့တူလေးတွေ
နောက်ပြီး အမေ့ရဲ့မြေးလေးတွေ ဒီမြေးလေးတွေကိုသာ တွေ့ခွင့်ရမည်ဆို အမေတစ်ယောက် ဘယ်လောက် ၀မ်းသာနေလိမ့်မည်လဲမသိ
နောက်ပြီး ကျော့ကျော့နှင့် ဝါဝါ ညီမလေးနှစ်ယောက်အနေနှင့်လည်း သူချစ်သလိုပင် ဒီတူလေးတွေကိုချစ်နိုင်ဦးပါ့မလား အပေါစားဟု ပြောခဲ့သော အနှီမာလာဟင်းတွေကို ခုမှ ပါဆယ်လာဆွဲနေသော ယောင်းမအပေါ် အမြင်မှကြည်ပါ့မလား သွယ်သွယ်တွေးကြည့်မိသည် ဘာပဲဖြစ်ဖြစ် သွယ်သွယ်ကအကြီးဆိုတော့ အရင်လိုပဲ ညီမလေးတွေအပေါ် ဖြောင်းဖျပေးရဦးမည်ပဲထင်ပါ၏
" အော် ... မာလာရုံ မာလာရုံ
မာလာဟင်းရောင်းမှ အမျိုးတွေလာရုံကြသော
မာလာရုံ "
#ငကျန်သင်
