ချစ်သူဘဝတုန်းက ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။ “ဘာကိုချစ်မိသလဲ”ဟုမေးလျှင် သူ့ရဲ့ စည်းစနစ်တိကျမှု၊ အသန့် အပြန့်ကြိုက်မှု၊ ကိုယ့်ကိုယ်လည်း သန့်ပြန့်ကြော့ရှင်းနေအောင် ပြင်ဆင်တတ်မှုကြောင့်ဟု ပြောရမည်ပင်။ သူ့ကိုကြည့်လိုက်လျှင် အမြဲတမ်း ဖြူစင်သန့်ရှင်းကာ လင်းချင်းတောက်ပနေတတ်သည်။ သူ့နံဘေးမှာရှိလျှင် သင်းပျံ့သော ရနံ့ကလေးက အမြဲတမ်း စိတ်ကြည်လင် ချမ်းမြေ့ဖွယ်ကောင်းလှ၏။ ဘာကိုပဲလုပ်လုပ်၊ ဘာကိုပဲပြောပြော...တိကျမှ၊ သေသပ်မှ၊ ပိုင်နိုင်သေချာမှ ကြိုက် တတ်သူလည်းဖြစ်၏။ သူ့ချစ်သူ ဖြစ်ခွင့်ရသည်မှာ ကျွန်မအတွက် အဖိုးမဖြတ်နိုင်သော ဆုလာဘ်တစ်ခုကို ရရှိလိုက်သလိုပင်...။
သူက သူ့ရဲ့ ချစ်သူဖြစ်သော ကျွန်မကိုလည်း သန့်ရှင်း လှပကြော့မော့နေမှ ကြိုက်တတ်သူဖြစ်၏။ သူ ကျွန်မကိုပေးသမျှ ချစ်သူ့လက်ဆောင်တိုင်းမှာ အလှအပ၊ အသုံးအဆောင်၊ အမွှေး နံ့သာတွေပဲ ဖြစ်သည်။ ချစ်သူသက်တမ်း တော်တော်ရင့်သန်လာ ခဲ့ပြီးသော် မိဘတွေချင်းပါ ရင်းနှီးပြီး သူ့အိမ်ကိုယ့်အိမ် အဝင် အထွက် ရှိလာသည့်အခါတွင် ကျွန်မ သူ့အိမ်သို့ အလည်သွား သည့်အခါတိုင်း ကျွန်မမှာ ရင်သပ်ရှုမော အံ့သြရပါသည်။
အဘယ့်ကြောင့်ဆိုသော် သူ့တစ်အိမ်လုံးက ဖုန်တစ်စက် မရှိအောင် ပြောင်လက်သန့်စင်လျက် ပစ္စည်းပစ္စယတွေမှာလည်း ဖိတ်ဖိတ်လက် သန့်ရှင်းစင်ကြယ်နေသောကြောင့်တည်း။
“သက်ရယ်... အိမ်သန့်ရှင်းရေးကို လက်ကိုယ်တိုင်ပဲ လုပ်တာလားဟင်”
ဟု မယုံနိုင်သလို မေးကြည့်မိတော့ သူက ဂုဏ်ယူပြုံးနှင့် ခေါင်းညိတ်ပြပါသည်။
“ကိုယ်က အိမ်ကို အဲဒီလို သန့်ရှင်းပြောင်လက်နေမှ နေလို့ရတယ်၊ ကိုယ့်မျက်စိအောက်မှာ အိမ်ဟာ တစ်ခုခုချွတ်ယွင်း နေရင် ခေါင်းတွေတောင် ကိုက်လာရော၊ လုံးဝကို နေလို့မရတော့ ဘူး၊ အဲဒါ ရောဂါတစ်ခုလိုပဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း သိတယ်
အဲဒီလောက် အသန့်ကြိုက်လွန်းတာ မကောင်းမှန်းသိပေမယ့် ပြင်လို့မရဘူး..”
သူ့အိပ်ခန်းထဲက ရေချိုးခန်းနှင့်အိမ်သာသည် လှဲအိပ်ချ လို့ပင် မွေ့လျော်စေလောက်အောင် မွှေးပျံ့သင်းပျံ့လျက် သန့်ရှင်း နေတတ်ပါသည်။ အိမ်သာနှင့်ပတ်သက်ပြီးတော့လည်း သူ့မှာ ဆိုက်ကိုတစ်ခု ရှိပြန်သေး၏။ သူ့အိမ်က အိမ်သာကလွဲပြီး တခြား အိမ်သာတွေမှာ မတက်တတ်ခြင်းပင်တည်း။ ဘယ်လိုမှ မလွှဲ၊ မရှောင်သာ တက်ရတော့မည်ဆိုလျှင်လည်း ထိုင်ရမည့် ကမုတ်ရဲ့ မျက်နှာပြင်ကို တစ်သျှူးတွေ တစ်လိပ်လုံးကုန်မတတ် အထပ်ထပ် ခင်းပြီးမှ ထိုင်သတဲ့...။ အဲဒီအကြောင်း သူပြန်ပြောပြတုန်းက ကျွန်မမှာ အူလှိုက်သည်းလှိုက် ရယ်မောခဲ့ရပါသည်။ သို့သော် သူ ဘယ်လောက်ပဲ ဇီဇာကြောင်သူတစ်ယောက်ဖြစ်ပါစေ သူ့ကို ကျွန်မချစ်ခဲ့သည်။ သူသည် ကျွန်မရွေးချယ်ခဲ့သော တစ်ဦးတည်း သော ချစ်သူဖြစ်ပါသည်။
(ခ)
သူ့ကို ကျွန်မချစ်သောကြောင့် လက်ထပ်ခဲ့မိခြင်း ဖြစ်ပါ သည်။ နှစ်ဖက်မိဘက လက်ဖွဲ့ သော ခြံဝန်းကလေးနှင့် နှစ်ထပ် တိုက်ပုပုကလေးမှာ ကျွန်မတို့နှစ်ယောက်တည်း နေကြသည်။ သူက အိမ်မှာ လူပိုအဖော်ခေါ်တာ မနှစ်သက်ပါ။ တစ်အိမ်လုံးကို သူ့စိတ်ကြိုက် သန့်ရှင်းတောက်ပနေအောင် အလှဆင်ထားခဲ့သည် မှာ ထိရက်နင်းရက်စရာပင်မရှိ။ တစ်အိမ်လုံးလည်း သင်းပျံ့ မွှေးကြိုင်လျှက်...။ ကျွန်မမှာ စိတ်ကြည်နူးရွှင်ပျစွာဖြင့် အိပ်ရာ ဝင်ခွင့်ရပါသည်။ ပြဿနာမှာ မနက်မိုးလင်းချိန်တွင် စတင်၏။
လ အိပ်ရာကနိုးသည်နှင့် သူ ဘာလုပ်သည် ထင်ပါသနည်း။ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ အကုန်ဆွဲခွာပစ်လျက် အဝတ်လျှော်စက်ထဲသို့ ထည့်ကာ အိပ်ရာကို အသစ်ပြန်ခင်းနေခြင်း ဖြစ်သည်။ ခင်းနေတာမှ ပျံ့ပျူးကော့ရော့နေအောင်ပင်။
ကျွန်မက တအံ့တဩဖြင့်...
“အို...တစ်ညပဲ အိပ်ရသေးတာ သက်ရယ်...ဘာဖြစ်
လို့ လဲ”
ဟု မေးမိတော့...
“ဟင်...နှင်းကို ကိုယ် ပြောပြမထားဖူးသေးဘူးလား၊ ကိုယ်က နေ့တိုင်း အိပ်ရာခင်းလဲရမှ အိပ်လို့ပျော်တာ၊ တစ်ရက် အိပ်ပြီးသားကို နောက်တစ်ရက် ထပ်အိပ်လို့မရဘူး”.. တဲ့။
ဖြစ်မှဖြစ်ရလေ...။ ကျွန်မတို့ ဟန်းနီးမွန်းခရီး ထွက်ကြ တော့လည်း ဟိုတယ်ရဲ့ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်တွေကို စိတ်မသန့်ဘူးဟု ဆိုကာ အိမ်ကနေ အပင်ပန်းခံပြီး အထုပ်အပိုး
တွေ သယ်ပါသည်။ သူ့ဘာသာ အိပ်ရာကို ကိုယ်တိုင်ခင်းပြီးမှ စိတ်သန့်စွာ ကျွန်မကိုပြုံးကြည့်သောသူ့ကို ကျွန်မအမြင်ကတ်စွာ မျက်စောင်းချီမိပါသည်။
ကျွန်မတို့အိပ်ရာဝင်ပြီး သန်းခေါင်ကျော်ချိန်မှာ ကျွန်မ ဗြုန်းခနဲ အိပ်ရာကနေ လန့်နိုးလာခဲ့သည်မှာ ရေချိုးခန်းဆီမှ ရေသံတွေ၊ တိုက်ချွတ်ဆေးကြောသံတွေ ထွက်ပေါ်နေသောကြောင့် ဖြစ်၏။ ရေချိုးခန်းတံခါးကို သွားဖွင့်ကြည့်မိလျှင် ကျွန်မ မှာ ရင်သပ်ရှုမော အံ့ဩရပါသည်။ သူက ရေချိုးမည့် ကြွေဇလုံ၊ ဘေဇင်တို့ကို တိုက်ချွတ်ဆေးကြောနေရာမှ ကျွန်မကို လှမ်းပြုံး ပြ၏။ သူ့အပြုံးက ရှက်ကိုးရှက်ကန်းလိုလိုနှင့်...။
“မနက်ကျရင် ရေချိုး၊ မျက်နှာသစ်ရမှာကို စိတ်မသန့် လို့” ဟု သူက ဖြေရှင်းချက်ပေးလျက်ရှိစဉ် ကျွန်မရင်ထဲသို့သံသယတစ်ခု ခပ်ပါးပါး ဝင်ရောက်လာခဲ့၏။ဘုရားရေ..သူ့မှာ ဆိုက်ကိုများ ရှိနေသလား။ သို့သော်.....ကျွန်မ သူ့ကို ချစ်မြဲတည်း။
(ဂ)
အလုပ်ကပြန်လာတိုင်း ချက်ပြုတ်ခြင်းကို သူက ကိုယ် တိုင်ပင် လုပ်လေ့ရှိသည်။ ကျွန်မ မျက်ခုံးပင့်ရသည်အထိပင်၊ သူ ဟင်းချက်ပုံက စည်းစနစ်တိကျလွန်းလှသည်။ ဥပမာဆိုပါစို့..။ ကြက်သားလှီးလျှင် အတုံးဟာ ညီမှ၊ ပဲသီးလှီးလျှင် မစေ့မစောင်း ရ၊ အတိုအရှည်ဟာ လက်ညှိုးဆစ် နှစ်ဆစ်စာအညီ ဖြစ်နေရမည်။အဲဒီတော့ ကျွန်မက သူနှင့်အတူ ဟင်းချက်လျှင် အမြင် ကတ်လှစွာ..၊ ပဲသီးလှီးလျှင် ပေတံတစ်ချောင်းနှင့် တိုင်းပြီးမှ လှီးဖြတ်ပေးသည်ကို သူ့ကိုအရွဲ့တိုက်တာဟု လုံးဝမရိပ်မိဘဲ
သဘောကျစွာ ပြုံးနေတတ်သည်။ မီးဖိုချောင်တစ်ခုလုံးကိုလည်းပြောင်လက်နေအောင်၊ မွှေးပျံ့သင်းကြိုင်နေအောင် သူကိုယ်တိုင် ပင် ယောက်ျားတန်မဲ့နှင့် မပင်မပန်း တိုက်ချွတ်ဆေးကြောရသည် မှာ နေ့တိုင်းပင်ဖြစ်သည်။ ပန်းကန်တွေ၊ ပုလင်းတွေ၊ တင်းန်ဘူး တွေအားလုံး သူ့နေရာနှင့်သူ စီရရီ သေသေသပ်သပ်ရှိနေမှ သူ နေလို့ရသည်တဲ့။
ကျွန်မသူ့ကို သနားကရုဏာသက်ရမလား၊ အမြင်ပဲ ကတ်ရတော့မလား မတွေးတတ်အောင်ပင်။ ကြာတော့ သူ့ကို ကြည့်ရတာနဲ့တင် ကျွန်မအသက်ရှူကျပ်လာတော့သည်။ အဲဒါ ဟာ စိတ်ရောဂါတစ်ခုပဲဟု သူ့ကို ကျွန်မပြောကြည့်ကာ စိတ်ကိုလျှော့ထားကြည့်ဖို့ နားသွင်းဖျောင်းဖျကြည့်လို့လည်း အရာ မထင်၊ မအောင်မြင်ခဲ့။ သူ့ကိုယ်သူလည်း သိသိကြီးနှင့် ပြင်လို့မရ ပါတဲ့။
ကဲ...ကျွန်မ ဘာများတတ်နိုင်ဦးမည်နည်း။
(ဃ)
တစ်ရက်မှာ ကျွန်မနှင့်သူ တစ်နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်အဖြစ် အိမ်မှာ ပါတီကလေး ကျင်းပပါသည်။ အခင်ဆုံးသူငယ်ချင်းတွေပဲဖိတ်ပြီး Gathering လုပ်ကြတဲ့ သဘောလည်း ပါသည်။ ပြဿနာက သူငယ်ချင်းတွေမှာက တစ်နှစ်ခွဲအရွယ်၊ နှစ်နှစ်အရွယ်၊ လေးငါးနှစ်အရွယ် စသဖြင့် မျောက်ရှုံးအောင် အဆော့သန်သော ကလေးလေးတွေ ပါလာခဲ့ သည်။ကလေးတို့ရဲသဘောမှာ ငြိမ်ငြိမ်ကလေးနေတတ်သော သဘာဝမှမရှိတာ။ ပြီးတော့ သူ့ဧည့်ခန်းထဲမှာ၊ ထမင်းစားခန်း ထဲမှာ၊ အိပ်ခန်းထဲမှာ ကလေးတို့မျက်စိကျစရာ၊ စိတ်ဝင်စားစရာ ပစ္စည်းတွေမှ အများကြီးရယ်။ ပထမဆုံး ဧည့်ခန်းထဲမှာ ဗီရိုနှင့် စနစ်တကျ သူ စုဆောင်းထားသော ကြွေ၊ မြေ၊ ဖန်၊ ကျောက် တို့ဖြင့် လုပ်ထားသော ခွေးအရုပ်မျိုးစုံ၊ အရွယ်မျိုးစုံကို စိတ်ဝင်စား ကြသည်။ တစ်ခုပြီးတစ်ခု သွားဆွဲယူကြ၊ လုယူကြ၊ လွတ်ကျကြ အမျိုးမျိုးလုပ်ကြသည်ကို သူက ဘုရားတလျက် မျက်စိမျက်နှာ
ပျက်ကာ ကလေးတို့ဆီက အရုပ်တွေကို ပြန်လုသိမ်းသည်ကို သူငယ်ချင်းတွေက ဟာသရသမြောက်စွာ ရယ်မောကြသည်။ တချို့က ဓာတ်ပုံပင် ရိုက်ယူထားလိုက်သေးသည်။
ကလေးတချို့က သူ့ရဲ့ နု စက်အိညက်လှသော Lorenzo အီတလီလုပ် သားရေဆိုဖာ ခရင်မ်ရောင်ကြီးတွေ ပေါ်မှာ တက်ခုန်ဆွကြသည်။ သူ့မျက်နှာဆီမှာ အပြုံးမရှိတော့ ချေ။ ကလေးတချို့က မီးဖိုဆောင်ထဲသို့ သွားကာ သူ့ရဲ့ ရေခဲ သေတ္တာဆီမှာ လှလှပပ၊ စီစီရီရီကပ်ထားသော Souvenir သံလိုက်ပြားကလေးတွေကို တစ်ခုပြီးတစ်ခု ဆွဲခွာကြသည်။ သူ့မှာ အရူးကြီးတစ်ယောက်လိုပင် တောင်ပြေးလိုက်၊ မြောက် ပြေးလိုက်၊ ဟိုဟာသိမ်းလိုက်၊ သည်ဟာသိမ်းလိုက်နှင့် လုံးချာ လည်လိုက်နေသည်မှာ သနားဖို့ပင် ကောင်းသေးတော့သည်။
ကျွန်မကတော့ သူ ဘယ်လောက် ခေါင်းကိုက်နေပြီလဲဆို တာ ရိပ်မိပြီး ဖြစ်သည်။ ခဏအကြာမှာ သူ့အသည်းကို ဗြုန်းခနဲ ခွဲပစ်လိုက်သော လုပ်ရပ်တစ်ခုကို ကလေးမကလေးတစ်ယောက် က မတော်တဆ လုပ်ပစ်လိုက်တော့၏။ သူက သူ့ဧည့်ခန်းကို ဖြူဖွေးနုအိနေအောင် ဆင်စွယ်ရောင် မွှေးပွကော်ဇော်မွမွကြီး ခင်ထားခဲ့ခြင်းဖြစ်သည်။ သိုးရဲ့ အရေခွံလိုပင် နင်းရက်စရာ မရှိအောင် ဖြူမွမွနှင့် ဘယ်လ်ဂျီယံဖြစ် ဖြစ်သည်။ ထိုကော်ဇောကို နေ့စဉ်ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ကာ အရိပ်တကြည့်ကြည့် ထားခဲ့တာဖြစ်သည်။ ထိုကော်ဇောပေါ်ကိုမှ ကလေးမကလေးက သူ့အဖေလက်ထဲမှာ ကိုင်ထားသော ဝိုင်ခွက်ကို ဖျတ်ခနဲ ဆွဲလု ယူလိုက်သဖြင့် ဝိုင်ခွက် မှောက်ကျသွားခြင်းဖြစ်သည်။ ဝိုင်က အနီရောင်မို့ အဖြူရောင်ပေါ်မှာ အနီကွက်ကြီးက ထင်းခနဲ...။
အသံတွေအားလုံး ဗြုန်းခနဲ တိတ်သွားကြကာ သူ့ဆီသို့ တိုင်ပင်ထားသလို ဝိုင်အုံကြည့်လိုက်မိကြသည်။ သူ့မျက်လုံး များမှာ ပြူးကျယ်ဝိုင်းစက်လျက်...။ အသက်မှ ရှူသေးရဲ့ လား မသိ..။ မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းလာကာ...
“လုပ်ရက်လိုက်တာ သမီးရယ်...”
ဟူသောအသံက ဆို့ဆို့နင့်နှင့်ကြီး ထွက်ပေါ်လာသည်။ ထို့နောက် သူငယ်ချင်းတွေအားလုံးရှေ့မှာ သူ ရှိုက်ကြီးတငင် ငိုချတော့၏။ သူငယ်ချင်းတွေအားလုံးက စိတ်မကောင်းစွာ သူ့ကို တစ်ယောက်တစ်ခွန်း ချော့မော့ကြပါသည်။ သူ့မျက်နှာဆီမှ ပျက်ယွင်းမှုကို ဘယ်လိုမှ ပြန်ပြင်ဆင်၍ မရတော့ချေ။
(င)
သူ ရူးများသွားသလားဟုပင် ကျွန်မ စိုးရိမ်မိသည်။ ပစ္စည်းဥစ္စာပေါ်မှာ အဲဒီလောက် စွဲလမ်းငြိတွယ်ခြင်းမဖြစ်ဖို့ ကျွန်မ က တတွတ်တွတ် နားချဖျောင်းဖျရသည်။ သူ့ကြည့်ရတာ နားဝင် ပုံလည်း မပေါ်ပါ။ တစ်ပတ်လောက် သူအပြင်းအထန် စိတ်ထိခိုက် နာကျင်ခဲ့ရသည်။ ကျွန်မကိုတောင် စကားကောင်းကောင်း မပြော နိုင်ပါ။ သူ ပထမဦးဆုံး ပြန်ပြောသောစကားကို ကျွန်မ ကောင်း စွာမှတ်မိပါသည်။
“ကလေးတွေဟာ မုန်းစရာကောင်းလိုက်တာ”..တဲ့။ ကျွန်မ ရင်နင့်သွားခဲ့ပါသည်။
(စ)
ကျွန်မနှင့်သူ အကြီးအကျယ် ပဋိပက္ခဖြစ်ခဲ့ကြသည်မှာ သူက ကလေးလုံးဝမယူတော့ဟု ဆုံးဖြတ်လိုက်ခြင်းကနေ စတင် ပါသည်။ ကျွန်မက အိမ်ထောင်တစ်ခုမှာ သားသမီးကလေးတွေ ရှိမှ စည်ကားသိုက်မြိုက်ကာ ဘဝကို ပိုခင်တွယ် နေပျော်စရာဟု ယူဆထားသူ။ ထိုပြဿနာကို ကျွန်မတို့ အတော်လေးကြာအောင်ပင် အတိုက်အခံပြောရ၊ ရန်ဖြစ်ကြရသည်အထိပင်...။ ကလေးတွေနှင့်ပတ်သက်ပြီး သူ့စိတ်မှာ ဘယ်လောက် ဒဏ်ရာ နက်နက် ရသွားခဲ့သည်မသိ။
(ဆ)
မနေ့က ကျွန်မတို့နှစ်ယောက် လမ်းခွဲလိုက်ကြပါသည်။ဘယ်လိုမှ ညှိနှိုင်းယူ၍ မရတော့သောကြောင့် ဖြစ်သည်။ ထိုအချိန်မှာ ကျွန်မ သူ့ကို မုန်းမနေခဲ့ပါ။ ချစ်မနေတော့တာလည်း သေချာပါသည်။ သူနှင့်ပတ်သက်ပြီး ခံစားချက်မှာ တစ်ခုတည်းတော့ရှိသည်။ သနားခြင်းပင်..။ လူ့ဘဝမှာ လူဖြစ်လာခဲ့ပြီး လူဆန်ခွင့်မရနိုင်တာလောက် သနားစရာကောင်းသောလူ မရှိနိုင် တော့ဘူး ထင်ပါရဲ့....။
ကျွန်မကတော့ လွတ်မြောက်သွားခဲ့ပါသည်။
လွန်းထားထား(ဆေးတက္ကသိုလ်)
