ရွှေချည်ချင်းပြိုင် နိုင်လေမလား
=======================
" ဟဲ့ မာမာ မုန့်သွားမှာတော့လေ
ဘာလုပ်နေသလဲ "
" ဟုတ်ကဲ့ မမ
လာပါပြီ "
အီးရုံဟုခေါ်သော ဈေးချိုရွှေဆိုင်တန်းကြီး၏ အစိတ်အပိုင်းတစ်ခုအတွင်းမှာပဲ ဖြစ်သည် တိုင်ထိပ်တွင်ကပ်ရိုက်ထားသော ဘုရားစင်ရှေ့၌ ရောင်းပန်းဝယ်ပန်းပွင့်စေကြောင်း အမွှေးတိုင်ထွန်း ဆုတောင်းလျှက်ရှိသော မာမာမှာ မမယု၏ ခေါ်သံကြောင့် အပြေးရောက်လာခဲ့ရသည်
" ရော့ ပိုက်ဆံ မမက နန်းကြီးငါးဖယ်နဲ့ မနုက
နန်းလတ်ကိုအကြော်နဲ့ သေချာမှာခဲ့နော် မမေ့စေနဲ့ "
" ဟုတ်ကဲ့ မမ "
မာမာသည် ပိုက်ဆံလိပ်ကလေးအား ထဘီအထက်ဆင်တွင်းညှပ်ထည့်လျှက် ခပ်သွက်သွက်လေး ထသွားသည် မမယုနှင့် မမနုတို့ ညီအစ်မသည် အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိသော အပျိုကြီးများဖြစ်ကြ၏ ဈေးချိုရွှေဆိုင်တန်း၌
နှစ်ခန်းဆက်လျှက် ရွှေဆိုင်ဖွင့်ထားသည်
ရွှေဆိုင်ကို စတင်တည်ထောင်သူမှာတော့ သူတို့မိဘများ ဖြစ်သော်လည်း အဖေကြီးကဆုံးပြီ အမေကြီးက အသက်ကြီးပြီမို့ ဆိုင်ကိုသိပ်မလာ ဒီတော့ အိမ်မှာသာနေပြီး ပန်းထိမ်ဖိုကိုကြီးကြပ်သည် ရွှေဆိုင်းအဝယ်ရှိကလည်း ရောင်းနှင့်သည် တစ်ခါတစ်ရံ ဘုရားရွှေမိုက် လေလံတွေမှာလည်း ပါဝင်တတ်ချေသေး၏
မာမာကတော့ မမယုတို့ဆိုင်ကို ရောက်လာသည်မှာ မကြာသေး ဆွေမျိုးနီးစပ်တော်သည်ဆိုသော်လည်း သွေးကအတော်ပင်ဝေးသေးသည်ဆိုတော့ မမယုတို့နှင့်က တော်ချင်လည်းအမျိုး
မတော်ချင်လည်း သူစိမ်းပေါ့
မိခင်ဖြစ်သူသည် မာမာဆယ်တန်းအောင်ပြီးပြီးချင်းမှာပင် မမယုတို့ထံဈေးသင်အပ်ခဲ့သည် ကောလိပ်ကျောင်းသူ မဟုတ်သော်ငြား ရွှေဆိုင်တန်းမှာ ဈေးသင်နေသတဲ့ ဆိုသည်မှာလည်း
နည်းနည်းနောနောဂုဏ်မဟုတ် တချို့ဆို လစာမရ ကိုယ့်ထမင်းဘူးနှင့်ကိုယ် နေ့သွားညပြန်ဈေးလာရသည် ဆိုင်ကြီးရှင်တို့ထံ၌ အဆူအငေါက်ခံကာ
ရွှေပညာ အရောင်းအဝယ်ပညာကို သင်ရသည်
ပညာပြည့်ပြီဆိုရင်လည်း တစ်ဆိုင်သီးသန့်ခွဲထွက်ပေါ့ ဈေးချိုတော်မှာက တစ်စင်ထောင်လို့
လှေကြီးပေါ်လှေငယ်ဆင့်သဟဲ့ဆိုပြီး သူသူငါငါ
တွက်ကပ်ခြင်းမရှိကြပါ
ဘိုးတော်ဘုရားလက်ထက်တုန်းကတော့ မိန်းကလေးဆိုတာ ယက္ကန်းခတ်တတ်ပါမှ ဗိုင်းငင် ဝါဖန့်တတ်ပါမှ လူရာဝင်သတဲ့ ယခုခေတ်မှာတော့ မိန်းကလေးဆိုတာ ဈေးရောင်းဈေးဝယ်မတတ်လျှင် လူတောတိုးဖို့ရန်မလွယ်
ဒီလိုနှင့်ပဲ မာမာသည် ဈေးချိုသူ ဖားဖားဖြစ်ခဲ့ရသည် မမယုနှင့် မမနုတို့၏ လက်စွဲတော်ဖြစ်ခဲ့သည် လစာငါးဆယ်ရသည် မမယုတို့က သင့်တော်ရာရာ အဝတ်အစားလေးတွေ လက်ဝတ်လက်စားလေးတွေကိုလည်း ဆင်ပေးသည် သည်လိုနှင့်ပဲ ရွှေဆိုင်တန်းကြီးထဲ မာမာ နေပျော်ခဲ့သည်မှာ သုံးနှစ်ကျော်ကျော်ခန့်ရှိပြီဆိုပါတော့
မာမာ့အတွက် အလုပ်တာဝန်တို့မှာတော့ ထွေထွေထူးထူးမရှိလှ မိုးလင်းသည်နှင့် ချိုင့်ကလေးဆွဲကာ မုန့်တီလို မုန့်ဟင်းခါးလို ဈေးမုန့်ကလေးတွေ ပြေးဝယ်ရတာ ဈေးဝယ်လာပြီဆို ဒေါင်းဘယက်တွေ ဂျော့ဘုရင်ဒင်္ဂါးတွေကို ဝယ်သူ၏လည်တိုင်မှာ ဆွဲကူပေးရတာ မှန်ပြပေးရတာ ပိုက်ဆံကူရေပေးရတာ ငွေခံထွက်ပေးရတာမျိုး
တခါတရံ ဈေးဆစ်သော ဈေးဝယ်ဆိုလျှင်လည်း " မများပါဘူး ကြီးကြီးရဲ့ ကျွန်တော်တို့ဆိုင်က သိပ်ပြီးလက်ရာဆန်းတာ အပြင်ဈေးနဲ့တော့ဘယ်တူမလဲ နောက်ပြီး ကြီးကြီးတို့ အရွယ်ကကျ ခုလို တစ်ကျပ်ကြိုးနဲ့မှ ထည်တာ မဟုတ်လား " စသဖြင့် ဝေဝေဆာဆာ ပြောရခြင်းတွေကို အတော်လေး တတ်ကျွမ်းနေခဲ့ပြီ
🌺
၁၉၅၅ ခုနှစ် မန္တလေး ဈေးချိုတော်
ဈေးချိုဟူသော အမည်နာမသည် ဈေးနှုန်းချိုသာစွာ ရောင်းချသည်ကြောင့် မှည့်ခေါ်ခဲ့ခြင်းဆိုပြီး
လူတို့က သိမှတ်ခဲ့သော်လည်း အမှန်ကား
ကွဲလွဲသည် မန္တလေး မြို့တည်နန်းတည် မတိုင်ခင် အချိန် အင်းဝမင်းတို့စံရာ အရပ်မှာလည်း
ဈေးကြီးတစ်ဈေးရှိခဲ့ဖူးသည်
တရုတ် အိန္ဒိယ ပါရှား ယိုးဒယားထုတ်လို့ နိုင်ငံခြားကုန်များအပြင် အောက်ပြည်အောက်ရပ်မှ ကုန်တို့မှာလည်း သင်္ဘောကြီးငယ်နှင့် ဆိုက်ရောက်လာတတ်သည် ငွေကိုသာ အိတ်ဖောင်းဖောင်းနှင့်သယ်လာစမ်း လိုချင်တာ မှန်သမျှ မရဟူ၍ မရှိစေရဟူသော ဈေးကြီးဖြစ်၏
ကမ်းကပ် ကုန်းဘောင်ထိုး၍ သင်္ဘောပေါ်မှ ဆင်းပြီဆိုတာနှင့် ဈေးကြီးက ကြိုဆိုနေသည်မို့ ၎င်းကိုဈေးကြိုတော်ဟု ခေါ်တွင်သည် ဘဝရှင်မင်းတုန်းမင်းတရားကြီး မန္တလေးကို နန်းရွေ့လာချိန်မှာတော့ အဆိုပါ ဈေးကြိုကိုအစွဲပြုလျှက် မန္တလေးဈေးကြီးမှာလည်း တဖြည်းဖြည်းဈေးချိုဖြစ်လာသည်ဟု အဆိုရှိသည်
ဈေးမှာအတန်းလိုက် ဆောက်ထားသော သစ်သားရုံကြီးများဖြစ်ပြီး အလယ်တွင် ပန်းဥယျာဉ်ကြီးတစ်ခုလည်းရှိသေးသည် မင်းတုန်းမင်းတရားကြီးကိုယ်တိုင် နယ်နိမိတ်ကို ရွှေကြိုးသတ်ပေးခဲ့ခြင်းဖြစ်၏ ၁၉၀၂ ခုနှစ်၌ ဈေးချိုတော် မီးသင့်လောင်သည် အသားနှင့်ဆောက်ထားသော ဆိုင်ခန်းများဖြစ်သောကြောင့် အတော်များများ မီးထဲပါသွားသည်
တစ်နှစ်အကြာ ၁၉၀၃ ခုနှစ် ကိုရောက်မှ ကိုလိုနီအစိုးရက ဈေးအသစ်ကြီးကိုပြန်လည်တည်ဆောက်ပေးခဲ့သည် ဈေးရုံ ဆယ့်နှစ်ခုအား
အုတ်ကာသွပ်မိုးတို့ဖြင့် တည်ဆောက်လျှက် ဘယ်ရုံ၌ ဘာရောင်းရမည်ဆိုသည်ကိုလည်း
အတိအကျသတ်မှတ်ပေးခဲ့၏ အေရုံမှ သည် အယ်လ်ရုံအထိ အဆင့်ဆင့်ရှိသည့်အထဲ အေရုံဆို ကောက်ပဲသီးနှံများ ဘီ ရုံဆို ကုန်စိမ်း စီ ရုံဆို
လူအသုံးအဆောင် ဒီ ရုံဆို လက်ဖက်စို ခြောက်
မုန့်ပဲသွားရည်စာ ထန်းလျက် သကြား ဆပ်ပြာ
ကွမ်းသီး အစရှိသဖြင့်
သည်လို တူရာတူရာစုဝေးရောင်းချရာကနေပြီး
ရွှေဆိုင်တန်း ပိုးထည်တန်း ထိုးမုန့်တန်း သစ်သီးတန်း ပန်းတန်း စသဖြင့်ပေါ်လာသည် ဈေးကလည်းအသစ်စက်စက်၊ ရောင်းချသော ပစ္စည်းတွေမှာလည်း ကောင်းပေ့ညွန့်ပေ့တွေချည်း ဖြစ်သောကြောင့် အထက်အညာတစ်ခွင်ဝယ် အပ်ချည်တစ်လုံးကအစ ဈေးချိုကဝယ်လာတာလေ ဆိုမှ ဂုဏ်တစ်ခုဖြစ်တော့သည်အထိ
အထူးသဖြင့် ဂုဏ်ဒြပ်အရှိဆုံးက အိုင်ရုံနှင့် အီးရုံပဲဆိုပါတော့ စိန်ရွှေရတနာတွေ ပွဲထိုင်ပိုးအုပ်တွေကို တဖြန်းဖြန်းခင်းရောင်းကြသည် ထိုစဉ်နိုင်ငံအခြေအနေနှင့်က သူတကာအနားမကပ်နိုင်သည်မို့ ဈေးချိုသူတို့ကား စိန်နားကပ် တစ်ဖျတ်လက်တိုင်း မျက်နှာတစ်ချက်ဝင့်ရသည်သာ
ပဒေသရာဇ်စနစ်မှာလည်း ငွေ့ငွေ့မျှကျန်နေသေးသည်ဆိုတော့ ဈေးချိုသူချင်းပင် သူကရွှေရောင်းလို့ ငါကတော့ ထိုးမုန့်သစ်သီးရောင်းလို့ဆိုပြီး
မတူမတန်လုပ်တာမျိုးတွေကလည်း သက်သက်ရှိပါသေး၏
နောက်ပြီး စိန်ရွှေရတနာ ထည်မျိုးအုပ်မျိုး ရောင်းရသည်မှာလည်း ဈေးဝယ် တစ်ရာလျှင်
ကိုးဆယ့်ကိုးယောက်လောက်က အမျိုးသမီးတွေဖြစ်သည် တချို့ဆို ရွာအလှူတွေ ဘုန်းကြီးပျံတွေအတွက် မြို့တက်ဈေးဝယ်ကာ အုပ်လိုက်တွေချည်း သိမ်းသွားတတ်သည်မို့ ဝင်ငွေကဒလဟော
ဒီတော့ ယောက်ျားဈေးသည်ကိုထား၍ မဖြစ်နိုင်
မိန်းမဝယ်သောပစ္စည်း မိန်းမချင်းရောင်းချမှသာ
ဝေဝေဆာဆာနှင့် ဝယ်ချင့်စဖွယ်ကောင်းအောင်
ပြောနိုင်မည်မဟုတ်လား ယောက်ျားသားတို့မှာက
ထိုအရည်အချင်းမျိုးရှိကြတာ နည်းသည်
ဒါကြောင့် မိန်းကလေးဆိုင်ထိုင်ခိုင်းမည်ဆိုပါကလည်း သူစိမ်းတရံဆိုလျှင် စိတ်မချရန်ပြန် ငွေပြန်မအပ်တာမျိုး ဆိုင်မထိုင်ပဲ အတင်းလည်ပြောနေမှာမျိုးကို စိုးရိမ်ရသည်မို့ မအေအပေါင်းမှာ အိမ်တွင်းပုန်း သမီးတွေကို ပွဲထုတ်လျှက် ဈေးထိုင်ခိုင်းရတော့သည်
ဈေးဝယ်ရှေ့ တလွှားလွှားလုပ်နေကြမည်ကို စိုးသဖြင့် နှစ်ကျပ်ခွဲသား ရွှေခြေကျင်းကြီးတွေကို ထုတ်ဆင်ရတော့သည် ဒီလောက်အလေးကြီးတွေနှင့် ဒင်းတို့လျှမ်းချင်လျှင် လျှမ်းကြစမ်း ရန်ကုန်မှာဆို ဘီအေကျောင်းသူ မန္တလေးမှာဆိုလျှင်တော့ ဈေးချိုသူ မဟာဆံထုံးနှင့် ရွှေခြေကျင်းတို့ကား တစ်မျိုးစီ ဂုဏ်သတင်းကြီးလှပါ၏
ထိုခေတ်ထိုအခါတုန်းက မိန်းကလေးများဆိုသည်မှာ အိမ်တွင်းပုန်းလျှက် ဗိုင်းကောင်းကျောက်ပိသာ နေရ၏ အပျိုရွယ်ရှိသော အိမ်ဆို မီးပင်လင်းလင်းမထွန်းကြ ကလပ်တက်တက်ဟု ဆိုကြမည်ကို ကြောက်သောကြောင့်ပင် ကောလိပ်ကျောင်းသားတို့ကို အတုယူလျှက် အိမ်ရှေ့မယ်ဒလင်လာတီးမည်ဆိုလျှင်လည်းမရ မိဘမောင်ဘွားတို့က ဆတ်ဆတ်ခါ ရန်တွေ့လွှတ်တတ်ကြသည်
ဤသို့သော ကျေးလက်နေတို့မှာ ဈေးချိုကိုအဝယ်တော်ရောက်လျှင် ရွှေခြေကျင်း တချွမ်ချွမ်နှင့် စက်ဘီးစီးနေကြသော စူရတီစတလွှားလွှားနှင့် ရောင်းချေဝယ်ချေပြုနေကြသော ဈေးချိုသူတို့ကိုကြည့်လျှက် အံ့ဩဘနန်းတွေဖြစ်ခဲ့ရသည်ဟု အဆိုရှိလေသည်
ဆိုတော့ ... ဈေးချိုတော်ဟာ အလှပဂေးတွေစုဝေးနေသောအရပ်ဟူ၍ နာမည်ကျော်သည်
ပုရိသတိုင်းမှာ အမေဖို့ အဒေါ်ဖို့ဟူ၍ အကြောင်းပြလျှက် တစ်ခါတစ်ခေါက်တော့ ရောက်ဖူးကြသည်ချည်း
သို့အတူ အမျိုးသမီးတွေသာရှိသော နေရာမို့ သတင်း အတင်းအဖျင်းကလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် စုံလင်သည် ပြီးတော့ သူ့ဆိုင်ကိုယ့်ဆိုင် ဖောက်သည်လုတာတွေ အချိုအချောင်နှိုက်ချင်သော ဈေးဝယ်အချို့က ဈေးသည်ချင်းရန်တိုက်ပေးတာတွေ အဝတ်အစား အလှအပတွေသာမက အင်္ကျီဖာထေးသော အပ်ချည်လုံးကိုပင် ဘယ်သူဘယ်တံဆိပ်သုံးသည်ဆိုတာကအစ ပြိုင်ဆိုင်ကြလေတော့သည်
🍧
" ညီမရေ ဟိုးအပေါ်က မရမ်းနုလေး
ပြပေးပါဦး "
" ဘယ်တစ်ခုလဲ မမ
ဒီဟာလား "
" မဟုတ်ဘူး မဟုတ်ဘူး
သူ့ဘေးကဟာလေး "
" ဟုတ်ကဲ့မမ ကြည့်ပါရှင် "
သက်သက်မော်သည် ဈေးဝယ်လက်ညိုးထိုးသမျှ အဆင်တို့အား အဖျားတွင်ချိတ်တပ်ထားသော တုတ်တံလေးနှင့် တစ်ထည်ပြီးတစ်ထည် ဖြုတ်ကာ ကိုယ်နှင့်ကပ်ပြလျှက်ရှိသည် လူပုံက ဖြူဖတ်ဖတ် ကိုယ်လုံးလေး သေးသွယ်သွယ်နှင့်ဆိုတော့ သက်သက်မော်မို့ ကိုယ်ပေါ်ဘယ်အဆင်တင်တင် လိုက်ဖက်သွားသည်ချည်း ဒါကြောင့်လည်း မမဆွေတို့က ဈေးရောင်းဈေးဝယ်ဆို သက်သက်မော်နှင့်မှ စိတ်ချတာပေါ့
သက်သက်မော်တို့အထည်ဆိုင်က ပိုးထည်တန်းဟု ခေါ်သော ဈေးချိုတော်၏ အိုင်ရုံအတွင်းမှာရှိသည် အတန်းလိုက်အတန်းလိုက် ဆောက်ထားသော အုတ်ခုံမြင့်ကြီးများပေါ်၌ သူ့ဆိုင်ကိုယ့်ဆိုင် နေရာခွဲ၍ ခင်းကျင်းရခြင်းဖြစ်သည်
ပိုးထည်တန်းကား လှပေ့ ဆန်းပေ့ အဆင်ဟူသမျှ မရနိုင်တာမရှိသော နေရာပင်ဖြစ်၏ ဒီ နေ့အသစ်အဆန်းပေါ်လို့ မိန်းမတွေပါးစပ်မှာ ရေပန်းစားနေပြီဆိုလျှင် မနက်ဖြန် ပိုးထည်တန်းကိုသွားကြည့် တလွှားလွှားရောင်းနေကြပြီ
လွန်းတစ်ရာ လွန်းနှစ်ရာလို ပွဲထိုင်အချိတ်တွေကိုတော့ တံတားဦး အင်းဝဖက် ရွာများရှိ ယက္ကန်းသမားတွေကနေပြီး ကိုယ်တိုင်ကိုယ်ကျ ဖောက်သည်လာပေးသည် ဆိုင်းတိုင်းက သူ့မိတ်နှင့်သူ အဆင်တွေကလည်း တစ်ဆိုင်တစ်မျိုးဆန်း၏
မှန်ကပ်ကျွန်းဗီရိုကြီးများတွင် စီတန်းထည့်ကာ အောက်နေပြီး မီးထိုးလျှက် လှပစွာခင်းကျင်းကြသည် ရွှေတစ်ကျပ် ၂၅၀ ကိုမှ လွန်းရာကျော်က တစ်ကွင်းကိုတစ်ရာ တချို့ ၁၅၀ နားကပ်နေသည်ဆိုတော့ လွန်းရာကျော်ကို အဆင်စုံတင်နိုင်လေ ထိုဆိုင်က ဂုဏ်ဒြပ်ကြီးမားလေပင်ဖြစ်သည်
သာမန်ပွဲတက်ဖြစ်သော ရွှေတဆုပ် ဇင်းမယ် ဘန်ကောက် မြောက်ပြင်ပိုး လိုအထည်မျိုးတွေကိုတော့ နံဘေးပတ်ချာလည်မှာပဲ အတန်းလိုက်ဖြန့်ကာ ဆိုင်နံရံသဘောမျိုးနှင့် ကာရံထားသည် ဘရိုကိတ် စူရတီ ရှန်ဟဲ စသည်တို့ကိုကျ ဆိုင့်အုတ်ခုံရှေ့တွင် သူ့အမျိုးအစားနှင့်သူ ပုံထားထောင်ထားသည် ဒါကတော့ ဝယ်သူက ဘယ်အဆင် ဘယ်အဆင်ဆိုပြီး လက်ညိုးထိုးတော့မှ ကိုက်တံနှင့်တိုင်း ကတ်ကြေးနှင့်
ဆွဲဖြတ်ပေးလိုက်ရုံ
လွန်းရာကျော် ၁၅၀ မြောက်ပြင်ပိုး ၁၀၀ ဘန်ကောက် ၅၀၊ ဘရိုကိတ် စူရတီ ရှန်ဟဲတို့ပင်
တစ်ကိုက် ၁၀ ၁၅ ကျပ်ဈေးဆိုတော့ သက်သက်မော်တို့ဆိုင်က သာမန်အညတရ အထည်မျိုးကို
စိတ်မဝင်စား ရှိသလား ရှိသည်ဆိုရုံ မည်ကာမတ္တတင်ရောင်းနေရသော်လည်း ထိုအစမျိုးလာမေးသော ဈေးဝယ်နှင့်ကြုံလျှင် " အော် အင်း အင်း ဒါလား ယူမှာသေချာတယ်နော် " ဆိုပြီး လေသံကပြောင်းသွားတတ်သည်
ယခုရောက်နေသော အမျိုးသမီးကြီးကမူ လွန်းရာကျော်ကို နှစ်ကွင်းတိတိယူပြီးပြီ ယခုလည်း ဘန်ကောက်တွေ မြောက်ပြင်ပိုးတွေဆီ လက်ညိုးထိုးနေပြီ သတို့သား သတို့သမီး လက်ထပ်ပေးရမှာမို့ အကောင်းဆုံးလိုချင်သည်တဲ့လေ သူတစ်ဦးတည်း သုံးရာဖိုးလောက်သိမ်းသွားမည့် သဘောရှိသည်မို့ သက်သက်မော်မှာ ပျာပျာသလဲ ပျူငှာပြနေရခြင်းပဲဖြစ်ပါ၏
" ဘယ်က သုံးရာ့ငါးဆယ်လဲ
ဒီလောက်အများကြီးဝယ်တာ
သုံးဆယ့်သုံးထားလိုက် "
" ပိုမပြောပါဘူး မမရယ် ကြိုက်တဲ့ဆိုင်မေးကြည့်
ကျွန်တော်တို့က အရင်းနီးနီးရောင်းတာပါ "
" အေးလေ ဒါကြောင့်လည်း ဒီပဲ လာဝယ်တာပေါ့ ကိုယ့်အချင်းချင်းတွေပဲ ထားလိုက်ပါ "
" တကယ်မရလို့ပါမမရဲ့ ဒီလူနဲ့ဒီလူ
ဈေးတင်ရောင်းစရာလား "
သက်သက်မော်သည် ချွေးတို့ပင်ပျံစပြုလာ၏
သူသည် အမျိုးသမီးကြီးကို တစ်ခါမှမြင်ဖူး
ဖောက်သည်မဟုတ်မှန်းလည်း သိနေသော်ငြား
ဈေးသည်တို့ပရိယာယ် အမြဲမြင်ဖူးနေကျပုံဖြစ်အောင် ဆက်ဆံရလေသည် ဒီလိုမှလည်း ဈေးဝယ်က ငါ့ကိုလျော့ပေးတာပဲဆိုပြီး ကျေနပ်သွားမှာမဟုတ်လား
" ဪ ဈေးဝယ်ရောက်နေတာလား
သက်သက် "
" ဟုတ်တယ် မမဆွေ ပွဲထိုင်တစ်ဆက်စာ
သုံးငါးကို သုံးသုံးတဲ့ "
" ဪ ဟုတ်လား "
မမဆွေကိုမြင်တော့မှ သက်သက်မော် အသက်ရှူချောင်သွားသည် မမဆွေလက်ထဲမှ
ပိုက်ဆံအိတ်အား ပျာပျာသလဲ ပြေးယူပေးလိုက်သည် မိမိဆွေသည် လုံချည်အား ရွှေခြေကျင်းပေါ်သည်ဆိုရုံမျှလေး မတင်ရင်း တရုတ်ယပ်တောင်ကို တဖျတ်ဖျတ်ခတ်လေသည်
" ပွဲထိုင်တွေကတော့ ပိုပြောမထားပါဘူး ငါ့အစ်မရယ် ရောင်းဈေးပါ မမလိုချင် သုံးဆယ့်လေးခွဲယူသွား ဒါနောက်ဆုံးဈေးပဲ "
" ခွဲမနေနဲ့တော့အေ သုံးလေးတိပဲ
ထားလိုက်တော့ "
" ဟင်းဟင်း ကျွန်တော်တို့အစ်မက သိပ်ပြီးဆစ်တတ်တာပဲ ကဲကဲ ဈေးတော့ထပ်မဆစ်ပါနဲ့ စူရတီလေးတစ်စ လက်ဆောင်ပေးလိုက်မယ် နောက်ဆုံးထွက်တဲ့အဆင်လေး မမရဲ့ လက်ဖွဲ့ထဲထည့်ရင်လည်း မြိုင်တာပေါ့ မိသက်ရေ
အစ်မကို သေချာလေးထည့်ပေးလိုက်ပါကွယ်
မြန်မြန်လုပ် အစ်မက ဈေးတွေဝယ်ရဦးမယ် "
" ဟုတ်ကဲ့ မမဆွေ "
တကယ်တော့ မမဆွေလက်ဆောင်ပေးလိုက်သော စူရတီစလေးမှာ အရောင်းထိုင်းနေပြီဖြစ်၍ မနက်ဖြန်သန်ဘက်ဆို ဖယ်ထုတ်ရတော့မည်ဖြစ်သည် ဘာပဲဖြစ်ဖြစ် ဈေးဝယ်ကလည်း " အေးပါအေ လှပါ့ " ဆိုတာနှင့် ပြီးသွားတော့ သက်သက်မော်က တက်ကြွစွာပြောရင်း အချိတ်တွေ ပိုးတွေကို သူ့ဗူးတွေနှင့်သူ လှပစွာထုတ်ပိုးသည်
နောက်ပြီး ပထမဆုံးအကြိမ်ဆုံဖူးသော ဈေးဝယ်နှင့် ငယ်ပေါင်းကြီးဖော်ပမာ စကားတွေ တဖောင်ဖောင်ပြောနေပြီဖြစ်သော မမဆွေကိုလည်း အားကျစွာ ငေးကြည့်နေမိလေတော့၏
🍧
မနက်ရောင်နီပျို့ပြီဆိုတာနှင့် ဈေးကြီးတစ်ခုလုံးမှာ ဆိုင်ဖွင့်သူတွေ သွားဟယ်လာဟယ် ရှိသူတွေနှင့် အတော်လေးစည်ကားနေပြီ တချို့ရုံတွေမှာက တံခါးမရှိ ဆိုင်ကိုအုပ်ထားသော တာလပတ်စကြီးကိုလှန် ကျွန်းဗီဒိုကြီးတွေကို သော့ဖွင့်ကာ
တစ်ခုပြီးတစ်ခု ခင်းကျင်းရုံဖြစ်သော်လည်း
တချို့ကတော့ အထက်အောက်ရိုက်ထားသော တန်းနှစ်ခုကြား၌ သစ်သားချပ်ရှည်ကြီးတွေကို အံကျအောင်ထိုးထည့်ပြီးမှ အပိတ်အဖွင့်လုပ်ရသော ဆိုင်မျိုးဆိုသော သူတို့ဈေးတန်းဖက်မှ
ထွက်လာသော အသံတဂျိမ်းဂျိမ်းတွေကလည်း
ဈေးကိုလှုပ်နှိုးလိုက်သည်နှင့်ပင် တူသွားသေး၏
သူတို့အားလုံးထဲမှာမှ အစည်ကားဆုံးက
ဖျာတန်း တောင်းတန်းမှာ ဖွင့်သော ဒေါ်လှခင်
မုန့်တီဆိုင် ပန်းတန်းက ပန်းဆိုင်တွေနှင့်
သနပ်ခါးဆိုင်တို့ပင်ဖြစ်သည် ဒေါ်လှခင်မှာ
ဈေးချိုတွင် နာမည်အကြီးဆုံးမုန့်တီသည်ဟု
ဆိုရမည် မင်းသမီးကြည်ကြည်ဌေးကိုယ်တိုင်ပင်
တခုတ်တရလာစားဖူးသည့်ဆိုင်ဆိုတော့ ဈေးချိုသူအပေါင်းမှာလည်း တခြားဆိုင်ဘယ်လောက်ကောင်းကောင်း ဒေါ်လှခင်ကိုယ်တိုင်ပြင်သော မုန့်ကိုသာ မက်မက်စက်စက် ရှိတတ်ကြသည်
နောက်ပြီး အိမ်ကတည်းက အလှပြင်လာမည်ဆိုပါက အစောကြီးထရမည် အိပ်ရေးမဝဆိုသူတွေက ဈေးဆိုင်ခင်းကျင်းရင်းနှင့်ပင် အလှပြင်လေ့ရှိသည် ပန်းတန်းတွင် ရောင်းသော ရာသီပေါ်ပန်း လတ်လတ်ဆတ်ဆတ်ကိုဝယ်ပြီး ဝေနေအောင်ပန်ကြသည် သနပ်ခါးဆိုလျှင်လည်း ဆိုင်ကြီးပေါ်ကျမှ ကျောက်ပျဉ်တင်ပြီး သွေးမနေချင် ဒီတော့
ရှင်မတောင်စစ်စစ်ကို သွေးပြီး ကြေးဇွန်းလေးနှင့် ခပ်ရောင်းတတ်သော ဆိုင်တွေမှာမှ တစ်ဇွန်းကို ဘယ်လောက်ဆိုပြီး ဝယ်လိမ်းရပါ၏ သနပ်ခါးမလိမ်းလိုသော အပျိုချောတွေဆိုလျှင်တော့
ဒေါ်သီ ဒေါ်ဦးတို့လို ဆိုင်မျိုးကနေပြီး သနပ်ခါးမှုန့်ဝယ်ပုတ်ကြပေါ့
ယင်းသို့ဆိုင်ခင်းကျင်းချိန်ကနေပြီး ဈေးဝယ်တွေရောက်လာပြီဆိုသည်နှင့် ဈေးသည်အပေါင်းမှာ ပို၍ပင်ဂျင်ခြေလည်ကြတော့သည်
ဒီကိုလာပါ ဒီကိုဝယ်ပါ ရောင်းချင်လို့ပါ ရောင်းဦးမယ် ဒါအနည်းဆုံးပဲလား မလျော့တော့ဘူးလား
စသဖြင့် ဈေးစကားနားစကားတို့နှင့် ဆူညံပွက်လောရိုက်ကုန်သည်မှာ ညနေဈေးသိမ်းချိန်အထိပင်ဖြစ်၏ ဆိုင်တွေဒင်းကြမ်းပေါနေလို့ဆိုပြီး
မရောင်းရမှာတော့ ပူစရာမလို ဆိုင်တိုင်းက
သူ့မိတ်နှင့်သူ ရှိပြီးသား
သီတင်းကျွတ်လို တန်ဆောင်တိုင်လို ပွဲတွေဆက်နေသော ကာလမျိုးဆိုလျှင်တော့ ဈေးအကူ ဈေးသင် များများခေါ် မဟုတ်လျှင် ယားလို့ပင် ကုတ်နိုင်မည် စိတ်မကူးနှင့် ရွာတွေရွာတွေအားလုံးက ဈေးတက်ဝယ်ကြသည်မို့ ဈေးကြီးတစ်ခုလုံးမှာ ဈေးရောင်းရုံတင်မက ဧည့်သည်တွေကိုပါ ကျွေးမွေးကြ ဧည့်ခံကြနှင့် အုန်းအုန်းထ စည်ကားတတ်သော ကာလပင်ဖြစ်သည်
သို့သော်ငြား ဘယ်ကာလမှာ ဘယ်ရုံတွေ ဘယ်လောက်ဆူဆူ ဆယ့်နှစ်ရာသီပတ်လုံး
တိတ်ဆိတ်ငြိမ်သက်နေတတ်သည်မှာတော့ အီးရုံဟု ခေါ်သော ရွှေဆိုင်တန်းထဲမှာပင်ဖြစ်ပါ၏
အလှပဂေးတွေစုဝေးရာအရပ်ဟု သတင်းကြီးသည်နှင့်အညီ ဆိုင်ထိုင်သူမှာ မိန်းမပျိုလေးတွေချည်းဖြစ်သောကြောင့် လိုတာထက်ပိုပြီး ဣနြေရနေသည်ထင်ပါ၏ နောက်ပြီး စိန်တွေ ရွှေတွေဆိုသည်မှာလည်း အခြားကုန်ပစ္စည်းများကဲ့သို့
အော်ကြီးဟစ်ကျယ်ရောင်းဖို့မလို ဈေးစကားအား နှစ်ကိုယ်ထဲကြားအောင် ပြောလျှင်ပင် လုံလောက်နေပြီ မဟုတ်လား
ရွှေဆိုင်အားလုံးမှာ အုတ်ခုံကြီးများပေါ်တွင် မှန်ကောင်တာလေးများတင်ထားသည်ချည်းသာ ဖြစ်သောကြောင့် မတ်တပ်ထရပ်လိုက်ပြီဆိုတာနှင့် ရွှေဆိုင်တန်းကြီးတစ်ခုလုံးကို မြင်ရလေသည် မီးရောင် မှန်ရောင် တလက်လက်ထိုးလျှက် ရောင်းချကြသောနေရာဖြစ်၏ ရွှေကုန်သည်တို့မှာလည်း မင်းသမီးများကဲ့သို့ပင် ညွတ်နေအောင် ဝတ်စားပြင်ဆင်ပြီးမှ ဈေးထွက်တတ်ကြပါသည်
ငယ်ရွယ်သူတွေဆိုလျှင် ကျစ်ဆံမြီးနှစ်ဖက်ခွေနှင့် ဖဲပြားနှင့် သက်လတ်ပိုင်းတွေဆိုလျှင်တော့ ဆံထုံးပေါ်မှာ ဆံမြိတ်အခွေအခွေတွေနှင့် ရွှေကိုင်းမျက်မှန်နှင့် ၊ ဈေးချိုသူတို့ သင်္ကေတ ရွှေခြေကျင်းကိုတော့ အားလုံးနီးနီးလို ဝတ်ဆင်ကြသည် ပန်းတလိမ် နန်းတလိမ် ရွှေနှင်းဆီ ပုံစံအမျိုးမျိုးနှင့်
" မာမာ တို့ဆီ ညည်းအမေအပ်သွားတာ
အလုပ်သင်ဖို့နော် စပ်စပ်စုစုလုပ်ဖို့မဟုတ်ဘူး
စကားကြို စကားပို့တွေကိုလည်း မမယုက
မကြိုက်ဘူး ကြားသလား "
" စိတ်ချပါ မမယုရဲ့ "
" အေး ရွှေပညာကိုလည်း လေးလေးစားစား
သင်ကွဲ့ နောင်စိတ်ချရရင် တို့က ဆိုင်ခွဲပေးပြီး
ညည်းကိုပဲ ဦးစီးခိုင်းမှာ "
" ဟုတ်ကဲ့ မမနု "
မျက်မှန်ကြီးတစ်လက်အား ဝင်းနေအောင် တပ်ထားသော မမယုသည် မိုးကုတ်ကျောက် နီရဲရဲတို့အား ဇာဂနာနှင့်ညှပ်ယူကာ ချိန်ခွင်ငယ်လေးတစ်ခုပေါ်တွင် တင်လိုက်ချလိုက်နှင့် အလုပ်ရှုပ်လျှက်ရှိသည် မမနုကတော့ မှန်ကောင်တာအပုလေးထဲတွင် ရွှေထည်စိန်ထည်မျိုးစုံအား မျက်စိပသာဒဖြစ်အောင် ချိတ်ဆွဲနေသည်
မာမာသည် မမယုတို့ညီအစ်မ၏ ဆုံးမစကားများအား တလှည့်စီနားထောင်နေရသည် မမယုနှင့် မမနုတို့ကား အပျိုကြီးများပီသစွာ လွန်စွာမှ စေ့စပ်သေချာ၏ ပြီးတော့ ဈေးရောင်းရာမှာတော်သည် အလှကြိုက်သည် အနည်းငယ်လည်း ဇီဇာကြောင်သည်ဟုဆိုရမည်
ရွှေဆိုင်တန်းရှိ ရွှေကုန်သည်တို့ကို သုံးမျိုးသုံးစား
ခွဲနိုင်သည် ပထမ ဝါးတန်းရပ်မှ သူဌေးတွေ အင်္ဂလိပ်လက်ထက်ကတည်းက မျိုးစဉ်ရိုးဆက် ချမ်းသာခဲ့ပြီး ရွှေဆိုင်ထွက်ကြသူများဖြစ်သည်
ဒုတိယက မျက်ပါးရပ်မှ ကုန်သည်များ သူတို့ကတော့ မိရိုးဖလာ ရွှေမျက်ပါး ရွှေလှော် ရွှေချောင်း ကိုယ်ပိုင်ဖိုနှင့်ပြုလုပ်ကြသူများဖြစ်သည် တတိယက မြောက်ပြင်အရပ်မှာရှိသော ပန်းထိမ်ဖိုတွေ မိဘတွေက ပန်းထိမ်လုပ်ငန်းကို ဦးစီးပြီး သမီးတွေက ရွှေဆိုင်ထွက်ကြသည်
မမယုတို့ညီအစ်မကတော့ တတိယအမျိုးအစားထဲကပေါ့ အထည်ကိုတစ်ဆင့်အပ်စရာမလို
ကိုယ်တိုင်ပန်းထိမ်ပညာတတ်ကျွမ်းသောကြောင့်
အမြတ်ပိုကျန်သည် သူတို့အဘွားတွေလက်ထက်ကဆို ရေကိုပင် ရွှေဖလားနှင့်သောက်ကြသည်ဟု
မာမာ ကွားဖူး၏
နှစ်ခန်းတွဲလျှက် ဖွင့်ထားသော ဆိုင်ကျယ်ကြီးမို့
ရောင်းချသော ရွှေထည်တွေမှာလည်း အမျိုးအစားစုံလင်သည် အုတ်ကွက်လက်ကောက် ဆောက်ဖျက်လက်ကောက် ပွတ်လုံးလက်ကောက် သံကုံးကြိုး အမ်စီကြိုး စောင်းဝါးကြိုး ရွှေဒင်္ဂါးဆိုလည်း ဂျော့ဘုရင်ခေါင်း ငါးမူးပြား တစ်ကျပ်ပြား နှစ်ကျပ်ပြား ပြီးတော့ ကျောက်ကြယ်သီး ရွှေနှင်းဆီကြယ်သီး ဒေါင်းဘယက် သမတ္တဘယက် အမျိုးအစားစုံလင်လှလေရာ ဘယ်ဓါတ်ရှင်မှာ ဘယ်မင်းသမီး ဘယ်ပုံဆန်းဝတ်လို့ခေတ်စားသလဲ နောက်နေ့သူတို့ဆိုင်မှာတင်ပြီးပြီး လာမေးပြီးမှ မရှိလို့ ပြန်သွားရတာဆိုတာမျိုး တစ်ခါမှမကြုံဖူး
ဘာပဲဖြစ်ဖြစ် ရွှေပညာကိုသင်ယူလိုက် မမယုတို့ညီအစ်မ ခိုင်းသမျှကူပေးလိုက်နှင့် ရွှေဆိုင်တန်းမှာ နေသားကျပြီးနောက်ပိုင်း၌ မာမာတစ်ယောက် သူတို့ အလိုက်အကြိုက်တွေကို ကောင်းစွာ နားလည်ထားခဲ့ပြီးပြီပဲဖြစ်ပါ၏
🍧
" ဟော ကိုညွန့်ဆောင် ကြွ ကြွ
ဘာပါသေးသတုန်း "
အထည်တန်းထဲကိုဝင်လာသော အသားညိုညို အရပ်ပြတ်ပြတ် လူကြီးတစ်ဦးကို မြင်သည်နှင့် မိမိဆွေက ဝမ်းသာအဲလဲ ခရီးဦးကြိုပြု၏
ဦးညွန့်ဆောင် ဆိုသည်မှာက သူတို့ဆိုင်မှ အထည်တွေကို အုပ်ပြတ်နှင့်သိမ်းပြီး နယ်တွေမှာ ပြန်ဖြန့်သော ဖောက်သည်ပင်ကိုး ဘာပါသေးလဲ ဆိုတာက ဘာလိုချင်သလဲ အဝယ်စာရင်းထဲမှာ ဘာပါခဲ့သလဲဆိုသည်ကို မေးခြင်းဖြစ်ပါသည် ဈေးချိုသူတို့ လက်သုံးစကား
" ပါရောပေါ့ဟာ ဒီတစ်ခါ အမှာတွေက
များသား ပေးပါဦး ရေတစ်ခွက် "
" ရမယ် ရမယ် သက်သက်ရေ
လုပ်ပါဦး ရေတစ်ခွက် "
" လာပြီ မမဆွေ "
အလိုက်သိလွန်းသော သက်သက်မော်က မမဆွေမခိုင်းရသေးခင်မှာပင် ဖျော်ရည်ရော မုန့်ပါပြင်ဆင်ပြီးနေပြီ လက်သုတ်ပဝါလေးကိုတော့ ဖြူနေသော ကြွေပန်းကန်ပြားလေးပေါ်မှာ တင်ရသည် မမဆွေသည် ရင်ဘတ်တွင်ချိတ်ထားသော မျက်မှန်ကြီးကိုထုတ်တပ်လျှက် လည်ဂျာစာအုပ်ကြီးတစ်အုပ်ကို ဖွင့်သည်
" ဒါနဲ့ ပြီးခဲ့တဲ့လတုန်းက ခုနစ်ရာကျော်
ကျန်သေးတယ်နော် ကိုညွန့်ဆောင် "
" ပေးပါ့မယ်ဟာ ဒီလူနဲ့ ဒီလူ
မသိတာတွေကျလို့ "
" ဟုတ်ပါပြီ ဒီမှာလည်း
ငွေနည်းနည်းကြပ်လို့ မြန်မြန်လေး
လုပ်ပေးဦး "
" အေးပါ ညည်းတို့ဈေးချိုတစ်ခေါက်ရောက်ဖို့လည်း ခက်လိုက်ဝာာ လမ်းတွေကို ပိတ်ဆို့လို့ "
" အခါကြီးရက်ကြီးလည်း မနီးသေးပါဘူး
ကိုညွန့်ဆောင်ရဲ့ ဘယ်လိုဖြစ်ရသလဲ "
" ဪ ဇာတ် ကားနဲ့ တိုးလာလို့ပေါ့ဟ
သိတဲ့အတိုင်း ရွှေမန်းတင်မောင်လို
ဇာတ်ဆိုတော့ အိမ်တိုင်းက ထွက်ကြည့်ကြတာ "
" ဘယ်လို ဘယ်လို ကိုတင်မောင်ဇာတ်
ရောက်နေတယ် ဟုတ်လား "
" အေးလေ ညည်းတို့မသိသေးဘူးလား
ရွှေဒင်္ဂါးရုံမှာ ဆယ်ညတိတိ အကြီးအကျယ်ကို
ကမှာတဲ့ဗျား "
" အယ်တော် အယ်တော် ညံ့လိုက်လေခြင်းငါ့နှယ်
ရှေ့ဆုံးဖျာမှ ရပါ့မလား ဟဲ့ မိသက် ကိုညွန့်ဆောင်ကို စာရင်းမှတ်ထားပေးလိုက်စမ်းပါ "
မိမိဆွေက သက်သက်မော်အား တာဝန်အပြည့်အဝလွှဲအပ်လျှက် သေတ္တာထဲမှ ပိုက်ဆံတစ်ထပ်ကို ဆွဲထုတ်သည် ဘယ်ရွေ့ဘယ်မျှဆိုသည်ကိုပင် ရေတွက်မနေအား ထို့နောက် ကျောက်မဲခုံဖိနပ်ကို တဂွက်ဂွက်မြည်အောင် စီးရင်းပြေးထွက်သွားတော့သည်
အနီးအနားရှိဈေးသည်တွေမှာတော့
အော်ကြီးဟစ်ကျယ်ဖြစ်နေသော သူ့ကိုမြင်သော်လည်း ဘာမျှထူးဆန်းပုံမရ ဘာလို့လဲဆို အပျိုကြီး မိမိဆွေတစ်ယောက် ပွဲဘယ်လောက်ကြိုက်သလဲ ရွှေမန်းတင်မောင်ကို ဘယ်လောက်သဲသဲလှုပ်သလဲဆိုတာ ဆိုင်နီးနားချင်းဖြစ်သော သူတို့တွေ အသိဆုံး ဖြစ်နေတော့သည်ကိုး
🍧
" ဘယ်လို ရွှေမန်းတင်မောင် ဟုတ်လား
ကြည့်ချင်တယ် နုတို့ ကြည့်ကြမယ်နော်
မမယု နော် "
တစ်ဆင့်စကားတစ်ဆင့်နားနှင့် ဈေးတစ်ခုလုံး သတင်းပြန့်ပြီးနောက် ယုယုနှင့် နုနုတို့ ရွှေဆိုင်တန်းအပျိုတွေမှာလည်း တလှုပ်လှုပ် တရွရွဖြစ်ရတော့သည် ရွှေမန်းတင်မောင်ဆိုတာက မန္တလေးဇာတိ မင်းသားကြီး ၊ တစ်ပြည်လုံးလှည့်လည်ကပြရာကနေပြီး မိုးတွင်းရောက်ကာမှ မိုးပါးသော မန္တလေးကို ပြန်ကသည် ဖြစ်သောကြောင့် ပွဲကြည့်သည် မကြည့်သည်ထက် နုနုတို့အားလုံး အစဉ်အလာမပျက် ဧည့်ဝတ်ကျေပွန်ဖို့ လိုအပ်သည်မဟုတ်လား
ဈေးချိုသူ အထူးသဖြင့် နုနုတို့လို ရွှေဆိုင်တန်းသူတွေက ဘုရားပွဲမှာသွင်းသော ရုံဇာတ်ကို
စိတ်မဝင်စား မြို့လယ်ကောင် ရုံကြီးရုံကောင်းတွေမှာ သွင်းသောဇာတ်ကိုမှ ကြိုက်သည်
ဒီလိုရုံကြီးတွေမှာမှ တခြားမင်းသား တခြားဇာတ်ဆိုပါကလည်း ဒီလောက်ထိ စိတ်မလှုပ်ရှား သူတို့အားလုံးအသည်းစွဲက ရွှေမန်းမှ ရွှေမန်း
" နင်ကြည့်ချင်တာကတော့ ဟုတ်ပါပြီ
အမေ့ကို ဘယ်လိုပြောမလဲ အမေက
အပျိုလေးတွေ ညကြီးမိုးချုပ်ဆိုပြီး
လွှတ်မှာမဟုတ်ဘူး "
" ဒါကတော့ မမယုပြောပေးရင် ရပါတယ်ကွာ
နုတို့တင်မက မာမာလည်းပါမှာပဲ နောက်ပြီး
ဘေးဆိုင်က မဖြူတို့ ညီအစ်မကိုလည်း
ခေါ်လိုက်မယ်လေ တပျော်တပါးကြီး
သွားကြတာပေါ့ "
နုနု၏စကားကြောင့် မယုက မျက်မှန်ကြီးကို
ဝင့်ကြည့်ကာ အတန်ကြာစဉ်းစားသည် ပြီးတော့မှ
" အေးပါလေ ငါ့ညီမ ဒီလောက်စိတ်အားထက်သန်နေမှတော့လည်း သွားကြတာပေါ့
ငါကတော့ အသက်ကြီးပြီ သိပ်လည်းစိတ်မပါလှဘူးရယ် ဒါပေမယ့် ညည်းအဖော်မရှိမှာစိုးလို့ "
ဟုဆိုလိုက်လေတော့သည်
🍧
ရွှေမန်းတင်မောင်သည် နောက်ပိုင်းဇာတ်ထုပ်ကြီးများကပြရာ၌ လွန်စွာပါရမီထူးချွန်သော မင်းသားကြီးဖြစ်သည် ဇာတ်ကနေစဉ် မျက်လုံးမှိတ်ကာ အသံကိုနားထောင်နေရုံနှင့်ပင် စိတ်အစဉ်ဝယ် တစ်ကွက်ပြီး တစ်ကွက် ထင်ဟပ်လာအောင် စွမ်းဆောင်နိုင်သူဟု အဆိုရှိ၏ ဇာတ်စာသားများရေးဖွဲ့ရာမှာလည်း အဆီအသား ပါလှသည်ဖြစ်ချေရာ ဇာတ်တစ်ထုပ်ဆို တစ်ထုပ် ပရိသတ်ရင်ထဲကိုရောက်၏ တချို့ဆို တစ်နေကုန် ဓါတ်စက်ဖွင့်လျှက် ရွှေမန်းတင်မောင် ဇာတ်ထုပ်ချည်း နားထောင်နေရမှ ကျေနပ်သူတွေရှိသည် ဇာတ်စာသားတွေကို အလွတ်ကျက်သူတွေလည်း ရှိသည်
ဇာတ်ခုံပေါ်လည်း ဇာတ်ခုံမို့ တစ်ကြိမ်ကြည့်ဖူးရုံမျှနှင့် တစ်သက်စာစွဲမက်သွားရအောင် ဆွဲဆောင်နိုင်သော မင်းသားကြီး ဖြစ်သည် ဇာတ်သဘင်လောက၌ အနုမြူရောင်ခြည်ကို ပထမဆုံးအသုံးပြုခဲ့သည်မှာ ရွှေမန်းဇာတ်သဘင်ဖြစ်သည်
ဇာတ်ရုံတစ်ခုလုံးကို အမှောင်ချလျှက် ဖော်စဖောရပ် တလက်လက်တောက်နေသော ဝတ်စုံတွေနှင့် ထွက်လာတာမျိုး နောက်ခံပိတ်ကားပေါ်တွင် ရောင်ခြည်တန်းများထိုးလျှက် လျှပ်စီးလက်ဟန် မိုးရွာဟန်တို့ပြုတာမျိုး မီးအစစ်တွေ ဟုန်းကနဲထထတောက်ပြတာမျိုးတို့မှာ ပရိသတ်အား အသက်ရှုရန်ပင် မေ့နေစေခဲ့သည်အထိ
ဒီတော့ မုန့်ပဲသွားရည်စာ စားသည်ကအစ ကောင်းပေ့ ညွန့်ပေ့ ဆန်းပြားပေ့ဆိုတာမှ နှစ်ခြိုက်ကြသော ဈေးချိုသူလောက၌ ရွှေမန်းတင်မောင်ကို သဲသဲလှုပ်ကြသည်မှာလည်း သိပ်ထူးဆန်းသော အရာတော့မဟုတ် ဘယ်ရုံ ဘယ်ဆိုင်က ဘယ်သူက ဘယ်လောက်ဖိုး ဆုချသတဲ့ဆိုတာက မနက်မိုးလင်းသည်နှင့် တစ်ဈေးလုံးပြန့်ပြီ ဒါကိုကပင် ဈေးချိုသူတို့အတွက် ဂုဏ်အသားလုပ်စရာဖြစ်၏ နှစ်ပါးခွင်တွင် မင်းသားလှမ်းပစ်ပေးလိုက်သော ပန်းကုံးကိုရသော မိန်းမပျိုက ထိုညအတွက် ဘုရင်မ
ပြီးတော့ ရွှေမန်းဟုဆိုလျှင် မင်းသားကြီးသာမက လူရွှင်တော် အငြိမ့်သမ ဇာတ်သူဇာတ်သားတွေအားလုံး မျက်နှာပွင့်လှသည် ရုံရှေ့ပစ္စည်းတွေချလို့ ဗျို့မဟစ်ရသေး ကိုယ်စီကိုယ်စီ ထမင်းဖိတ်ကျွေးချင်သူတွေ ထမင်းချိုင့်ပို့ချင်သူတွေက စောင့်ဆိုင်းနေပြီ အနုပညာမြို့ဟု တင်စားရသော မန္တလေး၏ အနုပညာချစ်သော ပြယုဂ်လေးတစ်ခုပင် ဆိုရမည်လားမသိ
ရုံဇာတ်တို့မှာ များသောအားဖြင့် မိုးတွင်းကာလများ၌ လာရောက်ကပြကြသည် လမ်း၈၀ မှ တရုတ်တန်းဇာတ်ရုံ ၃၅လမ်း မလွန်ရုံ ရွှေဒင်္ဂါးရုံ တာရဲတန်းရုံ မြသီတာရုံ နေသူရိန်ရုံ အစရှိသဖြင့်ပေါ့ တခါတရံ ပရိသတ်များလွန်းသည်မို့ နှစ်ပါးခွင်ပြီးစနှင့်ပင် ရုံဖွင့်ပေးလိုက်ရတာမျိုးတွေကလည်း ရှိသေး၏
ရွှေမန်းဇာတ်က မိုးအလင်းကသလို တခါတရံ ညဉ့်ဝက်ဇာတ်မျိုးလည်းခင်းလေ့ရှိသည်
ထိုအခါ ကြည့်ရသူတွေမှာ အိပ်ရေးမပျက် မိန်းမပျိုတို့မှာလည်း အိမ်ပြန်နောက်မကျ ဒါလည်း ရွှေမန်းတင်မောင်၏ တီထွင်ဆန်းသစ်မှုတစ်ခုပင်ဖြစ်သည် ပထမပိုင်းတွင် နှစ်ပါးသွားထွက်၍ ဒုတိယပိုင်းတွင် ဂီတရူး၊ မုန်းလို့မဟုတ်ဘူး၊ ပဉ္စရူပံတို့လို ပြဇာတ်၊ ဆဒ္ဒန်ဆင်မင်းကဲ့သို့ နောက်ပိုင်းဇာတ်ထုပ်ကြီးများထွက်ခြင်းဖြစ်၏ ဒီတစ်ခေါက်ကတော့ ခုနစ်ညတိုင်တိုင် မိုးအလင်းကပြမည့်ပွဲ
ဇာတ်ရုံတွေကတော့ သစ်သားတန်းနှင့်
သွပ်မိုးနှင့် မိုးလုံလေလုံဆောက်ထားသော
အဆောက်အဦးကြီးတွေဖြစ်၏ ရှေ့ခြမ်းမှာ
ဖျာတွေခင်းထားသည် အနောက်ဖက်က
ကုလားထိုင်တန်း ရှေ့ဆုံးဖျာတွေကတော့ မင်းသားမင်းသမီးကို အနီးကပ်ကြည့်နိုင်သလို နှစ်ပါးသွားထွက်ရာမှာလည်း မည်သူကိုမှ ကျော်ခွစရာမလိုပဲ ကြိုက်သလို ဆုချနိုင်သောကြောင့် တစ်ချပ်လျှင် သုံးကျပ် သုံးကျပ်ခွဲ ဈေးရှိသည်
ဖျာတွေမှာ အတန်အသင့်တော်ကျယ်သည်
ပုံမှန်ဆို လူသုံးယောက်ကောင်းကောင်းထိုင်လောက်သည်ဖြစ်သော်လည်း ဈေးချိုသူတို့ပွဲကြည့်သည်ကား ဘုရင့်သမီးတော်များ ပွဲရှုစားသကဲ့သို့ပင် ခမ်းနားလှ၏ သူငယ်ချင်း မိန်းမဖော်များစွာကို ခေါ်ဆောင်လာခဲ့ရုံမက ရှေ့မှာ ဖလားစုံကွမ်းအစ်ကြီးချ ကတ္ထီပါမှီအုံးပေါ် လက်တင်ကာ ငွေရေတကောင်း ငွေလက်ဖက်အုပ်တို့ ခြံရံလျှက် ကြည့်လေ့ရှိကြ၏
ဒီတော့ လူဆယ်ယောက်ကောင်းစွာထိုင်နိုင်ရန်
ဖျာကို ငါးချပ်မကဝယ်ယူရတော့သည် တစ်ညလျှင် တစ်ဆယ့်ငါးကျပ် ဆယ်ညလုံးလုံးကြည့်မည်ဆိုပါက တစ်ရာ့ငါးဆယ် ရွှေတစ်ကျပ်သားဈေးကိုပင် ပခုံးသွားထိနေပြီဖြစ်သည်
ဒီထက်ပိုကွန့်ချင်လျှင်တော့ မင်းသားအနားယူချိန်စားဖို့ ထမင်းဟင်းအစုံ အချိုပွဲအစုံ နှစ်ပါးခွင်မှာ စွပ်ဖို့ပန်းကုံးကိုရော ဘာပန်းတွေသုံးမလဲ မင်းသားကိုရော ငွေသား ပိုးမျိုးအုပ်မျိုး ဘာပစ္စည်းဆုချမလဲ စသဖြင့် ဇာချဲ့လျှင် ချဲ့သလို ကုန်နိုင်၏
ဇာတ်ရုံကို လာသည်ပင် ဂျစ်ကားပေါ်မှာ ကျော့ကျော့လေးထိုင်လျှက် လက်ကိုင်ကွင်းကို ကိုင်ဆွဲလျှက် ရွှေခြေကျင်းဝတ်ထားသော ခြေထောက်အား ကားအပြင်ကိုထုတ်လျှက် ဂုဏ်တဝင့်ဝင့် လာရောက်ကြတာမျိုးပါ တချို့ကတော့ ရထားလုံးအသွယ်သွယ်နှင့် ၊ ဇွန်ပန်းတွေကိုဝေနေအောင်ပန်ကာ တိုးဘရက်ကိုးလို ဂျာမဏီ အင်္ဂလန်မှလာသော ပိုးစအား လုံချည်ချုပ်လျှက်
အပြိုင်အဆိုင်ဝတ်စားကြသည်
ဒီလို ဒီလိုသော အကြောင်းတွေကြောင့်ပင်လျှင် ရွှေဆိုင်တန်းနှင့် ပိုးထည်တန်းမှ ဒိတ်ဒိတ်ကြဲဆိုသော ဈေးချိုသူနှစ်ဦး၏ ပြိုင်ပွဲက စတင်လာခဲ့ခြင်းဖြစ်သည် နှစ်ပါးခွင်တွင် မင်းသမီးနှစ်လက်က မင်းသားကို တစ်ဖက်တစ်ချက်စီကနေပြီး ဆွဲလုနေသည် ပရိသတ်မှာလည်း တဝါးဝါးတဟားဟားနှင့် ပွဲကျနေပြီ သို့သော် မင်းသမီးနှစ်လက်နှင့်အပြိုင် တစ်ယောက်ကိုတစ်ယောက် စောင်းငမ်းကြည့်လျှက် မရယ်မပြုံးနိုင်သူတွေမှာတော့ ယုယုနှင့် မိမိဆွေတို့ နှစ်ဦးပင်ဖြစ်ချေတော့၏
🍧
ပြောရမည်ဆိုလျှင်တော့ မိမိဆွေသည် ရွှေမန်းဇာတ်နှင့် ပိုပြီးနီးစပ်သူဖြစ်သည် ပွဲကြိုက်သူပီပီ
ဘုရားပွဲကြီးငယ်ကအစ ကိုတင်မောင်ဆိုသည်နှင့်
မလွတ်တမ်းလိုက်ကြည့်တတ်သူဖြစ်ရာ ယခုဆို ဇာတ်သူဇာတ်သားတို့နှင့် ပြောမနာဆိုမနာ
ရင်းနှီးသူတွေဖြစ်နေပြီ မင်းသား၏အစ်မနှစ်ယောက်ဖြစ်သော မသော် မကျော်တို့ပင် မိမိဆွေကို မျက်မှန်းတန်းမိနေပြီ
ဒီလိုတန်းမိလောက်အောင်လည်း မိမိဆွေမှာ
ပွဲနံ့ရပြီဆိုတာနှင့် ငါးဆင့်ချိုင့်ထဲ ဟင်းမျိုးစုံထည့်လျှက် နားနေခန်းကိုအရောက်ပို့ပေးနေရသည်မဟုတ်လား တခါတရံ ပုရစ်ဥပြောင်းကြော်လို ဒူးရင်း မင်းကွတ်လို တခုတ်တရ ဝယ်ယူရသော အစားအသောက်များပင်ပါသေး၏ ဟင်းရံဖြစ်သော ချဉ်ပေါင်ကြော်ကိုပင် ပဲခူးမှလာသော
အဆီတဝင်းဝင်း ပုစွန်တုပ်ကြီးများနှင့် ရောကြော်ရပါ၏ အချိုပွဲဆိုလျှင်တော့ မန္တလေးထွက် ထိုးမုန့် လမုန့် ကရေကရာ ဆနွင်းမကင်း မာစကပ် သာကူပြင် စတာမျိုး သစ်သီးသစ်နှံတွေကတော့ ငွေလင်ပန်းကြီးထဲ အပြည့်ခင်းလျှက် ကြိုက်ရာနှိုက်စားစမ်း ဆိုသည့်အထဲကပေါ့
ထို့အပြင် မိမိဆွေမှာ ဆိုင်၌တင်ရောင်းသော လှပေ့ဆန်းပေ့ဆိုသည့် ပိုးအုပ်တွေ လွန်းရာကျော်တွေကိုပါ မထင်လျှင် မထင်သလို လက်ဆောင်ပေးတတ်သေးသည်ဆိုတော့ သူမို့ဆိုလျှင် သဘင်သမားအားလုံးက ရင်းနှီးချင်ကြသည် မိမိဆွေကိုယ်တိုင်ကလည်း ဒါကိုပင်
ဂုဏ်ယူခြင်းဖြစ်သည် တစ်ဈေးလုံးက အပျိုတွေထဲ ရွှေမန်းတင်မောင်နှင့် ရင်းနှီးသဟဲ့ ဆိုသောဂုဏ်က နည်းနည်းနောနောမှ မဟုတ်တာ
ယုယုမှာတော့ မိမိဆွေလောက် ဇာတ်ကိုမကြိုက်လှ ပျိုရွယ်စဉ်က တစ်ကြိမ်နှစ်ကြိမ် ကြည့်ဖူးခြင်းရှိသော်လည်း ဖခင်မရှိတော့သည့်နောက်ပိုင်း အိမ်စီးပွားရေးကိုသာ ဦးစားပေးနေရသည်မို့ အပျော်အပါးဖက်ကို မလှည့်နိုင် ဒီတစ်နှစ်မှာတော့ ညီမဖြစ်သူ၏ အဆွယ်ကောင်းမှုကြောင့်သာ ပွဲခင်းထဲကို နောက်တစ်ကြိမ် ရောက်ခဲ့ရခြင်းဖြစ်သည်
ပွဲခင်းကြီးတစ်ခုလုံး လူတွေ ဟီးတိုက်လို့ ...
ရှေ့ဆုံးဖျာတွေရဲ့ တစ်ဝက်လောက်က မိမိဆွေတို့
ပိုးထည်တန်းသူတွေ ကျန်တဲ့တစ်ဝက်က
ယုယုတို့ ညီအစ်မနဲ့ အပေါင်းအပါတွေ ဖလားစုံကွမ်းအစ်ကြီးတွေကို ရှေ့မှာချလျှက်
သူဘာလုပ်မလဲ ငါဘာလုပ်မလဲ စသဖြင့် အချင်းချင်း မသိမသာ အကဲခတ်လျှက်ရှိ၏
နှစ်ပါးခွင်ရောက်ပြီဆိုသည်နှင့် မင်းသားသည် မိမိဆွေ၏ ဇွန်တံခွန်ပန်းကုံးကြီးကို စွပ်ပြီးထွက်လာသည် မင်းသားဝတ်ထားသော လွန်းတရာပိုးချိတ်ကြီးကလည်း မိမိဆွေကိုယ်တိုင်ပင် ရက်ကန်းစင်တွေအထိ လိုက်ဝယ်ပြီး မင်းသားအစ်မတွေလက်ထဲ အပ်ထားခဲ့ခြင်းဖြစ်၏
ဒီတော့ ပွဲခဏနားချိန်တွင် မင်းသားက ထုံးစံအတိုင်း ကျေးဇူးတင်စကားပြောသည်
ဤပိုးချိတ်သည် ဈေးချိုပိုးထည်တန်းမှ ဘယ်သူဘယ်ဝါက ဆုချထားခြင်းဖြစ်ကြောင်း
မန္တလေးသူတို့မှာ မိမိကို လုံးဝမျက်နှာမငယ်အောင် ထားကြကြောင်း စသဖြင့် ၊ ကျေးဇူးတင်စကားအဆုံး၌ မိမိဆွေသည် ခေါင်းကိုမော်လိုက်လေရာ နားမှချွန်းစိန်ကြီးများပင် ဖျတ်ကနဲ လက်သွားပါသေး၏
သို့သော် သူတက်စွပ်ထားသော ပန်းကုံးကြီးကို
ဝဲပေးလိုက်သည်မှာတော့ ရွှေဆိုင်တန်းသူတွေရှိရာဖက်ကို ဖြစ်သည် မင်းသားမှာလည်း ပရိသတ်ကိုဖျော်ဖြေရုံသာမက ကန့်လန့်ကာနောက်ကွယ်မှ ကိစ္စဝဝကိုလည်း အာရုံစိုက်ရသေးသည်ဆိုတော့ ပွဲကြည့်သူအပျိုချင်း ဘယ်လိုတွေအပြိုင်အဆိုင်ဖြစ်သွားမလဲ ဆိုသည်ကို ဂရုပြုနိုင်သည်မဟုတ်
ဖြစ်ချင်တော့ မိမိဆွေ၏ပန်းကုံးကြီးက ရွှေဆိုင်တန်းသူ ယုယုလက်ထဲကို ရောက်သွားခဲ့သည်
ပန်းကုံးကြီးကိုရှိုက်နမ်းရင်း မင်းသားကိုလှမ်း၍လက်ပြရင်း တခစ်ခစ်ရယ်ပွဲဖွဲ့နေကြသော ရွှေဆိုင်တန်းသူတွေကိုကြည့်ပြီး မိမိဆွေက မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်သည် နောက်ပြီး အမည်နာမတစ်ခုကိုလည်း ပေးဖြစ်အောင် ပေးလိုက်မိသေး၏
" ဟင်း ... ဆတ်ကော့လတ်ကော့မတွေ "
🍧
ရွှေဆိုင်တန်းနှင့် ပိုးထည်တန်းဆိုသည်မှာ
ရောင်းချသော ပစ္စည်းအမျိုးအစားသာ
မတူသော်လည်း အချင်းချင်း အမှီသဟဲပြုနေရသော ဆိုင်များဖြစ်သည် ဈေးချိုမှာက
ကိုယ်တစ်ဦးထဲဆိုင်ကို နာမည်တပ်ပြီး အားပေးသော ဈေးဝယ်ထက် အလှူ မင်္ဂလာဆောင်တွေ ပေါများချိန် ရွာအသီးသီးမှ တက်လာသူတွေကို ပိုပြီးအားကိုးရသည်
ကျေးလက်သမားတွေဆိုသည်က သဘောကျလျှင်ကျသလို တစ်ဆိုင်ထဲမှာပင် စုဝယ်တတ်ကြသဖြင့် အမြတ်ကလည်း ပိုကြမ်းသည် အထည်တန်းမှာ ရွေးစရာရှိတာ အေးအေးဆေးဆေးရွေး၊ ပြီးတော့မှ ရွှေဆိုင်တန်းကို ကူးပြီး လက်ဝတ်ရတနာကြည့်သူကကြည့် တစ်နှစ်စာ ပဲဖိုး နှမ်းဖိုးတို့နှင့် ရွှေစုသည့်သူက စုကြတာမျိုးပါ
ဒီတော့ ရွှေဆိုင်တန်းသူနှင့် ပိုးထည်သူတို့မှာ မခေါ်မပြောတွေလုပ်၍မရ သို့သော် ရင်းရင်းနှီးနှီးရှိကြလားဆိုသော်လည်း မဟုတ်ပြန် ပါးစပ်ကသာ
ထုတ်မပြောသော်လည်း ပွဲလမ်းသဘင်ရှိပြီဆိုတာနှင့် ကာဖီသောက် ဆိတ်သားပတ် ခနုံထုတ်စားရင်း သူဘာဝတ်သလဲ ငါဘာဝတ်သလဲ တစေ့တစောင်းကြည့်ကာ စိတ်ထဲကကြိတ်ပြိုင်ကြသည် တခါတရံ အချိုအချောင်လိုချင်သော ဈေးဝယ်က စကားဝင်ရှုပ်လျှင် နွှဲကြပေတော့ တစ်ပွဲတစ်လမ်း
သို့သော် ဒီသာဓကတွေအားလုံးမှာ မိမိဆွေနှင့် ယုယုတို့ဇာတ်လမ်းနှင့်ယှဉ်လိုက်လျှင်တော့ မှီနိုင်သူမရှိဟု ဆိုရမည်လားမသိ ဖြစ်ပုံက မာမာနှင့် သက်သက်မော်တို့ ဈေးသင်နှစ်ယောက်က စခြင်းဖြစ်သည်
နေ့လည်အဆာပြေစာချိန်ကိုရောက်တိုင်း သစ်သီးတန်းထိပ်မှ ကိုတင်မောင်နနို့ထမင်း ( နွားနို့ထမင်း ) ဆိုင်မှာ လူအုံမြဲဖြစ်သည် ဖက်ရွက်နှစ်ရွက်ကြားတွင် သကြားပုံကာ နို့ထမင်းထည့်ရောင်းခြင်းဖြစ်၏ ဇီးယိုဆိုလျှင်တော့ ဆားပုတ်ခဲနှင့် ငရုတ်သီးမှုန့်လေးဖြူးလို့ စိန်ဖေကြီးဆို ထိုးမုန့်တန်းထိပ်၌ ယွန်းဗျတ်ကြီးနှင့်ထည့်ရောင်းသော ဒေါ်စိန်ခင်ဆိုင်က နာမည်ကြီးသည် ပြီးတော့ ရွှေဆိုင်တန်းမှ ဦးသင်းမြီးရှည် အုန်းပေါင်းငှက်ပျောကြော် ရွှေရင်အေး အုန်းနို့မုန့်လက်ဆောင်း ခနုံထုပ် စသဖြင့် အဆာပြေစာရောင်းချသော ဆိုင်များစွာရှိ၏
ထိုနေ့က မာမာသည် ကိုတင်မောင့်နနို့ထမင်းစားနေခိုက် သက်သက်မော်က ဇီးယိုလာဝယ်သည်
ဈေးဝယ်မိန်းကလေးချင်းဆုံတော့ ညတုန်းကကြည့်ခဲ့ရသည့် ပွဲအကြောင်း စားမြုံ့ပြန်သည်
ပြီးတော့ မာမာကြားဖြစ်အောင်ကြားလိုက်ရတာ
တစ်ခုရှိသေး၏ ဘာတဲ့
" ရွှေဆိုင်တန်းသူတွေများ ရှေ့ဆုံးဖျာကနေသာ
အသားလုပ်ပြီးကြည့်ချင်တာပါအေ ပန်းကုံးလေးစွပ်တော့ကျ နှစ်ပဲတစ်ပြားဖိုး တို့မမဆွေစွပ်တာကမှ ဇွန်တံခွန်လုံးအစစ် " တဲ့ ...
ရွှေဆိုင်တန်းသူ ကိုယ့်အစ်မတွေကို စောင်းနေမှန်းသိတော့ မာမာက မကျေနပ် ထို့ကြောင့် ဈေးဝယ်ပါးချိန်တွင် ဘေးဆိုင်မှ မိန်းကလေးတစ်ဦးအား
ပြောပြဖြစ်သည်
" မာမာ နင်ဘာပြောလိုက်တာလဲ "
" ဟယ် မမယု "
သူ့စကားကို ဆိုင်ပေါ်မှာရှိနေသော ယုယုက ကြားဖြစ်အောင်ကြားသွား၏
" နင်ဘာပြောတာလဲလို့ "
" ကန်တော့ ကန်တော့ပါ မမယုရယ်
မမတို့ အတင်းပြောတာမကြိုက်ဘူးဆိုတာ
ကျွန်တော်မေ့သွားလို့ "
" အခု မဟုတ်တော့ဘူး ခုန
နင်ပြောလိုက်တဲ့စကားကို ပြန်ပြောစမ်း "
မာမာ မတတ်သာပဲ ပြောပြလိုက်ရသည်
မမယု၏ မျက်နှာမှာ ရုတ်တရက်ဆိုသလို
ခက်ထန်သွားသည်ကိုလည်း သတိထားလိုက်မိသည်
" ဘယ်ကောင်မပြောသလဲ အဲဒီစကား "
" ပိုးထည်တန်းက သက်သက်မော်ပါ "
" သက်သက်မော် သူ့ကိုလည်း
ငါမသိရပါလား "
" ဪ မနေ့ညတုန်းက ကျွန်တော်တို့နဲ့
ကပ်လျှက်ဖျာက မိန်းမတွေလေ မမယုရဲ့
ဒေါ်မိမိဆွေရဲ့ ဆိုင်က ဈေးသင်ပေါ့ "
" ဪ ဪ ... လက်စသတ်တော့
မိမိဆွေရဲ့ ဆိုင်ကကိုး "
စိတ်များဆိုးသွားမလားဟု မာမာကစိုးရိမ်နေသော်လည်း မမယုက စိတ်မဆိုး ခပ်ထေ့ထေ့လေးပြုံးနေရင်းနှင့်သာ လက်ထဲမှ တရုတ်ယပ်တောင်အား အသံမြည်အောင် ဆွဲပိတ်လိုက်လေ၏
သူနှင့် မိမိဆွေဆိုတာက ယခုမှမဟုတ်
ကျောင်းတော်ထဲက ရန်စရှိခဲ့သေးသည် မဟုတ်လား
🍧
၁၉၄၅ ခုနှစ်
စစ်ကြီးကာလ မန္တလေးမှာ ဂျပန်တွေဝင်ရောက်
သောင်းကျန်းနေချိန်ဖြစ်သည် ထိုစဉ်က ယုယုမှာ
အပျိုပေါက်အရွယ်သာ ရှိသေး၏ လေယာဉ်နှင့် ကြဲချသွားတတ်သော ဗုံးတွေမှာ ကျချင်သည့်အိမ်ပေါ်ကိုကျသည် စစ်မီးက ဟုန်းဟုန်းတောက်လောင်နေချိန်မို့ သူတို့တစ်မိသားစုလုံး စစ်ကိုင်းတောင်ရိုးက ချောင်တွေမှာ သွားရောက်ပုန်းခိုနေခဲ့ရသည်
စစ်ကိုင်းတောင်ရိုးသည် သာသနာ့နယ်မြေဖြစ်သောကြောင့် ကျည်ဆံ ဗုံး ခခွင့်မရှိ ထို့ကြောင့်
ယုယုတို့သာမက ဈေးချိုတစ်ခုလုံးက မိသားစုတွေအားလုံး ချောင်အသီးသီးမှာ စစ်ဘေးရှောင်နေကြရပါသည်
ဖြစ်ချင်တော့ မိမိဆွေတို့မိသားစုမှာလည်း ယုယုတို့နှင့် ချောင်တစ်ခုထဲ သွားကျသည် ရှေ့ဆံပင်ကို ကြက်မောက်ကြီးလိုလုပ် ကျစ်ဆံမြီးနှစ်ဖက် ခွဲစည်းထားတတ်သော မိမိဆွေ၏ ပုံပန်းသဏ္ဍာန်ကို ယုယု ကောင်းစွာ မှတ်မိနေပါသေး၏
သူတို့ခိုနားရာချောင်နှင့် မနီးမဝေး၌ သာသနာပြုဆရာတော်ကြီးတစ်ပါး သီတင်းသုံးသည် တခါတရံ တစ်လကိုးသီတင်း ဂူအောင်း၍ တရားအားထုတ်လေ့ရှိသောကြောင့် ဆရာတော်ကြီးအား ဖူးမျှော်ဖို့ဆိုတာ အခွင့်အရေးကြီးတစ်ခုပင်ဖြစ်သည် ဆရာတော်ကြီး ဂူမှထွက်လာတော့
ယုယုနှင့် မိမိဆွေတို့ မိခင်နှစ်ယောက်မှာ ဆွမ်းကပ်ခွင့်ရရန် အသည်းအသန်ကြိုးစားကြတော့သည်
ကျောင်းပရဝဏ်ရှေ့တွင် ဆွမ်းချိုင့်ကိုယ်စီနှင့်
ဆုံရာကနေပြီး သူအရင်ကပ်မည် ငါအရင်ကပ်မည် ခွန်းကြီးခွန်းငယ် စကားများကြသည် ထိုမှတစ်ဆင့် အပျိုဘဝက ငယ်ကျိုးငယ်နာတွေကိုပါ ဖော်သည်အထိဖြစ်လာတော့ ဆရာတော်ကြီးက တရားအားထုတ်ပျက်သည်ဟုဆိုကာ ကြိမ်လုံးတကိုင်ကိုင်နှင့် မောင်းထုတ်လေတော့၏
ယုယုတို့ကတော့ အပျိုလေးတွေမို့ ရှက်သည် ထို့ကြောင့် မအေတွေဖက်က ဝင်ပြီးဖြန်ဖျေပေးရ၏ မိခင်နှစ်ယောက်မှ ခြေကိုဆောင့်ပြီး ထွက်သွားကြသလို ဖအေနှစ်ယောက်မှာလည်း တစ်ယောက်ကိုတစ်ယောက် မျက်စောင်းခဲ၏ သူ့အဆောင်ကိုယ့်အဆောင် ပြန်ဝင်ပြီး တံခါးကို ဂျိမ်းကနဲနေအောက်ပိတ်သည်
ထိုစဉ်အချိန်ထဲကစပြီး မိမိဆွေတို့ ဆိုသည်မှာ မိမိတို့အတွက် ပြိုင်ဖက်ဟု ယုယုစိတ်ထဲမှာ တေးမှတ်မိသွားခြင်းဖြစ်သည် ယခုတော့
တကျော့ပြန်လာပြီထင်ပါ၏ မိမိဆွေမှာ မိမိတို့အား ပေါ်ပေါ်ထင်ထင်ကြီး တိုက်ခိုက်နေပြီပဲ
မဟုတ်လား
" ဟွန်း ... မင်းသားတစ်မိသားစုလုံးကို
အိမ်ဖော်လုပ်ပေးနေရတဲ့ ကောင်မကများ
ငါ့ကိုလာယှဉ်လို့ ဘာရမလဲ ယုယုဆိုတဲ့ မိန်းမ
ဘာလဲဆိုတာ ဒင်းကောင်းကောင်းကြီး
သိသွားစေရမယ် "
🍧
" ဟဲ့ ဟဲ့ လူတွေများလှချေလား
ဘာဖြစ်ကြတာတုန်း "
ရုံထိပ်တွင် လူတွေတိုးမရအောင် စည်ကားနေသည် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော စကားသံတွေဆိုတာလည်း ပတ်တုပ်လို့ပင်
မရ ဒီမနက်မှ အသစ်ရောက်လာသော တိုးဘရက်ကိုးထည်တို့အား မျက်စိပသာဒဖြစ်အောင် ချိတ်ဆွဲလျှက်ရှိသော မိမိဆွေမှာ ဈေးခုံပေါ်ကနေပြီးစွေ့ကနဲ ခုန်ဆင်းလာ၏
" ဘာဖြစ်ကြတာလဲဟင်
သူခိုးမိလို့လား "
" ဪ ဆွေဆွေ မသိသေးဘူးလား
ဒီနေ့ ရွှေမန်းတင်မောင် ဈေးချိုကို
အလည်လာတယ်လေ "
" ဟယ် အဟုတ်
ဘယ်ကို ဘယ်ကိုတဲ့လဲ "
" အီးရုံက ညီအစ်မနှစ်ယောက် ဆိုင်ကိုပေါ့
မိယုတို့များ ကံကောင်းချက်ပါတော် "
" ဟင်း .. ဒီကောင်မတွေ
ငါ့ကို တမင်သက်သက်ကျောတာ "
မိမိဆွေသည် မခံချိမခံသာ ဖြစ်သွား၏
ဒါဟာ တို့က ဇွန်တံခွန်သာ မစွပ်တယ်
မင်းသားကိုတော့ ဒီလို ဒီလိုတွေ ဖိတ်ပစ်တာဟု
လက်မထောင်လိုက်ခြင်းနှင့် အတူတူပင်မဟုတ်လား
မိမိဆွေ မယောင်မလည်နှင့် သွားကြည့်တော့
ကိုတင်မောင်တို့ မောင်နှမသုံးယောက်အပြင်
ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်ကိုဖွင့်လျှက်
တဝင့်တကြွား ဧည့်ခံလျှက်ရှိသော ယုယုတို့
ညီအစ်မကိုတွေ့ရလေ၏ ပတ်ပတ်လည်မှာလည်း
လူတွေက အုံးအုံးထလို့ သူတို့ညီအစ်မကို
အားကျသော မျက်လုံးတွေနှင့် ငေးကြည့်လျှက်ရှိသည်
" ငါ ငါ ... ဒီလောက်ဖိတ်နေတာတောင်
ကိုတင်မောင်က မအားတာ
သူတို့က ဘယ်လိုလုပ်ပြီး "
မိမိဆွေ နားမလည်နိုင်ဖြစ်ရသည် မသော်နှင့်
မကျော်တို့မှာ မောင်ဖြစ်သူ ကသည့်နေရာတိုင်းကို လိုက်၍ စီစဉ်ကြီးကြပ်ပေးလေ့ရှိသည် မင်းသားအား တစ်ခုခုဆုချချင်လျှင် သူတို့လက်ထဲကိုသာ
အရင်အပ်ရ၏ နောက်ပြီး ကိုတင်မောင်က ရေမွှေးနံ့ပြင်းပြင်းတွေ ပန်းနံ့အီအီတွေကို သဘောမကျ ကြာလျှင်ခေါင်းမူးတတ်သူဖြစ်သောကြောင့် ပန်းကုံးတွေမှအစ အစ်မနှစ်ယောက်က သေသေချာချာ စီမံပေးရခြင်းပဲဖြစ်သည်
သူ့မှာ ဈေးချိုတစ်ခွင် ဂုဏ်လုပ်ချင်လွန်း၍
လက်ဆောင်တွေဒီလောက်ပေး ဆိုင်ကိုထမင်းစားဖိတ်သည်ကိုပင် မင်းသားမှာအားရက်မရ
ခုတော့ ကိုတင်မောင်ဟာ အားလပ်ရုံမကလို့
လက်ဖက်အုပ်ထဲက လက်ဖက်ကိုပင် အေးအေးဆေးဆေး နှိုက်စားနေနိုင်ပါပေါ့လား
ပြီးတော့မှ သတင်းပြန်ကြားရတာက
" ဆွေက သိမှမသိသေးတာကိုး ယုယုတို့က
မင်းသားအစ်မတွေအတွက် ဟန်းချိန်းနဲ့ အမ်စီကြိုး တစ်ကုံးစီတောင် လက်ဆောင်ပေးထားဝာာလေ ဟိုကလည်း သူတို့မောင်ကို
ခေါ်လာပြီပေါ့ "
" ဪ ဪ လက်စသတ်တော့ ဒီကောင်မတွေ
ငါ့ကို ကွက်ကျော်ရိုက်သွားတာကိုး "
မိမိဆွေသည် အတော်လေးမခံချင် ဖြစ်မိသွား၏
တစ်လျှောက်လုံး ရင်းရင်းနှီးနှီးရှိလာသည်မှာ
မိမိဖြစ်ပါလျှက်နှင့် သူတို့ညီအစ်မက ခုမှခု
ရွှေလေးနည်းနည်းပေးပြီး မိုးကျရွှေကိုယ်လုပ်ချင်လို့ ရမတဲ့လား
ထို့ကြောင့် မိမိဆွေမှာ ဈေးပတ်ရင်း ပိုက်ဆံကောက် ထွက်ရင်းမှတစ်ဆင့် နီးစပ်ရာရာဆိုင်တို့ကိုဝင်လျှက် စကားစမြည်လိုလို ကတိလိုလို
စကားတစ်ခွန်းကို အမြဲပြောဖြစ်ခဲ့လေသည်
" နောက်ဆုံးပိတ် အိတ်နဲ့လွယ်
ပွဲနောက်ဆုံးညမှ ဒီညီအစ်မ ပုဝပ်သွားအောင်
မိမိဆွေတို့က ဆုတက်ချပြလိုက်ဦးမည် " တဲ့ ...
🍧
" မမယုကလေ အရမ်းတော်တာပဲ သိလား
ခုဆို သက်သက်မော် ကျွန်တော့်ကိုတွေ့ရင်
မျက်နှာချင်းတောင် မဆိုင်ဝံ့တော့ဘူး သိလား "
" ဟင်းဟင်း ညည်းအစ်မတွေပဲအေ
ဒီလောက်တော့ရှိမှာပေါ့ "
လက်ကိုင်မှန်လေးအား ဟိုဖက်သည်ဖက်လှည့်ကာ ကြည့်လျှက်ရှိသော ယုယုမှာ ဆိုင်ခြေရင်းတွင် ဆီးယိုထိုင်စားနေသည့် မော်မော်အား ဂုဏ်ယူဝင့်ကြွားဟန်နှင့်ပြောလေသည်
" ဒါနဲ့ မမတို့ နောက်ဆုံးညကျရင်လည်း
ကြည့်ဦးမှာမလား "
" ဖျာတောင်ဝယ်ပြီးပေါ့အေ
ဘာဖြစ်လို့တုန်း "
" ဘာဖြစ်ရမှာလဲ မိမိဆွေပေါ့ အဲဒီညကျရင်
မမကို ပုဝပ်သွားအောင် ဆုချပစ်လိုက်မယ်ဆိုပြီး
ကြွေးကြော်နေတာ ကျွန်တော်နားနဲ့ဆတ်ဆတ်
ကြားခဲ့ရတယ် "
" လုပ်စမ်းပါအေ သူလိုအထည်သည် ဆုချနိုင်လှ
လွန်းရာကျော်ပေါ့ တို့ဆိုင်က ရွှေအေ့
ရွှေမှဆုချတာ "
" ဟုတ်တာပေါ့ ဟုတ်တာပေါ့
မမယုကို ဘယ်သူမှမယှဉ်နိုင်ပါဘူး "
မာမာက သူ့ကိုအားကျသလိုကြည့်ရင်း
လှမ်းပြောသည် နုနုကတော့ သိပ်သဘောကျပုံမရ အစ်မဖြစ်သူအား အကဲခတ်သလို ကြည့်နေရင်း
" ရွှေနှစ်ကြိုးလက်ဆောင်ပေးထားတာတောင်
များနေပြီထင်တယ်နော် ယုယု ထပ်ပြီးပေးဦး
မလို့လား "
" ဒါတော့ ဟိုမိန်းမကို ကြည့်ရဦးမှာပေါ့အေ
သူဆုချမှတော့ တို့က ဒီအတိုင်းထိုင်နေလို့
ရမလားဟဲ့ "
" အနုပညာသာ အဓိပါပဲ ယုယုရယ်
နောက်ပြီး အမေသိရင်ပြောနေဦးမယ်
ခုတောင် ညတိုင်းပွဲကြည့်လို့ဆိုပြီး
ဆူနေတာမဟုတ်လား "
" ငါ အစ်မပါအေ ငါကြည့်စီစဉ်ပါ့မယ်ဟဲ့
နောက်ဆုံးညအတွက်သာ ပြင်စရာရှိဝာာ
ပြင်ထားကြ "
နုနုသည် ဘာမျှပြန်ပြောနိုင်ခြင်းမရှိခဲ့
ပွဲကြည်ဖို့စဆွယ်သူမှာ မိမိဖြစ်ပါလျှကိ
ခု ကိုယ့်ထက်ပိုပြီး တက်ကြွနေသော အစ်မဖြစ်သူကိုသာ နားမလည်နိုင်ကြည့်နေမိလေတော့၏
🍧
" ဪ ရှန်ဟဲက သုံးတောင့်ထွာကို
အစိတ်လေ အများလား တစ်အုပ်လုံးသိမ်းလည်း
ဒီဈေးပဲရှင် "
သက်သက်မော်သည် ဈေးလာမေးသူတစ်ဦးအား တတ်ကျေတန်းကျေသာ ဖြေကြားလျှက် အပေါ်မှာထိုင်နေသော မမဆွေထံ အာရုံစူးစိုက်လိုက်သည်
မိမိဆွေသည် ဇွန်ပန်းကိုအဖူးလေးများချည်းရွေးလျှက် လူကြီးလက်တစ်လုံးစာမျှပန်းကုံးကြီးတစ်ကုံးဖြစ်အောင် သီနေသည် ညရောက်လို့ ရေလေးနည်းနည်းစွတ်ပြီး အဝတ်အုပ်ထားလိုက်မည်ဆိုပါက ငွားငွားစွင့်ပွင့်လန်း မွှေးကြိုင်နေသော ဇွန်တံခွန်ကုံးကြီးဖြစ်ပြီ
" မမဆွေ "
" ဟေ အေး "
မိမိဆွေက သူ့ကိုမကြည့်ပဲ ပြန်ထူးသည်
" ရွှေဆိုင်တန်းသူတွေ မင်းသားကိုထမင်းကျွေးဖိတ်တဲ့ သတင်းက ဟိုးဟိုးကျော်နေပြီ ကျွန်တော်တို့ နိုင်ပါ့မလား "
" ဘယ်နှယ်ပြောလိုက်တာတုန်း မိသက်ရယ်
သေချာပေါက်ကိုနိုင်ရမှာပေါ့ "
" ဒါပေမယ့် သူတို့က ရွှေတွေချည်း
ဆုချမှာနော် မမ "
" အေးပေါ့ ဒါကိုပဲပြောတာပေါ့ ရွှေဆိုတာ
ဆုချနိုင်လှ မင်းသားနဲ့ သူ့အစ်မတွေပဲပေါ့
ငါ့ပိုးတွေကမှ တစ်ဇာတ်လုံးကို ဝေပစ်လိုက်လို့ရတာ စိတ်ချ အဲဒီညရောက်တာနဲ့ ပွဲတစ်ခင်းလုံး
ညံထွက်သွားစေရမယ် "
" ဟယ် ကောင်းလိုက်တာ "
သက်သက်မော်ဆိုတာကတော့ ဘာဘာညာညာတွေမသိပါ သူ့အနေနှင့်က ဈေးသင်ချင်းဖြစ်သော မာမာကို ကြွားနိုင်ဖို့သာ အဓိက
တက်တက်ကြွကြွဖြစ်သွားသော သူ့အမူအရာကြောင့် မိမိဆွေက မသိမသာပြုံးသည်
" နောက်ပြီး ကိုတင်မောင်ကိုလည်း ဒေါ်လှခင်ရဲ့ လက်ရာ လွန်းရာကျော်ဆင်ပြီး
ပွဲပိတ်ခိုင်းဦးမှာ "
" ဟယ် ဒါပေမယ့် မမဆွေအကြိုက်ဆုံး
အထည်ကြီးမဟုတ်လား "
" ဘယ်လောက်ကြိုက်ကြိုက်အေ
ဟိုကောင်မတွေကို နိုင်ရင်တော်ပြီ "
မိမိဆွေက ပြုံး၍သာနေသည် ယက္ကန်းထည်လောကတွင် ဒေါ်လှခင်၏ လက်ရာဆိုသည်နှင့် လှသလားမေးခွန်းထုတ်ရန်ပင်မလို
အကုန်လုံးက အဆင်ဆန်းပြီး လက်ရာမြောက်သည်သာဖြစ်၏ ယခုသူလည်း ဆုံးပြီဖြစ်ဆိုတော့ ငွေဘယ်လောက်ရှိနေပါစေ သူ့လက်ရာကို ရဖို့မလွယ်တော့
အထူးသဖြင့် မိမိဆွေလက်ထဲမှ လွန်းနှစ်ရာတောင်ရှည်မှာ ရွှေအစစ်ကို အပြားခတ်ပြီး
ထည့်သွင်းချုပ်လုပ်ထားသဖြင့် ပို၍ပင်အဖိုးတန်သည် ကွယ်လွန်သူ မိခင်ထံမှ အမွေအဖြစ်ရခဲ့ကာ
ကိုယ်တိုင်သဘောကျလွန်းသောကြောင့် ငွေဘယ်လောက်ပုံပေးပေး မရောင်းဟု ဆုံးဖြတ်ထားသော ချိတ်တစ်ထည်လည်းဖြစ်သည်
သက်သက်မော်ကိုယ်တိုင်လည်း သုံးလေးကြိမ်မြင်ဖူးသည် ရွှေရောင် ဘော်ရောင် တလက်လက်နှင့် စွဲမက်ဖွယ်ကောင်းလွန်းသောကြောင့် မိမိဆွေကို ကျော်၍ပင် နှမြောနေမိခြင်းပဲဖြစ်ပါသည်
သို့သော် မိမိဆွေကို ကြည့်ရသည်မှာတော့ ခုချိန်မှာ ပုဆိုးမက ဘာကိုပဲပေးရပေးရ စိတ်ထဲထည့်မည့်ပုံမပေါ် ဇွန်ဖူးတွေကို တစ်ထပ်ပြီးတစ်ပြီး
အလုံးကြီးဖြစ်သွားအောင် သီထည့်နေရာမှ
" ဒီကိစ္စ ငါ့တာဝန်သာ ထားစမ်းပါအေ
အဓိက တို့ပိုးထည်တန်းမျက်နှာမငယ်ဖို့ပဲ
ညည်းတို့တွေ လက်ခုပ်တီးဖို့သာ ပြင်ထားကြ "
ဟု ဆိုလိုက်လေတော့၏
🍧
" အောင်ပါစေ အောင်ပါစေ ...
ဇေယျတုနဲ့ခြွေ သပြေနုခက်ဝေ
ရွှေရေချမ်းလောင်းလို့ တောင်းဆုပန်ခြွေ
ကမ္ဘာမြေအမှီပြုတဲ့ လူထုအားလုံး ကျန်းမာ
ချမ်းသာစေ ...
မြန်မာနိုင်ငံတော်ဝယ် မင်းသူဌေးကုန်သည်
လယ်ပိုင်ရှင်လယ်သမား ဆင်းရဲသားမကျန်ပေ
လိုရာဆန္ဒပြည့်ဝစေ အောင်ပါစေ
ရွှေမန်းတင်ရဲ့ စေတနာမေတ္တာတွေ
ဝေဖြာလှစ်ကာခြွေ မြန်ပြည်တိုင်းအောင်
ကြံစည်တိုင်း အောင်ပါစေ "
ပွဲအပိတ်ညကိုတိုင်ခဲ့ပြီ ညနေပင်မစောင်းသေး
ဇာတ်ရုံကြီးရှေ့မှာ ကားတွေ မြင်းလှည်းတွေက
ဒင်းကြမ်းပိတ်ဆို့နေပြီ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော မိန်းမပျိုတို့မှာလည်း ဟိုလျှောက်လိုက် ဒီလျှောက်လိုက် မုန့်ဝယ်စားလိုက်လုပ်ရင်း ခြေချင်းလိမ်နေကြပြီပဲဖြစ်၏
ဗွေဆော်ဦး ဗူးနှင့်လွယ်ဆိုသလို အရှေ့ညတွေမှာ အဖွင့်လှခဲ့သမျှ မျိုးစဉ်ရိုးဆက် ချမ်းသာခဲ့သော ဈေးချိုသူနှစ်ယောက်၏ နောက်ဆုံးပိတ် အိတ်နှင့်လွယ်မည့်ညဖြစ်တာကြောင့် ပရိသတ်မှာ ဒီည ဘယ်ဇာတ်ထုပ်ခင်းမလဲဆိုတာထက် ဘယ်အပျိုကြီး အနိုင်ရသွားမလဲဆိုတာကို ပိုစိတ်ဝင်စားနေကြသည်
နှစ်ယောက်စလုံးမှာလည်း တေ့တေ့ဆိုင်ဆိုင်သာ
မတွေ့ကြသေးတာ လေသံတွေကတော့ လုံးဝမလျော့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲမည့်အကြောင်း
ဈေးတစ်ခုလုံး သတင်းပြန့်ပြီးလေရာ ဘယ်ဖက်ကမှ အလွယ်တကူ အလျော့မပေးနိုင်ဟု သိထားသောကြောင့်ဖြစ်သည် နဂို ပွဲကြည့်လေ့ကြည့်ထ
မရှိသူအချို့ပင် ခင်မင်ရာခင်မင်ကြောင်းတို့ဖျာတွင် လိုက်ကပ်၍ကြည့်ကြသဖြင့် နှစ်ဖက်စလုံးအင်အားမှာ ယခင်ညတွေကထက်ပိုပြီး များပြားနေချေတော့၏
အော်ပရာလို ပြဇာတ်လို အဖွင့်ခန်းမျိုးတွေမှာတော့ အားလုံးက ငြိမ်ငြိမ်သက်သက်ရှိကြပါသည် မိမိဆွေနှင့် ယုယုတို့ညီအစ်မတွေမှာလည်း ရေသောက်လိုက် လက်ဖက်ကလေးကောက်မြုံ့လိုက်နှင့် ၊ ပြဇာတ်ဆိုသည်မှာက ပရိသတ်က ဆုတက်ချလို့မရ တကယ့်ဇာတ်လမ်းက နှစ်ပါးသွားကျမှ စမှာကိုး
နှစ်ပါးခွင်ရောက်လို့ ကန့်လန့်ကာကြီးကို ဖယ်မလိုက်ပြီဆိုသည်နှင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ရသည် မင်းသားကြီးသည် မိမိဆွေဆုချထားသော လွန်းရာကျော်အား သဘောကျလွန်းသည်ဖြစ်ရာ ပထမတစ်ခွင်မှာပင် အမိအရဝတ်ဆင်လျှက် ပွဲထွက်လာခဲ့၏ ရွှေချည်ငွေချည်တို့အား
လက်ရာမြောက်စွာ အချိတ်ဖော်ထားသော တောင်ရှည်ကြီးကား မီးဆလိုက်ရောင်တို့အောက်တွင် တဖိတ်ဖိတ်လက်လို့ လှလိုက်သည့်ဖြစ်ခြင်း
မင်းသားက မိုက်ခွက်ကိုကိုင်ကာ ဆုချသူကို
ကျေးဇူးတင်စကားပြောသည်နှင့် မီးဆလိုက်အားလုံးမှာ မိမိဆွေရှိရာကို ဝိုင်းထိုးလေတော့သည် ပိုးထည်တန်းဖက်မှ လက်ခုပ်သံများဆိုသည်မှာလည်း ရုံပွင့်လုမတတ် ဆူညံသွား၏
" ဟေး မမဆွေကွ "
" တို့ပိုးထည်တန်းသူဟေ့ မယှဉ်နိုင်လျှင်
လာမယှဉ်စမ်းနဲ့ "
" ဒီလိုပုဆိုးမျိုး ငွေပုံပေးပြီး
ဝယ်ကြည့်ကြစမ်း အမိတို့ရဲ့ "
မိမိဆွေမှာ အထင်တကြီးဝိုင်းကြည့်နေကြသော
မျက်လုံးများနှင့် မီးရောင်တို့အကြား သာယာမည်ကြံရုံရှိသေး တစ်ဖက်ဖျာတွင်ထိုင်နေသာ ယုယုက ထလာသည် ထို့နောက် မင်းသားကြီးအနားကို တိုးကပ်ကာ ရွှေဒင်္ဂါးငါးခုတွဲ ဆွဲကြိုးအား လည်တိုင်၌ ဆင်မြန်းပေးလိုက်လေ၏
ရွှေဆိုင်တန်းသူတွေဖက်မှ လက်ခုပ်သံတွေ
အားပေးသံတွေက တစ်လှည့်ညံထွက်သွားပြန်သည် မိမိဆွေက မျက်နှာပျက်၏ သို့သော်
နောက်တစ်ခွင်ကျန်သေးသည်ဟုဆိုကာ
အားတင်းထားလိုက်သည် ငွေလက်ဖက်အုပ်ထဲမှ
လက်ဖက်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးနှင့် ပါးစပ်ထဲကောက်ထည့်လေ၏
ဒုတိယခွင် တတိယခွင် ရောက်ပြီဆိုတာနှင့်
မိမိဆွေမှာ အထပ်လိုက်ယူလာသော ပိုးထည်အုပ်ကြီးကိုဖြေကာ ထင်တိုင်းကြဲလေတော့သည် မင်းသားမထွက်သေးမီ ခွန်းထောက်ဆိုသော
ပြက်လုံးထုတ်သော လူရွှင်တော်တွေကအစ
ယိမ်းသမအယောက်နှစ်ဆယ်ကျော်အားလုံးကို
ပိုးထည်တွေ ပစ်ပစ်ပြီး ဆုချလေတော့၏
လူရွှင်တော်တွေက မိမိဆွေအား ရွှီကနဲ
လက်ခေါက်မှုတ်လျှက် ဩဘာသံပေးကြသည်
ယိမ်းသမတွေမှာလည်း သူ့အဆင်ကိုယ့်အဆင်
ယှဉ်ကြည့်ရင်း ပျော်မဆုံးမော်မဆုံး
" ဟင်း ... နောက်ဆုံးတော့
ညည်းတို့ ဘာတတ်နိုင်သေးသလဲ
ရွှေဆိုင်တန်းသူတွေရယ် "
မိမိဆွေက ဂုဏ်ယူဝင့်ကြွားသောမျက်လုံးများနှင့်
တစ်ဖက်ဖျာကို စောင်းငဲ့ကြည့်သည် ယုယုသည်
မျက်နှာအကြီးအကျယ်ပျက်လျှက်ရှိ၏ ဘေးမှ ညီမဖြစ်သူက သူ့လက်ကိုဆုပ်ကိုင်ကာ အားပေးနေဟန်ရှိသည်ကိုမြင်လိုက်ရတော့ မိမိဆွေ အတော်ကျေနပ်သွားသည် သူတို့ ရွှေထည်တွေဆိုတာက ပိုးထည်လို လူစေ့တက်စေ့ပေးဖို့ဆိုတာ
လုံးဝမဖြစ်နိုင်ဘူး မဟုတ်လား
သို့သော် မိမိဆွေ၏အတွေးမှာ တတိယခွင်လောက်အထိတော့မှန်နေပါသေးသည် မနက်မိုးသောက်ကာနီး မင်းသားနှင့် ပရိသတ်နှုတ်ဆက်ရမည့်အချိန်ကို ရောက်ပြီ မိမိဆွေမှာ ကိုယ့်ဖက်က နိုင်မှာသေချာနေပြီမို့ အတန်ငယ်ပင် ငိုက်မြည်းချင်သလိုဖြစ်လာသည်
" ဟာ ရွှေတွေဟေ့ "
" လက်စွပ် လက်စွပ်တွေတော့ "
" ဟယ် ဟယ်တော် ရွှေဆိုင်တန်းသူတွေဖက်က "
ဆူဆူညံညံအသံတွေကြောင့် မိမိဆွေ နိုးလာသည်
ဇာတ်ခုံပေါ်ကို လှမ်းကြည့်မိချိန်မှာတော့ သူ့မျက်လုံးတွေ ပြူးထွက်လုမတတ်ဖြစ်သွားရ၏ ရွှေလက်စွပ်တွေ ဆိုသည်မှာ နှမ်းစေ့တွေ ကြဲပက်လိုက်သည်ပမာ ဇာတ်ခုံပေါ်ကို တဒေါက်ဒေါက်
ပြုတ်ကျကုန်သည်
" မမ မမ မလုပ်ပါနဲ့ " ဆိုပြီး အော်ပြောနေသော
နုနု၏ အသံကိုလှမ်းကြားနေရသည် သို့သော်
ယုယုကား ကတ္ထီပါ သေတ္တာလေးထဲကနေပြီး
စင်ပေါ်ကို လှမ်းလှမ်းပစ်မိနေသော လက်တွေကို
ဟန့်တားနိုင်ခြင်းမရှိခဲ့ နောက်ဆုံး၌ အကုန်လုံး
ပတ်တုပ်မရ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်သည်မို့
ဇာတ်ဆရာမှာလည်း ကန့်လန့်ကာကို အမြန်ဆုံးပိတ်ကာပစ်လိုက်ရ၏
ပိုးထည်တန်းသူတွေအားလုံးမှာ ပါးစပ်အဟောင်းသား ရွှေဆိုင်တန်းသူတွေဆိုသည်မှာလည်း အားပါးတရလက်ခုပ်တွေတီးနေမိသည်မှာ လက်ဖဝါးများပင် ရဲပတောင်းခတ်လာတော့သည်အထိ
ထိုအချိန်မှာပင် ရွှေမန်းတင်မောင်၏
အောင်ပါစေ သီချင်းက ဟီးထွက်လာပြန်သည်
" အောင်ပါစေသား ... အောင်စေသားဟေ့ "
🍧
ပွဲက အနိုင်နှင့်ပြီးသွားသည်
မိမိဆွေသည် ရှက်လွန်းသောကြောင့် တစ်လကိုးသီတင်း ဆိုင်လာမထွက်နိုင် ယုယုသည် တစ်နေ့တစ်နေ့ ရောက်လာသော သတင်းများကြောင့် လွန်စွာမှ နားအရသာတွေ့နေရသည်
ဒီလိုနေ့ရက်တိုင်းဟာ သူ့အတွက်တော့ အောင်ပွဲတွေပင်
" ညည်းတို့ သိပြီးမဟုတ်လား
ရွှေဆိုင်တန်းသူကို လာမစမ်းနဲ့
ဆိုင်ပါပိတ်ပြေးရမယ် ဆိုတာပေါ့အေ
ဟင်းဟင်း "
ဒီစကားကိုလည်း ပိုးထည်တန်းသူတွေကို
တွေ့တိုင်း တစ်ရက်လျှင် လေးငါးဆယ်ခါမက
ပြောမိချေသေး၏
သို့သော် မပျော်နိုင်သူတွေမှာတော့ နုနုနှင့်
မာမာတို့နှစ်ဦးပင်ဖြစ်သည် နုနုသည် ငါကိုက
မနေနိုင်မထိုင်နိုင် ပူဆာမိလို့ ခုလိုဖြစ်ရတာဆိုပြီး မိမိကိုယ်ကိုယ် အပြစ်တင်သည် မာမာကတော့ ဇာတ်ခုံပေါ်ကို လိမ့်ထွက်သွားသော ရွှေလက်စွပ်တွေကို ခုထိ မျက်လုံးထဲက မထွက် ဘယ်နှပိဿာ ဘယ်နှကျပ်သားလောက်များရှိနေမလဲ တွက်ကြည့်မိတိုင်း တသသ နှမြောနေမိသည်
ယခင်က ရွှေတွေဝင်းအိပြီးရှိနေတတ်သော မှန်ကောင်တာလေးမှာ ယခု နေရာလွတ်တွေနှင့် ဖြစ်နေပြီ နုနုသည် ဒီလဆန်း စာရင်းပိတ်လို့ ရွှေချိန်တွေကွာနေတာကိုသာ သိလျှင် မိခင်ဖြစ်သူနှင့် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုသည်ကိုတွေးရင်းလည်း ရင်တွေမောနေရသည်
နေ့ရက်တွေက ပျင်းရိခြောက်ကပ်စွာ ကုန်ဆုံးလာသည်နှင့်အမျှ မမယု၏ အပြုံးတို့မှာလည်း တဖြည်းဖြည်းနှင့် အားလျော့လာခဲ့ပါသည်
ဘာဖြစ်ဖြစ် ငါနိုင်ခဲ့တာပဲဆိုပြီး အားတင်းသော်လည်း အားသိပ်မရှိလှတော့ အောင်ပွဲကိုတွေးတွေးပြီး ကျေနပ်နေသောစိတ်နေရာတွင် အမေသာသိလျှင် ငါတို့ကိုဆိုင်ထိုင်ခိုင်းပါတော့မလားဆိုပြီး စိုးရိမ်သောစိတ်တွေက အစားထိုးဝင်ရောက်လာ၏
" မမယု ဟိုမှာ ဟိုမှာ
အမေကြီးလာနေတယ် "
" မိယု ဟင် မိယု
ညည်းဘယ်လို လုပ်လိုက်သလဲအေ့
ငါ့နှယ် သူများပြောမှ သိရလေခြင်း "
သိပ်မကြာပါ ကတုန်ကယင်လှမ်းပြောလိုက်သော မာမာ၏အသံနှင့်အတူ ဆိုင်ထဲကို ဒေါကြီးမောကြီးနှင့် ဝင်ရောက်လာသည့် မိခင်အား မြင်လိုက်ရ၏
" ငါ့သမီးလေး လိမ္မာလှချေရယ်လို့ ဆိုင်ထိုင်ခိုင်းမိတယ် ခုတော့ ရွှေငါးဆယ်သားကို တစ်ညထဲဖြုန်းလိုက်သတဲ့ ဟိုက ညည်းလင်မို့
ပေးနေဆင်နေရတာလား ပြောစမ်းပါဦး "
" အမေရယ် တိုးတိုး
တိုးတိုးပြောပါ "
နုနုက ကြားထဲမှနေပြီး ဝင်ရောက်ဖြန်ဖျေသည် သို့သော် မိခင်၏ ဒေါသတွေကိုတော့ ဟန့်တားနိုင်ခြင်းမရှိခဲ့ပါ နဂိုထဲက တိတ်ဆိတ်နေသောနေရာမို့ ဆူသံဆဲသံက ကျယ်လောင်ထွက်လာသည် ယုယုမှာတော့ ဘာကိုမှမမြင် ဘာကိုမှမကြားရသည့်ပမာ ကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ ငူငူကြီးထိုင်လျှက်ရှိ၏
အသံကြားသောကြောင့် ခေါင်းပြူထွက်လာသော ဆိုင်နားနီးချင်းအချို့မှာလည်း အချင်းချင်းလက်တို့လျှက် သူတို့ညီအစ်မကို သနားသလိုကြည့်ကြသည် ပတ်ဝန်းကျင်ရှိ မြင်ကွင်းတစ်ခုစီတိုင်းကို လိုက်ကြည့်နေရင်း နုနုမျက်လုံးတွေ ဝေဝါးလာသည် မိခင်၏အော်သံကလည်း နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်နှင့် ...
နုနုသည် ရှက်ရွံ့လှသည်ဖြစ်သောကြောင့် ဈေးခုံကြီးတစ်ခုလုံး မဟာပထဝီမြေကြီးကဲ့သို့ အက်ကွဲကာ မိမိအားမြိုသွားပါစေတော့ဟူ၍သာ အတွင်ဆုတောင်းနေမိလေတော့သည်။
