လူတိုင်းမှာ သူ့နေရာနဲ့သူ ကိုယ်စီတန်ဖိုးတွေနဲ့..

တစ်ခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို အင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ် ဒီတော့ ကျနော်တို့က "ကို" တပ်ပြီး ခေါ်ပေမယ့်
သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်...

စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ
ဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့ ရိုရိုသေသေဆက်ဆံရတာပေါ့လေ...

ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲ သဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်။
တခါတလေ ကိုယ်ကတောင် ကြားထဲကနေ
ဝင်အားနာရတယ်...

ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်။ ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား...

ဒီလိုနဲ့ တစ်နေ့...

သူငယ်ချင်းက ဒေါကန်နေပါတယ်။
ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာ
ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့... ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး အိမ်လိုက်သွားကြတယ်။ တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့...

ဒီလိုနဲ့ ဒရိုင်ဘာအိမ်ရောက်သွားတယ်
သူ့အမေလို့ ထင်ရတဲ့ အန်တီကြီးတစ်ယောက် ထွက်လာတယ်၊ မေးလိုက်တယ်၊ ရှိလားပေါ့...
ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ်ဆိုပြီး
ပြောတယ်၊ နောက်တော့ အနားကိုရောက်လာတဲ့ ကောင်မလေးတစ်ယောက်ကို အန်တီကြီးက လှမ်းပြောလိုက်တယ်...

ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊ ဒီမှာ သူ့အလုပ်ရှင်အိမ်က လိုက်လာတယ်ပေါ့ စသဖြင့်၊ အဲ့ဒီမှာ ကောင်မလေးကဘာပြောလိုက်လဲဆိုတော့...
"ကိုကြီးအိပ်နေတာ မနှိုးရဲဘူး"တဲ့...

ကျတော့်သူငယ်ချင်းကို ကြည့်လိုက်တော့
ဒီကောင် တချက်တွေသွားတယ်။ စက္ကန့်ပိုင်းလောက်ပေါ့...
နောက်တော့ ကောင်မလေးကို ပြောလိုက်တယ်။
"မနှိုးရဲရင် သွားမနှိုးနဲ့တော့၊ ထားလိုက်ပါ သူအိပ်ပါစေ" တဲ့ ပြီးတော့ ပြန်လှည့်လာခဲ့လိုက်ကြတယ်...

အပြန်လမ်းမှာ ကျနော် သူ့ကို မေးကြည့်တယ်
"မင်းဘာဖြစ်သွားတာလဲ"လို့...

သူငယ်ချင်းက ပြန်ဖြေတယ်
"ငါ သူ့အပေါ်လေးစားမှုရှိရမယ်လေကွာ"တဲ့
"သူက ဘယ်လိုပဲ ဒရိုင်ဘာပဲဖြစ်ဖြစ်၊ ငါဘယ်လိုပဲ ဆဲဆဲဆိုဆို၊ အနိုင်ကျင့်ကျင့် သူ့ပတ်ဝန်းကျင်မှာတော့ သူဟာ မိသားစုရဲ့အားကိုးရာ၊ လေးစားရာ၊ ရိုသေရာ
လူသားတစ်ယောက်ပဲကွ"တဲ့...

"ဟိုကလေးမလေး ပြောတဲ့စကားကို ကြားတယ်မလား၊ ကိုကြီးအိပ်နေတာ သွားမနှိုးရဲဘူးတဲ့"...

"သူ့ပတ်ဝန်းကျင်၊ သု့မိသားစုမှာတော့ တော်တော့ကို အရှိန်အဝါကြီးပုံရတယ်၊ ငါက ဒါကို ထည့်မတွက်ဘဲ ခါတိုင်းလို သွားဆက်ဆံလိုက်ရင် သူ့အားကိုးနေတဲ့ သူ့မိသားစုဘယ်လိုခံစားသွားရမလဲ၊
သူကိုယ်တိုင်ရော..."

လူတစ်ယောက်ဟာ တစ်နေရာရာမှာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ဘယ်ဘဝပဲရောက်နေရောက်နေ၊ အောက်ခြေသိမ်းပဲဖြစ်ဖြစ်၊ အနှိမ်ခံပဲဖြစ်ဖြစ်၊ ဘယ်သူမှဆေးဖော်ကြောဖက်မလုပ်ချင်တဲ့သူပဲဖြစ်ဖြစ်၊ အဲ့ဒီလူဟာ တခြားသော တစ်နေရာရာမှာတော့အရှင်သခင်တစ်ပါး၊ မှီခိုအားကိုးရာတစ်ဖြစ်နဲ့ရိုသေလေးစားစရာပြယုဂ် တစ်ခုခုတော့ ဖြစ်နေတတ်ပါတယ်...
တစ်ရက်ကလိုပေါ့
ဖြတ်သွားသူတိုင်း နှာခေါင်းပိတ်ဖြတ်လေ့ရှိတဲ့ အမှိုက်ပုံမှာ အလုပ်လုပ်နေရတဲ့ စည်ပင်ကဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲထည့်မလဲဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ... ဒါပေမဲ့ ကျနော်လည်း အမှိုက်သွားပစ်ရော အဲ့ဒီဝန်ထမ်းလေးရဲ့ ဇနီးဖြစ်ပုံရတဲ့ ကောင်မလေး ရောက်လာပြီး ဘာပြောသွားတယ်မှတ်လဲ...
"မနက်က ဆေးသောက်ပါဆို သောက်မသွားဘူး၊လူကို အမြဲတမ်း စိတ်မောရအောင်လုပ်တယ်၊ ရော့ ဒီမှာဆေး အခုသောက်"တဲ့...
အဲ့ဒီစကားလေးကြားမိတော့ ကျနော့ဖြင့်
အဲ့ဒီစည်ပင်ဝန်ထမ်းလေးအပေါ် လေးစားသွားလိုက်တာ ဪ...တစ်လောကလုံးက 
သူ့အပေါ် ဘယ်လိုပဲသဘောထားထား 
သူ့အပေါ် မင်းသားတစ်ပါးလို
ဆက်ဆံတဲ့သူဆိုတာတော့ ရှိနေတာပါပဲလားလို့...
တဖက်က ပြန်စဉ်းစားပြန်ရင်လည်း ဒီလိုပါပဲ။ တစ်လောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊ ဘယ်လိုဆက်ဆံ ဆက်ဆံ အရေးမကြီးဘူး... အရေးကြီးတာက ငါချစ်ရတဲ့သူတွေ၊ ငါ့ကိုချစ်တဲ့သူတွေနဲ့ ငါ့ပတ်ဝန်းကျင်၊ ငါ့မိသားစုလေးမှာ ငါဟာ တန်ဖိုးရှိတဲ့၊ လေးစားခံထိုက်တဲ့ လူသားတစ်ယောက် ဖြစ်နေရင် ရပြီဆိုတာမျိုး... ဆိုလိုတာက လူတစ်ယောက်ကို ဘယ်တော့မှ အထင်မသေးပါနဲ့၊ မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့ သူ့အတွက် ကမ္ဘာဆိုတာ ဒီတစ်နေရာတည်းမှာပဲ ရှိနေတာ မဟုတ်လို့ပါ...

#crd