တစ်ဂါထာလျှင် အဖိုးတသိန်းထိုက်တန်သော  သတသဟဿာရဟ အဖိုးတန်

အို လောကစောင့်ကြပ် နတ်များအပေါင်းတို့၊ တရားနာလာကြ ကုန်လော့။ တောစောင့်နတ်၊ တောင်စောင့် နတ်အပေါင်း၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်အပေါင်း၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး နတ်အပေါင်းတို့ တရားနာ လာကြကုန်လော့ ။

မြေစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ဝဠာဟက နတ် ၊ ပဇ္ဇုန် နတ်၊ စတုလောက ပါလ နတ်၊ သိကြား၊ ဗြဟ္မာ၊ အသုရာ၊ ယမာ အစရှိသော နတ်ဗြဟ္မာ အပေါင်းတို့ တရားနာ လာကြကုန်လော့။

နဂါး၊ ဂဠုန်၊ ကုမ္ဘန် ၊ ယက္ခိုက် အစ ရှိသော ဥပါသကာ အပေါင်းတို့ တရားနာလာကြကုန်လော့။

ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီ အစ ရှိသော သူတော်ကောင်း အပေါင်းတို့တရားနာလာကြကုန်လော့။

အို လူအပေါင်း ၊ နတ်အပေါင်း ၊ အပါယ်လေးပါးသတ္တဝါ အပေါင်းတို့ တရားနာရန် ဖိတ်ခေါ်ကုန်၏ ။

အကျွန်ုပ်သည် ဝေနေများစွာ သတ္တဝါတို့၏ ချမ်းသာမှုကို ရှေးရှု၍ ကောင်းမြတ်သော စိတ်စေတနာဖြင့် ကဿပမြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် တစ်ဂါထာလျှင် အဖိုးတစ်သိန်း ထိုက်တန်သည့် အလွန် တရာ ကြားရ နာရ ခဲလှစွာသော " သတ သဟဿာရဟ " ဂါထာတော် ကို ရွတ်ဖတ် သရဇ္စျာယ် ပါကုန်အံ့။

ကောင်းမွန်ရိုသေစွာ နာကြားကြကုန်လော့ ။ 


သကိံ ဒေဝ မဟာရာဇ
သဗ္ဘိဟောတိ သမာဂမော။
သာနံပါလေတိ သင်္ဂတိ
နာ သဗ္ဘိ ဗဟုသင်္ဂမော။

သဗ္ဘိရေဝ သမာသေထ
သဗ္ဘိ ကုဗ္ဗထ သန္ထဝံ။
သတံ သဒ္ဓမ္မ မညာယ
သေယော ဟောတိ နပါပိယော။

ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဥ္စ ဓမ္မော န ဇရံ ဥပေတိ
သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

နဘိံ စ ဒူရေ ပထဝီ စ ဒူရေ
ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ
သတဥ္စ ဓမ္မော အသတဥ္စ ရာဇတိ။


အနက် -

အဆွေတော် မင်းမြတ် … သူတော်ကောင်းတို့နှင့်တစ်ကြိမ် တစ်ခါမျှသာလျှင် အကြောင်းအခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရပေ၏။ ထိုတစ်ကြိမ်မျှ ပေါင်းဆုံမှီဝဲရခြင်းသည် ထိုထို အခွင့်ကြုံ၍ ပေါင်းဆုံမှီဝဲရသောသူကို ဘေးရန် မနှောက် ချမ်းသာရောက်အောင် ကယ်မစောက်ရှောက်နိုင်ပါပေ၏ ။

တရားကင်းကွာ သူယုတ်မာတို့နှင့် ကြိမ်ဖန်များစွာ ပေါင်းဆုံမှီဝဲသော်လည်း ဘေးရန်မနှောက် ချမ်းသာ ရောက်အောင် မစောင့်ရှောက် မကယ်မနိုင်ပေ။ အဆွေတော်မင်းမြတ်…. ထို့ကြောင့် သူတော်ကောင်းတို့နှင့် သာလျှင် ပေါင်းဆုံအမြဲ မှီဝဲဆည်းကပ်ရာ၏ ။ သူတော်ကောင်းတို့နှင့် မိတ်ဆွေဖွဲ့ ခြင်း ကျွမ်းဝင်ချဉ်းကပ်မှုကို ပြုရာ၏။ ပြုပါလေ။ ဘုရားအစ ရှိသော သူတော်ကောင်းတို့၏ ပစ္စုပ် သံသာ နှစ်ဖြာ ကြီးပွါး ချမ်းသာကြောင်း ပုည ကိရိယ ဗောဓိ ပက္ခိယ တရားကောင်းကို တစ်လုံးတစ်ပါဒ စ၍ ကောင်းစွာ သိမြင်လာရသည် ရှိသော် တစ်နေ့တစ်ခြား ကြီးပွါးချမ်းသာ မြင့်မြတ်လာနိုင်ပါလေ၏။ ဆုတ်ယုတ်နိုင်ကြခြင်း အလျှင်းပင်မရှိနိုင်ပေ ။

အဆွေတော် မင်းမြတ် ….မွမ်းမံခြယ်လှယ်၍ အဆန်းတကြယ် လှပြီး ခိုင်ခံ့ကုန်သော မင်းစီးရထား တို့သည် စင်စစ်ဧကန် အမှန်ပင် ဟောင်းနွမ်း ဆွေးမြေ့ တစ်နေ့နေ့တွင် ပျက်စီး၍ သွားကြရကုန်၏ ။ ထို့အပြင် ကျွေးမွေး သုတ်သင် နေ့စဉ်နှင့်အမျှ မွမ်းမံ ခြယ်သကာ တယုတယ စောင့်ရှောက်၍ နေကြသော သူသူငါငါ ဤခန္ဓာကိုယ် ကြီး သည်လည်း ပြုပြင်ရင်းက အိုမင်းဆွေးမြေ့ တရွေ့ ရွေ့ နှင့် ပျက်စီး၍ သွားရမြဲသာတည်း ။ ပြုလည်းမပြု၊ ပြင်လည်းမပြင် ပင်ကိုယ်မြဲတည် သူတော်ကောင်းတို့၏ တရားဖြစ်သော နိဗ္ဗာန်သည်ကား ပျက်စီး ယိုယွင်း အိုမင်း ဆိတ်သုဉ်းခြင်းသို့ ကမ္ဘာလွှဲဖောက် ကပ်တွေပျောက်လည်း ဘယ်သောအခါမျှ မရောက်နိုင်ပါချေ။ ဘုရား အစရှိသော သူတော်ကောင်းတို့သည် သူတော်ဥစ္စာ ဘယ်ခါမပြတ် ထို နိဗ္ဗာန် ချမ်းသာမြတ်ကိုသာလျှင် စင်စစ် ဧကန် အမှန်ပင် ထုတ်ဖော် မြွက်ဟ ပြောဆို ချီးကျူးကြလေကုန်၏ ။

အဆွေတော်မင်းမြတ်…ထက်လဟာပြင် မိုးကောင်းကင်သည်လည်း မြေပြင်မှ တစ်စပ်တည်းပင် ထင်ရစေကာ အလွန်ပင် ဝေးကွာလှချေ၏။ မြေပြင်သည်လည်း ထက်လဟာပြင် မိုးကောင်းကင်မှ တစ်စပ်တည်းပင် ထင်ရ စေကာမူ အလွန်ပင် ဝေးကွာလှချေ၏။ တင်းကြမ်း ရေပြင် ကမ်း မမြင်သော ပင်လယ်သမုဒ္ဒရာ၏ ဟိုမှာ ဘက်ကမ်းသည် ဤမှာ ဘက်ကမ်းမှ မှန်းဆနိုင်အောင် ဝေးကွာလှချေ၏။ ဤမှာ ဘက်ကမ်းသည်လည်း ဟိုမှာ ဘက်ကမ်းမှ မှန်းဆမထင် အလွန်ပင် ဝေးကွာလှချေ၏။ ထိုစကားကို ထိုသို့ပင် ဘုရား အစရှိသော သူတော် ကောင်းတို့သည် ပြောဆိုတော်မူကြကုန်၏။ သူတော်ကောင်းတို့၏ တရားသည်လည်း မသူတော်တို့ တရားမှ ထိုမိုးမြေ နှစ်သွယ် ပင်လယ်ကမ်း နှစ်ခုတို့ထက် စင်စစ်ဧကန် အမှန်ပင် အရှေ့ အနောက် တောင် နှင့် မြောက် သို့ ထောက်ဆနှိုင်းညှိ၍ မရအောင် အလွန့်အလွန်ပင် ဝေးကွာလှချေ၏ ဟူ၍ ဘုရား အစရှိသော သူတော် ကောင်း တို့သည် မိန့်ဆိုတော်မူကြကုန်၏။