အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။
ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရ တာလဲ . . .။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့ မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ?
မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ "ဂျူး" ရေးတဲ့"မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ" စာအုပ်လေး ဖတ်လိုက်ရမှ အဖြေထွက်သွားတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့ -
၁။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ -
၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၄/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)
အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -
- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး
ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -
( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်
၂။ ၅၂၈ မေတ္တာ (မိဘတို့၏အချစ်)
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ -
(၁) သဗ္ဗေသတ္တာ၊
(၂) သဗ္ဗေပါဏာ၊
(၃) သဗ္ဗေဘူတာ၊
(၄) သဗ္ဗေပုဂ္ဂလာ၊
(၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊
(၆) သဗ္ဗေက္ကိထိယော၊
(၇) သဗ္ဗေပုရိသာ၊
(၈) သဗ္ဗေအရိယာ၊
(၉) သဗ္ဗေအနရိယာ၊
(၁၀) သဗ္ဗေဒေဝါ၊
(၁၁) သဗ္ဗေမနုဿာ၊
(၁၂) သဗ္ဗေဝိနိပါနိကာ
အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -
- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
- အထက်နဲ့ အောက် (၂) မျက်နှာ ။
အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -
ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ
၁၅၀၀ အချစ်နဲ့ ၅၂၈ ကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈) မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊ ဆရာမ "ဂျူး" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။

