(မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ)
#နီကိုရဲ

ကြည်ပြာသည် ကျွန်တော့်ဘဝ၏ ဟန်သစ် ၊ ရင်ခုန်သံ ၊ အိပ်မက်ဖူး ၊ ရင်ခုန်ပွင့် ၊ ပုံရိပ် ၊ အောင်လံ ၊ သရဖူ ၊ အပျိုမ ၊ ဖက်ရှင် ဖြစ်သည် ။ သို့မဟုတ် ကျွန်တော်၏ ဒုတိယဥာဉ် ၊ ပန်းပွင့်များကို အပိုင်စားရသည့် ဖလော်ရာ နတ်သမီး၏ ဥယျာဉ်တော်ထဲမှ ပထမဦးဆုံးပန်းပွင့် ။ ဒါမှမဟုတ်လျှင် ကြည်ပြာသည် ကျွန်တော်၏ နံရိုးတစ်ချောင်း ၊ ဧဝ၏ ပြောင်းထားသောနာမ ၊ ဘယ်တော့မှ ရေးဖွဲ့ဆုံးတော့မည် မဟုတ်သည့် ခေတ်ပေါ် မဟာမော်ကွန်း ကဗျာရှည် တစ်ပုဒ်သာလျှင် ဖြစ်လေသည် ။
ကြည်ပြာသည် မီးတောက်ငယ်လေး တစ်ခုလို ပါးလှပ်နွဲ့လျသည် ။ လမင်းနံဘေးမှ မျောလွင့်နေသည့် ညတိမ်တိုက် တစ်ခုလို အပြောင်းအလဲမြန်သည် ။ မြွေတစ်ကောင်လို ကြောက်မက်ဖွယ်ရာ အဆိပ်နှင့် ငေးမဝနိုင်သော နွဲ့ပြောင်းမှု ရှိသည် ။ ညမိုးလို ဒေါသကြီးတတ်ပြီး တစ်ခါတစ်ရံ ဆောင်းဦးနံနက် နှင်းမှုန်ကလေးလို နူးညံ့နေတတ်ပြန်သည် ။
ခုဆိုလျှင် ကြည်ပြာနှင့် ကျွန်တော်သည် စိတ်ဆိုးစိတ်ကောက်ပွဲများစွာ ၊ ထင်မှတ်မထားသော ရုတ်တရက်ပေါင်းများစွာ ၊ နားလည်ခွင့်လွှတ်ရပေါင်းများစွာကို ဖြတ်သန်းခဲ့ရဖူးပြီ ။ ဟိုတုန်းကတော့ ကြည်ပြာ့ထံမှ ချစ်ခြင်းမေတ္တာကိုရလျှင် ကျွန်တော့်ဘဝ ပြီးပြည့်စုံပြီဟု ထင်ခဲ့ဖူး၏ ။ ခု ဒီလိုမဟုတ်တော့ ။ ‘ ချစ်သည် ’ ဆိုသည့် စကားအသိကလေးနှင့် ကျွန်တော် မကျေနပ်နိုင် ။ သံယောဇဉ် ရှိပါသည် ဆိုသည့် သတ်မှတ်ချက်ကလေးနှင့် ကျွန်တော် မတင်းတိမ်နိုင် ။ ခွင့်လွှတ်နားလည်ခြင်း ဆိုသည့် ဖြစ်ရပ်ကလေးများနှင့် ကျွန်တော့်မှာ မလုံလောက်နိုင် ။ တစ်စတစ်စ ကျွန်တော် လောဘကြီးလာသည် ။ သို့မဟုတ် သဘာဝကျချင်လာသည် ။
ကြည်ပြာ့မျက်ဝန်းညိုညိုများသည် ကျွန်တော့်ကို တွေ့သည့်အခါ ပုလွေသံမှာ မြွေကို ကခိုင်းတတ်သည့် အလမ္မာယ် ဆရာ၏ မျက်ဝန်းမျိုး ၊ ဆပ်ကပ်ထဲက ကျားတွေကို မီးကွင်းထဲ ခုန်ဝင်ခိုင်းသည့် ကြာပွတ်ကိုင် မိန်းမပျိုကလေး၏ မျက်ဝန်းမျိုး ၊ ကလေးဆွဲသည့် အရုပ်ကို ငေးကြည့်သည့် လူကြီးတစ်ယောက်၏ မျက်ဝန်းမျိုးသာလျှင် ဖြစ်သည် ။
ထိုအချက်ကို ကျွန်တော် မကျေနပ်နိုင် ။ ထိုအချက်များ၏ နောက်ကွယ်မှ ခံစားချက်သည် ကြည်ပြာက ကျွန်တော့်ကို မချစ်လို့ဆိုသည့် အချစ်ကြီးတတ်သူတို့၏ ခြောက်လှန့်ခံနေရမြဲ တစ္ဆေက ကျွန်တော့်ကို အမြဲခြောက်လှန့်လျက်ရှိ၏ ။
ကျွန်တော်က ကြည်ပြာ့ကို မတွေ့ရလျှင် မနေနိုင် ။ ကြည်ပြာနှင့် မတွေ့ရသော ၊ တွေ့ခွင့်မရသော ရက်များသည် နေဝင်ဖို့ အတော်ခဲယဉ်းလွန်းသည် ။ ကျွန်တော့်ရင်သည် ဟာလျက်ရှိကာ ကျွန်တော့်သွေးများသည် ဟိုဟိုသည်သည် ဘယ်လို စီးဆင်းရမယ် ဆိုတာ မသိဖြစ်နေသလို တုံ့ဆိုင်းနေတတ်၏ ။ သို့သော် ကြည်ပြာကတော့ ထိုနေ့ရက်များအတွက် ဘယ်လိုမှ ဖြစ်ပုံမပေါ် ။ ဘာမှ ခံစားရပုံမပေါ် ။ သက်သောင့်သက်သာ အေးအေးလူလူပင် ရှိသည် ။
တွေ့ရသည့် ရက်များကျတော့လည်း ကျွန်တော်က တစိမ့်စိမ့် ငေးမောကာ ကြည်နူးရင်ခုန် ကျေနပ်ရသလောက် ကြည်ပြာက မသိကျိုးကျွံ ရှိလွန်းသည်ဟု ကျွန်တော် ထင်သည် ။ ဒီလိုနှင့်ပင် ကြည်ပြာသည် ကျွန်တော် ချစ်ရသလောက် ကျွန်တော့်ကို မချစ်ဟု စိတ်ထဲတွင် စွဲနေမိသည် ။ ကြည်ပြာသည် ကျွန်တော်နှင့် ပတ်သက်လျှင် အရာရာ သွေးအေးလွန်းသည် ။ ဥပေက္ခာထားလွန်းသည် ။
ကြည်ပြာဟာ ငါ ချစ်သလိုမှ ငါ့ကို ချစ်ရဲ့လား . . . ။
ကျွန်တော် ( ၄၇ ) အမြန်ကားလေးကို တွယ်စီးရင်းက ကြည်ပြာ့အကြောင်းကို စဉ်းစားနေခြင်း ဖြစ်၏ ။ ဗိုလ်တထောင် တက္ကသိုလ် ကျောင်းသားများ၏ ဒုက္ခအတိုင်း ကျွန်တော် ( ၄၇ ) ကားလေးကို တာမွေမှပြောင်းကာ တွယ်စီးရသည် ။ အမေက လက်ကြောမတင်းဘူးဟု မကြာခဏ အပြောခံရသော ကျွန်တော့်လက်ကြောများသည် တင်းရလွန်းသဖြင့် ပြတ်ထွက်တော့မလား ထင်ရ၏ ။ ဒီကြားထဲ ကျွန်တော့်ခြေထောက်ကို တွယ်သူတစ်ယောက်က နင်းထားသေးသည် ။
ကျောက်မြောင်းစျေး ရောက်တော့ တွယ်စီးသူက ခြောက်ယောက်ဖြစ်လာသဖြင့် ကျွန်တော့်အတွေးကို ရပ်ကာ အဆင်ပြေဖို့ ခန္ဓာကိုယ်ကို အထဲထိုးသွင်းရသည် ။ ကျွန်တော့်ခန္ဓာကိုယ်ကို တွယ်စီးသူများထံတွင် ဖေးမထားရ၏ ။ မနက်က မိုးဖွဲဖွဲ ရွာထားသဖြင့် ကားမှတ်တိုင်တွင် ထီးထုတ်ဆောင်းထားသောကြောင့် ကျွန်တော့်ချိုင်းကြားတွင် ထီးတစ်လက် ၊ လွယ်အိတ်တစ်လုံးဖြင့် ရှုပ်ယှက်ခတ်ကာနေသည် ။ သီတာလမ်း မှတ်တိုင်တွင် ညာဘက်နံဘေးမှ ထိုင်လာသူ ကျောင်းသူတစ်ဦးက ဗရုတ်သုတ်ခ ဖြစ်နေသော ကျွန်တော့်ကို ‘ ထီးပေးထားပါလား ’ ဟု ပြောကာ ကူညီရှာသည် ။ သို့ဖြင့် ကျွန်တော့်လက်နှစ်ဖက်စလုံးသည် အတွင်းသံတန်းများကို ကိုင်နိုင်ကာ အသက်ရှုချောင်သွားခဲ့သည် ။ ကားလေးက မှတ်တိုင်တွေမှာ မရပ်တော့ဘဲ မှန်မှန်ပြေးနေသည် ။
စိန်ပေါလ် မှတ်တိုင်ရောက်တော့ ဗိုလ်တထောင် သမီးပျိုများသည် ( ၄၇ ) နောက် တဖုတ်ဖုတ် ပြေးလိုက်ကာ အလုအယက် တက်ကြရှာ၏ ။ ဆင်းသူနှစ်ယောက် ဖြစ်ကာ တက်သူက သုံးယောက် ဖြစ်သည် ။ ကားလေးက အရှိန်ဖြင့် မောင်းထွက်တော့ ထိုင်ခုံမှာ မထိုင်ရေသးသည့် မိန်းကလေးများ အလေးချိန်က တွယ်စီးသူများထံ ရောက်လာသည် ။ တွယ်စီးသည့် ကျောင်းသားများက ‘ ဟေး ’ ဟု ကျားညာသံပေးကာ တောင့်ခံရ၏ ။
ဒီလိုနှင့် နောက်ဆုံးခုံမှာ ကောင်မလေးနှစ်ယောက် ထပ်ထိုင်ရသည် ။ အတွင်းသို့ တိုးဝင်ကာ တွယ်ထားသော ကျွန်တော့်အောက်ပုဆိုးစသည် မပြေမလည် ထပ်ထိုင်ရသော ကောင်မလေး နှစ်ယောက်၏ ဖိနပ်အောက် ရောက်နေသည် ဆိုတာကို ကျွန်တော် မသိခဲ့ ။
ဗဟိုရုံး မရောက်ခင် ကားကွေ့သောအခါ တွယ်စီးသူအားလုံး ယိမ်းနွဲ့ကာ ဟန်ချက်ကို ထိန်းရသည် ။ ထိုစဉ်မှာပင် ကောင်မလေး ခြေထောက်အောက် ရောက်နေသော ကျွန်တော့်ပုဆိုးစကို ဆွဲချွတ်သလို ဖြစ်သွားကာ . . . ။
ခပ်တင်းတင်း ထိုးထည့်ထားခဲ့သော ခါးပုံစသည် အတွင်းမှ ရုန်းကန်ထွက်လာသည်ကို ကျွန်တော် ခံစားသိရှိလိုက်ရသည် ။ ကံကောင်းသည်မှာ ကားက ပြန်လည်တည့်မတ်သွားသဖြင့် ခါးပုံစက အားနှင့် ဆက်မထွက်တော့သော်လည်း တဖြည်းဖြည်း ပြေကာကျလာနေ၏ ။
‘ ကျွတ်ပြီ . . . ကျွတ်နေပြီ ၊ ကျွန်တော့်ပုဆိုး ကျွတ်နေပြီဗျ ’
လက်များကို ကျွန်တော် ချွတ်၍မရ ၊ လက်ချွတ်၍ ပုဆိုးကိုင်လျှင် အားလုံး ပြုတ်ကျတော့မည် ။ ပြီးတော့ ကျွန်တော်က အောက်ခံဘောင်းဘီလည်း ဝတ်တတ်သူ မဟုတ် ။ ကျွန်တော် အသည်းထိတ်စွာ ကျုံးအော်ရသည် ။
‘ ပုဆိုး . . . ပုဆိုး ကျွတ်နေပြီ ၊ ပုဆိုးကျွတ် . . . ’
တစ်ယောက်နှင့်တစ်ယောက် ပေါင်ပေါ်ထပ် ထိုင်နေသည့် ကျောင်းသူနှစ်ယောက်ရှေ့တွင် ကျွန်တော့်ပုဆိုးခါးပုံစက ရုပ်ရှင်အနှေးရိုက်ချက်အတိုင်း ဖြည်းဖြည်းချင်း ပြေကျလာနေသည်ကို ထိုမိန်းကလေးက ငေးကြောင်က ကြည့်နေခဲ့သည် ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည် ။
‘ ပုဆိုး . . . ပုဆိုး . . . ခင်ဗျား ရှေ့က ကျွန်တော့်ပုဆိုး ကျွတ်နေပြီ . . . လုပ်ပါဦးဗျ ၊ ခင်ဗျားရှေ့က . . . ’
ကျွန်တော်၏ ငယ်သံပါအောင် အော်သံကြောင့် ကောင်မလေးက အသိဝင်လာကာ သူမ ပေါင်ပေါ်တင်ထားသည့် Arrow File အနက်ကြီးကို ကောက်ကိုင်ပြီး ကျွန်တော့်ခါးစပ်ကို ကမန်းကတန်း လှမ်းထိုးလိုက်လေသည် ။ တစ်စတစ်စ ပြေကျနေသော ခါးပုံစသည် သူမ File နှင့် ကျွန်တော့်ခါးအကြားတွင် ညပ်ကာရပ်သွားသည် ။
‘ တိုးထားနော် ၊ ဖိထား မလွတ်စေနဲ့ ’
ကျွန်တော် ညာသံပေးကာ အော်ရပြန်သည် ။ ကောင်မလေးက လက်နှစ်ဖက်နှင့် ဖိုင်ကို အားရှိသမျှ ထိုးထားကာ မျက်နှာကို ဘေးသို့လွှဲထား၏ ။ ကျွန်တော်ကလည်း ခါးကိုအတင်းကော့ကာ Arrow File နှင့် ခါးပုံစကို ညှပ်ထားရလေသည် ။ မိုးတွေအုံ့ကာ အေးစိမ့်နေသည့် မနက်ခင်းတွင် ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေရွှဲနေ၏ ။ ဖြတ်ထိုးဥာဏ်ကောင်းသော ထိုမိန်းကလေးကိုလည်း ကျေးဇူးတင်ရ၏ ။
‘ ထိုးထားတယ် ၊ ရှင် မခွာနဲ့နော် . . . ဖိထား ဖိထား ’
သူမက ထိတ်လန့်တကြား ပြန်အော်သည် ။ ကားထဲမှ ဝါးခနဲ ရယ်သံတွေ ထွက်လာ၏ ။ ဗိုလ်တထောင်ဘုရား မှတ်တိုင်ရောက်တော့ တွယ်စီးသူတွေ တဖြုတ်ဖြုတ် ခုန်ချသည်အထိ Arrow File နှင့် ကျွန်တော့်ခါးက တန်းလန်း ။ ကောင်မလေးက တစ်ဘက်ကို မျက်နှာလွှဲလျက် နှုတ်ခမ်းများကို ကိုက်ထား၏ ။
ကားရပ်တော့ ရယ်သံတွေ ဝါးခနဲ ထွက်လာပြန်သည် ။ File အောက်မှ ပြေထွက်နေပြီဖြစ်သော ပုဆိုးကို ကမန်းကတန်း ဆုပ်ကိုင်ကာ ကျွန်တော် ရှက်စိတ်ဖြင့် ထွက်လာသည် ။ ကောင်မလေးကိုလည်း ‘ ကျေးဇူး ’ မပြောမိတော့ ။ ရှက်စိတ်သည် တစ်ကိုယ်လုံး မွှန်ထူလျက် ရှိ၏ ။
ကျောင်းဝရောက်မှ သတိရသည် ။ ‘ ထီး ’ . . . ။ သွားပြီ ။ ကျွန်တော့်ထီးကို ပြန်မယူခဲ့ရ ။ ဘယ်သူ့ကို ပေးခဲ့သည် ဆိုတာလည်း မမှတ်မိတော့ ။ ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားခဲ့သည် ။ ရှိစေတော့ ။ အမေ၏ ဆူပူခြင်းကို ခံရတော့မည် ။ ထိုထီးသည် သုံးချောင်းမြောက် ပျောက်သောထီး ဖြစ်သည် ။ သို့သော် ဘာတတ်နိုင်ဦးမည်နည်း ။
လက်တွေ့ဆင်းပြီးချိန်ရောက်တော့ ကြည်ပြာ အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းများ ငြိမ်းချမ်းရေးရိပ်မွန် ကဲင်တင်းထဲတွင် ထိုင်လျက်ရှိကြသည် ။ ပုဆိုးကျွတ်ခြင်း အခြားတစ်ဘက်မှာ ကြေမွသွားသော ထီးတစ်စင်း၏ အကြောင်းကို ကြည်ပြာတို့ကို ပြောပြမနေတော့ ။ ပြောရင်လည်း သူငယ်ချင်းများက ရယ်ကြဦးမည် ။ ကြည်ပြာက မျက်စောင်းထိုးကာ ဟိန်းဦးဟောက်ဦးမည် ။ ရှိစေတော့ . . . ။ ဒီလို အဆင်မပြေ ကြုံတွေ့ရသည့် ရယ်စရာများကြောင့် ကြည်ပြာသည် ကျွန်တော့်ကို အထင်သေးပြီး မချစ်တာဟု ကျွန်တော် သိသည် ။
ကျွန်တော်က ဘယ်တော့ငေးငေး ငေး၍မဝနိုင်သော ကြည်ပြာ့မျက်နှာပေါ်မှ အရေးအကြောင်းကလေးတွေကို လေ့လာနေခဲ့သည် ။ ကြည်ပြာက လွင်မာနှင့် ဗေဒင်ဆရာအကြောင်း စကားကောင်းနေ၏ ။ ကျွန်တော့်ကို လုံးဝဂရုမစိုက် ။ ချိုကျလက်ဖက်ရည် အရသာ ၊ ကြည်ပြာ၏ စကားသံ မှန်မှန်နှင့် မျက်ဝန်းညိုညိုတို့ဖြင့် ကျွန်တော်က အဆင်ပြေလျက် ရှိသည် ။
‘ ဟေ့ကောင် ရဲကြီး . . . ဟိုမှာ မင်းကို ကောင်မလေးသုံးယောက် ခေါ်နေတယ် ’
လွင်ဦး စကားဆုံးတော့ တစ်ဝိုင်းလုံး လှည့်ကာကြည့်ကြသည် ။ ငွေသွင်းဌာနရှေ့ လှေကားသုံးထစ်မှာ ကောင်မလေး သုံးယောက်က စပ်ဖြီးဖြီး မျက်နှာများနှင့် ကျွန်တော့်ကို လှည့်ကြည့်ပြီး လက်ယပ်ခေါ်သည် ။ ပထမ ကျွန်တော် ကြောင်နေသည် ။ ကောင်မလေး တစ်ယောက်က ထီးကို မြှောက်ကာပြသည် ။
အနားရောက်တော့ ကောင်မလေးက ထီးကို ကမ်းပေးကာ တခွီးခွီး ရယ်သည် ။
‘ နောက်ကို ပုဆိုးခိုင်ခိုင်ဝတ်နော် သိလား ’
ကျွန်တော် ဘာပြောရမှန်း မသိတော့ ။ အဖော်ပါလာသည့် ကောင်မလေးတွေကလည်း ဇာတ်လမ်းကို သိပြီးပုံရသည် ။ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ရယ်ကြပြန်၏ ။
‘ အေးဗျာ . . . ကျွန်တော်လည်း ရှက်ရှက်နဲ့ ထွက်လာခဲ့တာ ဘာကိုမှ သတိမရနိုင်တောဘူး ၊ ကျေးဇူးတင်ပါတယ်ဗျာ ’
‘ ရပါတယ် ၊ မီးငယ်က လှမ်းခေါ်သေးတယ် ၊ ဒါပေမယ့် သိလား မျိုးရဲ့ . . . ဟား . . . ဟား . . . ဟား . . . ’
ကောင်မလေး သုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ရိုက်ကာ ရယ်ကြပြန်သည် ။ ကျွန်တော်လည်း ထီးကိုကိုင်ကာ အရှက်ပြေ လိုက်ရယ်ရ၏ ။
‘ တကယ်ပါဗျာ ၊ ခင်ဗျားကို ကျွန်တော်က မမှတ်မိတော့ဘူးဗျ ၊ ပျောက်ပြီပဲ တွက်ထားတာ ’
‘ မီးငယ်တို့က ရှင့်ကို သိပါတယ် ၊ မကြည်ပြာ ရည်းစား မဟုတ်လား ၊ ခဏခဏ ရယ်စရာ ဖြစ်တယ်လေ . . . ’
‘ သြော် . . . ဟုတ်ကဲ့ ၊ ဟုတ်ပါတယ် ၊ ကျေးဇူးတင်ပါတယ်ဗျာ ၊ လက်ဖက်ရည် သောက်ပါဦးလား ’
‘ ကျေးဇူးတင်ရင် နောင် ပုဆိုးခိုင်ခိုင်ဝတ် သိလား သွားမယ် ’
ကောင်မလေးတွေက ရယ်ရယ်မောမော ထွက်သွားကြသည် ။ ဝိုင်းကို ပြန်ရောက်တော့ စကားသံသည် တိတ်ဆိတ်လျက် ရှိ၏ ။ ကြည်ပြာ့မျက်နှာက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မာထန်လျက် ရှိ၏ ။ ရုတ်တရက် ကျွန်တော် နားမလည် ။ မနက်က အကြောင်းကို ပြန်တွေးကာ မျက်နှာက ပြုံးစစ ဖြစ်ချင်နေ၏ ။ လွင်ဦးက ပေါင်ကိုကုတ်သည် ။ မိုးမိုးက နှုတ်ခမ်းကိုကိုက်ကာ ကြည်ပြာ့ကို မေးဆတ်ပြသည် ။ ကျွန်တော် လှမ်းကြည့်တော့ ကြည်ပြာက တည်ထားသော မျက်နှာကို မဲ့ရွဲ့ကာ ဆတ်ခနဲ တစ်ဘက်သို့ လွှဲသွားသည် ။ ကြည်ပြာ အထင်လွဲသွားပြီထင်သည် ။
‘ မဟုတ်ပါဘူး ၊ မနက်ကဟာ . . . ငါ ကားစီးလာတုန်း ’
ကျွန်တော့်စကားက မဆုံးသေး ၊ ကြည်ပြာက ဖျတ်ခနဲ လွယ်အိတ်ကိုလွယ်ကာ ဝိုင်းမှထသွားသည် ။ ကျွန်တော် အံ့သြကာ ကြောင်နေ၏ ။ လွင်မာက ‘ ကြည်ပြာ စိတ်ဆိုးသွားပြီ ’ ဟု အလန့်တကြား အော်သည် ။
‘ ကားစီးလာတုန်းဟာ ငါက တွယ်စီးရတာဟ ၊ အဲဒါ . . . ’
‘ သွား . . . သွား ငါတို့ကို ရှင်းပြမနေနဲ့ ၊ ကြည်ပြာ့နောက်ကို မြန်မြန်လိုက် ၊ ဟိုကလည်း ဒေါသကြီးကြီးနဲ့ နင်ကလည်း နင်ပဲ ’
ကြည်ပြာသည် ရှေ့မှ လှေကားထစ်များကို အတင်းခုန်ကျော်ကာ တက်သွားသည် ။ ကျွန်တော်လည်း ‘ ကြည်ပြာ ’ ‘ ကြည်ပြာ ’ ဟု ခေါ်သံများနှင့် တရကြမ်း လိုက်ရ၏ ။
‘ နင် ငါ့နောက် မလိုက်နဲ့နော် ရဲဝင်း ’
‘ ဟာ . . . မဟုတ်ပါဘူးဟ ၊ ငါ ရှင်းပြတာ နားထောင်ပါဦး ၊ သူတို့က ငါ့ကျေးဇူးရှင်တွေပါ ၊ ငါ့ထီးကို . . . ’
‘ အို . . . ဘာမှလာမပြောနဲ့ ၊ ကျေးဇူးရှင်ဆို တစ်ခါတည်း လိုက်သွား ၊ သိလား ’
‘ ဒေါသမကြီးစမ်းပါနဲ့ ကြည်ပြာရယ် . . . ငါ့စကားကိုသာ ဆုံးအောင်နားထောင်ပေးစမ်းပါ ၊ ပြီးရင် နင် ပြောချင်တာ ပြောဟာ ’
‘ သွား . . . နင် သွားနော် ရဲဝင်း ၊ ငါ ဘာမှမကြားချင်ဘူး ၊ ငါ့ရှေ့တောင် ဒီလောက်ဖြစ်နေတာ ၊ နင် ဘာအသုံးကျသလဲ ၊ ဘာသစ္စာရှိသလဲ ’
အော်ရင်းဟစ်ရင်းနှင့်ပင် ကြည်ပြာက အတန်းထဲ ဝင်ထိုင်သည် ။ သူ့ခုံတန်းထဲ ကျွန်တော့်ကို ဝင်ထိုင်ခွင့်မပေး ။
‘ နင် ပြန်နော် ရဲဝင်း ၊ ငါ သိပ်ဒေါသထွက်နေတယ် ၊ ဘာစကားသံမှလည်း မကြားချင်ဘူး ’
နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ပြီး မျက်ရည်ချက်ချင်း ဝိုင်းတက်လာသော ကြည်ပြာ့ကို ငေးကာ ကျွန်တော် အံ့သြထိတ်လန့် သွားမိသည် ။ ဘယ်လိုဖြစ်သွားရတာလဲ ။ ကြည်ပြာ ဘာကြောင့် ဒီလောက် ဝမ်းနည်းတကြီး ဖြစ်သွားရတာလဲ ။ ‘ နင် သွားတော့နော် ငါ့ရှေ့ကသွား ’ ဟု ထပ်အော်ပြောသော စကားသံတွင် ငိုသံက ရောယှက်ချင်နေ၏ ။ ကြည်ပြာ့နှုတ်ခမ်းနှင့် နှာခေါင်းဖျား နီလာကာ မျက်ရည်မကျအောင် မျက်တောင်ကိုခတ်ရင်း မျက်နှာကို တခြားဘက်လှည့်သည် ။
‘ ကြည်ပြာရယ် . . . ငါ့ကို ရှင်းပြခွင့်လေးတော့ ပေးပါဟာ ၊ နင် ဘာကြောင့်ဒီလောက် စိတ်ဆိုးနေရတာလဲ ၊ ဟိုလေ ငါက . . . ’
‘ နင် သွားဆိုသွားနော် ၊ ငါ ဒေါသဖြစ်လာပြီ ’
ကြည်ပြာ့ခုံအစွန်းတွင် ကျွန်တော် တွေတွေကြီး ရပ်နေမိသည် ။ ဘာတွေဘယ်လို ဖြစ်သွားသည်ကို မစဉ်းစားတတ်တော့ ။ စကတည်းက ပြောပြမထားလိုက်မိတာ မှားတာပဲ ။ ဒီကောင်မတွေ ထီးပြန်လာမပေးရင်လည်း ကောင်းမှာပဲ ။ ခုတော့ ဘယ်လိုလုပ်ရမလဲ ။ ကြည်ပြာ့ကို ဘယ်လို ချော့ရမယ် ဆိုတာ ကျွန်တော် မစဉ်းစားတတ်တော့ ။
သူငယ်ချင်းများက အတန်းထဲ လိုက်ဝင်လာပြီး ငြိမ်ငြိမ်တောင့်တောင့်ကြီး ဖြစ်နေသော ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်ကာ စကားတိုးတိုး ပြောနေကြသည် ။ အတန်းထဲက အခြားသူငယ်ချင်းတွေကလည်း ပြဿနာနှင့် အော်ဟစ်နေကြသော ၊ ငြိမ်ကျသွားသော ကျွန်တော်တို့ကို စူးစမ်းသလို ကြည့်နေကြလေသည် ။
‘ ကဲ ကြည်ပြာ . . . ရဲဝင်းကို ပြောခွင့်ပေးလိုက် ၊ နင် မှန်မှန်ပြောနော် ၊ အဲဒီ ကောင်မလေးတွေကို ငါ သိတယ် ၊ Chemistry က မီးငယ်ငယ်တဲ့ ၊ နင် လိမ်ဖို့တော့ လုံးဝမစဉ်းစားနဲ့ ၊ ငါတို့ ပြန်မေးမှာ ၊ ကြည်ပြာကလည်း နားထောင်ပေးလိုက် ဟုတ်လား ’
လွင်မာ့စကားဆုံးတော့ အတန်းငြိမ်ကျသွားသည်ဟု ကျွန်တော် ထင်သည် ။ ကြည်ပြာကလည်း ငြိမ်နေ၏ ။ ကျွန်တော့်ကိုတော့ လုံးဝမကြည့် ။
‘ ဒီလိုဟာ . . . ငါက မနက်က မိုးရွာတော့ ထီးထုတ်ဆောင်းတယ် ၊ တာမွေရောက်တော့ ( ၄၇ ) ပြောင်းစီးတယ်ဟာ . . . နေရာမရဘူး ၊ တွယ်စီးရတာ ၊ အဲဒါ ထီးနဲ့ ကိုရိုးကားရား ဖြစ်နေတော့ ငါ့ထီးကို . . . အဲဒါကားလည်းကွေ့ရော ငါက သိသိချင်း ကျွတ်ပြီ လုံချည်ကျွတ်ပြီလို့ အော်တာပေါ့ ’
နံဘေးမှ နားထောင်သည့် အတန်းထဲ ပရိတ်သတ်က ဝါးခနဲ ရယ်လိုက်ကြသည် ။ မိုးမိုး ၊ လွင်မာတို့က တစ်ဘက်လှည့်ကာ ခိုးရယ်သည် ။
‘ ကံကောင်းတာက လုံချည်ခါးပုံစံက slow motion ကျွတ်တာဟ ၊ ဟိုကောင်မလေးကလည်း ကြောင်ပြီးကြည့်နေတာ ၊ ခါးပုံစက တော်တော်ပြေလာနေပြီ ၊ ငါက လက်လည်း လွှတ်မရ ၊ ကုန်းအော်ရတာပေါ့ ၊ ကျွတ်နေပြီ . . . ပုဆိုးကျွတ်နေပြီလို့ ’
ဝါးခနဲ ရယ်သံတွေ ထွက်လာပြန်သည် ။ လွင်ဦးနှင့် အောင်နိုင်စိုးကလည်း တဟားဟား အော်ရယ်ကြသည် ။ ရှက်လွန်းသဖြင့် ကျွန်တော် သေချင်သည် ။ သို့သော် ရပ်ထားလို့လည်း မရ ၊ ရှင်းအောင်တော့ ပြောရတော့မည် ။ ကြည်ပြာက နှုတ်ခမ်းကို ကိုက်ထားရင်းက ကျွန်တော့်ကို လှစ်ခနဲ ခိုးကြည့်သည် ။ ရယ်လိုက်ပါတော့ ကြည်ပြာရယ် . . . ငါ့ကို နားလည်တယ်ဆိုရင် စိတ်ဆိုးပြေပြီဆိုရင် ရယ်လိုက်ပါတော့ ။
‘ အဲဒီတော့ ဘာဖြစ်သလဲ ၊ ဆက်ပြောလေဟာ ’
နောက်က ပွဲတောင်းလျက် ရှိသည် ။ သြော် . . . သနားညှာတာမှုလည်း မရှိပါလား ။ ကျွန်တော် ခေါင်းငိုက်စိုက်ချကာ ဆက်ရသည် ။ ရှက်ရွံ့အားငယ်မှုသည် ရင်ထဲမှာ တုန်ခါ ငနေ၏ ။
‘ အဲဒီ ကောင်မလေးက ဖြတ်ထိုးဥာဏ် ကောင်းပါတယ် ၊ သူ့ Arrow File ကြီးနဲ့ ငါ့ခါးစပ်ကို . . . ’
ဝါးခနဲ ရယ်သံတွေ ထွက်လာပြန်သည် ။ ကြည်ပြာက လှစ်ခနဲပြုံးသည် ။ ကျွန်တော့်ကို မျက်စောင်း ဒိုင်းခနဲ လှမ်းထိုးသည် ။ ကျွန်တော် ရင်တွေဘာတွေ ပြန်ခုန်လာသည် ။
‘ ပုဆိုးက တော်တော်ကျွတ်နေပြီလား ’
ဘယ်သူ့အသံမှန်းတော့ မသိ ၊ နှိပ်စက်လှချည်လား ။
‘ ဟုတ်တယ် ၊ သူ့ဖိုင်ပေါ်မှာ ပုံနေပြီ ’
ရယ်သံမျိုးစုံ ဝေါခနဲ ထွက်လာပြန်သည် ။
‘ အဲဒီဖိုင်ကြီး မပါရင် ဘယ့်နှယ့်လုပ်မလဲ ’
‘ မသိဘူး ၊ သူရော ကျွန်တော်ပါ ဒုက္ခရောက်မှာပဲ ၊ သူလည်း စားသာမယ် မထင်ဘူး ’
ရယ်သံတွေ တဟားဟား ထွက်လာသည် ။ တော်တော်နဲ့ မရပ်တော့ ။ ရှိပါစေတော့လေ . . . ။ ရယ်သံများသည် ဖျော့ကျသွားလိုက် ပြန်လည်မြင့်တက်လာလိုက်နှင့် ကျွန်တော့်ပတ်ဝန်းကျင်တွင် တုန်ခါလျက် ရှိ၏ ။ လွင်ဦး ရယ်သံ တဟားဟား ၊ မိုးမိုး ရယ်သံ တခစ်ခစ် ၊ သုံးခါရယ် ခဏရပ် သုံးခါ ပြန်ရယ်လေ့ရှိသော ကေသီ၏ ရယ်သံ ၊ မမထွေး ၊ ခင်မေဦး ၊ သက်သက်ကျော် ၊ နန္ဒာမြင့် ၊ ဥမ္မာလှ နောက် ကျွန်တော် မသိသူများ၏ ရယ်သံများ ။ မျိုးစုံသော ရယ်သံများကြားတွင် အသံပါးပါး နွဲ့လျ၍ အဖျားတွင် ရှိုက်သံနုနုကလေးများဖြင့် ရယ်သံတစ်တွဲနှစ်တွဲကို လှမ်းချိတ်ထားတတ်သော ကြည်ပြာ၏ ရယ်သံ ပါမလာသေး ။ ရယ်လိုက်ပါတော့ ကြည်ပြာရယ် . . . ရယ်ချလိုက်ပါတော့ ။
ဝမ်းနည်းမှုသည် ကျွန်တော့်လည်မျိုတွင် တင်းတောင့်၍ လာနေသည် ။ ကျွန်တော် ခေါင်းကို ငုံ့ချထားသော ကြည်ပြာ့ရယ်သံတွေကို စောင့်နေမိ၏ ။ မော့၍လည်း မကြည့်ရဲ ။ ရယ်လိုက်ပါတော့ ကြည်ပြာရယ် . . . ငါ့ရဲ့ ကံဆိုးမှုကို အားမနာဘဲ လှောင်ရယ်သာ ရယ်ချလိုက်ပါတော့ ။
ဗိုက်အကြောကပ်သူတွေကလည်း ကပ် ၊ ပါးစောင်ညောင်းသဖြင့် ပါးကိုဖိသူတွေ ဖိ ၊ အရယ်သန်လှသော ဥမ္မာလှ ဆိုလျှင် မျက်ရည်တွေ ဘာတွေပါ ထွက်လာသည် ။ ကြည်ပြာ့ရယ်သံကို လုံးဝမကြားရ ။ ကျွန်တော် ကြေကွဲသွားသည် ။ ကြည်ပြာဟာ ဘာကိုမှ မကြေနိုင်တော့ဘူးလား ၊ ဝမ်းနည်းတကြီး မော့ကြည့်မိသောအခါ ညှိုးငယ်စိတ်မကောင်းသော မျက်ဝန်းဝေဝေများဖြင့် ကျွန်တော့်ကို စိုက်ငေးကြည့်နေသော ကြည်ပြာ့ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည် ။
ကျွန်တော်တို့ မျက်ဝန်းချင်း ပြန်မခွာကြ ၊ စူးစိုက်ကြည့်နေမိကြသည် ။ ကျွန်တော့်မျက်ဝန်းများ၏ တောင်းပန်တိုးလျှိုးမှုကို ကြည်ပြာ သိပါစေတော့ ။
ထိုစဉ် အေးစက်ကာ ချွေးစေးတွေ ပြန်နေသော စာရေးစားပွဲခုံပေါ်က ကျွန်တော့်လက်ကို ကြည်ပြာက ဆုပ်ကိုင်ကာ ဖျစ်ညှစ်လိုက်သည် ။ အုံခဲမွန်းကျပ်နေသော ကျွန်တော့်ခံစားမှုသည် ရင်အစပ်မှ ဖျတ်ခနဲ ဆွဲဖွင့်ခံလိုက်ရသလို ဖြစ်သွားကာ နှလုံးသား တစ်ခုလုံး အေးစက်သွားလေသည် ။
‘ ကြည်ပြာ နင် . . . နင် . . . ’
ကြည်ပြာ ကျွန်တော့်လက်များကို အားထပ်ထည့် ဖျစ်ညှစ်လိုက်ကာ ခေါင်းကို ငုံ့ချသွားသည် ။ ကျွန်တော်လည်း ဝမ်းသာအားရ ပြန်လည်ဖျစ်ညှစ်ထားမိ၏ ။ နွေးထွေးသည့် အရသာသည် လက်ချောင်းများမှတစ်ဆင့် ကျွန်တော့်နှလုံးသားထံ အရှိန်ဖြင့် စီးဆင်းကာ လာနေသည် ။ တစ်ကောင်နှင့်တစ်ကောင် မျိုချနေကြသည့် မြွေနှစ်ကောင်နှယ် စားပွဲပေါ်မှာ ကျွန်တော်တို့ လက်နှစ်ချောင်းသည် တင်းကျပ်စေးထန်းကာ လာလေသည် ။
‘ ဖြစ်ရလေ ရဲဝင်းရယ် . . . နင့်မှာ ရယ်စရာတွေ မကုန်သေးဘူးလား ၊ ဖြစ်လိုက်ရင်လည်း အံဝင်ခွင်ကျချည်းပဲ ။ ဟုတ်မှာပါ ၊ သွားမမေးတော့ပါဘူး ၊ ဒါကြောင့် ဟိုကောင်မလေးတွေလည်း ရယ်နေကြတာ နေမှာပေါ့ ။ ဟေ့ . . . ကြည်ပြာ ခွင့်လွှတ်လိုက် ၊ ရဲဝင်းကို ရယ်သံတွေနဲ့ ပတ်သက်ရင် ခွင့်လွှတ်လိုက်စမ်းပါဟာ ’
ခေါင်းငုံ့ချကာ ငြိမ်သက်နေသော ကြည်ပြာ့ပခုံးကိုကိုင်ကာ လွင်မာက ပြောသည် ။ ကြည်ပြာက ခေါင်းကိုမော့ကာ ကျွန်တော့်ကို နားလည်ကြည့် ကြည့်သည် ။ သူမ ကျွန်တော့်ကို နားလည်သွားပြီ ဆိုတာ ကျွန်တော် သိလောက်သည်နှင့် တစ်ပြိုင်နက် ကြည်ပြာသည် သူ့မျက်နှာကို ပြောင်းလိုက်သည် ။ သြော် . . . မိန်းကလေးတွေဟာ နားလည်သွားသည့်တိုင်အောင် အနိုင်ရမှုကိုလည်း ယူတတ်သေးပါကလား ။
‘ အိုး . . . ဘာလို့ သွားမမေးရမှာလဲ ၊ လွင်မာ သွားမေးပေး ၊ ရဲဝင်း . . . နင် ငါ့အကြောင်း သိတယ်နော် ၊ နင့်ကို ငါ ဘယ်လို ချစ်ရသလဲ ဆိုတာ နင် သိတယ် ၊ နင် သစ္စာများ ဖောက်လို့ကတော့လား ၊ နင်က သိပ်ပျော်နေတယ်ပေါ့ ဟုတ်လား . . . လုံးဝကြည့်လို့ကို မရဘူး ။ နင့်ကို ငါ လုံးဝမယုံဘူး သိလား ။ ငါ့ကို မချစ်တော့ရင် ကြိုပြော ၊ ငါ့ရင်ကွဲရင် ကွဲသွားပစေ ၊ ဒါပေမယ့် နင် ရှုပ်ဖို့တော့ လုံးဝမစဉ်းစားနဲ့ ၊ ငါ ဘယ်သူ့ကိုမှ အားနာမှာ မဟုတ်ဘူး ’
မနာလို ဝန်တိုခြင်း ခံရသူတို့ ရလေ့ရှိကြသော ကြည်နူးပီတိ ဖြစ်မှုသည် ကျွန်တော့်သွေးကြော သေးသေးကလေးတွေအထဲ တိုးဝှေ့လျက် ရှိကြသည် ။ ကြည့်စမ်း . . . ကြည်ပြာကလည်း ကျွန်တော့်ကို ချစ်တာပါပဲ ။ သူ့ရင်ကွဲရင်ကွဲပေ့စေ . . . တဲ့ ။
‘ ကြည်ပြာရယ် . . . ငါ နင့်ကို အရမ်းချစ်တာပါဟာ ၊ ငါ ပြောမပြတတ်တော့ဘူး ၊ အားလုံးပဲ . . . အားလုံးပဲ . . . အခုရော နောင်ရောပဲ ’
‘ လဲသေလိုက် ’
ထို ‘ လဲသေလိုက် ’ ၏ နောက်တွင် ကြည်ပြာ၏ နှလုံးသားသည် ရင်ခုန်ကောင်းတုန်း ပူပူနွေးနွေးကြီး ဆိုတာကို ကျွန်တော် သိခဲ့ရသည် ။ ထိုနေ့မှစ၍ ကျွန်တော်နှင့်ကြည်ပြာ ကြုံခဲ့ရသော ရယ်စရာ ( သို့ ) ကံဆိုးမှုများသည် အတန်းထဲတွင် ပျံ့နှံ့သွား၏ ။ အတန်းထဲမှတစ်ဆင့် အခြားမေဂျာများထံ ရောက်သွား၏ ။ ကြည်ပြာ ကိုယ်တိုင်လည်း ထိုရယ်စရာ ကိစ္စများကို အတည်ပြုပေးရ ၊ ပြန်လည်ပြောပြရသဖြင့် လက်မလည်အောင် ရှိသည်ဟု ကျွန်တော့်ကို ပြောပြသည် ။ ကျွန်တော့်နှင့် ကြည်ပြာ့ကို တွေ့ချင်လို့ ခေါ်မိတ်ဆက်ကြသည့် လူတွေများလာသည် ။ ဧရိယာကျဉ်းသော ဗိုလ်တထောင် တက္ကသိုလ်တွင် ကျွန်တော်တို့နှစ်ယောက် အကြောင်းသည် တစ်ပတ်အတွင်း ပျံ့နှံ့သွားကာ ကျွန်တော်တို့နှစ်ယောက် တွဲလာလျှင် ဇာတ်လမ်းသိပြီးသွားသည့် ကောင်မလေးများကကြည့်ကာ တခွီးခွီး ရယ်တတ်ကြသည် ။ ‘ ဘာတွေထပ်ဖြစ်သေးသလဲ ’ ဟု မေးတတ်ကြသည် ။
နောက်ဆုံး မြန်မာစာ ဆရာမက ဒေါ်သိင်္ဂင်္ီထက် ၊ ဒေါ်မြင့်မြင့်လတ်တို့ထိပင် ကျွန်တော်တို့ ဇာတ်လမ်းတွေ ရောက်သွား၏ ။ ဆရာမများ နားနေခန်းမှာပင် တဝါးဝါး တဟားဟားဆိုပဲ . . . ။
အခုတော့ ကျွန်တော်နှင့် ပတ်သက်၍ ပတ်ဝန်းကျင်မှ ကြည်ပြာ့အပေါ် အာရုံစိုက်လာရခြင်းဆိုသည့် အရေးပါမှုကို ကြည်ပြာ ရရှိသွားပြီ ဖြစ်လေသည် ။ ထိုအချက်သည် ချစ်သူများအတွက် တော်တော်ကို အရေးပါသည်ဟု ကျွန်တော် ထင်သည် ။ ထိုအချက်သည် အချစ်ကို ပိုမိုစေးထန်းနိုင်စေသည် ။ ပိုမိုယုံကြည်လာစေနိုင်သည် ။
အခုတော့ ကြည်ပြာသည် ကျွန်တော့်ကို မနာလိုလိုက်ရတာ အမော ၊ စိတ်မချလိုက်ရတာ ခဏခဏ ဖြစ်၍လာသည် ။
ရယ်သံများသည် ကျွန်တော့်ကို သနားကရုဏာကို ပေးသည် ။ ရယ်သံများသည် ကျွန်တော်က ကြည်ပြာကို ဘယ်လောက် ချစ်ပါသည် ဆိုတာကို ပြပေးခဲ့သည် ။
ကျွန်တော်၏ အရပ်ငါးပေနောက်တွင် ကံဆိုးမှုများသည် တသီတတန်းကြီး လိုက်ပါနေကြသည် ။ သို့သော် ထိုကံဆိုးမှု၏ အဖျားစွန်းတွင် ရယ်သံများက တိတ်တဆိတ် ခြေရာဖျောက်ကာ ကျွန်တော့်ကို ကူညီဖို့ အဆင်သင့် ဖြစ်နေတတ်ပြန်သည် ။
အရပ်ငါးပေသာသာရှိသော ကျွန်တော်၏ နှလုံးသားပေါ်သို့ ကံဆိုးမှုများသည် တည့်တည့်စိုက်ကျလာကာ ဖောက်ထွက်သွားခဲ့သော်လည်း ထိုနေရာတွင် ရယ်သံများက ဝင်ရောက်ဖြည့်သိပ် ပေးခဲ့၏ ။ ကံဆိုးမှုများဖြင့် ကျွန်တော့်နှလုံးသားသည် ဆန်ခါပေါက် ဖြစ်သွားစေဦးတော့ ရယ်သံများနှင့် ကျွန်တော့်နှလုံးသားသည် ကျန်းမာစွာ ခုန်နေပေလိမ့်မည် ။ ချစ်ရပါသော . . . မကြည်ပြာ ။
ဒီလိုနှင့် ကျွန်တော့်ဘဝသည် အရပ်ငါးပေ ၊ ကံဆိုးမှု ၊ ရယ်သံများနှင့် မကြည်ပြာ ဖြစ်လာခဲ့လေသည် ။

နီကိုရဲ
#မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ မှ