အပိုင်း (၁)

ဘ၀ဆိုသည်မှာ

လူတိုင်း၏ဘ၀ကို သုံးပိုင်းခွဲကြည့်လျှင် ငယ်ရွယ်စဉ်ပညာသင်ချိန်ကို ပထမအရွယ် ဟူ၍ လည်းကောင်း၊ လူကြီး အဖြစ် အလုပ်လုပ် ဥစ္စာရှာသည့်ကာလကို ဒုတိယအရွယ်ဟူ၍ လည်းကောင်း၊ အိုမင်းမစွမ်းသည့် ဇရာအရွယ် တရားဘ၀နာ ပွားများသည့်ကာလကို တတိယအရွယ်ဟူ၍ လည်းကောင်း သတ်မှတ် ထားကြ သည်။

တတိယအရွယ်သို့ရောက်မှ ပထမအရွယ် ငယ်ကာလိကို ပြန်လည်၍ ကြည့်မြင်သော် ရုပ်ရှင်ဇာတ်ကားနှယ် ပုံရိပ်များ ကို ထင်ရှားစွာတွေ့မြင်ရ၏။ လူတစ်ယောက်၏ ဘ၀ဆိုသည်မှာ ထောက်ရှာငှက်ပျံသလို နိမ့်တုံမြင့်တုံ အဖြစ်များကိုလည်းကောင်း၊ အကောင်းအဆိုး လောကဓံများကိုလည်းကောင်း၊ အောင်မြင်မှုများ၊ ဆုံးရှုံး မှုများ၊ အခက်အခဲများ၊ အဆင်ပြေချောမွေ့မှုများ၊ ပျော်စရာ၊ ကြည်နူးစရာများ၊ ၀မ်းနည်းစရာ၊ ကြေကွဲစရာ များကို ထင်ရှားစွာတွေ့မြင်နိုင်ရပါသည်။ ဤသို့ဖြစ်နေခြင်းသည်ပင် ဘ၀ဆန်သော ဘ၀ အမှန်ဖြစ်ပါသည်။
မည်သူမျှ အကောင်းချည်း၊ အဆိုးချည်း မရှိနိုင်။ အတက်ချည်း၊ အကျချည်း မဖြစ်နိုင်၊ အောင်မြင်မှု ချည်း ဖြစ်နေ လျှင်လည်း အောင်မြင်မှုဆိုသည်မှာ ဘာမျှတန်ဆိုးရှိတော့မည် မဟုတ်ပါ။
ဘ၀ ဆိုသည် မှာ ဘ၀ဆန်နေမည်သာဖြစ်ပါ၏။ လောကဓံတရားတို့၏ အကောင်း အဆိုးများကို ကြုံတွေ့ ခံစား ကြရမည် သာဖြစ်ပါ၏။
အသင့်အတင့်နှစ်လုံးသွင်း၍ ကိုယ်စွမ်းဆောင်နိုင်သမျှ အကောင်းဖြစ်အောင် ကြိုးစားကြည့် ရန်သာရှိပါသည်။

အရုဏ်ဦး၏ အမှုံအလင်း
မင်္ဂလာဆောင်

အရှေ့ဘက်ကောင်းကင်မှ အရုဏ်ဦး၏အလင်းနုလေး ထွက်ပေါ်လာနေပြီ။ မင်္ဂလာဆောင်အတွက် အစောကြီး ထပြီး ပြင်ကြ၊ ဆင်ကြ အားလုံးပျော်နေသည်။
မိဘချင်းလည်း သဘောတူ လူငယ်ချင်းလည်း ချစ်ကြည်ဖြူ၊ ဂုဏ်သရေချင်းလည်း တူညီကြသည်။
လူတိုင်းအားကျ၍ နှစ်ဖက်ဆွေမျိုးများ ၀မ်းသာအားရ ဖြစ်နေကြသော မင်္ဂလာဆောင်
‘ဟဲ့…ရွှေမြ…. ဘယ်မလဲ ငါ့အတွက်စပယ်ကုံး…..’ ဒေါ်သိုင်းခြုံ၏အသံ တိုက်ထဲမှာ စည်စည်ညံနေ၏။

“ဒီမယ်….. အစ်မရေ…. ယူလာပြီ…”
“ဟဲ့… မောင်စိန်… ဖိုးစိန်… ချစ်စိန်… ငါ့သားထပြီလားဟဲ့”
ဒေါ်သိုင်းခြုံ က ထုံးစံအတိုင်း နာမည်တစ်ခုခေါ်လျှင် နှစ်မျိုးသုံးမျိုး ထပ်လိုက်ရမှ။
“နိုးပြီ… အမေ… ပုဆိုးလဲနေပြီ…”
သားဖြစ်သူ သတို့သား ၏အခန်းဆီမှ ထွက်ပေါ်လာသောအသံကြောင့် ဒေါ်သိုင်းခြုံ ပြုံးလိုက်သည်။
သွက်လက် တက်ကြွနေသော သားအသံကို သဘောကျ၍ဖြစ်သည်။

မနက်လင်းသည်နှင့် ထန်းတောရွာမှ မင်္ဂလာဆောင်သွားမည့်သူများ တက်ကြွနိုးကြားနေကြပြီ။ လှည်းများ အသင့် ပြင်ကြသည်။ အားလုံးပြီးကြသောအခါ မင်္ဂလာဆောင်ကျင်းပမည့် ၀န်းသိုရွာသို့ လှည်းတန်းကြီးဖြင့် သွားကြသည်။
သတို့သား ပါသည့်လှည်းပေါ်မှာ အော်လံတတ််ထားသော ဓာတ်စက်ဖွင့်လာကြသည်။
“× × × မြတ်နိုးသူရယ် . . .။ ချစ်မိုးစွေခဲ့တယ် . . .။ ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ် × × ×”
လှည်းဆောင့်လိုက်တိုင်း ဓာတ်စက်သံမှာ ပြတ်သွားလိုက်၊ အပ်ကြောင်းထပ်လိုက်ဖြစ်နေ၍ ရယ်သံများ ထွက်ပေါ် နေကြ၏။ အားလုံးမြူးမြူးကြွကြွ ဖြစ်နေကြသည်။
ထန်းတောရွာ နှင့် ၀န်းသိုရွာမှာ နှစ်မိုင်ခန့်သာဝေးကာ ရွာနီးချင်းဖြစ်သည်။ ဒီဘက်ရွာမှထွက်သည် နှင့် ဟိုဘက်ရွာ မှ အုန်းပင်မြင့်မြင့်များ သစ်ပင်ကြီးများကို လှမ်းမြင်နေရပြီ။ ကွင်းတစ်ခုကျော်သည် နှင့် ရွာတံခါးကို နီးသွားပြီ။

ရွာထဲသို့၀င်မိသည်နှင့် ၀န်းသိုရွာမှလူများက သတို့သားနှင့်တကွ လိုက်ပါလာကြသော လှည်းတန်း ကြီးကို ထွက်ကြည့်ကြသည်။
သတို့သမီးအိမ်ရှေ့မှာ ရွှေရောင်တ၀င်း၀င်းနှင့် မင်္ဂလာမဏ္ဍပ်ကြီး တောက်ပတင့်တယ်နေသည်။
“လာကုန်ပြီဟေ့… လာနေကြပြီ…”
သတို့သားနှင့်အဖွဲ့ကို ကြိုဆိုကြသည်။
မဏ္ဍပ်အတွင်းမှာ ရွာနှစ်ရွာမှ ဧည့်ပရိသတ်များနှင့် စည်ကားသွား၏။ နောက်ထပ်ပရိသတ်များက လည်း ၀င်လာ မစဲ။ မဏ္ဍပ်ထဲမှာ ထန်းတောနှင့် ၀န်းသို နှစ်ရွာမှသာမက ရွာနီးချင်းများဖြစ်သော အရေးမဆိုရွာ၊ ဆည်ကတော်ရွာ၊ ၀န်ပတေ့ရွာ လက်ပံချိုင့်ရွာများမှ ဧည့်သည်များနှင့် ပြည့်နေ သည်။

ရွာထုံးစံအတိုင်း ရွာခံအပျိုများက မဏ္ဍပ်မှာ၀င်လာသူတိုင်းကို မင်္ဂလာအောင်သပြေကမ်းကြသည်။ မဏ္ဍပ်ထဲ မှာ ကွမ်းဆေး၊ လက်ဖက်ဖြင့် ဧည့်ခံကြသည်။ ရွာခံကာလသားများက လက်ဖက်ရည်ပွဲချ သည်။ ထမင်း ကျွေးမွေး  သည်။ ရွာဓလေ့မျက်နှာကြီး မင်္ဂလာဆောင်များထုံးစံအတိုင်း ၀က်သား ကျွေး ပျော်ပျော်ပါးပါး အားပါး တရ စားကြသည်။
လူ့လောကတွင်း အိမ်ထောင်အသစ်ဖြစ်လည်မည့် အကြင်လင်မယား အတွက်မင်္ဂလာ လက်ဖွဲ့ပစ္စည်း များ ပေးကြသည်။ ရွှေပါသည်၊ လယ်ပါသည်၊ နွားပါသည်။ အများစုမှာ ငွေကြေး လက်ဖွဲ့ကြသည်။
(၁၀) နာရီခွဲ (၁၁) နာရီလောက်မှ မင်္ဂလာဧည့်စဲသည်။

သတို့သားနှင့် သတို့သမီးနှစ်ဖက်မိဘများကို ကန်တော့ကြသည်။ သတို့သားဘက်မှ ဘခင်မရှိ။ မိခင်ကြီး ဒေါ်သိုင်းခြုံ ဦးကြီး ဘကြီးများကန်ကော့ခဲ့သည်။
သတို့သမီးဘက်မှ ၀န်းသိုရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဘိုးသာ ဆရာကတော်ကြီး ဒေါ်သောင်းနှင့် နှစ်ဖက်မှ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေးများ ကန်ကော့ခံကြသည်။
သတို့သားမှာ ထန်တောရွာတွင် အချမ်းသာဆုံးဖြစ်သော လယ်ပိုင်ရှင် ဒေါ်သိုင်းခြုံ၏ တစ်ဦးတည်းသောသား၊ ဥစ္စာ ပေါသည် လူပုံချောသည်။
သတို့သမီးမှာ ၀န်းသိုရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး၏ သမီးမစောရှင်ဖြစ်သည်။ ကျေးလက်တောရွာမှ ထူးခြား သော ပညာတတ်မိန်းကလေးဖြစ်သည်။ မြင်းခြံမြို့ မန္တလေးမြို့များမှာ ပညာ သင်ကြားခဲ့၍ ကိုးတန်း ဟိုက်ယား ဂရိတ်အောင်ထားသူဖြစ်သည်။

သတို့သားလောင်း မောင်ချစ်စိန်သည် ဆရာကြီးဦးဘိုသာ၏ မူလတန်း ကျောင်းမှလာရောက် သင်ကြားရင်း မစောရှင် ကျောင်းပိတ်၍ မိဘရှိရာ ရွာပြန်လာသောအခါတွေ့မြင်ခဲ့ သိကျွမ်းခဲ့သည်။
အရွယ် ရောက်ကြသောအခါ ထန်းတောရွာမှ မြေပိုင်ရှင်၏ သားက ၀န်းသိုရွာမှ ကျောင်းဆရာကြီး၏ သမီးပညာတတ် မိန်းကလေးကို သဘောကျပြီး နှစ်ဦးနှစ်ဖက် သဘောတူချစ်ကြည်ဖြူစွာ လက်ထပ် ကြခြင်းဖြစ်သည်။
ကျေးလက်တောရွာသဘာ၀ နှင့်ဆိုလျှင်တော့ ကြီးကျယ်ခမ်းနားသော မင်္ဂလာဆောင်ဖြစ်ပါ၏။ သတို့သား နှင့် သတို့သမီး နှစ်ဖက်မိဘဦးကြီး ဦးလေးဒေါ်ကြီး ဒေါ်လေးတို့ကို ကန်တော့ကြသည် နှစ်ဖက်မိဘ လူကြီး ဆွေမျိုးသားချင်း လက်ရင်းများက ကန်တော့ဆုပေးကြသည်။ အခုမှ အကြီးစားလက်ဖွဲ့ခြင်းများ ပြုကြသည်။
နေနဲ့လရွှေနဲ့မြ လိုက်ဖက်တင့်တယ်သော မင်္ဂလာပွဲကြီး စည်ကားတင့်တယ်စွာ ပြီးမြောက် သွားလေပြီ။
ညနေပိုင်းသို့ ရောက်သောအခါ ယောင်နောက်ဆံထုံးပါမြဲထုံးအတိုင်း မစောရှင်သည် မောင်ချစ်စိန် နေထိုင်ရာ ထန်းတောရွာသို့ လိုက်ပါသွားရသည်။

ထန်းတောရွာ

ကျောက်ဆည်ခရိုင် စဉ့်ကိုင်းမြို့နယ် အနောက်ပိုင်းမှာရှိသည်။ အိမ်ခြေ(၂၀၀၀) ခန့်ရှိသောရွာကြီး ဖြစ်သည်။ ရွာ အနောက်ဘက်တွင် မြစ်ကျိုးအင်းကြီး ရှိသည်။ မြစ်ကျိုးအင်းရေပြင်ကျယ်မှာ ရေတမာပင်များ စည်ကားစွာ ပေါက် နေကြသည်။ ရေတမာပင်ပေါ်မှာ ဗျိုင်းငှက်များ မယ်ညို၊ ရေကျက် ဒင်းကျည်း စက္က၀က် ရေကျေးငှက်များ အုပ်ဖွဲ့နားနေကြသည်။ နေ့ညအခါမလပ် ရေကျေး ရေငှက်တို့၏ အသံဖြင့် သာယာ လျှက် ရှိသည်။

ရွာ၏ အရှေ့ဘက်တွင် မြင်ကျိုင်းအင်းမှ လျှံထွက်လာသော ရေပြင်ကျယ်ရှိသည်။ ထိုရေပြင်ကျယ်၏ အလွန် တွင် ဘုရားပုထိုးကျောင်း ဇရပ်များနှင့်စည်ကားလျှက်ရှိသော ရွာဦးကျောင်းရှိသည်။ ရွာဦးကျောင်းနှင့်ရွာ၏ ကြားမှ ရေပြင်ကျယ်ကို သစ်သားတံတားရှည်ကြီးနှင့် ဖြတ်ကျော်ထားသည်။ ထန်းတောရွာ၏ ထူးခြားသော ရှုခင်းဖြစ်၏။
ဥပုပ်သီတင်း ဆောက်တည်လိုသူ အလှူကောင်းမှုပြုလိုသူများ ဤတံတား ရှည်ကြီးဖြင့် ဘုန်းကြီး ကျောင်းသို့ သွားရ သည်။

မနက်ခင်းတွင် ရဟန်း သာမဏေ၊ ကျောင်းသားများ ဤတံတားမှ ဆွမ်းခံကြသည် မိမိတို့သင်ကြား နေဆဲ ဖြစ်သော စာများအလွတ်ကျက်ထားသည်ကို အာဂုံပြန်၍ တံတားပေါ်မှာ လျှောက်လာနေကြ သည်။ ကျောင်းသားတို့ စာအံပြီးတံတားပေါ်မှာ လျှောက်လာနေကြသော အသံကို ရွာမှ ကြားရသည်။
စာအံသံများဝေးသေးသည် စာအံသံများနီးလာပြီ။ ဆွမ်းလောင်းလှူရှင် အသင့်ပြင်ဆင်နိုင်ကြသည်။
တံတားကို ကျော်ပြီး ရွာသို့၀င်မှ စာအံသံများ ရပ်သွားသည်။ အလွန်ကောင်းသော စိတ်ကူး အစီအစဉ် ဖြစ်ပါသည်။ တစ်ချက်ခုတ်သုံးချက်လောက် ပြတ်သည်။ ဆွမ်းခံကြွလာသံကို ရွာမှလူများကြားရသည်။ ရပြီး စာများကိုလည်း ကျေညက်စေသည်။ ကလေးများမဆူမဆော့အောင် ထိန်းပြီးသားဖြစ်သွားသည်။

မြေပိုင်ရှင်ဒေါ်သိုင်းခြုံ

ဒေါ်သိုင်းခြုံသည် ချမ်းသာကြွယ်ဝသောမြေပိုင် ရှင်ဖြစ်၍ အိမ်ကြီး၀င်းကျယ်နှင့်နေသည်။ ခြံ၀င်းအတွင်းမှာ စပါးကျီ များစွာရှိသည်။ သီးစားချထားသော လယ်သမားများ၏ သီးစားခဖြင့် ကျီများစွာ စပါးပြည့်ခဲ့သည်။
တိုက်၏ ခေါင်းရင်းမှာ ရေတွင်းကြီးရှိသည်။ ရေချိုရေကောင်းပေါပေါ များများထွက်သည်။ ရေတွင်းဘေးမှာ ဆပ်သဖူး ရုံကြီးများက ပတ်ဝိုင်းအုံ့ဆိုင်းနေ၏။ သနပ်ဖက်ပင်ကြီးတစ်ပင်လည်း ရှိသည်။ မိသားစု ဆေးလိပ် သောက်ရန် သနပ်ဖက်အလုံအလောက်ရသည်။

လင်တစ်မျက်နှာ တစ်ရွာထင်၍ လိုက်လာခဲ့သော မစောရှင်မှာ ယောက္ခမများနှင့် အတူနေရသည်။ သို့သော် ထိုအချိန်အခါ က တောရွာများမှာ (၄)တန်းအောင်သော မိန်းကလေးပင်မရှိ မစောရှင်က (၉) တန်းအထိ အောင်ထားသော ပညာတတ်မိန်းကလေးပင် ဖြစ်သည်။ ယောက္ခမကြီးနှင့်တကွ ယောက်မများကပါ ချစ်ကြဂရုစိုက်ကြသည်။ ကိုချစ်စိန်မှာလည်း တစ်ဦးတည်းသောသားမို့ အားလုံးက ချစ်ခင် အလိုလိုက် ထားသူ ဖြစ်သည်။

ကိုချစ်စိန်ကလည်း ကျေးဇူးရှင် ဆရာ၏သမီး ပညာတတ်ဇနီးကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသည်။ မစောရှင် မိဘများ နှင့် ခွဲလာရသော်လည်း အစစအရာရာအဆင်ပြေပါသည်။ အိမ်ထောင်ဦးမှာ ကြည်နူးရာ။
ချမ်းသာကြွယ်၀ သူတို့ ထုံးစံအတိုင်း အိမ်မှာခိုင်းစရာလူတွေများလှသည်။

နေ့စဉ်လာရောက်ကူညီကြ၊ စားသောက်ကြ၊ အိမ်မှမိသားစု ဘာမျှမလုပ်ရ မစောရှင်လည်း ဘာမျှမလုပ်ရ၊ အိမ်ထဲမှာဓာတ်စက်သံ တညံညံနှင့်ပျော်ပျော် ပါးပါးနေကြသည်။ ဓာတ်ပြားအသစ် ထွက်သမျှမလွတ်စေရ။ ညကျတော့ ဇာတ်ထုပ်များဖွင့်ကြသည်။ ဖိုးစိန်ကြီး၊ ရွှေကြီးညို အောင်မောင်းကြီး ဒုတိယဖိုးစိန်၊ ဒဂုန်လှရွှေ စသော မင်းသားတို့၏ ဇာတ်ထုပ်များ ကိုနားထောင် ကြသည်။
မစောရှင်ပျော်ပါသည်။ အ၀တ်အစားဆိုလည်း ပေါ်သည်နှင့် ၀တ်ရပြီး၊ လက်၀တ်လက်စား စိန်၊ရွှေ  ရတနာအပြည့် ဆင်ထားကြသည်။
မိဘများကို လွမ်းလျှင်လည်း ဘာမျှမဝေး ထန်းတောမှ၀န်းသို (၂)မိုင်ခရီးကို လှည်းကလေးနှင့်
သွားကြသည်။ ဓာတ်စက် ဓာတ်ပြားများပါတင်သွားပြီး ၀န်းသိုရွာမှ ညအိပ်ကြသည်။ ညတွင်းကိုချစ်စိန်က ဇာတ်ထုပ်ဖွင့်၍ ဆရာကြီးအိမ်မှာ ဓာတ်စက်နားထောင်သူများ စည်ကားလျှက် ရှိသည်။
ဤနည်းဖြင့်ပျော်စရာနေထိုင် သွားလာရင်းသားသမီးရတော့မည်။ ဇနီးမောင်နှံနှစ်ဦးနှင့်အတူ နှစ်ဖက်မိဘများ ပါ ၀မ်းသာပျော်ရွှင်ကြသည်။
 ဆရာကြီးဦးဘိုးသာက မြေးဦးကို ယောက်ျားလေးဖြစ်စေချင်သည်။ သူမွေးထားသည်က သမီးနှစ်ယောက်မို့ သားလိုချင် နေသည်။ ဒေါ်သိုင်းခြုံကလည်း သမီးနှစ်ယောက် သားတစ်ယောက် မို့ မြေးဦးကို သားလေး ဖြစ်ချင်သည်။

သားဦးကလေးမွေးဖွားပြီ

ဥသြတွန်သံချိုသည် နွေဦးကာလ ရွက်ဝါကြွေ၍ ရွက်သစ်ဝေသောတန်ခူးလနှစ်ဟောင်းကုန်၍ နှစ်သစ် ကူး တော့မည်။ ရွာ၀န်းကျင်မှာ ထနှောင်းပင်ကလေးများ လွင်လွင်စိမ်း၍ နုနုစိုနေ၏။
သင်္ကြန် ကျတော့မည် ၁၃၀၂- ခု တန်ခူးလပြည့်ကျော် (၂)ရက်။ ၁၉၄၁-ခု ဧပြီလ (၁၂)ရက်၊ သင်္ကြန်အကြိုနေ့ မနက် (၁၀)နာရီအချိန်တွင် ကိုချစ်စိန်မစောရှင်တို့၏ ရင်သွေးလေးကို မွေးဖွားလိုက်ပါသည်။
“ယောကျာ်းလေး ဟဲ့….ဟန်ကျလိုက်တာ….င့ါဆန္ဒပြည့်ပြီ” 
မြေးဦး ယောက်ျားလေးရ၍ ဒေါ်သိုင်းခြုံ၏ အပျော်သံတိုက်ထဲမှာ ညံနေသည်။ ခဏအတွင်းမှာပင် ဆရာကတော်ကြီး ဒေါ်သောင် တို့ မြေးဦးယောက်ျားလေးရ၍ ၀မ်းသာပျော်ရွှင်ကြပြန်သည်။
မြေးဦးလေး၏ အမည်မှာ မောင်ငြိမ်းချမ်းဖြစ်ပါစေတည်။

တောသူဌေးသားကိုချစ်စိန် ကြော့ကြော့ကြွကြွ လှလှပပ၀တ်စားဆင်ယင် ပျော်ပျော်ရွှင်ရွှင်နေခဲ့ ကြသည်။ လက်ကြောတင်းအောင် လုပ်ခဲ့ရသည်ဟူမရှိ။ အမေဖြစ်သူကတစ်ဦးတည်းသော သားကို ဖူးဖူးမှုတ်ထားသည်။ ဓာတ်စက်ဖွင့် သီချင်းနားထောင်လိုက် ၀တ်လိုက်စားလိုက် သွားလာ လည်ပတ်လိုက် အချိန်ကုန်ခဲ့သည်။ တော်သေးသည်က အရက်သေစာမသောက်စားတတ် ဆေးလိပ်မှပင် မသောက်တတ်။

သားဦးရတော့ အသက်က (၁၈)နှစ်ရှိသေးသည်။ သို့သော်သားမြင်တော့ ဘခင်စိတ်၀င်လာသည်။ အမေ ချမ်းသာ သည်ကို တစ်သက်လုံးမှီခိုနေ၍ မဖြစ်၊ ကိုယ်ပိုင်စီးပွားနှင့် ကိုယ်တိုင်ချမ်းသာ ချင်သည်။ မယားကို ဆင်ရမည်။ သားကိုပညာသင်ရမည်။ ရှင်ပြုရဦးမည်။ ကိုယ်ပိုင်စီးပွားရေးလုပ် နိုင်ရန် အိမ်ခွဲနေမှ ဖြစ်တော့မည်။
အမေ့ကိုခွင့်တောင်းရပြီ။ အမေကမခွဲစေချင် အတူနေချင်သည် သို့သော် သားဆန္ဒကိုလိုက်လျှော ပါ၏။ ရွာလယ် မှာ ဝိုင်း၀ယ်ပေးသည် နှစ်ထပ်အိမ်တစ်လုံးဆောက်ပေးသည်။ လှည်းတစ်စီး နွားတစ် ယှဉ်းနှင့် ထွန်ထယ် အပြည့်အစုံ ထူထောင်ပေးသည်။

လယ်တစ်သွယ်က မင်္ဂလာဆောင်မှာ လက်ဖွဲ့ပြီးသား ဆည်ရေသောက်လယ်။ မြေင်းမကြီးနှင့် ကပ်လျှက်မို့ ရေနီး လယ်ကောင်း။ ယာကွက်ကလည်း ရွာနီးမြေကောင်း နှစ်စဉ်ရေ၀၍ နုံးတင်မြေ၊ ကုလားပဲ တစ်ရာကျော် ထွက် အကွက်ကြီးနှစ်ကွက်တွဲလျက်။
လက်ကြောမတင်းခဲ့သော သဌေးသား၊ မယားကျွေးမှု သားကျွေးမှု အတွက် လယ်သမားဘ၀ကို ခံယူလိုက်သည်။ လုပ်ပြီဆိုတော့လည်း တစ်ရွာလုံးအံ့သြရ၏။ လုပ်နေကျ လယ်သမားများပင် သူကိုမမှီ။ အမေဖြစ်သူ သားကိုကြည့်၍ သနားနေသည်။

လုပ်ရသည်ကလယ် တစ်မျိုးတည်းမဟုတ်၊ လယ်ပြီးလျှင်ယာ၊ ယာနားလျှင်လယ်။ ဤကြားထဲတွင် အိမ်၀င်း အတွင်းမှာ ဆီဆုံတည်သည်။ ဆုံခ ဆုံကိုင်ခ ဆီစားဖို့ရသည်။ နွားနို့၀ယ်ထောပတ်ထိုး၍ အပို၀င်ငွေရှာပြန်၏။ မောရမှန်းမသိ။ ပန်းရမှန်းမသိ။ မယားကိုကြည့်၍ အမောပြေ၏ သားကိုမြင်လျှင် အားတက်၏။
နှစ်ဘက်ဘိုးဘွားတို့က မြေးဦးမို့ အချစ်သည်းကြ၍ ကိုချစ်စိန် ၀န်းသိုရွာသို့လည်း မကြာခဏ သွားရသည်။ လှည်းယဉ်ကြော့မှာ မယားနှင့်သားကိုတင်၍ လိုက်ပို့ရ၏။
ယောက်ခမကြီး ဇနီးမောင်နှံမှာလည်း သမီးသားမက်၊ မြေးတို့လာလျှင် ချက်ကြ၊ ပြုတ်ကြ၊ ကျွေးကြ၊ မွေးကြ၊ ပျော်နေ ကြသည်။

ဤနည်းအားဖြင့် ပျော်ရွှင် စရာအိမ်ထောင်ဦးကာလမှာ ရွာနှစ်ရွာကူးရင်း သန်းရင်း နောက်မွေးသော သမီးလေးပင် သုံးနှစ်အရွယ်ရောက်လာပြီ။ သားအကြီး (၅)နှစ်အရွယ် ဆရာကြီး ဦးဘိုသာက မြေးကို ပညာသင်ချိန် အရွယ်ရောက်၍ ပညာသင်ရန် သူ့ကျောင်းသို့ ပို့စေချင်ပြီ၊ ဘခင်ဖြစ်သူက မသင်ချင်သေး။ သူ့သား ငယ်သေးသည် ဟု ထင်သည်။
ထိုအချိန်မှာပင် နယ်ချဲ့အရင်းရှင်တို့၏ လောဘဇောကြောင့် မြန်မာနိုင်ငံတွင် စစ်မြေပြင်ဖြစ်လာခဲ့ ရသည်။ အင်္ဂလိပ် တို့ ဆုပ်ခွါ၍ ဂျပန်များရောက်လာသည် လေယာဉ်သံများက ချေက်ချားစရာ ဗုံးချသံများက ကြောက်စရာ မြို့ပျက် ရွာပျက် လူများထွက်ပြေးကြရသည်။

“အင်္ဂလိပ် အခက်၊ မြန်မာအချက်” ဆိုသောစကားနှင့်အညီ စစ်ကြီးအတွက် အင်္ဂလိပ်များ အခက်ကြုံ နေရခြင်းသည် မြန်မာတို့အတွက် လွတ်လပ်ရေး ကြိုးပမ်းရန်အခွင့်ကောင်း ဖြစ်သည်။
ဂျပန်များ မြန်မာနိုင်ငံသို့ ရောက်လာကြသည်။ မြန်မာနိုင်ငံအနှံ့အပြားမှာ တိုက်ပွဲများ ဖြစ်ပေါ်လာသည်။ စစ်ကြောင့် သွားလာရေးတွေခက်ကုန်ပြီ စစ်ကြောင့် အစားအသောက်၊ အ၀တ်အထည်အားလုံး ရှားပါး ကုန်သည်။ စစ်ကြောင့် ကျောင်းများပိတ်ထားရသည်။
ဤအကျပ်အတည်းကာလကို အခွင့်အကောင်းဟူ၍ ကိုချစ်စိန် က စီးပွားရှာရန်ကြိုးစားသည်။ ယောက္ခမ ဖြစ်သူ ဆရာကြီးနှင့် အတူပြင်ဦးလွင်မြို့ အထိလှည်းဖြင့်သွား၍ လယ်ယာထွက်ကုန် ပစ္စည်းများ အရောင်းအ၀ယ် လုပ်သည်။

စစ်ကာလအတွင်းမှာ လေယာဉ်များ ဗုံးကြဲနေသည်။ စက်သေနပ်ဖြင့် မဲမဲမြင်ရာပစ်နေသည်။ မြေပြင်မှာလည်း ဂျပန်တပ်များနှင့် အင်္ဂလိပ်တပ်များ ပစ်ခတ်တိုက်ခိုက်နေကြသည်။ ဂျပန်တို့ကလည်း ယောက်ျားတွေ့သမျှ ချွေးတပ်ဆွဲနေကြသည်။ တောမီးလောင် တောကြောင် လက်ခမောက်ခတ် ဆိုသကဲ့သို့ လူဆိုးဓါးပြ တွေ ကလည်း နေရာတိုင်းမှာ အခွင့်သာသလိုသောင်း ကျန်းနေကြသည်။
ရွာမှာကျန်ရစ်သူမိသားစုများသည် ပြန်လာမည့်ရက်ကိုစိုးရိပ်ပူပင်စွာ စောင့်မျှော်နေကြရ၏။ ဆရာကြီးရော ကိုချစ်စိန် ပါ ကံကောင်းထောက်မစွာ ဘေးမသီရန်မခ မိသားစုများ ရှိရာရွာသို့ ပြန်ရောက်လာကြသည်။

သို့သော်နှစ်ယောက်လုံး ငှက်ဖျားရောဂါရလာကြသည်။ ရွာပြန်ရောက်ချိန်မှစ၍ နှစ်ယောက်စလုံး အိပ်ရာ ထဲမှာ လဲနေကြသည်။ ဆရာကြီးဦးဘိုသာ က သူ့မိသားစုရှိရာ ၀န်းသိုရွာ မှာ သားမက် ကိုချစ်စိန်က သူ့ မိသားစု ရှိရာ ထန်းတောရွာမှာ။

စစ်အတွင်း မို့ ဆေးဝါးကမပြည်စုံ။ ကောင်းစွာကုသနိုင်ခြင်းလည်းမရှိ ကြာလေအင်အားချိနဲ့ လေဖြစ်လာသည်။ အဖျားကလည်း မပျောက်။
ဆရာကြီးကလည်း သမက်ကို သွားမကြည့်နိုင် သမက်ကလည်း ဆရာကြီးကိုမကူညီနိုင်။ သူသေမည်လား ကိုသေမည် လား အပြန်အလှန်စိုးရိမ်ကြရသည်။
ထန်းတောရွာတွင်ရှိနေသော မစောရှင်မှာလင်အတွက်စိုးရိမ်ရ။ ၀န်းသိုရွာမှ ဖျားနေသော ဖခင်ကြီးအတွက် စိတ်ပူရ နှင့် သောကကြီးစွာဖြစ်ရသည်။ ထိုနည်းတူပင် ၀န်းသိုရွာမှ ဆရာကတော်ကြီးဒေါ်သောင်မှာလည်း ခင်ပွန်း ဖြစ်သူ ဆရာကြီးကိုပြုစုရင်း ထန်းထောရွာမှ မကျန်းမမာဖြစ်နေသော သားမက်အတွက် စိုးရိမ် သောက ဖြစ်နေရသည်။

ညတစ်ည

ညဉ့်နက်သန်းခေါင်းကျော်(၂)နာရီခန့်တွင် လှည်းတစ်စီး မောင်းလာသံ ကြားရသည်။ စစ်မက် ကာလအတွင်း ညအချိန် မတော် ကြားရသောလှည်းသံကို ဆရာကတော်ကြီး ဒေါ်သောင် သံသယ ဖြစ်မိသည်။
“ဖွဟဲ့…လွဲပါစေ…..ဖယ်ပါစေ”    
ထိုလှည်း ကို အိမ်ဆီ သို့ လာသောလှည်း မဖြစ်စေရန် ဆုတောင်းနေမိသည်။
အိမ်ကလမ်းဘေးမှာမို့ တဖြည်းဖြည်း နီးလာနေသော လှည်းသံကိုကြားနေရသည်။
“အိမ်ကို ကျော်သွားပါစေ….ခပ်မြန်မြန်လေးလွန်သွားပါစေ”
စိုးရိပ်ပူပင်စွာ ဆုတောင်းရပြန်သည်။

အိမ်နှင့်နီးလေလေ ရန်ခုန်ရင်မောရလေ
“ဆရာကြီး….ဆရာကြီး”
“ဆရာကတော်”
ဆုတောင်းမပြည့်ပါ။ လှည်းကအိမ်ဘေးမှာ ရပ်ခေါ်နေပြီ။
ဆရာကြီးရော ဆရာကတော်ကြီးပါ အိပ်ရာမှနိုးနေကြ၍ ခေါ်သံကို ကြားနေရပါသည်။
“ဟေ….ဘယ်သူတွေလဲ့ဟဲ့…”
ဆရာကတော်ကြီး ဒေါ်သောင်ကအသံပြုသည်။

“ကျွန်တော်တို့ပါ…ထန်းတောရွာက ညွှန့်မောင်တို့ပါ”
“ဟဲ့ ….ညွှန့်မောင် ညဉ့်နက်မှ ဘာကိစ္စလဲ….”
“မောင်ချစ်စိန် ဆုံးပြီ……”
တုပ်လှုပ်ချောက်ချားစရာနှင့် ၀မ်းနည်းကြေကွဲရစရာ။

၀န်းသိုရွာ

လင်တစ်မျက်နှာ တစ်ရွာထင်၍ ထန်းတောရွာသို့ လိုက်ပါသွားသော မစောရှင် ခမျာ ငယ်ငယ် ရွယ်ရွယ်မှာပင် လင် က ကွယ်လွန်သွားလေပြီ။ ပျော်စရာကောင်းသော အိမ်ထောင်မိသားစုဘဝလေးမှာ ဘာမျှမကြာ၊ တဒင်္ဂံ တခဏ ဖြစ်ခဲ့ရသည်။ အိပ်ရာနိုးသောအခါ ၀မ်းနည်းကြေကွဲစရာ။ ဘေးမှာကလေးငယ်နှစ်ယောက်။ ၀မ်းဗိုက် ထဲမှာကိုယ်၀န်ဆောင်လျက် ကလေးငယ်တစ်ယောက်။ ဘ၀ခရီးကိုမည်သို့ ဆက်လျှောက်ရမှန်းမသိ။ အားပျက် စရာ အားငယ်စရာ။ယောက်က္ခမကြီး ဒေါ်သိုင်းခြုံက ငါ့သမီးဘာမှမပူနဲ့။ အမေခြုံ နဲ့ အတူနေ အမေ ကျွေး ထားမယ် ဟုအားပေးသည်။ သို့သော် မစောရှင်မနေချင် ဤအိမ် ဤ၀န်းကျင်ကိုမြင်နေရ သည်မှာ လွမ်းဆွတ် ကြေကွဲစရာ။ ပျော်စရာကောင်းသောရွာကလေးသည် မဟုတ်တော့ ၀မ်းနည်ပူဆွေးစရာ။ 

မိဘများရှိရာ၀န်းသိုရွာသို့ကလေးနှစ်ယောက်နှင့်အတူပြန်လာ၍မိဘရိပ်ကိုခိုရ၏။မောင်ငြိမ်းချမ်း ထန်းတောရွာ မှာ မွေးသော်လည်း ၀န်သိုရွာမှာ ကြီးပြင်းနေထိုင်ရ၏။ ၀န်းသိုရွာရောက်၍ ပြေးလွှာဆော့ကစားနိုင်အရွယ်တွင် အဖေကြီး ၏ ခြံ၀န်းကျယ်မှာ အဆင်သင့်ဖြစ်နေသည်။ အဖေကြီး၏ခြံကြီးသည် ၀န်းသိုရွာ၏ တောင်ဘက်စွန်း တွင်ရှိ၍ အုန်းပင်များစွာပေါက်ရောက်နေသော အုန်းခြံကြီးဖြစ်သည်။ ခြံ၏အရှေ့ဘက်အခြမ်းမှာ ငှက်ပျောပင် သရက်ပင်။ သပြေပင်၊မာလကာပင်၊သလဲပင် သြဇာပင် စားပင်သီးပင်များစွာစိုက်ထားသည်။ အုန္နဲပင်၊ ကုက္ကိုပင်၊ ညောင်ပင်၊ မန်ကျည်းပင် အရိပ်ရအပင်ကြီးများကလည်း အုံ့ဆိုင်းနေ၏။ ထိုခြံဥယျာဉ်ကြီးထဲမှာပင် အဖေကြီး၏ မူလတန်းကျောင်လေးရှိသည်။ နှစ်ထပ်အဆောက်ဦးဖြစ်၍ အပေါ်ထပ်မှာစာသင်ရသည်။ 

အောက်ထပ်မှာ မိုးရာသီတွင်ရေ၀င်၍စာမသင်ရ။ ကျောင်၀န်းကျင်မှာ ဇွန်ရုံ၊စပယ်ရုံ၊ နွယ်သာကီပန်းရုံ၊ ခေါင်ရမ်းပန်းရုံ များ နှင့်သာယာလှသည်။မောင်ငြိမ်းချမ်းပြေးလွှားဆော့ကစား၍ အလွန်ကောင်းသော ခြံကြီး ဖြစ်သည်။ သရက်သီး သပြေသီး မာလကာသီး သြဇာသီး စသည်တို့ကိုလည်း စိတ်ကြိုက်ဆွတ်ခူးစားနိုင်သည်။ ခြံထဲမှာ မောင်ငြိမ်းချမ်း မတက်ဖူးသောသစ်ပင် မတက်နိုင်သောသစ်ပင်မရှိ။ ခြံစည်းရိုးမှ ခွေးတောက်နွယ်ကြီး များမှာ မောင်ငြိမ်းချမ်းခိုလွှဲဆော့ကစားရာ သဘာ၀နွယ်ဒန်းကြီးများဖြစ်သည်။ မောင်ငြိမ်းချမ်းကတော့ ၀န်းသို သို့ ပြောင်းလာပြီး အဖေကြီးအိမ်မှာ နေရသည်ကို ပိုသဘောကျ သည်။ အဖေကြီး ခြံထဲမှာ ဆော့ကစား ရသည်ကိုပျော်သည်။ ကျောင်းနေအရွယ် ရောက်ပြီမို့ဖေကြီးကျောင်းမှာပင်စာသင်ရသည်။ အဖေကြီး၏အိမ်က နှစ်ထပ်အိမ်ကြီးဖြစ်သည်။ ခြံ၀န်းမှာကုန်းမြင့်ပေါ်မှာရှိသည်။ 

အိမ်ရှေ့တွင်အရိပ်အာဝါသကောင်းသောညောင်ပင်ကြီးရှိသည်။နွေရာသီမှာရွာသူရွာသားတို့နားခိုရာကလေးများဆော့ကစားရာနေရာဖြစ်သည်။ဤညောင်ပင်ကြီးထဲတွင်မောင်ငြိမ်းချမ်းအတွက်နေစရာအိမ်ရှိသည်။ ပညာသင် စရာကျောင်းရှိသည်။ ဆွတ်ခူးစားစရာ သစ်သီးဥယျာဉ်ရှိသည်။ ကစားစရာ သစ်ပင်နွယ်ပင် များရှိသည်။ ဘောလုံးကွင်းရှိသည်။ ခြံစည်းရိုးကိုပတ်လျှက်ရေမြောင်းရှိ၍ မြောင်းရေချိုးနိုင်သည်။ အဖေကြီး ခြံထဲမှာ ရေတွင်းလည်းရှိသည်။ ရေချိုရေကောင်းဖြစ်၍ ရွာတောင်ပိုင်းမှ လူများ အားလုံး ရေချိုးကြ၊ အ၀တ် လျှော်ကြ သောက်ရေသုံးရေခတ်ကြသည်။ 

ဤအိမ်ဤခြံကြီးကိုသဘောကျသလို ၀န်းသိုမှာနေရသည်ကိုလည်း သဘောကျသည်။ အိမ်ခြေ(၂၀၀) ခန့် ရှိသော ရွာမို့ ကြီးလည်းမကြီးငယ်လည်းမငယ် ရွာသားတို့မှာ လယ်သမားများ အမျိုသမီးများက မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း ရေအိုးလုပ်ကြသည်။ ၀န်းသိုအိုးသည် ပါးပြီးခိုင်မာ၍ ရေသည်ရေရွက်ရန်ကောင်းသည်။ သောက်ရေအိုးတည်လျှင်လည်းအေး၍လူကြိုက်များသည်။ အိုးအရွယ်စုံထွက်သည်။ မနက်လင်းလျှင်အိုးခတ်သံ နှင့်နိုးရသည်။မောင်ငြိမ်းချမ်းတို့ သားအမိ၀န်းသိုရွာ ရောက်ပြီး အခြေတကျရှိသောအခါဂျပန်များ မြန်မာပြည် မှပြန်လည်ဆုတ်ခွါကြပြီ၊ ကျေးရွာအထ ဗုံးကြဲလေယာဉ်များကလာရောက်တိုက်ခိုက်နေ၍ ညအချိန် တွင် မီးမထွန်းရ။ 

မှောင်မိုက်သော ညတစ်ညမှာ မစောရှင်သည် ယောက်ျား ကွယ်လွန်စဉ် ကိုယ်၀န်ဆောင်နှင့်ကျန်ခဲ့သော သားကလေးကို မွေးဖွားရသည်။ 
မလွှဲသာမရှောင်သာမီးထွန်းရသောအခါ ဂျပန်များရောက်လာပြီး ဆူပူကြိမ်းမောင်း သည်။ ကလေးမီးဖွားနေသည်ကိုပြောပြသေအခါ နားလည်ခွင့်လွှတ်သည်။ မီးခွက်ကို ဆောင်နှင့် အုပ် ၍ ဆောင်းပေါ်မှာပုဆိုးအုပ်ပြီးအလင်းရောင်အနည်းဆုံးသုံးခွင့်ပြုသည်။ မောင်ငြိမ်းချမ်းမှာ နှမ တစ်ယောက် ညီတစ်ယောက် မောင်နှမသုံးယောက်ဖြစ်သွားသည်။ 
                    

         အဖေကြီး(အဘိုး)ဦးဖိုးသာ

မောင်ငြိမ်းချမ်း၏ အဖေကြီးဦးဘိုးသာမှာ ဝန်းသိုရွာတွင် မူလတန်းကျောင်းအုပ်ဆရာကြီး ဖြစ်သည်။
ဇာတိက မုံရွာတစ်ဘက်ကမ်းမှ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာသားဖြစ်သည်။ မောင်ခန့် ၊မောင်ဘိုးသာ၊ မောင်ဘ၊ မောင်ဘတုတ် ညီအစ်ကိုလေးယောက်ရှိသည်။ မိဘများက ကျေးရွာဘဝ ပင်ပန်းဆင်းရဲစွာ အသက်မွေးကြရသည်။ သားများကို မိမိတို့ကဲ့သို့ မဆင်းရဲစေချင်။ ရွာမှာနေ လျှင်ဘာပညာမှ တတ်မည် မဟုတ်။ မြို့ကျောင်းသို့ပို့ပြီး ပညာသင်ပေးနိုင်သော အခြေအနေ လည်း မရှိ။ သားများကို ရှင်ပြုပေးပြီး အကြီးဆုံး ကိုရင်ကြီးက ဦးဆောင်၍ ပညာရှာရန်ရွာမှ ထွက် စေသည်။ 

နောင်တော့လည်း တပေါင်းတစ်ခုတည်းနေရန် အခြေအနေအခွင့်မသာ၍ တစ်ယောက်စီခွဲပြီး ပညာ ရှာကြ ရသည်။ မောင်ဘိုးသာက ယင်းမာပင်မြို့ရှိ ရိုးမတိမ်ဆရာတော် ကျောင်းသို့သွားသည်။ ဘုန်းကြီး တည်ထောင် သော အလယ်တန်းကျောင်းဖြစ်၍ (၇)တန်းနှင့် ဆရာဖြစ်သင်တန်းအထိ အမြင့်ဆုံးသင်ကြားနိုင်သည်။ 
ရိုးမတိမ် ကျောင်းသို့ရောက်သောအခါ ဆရာတော်နှင့်တွေ့၍ ကျောင်းတွင်နေထိုင်ပညာသင် ခွင့် ပြုရန် လျှောက် ထားသည်။ ဆရာတော် ဆွမ်းဘုန်းပေးချိန်ဖြစ်သည်။ ကျောင်းနေခွင့်လျှောက်ထား တောင်းပန်သော ကိုရင်လေး ကို လှမ်း၍ပင် မကြည့် ဘာမျှလည်းမိန့်ကြားခြင်းမရှိ။ မကြားမသိသကဲ့သို့နေသည်။ လျှောက် ထားသော ကိုရင်က ဒူးတုပ်လက်အုပ်ချီလျက် မိန့်ကြားမည့်စကားကိုစောင့်စားနေသည်။

ဆွမ်း ဘုဉ်းပေးခြင်း ကိစ္စပြီးသောအခါ ဆရာတော်သူ့အခန်းသို့ ပြန်ကြွသွားသည်။ ကိုရင်ကို ဘာမျှ မိန့်ကြား ခြင်း မရှိချေ။
ကိုရင်မှာ လက်အုပ်ချီလျက် ဒူးတုပ်နေဆဲ။ ဘေးမှာရှိသော ဦးဇင်း ကိုရင်များ စိတ်မကောင်းစွာ ကြည့်နေ ကြသည်။
“ဆရာတော်က နေခွင့်မပြုပေမဲ့ မနေပါနဲ့လိုလဲ ပြောမသွားပါဘူး သင့်တော်မယ့်နေရာမှာ ကိုကြည့်နေပေါ့”
ဦးဇင်း တစ်ပါး ၏ မိန့်ကြားချက်ဖြင့် သင့်တော်ရာနေရာမှာ ကြည့်နေရသည်။

နောက်တစ်နေ့မှစ၍ စောစောအိပ်ရာထသည်။ ကျောင်းသန့်ရှင်းရေးလုပ်သည်။ ဆေးကြောစရာ ရှိသည် များကို တာဝန်ယူဆောင်ရွက်သည်။ ဆွမ်းကွမ်းကိစ္စများမှစ၍ ဆရာတော်၏ ဝေယျာဝစ္စ ကိစ္စမှန်သမျှကို ဆောင်ရွက် သည်။ ဦးဇင်းကိုရင်တို့ ခိုင်းစေသမျှကိုလည်း မညည်းမညူ ကူညီလုပ်ပေးသည်။ အလုပ်မှန်သမျှ အလိုက်တသိ လုပ်ကိုင် ပေး၍ ဦးဇင်းများကိုရင်များ ဂရုဏာ သက်ကြသည်။ ကိုရင်အသစ်ကို နှစ်သက် လက်ခံကြသည်။ ဆရာတော်ကတော့ အသိအမှတ်ပြု ခြင်းမရှိ၊ အခေါ်အပြောလုံးဝမရှိ၊ သို့သော် ကိုရင် ဝေယျာဝစ္စ လုပ်နေသည်များကို မြင်တွေ့ နေသည်။ နှင်ထုတ်ခြင်းလည်းမရှိ။ 

ဆရာတော်၏ ဆက်ဆံပုံကြောင့် ကိုရင်မှာ နေရထိုင်ရကျဉ်းကျပ်ပါသည်။ ပညာသင်ခွင့်လေး ရချင်၍ သာသည်းခံပြီးနေရသည်။ နေ့ခင်းမှာ ကျောင်းတက်ရသည်။ ပညာကိုကြိုးစားသည်။ ဆရာတော်၏ ဝေယျာဝစ္စ မှန်သမျှကိုလည်း စေတနာထားပြီးလုပ်ပေးသည်။ အများမလုပ်ချင်သော သန့်ရှင်းရေးအလုပ် ပန်ကန်ဆေး အလုပ် များကိုလည်း ဒိုင်ခံလုပ်ပေးသည်။ ဆရာတော်က လွှဲ၍ ကျန်သောဦးဇင်းများကတော့ ကိုရင်၏ အနစ်နာခံမှု အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုကြသည်။

တစ်နှစ်တိတိပြည့်သွားသည်။ ကိုရင်က မေ့နေသော်လည်း ဆရာတော်က မမေ့။ ဆွမ်းဘုဉ်းပေး အပြီးမှာ ကိုရင်ကို ချီးကျူးစကားပြောသည်။ တစ်နှစ်တိတိစောင့်ကြည့် အကဲခတ်ပြီးဖြစ်ကြောင်း သူ့ဒဏ်ကို ခံနိုင်သူ နည်းကြောင်း။ ယနေ့စာမေးပွဲအောင်သွားကြောင်း အသိအမှတ်မပြုပါပဲလျှက် တစ်နှစ်ပတ်လုံး ဝေယျာဝစ္စ ကိစ္စမှန်သမျှ ကောင်းမွန်ရိုသေစွာ ပြုလုပ်ပေးသည်ကို တွေ့ရကြောင်း ယနေ့ကစပြီး သူ့ကျောင်းမှာ တရားဝင် နေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြောကြား၍ အစစအရာရာ ကိုရင်ကို ယုံကြည်စွာလွှဲအပ်တာဝန်ပေးသည်။

ဆရာတော်က အခွင့်အရေးပေးသော်လည်း ကိုရင်က ဘဝမမေ့။ ယခင်ကလိုပင် တာဝန်ကို ကျေအောင်ကြိုးကြိုးကုပ်ကုပ် ဆောင်ရွက်သည်။ ဦးဇင်းကိုရင်များ၏ လုပ်ငန်းတာဝန်များကိုလည်း လေးစား မပျက် ဆောင်ရွက်ပေးသည်။ ရည်ရွယ်ချက် အောင်မြင်စေရန်လည်း စာကို အစွမ်းကုန် ကြိုးစားသည်။ (၇)တန်း နှင့် ဆရာဖြစ်သင်တန်းကို မုံရွာသို့ သွား၍ ဖြေရမည်ဖြစ်သည်။ ကိုရင်ဝတ်နှင့် ဖြေခွင့်မရ၍ လူဝတ်လဲရသည်။ ဘုန်းတော်ကြီးက သူ့တပည့် အများနှင့်ယှဉ်လျှင် နိမ့် မနေရန် အဝတ်အဆင်မှစ၍ ပြည့်စုံအောင် ဖြည့်ဆည်း ပေး ခဲ့သည်။ 
မောင်ဘိုးသာ (၇)တန်းနှင့် ဆရာဖြစ် စာမေးပွဲကို ကောင်းစွာဖြေဆိုအောင်မြင်ခဲ့ပါသည်။ 

ထိုမှတဆင့် နောက်ပိုင်းတွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဘုန်းတော်ကြီးအဖြစ်နှင့် ကျောင်းထိုင် ဆရာတော်ဖြစ်နေသော စဉ့်ကိုင်မြို့နယ် လက်ပံချိုင့်ရွာသို့ ရောက်လာသည်။ 
အကိုကြီး နှင့် နီးနီးနားနားနေနိုင်ရန်အတွက် ခံလူးရွာကျောင်းမှ မူလတန်းကျောင်းဆရာအလုပ်ကို လျှောက် လိုက်သည်။ ခံလူးကျောင်းကလည်း ဆရာလိုအပ်နေ၍ လျှောက်ထားလိုက်ရာ မူလတန်း ကျောင်းအုပ် ဆရာ အဖြစ် ခန့်အပ်ခြင်းခံရသည်။ 
ခံလူး လက်ပံချိုင့် ရွှေလှံတောင် သုံးရွာပေါင်းသည့် မူလတန်းကျောင်းဖြစ်သည်။ ကျောင်းဆရာက သွက်လက် တက်ကြွသော လူငယ်တစ်ယောက်ဖြစ်နေသည်။ ရွာသူမိန်းကလေးများ စိတ်ဝင်စားကြ ၏။ လက်ပံချိုင့်ရွာဦးကျောင်း ဆရာတော်၏ညီဖြစ်နေ၍ လက်ပံချိုင့်ရွာသူ မိန်းကလေးများက ပိုပြီး စိတ်ဝင်စားကြသည်။

     အမေကြီး(အဘွား)ဒေါ်သောင်

မောင်ငြိမ်းချမ်း၏ အမေကြီး(အဘွား)ဒေါ်သောင်မှာ လက်ပံချိုင်းရွာသူဖြစ်သည်။ မိဘများမှာ တောင်သူ လယ်သမား ဖြစ်၏။ ငယ်စဉ်ကကောက်စိုက် ပဲရိတ်လိုက်ရသည်။ အသားညိုသော်လည်း ရွက်ကြမ်းရေချို ထက်ပိုသောကြည့်ကောင်းသူဖြစ်၏။ ရိုးသား၍ စိတ်ကောင်းရှိခြင်းက ထူးခြားသော တင့်တယ်မှုကိုဖြစ်စေသည်။ လက်ပံချိုင့်ရွာသူသည် သုံးရေကိုမြစ်ရေ သဲတွင်းရေခတ်ကြသော်လည်း 
သောက်ရေကို ဘုန်းကြီးကျောင်းမှ တွင်းရေချို လာခတ်ကြသည်။ အိမ်အတွက်ရေခတ်ရင်း ကျောင်းမှသောက်ရေသုံးရေအတွက်လည်း ကောင်းမှု လုပ်ခဲ့သည်။ ထိုမိန်းမပျိုတစ်သိုက်တွင် ကျောင်းဆရာမောင်ဘိုးသာသည် ရိုးရိုးနှင့်ယဉ်သော ညိုချော လေး မသောင်ကိုသတိပြုမိသည်။ 

ဆွမ်းလာပို့ရင်းပန်းလာကပ်ရင်းဘုရားခန်းသန့်ရှင်းရေးကောင်းမှုပြုရင်း မကြွေအမည်ရှိ ဖြူဖြူသန့်သန့်မိန်းမချောကလည်းးဆရာလေးကိုစိတ်၀င်စားနေသည်။မကြွေအသားဖြူသည်သွက်လက်ချက်ချာသည်။ သို့သော်ဘာလို၍ ဘာလိုနေမှန်းမသိ။ ဆရာလေးစိတ်ထဲမှာ အထာမကြဖြစ်နေရသည်။ နှုတ်ခမ်းက ပါးလွန်း နေသလား။ စကားပြောလျှင်မဲ့တာရွဲ့တာလေးက အလှဖျက်နေသလား။ မသောင်က ညိုသော်လည်း ယဉ်သည်။ မကြွေလောက်မလှသော်လည်း ရိုးသည်အေးသည်ကို ဆရာလေး သဘော ကျသည်။ ဒေါ်ဖော့ ကလည်းသူ့သမီးကိုဆရာလေးနှင့်မျှော်လင့်၏။ဒေါ်စိကလည်းသူ့သမီး မသောင်ကို ဆရာလေး နှင့် စိတ်ကူးယဉ် နေသည်။ တောလက်ကျေးရွာမှာ ပညာတတ်ကျောင်းဆရာသည် တန်ဘိုးကြီး နေ၏။ 

နောက်ဆုံးမှာဆရာလေးက ရိုးရိုးယဉ်ယဉ်နှင့် အေးချမ်းသောစိတ်ထားရှိသူကို ဘ၀အဖော် အဖြစ် ရွေးချယ်လိုက်သည်။ လက်ပံချိုင့်ရွာတွင် “ဒေါ်စီကြည် ရော၊ဒေါ်ဖော့ ကော့ရော”ဟုဆိုစမှတ်ပြုကြသည်။ ဆရာလေး ကိုဘိုးသာ အိမ်ထောင်ကျပြီး လက်ပံချိုင့်ရွာသူ မသောင်တို့၏ မင်္ဂလာပွဲမှာ စည်စည် ကားကား ဖြစ်ပါ၏။ ဆရာလေးကိုဘိုးသာအိမ်ထောင်ကျပြီး လက်ပံချိုင့်ရွာမှာ ၁နှစ်ကျော်ကျော်သာနေလိုက်ရသည်။ ၀န်းသိုရွာ မှ မူလတန်းကျောင်းအုပ်ဆရာက ရွာသူကြီးနှင့်မတည့်၍ လက်ပံချိုင့်သို့ပြောင်းရသည်။ လက်ပံချိုင့် က ဆရာကိုဘိုးသာက ၀န်းသိုမူလတန်းကျောင်းသို့ပြောင်းရသည်။ 

ကိုဘိုးသာနှင့် မသောင်တို့ ၀န်းသိုရွာမှာအခြချရန် မူလတန်းကျောင်းနှင့် ဆက်စပ်နေသော ခြံကို၀ယ်ပြီး  အိမ်ဆောက် နေထိုင်ကြသည်။ ကိုဘိုးသာက စိုက်ပျိုးရေးဝါသနာပါ၍ ခြံ၀န်းရော ကျောင်း၀န်း ကိုပါ သာယာလှပ သော ခြံ၀န်းကြီးဖြစ်အောင် စားပင်သီးပင်များစွာစိုက်ပျိုးလိုက်သည်။ ကျောင်းရှေ့မှာ ကလေးကစားကွင်း လေး လုပ်ပေးသည်။ ယခင်ကခြုံနွယ်ပိတ်ပေါင်းတို့နှင့် တောထ နေသော ကျောင်းကလေးမှာ ယခုတော့ ဥယျဉ်နှင့်ပန်ခြံနှင့်ကစားကွင်းနှင့်သပ်ယပ်လှပနေသည်။ ယခင် ဆရာက ကျောင်းကို လာချင်မှလာ သင်ချင်မှသင်သည်။ ယခုတော့နေ့စဉ် ကျောင်းတက်ခေါင်လောင်းသံ အချိန်မှန်၍ ကလေးများ ကို စနစ်တကျ သင်ကြားပေးသည်။ ကျောင်းသူကျောင်းသားပိုများလာသည်။ ရွာသူကြီးက ဆရာသစ် ကို သဘောကြသည်။ 

နေရေးထိုင်ရေးမှအစ လိုအပ်မျှကို မိတ်ဆွေကောင်းအဖြစ် ခင်မင်စောင့်ရှောက်သည်။ ကိုဘိုးသာနှင့် မသောင်တို့ ၀န်းသိုရွာ မှာ အနေပျော်လာကြသည်။ သမီးနှစ်ယောက်ရပြီး အကြီးမက မစံ၊ အငယ်မက မအေးငြိမ်း။ သမီးနှစ်ယောက်လုံး ရုပ်ရည်လှပ၍  စာတော်ကြသည်။ မစံ(၄)တန်းအောင်သောအခါ သစ်ခေါက်ရွာအလယ်တန်းကျောင်းသို့ ပြောင်း တက်ရသည်။ သစ်ခေါက်အလယ်တန်းကျောင်းတွင် မစံ၏ အမည် ကို မစောရှင်ဟုပြောင်းလိုက်သည်။ အငယ်မအေးငြိမ်းကိုတော့ ဆရာကတော်ကြီး မခွဲနိုင်၍ လေးတန်းအောင်နှင့်သာအိမ်မှာနေရသည်။ ဆရာ ကိုဘိုးသာနှင့် ဆရာကတော် မသောင် တို့မှာ သားသမီး ထပ်မရတော့ပါ။ ဆရာက သာသနာ့အမွေခံ ဖြစ်ချင်သည်။ ရှင်ပြုစရာသားမပါ၍ မုံရွာ တစ်ဘက်ကမ်း မှ ဇာတိဖြစ်သော ကံကုန်ရွာသို့ပြန်ပြီး အစ်မကြီးဆုံး၏ သား(၅)နှစ်အရွယ် တူကလေးကို ခေါ်လာ ခဲ့သည်။

          ဦးလေးဦးကျော်သောင်း

မောင်ကျော်သောင်းသ မအေးငြိမ်းနှင့် အရွယ်တူကစားဖော်ဖြစ်သည်။ ဆရာကိုဘိုးသာနှင့် ဒေါ်သောင် က သားအဖြစ် မွေးစားသည်ပညာသင်ပေးသည်။ရှင်ပြုပေးသည်။ မောင်ကျော်သောင်း ၏ ရှင်ပြုပွဲသည် တစ်နယ်လုံး မှာ အကြီးကျယ်ဆုံးဟုပြော၍ရသည်။ ရှင်လောင်းမောင်ကျော်သောင်းကို စလွယ်ဥသျှောင်၊ တောင်ရှည်ထိုင်မသိမ်း စလွယ်တို့နှင့် မင်းညမင်းသားသဖွယ် လှပစွာတန်ဆာဆင်၍ မြင်းပေါ်တင်ပြီး ရှင်လောင်း လှည့်သည်။ ၀န်းသိုရွာသာမက ဆရာကတော်ကြီးဒေါ်သောင် ၏ဇာတိ ဖြစ်သော လက်ပံချိုင့်ရွာ ထိသွား၍ ရှင်လောင်းလှည့်သည်။ 

(၄)မိုင်အထိ သွားကြရခြင်းဖြစ်၏။ လမ်းခရီးရှိထန်းတောရွာ၊ အရေးမဆိုရွာများ ကိုပါဖြတ်သန်းသွားရင်း ရှင်လောင်း လှည့်ပွဲ ကျင်းပခဲ့သည်။ ညတွင် ရုပ်သေးပွဲ၊ဆိုင်းပွဲ၊ ခြင်းလုံးအလှခတ်ပွဲ၊ ရုပ်ရှင်တို့ ပါ၀င်၍ စည်ကား လှသည်။ ၀န်းသိုရွာတွင် အလှူအတန်းပြုခဲ့ဘူးသမျှ ယနေ့မျက်မောက်ကာလအထိ အကြီးကျယ်ဆုံးး သော အလှူဖြစ်သည် ဟု ပြောစမှတ်ပြုကြ၏။ မဏ္ဍပ်ကလည်း အကြီးကျယ်ဆုံးဟုပြောကြသည်။ ပြာသာဒ် ဘုံဆောင် တစ်ခု ပါလျှင် မဏ္ဍပ်ကြီးတစ်ခုဖြစ်သည်။ ပြာသာဒ်ဘုံဆောင်များစွာနှင့်ဧရာမမဏ္ဍပ်ကြီး ဖြစ်သည်ဟု ပြော ကြသည်။ အလှူလာသူတိုင်းကို ထမင်းစား ကြွေပန်ကန်ပြားတစ်ချပ်စီ လက်ဆောင်ပေးသည်။ 

မူလတန်းကျောင်းအုပ်၏ လစာ၀င်ငွေနှင့် အလှူကြီးပေးနိုင်ခဲ့၏။ မောင်ကျော်သောင်းသည် အသက်ထက်ဆုံး ဦးလေး၊ အဒေါ်တို့နှင့် အေးအတူ ပူအမျှ နေထိုင် ခဲ့သည်။ စစ်မက်ကာလ၊ သောင်းကျန်းသူများ ကြီးစိုး သော ကာလ အတွင်းဦးလေးဖြစ်သူ ကျောင်းဆရာအလုပ် နားရသောအခါများမှာ လယ်သမား အဖြစ်နှင့် လည်း ကောင်း ၀န်းသိုရွာထွက်ရေအိုးများကို အဒေါ်နှင့်အတူလှည့်လည် ရောင်ချရခြင်း ဖြင့် လည်းကောင်း ဦးလေး နှင့် အဒေါ်တို့ကို ကျေးဇူးပြန်ဆပ်သည်။ အိမ်ထောင်မပြု လူပျိုကြီး ဖြစ်သော ၀န်းသိုရွာ၏ ကာလသားခေါင်း ကိုကျော်သောင်းသည် မိဘမဲ့ဖြစ်နေသော မောင်ငြိမ်းချမ်းတို့ မောင်နှမကိုလည်း ကောင်းစွာ စောင့်ရှောက် ခဲ့ပါသည်။   
အပိုင်း (၂)

မောင်ငြိမ်းချမ်းတို့မောင်နှမ

မောင်ငြိမ်းချမ်း ၏ မိခင်မစောရှင်မှာ လင်ယောက်ျားကွယ်လွန်သောအခါ အသက်(၂၅)နှစ်သာ ရှိသေးသည်။ ငယ်ငယ်အရွယ်ကောင်း မှာ ကလေးသုံးယောက်နှင့် မုဆိုးမဘဝရောက်ခဲ့ရသည်။ 
ထိုအချိန်တွင် ညီမအငယ် မအေးငြိမ်းမှာ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရပြီ၊ ဝန်းသိုရွာမှာ ပင် နေသည်။ စီးပွားဥစ္စာပြည့်စုံ၍ မိဘများမှာ သမီးငယ်အတွက် စိတ်အေးရသည်။
မစောရှင် မှာ ကလေးသုံးယောက်နှင့် မိဘများကို မှီခိုအားကိုးနေရပြီး လင့်အမွေအဖြစ် လယ်ကွက်ယာကွက် ကလေး များ ပါလာသည်ကို မောင်ဖြစ်သူ ကိုကျော်သောင်းက ဦးစီးလုပ်ကိုင် ပေးသည်။ 
မောင်ငြိမ်းချမ်း(၅)နှစ်ပြည့်ပြီမို့ အဖေကြီး ကျောင်းမှာ ကျောင်းနေရပြီး အငယ်နှစ်ယောက် ကျောင်း နေအရွယ် မရောက် သေးပေ။

မောင်ငြိမ်းချမ်း(၇)နှစ်သား အရွယ်မှာ ဝန်းသိုရွာတွင် ကျောက်ရောဂါကြီးဝင်ရောက်လာသည်။ ရွာထဲမှာ ကလေးများ ကျောက်ရောဂါဖြစ်ကြသည်။ နှစ်ရက်ခန့်ကိုယ်ပူပြီးလျှင် သုံးရက်အရမှာ  ကျောက်လုံးများ ထွက် လာသည်။ တစ်ကိုယ်လုံး ကျောက်ပေါက်အနာများနှင့် ပြည်ဖုကြီးများ ဖြစ်လာသည်။ စနစ်တကျ ဆေးဝါးကုသ နိုင်ခြင်း မရှိ။ ရွာဆရာအရပ်ဆရာနှင့်ပင် ကုသကြရသည်။ ကူးစက်သည်က မြန်လွန်းလှ၏။ အဖိတ်အစင် အသေအပျောက်များသည် ကလေး(၅၀)ခန့် သေသည်။ ရွာထဲတွင် ကလေးသံတိတ်သလောက်ဖြစ်သွား၏။
မောင်ငြိမ်းချမ်း တို့အိမ်သို့လည်း ကျောက်ရောဂါဝင်ရောက်လာသည်။ 

မောင်ငြိမ်းချမ်း ၏ နှမလေး ကိုစ၍ကူးစက်သည်။ ကျောက်လုံးကြီးများမှာ မွန်းနံသီးမှည့်လို ဖြူဖွေး၍ အရည်ကြည် များပြည့် နေသည်။ 
မောင်ငြိမ်းချမ်း ကျောက်ရောဂါကူးစက်ခံရမှာကြေက်၏။ ကျောက်ရောဂါဆိုသည့်အတိုင်း ကြောက် စရာ။ သေလျှင်သေ မသေလျှင် ကျောက်ပေါက်မာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ရသည်။
ထန်းတောရွာ မှ ကျောက်ကုဆရာကြီး ဦးဝင်းက မောင်ငြိမ်းချမ်းကို ကျောက်မပေါက်အောင် ကာကွယ်ဆေး ထိုးပေး၏။ နှမလေးထံမှ အအောင်ဆုံးသော ကျောက်လုံးကြီးများမှ အရည်ကို ထုတ်ယူပြီး မောင်ငြိမ်းချမ်း၏ လက်မောင်း လက်ဖျံထဲသို့ဝင်အောင် စုတ်ဖြင့်ထိုးဖောက်သွင်းသည်။ ကျောက်ရောဂါပိုးကို အားပျော့အောင် သိပ္ပံနည်းကျ မွေးမြူထားသော ကျောက်ပိုးမဟုတ်။ အားကောင်းသော ကျောက်ပိုးကို ထိုးသွင်း ပေးခြင်း ဖြစ်သည်။

မောင်ငြိမ်းချမ်း ဖျားပြီ။ တစ်ရက်နှစ်ရက် ကိုယ်ပူပြင်းလာ၏။ မောင်ငြိမ်းချမ်းကြောက်၍ ဘုရားရှိခိုးသည်။ ဘယ်သူမှ ခိုင်း၍မဟုတ် ဘယ်လူကြီးမှ လည်းမသိ။ အိမ်ပေါ်မှာ အိပ်ရာထဲမှာ တစ်ယောက်တည်း ကိုယ်ဘာသာ ကိုယ် အားကိုးရာရှာမိခြင်း ဖြစ်သည်။ မည်သို့ ရှိခိုးရမည်နည်း။
အဖေကြီး ၏ စာသင်ကျောင်းတွင် ညနေကျောင်းဆင်းတိုင်း ဘုရားရှိခိုးရသည်။ ထိုသို့ ဘုရားရှိခိုး ရာမှ အလွတ်ရ နေသော ဘုရားရှိခိုးကို ရွတ်ဆိုရှိခိုးသည်။

    ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိ
    ဗုဒ်ဓေါမသေရဏံ အညံ နတ်ထိ
    ဓမ္မောမေ သရဏံ အညံ နတ္ထိ
    သံဃောမေ သရဏံ အညံ နတ္ထိ
    ဗုဒ္ဓဂုဏော အနန္တော
    ဓမ္မဂုဏော အနန္တော
    သံဃဂုဏော အနန္တော
    မာတာပိတုဂုဏော အနန္တော
    အာစရိယဂုဏော အနန္တော
    ဗုဒ္ဓေါမေသိ သေတိဌတု၊ ဓမ္မောမေသီသေတိဌတု၊ သံဃောမေသီ သေနိဌတု
ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုရိုသေသေ ရှိခိုးပြီးနှင့် “ကျောက်မပေါက်ပါစေနဲ့…” ဟု ဆုတောင်း သည်။ 

စိတ်ထဲမှာ အေးချမ်းသွာသည် ကျောက်ပေါက်မှာ မဟုတ်တော့ဘူးဟုလည်း ယုံကြည်သည်။
ကျောက်ပေါက်ဖြစ်စဉ် မှာ နှစ်ရက်ဖျားပြီး သုံးရက်မြောက်တွင် ကျောက်လုံးကလေးများ စတင်ထွက် လာသည်။ 
မောင်ငြိမ်းချမ်း နှစ်ရက်ဖျားပြီးပြီ။ နောက်တစ်နေ့ သုံးရက်မြောက်တွင် ကျောက်အလုံးကလေးများ ထွက် မလာဘဲ အဖျားပျောက်သွာသည်။ နောက်ရက်များမှာလည်း ပြန်မဖျားတော့ပါ။ ကျောက်ရောဂါ အန္တရာယ် ဘေး မှ မောင်ငြိမ်းချမ်းလွတ်မြောက်သွားပါသည်။

ညီအငယ်ဆုံးကတော့ ကျောက်ရောဂါကူးစက်ခံရသည်။ သူ၏ ကျောက်ရောဂါမှာ အဆိုးဆုံးဖြစ်၏။ တစ်ကိုယ် လုံး အပ်ချစရာမရှိလောက်အောင် ထူထပ်စွာပေါက်၏ ကျောက်တွင်းများကလည်း နက်၏။
နှမလေးကတော့ တဖြည်းဖြည်း ပျောက်ကင်းကောင်းမွန်သွားသည်။ ကျောက်အလုံးများသော် လည်း ပေါက်သော ကျောက်များက တွင်းနက်ခြင်းမရှိ၊ ကျောက်ပေါက်မာပင် မကျန်ဘဲကောင်းသွား ၏။
ညီအငယ်ဆုံး လေးကတော့ ကျောက်ရောဂါကြောင့် မျက်နှာမှာ ကျောက်ပေါက်မာသာမက ကုတ်ဖဲ့မိသော အမာရွတ်ကြီး များပါဖြစ်သည်။ သွားများပျက်စီးသည်။ ကျောက်ပေါက်နာများမှာ ပိုးလောက်များကျ၍ တွင်းနက်ကြီး ဖြစ်ကုန်သည်။ အသားများပျက်စီးသည်။ 

လက်ချောင်းကလေး များ ကွေးကောက်သွားသည်။ မြွေအရေလဲသကဲ့သို့ တစ်ကိုယ်လုံးမှာ အရေများ အလွှားလွှား ကွာကျသည်။ သုံးနှစ်အရွယ် မတ်တတ်ပြေးပြီးခါမှ ထိုင်ပင်မထိုင်နိုင်သော အခြေအနေသို့ ပြန်ရောက်သွားသည်။ အရိုးပေါ်အရေတင်အားအင်ချိနဲ့၍ အဘိုးကြီးအိုလေးလို ဖြစ်သွားသည်။ ကံကောင်း ထောက်မ ၍ အသက်မသေသော်လည်း လပေါင်းများစွာ ပြုစုကုသရသည်။ ညီကလေးကို မောင်ငြိမ်းချမ်း ကောင်းစွာပြုစုစောင့်ရှောက်ခဲ့ရသည်။ လပေါင်းများစွာ ကျောပိုး၍ သွားရသည်။
“သေသွားရင် ညီလေးကို ကျောပိုးချင်လို့တောင် ငါ့မြေး ပိုးခွင့်ရမှာ မဟုတ်ဘူး…” ဆိုသော အမေကြီး၏ စကား က ကျောပိုးရသည်ကိုပင် နှစ်သက်စရာဖြစ်စေသည်။

မြေးမှုံ့ကစားဖော် သူငယ်ချင်း

မောင်ငြိမ်းချမ်းနှင့် ဘိုးအေးသည် သက်တူရွယ်တူ မြေးမှုံ့ကစားဖော်သူငယ်ချင်း ဖြစ်ရုံမက အိမ်နီးချင်းလည်းဖြစ်သည်။
မောင်ငြိမ်းချမ်း တို့ အိမ်ရှေ့မှာ ညောင်ပင်ကြီးတစ်ပင်ရှိသည်။ အရိပ်အာဝါသ လွန်စွာကောင်း သည်။ ညောင်ပင် ၏ အခြေမှာ ညောင်မြစ်များ ယှက်ဖြာလိမ်ခွေနေကြသည်ကလည်း ကလေးများထိုင်ချင်စရာ သဘာဝ ကွပ်ပျစ် ဖြစ်နေသည်။ 

ညောင်ပင်ကြီးမှာ မောင်ငြိမ်းချမ်းတို့ အိမ်ရှေ့ရှိလမ်းမကြီးနှင့် နီး၍ လမ်းသွားလမ်းလာများ ညောင်ရိပ်မှာ နားခိုကြသည်။ နွေရာသီ၏ နေ့လည်များမှာ ကလေးများလာရောက်ကစားကြသည်။ ထိုကလေးများတွင် ဘိုးအေး ကတော့ အချိန်တိုင်းမှာလိုလို ညောင်ပင်ကြီးအောက်မှာ ရောက်နေ တတ်၏။ အိမ်နီးချင်းဖြစ်၍ မလုံမခြုံ ကာရံထားသော ခြံစည်းရိုးကို အလွယ်တကူ ဖြတ်လာနိုင်သည်။
မောင်ငြိမ်းချမ်း ကလည်း အခွင့်သာသည်နှင့် ညောင်ပင်ကြီးအောက်ရောက်သွားပြီး ဘိုအေးနှင့် ဆော့ကစား သည်။ ဘိုအေးမိဘများက ဆင်းရဲသည်။ လယ်ပိုင်ယာပိုင်မရှိ၊ မုန့်တီလုပ်ပြီး အခြားရွာများသို့ သွားရောင်း သည်။ 

နွေရာသီ တစ်ရက်မနက်ပိုင်းမှာ ဖြစ်သည်။ အဖေကြီးက အိမ်မှာလချုပ် စာရင်းများလုပ်နေသည်။ အမေက အမေကြီး ကို ကူညီ၍ ကုလားပဲဆံများ သန့်စင်ရွေးချယ်နေသည်။ ယာထွက်ကုလားပဲ များကို ကျိတ်ပြီး ဈေးမှာ ရောင်းချရန် ဖြစ်သည်။
မောင်ငြိမ်းချမ်းက မနက်စာစားပြီးပြီမို့ သုံးဘီးပါသောစက်ဘီးလေးကို ဆွဲထုတ်လာသည်။ 
“အမေ… ညောင်ပင်အောက်မှာ သွားကစားမယ်နော်” အမေကို ခွင့်တောင်းသည်။

“သွားချင်မှာပေါ့…. ဟိုမှာ ကစားဖော်က စောင့်နေပြီကိုး…….”
ဘိုအေးက ညောင်ပင်အောက်သို့ရောက်၍ ညောင်မြစ်ခွေပေါ်မှာ ထိုင်နေသည်။ အမေက မှည့်နေ ပြီဖြစ်သော ခြံထွက် ငှက်ပျောခိုင် မှ ငှက်ပျောသီးတစ်လုံးဖြုတ်ပြီး မောင်ငြိမ်းချမ်းကို ပေးသည်။
“ရော့… ဒါ သားစားဖို့ပေးတာနော်… ခဏနေအုံး…”
“ဒါက…. ဘိုအေးကို ပေးလိုက်…”
“ဟုတ်ကဲ့”
မောင်ငြိမ်းချမ်းငှက်ပျောသီး နှစ်လုံးယူပြီး စက်ဘီးစီး၍ ညောင်ပင်အောက်သို့သွားသည်။
ညောင်ပင်အောက်မှာ ဘိုအေးနှင့်တွေ့သည်။ ထိုင်နေပုံက ဒူးနှစ်ဖက်ကိုလက်နှင့် ပိုက်၍ ကုပ်ကုပ်လေး ဖြစ်သည်။ မောင်ငြိမ်းချမ်းကိုတွေ့သောအခါ မောင်ငြိမ်းချမ်းလက်ထဲမှ ငှက်ပျောသီး နှစ်လုံးကို လှမ်းကြည့် နေသည်။

မောင်ငြိမ်းချမ်းက ငှက်ပျောသီးတစ်လုံးပေးလိုက်သည်။
ဘိုအေး လှမ်းယူ၍ အခွံနွှာစားလိုက်ပုံက မြန်လွန်းလှသည်။
“မင်း… ထမင်းစားပြီးပြီလား…”
မောင်ငြိမ်းချမ်း မေးလိုက်သညည်ကို ဘိုအေးခေါင်းရမ်းပြသည်။
“မနက် ကရော ဘာစားလဲ”
“ဘာမှမစားရဘူး”
“ဘာလို့ ထမင်းမစားတာလဲ…”
မောင်ငြိမ်းချမ်းက ထပ်မေးသည်။

“အဖေနဲ့အမေ ထန်းတောသွားမုန့်ရောင်းတယ်။ သူတို့ ပြန်လာမှ ထမင်းချက်ရမှာ။ ထမင်း ကျက်မှ စား ရမှာ…”
ဘိုအေး ကိုကြည့်ပြီး မောင်ငြိမ်းချမ်း သနားသွားသည်။ သူ့အတွက် အမေပေးလိုက်သော ငှက်ပျောသီးပါ ဘိုအေး ကို ပေးလိုက်သည်။ ဘိုအေးက ဝမ်းသာအားရထပ်စားပါသည်။
“ငါ မင်းစက်ဘီးကို စီးကြည့်ချင်တယ်…”
မောင်ငြိမ်းချမ်း စက်ဘီးပေါ်မှ ဆင်းပေးလိုက်သည်။ ဘိုအေးသုံးဘီးစက်ဘီးလေးပေါ်တက်သည်။ သို့သော် ခြေက နင်းလျှင် လက်က မကွေ့။ လက်ကိုင်သတိထားလျှင် ခြေကမနင်း။ ဘီးက နေရာမရွှေ့ဖြစ်နေသည်။

မောင်ငြိမ်းချမ်း နောက်မှ တွန်းပေးလိုက်သည်။ ဘိုအေးခြေနင်းကို သတိမထားရ၍ လက်ကိုင်ကို ထိန်းနိုင် ကွေ့နိုင်သည်။ ဘိုအေးသဘောတွေကျနေသည်။ နှစ်ပတ်ခန့်တွန်းမိသောအခါ။
“သားရေ… ပြန်လာခဲ့အုံး..”
အမေ ခေါ်ပုံက မာသည်။
ဘိုအေး စက်ဘီးပေါ်မှာ ချက်ချင်းဆင်းလိုက်သည်။ မောင်ငြိမ်းချမ်း အမေ့ဆီသို့ စက်ဘီးစီးလာ ခဲ့သည်။ 
“လာခဲ့စမ်း .. ဒီကို..”
အမေ့မျက်နှာ တင်းနေသည်။ 

မောင်ငြိမ်းချမ်း စက်ဘီးပေါ်မှဆင်း၍ အမေ့ဆီသွားသည်။ အဖေကြီးကပါ လှမ်းကြည့်နေသည်။
“ငါ့သားကို အမေ ငှက်ပျောသီးနှစ်လုံးပေးလိုက်တယ်.. တစ်လုံးက ဘိုအေးဖို့.. တစ်လုံးက ငါ့သားဖို့ အသေ အချာ မှာလိုက်တယ်.. မင်း ဘာဖြစ်လို့ နှစ်လုံးစလုံးဘိုအေးကို ပေးလိုက်တာလဲ” “သားက မနက်စာ ထမင်းစား ပြီးပြီ အမေ ဘိုအေး ခုထိဘာမှ မစားရသေးဘူး။ သူ့အဖေနဲ့ အမေက မုန့်တီရောင်းသွားနေကြတယ် သူတို့ ပြန်လာမှ စားရမှာတဲ့။ သူသိပ်ဆာနေလို့ နှစ်လုံးစလုံး ကျွေးလိုက်တာပါ အမေ…”
မောင်ငြိမ်းချမ်း အမေ့ကိုဖြေရင်းမှ အဖေကြီးဘက်ကို လှမ်းကြည့်မိသည်။ အဖေကြီးက မသိမသာ ခေါင်းညိတ်ပြ သည်ကို မောင်ငြိမ်းချမ်းသတိထားမိသည်။ 

“ကဲ… အဲဒါက ထားလိုက်ပါတော့ ..စက်ဘီးစီးတော့လည်း သားကချည်းသူ့ကို တွန်းပေးနေရတာ… ။ သူက တစ်ခါ မှလဲ ပြန်တွန်းပေးတာ မရှိဘူး။ ဒီကောင်လေးသိပ်လည်တာ..။ သူနဲ့ကစားတာ ငါ့သားပဲ မောနေရတာပဲ ဘာဖြစ်လို့သူ့ကို ဘီးပေါ်တင်တွန်းပေးနေရတာလဲ…”
အမေ က မကျေမနပ်ဖြစ်နေပါသည်။
“သားက တွန်းပေးစရာမှမလိုပဲ ကိုယ်စက်ဘီးကို စီးတတ်တာပဲ။ သူက မစီးတတ်လို့ သားက တွန်းပေးရတာ”
“ဒါဆိုလည်း တစ်လှည့်စီစီးပေါ့ သူက ဘီးပေါ်က မဆင်းတော့ဘူး သားက သိပ်အတာပဲ…”
“သူက သားကိုတွန်းပေးမယ်လို့ပြောပါတယ် သားက တစ်နေ့လုံး ကိုယ့်ဘာသာစီးနိုင်တာပဲ။ သူက စက်ဘီး မရှိတော့ သားနဲ့ တွေ့တဲ့ အချိန်လေးစီးရတာ”
“အဖေ့ မြေးကို ပြောပါအုံး.. သူများဘီးပေါ်တင်တွန်းရတာနဲ့မောနေပြီ..”

အမေက အဖေကြီးကိုလှမ်းပြောပြီး အကူအညီတောင်းပါသည်။ အဖေကြီးက မောင်ငြိမ်းချမ်းနှင့် အမေကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။
“ငါ့မြေးကသနားတတ်တယ်။ အနစ်နာခံစိတ်ရှိတယ် သူများကို ကူညီချင်တယ်။ ဒီလိုစိတ်ကောင်းရှိတဲ့ သားကိုရထားတာ ငါသမီးဝမ်းသာရမှာပေါ့.. ငါ့မြေးကမမောပါဘူး ပျော်နေတာပါ။ ငါ့သမီးသာ မောနေမှာ စိုးရတာ”
အမေ ဘာမှ ဆက်မပြောတော့ပါ မောင်ငြိမ်းချမ်းအဖေကြီးကို ကြည့်ပြီး ကျေးဇူးတင်မိသည်။

မမေ့နိုင်သော ညတစ်ည

နေဝင်မိုးချုပ်ပြီး မှောင်ရီသမ်းပြီ၊ မောင်ငြိမ်းချမ်း တို့ မောင်နှမသုံးယောက် ထမင်းမစားရသေးပေ။ မောင်ငြိမ်းချမ်း ထမင်းဆာလှပြီ။ ခါတိုင်းဆိုလျှင် ညနေစောစော အမေက ထမင်းကျွေးသည်။ ယနေ့ညနေ အမေ့ ကို မတွေ့ရ။

“အမေဘယ်သွားနေပါလိမ့်..”
ကိစ္စရှိ၍ရွာထဲသွားနေသည်ဟု ထင်လိုက်သည်။ အမေပြန်လာလျှင် ထမင်းစားရမည်။ ဆာသောစိတ်နှင့် အမေ့ကိုမျှော်နေမိသည်။ ညီငယ်လေးကတော့ ထမင်းဆာလွန်း၍ ငိုနေပြီ။ နှမလေးက လိမ္မာသည်။ ဆာသော် လည်း ငိုခြင်းမရှိ။ မောင်ငြိမ်းချမ်းနှင့်အတူ အမေ့ကို မျှော်နေသည်။ အိမ်မှာ အမေကြီးလည်းမရှိ။
“ဟော…. ဟိုမှာ လာပြီ”
 အမေ မဟုတ်။ အမေကြီး။ ရွာထဲမှ ပြန်လာဟန်တူသည်။ နောက်မှ ပါလာမည်လားဟု အမေ့ကို မျှော်ကြည့် မိသည်။ မတွေ့ရ။
ထမင်းစားချိန်တိုင်းအမေသာကျွေးနေကျမို့ အမေကြီးကို ထမင်းဆာကြောင်းပြောခြင်းမရှိ။ ထမင်းကျွေးပါဟု ခိုင်းဖူးခြင်း မရှိ။

“အမေကြီး…. အမေရော”
 မောင်ငြိမ်းချမ်း အမေကြီးနားသွားမေးသည်။
“မသိဘူး”
အမေကြီး ဖြေပုံက မာသည်။ ပြတ်သည်။ ဘာမျှလည်းဆက်ပြောခြင်းမရှိ။ ခါတိုင်းတွေ့နေကျ အမေကြီးနှင့် မတူ သလို ဖြစ်နေသည်။
“ထမင်းဆာတယ် အမေကြီး ထမင်းကျွေးပါ….”
မောင်ငြိမ်းချမ်း က အမေကြီးကို ထမင်းကျွေးရန်ပြောသည်။

“မကျွေးနိုင်ဘူး… မင်းတို့အမေကို ကျွေးခိုင်း….”
အမေကြီး က ပြောသည်က ဒေါသနှင့်
“အမေ က ဘယ်သွားမှန်းမသိဘူး အမေကြီး …”
“အေး.. အခုသိရမယ် …. မစောရီ.. လာပါဦး”
အမေကြီး က ဘေးနားမှာ ရောက်နေသော အိမ်နီးချင်း ဒေါ်စောရီကို ခေါ်လိုက်သည်။

“မင်းတို့အမေ ယောက်ျားနောက်လိုက်ပြီ။ ဒီအိမ်မှာ မရှိတော့ဘူး။ မင်းတို့လဲ မင်းတို့ပထွေးအိမ် လိုက်သွားကြ။ ဒီပုတ်ထဲက ဒီပဲတွေ အတူတူပဲ ငါ့တို့ကို အသက်ကြီးမှ ဒုက္ခပေးတဲ့ဟာတွေ…. ဘယ်သူ့မှ မကြည်ချင်ဘူး အဆိပ်ပင် ရေလောင်းရတာနဲ့အတူတူပဲ။ မစောရီ… ဒီကလေးသုံးယောက်သူ့ အမေဆီပို့လိုက်…”
အမေကြီး ထံမှ မမျှော်လင့်သောစကားများကို ကြားရခြင်းဖြစ်သည်။ အမေကြီးဤသို့ ဒေါသဖြစ်သည်ကို မမြင်ဖူးပါ။ ယခုလိုတင်းတင်းမာမာပြောသည်ကိုလည်း မကြားဖူးပါ။ အလွန်သဘော ကောင်းသည် ဟု ထင်ထားသော အမေကြီးမှာ ကြောက်စရာဖြစ်နေသည်။

ထမင်းဆာသည်များ ပျောက်သွားသည်။ ကြောက်ခြင်းဝမ်းနည်း ကြေကွဲခြင်းများကြောင့် မောင်ငြိမ်းချမ်း ငိုမိသည်။ နှမလေးလည်းငိုနေပြီ။ အငယ်ကောင်လေးကတော့ ဘာမှမသိ။ ဒေါ်စောရီက အငယ်လေးကို ကောက်ချီ ၍ မောင်ငြိမ်းချမ်းလက်ကို ဆွဲလိုက်သည်။
“လာ…လာ….. ကလေးတွေ… မင်းတို့အမေဆီ အဒေါ်လိုက်သွားမယ်…”
ဒေါ်စောရီ ၏ လေသံက သနားကြင်နာမှုပါသည်။

ငိုနေသော နှမလေး၏ လက်ကိုမောင်ငြိမ်းချမ်းက လှမ်းကိုင်ဆွဲယူလိုက်သည်။ မောင်ငြိမ်းချမ်းတို့ မောင်နှမ ဒေါ်စောရီ နှင့်အတူ ပါသွားကြသည်။
လွန်ခဲ့သော သုံးရက်ခန့် က ညနေတွင် အမေကြီးငို၍ အမေနှင့်စကားတွေ ပြောနေသည်ကို မောင်ငြိမ်းချမ်း သတိရမိသည်။ 
“ငါ့သမီးရယ် … လိမ္မာစမ်းပါ။အမေတို့ စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့….။ အမေ့ရင်ထဲမှာ ပူလောင် နေတာ ပဲ…။ ငါ့သမီးအခုပြောလိုက်မှ စိတ်အေးရတယ်။ လိမ်မာပါငါ့သမီးရယ်… လိမ်မာစမ်းပါ…..။”
အမေကြီး ပြောသော စကားများကိုလည်း မောင်ငြိမ်းချမ်း ကြားယောင်နေမိသည်။

ထိုနေ့က အမေ့ကို “အမေကြီး ဘာလို့ငိုတာလဲ….” ဟု မောင်ငြိမ်းချမ်းမေးခဲ့သည်။
“ဘာမှမဟုတ်ပါဘူး ငါ့သားရယ်”
အမေ က ခပ်လွယ်လွယ်ပြောခဲ့၍ မောင်ငြိမ်းချမ်းလည်း ခပ်လွယ်လွယ်ပင် မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့သည်။ ခုတော့ အမေကြီးငိုသည်နှင့် ပြောသည်များကို ဆက်စပ်ပြီးနာလည်သလိုဖြစ်မိသည်။ 
“ဘယ် လိုက်ပို့ မှာလဲ  ဒေါ်စောရီ အမေက ဘယ်အိမ်မှာလဲ..”
ခုထိ ပထွေး ဘယ်သူဖြစ်မည်ကို မသိသေး၍ မောင်ငြိမ်းချမ်းက ဒေါ်စောရီကို မေးမိသည်။ 

“မင်းတို့အမေက ရွာမြောက်ပိုင်းက ကိုတင်မောင်နဲ့လိုက်သွားတာ မင်းတို့ အဖေကြီးနဲ့အမေကြီးက သဘော မကျ လို့တားတာ နားမထောင်ဘူး…..”
ဒေါ်စောရီပြော မှ မထွေးဘယ်သူဆိုတာ သိရသည်။ ပို၍ ကြောက်သွားသည်။ 
ဦးတင်မောင် ဆိုသည်ကို သိရုံမြင်ဘူးရုံသာရှိသည်။ လုံးဝရင်းနှီးမှုမရှိ။
“ငါတို့ကို ပထွေးကရောသူ့အိမ်မှာ လက်ခံပါ့မလား။ ရိုက်များလွှတ်လိုက်မလား….”
ကြောက်စိတ်ကြောင့်ဝမ်းနည်းလာပြီး ငိုမိသည်။ နှမလေးကလည်းအသံထွက်ပြီးငိုနေသည်။ ဒေါ်စောရီ ချီ ထားသော အငယ်လေးပါ အစ်ကိုအစ်မနှင့်အတူရောပြီး ငိုနေသည်။
“ကြောက်တယ် မသွားချင်ဘူး.. ပထွေးရိုက်မှာကြောက်တယ်…”
မောင်ငြိမ်းချမ်း ငိုရင်းမှ ဒေါ်စောရီလက်ကိုဆွဲထားသည်။ ဆက်မသွားအောင်ဟန့်တားခြင်းဖြစ်၏။

“မရိုက်ပါဘူး လူလေးရယ်… မင်းအမေလည်းရှိတာပဲ……”
ဒေါ်စောရီစကားကြောင့် မောင်ငြိမ်းချမ်း အားရှိသွားသည်။ ဒေါ်စောရီလက်ကို ဆွဲမထားတော့ပဲ သူခေါ်ရာ နောက် သို့ လိုက်ခဲ့မိသည်။ ငိုနေသောနှမလေးကိုလည်း ကြင်နာစွာပခုံးလေးကို ဖက်၍ အားပေးလိုက်သည်။
နှမလေး က ငိုလျှက်မှ မောင်ငြိမ်းချမ်းဘေးမှ ကပ်ပြီးလိုက်လာရှာသည်။ရောက်ပါပြီ ပထွေး၏ နှစ်ထပ် အိမ်ရှေ့ မှာ ဒေါ်စောရီ ရပ်လိုက်သည်။

“မစံရေ… မစံ.”
ဒေါ်စောရီအသံပြုသည်။ 
အမေဒီအိမ်မှာ ရှိရဲ့လား။ မောင်ငြိမ်းချမ်း အိမ်ကြီးကိုကြည်ပြီး ကြေကွဲစိတ်ဝင်၍ မျက်ရည်များ စီးကျလာသည်။
“မစံရေ ဒီမှာဟေ့ …. ကလေးတွေလာပို့တာ…..”
ဒေါ်စောရီ အိမ်ထဲ မှ ကြားအောင် အော်ပြောသည်။
“ဘယ်သူလဲ မစောရီလား……”
အိမ်ထဲ မှ မေးသံ။ အမေ့အသံမှန်းသိ၍ မောင်ငြိမ်းချမ်းတို့မောင်နှမဝမ်းသာ အားတက်ဖြစ်ရသည်။

“လာ…လာ…..သားတို့သမီးတို့ လာကြ….”
ငိုနေသော ကလေးများကို အမေက အိမ်ထဲခေါ်သွားသည်။ မောင်ငြိမ်းချမ်းတို့ မောင်နှမ အားငယ် ကြောက်လန့် စွာ နှင့် ပထွေးအိမ်ကြီးထဲသို့ဝင်ရောက်ခဲ့ရ၏။
အမေက သားသမီးများကို မငိုရန်နှစ်သိမ့်အားပေးသည်။ မောင်ငြိမ်းချမ်းနှင့် နှမလေးကို အိမ်ပေါ်ထပ် သွတ်ပြန့် မိုး ထားသော အခန်းထဲမှာ အိပ်ရာခင်းပေးပြီးအိပ်စေသည်။ အငယ်လေးကို တော့ သူနှင့်အတူ အိပ်ရန် ခေါ်သွားသည်။

ပထွေးဖြစ်သူက ဘာမျှပြောဆိုခြင်းမရှိ၍ မောင်ငြိမ်းချမ်းစိတ်အေးသက်သာဖြစ်ရသည်။ ထမင်းမစား သေးသည် ကို မေ့သွားသည်။ ဆာသောစိတ်လည်းမရှိတော့ပါ။
သူများအိမ်ဖြစ်သည်ဟူသော အသိဖြင့် စိုးရွံ့အားငယ်စွာ မောင်နှမနှစ်ယောက် အိပ်ပျော်သွားကြ ပါသည်။

ကျောင်းတက်သွားသော မောင်ငြိမ်းချမ်း

နောက်တစ်နေ့မနက်စောစော မောင်ငြိမ်းချမ်းအိပ်ရာမှနိုးသည်။ ကျောင်းသွားရမည်။ ကျောင်း တက် စာသင် ရမည်ကို မောင်ငြိမ်းချမ်းပျော်သည်။ ကျောင်းက အဖေကြီး၏ အိမ်ဝင်းနှင့် တစ်ဆက်တည်းမှာ ရှိသည်။  အမေကြီးကို ကြောက်သည်။ မနေ့ညက အမေကြီး ဒေါသတကြီးပြောဆိုသည်များကို ပြန်၍ ကြားယောင် နေသည်။
စာအုပ်လွယ်အိတ် ကျောက်သင်ပုန်း၊ ကျောက်တံ၊ ခဲတံတို့ကအမေကြီးအိမ်မှာ ကျန်ရစ်ခဲ့သည်။
“ဘာလုပ်ရမလဲ”
ကျောင်းတက်ရန် လွယ်အိတ်သွားယူလျှင် အမေကြီးဆူမည်လား။ မောင်ငြိမ်းချမ်း စိုးရိမ်ကြောက် ရွံ့နေ မိသည်။

ယခင်ကတော့ မောင်ငြိမ်းချမ်း စာတွင် စိတ်ဝင်စားခြင်း စာတော်ခြင်းကို အဖေကြီးနှင့် အမေကြီးက အမြဲ ချီးမွမ်း ခဲ့သည်။
“ဆူချင်လည်း ဆူ။ ကျောင်းလွယ်အိတ်သွားယူပြီး ကျောင်းတက်မည်။”
မောင်ငြိမ်းချမ်းဆုံးဖြတ်လိုက်သည်။ အမေ့ကိုပင် ဘာမျှမပြောတော့ပါ။ ပထွေးအိမ်မှ ထွက်လာခဲ့ သည်။ မနေ့ ညကလည်း ဘာမျှမစားရ။ယခုမနက်လည်း ဘာမျှမစားရသေးပေ။ ပထွေးအိမ်မှာ မစားချင်။ ပထွေး နှင့်လည်းမတွေ့ချင်၍ ထွက်လာခဲ့ခြင်းဖြစ်သည်။ လမ်းတွင် ကျောင်းသွားနေ သောကလေးများကို တွေ့ ရသည်။
မောင်ငြိမ်းချမ်းတို့ ရွာသဘာဝမှာ ကလေးများသည် မနက်လင်းသည်နှင့် စာသင်ကျောင်းသို့ သွားကြ သည်။ ကျောင်းမတက်သေးခင် ကျောင်းဝင်းထဲမှာ ဆော့ကစားရသည်။

ခါတိုင်းဆိုလျှင် မောင်ငြိမ်းချမ်းကျောင်းသွားရန်မလို။ ကျောင်းနှင့်အိမ်ခြံဝင်းတစ်ဆက်တည်းမို့ အိမ်မှာ နေရင်း ကျောင်းသို့ရောက်နေသည်။ ယနေ့တော့ သူများနည်းတူ ကျောင်းသွားနေရသည။ သွားရသည် မှာလည်း အဝေးကြီး။ ပထွေး၏အိမ်မှ ရွာမြောက်ဖျားတွင်ရှိသည်။ အဖေကြီး၏ ကျောင်းသည် ရွာ တောင်ဖျား မှာရှိသည်။

သူများကျောင်းသွားသည်က ကျောင်းလွယ်အိတ်လွယ်ထား၍ ကျောင်းသားနှင့်တူသည်။ မောင်ငြိမ်းချမ်းမှာ လွယ်အိတ် မပါ၍ ကျောင်းသားနှင့်မတူ။ သွားနေပုံ ကလည်း မဝံ့မရဲ ကုပ်ချောင်းချောင်း။ လမ်းတွင် ဘယ်သူ ကမှ ဘာမျှမမေး၍ တော်သေးသည်။

မောင်ငြိမ်းချမ်း ကျောင်းရောက်သောအခါ ကလေးတော်တော်များများ ရောက်နေကြပြီ။ ယခင်ရက်များက သူသည် နေ့စဉ် ကျောင်းအစောဆုံးရောက်သူအဖြစ် မောင်ငြိမ်းချမ်း ဂုဏ်ယူဝင့် ကြွားပြောဆိုခဲ့သည်။
“မင်း က ကျောင်းဝင်းထဲမှာ နေတာကိုး အရင်ဆုံးရောက်မှာပေါ့ ” ဟု သူငယ်ချင်းများက ပြန်ပြောသည်။
ယနေ့တော့ အရင်ဆုံးရောက်သူမဟုတ်တော့ပါ။ နောက်အကျဆုံးပင်ဖြစ်နိုင်ပါသည်။ 
ကျောင်းဝင်းဘက်သွားမည်လုပ်ပြီးမှ မသွားသေးပဲ အဖေကြီးအိမ်သို့ ဝင်လိုက်သည်။ အိမ်ရှေ့မှာ အမေကြီး ကိုတွေ့ရသည်။
“ကျွန်တော် ကျောင်းလွယ်အိတ် ယူချင်လို့”
မောင်ငြိမ်းချမ်း အမေကြီး ထံခွင့်တောင်းသည်။ ခပ်လှမ်းလှမ်းတန်းလျှားခုံမှာ ဦးလေးထိုင်လျှက်သား တွေ့ရ သည်။ အဖေကြီးကိုတော့မမြင်။

“သွားယူချေ”
အမေကြီး က ခွင့်ပြုသည်။ လေသံက တင်းမာခြင်းမရှိသလို ပျော့ပြောင်းခြင်းလည်းမရှိသည်ကို သတိထား မိသည်။
အိမ်ထဲဝင် ကျောင်းလွယ်အိတ်ယူပြီး ပခုံးမှာ လွယ်၍ ကျောင်းဘက်သို့ သွားသည်။ စာသင်ကျောင်း မှာခြေတံရှည်အမြင့်ဖြစ်၍ ကျောင်းလှေခါးရင်းများမှတက် ခုံမှာ တစ်ခြားကလေး များလို ထိုင်ဖြစ်သည်။ တချို့ ကလေးများက အိမ်မှပါလာသော မုန့်များကို ထုတ်စားနေကြသည်။ သူများမုန့်စားတာမြင်တော့ မောင်ငြိမ်းချမ်း ဗိုက်ဆာ လာသည်။ သို့သော် မောင်ငြိမ်းချမ်းဘယ်မှာ စားရမှန်းလဲမသိ။ ပထွေး အိမ်မှာလည်း မစားချင်။ အမေကြီးအိမ်မှာလည်းမစားရဲ။ မောင်ငြိမ်းချမ်း စိတ်အားငယ်၍ ငိုချင်စိတ် ဖြစ် လာသည်။ တခြားကလေးများသိမြင်မှာစိုး၍ မငိုမိအောင် စိတ်ကိုထိန်းချုပ်ထားသည်။ 

ထိုအချိန်တွင် ရောင်စုံဘောလုံးရောင်းသူတစ်ဦး ရောက်လာသည်။ ကျောင်းဝင်းရှေ့မှ လမ်းပေါ်မှာ ရပ်လျှက်  အသံမြည်သော ပူစီဖောင်းများ အဆက်မပြတ်နှိပ်ပြီးကလေးများကို ဆွဲဆောင်နေသည်။ သူ့ လက်ထဲ မှာ ရောင်စုံဘောလုံးများချိတ်ဆွဲထားသည့် တုတ်ကို ကိုင်ထားသည်။ တုတ်ဖျားမှ လေးထောင့် ဘောင်ခတ် ထားသည့် ဝါးခြမ်းများတွင် လေတင်းအောင် မှုတ်ထားသည့် ရောင်စုံဘောလုံးများ စွာ ချိတ်ဆွဲ ထားသည်။

ပိုက်ဆံပါသော ကလေးများက ပြေးပြေးလွှားလွှားဝယ်ကြသည်။ ပိုက်ဆံမပါသော ကလေးများက လည်း အိမ်ပြန် မိဘထံ ပိုက်ဆံတောင်းဝယ်ကြသည်။
ရောင်စုံဘောလုံး ရောင်းသူမှာ ရောင်း၍ကောင်းလွန်းသောကြောင့် ဘောလုံးအသစ်များကို အဆက် မပြတ် လေမှုတ် နေရသည်။ ခဏအကြာမှာ ကလေးတိုင်း ရောင်စုံဘောလုံးကိုယ်စီဖြစ်နေသည်။
မောင်ငြိမ်းချမ်း မှာ ဝယ်စရာပိုက်ဆံ မရှိပါ။

ခါတိုင်းဆိုလျှင် အမေ့ဆီမှာ ပိုက်ဆံတောင်းနိုင်သည်။ သူများအရင် မောင်ငြိမ်းချမ်းလက်မှာ ရောင်စုံ ဘောလုံး ရောက်နေလိမ့်မည်။ ခုတော့ အမေက မရှိ။
ဘောလုံးသည်မလည်း ခါတိုင်းဆိုဘုရားပွဲအလှူရှိမှ လာသည်။ ဘာပွဲမျှမရှိဘဲ ရွာကိုလာလေ့မရှိ။ ယနေ့မှ ထူးထူး ခြားခြား ရောက်လာသည်။ လာပြန်တော့လည်း ကျောင်းရှေ့မှာ စတည်းချသည်။ ဘောလုံးသည် မလာ၍ ဘယ်သူမျှမကိုင်လျှင် မောင်ငြိမ်းချမ်း ကိုင်ချင်မည်မဟုတ်။ ခုတော့ ကလေးများ အားလုံး လက်ထဲမှာ ရှိပါလျှက် မိမိမှာ ဘောလုံးမရှိသည်က ရှက်စရာဟုထင်လာသည်။ အများနည်းတူလက်ထဲမှာ ဘောလုံးလေး ကိုင်ထားချင်သည်။ အများကစားသလို ဘောလုံးလေးနှင့် ကစားချင်သည်။

“ဘယ်လိုလုပ်ရမလဲ… ဘယ်သူ့အဝယ်ခိုင်းရမလဲ….”
ကြည့်လိုက်တော့ အဝယ်ခိုင်းစရာ အမေကြီးသာရှိပါသည်။
“အမေကြီး ကို ဝယ်ခိုင်းမယ်…..”
အမေကြီး ရှိရာလျှောက်သွားသည်။
အမေကြီးအိမ်ရှေ့ မြေကြီးပေါ်မှာ ဖင်ထိုင်ခုံအနိမ့်လေးတွင် ထိုင်၍ ပြောင်းဖက်ဆေးပေါ့လိပ်ကြီးကို ဖွာ နေသည်။  အမေ့ကိစ္စ အတွက် စိတ်ပျက်စိတ်ညစ် စိတ်ဆင်းရဲခြင်း ဖြစ်နေမည်ကို ကလေးဖြစ် သော မောင်ငြိမ်းချမ်း မသိ။

“အမေကြီး ကျွန်တော့်ကို ဘူစီဘောင်း(ဘောလုံး)ဝယ်ပေးပါ”
အမေကြီး ဆေးပေါ့လိပ်ဖွာနေရာမှ မောင်ငြိမ်းချမ်းကို လှမ်းကြည့်လိုက်သည်။
“မပေးနိုင်ဘူး…. မင်းပထွေး သွားဝယ်ခိုင်းချေ….”         
အမေကြီး လေသံက တင်းမာပြတ်သားသည်။
အနီးမှ တန်းလျားခုံမှာ ထိုင်နေသော ဦးလေးကြားပါသည်။ အမေကြီးကို ထပ်မပြောရဲ တော့ပါ။ ဘူစီဘောင်း မရနိုင်တော့သည်ကို နားလည်၍ အမေကြီးနားမှ ပြန်ထွက်လာခဲ့သည်။
လူတိုင်း ဘောလုံးကိုယ်စီနှင့် ပျော်ပျော်ပါးပါး ကစားနေကြပြီ။ အမေ့ဆီပိုက်ဆံသွားတောင်းရန် ဆုံးဖြတ် လိုက်သည်။ သွားရမည်က အဝေးကြီး ရွာမြောက်ဖျားအထိ။

ပြီးတော့ လုံးဝမသွားချင်သော ပထွေးအိမ်။ ခြေလှမ်းများက နှေးကွေးလျှက်။
“အဒေါ် ကလဲ…ကလေးမှာ ဘာအပြစ်ရှိလို့လဲ… အဲဒီလို မပြောပါနဲ့ သနားပါတယ် ဝယ်ပေးလိုက်ပါ။”
ဦးလေး ပြောသည်ကို မောင်ငြိမ်းချမ်းကြားနေရပါသည်။ မျက်ရည်များ အလိုလိုစီးကျလာ၏။
“လူလေး…. ငါ့မြေးလေး ပြန်လာခဲ့ မသွားနဲ့။ အမေကြီး ဝယ်ပေးမယ်။”
ခေါ်သံနှင့် အတူ အမေကြီးနောက်မှလိုက်လာပြီး မောင်ငြိမ်းချမ်းကို ရင်ခွင်ထဲ ဆွဲပွေ့ပိုက်၍ ဝမ်းပမ်း တနည်း ငိုကြွေးနေပါသည်။ မောင်ငြိမ်းချမ်းလည်း အမေကြီးရင်ခွင်ထဲမှာ ငိုနေမိသည်။ 

ဦးလေး က အဆစ်လေးခုပါသော ဘောလုံးအရှည်တစ်ခုဝယ်လာပြီး မောင်ငြိမ်းချမ်းကို ပေးသည်။ မောင်ငြိမ်းချမ်း အလိုချင်ဆုံးဘောလုံးလေးဖြစ်ပြီးဈေးအကြီးဆုံးဖြစ်သည်။
“ငါ့မြေးလေး မနေ့ကထမင်းစားရလား”
အမေကြီး မေးသည်ကို မောင်ငြိမ်းချမ်းခေါင်းရမ်းပြလိုက်သည်။ 
“ဟင် ….ခုမနက်ကော ဘာစားပြီးပြီလဲ”
မောင်ငြိမ်းချမ်း ခေါင်းရမ်းပြန်သည်။

“အမယ်လေး… ဖြစ်ရလေလူလေးရယ် ငါ့မြေးလေးသနားစရာကောင်းလိုက်တာ….”
မောင်ငြိမ်းချမ်း ကို ဖက်၍ အမေကြီးဝမ်းနည်းကြေကွဲစွာငိုနေပါသည်။
“ငါ့မြေး က ဟိုအိမ်ရောက်တော့ ထမင်းမစားရသေးတာ မင်းအမေကို မပြောဘူးလား…”
မောင်ငြိမ်းချမ်း က ခေါင်းရမ်းပြသည်။

“ဘာဖြစ်လို့မပြောတာလဲ”
“ပထွေးကြောက်လို့….”
“သြော်….ဖြစ်မှဖြစ်ရလေ…ငါ့မြေးလေးရယ်….”
အမေကြီး က ချက်ချင်းထမင်းခူးပေးသည်။
ထမင်းပူပူ ဟင်းပူပူ ကို မောင်ငြိမ်းချမ်းကိုကြည့်ပြီး အမေကြီးဝမ်းနည်းစွာငိုသည်။ ဦးလေးက မောင်ငြိမ်းချမ်း ကို စိတ်မကောင်းစွာကြည့်၍ မျက်ရည်ကျနေသည်။

“မြေးလေး အခု အမေကြီး မမေးရင် မင်းဘယ်လိုလုပ်မလဲ….”
မောင်ငြိမ်ချမ်း က ဘာမျှမဖြေ။
“မြေးလေး မဆာဘူးလား…”
“ဆာတယ်..”
မောင်ငြိမ်းချမ်း အမှန်အတိုင်းဖြေခြင်းဖြစ်သည်။
“ကလေး ကို ဟိုအိမ်ပြန်မလွှတ်နဲ့တော့ အဒေါ်ရယ်…ဟိုအိမ်ရောက်ရင် ထမင်းဆာလို့လဲ ဘာမှ ပြောရဲမှာ မဟုတ်ဘူး သနားစရာ…ဒီမှာပဲနေပါစေ”
ဦးလေးက မောင်ငြိမ်းချမ်းကို သနားနေသည်။

“ငါ့မြေး မင်းအမေ နဲ့ နေမလား…. အမေကြီးတို့နဲ့ နေမလား ပြော”
“အမေကြီး တို့နဲ့ပဲ နေချင်ပါတယ်”
မောင်ငြိမ်းချမ်း စဉ်းစားနေခြင်းမရှိ။ ချက်ခြင်းအဖြေပေးလိုက်သည်။
“နေ...ငါ့မြေး...အမေကြီးတို့နဲ့ပဲနေ.....။ ဟိုအိမ်ကြီးကို မပြန်နဲ့တော့”
အမေကြီးကခွင့်ပြုချက်ပေးရင်း မျက်ရည်မဆယ်နိုင်ငိုကြွေးနေသည်။ မောင်ငြိမ်းချမ်း၏ ပါးနှစ်ဘက် ကိုလည်း အဆက်မပြက် မွှေးနေသည်။ ပြီးတော့ ရင်ခွင်ထဲမှာ ခိုင်မြဲစွာ ပွေ့ဖက်ထား လိုက်သည်။

အဖေကြီး၏စာသင်ကျောင်း

အမေရှိရာပထွေးအိမ်သို့ မောင်ငြိမ်းချမ်းမသွားရတော့ပါ။ အဖေကြီး အမေကြီး ဦးလေးတို့နှင့် အတူ နေရ သည်။ နေ့စဉ်ကျောင်း အစောဆုံးရောက်သူ ဖြစ်သွားပြန်သည်။
ဖေကြီး ကျောင်းမှာ အတန်းစာသာမက ဘာသာတရား၏ အဆုံးအမများကိုပါ ကလေးများ လိမ္မာ ယဉ်ကျေး အောင်သင်ပေးသည်။
မနက်(၈) နာရီ ကျောင်းတက်သည်နှင့် အငယ်များမှာ မြန်မာသင်ပုန်းကြီးကို ကျေညက်အောင် သင် ပေးသည်။ အဆင့်ဆင့် အတန်းမြင့်လာသည် နှင့်အမျှ မင်္ဂလာသုတ်၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ လောကနီတိစည်တို့ကို သင်ပေးသည်။ အလွတ်ရအောင် ကျက်ပြီး ပြန်ရသည်။ 

(၁၀) နာရီမှာ ကျောင်းဆင်းသည်။ ကျောင်းဆင်းချိန်မှာ ရပြီးသားများကို ပြန်ရေးပြရသည်။ လက်ရေးလှ ရေး ရသည်။
ကျောင်းဆင်းချိန်ကြာသည်။ မနက်စာ အိမ်ပြန်စားကြရ၍ ဖြစ်သည်။ ကျောင်းပြန်ရောက်လျှင် ကျောင်း၀င်းထဲမှာ ကစားခွင့်ရသေးသည်။
(၁၂) နာရီတွင် နေ့ခင်းကျောင်းပြန်တက်သည်။ အတန်းလိုက်ပြဌာန်းထားသော ဖက်စာများကို ဖတ်ရသင်ရသည်။ အတန်းလိုက်ဆိုသော်လည်း တစ်တန်းနှင့်တစ်တန်း ကာရံထားခြင်းမရှိပါ။ ကျောင်းအပေါ်မှာ အားလုံးဟင်းလင်းပြင်ဖြစ်သည်။ တစ်တန်းနှင့်တစ်တန်း အားလုံးမြင်နေရသည်။ မောင်ငြိမ်းချမ်း သင်ရသည်က အငယ်ဆုံးအတန်းဖြစ်သော သူငယ်တန်း။ ကလေးနှစ်ဆယ်ယောက် ခန့်ရှိ၍ ကျောင်းသား အများဆုံးအတန်း။ ကျောင်းနေရသည်ကို မောင်ငြိမ်းချမ်း ပျော်သည်။ စာသင် ရသည် ကိုလည်း ပျော်သည်။

ကကြီး ခကွေးမှစပြီး သင်ရသည်။ ရသူများက တစ်ယောက်တစ်လှည့်ချပေးရသည်။ အသစ်စသင် ၍ ဘယ်သူမှ မရသေးလျှင် ပထမတန်း မှ တစ်ယောက်က လာချပေးသည်။ ကျောင်းဆင်းလျှင် ကျောင်း၀င်း ထဲမှာ ကစားရသည်။ ရန်ဖြစ်သည်မှအပ အဖေကြီးသည် ကျောင်းသား ကျောင်းသူများကို ရိုက်လေ့မရှိပါ။

ညနေ ကျောင်းဆင်းလျှင် ကျောင်းပေါ်မှာ ပင်အတန်းနှစ်တန်း၍ ဘုရားရှိခိုးကြရသည်။ ကျောင်းသားကြီး တစ်ယောက် က ရှေ့မှချပေးသည်ကို နောက်မှ လိုက်ဆိုကြရသည်။ ဘုရားရှိခိုး သည်နှင့် အားလုံး လက်ပိုက်ပြီး အတန်းငယ်များမှ စတင်ဆင်းရသည်။ အိမ်အထိ လက်ပိုက်ပြန်ရ သည်။ အိမ်ရောက်လျှင် မိဘ ကို ကန်တော့ရသည်။
မောင်ငြိမ်းချမ်းပြန်ရသည်က နီးနီးလေး။ အိမ်နှင့် ကျောင်းနှင့်တစ်၀န်းတည်း။ အမေကြီး ရှေ့ရောက် သည်နှင့် ပိုက်ထားသောလက်ကိုဖြုတ်ပြီး အမေကြီးကို ကန်တော့သည်။ အမေကြီး အလွန်သဘောကျ၍ ဆုတွေ အများကြီး ပေးပါသည်။

အမေကြီးထံမှအကြင်နာ

မောင်ငြိမ်းချမ်းကံမကောင်း၍ အမေ့ရင်ခွင်နှင့် ကင်းဝေးခဲ့ရသော်လည်း ကံကောင်း၍ အမေကြီးရင် ခွင်မှာ ခို၀င်ခွင့် ရသည်။ အမေကြီးထံမှ အေးချမ်းသော မေတ္တာ၊ နွေးထွေးသော အကြင်နာအစုံ ရသည်။ မောင်ငြိမ်းချမ်း ကြိုက်သော ပဲလှော်၊ ကြံသကာ၊ ထန်းညက် မပြတ်အောင် အမေကြီးက ၀ယ်ထားပေးသည်။
ညအချိန် တွင် မောင်ငြိမ်းချမ်း အမေကြီးနှင့်အတူ အိပ်သည်။ အမေကြီးသည် အိမ်ရှင်မကောင်းပီ သ၏။ ည တွင် နောက်ဆုံးမှ အိပ်ရာ၀င်သည်။ မနက်တွင် အစောဆုံးအိပ်ရာထသည်။ မောင်ငြိမ်း ချမ်းတို့ မြေးအဖိုး အိပ်ရာ နိုးလျှင် မနက်အစောစာ အဆင်သင့် ဖြစ်နေပြီ။

ဆောင်းတွင်းကာလဆိုလျှင် မောင်ငြိမ်းချမ်းတို့ မြေးအဖိုးအိပ်ရာထချိန်မှာ အမေကြီးက မန်ကျည်း ပင် အောက်မှာ မီးဖိုထားပြီ။ မီးဖိုဘေးမှာ နွေးထွေစွာထိုင်နိုင်ရန် ဂုံနီအိတ်ခင်းထားသည်။ မုန့်ပေါင်း၊ အကြော်နှင့် ရေနွေးကြမ်းအဆင်သင့်။ ထန်းမြစ်ပေါ်ချိန်ဆိုလျှင် ထန်းမြစ်ကို မီးဖုတ်ထားသည်။ ဆီ ဆား ပန်းကန် နှင့် အဆင်သင့်။ ပဲမြစ်ပေါ်ချိန်တွင် ပဲမြစ်ပြုတ် စားရသည်။
ပြာသို၊ တပို့တွဲ သိပ်ချမ်းသည့်ကာလများတွင် အမေကြီးက ချည်ကြမ်းစောင်များကို နေ့တိုင်း နေလှမ်း သည်။ ညနေမှာ စောစောရုပ်ပြီး အပူငွေ့လေးပါအောင် ခေါက်ထားသည်။ ညအိပ်လျှင် အမေကြီးက အပူဓာတ် ပါသော စောင်ခေါက်ကလေးဖြန့်၍ မောင်ငြိမ်းချမ်းကို ခြုံပေးသည်။ နွေးသွားသော အရသာကို မောင်ငြိမ်းချမ်း သဘောကျသည်။

အမေကြီးသည် ဟင်းချက်လည်း အလွန်ကောင်းသည်။ အမေကြီးချက်သည့် ကုလားပဲရွက်ဟင်းချို၊ ပဲဟင်းချို တို့မှာ အလွန်ချိုပါသည်။ ခရမ်းချဉ်သီးချက်၊ ပြောင်းဖူးကြော်၊ နွားနို့ချက်၊ ကောက်ရိုးမှိုနှင့် ငရုတ်သီးဆီပြန်ချက် တို့ကို မောင်ငြိမ်းချမ်း အလွန်ကြိုက်သည်။
အမေကြီး အကြိုက် ဟင်းကတော့ ငပြေမကို ငရုတ်သီးစိမ်းနှင့် စပ်စပ်ကလေး ဆီပြန်ချက်သော ဟင်း။ ငပြေမ ကို မီးဖိုပြာနုနုနှင့်လူး၍ ဆူးကောင်နှုတ်နည်း မောင်ငြိမ်းချမ်း ကို အမေကြီးက သင်ပေး သည်။ မောင်ငြိမ်းချမ်း အမြဲတမ်း ငပြေမဆူးတောင် နှုတ်ပေးရသည်။ လုပ်နေကျမို့ ငပြေမဆူး တောင်စင်အောင် မောင်ငြိမ်းချမ်း ကောင်းစွာနှုတ်တတ်နေပါပြီ။ ပြာနံ့ကလေးသင်းနေသော ငပြေမဟင်းကို အမေကြီး ကြိုက် သလို မောင်ငြိမ်းချမ်းကြိုက်တတ်နေပြီ။

အမေကြီးက စေတနာလည်းကောင်း၏။
“ဧည့်သည် လာရင် ဆန်မကုန်စေနဲ့... “
အမေကြီး ပြောနေကျစကား။ ဧည့်သည်လာ၍ ကျွေးမွေးရာတွင် စေတနာမပါလျှင် ဆန်ကုန်သည်။ စေတနာ ပါလျှင် ကုသိုလ်ရသည်ဟု ဆိုလို ခြင်းဖြစ်သည်။
“ထမင်းဟင်းကို တိုင်းထွာကာ မချက်ရဘူး။ နည်းနည်းပိုပို မိုမိုချက်ရတယ်။ ဧည့်သည် တဲ့၊ စောင်သည် တဲ့ လာရင် ကျွေးရတယ်..၊ ပေးရတယ်။ ကျန်တာကို သန့်သန့်ရှင်းရှင်းချန်ထား။“
အမေကြီး ပြောလေ့ရှိသော စကားဖြစ်သည်။ ကျွန်တော်တို့တောရွာတွင် ညပိုင်းကျမှ မမျှော်လင့်ဘဲ ဧည့်သည် လာလျှင် ထမင်းဟင်းပြန်ချက်ရသည် မရှိပါ။ ကျွေးလောက်အောင်ကျန်ပါသည်။ ကိုယ့် အိမ်မှာ ပြည့်ပြည့် စုံစုံ မကျန်လျှင် ဟိုအိမ်သည်အိမ် လိုက်တောင်းပါက ကျွေးနိုင်အောင်ရပါသည်။ ထိုအတွက် သန့်သန့် ရှင်းရှင်း ချန်ရန် အမေကြီးက ပြောခြင်းဖြစ်သည်။

စောင်သည်ဆိုသည်မှာ ချည်စောင်များလာရောင်း သူများဖြစ်သည်။ သူတို့မှာ ထမင်းချက်စားရန် အိုးခွက် မပါ။ ရွာမှ ၀ယ်စားရန်လည်း ဆိုင်မရှိ။
“ထမင်းကျန် ဟင်းကျန်ရှိရင်ပေးကြပါ။“
ရွာထဲလိုက်တောင်းကြသည်။ အလွန်သိတတ်ပါသည်။ သူတပါးစားချိန်မှာ မတောင်းပါ။ စားပြီးချိန် ကျမှ ကျန်သည်ကိုတောင်းခြင်း ဖြစ်ပါသည်။ တောင်းစားသူများမဟုတ်၊ ကောင်းရောင်းကောင်း ၀ယ်လုပ်ရင်း ထမင်းဟင်းကျန် တောင်းခြင်းဖြစ်သည်။ အမေကြီးသည် စောင်သည်များလာလျှင် ၀မ်းပမ်းတသာ စေတနာနှင့် ပေးလေ့ရှိသည်။ မောင်ငြိမ်းချမ်း အမေကြီးကိုကူ၍ ထမင်းဟင်းများ ယူပေးရသည်။

အမေကြီး နေ့ခင်းနေ့လည် အိပ်လေ့မရှိ။ အိမ်လည်သွားခြင်းမရှိ။ အချိန်ရှိသမျှ အလုပ်လုပ်သည်။ အိမ်တွင်းမှုလုပ် သိမ်းထုပ် သေချာခြင်းကို အမေကြီးဂုဏ်ယူသည်။ အဖိတ်ဖိတ်အစင်စင်ရှိလျှင် “မိန်းမကြက်လာ“ ဟု အမေကြီးပြောလေ့ရှိသည်။

မောင်ငြိမ်းချမ်းကြိုက်တတ်သော ပဲကျားလှော်ကို အမေကြီး အမြဲတမ်း ၀ယ်ထားတတ်သည်။ သို့ သော် ဘယ်တော့ မှ အလွယ်တကူ မြင်နိုင်တွေ့နိုင် ယူစားနိုင်အောင်မထား။ လည်ပင်းကျဉ်းသော စဉ့်အိုး ရှည်ရှည်လေး မှာ ထည့်ပြီး လျှို့ဝှက်စွာ သိမ်းသည်။ တစ်ခါတရံ ဆန်အိုးထဲမှာ တစ်ခါတရံ ပဲပုတ်ထဲမှာ၊ လှေခါး အတက်နားမှ ထင်းရှူးသေတ္တာပျက်ကြီးထဲမှာလည်း ထားတတ်သည်။ ကြောင်အိမ် အထပ်သုံးထပ် မှာလည်း အထက်အောက် အမျိုးမျိုး ပြောင်းနေသည်။

မောင်ငြိမ်းချမ်းကလည်း သိမ်းထားသောနေရာကို ဘယ်တော့မျှမမေး။ ကိုယ့်ဘာသာ မတွေ့တွေ့ အောင် ရှာသည်။ တွေ့လျှင် အလွန်ပျော်စရာကောင်းသည်။ လည်ပင်းကျဉ်းစဉ့်အိုးလေး၏ အထဲသို့ လက်နှိုက်လျှင် လေက အေးနေသည်။ ထို့ကြောင့် အထဲမှာပဲလှော်သည် အမြဲတမ်းကျွတ်ရွနေ၏။
စဉ့်ဘူးကလေးက လည်ပင်းကျဉ်း၍ ပဲလှော်ကို လောဘတကြီး လက်ဖြင့်ဆုပ်ယူ၍မရ။ သို့သော် မောင်ငြိမ်းချမ်း က နည်းနည်းစီ နှစ်ခါနှိုက်သည်။အိတ်ထောင်ထဲ ထည့်ထားပြီး အကြာကြီးစားရသည်။
ပဲလှော်ဘူး ဝှက်သည့်ကိစ္စ နှင့် တွေ့အောင်ရှာရခြင်းမှာ အမေကြီးနှင့် မောင်ငြိမ်းချမ်းတို့ ထူးခြားသော အလေ့အထ တစ်ခုဖြစ်သည်။ သို့သော် ဘာကြောင့် ထိုသို့ပြုလုပ်သည်ကို တစ်ခါမျှ မေးဖူး၊ ပြောဖူး မရှိပါ။ အမေကြီး ကလည်း သူ့ထုံးစံအတိုင်း နေရာပြောင်းပြီး ဝှက်သည်။ မတွေ့နိုင်လောက်အောင် တော့ မခက်ပါ။ အိမ်အောက်ထပ်မှာပင် ဖြစ်သည်။ မောင်ငြိမ်းချမ်းကလည်း တွေ့အောင်ရှာနိုင်ပါ သည်။
အပိုင်း (၃)

အဖေကြီးထံမှ စေတနာ

မောင်ငြိမ်းချမ်းကျောင်းတက်ရ စာသင်ရသည်ကို ပျော်၍ စာရလွယ်သည် ပထမတန်း ရောက်ချိန် မှာ စာ ကောင်းကောင်း ဖတ်နိုင်နေပြီ။ မြန်မာသင်ပုန်းကြီးကုန်၍ ဆယ်စောင်တွဲပင် ကိုင်ရပြီ။
ဒုတိယတန်းတွင် မင်္ဂလသုတ်၊ လောကနီတိတို့ကို အလွတ်ရနေပြီ။ စာဖတ်ရသည်ကိုလည်း ဝါသနာပါ၍ ပုံပြင်ပါသော တတိယတန်းဖတ်စာ၊ စတုတ္ထတန်းဖတ်စာများ အားလုံးကိုလည်း ကြိုဖတ်ပြီးဖြစ်နေသည်။

သမီးနှစ်ယောက်လောက်သာမွေး၍ သားမရှိခဲ့သော အဖေကြီး နှင့် အမေကြီး သည် မြေးအနှစ် ဖြစ် သော  သား လိုလည်း ချစ်ကြသည်။ စာသင်ချင်၍ စာရလွယ်သော မောင်ငြိမ်းချမ်းကို ပညာကောင်း စွာ သင်ပေး ရန် လည်း အားထားကြသည်။
အဖေကြီး က မောင်ငြိမ်းချမ်းကို လောကနီတိအားလုံး သင်ပေးပြီးသောအခါ လယ်တီဆရာတော် ကြီး၏ သုံးလူ့ရှင်ပင် အစ ချီသော ဗုဒ္ဓ၀င်လင်္ကာများ၊ လယ်တီဆရာကြီး၏ သံဝေဂလင်္ကာ၊ ပဋိစ္စသမုပ္ပါဒ်လင်္ကာကြီး များကို အလွတ်ကျက်ခိုင်းသည်။ 

မောင်ငြိမ်းချမ်းကလည်း ခိုင်းသမျှကျက်သည်။ ခဏဆိုရပြီး။ အဖေကြီးထံသွားပြီး အလွတ်ပြန်သည်။ ချောမောစွာ ပြန်ပြနိုင်သည်။ အဖေကြီးက ရတိုင်း အသစ်သင်ပေးသည်။ သင်သမျှ အရကျက်သည်။ အဖေကြီး သဘောကျဟန်ရှိသည်။ သို့ သော် ကိုယ့်မြေးကို ချီးမွန်းသည်ဟု ပြောမှာစိုး၍လားမသိ။ တစ်ခါမျှ ထုတ်ဖော် ချီးမွမ်းခြင်း မရှိပါ။ မောင်ငြိမ်းချမ်း ရင်ထဲမှာ ချီးမွမ်းစေချင်သော ဆန္ဒဖြစ်မိသည်။ အဖေကြီးက ကျက်စရာ ပေးလိုက် တိုင်း အမြန်ရအောင်ကျက်သည်။ ရသည်နှင့် သွားပြီး အလွတ်ပြန်သည်။ လုံး၀ မထစ်မငေါ့ ပြန်နိုင်သည်ချည်းဖြစ်သည်။ သို့သော် ချီးမွမ်းခြင်းမရှိပါ။ အသစ်ကျက်ရန် ထပ်ပေးလိုက်သည်။

ညအိပ်ရာ၀င်လျှင်တော့ အဖေကြီးက ပုံပြင်ကလေးများ ပြောပြသည်။ အဖေကြီးပြောသော ပုံပြင် များမှာ အလွန်ကောင်းပါသည်။ အဖေကြီးပြောပုံကပင် စိတ်၀င်စားစရာ။ ဆဒ္ဒန်ဆင်မင်း ဇာတ်ကို
ပြောလျှင် အဖေကြီး က ဦးပုည၏ ဇာတ်စာကဗျာ၊ အလင်္ကာများပါ အသံနေ အသံထားနှင့် ရွတ်ပြသည်။ အလွန် နားထောင်ကောင်းပါသည်။ “စာတိုငညို“ ခေါ်ရလောက်အောင် စာဖတ် ဝါသနာကြီးသော ၀န်ဇင်း ရွာသား လယ်သမားမောင်ညို စာဖတ်များသည့် ကျေးဇူးကြောင့်ပင် ထွန်တုံးပေါ်မှ နန်းတော် သို့ ရောက်ပြီး ပညာရှိအမတ်ကြီး ဖြစ်ခဲ့ရပုံကိုလည်း ပြောပြသည်။
ဇာတ်ကြီး ဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော်များ သမိုင်းဆိုင်ရာ ပုံပြင်များနှင့် မဏိကက်ဇာတ်လို အခြား သော ပုံပြင်များစွာ တို့ကို အဖေကြီးကပြောပြသည်။ မောင်ငြိမ်းချမ်းကို အဖေကြီး ပုံပြောလျှင် အမေကြီး နှင့် ဦးလေး ပါ နားထောင်ကြသည်။

 မောင်ငြိမ်းချမ်း ပုံပြင်များကို ပို၍စိတ်၀င်စားလာသည်။ အိမ်မှာရှိသမျှစာအုပ်များမှာ ပုံပြင်လိုက်ရှာ သည်။ လစဉ်ထုတ် အဖေကြီးရလာသည့် ပညာတန်ဆောင်စာအုပ်များမှာ ပုံပြင်ပါသည်ကို တွေ့ရသည်။ ပုံပြင်ရှာဖတ်ရင်းမှ ပညာတန်ဆောင်စာအုပ်များနှင့် ရင်းနှီးလာသည်။ ဖတ်မိလာသည်။ 
မောင်ငြိမ်းချမ်း စာဖတ်ဝါသနာပါသည်ကို အဖေကြီးသဘောကျဟန်တူသည်။ တစ်လတွင် လခထုတ်ပြီး အပြန်မှာ စာအုပ်ကလေးတစ်အုပ်ပါလာသည်။ အမေရိကန်သမ္မတကြီး အေဘရာဟင် လင်ကွန်း အကြောင်း ရေးထားသော စာအုပ်ကလေးဖြစ်သည်။

လင်းကွန်းလေးသည် ဆင်းရဲ၍ စာသင်စာဖတ်ခြင်းကို ညအချိန်မှာ မီးပုံမီးရှို့ပြီးသင်ရ ဖတ်ရသည်။ မြေပြန့်မှာ တုတ်နှင့်ခြစ်ပြီး စာရေးရသည်။ သစ်တောထဲမှာ သစ်ခုတ်ရသည်။ သစ်လုံးအိမ်လေး မှာ နေရသည်။ စာတစ်အုပ်ဖတ်ရဖို့အရေး မိုင်များစွာဝေးသော ခရီးကိုသွားငှားရသည်။ လွယ်လွယ် နှင့်မရ။ သစ်ခုတ်ပေး ခဲ့ရသည်။ ဖတ်ပြီးသည်နှင့် လင်ကွန်းက မိုင်များစွာ ဝေးသောခရီးကို မပျက် မကွက် သွား ပေးသည်။
စာဖတ် အလွန်ဝါသနာပါသော အေဘရာဟင်လင်ကွန်းသည် စာအလွန်ဖတ်ခြင်းနှင့် ရိုးရိုးသားသား ကြိုးစား ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ သမ္မတကြီးအဖြစ် သစ်လုံးအိမ်မှ အိမ်ဖြူတော်သို့ ရောက်ခဲ့ ရပုံ တို့ကို မောင်ငြိမ်းချမ်း သိရှိအားကျဖြစ်ခဲ့ရသည်။

ကစားဖော်သူငယ်ချင်း

ဘိုအေးသည် မောင်ငြိမ်းချမ်း၏ အိမ်နီးချင်းဖြစ်သလို ကစားဖော်လည်းဖြစ်သည်။ ငယ်စဉ်က မြေမှုံ့ ကစားဖော် ဖြစ်သည်။ ကြီးလာသောအခါ ထွေခင်းကစားဖက်ဖြစ်သည်။ အိမ်နီးချင်း ဘိုအေးက အမြဲလိုပင် အိမ်အနောက်ဘက် မှ ညောင်ပင်အောက်မှာ ရောက်နေသည်။
“ဟေ့ကောင်ဘိုအေး....ထွေခင်းမယ်...။“
မောင်ငြိမ်းချမ်းက ထွေဒိုးအဖြစ်ထယ်သွားကျိုးကို ယူလာသည်။ မနေ့ကမှ ထယ်ရင်း နှင့် ကျိုးသွား သော  ထယ်သွားကျိုးကို ဦးလေး က ထွေဒိုးလုပ်ရန်ပေးထားခြင်းဖြစ်သည်။ ပုဆိုးခါးပိုက်ထဲ မှ ထွေဒိုး (ထယ်သွားကျိုး) ကို သဘောကျစွာ ကြည့်နေသည်။ ပြောင်ချောပြီးလက်ဆကောင်းသော အရွယ်ဖြစ်၏။

“ခဏစောင့်....ငါ့ထွေဒိုး နဲ့ လောက်စာလုံးသွားယူလိုက်အုံးမယ်“
ဘိုအေးသူ့အိမ်ဘက်သို့ ပြန်ပြေးသည်။ သိမ်မကြာလိုက်ပါ။ ခါးပိုက်ထဲမှာ လောက်စာလုံးအပြည့် နှင့် ထွေဒိုး ကိုင်လျက် ရောက်လာသည်။ ဘိုအေးလက်ထဲ မှ ထွေဒိုး ကို မောင်ငြိမ်းချမ်း လှမ်းကြည့်လိုက်သည်။ သူ့အမေ စျေးရောင်း သည့် ချိန်ခွင်တောင်းထဲ မှ တဆယ်သားအလေး ကို ယူလာခြင်းဖြစ်သည်။ သံလေးအဝိုင်း ဖြစ်သည်။ လက်ဆ ကောင်းသည့် အရွယ်ဖြစ်သည်။
လောက်စာလုံး ဆယ်လုံးကြေးဖြစ်သည်။ လေးလုံးပေါ် တစ်လုံးဆင့်တင်သည့် လောက်စာလုံးပုံ လေးပုံကို တန်းစီ ထားပြီး အဝေး မှ ထွေဒိုး နှင့် ပစ်ကစားရခြင်းဖြစ်သည်။
နှစ်ပွဲကစား ပြီးသော အခါ အုန်းကျော်နှင့် စံတင်ရောက်လာသည်။ ကစားသူလေးယောက်မို့ လောက်စာ လုံး အတန်း ပိုရှည် လာသည်။

ဘိုအေး အလျင် ပစ်လှည့်မှာ လောက်စာလုံးတန်းကောက်နေသည်ကို မြင်၍ မောင်ငြိမ်းချမ်းပြေး သွား သည်။ လောက်စာလုံးပုံကို တန်းအောင်ပြင်လိုက်သည်။
“မပစ် နဲ့ အုံးဟေ့.... “
မောင်ငြိမ်းချမ်း က လှမ်းအော်ပြောစဉ်မှာပင် ဘိုအေးက သူ့လက်ထဲမှ ဆယ်လေး ဒိုးကို ပစ်လွှတ် လိုက် သည်။
ဒုတ်...
“အား.... “
ဆယ်လေးဒိုးသည် မောင်ငြိမ်းချမ်း၏ လက်ယာဘက် မျက်စိဘေး ကို မှန်သည်။ နွေရာသီပူချိန်ဖြစ် ၍ သွေး များက ဖြာကျလာသည်။

“မျက်စိထိသွားပြီ“
“ဘိုအေးက ဆယ်လေးနဲ့ပစ်လိုက်တာ“
မောင်ငြိမ်းချမ်း ၏ အဖေကြီး အမေကြီး ဦးလေးတို့ ရောက်လာသည်။
မျက်စိဘေးနား မှ ပေါက်သွားသည့်နေရာမှ သွေးထွက်နေသည်ကို တွေ့ရသည်။
“မျက်စိဖွင့်ကြည့်၏.... “
မောင်ငြိမ်းချမ်း ဖွင့်ကြည့်သည်။ မြင်ရသည်။ ဘာမှမဖြစ်။
“ဟာ...မျက်စိ နဲ့ နည်းနည်းလေးပဲ လွဲချော်သွားတယ်ကွာ...ကံကောင်းလို့ပေါ့“
အားလုံး စိတ်အေးသွားကြရသည်။

ထိုအချိန်တွင် ဘိုအေးတို့ အိမ်ဘက်မှ ဒေါ်စောရီ ၏ တဘုန်းဘုန်းရိုက်နှက်သံ ဘိုအေး၏ အော်သံငို သံကို ကြားရ သည်။
ခဏကြာသောအခါ မောင်ငြိမ်းချမ်းညောင်ပင်အောက်သို့ ရောက်သွားသည်။ ဘိုအေး ကို ညောင် မြစ်ပေါ် မှာ ထိုင်လျှက်တွေ့ရသည်။
“ဒီမယ်ကြည့်စမ်း မင်းပစ်လိုက်တာ ကံကောင်းလ်ို့ မျက်လုံးနဲ့ နည်းနည်းပဲလွဲသွားတယ်။
မောင်ငြိမ်းချမ်း က ပလာစတာကပ်ထားသော ဒဏ်ရာကိုပြသည်။
ဘိုအေး က သူ့အင်္ကျီကိုမလှန်၍ သူ့ကျောကုန်းကို ပြသည်။

“အို.... “
မောင်ငြိမ်းချမ်း စိတ်မကောင်း ဖြစ်မိသည်။ ဘိုအေးကျောပြင်မှာ ဝါးခြမ်းပြားရာ လက်ငါးချောင်းရာ တို့ ထင်နေသည်။ သွေးစို့သောနေရာများ ရိုက်သောအမေကပင် ဆနွင်းသိပ်ပေးထားသည်။
မောင်ငြိမ်းချမ်းနှင့် ဘိုအေးဘေးချင်းကပ်လျှက် နှစ်ယောက်အတူ ထိုင်လိုက်ကြသည်။

ရှင်လောင်းဖြစ်ချင်တယ်

လှအောင်တို့ အလှူနေ့ဖြစ်သည်။ လှအောင်ကို သူ့မိဘများက ရှင်ပြုပေးသော အလှူကြီးဖြစ် သည်။ လှအောင် တို့ အိမ်ရှေ့မှာ ရွှေရောင်မဏ္ဍပ်ကြီး ဆောက်ထား၏။ မန္တလေးမှ ဆိုင်းငှားထား သည်။ ညတွင် ဆိုင်းပွဲရှိသည်။ ညနေတွင် ရှင်လောင်းလှည့်မည်မို့ တစ်ရွာလုံး ၀တ်ကောင်း စားလှ များ၀တ်ဆင်၍ လှအောင် တို့ အိမ်သို့ သွားကြသည်။

မောင်ငြိမ်းချမ်းက အတန်းတူ အသက်အရွယ်တူ ပြိုင်ဖက်ဖြစ်သည်။ စာမှာ မောင်ငြိမ်းချမ်း က သာသော် လည်း ကစား နှင့် အကြွား မှာ လှအောင် က သာသည်။ လောက်စာလုံးကြေး ထွေခင်းခြင်း၊ ဂုံညင်း ထိုးခြင်း တို့ တွင် လှအောင်သာ အနိုင်ရသည်။ ထို့ကြောင့် အတန်းထဲမှ စိန်ထွေးနှင့် အေးခင်က လှအောင်ကို အထင်ကြီး ကြသည်။ လှအောင်စကားပြောလျှင် ဘေးမှနေ၍ငေးပြီး နားထောင် တတ်ကြသည်
ယခု အလှူပြီးလျှင်လည်း ကိုရင်လူထွက်၍ ကျောင်းပြန်တက်လျှင် လှအောင်ကြွားဦးမည်။ စိန်ထွေး နှင့် အေးခင် သာမက မောင်ငြိမ်းချမ်းပါ ငေးနေအောင် နားထောင်ရဦးမည်။

အလှူမဏ္ဍပ်ရှေ့မှာ ရှင်လောင်းစီးမည့် မြင်းကြီးက ကြိုးတန်ဆာများလှပစွာ ဆင်ထားသည်။ လှအောင် စီးရမည် ဖြစ်သည်။ မြင်းကြီးကိုကြည့်၍ မောင်ငြိမ်းချမ်း စီးချင်စိတ်နှင့် အားကျမိသည်။
ရှင်လောင်း လှည့်တော့မည်။ မဏ္ဍပ်ရှေ့မှာ လူများတန်းစီနေကြပြီ။ လှအောင်ကို ရှင်လောင်းထိန်း များ ထမ်းခေါ် လာကြပြီ.။ လှအောင်ကပိုးလံချည်နှင့် လက်ရှည်အင်္ကျီမှာ ရွှေချည်ထိုး လက်စည်းနှင့် စလွယ်နှင့် ခေါင်း မှာ ရွေရောင်လက်နေသော ဥသျှောင်ကို ဆောင်းထားသည်။ ပါးပေါ်မှာ ပါးကွက်နှင့် ပါးကွက် ဘေးမှာ အစက်ကလေးတွေတို့ ထားခြင်းဖြစ်သည်။ လှအောင် အတော်ပင်လှ နေသည်။ မြင်းကြီးပေါ် တင် နေကြပြီ။

လှအောင်မြင်းကြီးပေါ်ရောက်သွားပြီ။ မြင်းဇက်ကြိုးကို ကိုင်ထားသည်။ လူတစ်ယောက် လှအောင် ကို ရွှေထီးဆောင်း ပေးနေသည်။
ရှင်လောင်းလှည့်ပွဲကို မောင်ငြိမ်းချမ်း သဘောကျစွာ လိုက်ကြည့်နေမိသည်။ ရွာတစ်ပတ်လှည့် သည်။ ဘုန်းကြီးကျောင်း အထိသွားပြီး မဏ္ဍပ်သို့ ပြန်သည်။ နေ၀င်မိုးချုပ်မှ ရှင်လောင်းလှည့်၍ ပြီးသည်။ 
ရှင်လောင်းလှည့်ပွဲပြီး၍ အိမ်ပြန်လာသောအခါ မောင်ငြိမ်းချမ်း လှအောင်လို ရှင်လောင်းလုပ်ချင် သည်။ မြင်းကြီး စီးချင်သည်။ အိမ်ရှေ့မှာ မဏ္ဍပ်ကြီးဆောက်ချင်သည်။ လှအောင်တို့ထက် ပိုကြီးအောင်လှူပြီး လှအောင် ထက် အသံပိုကျယ်အောင် ကြွားချင်တယ်။

“အမေကြီး ကျွန်တော် ရှင်လောင်းလုပ်ချင်တယ်.... ကျွန်တော့်လှူပါ.... “
အိမ်ပြန် ရောက်သည် နှင့် မောင်ငြိမ်းချမ်း ရင်ထဲမှ ဆန္ဒကို ထုတ်ဖော်တောင်းဆိုလိုက်သည်။ အဖေ ကြီးကို မပြောရဲ အမေကြီးကို ပြောလိုက်ခြင်း ဖြစ်သည်။ ခပ်လှမ်းလှမ်းမှ အဖေကြီးရှိပါသည်။ မြေခရားအိုး လက်ကိုင် ကို ကြိမ်ကွပ်နေသော အဖေကြီးကြားမည်ထင်ပါသည်။
“ငါ့မြေး က သူများလှူတာ ကြည့်ပြီး အားကျလာလို့လား.... “
အမေကြီးမေးပုံက အေးအေးဆေးဆေး
“ဟုတ်တယ်....။ လှအောင်တို့လို အိမ်ရှေ့မဏ္ဍပ်ဆောက်ပြီး ဆိုင်းနဲ့ အကြီးအကျယ်လှူပါ။ မြင်းကြီး စီးပြီး ရှင်လောင်း လှည့် ချင်တယ်.... “

“အမေကြီးတို့လဲ အလှူကြီးပေးဖူးပါတယ် ငါ့မြေးရယ်...။ မင်းဦးလေး က ရှင်လောင်း။ မင်းအမေ နဲ့ အဒေါ် က နားပေါက်သည်...။ အကြီးအကျယ်ဆုံးပါပဲ။ မဏ္ဍပ် ကလဲ ပြာသာဒ်အုံဆောင် ဆယ့်နှစ်ခု တောင်ပါတယ်။ မန္တလေးဆိုင်းပါတယ်။ ရုပ်သေးပါတယ်။ ရုပ်ရှင်ပါတယ်။ ခြင်းဝိုင်းပါတယ်၊ ရှင်လောင်း လှည့် တာ မှ  ဒီရွာတောင်မကဘူး ထန်းတောရွာနဲ့ လက်ပံချိုင့် အထိပါတယ်။ အကြီးအကျယ်ပေါ့.... “
အမေကြီး က မကြာခဏပြောနေကျ စကားကိုပင် ထပ်ပြောနေပါသည်။ အမေကြီးတို့ အလှူအ ကြောင်း မောင်ငြိမ်းချမ်း ကြားရသည် မှာ အကြိမ်များပြီမို့ တစ်မတ်ကူလျှင် ခြောက်လက်မရွယ် ကြွေပန်းကန် တစ်ချပ် လက်ဆောင် ပြန်သည်အထိ မောင်ငြမ်းချမ်းမှတ်မိနေသည်။

“အခုလည်း ကျွန်တော့်ကို  အဲဒီလိုထပ်လှူပေါ့ အမေကြီး... “
မောင်ငြိမ်းချမ်း သူဖြစ်ချင်သည်ကို တောင်းဆိုလိုက်သည်။
“ဘာကွ...ငါ့မြေးက ရှင်လောင်းလုပ်ချင်လို့လား“
အဖေကြီး လှမ်းမေး၍ မောင်ငြိမ်းချမ်းအားတက်သွားသည်။
“ဟုတ်တယ် အဖေကြီး... “
“အဖေကြီး တို့ အမေကြီး တို့ က အသက်ကြီးသွားပြီ ငါ့မြေး ရဲ့။ အလှူကြီးတစ်လှူလုပ်ရင် ငွေအား လူအား အများကြီး ပင်ပန်းတယ်။ အဲဒီလောက် အပင်ပန်းမခံနိုင်တော့ဘူး“
အဖေကြီး စကားကြောင့် မောင်ငြိမ်းချမ်း အားပျက်သွားရပြန်သည်။

“တစ်ခုတော့ရှိတယ် နှမ်းပေါ်ချိန်မှာ မင်းဒေါ်လေးတို့ လှူနိုင်အောင် ကြိုးစားနေတယ်.... “
အမေကြီး က ဒေါ်လေးတို့လှူရင် မောင်ငြိမ်းချမ်းကို ထည့်ပေးချင်ဟန်တူသည်။
“အေး....အဲဒါဟုတ်သားပဲ။ မင်းဒေါ်လေး တို့ လှူဖြစ်ရင် ငါ့မြေးကို ထည့်ပေးဖို့ အဖေကြီးပြောပေး မယ်... “
အဖေကြီး ၏ လေသံမှာ ၀မ်သာအားရဖြစ်သည်။ အမေကြီးလည်း ၀မ်းသာသွားဟန်တူသည်။
“လှူဖြစ်မှာပါ....လှူဖြစ်အောင်.....နှမ်းတွေကောင်းပါစေလို့ ငါ့မြေးဆုတောင်းပေးပေါ့“

“ဟုတ်ကဲ့..... “
  မောင်ငြိမ်းချမ်း၀မ်းသာသွားသည်။ ရှင်လောင်းဖြစ်တော့မည် မြင်းကြီးစီးရတော့မည်ဟူသော အတွေးနှင့် ပျော်သွားသည်။
         ဒေါ်လေး၏ သားကြီး မောင်မျိုးမှာ မောင်ငြိမ်းချမ်းထက် တစ်နှစ်ငယ်သည်။မောင်ငြိမ်းချမ်း
က ( ၉ ) နှစ်၊ မောင်မျိုးက ( ၈ ) နှစ်၊ မောင်မျိုးအောက်ညီလေးက( ၆ )နှစ်၊ နှမလေးက ( ၄)နှစ်၊ ကလေး များ ငယ်သေး ၍ နေမည်ဆိုနေနိုင်သော်လည်း ဒေါ်လေးတို့က ငွေကြေး တတ်နိုင် ၍ လှူချင်နေကြသည်။ 

 ထိုလှူချင်သော စေတနာကြောင့်လားမသိ ထိုနှစ်က ဒေါ်လေးတိုနှမ်းခင်းများ အလွန်ကောင်းကြသည်။ မောင်ငြိမ်းချမ်း ကလည်း အမေကြီးပြောသည့်အတိုင်း ဒေါ်လေးတို့နှမ်းတွေ ကောင်းကြပါစေဟု ဆုတောင်း ပေးသည်။ နှမ်းတွေကောင်းသောအခါ ဒေါ်လေး တို့ ၀မ်းသာသလိုမောင်ငြိမ်းချမ်း လည်း၀မ်းသာနေသည်။ ဒေါ်လေးတို့ နှမ်းယူထွက်တိုင်း မောင်ငြိမ်းချမ်းနှမ်းတလင်းသို့လိုက်သွားပြီးနှမ်းခါပေးသည်။ ခါပြီးသား နှမ်ရိုးများကို ပွေ့၍ တလင်းအပြင်သို့ ပို့ရသည်။ စိတ်ကတက်ကြွ၍ လူက သွက်နေသည်။ မောသည် မထင် ပန်းသည် မသိ။

အထူးသဖြင့် ဒေါ်လေး၏ ယောက်ျားဖြစ်သော ဦးလေးရှ့မှာဆိုလျှင်မောင်ငြိမ်းချမ်း ပို၍ ကြိုးစား သည်။ ဦးလေး မှာ သွေးသားတော်စပ်သည်မဟုတ် ဒေါ်လေးနှင့် စပ်မှဦးလေးတော်ခြင်းဖြစ်သည်။ 
 ဒေါ်လေး က မောင်ငြိမ်းကိုချစ်သည်။ အလှူတွင် မောင်ငြိမ်းချမ်းသ်ိပ်ပါချင်နေမှန်းလည်းသိသည်ပြီးတော့ ဒေါ်လေး က အဖေကြီး ၏ သမီး။ ဖေကြီး ပြောလျှင်ပြီးလိမ့်မည်။ဦလေးကျေနပ်ဖို့သာလိုသည်။ ထို့ကြောင့် ဦးလေး ကျေနပ် ပြီး သနားလာအောင် ကြိုးစားနေရခြင်းဖြစ်သည် ။

ဒေါ်လေးတို့ လှူဖြစ်တာ သေချာသွားပြီ၊ အလှူမှာ ကျွေးဖို့ ဒုံးခြောက်တွေဝယ်လာပြီဟု သတင်း ကြားသည် နှင့် မောင်ငြိမ်းချမ်း ဒေါ်လေးတို့အိမ်သို့အပြေးသွားသည်။ အိမ်ချင်းက နီးသည်မဟုတ်။ ဒေါ်လေးတို့ နေသည်က ရွာရှေ့အဖျား မောင်ငြိမ်းချမ်းတို့နေသည်က ရွာတောင်ဖျား။ ဒေါ်လေးအိမ်ရောက်သည်နှင့် ဒုံးခြောက်အိတ်များ လှည်းပေါ်မှချနေကြပြီ၊ မောင်ငြိမ်းချမ်းက ဒုံးခြောက်အိတ်များကို ကူသည်ပေးသည်။ 

နောက်နေ့မှစ၍ ဒုံးခြောက်များကို အမြီးအခွှံများ ထုရခွာရသည်။တစ်နေကုန်ထု၍ တစ်နေကုန် ခွါရ သောကြာင့် မောင်ငြိမ်းချမ်း လက်သည်းထိပ်လေးများနာနေသည်။ နာပါစေ မောင်ငြိမ်းချမ်း ဒုံးခြောက်ထုရင်း ရှင်လောင်းလှည့်လျှင် စီးရမည့်မြင်းကြီးကို မြင်ယောင်နေသည်။
 ရွာဓလေ့အရ လှူမည့်အိမ်ရှေ့မှာ တစ်ပတ်ကြို၍ ဏ္ဍပ်ဆောက်ရန် ရွာသားများကူညီကြသည်။ ဝါးတန်းဝါးအချဉ်တင်၍ ဖျာများမိုးကြသည်။ ဘုရားစင်ဆောက်သည်။ ဘုရားပင့်သည်။ ဘုရားစင်ကို ရာဇမက်ကာ ထုံးသုတ်ပြီး ငှက်ပျောပင်ရှင်စိုက်သည်။သံဃာစင်ထိုးသည် တစ်မနက်လုံး ဝိုင်းဝန်း လုပ်အား ပေးကြ၍ မဏ္ဍပ်ကြီး အကြမ်းတည်ပြီးသွားပြီ။ ပန်းချီဆရာ၏ ရွှေရောင်မဏ္ဍပ်ကတော့ အလှူမတိုင်ခင် အလှူဝင်နေ့ အမီလာဆင်မည် ဖြစ်သည်။ 

ရွာထုံးစံ အတိုင်း မဏ္ဍပ်ဆောက်ပြီးကတည်းက အလှူအိမ်မဏ္ဍပ်ထဲမှာကြေစည်ဆွဲထားပြီး ကြေးစည်သံ တစ်ညံညံ နှင့် လူစည်နေပြီး၊ သက်ကြီးသူများကနှီးဖျာကြ၊ လျှော်သပ်ကြ၊ သံဃာစင်ရှေ့ ပဒေသာပင် လှူဖွယ်ရာ များကို ချိတ်ဆွဲပြင်ဆင်ကြသည်၊ အမျိူးသမီးများက ဆန်ပြာကြ၊ ဆန်ရွေးကြ၊ မုန့်ဖြူမုန်နီ ကြော် ကြသည်။
အလှူမဏ္ဍပ်ပြီး ကတည်းက မောင်ငြိမ်းချမ်း အလှူရှိမှန်းသိအောင် တီးလိုက်ရသည့်ကြေးစည် ၊ တည်လိုက်ရသည့် ရေနွေအိုး မီးခီုး၍ မျက်ရည်ပေါက်ပေါက်ကျသည်။ မီးမူတ်ရ လွန်း ၍ တစ်ခေါင်းလုံး ပြာမူန့်ချည်း ဖြစ်သည် ။

 “ဒီကောင်ကတော့ တယ်ကိုကြိုးစားလုပ်တဲ့ကလေးပဲဟေ့.."
ဘုရားလူကြီး ဦးဘအောင် ချီးကျူး၍ ဦးလေးနှင့် ဒေါ်လေး ကြား မကြား အကဲခတ် ရသေးသည်။ ကြား လောက် သည့် အကွာအဝေး တွင် ဦးလေးရှိနေသည်ကို သတိထားမိသည်။
ဘာမှ လုပ်စရာ မရှိလျှင် မောင်ငြိမ်းချမ်းကြေးစည်သွားထုသည် ။အလှူအိမ်ဆိုသည်မှာ ကြေးစည် တဝေဝေ နေရမည်ဟု လူကြီးများပြောထား၍ ဖြစ်သည် ။
ကြေးစည်သံ ကြား၍ ထင်ပါ၏။ ညနေပိုင်း မှာ လှအောင်ရောက်လာသည်။

“ ဟေ့ကောင်လှအောင်...ငါလဲမြင်ကြီးစီးရတော့မှာပါကွ...”
မောင်ငြိမ်းချမ်း က လှအောင် ကို     ပြန်ကြွားသည်။ လှအောင် အလှူပြီးကတည်းက လှအောင် ကြွားသမျှ  မောင်ငြိမ်းချမ်း နားထောင်ခဲ့ရသည်။ ခုတော့ ကိုယ်အလှည့် ရောက်ပြီ ဟု မောင်ငြိမ်းချမ်းဝမ်းသာနေသည်။ 
“ မြင်း က လန့်တတ်တယ်နော်...လန့်ရင်လိမ့်ကျလိမ့်မယ်...”
လှအောင် အတွေအကြုံရှိသူအနေနှင့် ပြန်ကြွားရင်းသတိပေးသည်။

 “လန့်ရင် မြင်းဇက်ကြိုး ကို ငါက တင်းတင်းဆွဲထားမှာပေါ့ကွ...”
မောင်ငြိမ်းချမ်း က အားကျမခံပြန်ပြောသည်။
“ဟင်း...ဟင်း ဇက်ကြိုးကို တအားဆွဲလို့ မြင်းကမတ်တပ်ရပ် မှ လိမ့်ကျပြီး ဟုတ်ပေ့ဖြစ်နေအုံးမယ်’’
ဒီ တစ်ခါတော့ လှအောင်ပြောသည်ကို မောင်ငြိမ်းချမ်းတကယ်ပင်လန့်သွား၍ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။ 
“ဒါပေမဲ့ မကြောက်ပါနဲ့ ကွာ မြင်းထိန်းကာလသားတွေက မြင်းကိုဆွဲထားမှာပါ...’’
လှအောင် က ပြန်အားပေး မှ မောင်ငြိမ်းချမ်း စိတ်အေးရသည်။ 

“ငါ ကြေးစည်တီးအုံးမယ်...”
လှအောင် က မောင်ငြိမ်းချမ်းလက်ထဲမှ ကြေးစည်ကို လှမ်းကြည့်ရင်း မျက်နှာချိုသွေးလိုက်သည်။
“တီးလေကွာ...ရော့..”
မောင်ငြိမ်းချမ်းက လက်ထဲမှ ကြေးစည်ထုကို  ရက်ရောစွာပေးလိုက်သည်။ 
    အလှူရက်ရောက်ရန် ( ၅ ) ရက်သာလိုတော့သည်။ဒေါ်လေး၏သားမောင်မောင်မျိုး  သင်္ကန်တောင်း ကျက်နေပြီ။ မောင်ငြိမ်းချမ်းကို ခုထိမည်သူကမျှ သင်္ကန်းတောင်းမကျက် မခိုင်သေး။
        “အဖေကြီး...မောင်မျိုးတောင်သင်္ကန်းတောင်းကျက်နေပြီ...ကျွန်တော်မကျက်ရသေးဘူး
လား...”
    အဖေကြီးက မောင်ငြိမ်းချမ်းကို လှမ်းကြည့်သည်။

“ နေပါအုံး ငါ့မြေးရယ်...နောက်တော့ ကျက်တာပေါ့...”
 မောင်ငြိမ်းချမ်း ကျက်ထားချင်လှပြီ။ဘုန်ကြီးရှေ့ကျမှ အငယ်ဖြစ်သူမောင်မျိုးရပြီး ကိုယ် မရမှာ စိုးသည်။ အဖေကြီး ကို ထပ်မပြောရဲ၍သာ ငြိမ်နေလိုက်ရသည်။
ထိုနေ့ညက အလှူအိမ်တွင် မဏ္ဍထဲ၌  တံခွန်ကုက္ကားလုပ်နေကြသော အဘိုကြီးများကို မောင်ငြိမ်းချမ်း ကူညီ၍ ကော်ကပ်ပေးနေစဉ် အဖေကြီးက လူကြီးများစု၍ စကားပြောနေရာမှ  မောင်ငြိမ်းချမ်းကို  လှမ်းခေါ်လိုက်သည်။

  “ ထိုင် ငါ့မြေး ... ဒီအလှူ.စာလေးဖတ်ပြစမ်း... အဖေကြီးတို့လူကြီးတွေ မျက်စိမကောင်းလို့ ...” 
အဖေကြီး က မောင်ငြိမ်းချမ်းကိုအလှူဖိတ်စာတစ်ရွက် လှမ်းပေးသည်။ ဒေါ်လေး တို့ အလှူဖိတ်စာ ဖြစ်သည်။ ဤဖိတ်စာကို ခုမှ မောင်ငြိမ်းချမ်းမြင်ဘူးသည်။ ဖိတ်စာကို ကိုင်ထားရင်း ရင်ထဲမှာ လူပ်ရှား လာသည်။ ကိုယ့်နာမည် ကို အလှူဖိတ်စာတွင် မြင်ရတာ့မည်။ 

 ထိုင်နေကြသူများတွင် အလှူ့ဒယကာလည်းပါ၏။ မောင်ငြိမ်းချမ်းက အလှူဖိတ်စာကို သွက်လက်စွာ ဖတ် လိုက်သည်။လူကြီးများအားလုံးနားထောင်နေကြသည်။အမှူးထားသူများတွင်  အဖေကြီး နှင့် အမေကြီး အမည် ပါသည်။အလှူဒါယကာ နှင့် အလှူဒါယကာမ၊ ဦးလေးနှင့် ဒေါ်လေးတို့၏ နာမည်များ လည်း ဖြစ်သည်။ ဖိတ်စာ တစ်ဝက်ကျော်သော အခါ မောင်ငြိမ်းချမ်း ပို၍ ရင်ခုန် လာသည်။ ကိုယ့် နာမည် ကို ပုံနှိပ် စာလုံး နှင့် တွေ့ရတော့မည်။
“ ဟော...လာတော့မယ်..”
ဖတ်လက်စ စာကြောင်း၏ အောက်ဘက်ဆီမှ မှင်ထူထူ နှင့် ရေထားသော ရှင်လောင်း အမည်များဆီသို စိတ်စော နေမိသည်။.. ဘုရားအမှူးရှိသော ထေရ်သံဃာအရှင်မြတ်တို့အား ဒါတဗ္ဗဝတ္ထု အစုစု တို့ ဆက်ကပ် လှူဒါန်းပူဇော် ပြီးလျှင်ရင်နှစ်သည်းချာသားရတနာလေးများဖြစ်ကြသော မောင်အောင်မျိုး၊ မောင်ခင်စိုး တို့ကို သာသနာတော် အတွင်း သို့ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှင့်၍ သမီးလှ ရတနာ မခင်မာ ကို ကဏ္ဏဝိဇ္ဇန အပ်သွားမြဖြင့် မြတ်နားသမင်္ဂလာဆင်ယင်လိုသည် ဖြစ်ပါ၍...” 
 ရှင်လောင်း အမည်များ သာ မက နားဖောက်သည်၏ အမည်ပါပြီးသွားပြီ။မောင်ငြိမ်းချမ်း ၏ နာမည်မပါ။ 

အလှူဖိတ်စာ ၏  ကျန်သော အပိုင်းကိုမောင်ငြိမ်းချမ်းအသံမတုန်အောင်သတိထားပြီးဖတ်နေရသည်။ ဖြစ်နှိင် လျှင် မောင်ငြိမ်းချမ်း အသံထွက်ပြီးငိုပစ်လိုက်ချင်ပါသည်။သို့သော် မျက်လုံး ထဲတွင် ရစ်ဝဲလာသော မျက်ရည် များကို မကျအောင်
မောင်ငြိမ်းချမ်း ထိန်းချုပ်ထားလိုက်သည်။အလှူဖိတ်စာ အားလုံး ဖတ်ပြီး သွားပါပြီ ။မောင်ငြိမ်း ချမ်း သိသွားပါသည်။ အလှူ မှာ ရှင်လောင်းအဖြစ် ပါဝင်ခွင့် မရှိပါ။ ဦးလေး ဒေါ်လေး တို့ သည် သူတို့သားနှစ်ယောက်နှင့် သမီးတစ်ယောက်ကိုသာ ရှင်ပြု နားသ အဖြစ် သီးသီး သန့်သန့် လေး လုပ်လိုက်ကြခြင်းဖြစ်သည်။ 

“ ငါ့တစ်ယောက်တည်းထည့်တာနဲ ဘာများ ပိုကုန်သွားမှာလဲ...”
 ခဲလေသမျှ သဲရေကျဖြစ်ရပြီ ။ မမျှော်လင့်ခဲ့လျှင် အကောင်သား။ မျှော်လင့်ပြီးမှ မဖြစ်ရသောအခါ ဝမ်းနည်း ကြေကွဲမိသည်။
 ယခင် ရက်များ ကတည်းက အဖေကြီးနှင့်အမေကြီး ကြိုသိနေပါလိမ့်သည်။ဖိတ်စာများ သည် အဖေကြီး ကိုယ်တိုင် မန္တလေး သို့ သွားအပ်ခဲ့ခြင်းဖြစ်သည်။ အလှူတွင် ပါရမည်ထင်ပြီး ဝမ်းသာပျော်ရွှင်နေသော မောင်ငြိမ်းချမ်း ကို မပြောရက် ၍ မပြောခဲ့ခြင်းဖြစ်သည်။ ယနေတော့ ပြောသင့်သောအချိန်လည်းကျပြီ။ တိုက်ရိုက် မပြောချင်လဲ ဖိတ်စာဖတ်ခိုင်းပြီးအသိပေးခြင်းဖြစ်သည်ဟု မောင်ငြိမ်းချမ်း နားလည် လိုက် ပါသည်။
           “  ဒီကောင်ဘယ်နှစ်တန်းလဲ”
            လူကြီးတစ်ယောက်က အဖေကြီး ကိုမေးသည်။
    “ ဒုတိယတန်း ပါ...”
           စာတော်တော်သွားနေပြီ။
မေးသူလူကြီးက ချီးမွမ်းသော်လည်း မောင်ငြိမ််းချမ်းဝမ်းမသာနိုင်ပါ။ အဖေကြီးတို့ဝိုင်းမှထထွက် လာသော အခါ မောင်ငြိမ်းချမ်း ၏ ပါးပေါ်မှာမျက်ရည်များစီးကျလာပါသည်။မောင်ငြိမ်းချမ်းမဏ္ဍပ်ထဲသို့
ပြန်မဝင် ချင်တော့ပါ။ လုပ်ချင်ကိုင်ချင် စိတ်လည်း မရှိတော့ပါ။ မျက်ရည်ကျသည်ကိုလည်း သူများ မမြင် စေချင်ပါ။ ရွာတောင်ပိုင်းအိမ်သို့တစ်ယောက်တည်းပြန်လာခဲ့သည်။လမ်းတွင်မှောင်မဲနေ၍
မောင်ငြိမ်းချမ်း လွတ်လပ်စွာ မျက်ရည်ကျ နိုင်ပါသည်။အိမ်သို့ရောက်သော အခါ အမေကြီး ၏ ရင်ခွင်မှာ  ခေါင်းအပ်၍ ဝမ်နည်းစွာငိုမိသည်။ 
အမေကြီးက ကြင်နာစွာပွေ့ ဖက်၍ နှစ်သိမ့်မူပေးရင်း စိတ်မကောင်းဖြစ်နေသည်။

“ အဖေကြီးရော၊ အမေကြီးရော မင်းဒေါ်လေးကိုပြောပါတယ်။မင်းဒေါ်လေးကလည်း
ထည့်ချင်ပါတယ်။ သူယောက်ျားကို ပြောတယ်။အစကတော့ သူယောက်ျားက မငြင်းပါဘူး။နောက်တော့ တစ်ယောက်ယောက် ဖျက်တယ် နဲ့ တူပါရဲ့ ငါမြေးရယ်...။သူသားသမီး လွဲရင် ဘယ်သူမှ မထည့်ဘူး ဆိုပြီး စိတ်ပြောင်း သွားတယ်။ ငါ့မြေးစိတ်မကောင်မှာစိုးလို့ အမေကြီးတို့က မပြောဘဲနေတာ ။ မင်းအဖေကြီး လည်း ငါ့မြေး အတွက် တော်တော်စိတ်မကောင်းဖြစ်ရှာတယ်။
ထိုနေ့ညက မောင်ငြိမ်းချမ်း အိပ်၍မပျော်ပါ။ ကွယ်လွန်သွားပြီးဖြစ်သော အဖေ့ကို  သတိရမိသည်။အဖေသည် မောင်ငြိမ်းချမ်း ကို  သိပ်ချစ်သည်။အဖေ့ ၏ အစ်က်ို ဘကြီး တို့လှူစဉ် က  မောင်ငြိမ်းချမ်း တစ်နှစ် အရွယ် သာ ရှိသည်။ ငယ်လွန်း၍ အလှူမှာ မထည်ခဲ့ရ ။

“ငါ့သားကြီး လာ မှ မြင်းကြီးနဲ့ ရှင်လောင်းလှည့်ရအောင် အဖေကိုယ်တိုင်လှူအုံးမယ်” ဟု ပြောခဲ့ကြောင်း အမေ က မောင်ငြိမ်းချမ်း ကို ပြောခဲ့ဖူးသည်။
အခုတော့ အဖေ မရှိရုံ သာမက အမေပါ နောက်အိမ်ထောင်ပြု၍ မြို့သို့ ပြောင်းသွားပြီမို့ မောင်ငြိမ်းချမ်း နှင့် အဝေးကြီး သို့ ရောက်နေသည်။
အလှူ မှာ မပါရ၍ ဝမ်းနည်းရာတွင် အမေ့ရင်ခွင်နှင့်ပါ ဝေးရ၍အမေကြီး ရင်ခွင်မှာဝမ်းနည်းစွာ ငိုမိသည်။ အမေကြီး ကလည်း မျက်ရည်မဆည်နိုင် ဖြစ်ရှာ၏။

မိစုံဖစုံ လှူခွင့်ကြုံပါစေ

နောက်နေ့မနက်မှာတော့ ဒေါ်လေးတို့အလှူအိမ်ကို မောင်ငြိမ်းချမ်း သွားချင်စိတ်မရှိ ဖြစ်နေသည်။ သွား ရမည် ကို ရှက်နေမိသည်။
    “အလှူအိမ်မှာ ကူညီလုပ်ပေးတာတော့ စေတနာမပျက်ပါနဲ့ ငါ့မြေးရယ်...စေတနာလေး နဲ့ ကောင်းကောင်း မွန်မွန် သွားလုပ်ပေးလိုက်ပါ ဒါမှ ငါ့မြေးနောက်ဘဝမှာ အခုလိုမဖြစ်ဘဲနဲ့ မိစုံ ဖစုံ အလှူကြီး နဲ့ ကြုံရမှာ”
အမေကြီး၏ စကားသည် စေတနာပျက်သွားသော မောင်ငြိမ်းချမ်းကို လမ်းကြောင်းမှန် အောင် တည့်မတ် ပေးလိုက် နိုင်ပါသည်။ မောင်ငြိမ်းချမ်း အလှူအိမ်သို့သွားပါသည်။ ယခင်ရက် များကလိုပင် ကူညီလုပ်ကိုင် ပေးပါသည်။ ကြေးစည်သံတဝေဝေ ဖြစ်အောင် ကြေးစည်သံပေး ပါသည်။ 

နောင်ဘဝမှာ မိစုံဖစုံ လှူခွင့်ကြုံချင်သည်။
သို့သော် သူငယ်ချင်းများနှင့်တော့ မတွေ့ချင်ပါ။ တတ်နိုင်သမျှလွတ်အောင်ရှောင်သည်. တွေ့လျှင် ယခင်ရက်များက ကြွားထားသည်များမှာ ရှက်စရာဖြစ်နေသည်။ အထူးသဖြင့် လှအောင်ကို မတွေ့ချင်ဆုံး ဖြစ်သည်။ တွေ့လျှင် လှအောင်ပြောလိမ့်မည်။ အနည်းဆုံး သူ့ မျက်လုံးများက သရော်နေကြလိမ့်မည်။ 
ထို့ကြောင့် လူသူများများမတွေ့နိုင်သော နေရာမှာသာ လုပ်အားပေးရသည်။ အလှူရက် နီးလာသောအခါ ရွာမှ လူများ မန္တလေးသို့ သွား၍ အဝတ်အစားဝယ်ကြသည်။ အဖေကြီးလည်း မန္တလေးသွားသည်။ ပြန်လာသော အခါ မောင်ငြိမ်းချမ်းအတွက် ပိုးချိတ်လုံချည် တစ်ထည် နှင့် အင်္ကျီအသစ် တစ်ထည် ပါလာ သည်။ 

“ငါ့မြေးကြည့်စမ်း....ငါ့မြေးဖို့ အဖေကြီးဝယ်လာတဲ့ လုံချည်နဲ့အင်္ကျီလေးက သိပ်လှ တာပဲ...”
    အဖေကြီး က မောင်ငြိမ်းချမ်းကို နှစ်သိမ့်နေပါသည်။
“ဟယ် ဟုတ်ပါရဲ့တော်...လှလိုက်တာ  ငါ့မြေးနဲ့သိပ်လိုက်တာပဲ....”
    အမေကြီးက လုံချည်နှင့် အင်္ကျီကို ဖြန့်ကြည့်ပြီး ဝမ်းသာအားရ ပြောသည်။ မှန်ပါသည်။ လုံချည်နှင့် အင်္ကျီ က အလွန်လှပါသည်။ သို့သော် မောင်ငြိမ်းချမ်းမပျော်ပါ။ အဖေကြီးက ရိပ်မိ၍ စိတ်မကောင်း ဖြစ်ဟန် တူပါသည်။
    “ငါ့မြေး... ဘာမှ စိတ်အားမငယ်နဲ့။ ငါ့မြေးကို အဖေကြီးကိုယ်တိုင်လှူမယ်... ကြားလား လူလေး”
    မခံချင်စိတ်ကြောင့်ထင်ပါ၏။ အဖေကြီး၏ မှုံရီသော မျက်လုံးများသည် အရောင်လင်း လက်လာသလို ထင်ရ သည်။ သို့သော် အဖေကြီး၏ မျက်နှာပေါ်တွင် ဇရာ၏အရေးအကြောင်းများ အဖြစ် အရေများ တွန့် နေ ကြပါပြီ။

အလှူဝင်နေ့နှင့်ရှင်လောင်းလှည့်ပွဲ

အလှူဝင်နေ့ရောက်ပြီ။ ဒေါ်လေးတို့အိမ်ရှေ့မှာ နန်းတော်ကြီးတစ်ခုပေါ်လာသလို မဏ္ဍပ် ကြီးမှာ ရွှေရောင် တောက် နေသည်။ ရွာသားတို့လုပ်အားပေးပြီး ဆောက်လုပ်ထားသည့်မဏ္ဍပ် အကြမ်းကို ပန်းချီဆရာက သူ၏ ရွှေရောင်ပန်းချီကားချပ်များနှင့် အလှဆင်လိုက်ခြင်းဖြစ်သည်။
မဏ္ဍပ်ဘေးတွင် ထမင်းကျွေးရုံနှစ်ရုံရှိသည်။ ချက်ကြပြုတ်ကြ၊ လုပ်ကြကိုင်ကြ၊ စားကြသောက်ကြနှင့် စည်ကား နေသည်။
ကိုမျိုး တို့ ညီအစ်ကိုနှစ်ယောက် ကို အပျိုကြီးမအေးရင်က သနပ်ခါးလိမ်းပေးနေသည်။ မောင်ငြိမ်းချမ်း ဘေးမှာ ရပ်ကြည့် နေသည်။ မအေးရင်က ကိုမျိုး၏ပါးပေါ်မှာ ပါးကွက်ကွက်၍ ပါးကွက်ကို ဝန်းရံလျက် သနပ်ခါးစက် ကလေးများ ချပေးနေသည်။

‘ငါလည်း သူ့လိုသာရှင်လောင်းဆိုရင် သူ့လိုပဲ သနပ်ခါးစက်ကလေးတွေချရမှာ.......’’
မောင်ငြိမ်းချမ်း၏ မျက်လုံးမှာ မျက်ရည်များရစ်ဝဲလာ၍ ဆက်ကြည့်မနေတော့ဘဲ ထွက်လာ ခဲ့သည်။
“မြင်းတွေ လာပြီတဲ့ဟေ့..... မြင်းတွေရောက်လာပြီတဲ့..... “
ကလေးများ ပြေးသွားနေကြသည်။ ရှင်လောင်းတင်ရန် ငှားလာသောမြင်းများဖြစ်သည်။ ရွာတွင်မြင်းမရှိ၊ မောင်ငြိမ်းချမ်း ကြည့်ချင်သည်။ ခါတိုင်းလို ဆိုလျှင် အခြားကလေးများထက် ရှေ့ရောက်အောင် ပြေးမိမည်။ ခုတော့ ပြေးချင်စိတ်မရှိ။ ဖြည်းဖြည်းမှန်မှန် လိုက်သွားမိသည်။

မြင်းများမှာ လှအောင်တို့အိမ်ရှေ့တွင် ရပ်ထားခြင်းဖြစ်သည်။ လှအောင်ကို လှူစဉ်က လှအောင်အဖေနှင့် မြင်းသမားများ ခင်သွားခြင်းကြောင့် ဖြစ်သည်။
“ဟေ့ကောင်.... “
မောင်ငြိမ်းချမ်း မြင်းနှစ်ကောင်ကိုကြည့်နေစဉ် နောက်ကျောကိုရိုက်ပြီး အသံပြုသည်ကြောင့် လှည့်ကြည့် လိုက်သည်။ မတွေ့ချင်မြင်လျက်သားဆိုသကဲ့သို့ လှအောင်ဖြစ်နေသည်။
“မင်းမြင်းမစီးရတော့ဘူးလား...... “
လှအောင် ၏ မျက်နှာက သရော်ပြောင်ချော်ချော်။
မောင်ငြိမ်းချမ်း ခေါင်းရမ်းပြလိုက်သည်။
“ဒါများ.....မင်းကမြင်းစီးရမယ်ဆိုပြီး ငါတို့ကိုကြွားနေလိုက်သေးတယ်။

ကြွားခဲ့စဉ်ကသူတို့လည်း ကြားခဲ့ကြ၍ ဖြစ်သည်။ မောင်ငြိမ်းချမ်းကို ဘာမျှပြန်မပြော တော့ဘဲ မြင်းနှစ်ကောင် ကိုသာ ငေးကြည့်နေလိုက်သည်။
“မင်း ကို မင်းဒေါ်လေးတို့က မထည့်ဘူးမဟုတ်လား...... “
မဖြေချင်သောမေးခွန်းကိုမှ လှအောင်က ဆက်မေးနေလိုက်သည်။ မောင်ငြိမ်းချမ်း သူ့ကို လှည့်မကြည့်ဘဲ ခေါင်းရမ်း ပြလိုက်သည်။ 
မင်း မြင်းစီးမယ်ပြောတာ မစီးရတော့ဘူးပေါ့......ဟား....ဟား...ဟား
“စီးရမှာ ပေါ့ကွာ... ငါ့အဖေကြီးက လှူအုံးမှာပါ..... “
အဖေကြီးက လှူမည် ပြောထားသည်ကို သတိရ၍ မောင်ငြိမ်းချမ်း အားကျမခံ ပြန်ပြော လိုက်သည်။ 

“ပြောပြန်ပြီလား.... ငကြွားကြီး... “
လှအောင်၏ စကားကြောင့် ကလေးများ ဝိုင်းရယ်ကြပြန်သည်။ 
ဤနေရာတွင် ကြာကြာဆက်နေလျှင် လှအောင်၏မျက်နှာကို လက်သီးနှင့် ထိုးမိတော့ မည်။
အဖေကြီး က ရန်ဖြစ်သည်ကို လုံးဝမကြိုက်၍ မောင်ငြိမ်းချမ်းထွက်လာခဲ့သည်။
နောက်ဘက်မှာ ရယ်သံများ ကျန်နေခဲ့သည်ကို မောင်ငြိမ်းချမ်းကြား လိုက်ရသေး၏။ 
ရှင်လောင်းလှည့်ခါနီးပြီ။ ရွာလူကြီးများက မဏ္ဍပ်ရှေ့တွင် လူတန်းကြီးကို စနစ်တကျ ဖြစ်အောင် စီစဉ် နေရာချ နေ၏။

ကိုမျိုးတို့ ညီအစ်ကို မြင်းပေါ်ရောက်နေကြပြီ။ ဦးသျှောင်စလွယ် လက်စီး၊ ရှင်လောင်း ဝတ်စုံများကို လှပစွာ ဝတ်ဆင် ထားကြသည်။ ကိုမျိုးရော အငယ်လေးပါကြည့်၍ သိပ်လှသည်။ မောင်ငြိမ်းချမ်းလည်း ပါခွင့်သာ ရခဲ့လျှင် ဤအချိန်မှာ မြင်းကြီးစီးနေရမည်။
မြင်းထိန်းများက အစမ်းလေ့ကျင့်ရင်း ရွှဲတိုက်နေကြ၍ တဝါးဝါးပွဲကိုကျ နေကြသည်။ ဗြောအဖွဲ့ကလည်း မြိုင်ဆိုင်စွာ တီးမှုတ်နေကြပြီ။ ဗြောသမားများ တက်ကြွသလောက် ဗြောမင်းသား က ကွေးအောင် က နေ၏။
အားလုံးအဆင်သင့်ဖြစ်သောအခါ ရှင်လောင်းလှည့်ပွဲစတင်ပါသည်။ အများဆုံးကြည့်ဖြစ် သည်ကတော့ မြင်းကြီး စီးနေကြသော ရှင်လောင်းနှစ်ယောက် ကိုဖြစ်ပါသည်။

အဖေကြီးအလှူ

ဒေါ်လေးတို့အလှူပြီး၍ ကျောင်းပြန်တက်သောအခါ လှအောင်အတွက် မောင်ငြိမ်းချမ်းကို နိုင်ကွက် ကောင်းကောင်း ရသွားသည်။ လှအောင်ကို အစကပင် အထင်ကြီးနေကြသော စိန်ထွေး နှင့် အေးခင် တို့ ကလည်း မောင်ငြိမ်းချမ်းကို သရော်လိုသောမျက်လုံးများနှင့် ကြည့်ကြသည်။ ကြွားခွင့်မရသော မောင်ငြိမ်းချမ်း ကို လူကြွားထင်နေကြသည်။
“အဖေကြီး က ငါ့ကို လှူအုံးမှာပါကွ”  ဟု ပြောသည်ကိုလည်း ဘယ်သူကမှ မယုံ။ လှူခါနီး အဖေကြီး ငါးခြောက်များ ဝယ်လာမှ ယုံကြသည်။ ထိုအခါကျမှပင် မောင်ငြိမ်းချမ်း ရဲရဲဝံ့ဝံ့ ကြွားနိုင်တော့သည်။ 
“တွေ့လား .....အလှူမှာ ကျွေးဖို့ ငါးခြောက်တွေတောင် ဝယ်လာပြီ။ ငါလည်း မြင်းကြီးစီးရတော့မှာ ပေါ့ကွ......” 
လှအောင် ဘာမျှ ပြန်မပြောနိုင်တော့ပါ။

“နင်တို့အလှူကျ ရှင်လောင်းလှည့်ရင် ငါတို့တံခွန်လုံးကိုင်ချင်တယ်ဟယ်.....
စိန်ထွေး နှင့် အေးခင်က မောင်ငြိမ်းချမ်းကို ချဉ်းကပ်လာကြသည်။ 
“အေး.... စိတ်ချ၊ နင်တို့ကိုင်ရမယ်.....
မောင်ငြိမ်းချမ်းက အာမခံလိုက်၍ စိန်ထွေးနှင့်အေးခင် ဝမ်းသာနေကြသည်။
ထိုနေ့မှစ၍ လှအောင် နှင့် မောင်ငြိမ်းချမ်းတို့ စကားငြင်းတိုင်း စိတ်ထွေးနှင့် အေးခင်က မောင်ငြိမ်းချမ်း မျက်နှာ ပွင့် နေသည်။ အလှူမျက်နှာကြီးလှ ပါပေ၏။

အဖေကြီး ကိုယ်တိုင် မန္တလေးသို့သွားပြီး ဖိတ်စာရိုက်သည်။ ဖိတ်စာရသောနေ့တွင် အဖေကြီးက မောင်ငြိမ်းချမ်း ကို အဖတ်ခိုင်းပြန်သည်။ ပုံနှိပ်စာလုံး နှင့် ရိုက်ထားသော ကိုယ့်နာမည်ကို တွေ့ရသောအခါ မောင်ငြိမ်းချမ်း ၏ အသံ ပိုကျယ်သွားသည်။ မောင်ငြိမ်းချမ်းဝမ်းသာ ပျှော်ရွှင်နေသည်။
မောင်ရှင်လောင်း သစ်ပင်မတက်ရ၊ တောထဲမထွက်ရဆို၍ မောင်ငြိမ်းချမ်း သစ်ပင်မတက်၊ တောမထွက်ဘဲ အိမ်မှာသာ နေသည်။ လုပ်စရာရှိသမျှ သွက်လက်စွာ ကူညီလုပ်ကိုင်နေသည်။ 
အဖေကြီး က မောင်ငြိမ်းချမ်းကို ဘုန်းတော်ကြီးကျောင်းသို့ ခေါ်သွားသည်။ သင်္ကန်းတောင်းကျက်နိုင်ရန် ဘုန်းတော်ကြီး ကို လျှောက်ထားပေးသည်။ ဘုန်းကြီးက သင်္ကင်္န်းတောင်းရေးပေးသည်။ အသံထွက် မှန်အောင် ချပေးသည်။ မောင်ငြိမ်းချမ်းက စိတ်ပါလက်ပါ ကြိုးစား၍ တစ်ခေါက်စီ ချပေးရုံနှင့် အသံထွက် မှန် သွားသည်။ အိမ်ပြန်၍ ကျက်ခွင့်ပြုလိုက်သည်။

အလွန်ကျက်ချင်ခဲ့သော သင်္ကန်းတောင်းကို မောင်ငြိမ်းချမ်းတကယ် ကျက်ခွင့်ရပါပြီ။ စိတ်ပါနေချိန်ဖြစ်၍ အမြန် ကျက်ပြီး အမြန်ရသွားသည်။ 
အလှူရက်နီးလာပြီ။ မဏ္ဍပ်လည်းမဆောက်သေး၊ ကြေးစည်တီးချင်လှပြီ။
“အဖေကြီးမဏ္ဍပ် ဘယ်တော့ ဆောက်မလဲ........’’
မောင်ငြိမ်းချမ်း မနေနိုင်တော့၍ အဖေကြီးကို မေးကြည့်သည်။ 

“မဏ္ဍပ်တွေဘာတွေက ပကာသနတွေပါ ငါ့မြေးရာ။အဖေကြီးက ပကာသနအလှ အဖြစ်နဲ့ မင်းဦးလေး ငယ်ငယ် က အကြီးအကျယ်လှူပြီးပါပြီ။
စိတ်မောလူမော လည်းရှိပါတယ်။ ငွေကူခံတော့ အလှူကမစင်ကြယ်ပါဘူး။ အခု ငါ့မြေးကိုလှူမှာကမှ တကယ့် စစ်မှန်မြင့်မြတ်တဲ့ အလှူ။ ငွေကူလည်းမခံဘူး။
“ဒါဖြင့် မဏ္ဍပ်မဆောက်တော့ဘူးလား အဖေကြီး......”
“မဆောက်ပါဘူး ငါ့မြေးရယ်......။ ဘာလုပ်ဖို့လဲ မဏ္ဍပ်ကြက်ငှားရ၊ ဘာငှားရနဲ့ ပိုက်ဆံအပို ကုန်ပါတယ်။

“ဒါဖြင့် မန္တလေးဆိုင်းလည်း မငှားတော့ဘူးလား.....’’
ဘာဆိုင်း မှ မငှားပါဘူး လူလေးရော ....ဒါတွေလည်း အပိုအလုပ်တွေပါ”
“ရှင်လောင်းတော့ လှည့်ဦးမှာ မဟုတ်လား အဖေကြီး...”
မောင်ငြိမ်းချမ်း စိုးရိမ်စွာမေးလိုက်သည်။ 
“မလှည့်ပါဘူး လူလေးရယ်....ဒါတွေလည်း အပိုအလုပ်တွေပါဘဲ”
ခင်ဗျာ....

မောင်ငြိမ်းချမ်း အထိတ်တလန့် ဖြစ်သွားသည်။ ရှင်လောင်းမလှည့်လျှင် မြင်းစီးရတော့ မည်မဟုတ်။ ရွှေထီးလည်း မဆောင်းရ။ ပါးပေါ်မှာသနပ်ခါးစက်ကလေးများ နှင့်ဝေးပြီ။ ပိုဆိုးသည်က စိန်ထွေးနှင့် အေးခင် ကို ပေးထားသည့်ကတိပျက်ပြီ။ တံခွန်လုံးကိုင်းရတော့မည်မဟုတ်။ ဤအကြောင်းကို လှအောင် သိလျှင်လည်း အကြီးအကျယ် အရှက်ကွဲတော့မည်။ ပြော၍ ပြီးတော့မည်မဟုတ်။
“ရှင်လောင်းတော့လှည့်ပါဦး အဖေကြီး ကျွန်တော်မြင်းစီးချင်လို့ပါ”

သြော် လူလေးကလဲ အပိုအလုပ်တွောဘာလို့ လုပ်ရမှာလဲ။ သီရိဓမ္မာသောကမင်းဆိုတာ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ စေတီပေါင်း ရှစ်သောင်းလေးထောင် လှူခဲ့တဲ့ ဘုရင်ကြီးပဲ။ သိပ်ချမ်းသာတာပေါ့။ ဒါပေမဲ့ သူ့သားတော်နဲ့ သမီးတော်ကိုလှူတော့ မဏ္ဍပ် ဆောက်တာ တွေ၊ ရှင်လောင်းလှည့်တာတွေ ဆိုင်းငှားတာတွေ..... 
ဘာမှမလုပ်ပါဘူး။ဘုန်းကြီးကျောင်းသွားပြီသင်္ကန်း ဝတ်ပေးလိုက်တာပါပဲ။ 

မောင်ငြိမ်းချမ်း နားလည်သွားပါပြီ။ အဖေကြီးက အများလုပ်သလို  ခမ်းနားကြီးကျယ်သော အလှူမျိုး လုံးဝ မလုပ်ပဲ ဘုန်းကြီးကျောင်းမှာ ကျွေးမွေး လှူဒါန်းပြီး သင်္ကန်းဝတ်ပေးတော့ မည်ဖြစ်သည်။
“မြင်းငှားတာပိုက်ဆံသိပ်မကုန်ပါဘူး အဖေကြီး။ လှအောင်တို့အလှူတုန်းကငှားတာ တစ်ဆယ်ပဲ ပေးရတယ်။ ကျွန်တော်ရှင်လောင်းလှည့်ချင်တယ် အဖေကြီး.....
“ငါ့မြေးက မြင်းငှားခပဲ ကြည့်တာကိုကွ။”ရှင်လောင်းလှည့်မယ်ဆိုရင် မဏ္ဍပ်ဆောက်ရမယ်။ မဏ္ဍပ်ကြက်ငှား ရမယ်။ အလှူဝင်နေ့ညနေ နဲ့ အလှူနေ့ မနက်ပါ ထမင်းနှစ်နှပ်ကျွေးရမယ်။ အဲဒါဆိုရင် ငွေက အများကြီး ကုန်မယ်။ 

အဖေကြီးတို့မှာ ငါ့မြေးကိုရှင်ပြုပေးချင်လွန်းလို့ လုပ်ရတာ။ စုဆောင်းထား သမျှငွေငါးရာနဲ့ဆိုတော့ ဒီလောက်ပဲ လုပ်နိုင်တာမို့ပါ။ အဖေကြီးတို့ အမေကြီးတို့ အသက်ကြီးပြီဆိုတော့ သူများဆီကလဲ ချေးငှားပြီး စိတ်မောကိုယ်မော မလုပ်ချင်တော့ပါဘူး စိတ်အေးချမ်းသာနဲ့ပဲ ငါ့မြေးကို ရှင်သာမဏေအဖြစ် သာသနာ့ဘောင်သွတ်သွင်း တဲ့ အလှူအစစ်လှူချင်တယ်။ ငါ့မြေးက အဖေကြီးတို့ ကုသိုလ်ရအောင် တကယ့် ရှင်သာမဏေ အစစ်ဖြစ်စေချင်တယ်...ငါ့မြေးက သိတတ်ပါတယ်။

မောင်ငြိမ်းချမ်းအဖေကြီးကိုဘာမျှမပြောတော့ပါ။အဖေကြီးကြိုက်သလို လှူပါစေ။ အဖေကြီးစကားကို နားထောင် တော့မည် ဟု ဆုံးဖြတ်လိုက်သည်။
မျက်စိထဲမှာတော့ စိန်ထွေး၊ အေးခင်နှင့် လှအောင်တို့သုံးယောက်ပေါင်းပြီး သရော်လှောင်ပြောင်ကြမည်ကို မြင်ယောင် နေသည်။ 
ကိုရင်လူထွက် လျှင် ကျောင်းသို့ပြန်မလာချင်။ ဝေးရာသို့ထွက်ပြေးချင်သည်။ 

မောင်ငြိမ်းချမ်း ကိုရင်လူထွက်၍ ကျောင်းပြန်တက်သောအခါ စိန်ထွေး အေးခင်နှင့် လှအောင် တို့ တပေါင်းတည်း ဖြစ်သွားကြသည်။ မြင်းမစီးရသည့် ကိစ္စ လှအောင် ပြောနေမည်စိုး၍ မောင်ငြိမ်းချမ်းက လှအောင်ကို တတ်နိုင်သမျှ ရှောင်သည်။ အိမ်နှင့် ကျောင်းကနီးသောကြောင့် ကျောင်းတက်မှသွားပြီး ကိုယ့်နေရာ ကို ထိုင်သည်။ ကိုယ့်စာကို ကျက်သည်။ ကျောင်းဆင်းသည့်နှင့် အိမ်ဘက်ပြန်နေလိုက်သည်။ 

ဤကြားထဲမှပင် တစ်ရက်တွင် အတန်းအဝင်မှာ လှအောင်တမင်စောင့်ပြီး..
“ငကြွားကြီး၊ မြင်းလဲမစီးရဘူး” ဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်။ ပြောပြီးသည်နှင့် အတန်းထဲ ဝင်ပြေးသည်။ မောင်ငြိမ်းချမ်းဘာမျှ ပြန်မပြောလိုက်ရပါ။ ပြောစရာလည်း မရှိပါ။ ပြောပြီး တော့လည်း လှအောင်ကျေနပ်သွားဟန်တူပါ၏။ နောက်ထပ်မပြောတော့ပါ။
တစ်ပတ်ခန့်ကြာပြီးသည့်နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ် သွားပါသည်။ စိန်ထွေး အေးခင် လည်း ဘာမျှမပြောတော့ပါ။ မောင်ငြိမ်းချမ်းလည်းရှက်စိတ်နှင့် အနေခက်ခြင်းမရှိတော့ပါ။ ပုံမှန်အတိုင်း ကျောင်းတက် ရပါသည်။
အပိုင်း (၄)

ရောင်စုံသောင်းကျန်းသူများ

မောင်ငြိမ်းချမ်း တို့ ကလေးချင်း အေးချမ်းစွာ အကြွားပြိုင် စကားပြိုင်နေကြစဉ်မှာပင် လွတ်လပ်ရေး ရပြီး ကတည်းက စိတ်ဝမ်းကွဲခဲ့ကြသော ရောင်စုံသောင်းကျန်းသူများ အပြိုင်အဆိုင်ခိုက်ကြသည်မှာ မောင်ငြိမ်းချမ်း တို့ ရွာသို့ရောက်လာခဲ့သည်။
    ရဲဘော်ဖြူများ ဝင်ရောက်လာသည်။ ပစ်ခတ်တိုက်ခိုက်သော သေနပ်သံများ ဆူညံသွားသည်။ ရွာလူကြီး ၏ အိမ်ကိုမီးရှို့ရင်းအိမ်သုံးအိမ်မီးကူးလောင်ကျွမ်းသွားသည်။
    နောက်တစ်လခန့်တွင် လက်နက်ကိုင်သောင်းကျန်းသူများစွာ ဝင်ရောက်လာပြန်သည်။ ရွာထဲမှာ ပစ်သံ ခတ်သံ များ ဆူညံသွား၏။ ဦးအောင်ပိုထွက်ပြေး၍ လိုက်ပစ်ကြခြင်းဖြစ်သညါ။ အလံနီ အမာခံ ဆိုသူ များကို ဖမ်းခေါ်သွားကြပြန်သည်။

တစ်ကြိမ်တွင် မောင်ငြိမ်းချမ်းတို့ ကျောင်းကလေးဘေးမှာပင် ပစ်ကြခတ်ကြ တိုက်ပွဲကလေး တစ်ခုဖြစ်သွား၍ ကလေး များ စာရေးခုံများ အောက်တွင် ဝင်ပုန်းနေကြရသည်။
တဖြည်ဖြည်း နှင့် မောင်ငြိမ်းချမ်းတို့ရွာ ကလေးမှာ ဗကပသောင်ကျန်းသူများ ကြီးစိုးလွှမ်းမိုးလာသည်။ ပြည်သူ့စစ် ဆိုပြီး ရွာသူရွာသားများကို ဗကပသောင်းကျန်းသူ အဖွဲ့မှာ အလှည့်ကျလိုက်ပါခိုင်းသည်။ မလိုက်ပဲ ငြင်းဆန်၍ မရ။ ဆန့်ကျင်သူ၊ ပြည်သူ့သစ္စာဖောက်အဖြစ် စွပ်စွဲခံရလျှင် သက်သာမည်မဟုတ်။

ဆက်ကြေးပေးရသည်။ ထမင်းထုပ်ပေးရသည်။ မြို့မသွားရ။ မြို့သွားလျှင်သူလျှို အစိုးရသတင်းပေး အဖြစ် စွပ်စွဲ မည်။
ကျောင်းဆရာဖြစ်သော အဖေကြီးကိုလည်း ကွန်မြူနစ်သောင်ကျန်းသူများက မယုံကြည်ကြ၊ ကျောက်ဆည် သွား လခ ထုတ်သည်။ အစိုးရဝါဒဖြန့်သူဟု စွပ်စွဲသည်။ ဗကပ အမာခံများကို ကြောက်နေ ရသည်။ ဗကပအမာခံများက အမျိုးမျိုးခြိမ်းခြောက်နေကြသည်။ နောက်ဆုံးမှာ အဖေကြီးကျောင်းလေးကို ပိတ်ခိုင်း သည်။ စာသင်ကျောင်းလေး ပိတ်ရသည်။ ကလေးတို့ ပညာမသင်ရတော့ပါ။ 
တစ်ခါ တရံ တွင် အစိုးရတပ်ရောက်လာတတ်သည်။ အစိုးရတပ်ရောက်လာလျှင်တော့ ကွန်မြူနစ်များ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်သည်။ ကွန်မြူနစ်အမာခံများပါ သောင်းကျန်းသူများ ပြန်လာ ကြသည်။

ရွာသူရွာသားများမှာ နှစ်ဖက်လုံးကြောက်နေရသည်။ ဗကပ သောင်းကျန်းသူတို့ကို ထောက်ပံ့အားပေးလျှင် အစိုးရဖက် က မကြိုက်၊ ဗကပ သောင်းကျန်သူများကလည်း သူတို့ကို အားမပေးလျှင်မကြိုက် အစိုးရလူ ဟု စွပ်စွဲသည်။ ဆက်ကြေးကို အမျိုးမျိုးတောင်းနေကြသည်။

အဖေကြီးမူလတန်းတွင်လေးတန်းအထိ နေခဲ့ဘူးသော အဖေကြီး၏တပည့် ကိုလှသိန်းဆိုသူသည် ဗကပ သောင်းကျန်း သူများ အဖွဲ့တွင် မြို့နယ်အဆင့် စည်းရုံးရေးမှူး ဖြစ်နေသည်။
တစ်နေ့တွင် အဖေကြီးထံသို့ ရောက်လာသည်။ သူ့အတွက် စာရေးရန် ဖောင်တိန် ကောင်းကောင်း တစ်ချောင်း ဝယ်ပေးပါ ဟု ပြောသည်။ ဆက်ကြေးတောင်းခြင်းဖြစ်၏။ အဖေကြီး ဝယ်ပေးရပါသည်။
ဒေါ်လေးတို့ အိမ်တွင် မြင်းတစ်ကောင်ရှိသည်။ ဦးလေးက ခြေတစ်ဖက် မသန်၍ တောသွားတောပြန် စီးရန် ဝယ်ထားခြင်း ဖြစ်သည်။ တစ်ညတွင် ဗကပ သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ လူဆယ်ဦးရောက်လာသည်။ ရံပုံခွင်း သေနတ်များကို ကိုင်ထားကြသည်။ ခေါင်းဆောင်ကတော့ ခြောက်လုံးပြူးကို ခါးပတ်ထားသည်။ ထိုအချိန် က မောင်ငြိမ်းချမ်းဒေါ်လေးတို့ အိမ်မှာရှိပါသည်။ ကလေးများ အားလုံးကြောက်၍ ငြိမ်နေကြ ရသည်။

တော်လှန်ရေးအတွက်မြင်းကို အလှူခံခြင်းဖြစ်ကြောင်း ပြောဆို၍ အဒေါ် တို့အိမ်မှ မြင်းကို ယူသွားကြ ပါသည်။ ဘာမျှမပြောဝံ့ကြပါ။
တော်လှန်ရေးကြီးပြီးလျှင် မြင်းကို ပြန်ပေးမည့် အကြောင်းပြောပါသည်။ ခေါင်းဆောင်လုပ်သူက သူ့လူများ ကို တန်းစီစေပြီး အမိန့်ပေးအလေးပြုခိုင်းသည်။ 
“တော်လှန်ရေး အတွက် မြင်းအလှူရှင်မိသားစုကိုအလေးပြု... မြင်းကိုယူဆောင်သွား ကြပါသည်။”

ဆရာကာပြန်အာလှန်စူး

ဗကပသောင်းကျန်းသူများသည် မိဘဆရာကို မရိုမသေတော်လှန်မှ တိုးတက်သူဖြစ်ကြောင်း သင်ကြား ပေးချက် အရ အဖေကြီးကျောင်းမှာနေ အဖေကြီးတပည့် ဖြစ်ခဲ့သည်။ ဝန်းသိုရွာသား ခွေးသာသည် စဉ့်ကိုင်မြို့ နားမှ မဲဇာရွာကို သွားပြီး........
ဒိုင်း....ဒိုင်း...ဒိုင်း
“ဘိုးသာ ကွ”
“ဝန်းသိုရွာက ဘိုးသာကွ....”
ဒိုင်း....ဒိုင်း..ဒိုင်း...
ပစ်ခတ်ရုံမက ရွာမှ အိမ်အချို့ကိုပါ မီးရှို့ခဲ့သည်။

နောက်တစ်နေ့တွင် စဉ့်ကိုင်မြို့မှ စစ်တပ်ဝန်းသိုရွာသို့ရောက်လာသည်။ ရွာထဲမှ ယောကျာ်းများအားလုံး ရွာလယ် မှာ စုခိုင်းသည်။
“ခင်ဗျား တို့ ဝန်သိုရွာက ဘိုးသာ ဆိုတာဒီထဲမှာ ပါသလား........” စစ်ဗိုလ်က မေးသည်။
ရွာသားများက ကျောင်းဆရာကြီး ဦးဘိုးသာကို လှမ်းကြည့်လိုက်သည်။ ဦးဘိုးသာက မတ်တပ်ရပ် လိုက် သည်။
“ကျွန်တော်ပါ.....”
“ဟင်...မနေ့က မဲဇာရွာလာပြီး မီးရှို့သွားတာ...ခင်ဗျားလား”
စစ်ဗိုလ် က စိတ်ဆိုးနေပြီ
“ဦးဘိုးသာ အံအားသင့်စွာနှင့် ငြင်းသည်။”

“အင်း....မဟုတ်တဲ့အကြောင်းရှင်းနိုင်ရင် ခင်ဗျားလွတ်မှာပေါ့ မရှင်းနိုင်ရင်တော့ ကိုယ်ပြုတဲ့ဒဏ်ကို ခံရမှာ ပေါ့.....”
ဆရာကြီး ဦးဘိုးသာကို ဗကပ အမာခံနှစ်ယောက်နှင့်အတူ ခေါ်သွားသည်။ အမာခံနှစ်ယောက်ကို ကြိုးတုပ် သော်လည်း ဆရာကို ကြိုးမတုပ်၍ တော်သေးသည်။
စဉ့်ကိုင် ရောက်သည့်အခါကျောင်းဆရာဖြစ်ကြောင်း ရှင်ပြ၍ မဲဇာရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးလှဒင်ကိုခေါ်မေးသည်။
ဆရာကြီးဦးလှဒင် က ဦးဘိုးသာ ကို ကောင်းစွာသိကြောင်း  ကျောင်းဆရာဖြစ်ကြောင်း  သူတို့ရွာသို့လာပြီး သေနပ်ပစ် မီးရှို့သူမှာ အရပ်ပု၍ အသားညိုညို အသက်သုံးဆယ်ခန့် လူငယ်တစ်ယောက်ဖြစ်ကြောင်း ပြောပြသည်။ အဖေကြီးကို ပြန်လွှတ်ပေးလိုက်၏။ 

နောက်တော့မှ ဗကပ သောင်းကျန်းသူ အဖွဲ့ဝင် ဝန်းသိုရွာသားခွေးသာ ဖြစ်ကြောင်းသိုရသည်။ 
    ဆရာ့နာမည်ကို အလွဲသုံးစားလုပ်ပြီိး ဆရာဒုက္ခရောက်အောင် ချောက်ချသူဖြစ်၏။ အကုသိုလ် ဆိုသည်မှာ ကြောက်စရာကောင်းလှသည်။
    နောက်တစ်လပင်မကြာ။ သေနတ်ပြောင်းတိုက်ရင်း သေနတ်ထဲမှ ကျန်သော ကျဉ်ဆံထွက်သွား၍ ပြောင်းတိုက် သံချောင်းသည် ခွေးသာ ၏ မေးမှဝင် အာခေါင်ကိုဖြတ် ခေါင်းမှ ဖောက်ထွက်ပြီး သေဆုံး သွား ပါသည်။
နောက်တစ်ပတ်ခန့် ကြာသောအခါ ဆရာဖြစ်သူထံမှ ဆက်ကြေးအဖြစ် ဖောင်တိန်တောင်းသူ ဘသိန်း မှာလည်း လယ်တဲတစ်ခုမှာ ညအိပ်နေစဉ် တပ်မတော်စစ်ကြောင်းနှင့် တွေ့ရှိတိုက်ခိုက် ပစ်ခတ်ကြရာမှ သေဆုံး သွားပါသည်။

ဘီဘီအိုအေ မိဘမဲ့ကျောင်းသို့

အိမ်ခြံဝင်းအတွင်းမှာပင် စာသင်ကျောင်းရှိပါလျှက် မောင်ငြိမ်ချမ်း ပညာသင်ကြားခွင့်မရ။ သူငယ်ချင်း များ နှင့် လည်း ဆော့ကစားခွင့်မရ။ ဗကပ သောင်းကျန်းသူများက ကျောင်းပိတ်ထားရ မည်ဆို၍ ကျောင်းသား ကျောင်းသူ များ  ဘယ်သူမျှမလာဝံ့ကြ။ 
မနက်ခင်း များတွင် မောင်ငြိမ်းချမ်း ကျောင်းလှေခါးထစ်မှာ သွားထိုင်နေသည်။ 

တစ်နေ့တွင် မောင်ငြိမ်းချမ်းပျောက်နေ၍ အဖေကြီးလိုက်ရှာရာ စာသင်ကျောင်းပေါ်ရှိ သူ၏ စာသင်ခန်းမှာ တစ်ယောက် တည်း အိပ်ပျော်နေသည်ကို တွေ့ရသည်။
ကျောင်းနေစာသင်ချင်သော မောင်ငြိမ်းချမ်းကို အဖေကြီးဖြစ်သူ ဦးဘိုးသာက အိမ်မှာစာသင်ပေးသည်။ စာဖတ် စာသင်ပေးသည်။ စာအဖတ်ခိုင်းသည်။ မောင်ငြိမ်းချမ်းက စိတ်ပါဝင်စားစွာ သင်သည်။ ဖတ်ခိုင်း သည်တို့ကို ဖတ်သည်။ စာကျက်ခိုင်းသည်တို့ကိုလည်း ကျက်သည်။ သို့သော် စာသင်ခန်းအတွင်းမှာ အများနှင့် အတူ စနစ်တကျသင်ကြားသည်သို့ ထိရောက်ခြင်းမရှိဟု မြေးအတွက်စိတ်မကောင်း ဖြစ် မိသည်။

ဤအခြေအနေက မည်မျှကြာမည်နည်း။ တစ်နှစ်ကြာမှာလား နှစ်နှစ်ကြာမှာလားမသိ။ မြေးအတွက် စာသင်ရက်များ နောက်ကျမှာကို ဆရာဦးဘိုးသာ စိုးရိမ်စိတ်ဖြစ်မိသည်။ ကြာလျှင်နစ်နာတော့မည်။ ဥာဏ်ကောင်း ၍ ပညာသင်ချင်သော မြေးငယ်ကိုပညာ ကောင်းကောင်း သင်ပေးချင်သည်။
ထိုအချိန်အတွင်း တိုက်တိုက်ဆိုင်ဆိုင် သဲတောဝမ်းတွင်းသိမ်တောင်ကျောင်းတိုက်မှာ စာချ ဆရာတော် ဖြစ်နေသော ဦးအဂ္ဂဝံသကြွလာသည်။ ဆရာကြီး ဦးဘိုးသာ၏ ညီဖြစ်သည်။
ဆရာကြီး ဦးဘိုးသာက နယ်မြေအခြေအနေအရ ကျောင်းဖွင့်ခွင့်မရ ကျောင်းပိတ်ထားရကြောင်း။ ကြာလျှင် ပညာသင်ချင်သော မြေးဖြစ်သူ မောင်ငြိမ်းချမ်း အတွက် စဉ်းစားရမည်ဖြစ်ကြောင်း ဆရာတော် နှင့် ညှိနှိုင်းတိုင်ပင်သည်။

ဆရာတော်က မောင်ငြိမ်းချမ်းအတွက် အသေအချာစဉ်းစားပြီး မန္တလေးမြို့မှာ ဘီဘီအိုအေ မိဘမဲ့ ကျောင်း ဆိုတာရှိကြောင်း ဘော်ဒါအုပ်ဆရာတော်နှင့် ရင်းနှီးခင်မင်ကြောင်း ပြောပြသည်။
နောက်ဆုံး တွင် ညီအစ်ကိုနှစ်ယောက်၏ တိုင်ပင်ဆွေးနွေးချက်အရ ဆရာတော်ပြန်လျှင် မောင်ငြိမ်းချမ်းကို တစ်ပါတည်း ခေါ်သွားပြီး မန္တလေးမိဘမဲ့ကျောင်းကိုပို့ပေးရန် ဆုံးဖြတ်လိုက်ကြ သည်။
ဘုန်းကြီးရွာ မှ ပြန်ကြွလျှင် မောင်ငြိမ်းချမ်းပညာသင်ရန် မန္တလေးသို့ လိုက်ရမည်။

    မောင်ငြိမ်းချမ်းပညာသင်ချင်သည်။ ပညာသင်ရမည်ကို ၀မ်းသာသည်။ ခက်နေသည်က အမေကြီး။ မြေး နှင့် ခွဲရမည် ကို ၀မ်းနည်းကြေကွဲနေသည်။
    မောင်ငြိမ်းချမ်းလည်း အမေကြီး အဖေကြီး ဦးလေးနှင့် မခွဲချင်ပါ။ သို့သော် ရွာမှာနေလျှင် ကျောင်းတက် စာသင်ရန် ကျောင်းဖွင့်ခွင့်မရ။ မောင်ငြိမ်းချမ်း၏ ပညာရေးအတွက် အဖေကြီးနှင့် ဘုန်းကြီး၏ အစီအစဉ် အတိုင်း လိုက်နာရလိမ့်မည်။

    အမေကြီးခမျာ မောင်ငြိမ်းချမ်းကို မျက်စိအောက်မှ အပျောက်မခံတော့ပါ။ မောင်ငြိမ်းချမ်း ၏ အ၀တ် ကလေး များကို ဖြူဖွေးသန့်စင်အောင် ကိုယ်တိုင်လျှော်ဖွတ်သည်။ မီးပူတိုက်သည်။ အသစ်၀ယ်ထားသော ထန်းခေါက်ဖာ လေးထဲမှာ မောင်ငြိမ်းချမ်း၏ အ၀တ်ကလေးများကိုခေါက် ထည့်ပေးသည်။ အ၀တ်က များများ မရှိ၊ ဖာသေးသေးလေး၏ တစ်၀က်ပင်မပြည့်။
    ဦးလေးလည်း မောင်ငြိမ်းချမ်းနှင့်ခွဲရမည်ကို စိတ်မကောင်း၊ မောင်ငြိမ်းချမ်းအတွက် ရွှံ့နွားရုပ် နှစ်ကောင်နှင့် ရွှံ့လှည်းလေးလုပ်ပေးသည်။ မောင်ငြိမ်းချမ်းက ဦးလေးလုပ်ပေးသော ရွှံ့ရုပ် ကလေး များကို မကျိုးမပျက်အောင် အ၀တ်ဖာလေး၏ ထောင့်ထဲမှာ အသေအချာထည့်သည်။

    အမေကြီးက မောင်ငြိမ်းချမ်းသာလျှင်စားရန် ထန်းညက်ဖြူလေးများ၀ယ်၍ အိုးငယ်မှာ ထည့်ပြီး စက္ကူနှင့် ပိတ်စည်း ပေးသည်။ ဦးလေးက မောင်ငြိမ်းချမ်းအလွယ်တကူ သယ်သွားနိုင် အောင် ထန်းညက်အိုးလေးကို ထန်း လျှော်ကြိုး လွယ်စရာလေးလုပ်ပေးသည်။
    ဘုန်းတော်ကြီး ပြန်ကြွမည့်နေ့သို့ရောက်ပြီ။ မောင်ငြိမ်းချမ်းလည်း အဆင်သင့်ပြင်ပြီးဖြစ် နေပြီ။ အဖေကြီးနှင့် အမေကြီးကို ကန်တော့သည်။ အဖေကြီးက အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း စသော ဆုများကို ပေးနေသည်။

    အမေကြီးကတော့ မျက်ရည်လေးတစမ်းစမ်းနှင့် ပညာသင်သွားမည့် မြေးကို ပေးသောဆု မှာ... ”ငါ့မြေး.ပညာ တို့အမျိုး၊ ဒိုးကဲ့သို့မွှေ့နိုင်ပါ...”ဟူ၍ ဖြစ်ပါ၏။
    မောင်ငြိမ်းချမ်း ဦးလေးကို ကန်တော့သည်။ ဦးလေးခမျာ သူအလွန်ချစ်သောတူလေးကို မျက်ရည် ဝေ့၀ဲသော မျက်လုံးများနှင့်ကြည့်လျက် သူဖြစ်စေချင်သောဆုများကို ပေးနေရှာသည်။
    အတူနေကျေးဇူးရှင်များကို ကန်တော့ပြီးပြီဖြစ်၍ မောင်ငြိမ်းချမ်း ဘဘ ဖုန်းဖုန်းနောက်သို့ လိုက်ပါရန် ထန်းခေါက်ဖာ ကလေးကို ထမ်းလိုက်သည်။ 
    ထန်းညက်အိုးကလေးကို ထမ်းလျှော်ကြိုးနှင့် ပခုံးမှာလွယ်သိုင်းလိုက်သည်။

    ဘဘဘုန်းဘုန်းက အားလုံးကိုနှုတ်ဆက်ပြီး ရှေ့မှကြွသွားသည်။ မောင်ငြိမ်းချမ်းနောက်မှ လိုက်ပါခဲ့ရ၏။
    ဘဘဘုန်းဘုန်းနှင့် မောင်ငြိမ်းချမ်းတို့ ၀န်သိုရွာမှ ဆယ်ရွာအထိ (၅)မိုင်ခရီးကို ခြေကျင် သွားသည်။ ဆည်ရွာ မှ မန္တလေးသို့ ကားစီးရသည်။
    မန္တလေးသို့ရောက်သောအခါ ဘဘဖုန်းဖုန်းက မောင်ငြိမ်းချမ်းကို မန္တလေးအရှေ့ပြင်ရှိ ဘီဘီအိုအေ မိဘမဲ့ ကျောင်းသို့ ခေါ်သွားသည်။ ဆရာတော်ဦးပ၀ရ အုပ်ချုပ်သောကျောင်းဖြစ်၏။
    မိဘမဲ့ကျောင်းကိုတည်ထောင်၍ မိဘမဲ့ကလေးများ ပညာသင်နိုင်ရန် ကူညီစောင့်ရှောက် ပေးသော ဆရာတော်ဦးပ၀ရသည် ဘဘဘုန်းဘုန်းနှင့် ရှေ့ယခင်ကပင် ခင်မင်ရင်းနှီးသူများဖြစ်ကြ ၏။
    ဘဘဘုန်းဘုန်း က မောင်ငြိမ်းချမ်းကို ကျောင်းအိပ်ကျောင်းစား ပညာသင်ကြားမည့် မိဘမဲ့ ကလေးအဖြစ် ဆရာတော်ထံ အပ်နှံသည်။ မောင်ငြိမ်းချမ်း ဆရာတော်ကို ကန်တော့သည်။
    ဆရာတော်က လက်ခံပါသည် ကူညီစောင့်ရှောက်ပါမည်။ ကျောင်းမှာ သင့်သလိုနေပြီး ရှိ တာနဲ့စားနိုင်ရင် ပညာသင်ကြားနိုင်ခွင့်ရမည်ဖြစ်ကြောင်း မိန့်ပါသည်။

    ပညာ သင်ချင်သော မောင်ငြိမ်းချမ်း ပညာသင်ခွင့်ရ၍ ၀မ်းသာမိသည်။ သို့သော် ထိုအချိန် မှာပင် ဆရာတော်က
    “သူ့ကို ဒီအတိုင်းထားခဲ့လို့ဖြစ်ပါ့မလား...”ဟု ဘဘဘုန်းဘုန်းကို မေးလိုက်၏။
    ဆရာတော်မေးလိုက်သောစကားကို ကြားရသောအခါ မောင်ငြိမ်းချမ်းရင်မှာ ကြီးစွာတုန် လှုပ်ရသည်။
    ထိုသို့မမေးမီအချိန်အထိ ပညာသင်ချင်သောစိတ်နှင့် မောင်ငြိမ်းချမ်းပျော်နေပါသည်။ နေရာအသစ်မှာ နေရမည် ကိုလည်း စိတ်၀င်စားနေပါသည်။ ရွာနှင့်ဝေးကွာသောနေရာမှာ အဖေ ကြီး၊ အမေကြီး ဦးလေးနှင့်ခွဲခွါနေရမည့််အဖြစ်ကိုမေ့ နေသည်။ ခုတော့မိမိ၏ ဝမ်းနည်းကြေကွဲစရာအဖြစ်ကို သတိရသွားပြီး ဘဘဘုန်းဘုန်း ၏ အဖြေကို နားစွင့်လိုက်သည်။

“ဖြစ်ပါတယ်’’
ဘဘဘုန်းဘုန်းက ခပ်လွယ်လွယ် အဖြေပေးလိုက်သည်။
မောင်ငြိမ်းချမ်းစိတ်ထဲမှာ မုန်တိုင်းတိုက်သလို လှုပ်ရှားနေပြီး ရင်ထဲမှာလည်း ဆို့နင့်နေမိ။ မျက်ရည်များက သူ့ အလိုလို စီးဆင်းလာကြသည်။
“ငါနေခဲ့တဲ့ရွာနဲ့ အဝေးကြီးရောက်နေပြီ...”
အားငယ်စိတ်များ၀င်လာ၏။
“အမေကြီး...”
အမေကြီးကိုသတိရပြီး အမေကြီးမျက်နှာကို မြင်ယောင်လာသည်နှင့် အော်ပစ်ချင်စိတ်ဖြစ် လာမိသည်။ အမေကြီးကို လွမ်းသည်။ မျက်ရည်များက တားမရ၊ ဆီးမရ စီးဆင်းလာကြ၏။ ထိန်း ချုပ်ထားသည့်ကြားမှ ရှိုက်သံ နှင့်အတူ ငိုသံထွက်လာ၏။

“မငိုရဘူးလေ...မင်းပညာ သင်ချင်တယ်ဆို...”
ဘဘဘုန်းဘုန်းက လှမ်းပြောသည်။
မည်သို့မျှ ဆောက်တည်၍မရတော့ပါ။ မည်သို့ဖြစ်မှန်းမသိ။ ထိန်းချုပ်၍မရတော့ပါ။
“ကဲ...ဒါဆိုရင်လဲ ဘုန်းဘုန်း မပြန်သေးပါဘူးကွာ...မငိုနဲ့တော့ တိတ်တိတ်...”
ဘဘဘုန်းဘုန်းက အားပေးနှစ်သိမ့်သည်။ ဘဘဘုန်းဘုန်း မပြန်သေးဘူးဆို၍ အားရှိ သလိုဖြစ်ရသည်။ ငိုရှိုက်နေသည်များ သက်သာလျော့ပါးသွားသည်။
ဘဘဘုန်းဘုန်း မိဘမဲ့ကျောင်းမှာ တစ်ညအိပ်ပါသည်။

ကိုယ် နှင့်အတူ ဘဘဘုန်းဘုန်းရှိနေသေးသည်ဆိုသော အသိက စိတ်သက်သာရသော် လည်း ညအိပ်သောအခါ အိပ်ရာထဲမှာ မျက်ရည်မဆည်နိုင်ဖြစ်ရသည်။ ရွာကိုသတိရသည် အိမ်ကို သတိရသည် အဖေကြီး ကိုသတိရသည်။ ဦးလေးကိုသတိရသည်။ သတိအရဆုံးမှာ အမေကြီးဖြစ် သည်။
ရွာမှ ထွက်လာစဉ်က စာသင်ချင်စိတ်ကြီးမားနေသည်။ စာသင်ရမည်ကို ၀မ်းသာသည်။ ဤ သို့ လွမ်းလွမ်း ဆွေးဆွေး ငိုကြွေးရလိမ့်မည်ဟု လုံး၀မတွေးမိ။ ကိုယ့်ကိုယ်ကိုပင် မကျေမနပ်ဖြစ်မိရ သည်။
နောက်တစ်နေ့တွင် ဘဘဘုန်းဘုန်း ပြန်ကြွခါနီးမှာ ကန်တော့နှုတ်ဆက်ရသည်။ မောင် ငြိမ်းချမ်း ရှိုက်ကြီးတငင်ငိုမိသည်။ ဘဘဘုန်းဘုန်းက ပညာတတ်အောင် ကျောင်းနေရခြင်းဖြစ် ကြောင်း မြို့ကြီး ပြကြီး မှာ ပညာသင်ခွင့်ရတာ ၀မ်းသာစရာဖြစ်ကြောင်း ကိုယ်လိုကလေးတွေအများကြီးရှိကြောင်း နောက်တော့ ပျော်သွားမှာ ဖြစ်ကြောင်း အားပေးစကားပြော၍ ပညာကို ကြိုးစားသင် ရန် ဆုံးမသည်။

မောင်ငြိမ်းချမ်းပါးစပ်မှ ဘာမျှပြန်မပြောနိုင်၍ ဘဘဘုန်းဘုန်းကို ခေါင်းညိတ်ပြသည်။
ဘဘ ဘုန်းဘုန်း စိတ်မကောင်းဖြစ်မှာစိုး၍ မငိုမိအောင် ကြိုးစားသည်မရပါ။ မျက်ရည်များ က အဆက်မပြတ် စီးကျလာသည်။ မရှိုက်မိအောင် ကြိုးစားသည်မရ ရှိုက်သံကအလိုလိုထွက်လာ သည်။
ဘဘ ဘုန်းဘုန်း စိတ်မကောင်းစွာနှင့် ပြန်ကြွသွားရသည်။

ရွာနှင့်အဝေးကြီးမှာ မိဘဘိုးဘွားနှင့် ဆွေးဝေးမျိုးဝေး အသိတစ်ယောက်မျှမရှိသောနေရာ မှာ မောင်ငြိမ်းချမ်း တစ်ယောက်တည်း ကျန်ခဲ့ပြီ။
အားငယ် လိုက်သည်မှာ ဆိုဘွယ်ရာမရှိ။ သူ့အတွက် သတ်မှတ်ပေးထားသော နေရာလေး မှာ မောင်ငြိမ်းချမ်း သွားထိုင်လိုက်သည်။ ထိုနေရာတွင် အမေကြီးပေးလိုက်သော ထန်းခေါက်ဖာ လေးရှိသည်။ အထဲ မှာ အမေကြီးထည့်ပေးလိုက်သော အ၀တ်ကလေးများရှိသည်။ အ၀တ်ဖာလေး အနီးနေရသည်မှာ အမေကြီး အနားကပ်နေရသလိုခံစားရသည်။ အလွမ်းအဆွေးသက်သာသည်။ သို့သော် မျက်ရည်ကျ သည် က မရပ်။ ငိုရှိုက်ရသည်ကလည်း လျော့ပါးခြင်းမရှိ။ ငိုနေရင်းမှ မကုန်နိုင် မခန်းနိုင်ကျဆင်းနေသော မျက်ရည်များ ကို အံ့သြမိရသေးသည်။

“မငိုပါနဲ့ကွာ...မင်းကလဲ...လာပါ...ငါတို့နဲ့ကစားရအောင်”
မောင်ငြိမ်းချမ်းအရွယ် အသက်(၈)နှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်ကလာခေါ်နေ သည်။
မောင်ငြိမ်းချမ်း ခေါင်းရမ်းပြသည်။ မျက်ရည်များက စီးကျဆဲ။
“ငါလဲရောက်စက မင်းလိုပဲ။ နောက်တော့ပျော်သွားတာပါပဲ...”
အခုကျောင်းပိတ်ထားလို့ လူနည်းနေတာပါ။ ကျောင်းပြန်ဖွင့်ရင် လူတွေအများကြီး ရောက် လာမှာ ပို ပျော်စရာ ကောင်းတယ်...မင်းပျော်မှာပါ...”
အားပေး စကားပြောနေသော အရွယ်တူ ကောင်လေးကို မောင်ငြိမ်းချမ်းခင်မင်စိတ်နှင့် လှမ်း ကြည့် လိုက်သည်။ မျက်ရည်များက ကျနေဆဲ။

“လာ...သွားကစားမယ်...”
ကောင်လေး က ထပ်ခေါ်သည်။ မောင်ငြိမ်းချမ်းခေါင်းရမ်းပြလိုက်သည်။
“မင်းနာမည် ဘယ်သူလဲ...”
ကောင်လေးက မောင်ငြိမ်းချမ်းကိုကြည့်ပြီး မိတ်ဆက်နေသည်။ မောင်ငြိမ်းချမ်း ပြန်ပြော ချင်သည်။ သို့သော် ပြော၍မရ။ ပြောရန်ကြိုးစားလျှင် အသံမထွက်။ မျက်ရည်များသာ ထွက်လာ သည်။ 
နောက်ဆုံးတော့ ကောင်လေး က ဆက်မပြောချင်၍လား သနား၍လားမသိ။ မောင်ငြိမ်းချမ်း အနားမှ ထ သွားသည်။
မောင်ငြိမ်းချမ်း စိတ်ထဲ မှာ ကျောင်းမြန်မြန်ဖွင့်စေချင်သည်။ ကျောင်းဖွင့်၍စာသင်နေရလျှင် အမေကြီး နှင့် ရွာ ကို လွမ်းစိတ်သက်သာမည်ထင်သည်။

မောင်ငြိမ်းချမ်း မိဘမဲ့ကျောင်းသို့ရောက်လာသည်မှာ အချိန်အခါမဟုတ်ပါ။ ဘဘဘုန်းဘုန်း ရွာ သို့ ရောက်လာစဉ် အခွင့်ကောင်းယူ၍ မိဘမဲ့ကျောင်းသို့ပို့ပေးရန် အဖေကြီးက အကူ အညီ တောင်းခြင်း ဖြစ်သည်။

ဘဘဘုန်းဘုန်းကလည်း ကျောင်းပိတ်ရက် ကျောင်းဖွင့်ရက် မစဉ်းစားနိုင် သူရွာမှပြန်သည် နှင့် မောင်ငြိမ်းချမ်း ကိုခေါ်သွားပြီး မန္တလေးမိဘမဲ့ကျောင်းသို့ ပို့ခဲ့ခြင်းဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်ဖြစ်နေသည်။ ဘော်ဒါကျောင်းသားအားလုံးနီးပါး အိမ်ပြန်ရောက် နေကြသည်။ မိဘ မရှိကြသော်လည်း အစ်ကိုအစ်မ ဦးလေ အဒေါ်၊ အဘိုး၊ အဘွား ဆွေမျိုးသား ချင်းများရှိရာ နေအိမ် သို့ပြန်သွားကြခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်းကို ကစားရန်ခေါ်ပြီး အားပေး စကားပြောသည့် မောင်မောင်လေး သာ ဘယ်မှပြန်စရာမရှိ၍ ကျောင်းမှာ ကျန်နေခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မိဘမဲ့ကျောင်း ဘော်ဒါမှာ လူနည်း၍ တိတ်ဆိတ်ခြောက်ကပ်နေ၏။ ဆရာတော်ဦးပ၀ရ ရှိ သော်လည်း ဆရာတော်က သူ့အလုပ်နှင့်သူ အမြဲရှုပ်နေသည်။ ကောင်းစွာ တွေ့မြင်ခွင့်ရဖို့ပင် မလွယ်ပါ။ ဦးဇင်းတစ်ပါးရှိသည်။ ဦးဇင်း၏မျက်နှာကတင်းသည်။ ဆရာကြီး တစ်ယေက်ရှိသေးသည်။ သူကလည်း သူ့ဘာသာ အေးအေးဆေးဆေးနေသည်။ စာဖတ်နေသည်ကများသည်။ မောင်ညွှန့်နှင့် မြသန်း ကျောင်းသားကြီး တစ်ယောက်ရှိသည်။ သူတို့ပြန်စရာမရှိ၍ လားမသိ။ ဘော်ဒါဆောင်မှာ ရှိနေသည်။ သူတို့နှစ်ယောက် ချက်ပြုတ်ကျွေး၍ မောင်ငြိမ်းချမ်းတို့ စားနေရသည်။
ဘုန်းကြီး ၏ တူ ကိုသန်းဘို ရှိသေးသည်။ သူလည်း မောင်ညွှန့်၊ မြသန်းတို့နှင့်အတူနေ၍ လုပ်စရာ၊ ကိုင်စရာ ချက်ပြုတ်စရာ ရှိလျှင် ဝိုင်း၀န်းကူညီသည်။

မောင်မောင်လေး မှ လွဲလျှင် ကျန်ပုဂ္ဂိုလ်များမှာ မောင်ငြိမ်းချမ်းနှင့် လှမ်းကွာလွန်းသည်။ သူ တို့ကလည်း မောင်ငြိမ်းချမ်း ကို ခုမှ ကျောင်းရောက်လာပြီး တစ်ချိန်လုံးငိုနေသည့် မိဘမဲ့ဒုက္ခသည် ကောင်ကလေး တစ်ယောက် ဟု သာ သဘောထားကြသည်။ အဖက်လည်းမဟုတ်၍ အဖက်လည်း မလုပ်ချင်ကြပါ။
မောင်ငြိမ်းချမ်း ကလည်း ဘယ်သူနှင့်မျှ စကားမပြောချင်ပါ။ ကိုယ့်ဘာသာလွမ်းလွမ်းဆွေး ဆွေးနှင့် ငိုနေချင် သည်။ မေးလားမြန်းလားလုပ်လာသူရှိလျှင် အသံမထွက်ဘဲ မျက်ရည်ကထွက်လာ ဦးမည်။
ဘဘ ဘုန်းဘုန်း ကြွသွားသော ည က မောင်ငြိမ်းချမ်းပို၍ ငိုမိသည်။

“ငါတစ်ယောက်တည်း ကျန်ခဲ့ပြီ...ဘယ်သူ့မှအားကိုးစရာမရှိ”ဟူသောအသိက အားငယ် စိတ်ကို ကြီးစွာ ဖြစ်စေသည်။
ညနေ ထမင်းစားတော့ရွာမှာ မိသားစုအတူထိုင်၍ စားပွဲဝိုင်းလေးနှင့် စားရသည်ကို သတိရ ပြီး မျက်ရည် မဆည်နိုင်။
ညကျ တော့လည်း ရွာမှာသူငယ်ချင်းများနှင့် ဆော့ကစားရသည်ကို လွမ်းဆွတ်၍ မျက်ရည် မဆည်နိုင်။ 
အိပ်ရာ ထဲရောက်တော့ အတူအိပ်သော အမေကြီးကို သတိရသည်။ ယခုအိပ်နေရသည်က ကိုယ့် တစ်ယောက်တည်း၊ စောင်ကို ခေါင်းမြီးခြုံပြီး ရှိုက်ကြီးတငင်ငိုပစ်မိသည်။ အတော်မော မှ အိပ်ပျော် သွားသည်။ တရေးနိုးသော် ရှိုက်မိလျက်...............။

အေဘီစီသင်ပေးပါ

မိဘမဲ့ကျောင်း ဘော်ဒါဆောင်ရောက်သည်မှာ (၃)ရက်ရှိသွားပြီ။ မျက်ရည်များက စီးကျ ဆဲ။ မကုန်နိုင် မခန်း နိုင်သော မျက်ရည်များ ကို မောင်ငြိမ်းချမ်းမုန်းတီးမိသည်။
စာသင်ရလျှင် အလွမ်းသက်သာမည်ထင်သည်။ အလွမ်းသက်သာလျှင် အငိုရပ်မည်။ မလွမ်းရ မငိုရအောင် စာသင် ချင်သည်။ ကျောင်းကလည်း မဖွင့်နိုင်သေး။
ရွာမှမထွက်ခင်ည မှာ အဖေကြီးက အင်္ဂလိပ်စာ အေဘီစီဒီကို မြန်မာစာလုံးနှင့်ဇက်အထိ ရေးပေးသည်။ အင်္ဂလိပ်စာလုံး များကိုလည်း ရေးပြသည်။

“အဖေကြီး က အင်္ဂလိပ်စာမသင်ခဲ့ရတော့ သိပ်မသိပါဘူး...။ သိသလောက်ရေးပြတာပါ။ နောက်ကျ ငါ့မြေး က အဖေကြီးထက် အများကြီးတတ်မှာပါ။ အခု ငါ့မြေးနေမယ့်ကျောင်းမှာ သုံးတန်း ကစပြီး အင်္ဂလိပ်စာ သင်ရမှာ...ငါ့မြေးကလဲ သုံးတန်းမှာဆိုတော့ အတော်ပဲ။ ကျောင်းမဖွင့်ခင်က စပြီး သင်ပေးနိုင်မယ့်သူရှာ။ အေဘီစီဒီ သင်ထား...”
အဖေကြီး မှာလိုက်သော စကားများကို မောင်ငြိမ်းချမ်းသတိရမိသည်။ အင်္ဂလိပ်စာသင်ချင် သည်။ ဘယ်သူ့ကို အသင်ခိုင်းရမှန်းမသိ။ မောင်မောင်လေးကို မေးကြည့်ရသည်။
“ငါ အင်္ဂလိပ်စာ အေဘီစီသင်ချင်တယ် ဘယ်သူ့ကို အသင်ခိုင်းရမလဲ”
မောင်မောင်လေး က ဟိုဟိုသည်သည် လျှောက်ကြည့်သည်။ ဘယ်သူမျှမတွေ့။ 

ထိုအချိန်တွင် ကျောင်းပေါ်သို့တက်လာပြီး ခေါင်းရင်းပိုင်းမှ သူ့ကုတင်ရှိရာသို့ လျှောက် သွားသော ဦးဇင်း ကို တွေ့ရသည်။ မောင်မောင်လေးက လက်ညှိုးထိုးပြသည်။
“ဦးဇင်း ဆီသွားသင်...”
မောင်ငြိမ်းချမ်း ဦးဇင်းကိုကြောက်သည်။ ဦးဇင်းမျက်နှာက တင်းလွန်းသည်။ သို့သော် အင်္ဂလိပ်စာ သင်ချင်စိတ် ကြောင့် သွားပြောရန် ဆုံးဖြတ်လိုက်သည်။
အ၀တ်ဖာလေးထဲမှ ဗလာစာအုပ်နှင့် ခဲတံ၊ ကျောက်သင်ပုန်းနှင့် ကျောက်တံကို ထုတ်ယူ လိုက်သည်။ စီးကျဆဲ ဖြစ်သော မျက်ရည်များကို သုတ်ပစ်လိုက်သည်။ ဦးဇင်းရှေ့မှာ မျက်ရည်ကျ နေ၍မဖြစ် ဦးဇင်း စိတ်ဆိုး သွားလိမ့်မည်။
ဦးဇင်း က ခေါင်းရင်းပိုင်းရှိ သူ့ကုတင်မှာထိုင်နေပြီး၊ အသစ်၀ယ်လာဟန်တူသော ဖောင်တိန်မှာ ပိုက် ကလေး နှင့် မှင်ထည့်နေသည်။

မောင်ငြိမ်းချမ်း စာအုပ်၊ ကျောက်သင်ပုန်း၊ ခဲတံ၊ ကျောက်တံများကို ရှေ့မှာချပြီး ဦးဇင်းကို ကန်တော့သည်။
ဦးဇင်း က လှည့်ကြည့်သည်။ အကြည့်ကတင်းသည်။
ကြောက်၍လားမသိ မောင်ငြိမ်းချမ်း၏ အဆက်မပြတ်စီးနေသော မျက်ရည်များရပ်သွားသည်။ ရှိုက်သံ များလည်း ပျောက်နေသည်။
“တပည့်တော် အေဘီစီ သင်ချင်လို့ပါ။ အေဘီစီသင်ပေးပါ”
“ဟေ...”
ဦးဇင်းအံသြသွားဟန်တူသည်။ မောင်ငြိမ်းချမ်းကို လှည့်ကြည့်သည် မှင်ထည့်ပြီးသွားသော ဖောင်တိန် အသစ်လေး ကို အ၀တ်စအဖြူလေးနှင့် မှင်များသန့်စင်အောင် သုတ်နေသည်။

မောင်ငြိမ်းချမ်းက သူ၏ ဗလာစာအုပ် အသစ်လေး ဦးဇင်းထံပေးသည်။ ဦးဇင်းက ခဏစဉ်းစားနေပြီးမှ ဗလာစာအုပ် ကို လှမ်းယူလိုက်သည်။ မှင်ထည့်ပြီးစ သူ့ဖောင်တိန်ဖြင့်ပင် အေဘီစီ စာလုံး(၄)လုံး ရေးပေးသည်။
ဗလာစာအုပ်ပြန်ပေး၍ အသံထွက်မှန်အောင်ချပေးသည်။ မောင်ငြိမ်းချမ်းလိုက်ဆိုရသည်။ စာလုံးများ အားလုံး အသံထွက်မှန်အောင်ဆိုတတ်သည်နှင့်
“ကဲ.သွားတော့...”
ဗလာစာအုပ်ပြန်ပေးသည်။

“ဟို လှေခါးကနေ မြေအောက်ခန်းဆင်းသွား။ အဲဒီမှာ ဘယ်သူမှမရှိဘူးသွားကျက်။ အလွတ်ရရုံနဲ့မပြီးဘူး နော်။ စာလုံးလေးမျိုးစလုံး အလွတ်ရေးတတ်ရမည်...။ အေကနေဇက်၊ ဇက်ကနေအေ အပြန် အလှန် ရေးတတ်ရမယ်။ ခိုင်းချင်တဲ့စာလုံး ရေးခိုင်းမယ်။ လေးမျိုးစလုံး ရေးပြ နိုင်ရမယ်။ အားလုံးရပြီဆိုတာ သေချာ မှ ပြန်လာ။ မသေချာရင်မလာနဲ့ နှစ်ရက်သုံးရက် ကြာချင် ကြာပစေ။ မရဘဲနဲ့ လာရင် မင်း နာမှာနော်...”
“တင်ပါ့ ဘုရား...”
“ကဲသွား ကျက်တော့...”
မောင်ငြိမ်းချမ်းစာအုပ်ကိုယူပြီး ဦးဇင်းညွှန်ပြသော လှေခါးမှ အောက်သို့ ဆင်းလိုက်သည်။ မြေအောက် တိုက်ခန်း သို့ရောက်သွားသည်။ နွေရာသီမှာပင် အေးစိမ့်နေသည်။ အလွန်နေ၍ ကောင်းသည်။
အောက်ထပ် မှာ ဘယ်သူမျှမရှိ၊ ဘာပစ္စည်းမျှလည်းမရှိ၊ တမံတလင်းအချောခင်းထားသည်။ ထိုင်၍ ကောင်း ပါသည်။ အေးအေးလေး မောင်ငြိမ်းချမ်း တမံတခင်း မှာ ထိုင်လျက် အေဘီစီကျက် သည်။ အစက အဆုံး ရသောအခါ အရေးကျင့်သည်။ (၄)မျိုးစလုံး အလွတ်ရေးတတ်သွားပြီ။ အေမှ ဇက်၊ ဇက်မှ အေ အပြန်အလှန် ရေးသည်။ ရပြီ။

    ကိုယ့်ဘာသာ စာလုံးတစ်လုံးစီ မေးကြည့်သည်။ ရေးနည်း(၄)မျိုးနှင့် ရေးပြသည်။ ရပြီ တစ် နာရီ လောက်ကြာမည်ထင်သည်။ အားလုံးရတာသေချာပြီ။        
    ၀မ်းသာစရာ ကောင်းသည်မှာ စာကျက်နေလျှင် လွမ်းရဆွေးရသည်များအားလုံးမေ့သွားသည်။ မျက်ရည် လည်း မကျ။ အခု စာအားလုံးရသည်နှင့် အမေကြီးကိုအရင်သတိရလာသည်။ ပြီးတော့အိမ်ကို သတိရ သည်။ ပြီးတော့ရွာကို သတိရသည်။ မျက်ရည်ပြန်ကျလာမှာစိုးရသည်။
    စာဆက်သင်နေရလျှင် ကောင်းမည်။    
    ဦးဇင်းထံပြန်သွား မည်လုပ်ပြီးမှ မရသော စာလုံး ရှိလျှင် ဦးဇင်းစိတ်ဆိုးပြီးရိုက်မှာ ကြောက်စိတ် ဖြစ် မိသည်။
    
    ရပြီ ဟု ကိုယ့်ဘာသာ အသေအချာသိပါလျက် ပြန်ကျက်သည်။ (၄)မျိုး စလုံးအလွတ် ပြန်ရေးသည်။ ရှေ့ပြန် နောက်ပြန်ရေးသည်။ ရသည်မှာသေချာသည်။ ဘာမျှမှားစရာမရှိ။
    မြေအောက်ခန်းမှ ပြန်တတ်ခဲ့သည်။ ဦးဇင်းထံပြန်သွားသည်။
    “တပည့်တော်...ရပါပြီ ဘုရား....”
    “ဟေ.....”
    ဦးဇင်းစာရေးနေရာမှ လှည့်ကြည့်သည်။    
    “မင်း သေချာလို့လား...”
    “သေချာပါတယ်ဘုရား...”
    “မေးလို့မရရင်...ရေးတာမှားရင်...ငါရိုက်မှာနော်...”
    “ရိုက်ပါဘုရား...”
    “အေး....သိကြသေးတာပေါ့ကွာ....”
ဦးဇင်းကသူ့ကုတင်အောက်မှ ကြိမ်လုံးကိုထုတ်ယူလိုက်သည်။

မောင်ငြိမ်းချမ်းလန့်သွား၏။
ကြိမ်လုံး က လူကြီး တစ်ယောက်၏ လက်ညှိုးလောက်တုတ်သည်။ ရှည်လည်းရှည်သည်။ ဦးဇင်းက စိတ်ရှည် သည့် သဘောမရှိ။ အရိုက်ခံလျှင်တော့ သက်သာမည်မဟုတ်။
    “မသေချာရင် ပြန်သွားနိုင်သေးတယ်။ မနက်ဖြန်ခါမှလာ...”
    “သေချာပါတယ် ဘုရား....”
    မောင်ငြိမ်းချမ်း အာမခံ ရဲ လိုက်သည်။
    “အေး...ဟုတ်ရင်ဟုတ်ပေါ့.. မဟုတ်ရင်တော့ မင်းနာပြီသာမှတ်”
ဦးဇင်း က ကြိမ်းမောင်းပြီးသည်နှင့် ကြိမ်လုံးကိုစာပွဲပေါ်တင်လိုက်သည်။

    “ကဲ..ဆိုစမ်း...”
    မောင်ငြိမ်းချမ်း အေးဘီစီ ကို မနှေးမမြန် အလွတ်ဆိုပြသည်။ ရသည်။ အေဘီစီ စာလုံး လေး မျိုးကို အေမှဇက် ဇက်မှအေ အပြန်အလှန်ရေးပြသည်။ ဦးဇင်း က အသေအချာစစ်သည်။ အားလုံး မှန်သည်။
    တစ်လုံးချင်း မေးပြန်သည်။ မေးသမျှ ရေးပြရသည်။ မှန်သည်။ ဦးဇင်းဆက်မမေးတော့ ပါ။ စာဆက် သင်ပေးရန် မောင်ငြိမ်းချမ်း မျှေင့်လင့်မိသည်။ သို့သော်... 
    “တော်ပြီကွာ...မသင်ချင်တော့ဘူး၊ မင်းကရတာမြန်လွန်းတယ် သွားတော့”
    ဦးဇင်းကြိမ်လုံး ကို ကုတင်အောက်ပစ်ချလိုက်ပြီး သူ့စာသူဆက်ရေး နေသည်။ မောင်ငြိမ်းချမ်း ကို လှည့်မကြည့် တော့ပါ။
    မောင်ငြိမ်းချမ်း စာအုပ်ကိုယူ၍ ကိုယ့်နေရာ ကိုယ့်ဖာလေးရှိရာသို့ပြန် လာခဲ့ရသည်။

ဆရာကြီးဦးစံလှိုင်

    စာသင်စရာမရှိသည်နှင့် အမေကြီးကို သတိရလာသည်။ အမေကြီးကို သတိရသည်နှင့် မျက်ရည်များက အလိုလို စီးဆင်းလာကြသည်။ ထန်းခေါက်ဖာလေးကို ဖွင့်လိုက်သည်။ ဖာလေးထဲမှာ အမေကြီးခေါက်ထည့် ပေး လိုက်သော ပုဆိုး အင်္ကျီအ၀တ်ကလေးများကို မြင်ရလျှင် အမေကြီးနှင့်နီးသွားသလိုခံစားရသည်။ အနည်းဆုံး အ၀တ်တစ်စုံ ကိုတော့ အမေကြီး လက်ရာမပျက် ခေါက် လျက်ချန်ထားမည်ဟု ဆုံးဖြတ် လိုက်သည် ဖာကလေး ကို ပြန်ပိတ်လိုက်သည်။

စာဆက်သင်ချင်သည်။ စာသင်နေရလျှင် အားလုံးကိုမေ့၍ အငိုသက်သာသည်။ ဦးဇင်း က လည်း သင်ပေး တော့မည်မဟုတ်။
 ထမင်းချက်တာ၀န်ခံ ဖြစ်သူ မောင်ညွှန့်ထံချဉ်းကပ်သည်။ ၆တန်းကျောင်းသားကြီးဖြစ် သည်။ အင်္ဂလိပ်စာ ကောင်းစွာသင်နိုင်မည်။ စာအုပ်ကလေးနှင့် ခဲတံလေးယူသွားသည်။
    မောင်ညွှန့် က အသားဖြူဖြူ ၀၀တုတ်တုတ် ဘောင်းဘီကို၀တ်ထားသည်။ ခေါက်ဆွဲဆိုင်မှ ခေါက်ဆွဲကြော်သော တရုတ်ကြီးနှင့် တူသည်။ မန်းကျည်းရွက်စပ်ချဉ်ဟင်း ချက်ရန် အတွက် မောင်ညွှန့်ငရုတ်သီး ထောင်းနေသည်။

    “ကျွန်တော့် ကို အင်္ဂလိပ်စာသင်ပေးပါ....”
    မောင်ငြိမ်းချမ်း အသံကြား၍ ကျောင်းသားကြီး မောင်ညွှန့် ငရုတ်သီးထောင်းနေရာမှ လှည့်ကြည့်သည်။ စာအုပ် ကလေး ကိုင်ပြီးရပ်နေသော မောင်ငြိမ်းချမ်းကိုတွေ့သည်။ မောင်ညွှန့် ဘာမျှမပြောသေးဘဲ ဟိုဟို သည်သည်ကြည့်သည်။ ပြီးမှ ထွက်ပေါက်ရသွားဟန်နှင့်....
    “ဟိုမှာ... မြသန်း သွားအသင်ခိုင်း၊ ဒီကောင်ကမှ ကောင်းကောင်းသင်တတ်တာ...”
    ခပ်လှမ်းလှမ်းမှာ အင်္ကျီချိတ်လုပ်နေသူကို ညွှန်ပြသည်။

    မောင်ငြိမ်းချမ်း စာအုပ်ကလေးယူ၍ ကိုမြသန်း ထံ သွားသည်။
    “ကျွန်တော့ကို အင်္ဂလိပ်စာသင်ပေးပါ....”
    အင်္ကျီချိတ်လုပ်နေရင်း မှ ကိုမြသန်း မောင်ငြိမ်းချမ်းကိုကြည့်သည်။
    “ဟိုမှာ...သန်းဘိုဆီသွား... သူကမှ သင်တတ်တာ....”
    ခပ်လှမ်းလှမ်းတွင် သစ်ပင်ရိပ်မှာ စက်ဘီး၀င်ရိုးထဲသို့ ဆီထည့်နေသူ တစ်ဦးထံပြောင်း၍ လမ်းညွှန် လိုက်သည်။ မောင်ငြိမ်းချမ်းသွားရပြန်သည်။
    “ကျွန်တော့ကို အင်္ဂလိပ်စာသင်ပေးပါ”
    ကိုသန်းဘို စဉ်းစားနေသည်။ သင်ပေးရန် ၀န်လေးနေဟန်တူသည်။

    “ငါလဲမသင်တတ်ပါဘူးကွာ...။ ဟိုမှာ ကျောင်းရှေ့၀ရံတာမှာ ဆရာကြီး ဦးစံလှိုင်ရှိတယ်။ သူ့ဆီသွား သူကမှ ကောင်းကောင်း သင်တတ်တာ..”
    မောင်ငြိမ်းချမ်း စိတ်ညစ်သွားမိသည်။ တစ်ယောက်ပြီးတစ်ယောက် လွှဲပြောင်းလမ်းညွှန် နေကြသည်။ မောင်ငြိမ်းချမ်း က လွယ်လွယ်သင်ရမည် ထင်သော်လည်း ဘယ်သူမှ သင်ပေးချင်ဟန် မရှိကြ။ သို့သော် အင်္ဂလိပ်စာ သင်ချင်သည်။ သင်နေရ ကျက်မှတ်နေရလျှင် အလွမ်းသက်သာချင် သည်။ ကိုသန်းဘို ညွှန်ပြသည့် အတိုင်း ဘော်ဒါကျောင်းဆောင်အရှေ့ဘက်မှ ၀ရံတာဆီသို့ သွားရန်ကျောင်းပေါ်သို့ တက်သည်။ ၀ရံတာဘက်သို့ ကူးရမည့်၀င်ပေါက်နားသို့ ရောက်သော အခါ ရှေ့သို့မတိုးရဲဘဲ မတ်တပ်ရပ် နေမိသည်။

    ၀ရံတာ၀င်ပေါက်မှာ စာတန်းတစ်ခု ချိတ်ဆွဲထားသည်။
    “ကျောင်းသားများမ၀င်ရ”
    စာတန်းကိုဖတ်ပြီး မောင်ငြိမ်းချမ်း ၀ရံတာသို့မ၀င်ဝံ့။
    ၀ရံတာတွင် ကြွေပြားများခင်းထား၍ ပြောင်လက်တောက်ပနေသည်။ ကြွေပြားများပေါ် တွင် ကြိမ်ကုလားထိုင်မှာထိုင်၍ ဆရာဦးစံလှိုင်သတင်းစာ ဖက်နေသည်။
    “ငါ၀င်သွားလို့ ဖြစ်ပါ့မလား... ၀ရံတာကိုကျောင်းသားတွေဘာလို့မ၀င်ရတာပါလိမ့်... ကြွေပြား ခင်း ထားလို့လား...”
    မောင်ငြိမ်းချမ်းရပ်လျက် စဉ်းစားနေသည်။ ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းကို မမြင်နိုင်။ သူ့မျက်နှာ အရှေ့ မှာ ဖြန့်ဖတ်နေသော သတင်းစာက ကွယ်နေသည်။ 
    မောင်ငြိမ်းချမ်း ဘာလုပ်ရမှန်းမသိဖြစ်နေစဉ်... “ဆရာဆိုတာ ကျောင်းသားကို စေတနာရှိ တယ်။ မင်းတို့ စာမသိလို့ မေးချင်ရင် အချိန်မရွေး လာမေးလှည့် အပြစ်မရှိဘူး...” ဟူ၍ ကျောင်းဆရာဖြစ်သော အဖေကြီး ပြောသည်ကို သတိရမိသည်။

    “စာသင်ချင်လို့၀င်သွားတာတော့ အပြစ်ရှိမှာမဟုတ်ပါဘူး... အပြစ်ရှိလို့ အပြစ်ပေးရင် လဲခံလိုက်မယ်....”
    ကျောင်းဆရာမြေး ဖြစ်သောမောင်ငြိမ်းချမ်း အရဲစွန့်၍ ကျောင်းသားများ မ၀င်ရဆိုသော ၀ရံတာဆောင် သို့ ၀င်သွားသည်။ ချောညက်နေသော ကြွေပြားလေး များမှာ ခြေနင်း၍ ကောင်း လှသည်။ 
    ဆရာဦးစံလှိုင်ရှေ့ရောက်ပြီ။ ရပ်နေလိုက်သည်။ ဆရာကမမြင်သေး။
    “ဆရာ... ကျွန်တော် အင်္ဂလိပ်စာ သင်ချင်လို့ပါ...”
    ဆရာဦးစံလှိုင် သူ့မျက်နှာရှေ့မှ သတင်းစာကိုဖယ်လိုက်သည်။ မောင်ငြိမ်းချမ်းကို ကြည့် ပြီးအံ့အားသင့်နေသည်။ 
    “ဒီနေရာ... ကျောင်းသားမ၀င်ရ လို့ စာရေးထားတာ မင်းမတွေ့ဘူးလား”
    “တွေ့ပါတယ်”
    “တွေ့ရင်ဘာလို့၀င်လာရတာလဲ...”
    “အင်္ဂလိပ်စာသင်ချင်လို့ပါ...”
    မောင်ငြိမ်းချမ်း အမှန်အတိုင်း ဖြေလိုက်ခြင်းဖြစ်သည်။

    ဆရာဦးစံလှိုင် မျက်ခုံးများပင့်၍ မောင်ငြိမ်းချမ်းကို အသေအချာကြည့်နေသည်။
    “မင်း...အေ ဘီ စီ ဒီ ရသလား”
    “ဟုတ်ကဲ့ ရပါတယ်....”
    “ရရင် မင်းစာအုပ်ပေး...”
    ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်း၏ ဗလာစာအုပ်မှာ အင်္ဂလိပ်စာလုံးများကို မြန်မာနှင့်တွဲ ရေးပေးသည်။
    CAT (ကက်)    = ကြောင်
    DOG (ဒေါ့ခ်)    = ခွေး
    MAT (မက်ထ်)    = ဖျာ
    POT (ပေါ့ထ်)    = အိုး
    RAT (ရက်ထ်)    = ကြွက်
    မောင်ငြိမ်းချမ်း လိုက်ဆိုတတ်အောင်ချပေးသည်။ အသံထွက်မှန်အောင်သင်ပေးသည်။ မောင်ငြိမ်းချမ်း လိုက်ဆိုသည်။ အသံထွက်မှန်သွားပြီ။

    “ကဲ...သွားတော့...အဲဒါတွေကျက်...အလွတ်ရမှပြန်လာခဲ့...”
    မောင်ငြိမ်းချမ်း ၀မ်းသာသွားသည်။ မြေအောက်ခန်းသို့ ဆင်းသည် လွတ်လွတ်လပ်လပ် အသံထွက်ပြီး ကျက်သည်။ ရသွားပြီ၊ ဆရာက ရေးတတ်အောင်လေ့ကျင့်ခဲ့ရမည်ဟု မပြောလိုက်၊ သို့သော် ဦးဇင်း တုန်းက အရေးခိုင်း၍ မရေးတတ်လျှင် အရိုက်ခံရမှာ ကြောက်သည်။ ရေးတတ် အောင်ကြည့်ပြီးရေးသည်။ အလွတ်ရေးနိုင်အောင်ပါ လေ့ကျင့်သည်။ ရပြီ၊ အလွတ်လည်းဆိုနိုင်ပြီ။ အလွတ်လည်းရေးနိုင်ပြီ။ ခဏသာကြာသည်။ နာရီ၀က်ပင်မရှိ အလွန်ဆုံးမှ မိနစ်(၂၀) ခန့်သာ ရှိမည်။

    မြေအောက်ခန်းထဲမှ ပြန်တတ်ခဲ့သည်။ ၀ရံတာဆောင်သို့လာခဲ့သည်။ ဆရာရှိသေးသည်။ သတင်းစာ ဖတ်နေဆဲ။
    “ဆရာ...ကျွန်တော် ရပြီခင်ဗျ”
    ဆရာဦးစံလှိုင် သတင်းစာဖတ်ရင်း မျက်လုံးများကို မျက်မှန်ပေါ်မှ ကျော်ပြီလှမ်းကြည့် သည်။ အံ့သြသော အကြည့်၊ မယုံကြည်နိုင်သောအကြည့်
    “မြန်လှချည်လား....”
    မောင်ငြိမ်းချမ်း ဘာမှပြန်မပြော။ စာအုပ်ကိုင်ပြီးရပ်လျက် ဆရာဦးစံလှိုင် လက်ထဲမှ သတင်းစာ ချလိုက်သည်။

    “ကဲ... ဖတ်ပြစမ်း”
    မောင်ငြိမ်းချမ်း ဖတ်ပြသည်။
    “မကြည့်ဘဲနဲ့ ဆိုပြနိုင်မလား...”
    မောင်ငြိမ်းချမ်း စာလုံးပေါင်းအလွတ်ဆိုပြသည်။
    “ဒါဆို အရေးကျင့်ရမယ်...”
    “ကျင့်ခဲ့ပြီးပါပြီ..”
    “ဟေ...”
    ဆရာကတစ်လုံးချင်း အလွတ်ရေးခိုင်းသည်။

    အားလုံးရေးပြနိုင်သည်။
    “အင်း...”
    ဆရာစဉ်းစားနေသည်။
    “ဒီနေ့တော့ ဒီလောက်ပဲတော်ပြီ။ မနက်ဖြန်ကာကျမှ စာအုပ်နဲ့သင်ပေးမယ်...။ သွားတော့...”
    စာသင်ချင်သော မောင်ငြိမ်းချမ်းအတွက် ဆရာတွေ့သွားပြီ။
    သို့သော်
    “ဒီနေ့အတွက် သင်ပေးတာကလည်း နည်းလိုက်တာ”ဟု အားမရ။ မလွမ်းရအောင် များများ သင်ချင် သည်။

အပိုင်း (၅)

သင်ချင်သမျှသင်ခွင့်ရ

နောက်တစ်နေ့တွင် ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းကို “ပရိုင်းမာရီ ဘွတ်ခ်၀မ်း” အင်္ဂလိပ်စာအုပ် ကလေး တစ်အုပ်ပေးပြီး ထိုစာအုပ်မှ သင်္ခန်းစာတစ်ပုဒ်ကိုသင်ပေးသည်။ မီးနင်းအသစ်များလည်း ကျက်ရန် ပေးသည်။
မောင်ငြိမ်းချမ်း မြေတိုက်ခန်းသို့ဆင်းပြီးကျင့်သည်။ အားလုံးကိုအလွတ်ရသွားသည်။ ကျောက်သင်ပုန်း ကျောက်တံ နှင့် အရေးကျင့်သည်။ အားလုံးကို အလွတ်ရေးနိုင်သည် အထိလေ့ ကျင့်ပြီးမှ ဗလာစာအုပ်တွင် ခဲတံဖြင့် လက်ရေး လှလှရေးသည်။
    ဆရာဦးစံလှိုင်ထံပြန်သွားသည်။

    “မြန်လှချည်လားကွ... ဟုတ်ရောဟုတ်ရဲ့လား”
    ဆရာဦးစံလှိုင်ကမယုံချင်။
    မောင်ငြိမ်းချမ်းဘာမျှပြန်မပြော။ အစစ်အဆေးခံရန် အသင့်အနေအထားနှင့် ရပ်နေသည်။
    ဆရာက ဖတ်အပြခိုင်းသည်။
    အသံထွက်မှန်မှန်နှင့်ချောမောစွာဖတ်ပြသည်။
    မီးနင်းများကို မေးသည်။ အားလုံးအလွတ်ရသည်။

    ရေးအပြခိုင်းပြန်သည်။ ဝါကျများရောမီးနင်းများပါအားလုံး အလွတ်ရေးပြသည်။
“ကဲ... ဒီလောက်တောင်ရှိလှတာ... ငါကပဲသင်နိုင်သလား၊ မင်းကပဲကျက်နိုင်သလား တွေ့ကြတာ ပေါ့ကွာ...”
    ဆရာဦးစံလှိုင်က စိတ်ပါလက်ပါစိန်ခေါ်လိုက်သည်။ ဆရာသင်ပေးသမျှ မောင်ငြိမ်းချမ်း ကျေညက်အောင် ကျက်မှတ်သည်။ မီးနင်းများသာမက စာပိုဒ်များကိုပါ ရအောင်ကျက်သည်။ လက်ရေးလှ ရေးပြသည်။ မောင်ငြိမ်းချမ်းကျက်မှတ်နိုင်သမျှ ဆရာက တိုးသင်ပေးသည်။
    မောင်ငြိမ်းချမ်းလွမ်းချိန် ငိုချိန်မရှိတော့ပါ။ အချိန်ရှိသမျှ ကျက်လိုက်မှတ်လိုက် အရေးကျင့် လိုက်နှင့် စာထဲမှာ နစ်မြုပ်နေသည်။

    ပရိုင်မာရီဘွတ်ခမ်၀မ်းကို ငါးရက်နှင့် သင်ပြီးသွားသည်။ စာသင်ရင်းမှ ဆရာဦးစံလှိုင်က မောင်ငြမ်းချမ်း ကို တူတစ်ယောက် သားတစ်ယောက်လို ချစ်ခင်သွားသည်။
    ဆရာဦးစံလှိုင်သည် (၇)တန်းဆရာဖြစ် အောင်ထားသူဖြစ်၏ သို့သော်အလုပ်မရှိ၍ မိဘမဲ့ ကျောင်း ဘော်ဒါအုပ် ဆရာတော် ဦးပ၀ရ ထံမှာမှီခိုရင်း အလုပ်လျှောက်ထားသည်ကို စောင့်နေသူ ဖြစ်သည်။

    တစ်ကိုယ်တည်းလူပျိုကြီးမို့ စာသင်ချင်သောဆရာဦးစံလှိုင် စာကြိုးစားသော မောင်ငြိမ်းချမ်း ကို သံယောဇဉ် ဖြစ်သွားသည်။
    မြို့ထဲသွားတိုင်း မောင်ငြိမ်းချမ်းကို ခေါ်သွားသည်။ ထိုအချိန်ကဘီဘီ အိုအေမိမဲ့ကျောင်းမှ မြို့ထဲသို့ သွားရန် ဘတ်စ်ကားမရှိ။ ရထားလုံးမြင်းလှည်းများ ရှိသော်လည်း စျေးကြီး၍မစီးနိုင်။ မောင်ငြိမ်းချမ်း တို့ ဆရာတပည့် လေးမိုင်ခန့်ဝေးသောဘူတာကြီး အထိခြေကျင်လျှောက်ရသည်။ အခြားလူများစွာတို့လည်း ကိုယ့်လိုပင် ခြေကျင်လျှောက်နေကြသည်။ ဘူတာကြီးရောက်လျှင် မီးရထားလမ်းဂုံး ကျော်တံတား ပေါ်မှဖြတ်၍ စျေးချို အထိခြေကျင်ဆက်လျှောက်ရသည်။ စျေးချိုမှာ ၀ယ်စရာရှိသည်ကို၀ယ်ရသည် ၀ယ်ပြီးလျှင် ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းနှင့် အတူလက်ဖက် ရည်သောက်သည်။

လက်ဖက်ရည် တစ်ခွက် တစ်မတ်။ ကိန်မုန့်ပဲမုန့် ကြိုက်ရာစား တစ်မတ် မောင်ငြိမ်းချမ်း မုန့်တစ်ခု စားခွင့် ရသည်။
    ပြီးလျှင် ဆရာတပည့်နှစ်ယောက် ကျောင်းအထိခြေကျင်လျှောက်ပြန်ကြသည်။ အသွားရော အပြန်ပါ တစ်လမ်းလုံး မြန်မာလိုရေးထားသော ဆိုင်းဘုတ်တွေ့သမျှ မောင်ငြိမ်းချမ်း ဖတ်ပြရသည်။ အင်္ဂလိပ် စာလုံးများ တွေ့ တိုင်း ဆရာဦးစံလှိုင်ကဖတ်ပြပြီး မောင်ငြိမ်းချမ်းကို သင်ပေးသည်။
    IN    = အ၀င်
    OUT    = အထွက်
    STOP    = ရပ်
    POST BOX    = စာတိုက်ပုံး
    OFFICE    = ရုံး

    မောင်ငြိမ်းချမ်း မျက်မြင်သင်ကြား၍ အလွတ်ကျက်ရသည်။ ဆရာနှင့် အတူနေရသွားရ သည်ကို မောင်ငြိမ်းချမ်း ပျော်သည်။ ဆရာကို ချစ်ခင်သည်။ အမေကြီးကို လွမ်းစိတ်သက်သာလာ သည်။
    တစ်နေ့တွင် ဆရာတပည့်နှစ်ယောက်မြို့ထဲမှ ကျောင်းသို့ပြန်ရောက်ကြသောအခါ ကျောင်းတွင် အဖေကြီး ရောက်နေသည်ကိုတွေ့ရ၍ မောင်ငြိမ်းချမ်း အံ့သြ၀မ်းသာဖြစ်ရသည်။ အဖေကြီးခမျာလည်း မြေး ကို ကြည့်ပြီး ၀မ်းသာနေရှာသည်။ သူ့ခမျာရွာမှ ထွက်ပြီး မန္တလေးသို့လာ ရသည်မှာ လွယ်သည် မဟုတ်။ ရွာမှာက ရောင်စုံသောင်းကျန်းသူများ အုပ်စိုးနေသောကာလ။ မြို့သွားလျှင် အစိုးရသတင်းပေး ထင်၍ မသင်္ကာဖြစ်တတ်သည်။

    “အဖေကြီး ဘာလို့လာတာလဲ....”
    မောင်ငြိမ်းချမ်း အဖေကြီးနား ကပ်၍မေးသည်။
    “ငါ့မြေး ကို အမေကြီး က တအားလွမ်းနေရှာတယ်။ မအိပ်နိုင် မစားနိုင်အောင် ဖြစ်နေတယ်။ ငါ့မြေးကို ခဏ ခေါ်ပေးပါဆိုလို့...”
    အဖေကြီးပြောမှ မောင်ငြိမ်းချမ်းအမေကြီးကိုလွမ်းပြီး မျက်ရည်များစီးကျလာရပြန်သည်။
    “ကျွန်တော်လည်း လွမ်းတာပဲ....”
    ပြောမှရှိုက်သံပါလာသည်။

    “အဖေကြီးလည်း ငါ့မြေးကိုလွမ်းတာပါပဲ... အမေကြီးကတော့ပိုဆိုးတာပေါ့ ငါ့မြေကျောင်း ကလဲ မဖွင့် သေးပါဘူး... ရွာပြန်လိုက်ခဲ့အုံး...”
    “ဒီနေ့ပြန်မှာလား အဖေကြီး...”
    “ခုပြန်မှပေါ့... ခုသွားရင် ကားမှီသေးတယ်၊ ဘုန်းကြီးကို အဖေကြီးလျှောက်ပြီးပြီ၊ ကျောင်းဖွင့်ဖို့က ဆယ့်ငါးရက် လိုသေးတယ်တဲ့။ ဆရာတော်က ဆယ်ရက်ခေါ်သွားခွင့်ပြုတယ်။ ကျောင်းမဖွင့်ခင် ငါးရက် အလိုလောက်ပြန်ပို့ရမယ်လို့ပြောတယ်....”
    မောင်ငြိမ်းချမ်း အ၀တ်အင်္ကျီ ယူသင့်သည်ကိုယူပြီး အဖေကြီးနှင့် လိုက်ရန်အမြန်ပြင်ဆင် သည်။ “ပရိုက်မာရီ ဘွတ်ခ်၀မ်း” စာအုပ်လေးကိုလည်း ယူခဲ့သည်။ ရွာမှ အင်္ဂလိပ်စာတတ်သူမရှိ။ ရွာရောက်လျှင် အဖေကြီး၊ အမေကြီးနှင့် ဦးလေးတို့ကို ဖတ်ပြရမည်။

    အဖေကြီးနှင့်အတူ ဆရာဦးစံလှိုင်ကို နှုတ်ဆက်ပြီး မြေအဖိုးနှစ်ယောက် ရွာသို့ပြန်ခဲ့ကြ သည်။

အလွမ်းပြေရွာအပြန်
    ရွာအပြန်ခရီးမှာ မောင်ငြိမ်းချမ်းမြူးကြွ သွက်လက်နေသည်။ မန္တလေးစျေးချိုမှ အရှေ့ပြင် မိဘမဲ့ကျောင်းသို့ခြေကျင်လျှောက်ပြီး ပြန်ရောက်ခါစရှိသေးသည်။ စျေးချိုသို့ပြန်လျှောက်ရဦး မည်။ သို့သော် စိတ်ကပျော်နေ၍ မောရမှန်း ပန်းရမှန်းမသိ။

    တစ်လမ်းလုံး အဖေကြီးကို စကားတွေအများကြီး ပြောနေမိသည်။ အဖေကြီး၊ အမေကြီး နှင့်ဦးလေးကို မည်မျှ လွမ်းကြောင်း၊ အိမ်နှင့်ရွာကို မည်သို့သတိရကြောင်းများ ပြောပြသည်။ သို့သော် သုံးရက်လောက် ရှိုက်ကြီးတငင်ငိုနေမိသည်ကိုတော့ အဖေကြီးကို ပြောမပြပါ။ အဖေကြီး စိတ်မကောင်းဖြစ်မှာစိုးသည်။
    ဆရာဦးစံလှိုင်အကြောင်းလည်း အများကြီးပြောမိသည်။ အင်္ဂလိပ်စာ သင်ရပုံကိုလည်း ပြောပြသည်။ အဖေကြီး ၀မ်းသာနေသည်။
    စျေးချိုရောက်သောအခါ ညနေ(၂) နာရီရှိနေပြီ။ စဉ့်ကိုင်ကားဂိတ်ကို သွားရသည်။ လက်မှတ်ဖြတ်ပြီး ကားပေါ် ရောက်သောအခါ အဖေကြီးနှင့် ပူးပူးကပ်ကပ်ထိုင်ရသည်ကို သဘောကျမိသည်။ အဖေကြီး၏ ချွေးနံ့ ကိုယ်နှံ့ များကို နှစ်သက်မက်မောဖြစ်နေရသည်။

    အဖေ မရှိသော မောင်ငြိမ်းချမ်းအတွက် အဖေကြီးသည် ချစ်မြတ်နိုးစွာ အားကိုးရာ အဖေဖြစ်ပါ၏ ခွဲ နေပြီးမှ ပြန်တွေ့ရ၍လည်း အဖေကြီး ကို ပို၍ချစ်ခင်စိတ်ဖြစ်ရသည်။ ရွာမှာနေစဉ် ကတော့ အဖေကြီး လည်းဖြစ် စာသင်ပေးသောဆရာလည်း ဖြစ်၍ချစ်ခင်စိတ်နှင့်အတူ ကြောက်စိတ် လည်း ကြီးခဲ့သည်။ ခုတော့ ကြောက်စိတ်လျော့ပါး၍ ချစ်စိတ်ပိုများရသည်။ ကားပေါ်မှာလည်း မြေးအဖိုးနှစ်ယောက် စကား တွေ အများကြီးပြောကြသည်။ များသောအားဖြင့် မောင်ငြိမ်းချမ်းက ပြောသူဖြစ်၏။

 ညနေ(၅)နာရီမှစဉ့်ကိုင်သို့ မော်တော်ကားရောက်သည်။ မြေးအဖိုးနှစ်ယောက်ရွာ သို့ နေ၀င်မိုးချုပ်မှ ရောက်သည်။
    “ငါ့မြေးလေး...”
    အမေကြီးခမျာ မောင်ငြိမ်းချမ်းကိုဖက်၍ ၀မ်းပမ်းတနည်းငိုရှာသည်။ မောင်ငြိမ်းချမ်းလည်း အမေကြီး ရင်ခွင်မှာ ငိုနေသည်။
    “အမေကြီးကိုကြည့်အုံး... ငါ့မြေး...”
    “အမေကြီး ပိန်သွားတယ်”
အမေကြီး ကို မောင်ငြိမ်းချမ်း စိတ်မကောင်းစွာပြောမိသည်။ ယခင်က၀၀စိုစို အမေကြီးခမျာ များစွာ ပိန်ကျ သွားသည်။
    “ငါ့မြေလေးကိုသာ မင်းအဖေကြီးက ခေါ်မပေးရင်... အမေကြီး လွမ်းလို့သေမှာ...”
    အမေကြီး က ပြောရင်း၀မ်းနည်းလာဟန်တူပါ၏။ မောင်ငြိမ်းချမ်းကိုဖက်ပြီး ငိုပြန်သည်။

“အမေကြီး က သေမလောက်လွမ်းနေလို့ ငါလည်းတအားလွမ်းတာလား... ဒါမှမဟုတ် ငါကတအား လွမ်းနေ လို့ အမေကြီး လွမ်းတာလား” မောင်ငြိမ်းချမ်း စဉ်းစားနေမိသည်။
    “မင်း အဖေကြီးက အစတော့ ခေါ်မပေးချင်ဘူး။ နောက်မှ အမေကြီးမစားနိုင်။ မအိပ်နိုင် တအားပိန် သွားလို့ ခေါ်ပေးတာ....”
    အဖေကြီးရင်ခွင်မှာ နွေးထွေးစွာနေရသည်ကို မောင်ငြိမ်းချမ်း ကြည်နူးနှစ်သက်နေမိသည်။ အမေကြီး ကိုလည်း ယခင်ကထက် အဆများစွာပို၍ ချစ်ခင်မိသည်။
မိခင်နှင့်ဝေးခဲ့ရသော မောင်ငြိမ်းချမ်းအတွက် မိခင်မေတ္တာအစားပေးသော အမေကြီးသည် အမေဖြစ်ပါ၏။

    မြေဖွားနှစ်ယောက် ကျေနပ်အောင် အလွမ်းသည်ပြီးသည်နှင့် ညစာစားကြသည်။ အမေ ကြီးက မြေး ကြိုက်သော ဟင်းများချက်ထားသည်။
    နွားနို့ရေခမ်းချက်၊ ခရမ်းချဉ်သီး ငရုတ်သီးချက်၊ ကြက်ဥကြော်နှင့် ပဲဟင်းချိုတို့ဖြစ်သည်။ 
    ထမင်းဝိုင်းမှာ အဖေကြီး၊ အမေကြီး၊ ဦးလေးတို့နှင့် မိသားစုစုံညီစွာစားရသည်။ ထမင်းစား ရင်း ပျော်ပျော် ပါးပါး စကားတွေပြောကြသည်။
    မောင်ငြိမ်းချမ်း ပန်းကန်ထဲသို့ အမေကြီးက ဟင်းတွေထည့်ပေးသည်။ မိဘမဲ့ကျောင်းမှာ ဟင်းမကောင်း၊ ကျောင်းသားကြီးမောင်ညွှန့်ချက်သမျှ ဖြစ်သလိုစားခဲ့ရသည်။ ထမင်းစားတိုင်း အမေကြီး ၏ ဟင်းချက်လက်ရာကို သတိရမိခဲ့သည်။ ယနေ့အမေကြီးလက်ရာ ထမင်းဟင်းများ ပြန်လည် စားခွင့် ရနေသည်။ မောင်ငြိမ်းချမ်းစား၍ကောင်းလှ၏ အမေကြီးလည်း ပုံမှန်အတိုင်းပြန်ပြီး စားကောင်း စားနိုင် ဖြစ်နေသည်။

မောင်ငြိမ်းချမ်းရွာမှနေသည့် ဆယ်ရက်မှာ ပျော်စရာကောင်းလှသည်။ မောင်ငြိမ်းချမ်း သာမက အဖေကြီး၊ အမေကြီးနှင့် ဦးလေးပါ တစ်အိမ်လုံး ပျော်နေကြသည်။
    မောင်ငြိမ်းချမ်းက သူတတ်လာခဲ့သော အင်္ဂလိပ်စာများကို ဖတ်ပြသည်။ မထစ်မငေါ့ချောမောစွာနှင့် ဖတ်တတ် သမျှ သွက်သွက်မြန်မြန်ဖြစ်အောင် ဖတ်ပြသည်။
    ဒေါင်းဒေါင်းပြေးသည် ဟု အထင်အမြင်အပြောအဆိုခံ ချင်သောကြောင့်ဖြစ်သည်။ သဘောကျနေ ကြသည်။ မောင်ငြိမ်းချမ်းက အင်္ဂလိပ်လိုဖတ်ပြီး မြန်မာလိုဘာသာပြန်ပြသည်။ နားမလည်သော်လည်း ခေါင်းတညိတ်ညိတ် နှင့် ကျေနပ်နေကြသည်။    

မောင်ငြိမ်းချမ်း မန္တလေးရောက်နေစဉ်က လွမ်းခဲ့ရသောသူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ဆော့ကစားသည်။ သတိတရ ဖြစ်သောနေရာများအားလုံးကို ရောက်အောင်သွားသည်။ ရွှေဘူကြီး ဘုရားရွာ တောင်ဘက် အ၀င်မှ ကုက္ကိုပင်၊ ဥယျာဉ်လမ်းကြား၊ ကင်းညောင်၀င်တံတား၊ ရွာအရှေ့ ပေါက်မှသရက်တန်း၊ ရွာမြောက်ဘက်မှ မန်ကျည်းကလပ်ပင်၊ ဘောလုံးကစားသောဘောလုံးကွင်း၊ ဘိုး၀န်ကြီး၏မာလကာခြံ၊ ဘုန်းကြီးကျောင်း မှ ရေးကူးဆော့ကစားရသောသိမ်တော်ကန် စသည်တို့ ဖြစ်သည်။ တက်နေကျမို့ သတိတရ ဖြစ်နေသော သစ်ပင်များကိုသွားတက်သည်။ အချိန်မရလျှင် အနည်းဆုံးလက်နှင့်သွားထိသည်။

စားချိန်ကျလျှင် အမေကြီးက ရွာဓလေ့သဘာ၀ရနိုင်သမျှ စားသောက်ဖွယ်တို့ကို ဖွယ်ဖွယ်ရာရာ ချက် ကျွေးသည်။ မိသားစုပျော်ပျော်ပါးပါး စားကြရသည်။ ပြန်ရမည့်ရက်ကို မတွေးဘဲ ထားလိုက်သည်။ ဖြစ်နိုင် သမျှ ပျော်ပျော်ရွှင်ရွှင်နေပစ်လိုက်သည်။ ဖြစ်နိုင်လျှင်တော့ နေမင်းကြီး မ၀င်စေချင်။ ဆယ်ရက်ပြည့်မှာ စိုး၍ ဖြစ်သည်။
သို့သော်....နေမင်းကြီးက သူ့အလုပ်သူ မပျက်မကွက် လုပ်နေသည်။ ထွက်ချိန်တန် ထွက်လာပြီး ၀င်ချိန်တန် ပြန်၀င်သွား၏။ တစ်နေ၀င်ပြီး တစ်နေထွက်လျှင် တစ်ရက်ကူးသွား၏။ နှစ်ရက်၊ သုံးရက်၊ လေးရက်၊ ငါးရက်၊ ခြောက်ရက်၊ ခုနှစ်ရက်၊ တဖြည်းဖြည်းနှင့် ဆယ်ရက်ပြည့်ဖို့ နီးလာပြီ။

တော်သေးသည်မှာ ပြန်လာလိုက်ရသည့်အတွက် အလွမ်းပြေ၍ အမေကြီးရော မောင်ငြိမ်းချမ်းပါ စိတ် သက်သာ သွားကြ၏။
    “ပြန်လာရင်တွေ့နိုင်တာပဲ...”ဟု နားလည်သွားကြ၏။
ဆယ်ရက်လောက်အတူ နေခွင့်ရသည်ကိုလည်း ကျေနပ်သွားကြ၏။ ပြန်မည့်နေ့မတိုင်မီ အမေကြီးက အ၀တ်များကို ဖြူစင်အောင်ဖွတ်လျှော်ပြီး အခေါက်ကလေးများလုပ်၍ အိတ်မှာထည့် ပေးသည်။
    ဆယ်ရက်ပြည့်ပြီးနောက်တစ်နေ့
    အဖေကြီး၊ အမေကြီးနှင့် ဦးလေး ကို မောင်ငြိမ်းချမ်းကန်တော့သည်။ မောင်ငြိမ်းချမ်းလည်း မငို၊ အမေကြီး လည်းမငို။
    အဖေကြီး က မန္တလးသို့လိုက်ပို့သည်။

ကျောင်းအပ်ကျောင်း၀င်ပညာသင်

    ယခုတစ်ခေါက် မိဘမဲ့ကျောင်း ဘော်ဒါဆောင်သို့ ပြန်လာရသည်မှာ ဆရာဦးစံလှိုင်အားကိုးရာ၊ ခင်တွယ်ရာ ရှိနေပြီမို့ မောင်ငြိမ်းချမ်းအတွက် အားငယ်၀မ်းနည်းရခြင်း မရှိတော့ပါ။
    ဆရာကတော့ မောင်ငြိမ်းချမ်း ပြန်ရောက်လာ၍ ၀မ်းသာနေသည်။ ဆရာ့ခများ အင်္ဂလိပ်စာ သင်ပေးရင်း မောင်ငြိမ်းချမ်း ကို သံယောဇဉ်ဖြစ်နေပြီ။ မောင်ငြိမ်းချမ်း စာရေးရန် ခဲတံလေးများမှအစ ကိုယ်တိုင် ချွန် ပေးသည်။

ဆရာက အရာရာစနစ်ကျသည်။ ခဲတံချွန်သည်ပင် နည်းစနစ်နှင့်။ ခဲတံကိုချွန်လိုသည့်နေ ရာမှစ၍ ဓားကလေး နှင့် ရစ်လိုက်သည်။ ထိုရစ်ထားသည့်နေရာမှစ၍ အဖျားဖက်သို့ ညီညာစွာ လှည့်ပတ်ပြီး ချွန် ပေးသည်။ ဆရာချွန်ပေးသော ခဲတံသည် ရေး၍ပိုကောင်း၏။ မောင်ငြိမ်းချမ်းကို လည်း ချွန်ပုံချွန်နည်း နှင့် တကွ သင်ပြပေးသည်။
    အ၀တ်အစား၀တ်သည်မှအစ ဆရာကသန့်ရှင်းသပ်ယပ်သည်။ နေပုံထိုင်ပုံစနစ်ကျသည်။ ဆံပင်ပုံက ခပ်တိုတို။ ထိုခေတ်က ဘဲမီးဘိုကေပုံစံဖြစ်သည်။ ဆရာ့ခေါင်းဆံပင်မှာ အစဉ်ရှင်းသန့် နေသည်။ အသွင်အပြင် အားဖြင့် ရုပ်ရှင်မင်းသား ကော်လိပ်ဂျင်နေ၀င်းနှင့်တူသည်။ သွားပုံလာပုံ သွက်လက် ဖျတ်လတ် သည်။

    မောင်းငြိမ်းချမ်းကိုလည်း သန့်ရှင်းသပ်ယပ်စွာ ၀တ်ဆင်နေထိုင်ရန် သင်ကြားပေးသည်။ ဆရာနှင့် တွေ့ဆုံ ရင်းနှီးခွင့်ရသည်မှာ မောင်ငြိမ်းချမ်းအတွက် ကံကောင်းလှ၏။
    ယခုတစ်ခေါက် မောင်ငြိမ်းချမ်းကျောင်းပြန်ရောက်လာသောအခါ ဘော်ဒါ ကျောင်းသား အတော် များများ ပြန်ရောက်၍ စည်စည်ကားကားဖြစ်နေသည်။ မောင်ငြိမ်းချမ်း စောစောရောက်ပြီး ရွာသို့ တစ်ခေါက် ပြန်လိုက်ရ၍ တော်သေးသည်။ ပထမရောက်စဉ်ကလိုသာ လူအများရှေ့မှာ ငိုနေရလျှင် အခက်။

    တစ်ရက်ထက်တစ်ရက် လူဟောင်းများပိုရောက်လာကြသည်။ လူသစ်များလည်း တိုးလာဆဲ။ ကျောင်းဖွင့် ရက် တွင် ဘော်ဒါကျောင်းသားအားလုံး (၄၀)ခန့်ဖြစ်လာလေသည်။
    ကျောင်းသားဟောင်းများက နေသားတကျရှိပြီးဖြစ်၍ ကျောင်းဖွင့်သည်နှင့် သူ့အတန်းနှင့် သူ တက်ရောက်ကြသည်။
    မောင်ငြိမ်းချမ်းတို့ကျောင်းသားအသစ်များကို မိဘမဲ့ကျောင်းအုပ်ချုပ်သူ ဆရာတော်၏ ကိုယ်စား ဆရာဦးစံလှိုင်က ကျောင်းအပ်ပေးသည်။
    ကျောင်းအုပ်ဆရာမကြီး ဒေါ်မေညွန့်ထံမှာ အပ်နှံရသည်။ အဖေကြီး၏ ကျောင်းထွက် လက်မှတ်အရ မောင်းငြိမ်းချမ်း ကို ဆရာမကြီးက တတိယတန်းမှာ ပညာသင်ကြားခွင့်ပြုသည်။ မောင်ငြိမ်းချမ်း မန္တလေးမြို့ မှာ ကျောင်းနေခွင့်ရသောကျောင်းသားဖြစ်သွားပြီ။

    ရွာမှ အဖေကြီးကျောင်းနှင့် ခြားနားလွန်းလှ၏။ ရွာကျောင်းမှ ဆရာဆို၍ အဖေကြီးတစ် ယောက်တည်း ရှိသည်။ ကျောင်းသားများအားလုံးကျောင်းပေါ်တွင် တပြင်တည်းနေရသည်။ ဤကျောင်းတွင် ဆရာ၊ ဆရာမ တွေ အများကြီး။ သူ့အတန်းနှင့်သူအကာအရံနှင့် သီးခြားခွဲထား သည်။ စာရေးခုံနှင့် ထိုင်ခုံနှင့် အကျအန နေရသည်။ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများ ပြောင်းလဲ၀င်ရောက်လာ၍ သင်ပေးကြ သည်။ 

    ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်ခေါင်းလောင်းသာမက အချိန်ပြောင်းသော ခေါင်း လောင်းသံ ရှိသည်။ အချိန်တိုင်းမှာ အချိန်ပြည့်စာကို ကြိုးစားသင်ကြားရသည်။ မောင်ငြိမ်းချမ်း အတွက် ပြင်းချိန်၊ လွမ်းချိန် မရှိ။
    ဆရာ၊ ဆရာမများက သပ်ယပ်သန့်ရှင်းစွာ ၀တ်ဆင်ထားသလို ကျောင်းသူ ကျောင်းသား အားလုံး လည်း ကျောင်း၀တ်စုံကို သပ်သပ်ယပ်ယပ်သန့်ရှင်းစွာ ဆင်တူ၀တ်ဆင်ထားကြသည်။ ကျောင်း၀တ်စုံမှာ ပုဆိုးက ကြည်ပြာ (မိုးပြာအနု)ရောင်နှင့် အင်္ကျီကအဖြူဖြစ်သည်။
    အဖေကြီး၏ရွာကျောင်းမှ ပြောင်းလာရသော်လည်း မောင်ငြိမ်းချမ်း စာလိုက်နိုင်ပါသည်။ ကျောင်းကို စောရောက်ပြီး အင်္ဂလိပ်စာကြိုတင်သင်ကြားထားသည်မှာလည်း မောင်ငြိမ်းချမ်းအတွက် ဟန်ကျ သွားသည်။ မောင်ငြိမ်းချမ်းအင်္ဂလိပ်စာ ကောင်းစွာလိုက်နိုင်သည်။

နေ့ကျောင်းသားများသည် မန္တလေးအရှေ့ပြင်မှလာရောက်ကျောင်း တက်ကြသူများဖြစ် သည်။ မောင်ငြိမ်းချမ်း တို့မိဘမဲ့ကျောင်းသားများကဘော်ဒါဆောင်မှာ နေရသည်။ ဘော်ဒါဆောင် သည် ၀င်းသီးခြား ဖြစ်သော်လည်း စာသင်သောကျောင်းဆောင်များနှင့် တစ်ဆက်တည်း ဖြစ်သည်။
    နေ့ကျောင်းသားများသည် မိဘမဲ့ကျောင်းသားများကို အထင်သေး၊ အမြင်သေးနှိမ့်ချ ဆက်ဆံခြင်း မရှိသည့် အပြင် ရင်းနှီးခင်မင်ကြသည်။ ကြင်နာညှာတာကြသည်။
ဤကျောင်းတွင် စာတော်၍ ခြောက်လပတ်စာမေးပွဲမှာ ပထမရလျှင်နှစ်၀က်နှင့်အတန်း တင်ပေးသည် ဟု ဆို၏။ မောင်ငြိမ်းချမ်းပထမလိုချင်သည်။ (၆)လနှင့် အတန်းတက်ချင်သည်။ ကြိုးစားမည်ဟု ဆုံဖြတ် လိုက်၏။

ဆရာတော်ဦးပ၀ရ

    မောင်ငြိမ်းချမ်းတို့မိဘမဲ့ကျောင်းသားများ၏ ကျေးဇူးရှင်ဆရာတော်ဖြစ်သည်။ ဆရာတော် သည် မိဘမဲ့ကျောင်း ကို တည်ထောင်၍ မိဘမဲ့ကလေးများကို ပညာသင်ကြားခွင့်ရအောင် ကူညီ စောင့်ရှောက် သော စေတနာရှင် ဖြစ်သည်။ မိဘမဲ့ဖြစ်သော ဘော်ဒါကျောင်းသားများ၏ စား၀တ်နေ ရေးကို ဆရာတော် က တာ၀န်ယူရသည်။
    ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်၊ ငရုတ်သီး၊ အားလူးမှစ၍ ရနိုင်သမျှ ဆရာတော် အလှူခံရသည်။ အောက်ပြည် အောက်ရွာ ကြွသွားပြီး ပြန်လာလျှင် ငါးပိများကို ပိုရအောင်အလှူခံလာသည်။ နှစ်ပေါက် ထားပြီး မိဘမဲ့ကျောင်းသားများ စားရသည်။

ဆရာတော်ကိုကြည့်လျှင် အမြဲတမ်းအလုပ်များနေသည်။ မိဘမဲ့ကျောင်းသားများ၏ စား၀တ်နေရေး အတွက် သာမက စာသင်ဆောင်များဆောက်လုပ်ရေး၊ ကျောင်းသုံးပရိဘောဂများ ပြည့်စုံရေးအားလုံးကို ဆရာတော် က တာ၀န်ယူ ဆောင်ရွက်ပေးရသည်။
    ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ ဆရာမများအားလုံး ဆရာတော်ကိုလေးစားကြ သည်။
    မောင်ငြိမ်းချမ်း တတိယတန်းကျောင်းသားအရွယ်က ဆရာတော်၏အသက်မှာ(၅၀)ကျော် ဖြစ်သည်။ အသားဖြူသည် အရပ်ကငါးပေခွဲခန့် ရွှေကိုင်းမျက်မှန်တပ်ထားသည်။ ပိန်ပိန်ပါးပါးဖြစ် သည်။ သွားလာ လှုပ်ရှားမှု့ သွက်လက်မြန်ဆန်သည်။ သင်္ကန်၀တ်ထားပုံက သပ်သပ်ယပ်ယပ် မရှိ။ ဘိုသီ ဘတ်သီဖြစ်၏။ စကား ပြောလျှင်လည်း မြန်သည်။ ဘာပြောမှန်းပင်မသိ။ အသေအချာ နား ထောင်ရသည်။

    ဆရာတော် ကို မိဘမဲ့ကျောင်းသားများအားလုံး ကြောက်ရွံ့ရိုသေကြသည်။ သို့သော် မောင် ငြိမ်းချမ်း မှတ်မိ သမျှ ဆရာတော် မည်သူ့ကိုမျှ မရိုက်ဘူးပါ။ ဆူရုံငေါက်ရုံနှင့်ကြောက်ကြခြင်းဖြစ် သည်။ ဆူစရာ ရှိလျှင်တော့ အလွန် ဆူပါသည်။ အစကမှ စကားပြောမြန်၍ နားမလည်ရသည့် အထဲ ဒေါသတကြီး ပြောလျှင် ဗလုံးဗထွေးဖြစ်လာ၍ ဘာမျှနားမလည်တော့ပါ။ ထိုအခါဆရာတော် ပိုဒေါသကြီးပြီး ပို၍ ရှုပ်ကုန် တတ်ပါသည်။

မိဘမဲ့ဘော်ဒါမှ ကျောင်းသားများသည် ဖြစ်နိုင်သမျှဆရာတော်နှင့် မတွေ့အောင်ရှောင် ကြသည်။ ဆရာတော် ၏ထူးခြားချက်မှာ တွေ့လိုက်သည်နှင့်တွေ့သူကို တစ်ခုခုခိုင်းပါသည်။ တွေ့ပါလျက်နှင့် မခိုင်းဘဲ အလွတ်ပေး သွားသည်ဟူ၍ မရှိပါ။ ထို့ကြောင့် ဆရာတော်နှင့် လမ်းမှာ ရင်ဆိုင်ကြုံလျှင် ကျောင်းသား များ ဝေးဝေးလွတ်အောင် ရှောင်ပြေးကြသည်။
ကျောင်းသားကြီးများက မောင်ငြိမ်းချမ်းကို လမ်းမှာ ဆရာတော်နှင့်တွေ့လျှင် ဝေးဝေးက ပင် လွတ်အောင် ရှောင်ရန် ပြောကြသည်။
    မောင်ငြိမ်းချမ်းက ဘာခိုင်းမည်ကိုသိချင်၍ မရှောင်ဘဲသွားသည်။ မောင်ငြိမ်းချမ်းကို မြင်သည်နှင့် သူ့ ဘော်ဒါ ကျောင်းသားမှန်း ဆရာတော်သိသည်။

    “ဟဲ့ ကောင်လေး...လာစမ်း”
    မောင်ငြိမ်းချမ်း သွားနေရာမှ ရပ်လိုက်သည်။
    “ဟိုမှာတွေ့လား... လမ်းဘေးမှာအုတ်ခဲတွေ... အဲဒါတွေအားလုံး သယ်ပြီး ဟို၀င်းထဲက တည်ပင် ခြေရင်း မှာ အသေအချာစုပုံပြီး စီထပ်ထားလိုက်....”
    “တင်ပါ့ဘုရား....”
    မောင်ငြိမ်းချမ်း တစ်ညနေလုံးအလုပ်များသွားပါသည်။ ကိုယ့်ခိုင်းသည်မဟုတ်၍ ကျန်သည့် လူများ ကလည်း ဘယ်သူမျှ မကူညီကြပါ။ ခိုင်းသူသာလုပ်ရသည်။
    နောက်သုံးရက်ခန့်တွင် လမ်းမှာရင်ဆိုင်ကြုံရပြန်သည်။ ရှေ့မှသွားသူများ ဆရာတော်ကို မြင်သည်နှင့် ကွေ့ပတ် ရှောင်သွားကြသည်။ တချို့ဆိုလျှင် တစ်ခုခုမေ့ကျန်ခဲ့ဟန်နှင့် နောက်ပြန်လှည့်သွားကြသည်။

မောင်ငြိမ်းချမ်း ဆရာတော်ကို မြင်တွေ့ချိန်တွင် ဘေးသို့ရှောင်သွားစရာလမ်းခွဲမရှိ။ နောက်ကြောင်း ပြန်လှည့် သွားရမည် ကိုတော့ မလုပ်ချင်။ ဆရာတော်ကို မရိုမသေ လုပ်ရာကျမည်။ မရိုးသားသူ၊ လူလည် လုပ်သူ ဟုလည်း အထင်ခံရမှာစိုးသည်။ မရှောင်တော့ပါဟု ဆုံးဖြတ်လိုက် သည်။
    “ခိုင်းချင်လဲခိုင်းပါစေတော့...ခိုင်းစရာလဲရှိချင်မှရှိမှာပါ...”ဟု သေဘာထားပြီး ရိုရိုသေသေ လက်ပိုက် ခေါင်းငုံ့လျက် ဆရာတော်၏ဘေးဖြတ်လျှောက်သွားရသည်။
    ဆရာတော်ကိုလွန်သွားပြီ
    ဒီတစ်ခါတော့ လွတ်သွားပြီဟုထင်လိုက်သည်။
    “ဟဲ ကောင်လေး.... လာအုံး...”
    ဆရာတော် က နောက်မှ လှမ်းခေါ်၍ပြန်လှည့်သွားရသည်။
    “ဟိုမှာ ဝါးလုံးတွေ့လား”
    မြက်ခင်းထဲမှာ ပြန့်ကျဲလဲကျနေသောဝါလုံးများကို ဆရာတော်ကပြသည်။ 
    ကြာရင် ဆွေးကုန်လိမ့်မယ်... ဟိုကုက္ကိုပင်ခွနေရာမှာ စီပြီးထောင်ထားလိုက်...
    “ကောင်းပါပြီဘုရား”

မောင်ငြိမ်းချမ်းသွားမည့်ကိစ္စ မသွားရတော့ပါ။ မြက်တောထဲမှ ဝါးလုံးကို တစ်လုံးချင်းယူပြီး ကုက္ကိုပင် ခွကြား မှာ သွားထောင်ရသည်။ စာသင်ခန်းဆောက်လုပ်စဉ်က ငြမ်းဆင်အသုံးပြုခဲ့သော ဝါးလုံးများ ဖြစ် ပါသည်။
မောင်ငြိမ်းချက်ထက် အသက်ကြီးသော စတုတ္ထတန်းမှ ကျောင်းသားနှစ်ရောက်ထပ် ရောက်လာပါသည်။ ဘယ်နေရာ မှ ဆရာတော်နှင့်တွေ့လာသည် မသိ။ မောင်ငြိမ်းချမ်းကို ကူ၍ ဝါးသယ်ရန် ခိုင်းလိုက်ခြင်း ဖြစ်သည်။ (၅)လုံးစီခန့် သစ်ပင်မှာထောင်ပြီး ပြန်ထွက်ခွာသွားကြသည်။ မောင်ငြိမ်းချမ်းကတော့ပြီးသည် အထိ ဆက်လုပ် လိုက်ပါသည်။
နောက်(၁၀)ရက်ခန့်တွင် တစ်ကြိမ်ထပ်ကြုံပြန်သည်။ ညနေပိုင်း (၁၅)မိနစ်ကျောင်း ဆင်းချိန်မှာ ဘော်ဒါ ဆောင် သို့ ပြန်လာခြင်းဖြစ်သည်။ တစ်ယောက်တည်းမဟုတ်။ အားလုံး(၅) ယောက်။
စစ်အတွင်းကဗုံးကျပျက်စီးသွားသော နှစ်ထပ်တိုက်ကြီးကို ပြန်လည်ပြုပြင်အုတ် ကျွတ် မိုးသည်ကို ဆရာတော် ကိုယ်တိုင် ကြီးကြပ်နေသည်။ သို့သော် ဆရာတော်ရပ်နေသည်မှာ ထနောင်းပင်ကွယ်နေ၍ အဝေး မှ မမြင်ရ။ အနားရောက်မှ ဘွားခနဲတွေ့ရခြင်းဖြစ်သည်။

    “ဟာ သွားပြီ.”
    တစ်ယောက် အသံထွက် ပြောလိုက်ပြီး  မောင်ငြိမ်းချမ်းမှ အပ(၄)ယောက်လုံး ထွက်ပြေး ကြသည်။ ပြောင်ပြောင် တင်းတင်းပင်ဖြစ်၏။
    “ဟင်....ဟိုကောင်တွေ....”
    ဆရာတော်ထွက်ပြေးသူများကို လှမ်းကြည့်ရင်းပြောလိုက်သည်။
    သို့သော် ဆရာတော်သည် ထိုသို့မရိုမသေပြုသည်ဟူ၍ လိုက်ဖမ်းစေပြီး အပြစ်ပေးခြင်းမရှိ။ အမှတ် အတေး ထားခြင်းမရှိ။
    မောင်ငြိမ်းချမ်းကတော့ တစ်ယောက်တည်း မပြေးဘဲကျန်ခဲ့သည်။

    ကျောင်းဆရာမြေးဖြစ်သော မောင်ငြိမ်းချမ်း ဆရာတော်ကြီးနှင့် တွေ့ခါမှ မျက်နှာပြောင် တိုက်ပြီး ထွက်ပြေး တာမျိုးမလုပ်ချင်ပါ။
    ဆရာတော်ကလည်း တစ်ယောက်တည်း ထွက်မပြေးဘဲကျန်၍ လိမ်မာသည်ဟု မခိုင်းဘဲ မနေ။
    “ကောင်လေး........လာအုံး.....”
    မောင်ငြိမ်းချမ်းကိုခေါ်နေပြီ။    
    “ဘော်ဒါဆောင် သွားမလို့လား.....”
    “တင်ပါဘုရား.......”
    “ဘော်ဒါဆောင်က ပြန်လာရင် ကျောင်းသွားမတက်နဲ့အုံး......ကစားကွင်းလေးက နေဘော်ဒါဆောင် အ၀င်ပေါက် ကို စောင့်ကြည့်နေ..... ဧည့်သည်တစ်ယောက်ငါ့ဆီလာဖို့ရှိတယ်... ဧည့်သည် ၀င်းတံခါးပေါက် က ၀င်သွားတာတွေ့ ရင် ငါ့လာခေါ်လှည့်”

    “ဒီတစ်ခါခိုင်းတာက တယ်ဟုတ်ပါလား”
    မောင်ငြိမ်းချမ်းသဘောကျသွားသည်။ ဘော်ဒါဆောင်သို့ပြေးသွားလိုက်သည်။ ယူစရာရှိ သော စာအုပ် ကို ယူပြီး အမြန်ပြန်ထွက်လာသည်။ ကလေးကစားကွင်းနေရာမှ ဘော်ဒါဆောင်အ၀င် ပေါက်ကို လှမ်းကြည့် နေလိုက်သည်။ ကစားကွင်းထဲမှာ ဒန်းစင်ကတစ်ခုတည်းရှိ၍ ခပ်စွာစွာ ကျောင်းသားကြီးများ အမြဲတမ်း အပိုင်စီးနေကြသည်။ မောင်ငြိမ်းချမ်းတို့လိုငယ်သော ကလေးများ မကပ်နိုင်။
    ကျောက်တက်ခေါင်းလောင်းထိုးပြီ။ ကျောင်းသားများအတန်းရှိရာသို့ ပြေးကြသည်။ ကစားကွင်းမှာ လူရှင်းသွားပြီ။ ဟန်ကျသည်။ မောင်ငြိမ်းချမ်း ဒန်းစီးခွင့်ရပြီ။ ယခုအချိန်က အတန်း ထဲမှာ စာသင်မည့် အချိန် မဟုတ် စာမေးမည့်အချိန်။ မောင်းငြိမ်းချမ်းစာရပါသည်။ သို့သော် မဖြေဘဲ ဒန်းစီးရသည်ကို ပို သဘောကျ သည်။ ယခုအချိန်တွင် လုယက်ခါ အလှည့်စောင့် နေစရာလည်းမလို။ တစ်ယောက်တည်း စိတ်ကြိုက် စီးနိုင်သည်။

    “မင်းကျောင်းမတက်ဘူးလား”
ဘော်ဒါဆောင်ဘက် မှ ပြန်ထွက်လာသော သူငယ်ချင်းလေးယောက်က ဒန်းစီးနေသော မောင်ငြိမ်းချမ်းကို မေးသည်။ ဆရာတော်နှင့် တွေ့ပြီး ထွက်ပြေး သူဖြစ်၏။
    “မတတ်ဘူး ဆရာတော်ကခိုင်းထားလို့....”
    “ဟာ... ဟန်ကျတာပဲ... ဒါဆိုငါတို့လဲ မတက်တော့ဘူး....”
    သူတို့က စီးဆော့မှာတစ်ဘက်နှစ်ယောက်စီခွဲပြီး စီကြရင်း ဆူညံနေသည်။ မောင်ငြိမ်းချမ်း က ဒန်းစီးရင်း ဘော်ဒါဆောင်အ၀င်ပေါက်ဆီ သို့လှမ်းကြည့်နေသည်။
    ကျောင်းသားအားလုံး အတန်းထဲရောက်၍ ကျောင်းတက်နေကြပြီ။
    မောင်ငြိမ်းချမ်း တို့ငါးယောက် ကစားကွင်းမှာ ကစားနေကြ၏။ 

သိပ်မကြာ။ ဆရာမကြီးရုံးခန်းမှ ရုံးအကူရောက်လာသည်။    
    “မင်းတို့ငါးယောက်လိုက်ခဲ့ကြ။ ဆရာမကြီးက အခေါ်ခိုင်းလိုက်တယ်”
    “ဟာ....သွားပြီ...”
မောင်ငြိမ်းချမ်း ကြောက်သွားမိသည်။ ဆရာတော်က ခိုင်းထားသည်မှန်သော်လည်း ကိုယ်က ကျောင်းတက်ချိန် မှာ ဒန်းစီးဆော့ ကစားနေမိသည်။
ဟိုလေးယောက် ကလည်း ဆူညံနေသေးသည်။
    ငါးယောက်လုံး ဆရာမကြီးရုံးခန်းသို့ လိုက်သွားကြ၏။

    “ဒီလေးယောက်က စီးဆော့စီးနေတယ်။ ဟိုကောင်လေးက ဒန်းစီးနေတယ်....”
ရုံးအကူ က ဆရာမကြီးကို အတိအကျပြောပြနေ၏။
    “မင်းတို့ကျောင်းတက်ချိန်မှာ ကျောင်းမတက်ဘဲ ဘာလုပ်နေကြတာလဲဟင်”
    ဆရာမကြီး ဒေါသဖြစ်နေပြီ
“ဆရာတော်ခိုင်းထားလို့ပါဆရာမကြီး.......”
    ကျန်လေးယောက်က ပြိုင်တူဖြေလိုက်၍ မောင်ငြိမ်းချမ်းပင် ဖြေခွင့်မရလိုက်။

    “ဘာ ခိုင်းတာလဲ.....”
    ဆရာမကြီးပြန်မေးတော့ သူတို့ဘာဖြေရမှန်းမသိ။
    “ပြောလေ ဘာခိုင်းတာလဲ...”
    ဆရာမကြီး ထပ်မေးတော့ လေသံကမာသည်။
    လေးယောက်လုံးမဖြေနိုင်။

“မင်းတို့ကို ကစားခိုင်းတာလား.....ဟင်”
ဘာမှမဖြေကြ၊
    “ကဲ....လာစမ်း” ကျောင်းတက်ချိန်ကစားတာက တစ်ပြစ် ညာတာကတစ်ပြစ်....
    လေးယောက်လုံးကို ဆရာမကြီးက သူ့စာပွဲပေါ်မှာ အသက့်ရှိနေသော ကြိမ်လုံးနှင့် နှစ်ချက်စီရိုက်သည်။
    အရိုက်ခံပြီး သူများ ဖင်ပွတ်ထွက်သွားကြသည်။ အတော်နာပုံရသည်။
    “မင်းကရော.....”
    ဆရာမကြီးက မောင်ငြိမ်းချမ်းကိုမေးသည်။

    “ဆရာတော် ခိုင်းထားလို့ပါ”
    “လာပြန်ပြီလား တစ်ယောက်....ဟင်. ဆရာတော်က မင်းကျောင်းတက်ချိန်မှာ ဒန်းစီး ခိုင်းထား တာလား”
    မဟုတ်ပါဘူး ဆရာမကြီး.....။ ဧည့်သည်လာမှာမို့ ကစားကွင်းနေရာကစောင့်ကြည့်ခိုင်း ထားလို့ပါ။ ဧည့်သည် လာရင် ဆရာတော်ကို သွားခေါ်ပေးရမှာပါ....
    မောင်ငြိမ်းချမ်း အတိအကျဖြေလိုက်၍ ဆရာမကြီး စဉ်းစားသွားသည်။
    “ဆရာတော် က ဘယ်မှာလဲ....”
    ဆရာမကြီး မောင်ငြိမ်းချမ်းကို ထပ်မေးသည်။

    “နှစ်ထပ်ဆောင်အမိုး မိုးနေတဲ့နေရာမှာပါ....”
    “ကဲ..သွားပြီး ဆရာတော် ကို မေးစမ်း.....”
ရုံးအကူ ထွက်သွားသည်။ မောင်ငြိမ်းချမ်းအရိုက်ခံရမှာ ကြောက်၍ ရွာကျောင်းမှာတုန်းက ညနေတိုင်း ဘုရားကန်တော့ ရာတွင် ရွတ်ဆိုရသည့်  ဘုရားစာများကို စိတ်ထဲမှ ရွတ်နေသည်။
    ခဏအကြာတွင် ရုံးအကူပြန်ရောက်လာသည်။ ဆရာတော်က ခိုင်းထားသည်မှာ မှန်ကြောင်း ပြန်ပြော လိုက်သည်။ မောင်ငြိမ်းချမ်း ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။
    “မင်းသွားနိုင်ပြီ။ ဆရာတော်ခိုင်းတာ စောင့်ပေးလိုက်အုံး....”
    ဆရာမကြီးက သွားခွင့်ပြုလိုက်သည်။

ဆရာတော် ပေးသောတာ၀န်ကို လိုလားစွာထမ်းဆောင်ရန် မောင်ငြိမ်းချမ်း ဒန်းစင်ရှိရာသို့ ပြန်လာခဲ့ပါ၏။

ပညာသင် ရန် ထမင်းစားပါသည်

    မိဘမဲ့ကျောင်းသားများသည် မိဘမဲ့ ကျောင်းမှာနေရာတွင် အရွယ်ရသည့်အလိုက် ကိုယ်လုပ်နိုင်သော လုပ်ငန်း တာ၀န်များကို ထမ်းဆောင်ကြရသည်။     
    ကျောင်းသားကြီးများဖြစ်သော မောင်ညွန့်၊ ကိုခင်အောင်၊ ကိုမြသန်း၊ ကိုသန်းဘို တို့က ချက်ပြုတ်ရေး တာ၀န်ထမ်းဆောင်ရသည်။
    မောင်ငြိမ်းချမ်း က တောသားဖြစ်၍ သစ်ပင်တက်ကျွမ်းသည်။ မနက်စောစော ကိုခင်အောင် စက်ဘီးနှင့် စျေး၀ယ် ထွက်လျှင် လိုက်သွားရသည်ချည်းပင်။ ကိုခင်အောင်က မောင်ငြိမ်းချမ်း ကို မန္တလေး တောင်ခြေ မှာ မကျည်းပင်များရှိရာတွင် ချထားခဲ့သည်။

မောင်ငြိမ်းချမ်းက မန်ကျည်းရွက်နုခူးရသည်။ ရွာမှာနေစဉ်ကတည်းက မောင်ငြိမ်းချမ်း လုပ်နေကျအလုပ်။ သစ်ပင်တက်လည်း ကျွမ်းသည် မန်ကျည်းရွက်ခူးလည်း ကျွမ်းသည်။ ကိုခင်အောင် စျေး၀ယ်ပြီး၍ တောင်ခြေ သို့ ပြန်ရောက်လာချိန်တွင် မောင်ငြိမ်းချမ်း မန်ကျည်းပင် ပေါ်မှဆင်းသည်။ မန်ကျည်းရွက် လွယ်အိတ် တစ်လုံးရပြီ၊ အားလုံးစားလောက်သည်။ မန်ကျည်းရွက် နုချိန်မှာ မောင်ငြိမ်းချမ်း နေ့စဉ် မန်ကျည်း ရွက် ခူးရသည်။ မိဘမဲ့ကျောင်းသားအားလုံးစားရ သည့်ဟင်းတစ်ခွက်မှာ မန်ကျည်းရွက် စပ်ချည်ဟင်း ဖြစ်သည်။
    ညနေကျလျှင် ဘော်ဒါဆောင်ကျောင်း၀င်းအတွင်းမှာ မြက်ပေါက်သင်ရသည်။ စိုက်ခင်းများ တွင် ဟင်းနုနယ် ပင်များကို ရေလောင်းပေါင်းသင်လုပ်ရသည်။  ကျုံးအသစ်များဖော်၍ အပင်သစ်များ တိုးချဲ့ စိုက်ပျိုး ရသည်။

    မိဘမဲ့ ကျောင်းသားများညနေပိုင်းစားရသော ဟင်းတစ်ခွက်မှာ ဟင်းနုနယ်ရွက်ဟင်း ချိုဖြစ်သည်။
    မနက်ပိုင်းတွင် ဘော်ဒါကျောင်း၏ ကြမ်းပြင်များကို ပြောင်လက်နေအောင်တိုက်ရသည်။ ကျောင်းသား နှစ်ယောက် က ကိုရင်လေးနှစ်ပါး နှင့် အတူ ဆွမ်းခံထွက်ရသည်။ ချိုင့်ဆွဲရသည်။ ဆွမ်းခံထွက်ရာမှ ရသော ဆွမ်း နှင့် ဆွမ်းဟင်း သည် ဆရာတော် ဘုဉ်းပေးရန်ဖြစ်သည်။
    မိဘမဲ့ ကျောင်းသားအားလုံး လုပ်ငန်းတာ၀န်ခွဲဝေထမ်းဆောင်ရသည်။ စားရသည့်ထမင်း ဟင်းမှာ အများစာ ဖြစ်၍ မကောင်းလှပါ။ ချက်ပြုတ်သည်မှာလည်းအချက်အပြုတ် ကျွမ်းကျင် သူများမဟုတ်ကြ။ ကျောင်းသား များသာ ဖြစ်သည်။

    နေ့စဉ်စားရသည်မှာ မျန်ကျည်းရွက်စပ်ချည်ဟင်းနှင့် ဟင်းနုနယ်ရွက် ဟင်းချို ဖြစ်သည်။ ဆရာတော် အောက်ပြည် အောက်ရွာမှ အလှူခံလာသည့် ငါးပိများမှာ နံနံစော်စော်ရှိလှသော် လည်း မန်ကျည်းရွက် စပ်ချည်ဟင်း နှင့် ဟင်းနုနယ်ရွက် ဟင်းချိုချက်ရာမှာတော့ ဒိုင်ခံပါ၀င်သော အဓိကဇာတ်လိုက်များဖြစ်သည်။
    တစ်ခါတရံ အားလူးရေကျဲဟင်းစားရလျှင် မောင်ငြိမ်းချမ်းတို့အားလုံး အလွန်၀မ်းသာကြ သည်။ အာလူး ရေကျဲဟင်း မှာ မောင်ငြိမ်းချမ်းတို့အကြိုက်ဆုံးအသည်းစွဲဟင်းဖြစ်သည်။ အာလူးကို အခွံမပြောင် တပြောင်သပ်၍ အတုံးကလေးများလှီးပြီး ဆီပါသည်ဆို၍မျှနှင့် နူးအိနေအောင်ချက် ထားသည်။ အရည် ကလေး ကျဲကျဲမို့ ဆမ်းစားလူးစား၍ ကေင်းပါသည်။

    မနက်ပိုင်းတွင် ကျေင်းမတက်ခင် ထမင်းစားရသည်။ ညနေပိုင်းတွင် (၆)နာရီခန့်မှာ စားရသည်။ ထမင်း မစားမီ သံချောင်းခေါက်သည်။ ကျောင်းသားကြီးများမှ ချက်ပြုတ်ရာတွင် တာ၀န်ယူရသလို ပန်းကန်ဆေး ပန်းကန်ချ၊ ထမင်းထည့်ဟင်းလိုက် စသည့်လုပ်ငန်းများအားလုံး ကိုလည်းတာ၀န်ယူ ဆောင်ရွက် ကြရ သည်။
    ထမင်းစား စာပွဲအရှည်ကြီးမှာ ထမင်းဟင်းများခူးခပ်ပြီးသည်နှင့် မစားမီ ကျောင်းသားအား လုံးမတ်တပ် ရပ်ကြရသည်။
    ကျောင်းသားကြီး တစ်ယောက်က သရက်ပင်မှာ ချိတ်ဆွဲထားသော သံချောင်းကိုခေါက် သည်။ ပြီးသည် နှင့် ကျောင်းသားအားလုံးမတ်တပ်ရပ် ကြသည်။
    “ပညာသင်ရန် ထမင်းစားပါသည်”
    “ပညာသင်ရန် ထမင်းစားပါသည်”
    “ပညာသင်ရန် ထမင်းစားပါသည်”

သံပြိုင်ညီညာ သုံးကြိမ်ဆိုကြရသည်။ ဆရာတော်ဦးပ၀ရ အလှူခံ၍ စေတနာရှင်လှူဒါန်းသော ထမင်းဟင်း တို့ကို စားသည်မှာ ပညာသင်ရန်အတွက်ဖြစ်ကြောင်း ခံယူချက်ရှိရန်ဖြစ်သည်။ ပညာကိုကောင်းစွာသင်ယူ ကြရန် အသိပေးသတိပေးခြင်းဖြစ်ပါသည်။
    ပထမဆုံးနေ့တွင် “ပညာသင်ရန် ထမင်းစားပါသည်” သံပြိုင်အော်ဟစ်အပြီးမှာ မောင်ငြိမ်း ချမ်း ထမင်းစားမည် ပြုစဉ် မောင်ငြိမ်းချမ်းဘေးမှ မောင်မောင်လေးသည် ထမင်းမစားသေးဘဲ ထမင်းဆုပ် ကလေး နှစ်ခုလုပ်ပြီး ထမင်းဆုပ်ပေါ်မှာ အာလူးရေကျဲဟင်းကို နည်းနည်းစီဆမ်းနေ သည်။

 “ဘာလုပ်တာလဲ...” ဟုမေးကြည့်ရာ အဖေနှင့်အမေကို ဦးချခြင်းဖြစ်ကြောင်း ပြောသည်။
မောင်မောင်လေးကို အတုယူ၍ ထမင်းဆုပ်သေးသေးလေး (၅)ခုလုပ်လိုက်သည်။ အဖေကြီး၊ အမေကြီး၊ အဖေ၊ အမေနှင့်၊ ဦးလေးအတွက်ထမင်းဆုပ်ကလေးများ ပေါ်မှ အာလူးရေကျဲ ဟင်းနည်းနည်းစီ ဆမ်း လိုက်သည်။ ပြီးမှ ထမင်းစ၍စားပါသည်။ နောက်ဆုံးကျမ အရိုအသေဦးချထားသာ ထမင်းဆုပ် ကလေး များကို စားပစ်လိုက်ပါသည်။
အပိုင်း (၆)

ပျော်ပျော်ပါးပါးဆော့ကစား

မောင်ငြိမ်းချမ်း သည် ကလေးပီပီ အဆော့ကစားအလွန်မက်၏။ ရွာမှနေစဉ်က အဖေကြီး၏ ခြံထဲမှာ လွတ်လပ်စွာ ဆော့ကစားခဲ့ရသည်။ မိဘမဲ့ကျေင်းရောက်နေသော်လည်း ရွာမှ ကစားဖော် များကို အမြဲ သတိရ နေသည်။    
မိဘမဲ့ကျောင်းရောက်စမှာတော့ ငိုချည့်နေရ၍ ကစားချင်စိတ်မရှိ။ ကစားဖော်ကျောင်းသား ကလည်း နည်းသေးသည်။ ကျောင်းဖွင့်ရက်ရောက်သော် ဘော်ဒါဆောင်မှ ကျောင်းသားများစုံပြီ၊ ကျောင်းတက်ချိန်၊ အလုပ် လုပ်ချိန်၊ စာကျက်ချိန် စနစ်တကျရှိသကဲ့သို့ ကစားချိန်၊ အားလပ်ချိန် များကိုလည်း ဆရာတော်က သတ်မှတ် ပေးထားပါသည်။

ညနေ ကျောင်းဆင်းပြီးချိန်မှာ မြက်ပေါက်၊ စိုက်ခင်းပေါင်းသင် ရေလောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ပြီးလျှင် ဘောလုံးကွင်းမှာ ဘောလုံးကစားနိုင်သည်။ မောင်ငြိမ်းချမ်းတို့ မိဘမဲ့ ဘော်ဒါဆောင် မှ ကိုခင်အောင် မှာ ဘောလုံးအလွန်ကောင်း၍ ကျောင်းလက်ရွေးစင်ဖြစ်သည်။ ဘောလုံးကစားရသည်က ရွာမှာလို ဖြစ်ကတတ်ဆန်း ခြောက်ယောက်၊ ခုနှစ်ယောက်မဟုတ်။ တစ်ဘက် (11)ယောက်စီ လူအပြည့်နှင့် ဒိုင်လူကြီး နှင့် စနစ်တကျဖြစ်သည်။ မောင်ငြိမ်းချမ်း သဘောကျသည်။

ဘောလုံးကန်ပြီးလျှင်လည်း ကျောင်းဘေးမှာ ကွေ့ဝိုက်စီးဆင်းနေသော ရေနီမြောင်းတွင် ရေချိုး၊ ဂျွမ်းထိုး၊ ရေကူး ဆော့ကစားကြသည်။ ကျေင်းမှာချိုးလိုလျှင်လည်း ရေတွင်းရေကန် ရှိပါသည်။
ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေမှာတော့ သန့်ရှင်းရေး၊ စိုက်ပျိုးရေးလုပ်ပြီးသည်နှင့် ဘော်ဒါဆောင် ဘေးမှာ ညောင်ပင်များပေါ်မှာ စိန်လိုက်တမ်း ကစားရသည်ကို မောင်ငြိမ်းချမ်း အလွန်သဘောကျသည်။ ညောင်ကိုင်း များမှာ ရှည်လျားစွာကိုင်းညွတ်၍ တစ်ပင်နှင်းတစ်ပင် ကိုင်းချင်းယှက်နေသည်။ ကိုင်းများ ပေါ်မှာ တစ်ကိုင်းမှတစ်ကိုင်း တစ်ပင်မှတစ်တစ် ကူးသွားနိုင်ပါ သည်။

 လိုက်သူက ကမ်းမိလျှင် ရှုံးပါသည်။ အောက်မှမြေကြီးပေါ်သို့ဆင်းလျှင်လည်း ရှုံးပါသည်။ ညောင်ကိုင်း များမှ မြေပြင်နှင့်နီးကပ်စွာ ကိုင်းညွတ်နေသောကြောင့် အန္တရာယ်မရှိပါ။ မြင့်သောကိုင်း များကို တက် သွားမိလျှင် ကူးစရာမရှိ၍ အမိခံရတတ်ပါသည်။ တောသားဖြစ်၍ သစ်ပင်တက်ကျွမ်း သော မောင်ငြိမ်းချမ်း အတွက် အလွန်ပျော်စရာကောင်းသော ကစားနည်းဖြစ်သည်။
မောင်ငြိမ်းချမ်း တို့ ငယ်သောကလေးများမှာ ဂျင်ပေါက်ခြင်းနှင့် ကျောက်ဒိုးရိုက်ခြင်းကို လည်း ကစားကြပါသည်။
စနေ၊ တနင်္ဂနွေ ကျောင်းပတ်ရက်များတွင် ကျောင်းသားကြီးများနှင့် အတူ မြို့ထဲသွားခွင့် ရသည်။ ဗထူး ကွင်း သို့သွား၍ ဘောလုံးပွဲကြည့်နိုင်သည်။ သွားရသည်ကတော့ ခြေကျင်ဖြစ် သည်။ မြင်းဆွဲ ရထားလုံး များတွင် မောင်းသူမသိအောင် နောက်ဘက်မှ ခိုကပ်စီးရသည်က ပျော်စရာ။ 
    
ရတားလုံးမောင်းသူသည် ခေါင်မိုးပေါ်တွင် ထိုင်မောင်း၍ စီးသူက ရထားလုံးအတွင်းမှ ထိုင်ခုံတွင် ထိုင်စီး ရသည်။ ရထားလုံး၏ နောက်ဘက်တွင် ကလေးတစ်ယောက် ခိုကပ်စီးနင်းလိုက် ပါလျှင်မသိနိုင်ပါ။ သိ လျှင်တော့ ကြာပွတ်ရှည်နှင့်လှမ်းရိုက်ပါသည်။ ထိလျှင် အလွန်နာပါသည်။ နောက်မှခုန်တက်ရာတွင် မညင်သာ လျှင် မောင်းသူသိပါသည်။ ပါးနပ်လိမ်မာစွာ အတက်ညင်သာ လျှင် မောင်းသူမသိပါ။ ခရီးအဝေးကြီး အထိ ပိုက်ဆံမကုန် အရိုက်မခံရဘဲ လိုက်ပါခွင့်ရလျှင် ပျော် စရာကောင်းပါသည်။ ကိုယ် ဆင်းချင်သည့် နေရာရောက်မှ အသာကလေးဆင်းကျန်ရစ်ပါသည်။
မောင်ငြိမ်းချမ်း တို့ မိဘမဲ့ကျောင်းသားများအတွက် ဆော့ကစားနည်းတစ်မျိုးပင်ဖြစ် ပါသည်။
   

မယုံနိုင်ဖွယ်ကြောက်စရာမြင်ကွင်း

မိဘမဲ့ကျောင်းဘော်ဒါဆောင်သို့ မောင်ငြိမ်းချမ်းရောက်သည်မှာ တစ်လခန့်ရှိသွားပြီ။ နေထိုင်ရသည် မှာ လည်း အစစအရာရာ နေသားတကျရှိသွားပါပြီ။
တစ်ရက် တွင် မောင်ငြိမ်းချမ်း အိပ်ရာမှ စောစောနိုး၍ မျက်နှာသစ်ရန် အများသုံးမျက်နှာ သစ် ရေကန်ရှိရာ သို့ သွားပါသည်။
ဘော်ဒါဆောင် အပေါ်ထပ်မှာ အာဂန္တု(ဧည့်သည်) အဖြစ်ရောက်ရှိနေထိုင်သော ဘုန်းကြီး အိုကြီး ကို တွေ့ရပါသည်။ ဆေးကုရန် ရောက်နေခြင်းဖြစ်သည်။ အရက် (၂၀)ခန့်ရှိပြီ။ ဘုန်းကြီးအိုကြီး က ရေကန် ဘေးမှာ ထိုင်၍ သွားတိုက်နေသည်။

“ဟင်....အမယ်လေး....ကြောက်စရာကြီး”
မောင်ငြိမ်းချမ်း၏ လှမ်းနေသော ခြေထောက်ရပ်သွားသည်။ သွားတိုက်နေပုံက ထူးဆန်း လွန်းသည်။ မောင်ငြိမ်းချမ်း ဤသွားတိုက်ပုံမျိုးတစ်ခါမျှမမြင်ဘူးပါ။ ပါးစပ်ထဲမှသွားကို သွားပွတ်တံ နှင့်တိုက်နေခြင်း မဟုတ်။ သွားများကိုခွေလိုက်ချွတ်၍ လက်ထဲမှာကိုင်ထားပြီး သွားပွတ်တံနှင့် တိုက်နေခြင်းဖြစ်သည်။
ဘုန်းတော်ကြီးက ရေပါချိုးမည်ဖြစ်ဟန်တူပါသည်။ အောက်ပိုင်းတွင် သင်ပိုင်၀တ်ထား သော်လည်း အပေါ်ပိုင်း မှာ သင်္ကန်မရှိပါ။ ပိန်လည်းအလွန်ပိန်၍ နံရိုးအပြိုင်းပြိုင်းဖြစ် နေသည်။ ဘုန်းတော်ကြီး၏ ပကတိ ပုံကပင်ကြောက်စရာကောင်းနေသည်။ လက်ထဲမှာ သွားခွေကြီးကိုင်ပြီး သွားပွတ်တံနှင့်တိုက် နေသောအခါ မောင်ငြိမ်းချမ်းမှာ မမြင်ဘူးသော အထူးအဆန်းလည်းဖြစ်၍ ရှေ့ဆက်မတိုးဝံ့တော့ပါ။ ကြောက်ရွံ့ အံ့သြစွာကြည့်ရင်း နောက်သို့တဖြည်းဖြည်းဆုတ်လာမိသည်။

ရွာမှာနေခဲ့စဉ်က ညအခါများတွင် စပါးတလင်းထဲမှ ကောက်ပြန်ပေါ်မှ သရဲသစ္ဆေ၊ စုံးကဝေ ပုံပြင်များ ကြားခဲ့ရသည်။ ပုံပြင်တစ်ခုတွင် စုံးမကြီးသည် သူ၏ဦးခေါင်းခွံကို ချွတ်ခွာ၍ ခေါင်းပေါ်မှသန်းများကို ရှာနေကြောင်း ကြားရစဉ်က လွန်စွာကြောက်ခဲ့သည်။ ယခုမြင်ရသည်က လည်း ထိုပုံနှင့်တူနေသည်။ သွားများ ကို ခွေလိုက်ချွတ်ပြီးသွားတိုက်နေခြင်း ဖြစ်သည်
မောင်ငြိမ်းချမ်းမျက်နှာမသစ်ဝံ့တော့ပါ။ ရွာပြန်ရောက်လျှင် ညမှောင်မှာ ကြောက်စရာပုံပြင် များပြောကြသည့်အခါ ကိုယ်တွေ့မျက်မြင်ဖြစ်၍ ဤမြင်ကွင်းကို ပြန်ပြောမည်ဟုလည်း မှတ်ထား လိုက် သည်။

သို့သော် မောင်ငြိမ်းချမ်းနောက်ကြောင်း ပြန်လှည့်သောအခါ သူ့နောက်မှနိုးလာသူများ မျက်နှာသစ်ရန်၊ ရေချိုး ရန် ရေကန်ဆီသို့သွားနေကြသည်။ မောင်ငြိမ်းချမ်းတစ်နေရာမှ ရပ်စောင့် ကြည့်သည်။ ဘာမျှ ပြဿနာမရှိကြ။ ဘုန်းကြီးအိုကြီး နှင့် အတူ မျက်နှာသစ်ကြ၊ ရေချိုးကြသည်။ မောင်ငြိမ်းချမ်းကတော့ ဘုန်းကြီးအိုကြီး မရှိတော့မှ ရေကန်သို့ပြန်သွားရ၏။
ဆရာဦးစံလှိုင်နှင့်တွေ့မှ ပြောပြသောအခါ ဆရာဦးစံလှိုင်အားပါးတရ ရယ်ပါသည်။ ပြီးမှ အံကပ် သွားတု ဖြစ်ကြောင်း မောင်ငြိမ်းချမ်းကို ရှင်းပြသည်။ ထိုအခါကျမှ အံကပ်သွားတုရှိကြောင်း မောင်ငြိမ်းချမ်း နားလည် ရသည်။ ဘုန်းကြီးအိုကြီးကို မသင့်မလျော်ထင်မိသည့်အတွက်လည်း စိတ်မကောင်း ဖြစ်ရသည်။ ကြောက်သော စိတ် များ ပြေပျောက်သွားပါပြီ အံ့သြစရာ အထူးအဆန်း အတွေ့အကြုံဖြစ်ပါ၏။

အရိုက်ခံရ မှာ ကြောက်ပါသည်

မောင်ငြိမ်းချမ်းအရိုက်ခံရမှာ အလွန်ကြောက်သည်။ အသားအနာခံရမှာ ကြောက်သည်ထက် အပြစ် ပေး ခံရမှာကို ကြောက်ခြင်းဖြစ်၏။ အပြစ်ရှိသူ အပြစ် ကျူးလွန်သူ မဖြစ်ချင်။ ထို့ကြောင့် အပြစ်ကင်းအောင် သတိထားနေသည်။ အဖေကြီးကျောင်းမှာ နေစဉ်ကလည်း အဖေကြီးရိုက်သည် ကိုမခံခဲ့ရ။ အလွန် အရိုက်ကြမ်း သော ရွာဦးဘုန်းကြီးကျောင်းမှာ နေခဲ့စဉ်ကလည်း ဘုန်းကြီး ရိုက် သည်ကိုမခံခဲ့ရ။
ယခု မိဘမဲ့ ကျောင်း မှာလည်း အပြစ်ကင်းအောင် အကောင်းဆုံးနေသည်။ စာကြိုးစားသည်။ မိဘမဲ့ ကျောင်းတွင် ဆရာတော် ဦးပ၀ရသည် ကလေးများနှင့် ရင်းနှီးချစ်ခင်စွာ နေလေ့မရှိသော် လည်း လုံး၀ မရိုက်တတ်။ အပြစ်ရှိလျှင် ဆူဆူပူပူ ပြောသည်နှင့်သာပြီး၏။

လက်ထောက်ဦးဇင်းနှစ်ပါးရှိသည်။ သူတို့က မထင်လျှင် မထင်သလိုရိုက်တတ်သည်။ သူတို့ စိတ်ကျေနပ် နေလျှင် အတော်ကြီးသော အပြစ်ကိုပင်ဘာမျှ မပြောဘဲခွင့်လွှတ်သည်။ သူတို့မကျေနပ်လျှင်တော့ မကြီးသော အပြစ်နှင့်လည်း ရိုက်ချင်ရိုက်သည်။ ထို့ကြောင့် ထိုဆရာ တော်နှစ်ပါးကို မောင်ငြိမ်းချမ်း ပို၍ သတိထား သည်။
စနေတစ်ရက်တွင် မိုးကသည်းသည်းမဲမဲရွာနေသည်။ ကျောင်းပိတ်သောရက်မို့ ဘော်ဒါ ကျောင်းသားများ မိုးရွာ ထဲမှာ ဘောလုံးကန်ရန်ထွက် သွားကြသည်။ ဦးဇင်းနှစ်ပါးမြင်ပါသည်။ သိပါသည်။ ထားမြစ်ခြင်းမရှိ။

    ကြီးသူရောငယ်သူများပါ အားလုံးပါ၀င်ကစားကြသည်။ မောင်ငြိမ်းချမ်းလည်း ဘောလုံး ကန်ချင်ပါသည်။ မိုးရွားထဲမှာ ကစားရမည်ကိုလည်း သဘောကျသည်။ သို့သော်ဦးဇင်းနှစ်ပါးကို ခွင့်တောင်းပြီးမှ ခွင့်ပြုချက်အရ ကစားကြသည်တော့မဟုတ်။ အပြစ်မမြင်လျှင်ကိစ္စမရှိ။ အပြစ်ဟုထင်လျှင်တော့ ရိုက်ချင်ရိုက်မည်။
    ဘောလုံးကွင်းထဲမှာဘောလုံးကစားကြသော ကျောင်းသားများ၏ ဆူညံသံသည် မိုးထဲလေထဲမှာပင် ကြားနေရ၏။ မောင်ငြိမ်းချမ်း ဘောလုံးကျင်းဆီသို့ ပြေးသွားပြီး ကစားချင် စိတ်ဖြစ်လာသည်။ ဘော်ဒါဆောင် မှာ ခြေထောက်နာနေသော ကိုရင်သြဘာနှင့်သူသာ ကျန်ရစ်သည်။

    “ဆရာ ကျွန်တော် သွားကစားချင်တယ်....”
    “ဆရာဦးစံလှိုင်ကို ခွင့်တောင်းသောသဘောနှင့် ပြောမိသည်”
    “မသွားပါနဲ့ကွာ... ဦးဇင်းတွေမျက်စိနောက်ရင် ခေါ်ရိုက်နေပါ့မယ်”
    “မရိုက်ပါဘူး.... ဦးဇင်းနှစ်ပါးလုံး သိတာပဲ ဘာမှမပြောပါဘူး...”
    မောင်ငြိမ်းချမ်းသွားချင်နေသည်။
    “မရိုက်လဲ မိုးမိပြီးဖျားရင် ကျောင်းပျက်မှာပေါ့ကွာ...”
ဆရာမ မသွားစေချင်။ မောင်ငြိမ်းချမ်း မသွားတော့ပါ။ စာကျက်နေလိုက်သည်။

ဘောလုံးကစားသူများမှာ အတော်ပျော်ပုံရပါသည်။ တစ်နာရီကျော်အောင်ကြာသွား သည်။ ဘောလုံး ကစားအပြီး မှာ ကျောင်း၀င်းခြံဘေးမှာ ရှိစိမ့်အိုင်ထဲတွင် ရေချိုးကြသည်။ ပိုကဲသူများက စိမ့်အိုင်ပေါ်မှာ အုပ်မိုးလျက် ရှိသော ကုက္ကိုပင်ပေါ်တက်၍ ရေအိုင်ထဲသို့ ခုန်ချနေသည်။ ဆူညံသော အားပေးသံများ လက်ခုပ် တီးသံများနှင့် အပျော်ကြီး ပျော်နေကြသည်။
ဆူလွန်းသော အသံများကြောင့် ဦးဇင်းအကြီးက ဘော်ဒါဆောင် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ သစ်ပင်ပေါ် မှ ခုန်ချနေကြသည်များကို တွေ့လိုက်ရသည်။

    “ဟင်... ဟိုကောင်တွေကြည့်စမ်း။ အောက်မှာသစ်ငုတ်၊ သစ်မြစ်နဲကထိရင် သေအုံးမယ်.. ပြီ..တော့လဲ မိုးရွာကြီး ထဲမှာကြာလှပြီ။ အအေးမိကုန်တော့မယ်....။ ကိုရင်သြဘာ သွားခေါ်စမ်း..”
    ခြေထောက်နာနေသော ကိုရင်က သွားခေါ်ရသည်။ တော်တော်နှင့်ရောက်မလာကြ။ ရောက်လာ ပြန် တော့လည်း ဆူညံနေသည်။ ဦးဇင်းပို၍ စိတ်ဆိုးသွားသည်။
    “မိုးရွာထဲ ထွက်ကစားတဲ့ကောင်တွေ အားလုံးလာခဲ့.... ဒီမှာတန်းစီကြစမ်း....”
    ဦးဇင်း ဒေါသဖြစ်နေပြီဟု အားလုံးသိသွားကြသည်။ အ၀တ်အစား အမြန်လဲပြီး ဦးဇင်းရှေ့မှာ တန်းစီ ထိုင်ကြသည်။

    ဦဇင်းက ဘာမျှစစ်ဆေးမေးမြန်းခြင်းမရှိ၊ မိုးရွာထဲမှာ ဘောလုံးကန်သူအားလုံး တစ်ယောက် နှစ်ချက်စီရိုက်သည်။ ရိုက်ပုံက ဒေါသပါ၍ အားလုံးကျောကော့သွားကြသည်။
    အရိုက်ခံရမှာကြောက်သော မောင်ငြိမ်းချမ်း ဘောလုံးမကန်၍ အရိုက်မခံရ။
အရိုက်ခံရသော သူငယ်ချင်းများ၏ကျောပြင်မှ နီရဲနေသော အရှိုးရာကြီးများကို ကြည့်ပြီး မောင်ငြိမ်းချမ်း စိတ်မကောင်း ဖြစ်ရသည်။    
    “တော်သေးတာပေါ့ကွာ... မင်းသူများပျော်တဲ့အချိန်မှာ မပျော်ဘဲနေလိုက်တာမှန် သွားတယ်...”
    သို့သော်....
    နောက်တစ်ပတ်ကြာသောအခါ မောင်ငြိမ်းချမ်း အပြစ်ဟုမထင်မိသော အပြစ်ကြီးတစ်ခုကို အမှတ်မထင် ကျူးလွန် လိုက်မိသည်။

မောင်ငြိမ်းချမ်းကို အေဘီဒီလေးမျိုးသင်ပေးခဲ့သော ဦးဇင်း၏ ကုတင်ဘေးမှစားပွဲပေါ်မှာ သင်ဓုန်းဓား ကို တွေ့သည်။ ဦးဇင်းမရှိ၊ မြို့ထဲသွားနေသည်။
သင်ဓုန်ဓား ၏ အသွားကို ထက်မထက်သိချင်၍ ထုတ်ကြည့်သည် ပါးပါးလျားလျား အရောင်က ဖွေးဖွေးလက် နေသည်။ အလွန်ထက်မည့်ပုံ။ လက်နှင့်စမ်းကြည့်ချင်သည်။ မစမ်းရဲ။ ရွာမှ အိမ်တွင် အဖေကြီး ၏ မောင်းချဓားကို ပြတ်မပြတ်သိချင်၍ လက်မနှင့်ဖိစမ်းကြည့်သောကြောင့် လက်မထက်ခြမ်း ကွဲပြီး သွေး အများကြီးထွက်ဖူးသည်။

လက်မှ ဒဏ်ရာပျောက်သောအခါ၊ အဖေကြီးမောင်းချဓားကို နောက်တစ်ခါထပ်ဖွင့်ကြည့် သည်။ စမ်း မကြည့်ဝံ့ တော့ပါ။ ခြေသလုံးအမွှေးလေးများကို ရိပ်ကြည့်သည်။ ခြေသလုံးမွှေးများ ပြတ်ကျသွားသည်။ အတော် ထက်သော အဖေကြီး၏မောင်းချဓား ယခုတွေ့နေရသော သင်ဓုန်းဓားကို အဖေကြီး၏ မောင်းချဓား လောက် ထက်မထက်သိချင် သည်။ သို့သော် လက်ဖြင့်စမ်းမကြည့်ဝံ့။ သင်ဓုန်းဓားဖြင့် ခြေသလုံးမွှေး ကိုရိပ်ကြည့်သည်။ ထိရုံလေး နှင့်ခြေသလုံးမွှေး ပြတ်ကျသွားသည်။ အလွန် ကောင်းသည့်ဓား။ အဖေကြီး ၏ မောင်းချ ဓားထက်ပိုထက်သည်။ သင်ဓုန်ဓားကို ချက်ချင်းပြန်ပိတ်ပြီး နေရာ တကျ ပြန်ထားလိုက်သည်။ တကယ်ကို ခဏလေးဖြစ်၏။ သို့သော် ဦးဇင်း၏တူ ကိုရင်နန္ဒ မြင်သွားခဲ့သည်။

ညနေဦးဇင်းကျောင်းပြန်ရောက်ပြီး မကြာမီမှာပင် မောင်ငြိမ်းချမ်းကိုခေါ်သည်။ ခေါ်ပုံက ဒေါသနှင့်။
“ဟေ့ကောင် ....မင်းငါ့သင်ဓုန်ဓားနဲ့ ခြေသလုံးမွှေးရိတ်တယ်ဆိုတာ ဟုတ်သလား”
မောင်ငြိမ်းချမ်း ဘာပြောရမှန်းမသိ။ လိမ်ညာ၍လည်း မပြောဝံ့။

“ဟင် ....မိုက်ရိုင်းတဲ့ကောင်... ငါခေါင်းရိတ်တဲ့ဓားနဲ့ မင်းကခြေသလုံးမွှေးရိတ်တယ်ပေါ့”
    မောင်ငြိမ်းချမ်း ကြောက်ရွံ့စွာနှင့် နှုတ်ပိတ်လျက်
    “မင်းမှာ အပြစ်ရှိလား မရှိဘူးလားပြောစမ်း..”
    “ရှိပါတယ်”
    မောင်ငြိမ်းချမ်း ၀န်ခံလိုက်သည်။

ဦးဇင်းက ကုတင်အောက်မှကြိမ်လုံးကို ဆွဲထုတ်လိုက်သည်။ အင်္ဂလိပ်စာ အေဘီစီလေးမျိုး သင်ကြားစဉ်က အရိုက်မခံ ခဲ့ရသောကြိမ်လုံးနှင့် ယခုမိတ်ဆက်ရတော့မည်။ ကြိမ်လုံးက တုတ်လည်းတုတ်၍ ရှည်လည်း ရှည်သည်။
    “ဟိုဘက်လှည့်စမ်း....”
မောင်ငြိမ်းချမ်း လှည့်ပေးလိုက်ရသည်။

    “မိုက်ရိုင်းအုံးကွာ...”    
    ဖျောင်း
မောင်ငြိမ်းချမ်းကျောကော့သွား၏။
    “လုပ်အုံးကွာ”
    ဖျောင်း
“နောက်လုပ်အုံးမလား”
ဖျောင်း
“သွား...”
မောင်ငြိမ်းချမ်း၏ကျော၊ ပေါင်နှင့် ခြေသလုံးတို့မှာ ပြင်းထန်သော ဝေဒနာများ ခံစားလိုက်ရ သည်။

ရိုက်ပြီးသည်အထိ အရိုက်ခံထိသော နေရာများမှာ ပူပူလောင်လောင်နှင့် တဖျဉ်းဖျဉ်းနာ ကျင်နေသည်။ မောင်ငြိမ်းချမ်း တစ်ကိုယ်လုံး တုန်နေသည်။ ဦးဇင်းနှင့် ဝေးရာသို့ မနည်းလျှောက် လှမ်း၍ ထွက်လာ ခဲ့ သည် အမေကြီးအ၀တ်ထည့်ပေးလိုက်သော ဖာကလေး ဘေးသို့ ရောက်အောင်သွားလိုက်သည်။ အမေကြီး အနား ရောက်သွားသလို။
ဖာကလေးဘေးမှာထိုင်လိုက်သည်။ အမေကြီးဘေးမှာ ထိုင်ရသလို အရိုက်ခံထိထား သောပေါင်နှင့် ခြေသလုံး မှာ ကြမ်းပြင်နှင့် အထိမခံနိုင် ခပ်စောင်းစောင်းလေးထိုင်ရသည်။ အရိုက်ခံ ထားရသော နေရာများမှ နာလွန်းအားကြီး၍ အနာသက်သာလိုသက်သာညား ဖာကလေးကို လှမ်းကိုင်ထားလိုက်သည်။ အမေကြီး ကို ထိပိုက်ထားရသလို။

မျက်ရည်များက အဆက်မပြတ်စီးဆင်းနေကြသည်။ ခြေသလုံးမှာ မီးစနှင့်ထိုးထားသလို ပူလောင်နေ၍ ပုဆိုး ကို လှန်ကြည့်လိုက်သည်။ လူကြီး တစ်ယောက်၏ လက်ညှိုးလုံးခန့် နီရဲဖောင်း ကြွ၍ အလယ်မှာ သွေးများ ထွက်နေသည်။
ပေါင်နှင့်ကျောကိုတော့ကြည့်ရန်ခက်၍ ဆက်မကြည့်တော့ပါ။ ခြေသလုံးကိုပင် တူညီစွာနာ၍ နီရဲ ဖောင်းကြွပြီး သွေးစို့နေလိမ့်မည်ဟုမှန်းဆ သိလိုက်ပါသည်။
မိုးရွာထဲဘောလုံးကန်၍ အများအရိုက်ခံရသည့်နေ့က မောင်းငြိမ်းချမ်း ကင်းလွတ်ခဲ့ သည်။ ယနေ့တော့ မောင်ငြိမ်းချမ်း တစ်ယောက်တည်း အရိုက်ခံရသည်။ သူတို့ထက် တစ်ချက်ပို သည်။ သူတို့ထက်လည်း ပိုနာ သည်။

ခြေသလုံး မှ စိုက်ထွက်နေသော သွေးများကိုကြည့်ရင်း မျက်ရည်များ စီဆင်းနေသည်။ 
ညနေချိန် တွင် နှစ်ယောက်တည်းတွေ့မှ ဆရာဦးစံလှိုင်က ဒဏ်ရာကို ပရုပ်ဆီလူးပေးသည်။
    “မင်းက မလုပ်သင့်တာ သွားလုပ်မိတာကိုး...”   
ဒဏ်ရာများကိုကြည့်ပြီး ဆရာစိတ်မကောင်း ဖြစ်နေသည်။

“ဒါပေမဲ့ ကလေးတစ်ယောက်ကို ဒီလောက်ထိတော့ မရိုက်သင့်ပါဘူးကွာ...”
ဆရာ ဦးစံလှိုင် ပရုတ်ဆီနှင့် ကြင်ကြင်နာနာ ပွတ်ပေးနေချိန်မှာ မောင်ငြိမ်းချမ်း ၀မ်းနည်းစွာ မျက်ရည် များ ကျ နေ၏။
နောင်အခါမှာတော့ တတ်နိုင်သမျှ အပြစ်ကင်းအောင် ကြိုးစားနေမည်ဟု မောင်ငြိမ်းချမ်း ဆုံးဖြတ် လိုက်သည်။ ဤကဲ့သို့သော နာကျင်မှုမျိုးကို ထပ်မံမခံစားချင်တော့ပါ။
 

ပထမဆုံးကြည့်ဖူးသောရုပ်ရှင်

မောင်ငြိမ်းချမ်းရုပ်ရှင်ဆိုသည်ကို ကြားသာကြားဖူးသည်။ တစ်ခါမျှမကြည့်ဖူးသေး။ စနေနေ့ည ပိုင်းတွင် အောင်တော်မူ ရဲစခန်းအတွင်း မှ ကွင်းပြင်မှာ ရုပ်ရှင်ရှိသည်။ ကျောင်းပိတ်ရက်ည ဖြစ်၍ဘော်ဒါဆောင်မှ ကြည့်ချင်သော ကျောင်သားများ သွားကြည့်ခွင့်ရသည်။ မောင်ငြိမ်းချမ်း တို့သွားကြည့်ကြသည်။ အစိုးရ ရုပ်ရှင်ဖြစ်သည်။ မြက်ခင်းပြင်ပေါ်မှာ ကြိုက်သည့်နေရာတွင် ထိုင်ကြည့်နိုင်သည်။ 

 ရုပ်ရှင်ဆိုသည်ကို မကြည်စဖူးကြည့်မြင်ဘူးတော့မည်မို့ မောင်ငြိမ်းချမ်း ၀မ်းသာနေသည်။ ဆရာ ဦးစံလှိုင် အတူပါလာ၍ ပိုပျော်နေသည်။ ဆရာနှင့်အတူ မြက်ခင်းပေါ်ထိုင်ရသည်ကကျေနပ်စရာ ရှေ့ဘက် တွင် မြက်ခင်းပြင် အလယ်မှာ ပိတ်ကားကြီးထောင်ထားသည်။ 
  ရုပ်ရှင် စပြသည်နှင့် ပိတ်ကားပေါ်မှာ ပြည်ထောင်စုအလံပေါ်လာသည်။ အားလုံးမတ် တပ်ရပ်ရသည်။ ဆရာ ဦးစံလှိုင် က မောင်ငြိမ်းချမ်းလက်ကိုကိုင်ဆွဲ၍ မတ်တပ်ရပ်စေသည်။ ကမ္ဘာမကြေသီချင်းဆုံးမှ ထိုင်ကြ ရသည်။ 

  ရုပ်ရှင်စပြနေပြီ။ ပိတ်ကားပေါ်မှာ လူရုပ်များကိုလှုပ်ရှားနေသော ပုံရိပ်များအဖြစ် မြင်ရသည်။ အသံပါ ထွက်သည်။ မောင်ငြိမ်းချမ်းအံ့သြ သဘောကျဖြစ်နေသည်။
  ယင်လုံအိမ်သာရှိရေးအတွက် ပညာပေးသော ကာတွန်းကားကို ဦးစွာကြည့်ရသည်။   ကလေး အရွယ် မောင်ငြိမ်းချမ်း အတွက် ကောင်းစွာပညာရပါသည်။ မစင်ကိုနေရာတကာမှာစွန့်ခြင်းဖြင့် ရောဂါများ ပြန့်ပွားနိုင်သည် ကို သိရသည်။ စွဲမြဲသောအသိဖြစ်၍ တစ်သက်လုံးအတွက် ဆင်ခြင်စရာ၊ သတိထားစရာ ဖြစ်သွားပါသည်။ 

 နောက်ပြသောကားမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အသိပညာပေးကားဖြစ်သည်။ ၀တ္ထုဇာတ်လမ်း နှင့်ဖြစ်၍ စိတ်၀င်စားစရာကောင်းပါသည်။ ဝေသာလီပြည်မှာ မင်းညီမင်းသားများ စိတ်၀မ်းကွဲကြသောကြောင့် ဒုက္ခ ရောက်ရပုံကို ပညာပေးခြင်းဖြစ်သည်။ မင်ညီမင်သားများ စည်းလုံးညီညွတ်ကြစဉ်က ဝေသာလီပြည် ကို ဘယ်သူမှ တိုက်ခိုက်၍မရ၊ ထို့ကြောင့် ဝေဿကာရပုဏ္ဏားက ညီညွတ်သော မင်းသားများကို စိတ်၀မ်းကွဲအောင် နည်းအမျိုးမျိုးနှင့် ကုန်းတိုက်ကုန်းချောလုပ်သည်။ ကြည့်နေကြသူများ ပုဏ္ဏား ကို ပြောင်းဖူးရိုးက ပိတ်ကားကို မှန်သည်။ 
  ပုဏ္ဏားစကားကိုယုံ၍ ဝေသာလီမှ မင်းညီမင်းသားများ တစ်ယောက်နှင့်တစ်ယောက် စိတ်၀မ်းကွဲကြသည်။စည်းလုံးညီညွတ်မှုပြိုကွဲပျက်စီးသွားသည်။ထိုအခါကြမှ ဝေဿာကာရပုဏ္ဏား၏နိုင်ငံမှ ရန်သူဘုရင်က ဝေသာလီကို အလွယ်တကူ တိုက်ခိုက်သိမ်းယူလိုက်သည်။ 

စိတ်၀မ်းကွဲခဲ့ကြသော မင်းညီမင်းသား အားလုံးဇနီးမယားသားသမီး တို့နှင့် တကွအဖမ်းခံကြရသည်။  ၀မ်းနည်း ကြေကွဲစွာ ငိုကြွေးပူဆွေးသော်လည်း နောက်ကျသွာပြီ။ ဝေသာလီ ပြည်ကြီး ပြိကွဲပျက်စီး သွား ပါသည်။ 
  အလွန်ကြည့်၍ကောင်းပါသည်။ဇာတ်လမ်းတစ်ခုလုံးကိုကောင်းစွာနားလည်၍မောင်ငြိမ်းချမ်းသဘောကျသည်။ပြည်ထောင်စုအတွင်းမှာအတူ တကွနေထိုင်ကြသော တိုင်းရင်းသား ညီရင်းအစ်ကိုများ ချစ်ခင်စည်းလုံးစွာနေထိုင်ကြရမည်ဟု မောင်ငြိမ်းချမ်း သဘောပေါက်နားလည်လိုက်ပါသည်။ 

 ပထမဆုံးကြည့်ဖူးသော ဇာတ်ကားမှစပြီး ရုပ်ရှင်ကိုသဘောကျသွားသည်။ ပြန်လာသည်အထိ မျက်စိ ထဲမှာ ဝေသာလီ မင်းသားများကိုလည်း သနားနေမိသည်။ အိပ်ရာထဲရောက်၍ အိပ်သည်အထိ ဝေသာလီ ဇာတ်ကား ကို မြင်ယောင်နေမိသည်။

 မိဘမဲ့ကျောင်းမှသူဋ္ဌေးသား

တစ်နေ့ တွင် မိဘမဲ့ကျောင်း ဘော်ဒါဆောင် သို့ ကျောင်းသားသစ်တစ်ယောက် ရောက်လာသည်။ မောငြိမ်းချမ်း နှင့်သက်တူတန်းတူ ဖြစ်သည်။ သူအိပ်ရာကို မောင်ငြိမ်းချမ်းဘေးမှာပင် နေရာချထား ပေးသည်။ သူ၀တ်လာသောဘောင်ဘီရှည်နှင့်အင်္ကျီ မှာအထက်အောက် ဆင်တူ ဖြစ်သည်။ သက္ကလပ်စ ဖြစ်၍ အညိုရောင်ပေါ် မှာ အဖြူရောင်စင်းလေးများပါသည်။ အလွန်ကောင်းသော ၀တ်စုံဖြစ်သည်။ သူ့အ၀တ်များ ထည့်လာသော သားရေသေတ္တာကြီးမှာ လည်း အလွန်ကောင်း ပါသည်။ 
၀တ်စုံ နှင့် အ၀တ်သေတ္တာကိုကြည့်ပြီး သူသည် ဆင်းရဲသားမဟုတ် လူချမ်းသာဖြစ်ကြောင်း သိသာသည်။ ပြင်ဦးလွင်(မေမြို့) မှ ဟု သိရသည်။ 

``မင်းမှာ မိဘမရှိဘူးလား``
မောင်ငြိမ်းချမ်း မေးကြည့်သည်။ 
``ရှိပါတယ်``
သူဖြေပုံကခတ်မာမာ 
 ``မိဘရှိရက်သားနဲ့ မိဘမဲ့ကျောင်းဘာဖြစ်လို့ လာနေရတာလဲ....`` 
``ငါကဆိုးလို့...`` 
 သူ့အဖြေကတိုတောင်းသည်။ 

မိဘမဲ့ကျောင်းမှာ ဤကဲ့သို့သော ကလေးမျိုးလည်း ရှိပါလားဟု မောင်ငြိမ်းချမ်း နားလည် ရသည်။ သူ့နာမည် က မောင်မောင်ဖြစ်သည်။ 
   သူ၀တ်သမျှ၀တ်စုံများမှာ အကောင်းချည်းဖြစ်သည်။ ဘောင်းဘီရှည် အင်္ကျီဆင်တူဖြစ်သည်။ ခြေအိတ်ပါ အရောင်တူသည်။ စီးသောရှူးဖိနပ်များကလည်း အကောင်းစားဖြစ်သည်။ 
    သူ့အ၀တ်များ နှင့် မောင်ငြိမ်ချမ်း အ၀တ်များယှဉ်လျှင် ကွာခြားလွန်းလှသည်။ သူအ၀တ် ထည့်သော သားရေသေတ္တာကြီးနှင့် မောင်ငြိမ်းချမ်း အ၀တ်ထည့်သော ထန်ခေါက်ဖာလေးမှာ လည်း ကွာခြား လွန်းပါသည်။ သူ့မှာ ပိုက်ဆံ တော်တော်များများ ပါသည်။ 

ကျောင်းမှကျွေးသောထမင်းဟင်း များမကောင်း၍ မောင်မောင်မစားနိုင်ပါ။ နည်းနည်း သာ စားသည်။ ထမင်း မ၀ လျှင် မုန့်ဆိုင်သွားပြီး မုန့်၀ယ်စားသည်။ မောင်မောင်နှင့် မောင်ငြိမ်းချမ်း အိပ်ရာချင်း ဘေးချင်း ကပ် ဖြစ်၍ ခင်မင်ရင်းနှီးပါသည်။ သို့သော် မောင်ငြိမ်းချမ်း ကို မောင်မောင် တစ်ခါမျှ မုန့်၀ယ်ကျွေးခြင်း မရှိပါ။ သူစားနေသောမုန့်ကိုပင် စားဦးမလားဟု မေးဖူးခြင်းမရှိပါ။ မောင်ငြိမ်းချမ်း ကလည်း မစားချင်ပါ။ ကိုယ်က ကျောင်း မှကျွေးသော ထမင်းဟင်းကို ဝအောင်စား နိုင်သည်။ သူကမစားနိုင်။ မစားတတ်။ 

နောက်မကြာခင် သူ့မှာပါသောပိုက်ဆံများကုန်သွားသည်။ မောင်မောင် မုန့်၀ယ်စားစရာ ငွေမရှိတော့ပါ။ မတတ်သာ သည့် အဆုံးတွင် ဘော်ဒါမှကျွေးသော ထမင်းဟင်းကို မှိတ်ကျိတ်စား ရသည်။ 
နောင် တွင် သူနေမကောင်းဖြစ်သောခါ အနီးကပ်နေသော မောင်ငြိမ်းချမ်း ပြုစုရသည်။ ဆေးတိုက်ရသည်။ ဆံပြုတ် ယူပေးရသည်။  ကော်ဖီ၀ယ်ပေးရသည်။ တုပ်ကွေးဖျား၍ သုံးလေး ရက်မှာ ပျောက်သွား ပါသည်။ 
  မောင်ငြိမ်းချမ်း ဆီးတုပ်၀ယ်စားသောအခါ သူစားချင်သည်ဟုဆိုသည်။ မောင်ငြိမ်းချမ်း စားနေသော ဆီးတုပ်ကိုပေးသော အခါ သူက  ခေါင်းခါပြသည်။ မောင်ငြိမ်းချမ်းပေးသော ဆီးတုပ် မျိုးကိုမစားနိုင်။ 
 ``အေ၀မ်း ဆီးထုပ်၀ယ်ကျွေးပါ`` ဟုပြောသည်။ 

မောင်ငြိမ်းချမ်းစားသော ဆီးပေါင်းမှာ တစ်ပဲတန်ဖြစ်သည်။ သူတောင်းဆိုသော အေ၀မ်း ဆီး ပေါင်းထုပ်မှာ တစ်မတ်တန် ဖြစ်သည်။ စျေးကြီးလွန်း၍ မောင်ငြိမ်းချမ်း တစ်ခါမျှ ၀ယ်မစားပါ။ နေ့ကျောင်းသူ အစ်မကြီး တစ်ယောက် ၀ယ်ကျွေးသွား၍ တစ်ခါစားဖူးသည်။ အလွန်ကောင်းသည်။ 
  မောင်ငြိမ်ချမ်း မှာ ငွေများများ မရှိ၍ ကိုယ်တိုင်၀ယ်မစားရက်သော အေ၀မ်းဆီးထုပ်ကို တစ်မတ်ပေးပြီး နလံထ ဖြစ်သူကို ၀ယ်ကျွေးလိုက်ပါသည်။ 
တစ်လ ကျော်ကျော်ကြာပါသည်။ သူ့မိဘများ လာခေါ်၍ မောင်မောင်ပြန်လိုက်သွားပါသည်။ ဘ၀မှာ တစ်ခါသာ တွေ့ကြုံလိုက်ရသော သူငယ်ချင်းဖြစ်ပါ၏။ 

မောင်ငြိမ်းချမ်း နှင့် ဘောလုံးကစားခြင်း

စနေနေ့ညတွင် မောင်ငြိမ်းချမ်းတို့ ဘောလုံးပွဲကြည့်နိုင်သည်။ ဗထူးကွင်းအထိခြေကျင် လျှေက်သွား ကြသည်။ မိနစ်(၂၀)ခန့်လျှောက်ရသည်။ စနေနေ့ဆိုလျှင် ပွဲကြီးပွဲကောင်း များရ တတ်သည်။ ဘောလုံးပွဲ ကို၀င်ကြေးပေးပြီး ကြည့်နိုင်သည်မဟုတ်ပါ။ 
 ဗထူးကွင်းအရှေ့ဘက်ရှိ ခြုံနွယ်တောများ အကြားမှနေ၍ အုတ်တံတိုင်းအမြင့်ကြီးကို ကျော်တက်ရသည်။ ထိုသို့ ကျော်တက်နိုင်သော နေရာကို ကျောင်းသားကြီးများက လမ်းပြထားကြသည်။ တက်ပုံတက်နည်း ကိုလည်း သင်ကြား ပေးကြသည်။ တံတိုင်းပေါ်ရောက်လျှင်တော့ အောက်သို့ ခုန်ချရသည်။ အမြင့်ကြီးမို့ စွန့်စား ရသည်မှာ ရင်အေးစရာ။ 

အတွင်းဘက်ရောက်သွားလျှင် ဘာမျှပြဿနာမရှိ။ ခတ်တည်တည် လျှောက်သွားပြီး အရှေ့ဘက် ပွဲကြည့်စင် မှာ ကြိုက်ရာနေရာတွင် ထိုင်ကြည့်ခွင့်ရပါသည်။ 
ထိုဘောလုံးပွဲ ကောင်းများကို ကြည့်ပြီးမောင်ငြိမ်းချမ်း ဘောလုံးကစားခြင်းကို ဝါသနာပါလာ သည်။ ဘောလုံး သမားကောင်း ဖြစ်ချင်လာသည် ကျောင်းမှာ ဘောလုံးကွင်းရှိသည်။ ဘောလုံး ရှိသည်။ ညနေတိုင်း ဘော်ဒါမှ ခိုင်းထားသော အလုပ်တာ၀န်များ ပြီးလျှင် ဘောလုံးကစားကြသည်။ ဘောလုံး ကစားခြင်း မှာ မောင်ငြိမ်းချမ်းအနှစ်သက်ဆုံး ကစားနည်းဖြစ်လာသည်။

မောင်ငြိမ်းချမ်းတို့ ဘော်ဒါမှ ကျောင်းလက်ရွေးစင် ကိုအောင်ခင်ကို အားကျသည်။ သူဘောလုံး သယ်သွားလျှင် အလွန်ကြည့်၍ကောင်းသည်။ ဘယ်သူမျှ မတားနိုင် မောင်ငြိမ်းချမ်း ငယ်သေး သည်။ အတန်းကြီး လာလျှင် ကိုအောင်ခင် လို ကျောင်းလက်ရွေးစင် ဖြစ်ချင်သည်။ ကိုအောင်ခင်ကို ပြောပြတော့ ကိုအောင်ခင် သဘောကျသည်။ သင်ပေးမည်ဟုဆိုသည်။ ညနေတိုင်း ဘောလုံးကစား ခိုင်းသည်။ စိတ်ပါ ၍ လားမသိ။ တနေ့တခြား ဘောလုံးကစားခြင်းကို ကျွမ်းကျင်လာသည်။ ကိုခင်အောင် သာမက ကြီးသူများကပါ ဘောလုံးကစားနည်းကို သင်ပေးကြသည်။
မိဘမဲ့ကျောင်း တွင် မောင်ငြိမ်းချမ်း စာပညာသာမက ဘောလုံးကစားခြင်းပါ သင်ကြားခွင့်ရခဲ့သည်။ စနေ နေ့တိုင်း ဗတူးကွင်းမှာ သွားကြည့်ရသည်။ ဘောလုံးပွဲများကလည်း ဘောလုံးကစားနည်း အတွက် အထောက်အပံ့ ကောင်းများ ဖြစ်ပါသည်။

ချစ်သောဆရာနှင့် ခွဲခွါရခြင်း

မောင်ငြိမ်းချမ်း ပထမအစမ်း စာမေးပွဲ ဖြေခါနီးမှာ ဆရာဦးစံလှိုင် အလုပ်ခန့်စာရသည်။ စဉ့်ကိုင်းမြို့နယ်မှ တဘက်စွဲ ရွာတွင် မူလတန်းကျောင်းအုပ် အဖြစ် သွားရောက်ရမည်။  မောင်ငြိမ်းချမ်းတို့ ၀န်းသိုရွာ နှင့် တစ်မြို့ဖြစ်ရုံမကမြောင်းရိုက်တစ်ခုတည်းဖြစ်သည်။(၅)မိုင်ခန့်သာဝေးသည်။ 
ဆရာ အလုပ်ရသွားသည့်အတွက် မောင်ငြိမ်းချမ်း ၀မ်းသာပါသည်။ သို့သော်ကိုယ့်အတွက်တော့ စိတ်အားပျက် ရသည်။ မိဘမဲ့ ကျောင်းရောက်စက စိတ်အားငယ်ခဲ့ရသည်။ နောက်တော့ ဆရာကြောင့် စိတ်အား တက်ခဲ့ရသည်။ ဆရာက အင်္ဂလိပ်စာသင်ပေးရုံသာမက ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ခဲ့သည်။ စာကြိုးစား ဖို့ အမြဲတမ်းဆုံးမခဲ့သည်။ အတူနေရင်း သွားရင်း  လာရင်းနှင့်လည်း အမြဲ သင်ပေးသည်။ ငယ်စဉ် ကပင် ဘခင်ကွယ်လွန်ခဲ့သော မောင်ငြိမ်းချမ်း  အတွက် ဘခင်အစားရသလိုဖြစ်နေသည်။ 
အခု ဆရာနှင့်ခွဲရတော့မည်။

  ``ပထမအစမ်းမှာ အဆင့်တစ်မှ တစ်ဆယ်အတွင်း၀င်အောင်ကြိုးစားပါ။ ဆရာပြန်လာခဲ့မယ်။ တစ်ဆယ်အတွင်း၀င်ရင် ဆုချမယ်။ တကယ်တော့ ဆရာကမင်းကို တစ်၊ နှစ်၊ သုံး ဖြစ်စေချင်တာ။ ဒါပေမဲ့ ဒီကျောင်းမှာ ဒုတိယတန်းအောင်ပြီး တက်လာတဲ့ ကလေးတွေက   မင်းထက်အခြေခံ ကောင်းနေတယ်။ ကြိုးစားတာခြင်းတူရင် သူတို့ကိုချက်ခြင်း  တော့မှီမှာ မဟုတ်သေးဘူး။ ဒါကြောင့် တစ်ဆယ် အတွင်း ၀င်ရင်ဆုပေးမှာ။ နောက်နှစ်ဆိုရင် တစ်၊ နှစ်၊ သုံး၊ လေး ၀င်အောင်လုပ်ရမယ်။ ဆရာ
မရှိပေမဲ့ လိမ်လိမ်မာမာ နေပြီးစာကြိုးစားပါ။ ဆရာကို သတိရရင် စာကိုပိုပြီးကြိုးစား။`` 
      မောင်ငြိမ်းချမ်း ခေါင်းညိမ့်ပြရင်း မျက်ရည်တစ်ပေါက်ကျသွားပါသည်။ 

 ``ဆရာလဲ အခွင့်သင့်တိုင်းပြန်လာပြီး မင်းနဲ့တွေ့မှာပါ....``
  မောင်ငြိမ်းချမ်းကို ဆုံးမစကား အားပေးစကားများပြောပြီး ဆရာပြောင်းသွားပါသည်။ ဆရာပြေင်းသွားပြီးမှ မောင်ငြိမ်းချမ်း ဆရာကိုသိပ်ချစ်ကြောင်း ကောင်းစွာသိလာရသည်။ ညအချိန် မှာ အိပ်၍ပင်မရ။ဆရာ့ကို သတိရလွန်း၍မျက်ရည်များစီးကျနေသည်။ ကျောင်းရောက်စတုန်းကလို အားငယ်စိတ်များလည်း ပြန်၀င်လာမိသည်။ 
   သို့သော် ဆရာမှာခဲ့သည့်အတိုင်း ဆရာကိုသတိရလျှင်စာကို ပို၍ကြိုးစားသည်။ ပထမအစမ်းကလည်း တဖြည်းဖြည်း နီးလာပြီ။ 

ဆရာပြောသည်မှာမှန်သည်။ ဤကျောင်းမှ ဒုတိယတန်း အောင်ပြီး တတိယတန်းသို့ တက်လာကြသည့် ဋ္ဌေးအောင်၊၀င်းဇော်၊ ခင်နု၊ သဇင် တို့အုပ်စုမှာစာသိပ်တော်သည်။ သိပ်လည်းကြိုးစားသည်။ အိမ် မှာလည်း ကူညီသင်ကြားပေးဟန်တူသည်။ ဆရာ ဆရာမများနှင့်လည်း ခင်မင်ရင်းနှီးကြသည်။ စာမေးလိုက်တိုင်း လက်ညှိုးလေးများထောင်ပြီး တလှုပ်တခါခါ နှင့် ဖြေချင်နေကြသည်။ မေး လျှင်လည်း ကောင်းစွာ ဖြေနိုင်ကြသည်။ 

သူတို့ကို မောင်ငြိမ်းချမ်း အားကျမိသည်။ သူတို့မှီချင်စိတ်နှင့် အစွမ်းကုန်ကြိုးစားရသည်။ သို့သော် ဝေးလံသော ကျေးလက်တောရွာမှလာရ၍ မိဘအုပ်ထိမ်းသူများနှင့် ဝေးကွာခြင်း၊ မိဘမဲ့ ဘော်ဒါဆောင် မှာ နေရသူ ဖြစ်ခြင်းစသည်တို့ကလည်း အားငယ်စိတ်ရှိနေပါသည်။ ဆရာကပြောင်းသွားသောအခါ သိမ်ငယ်စိတ် ပါ ဖြစ်ရပြန်သည်။ 
 ပထမစမ်း စာမေးပွဲကို မောင်ငြိမ်းချမ်းကောင်းစွာဖြေနိုင်ပါသည်။ အောင်စာရင်းထွက် သည့်အခါ  မောင်ငြိမ်းချမ်း  ဘာသာစုံအောင်၍ အဆင့်(၇) ရပါသည်။ ဆရာဦးစံလှိုင်ဖြစ်စေချင်သည့်အတိုင်း အဆင့် (၁၀) အတွင်း၀င်၍ ၀မ်းသာရသေးသည်။ ဆရာ ကလည်း  ပထမ ဆုံးအကြိမ် လခထုတ်သည့်နေ့မှာပင် မိဘမဲ့ ကျောင်းသို့ပြန်ရောက်ရှိလာသည်။ မောင်ငြိမ်းချမ်း အတွက်ဆုပါလာကြောင်းပြောသည်။ 
  ``ကျွန်တော်အဆင့် ဘယ်လောက်ရတယ်ဆိုတာ ဆရာမသိဘဲနဲ့  ဘာ လို့ကြို၀ယ်လာရ တာလည်း .....``
 ဆရာကပြုံးသည်။ 

``မင်းအဆင့် တစ်ဆယ်အတွင်း၀င်မယ်ဆိုတာ အသေအချာသိတာပေါ့၊ ကဲပြော..အဆင့်ဘယ် လောက်ရလဲ...``
 ဆရာ က မောင်ငြိမ်းချမ်းကိုကြည့်၍ အဖြေကိုနားထောင်နေသည်။ ``ခွန်..``
 ``တော်တယ်ကွာ...ဆရာထင်တဲ့အတိုင်းပဲ...။ ဒုတိယအစမ်းကျရင် အဆင့်ငါး အတွင်း၀င်  အောင် ကြိုးစား...`` 
 ဆရာ က မောင်ငြိမ်းချမ်းပခုံးနှစ်ဖက်ကို ချစ်ခင်စွာဆုပ်ကိုင်လှုပ်ရမ်း၍ချီးကျူးပြီး  ဒုတိယ အစမ်းအ တွက် လည်း အဆင့်ကို တိုးမြှင့်အောင်ဟု ဆိုလိုက်သည်။ 
  ပြီးမှ အဆင်သင့်၀ယ်လာသော ပိုင်းလော့ဖောင်တိန်လေးကို ဘူးလေးနှင့် တကွ   မောင်ငြိမ်းချမ်းလက် သို့ ပေးသည်။  မောင်ငြိမ်းချမ်း  ဘူးလေးကို ဖွင့်ကြည့်လိုက်သည်။ 

 ``ဟာ လှလိုက်တာ....`` 
   မီးခိုးရောင်ကနုကမာကွက်ကလေးများနှင့် ပိုင်းလော့ဖောင်တိန်လေးကို   မောင်ငြိမ်းချမ်းသဘောကျနေသည်။ မောင်ငြိမ်းချမ်း အတွက် ပထမဆုံးရသော  ကိုယ်ပိုင်ဖောင်တိန်လေးဖြစ်သည်။ 
   အဖေကြီးဖောင်တိန်နှင့် ရေးသည်ကို မြင်ခဲ့ဘူး၍ ရေးကြည့်ချင်စိတ် ဖြစ်မိသည်။ သို့သော် ကိုယ်နှင့်မတန်သေးဘူးဟုထင်၍တောင်းဆိုရန်ဆန္ဒပင်မဖြစ်မိသေး။ ယခုတော့ဆရာ့ ကျေးဇူး ကြောင့် ကိုယ်ပိုင်ဖောင်တိန်နှင့်  စတင်ရေးခွင့်ရမည်။

``ဒီမှာ...``
ဆရာ က ပိုင်းလော့မင်အိုးနှင့် စုတ်ပိုက်ကလေးပါ၀ယ်လာသည်။ အပြည့်အစုံ၀ယ်လာပေးသော ဆရာကို ကျေးဇူး တင်ရပြန်သည်။ 
``အသေအချာကြည့်ထား မင်ထည့်နည်းပြပေးမယ်...`` 
 စနစ်တကျရှိသောဆရာက ဖောင်တိန်ဖွင့်နည်း မင်အိုးဖွင့်နည်း မင်အိုးထဲ မှ မင်ကိုပိုက်ဖြင့် စုတ်၍ ဖောင်တိန် ထဲသို့ ထည့်နည်း မင်မလျှံအောင် ပိတ်နည်းများကို အသေအချာသင်ပြပေးသည်။ 
 ``ကဲ...ကြည့်`` 
ဆရာက ဖောင်တိန်အသစ်ကလေးနှင့် ရေးကြည့်ရန်စက္ကူချောလေးထုတ်ပေးသည်။ 

``ဆရာ ဦးစံလှိုင်`` ဟုရေးလိုက်သည်။ ချောညက်စွာ ရေးကောင်းသော ဖောင်တိန်လေးကို သဘောကျ နေမိသည်။ 
``ကျေးဇူးတင်ပါတယ်`` ဟုမပြောမိသော်လည်း ဆရာ့ကိုကျေးဇူးတင်စွာ ကြည့်နေမိသည်။ 
မောင်ငြိမ်းချမ်း ကိုကြည့်ပြီး ဆရာသဘောကျစွာ ပြုံးနေမိပါသည်။ ဆရာဘော်ဒါဆောင်မှာ တစ်ညအိပ်၍ မောင်ငြိမ်းချမ်း နှင့် အတူနေသွားသည်။ 

     နောက်တစ်နေ့တွင် တနင်္ဂနွေဖြစ် ၍ မောင်ငြိမ်းချမ်း ကို  မြို့ထဲခေါ်သွားပြီး လက်ဖက်ရည် တိုက်သည်။ မုန့်၀ယ်ကျွေးသည် ဆရာနှင့်ခဏအတူနေရသည် ဖြစ်သော်လည်း  မောင်ငြိမ်းချမ်းအားတက်  ပျော်ရွှင် နေသည်။   ဆရာလည်းပျော်ပါသည်။ ဆရာ က တစ်လတစ်ခါ လခထုတ်နေ့တိုင်း ပြန်လာမည့် အကြေင်း ပြောပါသည်။ မောင်ငြိမ်းချမ်း က စာပိုကြိုးစားပါမည်ဟု ဆရာကို  ကတိပြုသည်။ 

ဘော်ဒါဆောင်မှကျောင်းသားကြီးများ

မောင်ငြိမ်းချမ်း လေးစားသဘောကျသော ဘော်ဒါဆောင်မှ ကျောင်းမှာ ကျောင်းသား ကိုသန်းဘို၊ ကိုညွန့်၊ ကိုမြသန်း၊ ကိုခင်အောင် တို့ဖြစ်သည်။ 
   ကိုသန်းဘို မှာ ဘုန်းကြီး ဦးပ၀ရ၏ တူဖြစ်သည်။ မိဘရှိမရှိ မောင်ငြိမ်းချမ်း မသိ။ သို့သော် မောင်ငြိမ်းချမ်း တို့ နှင့် ဘ၀အတူအဖြစ် ခံယူ၍ ဘော်ဒါဆောင်မှာပင်နေသည်။ ဘုန်းကြီး တူ ဟူ၍ အခွင့်ထူး ခံခြင်း မရှိ ၊ ဘော်ဒါဆောင်မှချက်သည့် မကောင်းသောထမင်းဟင်းကိုပင် မောင်ငြိမ်းချမ်း တို့နှင့် အတူ စားသည်။ ထမင်းစားသံချောင်းခေါက်လျှင် မောင်ငြိမ်းချမ်းတို့နှင့်မတ်တပ်ရပ်၍ 
``ပညာသင်ရန် ထမင်းစားပါသည်...``ကိုအားပါးတရဆိုသည်။ ကျောင်းသားငယ်များကို ချစ်ခင် စောင့် ရှောက်သည်။ 

ကိုမြသန်းမှာ အသားဖြူ၍  လူရည်သန့်သည်။ ဥာဏ်ကောင်းသည်။  စာတော်သည်။ ပျော်ပျော်ရွှင်ရွှင် နေတတ် သည် မောင်ငြိမ်းချမ်းတို့ကျောင်းသားငယ်မျာ စံပြုအတုယူရသူဖြစ်သည်။  ကိုညွန့်မှာ  အသားဖြူဖြူ  ၀၀တုပ်တုပ်နှင့် အလွန်သဘောကောင်းသူ ဖြစ်သည်။ မိဘမဲ့ကျောင်း ဘော်ဒါဆောင်၏ ပင်တိုင် စဖိုမှူးဖြစ်သည်။ 
   ထမင်းချက် ဟင်းချက်အလုပ်ကို နေ့စဉ်ဒိုင်ခံလုပ်သည်။ ညည်းညူခြင်းတွက်ကပ်ခြင်းမရှိ။ ကလေးငယ် များ ကိုလည်း ချစ်ခင်ညှာတာသူဖြစ်သည်။ 

ကိုအောင်ခင်မှာ ကျောင်း၏လက်ရွေးစင် ဘောလုံးသမားဖြစ်၍ ကျစ်လစ်သန်မာသည်။ လုပ်ကိုင်ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်သည်။ ဘော်ဒါဆောင်အတွက် လိုအပ်သော ချက်ပြုတ်စရာများကို မင်္ဂလာစျေး၊ သူရဲစျေးမှစ၍ စျေးချိုအထိ စက်ဘီးဖြင့်နေ့စဉ်  စျေး၀ယ်ရသူဖြစ်သည်။ မန်ကျည်းရွက် နုချိန် တွင် မောင်ငြိမ်းချမ်းကို စက်ဘီးဖြင့်တင်ခေါ်သွားပြီး မန္တလေးတောင်ခြေမှာချထားခဲ့သည်။ စျေး၀ယ် အပြီး မှာ မောင်ငြိမ်းချမ်းကို ပြန်လာခေါ်သည်။ စက်ဘီး အတူ စီးရင်း မောင်ငြိမ်းချမ်း နှင့် အစ်ကိုကြီး လို ခင်မင် ရင်းနှီးသူ ဖြစ်သည်။ထိုကျောင်းသားကြီး များသည်  မိဘမဲ့ကျောင်း ဘော်ဒါဆောင် ၏   အကြီးအကဲများ ဖြစ်ကြသည်။ ချက်ရေးပြုတ်ရေး စားသောက်ရေးကို တာ၀န်ယူ၍ ဆောင်ရွက်ကြသည်။ နေထိုင်ရာ သွားလာရာ တွင်လည်း ငယ်ရွယ်သူများကို ညှာတာသည်။ စောင့်ရှောက်သည်။ 

ထမင်းဟင်းချက်ပြီးလျှင် ကျက်သည်နှင့် ဝိုင်း၀န်းခူးခပ်ပြီး စာပွဲရှည် ကြီးပေါ်မှာ အသင့်ပြင်ပေးသည်။ ကလေးများ ကို ကျွေးသည်။ သူတို့လည်း ကလေးများ နှင့် အတူစားသည်။ သူတို့ အတွက် ရသော ထမင်းဟင်း ခွဲတမ်း မှ လည်းငယ်ရွယ်သူကလေးများနှင့် အတူတူပင်ဖြစ်သည်။ စားပြီးလျှင်လည်း ထို ကျောင်းသားကြီး များက ခေါင်းဆောင်၍ ကိုယ့်အားကိုယ်ကိုး ဝိုင်၀န်းတာ၀န်ယူ ဆောင်ရွက်ရသည်။ 
ထိုကြောင့် ဦးစီးခေါင်းဆောင်ပြုကြသော ကျောင်းသားကြီးများကို မောင်ငြိမ်းချမ်း တို့ငယ်ရွယ်သူများ က အားကိုး ကြသည်။ ချစ်ခင်လေးစားကြသည်။ ဘဝပေးအခြေအနေရ တော်စပ်ကြသော မိဘမဲ့ ညီအစ်ကို များ ဖြစ်ကြပါသည်။

အပိုင်း (၇)

ဇာတိရွာသို့ပြန်ရခြင်း

ဒုတိယအစမ်း စာမေးပွဲနီးလာပြီ၊  ပထမအစမ်း စာမေးပွဲထက် အဆင့် ပိုကောင်းချင်၍ မောင်ငြိမ်းချမ်း ပို၍ ကြိုးစားနေသည်။ ပထမအစမ်းမှာ အဆင့် (၁)ရသော ဌေးအောင်ကလည်း မောင်ငြိမ်းချမ်းကို ကျက်နည်း မှတ်နည်းက အစ ကူညီသည်။ အကြံပေးသည်။ မောင်ငြိမ်းချမ်း အားတက်မိသည်။

ထိုအချိန် မှာပင် ဘောဒါဆောင်သို့ အဖေကြီးရောက်လာပြန်သည်။   ရွာမှာသောင်းကျန်း သူများကင်းရှင်း သွားပြီ။ အဖေကြီး ကျောင်းလေးပြန်ဖွင့် ခွင့်ရပြီ။ လေးတန်းစာမေးပွဲ သွင်းရန် ကျောင်းသားမရှိ ဖြစ်နေသည်။ လေးတန်းစာမေးပွဲမှာ ဘုတ်စစ်ဖြစ်သည်။ အဖေကြီးက လေးတန်းစားမေးပွဲသွင်းနိုင်သော ကျောင်းဖြစ် ချင်သည်။ ဆရာဦးစံလှိုင်နှင့် လခထုတ်ရင်းဆုံမိကြရာတွင် ဆရာကလည်း ပြန်ခေါ်လျှင် ပိုကောင်း မည် ဖြစ်ကြောင်း အကြံပြုသည်ဟု အဖေကြီးကပြောသည်။

မောင်ငြိမ်းချမ်းကြိုးစားထားသော ဒုတိယအစမ်းစာမေးပွဲကို ဖြေခွင့်မရတော့ပါ။ ဆရာတော်ကို အဖေကြီး နှင့် အတူခွင့်တောင်း ကန်တော့ပြီးရွာသို့ပြန်ခဲ့ကြသည်။
ရွာမှာအဖေကြီး အမေကြီးနှင့် ဦးလေးသာမက ညီလေးနှမလေးများကိုပါအိမ်မှာခေါ်ထား ပြီးမို့ မောင်ငြိမ်းချမ်း အတွက် ပို၍ ၀မ်းသာစရာပျော်စရာ ဖြစ်ရသည်။
မောင်ငြိမ်းချမ်း မန္တလေး ဘီဘီအိုအေ ကျောင်းမှာနေခဲ့ပြီးမှ ရွာကျောင်းပြန်ရောက် ရပြန်သည်။ မန္တလေးကျောင်း တွင် ကျောင်း၀တ်စုံနှင့် စာသင်ခန်း သီးခြားနှင့်ဆရာ အများကြီးနှင့် သင်ခဲ့ရသည်။
ယခု ရွာကျောင်း တွင် ကျောင်း၀တ်စုံမရှိ။ ကြိုက်ရာ၀တ်နိုင်သည်။ စာသင်ခန်းသီးခြားမရှိ။  သင်ကြား ပေးမည့် ဆရာကလည်း အဖေကြီး တစ်ယောက်တည်း။

မောင်ငြိမ်းချမ်းအတွက် ဘာမပြဿနာမှမရှိပါ။ ယခင်ကလည်း ဤကျောင်းမှာပင် ဤပုံစံ နှင့် နေခဲ့ပြီးဖြစ်သည်။ မြို့ကျောင်းမှာမြို့လိုနေပြီး 
ရွာကျောင်းမှာ ရွာလိုနေလိုက်ပါသည်။
မောင်ငြိမ်းချမ်း လေးတန်း ဖြေရမည်။ လေးတန်းကျောင်း သားက မောင်ငြိမ်းချမ်း တစ်ယောက်တည်း။ အဖေကြီး စာခုံပွဲနားမှာ မောင်ငြိမ်းချမ်းနေရသည်။ (၂)အလီမှစ၍ (၂၄)အလီအထိမောင်ငြိမ်းချမ်း  အလီ အားလုံး ရအောင်ကျက်ရသည်။   အပေါင်းအနှုတ် အမြှောက်အစား သင်္ချာများစွာ ကျက်ရသည်။   စာစီစာကုံး များ ရေးရသည်။ ဖတ်စာများအားလုံး ကျေညက်အောင် ဖက်ရသည်။
လေးတန်း စာမေးပွဲ စစ်ဆေးရေးဘုတ်အဖွဲ့၀င် လေးတန်းကျောင်းအုပ်  ဆရာကြီးများက စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန်  မေးခွန်းပုံစံများ ပေးပို့သည်။ မေးနိုင်သော အရေးကြီးသည်များကို ပေးပို့သည်။  အဖေကြီး က မောင်ငြိမ်းချမ်းကိုသင်ပေးသည်။ အားလုံးကိုမောင်ငြိမ်းချမ်း ပိုင်နိုင်အောင် မှတ်ချက် ကျက်မှတ် ထားရသည်။ ပေးပို့သော လေ့ကျင့်ထားသည့် နမူနာများမှပင် မေးခွန်းများမေးသည်။ ဘာမျှ ကြောက်စရာမရှိဟု အဖေကြီးကအားပေးသည်။

သို့သော် စာမေးပွဲ ဖြေရန်သုံးရက်ခန့်မှစ၍ မိုးကြီးသည်းထန်စွာရွာသည်။
နေ့ရောညပါရွာနေသည်။ စာမေးပွဲဖြေမည့် ပထမနေ့အထိ မိုးကသဲသဲမဲမဲ ရွာနေဆဲ။
စဥ့်ကိုင်းမြို့သို့သွားဖြေရမည်။ ရွာမှ(၆) မိုင်ဝေးသည်။ မြေးဖိုးနှစ်ယောက်စက်ဘီးနှင့် သွားရမည်ဖြစ်သည်။ မိုးက သည်း နေ၍ မသွားနိုင်။ မိုးတိတ်အောင်စောင့်ရင်း စောင့်ရင်း ညနေရောက်သွားသည်။ ညနေ ကျမှ မိုးတိတ်သည်။ စက်ဘီးနှင့်မဟုတ် လမ်းများရေကျော်နေ၍ စက်ဘီးမစီးနိုင် ခြေကျင်သွားရသည်။ လယ်ကွင်းများကို ဖြတ်ကျော် သွားရသည်။ အချို့နေရာမှာ အချို့နေရာများမှာ ရေကခါးလယ်အထိ အချို့ နေရာ မှာ ရင်ဘတ်အထိ တစ်နေရာတွင်  အဖေကြီး၏လည်ပင်း အထိရောက်နေ၍ မောင်ငြိမ်းချမ်း အရပ် နှင့် မမီတော့ပါ။ အဖေကြီးက လက်နှင့် မြှောက်ဆွဲပြီးကူးရသည်။
မဲဇာရွာ ရောက်တော့မိုးချုပ်နေပြီမို့ မူလတန်းကျောင်း အုပ်ဆရာကြီး ဦးလှဒင်အိမ်မှာ ညအိမ်ကြရသည်။

ကြားရသော သတင်းက မောင်ငြိမ်းချမ်းအတွက် အားပျက်စရာ မိုးသည်းထန်စွာရွာ သော်လည်း စာမေးပွဲ က သတ်မှတ်ရက် သတ်မှတ်ချိန်မှာပင် ကျင်းပခဲ့သည်။ နှစ်ဘာသာစစ်ဆေးပြီးသွားပြီ။ မောင်ငြိမ်းချမ်း မဖြေလိုက် ရဘဲ လွတ်သွားပြီ။
 ဆရာကြီးဦးလှဒင်ထဲမှ တွေ့ရသော မေးခွန်းများကို မောင်ငြိမ်းချမ်းကြည့်ရသည်။ အရေးကြီးသည် ဟု ဆရာကြီးများပေးထားသော မေးခွန်းများမှာ ပါသည်များဖြစ်သည်။ မောင်ငြိမ်းချမ်းလေ့ကျင့်ထားသည်များ ဖြစ်သည် ကောင်းစွာဖြေနိုင်သည်။  မဖြေလိုက် ရသည်မှာ နှမျောစရာ။ ဖြေခွင့်ရလျှင် အသေအချာ အောင်မြင် မည်။

နောက်တစ်နေ့တွင် မဲဇာရွာမှာ ဆရာကြီး ဦးလှဒင် လေးတန်းကျောင်းသူကျောင်းသားများ နှင့်အတူ မောင်ငြိမ်းချမ်း တို့မြေးအဖိုး စဉ့်ကိုင်အလယ်တန်းကျောင်းသို့  သွားကြသည်။
ဒုတိယနေ့ ဖြေရမည်ဘာသာများကို ၀င်ရောက်ဖြေဆိုသည်။ မောင်ငြိမ်းချမ်း ကောင်းစွာဖြေနိုင်သည်။ သို့သော် ပြဿနာဖြစ်နေသည်က မောင်ငြိမ်းချမ်း ယခင်ရက်က မဖြေလိုက်ရသော (၂)ဘာသာ ကိစ္စ မည်သို့ စဉ်းစား ပေးမည်နည်း။ အဖေကြီးက ဘုတ်အဖွဲ့ ကိုတင်ပြ၍ ပြန်လည်ဖြေခွင့်ပြုပါရန် အသနား ခံသည်။
မေးခွန်းအသစ်များထုတ်ပြီး မောင်ငြိမ်းချမ်းတစ်ယောက်တည်းကို ဖြေခိုင်းရမည်ဖြစ်သည်။ အလယ်တန်း ကျောင်းအုပ်ကြီး ဦးဘစိန်နှင့်အတူ ဘုတ်စစ်အဖွဲ့၀င် ဆရာကြီးများ အစည်းအဝေးထိုင်ကြသည်။ အများစု ကပြန်စစ်မပေးချင်။ ထုံးစံမဟုတ်ကြောင်း သတ်မှတ်ချိန်အတိုင်း ရောက်ရှိဖြေဆိုခြင်းမရှိလျှင် အကျပေး ရမည်ဖြစ်ကြောင်း ပျက်ကွက်သည်မှာလည်း တစ်ယောက်တည်းဖြစ်၍ ပြန်စစ်ပေးရန်မသင့်ကြောင်း ပြောကြ သည်။

သို့သော်အလယ်တန်း ကျောင်းအုပ် ဆရာကြီး ဦးဘစိန်က လျှောက်လွှာတွင်ပါသည့် ပျက်ကွက် ရသော အကြောင်းကို ထောက်ပြသည်။ မိုးသည်းထန်စွာရွာသည်မှာမှန်သည်။ လာရသည့် ရွာများတွင် အဝေးဆုံး အခက်ခဲ ဆုံး ဖြစ်သည်။ ကျောင်းသားလူငယ် တစ်ယောက် တစ်နှစ်တာနစ်နာရမည်မှာ အလွန်ကြီးမား သော ဆုံးရှုံးမှုဖြစ်သည်။ စဉ်းစားပေးကြရန် မေတ္တာရပ်ခံသည်။
အလယ်တန်း ကျောင်းဆရာကြီးကို မလွန်ဆန်နိုင်ကြ၍ မူလတန်းကျောင်းအုပ်ဆရာကြီးများ သဘောတူကြရသည်။ မေးခွန်းထပ်ထုတ်ပေးကြသည်။ သို့သော် တစ်ယောက်တည်း ဖြေမည့်စာမေးပွဲကို စောင့်ပေးမည့် သူမရှိ။ မူလတန်းကျောင်း ဆရာကြီးများမှာ ကိုယ့်ကျောင်းကိုယ့်ရွာ ပြန်ချင်ကြပြီ။ နောက်ဆုံး တွင် အလယ်တန်းကျောင်းအုပ်ဆရာကြီးက ဘယ်သူမျှမစောင့်လျှင် သူတစ်ယောက်တည်း တာ၀န်ယူ စောင့်ပေးပါမည်။ ပြော၍မောင်ငြိမ်းချမ်း ဖြေခွင့်ရသွားသည်။

မောင်ငြိမ်းချမ်းဖြေရသည်။ မေးခွန်းများမှာခက်ခဲပါသည်။ ဘုတ်စစ်အဖွဲ့၀င်ဆရာကြီးများ ကြိုတင် ပေးပို့ ထားသည်။ မေးခွန်းများနှင့် မတူတော့ပါ။ ပြဌာန်းစာအုပ်များကို ကြည့်၍ မေးခွန်းထုတ်ကြခြင်းဖြစ်သည်။ သုံးတန်း မှ စာများလည်းပါသည်။
မောင်ငြိမ်းချမ်း ကောင်းစွာဖြေနိုင်ပါသည်။ ပြဌာန်းစာအုပ်များအားလုံးကိုကျေညက်စွာ ဖက်ထားသည်မှာ မှန် သွားသည်။ သုံးတန်း စာ များမှာလည်း ဘီဘီအိုအေ မိဘမဲ့ကျောင်းမှာ ကောင်းစွာ ကျက်မှတ်ခဲ့သည်က အထောက် အပံ့ ဖြစ်သွားသည်။

မောင်ငြိမ်းချမ်း စာမေးပွဲ ဖြေဆိုခွင့်ရအောင် သက်ညှာစွာစဉ်းစားပြီး ကူညီပေးသော အလယ်တန်း ကျောင်းအုပ် ဆရာကြီး ဦးဘစိန်ကို  မောင်ငြိမ်းချမ်းတို့ မြေးအဖိုးကျေးဇူးတင် မဆုံးဖြစ်နေကြသည်။ သားသမီး ချင်း စာနာသော မိဘစိတ်ရှိသူဖြစ်သည်။ ကျောင်းသား ငယ်တစ်ယောက်၏ ဘဝရှေ့ရေးကို အလေးပေး စဉ်းစားပေးသော ကျောင်းဆရာကောင်း တစ်ယောက်ဖြစ်၏။ 
ဆရာကြီး ၏ နာရီပိုင်းမျှအနစ်နာခံ စာမေးပွဲစောင့်ပေးသော ကျေးဇူးသည် လူငယ် တစ်ယောက်၏ဘ၀ကို ကြီးစွာ အထောက်အကူဖြစ်စေပါ၏။ ဆရာကြီး ဦးဘစိန် ၏ ကျေးဇူးကို မောင်ငြိမ်းချမ်းမမေ့နိုင်ပါ။

သေကံမရောက်သက်မပျောက်

ဆယ်နှစ်သားအရွယ်ရှိသော မောင်ငြိမ်းချမ်းသည် နွေရာသီကျောင်းပိတ်ရက်တွင် ဦးလေးကို ကူညီရသည်။ ဦးလေးမှာ လယ်အလုပ်ရော ကိုင်းအလုပ်ရောလုပ်ရသည်။ မောင်ငြိမ်းချမ်း၏ ဘခင်ရရှိခဲ့သော လယ်ယာ များ နှင့် ကိုင်းကွက်များကို မောင်ငြိမ်းချမ်းတို့ မောင်နှမသုံးယောက်ဆက်ခံရသည်။
ထိုလယ် နှင့် ကိုင်းကို ဦးလေးက တာ၀န်ယူဦးစီး၍ လုပ်ပေးရခြင်းဖြစ်သည်။
မောင်ငြိမ်းချမ်း တောကိုလိုက်၍ ကူညီရသည်တော့မဟုတ်ပါ။ နွေရာသီကျောင်းပိတ်ရက်မှာ ပဲနယ်ပဲလှေ့ ကူညီ ရခြင်းဖြစ်သည်။

ပဲတလင်းမှာ ရိတ်သိမ်းရရှိသော ကုလားပဲများကို နွားသုံးလေးကောင်နှင့် လှည့်ပတ်နင်း နယ်ရသည်။ ပဲတလင်း က ရွှေဘုံသာဘုန်းကြီး ကျောင်းထဲမှာ ရှိသည်။ နေ့ခင်း(၁) နာရီခန့် မှစ၍ ဦးလေးနှင့် မောင်ငြိမ်းချမ်းတစ်လှည့်စီနယ်ကြရသည်။ နေပူပူ နယ်ရ၍ ရေအလွန်ငတ်ပါသည်။ ဘုန်းကြီးကျောင်း သွား၍ ရေတောင်းသောက်ရသည်။  ခြေတစ်ဖက်ကောင်းကောင်း မသန်သောကပ္ပိယကြီးခတ်ထားရသော ရေဖြစ်၍ အားရ သည်။ ကုန်နိုင်သလောက်သာခပ်သောက်ရသည်။ ပို၍သွန်ပစ်လျှင် ကပ္ပိယကြီး စိတ်ဆိုးသည်။

ဦးလေးပဲနယ်သည့်အလှည့်တွင် ခဏတဖြုတ်နားနေအိပ်စက်နိုင်သည်။ ပဲတလင်းဘေးနား မှာပင် ဘုရား တန်းဆောင်း ရှိသည်။ တန်ဆောင်းထဲမှာကုတင် တစ်လုံးရှိသည်။
အကာအရံမရှိသော ဘုရားတန်ဆောင်းထဲမှာ လေကလေးတဖြူးဖြူးတိုက်နေ၍ ကုတင်ပေါ်မှာ တစ်ရေးတမော အိပ်ချင်စရာကောင်းပါသည်။ မောင်ငြိမ်းချမ်း ပဲနယ်အလှည့်တွင် ဦလေးက ကုတင်ပေါ်မှာ အိပ် ပါသည်။ မောင်ငြိမ်းချမ်းသည်လည်းအိပ်ချင်ပါသည်။ သို့သော် ကုတင်ကြီးကို စိတ်မသန့်။ ထိုကုတင် မှာ ရွာထဲတွင် လူသေဆုံးလျှင် သုဿန်ပို့ သဂြိုလ်ရာအသုံးပြုသော ကုတင်ဖြစ်သည်။
လူတစ်ယောက် ဆုံးသည် နှင့် ကုတင်ကိုယူပြီး အခေါင်းတင်ရန် စက္ကူများကပ်ပြီး မွမ်းမံပြင်ဆင်သည်။ သဂြိုလ်သည့် အခါ သေသူ၏ အခေါင်းကိုတင်ပြီး ထိုကုတင်ဖြင့်ထမ်း သည်။ သူဿန်မှာ သဂြိုလ်ပြီးလျှင် ကုတင် ကို ဘုရားတန်ဆောင်းထဲမှာ ပြန်လာထားသည်။ အချို့ရက်ကြာ၍ ပုတ်ပွပြီး အခေါင်းထဲမှာ အပုတ်ရည်များ စီးကျသော ကြောင့် ကုတင်မှာ အပုတ်ရည် အညစ်အကြေးအစွန်းအကွက်များ လည်း ရှိနေသည်။ ခြောက်သွေ့နေသည်မို့ နံစော်ခြင်းမရှိသော်လည်း ကြည့်ရမြင်ရသည်မှာ စိတ်မသန့်စရာ။

တစ်နေ့မှာတော့ အိပ်ချင်လွန်း၍  ဦးလေးလဲအိပ်နေတာပဲ ဘာမျှ ကြောက်စရာမရှိပါဘူးဟု စိတ်အားတင်းပြီး မောင်ငြိမ်းချမ်း အိပ်ကြည့်ပါသည်။ ပက်လက်မအိပ်သောအခါ ခေါင်းအုံး စရာလည်းမပါသောကြောင့် အခင်း ကြမ်းပြင်နှင့် နှာခေါင်းနီးကပ်သည့်အခါ ညှီစို့စို့နံသည်ဟု စိတ်ကထင်သည်။ ပက်လက်လှန် လိုက်သည်။ လူသေနှင့်တူသလိုထင်၍ ကြောက်စိတ်၀င်မိသည်။ သို့သော် လေက တိုက်လာ၍ မျက်စိ မှေးစင်းပြီး အိပ်ပျော်သွားသည် ဘာမျှမကြာလိုက်ပါ။ ကိုယ့်စိတ်က မသန့်၍ လန့်ပြီးနိုးလာသည်။ ချက်ခြင်း ထထိုင် လိုက်သည်။ နောက်ထပ် ထိုကုတင်ပေါ်မှာ မအိပ်ရဲတော့ပါ။
နောက်နှစ်ရက် တွင်နေ့(၁) နာရီလောက်မှာပဲနယ်ရင်း ရင်ထဲမှာ ပူကျက်လာသည်။ လည်ပင်း ထဲ ခြောက်ကပ် နေသည်။ လည်ချောင်းကွဲမလား အောက်မေ့ရသည်။ မျက်စိများကလည်း ပူနေသည်။ ဖွင့်ကြည့် ချင်စိတ်မရှိ။ ဦးလေးကိုလိုက်ကြည့်သည်။ မတွေ့ တန်ဆောင်းထဲမှ ကုတင်ပေါ်မှာလည်း မရှိ။

မောင်ငြိမ်းချမ်းဆက်လက်ရပ်တည်ရန် မတတ်နိုင်တော့ပါ။ နွားများကိုပဲပြန့်ပေါ်မှာပင် ပစ်ထားခဲ့သည်။ ပဲပြန့် ကို စားချင်သမျှစားကြ ပေတော့အိမ်ပြန်လာခဲ့သည်။ အိမ်မှာ အဖေကြီးနှင့်တွေ့သည်။ ဖြစ်ပုံကို ပြောပြတော့ အဖေကြီးက နဖူးကိုစမ်းကြည့်သည်။ ပြီးတော့ လက်ကောက်၀တ်မှာ သွေးစမ်းကြည့်သည်။
''အင်း.....ငါမြးတော့ဖျားနေပြီ...ဒီတစ်ခါဖျားတဲ့ အဖျားကတော်တော် ပြင်းလိမ့်မယ်.... ဟုလည်း အမေကြီး ကိုလှမ်းပြောပါသည်။
အမေကြီး က မောင်ငြိမ်းချမ်းကို အိပ်ရာမှာ သိပ်ပြီး ကိုယ်ပူစမ်းသည်။

''အင်း.... ဟုတ်ပါရဲ့ ကိုယ်ကပူကျက်နေတာပဲ....... ''
အမေကြီးက မောင်ငြိမ်းချမ်းကို စောင်များအထပ်ထပ်ခြုံပေးသည်။ မောင်ငြိမ်းချမ်း အိပ်ပျော်သွားပါသည်။
အဖေကြီး မှန်းဆသည်မှာမှန်သည်။ မောင်ငြိမ်းချမ်းဖျားသည်က ပြင်းထန်၏။ တစ်ကိုယ်လုံး ချစ်ချစ် တောက်အောင် ပူနေသည်။ မောင်ငြိမ်းချမ်းသတိမရတော့ပါ။ ညပိုင်းတွင် ဂယောင် ဂတမ်းတွေ ပြောနေသည်။ ပြောသည့်စကားများကလည်း ကြားသည့်သူအတွက် ထိတ်လန့်ကြောက်ရွှံ့စရာ။

''ဘုရားထဲက လူသေချတဲ့ ကုတင်ကြီးမှာအိပ်ချင်တယ်...... ''
''ပူတယ်....ဘုရားထဲက ကုတင်ကြီးပေါ်အိပ်ရတာအေးတယ်..... ''
''ရွှေဘုံသာကျောင်းက ရေသောက်ရတာအေးတယ်.... ''ရွှေဘုံသာကျောင်းက ရေသောက် ချင်တယ်''
အမေကြီး စိုးရိပ်စိတ် နဲ့ငိုနေပြီ။

''သူ....ဘုရားထဲက ကုတင်ပေါ်အိပ်သလား..... ''
အမေကြီး က ဦးလေးကိုမေးသည်။
''တစ်ခါတလေ တော့ ကျွန်တော်ပဲနယ်နေတုန်း သူသွားအိပ်တာတွေ့တယ်.....
''အဲဒါကို စွဲပြီး ကယောက်ကတမ်းပြောတာဖြစ်မှာပေါ့..... ''
အမေကြီး စိတ်သက်သာအောင်အဖေကြီးက ပြောသည်။

တစ်ညလုံးထိုင်နေကြရသည်။ အိပ်မပျော် မအိပ်ကြရ။ လင်းပိုင်းရောက်လာမှအဖေကြီး မှေးခနဲအိပ်ပျော်သွားစဉ် အိပ်မက်ထဲမှာ အနက်ရောင်၀တ် ထားသောသူဆိုးက ဓားဖြင့် လိုက်ခုတ်သည်။ အဖေကြီး က အိမ်ခေါင်မိုးပေါ် ခုန်တက်သည်။ လူဆိုးကလိုက်ခုန်တတ် သည်။ အဖေကြီးက နောက် တစ်ဆောင် သို့ခုန်ကူးသည်။ လူဆိုးကခုန်ကူးလိုက်လာသည်။ အဖေကြီးက လူဆိုးလက်ထဲမှဓားကိုဆွဲပြီး လူဆိုး ကို သူ့ဓားနှင့် သူပြန်ခုတ်လိုက်သည်။ လူဆိုးအိမ်ပေါ်မှလိမ့်ချသွားသည်။ အဖေကြီးအိပ်ပေါ်သွားရာမှ လန့်နိုး သည်။
ချက်ချင်းပင် ဦးလေးကိုခေါ်ပြီးလှည်းဖြင့် တောင်အရပ်သို့သွားကြသည်။ ဖလံဗိုလ်ရွာရှိ မြန်မာ သမားတော်ကြီး ဆရာဘကိုပင့်သည်။ မနက်လင်းချိန်မှာ အိမ်ပြန်ရောက်လာသည်။
ဆရာကြီး က မောင်ငြိမ်းချမ်း၏ နဖူးကိုစမ်းကြည့်သည်။

''အို......ပူချစ်နေတာပါလား.....
လက်ကောက်၀တ် မှာ သွေးစမ်းကြည့်သည်။
ကရက်မက် သနပ်ခါး ကို ရေအေးအေးနှင့် များများရအောင် သွေးခိုင်းသည်။ အမေကြီး ကိုယ်တိုင် သွေးသည်။
မောင်ငြိမ်းချမ်း ၏ ကိုယ်ပေါ်မှ စောင်များအားလုံးဖယ်ပစ်သည်။ အ၀တ်များအားလုံးပါ ချွတ်စေသည်။ ပိတ်ထားသော တံခါးများကိုဖွင့်ခိုင်းသည်။ လျှောင်ပိတ်နေသော အိပ်ခန်းထဲသို့ လေအေးများ၀င်လာသည်။

ဆရာကြီးက သူ၏သွေးဆေးမှုံ့များနှင့် ကရက်မက်သွေးရေများရောမွှေပြီး မောင်ငြိမ်းချမ်း၏ တစ်ကိုယ်လုံး ခြေဆုံး ခေါင်းဆုံး လိမ်းပေးသည်။ မောင်ငြိမ်းချမ်းသတိ ရလာသည့်အခါ တကိုယ်လုံး အေးပြီး မွှေးပြီး ကြိုင်နေသည်။ နေ၍ကောင်းလှသည်။ အဖျားကျသွားပြီ။ ဆရာကြီးက မောင်ငြိမ်းချမ်း ကိုကြင်နာစွာ ကြည့်၍ ပြုံးလျှက်....
''နေကောင်းသွားပြီလား လူလေး.....
ဆရာကြီးအသံက အေးအေးမြမြ မောင်ငြိမ်းချမ်းခေါင်းညိတ်ပြသည်။ ဆရာကြီးက တစ်နေ့ လုံးစောင့်ပြီး ကုသ နေခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်းစိတ်ချရမှ ပြန်ကြွသွားသည်။ သို့သော် ဆရာကြီးမှာသည့်အတိုင်း ဆေးလိမ်း ဆေးတိုက် ဆက်လုပ်ရသည်။

မောင်ငြိမ်းချမ်း နေကောင်းပြီးသည့်နောက်မှပင် ပြင်းထန်စွာခံခဲ့ရသော အပူဒဏ်ကြောင့် ခြေဖဝါးများမှာ အပူဖုကြီး များ ပေါက်လာသည်ကို ဆက်ကုရသည်။ ဆယ်ရက်ခန့် ကြာမှ လမ်းလျှောက်နိုင်သည်။
သေကံ မရောက် သက်မပျောက်ဟုပင်ဆိုလောက်ကြောင်း အဖေကြီးကပြောပါသည်။

ချစ်ခဲ့ရသောဘီးအိုလေး

အဖေကြီး လခထုတ်ရာမှ ပြန်လာသောအခါ မောင်ငြိမ်းချမ်း လေးတန်းအောင်ကြောင်း သတင်းကောင်း ပါလာသည်။
''ဟေး..... ''
မောင်ငြိမ်းချမ်း ၀မ်းသာလွန်း၍ ထခုန်မိသည်။ ဖြေရသည်ကသူများတွေလို ၊ လွယ်လွယ်မဟုတ်။ မိုးရွာပြီး တစ်ရက် ပျက်သွား ၍ မေးခွန်းအသစ်နှင့် တစ်ယောက်တည်း ခက်ခက်ခဲခဲ ဖြေခဲ့ရ ခြင်းဖြစ်သည်။
''ငါ့မြေး က တော်တာပဲ.....အဖေကြီးက အောင်မှ အောင်ပါ့မလားတောင်စိုးရိမ်နေတာ.... ''
အဖေကြီးက ချီးမွမ်း၍ မောင်ငြိမ်းချမ်း ပိုပြီး၀မ်းသာရသည်။

''ငါ့မြေး က ကြိုးစားတော့အဖေကြီးက ကျောင်းဆက်ထားပေးရမယ် ငါ့မြေးက ပိုကြိုးစားပေါ့....
မောင်ငြိမ်းချမ်း ကျောင်းဆက်တက်ရမည်ကိုလည်း ၀မ်းသာရပြန်သည် မောင်ငြိမ်းချမ်း ကျောင်းဆက်တက် လျှင် (၆)မိုင်ဝေးသော စဉ့်ကိုင်း မြို့သို့သွားရမည်။ မောင်ငြိမ်းချမ်းတို့ ရွာမှ အနီးဆုံးအလယ်တန်းကျောင်း သည် စဉ့်ကိုင်းမြို့မှာရှိသည်။ အသွားအပြန်နေ့စဉ် (၁၂)မိုင်ခန့်ခရီးမို့ ခြေကျင်သွားရန်မလွယ်။ 

အဖေကြီး က မောင်ငြိမ်းချမ်းအတွက် စက်ဘီးတစ်စီးရအောင်ရှာသည် အဖေကြီးမှာ ပိုက်ဆံ ကလည်း များများ မတတ်နိုင်ရှာ။ ဆယ်နှစ် အရွယ် ကလေးစီး စက်ဘီးကလည်း ရှားပါသည်။ နောက်တော့ အသိအကျွမ်း ဆရာ များ၏ ဆက်သွယ်ပေးမှုနှင့် လက်ပံရွာစက်ဘီးပြင်ဆိုင်မှ ဘီးကလေး တစ်စင်း ရလာသည်။ ဂျပန်လုပ် စစ်တွင်းက သုံးခဲ့သော ဘီးအိုဘီးပုလေးဖြစ် သည်။ စက်ဘီးတစ်စီးလုံး အရောင် တောက်သည့် နေရာမရှိ။ ဂွေမဲသည်။ စပုတ်တံမဲသည်။ လက်ကိုင်မဲသည်။ အားလုံး အမဲရောင်ဖြစ်သည် လက်ကိုင်သီး တစ်ခုသာ အရောင်တောက် တာရှိသည်။
အမှန်ဆိုသော် လက်ကိုင်သီးက အရောင်တောက်ရမည် မဟုတ် ကျွဲကော်လက်ကိုင်သီးအမဲ ရောင် ဖြစ်ရမည်။ သို့သော် လက်ကိုင်သီးနေရာတွင် စက်သေနတ်ကျည်ဆံစွပ်ထား၍ မည်းရမည့် နေရာကျမှ ကျေးဝါရောင် တောက်နေသည်။

မည်သို့ပင်ဖြစ်စေ မောင်ငြိမ်းချမ်း စက်ဘီးလေးကို သဘောကျသည်။ သူ့ဘ၀မှာ ပထမဆုံး ရဘူးသော ကိုယ်ပိုင် စက်ဘီးလေးဖြစ်သည်။ ထိုစက်ဘီးလေးဖြင့်ပင် ဦးလေးက ဘီးစီးသင် ပေးသည်။ အရွယ်နှင့် ကိုက်ညီ သော ဘီးပုလေးဖြစ်၍ အခက်အခဲမရှိ စီးတတ်သွားသည်။ ဤစက်ဘီးလေးကိုစီး၍ စဉ့်ကိုင်းမြို့ အလယ်တန်း ကျောင်းသွားပြီး ပညာသင်ကြားရမည်။
စက်ဘီးကလေး ကို သဘောကျချစ်ခင်၍ ညအိပ်ရာ၀င်တိုင်းတစ်ကြိမ် တစ်ကြိမ်နမ်းမိသည်။ လက်ကိုင် အဆုံး နေရာလေးမှာ နမ်းခြင်းဖြစ်သည်။ အေးစက်စက် မာကြောကြောဖြစ်ပါ၏။ သို့သော် ချစ်ခင်စိတ်ဖြင့် နှစ်သက် မိပါ၏။

အဖေကြီး ရိုက်သည်ကို ခံရခြင်း

မောင်ငြိမ်းချမ်း အဖေကြီး အမေကြီးနှင့်အတူနေချိန်မှာ အဖေကြီး အမေကြီး ရိုက်သည်ကို တစ်ခါမျှမခံရပါ။ တစ်ခါတရံမှာ အမေကြီး၏ အော်ခြင်းဆူခြင်းခံရလျှင်ပင် အဖေကြီးသည် မောင်ငြိမ်းချမ်းဘက်မှ ကာကွယ် ပြောဆို တတ်သည်။
အဖေကြီး က မောင်ငြိမ်းချမ်း ကို မရိုက်ရုံမက မာမာတင်းတင်း ဆူးခြင်းငေါက်ခြင်းပင်မရှိပါ။
တစ်နေ့ မှာတော့ ညနေကျောင်းဆင်းပြီးချိန်မှာ မောင်ငြိမ်းချမ်း မိန်းကလေးနှစ်ယောက်နှင့် ကစားသည်။ တစ်ယောက် က မိကြွေ၊ နောက်တစ်ယောက်က မြခင်။ သြဇာစေ့ချင်း ဇယ်တောက်ကစားနေစဉ် မကြွေက
'' တော်ပြီ မပါတော့ဘူး..... ''
မောင်ငြိမ်းချမ်းနှင့်ကစားနေဆဲ ဇယ်စေ့များကို ဖျက်ပစ်လိုက်၍ မောင်ငြိမ်းချမ်း စိတ်ဆိုးပြီး '' - လိုမှပဲ'' ဟူ၍ ပြော လိုက်သည်။

ပြောမိပြီးသည်နှင့် မှားမှန်းသိပါသည်။ ဆဲခြင်းတိုင်းထွာခြင်းတစ်ခါမျှ မလုပ်ခဲ့ဘူးပါ။ အိမ်မှာ ဆဲရေး တိုင်းထွာ သူ ဘယ်သူမျှ မရှိပါ။ ဆဲရေးတိုင်းထွာခြင်းကို အဖေကြီးက  အလွန်မုန်းပါ သည်။
မောင်ငြိမ်းချမ်း တိုင်းထွာပြောလိုက်သောအခါ မိကြွေအံ့အားသင့်သွားသည်။ တစ်ခါမျှမကြားစဖူး ကြား လိုက် ရ၍ဖြစ်သည်။ တခြားသော ယောက်ျားလေးများ တိုင်းကာ ထွာတာပြောသည်များကို မိကြွေ ပြဿနာ မရှိခဲ့ပါ။ မောင်ငြိမ်းချမ်းတိုင်းထွာသောအခါမှ မိကြွေမခံရပ်နိုင်ဖြစ်သွားသည်။

''ဆရာကြီး ကို သွားတိုင်မယ်.... '' ဟုဆိုသည်။
''မတိုင်ပါနဲ့..... ''
မောင်ငြိမ်းချမ်း လှမ်းတားသော်လည်းမရ။ မိကြွေသွားတိုင်သည်။
အဖေကြီး တုတ်ကိုင်ပြီးရောက်လာသည်။
အရိုက်ခံ ရတော့မည် ဟု မောင်ငြိမ်းချမ်း နားလည်လိုက်ပါသည်။
မိကြွေ ကို တိုင်းထွာပြောတယ်ဆိုတာ ဟုတ်လား
အဖေကြီး က မိကြွေရှေ့မှာတင် မေးသည်။
မောင်ငြိမ်းချမ်း အဖေကြီးကို လိမ်ညာမပြောရဲပါ။ ဟုတ်မှန်ကြောင်း၀န်ခံရသည်။

မောင်ငြိမ်းချမ်းကို အဖေကြီးက နှစ်ချက်ရိုက်ပြီးဆုံးမသည်။ တင်ပါးမှာတစ်ချက်၊ ပေါင်မှာတစ်ချက် အရှိုး ထင်အောင် အရိုက်ခံရခြင်းဖြစ်သည်။
အသားနာ သည်ထက် အဖေကြီး၏အရိုက်ခံရသည်ကို ပို၍စိတ်မကောင်း ဖြစ်မိသည်။
ပထမအကြိမ် နှင့် နောက်ဆုံးအကြိမ် အရိုက်ခံရခြင်းဖြစ်သည်ဟု ပြောရမည်။ အဖေကြီးရိုက်သည် ကို ဤ တစ်ကြိမ်သာ ခံရသောကြောင့် ဖြစ်သည်။
တန်ပါသည်။ ထိုအချိန်မှစ၍ ဆဲရေးတိုင်းထွာခြင်းကို စက်ဆုပ်မုန်းတီးစွာ ရှောင်ကြည်မိသောကြောင့် ဖြစ် ပါ၏။

နောင်တွင် မောင်ငြိမ်းချမ်း မြောင်းမကြီးဘက်မှ စက်ဘီးဖြင့် ပြန်လာသောအခါ ရွာအရှေ့ဘက်ရှိ သရက်တန်း မှာ အသက်တူအရွယ်တူဖြစ်သော စောလှိုင် က မောင်ငြိမ်းချမ်း၏ နာမည်ကိုခေါ်ပြီး အော်ကြီး ဟစ်ကျယ် ဆဲရေးတိုင်းထွာပါသည်။ တစ်ကြိမ်တည်းမဟုတ် အကြိမ်များစွာဖြစ်သည်။
မောင်ငြိမ်းချမ်း စက်ဘီးပေါ်မှဆင်းပြီး လမ်းဘေးသရက်ပင်အောက်မှာ ရပ်နေသော စောလှိုင် ရှိရာသို့ သွားသည်။
မင်းလဲ ငါ မဆဲဘူး....မင်း နဲ့ ငါ ရန်လည်း မဖြစ်ဘူး....ဘာဖြစ်လို့ ငါ့ကိုဆဲတာလဲ..။

မောင်ငြိမ်းချမ်း မေးသည်ကို စောလှိုင်ဘာပြန်ပြောရမှန်းမသိ။
မင်းလည်း ငါမဆဲဘဲနဲ့ နောက်မဆဲပါနဲ့ကွာ.....။
မောင်ငြိမ်းချမ်း စက်ဘီးစီးပြီးပြန်လာခဲ့သည်။ နောင်တွင်မှ သိရသည်မှာ လူကြီးနှစ်ယောက် လောင်းကြေးစားကြေးလုပ်ကြခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်း ဆဲရေးတိုင်းထွာခြင်း မရှိကြောင်းပြောရာမှ သူ့ကိုဆဲရင် ပြန်ဆဲမှာပေါ့ ဟု လောင်းကြေးထားပြီး စောလှိုင်ကို အဆဲခိုင်းခြင်းဖြစ်သည်။ ပြန်ဆဲမှာ မဟုတ်ဟု လောင်းကြေးထားသူ အနိုင်ရကြောင်း သိရသည်။

နေပူထဲ မှာ အဖွားအို

မောင်ငြိမ်းချမ်း စက်ဘီးကျွမ်းကျင်သွားပြီ။ လက်တစ်ဘက်လွှတ်စီးနိုင်ရုံမက၊ လက်နှစ်ဘက်လွှတ်၍ပင် စီးနိုင်ပြီ။ လမ်းကောင်းလမ်းဖြောင့်သာမက လမ်းကျဉ်း လမ်းကောက်လမ်းတွေ့များကိုပင် ကျွမ်းကျင်စွာ စီးနိုင်ပြီ။ တောလမ်းများ လယ်ကန်သင်း များ ပေါ်မှာပင် စီးတတ်ပြီဖြစ်ပါသည်။
နွေရာသီဖြစ်၍ နေ့ခင်းနေ့လည်မှာ နေကပူပြင်းလှသည်။ မောင်ငြိမ်းချမ်းစက်ဘီးစီး၍ ရွာတောင်ဘက် သို့ ထွက်လာသောအခါ ဇရပ်ကြီးထဲမှာ မောင်ငြိမ်းချမ်း အရွယ်ကလေးတစ် စုဘုတ်တိုင် လုတန်း ကစားနေကြသည်။ မောင်ငြိမ်းချမ်းစက်ဘီးရပ်၍ ကြည့်နေစဉ် ဘွားကြီးငြိမ်း ထင်းစီးလေး ကို ရွက်၍ရောက်လာသည်။

ဟဲ့....ကလေးတွေ ....သံချောင်းများ မပါဘူးလား......။
သူ့မြေး၊ သံချောင်း ကိုမေးခြင်းဖြစ်သည်။
သံချောင်း မရှိဘူး....။
ဖြေသူ မှာ သံချောင်းဖြစ်သည်။
သြော်...ဒုက္ခ....။
အဘွားကြီး မှာ အသက်(၇၀) ကျော်ဖြစ်၍ မျက်စိမှုန်နေပြီ။
မရှိဘူး လို့ ဖြေတာ....ခင်ဗျားမြေး သံချောင်းပဲ။
ဘိုအေးက အဘွားကြီးကို လှမ်းပြောသည်။

ဟဲ့....သံချောင်းရယ် အမေကြီး တောထဲမှာ ဖိနပ်ကျန်ခဲ့လို့ သွားယူပေးပါဟယ်....။
မယူနိုင်ဘူး....နေပူတယ်....ကိုယ်မေ့တာကိုယ့်ဘာသာ သွားယူပေါ့။
သံချောင်း က ခပ်ရိုင်းရိုင်း ပြန်ပြောသည်။
'' သြော် ....ဒုက္ခပဲ အမေကြီးကို ယူပေးပါဟယ်.... ''
အဘွားကြီး ထပ်ပြီးတောင်းတောင်းပန်ပန် ပြောသည်။
''မယူနိုင်ဘူး''
သံချောင်း က ပြတ်သားသည်။
''သြော်...ငါသာသေလိုက်ပါတော့ဟယ်...ဒုက္ခဖြစ်လိုက်တာ...။

အဘွားကြီးက ထင်းစီးလေးကို ဇရပ်ဘေးမှာချလိုက်သည်။ တောမှာကျန်ခဲ့သောဖိနပ်ကို သွားယူရန် ပြန်ထွက် သွားပါသည်။ နေပူကြီးထဲမှာ ဆောင်းစရာလည်းမပါ။ ခြေထောက်မှာ လည်းဖိနပ်မပါ။ နေပြင်းချိန် မို့ နင်းရမည့်လမ်းက ပူနေပြီ။
အဘွားကြီးကိုကြည့်ပြီး မောင်ငြိမ်းချမ်း စိတ်မကောင်းဖြစ်မိသည်။ ဖြစ်နိုင်လျှင် ကူညီချင်သည်။ သို့သော် နေပူကြီး ထဲ အဝေးကြီးသွားလျှင် အဖေကြီးအမေကြီး စိတ်ဆိုးမှာကို စိုးရိပ်သည်။ အဘွားကြီးကို လှမ်းကြည့် လိုက်သည်။ သွားနေပုံက တလှုပ်လှုပ် တော်တော်နှင့် ပြန်ရောက်မည်မဟုတ် '' အဘွားကြီး.. .ဖိနပ်က ဘယ်နားက တောမှာလဲ.... ''
မောင်ငြိမ်းချမ်း လှမ်းမေးလိုက်သည်။
အဘွားကြီး နောက်သို့ ပြန်လှည့်ကြည့်သည်။

''ဟိုးက မြင်ရတဲ့စင်္ကြံကုန်းလွန်ရင် ကျော်သိန်းတို့ပြောင်းခင်းတွေ့မယ် ပြောင်းခင်းလွန်ရင် ဝါခင်း ရှိတယ်...ဝါခင်းကျော်ရင် ...နောက်ထပ်ကုန်းတစ်ခုတွေ့မယ်...။ အဲဒီကုန်းပေါ်က ထနောင်းပင်အောက်မှာ မီးဖိုလေး ဘေး ချွတ်ထားတာ.... ''
အဘွားကြီး က အပြည့်အစုံပြောသည်။
''ဟေ့ကောင် မသွားနဲ့ အဝေးကြီးပဲ သွားရင်တော့ မင်းအမေကြီး ကို သွားတိုင်မှာ.... ''
အရေးထဲမှာ ဘိုအေး က တိုင်ချင်နေသည်။ မောင်ငြိမ်းချမ်း ကူညီရန်တွန့်သွားသည်။ အဘွားကြီး ရပ်ကြည့်နေရင်း မှ စိတ်အားပျက်သွားဟန်တူပါသည်။
''တော်ပါပြီကွယ်...ကိုယ့်ဘာသာသွားပါတော့မယ်''
နေပူကြီးထဲ သို့ အဘွားကြီး တဖြည်းဖြည်းလျှောက်သွားနေသည်။

''အဘွား...နေအုံး ကျွန်တော်သွားယူပေးမယ်''
မောင်ငြိမ်းချမ်း ဆုံးဖြတ်လိုက်သည်။ ဘိုအေးတိုင်၍ အမေကြီး ရိုက်လည်း ရိုက်ပါစေတော့ သနားစရာ ကောင်း သော အဘွားကြီး၏ဖိနပ်ကို သွားယူပေးရန် ဆုံးဖြတ်လိုက်သည်။
''အဘွား ဒီဇရပ်ကစောင့်နေ..... ''
မောင်ငြိမ်းချမ်း စက်ဘီးလေးကို ခပ်မြန်မြန်စီးသွားသည်။ လှမ်းမြင်နေရသော စင်္ကြံကုန်းကို ပင် တော်တော် သွားရသည်။ စက်ဘီးကို ကုန်းပေါ်မှဖြတ်နင်းခဲ့သည်။ ကိုကျော်သိန်းပြောင်း ခင်းရောက်ပြီ။ ကန်သင်း အတိုင်းစက်ဘီးနင်းရသည်။ ဝါခင်းရောက်ပြီး။ စက်ဘီးစီး၍မရ တော့ပါ။ ဘီးကိုထားခဲ့ပြီး ခြေကျင် ပြေးရသည်။ ဝါခင်းလွန်တော့ ဘွားငြိမ်းပြောသော ကုန်းကိုရောက်ပြီ။ သို့သော် ခက်သည်က ထနောင်းပင် တွေ အများကြီးဖြစ်သည်။ မီးဖိုဘေး မှာဆို၍ မီးဖိုရှိသော ထနောင်းပင်ကိုရှာသည်။ တွေ့ပြီ မီးဖိုလေး ရှိသော ထနောင်းပင်။ သို့သော် ဖိနပ်မရှိ။

နောက်ထပ် မီးဖိုရှိသောထနောင်းပင်ကို ရှာရပြန်သည်။ ထနောင်းသုံးလေးပင်ကြည့်ပြီးပြီ။ မီးဖိုမရှိ။ ငါးပင်၊ ခြောက်ပင်မတွေ့။
“ဟော...ဟိုမှာ ..တွေ့ပြီ”
ခုနှစ်ပင် မြောက်ထနောင်းပင်အောက်မှာ မီးဖိုဘေးမှဘွားငြိမ်း ဖိနပ်ကလေး။ နောက်မြီးပါး နေသော ခုံဖိနပ် ကလေး မောင်ငြိမ်းချမ်း ကောက်ယူပြီး ပြန်ပြေးလာခဲ့သည်။ ပြေးလျှင်လေတိုးပြီး အပူသက်သာသည်။ မြန်မြန် လည်း ရောက်ချင်သည်။
စက်ဘီးဆီ ရောက်တော့ မြန်ပါပြီ။ ဘီးကို အမြန်နင်းခဲ့သည်။ ဇရပ်ပြန်ရောက်တော့ ကစားနေသူများ တစ်ယောက်မျှ မရှိကြ။ အဘွားကြီးလည်းမရှိ။ စက်ဘီးနှင့်သူ့အိမ်အထိ သွားပြီးပို့ပေးလိုက်သည်။ အဘွားကြီး က ဆုတွေပေးနေသည်မှာ မပြီးနိုင်မဆုံးနိုင်။

မောင်ငြိမ်းချမ်းအိမ်ပြန်ရောက်သည်နှင့်
“ဘယ်သွားနေတာလဲ”
အမေကြီးမေးသည်ကို မောင်ငြိမ်းချမ်း အမှန်အတိုင်းပြောပြလိုက်သည်။
“ဘိုအေး လာတိုင်လား အမေကြီး” ဟုလည်းမေးလိုက်သည်။

“အင်း.....ဘိုအေးကလည်းလာတိုင်တယ်။ အဘွားကြီးကလည်း ၀င်ပြောသွားတယ်။ မသောင်းမြေးတဲ့ လိမ္မာ လိုက်တာ..မောင်မင်းကြီးသား ရွှေကျောင်းဆောက်.. ကျုပ်မြေး တောင် လုပ် မပေး တာကို....အဝေးကြီးအထိ ဖိနပ်သွားယူပေးတယ်တဲ့။ ဆုတွေလည်း တောင်းသွားလိုက်တာ အများကြီး ပဲ...။ ရော့...ရော့..ထန်းလျက်ကလေးစားပြီး ရေနွေးကြမ်း သောက်လိုက်။ ရေအေးမသောက်နဲ့...င့ါမြေးက လိမ္မာ တော့ အဖေကြီးနဲ့အမေကြီးပါ ချီးမွမ်းခံရတာပေါ့.....”
အမေကြီး က မရိုက် မဆူရုံမက ချီးကျူး၍ပင်နေသေးသည်။ အမေကြီးပေးသော ထန်းလျက်ဖြူ နှစ်လုံးကို စားပြီး မောင်ငြိမ်းချမ်း ရေနွေးကြမ်းပူပူ တစ်ခွက်သောက်လိုက် ပါ၏။

အပိုင်း (၈)

အလကားရသောနွားနို့

မောင်ငြိမ်းချမ်း တို့ ရွာ၏တောင်ဘက် တစ်ဖာလုံခန်းမှ ကွင်းထဲတွင် နွားခြံများရှိသည်။ မောင်ငြိမ်းချမ်း တို့ ရွာမှ မဟုတ်။ အနောက်ကျေးတောရွာများမှ လာရောက်ကြခြင်းဖြစ်သည်။
မောင်ငြိမ်းချမ်း တို့ နေသော ၀န်းသိုရွာမှာ ကျောက်ဆည်လယ်တွင်းကိုးခရိုင်၌ပါ၀င်၍ ဆည်ရေသောက် ဒေသဖြစ်သည်။ မြောင်းကြီးမြောင်းငယ် အသွယ်သွယ်နှင့် လယ်ကြား မြောင်းကလေးများသည် ပိုက်ကွန် ဖြန့် သည်သို့ ယှက်ဖြာစီးဆင်းနေသည်။

လယ်ကွင်း၊နှမ်းခင်းများနှင့် စိမ်းစိုနေသည်။ မြေမှာ ရေဓာတ်နီး၍ နေရာတိုင်းမှာ ရေတွင်းတူးလျှင် ရေကြည် ရေကောင်းထွက်သည်။ သောက်ရေသုံးရေပေါသည်။
မောင်ငြိမ်းချမ်းတို့ရွာမှ အနောက်သို့သွားလျှင် ပန်းလောင်မြစ်ကို ကျော်ပြီးသည်နှင့် ကုန်းများဖြစ်လာသည်။ ဆက်သွားလျှင် ဆပ်ပြာကျင်းမြေများနှင့် မိုးခေါင်ရေရှားသော အနောက်ကျေးတောသို့ ရောက်သည်။ မိုးရာသီ မဟုတ်လျှင် ရေရှားသည်။ နွေရာသီတွင် လူစာသာမက နွားမွေးသူများသည် နွေရာသီတွင် နွားအုပ်များကို မောင်းနှင်၍ လယ်တွင်း ဒေသသို့ ရောက်လာကြသည် မောင်ငြိမ်းချမ်းတို့ရွာအနီးမှာ နှစ်စဉ် စတည်းချ ၍ နေထိုင်ကြ သည်။ မှတ်ချက်-(ယခုအခါ ကင်းတားဆည်ကြီးပြီးကတည်းက ကျောက်ဆည် ခရိုင် အနောက်ခြမ်း အထိ ဆည်ရေသောက်ဖြစ်ကြပါပြီ။)
နွားခြံတစ်ခုမှ နွားအကောင်ရေ လေးဆယ်၊ ငါးဆယ်ခန့်ရှိသည်။ နွားများကို ဆူးခက်များနှင့် ၀င်းခြံ ခတ်ထားသည်။

မနက်ပိုင်းတွင် နို့စို့အရွယ်ကလေးများရှိသော နွားမ များကို နွားနို့ညှစ်သည်။ နို့ညှစ်နွားမများလျှင် နွားနို့ကို မြေအိုး နှင့် တစ်အိုးနီးပါး လေးပိသာ ငါးပိသာ ရသည်။
ထိုနွားနို့များ ကို ခြံရှင်၏မိန်းမက မြေအိုးနှင့်ရွက်၍ ရွာထဲမှာလှည့်လည်ရောင်းသည်။ ရွာနံ့အောင် ရောင်းပြီး အပြန်တွင် ရွာတောင်တံခါးအထွက် မှာ ရှိသောမောင်ငြိမ်းချမ်းတို့ အိမ်သို့ ၀င်လာပြီး နှစ်ဆယ် သား၊ အစိတ်သားကျန်သမျှနွားနို့များကို အလကားပေးသွား လေ့ရှိသည်။

မိုးကျ၍ သူတို့ရွာသို့နွားခြံများ ပြန်ပြောင်းချိန်တွင် အမေကြီးက ဆန်၊ဆီ၊ ကုလားပဲ စသည်လယ်ထွက်၊ ယာထွက် သီးနှံ များကို လက်ဆောင်ပြန်ပေးရပါသည်။
နွားနို့ရောင်းသူအပြန်မှာ နေ့စဉ်၀င်ပေးသောနွားနို့များကို အမေကြီးက အိုးတစ်လုံးနှင့်ထည့် ၍ မီးဖိုပေါ် တင်ပြီး ပွက်ပွက်ဆူ သည် နှင့် ဆော့ကစားနေသော မောင်ငြိမ်းချမ်း ကို လှမ်းခေါ်သည်။
မောင်ငြိမ်းချမ်း သိပါသည်။ နွားနို့သောက်ရန်ခေါ်ခြင်းဖြစ်သည်။

မောင်ငြိမ်းချမ်းကစားနေရာမှ ပြေးသွားလိုက်သည်။ အမေကြီးကဆူပွက်အောင်ကြိုပြီးသော နွားနို့များကို ဆုံပန်းကန် (ဟင်းချိုရည်ထည့် အလယ်တည်ကြွေပန်းကန်လုံးကြီး) ထဲထည့် ဆားခတ်ဇွန်းတတ်ပြီး မောင်ငြိမ်းချမ်း ကို အသောက်ခိုင်းသည်။
နွားနို့ ရောင်းသူ ကျန်၍ ပေးသော နွားနို့ကိုအမေကြီးက အလွယ်ဆုံး အသုံးချ လိုက်ခြင်းဖြစ်သည်။ စာ တစ်လုံး မျှ မတတ်သော အမေကြီးသည် နွားနို့၏ အကျိုးကြီးမား ပုံနားလည်၍မဟုတ်ပါ။ စားသုံးရန် အာဟာရကောင်း အဖြစ်တော့သိပါသည်။ ထို့ကြောင့် မောင်ငြိမ်းချမ်းကို အသောက်ခိုင်းခြင်းဖြစ်သည်။ 

မောင်ငြိမ်းချမ်း ကလည်း မြန်မြန်သောက်ပြီးလျှင် မြန်မြန်ပြန်ကစားချင်၍ ကောင်းခြင်း၊ မကောင်းခြင်း၊ သောက်လိုခြင်း၊ မသောက်လိုခြင်း စဉ်းစားမနေတော့ဘဲ ပန်းကန်လိုက်ကိုင်၍ မော့သောက်လိုက်သည်။ သောက်ပြီးသည် နှင့် သူငယ်ချင်းများရှိရာ ညောင်ပင်အောက်သို့ အမြန်ပြန်ပြေးသည်။ ဤနည်းအားဖြင့် မောင်ငြိမ်းချမ်း ငယ်စဉ် က နေ့စဉ်နီးပါး နွားနို့ပန်းကန် ကြီးတစ်လုံးသောက်ခဲ့ရပါ၏။ ညီအစ်ကို မောင်နှမများနှင့်မတူ တမူထူးခြား၍ မောင်ငြိမ်းချမ်း၏ အရပ်ခြောက်ပေအထိ ထွားကျိုင်းသည်မှာ ဆော့ကစားအရွယ်တွင် နေ့စဉ် နွားနို့တစ်ပန်းကန်သောက်ရခြင်းလည်း အကြောင်း တစ်ချက်ဖြစ်မည်ဟု မှတ်ယူ မိ ပါသည်။

ရွာဓလေ့နှင့်ငယ်ဘ၀

 ရွာမှာနေရသည့် ငယ်ဘဝကို မောင်ငြိမ်းချမ်းပျော်သည်။ အဖေကြီး၏ ခြံကျယ်ကြီးထဲမှာ ပန်းပင်များ၊ စားပင် သီးပင်များ စုံလင်သည်။ ငှက်ပျောသီးဝယ်မစားရ၊ခြံအပင်များမှ အဝစားရသည်။ သပြေသီး ဆိုသည် မှာ အပင်ပေါ်တက်ပြီး စိတ်ကြိုက်စားရသည်။ သရက်သီးခြံထဲမှာ အမျိုးစုံရှိသည်။ နက်တဲ့၊ သုံးလုံး တစ်တောင်၊ အောင်ဒင်၊ ကြေးတငုံ၊ ဘင်္ဂလား ကြိုက်ရာခူးစားနိုင်သည်။ မာလကာသီးဆိုလျှင် အူနီသီး၊ အူဖြူသီး အစုံရှိသည်။ မောင်ငြိမ်းချမ်းက သစ်ပင်တက်ကျွမ်း၍ ကိုယ်တိုင်ခူးစားနိုင်သည်။

ကျောင်းပိတ်ရက်များမှာ သူငယ်ချင်းများနှင့် တောလယ်သွားရသည်။ ဝါတွင်းဆိုလျှင် နှမ်းခင်းများမှာ ကဆစ်သီး ကောက် ထွက်ရသည်။ သခွားသီးမျိုးနွယ်ပင်မှ သီးသော အလုံးကလေးများဖြစ်သည်။ မရမ်းသီး အရွယ်၊ ဂွေးသီးအရွယ်ဖြစ်သည်။ မှည့်လျှင် ဝါဝင်းနေသည်။ စားလျှင် သခွားသီးလိုချိုသည်။ နုးညံ့သည်။ အလေ့ကျ ပေါများစွာ ပေါက်သည်။ နှမ်းခင်းထဲဆင်းသွားလျှင် ပုဆိုးခါးပိုဒ်နှင့်အပြည့် ခဏအတွင်းရသည်။ မောင်ငြိမ်းချမ်း တို့ အဝစားကြသည်။ 

မြောင်းမကြီးဘက်သွားလျှင် ဖိုးဝန်ကြီး၏ မာလကာခြံရှိသည်။ ကလေးများစားရန်စိုက်ထားခြင်းဖြစ်သည်။ သို့သော် သူ့ခြံမှာ သူ့စည်းကမ်းရှိသည်။ ကြိုက်သလောက်ခူးစား၊စား၍ဝလျှင် အဖေအမေဖို့ ညီလေး နှမလေး ဖို့ ခူးစားနိုင်သည်။ ရောင်းတော့မစားနှင့် ရောင်းစားသည် သတင်းကြားလျှင် နောက် တစ်ခေါက် လာပါက နားရင်းအရိုက်ခံရမည်။

ဦးမြအေး သခွားခင်းကတော့ အခင်းထဲမှာ ကြိုက်သလိုစား၊ခူးခွင့်မရှိ၊သူ့ခြံသွားလျှင် မောင်ငြိမ်းချမ်းတို့ သူ့စည်းကမ်းကို လိုက်နာကြသည်။ မိုးဦးကျလျှင် ရွာတောင်ဘက်မှ စင်္ကြံကုန်းမှာ ကြောက်ပွင့်များ ကောက်ရသည်။ မောင်ငြိမ်းချမ်းတို့ရွာမှာသာရှိသည့်ထူးခြားသောစားစရာဖြစ်သည်။ သဘာဝ ထွက်ကုန် ဖြစ်၏။ ကြွက်နားရွက်မှိုနှင့်တူသည်။ ရေစင်စင်ဆေးပြီး သုတ်စား၍ရသည်။ ကြာဇံနှင့်ဟင်းချိုချက်၍ရသည်။ မောင်ငြိမ်းချမ်းတို့လိုသလောက် သွားကောက်ယူစားကြသည်။ မည်သူမျှ ရောင်းစားသည်ဟူ၍ မရှိ။

မျိုးဖြိုင်ဖြိုင်ကျလျှင် အနောက်ဘက်အင်းစောက်မှ ယာခင်းများ မြေပဲပင်ပေါက်များ သွားနှုတ်ကြရသည်။ ချက်စား၊ ကြော်စား၊ အားရှိ အာဟာရဖြစ်သည်။ နွေဦးပေါက်ဆိုလျှင် ထန်းသီးခိုင်များကို တက်များက ချိုင်ပေး၍ ကလေးများအဝစားကြရသည်။`
ဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူပွဲများမှ သွားရစားရသည်များကိုလည်း မောင်ငြိမ်းချမ်း ပျော်သည်။

အောင်ညိုသည် အဖေရော အမေပါမရှိ။ အဒေါ့်အိမ်မှာနေရသည်။ မောင်ငြိမ်းချမ်းနှင့် ဘောလုံးကစားဘက်၊ တောလည်သွားဘက်၊ တစ်နေ့တွင် မောင်ငြိမ်းချမ်းကို သူတို့တောသို့ခေါ်သွားပြီး ကောက်ရိုးပုံ နား မှာ အနေခိုင်းသည်။ ပြီးမှ ကောက်ရိုးပုံထဲမှာ ထည့်အုပ်ထားသော ငှက်ပျောခိုင် ဆွဲထုတ်လိုက်သည်။ တစ်ခိုင်လုံး ရွှေရောင်၀င်းပနေ၏။ မောင်ငြိမ်းချမ်း အကြိုက် နံ့သာပု ငှက်ပျောသီး များဖြစ်သည်။ 
“အ၀စားကွာ” ဟု အောင်ညိုက ပြောသည်။
နှစ်ယောက်သား တစ်ခိုင်လုံးကုန်အောင် စားကြသည်။ ဗိုက်တင်းသွားကြ၏။

စဉ့်ကိုင်မြို့ အလယ်တန်းကျောင်း

ကျောင်းဖွင့်သည် နှင့် မောင်ငြိမ်းချမ်း စဉ့်ကိုင်ကျောင်းမှာတက်ရသည်။ အလယ်တန်းကျောင်းသား ဖြစ်သွားပြီ။ ရွာမှာအလယ်ကျောင်းတက်သူ တစ်ယောက်မျှမရှိ၍ မောင်ငြိမ်းချမ်း ကျောင်းသွားဖော် ပင်မရှိ။ လုံချည်စိမ်း နှင့် အင်္ကျီဖြူ၀တ်ပြီး ရွာမှတစ်ယောက်တည်း ထွက်ရသည်။ အဖေကြီး၀ယ် ထားသော စက်ဘီးလေး နှင့်ဖြစ်သည်။

ကိုယ့်ရွာမှာတော့ ကိုယ့်ဘီးကလေးနှင့် ဂုဏ်တင့်နေသည်။ ကြော့ကြော့ကလေး စီးထွက်လာ ခဲ့သည်။ ရွာအရှေ့ပေါက်မှ ထွက်သည်နှင့် ရဲရဲနီနေ၏။ ကသစ်တန်းလွန်လျှင် သရက်ပင်တန်းရှိသည်။ သရက်တန်း လွန် သည် နှင့် မြောင်းဘောင်ရောက်၏။ ကျောက်ဆည်မြို့မှ စီးဆင်းလာသော ဆည်ရေသောက်မြောင်း မကြီး ဖြစ်သည်။ မြောင်းဘောင်တစ်လျှောက်မှာ သပြေ ဖြူ၊ သပြေနီပင်များ တန်းစီပေါက်နေသည်။ မြောင်းဘောင်လမ်းမှာ ညီညာပျံ့ပျူးသော စက်ဘီး လမ်းဖြစ်သည်။ လှည်းများမြောင်းဘောင်ပေါ် ဖြတ် မမောင်း ရ။ မောင်းလျှင် အရေးယူသည်။ စက်ဘီးစီး၍ အလွန်ကောင်းသော လမ်းဖြစ်သည်။

ဆည်ကတော်ရွာကို ဖြတ်ကျော်ပြီးသော် မြောင်းနှစ်ခွဆုံရာ ရေထိန်းတံခါးကို ရောက် သည်။ ထိုနေရာမှ နှစ်ထပ် ဗိုလ်တဲကြီး တစ်ခု ခမ်းခမ်းနားနား ဆောက်ထားသည်။ ဆည်မြောင်းအရာရှိများ တည်းရန် နေရာဖြစ်သည်။
    ရေတံခါးလွန်သော်မြောင်းပိုကြီးလာသည်။ မြောင်းဘောင်လည်း ပိုကျမ်းသည်။ စက်ဘီး စီး၍ ပိုကောင်း သည်။ ၁မိုင်ခန့်သွားလျှင် ဖလံဗိုလ်ရွာရောက်သည်။
    ဖလံဗိုလ်ရွာမှ အရှေ့တည့်တည့်သွားသောလမ်းအတိုင်း (၃)မိုင်ကျော် (၄)မိုင်နီးပါး စက်ဘီး စီးလျှင် စဉ့်ကိုင် ရောက်သည်။

ဖလံဗိုလ်ရွာတွင် အလယ်တန်းကျောင်းသား ကျောင်းသွားဖော်များ ရှိပြီ။ မောင်ငြိမ်းချမ်း နှင့်(၄)တန်း တစ်နှစ်တည်း အောင်ကြသူများဖြစ်၏။ ဖလံဗိုလ်ရွာမှ ခင်မောင်၊ မြောင်းဆုံရွာမှ ကျော်သောင်း၊ ဟင်းငူမှ မောင်ဘမောင်နှင့် ခင်မောင်ကြည်ဖြစ်သည်။ အားလုံးမှာ မူလတန်း ကျောင်းအုပ် ဆရာကြီး များ၏ သားများဖြစ်ကြသည်။

ဖခံဗိုလ်မှ စဉ့်ကိုင်သွားသောလမ်းမှာ ကုန်းနီးအထိ အလွန်ဆိုးပါသည်။ လှည်းလမ်း လှည်းဘီးရာအတိုင်း စက်ဘီး နင်းရသည်။ နေရာများစွာတွင် လှည်းဘီးရာမှ တစ်ပေကျော်နက် သော ချောက်ကြီးများ ဖြစ်နေသည်။ အချို့နေရာမှ ချောက်ကအလွန်ကျဉ်းသည်။ စက်ဘီး ခြေနင်းစီးနှင့် ဘေးဘက်မှ ချောက်ခရောင်း များတိုက်ပြီး မကြာခဏ ဂျွမ်းပစ်လဲသည်။ အချို့ ချောက်ကြီးများမှာ အလွန်နက်၍ စီးရသည် မှာလည်း အလွန်ခက်သည်။ လဲလျှင်လည်း အလွန် နာသည်။ ဘေးမှ ခရောင်းအမာများနှင့် ထိမိခိုက်မိသည်။ ပေါက်ပေါက်ပြဲပြဲ ဖြစ်ရသည်။ မလဲသော နေ့မရှိ၊ အ၀တ်များမှာလည်း ချွေးနှင့်ဖုံရောပြီး ပေပေ တေတေဖြစ်ရပြီ။

စဉ့်ကိုင်မြို့ ကျောင်းသို့ရောက်သောအခါ မြို့ပေါ်ကျောင်းသားများ၏ စက်ဘီးများက ကိုယ့်ဘီး နှင့် မယှဉ်သာ အောင် ကောင်းနေကြသည်။ များသောအားဖြင့် ရာလေးဘီး၊ ဟမ်းဘားဘီး အသစ်များ ဖြစ်သည်။ နေအရောင်မှာ တပြောင်ပြောင် တလက်လက်တောက်ပနေကြသည်။
အသစ်မဟုတ်သော စက်ဘီးများကပင် ကိုယ့်ဘီးထက်အများကြီးသာ အလွန်ကောင်း မွန်နေကြသည်။ အသေ အချာ နှိုင်းယှဉ်ကြည့်သောအခါ 
ကိုယ့်ဘီးသည်အားလုံးထဲမှာ အညံ့ဆုံး လောက်ဖြစ်နေသည်။
စက်ဘီးချင်း ယှဉ်လိုက်တိုင်း မောင်ငြိမ်းချမ်းကချည်းရှုံးနေသည်။ မောင်ငြိမ်းချမ်းစက်ဘီး မှာ နေ‌ေရာင်ထဲ သွားလျှင်လည်း ဘာအရောင်မျှမထွက်။

“ကောင်းတယ်......ငါ့စက်ဘီးက ဘယ်သူ့မျက်စိမှ ဒုက္ခမပေးဘူး”
မောင်ငြိမ်းချမ်းက အဆင်ပြေအောင် တွေးလိုက်ခြင်းဖြစ်၏။
အ၀တ်အစားချင်းယှဉ်တော့လည်း မြို့ပေါ်မှကျောင်းသားများကို မောင်ငြိမ်းချမ်းမမီ။ သူတို့က ကျောင်းနှင့် အိမ်နီးသည်။ စက်ဘီးစီးပြီး ကြော့ကြော့လေး လာရသည်။ သူတို့အင်္ကျီ၊ လုံချည်များမှာ ချွေးမပေ၊ ဖုံမကပ်။ မီးပူကျ၊ သပ်ယပ်လှပနေကြသည်။

မောင်ငြိမ်းချမ်းကတော့ ခြောက်မိုင်ခရီးစက်ဘီးစီးလာရ၍ ချွေးရွှဲသည်။ စက်ဘီးလဲတိုင်း ဖုံပေသည်။ ချွေးနှင့် ဖုံရောသောအခါ ပို၍ညစ်ပေနွမ်းသည်။ လုံချည်စိမ်းနှင့် အင်္ကျီဖြူချင်းတူသော် လည်း ပိတ်စချင်းမှာ အကောင်း အညံ့ကွာသေးသည်။
မုန့်ဖိုးချင်း ယှဉ်တော့လည်း မောင်ငြိမ်းချမ်းရှုံးသည်။ မောင်ငြိမ်းချမ်းကို အမေကြီးက နေ့စဉ်မုန့်ဖိုး တစ်မူးသာ ပေးနိုင်သည်။ ထိုအချိန်က မူးသုံး 
မတ်သုံးသောကာလ။ တစ်မတ်ပေးလျှင် ခေါက်ဆွဲသုတ်၊ မုန့်တီသုတ်၊ လက်သုတ်စုံစားနိုင်သည်။ တစ်မူးဆိုလျှင် ဂျုံယိုတစ်ခွက်သာရ၏။ ဂျုံစေ့ကို ထန်းလျက် နှင့်ကြိုပြီး အုန်းသီးဆံအဖတ်ကလေးများ ထည့်ပေးထား၏။ ဂျိုယိုတစ်ခွက်ဆိုလျှင်ဗိုက်တင်းအောင် သောက် ရ၏။ မြို့ပေါ်မှ ပြည့်စုံသော ကျေင်းသားများက မုန့်ဖိုးတစ်မတ်ငါး မူးရ၍ ကောင်းသည်များ စားနိုင်ကြသည်။

မောင်ငြိမ်းချမ်း မြို့ကျောင်းမှာ စက်ဘီးချင်းယှဉ်လျှင်လည်း ရှုံးသည်။ အ၀တ်ချင်းလည်း ရှုံးသည်။ မုန့်ဖိုးချင်း ယှဉ်လည်း ကိုယ်ကရှုံး၍ မသိမသာ နိုင်းယှဉ်မိရာမှ မသိမသာအားငယ်စိတ် ၀င်ရသည်။ ထိုကိစ္စများ ထက်ပိုဆိုးသည်မှာ စာကျတော့လည်း မြို့ပေါ်မှ ကျောင်းသားများကိုမမီ။ မယှဉ်နိုင်ခြင်း ဖြစ်သည်။

အခြေခံညံ့သောသင်္ချာ

မောင်ငြိမ်းချမ်း စဉ့်ကိုင်မြို့အလယ်တန်းကျောင်းမှာ (၅)တန်းတွင် ပညာသင်ရသောအခါ အခြားသော ဘာသာရပ် များ အတွက် အခက်အခဲမရှိသော်လည်း သင်္ချာဘာသာတွင် အခက် အခဲကြုံရသည်။ 
သင်္ချာဆရာမက ပုစ္ဆာ(၃)ခုပေးသည်။ သုံးချက်တွက်နည်းနှင့်တွက်ရန် ပြောသည်။ သုံးချက်တွက် နည်းကို မသင်ဘူး၍ မောင်ငြိမ်းချမ်းမသိပါ။ မရလျှင် သုံးချက်အရိုက်ခံရမည့်တွက်နည်း ဖြစ်မှာပေါ့ဟုတွေးပြီး ပြုံးမိ သေးသည်။ သူ့ဘေးဘယ်ညာမှ ကျောင်းသားနှစ်ယောက်က တွက် တတ်သည်။ တွက်နေကြပြီ။ သူတို့ နှစ်ယောက်စလုံး စဉ့်ကိုင်မြို့ပေါ်ကျောင်းမှ လေးတန်းအောင် ကြသူများဖြစ်သည်။ 

မတွက်လျှင် အရိုက်ခံရမှာကြောက်၍ ဘယ်ဘက်မှ ကျောင်းသား တွက်နေသည်ကို လှမ်းကြည့်သည်။ ကလေးမှာလည်း ကလေးသိက္ခာရှိသည်မို့ မောင်ငြိမ်းချမ်းကြည့်ပုံက မသိမသာဖြစ်သည်။ မသိမသာ ကြည့်တော့လည်း မမြင်ရ မောင်ငြိမ်းချမ်း ဘယ်ဘက်သို့ နည်းနည်းတိုးကြည့်သည်။ မမြင်ရသေး သိက္ခာ အားလုံး ချပစ်လိုက်ပြီး အနီးထိတိုးကပ်ကြည့် လိုက်သည်။ ကြည့်မှန်းသိသည်နှင့် အကြည့်ခံ ရသောကျောင်းသားက ကျောကုန်းနှင့် လှည့်ကွယ် လိုက်သည်။ မကြိုက်သောသဘောဖြစ်သည်။ မောင်ငြိမ်းချမ်း မမြင်ရတော့ပါ။

“မကြိုက်လဲ မကြည့်ဘူးပေါ့ကွာ..”
ကလေးမှာလည်း မာနရှိပါသည်။ သို့သော် မတွက်လျှင် အရိုက်ခံရမှာကြောက်၍ ညာဘက်မှ ကျောင်းသား တွက် နေသည် ကိုကြည့်ရပြန်သည်။ ကြည့်မှန်းသိသည်နှင့် ညာဘက်ကျောင်းသား ကလည်း ဗလာစာရွက် ကို ထောင်၍ကာလိုက်သည်။ မောင်ငြိမ်းချမ်းမမြင်ရတော့ပါ။
“ရိုက်ချင်လည်းရိုက်ပါစေတော့” 

မောင်ငြိမ်းချမ်းစိတ်လျှော့လိုက်သည်။ စက်ဘီးချင်းယှဉ်ရာတွင် ရှုံးနိမ့်ခြင်းတို့ထက် စာချင်း ယှဉ်ရာမှာ ရှုံးနိမ့်သည် က မောင်ငြိမ်းချမ်းကို သိမ်ငယ်စိတ်ဖြစ်စေသည်။ အားပျက်မိသည်။ 
မြို့ပေါ် မှ ကျောင်းသားများက ငါ့ထက် အရာရာ သာသည်။ ငါသူတို့ကို ဘာမျှ မမီ ဟုထင်လာသည်။ အထူး သဖြင့် သင်္ချာဘာသာသင်သောအချိန်မှာ မောင်ငြိမ်းချမ်း ဘာမျှနားမလည်ပါ။ သင်္ချာသင်ချိန်မှာ မောင်ငြိမ်ချမ်း အားအငယ်ဆုံးဖြစ်သည်။ သင်္ချာချိန်ရောက်မှာကိုပင် ကြောက်လာသည်။ ကိုယ့်မှာ သင်္ချာဥာဏ် မရှိဟုပင် ထင်လာသည်။ လပတ်စာမေးပွဲ တိုင်းမှာသင်္ချာကျသည်။ ဘာသာစုံ မအောင်သော အခါ လပတ်စာမေးပွဲလည်းမအောင်ပါ။ လပတ်စာမေးပွဲကို လတိုင်းကျနေသည်။ သင်္ချာဘာသာက အမှတ်အများဆုံးရနိုင်သော ဘာသာဖြစ်၍ သင်္ချာကျသောအခါ အဆင့်လည်း အများကြီး ကျသွားသည်။ လူ(၆၀) ရှိသောအတန်းမှာ မောင်ငြိမ်းချမ်း အဆင့်က (၄၀) ကျော်လောက်မှာရောက်နေသည်။

ကြာသောအခါ မောင်ငြိမ်းချမ်း ကိုယ့်ကိုယ်ကိုညံ့သည်ဟုပင် ထင်လာသည်။ မြို့ပေါ်ကျောင်းသား များနှင့်ပြိုင်ချင်စိတ် အားနည်းလာသည်။ တဖြည်းဖြည်းနှင့်ကျန်သည့်ဘာသာများပါ ညံ့လာသည်။
အမှန် စင်စစ် သင်္ချာအခြေခံကွာရသည်မှာ ကျောင်းချင်းကွာသည်ကို မောင်ငြိမ်းချမ်းနားမလည်နိုင်ခဲ့ ပါ။ မြို့ကျောင်း မှာ လေးတန်းကဲ့သို့ အရေးကြီးသော အတန်းကို လေးဘာသာရှိလျှင် ဆရာ၊ ဆရာမ လေးယောက် သင်ကြသည်။ မြန်မာစာကျွမ်းသူက မြန်မာစာသင်သည်။ သင်္ချာကျွမ်းသူက သင်္ချာ၊ သမိုင်း၊ ပထဝီ သူ့ဘာသာနှင့်သူ အပြိုင်အဆိုင် ကြိုးစားသင်ကြသည်။

အဖေကြီးကျောင်းမှာ အတန်း(၅)တန်းမှာ အဖေကြီးတစ်ယောက်တည်းသင်ရသည်။ လေးတန်း ကျောင်းသား မောင်ငြိမ်းချမ်းက အဖေကြီးစားပွဲနားမှာနေရသည်။ အတန်းဟူ၍ သီးခြားမရှိ။ မောင် ငြိမ်းချမ်း ကိုယ်တိုင်ကလည်း မန္တလေးမြို့ ဘီဘီအိုအေ မိဘမဲ့ကျောင်းမှာ (၃)တန်းနှစ်တစ်၀က်သာ သင်ပြီး အဖေကြီး ကျောင်းမှာ (၄)တန်း၀င်ဖြေရသည်။ (၃)တန်းလည်းပြီး (၄)တန်းလည်းပြည့်စုံ အောင် မသင်ရ။ 

အထူးသဖြင့် သင်္ချာမှာ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားကိုသာ အဓိကထား သင်နိုင်သည်။ စာမေးပွဲနားနီး မှ အပိုင်းဂဏန်းနှင့် ဒသမဂဏန်းများ သင်ရသည်။ ပုစ္ဆာများတွက်ရ သောအခါ မောင်ငြိမ်းချမ်း အတွက်ခက်နေသည်။ မစဉ်းစားတတ်ဖြစ်နေသည်။ ဆရာမရှင်းပြသည် များကိုလည်း နားမလည်နိုင်ဖြစ်ရသည်။ ကြာသောအခါ မောင်ငြိမ်းချမ်းသင်္ချာဘာသာကို စိတ်ပျက် လာသည်။ သင်္ချာချိန် ရောက်မှာ ကိုပင် ကြောက်လာသည်။ သင်္ချာကို ဝါသနာမပါဟု ထင်လာသည်။ သင်ပြသည်ကို နားလည် အောင် မကြိုးစားသောအခါ သင်္ချာပို၍ညံ့လာသည်။ ကျောင်းသင် ဘာ သာမှာ သင်္ချာပါနေသည်ကိုပင် မကျေမနပ်ဖြစ်လာသည်။ 

၀ါသနာပါသောမြန်မာစာ

ကျောင်းသင်ဘာသာရပ် ထဲတွင် မောင်ငြိမ်းချမ်း စိတ်အ၀င်စားဆုံးမှာ မြန်မာစာဖြစ်သည်။ မြန်မာစာ ကို ငယ်စဉ်ကပင် ဝါသနာပါခြင်းဖြစ်သည်။ ပထမတန်း၊ ဒုတိယတန်းမှာကတည်းက တတိယတန်း၊ စတုတ္ထတန်း မြန်မာဖတ်စာအားလုံးကို ဖတ်ပြီးဖြစ်နေသည်။ စာဖတ်ဝါသနာပါ၍ စာများဖတ်ဖြစ် သည်။ (၅)တန်းမှာ သင်္ချာအမြဲတမ်းကျသော်လည်း မြန်မာစာကတော့ အမြဲတမ်းအောင်သည်။ မြန်မာစာ အချိန် ဆိုလျှင် စိတ်၀င်စားသည်။

တစ်နေ့တွင် (၅)တန်းမြန်မာစာဆရာမက အတန်းရှေ့မှ သင်ပုန်းကြီးပေါ်တွင် အောက်ပါကဗျာကို သင့်လျော်ရာ ခေါင်းစဉ်ကပ်၍ (၁)မျက်နှာခန့် စာစီကုံးပါဟု ခိုင်းပြီး ကဗျာလေးနှစ်ကြောင်း ရေး လိုက်သည်။

"ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ ပင်မြက်ကယ်မြေစာထူလှတယ် 
ဖိုးတောင်သူ့တဲ"ဟူ၍ ဖြစ်သည်။
မောင်ငြိမ်းချမ်းသဘောကျသည်။ ကောင်းစွာရေးနိုင်သည်။ ကဗျာထဲမှာ မောင်ငြိမ်းချမ်းမသိတာ ဘာမျှမရှိ။
မောင်ငြိမ်းချမ်း သင်္ချာမတွက်တတ်၍ ကြည့်စဉ်က ကိုယ်နှင့်လှည့်၍ကွယ်သော ဘယ်ဘက်ဘေးမှ ကျောင်းသားမှာ ချိုးကိုကောင်းစွာ သိဟန်မတူ။
"ဟေ့ကောင် ချိုး ဆိုတာ ဘယ်လိုကောင်မျိုးလဲကွ"ဟု မောင်ငြိမ်းချမ်းကို မေးသည်။

မောင်ငြိမ်းချမ်း ချိုးကိုကောင်းစွာသိပါသည်။ မောင်ငြိမ်းချမ်းတို့ရွာမှာ ချိုးနှစ်ကောင်မက အုပ်လိုက် ရှိသည်။
မောင်ငြိမ်းချမ်းက ချိုးဘယ်လိုကောင်ဆိုသည်ကို ရှင်းပြပေးလိုက်သည်။
"ဟေ့ကောင်...ထနောင်းပင်က ညီအစ်ကိုတွေ ဘာတွေရှိလို့လား"
မောင်ငြိမ်းချမ်း ညာဘက်ဘေးမှ စာရွက်ထောင်၍ကွယ်သော မြို့ကျောင်းသားက မေးခြင်းဖြစ် သည်။
မောင်ငြိမ်းချမ်းက ရွာဓလေ့သဘာ၀အရသစ်ပင်များကို ဆွေမျိုးစပ်ခေါ်လေ့ရှိကြောင်း "ထန်းညီ အစ်ကို" "ညောင်ပင်မောင်နှမ"ဟု ခေါ်သကဲ့သို့ "ထနောင်းပင်ညီနောင်"ဟု ခေါ်ခြင်းရှိကြောင်း ရှင်း ပြသည်။
တစ်ယောက်ကတော့ "ပန်းတော်ဖြူ" ဆိုသည်ကိုမသိ။

"ပန်းတော်ဖြူဆိုတာ ဘယ်လိုအပင်လဲကွ အမြင့်ကြီးလား..."ဟု မေးသည်။
"ပန်းတော်ဖြူ ဆိုတာ မြက်ကွ မမြင့်ဘူး"
မောင်ငြိမ်းချမ်းရှင်းပြရပြန်သည်။
ထိုနေ့က မောင်ငြိမ်းချမ်းအတော်ဟန်ကျသည်။ မေးသမျှဖြေနေရ၍ ဆရာကြီးဖြစ်နေသည်။
"ဖိုးတောင်သူတဲ" ဆိုသည်မှာ မောင်ငြိမ်းချမ်းသွားနေကျဘဲ။ အဖေ့တဲ။ ခေါင်းစဉ်ပါရသွားပြီ။ "ဖိုးတောင်သူတဲ" ဟု တပ်လိုက်သည်။
ကိုယ့်ရွာ ကိုယ်လက်ထဲ ကိုယ်ကျွမ်းကျင်ရာပတ်၀န်းကျင်ကို ရေးဖွဲ့ရခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်း ကောင်းစွာ ရေးနိုင်ပါသည်။ ဆယ့်ငါးမိနစ်ခန့်နှင့် တစ်မျက်နှာရေး၍ ပြီးသွားသည်။ 
ရေး၍ပြီးသည် နှင့် ဆရာမကိုသွားပြသည်။ ဆရာမက မောင်ငြိမ်းချမ်း၏ စာစီစာကုံးကိုဖတ်ကြည့်ပြီး သဘောကျဟန် တူပါသည်။

"ကဲ...အားလုံးနားထောင်ကြစမ်းဟေ့..."
မောင်ငြိမ်းချမ်း၏ စာစီစာကုံးကို တစ်တန်းလုံးကြာအောင် ဖတ်ပြသည်။ ဖတ်ပြီး၍ မောင်ငြိမ်းချမ်းကို စာအုပ် ပြန်ပေးသောအခါ...
"မင်းကြီးရင်...စာရေးဆရာဖြစ်မယ်..."ဟု ပြောလိုက်သည်။ ဆရာမ၏ စကားသည် မောင်ငြိမ်းချမ်း ၏ အသည်းနှလုံး ထဲမှာ စွဲသွား၏။ စာရေးဆရာ ဘာမှန်းမသိသော်လည်း ဆရာမကကောင်း၍ ပြော ခြင်းဖြစ်မည် ဟု ယူဆပြီး ငယ်စဉ်ကတည်းက စာရေးဆရာဖြစ်ချင်ခဲ့ပါသည်။ ဆရာမ အမည်က ဒေါ်အေးငွေ။

မောင်ငြိမ်းချမ်းနှင့်စာဖတ်ခြင်း

မောင်ငြိမ်းချမ်းစာဖတ်ခြင်းကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သည်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း မြန်မာစာဖတ်စာများကို အလွန်သဘောကျပါသည်။ သင်ကြားရသော ဖတ်စာ အနေဖြင့် မဟုတ်ဘဲ သဘောကျနှစ်သက်စိတ်ဖြင့်ပင် ဖတ်မိသည်။ ပုံပြင်များပါလျှင် ပို၍ သဘောကျသည်။ ဒေါင်းဖတ်စာ ခြင်္သေ့ဖတ်စာနှစ်မျိုးစလုံး စုံအောင် ကုန်အောင်ဖတ်ပါသည်။ ဒုတိယတန်းအောင်ပြီးချိန်တွင် မန္တလေးဘီဘီအိုအေ မိဘမဲ့ကျောင်းမသွားမီ အေဘရာဟင်လင် ကွန်းအကြောင်း ဘာသာပြန် စာအုပ်ကလေးကို အဖေကြီးပေး၍ ဖတ်ခဲ့ရသည်။ အလွန်သဘောကျ သည်။
မန္တလေးမြို့မိဘမဲ့ကျောင်းတွင် တတိယတန်းသင်ကြားနေစဉ် နေ့ကျောင်းသူအတန်းကြီးသော အစ်မကြီးများ ယူလာငှားရမ်း၍ ပုံပြင်စာအုပ်များ ဖတ်ဖူးရသည် အလွန်သဘောကျပါသည်။

အဖေကြီး၏ကျောင်းအတွက် လစဉ်လခထုတ်နေ့တိုင်းမှာ ပညာတန်ဆောင်စာအုပ်များရရှိပါသည်။ ပညာတန်ဆောင် စာအုပ်တွင် တစ်ခါတစ်ရံ ပုံပြင်လေးများပါလာတတ်သည်။ ပုံပြင်ရှာရင်း ပညာတန်ဆောင် စာအုပ်များ ဖတ်ဖြစ်ခဲ့ပါသည်။ စာပေဗိမာန်စာအုပ်များလည်း အဖေကြီး၏ စာသင် ကျောင်းမှာ ရှိ၍ ဖတ်ဖြစ်ခဲ့ပါသည်။ 
ဘာမျှဖတ်စရာမရှိလျှင် အဖေကြီး၏မူလတန်းကျောင်းအတွက် ပညာရေးဌာနမှပေးသော စာအုပ် မှန်သမျှ မောင်ငြိမ်းချမ်းဖတ်သည်။ အဖေကြီး၏ စားပွဲပေါ်မှာ တွေ့ရ၍ စတုတ္ထတန်းကျောင်းသား အရွယ်တွင် မောင်ငြိမ်းချမ်း ခြေလေးချောင်းတော်လှန်ရေးကဲ့သို့ ဘာသာပြန်စာအုပ်မျိုးကို အစ အဆုံး ဖတ်ခဲ့ရပါသည်။

အိမ်မှာကတ်ထူအဖုံးနှင့် ၀တ္ထုစာအုပ်တစ်အုပ်ရှိသည်။ မောင်ငြိမ်းချမ်း အဖေလူပျိုဘ၀ကဖတ်ခဲ့ သော ၀တ္ထုစာအုပ်ဟုပြောကြသည်။
အဖေဖတ်သည်ဆိုသော ၀တ္ထုစာအုပ်ကို မောင်ငြိမ်းချမ်းဖတ်ကြည့်သည်။ စာရေးဆရာ ဦးသိန်းဖေမြင့် ရေးသော တက်ဘုန်းကြီးစာအုပ်ဖြစ်သည်။ အစအဆုံးဖတ်ပြီးသွားသည်။ သဘောကျသည်။ မကြာခဏ ပြန်ဖတ်ဖြစ်သည်။ အိမ်မှာတစ်အုပ်တည်းသော ၀တ္တုစာအုပ်ဖြစ်သည်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဖတ်မိသည် မသိ။ ကိုယ်တိုင်အလွတ်ရနေမှန်းမသိဘဲ အလွတ်ရနေပါသည်။
တစ်နေ့ တွင် ကာလသားခေါင်းဖြစ်သော ဦးလေး ကိုကျော်သောင်းက ကာလသားများကို အိမ်မှာ ဖိတ်ပြီး စာဖတ် သင့်ကြောင်း ရှင်းလင်းပြောကြားသည်။ 

စာဖတ်ဝါသနာပါလာစေရန်အတွက် နမူနာ အဖြစ် တက်ဘုန်းကြီး၀တ္ထုကိုဖတ်ပြသည်။ ကာလသား ဆယ်ယောက် ခန့် နားထောင်နေကြသည်။ မောင်ငြိမ်းချမ်းလည်း ရောယောင်ပြီး နားထောင်နေပါသည်။ စာအုပ် ကြည့်ဖတ်သူ ဦးလေးထစ်နေ သောနေရာ၊ ရပ်နားသောနေရာများတွင် ကာလသားများ၏ နောက် တွင် ရောက်နေသောမောင်ငြိမ်း ချမ်းထံမှ ထောက်ပေးသောအသံရှေ့မှ ကြိုဖတ်နေသောအသံများ ထွက်ပေါ် လာသည်။

ကာလသားများက မောင်ငြိမ်းချမ်းကို သဘောကျစွာ ကြည့်ကြသည်။ မောင်ငြိမ်းချမ်းအရှိန်တက် လာသည်။ ဦးလေး မှားဖတ်လျှင် အမှန်ကိုပြင်ပေးသည်။
ဦးလေး က ဖတ်ပြခြင်းကို ရပ်နားလိုက်သည်။ နောက်နေ့မှ ဆက်ဖတ်ပြမည်ပြော၍ ကာလသားများ ကို ပြန်ခွင့် ပြုလိုက်သည်။
ကာလသားကြီးနှစ်ယောက်က မောင်ငြိမ်းချမ်းကို အိမ်အပြင်ခေါ်ထုတ်သွား၍
"မင်း...အဲဒီ၀တ္ထုကို အားလုံးအလွတ်ရနေသလား..."ဟု မေးသည်။

မောင်ငြိမ်းချမ်း က "ရနေတယ်ထင်တာပဲ"ဟု ဖြေလိုက်သည်။ ကာလသားကြီးများက မောင်ငြိမ်း ချမ်းကို သဘောကျစွာ ချီးကျူးသွားကြသည်။
သို့သော် ကာလသားများအားလုံး ပြန်သွားသည့်အခါ ဦးလေးက မောင်ငြိမ်းချမ်းကိုခေါ်၍ နောက် တစ်ခါ သူ ၀တ္ထုဖတ်ပြလျှင် ရှေ့မှကြိုဖတ်ခြင်း ထောက်ပေးခြင်း အမှားပြင်ခြင်းများ လုံး၀မလုပ်ရ၊ လုပ်လျှင် နားရင်း ရိုက်မည်ဟု သတိပေးခဲ့ရသည်။

နောင်တွင် ကာလသားများကို ဦးလေးတက်ဘုန်းကြီး၀တ္ထုဖတ်ပြလျှင် အနီးအပါးသို့ပင် မောင်ငြိမ်းချမ်းမသွားတော့ပါ။ တက်ဘုန်းကြီး၀တ္ထုကို အလွတ်ရနေသလိုဖြစ်သည်ကို သိလိုက်ရသည့်အတွက် တော့ ကိုယ့်ဘာသာကျေနပ်သည်။ စာဖတ်ခြင်းကိုလည်း ပိုမိုအားတက်၍ စာဖတ်ဝါသနာလည်း ပို၍ ကြီးလာပါသည်။
ထိုအချိန်တွင် ကာလသားကြီးတစ်ယောက်က မန္တလေးမှအပြန်မှာ သူ့ဆွေမျိုးများအိမ်မှ ငှားလာခဲ့ သည် ဆိုသော ၀တ္ထုစာအုပ်တစ်အုပ် မောင်ငြိမ်းချမ်းဖတ်ရန်လာပေးသည်။

စာရေးဆရာ မင်းအောင်ရေးသားသော စာပေဗိမာန် ပထမဆုရ "မိုးအောက်မြေပြင်"၀တ္ထုဖြစ်သည်။ ကျေးလက်နေ လူတို့၏ဓလေ့သဘာ၀၊ အဖိအနှိပ်ခံကြရသည့်ဘ၀နှင့် ကျေးလက်နေရွာသူရွာသား များ တိုးတက်အောင် စေတနာထားပြုပြင်ရန် ကြိုးစားသော စိတ်ကောင်းရှိသူလူငယ်တစ်ယောက် အကြောင်း ၀တ္ထု ဖြစ်သည်။ အချစ်ပါသည် အလွမ်းပါသည် မတရားမှုကို ဆန့်ကျင်တွန်းလှန်ရ သည်။ အားတက်ဖွယ်ရာ များပါသည်။ အလွန်ဖတ်၍ကောင်းသော ၀တ္ထုဖြစ်သည်။ ၀တ္ထုဖတ်ခြင်းကို လည်း မောင်ငြိမ်းချမ်း စွဲလန်းနှစ်သက်သွားပါသည်။

အမေခြုံ၏ ကုန်စုံဆိုင်

ဘ၀ဆိုသည်မှာ အံ့သြစရာနှင့် တရားကျစရာ။ ဒေါ်သိုင်းခြုံ သည် ထန်းတောရွာတွင် မြေပိုင်ရှင် သူဌေးမကြီး ဖြစ်၏။ တစ်ရွာလုံးမှာ တစ်ဦးတည်းသော အချမ်းသာဆုံး အားလုံးက အမေခြုံဟုခေါ်၍ ဒေါ်သိုင်းခြုံ နာမည် ပင် ပျောက်နေသည်။ ထန်းတောကွင်းမှာ မြေယာပိုင်ဆိုင်သည်က လက်ညှိုးထိုး မလွဲ ဖြစ်သည်။ လယ်သမား တို့ သီးစားခပေးနှင့် လုပ်ကြရသည်။ စပါးပေါ်ချိန်တွင် သီးစားခ လာပေးကြသော စပါးလှည်း များ နှင့် အမေခြုံ၀င်းထဲမှာ စည်ကားနေ၏။ စီတန်းဆောက်ထားသည့် စပါး ကျီးကြီးများမှာ စပါး အပြည့် ဖြစ်နေကြသည်။

အမေခြုံ မိသားစုနေသော နှစ်ထပ်တိုက်ကြီးက ရွာတွင်အလွန်မြင့်လွန်းသည်။ ကြီးလွန်းသည်။ ရွာဦး ကျောင်း မှာ နှစ်ထပ်အုတ်တိုက်အကြီးကြီး ဆောက်လုပ်ထားသည့် ကျောင်းအစ်မကြီးလည်း ဖြစ် သည်။ ထို ကျောင်းကြီး ဆောက်ရန် စပါးတစ်ရာ ရောင်းတိုင်း ငွေသားတစ်ကျပ်စုခဲ့၏။ သို့သော် တကယ်တန်း ကျောင်းကြီး ဆောက်သောအခါ စုထားသောငွေဒင်္ဂါးများကို တစ်ပြားမှ မထိလိုက်ရ ဘဲ အပြင်မှာ ရသုံး နေသော ငွေများနှင့်ပင် ဆောက်၍ပြီးသွား၏။ ငွေဒင်္ဂါးများ စုဆောင်းမိလျက် ကျန် ရစ်သည်။ ဘုရား တည်ပြန်၏။ ပေး၍မကုန် လှူ၍မခန်းသော ဘုရားအစ်မ...
အမေခြုံ က ပျော်ပျော်နေတတ်၍ စိတ်ပျိုကိုယ်နုသည်။ တိုက်ထဲမှာ အချွေအရံများစွာနှင့် နေ့စဉ်စား လိုက်ကြ၊ သောက်လိုက်ကြ ဓာတ်စက်သံညံနေသည့်၊ အသားဖြူဖြူချောမောလှပသူဖြစ်၍ အပေး အကျွေးလည်း များသောကြောင့် ချစ်ခင်သူများသည်။

"ဒီတစ်သက်မဟုတ်၊ ဆယ်သက်စား၍ မကုန်နိုင်သောသူဌေးကြီးအဖြစ် ကောင်းချီးပေးကြသည်။
ပထမ အိမ်ထောင်ဦးမြင့် ကွယ်လွန်သောအခါ ငယ်တုန်းချောတုန်း လှတုန်းဖြစ်သည်။ ဆိုတတ်တီး တတ်ပျော်ရွှင်တတ်သော ဦးပေါ်လာနှင့် အိမ်ထောင်ပြုသည်။ စီးပွားဥစ္စာဒီရေအလား တိုးတက်ဆဲ၊ ချမ်းသာဆဲ ပျော်ရွှင်ဆဲ ဦးပေါ်လာ ကွယ်လွန်သောအခါ အသက်(၅၀)နီးပြီ နုပျိုဆဲ သို့သော် ဥစ္စာ လျော့ပါး လာသည်။ ဗကပ သောင်းကျန်းသူများ ပေါ်လာ၍ သီးစားခယူသူ ရောပေးသူပါသတ်မည် ဆိုသောကြောင့် လယ်သမား များ သီးစားခမပေးရဲတော့ပါ။ အချို့ကတော့ လျှို့ဝှက်စွာလာပေး၏။ အများစုကပေးတော့ အသတ်ခံရမှာ ကြောက်သည်ဟု အကြောင်းပြပြီး မပေးကြတော့ပါ။ သို့သော် ကိုယ်တိုင် ကြီးကြပ် လုပ်ကိုင် သော လယ်များယာများမှရနေဆဲ။

ထိုအချိန်တွင် နှစ်ပင်လဲပြီး၍ အမေခြုံတတိယအပင်ထူပြန်သည်။ နယ်မြေလုံခြုံရေးအတွက် ထန်း တောရွာ သို့ မကြာခဏ ရောက်လာသော ဌာနအုပ်ဦးချောနှင့် အကြောင်းပါခြင်းဖြစ်သည်။
ဦးချော က ထန်းတောရွာလာတိုင်း အမေခြုံအိမ်မှာ စားလိုက် သောက်လိုက်နေထိုင်၍ နှစ်ယောက် အိမ်ထောင် မရှိသူများမို့ အပြန်အလှန် အားကိုးရင်း လက်ထပ်လိုက်ကြသည်။
တောလက်ကျေးရွာများမှာ ရောင်စုံသောင်းကျန်းသူများကြောင့် လုံခြုံမှုမရှိ၊ တောမီးလောင် တော ကြောင်လက်ခမောင်းခတ် သူခိုးဓားပြတို့လည်း သောင်းကျန်းနေပြီ။ အမေခြုံနှင့် မိသားစုများ တိုက်တာကျီကျ တို့ကို ရွာမှာထားခဲ့ပြီး စဉ့်ကိုင်မြို့သို့ လိုက်သွားရသည်။

ပါလာသော အထုပ်အထည်လေးများထုခွဲ၍ စဉ့်ကိုင်မှာ ခြံ၀ယ်သည်။ အိမ်ဆောက်သည်။ ဦးချော ပင်စင် ယူပြီးသောအခါ ရွာမှာ လယ်ကလေးယာကလေးများကိုရောင်းပြီး အိမ်မှာတင်ကုန်စုံဆိုင် လေး ထောင်ထား သည်။ အမေခြုံ၏ ကုန်စုံဆိုင်။
ရောင်း၍ကောင်းပါသည်။ သို့သော် စားသူကများ၏။ အမေခြုံဘက်မှ သားသမီးသုံးယောက် ဦးချော ဘက်မှ သားသမီးသုံးယောက်။ ရောင်းကောင်းရင်း လျော့ပါးနေ၍ ရွာမှာကျန်သော လယ်ယာကျီတို့ကို ရောင်းထည့် နေရသည်။ ဆယ်သက်စားမကုန်ထင်ခဲ့သော ပစ္စည်းများမှာ တစ်သက်ပင် မစားလောက်ပါ တကား သို့သော် မြို့ပေါ်ပြောင်း၍ သားသမီးများ ပညာသင်ကြားခွင့်ရ သည်မှာ အမြတ်ဖြစ်၏။
မောင်ငြိမ်းချမ်း စဉ့်ကိုင်မှာ ကျောင်းတက်သောအခါ အမေခြုံအိမ်သည် စဉ့်ကိုင်မြို့ အစိုးရအလယ် တန်းကျောင်းနှင့်ကပ်လျက်ဖြစ်၏။

မောင်ငြိမ်းချမ်းကို အမေခြုံကမြေးအနှစ်အဖြစ် ချစ်သကဲ့သို့ ဦးလေးများ အဒေါ်များကလည်း ချစ် ကြပါသည်။ အမေခြုံနှင့်စပ် မှ အဘိုးတော်ရသော ဦးချောကိုတော့ မောင်ငြိမ်းချမ်းကြောက်သည်။
သို့သော် မိုးတွင်းရောက်သောအခါ မောင်ငြိမ်းချမ်း မိုးထဲလေထဲကျောင်းတက်ရသည်ကို ဒုက္ခ ရောက်သည်ဟု ဦးချောက အိမ်မှာနေပြီး ကျောင်းတက်ရန်ပြောသည်။ မြေးချင်းအတူတူ ဟိုဘက် အဘိုးအဘွား က တာ၀န်ယူကျောင်းထားသကဲ့သို့ ဒီဘက်အဘိုးအဘွားကလည်း မျှဝေတာ၀န်ယူရ မည်ဟု ပြောသည်။

"သွေးသားမတော်သော အဘိုး က ထိုသို့ပြောသောအခါ သွေးတော်သောအမေခြုံနှင့် ဦးလေး အဒေါ်များ ၀မ်းသာအားရ ဖြစ်ကြသည်။ မိုးတွင်းကာလများတွင် အမေခြုံ၏အိမ်မှာနေ၍ မောင်ငြိမ်းချမ်း ကျောင်းတက်ရ၏။ သို့သော်ရွာမှာရှိသော အဖေကြီးနှင့် အမေကြီးက မောင်ငြိမ်းချမ်းနေသော ရက်များ အတွက် လယ်ယာထွက်ဆန်ဆီပဲစသည်တို့ကို ပို့ပေးပါသည်။
မနက်ခင်းညနေခင်းကျောင်းချိန်လွတ်သည့်အခါများတွင် အမေခြုံ၏ ကုန်စုံဆိုင်မှာ စျေးကူရောင်းရ သည်။ ကုန်စုံဆိုင်မှာ လိုအပ်သောကုန်ပစ္စည်းများကို မြို့ထဲမှ လက်ကားရောင်းသောဆိုင်ကြီးများ သို့ စက်ဘီးဖြင့် သွားပြီး စျေး၀ယ်ပေးရသည်။ မောင်ငြိမ်းချမ်းချည့်လုပ်ပေးရသည်မဟုတ်။ ဦးလေး များအဒေါ်များ မအားသည့် အခါများတွင် အလှည့်ကျလုပ်ရခြင်းဖြစ်သည်။ စျေးရောင်းရသည်ရော စျေး၀ယ်ရသည်ပါ မောင်ငြိမ်းချမ်း စိတ်ပါ၀င်စားရှိပါသည်။

အမေခြုံအိမ်တွင် နေရသည်ကို မောင်ငြိမ်းချမ်းပျော်ပါသည်။ ထန်းတောရွာမှပါလာသော ဓာတ်စက် ဓာတ်ပြား များရှိသည်။ ဇာတ်ထုပ်ဖွင့်ပြီး နားထောင်၍ရသည်။ ရေဒီယိုရှားပါးသောကာလတွင် ရေဒီ ယိုရှိ၍ ဆိုင်းအဖွဲ့ ဇာတ်သဘင် ဇာတ်လမ်းပမာ အသံလွှင့်ဇာတ် သောတရှင်လိုရာတို့ နားထောင် ခွင့်ရသည်။ ဦးလေး ဖြစ်သူ ကိုလှငွေက ဆယ်တန်းကျောင်းသားဖြစ်၍ မယ်ဒလင်တီးအလွန်ကောင်း သည်။ စဉ့်ကိုင်မြို့ မှာ မယ်ဒလင်တီးအကောင်းဆုံးဖြစ်သည်။ ဦးလေးမယ်ဒလင်တီးတိုင်း မောင်ငြိမ်း ချမ်း သဘောကျစွာ နားထောင်ရသည်။

စာကြည့်တိုက်နှင့် မောင်ငြိမ်းချမ်း

အမေခြုံ၏အိမ်မှာ အဒေါ်ဖြစ်သူ ဒေါ်စန်းရင်ဖတ်နေသော ရူမ၀မဂ္ဂဇင်း ကိုသူချထားစဉ်ကောက်ယူ ဖတ်ရာမှာ မဂ္ဂဇင်းနှင့် စတင်မိဆက်မိသည်။ မဂ္ဂဇင်း၀တ္ထုတိုကို စတင်ဖတ်မိပြီးသဘောကျသွား သည်။ နောက်တော့ မြ၀တီ မဂ္ဂဇင်းမျိူးကိုလည်း တွေ့ရသည်။ စာအုပ်အသစ်များဖြစ်သည်။ ရောင်စုံသရုပ်ဖော်ပုံများ မြင်ရသည်ကပင်ဖတ်ချင်စရာ။ ဖတ်ကြည့်မိလျှင် မပြီးမချင်းချမရ သဘော ကျသွားပြီး မေးကြည့်တော့ ဘိုးချော ယူလာခြင်းဖြစ်သည်ဟု သိရ၏။

ဆက်မေးကြည့်တော့ ဘိုးချောတို့ အငြိမ်းစား၀န်ထမ်းများစုပြီး စျေးအနီးမှာ စာကြည့်တိုက်ထောင် ထားသည်။ ဘယ်သူမဆိုအသင်း၀င် လျှောက်နိုင်သည်။ ၀င်ကြေးလစဉ် ကြေးပေးရမည်။ ၀င်ကြေး နှစ်ကျပ် လစဉ်ကြေး တစ်ကျပ် စာအုပ်များကြိုက်သလောက် ငှားဖတ်နိုင်မည်။
မောင်ငြိမ်းချမ်း စာကြည့်တိုက်သို့ သွားသည်။ စာကြည့်တိုက်အတွင်းရေးမှူးက ဦးကြံ။ ဖြူဖြူသန့်သန့်နှင့် စိတ်သဘောထား ကောင်းသည်။ အငြိမ်းစား၀န်ထမ်း တစ်ဦးဖြစ်သည်။ မောင်ငြိမ်းချမ်းကို အသင်း၀င် ဖြစ်အောင် လုပ်ပေးသည်။ စာကြည့်တိုက်ဖွင့်ပြသည်။

စာအုပ်စင်များပေါ်တွင် စာအုပ်များကို စနစ်တကျစီ၍တင်ထားသည်။ အနှောင့်မှာ နံပါတ်များကပ် ထားသည်။ လုံးချင်းစာအုပ်များရှိသည်။ မဂ္ဂဇင်းများရှိသည်။ အဟောင်းဆိုလျှင် နှစ်အုပ်ငှားနိုင် သည်။ သုံးရက် ဖတ်ခွင့် ရမည်။ လေးရက်မှာ ပြန်အပ်ရမည်။
မောင်ငြိမ်းချမ်း မဂ္ဂဇင်းနှစ်အုပ် ငှားလာသည်။

ရှုမ၀မဂ္ဂဇင်းမှာ ပုံပြင်များဖတ်သည်။ ခဏနှင့်ကုန်သွားသည်။ လျှောက်ကြည့်ရင်းနှင့် တစ်ထောင့် တစ်ညပုံပြင်တွေ့ရသည်။ သရုပ်ဖော်ပုံက စိတ်၀င်စားစရာ၊ ဖတ်ကြည့်သည် အလွန်သဘောကျ သွားသည်။ နောက်တော့ ရှုမ၀မဂ္ဂဇင်းများကို ငှား၍ ပုံပြင်ရှာဖတ်သည်။ တစ်ထောင့်တစ်ည ပုံပြင်များကို သဘောကျစွာဖတ်သည်။
စုံထောက်မဂ္ဂဇင်းကိုလည်း သဘောကျသည်။ ဆရာတင့်ဆန်း၏ ကပ္ပယစုံထောက်ကြီး ဦးဖြူသီး 
မိုးဝေ၏ စုံထောက်တင်မောင်ဆွေ မဟာဆွေ၏စောရလက်ဝဲ ၀ဇီရာ၏စောရသက်ပြင်းတို့ကိုလည်း အလွန် သဘောကျ ပါသည်။

စုံထောက်မဂ္ဂဇင်းနှင့် စုံထောက်၀တ္ထုများကို ဖတ်လွန်း၍ စာကြည့်တိုက်မှူး ဦးလေးကြံက "ဘာလဲ ကွ မင်းကြီးရင် ရဲထဲ၀င်မလို့လား... "ဟု အမေးခံရပါသည်။
စနေ တနင်္ဂနွေကျောင်းပိတ်၍ ရွာပြန်လျှင် စာကြည့်တိုက်မှူး ဦးလေးကြံက (၄)အုပ်အထိ ငှား ပေးပါ သည်။
စဉ့်ကိုင်မြို့မှာ စာကြည့်တိုက်ရှိခြင်းနှင့် စာကြည့်တိုက်အဖွဲ့၀င်ဖြစ်ခြင်းကြောင့် (၅)တန်းကျောင်းသား အရွယ် မှ စ၍ မောင်ငြိမ်းချမ်းစာအုပ်များစွာ ဖတ်ဖြစ်ခဲ့ပါသည်။

အပိုင်း (၉)

ဆရာမ ၏ ဆုံးမစကားများ

ဆရာမဒေါ်အေးငွေ သည်  ကျွန်တော်တို့  ငါးတန်းတွင် မြန်မာစာသင်သော ဆရာမဖြစ်သကဲ့သို့ အတန်းပိုင် ဆရာမလည်း ဖြစ်သည်။ ဆရာမသည် အသားဖြူဖြူနု၍ ရုပ်ဆင်းသွင်ပြင် ကြည်လင် သန့်ပြန့်သည်။ ၀တ်စား ဆင်ယင်ပုံ က အတုယူစရာကောင်းအောင် သန့်ရှင်းသပ်ရပ်သည်။ မျက်နှာပုံ က တင်းသည်လည်း မဟုတ် လျော့သည်လည်းမဟုတ် တည်ကြည်သည်။

ဆရာမသည် ကျောင်းသူ ကျောင်းသားများအားလုံးကို ခွဲခြားခြင်းမရှိ မေတ္တာစေတနာကောင်း သည်။ အသင်အပြ လည်း ကောင်းသည်။  ကျွန်တော်တို့အားလုံး ဆရာမကို ချစ်ခင်လေးစားကြ သည်။ ကျွန်တော် ကတော့ ကြီးလျှင် စာရေးဆရာဖြစ်မည် ဟု ဆရာမပြောသောစကား ရင်ထဲအသည်းထဲ မှာ စွဲနေသည်။

ဆရာမက ပညာသင်ပေးရုံမက ကျောင်းသူ ကျောင်းသားများကို လိမ္မာယဉ်ကျေးအောင်လည်း ဆုံးမ သွန်သင် စကားပြောတတ်သည်။
"မင်းတို့ကျောင်းသူ ကျောင်းသားတွေကွယ် စက်ဘီးစီးလာရင်းများ လမ်းမှာ ဘုန်းကြီး ရဟန်းနဲ့တွေ့ ရင်... အနီးကပ်ပြီး စက်ဘီးစီးမသွားကြပါနဲ့ကွယ်... လမ်းကျယ်ရင် ဝေးဝေးက ရှောက်ကွင်းသွားကြ ပါ လမ်းကျဉ်း မှာ မျက်နှာချင်းဆိုင်တွေ့တာဆိုရင် စက်ဘီးပေါ်ကဆင်းပြီး ရပ်ပေးလိုက်ပါကွယ်။ အရိုအသေပြုတဲ့ ကုသိုလ် ရတာပေါ့"
ဆရာမ စကား ကို ရိုသေလေးစား၍ လမ်းကျယ်သည်ဖြစ်စေ၊ လမ်းကျဉ်းသည်ဖြစ်စေ သံဃာတော် များနှင့် မျက်နှာချင်းဆိုင် တွေ့တိုင်း ကျွန်တော်၏စက်ဘီးပေါ်မှဆင်း၍ ရပ်ပြီး အရိုအသေ ပြုပါသည်။
နောက်တစ်ခု မှာ ယခုကြီးပြင်းသည်အထိ မှတ်မိနေသော ဆရာမ၏ဆုံးမစကားဖြစ်သည်။

"မိန်းကလေးဆိုတာ သဘာ၀ကို အလွန်ရှက်တတ်၊ ကြောက်တတ်တယ်ကွယ့် ရှက်ပြီဆိုရင်လဲ.. မျက်ရည်က ထွက်ရော... " မိန်းကလေးတစ်ယောက် ခလုတ်တိုက်ပြီးလဲတာဖြစ်ဖြစ်၊ စက်ဘီးနဲ့လဲ တာဖြစ်ဖြစ် မတော်တဆ ကြုံကြရင် မသိချင်ယောင် မမြင်ချင်ယောင်ဆောင်နေလိုက်ကြပါကွယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ မြင်တဲ့ လူ ကများ ဟားတိုက်ပြီး အော်ရယ်လိုက်ရင် သူ့ခမျာ နာတာထက် ရှက် တာက ပိုဆိုးသွားလိမ့်မယ် မရယ်ကြ နဲ့ မပြောင်ကြနဲ့။ မမြင်ချင်ယောင်ဆောင်လို့ သူတစ်ဖက်သား မရှက်ရတော့ဘူး စိတ်ချမ်းသာ ရမယ် ဆိုရင် ကုသိုလ်ရတာပေါ့ကွယ်"

ဆရာမပြောသည့်စကား မောင်ငြိမ်းချမ်း စွဲမြဲစွာမှတ်မိပါသည်။ ခြောက်တန်းနှစ်ရောက်သောအခါ ကျောင်းပိတ်ရက် တွင် အိမ်ရှေ့ပိတောက်ပင်အောက်မှ ကွပ်ပျစ်ပေါ်မှာ စာဖတ်နေစဉ် လမ်းပေါ်မှာ ဗိုင်း ကနည်း လဲသံကြားရသည်။ မောင်ငြိမ်းချမ်း အမှတ်မထင် လှမ်းကြည့်လိုက်သောအခါ  သူ့အရွယ် ကောင်မလေး နှစ်ယောက် လမ်းပေါ်မှာ စက်ဘီးလဲ၍ ဒူးပေါ်ပေါင်ပေါ် ဖြစ်နေကြသည်။ မောင် ငြိမ်းချမ်းက မကြား ချင်ယောင် မသိချင်ယောင်ဆောင်ပြီး လက်ထဲမှစာအုပ်ကို သဲသဲမဲမဲ ငုံ့ဖတ်နေ သည်။

"ဟယ်... ငါ့ဒူးခေါင်း ပွန်းသွားပြီ... နာလိုက်တာ... "
အငယ်မလေး က ငိုသံပါနှင့် ပြောနေသည်။
"ဟဲ နင့်ဒူးပွန်းတာ အိမ်ကျမှကြည့်... ဟိုမယ် ကောင်လေး မြင်သွားရင် ရှက်စရာကြီး... မြန်မြန် လုပ်..."
အစ်မကြီး ၏ သတိပေးသံ။ အငယ်မလေး မောင်ငြိမ်းချမ်းကို မြင်သွားသည်။

"ဟယ်... ဟုတ်ပါရဲ့ တော်သေးတယ်... ငတုံးလေး ငါတို့ကို မမြင်ဘူး... "
ကောင်မလေးနှစ်ယောက် စက်ဘီးကို မြန်မြန်ဆွဲထူ၍ စီးပြီး ထွက်သွားကြသည်။ မောင်ငြိမ်းချမ်း သူတို့ ပြောသောစကားအားလုံးကို ကြားရပါသည်။ မောင်ငြိမ်းချမ်း ရင်ထဲမှာပင် ပြန်ပြောလိုက်ပါ သည်။
"ငါ... ငတုံးဖြစ်ချင်ဖြစ်ပါစေ... နင်တို့ မရှက်ရရင် ပြီးတာပါပဲ... " ဟူ၍။

ရွှေမန်းလှဟန်

အမေခြုံ၏ ကုန်စုံဆိုင်တွင် လိုအပ်သော ကုန်ပစ္စည်းများကို မောင်ငြိမ်းချမ်းသွား၀ယ်ရသည်။ စျေး၀န်းကျင် မှာ ရှိသည့် စတိုး ဆိုင်ကြီးများတွင် ၀ယ်ရသည်။ စျေးအနောက်ဘက်မှ ဆိုင် ကြီးမှာ ၀ယ်နေကျ ဖြစ်သော် လည်း ပြောပုံ က မာကြောသည်။ 
''ဟဲ....ကောင်လေး ခဏစောင့်အုံး...''
    သူ့ ခဏ က တော်တော် ကြာအောင်စောင့် ရသည်။ မောင် ငြိမ်းချမ်း စိတ်မရှည်။
    စျေးမြောက်ဘက် မှ ဆိုင်ကြီးကလည်း စျေး၀ယ်သူ ကို ညူစူသည်။ 
''လာပြီ.... ထမင်းစားတော့မယ်ဆို... ဒီကောင်လေး လာပြီ''
၀ယ်သော ပစ္စည်း က များ၍ စူစူဆောင့်ဆောင့် ယူရသည်။

စျေးအရှေ့ဘက်မှ ဆိုင်ကြီးကတော့ ဆူခြင်း၊ ပြောခြင်း၊ ညူစူ ခြင်း ဘာမျှမရှိပါ။ အလုပ်သမားများ နှင့် ဆက်ဆံရခြင်း ဖြစ်သည်။ တခါတရံ ဆိုင်ရှင် ကို တွေ့ပါသည်။ ရင်နှီးခင်မင်စွာ ဆက်ဆံခြင်း မရှိပါ။

နောက် အသစ် တစ်ဆိုင် ပေါ်လာသည်။ စျေးအရှေ့တောင်ထောင့်မှ' 'ရွှေမန်းလှဟန်'' ၏ စတိုးဆိုင် ဖြစ်သည်။ အစက စျေးအနောက်မြောက်ထောင့်မှာ သံဖြူဆိုင်လေး ဖြစ် သည်။ မိသားစု တောမှ တက်လာကြ ခြင်း ဖြစ်၏။ သူ့နာမည် က ကိုလှဟန်။ နေရာတိုင်းမှာ ရွှေမန်းခေတ်စားနေ၍ သူနာမည် အရှေ့ မှာ ရွှေမန်းတပ်ပြီး သူ၏ သံဖြူဆိုင်ကို ရွှေမန်းလှဟန် နာမည်တပ်ခြင်းဖြစ်သည်။ အလုပ်ကြိုးစား သည်။ လက်ရာ ကောင်းသည်။ မီးခွက်ဘုံပိုင်ကန်တော့၊ ဂါလံခွက်၊ သတ္ထုခွက်၊ ရေပန်းကယား၊ ရေဆွဲပုန်း အမျိုးမျိုး၊ ဆေးရောင်စုံချယ်ထား သော သံဖြူကားလေးများ၊ သံဖြူသေတ္တာ အမျိုးမျိုးကို လုပ်ရောင်းသည်။ လက်ရာ ကောင်း ဆက်ဆံရေးကောင်း၍ နေ့ချင်းညချင်း စီးပွားဖြစ်လာသည်။ ဇနီး နှင့် သားနှစ်ယောက် သမီး တစ်ယောက် က လည်း ဝိုင်းကူသည်။

တစ်နှစ်ကျော်သာကြာသည်။ စျေးတောင်ဘက်ထောင့်မှ ဘောက်ခွေပင်များ တောထနေသည့် နေရာလွတ် ကို စည်ပင် လူကြီး စျေးလူကြီးတို့နှင့် ညှိနှိုင်းတောင်ခံပြီး စတိုးဆိုင်တည် သည်။ နေရာက ကျယ်၍ ဆိုင်ကြီးကြီး လုပ်နိုင်သည်။ ရှေ့မျက်နှာစာ တွင် အ၀င်အထွက် ကောင်းအောင်လုပ်ထားသည်။
    မောင်ငြိမ်းချမ်း က ဆိုင်အသစ်သို့ သွား၍ စမ်း၀ယ်ကြည့် သည်။

    ''ဖောင်တိန်လိုချင်လို့.....''
    ''ဆိုင်ထဲမှာ ရွှေမန်းလှဟန်ရှိသည်။ ၀၀ဖြိုးဖြိုးဖြစ်၏။''
    ''ဘာဖောင်တိန်ယူမလဲ ကလေး....။ ဟောဒါကတော့ အချက်နဲ့အလက်နဲ့ ... ခရက်နဲ့တဲ့ ...။ ရီးစားစာ ရေးရင် စွန်တယ် စွန်တယ်ပြောတာပဲကွ။ ဟား...ဟား... ဟား မရေးပါနဲ့ကွာ.... ကျောင်းသားဆိုတော့ ပညာ ကြိုးစားပါ ဟော့ဒါက ပိုင်းလော့ကွ...။ ဂျပန်ကလာတာ... ရေးလို့ကောင်းတယ် အကြမ်းခံတယ်။ စျေး လဲ သက်သာတယ် ကွ...''
    သူပြောသည့် ပိုင်းလော့ဖောင်တိန်လေးကိုပင် မောင် ငြိမ်းချမ်း၀ယ်ဖြစ်ခဲ့သည်။

အမေခြုံဆိုင် အတွက် လိုအပ်သော ပစ္စည်းမှန်သမျှကိုလည်း ရွှေမန်းလှဟန်ဆိုင်မှာ ၀ယ်ဖြစ်သည်။ ရွှေမန်းလှဟန် သည် ကလေးဟူသ၍ ပေါ့ဆစွာ သဘောမထား....။ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံသည်။
''ဟား.... ကျောင်းသားလေးလာတယ်ဟေ့.... စျေး၀ယ် လိမ့်မယ် အများကြီး၀ယ်မယ့်ဖောက်သည်ကွ.... လာ ကလေး ... ဘာတွေယူမှာလဲ ''
ဝမ်းသာအားရ နှုတ်ဆက်သည်။ ပစ္စည်းများ ကို စနစ်တကျ စာရင်းလုပ်ပေးသည်။

    ''ရော့.... မင်းကအများကြီး၀ယ်တာမို့ ...လက်ဆောင်..''
ရွှေမန်းလှဟန်က မောင်ငြိမ်းချမ်းကို သကြားလုံးပီကေ၊ ချောကလက်၊ ခဲတံ၊ ခဲချွန်စက် စသည်တို့ကို အခေါက်တိုင်း မှာပင် လက်ဆောင်ပေးသည်။ ကျန်သည့် စျေး၀ယ်များကို လည်း ရွှေမန်းကခင်မင်သည်။ ရင်နှီး သည်။ မကြာခင်မှာပင် သူ့ဆိုင်သည် အရောင်းရဆုံး ဖြစ်၍ ကျန်သည့် ဆိုင်ကြီးများကို ကျော်တက် သွားပါသည်။

မောင်ငြိမ်းချမ်း ရွှေမန်း ကို သဘောကျသည်။ အတုယူ သည်။ အမေခြုံဆိုင်မှာ အမေခြုံကစပြီး အဒေါ်များ စျေးရောင်း လျှင် စျေး၀ယ်ကို မကျေနပ်ဘူး ပြောနေကြသည်။ ဦးလေးများကတော့ လုံး၀ ကူမရောင်းပါ။ မောင်ငြိမ်းချမ်း သာ ကူရောင်းရသည်။ မောင်ငြိမ်းချမ်းက ရွှေမန်းလှဟန် ၏ အတု ကိုယူသည်။ ချစ်ခင် ရင်းနှီးစွာ ပြောဆိုရောင်းသည်။ ၀ယ်သူ များ သဘောကျသည်။ သို့သော် မောင်ငြိမ်းချမ်း ရောင်းချိန်က နည်းသည်။ ဆူပြောညူစူသူများ ရောင်းသည်ကများသည်။ ကံကောင်း သည်မှာ အမေခြုံဆိုင်နားတွင် တခြားဆိုင် မရှိ၊ မကျေနပ်သော်လည်း အမေခြုံဆိုင်မှာပင် ၀ယ်ကြရသည်။ မ၀ယ်ချင်လျှင် စျေးအထိ အဝေးကြီး သွားရမည်။

နောင်တွင် အပြိုင်ရောင်းကြသော ဆိုင်နီးချင်းများပေါ်လာသောအခါ ပြောဆိုဆက်ဆံပုံ မာကြော၍ စျေး၀ယ်သူ အပေါ် စိတ်မရှည်သော အမေခြုံ၏ ကုန်စုံဆိုင်လေး အရင်း ပြုတ်သွားပါသည်။
ဘုရားအစ်မ ကျောင်းအမ ချမ်းသာကြွယ်၀ခဲ့သော အမေခြုံခမျာ စဉ့်ကိုင်စျေးထဲမှာ ခရမ်းချဉ်းသီး ကြက်သွန် ကုန်စိမ်း ရောင်းရ၏။
ဆက်သက်စား မကုန် ဟု ထင်ခဲ့သော်လည်း တစ်သက်ပင် မစားလောက်သံဝေဂယူစရာ။

လယ်ယာလုပ်ငန်းနှင့်သူငယ်ချင်း

မောင်ငြိမ်းချမ်း(၁၀) နှစ်သားမှာ နေပူထဲပဲနယ်၍ ဖျားပြီးသည်မှစ၍ လယ်ယာလုပ်ငန်းများ တွင် ဦးလေးက မခိုင်းတော့ပါ။ သို့သော် မောင်ငြိမ်းချမ်းက မနေပါ။ ကိုယ်လုပ်နိုင်သည်များကို ကူလုပ်ပါသည်။ ကျောင်းမသွား ရသည့် နေ့များတွင် နွားချေးကျုံးရသည်။ အိမ်မှာ နွား(၃) ကောင်ရှိသည်။ သူတို့ အိပ်သောနေရာမှာ တစ်ည တွင် တစ်ကောင်လျှင် အနည်းဆုံး နွားချေး နှစ်ပုံပါသည်။ တောင်းငယ် နှင့် တစ်တောင်းရသည်။ ထို နွားချေး များသည် လယ်ယာအတွက်  အကောင်းဆုံး သဘာဝမြေသြဇာဖြစ်၏။ ကောက်လှိုင်းသည်ခြင်း ကို လည်း ဦးလေး နှင့်အတူ ကူလုပ်ပေးရသည်။ 
နွားစာစင်း နွားစာကျွေးခြင်းကိုလည်း မောင်ငြိမ်းချမ်း ကူလုပ်ပေးပါသည်။ နွားစာ ကို ဓားစက် ဖြင့် စင်းရခြင်း ဖြစ်ပါသည် အဆင်မသင့်လျှင် လက် ကို ထိနိုင်၍ အမေကြီးနှင့်ဦးလေးက မလုပ်စေချင်။ သို့သော် မောင်ငြိမ်းချမ်း ကောင်းစွာလုပ်နိုင်သည်။ သတိထားလျှင် အန္တရာယ်မရှိပါ။

နွားစာရိတ်ခြင်း ကိုတော့ ဦးလေး က လုံးး၀မခိုင်းပါ။ သို့သော် ဦးလေး မုံရွာသို့ (၈)ရက်ခန့် သွားစဉ်မှာ နွား သုံးကောင် ကို မောင်ငြိမ်းချမ်းကျွေးရသည်။ (၆)တန်းစာမေးပွဲ ဖြေပြီးသည့် နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သည်။ ဦးလေး က ကောက်ရိုးခင်းပဲမှော်တို့ကို နွားကျွေးနိုင် ရန် အဆင်သင့် လုပ်ထားခဲ့သော်လည်း သူများ နွားများမြက်စိမ်းစိမ်း စားရပါလျက် အိမ်မှ နွားများမြက်စိမ်း မစားရသည်ကို မောင်ငြိမ်းချမ်း သနား သည်။

မောင်ငြိမ်းချမ်း သူငယ်ချင်း များနှင့်အတူ တောသို့ လိုက်၍ မြက်ရိတ်၏။ ထိုသူငယ်ချင်း များ ထဲမှ အောင်ညို သည် မောင်ငြိမ်းချမ်း ကို ချစ်ခင်သူဖြစ်၍ မြက်ရိတ်တတ်ရန် သင်ပေးရုံသာမက ကူ၍ရိတ်ပေးသည်။ လက်သူကြွယ် မှာ တံဇဉ်တစ်ခါ ထိပြီးမှ မောင်ငြိမ်းချမ်း ကောင်းစွာ မြက်ရိတ် တတ် သွားသည်။ သို့သော် အောင်ညို က အမြဲတမ်းကူရိတ်ပေးပါ သည်။
တစ်နေ့တွင် အောင်ညို မအား၍ ကိုယ့်ဘာသာ တစ်ယောက်တည်း သွားသည်။ တောင်ပို့ရှိ သော ဂျုတ်ပင်ရင်း မှာ မြက်များပေါလှသည်။ ဘယ်သူမျှ မရိတ်ကြ။ မောင်ငြမ်းချမ်း ၀မ်းသာအားရရိတ်သည်။ တစ်တောင်း ရခါနီး မှာ တောင်ပို့ထဲမှ မြွေဟောက် နှစ်ကောင် ထွက်လိုက်၍ မောင်ငြိမ်းချမ်း ထွက်ပြေး သည် မှာ အိမ်အထိ ရောက်သွား၏။
တောင်းပြန်မယူရဲ ၍ အောင်ညို က ယူပေးရသည်။

''နောက်ဆိုရင် တောင်ပို့ရှိတဲ့ နေရာမှာ မရိတ်နဲ့ကွ.... မြက်တွေပေါတာက.... နွားတောင် အဲဒီနေရာမျိုး ကိုသွားမစားလို့ကွ....''
အောင်ညို ထံ မှ သင်ယူရသော လယ်တောဆိုင်ရာ အသိပညာဖြစ်ပါ၏။

ကျောင်းသွားဖော်သူငယ်ချင်း

မောင်ငြိမ်ချမ်းရွာမှ  အထွက်တွင်  ကျောင်းသွားဖော်မရှိ။ ဖလံဗိုလ်ရွာရောက်မှ  ကျောင်းသွားဖော်ရသည်။ ဖလံဗိုလ်ရွာမူလတန််း ကျောင်အုပ်ဆရာကြီး၏သား ကာဆင်ဟင်ငူရွာမှ မူလတန်းကျောင်အုပ်ဆရာများ၏  သားများဖြစကြသော ခင်မောင်ကြည်၊ ဘမောင်နှင် ဥယျာဉ်လေးရွာ   ဆရာကြီး၏ သားများဖြစ်သည့် ကိုသိမ်းဖေ နှင့်   ကျော်သောင်းတို့ဖြစ်သည်။
အတူတကွ စုပေါင်း၍သွားရသည်မှာ ပျော်စရာ ၊ တစ်ယောက်လဲလျှင် တစ်ယောက်ထူ၊ တစ်ယောက်ဘီးပျက်လျှင်တစ်ယောက်ကူ၊  ကျောင်းကျတော့လဲ ငါးတန်မှာအတူတူ။
အနောက်မြောင်းရိုးမှ မောင်ငြိမ်းတို့ထက်စောသော ကျောင်သား ကြီးတစ်ဦး ရှိသည်။ သူနာမည်က ကိုလှထော် သူလည်း မူလတန်ကျောင်းအုပ်ဆရာကြီး၏  သားပင်ဖြစ်သည်။  စာတော်သည် မောင်ငြိမ်းချမ်းတို့နောက် လူများစံပြုအတုယူရသူဖြစ်၏ ။

မြောင်းရိုးတစ်ခုထဲမှ ကျောင်းသွားကျောင်ပြန်တူ၊ အတန်းထဲမှာ စာသင်တူသောသူငယ်ချင်းများမို့ ပို၍ ချစ်ခင် ရင်းနှီးသည်။ ကျောင်းဆရာတို့ ၏ သားမြေးများချဉ်းဖြစ်၍  သူ့ထက်ငါသာ စာပြိုင်ကြရသည် မှာ လည်း အတူဖြစ်သည်။

မြို့ပေါ်မှသူငယ်ချင်းများ

ပဉ္စမတန်း မှာ အတူတကွ ကျောင်းတက်ကြရင်း နှင့် မြို့ပေါ်သူငယ်ချင်းများနှင့်လည်း ရင်နှီးခင်မင်ရပါသည်။ မြို့ပေါ်မှ ကျောင်သားများသည် မိဘများချမ်းသာပြည်စုံ၍ ဝတ်ပုံဆင်ပုံမှာ မောင်ငြိမ်းချမ်း တို့ တောမှ ကလေး များထက်ပိုမိုတောက်ပြောင်ကြသည်။ အထူးသဖြင့် မောင်လေး၊ မောင်ရွှေ၊ ဥာဏ်ထွန်း တို့မှာ စက်ဘီး အသစ်များ စီးပြီး ရွှေကြယ်သီးကြိုးများနှင့် အဝတ်အဆင်သစ်လွင်စွာ ကျောင်တက်နိုင်သည်( ရွှေကြယ်သီး ကြိုး ဆိုသည်မှာ  ရှပ်အင်္ကျီ ၏ ရွှေကြယ်သီး(၄) လုံးကိုရွှေကြိုးနှင့် တွဲပြီး အပေါ်ဆုံးကြယ်သီးမှ တွဲကျ လာသောရွှကြိုးကော်လံမှာ ညှပ်ပြီး ဆွဲထားသော ရွှေငါးရုပ် အင်္ကျီအိတ်ထောင် မှာ လှမ်းချိတ် ထား သော ရွှေကလစ်ဖြစ်ပါသည်။)

တရုတ်စုရွာမှ ကြွယ်အောင်နှင့် ကြက်မျှားရွာမှ မောင်မောင်တို့လည်း မိဘချမ်းသာ ကြသည်။ စက်ဘီး အသစ် နှင့် ရွှေကြယ်သီးကြိုးများဝတ်ဆင်ကြသည်။ ကြွယ်အောင်၏ မိဘများမှာ ကြံကျိတ်စက်၊ ကြံသကာ ချက် စက် ရှိသည်။ ကြယ်အောင် က မောင်ငြိမ်းချမ်းကိုခင်မင်သည် မကြာခဏစက်ရုံထဲခေါ်သွားပြီး နယ်နုခေါ်သည့်ကြံသကာအနုလေးများ မျဉ်းလုံးခေါ်သည့် ကြံသကာအချပ်ဖြစ်အောင် မျဉ်းဆွဲရာမှရသည့် အလုံးကလေး များကိုကျွေး ပါသည်။ အလွန်စား ၍ ကောင်းပါသည်။ ကျေးဇူးရှိသော သူငယ်ချင်းဖြစ်၏။ စာလည်း ကြိုးစားပါ သည်။ ယခုအသက်ကြီးသည်အထိ ဇာတိဒေသသို့ ပြန်တိုင်း ကျွေးမွေးသူဖြစ်၏။ မောင်လေးမိဘများက လိုင်းကားပိုင်၍ ဝတ်နိုင် ဆင်ယင်နိုင်ယုံမက ဝတ်တတ်ဆင်တတ် ကြော့ကြော့ ကြွကြွ နေထိုင်တက်၍ အားလုံးက အထင်ကြီးကြသည်။ သူစီးသောစက်ဘီးကလည်း အကောင်းစား စာလည်း တော်သည်။ ဥာဏ်ထွန်းမှာ မိဘများစတိုးဆိုင်ပိုင်ရှင် ချမ်းသာသော်လည်း သိပ်ပြီး ဝတ်ဝတ် စားစား မရှိ။ ဆော့ကစားမက်သည်။ 

ပိုလိုကားပစ်ကစားရာမှာ ထူးချွန်သည်။ သူ့အတွက် ကျောင်းမုန့်ဖိုးကို ပိုလို ကား ပစ်ကစားရာမှာ ရရှိ လုံလောက်ရုံမက ထိုခေတ်က စျေးအလွန်ကြီးသည့်ပါကား ဖောင်တိန်ကိုပင် ဝယ်ကိုင်နိုင်ပါသည်။
မောင်ရွှေမှာ စျေးနားနီးနီးတိုက်ကြီးကြီးနှင့် တစ်ဦးတည်းသော သားဖြစ်၏။ ကျောင်းလာလျှင် ဟမ်ဘာဘီးနီညိုရောင် အသစ်ကြီးနှင့် ရွှေကြယ်သီးကြိုး နှင့် ဖြစ်သည်။ သို့သော် အနေအထိုင်ရိုး၍ အေးအေး ဆေးဆေး နေတတ်သည်။

မောင်သိန်းမှာ စာကြိုးစားသည် စာတော်သည်။ မောင်ငြိမ်းချမ်း နှင့် ချစ်ခင်ရင်နှီးစွာ တွဲမိကြသည်။ စာမေးပွဲ အမြဲလိုလိုပင် ပထမ ဒုတိယ ရသူဖြစ်သည်။ 
ကြက်မျှားရွာမှ မောင်မောင်မှာလည်း မိဘကြံကျိတ်စက်ပိုင်ရှင် ဖြစ်၍ ချမ်းသာပါသည်။ စက်ဘီးအသစ်နှင့် ရွှေကြယ်သီးကြိုး နှင့် ဖြစ်ပါသည်။ ပို၍ ချစ်ခင်ကြသည်မှာ သူ့တွင် နှမနှစ်ယောက်ရှိ၍ စချင် နောက်ချင် ကြသော ကြောင့် လည်းဖြစ်ပါသည်။

စောလှထွန်းမှာ ဆည်ရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဖြူသားဖြစ်သည်။ မြို့ပေါ် ကျောင်းသားများ ထက်ပင် ပို၍ လူရည်လည်ပါသည်။ ပြောတက်ဆိုတတ်သည်။ မရယ်ချင်ဘဲရယ်လျက် စကားပြောဆိုတတ်ပုံကိုလည်း မောင်ငြိမ်းချမ်းအံ့သြ သဘောကျမိရသူ ဖြစ်သည်။ 
ကသည်းကုန်းရွာ မှ ဧသောင်မှာ ကိုယ်လိုတောသား တောပုံဆင်ယင်မှု နှင့်မို့ ပိုမိုခင်မင်ခဲ့သော သူငယ်ချင်း ဖြစ်ပါသည်။

ဦးလေးလွင်၏ စက်ဘီးဆိုင်

မောင်ငြိမ်းချမ်းတို့ကဲ့သို့ ကျေးလက်တောရွာမှ စဉ့်ကိုင်သို့ကျောင်းလာတက်သော ကလေးတိုင်း ဦးလေးလွင်၏ စက်ဘီးဆိုင်နှင့် မလွတ်ကင်းနိုင်ပါ။ စက်ဘီးပျက်လျှင် ပြင်ရန် ဦးလေးလွင်ဆိုင်သွားရသည်။ 
ဦးလေးလွင် ၏ စက်ဘီးပြင်ဆိုင်သည် စဉ့်ကိုင်မြို့ထိပ်မှာရှိသည်။ မြို့၏ ကားလမ်းမကြီး ဘေးမှာ ဖြစ်သည်။ ဆိုင်ထိပ် မှာ မြေကွက်လပ် ကျယ်ရှိသည်။ စက်ဘီးပြင်ခုံ နှစ်ခုံ ရှိသည်။ လေးထိုးတန်ကြီးနှစ်ချောင်း ရှိသည်။ ဆီဘူးနှစ်ဘူး ရှိသည် စက်ဘီးလေလျှော့လျှင် လေအလကား ထိုးနိုင်သည်။ ဆီခြောက် နေလျှင် ဆီ အလကား ထည့်နိုင်သည်။
ဦးလေးလွင်က စေတနာကောင်းသည်။ စက်ဘီးကို ပစ္စလက်ခတ်ထားလျှင် ဆူပူတတ်သည်။ 

“မင်းစက်ဘီးက ချိန်းကြိုးပြတ်မှာပေါ့ကွ ဒီမှာကြည့်စမ်း...... ဆီလုံးမထည့်တော့ ချိန်းကြိုးတွေက ဆီချောက် နေတယ်။ ခွေးသွားစိတ်တွေကလဲ” ဆီမရှိတော့သံချေး တက်နေသည်။  ဟိုမှာ မတွေ့ ဘူးလား ဆီဘူးတွေထားတာ .....အလကားထည့်ရတာပဲ။ ထည့်ကြပေါ့ကွ။ 

ကျောင်းသားများက စက်ဘီး၏ ပျက်သော အစိတ်အပိုင်းများကို ပြင်လျှင် ကောင်းပါလျက် အသစ်လဲပေး ပြောလျှင် ဦးလေးလွင် စိတ်ဆိုးသည်။ 
မောင်ငြိမ်းချမ်းသူငယ်ချင်း အေးသောင်စက်ဘီးချိန်း ကြိုးပြတ်သည်ကို အသစ်လဲပေးရန်ပြော၍....
မင်းချိန်းကြိုးက အကောင်းကြီး မင်းကဆီမထည့်လို့ သံချေးတက်ပြီး ပျက်တာ။ ဒါက ရလေး ချိန်ကြိုး လက်ဟောင်း အကောင်းစားတွေ ပြင်ရန် တစ်ကျပ်ပဲကုန်မယ်။ အသစ်၀ယ်ရင် ဆယ့်ရှစ်ကျပ်။ ဂျပန်လုပ်ပဲ ရမယ် မင်းကဘယ်လောက်ချမ်းသာလို့လဲ။ မိဘတွေကမင်းတို့ ကျောင်းနေဖို့ အများကြီးအကုန်ခံကြရတာ ...လဲမပေးနိုင်ဘူး.... ”
ဦးလေးလွင်က ငေါက်မာန်ပြီး အသစ်လဲမပေးဘဲ ပြင်ပေးလိုက်သည်။ 

နောက်တော့စက်ဘီးဆိုင် အသစ်တစ်ခုပေါ်လာသည်။ စက်ဘီးအလှ ပြင်ပစ္စည်းများစွာ ရောင်းချသည်။ ရောင်စုံကုန်းအုပ်များ ဘားတန်းအုပ်များ ဂလိုင်အသစ်များ၊ သော့အသစ်များ၊ လက်ကိုင်သီးအသစ်များ မြင်လျှင် လိုချင်စရာ၊ စတီးလ်ပိုက်လုံးနှင့် လေးထိုးတံကြီးက အသစ်စက်စက်၊ လေထိုးလျှင် အလကားမရ၊ တစ်ခါ ထိုးလျှင် တစ်မတ်ပေးရသည်။ ဦးလေးလွင်ဆိုင်မှ အလကားရပါလျက် စတီလ်ပိုက်လုံးနှင့် တစ်မတ် ပေးပြီး သွားထိုးကြသည်။ လေးသောင်က ဦးလေးလွင် လဲမပေးသော ချိန်ကြိုးကို အသစ်လဲလိုက်သည်။ ဆယ့်ငါးကျပ် သာကျသည်။ တစ်လပင်မကြာ ပြတ်ပြီ၊ ထိုဆိုင်သစ်မှာပင် ပြန်ပြင်သည်။ နှစ်ကျပ် ပေးရသည်။ 

တစ်ပတ်ပင် မကြာပြန်ပြတ်သည်။ မတတ်နိုင် ဦးလေးလွင်ဆိုင်သွားရသည်။ ဦးလေးလွင်က အရင်ချိန်ကြိုး အဟောင်း ကို တောင်းသည် မရှိ။ လဲသောဆိုင်မှာ ကျန်ရစ်သည်။ ရလေးချိန်ကြိုးဖြစ်၍  ပြန်အတောင်းခိုင်း သည်။ အေးသောင် ကျန်ရစ်သည်။ စွန့်ပစ်အမှိုက်ထဲမှာ ပါသွားလိမ့်မည် ဟုပြောသည်။
“မင်းလူအပဲ...အဲဒါရလေးချိန်ကြိုးကွ...အဟောင်းတောင် နှစ်ဆယ်နဲ့မရဘူး၊ ...” ဟုဆိုသည်။ အေးသောင် ခံလိုက် ရပြီ။ ဦးလေးလွင်က ရလေးကြိုးအဟောင်းတစ်ခုကို နှစ်ဆယ့်တစ်ကျပ်နှင့် ပြန်လဲပေးရသည်။

နောက်ကြာသည်နှင့် အမျှဆိုင်အသစ်စေတနာ မမှန်သောလောဘကို သိမြင်လာကြသည်။ အပြော ဆိုးသော်လည်း စေတနာ မှန်သော ဦးလေးလွင် ၏ အဆူအပြော ကို ခံနိုင်လာကြသည်။

အားကျဖွယ်ရာ ကျက်မျှား ရွာ

မောင်ငြိမ်းချမ်း ဝန်းသိုရွာမူလတန်းကျောင်းမှ စဉ့်ကိုင်မြို့ အစိုးရအလယ်တန်းကျောင်းသို့ ရောက်လာ သော အခါ နယ်ပယ်ပိုကျယ်လာ၍ အမြင်ပိုကျယ်လာသည်။ 
ပညာရေးတွင်စိတ်ပါဝင်စာမှု နှင့်ပတ်သက်၍ ကျက်မျှားရွာ၏ တိုးတက်မှုကို အားကျစဖွယ် တွေ့မြင်ရသည်။ မောင်ငြိမ်းချမ်း တို့ အနောက်မြောက်ရှိ ရွာများမှ ကျောင်းတက်သူအားလုံး ပေါင်းမှာ(၇)ဦး သာရှိသည်။ ကြက်မျှား မှ ကျောင်းတက်သူများမှာ မောင်ငြိမ်းချမ်းတို့ ငါးတန်းတစ်ခုတည်းမှာပင် (၈)ယောက်ရှိသည်။ ကျန်အတန်း များမှာလည်း များစွာရောက် နေကြပါသည်။
ဆယ်တန်းအောင်ပြီးသူ လက်ရှိ၊ ဆယ်တန်းမှာ ကျောင်းတက်နေဆဲ ဖြစ်သူပညာတော်သူများစွာရှိသည်။ ကိုသက်တင်၊ ကိုကျော်ညွန့်၊ကိုပေါရီ၊ ကိုစိန်ဝင်းတို့မှာ မောင်ငြိမ်းချမ်းတို့ အားကျရသူများဖြစ်သည်။

ကျက်မျှားရွာ သည် စဉ့်ကိုင်နှင့် (၃) မိုင်ကျောင်းဝေးသည်။ လမ်းကလည်း မြောင်းဘောင်လမ်း ညီညာသည်။ စက်ဘီးစီး၍ အလွန်ကောင်းသည်။ မိုးရွာနေပူလမ်းမပျက်၊ သက်သာစွာသွားနိုင်သည်။ ရွာ ကလည်း အိမ်ခြေများသောရွာကြီးဖြစ်သည်။
ရွာဦးကျောင်းဆရာတော်ဦးဆောင်၍ သူတို့ကျက်မျှားမှာပင် အလယ်တန်း  ကျောင်းဖြစ် အောင် ကြိုးစား နေသည်။ ကျက်မျှားမှာ ဆရာမလည်းများစွာ ထွက်သည်။
စဉ့်ကိုင်မြို့နယ်ထဲမှာ ပညာရေး အသိအမြင်အတိုးတက်ဆုံး ရွာဖြစ် ကျက်မျှားရွာကို အားလုံးက လေးစား အားကျ ဖြစ်ကြရသည်။   
(ယခုအခါတွင် အထက်တန်းကျောင်းရှိသော ရွာကြီးဖြစ်နေပါပြီ) 

စုံးကဝေ တစ္ဆေသရဲဝတ္ထုများ

မောင်ငြိမ်းချမ်း ခြောက်တန်း၊ ခုနှစ်တန်းတွင် ရှုမဝ၊ မြဝတီ ၊ စုံထောက်မဂ္ဂဇင်းများကို ဖတ်အားကောင်း နေစဉ်မှာပင် စာပေလောကမှာ စုံးကဝေ၊ တစ္ဆေသရဲဝတ္ထုများ ဖြစ်သည်။ ကြောက်စရာ ခံစားမှုကိုပေးသော ဝတ္ထုများ ဖြစ်သည်။ ကြောက်စရာကောင်း၍ ‘ညမဖတ်ရ’ဟု အမည်ပေးထားသော စာအုပ်ကို မောင်ငြိမ်းချမ်း ည မှာ ဖတ်သည်။ ကြောက်ရသည်ကို သဘောကျသည်။ သို့သော်ဖတ်ပြီးလျှင်တော့ ဘာမျှမကျန် ဖုတ်ကနည်း ကျ ရှာမရ ဆိုသကဲ့သို့ ပြီးပြီးပျောက်ပျောက်ဖြစ်သည်။

စုံးကဝေ တစ္ဆေသရဲဝတ္ထုဖတ်သူများ၍ ရောင်းအားကောင်းသောကြောင့် မြစကြာ ၊စလွယ် စသော ဆရာကြီးများ ကလည်း ရေးအားကောင်းလာသည်။   ကြောက်စရာကောင်း အောင် ကြော်ငြာ၍ ကြောက်စရာ မျက်နှာဖုံး များနှင့် တစ်အုပ်ပြီးတစ်အုပ် ထွက်နေသည်။ ထွက်သမျှကို မလွတ်တမ်း သဘောကျ စွာ မောင်ငြိမ်းချမ်းဖတ်နေမိသည်။ သို့သော် သိပ်မကြာလိုက်ပါငြီးငွေ့သွားသည်။ ရေးသူ များလည်း အကြောင်းအရာ ထပ်လာသည်။ ပို၍လည်းကြောက်စရာ ဖြစ်အောင်ရေးစရာ မရှိဖြစ်လာ ဟန်တူပါသည်။

 ထိုအချိန်တွင် ဆယ်တန်းကျောင်းသား ဦးလေးကိုလှငွေ အိပ်ရာဘေးမှ စားပွဲပေါ်မှာ ဝတ္ထုစာအုပ် တစ်အုပ် တွေ့ သည်။ စာအုပ်အမည်က ‘တက်ခေတ်နတ်ဆိုး’ 
‘ဦးလေး ဒီစာအုပ် ကျွန်တော်ဖတ်လို့ရမလား’
“အေး.....ရတယ်...ဖတ်..ဖတ် ငါကလဲ အဖတ်ခိုင်းမလို့ .....ဒီစာအုပ်က မင်းဖတ်ကိုဖတ်ရမှာ.....” 
ဦးလေး က ရက်ရောစွာ သဘောတူခွင့်ပြုနေသည်။

တက်ခေတ်နတ်ဆိုး

စာရေးဆရာကြီး ဦးသိန်းဖေမြင့်ရေးသော  “တက်ခေတ်နတ်ဆိုး”မှာ ဖတ်ကတည်းက လက်မှ မချ နိုင်အောင် ကောင်းပါသည်။ စာရေးဆရာ၏ ရည်ရွယ်ချက်ကောင်းသည်။ စေတနာမှန်သည်။ အချက် အလက် ပြည့်စုံခိုင်လုံသည်။ ဇာတ်လမ်းဆင်ထားသော အချစ်၀တ္ထုစိတ်၀င်စားစရာ၊ စာရေးဆရာပီသစွာ အဓိပ္ပါယ်ရှိသော စာဖြစ်အောင် ကြိုးကြိုးစားစား ရေးထားသည် တင်ပြပုံ ကောင်းသည်။
သရဲ၀တ္ထု လိုပင် ဘယာနက ရသမြောက်အောင်ရေးထားသည်။ ကြောက်စရာအဖြစ် မြင်အောင် ကြောက်အောင် တင်ပြထားသည်။ သို့သော်စုန်း၊ ကဝေ ၊တစ္ဆေသရဲ ကဲ့သို့သော ကြောက်စရာမျိုး မဟုတ်။ ကာလသား ရောဂါ၏ ဆိုးကျိုးများကို ကြောက်စရာကောင်းအောင် ရေးထားခြင်း ဖြစ်သည်။ ဘယာနက ရသ ကို ရောက်အောင် ပို့ဆောင်ရာတွင် အခြားသော ရသများလည်း စုံလင် သည်။

တက်ခေတ်နတ်ဆိုးသည် အချစ်၀တ္ထုကောင်းလည်းဖြစ်၏။ သိင်္ဂါရ ရသအချစ်ရေယာဉ်ကြောမှာ မျောပါအောင် ဆွဲခေါ်သွား၏။ သိင်္ဂါရသနှင့် တွဲလျက်ပျော်စရာ ဟာသရသသနားဖွယ်ရာ ဂရုဏာရသ ကာလသား ရောဂါ ဆိုး၏ အထိတ်တလန့် အံ့သြလောက်စရာ အမ္ဗုတရသ၊ စက်ဆုပ်စရာ ဝိဘစ္ဆရသ စသည့် ရသ မျိုးစုံ တို့ကို ခံစားရသည်။
နောက်ဆုံးတွင် ကြေးစားမိန်းများ နှင့် လိင် အပျော်အပါးကို မဆင်မခြင် လိုက်စားသူ လူငယ်တစ်ယောက် ကာလသား ရောဂါဆိုးကြီး ၏ ဒုက္ခအမျိုးမျိုး ခံစားပြီးသေဆုံးသွားပုံကို ရသမြောက်စွာရေးထားသော အသိ ပညာပေး ဝတ္ထုဖြစ်သည်။ 

ဝတ္ထုကောင်းတစ်အုပ်အနေနှင့် ဖတ်စဉ်မှာလက်မှချ၍မရ။ ဖတ်၍ပြီးသောအခါမှာလည်း ပြီးပြီး ပျောက်ပျောက် ဖုတ်ကနည်းကျ ရှာမရ မဟုတ်။ 
ဝတ္ထုကောင်းတို့မည်သည် ဝတ္ထုဆုံးမှအတွေးစသည် ဟု ဆို၏။ မှန်ပါသည် တက်ခေတ် နတ်ဆိုး ကို ဖတ်ပြီးသည်နှင့် မောင်ငြိမ်းချမ်းငေးမိတွေးမိသည်။ မိမိရှေ့ အနာဂတ်သို့ ဘဝနှင့်ချီ၍ တွေးရသည်။
ငါ၏ မလိမ္မာ လိင်ကိစ္စ အပျောရှာခြင်းကြောင့် နောင်အခါ ငါ လက်ထပ်မည့် မိန်းကလေး ရောဂါမကူးစေရ။ ငါ့ဇနီးကမွေးမည့် ငါရင်သွေး မွေးရာပါကာလသား ရောဂါကြောင့် မျက်စိမမြင်တာ၊ ခါရိုးပျက်စီးနေတာ အာရုံကြော တွေ မကောင်းတာမဖြစ်စေရ။

 “ငါ့ကိုယ်ထဲမှာ.....ငါ့သွေးထဲမှာ ဆစ်ဖလစ်၊ ဂနိုစတဲ့ ကာလသားရောဂါ ကြောက်စရာတွေမရှိစေရ။ လုံးဝ ကင်းစေရမယ်.....”
မောင်ငြိမ်းချမ်း ဆုံးဖြတ်လိုက်သည်။
“ရတယ် ....ဖတ်...ဖတ်..ငါကလဲ မင်းကို အဖတ်ခိုင်းမလို့ ဒီစာအုပ်ကမင်း ဖတ်ကိုဖတ်ရမှာ... ဟုပြောသောဦးလေးကိုလှငွေကိုလည်း ကျေးဇူးတင်မိသည်။”

မောင်ငြိမ်းချမ်း ကိုယ့်ဘာသာလည်းကံကောင်းလှသည်ဟု ဝမ်းသာမိ၏။ မိမိကိုယ်မှာ သန့်ရှင်းစင်ကြယ်သောလူပျိုဖြစ်စ အရွယ်တွင် တက်ခေတ် နတ်ဆိုးကိုဖတ်မိခြင်းဖြစ်သည်။ တက်ခေတ် နတ်သမီး များ နှင့်ပျော်ပါးခြင်းကင်း စေရမည်ဟု ဆုံးဖြတ်လိုက်သည်။ 
စာဖတ်ခြင်း ၏ ကောင်းကျိုးကိုနားလည်ရသည်။ တကယ့်စာရေးဆရာ၏ စာပေရည်ရွယ် ချက်  စာပေ စေတနာ စာပေ အဓိပ္ပာယ်ဆိုသည်ကိုလည်း နားလည်လိုက်သလို ခံစားရမိ၏။
   
ဇာတ်တော်ကြီးဆယ်ဘွဲ့

တက်ခေတ်နတ်ဆိုး ကဲ့သို့သော  စာအုပ်ကောင်းကိုဖတ်ပြီးသည့်နောက် မောင်ငြိမ်းချမ်း စာကောင်းကို ပိုဖတ်ချင် လာသည်။ ရှုမဝ၊ မြဝတီ၊ စုံထောက် မဂ္ဂဇင်းများမှာ ဝထ္တုကောင်းကောင်းများကို ရွေးချယ် ရှာဖွေ တတ်လာသည်။
တစ်နေ့တွင် အိမ်ခေါင်းရင်း မှ သရက်ပင်အောက်မှာ ဘိုးချော သည် ပက်လက်ကုလားထိုင် မှာ  ထိုင်၍ စာအုပ် အထူကြီး ကို ဖတ်နေသည် ဘိုးချောနှင့်စာအုပ်ကြီးမှာ လိုက်ဖတ်လှ၏။ ဘိုးချောက အသက်(၆၀) ကျော် အသားဖြူဖြူ ရုပ်သန့်ပြန့်၏။ ဆံပင်များလည်း ဖွေးဖွေးဖြူနေသည်။ 

အငြိမ်းစားများ စုပေါင်းတည်ထောင်ထားသည့် စဉ့်ကိုင်မြို့စာကြည့်တိုက်မှာလည်း အဖွဲ့ဝင်ဖြစ်သည်။ နေ့စဉ် စာကြည့်တိုက် သို့သွားသည်။ သတင်းစာဖတ်သည်။ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်သည်။ ပြန်လာလျှင် စာအုပ်ငှားလာပြီး အိမ်မှာ အေးချမ်းစွာ စာဖတ်သည်။
ညနေပိုင်း တွင် ဘိုးချော သူ့မိတ်ဆွေတစ်ယောက် အိမ်သို့သွားနေစဉ် သာအုပ်ကြီးကို သရက်ပင်အောက်မှ စားပွဲငယ် လေးမှာ တင်ထားခဲ့သည်။ ဘိုးချောထိုင်နေကျ ပက်လက်ကုလားထိုင်နားမှာ ဖြစ်သည်။
မောင်ငြိမ်းချမ်း စာအုပ်ကြီးကို ရိုရိုသေသေ ကိုင်ကြည့်လိုက်သည်။ အနက်ရောင် သားရေဖုံးပေါ်မှာ ရွှေစာလုံး များတွေ့ရ၏။ “ ဇာတ်တော်ကြီးဆယ်ဘွဲ့“ ဟူ၍ ဖြစ်သည်။ ဇာတ်ကြီး ဆယ်ဘွဲ့ ကြားဖူးသည်။ မဖတ်ဘူး ပါ။ ဖတ်ကြည့်ရလျှင် ကောင်းမည်ဟု ဖတ်ချင်စိတ်ဖြစ်မိသည်။

    စာအုပ်ကြီးကို အမြည်းသဘော လှန်လှောကြည့်လိုက်သည်။
    “အိုး..... လှလိုက်တာ“
    အထဲမှာ ကြွေရောင်စက္ကူချောနှင့် ဆေးရောင်စုံ ပန်းချီပုံများကို တွေ့ရသည်။ ဖတ်ချင်စိတ် ပိုဖြစ်ရသည် ။ စာအုပ်ကြီး ကို အထင်ကြီးစွာ သဘောကျမိသည်။
    “ငါ... ခဏယူဖတ်ရင်ရမလား..... ဘိုးချောကဆူမလား“
    စိုးရိမ်မိသည်။ သို့သော် ဘိုးချောက စာဖတ်ခြင်း ကို သဘောကျသည်။ ဆူမည်မထင် သူ ပြန်လာလျှင် သူ့ နေရာ ပြန်ထားလိုက်မည်။
မောင်ငြိမ်းချမ်း စာအုပ်ကြီးကို ယူ၍ဖတ်သည်။ အနက်ရောင် သာရေဖုံးမှ စာရွက်ထိပ်များ တွင် အနီရောင် ဆေးချယ်ထား၍ ပိတ်ထားလျှင် အနီနှင့် အနက် ကျက်သရေ ရှိလှသည်။ ကိုင်ရ သည်မှာ အလေးကြီး။ လွတ်မကျ အောင်သတိထားသည်။

အိမ်အပြင်မှ တန်းလျားခုံ မှာ ထိုင်၍ ဖတ်သည်။ ပထမဦးဆုံး ဖတ်ရသည်က တေမိမင်းကြီး အကြောင်း စိတ်၀င်စားစရာ ကောင်းပါသည်။ စာအုပ် ကို လက်မှ ချ၍မရ ခါတိုင်းလို ညနေပိုင်းမှာ စျေးကူ မရာင်း တော့ပါ။
     စျေး၀ယ်များလာဟန်တူပါသည်။
    “ဟဲ့ ဟိုကောင်လေးရော..... “
    အမေခြုံ ၏ မေးသံ။
    “အမေခြုံမြေး က စျေးကူမရောင်းနိုင်ဘူးလေ... ကြီးကြီးကျယ်ကျယ် နဲ့ ဦးချောဖတ်တဲ့ ဇာတ်ကြီး ဆယ်ဘွဲ့ ဖတ်နေတယ်... “
    အဒေါ်၏ လေသံက မကျေနပ်
    “ကိုယ်နဲ့မတန်တာတော်..... ကိုယ်ကဖြင့် ကလေးရှိသေတယ်...ကြီးကျယ်လိုက်တာ“
    မောင်ငြိမ်းချမ်း ကြားလိုက်သည်။

စာအုပ်ကြီး ကို သူ့နေရာမှာ ပြန်ထားပြီး စျေးကူရောင်းသည်။ စျေး၀ယ်များ မရှိသော အခါ အလကား ရပ်နေ ရသည်။ စာအုပ်ကြီးကို ဖတ်ချင်သည်။ စာဖက်ရင်း စျေးရောင်းနိုင်ရန် စာအုပ်ကြီး ကို သွားယူသည်။ စျေးဆိုင် နှင့် နီးရာထိုင်ခုံမှာ ထိုင်ဖတ်သည်။
“နင်ကလဲ ကြီးကျယ်လိုက်တာ နင့်အရွယ်ကဖြင့် အငယ်လေးရှိသေး စာအုပ်ကြီးကိုင်ပြီး ဟန်များလိုက်တာ ဦးချော က သူ့စာအုပ်ကို အဲဒီလိုယူဖတ်တာ မကြိုက်ဘူး။
    “သူပြန်လာရင်..... ပြန်ထားမှာပေါ့... “
    မောင်ငြိမ်းချမ်း ဖတ်ချင်စိတ်ကြောင့် မလျှော့ချင်။
    “နင် က စျေးကူမရာင်းဘဲနဲ့ စာဖတ်နေလို့ ဖြစ်မလားဟဲ့... “
    အဒေါ် က သူရှိပါလျက်နှင့် စျေးရောင်းရမှာကို တွက်ကပ်နေသည်။

    “စျေး၀ယ်လာရင် ရောင်းပါ့မယ်.....။“
    မောင်ငြိမ်းချမ်း ပြောပြီးစာဆက်ဖတ်နေလိုက်သည်။ အဒေါ် ကျေနပ်ဟန်မတူ။
    “အေး.... ဦးချော လာရင် သူ့စာအုပ် ဖတ်တာ
နင့်ကိုတိုင်မယ်... “
    မောင်ငြိမ်းချမ်း ဘာမျှ ပြန်မပြောတော့ပါ။ အတိုင်မခံရခင် ဖတ်နိုင်သမျှ များများပြီးအောင် ကြီုးစား ဖတ်သည်။

မိနစ်လေးဆယ်လောက် ဖတ်ရသည်။ ဘိုးချောစက်ဘီး နှင့် ပြန်လာသည်ကို မြင်သည်နှင့် စာအုပ်ကြီးကို ယူ၍ ပြေးသွားပြီး သူ့စားပွဲလေးပေါ် ပြန်တင်ထားလိုက်သည်။
    သို့သော် အပြစ်မလွတ်ပါ။ ဘိုးချောအိမ်ထဲသို့ ၀င်လာသည်နှင့်....
    “ဦးချော.... (အဒေါ်က ပထွေးဖြစ်သူကို အမေခြုံခေါ်သလိုပင်  ဦးချော ဟု ခေါ်ပါသည်။) ဟို ဇာတ်ကြီး ဆယ်ဘွဲ့ စာအုပ်ကြီး ကို ဒီကောင်လေး (မောင်ငြိမ်းချမ်းသို့ ညွှန်ပြလျက် ) ယူဖတ်နေတယ်။ မဖတ်နဲ့လို့ ပြောတာ ဟူး.... “
    အဒေါ်ကတိုင်သည်။ အမေခြုံ ကပါအလိုမကျစွာ ထပ်ဖြည့်သေးသည်။

    “ဟုတ်တယ်... ဟုတ်တယ်..... သူ့အဒေါ်က ဦးချောလာရင်တိုင်မယ် ပြောတာတောင် အရေး မလုပ် ဘူး...။ ဆက်ဖတ်နေတယ်... “
    အမေခြုံ ဤမျှအထိ မကျေမနပ်ဖြစ်မည်မထင်မိ။ မောင်ငြိမ်းချမ်း စိတ်မကောင်း ဖြစ်ရ သည်။ ဘိုးချော ဘာပြော မည်နည်း။ နားထောင်နေရသည်။ ပေးသည့်ပြစ်ဒဏ်ခံရတော့မည်။
    ဘိုးချောက မောင်ငြိမ်းချမ်းကို လှမ်းကြည့်လိုက်သည်။
    “ဒီကောင်က... ငယ်ပေမယ့်စာဖတ် ဝါသနာပါတယ်။ ကြီးလာရင်စာရေးဆရာ ဖြစ်မယ့်ကောင်.... ဖတ်ပါစေ။ ဇာတ်ကြီးဆယ်ဘွဲ့ ကို ပြီးတဲ့အထိဖတ်..မင်းပြီးမှ ငါဖတ်မယ်။ ငါစာဖတ်တဲ့ ပက်လက် ကုလားထိုင်မှာ လဲထိုင်ခွင့်ရှိတယ်။ အဲဒီမှာထိုင်ဖတ်....။“

    ဘိုးချော က မဆူရုံမက ချီးမွမ်းစကားပြောသည်။ ထိုစကားထဲတွင် မောင်ငြိမ်းချမ်း သဘော အကျဆုံးမှာ “ကြီးလာရင် စာရေးဆရာဖြစ်မယ့်ကောင်“ ဟူသောစကားဖြစ်သည်။
    ဘိုးချောဖတ်သော စာအုပ်များကို မောင်ငြိမ်းချမ်း တရား၀င်ဖတ်ခွင့် ရသွားသည်။ သို့သော် ဘိုးချော ထိုင်သော ကုလားထိုင်မှာတော့ မထိုင်ပါ။ အခွင့်အရေး ပေးတိုင်းယူလျှင် အဒေါ်နှင့် အမေခြုံ အမြင်ကပ် မည်ကို သတိထားရသည်။ စျေးရောင်းချိန်မှာလည်း စျေးကူရောင်းရသည် စျေး၀ယ်မရှိမှ ဖတ်ရသည်။

သတ္တမတန်းနှင့် ဓားပြရန်

မောင်ငြိမ်းချမ်း လပတ်စာမေးပွဲ တစ်ခါမျှ မအောင်ခဲ့သော်လည်း အတန်းတင် စာမေးပွဲများ တွင် အောင်မြင် ပါသည်။ သင်္ချာအခြေခံ မကောင်း၍ မလိုက်နိုင်သောကြောင့် စ်ိတ်အားငယ် စိတ်ဓါတ် ပျက်ပြီး မောင်ငြိမ်းချမ်း စာကြိုးစားချင်စိတ် မရှိ၊ မိမိကိုယ်ကို ဥာဏ်ထိုင်းသည်။ သင်္ချာင်္ဦးနှောက်မရှိဟုပင် သိမ်ငယ် စိတ်ဖြစ်မိသည်။ 
သို့သော် သင်္ချာမှာ (၂ )မျိုးရှိ၏။ သင်္ချာ(၁)နှင့် သင်္ချာ(၂) ဖြစ်သည်။ သင်္ချာ(၂)မှာ ပဉ္ဓမတန်းမှ စပြီး သင်ရခြင်းဖြစ်သည်။ ထို့ကြောင့် သင်္ချာ(၂) တွင် မြို့ပေါ်ကျောင်းသားများနှင့်အတူ မောင်ငြိမ်းချမ်း လိုက်နိုင် ပါသည်။ အတန်းတင်စာမေးပွဲများတွင် သင်္ချာဘာသာပေါင်း(၈၀) မှတ်ဖြင့် မောင်ငြိမ်းချမ်းအောင် သွားလေ့ ရှိပါသည်။

မောင်ငြိမ်းချမ်း တို့ (၇)တန်းရောက်သည့်နှင့် နှစ်ကျမှ (၇)တန်းစာမေးပွဲကို အစိုးရစစ်အဖြစ် ပြောင်း လိုက်သည်။ ကိုယ့်ကျောင်းမှာ မဖြေရ။ ကျောက်ဆည်မြို့အစိုးရ အထက်တန်းကျောင်းမှာ သွားဖြေရမည် ဟု သိရသည်။
မောင်ငြိမ်းချမ်းအောင်ချင်သည်။ ကျက်စာကိုမကြောက်။ ကျက်လျှင်ရသည်။ သင်္ချာကိုလည်း (၁)ကို အားမကိုး နိုင် လျှင် (၂) ကို အားကိုးရမည်။ သင်္ချာ(၂) ကို သေချာအောင်လုပ်သည်။ အထူးသဖြင့် ဂျော်မထရီ မှာ ဝါသနာလည်းပါ၍ သီအိုရီများအားလုံး အလွတ်ကျက်သည်။

သို့သော် ခက်နေသည်က မောင်ငြိမ်းချမ်း (၇)တန်းစာမေးပွဲနှစ်တွင် မောင်ငြိမ်းချမ်း တို့ ရွာမှာ ဓားပြ ဂိုဏ်းများ သောင်းကျန်းနေ၏။ ရောင်စုံသောင်းကျန်းသူများ မရှိတော့သော်လည်း အနီးဆုံး စဉ့်ကိုင်ရဲစခန်း မှာ ရွာနှင့်(၆)မိုင်ဝေးသည်။ စစ်တပ်၊ ရဲတပ်ရွာသို့ရောက်ခဲသည်။ ထို့ကြောင့် နွားခိုးဂုဏ်း၊ ဓားပြဂိုဏ်းများ သောင်းကျန်း နေ၏။ မိုးရာသီတွင် မောင်ငြိမ်းချမ်း စဉ့်ကိုင်မှာ နေ၍ ဓားပြမကြောက်ရ။ မိုးကုန် ၍ ရွာမှ ကျောင်းတက်သည် နှင့် ရွာမှာ ဓားပြကြောက်နေရသည်။

မောင်ငြိမ်းချမ်းတို့ ညနေစာကို စောစောစားရသည်။ စားပြီးသည်နှင့် အဖေကြီး၊ အမေကြီး ဦးလေးတို့ အလျှို အလျှို ပျောက်သွားကြသည်။ ရှောင်ပုန်းပြီးအိပ်ကြခြင်းဖြစ်သည်။ ဓားပြတိုက်လျှင် ပေးစရာ ရွှေမရှိ၊ ငွေမရှိ၊ မပေးလျှင် လူကြီး တွေ့က ရိုက်မည်။ မပေးနိုင်၊ အရိုက်မခံနိုင်၍ ရှောင်အိပ်ရခြင်းဖြစ်သည်။
အိမ်မှာ မောင်ငြိမ်းချမ်း တို့ မောင်နှမသုံးယောက်သာကျန်ရစ်သည်။ ကလေးကိုတော့ ဘာမှပေးစရာ မရှိ လျှင်လည်း ရိုက်မည်မဟုတ်ဟု အိမ်မှာအိပ်စေခြင်းဖြစ်သည်။ အငယ်လေး နှစ်ယောက် ကတော့ ကြောက်ရ ကောင်းမှန်း မသိ။ အစောကြီးအိပ်ပျော်သွားကြသည်။

မောင်ငြိမ်းချမ်း အိပ်၍ မရ။ ဓားပြတိုက်မှာ လည်း ကြောက်သည်။ (၇)တန်းစာမေးပွဲလည်း အောင် ချင်သည်။ ရေနံဆီ မီးအိမ်ထွန်း ၍ အိပ်ရာထဲမှာပင် မှောက်လျက်စာကြည့်ရသည်။ မြို့ပေါ် မှ ကျောင်းသား များလို စာကြည့်ခန်း၊ စာကြည့်စားပွဲနှင့် လျှပ်စစ်မီးနှင့်အေးချမ်းစွာ စာကျက်ရသည် မဟုတ်။ ခွေးဟောင် တိုင်း ခေါင်းထောင် လျက် နားစွင့်ရသည်။ ခွေးဟောင်သံတွေများလာလျှင် လမ်းကြားအတိုင်း အဆက်မပြတ် ဟောင်လျှင် ကြောက်ရသည်။

“ဓားပြတွေ၀င်လာပြီလား....”
စိုးရိမ်နေရပြီ။ ခွေးသံငြိမ် မှ စာကို ဆက်ကျက်ရသည်။ အာရုံမလွင့်စေရန်အတွက်စာများကို ကျောက်သင်ပုန်း ပေါ် မှာ ကျောက်တန်နှင့် ရေးကျက်ရသည်။ ဤသို့လုပ်နေသည်ကို မိဘ များ ဘယ်သူမှ မမြင်ပါ။ “ခုနစ်တန်း စာမေးပွဲအရေးကြီးတယ်နော်....စာကျက်” ဟု လည်း မပြောပါ။ ကိုယ့်ဘာသာ ကျက် နေရခြင်း ဖြစ်သည်။
တစ်ည မှာတော့ မှန်အိမ်ရေနံဆီကုန်နေ၍ ဖယောင်းတိုင်နှင့် စာကြည့်ရသည်။ အိပ်ချင်လာ၍ အိပ်ငိုက် သော အခါ ဆံပင် ကို ဖယောင်းတိုင်မီးလောင်သည်။ နဖူးဆံစပ်မှာ မီးလောင်ဖုဖြစ်၍ ပူလိုက်သည် မှာ ပြောစရာ မရှိ။ အိမ်ပါမလောင်သည်ပင် တော်သေးသည်ဟုသဘောထားပြီး အိပ်လိုက်ရသည်။

အပိုင်း (၁၀)

၀ဋ်တော်ကြေရှတာပေါ့

ရွာထဲမှာခွေးဟောင်သံရော၊ လူသံတွေပါ ဆူညံနေ၍ မောင်ငြိမ်းချမ်း လန့်နိုးသည်။
“ဘာဖြစ်တာပါလိမ့် ဓားပြတွေ၀င်လာပြီလား.....”
မောင်ငြိမ်းချမ်း ထ ထိုင်လိုက်သည်။ ခွေးသံ၊ လူသံတွေ ပို၍ဆူညံနေ၏။

“မီး...မီး ...အနောက်ကျောင်း၀င်းထဲမှာ မီးလောင်နေပြီ....”
လူများအော်သံ၊ ပြောသံ၊ ပြေးသံများ ကြားရသည်။ မောင်ငြိမ်းချမ်းတို့ရွာမှာ မီးသတ်မရှိ၊ မီးလောင်လျှင် လူငယ်တိုင်းရေပုန်းဆွဲပြေးရသည်။ ရေတွင်းကပေါသည်။ မီးလောင်ရာနေရာကို အနီးဆုံးရေတွင်းမှ ရေဆွဲ ၍ လောင်းရသည်။
မောင်ငြိမ်းချမ်း ကလေးနှစ်ယောက်ကိုမနှိုးတော့ဘဲ ရေပုန်းကိုဆွဲ၍ အနောက်ကျောင်း၀င်းသို့ ပြေးသည်။ ရွာသွားများစွာ ရေပုန်းကိုယ်စီနှင့် ရောက်လာကြသော်လည်း မချိန်မမီတော့ပါ။ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ ကျောင်း ကလေးကို မီးအားကောင်းစွာ လောင်နေပြီ။

ကျောင်းထဲမှာ ဘုန်းကြီးရှိသည်။ တစ်ပါးတည်းသီတင်းသုံးသည်။ မျက်စိကလုံး၀မမြင်။ တူ၊ တူမများ ကနေ့စဉ်ဆွမ်းပို့ရသည်။ ဆောင်းတွင်းကာလမှာ အေး၍ဆရာတော်ကြီး နွေးထွေးအောင် ကောက်ရိုးများ ခင်းပေးထား ကြသည်။ ယခုနွေပေါက်ပြီး ကောက်ရိုးများပြန်မထုတ်ရသေး။ ဆရာတော်ကြီးက ဆေးပေါ့လိပ်သောက်တတ်သည်။ ဆေးလိပ်သောက်ရင်း ကောက်ရိုးပေါ်မီးပွား ကျ၍လောင်ခြင်း ဖြစ်မည် ဟု ခန့်မှန်းကြသည်။

မီးအားကပြင်းလွန်းနေပြီမို့ ဆရာတော်ကြီးအားကယ်ရန် ဘယ်သူမျှ မ၀င်နိုင်တော့ပါ။ တူတစ်ယောက် က ၀င်ကူမည် ကြိုးစား၍ အတင်းဆွဲထားရသည်။ 
မီးလောင်အား ပိုပြင်းလာသောအခါ အောက်မှကြမ်းများမီးကျွန်းပြီး ဆရာတော်ကြီး၏ ရုပ်အလောင်း အောက်သို့ ကျလာသည်။ အလောင်းတော်ကို မီးအားကောင်းစွာလောင်နေသည်။ အားလုံးမြင်ကြ ရပါသည်။

“အို.....မသေခင် ဘယ်လောက်များပူရှာမလဲ....”
မောင်ငြိမ်းချမ်း ကိုယ်ချင်းစာမိသည်။ ညဦးကပင် စာကြည့်ရင်း အိပ်ငိုက်၍ ခေါင်းမှဆံပင်မီးလောင် ခဲ့သည်။ နဖူးဆံစ မှာ အပူဖုဖြစ်သွားသည်။
ပူလွန်းသည်ဟု ဝေဒနာခံစားခဲ့ရသည်။ ဆရာတော်ကြီးခမျာ မသေမီစပ်ကြား ပူလောင်ခြင်း ဆင်းရဲကို မည်မျှ ခံစားရမည်နည်း ဟု စာနာစိတ်နှင့် တွေးမိသည်။
“၀ဋ်တော်ကြေရှာတာပေါ့လေ.....”
နောက်ဖက်မှလူကြီးတစ်ယောက် ပြောလိုက်သောစကားဖြစ်သည်။
“ဟုတ်တာပေါ့လေ....အတိတ်ဘ၀ကရှိခဲ့တဲ့ ၀ဋ်ကြွေးကြေသွားပြီပေါ့”
မောင်ငြိမ်းချမ်း စိတ်ထဲ မှာ သက်သာရာဖြစ်ရပါ၏။

ပထမဆုံးရေးသော၀တ္ထု

ဓားပြရန် ကြောက်၍ ခွေးဟောင်တိုင်းခေါင်းထောင်ကြည့်ရင်း ကြောက်လန့်လန့်စာကျက်ပြီး သတ္တမတန်း ကို ဖြေခဲ့ရသည်။ စဉ့်ကိုင်မြို့တွင် ကိုယ့်ကျောင်းမှာကိုယ်ဖြေရသည်မဟုတ်။ ကျောင်ဆည်မြို့ အစိုးရ အထက်တန်းကျောင်း မှာ သွားဖြေရသည်။ ကျောက်ဆည်ခရိုင်အတွင်းမှာ ကျောင်းများ အားလုံးပေါင်း ဖြေရခြင်းဖြစ်သည်။
စာမေးပွဲ စောင့်သောဆရာ၊ ဆရာများသည် စည်းကမ်းတင်းကျပ်သည်။ နောက်ကျလျှင် ကျောင်း၀င်းထဲပင် ၀င်ခွင့် မရ။ မည်သည့်စာရွက်စာတမ်းမျှ မယူရ။ စစ်ဆေးသည်။ ရှာဖွေသည်။ စကားလုံး၀မပြောရ။ ကိုယ့်ကျောင်း မဟုတ် ကိုယ့်ထက်ကြီးသောမြို့မှာ ကိုယ့်ထက်ကြီးသော ကျောင်းမို့ အားလုံး ကြောက်နေရသည်။

မောင်ငြိမ်းချမ်း ကောင်းစွာကြိုတင်ကျက်မှတ်ထား၍ စာမေးပွဲကို ဖြေနိုင်ပါသည်။ အသေအချာ မပြောရဲ သော်လည်း အောင်နိုင်မည်ထင်မိ၏။ နွေရာသီကျောင်းပိတ်ရက်မှာ စာကြည့်တိုက်မှ မဂ္ဂဇင်းစာအုပ်များ၊ ငှားဖတ်ရင်း ၀တ္ထုတိုရေးကြည့်ချင်စိတ်ဖြစ်လာသည်။ ရေးစရာအကြောင်းအရာ လေးတစ်ခုကလည်း ရှိနေ သည်။ မောင်ငြိမ်းချမ်းတို့ရွာမှာ ဦးထိုက်ဆိုသော လူတစ်ယောက်ရှိသည်။ တစ်ရွာလုံးကသူ့ကို ဂြိုဟ်ထိုက် ဟု ခေါ်ကြသည်။ ပြဿနာများသောသူကိုလည်း ဂြိုဟ်ထိုက်ဟု ခေါ်ကြသည်။ ထိုသူကြီးအကြောင်းကို စာရေး ကြည့်ချင်သည်။
ခေါင်းစဉ် ကို “ဂြိုဟ်ထိုက်” ဟုပေးလိုက်သည်။

၀တ္ထုထဲတွင် ချဉ်မြစ်ပင်သရဲကလည်းပါသေးသည်။ သရဲတစ္ဆေဝါသနာပါသူ သူတို့စိတ်၀င်စားစရာ။ တကယ်ခြောက်ခဲ့သောသရဲ တကယ်ရှိခဲ့သောအဖြစ်။
မောင်ငြိမ်းချမ်းတို့ရွာမှာ ဦးထိုက်ဆိုသောလူ တစ်ယောက်ရှိသည်။ အရပ်ပု၍ သူ့အရွယ်လူများက ကိုထိုက်ပု ဟုလည်းခေါ်သည်။ အသားညိုသည် အရုပ်ဆိုးသည်။ စိတ်ထားမကောင်း၍ မျက်နှာလည်း ကြည့်၍ မကောင်း။ လူရုပ်ဆိုးသည်ထက် ဥပဓိရုပ်ပျက်နေသည်က ပိုဆိုးသည်။
သူက သူကြီး၏လက်စွဲ ရွာဆော်ဖြစ်သည်။ သူကြီးအိမ်မှာ အနေများသည်။ သူကြီးခိုင်းသမျှလုပ်ပေး ရန်အသင့် သာမက သာသာထိုးထိုးပင် လုပ်တတ်သည်။`
အဲဒီရန်ဖြစ်တဲ့ကောင်နှစ်ယောက်သွားခေါ်ခဲ့....ဟုတ် သူကြီးခိုင်းလျှင် ကိုထိုက်က ကြိုးနှင့်ပါတုပ်ချင် ၍ ပြဿနာ ဖြစ်တတ်သည်။

ကိုတင်ဆိုသည်က ကိုထိုက်နှင့်အိမ်နီးချင်း။ သို့သော် စိတ်ထားချင်းကတခြားစီ။ ကိုတင်က စိတ်ရင်းကောင်း သည်။ ရိုးဖြောင့်သည်။ သူများကို ကူညီတတ်သည်။ နေရာတိုင်းမှာ ကြောက်တတ်သည်။ သရဲတစ္ဆေလည်း ကြောက်သည်။
ကိုတင်က ငါးရက်တစ်ခါ ဖလံဗိုလ်ရွာမှ ၀န်းသိုရွာသို့ စျေးလာရောင်းသော မညိုရင်ကို မနက်လှည်းဖြင့် သွားကြို၍ ညနေမှာလည်း လှည်းဖြင့် ပြန်ပို့ရသည်။ မညိုရင်ကို ပို့ပြီးရွာပြန်လာလျှင် ည(၈)နာရီခန့်မို့ မှောင် နေပြီ “ငတင်ရေ...ငါ့ခေါင်းရိတ်ပေးစမ်းကွာ.....”
ဦးထိုက်လာခိုင်း ၍ ကိုတင်က ခေါင်းရိတ်ပေးသည်။

“ဒီနေ့စျေးသည် မညိုရင်လာတာတွေ့တယ်...ညနေကျ မင်းပြန်ပို့ရအုံးမှာပေါ့...”
ပို့ရမှာပေါ့ဗျာ....ပို့တာကကိစ္စမရှိဘူး။ ညမိုးချုပ်မှပြန်လာရတာ ကြောက်တယ်ဗျ...
“ဘာကြောက်တာလဲ...”
“သရဲကြောက်တာပေါ့ဗျ..ချဥ်မြစ်ပင်တံတားကို ဖြတ်ရတိုင်း ကြောက်လွန်းလို့ ကြက်သီးတွေထပြီး ကျောထဲပါ စိမ့်တက်လာတယ်.....။အဲဒီနားမှာ ကိုဘခင် ထင်းချိုင်ရင်း လိမ့်ကျပြီး ကိုယ့်ဓားနဲ့ကိုယ် ခါးထိလို့ သေထားတာ...”
ကိုတင် က သူကြောက်သည်ကို ရှင်းပြသည်။

“အေး ...ဟုတ်တယ်ကွ။ ဘခင်မကျွတ်ဘူးကွ...။ ငါတစ်ညမှာ လယ်ရေသွင်းပြီးပြန်လာတော့ လမရှိတဲ့ ညတွေ မှောင်လဲတော်တော်မှောင်တယ်။ ချဉ်မြစ်ပင်အောက်ရောက်တော့ မင်းပြောသလိုပဲ ကြက်သီး ထရုံတင် မကဘူး။ ခေါင်းပါကြီးတာကွ...ချဉ်ဖြစ်ပင်တံတားလဲ ကျော်ရောဖြန်းကနဲကွာ သဲတွေ၊ ရေတွေ နဲ့ ပက်တော့တာပဲ...”
”ဟာဗျာ... ”
ကိုတင် ကြက်သီးတွေထပြီး လက်ပါတုန်လာ၍  ခေါင်းရိတ်သည်ကို ခဏရပ်ထားလိုက်ရသည်။

“ငါလဲကြောက်လိုက်တာ ....ငယ်သံပါအောင်အော်ပြီး တအားပြေးရတာကွ...နောက်ကလိုက်ပြီး သဲတွေနဲ့ ပက်နေလို့.....”
“ခင်ဗျား နောက်လှည့်ကြည့်သေးလား...”
ကြည့်တာပေါ့ကွ ...ဘတင်ကွသေချာတယ်။ ဒါပေမဲ့ သရဲဖြစ်တော့ မဲနေတာပေါ့ကွ...ကြောက်စရာ ကြီး... မယုံမရှိနဲ့ကွ... ငါကိုယ်တိုင်အခြောက်ခံရတာ...
“ဒုက္ခပါပဲဗျာ”
ကိုတင် ညလိုက်ပို့ရမည်ကို ကြောက်နေသည်။

ညနေ မညိုရင် ကို လိုက်ပို့သောအခါ အဖော်ရှာသော်လည်း ဘယ်သူမျှမရှိ၍ ဆယ်နှစ်အရွယ် ချစ်မောင် ဆိုသော ကလေး ကို ခေါ်သွားသည်။
မညိုရင် ကို ဖလံဗိုလ်ပို့ပြီး ပြန်လာသောအခါမှောင်နေပြီ။ ချဉ်မြစ်ပင်နီးလေ ကိုတင် ရင်ခုန်လေဖြစ် နေသည်။
ရှေ့ဆီ မှ အုပ်အုပ်ဆိုင်းဆိုင်းနှင့် ချဉ်မြစ်ပင်ကိုမြင်နေရပြီ။ အမှောင်ထုကလည်း သိပ်သည်းလာ၏။
ကွက် ကွက်....ကွက် ကွက်...ကွက်ကွက်
ခေါင်းထက်ရှိ ကုက္ကုလ်ကိုင်းပေါ်မှ ဇီးကွက်တစ်ကောင် ရုတ်တရက် အော်မြည်လိုက်သောအခါ ကိုတင် ကြက်သီးထ သွားသည်။
နွားများ က ရှေ့ဆီသို့ ခြေလှမ်းမှန်မှန်သွားနေ၏။ ချဉ်မြစ်ပင်နှင့် နီးလာပြီ။

ကိုတင်ကြောက်၍ အားကိုးရာအဖြစ်နှင့်ယူလာသော ဓားမကိုလည်း ဆောင်ပန်းအိမ်မှ ဓားမချပ်တွင် လှမ်းကြည့် လိုက်သည်။
“ဘုရား.....ဘုရား.....”
ချဉ်မြစ်ပင် အောက်ရောက်လာပြီ။ အုပ်ဆိုင်းနေသောချဉ်မြစ်ပင်က ကြောက်စရာတံတားပေါ် ရောက်ပြီ။ တံတား ကိုကျော်လွန်ပြီ။
ဗြန်း....
တံထားအောက်မှ သဲများရေများနှင့်ပက်သည်။

“အား....သရဲ...သရဲ...”
ကိုတင်ရော ကလေးပါကြောက်လန့်တကြား အော်ဟစ်၍ နွားများလန့် ပြေးသည်။ ထိုအချိန်တွင် လှည်း နောက်ပိုင်း သို့ မဲမဲသဏ္ဍန်တစ်ခု တက်လာ၏။ 
“ကိုတင်.....သရဲ......သရဲ....”
နောက်မှ ကလေး အထိတ်အလန့်အော်၍ ကိုတင် ဓားမချပ်မှ ဓားကိုဆွဲထုတ်ပြီး ကလေးကိုရှေ့သို့ ပို့လိုက် သည်။
“ဟာ....ဒီသရဲ........ကဲကွာ......ကဲကွာ.......”
လှည်းနောက်ပိုင်းသို့ ခုန်တက်လာသောသရဲကို ကိုတင် ကြောက်ကြောက် လန့်လန့် ဓားနှင့်ဆက်ခါ ဆက်ခါ ခုတ်သည်။ သရဲလှည်းပေါ်မှ ပြုတ်ကျကျန်ရစ်၏။
ကိုတင် သာမက နွားများပါကြောက်လွန်း၍ ထင်ပါ၏ ရွာထဲ၀င်သည်အထိ ဒုန်းပြေးလျက်ဖြစ်သည်။

ကိုတင် အိမ်ရောက်သည်နှင့် ဘာကြောင့်လှည်းကို အမြန်မောင်းလာရကြောင်း မေးကြသည်။ ကိုတင်က ချဉ်မြစ်ပင် မှာ သရဲခြောက်ခံရပုံနှင့် သရဲကိုဓားနှင့် ခုတ်ချပြီး မောင်းပြေးလာရပုံပြောပြ သည်။ သရဲကိုခုတ်သည် ဆိုသောဓားမှာ သွေးများပေနေသည်။ အိမ်နီးချင်းများ အတော်များများ ရောက် လာကြသည်။
“ဟာ......ဟေ့ကောင် ဓားမှာသွေးတွေနဲ့ကွ.....သရဲကသွေးထွက်ပါ့မလား...”
တစ်ယောက်က သံသယဖြစ်သည်။

“ဟာ.... ဒီမှာ ဘိနပ်တစ်ဘက်”
လူတစ်ယောက် က လှည်းနောက်ပိုင်းမှ ဘိနပ်တစ်ဘက်ကို ကောက်ယူကြည့်သည်။
“ ဘယ်မလဲ ဘိနပ်ပြပါဦး.....”
မမယ်မ က ဘိနပ်ကိုစိတ်၀င်စားစွာ တောင်းကြည့်သည်။
“အဲဒါ .......ကိုတင်ဘိနပ်ပါတော့ ......ကိုထိုက်ဒုက္ခရောက်ပါပြီ။ ညနေကတည်းက ချစ်မြစ်ပင် တံတား ကနေ ငတင်သွားခြောက်အုံးမယ် ပြောနေတာ .....မလုပ်ပါနဲ့ပြောတာမရဘူး......။ ခုတော့ သေပြီ ထင်တယ်တော့......လုပ်ကြပါဦး.....”
ကိုထိုက် ဇနီး မမယ်မ ငိုယိုပြောသည်။

ဆူညံစွာပြောကြ၊ ဆိုကြသံများကြောင့် သူကြီးဦးအောင်ခ ရောက်လာသည်။ ဆယ်အိမ်ခေါင်းများကို သွားကြည့် ခိုင်းသည် လူအတော်များများ လိုက်သွားကြသည်။ ပြန်လာသော အခါဓားဒဏ်ရာများနှင့် သတိမေ့ နေသော ကိုထိုက် ပါလာသည်။ ညတွင်းချင်းမှာပင် ကျောက်ဆည် ဆေးရုံသို့ ပို့ကြသည်။
ကိုထိုက် တစ်လခန့်ကြာအောင် ဆေးရုံတက်ရသည်။ မသေပါ။ ဆေးရုံမှ ပြန်ဆင်းလာသောအခါ ခေါင်းမှာ အာရုံကြော ကိုထိ၍ စကားမပြောနိုင်တော့ပါ။ ယခင်ကအရုပ်ဆိုးရသည့်အထဲ ဓားဒဏ်ရာ များကြောင့် ရုပ်ပျက် ဆင်းပျက် ကြောက်စရာဖြစ်နေသည်။

ရွာပြန်ရောက်ပြီး တစ်လခန့်မှာ ဆုံးသွားသည်။ ရွာမှာသဂြိုဟ်လိုက်ကြသည်။ သို့သော် သဂြိုဟ်ပြီးခါမှ ဓားခုတ် ခံရသည့် ရာဇ၀တ်မှုဖြစ်သောကြောင့် အလောင်းကိုဆေးရုံပို့ရမည်။ ပြန်လည် ခွဲစိတ် စစ်ဆေးရမည် ဟု ရဲက အကြောင်းကြားသည်။
ကိုထိုက် ကို မြေမြှုပ်ပြီးလေးရက်ကြာပြီမို့ ဘယ်သူမျှပြန်မဖော်ချင်။ နောက်ဆုံးမှာ သူကြီး က ရွာကို ငွေခွဲ၍ အရက်သမား များကို အရက်ဖိုးပိုက်ဆံပေးပြီး ပြန်လည်တူးဖော်၍ ကျောက်ဆည်ဆေးရုံ အရောက် ပို့ရ သည်။

ရိုးရိုး အေးအေး နေတတ်၍ ကြောက်တတ်ရှာသော ကိုတင် ခမျာလည်း ထောင်သုံးနှစ် ကျသွားရှာသည်။
ထို့ကြောင့် ဆက်ဆံရသူများနှင့် ရွာကိုပါဒုက္ခအမျိုးမျိုးပေးသော ကိုထိုက်ကို မောင်ငြိမ်းချမ်းတို့ရွာမှ ဂြိုဟ်ထိုက် ဟုခေါ်သည်။
မောင်ငြိမ်းချမ်း တကုတ်ကုတ် နှင့် စားရေးနေသည်ကို အဖေကြီးက လာကြည့်သည်။ ရေးပြီးသားအခါ ဖတ်ကြည့် သည်။

“သြော်....ငါ့မြေးက ကိုထိုက်အကြောင်း ၀တ္ထုရေးနေတာကိုး...... ဟုအံ့သြစွာပြောဆိုပါသည်။”
ဘယ်ကို မျှလည်း မပို့ခဲ့ပါ။ ဘယ်မဂ္ဂဇင်းမှာမှလည်း မပါခဲ့ပါ။
ခုနစ်တန်း ကျောင်းသား တစ်ယောက်အနေ နှင့် ကိုသိထားသည်များကို ရေးထားခြင်းသာဖြစ်ပါသည်။ ၀တ္ထုပီပီ ဖြစ်မည် မထင်ပါ။ သို့သော် မောင်ငြိမ်းချမ်း ၏ ပထမဆုံးရေးသော ၀တ္ထုဖြစ်ပါသည်။

ဦးလေး၏အရိုက်ခံရခြင်း

သတ္တမတန်းစာမေးပွဲဖြေပြီးသည့် (၁၄)နှစ်အရွယ်မှာ မောင်ငြိမ်းချမ်း လူပျိုပေါက်အရွယ် ရောက်လာသည်။ ရွာ ဘောလုံး အသင်း မှာလည်း အရေးပါအရာရောက်သူအဖြစ် ပါ၀င်နေရပြီး။ ရွာချင်းကစားသည့် ဘောလုံးပွဲ များမှာ တစ်ဖက်အသင်းဘက်သို့ ဂိုးသွင်းနိုင်သည်များ၍ မောင်ငြိမ်းချမ်းကို ရွာမှ ဘောလုံးသမား များက အရေးပေးကြသည်။
ရွာဘောလုံးအသင်းဥက္ကဌ ကိုခင်အိမ်မှာ ဘောလုံးသမားများ တွေ့ဆုံတတ်ကြသည်။ အမှန်ဆိုသော် ကိုခင်အိမ် မှာ မောင်ငြိမ်းချမ်းတို့လို ကျောင်းသားလူငယ်များ သွားဖို့မကောင်း ဖဲဝိုင်းဖြစ်လေ့ရှိသော အိမ်မို့ ဖဲသမား အများစုဝေးရာလည်း ဖြစ်သည်။

အဖေကြီး၊ အမေကြီး၊ ဦးလေးက မောင်ငြိမ်းချမ်း ကိုခင်အိမ်သွားသည်ကို သိပ်သဘောမကျ။ ဖဲရိုက်မှာ စိုးရိမ်သည်။ သို့သော် ဘောလုံးအားကစား ကိစ္စဟူသောအကြောင်းပြချက်ကြောင့်  တားမြစ်ရန် မသင့်ဖြစ်နေသည်။
မောင်ငြိမ်းချမ်း ကလည်း တကယ်ပင်ဘောလုံးပွဲကိစ္စနှင့် သွားခြင်းဖြစ်သည်။ တစ်ရွာနှင့်တစ်ရွာ ဘောလုံး ချိန်းပွဲ ကျင်းပရန် မောင်ငြိမ်းချမ်းကစာရေးရသည်။ ဘောလုံး၀ယ်ရန်ကိစ္စ၊ ရွာဘောလုံးကွင်းပြုပြင်ရန်ကိစ္စ ဘောလုံးအသင်း အတွက် ၀တ်စုံ၀ယ်ရန်ကိစ္စများ ပြောဆိုတိုင်ပင်ကြရသည်။ 

တစ်ခါတရံတွင် ကိုခင်အိမ်မှာ ဖဲဝိုင်းဖြစ်နေသည်နှင့် ကြုံရသည်လည်းရှိပါသည်။ သို့သော် ကိုယ့်အလုပ် ကိုသာ လုပ်ပါသည်။ ဖဲဝိုင်းတွင်ပါ၀င်စကားခြင်း မလုပ်ပါ။ ကျောင်းသားနှင့်ဖဲဝိုင်း မသက်ဆိုင်စေသင့်ဟု နားလည် ပါသည်။
တစ်နေ့တွင် စော်ရဲရွာနှင့် ဘောလုံးချိန်းပွဲကစားရန်ကိစ္စ ကိုခင်ခေါ်၍ အိမ်သွားသည်။ အိမ်ထဲမှာ ဖဲဝိုင်းရှိနေသည်။ မောင်ငြိမ်းချမ်းအိမ်ထဲသို့မ၀င်အိမ်ရှေ့မှ စားပွဲမှာထိုင်၍ ဘောလုံးပွဲချိန်းစာရေး ပေးသည်။
မောင်ငြိမ်းချမ်း စာရေးပြီး ဘောလုံးပွဲကိစ္စပြောဆိုနေကြစဉ် အိမ်ထဲဖဲဝိုင်းမှ တစ်ယောက်ရှုံးပြီး ထွက်သွား၍ တစ်အိမ်လိုနေသည်။ မောင်ငြိမ်းချမ်းနှင့် ရင်းနှီးသော ကိုအောင်ညွန့်က မောင်ငြိမ်းချမ်းကိုလှမ်းခေါ်၏။ မောင်ငြိမ်းချမ်း မကစားလိုကြောင်းငြင်းပါသည်။

“လာစမ်းပါကွာ....ဒီကျောင်းသားကလဲ ညံ့လိုက်တာ။ ဖဲတောင်မကစားတတ်ဘူးလား”
မောင်ငြိမ်းချမ်းမခံချင်စိတ်ဖြစ်မိသည်။ သူတို့ကစားသည်မှာ (၁၃)ချပ်ပိုကာဒေါင်းဖြစ်သည်။
ကစားတတ်တာပေါ့ဗျ
ကစားတတ်ရင် လာစမ်းပါကွာ.....တစ်အိမ်လိုနေ့လို့ပါ။ လူလာရင်ပြန်ထွက်ပေါ့။ ဘာလဲ ပိုက်ဆံ မပါလို့လား.....။
ပါတာပေါ့ဗျ....။

မောင်ငြမ်းချမ်း အိတ်ထောင်ကိုပုတ်ပြလိုက်သည်။ တကယ်ပင်ပါသည်။ သူတို့ကစားသည်မှာ တစ်ပွဲ
တစ်မတ်ဖြစ်သည်။ ထိုအချိန်က ငွေတစ်မက်သည် တန်ဖိုးကြီး၏။ လက်ဖက်ရည်တစ်ခွက်ရသည်။ ဘဲဥနှစ်လုံးရသည်။ မောင်ငြိမ်းချမ်း အိပ်ထောင်ထဲမှာ ကျပ်တန်နှစ်ရွက်နှင့် ငါးကျပ်တန် တစ်ရွက်ပါသည်။ အတော်များသော ငွေဖြစ်သည်။ 

``ပါရင်ကစားလိုက်ပါ`` ဟိုကောင်မြဒင်ပြန်လာမှာ။ ပိုက်ဆံကုန်သွားလို့ပြန်တာ။ သူပြန်လာရင် ဖယ်ပေး လိုက်....`` ကိုခင်ကပါတိုက်တွန်းနေသည်။ 
 ``ဦးလေးရောက်လာရင် အရိုက်ခံရမှာပေါ့ဗျ...``
မင်ဦးလေး ဒီအိမ်ကို ဘယ်တော့မှမလာပါဘူးကွာ...``
မှန်သည်။ ဦးလေးက ဖဲလည်းမရိုက်။ အရက်လည်းမသောက်။ ဖဲဝိုင်းရှိသောအိမ် အရက် ရောင်းသော အိမ်များကိုလည်း မည်သည့်အခါမျှ မသွားပါ။ 
``ကျွန်တော် ကြာနေလို့ မသင်္ကာရင် လာချင်လာမှာပေါ့ဗျ....``
မောင်ငြိမ်းချမ်း ကကြောက်သည။

``ကဲ...သွား...အေးအေးဆေးဆေးကစား....``ငါစောင့်နေမယ်။ လာရင်လှမ်းအော်လိုက်မယ်....`` 
``လူ့စိတ်ဆိုသည်မှာ မကောင်းမှုတွင် မွေ့လျော်သည်`` ဆိုသောစကားမှန်၏။ အဖေကြီး၊ အမေကြီး၊ ဦးလေး တို့ လုံး၀မကြိုက်
 ကျောင်းသားနှင့် ဖဲမသက်ဆိုင်သင့်ဟု သိသော်လည်း စမ်းကြည့်လိုက်ချင်သည်။ 
``ခဏပဲနော်... ကိုမြဒင် ပြန်လာရင် မကစားတော့ဘူး....``  
``အေးပါ....သွားပါ....``
 ကိုခင် က တွန်းလွှတ်နေပြီ။ 

``ခင်ဗျား...အသေအချာကြည့်ထားအုံးနော်....`` 
စိုးရိမ်စိတ် က ရှိနေဆဲ 
` အေးပါ...စိတ်ချပါ...`` 
မောင်ငြိမ်းချမ်း ၀င်ကစားရသော်လည်း ရင်ကတော့ အခုန်သား။ ဖဲချပ်များဝေပြီ ဖဲများကိုဟန်ပါပါ ကောက်ယူပြီး ပါ၀င်ကစားနေသည် လက်စိမ်းဆိုလျှင် ဖဲတက်သည်ဆိုသောစကားရှိ၏။ ကစားနေကျ မဟုတ်သော လူသစ်များ၀င်ကစားလျှင် ဖဲကောင်းတတ်ခြင်းဖြစ်သည်။ အ ကောင်းမ ဟုတ် မွဲဆေး ဖော်ခြင်းဖြစ်သည်။ စိတ်ပါပြီး ဖဲသမားဖြစ်အောင် ဖဲကသွေးဆောင်ခြင်းဖြစ်သည်။ 
မောင်ငြိမ်းချမ်း က လက်စိမ်းဖြစ်သည်။ ဖဲအလွန်တက်နေသည်။ စ၀င်သောအလှည့်မှာပင် ဒေါင်းသည်။ ပိုက်ဆံ များ သိမ်းယူလိုက်သည်။ နောက်တစ်ပွဲမှာ လည်းဆက်ဒေါင်းသည်။ 

``တယ်ဟုတ်ပါလား...```
မောင်ငြိမ်းချမ်း သဘောကျနေသည်။ ပျော်နေပြီ။ အဖေကြီး၊ အမေကြီး၊ ဦးလေးတို့ကိုမေ့သွားပြီ။ နောက်ပွဲ များမှာလည်း မကြာခဏဒေါင်းနေသည်။ 
``ကျောင်းသားနော်မလွယ်ဘူး...`` 
လူကြီးတွေပြောပုံကလည်း မြောက်ချင်စရာ။ မြောက်လည်းမြောက်နေပြီ။ နိုင်ထားသည်ကလည်း များကြီး ဖြစ်လာ၏။ အိတ်ထောင်ထဲမှာ တစ်ဆယ်တန်၊ ငါးကျပ်တန် များသာမက မကြွေစေ့များ အများကြီး ဖြစ်နေသည်။
ကိုမြဒင် ကလည်းပြန်မလာ။ မောင်ငြိမ်းချမ်း ဆက်ကစားပြီး ဆက်နိုင်နေသည်။ 

ထိုအချိန်တွင် ``ကိုကျော်သောင်းလာနေပြီဟေ့`` အိမ်ရှေ့မှ ကိုခင် အသံကြားရသည်။ မောင်ငြိမ်း ချမ်း ပြာ သွားပြီ။ ဘာလုပ်ရမှန်းမသိ။ အိမ်ရှင် ဦးရှိန်ကြီးကလျင်သည်။ စားပွဲပေါ်မှ အ၀တ်နှင့်တကွ ဖဲချပ်များ အားလုံး ဆွဲယူပြီး သိမ်းထားလိုက်သည်။ 
တစ်ယောက်မောင်ငြိမ်းချမ်းရှေ့က ပိက်ဆံတစ်ထပ်ကို လက်ညှိုးထိုးပြသည်။ 
``ကံကောင်းလို့...သေတော့မလို့..``
အ၀တ် အောက်မှာထားသော ပိုက်ဆံများဖြစ်သည်။ အ၀တ်ယူသွား၍ ပေါ်လာခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်း အမြန်ကောက်ယူ၍ အိတ်ထဲထည့်လိုက်သည်။ အိတ် ပိုဖောင်းသွားသည်။ 

```ဟာ.....အတော်ပဲ... 
အိတ်ထဲမှာတွေ့ရသည့် ဘောလုံးချိန်းစာကို ဆွဲထုတ်ယူ၍ စားပွဲပေါ်တင်လိုက်သည်။ စောစောက ရေးထားသော စာ ကို ခုမှရေးဟန်ဆောင်လိုက်သည်။ 
ဦးလေး က အိမ်ထဲအထိ၀င်လာသည်။ 
``မင်းဘာလုပ်နေတာလဲ...``
တင်းလိုက်သည့် မျက်နှာ ၊ မာလိုက်သည့်လေသံ 
``စာရဲရွာနဲ့ဘောလုံးချိန်းတဲ့စာရေးနေတာပါ....
မောင်ငြိမ်းချမ်း လိမ်ညာ လိုက်သည်။ 

ဦးလေးက အိမ်ထဲမှာရှိသူများကို အမှတ်မထင်ကြည့်လိုက်သည်။ ဖဲသမားများဖြစ်ကြောင်း တစ်ရွာ လုံးသိ ပုဂ္ဂိုလ်များ ဖြစ်သည်။ 
``ရေးပြီးပြီလား...``
ဦးလေးကထပ်မေးသည်။
လာ...ပြန်လိုက်ခဲ့....`` 
မောင်ငြိမ်းချမ်း ဦးလေးနှင့်အတူပြန်လိုက်ခဲ့သည်။ ကိုခင်အိမ်မှထွက်သည်နှင့် ဦးလေးက မောင်ငြိမ်း ချမ်း၏ ပြည့်ဖောင်း နေသောအိတ်ထောင်ကို လက်ဖြင့်ပုတ်လိုက်သည်။ 
`` ချွင်`` အကြွေစေ့ အတော်များ၍ ထွက်ပေါ်လာသော ဂီတသံက ကျယ်သွား၏။ 

``ဒါ...ဖဲရိုက်တဲ့ ပိုက်ဆံတွေမို့လားကွ`` 
ဖျောင်း မောင်ငြိမ်းချမ်း နားရင်းမှာထူပူသွား၏။ မျက်စိထဲမှာ မီးပွင့်သွားသည်။ နားလည်း အ သွားသည်။  ပြင်းလိုက်သည့် လက်သံ။ မောင်ငြိမ်းချမ်းရှေ့သို့ နှစ်လှမ်းခန့်  ယိုင်ထိုးသွားသည်။ 
အသံကတော်တော်မည်၍ ကိုခင်အိမ်မှာ ကျန်ခဲ့သူကြောက်လိမ့်မည်။ မောင်ငြိမ်းချမ်း ရှက်လည်း ရှက်၊ နာလည်း နာသည်။ 
ထိုအချိန်မှစ၍ မောင်ငြိမ်းချမ်း ဘယ်တော့မှ ဖဲဝိုင်းမသွားတော့ပါ။ ဖဲလည်းမရိုက်တော့ပါ။ 

အသက်အရွယ်ကြီးလာသည်နှင့်အမျှ ထိုသို့နားရင်းတစ်ချက် ပြင်းထန်စွာရိုက်ခဲ့သော ဦးလေး၏  ကျေးဇူး ကြီးမား သည်ကို နားလည်မိရသည်။ 
မောင်ငြိမ်းချမ်းမှာ အဖေမရှိ၊ အဖေကြီးကလည်း အသက်ကြီးပြီ။ ဦးလေးသာ ထိုကဲ့သို့ မဆုံးမဘဲ အမှတ်တမဲ့ သဘောထားခဲ့လျှင် အစရှိအနောင်းနောင်း ဆိုသကဲ့သို့ မောင်ငြိမ်းချမ်း အပျော်ဖဲကစားရာမှ ဖဲသမားဖြစ်သွားနိုင်သည်။ ဖဲသမားဖြစ်သွားလျှင် ပေါ့ပျက်သွား၍ ပညာရေး အားနည်းနိုင်သည်။ 
ကျေးဇူး ကြီးသော ဦးလေး၏ နားရင်းတစ်ချက်ဖြစ်ပါ၏။ 

စာမေးပွဲအောင်စာရင်းထွက်ပြီ

၀န်းသိုရွာတွင် ဆုတောင်းပြည့် ရွှေကူကြီးမြတ်စွာဘုရားအား ကဆုန်ညောင်ရေသွန်း ပွဲ တော်ကျင်းပ တော့  မည် ။  တစ်ရွာလုံး  ပျော်ရွှင်စွာပြင်ဆင်နေကြပြီ။ ထန်းဖူးခုတ်ကြသည်။ မုန့်ဖက်ထုပ်လုပ်ကြသည်။ မုန့်ဆီကြော် ကြော်ကြပြီ။ ညအခါများတွင် တီးမှုတ်သံ ခြိမ့်ခြိမ့်ညံ၍ ယိမ်းတက်နေကြပြီ။ 
ထိုအချိန်တွင် သတ္တမတန်းအောင်စာရင်းထွက်ပြီဟု သတင်းကြားရ၏။ အောင်သူနည်း၍ ကျသူများ သည်ဟု ဆိုသည်။ မောင်ငြိမ်းချမ်း ထိတ်လန့် စိုးရွှံ့ စွာ စဉ့်ကိုင်မြို့သို့စက်ဘီးဖြင့် သွား သည်။ 
ကျောင်းထဲမှာ အောင်စာရင်းကပ်ထားသည်။ မောင်ငြိမ်းချမ်း၏ သူငယ်ချင်း ကြွယ်အောင်၊ မောင်လေး တို့နှင့် တွေ့သည်။ သူတို့အောင်ကြသည်။ မောင်ငြိမ်းချမ်း လည်းအောင်သည်။ လူ`(၅၀)ကျော် ဖြေရာတွင် (၁၄) ယောက် သာအောင်သည်။ 

``ဟေး...`` 
မောင်ငြိမ်းချမ်း ၀မ်းသာသွားသည်။ အမေခြုံတို့အိမ်ပြေးပြောသည်။ သူတို့သိပြီးသား ၀မ်းသာနေကြသည်။ ချီးကျူး ကြသည်။ ရွာမှ အဖေကြီး၊ အမကြီး၊ ဦးလေးတို့ကို ပြောချင်လှပြီ။ မောင်ငြိမ်းချမ်း ရွာသို့ အမြန်ပြန် ပြေးခဲ့၏။ အဖေကြီး၊ အမေကြီး၊ ဦးလေး တို့ ၀မ်းသာနေကြသည်။ 
ရွာဘုရားပွဲတွင် စာမေးပွဲအောင်သည်နှင့် ပေါင်း၍ အားပါးတရ ပျော်ရသောနှစ်ဖြစ်သည်။ ယခုနှစ် တွင်မှ ပဲစျေးက ကောင်း၍ ပဲတင်းတစ်ရာရသည်ကို ၁၀၀၀/.စျေးနှင့်ရောင်းရသည်။ 
အဖေကြီး က (၇)တန်း အောင်သော မောင်ငြိမ်းချမ်းအတွက် မန္တလေး သွား၍ ဆင်တိုစက်ဘီးသစ် တစ်စီး  ဆင် ပေးသည်။ ၄၃၀ိ/-ပေးရသည်။ ဦးလေးအတွက်လည်း လုပ်အားဆုအဖြစ် ရွှေကြယ် သီးကြိုး ၀ယ် ပေးသည်။ 

ဦးလေးက ရွှေကြယ်သီးကြိုးကို မောင်ငြိမ်းချမ်းဆွဲဆင်ရန်ပေးသည်။ 
မောင်ငြိမ်းချမ်း မလိုချင်ပါ။ စက်ဘီးသစ်ရသည်နှင့်ပင် ပြည့်စုံနေပါပြီ။ ကာလသားခေါင်းဖြစ်သော ဦးလေး ကို ရွှေကြယ်သီးကြိုး နှင့် တင့်တယ်စေချင်သည်။ 
ဘုရားပွဲ တွင် မောင်ငြိမ်းချမ်းက စက်ဘီးအသစ် နှင့် ဦးလေးက ရွှေကြယ်သီးကြိုးနှင့် ဂုဏ်တင့် နေကြ သည်။ မိသားစု တစ်ခုလုံး ၀မ်းသာပျော်ရွှင်ကြရသောနှစ်ဖြစ်ပါသည်။            

အရပ်ရှည်နည်းလေ့ကျင့်ခန်း

မောင်ငြိမ်းချမ်း (၇)တန်း စာမေးပွဲ အောင်သောနှစ်မှာပင် စဉ့်ကိုင်မြို့ အစိုးရ အလယ်တန်း ကျောင်းသည် အထက်တန်း ကျောင်း အဖြစ်တိုးမြှင့်ခဲ့ရ၏။ မောင်ငြိမ်းချမ်း ကံကောင်းသည်။ ယခင်ကဆိုလျှင် ကျောက်ဆည် အထိ သွားတက်မှ အထက်တန်းပညာသင်ခွင့် ရသည်။ 
အမေခြုံ အိမ် မှ တက်လျှင် ခြံစည်းရိုးနောက်ဖက်အပေါက်မှထွက်သည်နှင့် မောင်ငြိမ်းချမ်း သင်ကြား ရမည့် (၈)တန်း စာသင်ခန်းရှေ့သို့ရောက်သွားသည်။ တစ်ညနေကျောင်းဆင်းချိန်မှာ မောင်ငြိမ်းချမ်း နေသော အမေခြုံ ၏ အိမ်သို့ မောင်သိန်း နှင့် ညွှန့်ဝေ အတန်းတူ သူငယ်ချင်နှစ်ဦး ရောက်လာသည်။ 

မောင်သိန်းလက်ထဲမှာ စာအုပ်လေးတစ်အုပ်ပါလာသည်။ အရပ်ရှည် နည်းလေ့ ကျင့်ခန်းများ ပါသည့် စာအုပ် ဖြစ်သည်။ ဤနည်းအတိုင်း (၃)ယောက် အတူလေ့ကျင့်ကြမည် ဟုအဖော်လာညှိ ခြင်းဖြစ်သည်။   မောင်သိန်း က လေ့ကျင့်ခန်းများ အကြောင်းပြောပြပြီး မောင်ငြိမ်းချမ်းဖတ်ရန် စာအုပ်ကလေး ပေးထား ခဲ့ သည်။ မောင်ငြိမ်းချမ်း စာအုပ်ပါလေ့ကျင့်ခန်းများကို အသေအချာဖတ် ကြည့်သည်။ ဟန်ကျသည်မှာ အချိန်မီ အချိန်ကိုက် ဖြစ်နေသည်။ အရပ်ရှည်နည်း လေ့ကျင့်ခန်းများကို ပြုလုပ်ရန်အကောင်းဆုံးမှာ ၁၂- နှစ်၊ ၁၃ နှစ် ၁၄နှစ် ၁၅နှစ် ကြီးကောင်ဝင်စ အရွယ်ဖြစ်သည်။ မောင်ငြိမ်းချမ်း (၁၃) နှစ်ပြည့်ပြီးစ ၁၄ နှစ် ရောက်ခါစ ဖြစ်သည်။ မောင်သိန်းနှင့်ညွန့်ဝေမှာလည်း အသက်တူရွယ်တူ အရပ်အမောင်း တူသူမျာဖြစ်ပါသည်။ မောင်ငြိမ်းချမ်း တို့ သူငယ်ချင်း(၃) ယောက် လုပ်ဖြစ်ကြသည့် လုပ်နိုင်ကြသည့် လေ့ကျင့်ခန်း များကို ဖော်ပြပါမည်။ 

ပထမလေ့ကျင့်ခန်း တစ်ခုမှာ ဘာမျှခက်ခက်ခဲခဲမဟုတ်ပါ။ အိပ်ရာနိုးသည်နှင့် အိပ်ရာမထမီ ခွေးကလေး၊ ကြောင်ကလေးများ အိက်ရာထတွင် အကြောအချဉ်ဆန့်သကဲ့သို့ အားပါးတရ အညောင်း ဆန့်ချင်း ဖြစ်သည်။ အရိုးအဆစ်များ ၊အကြောအဆစ်များအားလုံးကို စန့်သွားအောင် ဆန့်ထုတ်ရန်ဖြစ်ပါသည်။ 

 ပြီးလျှင်အိပ်ရာမှ မထသေးဘဲ ညာဘက်ခြေထောက် တစ်ချောင်းလုံး ပေါင်ရင်းမှ စတင်၍ တစ်ဘက်ပေါင် ကို လှမ်းကျော်ခွပြီး အရိုးအဆစ်များ စန့်သွားအောင်ဆန့်ပါ။ ပြီးလျှင် ဘယ်ဘက်ခြေဖြင့် ညာဘက်ကို ကျော်ခွ ဆန့်ထုတ်ပါ။ တစ်ဘက်ရှစ်ခါစီ ပြုလုပ်ပါ။ အရိုး၊ အဆစ်၊ အကြောများ စန့်ထုတ်သွားလိမ့်မည်။ လူလည်း အညောင်း အညာပြေ၍ ရွှင်လန်းသွားသည်။ 
နောက်လေ့ကျင့်ခန်း တစ်မျိုးမှာ မိမိနေ့စဉ် ၀င်ထွက်နေသည့် အိမ်အ၀င်၊ အခန်းအ၀င်မှာ တံခါးပေါက်ဘောင်တွင် မိမိအရပ်အမြင့်ကိုတိုင်း မြေဖြူဖြင့် မှတ်ထားပါ။ စာအုပ်အနှောင့်ကို ခေါင်းပေါ်တင်၍ကျင်တွယ် ကိုက် ဘောင် မှာထောက်ကပ်ပြီး မြေဖြူဖြင့်မှတ်နိုင်ပါသည်။ 

ပြီးလျှင်လက်နှစ်ဘက်ကို အပေါ်သို့ မြင့်နိုင်သမျှမြင့်အောင် ဆန့်ထုတ်၊ ခြေဖျားကို အစွမ်းကုန် ထောက် လက်ဖျား လေး များ အမြင့်ဆုံးရောက်သည့် နေရာ၏အထက် တစ်လက်မခန့်မှာ မြေဖြူ ဖြင့်မှတ်ထားပါ။ အခန်းသို့ ၀င်တိုင်း ထွက်တိုင်း ထိုအမှတ်ကိုထိအောင် လက်ကိုဆန့်ထုတ်ပါ။ မထိသေးလျှင် တံခါးကို ထွက်တိုင်း ၀င်တိုင်း ကိုယ်ခန္ဓာကိုယ်ကို အစွမ်းကုန်ဆန့်ထုတ်ပြီး အမှတ်ကို ထိအောင် ကြိုးစားပါ။ တစ်လခန့် အတွင်း မှာ ထိမိသွားပါလိမ့်မည်။ 

တိုင်းကြည့်ပါ အရပ်တစ်လက်မတက်လာခြင်းဖြစ်၏။ အမှတ်ကို နောက် တစ်လက်မ ထပ်မြှင့် လိုက်ပါ။ ၀င်တိုင်း ထွက်တိုင်း ကိုယ်ကိုဆန့်၍ အမှတ်သားကို ထိအောင်ကြိုးစားပါ။ မကြာမီ ထိပါလိမ့်မည်။ ဤနည်းသည် အလွန်လျှင်မြန်စွာနှင့် သိသာထင်ရှားစွာ အ ရပ်မြင့်တက် လာ စေကြောင်း မောင်ငြိမ်းချမ်း ကိုယ်တွေ့ ဖြစ်သည်။ 
နောက်တစ်နည်း မှာ ပြေးလွှားဆော့ကစားခြင်းဖြစ်သည်။ ပြေးခြင်းခုန်ခြင်းသည်လည်း ခန္ဓာ ကိုယ် ၏အ ကြော အချင် အရိုးအဆစ်များ ဆန့်ထွက်စေပါသည်။ အရပ်ရှည်ခြင်း အတွက်ကောင်းသော အထောက်အကူ ဖြစ်သည်။ 

နောက်တစ်နည်းမှာ ရိုင်းဘားကွင်းဆွဲခြင်းဖြစ်သည်။ သံကွင်းနှစ်ကွင်း၀ယ်၍ ကြိုးဖြင့်သစ်ကိုင်း မှာဖြစ်စေ၊ ထုတ်တန်းမှာဖြစ်စေ ချဉ်နှောင်ထားပါ။ စနစ်တကျတက်ခြင်း ဆင်းခြင်းဂျွမ်းထိုး ခြင်းများမလုပ် နိုင် လျှင်လည်း ခိုလွှဲနေရုံဖြင့်ပင် အရပ်ရှည်ရန် အထောက်အပံ့ကောင်း ဖြစ်နေပါပြီ။ ကြုံလျှင် ကြုံသလို ကြိမ်ဖန် များစွာ 
ဆွဲဖြစ် လွှဲဖြစ်ရန် လိုပါ သည်။ သိသာထင်ရှားစွာ အရပ်ရှည် ထွက်လာသည်ကို အံ့သြဖွယ်ရာ တွေ့ရ ပါလိမ့်မည်။ 

မောင်ငြိမ်းချမ်းတို့အဋ္ဌမတန်းတွင် အင်္ဂလိပ်စာသင်သော ဆရာဦးဘိုကြီးက.... 
   ``ဟေ့.. မင်းတို့သုံးယောက် ဘယ်လိုဖြစ်တာလည်းကွ...ဒီနှစ်ထဲမှာ ငါ့ရှေ့မှာတင် ဆွဲဆန့်သလို အရပ်တွေ ရှည်ထွက် လာကြပါလားကွ ဟု တအံတသြပြောပါသည်။ မိသားစု တစ်ခုစီမှဖြစ်သော သူငယ်ချင်း သုံးယောက် စလုံး အရပ်ရှည်ထွက်လာကြပါသည်။ 
         
အထက်တန်းကျောင်းသား

မောင်ငြိမ်းချမ်းတို့ (၈)တန်းမှာ ကျောင်းသားကနည်းသည်။ (၂၀)ပင်မပြည့်။ ယခုမှ အသစ်ဖွင့်သော အထက်တန်းကျောင်းမှာ (၈)တန်းကျောင်းသား မောင်ငြိမ်းချမ်း တို့က အထက်တန်းကျောင်းသား။ ဘ၀င် မြင့်စရာ။ ကိုယ့်ထက်ကြီးတာဆိုလို့ (၁၀)တန်းတစ်တန်းသာရှိသည်။ 
ထိုအချိန်ကအထက်တန်း ကျောင်းတွင်(၉)တန်းမရှိ။ (၈)တန်းပြီးလျှင် မောင်ငြိမ်းချမ်းတို့ ဆယ် တန်း တက် ရမည်။ 
(၈)တန်းသည် အနေချောင်သောအတန်းဖြစ်သည်။ (၇)တန်းလို အစိုးရစစ်မဟုတ်။ (၁၀) တန်းလို လည်း အရေးကြီးသော အတန်းမဟုတ်။ အထက်တန်းပြဆရာ သစ်များနှင့် ဆက်ဆံရသည်။ ကျောင်းအုပ်ကြီး က အစ အသစ်ဖြစ်သည်။ 

အထက်တန်းပြဆရာများကလည်း ဆယ်တန်းကိုသာ ဦးစားပေးသင်နေကြသည်။ မောင်ငြိမ်းချမ်းတို့ (၈)တန်း ကိုတော့ အေးအေးဆေးဆေးသဘောထားသည်။ မောင်ငြိမ်းချမ်း၏ ကျောင်းသားဘ၀တွင် (၈)တန်း ကျောင်းသားသည် ဂုဏ်တင့်ဆုံးနှင့် အသက်သာဆုံးဖြစ်သည်။ 
ဆယ်တန်းကျောင်းသားကြီးများကတော့ ကျောက်ဆည်သွားတက်နေရာမှ ကိုယ့်မြို့ကို ပြန်တက် ရခြင်းဖြစ်သည်။ (၂)နှစ်သမား(၃)နှစ်သမားတွေက  များသည်။ ထိုအချိန်က ဆယ်တန်းအောင်ဖို့ အလွန် ခက်သည်။ 

ခရိုင် စာစစ်ဋ္ဌာနတစ်ခုလုံး တစ်ယောက်မှ မအောင်သောနှစ်ရှိသည်။ စာမေးပွဲတကာတို့မှာ အောင်ဖို့ အခက်ဆုံး အတန်းဖြစသည်။ အစွမ်းကုန်ကြိုးစားကြရသည်။ ၈-တန်းကျောင်းသား မောင်ငြိမ်းချမ်း တို့ ရှေ့မှာ အလွန်မြင့်မားသော (၁၀)တန်း တံတိုင်းကြီးကာဆီးနေသည်။ 
(၈)တန်း ကို မောင်ငြိမ်းချမ်းတို့ အားလုံး လွယ်လွယ်ကူကူ နှင့်ချောချောမောမော အောင်မြင်ကြ သည်။ တစ်ယောက် မျှ ကျသူမရှိ။ 
(၉)တန်းမတက်ရဘဲ ကျော်လွှား၍ရသော (၁၀)တန်းရောက်သွားကြသည်။ နဖူးတွေ့ဒူးတွေ့ တွေ့ကြပြီ။ ခက်လိုက်သည့် အင်္ဂလိပ်စာ silan Manar ဆိုင်းလတ်စ်မာနာ ၏ ၀တ္ထု Thirty Burmese Tail ဒေါက်တာ ထင်အောင် ၏ မြန်မာပုံပြင်များ သင်္ချာကလည်း ခက်၊ သိပ္ပံကလည်းခက် မြန်မာစာကလွဲ ရင် အားလုံး ခက် သည်။ 

  မောင်ငြိမ်းချမ်း တို့ အနည်းဆုံး (၁)နှစ်ကျခွင့်ရှိသည်ဟု ကိုယ့်ဘာသာခံယူထားသည်။ ကိုးတန်း ကျော်တက် လာခဲ့၍ ဖြစ်သည်။ ငါတို့ရှေ့ကဘယ်သူတွေ ဘယ်လိုကြိုးစားတာ ဘယ်လာက်တောင် တော်တာ ဒါတောင် သုံးနှစ်ကျမှ အောင်တာ။ ငါတို့ဆို သူတို့ထက်ပိုအုံးမယ် ဟု စိတ်ကို လျှော့ထား လိုက်သည်။ နှစ်ချင်းပေါက်နှင့်အောင်မြင်အောင်ကြိုးစားမည်ဆိုသော စိတ်ကူး လုံး၀မရှိ။ သုံးနှစ်ကြာမှ အောင်ချင်စိတ်ဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားသောကြောင့် အောင်မြင်လျှင် ပထမနှစ်ကတည်းက ထို သဘောထား မျိုးဖြင့်ကြိုးစားသင့်သည်။ ကြိုးစားလျှင် အောင်မြင်မည်။ 
  မောင်ငြိမ်းချမ်း သူငယ်ချင်းမောင်သိန်းက နှစ်ချင်းပေါက်အောင်မြင်ချင်သော ဆန္ဒကြီးစွာရှိသည်။ သူကြိုးစား သည် အောင်မြင်သွားပါသည်။ 

ဆယ်တန်းနှင့်စာမေးပွဲ

အဖေကြီးက မောင်ငြိမ်းချမ်းကို ကျောက်ဆည်မြို့ပြည်လုံးနိုင် အလွတ် ပညာ သင်ကျောင်း ကိုပို့ သည်။ မောင်ငြိမ်းချမ်း (ခ)ဖြင့်အောင် ၍ ထိုကျောင်းမှာ အလယ်တန်းပြဆရာလုပ်ရင်း ဆယ်တန်းကို ဆက်တက် သည်။ ထိုအချိန်တွင် မောင်ငြိမ်းချမ်း ဖတ်သော ၀တ္ထုတစ်ပုဒ်တွင် ဇာတ် လိုက်ကောင်လေးက ဆယ်တန်း။ မောင်ငြိမ်းချမ်း သဘောကျ စိတ်၀င်စားသည်။ ကိုယ်ကလည်း ဆယ်တန်းအောင်ဖို့ကြိုးစားနေသူ။ 

ဆက်ဖတ်သောအခါ ကောင်လေးမှာ အဖေမရှိ။ အမေမုဆိုးမ။ ပို၍ သဘောကျသွားသည်။ ကောင်လေး၏ မိခင် က ဆင်းရသည်။ သုံးချက်တူသွားသည်။ ရှေ့ဆက်ဖတ်သောအခါ  ကောင်လေးက သင်္ချာကို သိပ်မုန်းသူ ဖြစ်နေသည်။ မောင်ငြိမ်းချမ်း ၀မ်းသာ၍ပင်သွားသည်။ အချက်များစွာ သူနှင့်တူနေ၍ ထို၀တ္ထု ကို သဘောကျ နှစ်သက်မိသည်။ ရှေ့ဆက်ဖက်သောအခါ ကောင်လေးမှာ ချစ်သူရှိသည်။
ဤအချက်တွင် မောင်ငြိမ်းချမ်းနှင့် မတူတော့ပါ သူ့ချစ်သူကောင်မလေးမှာ သူနှင့်အတန်းတူဆယ်တန်း ဖြစ်သည်။ မောင်ငြိမ်းချမ်းအားကျ၍ အတန်းတူဆယ်တန်းမှ မိန်းကလေးများကို ပစ်မှားစိတ်ဖြစ်မိသည်။ ကောင်လေး၏ ချစ်သူမိန်းကလေးမှာ အတန်းထဲတွင် အချောဆုံး အလှဆုံး နှင့် ပိုက်ဆံ အချမ်းသာ ဆုံး ဖြစ်ကြောင်းဖတ်ရသည်။ အတန်းထဲမှာ အရုပ်ဆိုးပြီး ဆင်းရဲသော မ်ိန်းကလေးများကို ကင်းလွတ်ခွင့် ပေးရန် မောင်ငြိမ်းချမ်း ဆုံးဖြတ်လိုက်သည်။

ရှေ့ဆက်ဖတ်သောအခါ ဇာတ်လိုက် ကောင်လေး က ဆယ်တန်းမဖြေရန် ဆုံးဖြတ်လိုက်သည်။ ဆယ်တန်း အောင်၍ လည်း ဘ၀စာမေးပွဲ အောင်တာမဟုတ်ဟုဆိုသည်။ မောင်ငြိမ်းချမ်းသဘော ကျမိသည်။ ဆယ်တန်းဆိုသောတောင်ကြီးကိုကျော်ရမှာ ကိုယ့်ဘာသာအားပျက်နေစဉ် ကိုယ်သဘောကျသော ဇာတ်လိုက်က မဖြေတော့ဟုဆိုသောအခါ......
“ကောင်းတယ်ကွ မဖြေနဲ့၊ ငါလဲမဖြေတော့ဘူး.....” ဟုဆုံးဖြတ်လိုက်သည်။ ခုံနံပါတ်ထွက်ပြီ။ ဖြေရန် တစ်လသာ လိုတော့သည်။ မောင်ငြိမ်းချမ်း မဖြေဘဲနေလိုက်သည်။ “ဆယ်တန်းအောင် လို့လည်း ဘ၀ စာမေးပွဲ အောင်တာမှမဟုတ်” ဟူသောစကားကို သဘောကျ၍ဖြစ်သည်။

“ဘ၀စာမေးပွဲ”ဆိုသည်ကိုလည်း ဘာမှန်းမိသည်မဟုတ်ပါ။
မောင်ငြိမ်းချမ်းသဘောကျသော ၀တ္ထုတွင် ဇာတ်လိုက်ကောင်လေးက သူ့ချစ်သူနှင့်မရပါ။ တလွမ်းလွမ်း တဆွေးဆွေး တငေးငေးတငိုင်ငိုင်နှင့် လမ်းလျှောက်လျှင် ခေါင်းငိုက်စိုက်ချလျှက် ရှိကြောင်း ရေးထားသည်။ ကိုယ်တိုင်ကလည်း တောရွာမှာမွေးဖွားကြီးပြင်းသူ။ ငါးနှစ်မှာ ဖခင်ဆုံး ၍အမေနောက်အိမ်ထောင်ပြုချိန်မှာ သိမ်ငယ်ခဲ့ရသူ။ မိဘမဲ့ကျောင်းနေခဲ့ရသူမို့ သိမ်ငယ်စိတ် ညံ့စိတ် အငုံ့ စိတ် များကြောင့် ထို၀တ္ထုမှ ဇာတ်လိုက်ကိုအတုယူ၍ ငေးငေးငိုင်ငိုင်နေသည်။ လမ်းလျှောက်လျင် ခေါင်းငိုက်စိုက် ချသည်။ ကိုယ်ကိုယ့်ကို ဆင်းရဲသည် သိမ်ငယ်သည်ဟု အရာရာမှာ အလွမ်းစိတ် နှင့်ကြည့်သည်။ လွမ်းစရာမရှိဘဲ အလွမ်းသမားဘ၀ကိုခံယူသည်။ နှင်းကျလျှင် လွမ်းသည်။ မိုးရွာလျှင် လွမ်းသည်။ နေပူလျှင်လည်းလွမ်းသည်။ နွေဦးကာလတွင် လက်ပံပင်များ ရဲရဲနီအောင် ပွင့်ကြသည်ကို မြင်ရသည်မှာ မောင်ငြိမ်းချမ်း အလွမ်းဆုံးဖြစ် သည်။

နောက်တော့ မောင်လွမ်းဝေအမည်နှင့် အလွမ်းကဗျာများရေးသည်။ ဘယ်မဂ္ဂဇင်းမှ ပို့သည်မဟုတ်၊ ပို့လျှင်လည်း ပါမည်မဟုတ်။ ကိုယ့်ဘာသာကိုယ် အလွမ်းသမားဘ၀ကို ကျေနပ်စွာခံယူရင်း အလွမ်းကဗျာများရေးနေခြင်း ဖြစ်သည်။

အများနှင့် သွားသွားလာလာသိပ်မနေချင်။ တစ်ယောက်တည်းထိုင်၍ ငေးနေချင်သည်။ တွေးနေချင်သည် မြင်မြင်သမျှကို လွတွင်းမ်းစရာအဖြစ်ခံစားချင်သည်။
လွမ်းစရာဘာရှိလို့လဲ မေးလျှင် မောင်ငြိမ်းချမ်း ဖြေနိုင်မည်မဟုတ် လွမ်းစရာဂာ ဘာမျှမရှိသည် ကပင် လွမ်းစရာဖြစ်သည်ဟု ဖြေရလိမ့်မည်။
ကျောင်းဆရာအလုပ်မှာလည်း မြန်မာစာသင်ရသော ဆရာဖြစ်သည်။ သီချင်းပဒေသာမှ အလွမ်းစာအလွမ်း ကဗျာများ ကို သင်ရင်း ကိုယ်တိုင်လွမ်းခွင့်သည်။
နှစ်နှင့်ချီ၍ကြာလာသောအခါလူမှာ ပျော့ညံ့လာသည်။ လူငယ်တစ်ယောက်၏ အသွင် ထက်မြက် တက်ကြွစွာ ကြိုးပမ်းမည့်အစား ညိုးနွမ်းစွာနှင့် အချိန်ကုန်ဆုံးခဲ့ရသည်။

အပိုင်း (၁၁)

စာဆိုတော်နေ့စာပေပြိုင်ပွဲ

ကျောက်ဆည်မြို့မှာ စာပေဝါသနာရှင်များက ဦးဆောင်၍ စာဆိုတော်နေ့ ကျင်းပမည်။ စာဆိုတော် နေ့ တွင် စာပေပညာရှင်စာဆိုတော်ကြီး များကိုပူဇော်၍ စာပေဟောပြောမည်။ ၀တ္ထုဆောင်းပါးစာစီ စာကုံးစာပေပြိုင် ပွဲများကျင်းပ၍ စာဆိုတော်နေ့တွင် ဆုပေးမည်ဟူသော သတင်းများ ထွက်ပေါ်လာ၏။ ၁၉၆၁-ခုနှစ် မှာဖြစ်ပါသည်။
ကိုယ်ကြိုက်ရာ၀တ္ထုတိုတစ်ပုဒ်ရေးပြီး ပေးပို့နိုင်သည်ဟုဆိုသည်။ မောင်ငြိမ်းချမ်း၏ဆရာများ မိတ်ဆွေ များ က ၀င်ပြိုင်ရန်အကြံပေးကြသည်။ မောင်ငြိမ်းချမ်း လွမ်းလွမ်းဆွေးဆွေးနှင့် မောင်လွမ်းဝေ ကလောင် အမည်ခံပြီး အလွမ်းကဗျာများ ရေးနေချိန်ဖြစ်သည်။

မိမိကိုယ်ကိုစာပေသမားဟု အတော်ပင်အထင်ကြီးစိတ်လည်း ရှိနေ၍ မောင်ငြိမ်းချမ်း ၀တ္ထုတိုတစ်ပုဒ် ရေးပြီး ပြိုင်ပွဲ၀င်လိုက်ပါသည်။ ကိုယ့်၀တ္ထုကို အတော်ကောင်းသည်ထင်ပါသည်။ လွမ်းစရာ ကြေကွဲစရာ ဂုဏ်ယူ စရာ စွန့်လွတ်အနစ်နာခံသော ဇာတ်လမ်းပင်ဖြစ်သည်။ စာဆိုတော်နေ့ အကြိုညတွင် ဆုရသူများ၏အမည် စာရင်းကိုမော်တော် ကားဖြင့်လှည့်လည်ကျေညာ သည်။ မောင်ငြိမ်းချမ်းတို့ရပ်ကွက်ရောက်လာပြီ မျှော်လင့်အားတက်စွာ နားထောင်သည်။ ပထမဆု ရသူမှာ ကိုးခရိုင်ညိုမွန် ဖြစ်သည်။ ဆရာမလေးဖြစ်၏ ဒုတိယရသူမှာ ရင့်ရီ...ဟူ၍ ကျေညာသည်။ နှစ်သိမ့် ဆု မောင်ငြိမ်းချမ်း၏ အမည်မပါ။

ထင်သာထင်သည်ဘာမျှမရ။ သို့သော်တစ်ခုတော့ရလိုက်သည်။ စာရေးချင်စိတ်ကို နှိုးဆွပေးလိုက် ခြင်း ဖြစ်သည်။ တစ်နှစ်လုံးဆက်ရေးသေည်။ နောက်တစ်နှစ်တွင် အလွမ်း၀တ္ထုတိုလေး တစ်ပုဒ်ရေး၍ ပြိုင်ပွဲ၀င်၏။ စာနုစာနွဲ့ဖြစ်သည်။ ခေါင်းစဉ်က “ညောင်းရွက်ကျင်လေတွင် လွင့်ရှာပေါ့....” ဟူ၍ဖြစ်သည်။
၀တ္ထု ဇာတ်အိမ် မခိုင်ပါ။ ဇာတ်လမ်းလည်းမဆန်ပါ။ သို့သော် အနုအနွဲ့စာပန်းချီကိုက်ဆေးသူများ သဘော ကျသည် ထင်ပါ၏။ မောင်ငြိမ်းချမ်း ပထမဆုရသည်။ စာဆိုတော်နေ့စာပေဟောပြောပွဲမှာ ဆုယူရသည်။ ပျော်လိုက်သည့် အဖြစ် မိမိကိုယ်ကို စာရေးဆရာအထင်နှင့်ပင် စိတ်ကြီး၀င်သွား သည်။ တွေးလိုက် ငေးလိုက်ရေးလိုက်နှင့် တကယ့်စာရေးဆရာကြီး၏ စတိုင်ဖြစ်နေသည်။

တစ်နှစ်လုံး ရေးစရာများကို ရှာကြံတွေးတော၍ ကြိုးစားရေးသားနေပါသည်။ စာဆိုတော်နေ့မှ ပံ့ပိုး ပေးလိုက် သော စာပေစိတ်ဖြစ်၏။

ပထမဆုံးပုံနှိပ်ဖော်ပြ ခံရသော၀တ္ထု

မောင်ငြိမ်းချမ်း ကြိုးကြိုးစားစားရေးထားသည့် ၀တ္ထုတိုများမှ  “နောင်တ” အမည်ရှိ၀တ္ထုတိုကို မြန်မာ့အလင်း သတင်းစာ တိုက်သို့ ပို့လိုက်၏။ သတင်းစာတိုက်သို့ ၀တ္ထုပို့သင့်မပို့သင့် မောင်ငြိမ်းချမ်းမသိ။ သတင်းစာပါ လိပ်စာကို ကူးရေးပြီးပေးပို့ လိုက်ခြင်းဖြစ်သည်။
လေးလ၊ ငါးလကြာ၍ မပါသောအခါ ထို၀တ္ထုလေးကိုမေ့၍ပင်သွားပါပြီ တစ်နေ့တွင် မြန်မာ့အလင်း သတင်းစာကို အမှတ်မထင်ဖတ်မိသောအခါ သရုပ်ဖော်ပုံနှင့်တကွ ၀တ္ထုတိုလေးတစ်ပုဒ်ကို တွေ့ရသည်။ ၀တ္ထု အမည်နှင့် စာရေးဆရာအမည်ကိုပင် သတိမထားမိ ၀တ္ထုလေးကိုဖတ်ကြည့်လိုက် သည်။ 

ကိုလိုနီခေတ် က ရဲအရာရှိကြီးတစ်ယောက် တရားခံများကို နှိပ်စက်ညှည်းပန်းပုံ ပြည်သူတွေအပေါ် မှာ မောက်မာ ပုံ အထူးသဖြင့် ကျေးလက်မှ ရွာသူရွာသားများအပေါ်အနိုင်ကျင့်ပုံ ကြမ်းကြုတ် ရက်စက်သည် ကို ဂုဏ်ယူပုံ အငြိမ်းစားယူပြီး ရောဂါဝေဒနာရသောအခါ သူနှိပ်စက်ညှည်းပန်း ခံစဉ်က၀ဋ်ကြွေးများ၊ အတုန့်အလှည့် ခံရပုံ မကောင်းသော နိမိတ်ပုံတို့ကြောင့် နောင်တကြီးစွာ ဖြစ်ရပုံများကို ရေးထားပါသည်။
“သြော်.... ငါရေးတဲ့၀တ္ထုနဲ့တူလိုက်တာ....ဒါမျိုး ငါရေးဘူးပါတယ်” ဟုအောက်မေ့ပြီး ခေါင်းစဉ်ကို ကြည့် လိုက်သည်။ “နောင်တ” ဟူ၍ တွေ့ရ၏။ စာရေးသူ၏ အမည်ကိုကြည့်လိုက်၏ .... လယ်တွင်းသား ဟူ၍ တွေ့ ရသည်။
“ဟာ....ငါရေးတာပဲ...ဒါင့ါကလောင်အမည် ဒါင့ါ၀တ္ထု ......”
ဤကလောင်နာမည် ကို ဤတစ်ခါသာသုံးဖူးသည်။ ကိုယ့်နာမည်ကို ရင်းနှီးခြင်းမရှိ။ ပြန်စဉ်းစားမှ သိရခြင်း ဖြစ်၏။ 

မောင်ငြိမ်းချမ်း၀မ်းသာအားရနှင့် သူငယ်ချင်းဖြစ်သူ ကိုသောင်းတင်နှင့် ကိုတင်မြင့်တို့ကို ပြသည်။
“ဒါ.....ငါရေးတဲ့ ၀တ္ထု....”
သူတို့ နှစ်ယောက်က မောင်ငြိမ်းချမ်းကိုကြည့်ပြီး ပြိုင်တူရယ်ကြသည်။
ကိုသောင်းတင် က နာမည်ကိုထောက်ပြသည်။
“လယ်တွင်းသားဆိုတာ....ငါကွ.....”
သူတို့နှစ်ယောက် ရယ်ကြပြန်သည်။
“တစ်ခါမှလဲမပြောဘူးပါဘူး...တစ်ခါမှလဲမကြားဘူးပါဘူး.....”
သူတို့ကမယုံ။

“ဟုတ်တယ်ကွ ဒီအကြောင်းအရာကလဲ....ငါ.....ဘိုးချောဆီက သိထားတာကွ...”
သူတို့ ယုံစေချင်သည်။
“မယုံဘူးကွာ...”
ကိုသောင်းတင် က အပြတ်ငြင်းလိုက်သည်။
“ယုံအောင် ဘယ်လိုပြောရပါ့.”
မောင်ငြိမ်းချမ်း စဉ်းစားသည်။
“ဗလာစာအုပ်ထဲမှာ ...အကြမ်းရေးထားတာရှိတယ်..အဲဒါပြရင် ယုံမလား”
“ဘယ်မလဲပြ”
ကိုတင်မြင့် တောင်းဆိုသည်။
“အိမ်မှာရှိတယ်”
အိမ်က ခြေလှမ်းနှစ်ရာမျှသာဝေးသည်။

သွားယူပြ....
ကိုတင်မြင့် ခိုင်းခြင်းဖြစ်၏။
ပြမယ်....။
မောင်ငြိမ်းချမ်း ထွက်သွားသည်။
“မြန်မြန်ပြန်လာနော်...ကြာရင်ကူးနေတယ်လို့ ယူဆမှာ....”
“ကူးစရာအိမ်မှာ သတင်းစာမှ မရှိဘဲ သတင်းစာက ဒီမှာထားခဲ့မှာ” မောင်ငြိမ်းချမ်း မြန်မြန်သွားပြီး မြန်မြန်ယူ၍ ပြလာသည်။ ကြာလျှင် မယုံမှာ စိုးနေသည်။
မောင်ငြိမ်းချမ်း ပြန်လာသောအခါ သတင်းစာထဲမှ ၀တ္ထုကိုသူတို့ ဖတ်နေကြသည်။ မောင်ငြိမ်းချမ်း ပြသည့် စာအုပ်ထဲ မှ စာကြမ်းများ နှင့် တိုက်ကြည့်ကြသည်။
“ဟုတ်တယ်....ယုံပြီ”
ကိုတင်မြင့်ပြောမှ မောင်ငြိမ်းချမ်း၀မ်းသာရသည်။
၁၉၆၃ - ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အထူးထုတ် သတင်းစာမှာပါသည့် “နောင်တ” အမည်ရှိ ၀တ္ထုတို သည် ပထမဆုံးပုံနှိပ်ဖော်ပြခံရသည်။ မောင်ငြိမ်းချမ်း၏ ၀တ္ထုတိုဖြစ်ပါသည်။

အဖေကြီး၏ ကျန်းမာရေး

ရွာမှာရှိသည့် အဖေကြီး၊ အမေကြီးနှင့် ဦးလေးထံ မောင်ငြိမ်းချမ်းပြန်မရောက်သည်မှာ အတော်ပင် ကြာသွားပြီ။ လွမ်းလိုက်ဆွေးလိုက် အလွမ်းကဗျာအလွမ်းစာများ ရေးလိုက်နှင့် ကိုယ့်ဘာသာ နေသားတကျ ဖြစ် နေသည်။
အဖေကြီးကလည်း အငြိမ်းစားဖြစ်ပြီးကတည်းက လူအများနှင့် ရောရောနှောနှော ပြောပြောဆိုဆို သိပ်မရှိ တော့ပါ။ ဂျုတ်ပင်ရိတ် အေးအေး ထဲမှာ တရားစာအုပ်များဖတ်လိုက် တရားမှတ်လိုက် လုပ်နေ သည်သာ များပါ၏။
အဖေကြီး၏ ပင်စင်လစာအပြင် ဦးလေး၏လယ်ယာ လုပ်ငန်းမှဆန်ဆီပဲရသည်။ စားစရာအတွက် ဘာမျှ ပူစရာ မရှိ။ မောင်ငြိမ်းချမ်းကလည်း လစဉ်ထောက်ပံ့သည်။ တစ်သက်လုံးအိမ်ကြမ်းပြင်မှပင် အိပ်ခဲ့သော အဖေကြီးကို ကုတင်မွေ့ရာ၀ယ်ပေးပြီး အိပ်စေသည်။

ကိုယ့်ဘာသာ တစ်သက်လုံး အလုပ်လုပ်လာတာ ...ကိုယ့်၀င်ငွေ နဲ့ကိုယ် ကုတင်မွေ့ရာနဲ့ မအိပ်ဖြစ်ခဲ့ ဘူး မြေးကန်တော့ မှ ကုတင်နဲ့ မွေ့ရာနဲ့ အိပ်ရတယ်....။
အဖေကြီး ၀မ်းသာသဘောကျ ဖြစ်နေသည်။ မောင်ငြိမ်းချမ်းအဖေကြီး အမေကြီးထံ ငွေမှန်မှန်ပို့ သော် လည်း လူမှန်မှန်မရောက်ခဲ့။ တစ်နေ့တွင် ရွာမှလူကြုံရောက်လာသည်။ အဖေကြီးက စာပေးလိုက်၏။ စာကိုဖတ်မှ စိတ်မကောင်း ဖြစ် ရသည်။ အဖေကြီးနှင့် အမေကြီး က ရောက်မလာတာကြာ၍ မျှော်နေကြကြောင်း စိတ်မကောင်းဖြစ် ရကြောင်း အဖေကြီးလည်း ကောင်းကောင်းမကျန်းမာ၍ ပြန်လာစေချင်ကြောင်း ရေးထားသည်။

မောင်ငြိမ်းချမ်း ရွာသို့အမြန်ဆုံးပြန်ခဲ့၏။ ကျောက်ဆည်မြို့မှ မြောင်းဘောင်အတိုင်း စက်ဘီးစီး သွားလျှင် တစ်နာရီခွဲ နှင့် ရွာသို့ရောက်၏။ ဖေကြီးကို တွေ့ရတော့ပို၍ စိတ်မကောင်းဖြစ်ရ၏။ အဖေကြီးခမျာ အတော်ပင်ပန်းသွားရှာသည်။ စကားပြော လျှင်လည်း အသံကသိပ်မထွက် အသံ၀င်နေသည်။ ဤကဲ့သို့အသံပျက်သွားသည်မှာ နှစ်ပတ်ခန့် ကြာသွားပြီ ဟုသိရ၏။
“ဘာဖြစ်လို့ပါလိမ့်”
အနာသိလျှင်ဆေးရှိမည်။ မောင်ငြိမ်းချမ်း အဖေကြီးကို ကျောက်ဆည်သို့ခေါ်ခဲ့သည်။ ကျောက်ဆည် ဆေးရုံတင် ၍ ဆရာ၀န်ကြီးနှင့်ပြပြီး ကျန်းမာရေးစစ်ဆေး၏။
ဆေးရုံအုပ် ဆရာ၀န်ကြီးက (၃) ရက်စစ်ဆေးပြီးသောအခါ အဖေကြီး၏ လည်ချောင်းမှာ ကင်ဆာ ရောဂါ ဖြစ်နေကြောင်း ပြောသည်။

မောင်ငြိမ်းချမ်းရင်ထဲမှာ ပူလောင်စွာခံစားရသည်။ ရန်ကုန်မှာ အသိအကျွမ်း မရှိ ရန်ကုန်သို့ တစ်ခါမျှ လည်း ရောက်ဘူးခြင်း မရှိ။ ရန်ကုန်မှာ ကိုယ်နှင့်ကွာလှမ်းလွန်းလှသည်။ ဘယ်လိုသွားရမှန်းမသိ။ ငွေကြေး ပြည့်စုံမှု လည်းမရှိ။ သို့သော်ကျေးဇေူးရှင် အဖေကြီးကို ရအောင်ကုချင်သည်။ ရန်ကုန်သို့ သွားပြီး ဆေးကုသ နိုင်ရန်ပြင်ဆင်ရသည်။
ထိုအချိန်တွင် ကင်ဆာရောဂါ အတွေ့အကြုံရှိသူက ဓာတ်ကင်ကုသခြင်း မပြုရန် ဓာတ်ကင်လျှင် လူနာ ပိုခံစား ရကြောင်း ရောင်ခြည်ဒဏ်သင့်၍ မြန်မြန်သေဆုံးရကြောင်း ပြောကြသည်။ မောင်ငြိမ်းချမ်း ဆရာ၀န်ကြီးကို ပြန်တွေ့ရသည်။ ဓာတ်ရောင်ခြည်ကင်လျှင် အသေအချာ ပျောက်မည်  လားဟု မေးရသည်။ ဆရာ၀န်ကြီးက ပခုံးတွန့်ပြသည်။ ကုထုံးရှိ၍ ကုချင်လျှင် ကုသင့်ကြောင်း၊ ပျောက် မပျောက် အာမခံ၍ မရေကြောင်းပြောသည်။

မသေချာဘဲနှင့် လူကြီးကို ကိုယ်ပန်းစိတ်ပန်း မဖြစ်စေသင့်ကြောင်း မြန်မာတိုင်းရင်းဆေးနှင့် ကုပြီး ပျောက်ကင်း ကြောင်း အကြံပြုကြပြန်သည်။ အဖေကြီး၏ ဆန္ဒကိုမေးရာ။ ရန်ကုန်မသွားချင် ရွာပြန်ပြီး အေးချမ်းစွာ နားမည် မိသားစုနှင့်နေမည် တိုင်းရင်းဆေးနှင့်ကု မည်ဟု ဆိုသည်။ မောင်ငြိမ်းချမ်း အိမ်မှာထား၍ အဖေကြီးကို ကောင်းစွာပြုစုသည်။ အဖေကြီး၏ ဆန္ဒအတိုင်း ရွာပြန်ပို့ ပေးသည်။
ရွာမှတိုင်းရင်းဆေးနှင့် ကုသသောအခါ အဖေကြီး ရွှင်ရွှင်လန်းလန်းနှင့် ကျန်းမာရေး ပိုကောင်းလာ၏။

တစ်လခန့်ကြာသောအခါ မောင်ငြိမ်းချမ်းရွာပြန်၍ အဖေကြီးကိုကန်တော့သည်။ ကျန်းမာရေး အခြေအနေ မှာ ကောင်းမွန်လျက်ရှိပါ၏။ သို့သော်ကျောက်ဆည်ပြန်ခါနီး အဖေကြီးကို နှုတ်ဆက် ကန့်တော့သောအခါ အဖေကြီး ဆုတွေ ပေးပြီးမှ ငေးကြည့်နေသည်။ ထိုအကြည့်ကထူးခြားနေ၏။
“အဖေကြီး က င့ါကိုနောက်ဆုံး ကြည့်ခြင်းအနေနဲ့ ကြည့်နေတာလား အဖေကြီးနဲ့ငါက ဒါဟာ နောက်ဆုံး တွေ့ရတာလား....”
မောင်ငြိမ်းချမ်းရင်ထဲမှာ တွေးတောမိရ၏။
“အေးလေ....မဖြစ်နိုင်ပါဘူး အဖေကြီးကျန်းမာရေးက ကောင်းနေတာပဲ”
ဖြေသိမ့်စွာတွေးပြီး စိတ်မကောင်းစွာနှင့် ပြန်ခဲ့ရ၏။ ကျောက်ဆည်ပြန်ရောက်ပြီး (၃) ရက်မှ ကျောင်းဆရာ ကိုသန်းဆိုင်လိုက်ခေါ်ပါသည်။ ကျေးဇူးရှင်အဖေကြီးကွယ်လွန်သွားလေပြီ။

ကျေးဇူးရှင်ဆရာကြီး ပီမိုးနှင်းနှင့်တွေ့ရခြင်း

အဖေကြီးကွယ်လွန်ပြီးနောက် အမေကြီးနှင့် ဦးလေးရှိရာသို့ တစ်လတစ်ခါ ပြန်ပြီး ကန်တော့ပါ၏။ သို့သော် အဖေကြီးမရှိတော့သည်ကို ပို၍လွမ်းစရာဖြစ်ရသည်။ လွမ်းစရာမရှိလွမ်းစရာရှာ နေသူအတွက်ကြီးစွာ သိမ်ငယ်လွမ်းဆွေးဖြစ်ရသည်။ တိုးတက်လိုစိတ် ကြိုးပမ်းလိုစိတ်လည်း မရှိတော့ပါ။ ဆယ်တန်းစာမေးပွဲကို မဖြေဘဲနေခဲ့သည်မှာ (၆)နှစ်တိုင်ကြာခဲ့သည် ဖြေလျှင်လည်း အောင်မည်မထင် အားပျက်နေသည်။

ထိုအချိန်တွင် ကံအားလျော်စွာ သူငယ်ချင်းတစ်ယောက် ရန်ကုန်မှပြန်လာသည်။ ထိုသူငယ်ချင်း၏ အဖြေ က မောင်ငြိမ်းချမ်းထက်ပို၍ လွမ်းစရာကောင်းပါသည်။ သူကဆယ်တန်းအောင်ပြီးသားသူ၏ မိဘနှစ်ပါး တစ်နှစ် အတွင်းမှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြသည်။ အိမ်တစ်အိမ်လုံးမှာ သူ တစ်ယောက်တည်း ကျန်ခဲ့သည်။ ၀မ်းနည်းအားငယ်စိတ်နှင့် ရန်ကုန်သို့ဆင်းသွားသည်။ ရန်ကုန်တွင် သူ့ဘကြီး ရှိသည်။ ဦးဘရီနှင့် သမီးများစာပေမှ ဦးဘရီမှာ သူ့ဘကြီးဖြစ်သည်။

တူဖြစ်သူရောက်လာသောအခါ မိဘနှစ်ပါးဆုံးပါးသွားသည်ကို ဘကြီးက သတင်းကြားပြီးဖြစ်၏။ တူ၏မျက်နှာကို မြင်ရုံနှင့်လည်း စိတ်အားငယ်နေကြောင်း နားလည်သည်။
“လာကွ....လူလေး လွတ်လွတ်လပ်လပ်နေကွ.... စားကွ.... ဘာမှ အားမနာနဲ့”
ကောင်းစွာကြိုဆို၍ ချစ်ခင်စွာစောင့်ရှောက်သည်။

“ဟောဒါက ဘကြီးရဲ့ စာအုပ်ဆိုင်ကြီးပဲကွ မင်းစိတ်ပြေလက်ပျောက် စာအုပ်ကလေးတွေ ရောင်းချင် ရောင်းပေါ့ကွ...။ ရော့ဟောဒီမှာ ပျင်းရင်မင်းဖတ်ဖို့ စာအုပ်ကလေးတွေ။ ရွှေတိဂုံ သွားချင်တဲ့အခါသွား မြို့ထဲလည်ချင်လဲလယ်ပေါ့.... ပြန်လာရင်ဒီစာအုပ်ကလေးတွေ အပျင်းပြေ ဖတ်ကွ...”
ဦးဘရီက တူဖြစ်သူကို စာအုပ်တစ်ထပ်ပေးသည်။ ဘကြီးပေးသည့် စာအုပ်တစ်ထပ်ကို ဖတ်ရင်း တူဖြစ်သူက စျေးကူရောင်းသည်။ ရွှေတိဂုံသွားဘုရားဖူးပြန်လာလျှင်လည်း ဖတ်သည်။ မြို့ထဲမှပြန် လာလျှင်လည်း ဖတ်သည်။ ပေးထားသောစာအုပ်များမှာ အားလုံးပေါင်း ၂၂ အုပ်ဖြစ်သည်။ လက်သန်းခန့် သာထူသော စာအုပ်ကလေးများဖြစ်သည်။ တစ်လနီးပါး ကြာသောအခါ အားလုံးဖတ် ပြီးသွားသည်။ နောက်ဆုံးစာအုပ်ဖတ်ပြီးချိန်မှာ ဆိုင်ထဲတွင် ဘကြီးရှိနေသည်မို့ ဘကြီးကို လှမ်းကြည့်ပြီး
“ဘကြီး ကျွန်တော်ကျောက်ဆည်ပြန်တော့မယ်....” ဟုပြောလိုက်သည်။

ဘကြီးက သူ့တူကိုလှမ်းကြည့်လိုက်သည်။ ပြောပုံလေသံကို သဘောကျသည်။ သိမ်သိမ်ငယ်ငယ် မဟုတ်။ သေချာအောင် ထပ်မေးလိုက်သည်။
“ပြန်ပြီးရင်.....မင်းဘာလုပ်မလဲကွ....”
“ကျွန်တော် တက္ကသိုလ်ဆက်တက်မယ် ဘကြီး.....”
ထိုအဖြေကို ပို၍သဘောကျသည်။ ဘကြီးက စာသမား၊ စာပေနှင့် အသက်မွေးသူ စာအုပ်တစ်ထပ်ကို ဖတ်ရန်ပေးခဲ့သည်မှာ အကြောင်းမဲ့မဟုတ် ။
ဤယုန်မြင်၍ ဤခြုံထွင်ခဲ့ခြင်းဖြစ်သည်။

“ငါပစ်သည့်မြား၊ မှန်သွားပြီ....” ဟုနားလည်လိုက်သည်။ သူ့တူ၏ တစ်သက်တာအတွက် စိတ်ချရပြီ ဟုနားလည်လိုက်သည်။ ထိုတူ၏ အမည်မှာ ကိုသောင်းတင်ဖြစ်၏။ ဦးဘရီ၏ တူ ကိုသောင်းတင်သည် မောင်ငြိမ်းချမ်းအတွက် သူငယ်ချင်းကောင်းဖြစ်၏။
“ဘကြီး.... ဒီစာအုပ်ကလေးတွေတော့ ကျွန်တော့်ကို အပိုင်ပေးလိုက်ပါ....”
သူဖတ်ပြီးသည့်စာအုပ် တစ်ထပ်ကိုတောင်းသည်။
“အဲဒါပေးပြီးသားလေကွာ..... .ယူသွား.....”
ဦးဘရီကပေးသည်။ ကိုသောင်းတင် စာအုပ်တစ်ထပ်ကို ဂုံလျှော်ကြိုးနှင့်စည်း၍ ကျောက်ဆည်သို့ ယူခဲ့သည်။ သူ့အတွက် မဟုတ်။ သူကဖတ်ပြီးပြီ။ သူ့သူငယ်ချင်း တလွမ်းလွမ်း တဆွေးဆွေးနှင့် ငေးငေး ငိုင်ငိုင်ဖြစ်နေသော မောင်ငြိမ်းချမ်းအတွက် ယူလာခဲ့ခြင်းဖြစ်သည်။

ကျောက်ဆည်ပြန်ရောက်သည်နှင့် မောင်ငြိမ်းချမ်း အိမ်သို့ရောက်သည်။ သူ၀င်လာချိန်မှာ မောင်ငြိမ်းချမ်း အိပ်ရာ ကုတင်ပေါ်မှာ ရှိသည်။ ထုံးစံအတိုင်း လွမ်းဆွေးငေးငိုင်။
“ဟေ့ကောင် ငါရန်ကုန်ကပြန်လာပြီ၊ မင်းဖို့ စာအုပ်တွေပါလာတယ်။”
ဘာစာအုပ်တွေများ လဲ သူငယ်ချင်းရယ်.....။
မောင်ငြိမ်းချမ်းမေးပုံက လွမ်းသံနှောလျက်...။
သူငယ်ချင်းဖြစ်သူ နားကြားပြင်း ကပ်ဟန်တူပါသည်။

“လုပ်မနေနဲ့ ဟေ့ကောင် ....ဒီစာအုပ်တွေ ငါဖတ်ပြီးပြီ၊ မင်းအပိုင်ယူလိုက်တော့ သွားမယ်”
မောင်ငြိမ်းချမ်း လေသံ ကို သဘောမကျ၍ ကိုသောင်းတင် မာရေကြောရေ ပြောပြီးပြန်သွားသည်။
“ဟေ့ကောင် ဖတ်ဖြစ်အောင် ဖတ်နော်...”
အိမ်အထွက်မှာ လှမ်းအော်သွားသေးသည်။ ချစ်သောသူငယ်ချင်း၏စေတနာကို လေးစား၍ မောင် ငြိမ်းချမ်း အိပ်ရာကုတင်ပေါ်မှ ထလာပြီး သူငယ်ချင်းပေးသော စာအုပ်တစ်ထပ်မှ အပေါ်ဆုံးစာအုပ် ကို ယူ၍ ဖတ်လိုက်သည်။

စာရေးဆရာကြီး ပီမိုးနင်းရေးသော စိတ်ပညာစာအုပ်ဖြစ်သည်။ ခက်ခဲနက်နဲရှုပ်ထွေးသိမ်မွေ့သော စိတ်ပညာကို ပီမိုးနင်းက ဝါကျတိုလေးများနှင့် ရှင်းလင်းလွယ်ကူအောင် ရေးထားသည်
“လူတစ်ယောက်၏စိတ်သည် မိမိဘာသာမြှင့်လျှင် မြှင့်သည်။ နှိမ့်လျှင် နှိမ့်သည်။ လူတစ်ယောက်၏ စိတ်ကို သူများလာနှိမ့်၍ မနှိမ့်၊ ကိုယ့်ဘာသာနှိမ့်မှ နှိမ့်သည်။”
မောင်ငြိမ်းချမ်း စာဖတ်ရင်း ဆင်ခြင်မိ၏ မောင်ငြိမ်းချမ်း၏စိတ်များ လွန်စွာနိမ့်နေသည်။
“မှန်ပါတယ် ဆရာကြီး .... ကျွန်တော် စိတ်သိပ်နိမ့်နေပါတယ်” ဟု ၀န်ခံမိသည်။ ထိုရည်မှန်းချက် သည်လည်း အများယောင်၍ ယောင်သော ရည်မှန်းချက်မျိုး မဖြစ်စေရ။ မိမိ၏ ဝါသနာဗီဇစရိုက်နှင့် ကိုက်ညီ သော ကိုယ်ပိုင်ရည်မှန်းချက် ဖြစ်စေရမည်။

ရည်မှန်းချက်ထားပြီးလျှင်လည်း ထိုရည်မှန်းချက်ကို မဖြစ်မနေ ကြိုးစားရမည်။ ဘယ်သူမျှ မိမိရည် မှန်းချက်ကို လွယ်လွယ်နှင့် ရောက်နိုင်ကြသည်မဟုတ်။ အကြိမ်ကြိမ်ရှုံးနိမ့်၊ အကြိမ်ကြိမ် ပြန်လန် ကျသော်လည်း မလျှော့သော ဇွဲနှင့် မရောက်ရောက်အောင် ကြိုးစားရမည်။ 
“တံခါးတို့ကို ခေါက်ကြလော့ ။ ခေါက်သော သူတို့အတွက် တံခါးတို့သည် ပွင့်လိမ့်မည်” ဟုဆို၏။
မောင်ငြိမ်းချမ်း ငါးတန်းမှစ၍ လပတ်အစမ်းစာမေးပွဲ တစ်ခါမျှ မအောင်ခဲ့။ လပတ်စာမေးပွဲ အောင်စေသော တံခါးကိုလည်း တစ်ခါမျှ မခေါက်ခဲ့ မအောင်သည်မှာ ဘာမျှမဆန်းပါ။ အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တစ်ခါမျှ မရဘူးခဲ့။ ထိုတံခါးများကို လည်း ခေါက်ရန်စိတ်ပင်မကူးခဲ့။ မရသည်မှာ ဘာမျှ အံ့သြစရာမရှိ။

မောင်ငြိမ်းချမ်း ကိုယ့်ဘာသာဆင်ခြင်မိသည်။ ကိုယ့်စိတ်သည် နိမ့်သည်။ သိမ်ငယ်နေသည်။ ရှုံးစိတ် ကျစိတ်ဖြစ်နေသည်ဟု သုံးသပ်မိသည်။ တံခါးခေါက်ချင်စိတ် ဖြစ်နေသည်။ ပထမစာအုပ်ဖတ်ပြီးသည်နှင့် စိတ်အားတက်လာ၏။ ဖတ်ပြီးသော စာအုပ်ကိုဘေးမှာ ချ၍ နောက်တစ်အုပ် ယူသည်။ တက်ကြွသော စိတ်ထားဖြင့် စာအုပ်အမည်က..... “အောင်စိတ်”
လူတစ်ယောက် ၏ ဘဝအောင်မြင်ရန်အတွက် အောင်စိတ်ရှိရန်အရေးကြီးကြောင်း ဘ၀တွင် အောင်စိတ် ရှိသူများသာ အောင်မြင်ကြကြောင်း ဖြစ်မှဖြစ်ပါ့မလား နေရာမှကျပါ့မလား။ မဟုတ်ဘူးထင်ပါရဲ့ စသည့်အားငယ်ပျက်ပြယ်သော စိတ်သည်ပျက်စိတ် ဖြစ်ကြောင်း။ ပျက်စီးစိတ်၊ ညံ့စိတ်လွှမ်းမိုးသူတို့ မကြီးပွားနိုင် မအောင်မြင်ကြောင်း။ ဖြစ်စိတ်အောင်စိတ်၊ ယုံကြည်စိတ်ရှိမှ ကြံတိုင်းအောင်၍ ဆောင်တိုင်း မြောက်ကြောင်း ဆရာပီမိုးနင်းက ရေးထား၏။

မောင်ငြိမ်းချမ်း စာဖတ်ရင်းမှ ကိုယ့်ဘာသာ ဝေဖန်နေမိသည် အလွမ်းအဆွေးစိတ်များ၍ အလွမ်းသမား ဖြစ်လေဟန်ကျေနပ်နေသော မိမိကိုယ်ကို စိတ်ပျက်စက်ဆုပ်လာမိသည်။ အောင်စိတ် စာအုပ်ကို ဖတ်ပြီးမောင်ငြိမ်းချမ်း အောင်မြင်ချင်စိတ်များ ဖြစ်လာသည်။ နောက်တစ်အုပ်ကို ယူသည်။
ကိုယ်ထူးကိုယ်ချွန် ကိုယ်တိုင်ထူးချွန်ရန်အတွက် ကိုယ်တိုင် ကြိုးပမ်းရမည်ဖြစ်ကြောင်း နောက်တစ်အုပ်
“အရင်းမစိုက် လှေထိုးလိုက်”
ငွေရင်းတစ်ပြာမျှ မရှိ၍ အားငယ်ရန်မရှိ။ ချမ်းသာလိုစိတ်ရှိပြီး  ကြိုးစားခြင်းဖြင့် အဆင့်ဆင့် တိုးမြင့်၍ သူဌေးကြီးဖြစ်လာသူအကြောင်း တစ်အုပ်ဖတ်ပြီးတိုင်း အားမာန်တစ်ခါတစ်ခါ တက်ရသည်။
ဘ၀တိုက်ပွဲ၊ ကြီးပွားရေးလမ်းညွှန်၊ လူဖြစ်နည်းနှင့်တက်လမ်း၊ တကယ့်လူချွန်၊ ဟန်ကျပန်ကျ၊ ကြီးပွားအောင်မြင်ခြင်း စိတ်တန်ခိုးကျမ်း၊ ဣစ္ဆာသယစိတ်ပညာ၊ လူမှုရေးရာ၊ သားဂုဏ်ရည်၊ သမီးဂုဏ်ရည်။ သူငယ်ချင်းယူလာပေးသော စာအုပ်များကို တစ်ထိုင်တည်းနှင့် အပြီးဖတ်လိုက်သည်။ စာအုပ်အားလုံး ဖတ်ပြီးသော အခါ မိုးကိုဒူးနှင့်တိုက်ချင်သော တက်ကြွစိတ်မျိုးဖြစ်နေမိ၏။

ထိုတစ်ထိုင်တည်းမှာပင် မောင်ငြိမ်းချမ်းဆုံးဖြတ်ချက်ချလိုက်သည်။ ယခုနှစ်ဆယ်တန်း စာမေးပွဲ ပြန်ဖြေမည်။ ရှေ့နှစ်တက္ကသိုလ် ဆက်တက်မည် ဟူ၍ ။
အောင်မှ အောင်ပါ့မည်လားဟူ၍ သံသယစိတ်
စိုးစဉ်းမျှမရှိ။ 
သို့သော် အင်္ဂလိပ်ဘာသာကိုစတင် လေ့လာသောအခါ ခြောက်နှစ်တိတိပြတ်၍ လွမ်းဆွေးငေးငိုင် နေခဲ့သောကြောင့် အင်္ဂလိပ်စာ အိုင်ဂိုးတူစကူးလ်ပင် ကောင်းစွာမလုပ်တက်တော့ပါ။
ထိုသို့ တွေ့လိုက်သည်နှင့် မောင်ငြိမ်းချမ်းစိတ်ထဲမှာ ပြောလိုက်ပါသည်။ “ကောင်းတယ် စမယ့်စ သုည က စမယ်” ဟူ၍
ထိုစိတ်သည် “အောင်စိတ်” ဖြစ်၏။
လူငယ်တစ်ယောက် အောင်တော့မည်ဆိုလျှင် အပျက်ကိုမတွေး အဖြစ်ကိုတွေးသည်။ အခက်အခဲကိုမတွေး၊  အရှုံးကိုမကြည့် နောက်ပြန်မလှည့်၊ အောင်စိတ်မွေးသူတို့သာ အောင်မြင်ကြ မည်ဖြစ်ပါ၏။

အောင်စိတ်ဖြင့် ကြိုးစားခြင်း

မောင်ငြိမ်းချမ်း ပြောင်းလဲသွားပြီ။ တလွမ်းလွမ်းတဆွေးဆွေးနှင့် ငေးငေးငိုင်ငိုင်မဟုတ်တော့ပါ။ တက်ကြွ နေပြီ။ အားမာန်အပြည့်ဖြစ်နေပြီ။ ဘ၀ရည်မှန်းချက်အတွက် အောင်စိတ်မွေးပြီး ကြိုးစားတော့မည်။
မောင်ငြိမ်းချမ်း အားနည်းသော အင်္ဂလိပ်စာမှ စတင်သည်။ တကယ်ပင် သုညမှစရသည်။ မောင်ငြိမ်းချမ်း အလုပ်လုပ်နေရပြီမို့ ကျောင်းတက်၍မရပါ။ ထိုအချိန်က ကျူရှင်ခေတ် မဟုတ်၍ ကျူရှင်လည်းမရှိပါ။ 

ကိုယ်တိုင်လေ့လာသင်ယူရန်အတွက် အင်္ဂလိပ်စာကို Lesson In English Book one မှစတင်ရသည်။ မြန်မာဘာသာနှင့် ရှင်းလင်းချက်များရေးထားသည်။ ကိုယ့်ဘာသာဖတ်ပြီး နားလည်လိုက်သည်။ သင်္ခန်းစာအလိုက် ကျက်ရမည့် မီးနင်းများကို မြန်မာပြန်နှင့်တွဲပေးထားသည်။ မီးနင်းကျက်ပြီးလျှင် သင်္ခန်းစာများကို စတင်လုပ်ရသည်။ A Man, A dog အင်္ဂလိပ်လိုပေးလျှင် မြန်မာဘာသာ ပြန်ရသည်။ လေ့ကျင့်ခန်းတစ်ခုမှာ (၂၁) ကြောင်းရှိသည်။ မြန်မာလိုပေးလျှင် အင်္ဂလိပ်ဘာသာ ပြန်ရသည်။

အမှန်အမှား စစ်ဆေးရန်အတွက် ကိုယ်လုပ်နေသောကျောင်းမှ အင်္ဂလိပ်စာပြ ဆရာဦးဖေသန်းနှင့် အင်္ဂလိပ်စာပြ ဆရာမ ဒေါ်ကြည်ကြည် တို့ကို အကူအညီတောင်းရသည်။ အခမဲ့အကူအညီတောင်း ရခြင်း ဖြစ်၍ အားနာသောကြောင့် တစ်လှည့်စီပြပါသည်။ သူတို့က စေတနာနှင့်ကူညီ၏ ဆေးပေးကြသည်။ Book one စာအုပ်ကို (၇)  ရက်သာကြာသည်။
ကိုယ့်ရည်ရွယ်ချက်အရ ကိုယ့်ဆန္ဒနှင့် ကိုယ်လုပ်ခြင်းဖြစ်၍ မပန်းပါ။ စိတ်ပါလက်ပါနှင့် ပျော်စရာပင် ကောင်း ပါသည်။ စိတ်ကြည်၍ ဥာဏ်ထက်သည်။ စိတ်အားတက်၍ ဥာဏ်သွက်သည်။ 

လုပ်ကိုင်ရသည်များအားလုံး သွက်လက်ထက်မြက်သည်။ Book Two  ကိုဆက်လုပ်သည်။ ဝါကျများ ပို၍ပြည့်စုံ လာပြီ။ ရှင်းလင်းရေးသားထားသည်များကို အသေအချာ လေ့လာပြီး မီးနင်းများကျက် သည်။ သင်္ခန်းစာ များလုပ်သည်။ (၇)ရက်နှင့်ပြီးပြန်သည်။ ပို၍စိတ်အားထက်သန်လာသည်။ လှေကား တစ်ထစ်ချင်း တက်နေ ရသည်နှင့်တူသည်။ Book Three ကိုဆက်လုပ်သည်။ စာအုပ်ပိုထူ လာသည်။ စာပိုများ လာသည်။ ဝါကျများ ပိုရှည်လာသည်။ ကတ္တား၊ ကရိယာ သာမက နာမဝိသေသနများ ကိရိယာ ဝိသေသန များ ဝိဘတ်များပါလာသည်။ တစ်ခုသာ ကြာသည်ပြီးသွား ပြန်၏ အင်္ဂလိပ်စာဝါကျများကို မမှား  မယွင်း အောင် ကောင်းစွာရေးတတ်ပြီ။

Book Four ဆက်တက်သည်။ ဟိုးရှေးရှေးတုန်းက ....အစချီသော ပုံပြင်ရှည်ကြီးများကို အင်္ဂလိပ်လို ပေးလျှင် မြန်မာလိုပြန်ရသည်။ မြန်မာလိုပေးလျှင် အင်္ဂလိပ်လိုပြန်ရသည်။ ခက်သော်လည်း အဆင့်ဆင့် တက်လာသောကြောင့် ကောင်စွာလုပ်နိုင်ပါသည်။ တစ်လသာကြာသည် Book Four ပြီးပြန်သည်။ အင်္ဂလိုပါ စာကောင်းစွာရေးတတ်ပြီ။ သဒ္ဒါဝါကျမှန်ကန်စွာဖြင့် Essay ရေးတတ်ပြီ၊ ပေးစာ letter writing  များ ရေးနိုင်ပြီ။ ထိုအခါကမှ ပြဌာန်းစာအုပ်ကိုစတင်လေ့လာသည်။

ထိုအချိန်က ဆယ်တန်းပြဌာန်းစာအုပ်များ Coral Island များဖြစ်သည်။ ပင်လယ်ထဲမှ သင်္ဘောပျက်ပြီး သန္တာကျွန်းလေးတစ်ကျွန်းပေါ်မှာ တင်ကျန်နေသည် လူငယ်သူငယ်ချင်း သုံးယောက်၏ အတွေ့အကြုံ များနှင့် စွန့်စားခန်းများဖြစ်သည်။ ကိုယ့်ဘာသာလေ့လာရသည်။ ဘာသာပြန်စာအုပ်နှင့် တိုက်ဖတ်ရသည်။ Notes on ခေါ်ရှင်းလင်းချက်စာအုပ်နှင့် တိုက်ဖတ်သည်။ မီးနင်းများထုတ်ပြီးကျက်မှတ်သည်။ အစအဆုံး တစ်ခေါက် ဖတ်မှတ် လေ့လာပြီးသောအခါ စာအုပ်နောက်ကျောဖုံးမှာ မောင်ငြိမ်းချမ်း အချစ်ကလေး တစ်ချက် မှတ်ထား လိုက်သည်။

အစမှပြန်ဖတ်သည်။ ပေးထားသော မေးခွန်းများဖြေသည်။ အခန်းအလိုက် Summary ပြန်ရေးသည်။ နောက် တစ်ခေါက်ပြီးတော့ နောက်ကျောဖုံးမှာ နောက်တစ်ချစ်၊ မောင်ငြိမ်းချမ်း စာအုပ်နောက်မှ အချစ် ကလေး ပေါင်း (၂၅)ခုရှိသည်။ စာတစ်ပုစ်ကိုပြောလျှင် စာမျက်နှာ ပါမှတ်မိသည်။ အမှန်ဆိုရသော် (၂၅)ခေါက် မကပါ။ မေးခွန်းဖြေရန်ပြန်ဖတ်ခြင်း အကျဉ်းချုပ်ရေးရန် အကြိမ်ကြိမ်ပြန်ဖတ်ရခြင်းတို့အတွက် အခြစ်ကလေး များ မမှတ်မိတော့ပါ။ စာတစ်အုပ်လုံး ညက်ညက်ကျေနေပါသည်။ မောင်ငြိမ်းချမ်း ယခင်က တစ်ခါ မျှ ဤသို့ မလုပ်ဘူးပါ။ ဤသို့သာ လုပ်လျှင် လူတိုင်းကောင်းစွာ အောင်မြင်ကြမည်။ ဘာကြောင့် မလုပ်ကြ ပါလိမ့်ဟုပင် အံ့သြစိတ် ဖြစ်မိသည်။

အင်္ဂလိပ်စာ အကူအညီပေးကြသော ဆရာဦးဖေသန်းနှင့် မကြည်ကြည်တို့က “အင်္ဂလိပ်စာရိုက်ချရင်  တောင် မကျနိုင်တော့ဘူး..... “ ဟုပြောပါသည်။ 
ထိုအခါကျမှ မောင်ငြိမ်းချမ်း ကျောက်ဆည်ခရိုင်ပညာ၀န်ရုံးသို့သွား၍ ကျန်ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို တောင်းသည်။ ခရိုင်ပညာ၀န်ရုံးက ထုတ်ပေးပါသည်။ မောင်ငြိမ်းချမ်း အမှား မခံနိုင်ပါ။ (၆)နှစ်ကြာအောင် နောက်ကျသွားပြီ အကောင်းဆုံး ပြည့်စုံအောင်လုပ်ချင်သည်။ သင်ရိုး ညွှန်းတမ်း ပါသည်များ အားလုံးကို ညက်ညက်ကြေအောင် ကျက်မှတ်ပါသည်။ သူ့အချိန်နှင့် သူ စနစ်တကျ သတ်မှတ်ထားသည့် အတိုင်းမှန်မှန်လုပ်သွားခြင်းဖြစ်၍ လုံး၀ မပင်ပန်းပါ။ 

ကိုယ့်ဟာနှင့်ကိုယ် ခရီးရောက်သည်မှာ သိသာ၍ စိတ်အားတက်ကြွနေသောကြောင့် ရွှင်လန်း ၀မ်းသာ ပင်ဖြစ်နေပါသေးသည်။ မောင်ငြိမ်းချမ်း၏ အလုပ်ချိန်မှာ မနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ဖြစ်သည်။ အလုပ်ချိန်မှာ အပြည့်အ၀ တာ၀န်ယူရ၍ အလုပ်ချိန်အတွင်း စာကျက်နိုင်ခြင်းလုံး၀မရှိပါ။ မောင်ငြိမ်းချမ်း စာမေးပွဲဖြေရန် ဆုံးဖြတ် ပြီးသည့် နေ့မှစ၍ နေ့စဉ်မနက်(၅)နာရီ အိပ်ရာမှထသည်။ မဂ္ဂဇင်း၀တ္ထု ဖတ်ခြင်းကို အလွန်နှစ်သက် သော်လည်း လုံး၀မဖတ်ဘဲနေသည်။ စာမေးပွဲ ဖြေပြီးသည်နှင့် ဖတ်မည်ဟု ဆုံးဖြတ်၍ ၀ယ်နေကျ မဂ္ဂဇင်းများ နှင့် ဖတ်ချင်သော ၀တ္ထုများအားလုံးကို ၀ယ်ပြီး သိမ်းဆည်းထားသည်။

မနက် (၅)နာရီမှ (၇)နာရီထိ ရေးရန်ရှိသော လေ့ကျင့်ခန်းများကို ရေးသည်။ ဖတ်ရန်ရှိသည် များကို ဖတ်သည်။ ညနေ(၄)နာရီခွဲမှ (၆)နာရီကျက်စရာရှိသော စာများကို ကျက်သည်။ (၆)နာရီခွဲ တွင် ထမင်း လစာပေးစားသောဆိုင်သို့သွားရင်း အင်္ဂလိပ်မီးနင်းများကျက်သည်။ မနက်(၁၀) လုံးညနေ(၁၀)လုံး ကျက်ရင်း နှစ်တစ်၀က်ကျော် မှာ မီးနင်းအားလုံးကျက်ပြီးသွားသည်။
နေ့စဉ်မင်းရမြောင် သို့ ရေချိုးသွားတိုင်း မြန်မာစာ ဝေါရာထ(၁၀)လုံးကျက်သည်။ နှစ်၀က်မှာပင် ကုန်သွားပြီ။ ည(၇)နာရီခွဲမှ (၁၀)နာရီခွဲအထိ ရေးသည်။ ဖတ်သည်ကျက်သည်။ (၁၀)နာရီခွဲမှာ အိပ်သည်။ တနေ့ လျှင် (၇)နာရီအချိန်ရသည်။ အချိန်ကိုကောင်းစွာ အသုံးချနိုင်၍ လုံလောက်သော အချိန်ဖြစ်ပါသည်။

စာမေးပွဲ မတိုင်မီ တစ်လအလိုမှာ မောင်ငြိမ်းချမ်း စာအားလုံးကျက်မှတ်၍ပြီးပါသည်။ မောင်ငြိမ်းချမ်းက မိတ္ထီလာ စာစစ်ဌာနမှာ ဖြေရန်တင်ထားသည်။ ခုံနံပါတ် လည်းရပြီ။ ကျက်မှတ်ထားပြီးသည့် စာများကို ပြန်လည် လေ့ကျင့်သည်။ တစ်ပတ်အလိုတွင် သဲတော၀မ်းတွင်း မှ သိမ်တောင်ကျောင်းသို့သွား၍ အပြီးသတ် ပြန်ကျက်၊ ရေးဖို့လိုသည် တို့ကို ပြန်ရေးလေ့ကျင့်သည်။ သိမ်တော် ကျောင်းတိုက်တွင် တိုက်အုပ်ဆရာတော်မှာ ဦးကောသိယ၊ ဒုတိယဆရာတော်ဖြစ်သည့် တိုက်ကြပ် ဆရာတော် ဦးအဂ္ဂဝံသမှာ မောင်ငြိမ်းချမ်း၏ အဖေကြီးနှင့် ညီတော်သူဖြစ်သည်။ မောင်ငြိမ်းချမ်း ကို မန္တလေး မိဘမဲ့ကျောင်းသို့ ပို့ပေးသောဘဘဘုန်းဘုန်း ဖြစ်သည်။

မောင်ငြိမ်းချမ်း ဘဘဘုန်းဘုန်း ကို လျှောက်ထားပါသည်။ ဆိတ်ငြိမ်စွာစာကျက်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါသည်။ မနက်စာညစာမှစ၍ စားခြင်းကိစ္စကို ကျောင်းတိုက်မှာ တာ၀န်မရှိ စေချင်ကြောင်း၊ ၀မ်းတွင်းမြို့သို့ လမ်းလျှောက်သွားပြီး စားလိုပါကြောင်း ခွင့်တောင်းသည်။ ဘဘ ဘုန်းဘန်း သဘောတူ ခွင့်ပြုပါသည်။ ဘဘဘုန်းဘုန်းသည် တောင်ပေါ်ဘုရားကြီး တိုက်မှာသီတင်းသုံးသည်။ မောင်ငြိမ်းချမ်းတောင်ပေါ် တိုက်မှာပင် ဘဘဘုန်းဘုန်းနှင့်အတူ လိုက်နေရသည်။ နေ့ခင်းမှာ ဘဘဘုန်းဘုန်းစာ သွားချချိန်တွင် ဘုရားကြီးတိုက် မှာ မောင်ငြိမ်းချမ်း တစ်ယောက်တည်းဖြစ်သည်။ ဆိတ်ငြိမ်လွန်း ၍ပင်နေသည်။ စာကျက် ၍ အလွန်ကောင်းပါသည်။ ရပြီးသောစာများကို အကြိမ်ကြိမ်ပြန်ကျက် နေပါသည်။ ညတွင် တောင်ပေါ်ဘုရားကြီး ကို မီးပူဇော်ပြီး စာမေးပွဲအောင်ပါစေကြောင်း ဆုတောင်းသည်။

မိတ္ထီလာမှာတည်းခိုရန် အသိမရှိ။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာတည်းခိုခွင့်ရနိုင်ရန် ဘဘဘုန်းဘုန်းကို လျှောက်ထား သည်။ ဘဘဘုန်းဘုန်းက ကျောင်းတိုက်ရှိစာချဆရာတော် ဦးကေ၀လ၏ မိခင် ဒေါ်လေးရင် ၏ အိမ်မှာတည်းရန်စီစဉ်ပေးသည်။ အဖေကြီး ကျောင်းဆရာလုပ် ခဲ့စဉ်ကကျောက်ဆည်မှာ ပညာအုပ် ဖြစ်ခဲ့သည် ဟု ဆိုသည်။ ပညာအုပ်ကဆုံးသွားပြီ ဇနီးနှင့် သမီးရှိသည်။ သား က သိမ်ကျောင်းတိုက်မှာ စာချဆရာတော် ဖြစ်သည်။

တည်းရုံသာ တည်းပြီး ထမင်းကိုအပြင်မှာစားလိုကြောင်း ဘဘဘုန်းဘုန်း ကို လျှောက်ထားသည်။  မိတ္ထီလာရောက်လျှင် အိမ်ရှင်ဒကာမကြီးကို ပြောပြပါဟု မိန့်ပါသည်။ မောင်ငြိမ်းချမ်း မိတ္ထီလာသွားကာနီးတွင် ဘဘဘုန်းဘုန်း ဆရာတော် ဦးအဂ္ဂဝံသကို ကန်တော့သည်။
ဘဘဘုန်းဘုန်း က လူတော်လူကောင်းဖြစ်အောင်ကြိုးစားရန် လူတော်ဆိုသည်မှာ အရည်အချင်း ရှိဖို့၊ လူကောင်း ဆိုသည်မှာ စိတ်သဘောထားကောင်းဖို့၊ လူတော်လူကောင်းဖြစ်လျှင် နေရာတိုင်းက အလို ရှိကြောင်း၊ မိန့်ကြားပြီး လူတော်လူကောင်းဖြစ်စေဖို့ ဆုပေးသည်။ ဘဘဘုန်းဘုန်းက သူဖြစ်စေချင်သည်ကို ဆုအဖြစ်ပေးလိုက်ခြင်း ဖြစ်ပါ၏။

အပိုင်း(၁၂)

သူ့အိမ်မှာ သူ့စည်းကမ်း

ဆရာတော်ဦးအဂ္ဂဝံသရေးပေးသောစာနှင့် ဦးဇင်းဦးကေ၀လ ရေးပေးသော စာတို့ကိုယူပြီး မိတ္ထီလာမြို့မှ ဒေါ်အေးရင် အိမ် သို့ သွားပါသည်။ မိတ္ထီလာကန်ဘောင် အနီးမှ ၀င်းနှင့်ခြံနှင့် နှစ်ထပ်အိမ်ဖြစ်ပါသည်။ စာနှစ်စောင် ပေးလိုက်သည်နှင့် ဖတ်ပြီးအိမ်မှာ နေရာချထားပေးပါသည်။ 
မောင်ငြိမ်းချမ်းက တည်းရုံသာတည်းပြီး စားသည်ကိုတော့ အပြင်မှာ စားမည်ဖြစ်ကြောင်း ပြောပြသည်။ ဒေါ်အေးရင် က အေးဒီအိမ်မှာ တည်းပြီဆိုရင်တော့ ဒီအိမ်ရဲ့ စည်းကမ်း လိုက်နာရမှာပေါ့ကွ...’’ ဟု ပြောပါသည်။ 

မောင်ငြိမ်းချမ်း ဘာမျှမတတ်နိုင်ပါ။ သူ့အိမ်မှာတည်း မိပြီဆိုတော့သူ့ စည်းကမ်းကို လိုက်နာရုံသာ ရှိသည်။ နောက်မှ တစ်ခုခု ကန်တော့မည်ဟု ဆုံးဖြတ်ထားလိုက်သည်။ 
ထိုအိမ်မှာ နေရစားရ အဆင်ပြေရုံမက ဆယ်တန်းအဖော် နှစ်ယောက်လည်းရှိသည်။ ဒေါ်အေးရင်၏ သမီး ဆရာမ မခင်ညွှန့်လည်း ဖြေမည်။ တူဖြစ်သူ မောင်တင်၀င်းလည်း ဖြေမည်။ စာမေးပွဲဖြေရမည့် အထက်တန်း ကျောင်းနှင့်လည်း နီးသည်။ ခြေကျင်လျှောက်သွားလျှင် (၁၀) မိနစ်ခန့်သာကြာသည်။ 

မြန်မာစာနေ့မှာ စိတ်ကြိုက်ဖြေနိုင်ပါသည်။ အင်္ဂလိပ်စာနေ့တွင် ခက်၍ မဖြေနိုင်သူများသည်။ အိမ်ရှေ့အိမ် မှ မောင်မြင့် အောင်က ‘ဝေးပေမယ့် မောင်မောင်ကြီးဖြေနိုင်တယ်...’ တွံတေးသိန်းတန်၏ ထွေးညိုသီချင်း တစ်ပိုင်းတစ ကို အော်နေသည်။ မောင်ငြိမ်းချမ်းက သဘောကျစွာ ပြုံမိသည်။ ကိုယ်တိုင်လည်း ဖြေနိုင်၍ ဖြစ်ပါသည်။ 
ကျန်သည့်ရက်များတွင် ကျန်ဘာသာ အားလုံးကိုလည်း ကောင်းစွာဖြေနိုင်ပါသည်။ 
စာမေးပွဲပြီးသည့်နေ့တွင် ဒေါ်အေးရင်ကို ပါတိတ်လုံချည် တစ်ထည်ကန်တော့ပါသည်။ 

‘ဘာလဲ... ထမင်းဖိုးပေးတာလားကွ’ မေးပါသည်။ 
‘ကဲ အဒေါ်က မင်းအမေကြီးကို ပြန်ကန်တော့လိုက်ပါတယ်ကွာ...’  မောင်ငြိမ်းချမ်း ငြင်းသော်လည်းမရ။ မင်း ကတော့ တာကို အဒေါ်လက်ခံတယ်လေ။ အဒေါ်ကမင်းအမေကြီးကို ကန်တော့တာ မင်းငြင်းလို့ ဘယ်ဖြစ်မလဲ  မင်းသတိရရင်ပေါ့ကွာ... မင်းတို့အရပ်ဒေသမှာ အောင်ဒင်ဦးသရက် ပေါ်ရင်ပို့ပေးလိုက်ပါဟု ပြောသည်။ 
မောင်ငြိမ်းချမ်း ပို့ပါမည်ဟု ကတိပေးပြီး ပြန်လာခဲ့ရ၏။

၀ါသနာနှင့် ရည်မှန်းချက်

မောင်ငြိမ်းချမ်း (၁၀) တန်းစာမေးပွဲ ဖြေပြီးသည့်နောက် ကျောက်ဆည်မှာ လုပ်နေသော ကျောင်းမှ နှုတ်ထွက်ပြီး အမေကြီးနှင့် ဦးလေးရှိရာ ရွာသို့ ပြန်လာခဲ့သည်။ မိတ်ဆွေသူငယ်ချင်း အချို့က  (၁၀) တန်း အောင်မအောင် စောင့်ကြည့်စေချင်သည်။ အောင်ပြီးမှ ထွက်သင့်သည်ဟု ပြောကြသည်။ ကိုယ့်ဘက်က သေချာအောင် အကြံပြုကြခြင်းဖြစ်သည်။ 
မောင်ငြိမ်းချမ်းက မစောင့်ချင်။ သူတို့မှာ အလွတ်ပညာသင်ကျောင်း ဖြစ်သည်။ မောင်ငြိမ်းချမ်း မလုပ်လျှင် သင့်တော်မည့် ဆရာထပ်ရှာရမည်။ ဆရာတစ်ယောက်ရဖို့ ဆိုသည်မှာ ချက်ချင်းအဆင်ပြေဖို့ မလွယ်။ ကြိုကြိုတင်တင်ရှာနိုင်အောင် အချိန်ပေးသင့်သည်။ 

အောင်စာရင်း ထွက်သောအခါ မောင်ငြိမ်းချမ်းအောင်ပါသည်။ အမှတ်စာရင်းများ ထွက်လာသောအခါ မောင်ငြိမ်းချမ်း ၏ ရမှတ်များကောင်းပါသည်။ 
တက္ကသိုလ်၀င်ခွင့်  လမ်းညွန် စာအုပ်နှင့် တိုက်ဆိုင်ကြည့်သောအခါ ကြိုက်ရာ အသက်မွေး ၀မ်းကြောင်း တက္ကသိုလ်များသို့  ၀င်ခွင့်ရနိုင်သော  အမှတ်ဖြစ်သည်။ သို့သော်မောင်ငြိမ်းချမ်း အတွက် ဘာမျှ တွေဝေစဉ်စား နေစရာအကြောင်းမရှိ။ ကိုယ့်ဝါသနာရည်မှန်းချက်နှင့် ကိုက်ညီရာ တက္ကသိုလ်ကိုသာ တက်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ 
ဆရာကြီးပီမီုးနှင်း ၏ စာအုပ်များကို ဖတ်စဉ်ကတည်းက မိမိဝါသနာ ဗီဇစရိုက်နှင့် ကိုက်ညီသည်ကိုသာ ဘ၀ ရည်မှန်းချက်အဖြစ် သတ်မှတ်ထားရှိရန် ဆရာကြီးက အကြံပြုသည်။ 
မောင်ငြိမ်းချမ်းဝါသနာပါသည်က စာဖတ်၊ စာရေး မောင်ငြိမ်းချမ်း ဖြစ်ချင်သည့်ရည်မှန်းချက်က စာရေး ဆရာ။

ငါးတန်းမြန်မာစာ ဆရာမဒေါ်အေးငွေ ပြောကတည်းက စာရေးဆရာ ဖြစ်ချင်ခဲ့သည်။ မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှာ မြန်မာစာအဓိက ဘာသာနှင့် တက်ရန်ပထမဦးစားပေး တင်လိုက်သည်။ ဒုတိယနှင့် တတိယ ဦးစားပေးမှာ အသက်မွေ၀မ်းကြောင်း တက္ကသိုလ်များ ဖြစ်သည်။
တက္ကသိုလ်တက်ရန် ဦးစားပေးဘာသာရပ်ကို ရွေးပြီးပြီ။ မောင်ငြိမ်းချမ်း အောင် စိတ်နှင့် တက်ကြွနေသည်။ သို့သော် တက္ကသိုလ်တက်ရန် အတွက် ငွေကြေးပြည့်စုံချင်းမရှိ၍။ နိုင်ငံတော်မှ ပညာသင်ထောက်ပံ့ကြေး ချီးမြှင့် မည်ဟုသိရပါသည်။ 

မောင်ငြိမ်းချမ်း တက္ကသိုလ်၀င်ခွင့် လျှောင်လွှာနှင့် အတူပညာသင် ထောက်ပံ့ကြေး လျှောက်လွှာကိုပါ ပြည်စုံစွာ ဖြည့်၍ ကျောင်ဆည်ခရိုင်ကြေး အတွက် ခရိုင်ပညာရေးကြီးကြပ် ကော်မတီရုံးသို့ တင်ရသည်။ ပညာသင် ထောက်ပံ့ကြေးအတွက် ခရိုင်ပညာရေးကြီးကြပ်မှု ကော်မတီ၏ မှတ်ချက်မှာ အရေးကြီးသည်။ 
ထိုမှတ်ချက် တွင် ထောက်ခံမှသာ ထောင်ပံ့ကြေးရနိုင်မည် ဖြစ်သည်။ 
မောင်ငြိမ်းချမ်း ရတားသော (၁၀) တန်းအမှတ်များကောင်းပါသည်။ တက္ကသိုလ်ပညာကိုလည်း သင်ချင် သည်။ မိဘမရှိ။ ဦးလေးက လယ်ယာလုပ်သည်။ ၀င်ငွေက တက္ကသိုလ်မထားနိုင်။
ပညာသင် ထောက်ပံ့ကြေးရလျှင် ခြိုးခြိုးခြံခြံ နေပြီးကြိုးစားပါက ဘွဲ့ရမည်ဖြစ်သည်။ 

စဉ့်ကိုင်မြို့မှ အစ်မနှစ်၀မ်းကွဲတော်သည့် မမသိန်း၏ ယောက်ျား ကိုခင်မောင်ထူးသည် စိုက်ပျိုးရေး အရာရှိဖြစ်၍ တက္ကသိုလ်၀င်းထဲမှ ဦးပုညလမ်းမှာနေသည်။ သူတို့အိမ်၏ နောက်ဘက်တွင် အလုပ်သမား တန်းလျှား အုတ်တိုက်ကလေးရှိသည်။ နှစ်ခန်းတွဲဖြစ်သည်။ တစ်ခန်းအားသည်မှာ နေ၍ရမည်။ ရေးမီး ပြည့်စုံသည်။ လာနေပါဟုပြောသည်။ မောင်ငြိမ်းချမ်း၀မ်းသာ သွားသည်။ နေစရာရှိပြီမို့ အစားကို ခြိုးခြံ၍ ရသည်။ 
တစ်ပတ်ခန့် ကြာသောအခါ ခရိုင်ပညာရေးကြီးကြပ်မှု ကော်မတီမှ မှတ်ချက်ရသည်။ သူတို့ထောက်ခံရမည့် နေရာတွင် ခရိုင်ပညာရေး ကြီးကြပ်မှု ကော်မတီ၏ သတ်မှတ်ထားသော မူနှင့် ကိုက်ညီခြင်းမရှိ၍ မထောက်ခံ နိုင်ပါဟူ၍ ရေးထားသည်။ 

‘သွားပါပြီဗျာ..’ 
မောင်ငြိမ်းချမ်း၏ တက်ကြွနေသော စိတ်များ အားပျက်ရသည်။ 
’ဘာလို့ မထောက်ခံရတာလဲ သူတို့ရဲ မူကဘာလဲ’
မောင်ငြိမ်းချမ်းသွားရောက်စုံစမ်းရသည်။ 
အစိုးရ၏ မူအရ သိပ္ပံပညာ ကို ဦးစားပေးမည် ဖော်ပြထားသောကြောင့် သိပ္ပံဘာသာတွဲ မဟုတ်သူများကို ထောင်ခံခြင်း မရှိကြောင်း မောင်ငြိမ်းချမ်းက မြန်မာစာအဓိက လျှေက်ထား၍ မထောက်ခံခြင်း ဖြစ်ကြောင်း ရုံးအုပ်စာရေးကြီးဦးကံက ရှင်းပြသည်။ 

ထိုသဘောထားမှန်ကန်ခြင်းမရှိဟု မောင်ငြိမ်းချမ်း ထင်သည်။ ပညာသင်လျှောက်ထားခွင့်မှာ သိပ္ပံရော ဝိဇ္ဇာပါ လျှောက်ခွင့် ရှိသည်။ ဥာဏ်ပညာထူးချွန်ထက်မြက်ပြီး တက္ကသိုလ် ပညာကို ဆက်လက် သင်ကြား လိုသော်လည်း မိဘများက 
ငွေကြေးမတတ်နိုင်လျှင် ထောက်ပံ့ချီးမြှင့် မည်သဘောထားဖြစ်သည်ဟု မောင်ငြိမ်းချမ်း နားလည်သည်။ 
သို့သော် ခက်နေသည်မှာ ကျောက်ဆည်ခရိုင်ပညာရေး ကြီးကြပ်မှု ကော်မတီ၏ မူပါ အချက်အလက်များကို ဖော်ပြ ထားသည် မဟုတ်ပါ။ ဤမှတ်ချက်အတိုင်းတက်သွားလျှင် တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးက မောင်ငြိမ်းချမ်း ၏ ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာကို ပယ်ချလိုက်မည်ဖြစ်ပါသည်။ ’ဘာလုပ် ရမည်နည်း... ’
မောင်ငြိမ်းချမ်းစဉ်းစားရသည်။ အခြားသူများကို စုံစမ်းကြည့်သည်။ မှန်သည် သိပ္ပံဘာသာတွဲ လျှောက်သူများ အားလုံး ဆင်းရဲချမ်းသာမရွေး ထောက်ခံသည်။ 

’ရက်စက်ပါရဲ့... ’
မောင်ငြိမ်းချမ်း စိတ်အားပျက်မိသည်။ 
၀ိဇ္ဇာဘာသာတွဲ လျှောက်သူများ အားလုံးဆင်းရဲ ချမ်းသားမရွေး မထောက်ခံပါ။ ထို့ကြောင့် ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာကို တက္ကသိုလ်များ အုပ်ချုပ်ရေး ရုံးသို့ ဆက်မတင်ကြတော့ပါ။ 
မောင်ငြိမ်းချမ်း ကတော့ ထိုသို့ မလုပ်နိုင်။ ပညာသင်ထောက်ပံ့ကြေးရချင်သည်။ တကယ်ရထိုက်သူ ဖြစ်သည် ဟုလည်း မိမိဘာသာ ရိုးသားစွာ ယုံကြည်သည်။

နောင်ဆုံးတွင် လုပ်သင့်သည် မလုပ်သင့်သည် လုပ်ထုံးလုပ်နည်းနှင့် ညီမညီမစဉ်းစားဘဲ သီးခြား လျှောက်လွှာ တစ်စောင် ရေးလိုက်သည်။ အမှန်တကယ် ကျောင်းနေလိုပါကြောင်း မိဘများ ကျောင်းထား ပေးနိုင်မှု မရှိပါကြောင်း ခရိုင်ပညာရေး ကြီးကြပ်မှု ကော်မတီ၏ မူပါအချက်များ အရ မထောင်ခံကြောင်း မှတ်ချက် မှာ သိပ္ပံဘာသာတွဲ မဟုတ်၍ ဖြစ်ကြောင်းရှင်းလင်းရေးသားပြီး ပညာသင်ထောင်ပံ့ကြေး လျှောက်လွှာ နှင့် အတူပူးတွဲ၍ တက္ကသိုလ်များအုပ်ချုပ်ရေးရုံးသို့ ပို့လိုက်ပါသည်။ 

တက္ကသိုလ်ဘယ်လိုသွားရပါ့

ပညာသင်  ထောက်ပံ့ကြေးအတွက် ခရိုင်ပညာရေးကြီးကြပ်မှု ကော်မတီ၏ ထောက်ခံချက် မရသည်က မောင်ငြိမ်းချမ်း တက္ကသိုလ်တက်ရန် အားပျက်စရာ ဖြစ်ရသည်။ ပုံမှန်အရ ဆိုလျှင် ခရိုင်ပညာရေး ကြီးကြပ်မှု ကော်မတီမှ မထောက်ခံသော လျှောက်လွှာများအားလုံးမှာ အပယ်ခံရမည် ဖြစ်သည်။ မောင်ငြိမ်းချမ်း ပူးတွဲပြီး ရေးသားသော စာမှာ ဖတ်ကောင်းမှ ဖတ်မည်။ ဖတ်သည့်တိုင်အောင် အရေးတယူ ပြုကောင်းမှ ပြုမည်။ တစ်ပြည်လုံးမှ တက္ကသိုလ် ကျောင်းသားများစွာတွင် တစ်ယောက်တည်း အတွက် သီးခြား စဉ်းစားပေးဖို့ ဆိုသည်မှာ မမျှော်လင့်ရဲစရာ။

သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ ကျောင်းတက်ရန်သွား၍ ဖြစ်ပါ့မည်လား။ စဉ်းစားရပြီ။ ကျောင်း ရောက်ပြီး မှ ငွေကြေးအခက်အခဲကြောင့် နှစ်ပေါက်အောင် မသင်နိုင်ဘဲ ပြန်လာရနိုင်သည်။

အိမ်မှာ ဆန်ရှိသည်။ ဆီရှိသည်။ စားစရာရှိသည်။ ငွေမရှိ။ အမေကြီးဘဲဥ စားချင်သည်။ ဘဲဥရောင်းသော ကောင်မလေး ကို စျေးသင့်ပြီး ဆန်ပေးသည်။ ကောင်မလေး က ဆန်နှင့်မရောင်း ငွေနှင့်မှရောင်းမည်ဆို၍ အမေကြီး မ၀ယ်နိုင်ဘဲ ပြန်ပေးလိုက်ရသည်။ 

မောင်ငြိမ်းချမ်း ကျောင်းဆရာလုပ်စဉ်ကလည်း ငွေကြေးမစုနိုင်ခဲ့။ အဖေကြီး အမေကြီးကို လစဉ် ကန်တော့ သည်။ ညီငယ်ကို ကျောင်းထားပေးရသေးသည်။ အိမ်မှ လစဉ်ပေးရန် ဆိုလျှင် ကြိုးကြိုးစားစားလုပ်ခါမှ နှစ်ဆယ်သုံးဆယ်ခန့် သာပေးနိုင်မည်။
၀တ္တုများတွင်ဖတ်ဖူးသည့်အတိုင်း ညစောင့်ဖြစ်စေ။ ဒရ၀မ်ဖြစ်စေ တက္ကသိုလ်အနီးမှာ အလုပ်ရလျှင် အဆင်ပြေမည် တွေးမိသည်။ တက္ကသိုလ်၀င်းထဲမှာနေသည်။ ကိုခင်မောင်ထူးကို ပြောပြ အကူအညီ တောင်းသည် မှာ နေရာလပ်မရှိ။ အခြားတက္ကသိုလ်ထဲမှာ စုံစမ်းပေးမည်ဟုဆိုသည် ရလျှင်မောင်ငြိမ်းချမ်း ၀မ်းပန်းတသာ လုပ်ပါမည်။ 

ထိုအချိန်တွင် ကျောက်ဆည်သို့ ရောက်သောအခါ သူငယ်ချင်း ကိုသောင်းတင် နှင့်တွေ့၍ ကျောင်းတက်ရန် အခက်အခဲ ကိစ္စပြောပြမိသည် သူက သူငယ်ချင်းဖြစ်သူ တင်ထွန်းထံသို့ ခေါ်သွားသည်။ တင်ထွန်းက တက္ကသိုလ် မှာ လူပျိုလူလွတ် ဖြစ်သည်။ ကုန်သွယ်ရေးမှာ မန်နေဂျာလုပ်နေသည်။ 
တင်ထွန်းက မောင်ငြိမ်းချမ်းတို့ကို ၀မ်းသာအားရ ကျွေးမွေး ဧည့်ခံသည်။ ကိုသောင်းတင်က မောင်ငြိမ်းချမ်း ကျောင်းတက်ရန် အခက်အခဲ ရှိပုံကို ပြောပြသည်။ တင်ထွန်းမှာ လူပျိုလူလွတ်ဖြစ်သည်။ ကုန်သွယ်ရေး မန်နေဂျာ အလုပ်ရှိရုံသာမက မိဘက ချမ်းသာ ပြည့်စုံသူလည်း  ဖြစ်သည်။
“ကဲ အဲဒီလိုဆိုရင် မင်းတက္ကသိုလ်ဆက်တက်ကွာ ငါတစ်လတစ်ရာ ပေးမယ် မင်းလောက်မလား’ဟု မေးသည်။ 

‘ ဟာ လောက်တာပေါ့ကွာ...’
မောင်ငြိမ်းချမ်း ၀မ်းသာအားရ ပြောမိသည်။ 
“စတိုင်ပင်လျှောက်ထားတာလဲ ရချင်ရမှာပါကွာ... ရရင်တော့ မင်း ထောက်ဖို့မလိုတော့ပါဘူး ငါစတိုင်ပင်နဲ့ လောက် အောင်သုံးမှာပါ... ”
‘စတိုင်ပင်ရလဲ (၇၅)ပဲရမှာ ဘယ်လောက်မလဲကွ။ ကဲ... ကွာ စတိုင်ပင် မရရင် မင်းကျောင်းပြီးတဲ့ အထိ ငါထားပေးမယ်။ စတိုင်ပင် ရရင်တော့ ကျောင်းလခ ကုန်ကျတာအားလုံး ငါပေးမယ်...’’
တင်ထွန်းက စေတနာ ကောင်းပါသည်။ အံ့သြစရာလည်း အလွန်ကောင်းပါသည်။ ညီအစ်ကိုအရင်းအချာ ဆွေမျိုး အရင်း အချာများပင် ဤသို့ ကျောင်းထားပေးဖို့ဆိုသည်မှာ လွယ်သောကိစ္စမဟုတ်ပါ။ စိတ်ကူးယဉ် ဆန်လွန်းလှသည်။ မောင်ငြိမ်းချမ်းရင်ထဲမှာ ဖြစ်ပေါ်သည့် ကျေးဇူးတင်ခြင်း လေးစားမိခြင်းတို့ကို ဖော်ပြနိုင်စွမ်း မရှိအောင်ခံစားရသည်။

“မင်းကိုငါ ဒီလိုကူညီတဲ့အတွက် မင်းငါ့ကို  ဘာမှ ကျေးဇူးပြန်ဆပ်စရာမလိုဘူး။ မင်းငါ့ကို ကျေးဇူးတင် တယ် ဆိုရင်... နောင်တစ်နေ့ကျတော့ မင်းလိုပဲ ပညာသင်ချင်ပါရက်နဲ့ မသင်နိုင်တဲ့ ကလေးတွေ တွေ့တဲ့ အခါ ပညာသင်နိုင်အောင် ကူညီပေးလိုက်ပေါ့ကွာ...’’
အလွန်ကောင်းသော စကားပင် ဖြစ်ပါသည်။ 
သူကကျေးဇူးဆပ်ရန်မလိုဟု ပြောသော်လည်း သူ့ကျေးဇူးမှာ ကိုယ့်အပေါ် အကြီးကြီး တင်သွားပြီ ဖြစ်ပါသည်။ သူ့ကြောင့်သာ မဟုတ်လျှင် မောင်ငြိမ်းချမ်း တက္ကသိုလ်သွားရဲရန် အတွက် ပင် ခပ်ခက်ခက် ဖြစ်နေရ ပါသည်။

(၄) နှစ်လုံးသူကူညီရလျှင် ပင်ပန်းမှာစိုး၍ စတိုင်ပင်ရပါစေဟု ဆုတောင်းမိသည်။
တက္ကသိုလ်တက်ရတော့မည်ဆိုမှ အမေကြီးအတွက် စိတ်မကောင်းဖြစ်ရပြန်သည်။ မောင်ငြိမ်းချမ်း တက္ကသိုလ် ပညာ သင်ကြားနေစဉ် (၄) နှစ်ကြာမည်။ ထို(၄)နှစ်အတွင်း အမေကြီးကို ဘာမျှ ထောက်ပံ့ နိုင်မည် မဟုတ်။ အတွင်းမှာသာ အမေကြီး ကွယ်လွန်သွားလျှင် မောင်ငြိမ်းချမ်း တစ်သက်လုံး စိတ်မကောင်း ဖြစ်ရတော့မည်။ မောင်ငြိမ်းချမ်း တိုးတက် အောင်မြင်ချင်စိတ်နှင့် ပညာလည်း ဆက် သင်ချင်သည်။ 

“အမေကြီး...ဒီလေးနှစ်အတွင်း မသေပါနဲ့ အုံးနော်...’’
ဘွဲ့ရပြီးလျှင် အမေကြီးကို ပို၍ ကောင်းစွာ လုပ်ကျွေးနိုင်ရန် တောင်းပန်သည်။
အမေကြီး က... “ငါ့မြေးရယ်.. အမေကြီး အသက်အရွယ် က နေဘို့ထက်စာရင် သေဖို့ ကပိုနီးသွားပါပြီ... ငါ့မြေး တို့ ဘ၀တိုးတက်အောင်သာ လုပ်ပါ...’’ဟုပြောပါသည်။ 
အမေကြီးအသက် (၇၀) ရှိပါပြီ။ 
“အမေကြီး အသက်ရှည်ပါစေ...’’ ဟု မောင်ငြိမ်းချမ်း ဆုတောင်းပါသည်။

တက္ကသိုလ်မှာ ပညာသင်ရပြီ

မောင်ငြိမ်းချမ်း အလွန်ရောက်ဖူးချင်သော တက္ကသိုလ်၊ အလွန်ပညာသင်ချင်သော တက္ကသိုလ်ကို မောင်ငြိမ်းချမ်း ရောက်ရပြီ ပညာသင်ရပြီ။ သူငယ်ချင်းတင်ထွန်းကို ကျေးဇူးတင်မိပါသည်။ သူ့ကြောင့် တက္ကသိုလ် နယ်မြေသို့ ဝံ့ဝံ့စားစား သွားနိုင်ခဲ့ခြင်းဖြစ်သည်။ 
တက္ကသိုလ် သွားသောအခါ အားနာ၍ ငွေမတောင်းခဲ့။ ကိုယ့်မှာရှိသော ငွေကလေးနှင့်သာ ထွင်လာခဲ့သည်။ သို့သော် သူကမနေ။ မန္တလေးက တက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် လိုက်လာသည်။ မောင်ငြိမ်းချမ်းကို တွေ့သည် နှင့် သူ့ထုံးစံအတိုင် ပြောပုံကကြမ်းသည်။ “ဟေ့ကောင်... သောက်သုံးမကျတဲ့ကောင်... ’’ ကျောင်းသွားတာ ပိုက်ဆံလဲ မယူဘူး။  ဘာနဲ့စားမှာလဲ မင်းကဘယ်လောက် ချမ်းသာလို့လဲ”

ငွေတစ်ရာထုပ်ပေးသွားသည်။ တစ်လစာပြည့်စုံသွားပါပြီ။ သူငယ်ချင်း၏ ကျေးဇူးကြောင့်မပူမပင် ပညာသင် ရသည်။
ကျောင်းဖွင့်သည် နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဘာသာရပ်အလိုက် ကြိုဆိုမိတ်ဆက်ပွဲများ တက်ရ သည်။ ဖြူနီညိုပြာရောင်စုံ ဖြာသော အလှပန်းတို့ ပွင့်လန်းရာ တက္ကသိုလ်မှာ မြင်မြင်သမျှ အကုန် လှနေသည်။ မိန်းကလေး ယောက်ျားလေး အားလုံးမှာ သွားကြလာကြလှုပ်ရှားကြ ပျော်ရွှင် လန်းဆန်း နေကြသည်။ 

တက္ကသိုလ်ကျောင်းသူ နုပျိုစိုလန်းသော ရောင်စုံပန်းများကို ကြည့်ပြီး မပန်ရသော်လည်း အလှသည် မြိုင်ယံ က၊ ခိုင်ညှာတံငုံ အဖူးတွေနဲ့  ကြည့်၏ ကဗျာကို မောင်ငြိမ်းချမ်းသတိရမိသည်။
ခမ်းနားထည်ဝါသော တိုင်လုံးကြီးများနှင့် အဓိပတိ အဆောက်အအုံကြီးမှာ ငေးမောအံ့သြစရာ။ ထို အဆောက် အဦးကြီးပေါ်သို့ လှေကားကျယ်ကြီး ၀င်ပေါက်တံခါးကြီး အတွင်းသို့ ၀င်ရောင် ပျောက်ကွယ် သွားကြသည်။ 

ကိုယ်အဓိကယူသော မြန်မာစာဌာနသည် ရောဇတ်ခန်းမအပေါ်ထပ်မှရှိ၏။ ပြူ၊ မွန်၊ မြန်မာ၊ ပါဠိဘာသာ သည်လေးမျိုး ပါသော မြစေတီ ကျောက်စာတိုင်နှင့် တကွ ရှေးဟောင်းပစ္စည်း များစွာလှပစွာပြထားသော ပြတိုက်ကြီး ရှိသည်။ ခမ်းခမ်းနားနားရှိလှသော ကိုယ်ဌာနကိုယ် သဘောကျမိသည်။
စာသင်ချိန် တွင် ဘာသာရပ် အလိုက် တစ်တန်းပြီးတစ်တန်း အပြေးအလွှား ပြောင်းကြရသည် က ပျော်စရာ။ ပညာသင်ရသည်ကလည်း စိတ်၀င်စားစရာ။ မောင်ငြိမ်းချမ်း အသက်ကြီး မှ ကျောင်းပြန် တက် ရခြင်းဖြစ်သည်။ ကျောင်းပျက်မခံနိုင်။ နေ့စဥ့်ကျောင်းမှန်မှန်တက်သည်။ “ကျောင်းမှန်မှန်တက်စာမခက်’’ ဆိုသည်မှာ တက္ကသိုလ် အထိ မှန်ပါသည်။ 

ကျောင်းတက်စဉ် ဆရာဆရာမများရှင်း လင်းသင်ကြားသည်ကို နားထောင်ရသည်မှာ စိတ်၀င်စားစရာ ကောင်းသည်။ မှတ်စုလိုက်၍ ရေးမှတ်ခြင်းဖြင့် နားလည်ရုံမက မှတ်မိရသည်။ ညမှာ တစ်ခေါက် ပြန်ကြည့်သည် လိုအပ်သည်ထင်လျှင် အချောမှတ်စုပြန်ရေးသည်။ တစ်နေ့စာ တစ်နေ့ပြီးသည်။ ဘာမျှ ကြာသည် မဟုတ် ခဏသာဖြစ်သည်။ 
တစ်လခန့် ကြာသောအခါ သူငယ်ချင်းအပေါင်းအသင်းတွေရလာသည်။ အဓိက မြန်မာစာ ဘာသာ အလိုက် ဘော်လီဘောပြိုင်ပွဲများ ကျင်းပသောအခါ မြန်မာစာ အသင်းမှ မောင်ငြိမ်းချမ်းပါရသည်။ မြန်မာစာ အဓိက အမျိုးသား အသင်း ပထမဒိုင်းဆုရ၍ အမျိုးသမီးအသင်း ဒုတိယဆုရသည်။ မောင်ငြိမ်းချမ်း တက္ကသိုလ် ဘောလီဘောလက်ရွေးစင် အရွေးခံရသည်။

 သိမ်ငယ်စိတ်အားငယ်စိတ်များနှင့် တလွမ်းလွမ်းဆွေးဆွေး ငေးငေးငိုင်ငိုင်ရှိနေခဲ့သော မောင်ငြိမ်းချမ်းဘ၀ နေ့ချင်း ညချင်းပြောင်းလဲသွားခဲ့လေပြီ။ တက္ကသိုလ်ကျောင်းသားဘဝရောက် သည်နှင့် အဖုံးအကွယ်။ အနှောင်အဖွဲ့ တို့ဖွင့်ပေးခံရသလို ပွင့်လင်းလာခဲ့သည်။ အောင်မြင်တင့်တယ် ဖြစ်လာခဲ့ရသည်။
ပညာရေးစနစ်အသစ်အရ တစ်နှစ်မှာ စာမေးပွဲလေးဖြေရမည်။ ကောင်းပါသည်။ တစ်နှစ်သင်သော စာများကို တစ်ခါတည်း ပေါင်း၍ ဖြေရခြင်းမဟုတ်။ အပိုင်းလိုက်ပြီးသမျှ ဖြေသွားရမည်ဖြစ်သည်။ စိတ်လေ နေစရာ အကြောင်းမရှိ။

သင်သောဆရာများကလည်း နာမည်ကြီးပုဂ္ဂိုလ်များဖြစ်၏။ မြန်မာစာပါမောက္ခဆရာကြီး ဦးချမ်းမြ (မြကေတု) ဆရာကြီးဦးဆန်းထွန်း (ဆန်းထွန်း မန်းတက္ကသိုလ်) ဆရာမကြီး ဒေါ်သန်းဆွေ၊ ဆရာမကြီး ဒေါ်ခင်စော ဦးတင်မောင်ဌေး၊ ဒေါ်စီစီ၀င်း ဦးဘိုသင်း၊ ဆရာမကြီး ဒေါ်မိမိလေး၊ ဒေါ်လှမြတ်၊ ဆရာဦးထွန်းတင့် တို့ဖြစ်သည်။ ပါဠိဘာသာကို ဆရာမကြီး ဒေါ်အုန်း(အမ်အေမအုန်း) ကိုယ်တိုင် သင်သည်။ ဆရာကြီး ဦးမြင့်ဆွေ(အမ်အေလန်ဒန်) ဆရာကြီးဦးကို ဆရာမ ဒေါ်ခင်၀င်းကြည်တို့ သင်ကြ သည်။
နေ့ခင်းမှာ အတန်းပြောင်းလိုက် ကျောင်းတက်လိုက် ညနေခင်းမှာ ဘော်လီဘောရိုက်လိုက် ဘော့လုံး ကန်လိုက်။ ညပိုင်းမှာ စာကြည့်လိုက် အပေါင်းအသင်းမိတ်ဆွေများနှင့် တွေ့ဆုံလိုက် စကားပြောလိုက်။ မောင်ငြိမ်းချမ်း ၏ တက္ကသိုလ်ကျောင်းသားဘ၀မှာ ကြည်နူးစရာ ပျော်စရာ။

နမူနာစံပြအချစ်အိမ်

သူငယ်ချင်း တက်ထွန်း၏ကျေးဇူးကြောင့် တက္ကသိုလ်ပညာသင်ခွင့် ရသကဲ့သို့ အစ်မနှင့် ယောက်ဖဖြစ်သူ မမသိန်း ကိုခင်မောင်ထူး တို့၏ ကျေးဇူးကြောင့်လည်း တက္ကသိုလ်နယ်မြေမှာ အခြေတကျ အေးချမ်းစွာ နေခွင့် ရပါသည်။
ကိုခင်မောင်ထူးကို မောင်ငြိမ်းချမ်းက ချစ်ခင်လေးစားစွာ ကိုထူးဟုခေါ်သည်။ ကိုထူးနှင့် မမသိန်း တို့ ကလည်း အရပ်ခြောက်ပေ ရှိသောမောင်ငြိမ်းချမ်းကို ချစ်ခင်စွာ လူလေးဟုခေါ်ကြသည်။ အသက်အရွယ် ကလည်း လေးနှစ်ငါးနှစ်သာကွာပါသည်။

သူတို့အိမ်နောက်ဘက်မှာ နှစ်ခန်းတွဲတန်းလျားလေးမှာ အုတ်ကျွတ်မိုးအုတ်ကာ အုတ်ခုံအမြင့် ၀ရံတာနှင့်မို့ လုံလုံခြုံခြုံ ရှိသည်။ ပြတင်းပေါက်ပါသည်။ အလင်းရောင်ရသည်။ မောင်ငြိမ်းချမ်း ကုတင်နှင့်စာပွဲ ကုလားထိုင် နှင့် ကျယ်ပြန့်စွာနေနိုင်သည်။ လျှပ်စစ်မီး (၂၄)နာရီရသည်။ ရှေ့မှာ ရေချိုးရန် ရေတိုင်ရှိသည်။ ရေပေါသည်။ နေရသည်မှာ အဆင်ပြေလှ၏။

ကိုထူးနှင့် မမသိန်းတို့နေသည်က အရာရှိနေအိမ် တစ်ထပ်တိုက်ကလေးဖြစ်သည်။ အိပ်ခန်း(၃) ခန်း ဧည့်ခန်း၊ ထမင်းစားခန်းနှင့် ရေချိုးခန်း ပါသည်။ အိမ့်ရှေ့မှာ မြေကွက်ကျယ်ရှိသည်။ (၄)ပေခန့်မြင့်သော မန်ကျဉ်းပင် တန်းလေးရှိသည်။ မန်ကျဉ်းပင်ပေါက်များစုပြုံစိုက်ထား၍ ထိတ်ဖျားကို တိဖြတ်ထားသည်။ နှစ်ပေခန့် ကျယ်ပြန့်သည်။ မျက်နှာပြင်ညီ မန်းကျဉ်းပင်တန်းလေး က လှပသည်။
မမသိန်း က နှင်းဆီပန်းရောင်စုံ စိုက်ထားသည်။ လှပသောနှင်းဆီပန်းခင်းကြီးဖြစ်သည်။ နေ့စဉ် နှင်းဆီပန်း ရောင်းရသော ငွေကပင် အတော်ကောင်းသည်။ သူတို့နေထိုင်ပုံက အဆင့်မြင့်သည်။ ဧည့်ခန်း အပြင်အဆင် မှာပင် ဧည့်သည် (၁၅)ယောက်ခန့် ဧည့်ခံထားနိုင်သည်။

သူတို့မှာ ဂျစ်ကားလေးလည်းရှိသည်။ လင်မယားနှစ်ယောက် သွားလိုက်လာလိုက်ကြ စားလိုက်ကြ ချစ်ကြခင်ကြ မြင်သူတိုင်း အားကျစရာစံပြ အချစ်အိမ်ကလေးဖြစ်သည်။
ကိုထူး က အရပ် ၅ပေ ၁၁လက်မခန့်ရှိ၍ မျက်လုံးမျက်ခုံးနှာတန် နှုန်ခမ်းအလွန်လှသူဖြစ်သည်။ အရပ်မြင့်မြင့် နှင့် ကိုယ်လုံးကိုယ်ထည်လှသည်။ အလွန်ကြည့်ကောင်းသူ တစ်ယောက်ဖြစ်သည်။ စိတ်ရင်း သဘောထား ကောင်းသူဖြစ်၍ မျက်နှာကအမြဲတစေ ကြည်လင်ရွှင်လန်း နေသည်။ ဥပဓိရုပ်ကို ပို၍ တင့်စေသည်။

မမသိန်း ကလည်း ကိုထူးနှင့် လိုက်ဖက်စွာ ချောမောလှပသူဖြစ်၏။ ကိုထူးနှင့်စာလျှင် အရပ်နိမ့်သည်။ ၅ပေ ၂လက်မသာရှိသည်။ သို့သော်အရပ်နှင့် သူကိုယ်လုံးအချိုးအဆစ်ကျ၏။ အသားအရေက ဖြူစင်ရှင်းသန့် သည်။ မျက်နှာက လှသည်။
သူတို့မှာ သားသမီးမရှိ။ ညားခါစလိုပင် အမြဲတမ်းချစ်ခင်ပျော်ရွှင်နေကြသည်။
ကိုထူးက သိန်းသိန်းရေ သိန်းလေးရေ မိန်းမရေ ချစ်စနိုး အမျိုးမျိုး ခေါ်သလို မမသိန်းကလည်း ကိုထူးရေ ကိုလေးရေ အကိုရေ ယောက်ျားရေ အမျိုးမျိုးခေါ်သည်။
သူ့ယောက်ျား ရုံးသွားခါနီးမှာ ခြေထောက်တွင်စီးထားသော ဘိနပ်ကိုဘရပ်ရ်ုနှင့် ပွတ်တိုက် ပေးသည်။

ရပါပြီ....သိန်းလေးရာ
ခဏလေးပါ ကိုလေးရာ
မြင်ရကြားရသည်မှာ ကြည်နူးစရာ
မမသိန်း ရေချိုးနေစဉ် ရေချိုးခန်းအပေါက်မှာ ဘိနပ်ကလေး ကိုင်လျက်ရပ်နေသော ကိုထူးက....
သိန်းလေး ရေ...ရေချိုးတာ ဘိနပ်မေ့သွားတာလား.....ရေချိုးခန်းအပေါက်နားမှာ ချထားခဲ့မယ်နော်.
“သြော် ဟုတ်ကဲ့ ကိုထူး ကန်တော့နော်...”
ရေချိုးခန်းထဲ မှ  ပြန်ပြောသံ။

ရုံးပိတ်ရက်နေ့မှ ဧည့်ခန်းတွင်လင်မယားနှစ်ယောက် ခေတ္တခဏ တမှေးတမှိတ်အိပ်နေပုံကို မောင်ငြိမ်းချမ်း မြင်ရသည် က အားကျစရာ။
မမသိန်းက ဧည့်ခန်းထဲရှိ ဆိုဖာဆက်တီနှစ်ယောက်ထိုင်ခုံပေါ်မှာ အိပ်နေသည်။ ကိုထူးက မမသိန်း အိပ်နေသည့် ဆိုဖာအနီး၊ အောက်မှာခင်းထားသော ကော်ဇောပေါ်မှာအိပ်နေသည်။ မိန်းမက အထက်က ဆိုဖာ ပေါ်မှာ။ သို့သော်ကိုထူး၏ ခြေထောက်တစ်ဖက်က မမသိန်း၏ ပေါင်ပေါ်မှာလှမ်းတင်ထားသည်။ မမသိန်း က ထိုခြေထောက်ကို အမြတ်တနိုး ဆုပ်ကိုင်လျက်။
ညနေစာ ကို အိမ်မှာစားတာနည်းသည်။ ရုံးပြန်ရေမိုးချိုးလှပစွာပြင်ဆင်ပြီး ကားလေးနှင့် ထွက်သွား ကြသည်။ မိတ်ဆွေသူငယ်ချင်း များနှင့်စားသောက်ဆိုင်မှာစားသည်။ သို့သော် ကိုထူးက ဘီယာမသောက်၊ အရက် မသောက် သူတို့လင်မယား ကိုယ်ခန္ဓာများမှာလည်း ဝဖြိုးသည်မရှိ။ ကျစ်လျစ်တင့်တယ်စွာ လှပ်လျက်။

ည (၈)နာရီလောက်ဆို ပြန်လာကြပြီ။
ရုံးပိတ်ရက်များတွင် မိဘများရှိရာ စဉ့်ကိုင်သို့သွားသည်။ မိတ်ဆွေများရှိရာ ကျောက်မီးရွာ ပြင်ဦးလွင်မြို့ စသည် တို့ကို သွားသည်။
မြင်သမျှ လူတိုင်း သဘောကျသည့် စံပြဇနီးမောင်နှံဖြစ်ပါ၏။

တက္ကသိုလ် လူရည်ချွန်

နွေဦးပေါက်လာပြီ။ လေပွေလေရူးမှာ ရွက်ဝါလေးတွေကြွေကျပြီ။ သစ္စာလမ်းမှာ ငုစပ်ပန်းတွေပွင့် ကြပြီ။
မန္တလေးတက္ကသိုလ်မှာ ဆိုရိုးစကားတစ်ခုရှိ၏။ “ရှမ်းရိုးမ က မီးတွေလောင် အမောင်စာကျက်တော့” ဟူ၍ဖြစ်သည်။
ညမှောင် လျှင် အရှေ့ဘက်မှ ရှမ်းတောင်တန်းမှာ မီးစောင်းတန်းများကို တွေ့နေရပြီ။ မှန်ပါသည်။  နှစ်၀က် စာမေးပွဲကြီးနီးလာပြီ။ မောင်ငြိမ်းချမ်း ကျောင်းမှန်မှန်တက်၍ စာမှန်မှန်ကျက်ခဲ့သူ ဖြစ်သည်။ သို့သော် မေးနိုင် သည့် မေးခွန်းများထုတ်ပြီး အဖြေများ အဆင်သင့်ရေးထားချင်သည်။ ကိုယ့်အဖြေ ကိုယ် ကျက်ထားလျှင် အကောင်းဆုံးဖြစ်မည်။ မောင်ငြိမ်းချမ်း အမေးအဖြေများ ရေးပါသည်။

“ဟေး.....လူရည်ချွန်ကြီး”
“လူရည်ချွန်ကြီးနေပါအုံး...”
“ခင်ဗျာ.....လူရည်ချွန်မဏာမ စာရင်း မှာ ပါတယ်.... မသိဘူးလား...”
“မသိဘူး.....”
ကိုမောင်မောင် နှင့် ကိုခင်အောင်က အဓိပတိဆောင်မှာ ကပ်ထားကြောင်း ပြော၍သွားကြည့်သည်။ ဟုတ်ပါသည်။ ဝိဇ္ဇာဘာသာတွဲမှ ခုံအမှတ် (၁) များကိုလူရည်ချွန်ပဏာမရွေးထားခြင်းဖြစ်သည်။ (၇)ဦး ဖြစ်သည်။ ပြင်ဆင်ချိန် (၃)ရက်သာရသည်။ မောင်ငြိမ်းချမ်း စာကြည့်တိုက်သို့ပြေးရပြီ။ လူရည်ချွန်နှင့် ဆိုင်ရာသိသင့်သည်တို့ကို ကြည့်ရသည်။ စာမေးပွဲ အတွက်လည်း စာကြည့်ရသည်။ စာမေးပွဲကလည်း နီးနေပြီ။

လူရည်ချွန်အင်တာဗျူးကို တက္ကသိုလ်ပါမောက္ခချုပ် ရုံးခန်းမှာသွားဖြေ ရသည်။ ပါမောက္ခချုပ် ပါမောက္ခများ၊ အဆောင်မှူးးများနှင့် အာကစားမှူးများ ပါ၀င်သည်။
မောင်ငြိမ်းချမ်း ကောင်းစွာဖြေနိုင်ပါသည်။ တက္ကသိုလ်ဘော်လီဘော လက်ရွေးစင်ဖြစ်၍ အားကစား အမှတ် ကလည်း (၁၀)မှတ်အပြည့်ရသည်။ နောက်(၂)ရက်တွင် ပဓိပတိအဆောင်မှာ အရွေးခံရသူ များ၏ အမည်စာရင်း ကပ်ထားသည်။ ပထမနှစ်မှ စတုတ္ထနှစ်အထိ တစ်တန်းလျှင် တစ်ဦးဝိဇ္ဇာ ဘာသာတွဲမှ (၄)ဦး သိပ္ပံဘာသာတွဲ မှ (၄)ဦး (၈)ဦးအရွေးခံရသည်။ သည့်အထဲမှာ မောင်ငြိမ်းချမ်း ပါ၀င်ပါသည်။ တက္ကသိုလ် လူရည်ချွန် အရွေးခံရပြီဖြစ်ပါသည်။

“သြော်.....”
မောင်ငြိမ်းချမ်း စဉ်းစားမိပါသည်။
ပဉ္စမတန်းမှစ၍ လပတ်အစမ်းစာမေးပွဲများ ဖြေခဲ့ရာ တစ်ခါမျှမအောင်ခဲ့။ လူ(၆၀)ရှိသော အတန်းတွင် အဆင့် (၄၀)နောက်မှာရှိခဲ့သည်။ သိမ်ငယ်စိတ်အားငယ်စိတ်များနှင့် မိမိကိုယ်ကို ညံ့သည်ထင်ပြီး ညံ့ နေခဲ့ပါ၏။ ပထမ ဒုတိယဆိုသည်ကို စိတ်ပင်မကူးခဲ့။ မရသည်မှာ ဘာမျှအံသြ စရာမရှိ။ သူငယ်ချင်း ကိုသောင်းတင် ပေးသော ပီမိုးနင်း၏ စာအုပ်တစ်ထပ်ကို ဖတ်ပြီးသောအခါ သိမ်ငယ်စိတ်များကို အောင်စိတ် ဖြင့်အစားထိုးခဲ့သည်။ တံခါးတို့ကိုခေါက်ပါ။ ခေါက်သောသူ တို့အတွက် တံခါးတို့သည် ပွင့်လိမ့် မည် ဟုဆို၏။ မောင်ငြိမ်းချမ်း ပို၍ခိုင်မာစွာ ယုံကြည်မိပါ၏။
အောင်မြင်ခြင်း တံခါးများကို ရိုးရိုးသားသား ကြိုးကြိုးစားစား ဆက်၍ ခေါက်နေရမည်ဟု နားလည် လိုက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ဆုံဆည်းခြင်း

လူရည်ချွန်အရွေးခံရသူများ နောက်တစ်နေ့မနက် (၉)နာရီမှာ မော်ကွန်းထိန်းရုံးခန်းသို့ ဓာတ်ပုံ(၆)ပုံ ပေးပို့ ရမည် မို့ ညနေတွင် မောင်ငြိမ်းချမ်း အမြန်ဓာတ်ပုံဆိုင်သို့ သွားသည်။
မန္တလေးသက္ကသိုလ် အဓိပတိဆောင်ကြီး၏ အလယ်ဝင်းပေါက်မှ ဖြတ်၍ အဓိပတိလမ်းကြီးဆီသို့ လျှောက် လာခဲ့သည်။
လမ်းမကြီးပေါ်သို့ ရောက်သည်နှင့် ရွှေမန်းဆောင်ရှေ့ တမာတန်းလမ်းလေးအတိုင်း လျှောက်လာနေသော သူငယ်ချင်း ကိုသောင်းတင် ကို တွေ့ရသည်။
“သူငယ်ချင်း ဘယ်သွားမလို့လဲ..”
မောင်ငြိမ်းချမ်း ကမေးလိုက်သည်။

“မင်းကရော ဘယ်သွားမလို့လဲ...”
သူကမဖြေဘဲ တူညီစွာပြန်မေးသည်။
“ရှေ့နားတင်ပါ”
နှစ်ယောက်အတူလျှောက်လာခဲ့ကြသည်။ စကားမပြောဖြစ်ကြ။ အတော်လေးလျှောက်မိတော့ ရေနီမြောင်း ကို ရောက်လာသည်။
“မင်းဘယ်အထိသွားမှာလဲ”
ကိုသောင်းတင် ကမေးသည်။

“ရှေ့နားက ဓာတ်ပုံဆိုင် ....”မင်းရောဘယ်အထိသွားမှာလဲ.... ။
ငါလဲရှေ့နားက ဓာတ်ပုံဆိုင်...
မောင်ငြိမ်းချမ်း က ထပ်မေးသည်။
မင်းရောဘာလုပ်မလို့လဲ....။
“ငါလူရည်ချွန် အရွေးခံရလို့ ဓာတ်ပုံရိုက်မှာ မင်းရော ဘာလုပ်မလို့ဓာတ်ပုံရိုက်မှာလဲ....”
“ငါလဲ အတူတူပဲ လူရည်ချွန်အရွေးခံရလို့ ဓာတ်ပုံရိုက်မှာ......”
“ဟာကွာ......”
နှစ်ယောက်သား ၀မ်းသာပျော်ရွှင်ဖြစ်သွားကြသည်။

သူမရ ဘဲ ကိုယ်ရလျှင် ကြွားမိသလိုဖြစ်မှာစိုး၍ ထိန်းသိမ်းပြောရင်း အပြန်အလှန်မေးနေကြခြင်း ဖြစ်၏။ ကိုသောင်းတင် စိုက်ပျိုးရေး တက္ကသိုလ်မှာ အရွေးခံရခြင်းဖြစ်သည်။ ထိုအချိန်က စိုက်ပျိုးရေး တက္ကသိုလ် သည် မန္တလးတက္ကသိုလ် နှင့် နီးကပ်စွာ အတူတကွ ယှဉ်တွဲလျက်ရှိနေ၏။ နှစ်ယောက်စလုံး လူရည်ချွန် အရွေးခံရကြောင်း သိမှ ဓာတ်ပုံအတူ ရိုက်ပြီးပြန်လာခဲ့ကြသည်။
အံသြစရာ ပုံပြင်ဆန်စွာ ဆုံမိကြသော သူငယ်ချင်းနှစ်ယောက်အဖြစ်။

အပိုင်း (၁၃)

လူရည်ချွန် ဂုဏ်ပြုပွဲ

မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ လူရည်ချွန်အရွေးခံရသူများကို အားကစားရုံတွင် ဂုဏ်ပြုပွဲကျင်းပ၏။ ပါမောက္ခချုပ် မှစ၍ ပါမောက္ခများ ဆရာဆရာမများ လူရည်ချွန်များနှင့် လူရည်ချွန်တို့၏ မိဘများ တက်ရောက်ကြသည်။ မောင်ငြိမ်းချမ်းမှာ မိဘအစားအဖေကြီးကလည်း ကွယ်လွန်သွားပြီ ဦးလေးကိုပင် မိဘ အဖြစ်ဖိတ်ကြားရ၏။ ဦးလေးရောက်လာပြီး ဂုဏ်ပြုပွဲ တက်ပါသည်။

အိမ်ထောင်မပြုဘဲ မောင်ငြိမ်းချမ်းတို့ မောင်နှမသုံးယောက်ကို လယ်ယာလုပ်ငန်းလုပ်ကိုင် ကျွေးမွေးသော ဦးလေး သည် ကျေးဇူးရှင် အဖေပင်ဖြစ်ပါ၏။ ဦးလေးကို ဘခင်နေရာ မှ တက်ရောက်ခွင့်ရသည့် အတွက် မောင်ငြိမ်းချမ်း ၀မ်းသာပါသည်။

ထိုနေ့က ဂုဏ်ပြုခံလူရည်ချွန်များကိုယ်စား မောင်ငြိမ်းချမ်းက ကျေးဇူးတင်စကား ပြောရသည်။
ဂုဏ်ပြုပွဲပြီးသည် နှင့် ကိုထူး နှင့် မမသိန်းတို့က မောင်ငြိမ်းချမ်းကို ညစာစားပွဲဖြင့် ဂုဏ်ပြု၏။ မန္တလေးမြို့ ထဲ မှာ နာမည်ကြီးဖြစ်သော ပါကားဆိုင်မှာ ကျွေးခြင်းဖြစ်သည်။ ဦးလေးပါ တက်ရောက် ရသည်။
ကိုထူး နှင့် မမသိန်း တို့ကို ကျေးဇူးတင်မိပါသည်။ သူတို့ကလည်း မောင်ငြိမ်းချမ်း နှင့်အတူ ဂုဏ်ယူ ပျော်ရွှင် နေကြ ပါသည်။
ညစာ စားပြီး၍ ကုန်ကျစရိတ်ရှင်းသောအခါ တစ်ရာကျော်ဖြစ်ပါသည်။

မောင်ငြိမ်းချမ်း တစ်လစာ သုံးနိုင်သော ငွေမှာ ညစာတစ်ပွဲနှင့် ကုန်သွား၍ မောင်ငြိမ်းချမ်း နှမျောနေ မိသည်။
ထိုနေ့ က မောင်ငြိမ်းချမ်း အဖေကြီးကို အမှတ်တရဖြစ်၍ လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။ အဖေကြီး ခမျာ မောင်ငြိမ်းချမ်း ဆယ်တန်းအောင်သည်ပင် သိမသွားခဲ့ရပါ။

ပညာသင်ထောက်ပံ့ကြေး

လူရည်ချွန်အရွေးခံရပြီး တစ်ပတ်ခန့်အကြာမှာ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားသူများ လူတွေ့ စစ်ဆေးခံ ရန် တက္ကသိုလ်ကြော်ငြာဘုတ်မှာ ကပ်ထားသည်။ မောင်ငြိမ်းချမ်း သွားကြည့်သည်။ လူရည်ချွန် အရွေး ခံရသော စာရင်းကိုသွားကြည့်ရသည်ထက် ပို၍စိတ်လှုပ်ရှားမိ ၏။ ဤကိစ္စမှာမိမိ၏ ပညာ သင်ကြားရေး အတွက် အရေးကြီးသော အဆုံးအဖြတ် ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးရမှ (၄)နှစ်လုံးကျောင်းပြီးအောင် တက်နိုင်ရေးအတွက် စိတ်အေးရမည်။ သူငယ်ချင်းတစ်လတစ်ရာ ထောက်နေရသည်မှာ များသည်။ ရေရှည်ဆိုလျှင် အခက်အခဲဖြစ်မှာ စိုးရသည်။ ယခု အချိန်အထိ သူငယ်ချင်းက လူပျိုလူလွတ်ဖြစ်သည်။ အိမ်ထောင်ကျလျှင် ဇနီးသည်၏ သဘောထား ပါလာ တော့မည်။ သားသမီးလည်းမဟုတ် ဆွေးမျိုးရင်းချာလည်း မဟုတ်။ တာ၀န်ယူရသည်က ကြီးလေး သည်။ မောင်ငြိမ်းချမ်းအားနာသည်။ ပညာသင်ထောက်ပံ့ကြေး သာရလျှင် သူငယ်ချင်းသက်သာမည် မောင်ငြိမ်းချမ်း စိတ်အေးချမ်းသာ ပညာသင်ကြားရမည်။

ကြော်ငြာသင်ပုန်းမှာ ကပ်ထားသောလူစာရင်းမှာ ကိုယ့်နာမည်ကိုရှာ ရသည်။ ကျောက်ဆည်ခရိုင် ပညာရေး ကြီးကြပ်မှု့ ကော်မတီ၏ မူအရ မထောက် ခံပါဆိုသော မိမိ၏ ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာ သည် အပယ်ခံရဖို့ များသည်။ အမည်စာရင်းမပါလျှင် ဖြေခွင့်မရ။ အရွေးခံရစရာလည်း အကြောင်း မရှိတော့ပါ။
အမည်စာရင်းများကို ဖတ်ရသည်မှာ စိတ်လှုပ်ရှားစရာ တစ်ရွက်ပြီးတစ်ရွက်သာ ကူးသွားသည် ကိုယ့် နာမည် မပါ။ စာရွက်တွေကုန်တော့မည်။ ကိုယ့်နာမည်ကမတွေ့သေး နောက်ဆုံးတစ်ရွက်သာ ကျန်တော့ သည်။

“ဘုရား...ဘုရား.....”
စိုးရိမ်စိတ်ကြီးမားလာသည်။
“ဟော....တွေ့ပြီ.....”
နောက်ဆုံးစာရွက် မှာ မောင်ငြိမ်းချမ်း၏ အမည်ကိုတွေ့ရ၏။ မောင်ငြိမ်းချမ်း ၀မ်းသာသွားသည်။ အမည် ပါလျှင် ဖြေခွင့်ရမည်။ ဖြေခွင့်ရလျှင် မျှော်လင့်ချက် ရှိသည်။ နောက်ဆုံးမှ ဖြေရမည်ဖြစ်သည်။ ဖြေရမည်ကို မောင်ငြိမ်းချမ်း မှတ်ထားလိုက်သည်။

သတ်မှတ်ရက် တွင် မောင်ငြိမ်းချမ်းသွားဖြေသည်။ စိတ်လှုပ်ရှားစရာ လူရည်ချွန်လူတွေ့ စစ်မေးသော ပါမောက္ခချုပ် ၏ ရုံးခန်းပင်ဖြစ်သည်။ လူရည်ချွန်ဖြေစဉ်က တွေ့ရသော ပါမောက္ခများ ပါ၀င်သည်။

ပါမောက္ခချုပ်၏ ရှေ့တွင် စာရွက်တစ်ရွက်ရှိ၏။ မောင်ငြိမ်းချမ်း တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးသို့ ရေးသော စာဖြစ်သည်။ တက္ကသိုလ်များအုပ်ချုပ်ရေး ရုံးကမောင်ငြိမ်းချမ်း၏ ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာနှင့် အတူ
မောင်ငြိမ်းချမ်းစာကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ပေးပို့ခြင်းဖြစ်သည်။ ပါမောက္ခချုပ် က ထိုစာကိုဖတ်ကြည့်နေသည်။
“ဒီစာထဲမှာ မင်းရေးထားတဲ့အတိုင်းအမှန်ပဲလား.....” ပါမောက္ခချုပ်က မောင်ငြိမ်းချမ်းကိုမေးသည်။

“အမှန်ပါပဲ ဆရာကြီး....”
“မင်းမိဘ က လယ်သမားဆိုတော့ လယ်လုပ်ငန်း လုပ်တတ်သလား...”
“လုပ်တတ်ပါတယ် ဆရာကြီး....”
“ထွန်နဲ့ထည် ဘယ်လိုကွာခြားလဲ.....”
“ထွန်က ကန့်လန့်တုံး မှာ ထွန်သွားအချောင်းတွေတပ်ပြီး ထွန်ရပါတယ်။ ထွန်ပေါ်လူကတက်စီးပြီး နွားနှစ်ကောင်ကို မောင်းနှင်ရပါတယ်။ ထည်ကတော့ သစ်သားကောက် ထည်တုံးမှာ ထည်သွားတပ်ပြီး မြေကြီး ကို နှစ်ခြမ်းကွဲအောင် နွားနဲ့ဆွဲပြီး ထည်ထိုးရပါတယ်”
“ဒီစာထဲ မှာ ကျောက်ဆည်ခရိုင်ပညာရေးကြီးကြပ်မှု ကော်မတီရဲ့မူဆိုတာက မင်းပြောသလို အမှန် ပဲလား....”

“အမှန်ပါပဲခင်ဗျား ကျောက်ဆည်ခရိုင် ပညာ၀န်ရုံးကိုမေးကြည့်လို့ရပါတယ်။ ဒီကျောင်းမှာ ညကျောင်း လာတက်နေတဲ့ ခရိုင်ပညာ၀န်ရုံး စာရေးကြီး ဦးကံဆိုတာရှိပါတယ်။ သူ့ကိုခေါ်မေးရင်လဲရပါတယ်”
မောင်ငြိမ်းချမ်း အခိုင်အမာပြောသည်ကို ပါမောက္ခချုပ်ကျေနပ်သွားဟန် တူပါ၏။
“ကောင်းပြီ.....မင်းလူရည်ချွန်လဲရထား တဲ့ ကျောင်းသားပဲ ပညာကိုသာကြိုးစားပါ။ မင်းရဲ့ပညာ သင်ကြားရေး အတွက် နိုင်ငံတော်က ကူညီထောက်ပံ့မှာပါ....”
ကျန်ဆရာများက အနည်းအပါးသာမေးပြီး မောင်ငြိမ်းချမ်းကို ပြန်လွှတ်လိုက်ပါသည်။ အဖြေကို သိခဲ့ရ သလိုပင် မောင်ငြိမ်းချမ်း ၀မ်းသာနေမိသည်။

တက္ကသိုလ်များအုပ်ချုပ်ရေးရုံးမှ အဆင့်ဆင့်တာ၀န်ရှိသူများ အနေဖြင့် မောင်ငြိမ်းချမ်း ရေးလိုက်သော စာကို အလေးအနက်ထားပြီး ပါမောက္ခချုပ်ထံသို့ ပို့ပေးလိုက်သည်ကို လေးစားမဆုံး ဖြစ်မိသည်။
လူတစ်ယောက်သည် မိမိလုပ်ချင်သည့် ရည်ရွယ်ချက်ကိုအကောင် အထည်ဖော်ရာတွင် အဟန့်အတား အနှောင့် အယှက်များရှိလျှင် လွယ်လွယ်နှင့် စိတ်ပျက်လက်လျော့မပြုသင့် မိမိလုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစား သင့်သည်။ ကြိုးစားလျှင် ကောင်းကျိုးရသည်ဟုလည်း သင်္ခန်းစာယူလိုက်မိပါသည်။

ပညာသင်ထောက်ပံ့ကြေး ရသူများစာရင်း ကျေညာသောအခါ မောင်ငြိမ်းချမ်း ပါ၀င်သည်။ မောင်ငြိမ်းချမ်း ပညာသင် ထောက်ပံ့ကြေး အဖြစ်လစဉ်(၇၅) ကျပ်ရပါသည်။
သူငယ်ချင်း ဖြစ်သူ တင်ထွန်းကို ၀မ်းသာအားရ ပြောပြသောအခါ ကောင်းပါတယ် ဒါပေမယ့် ကျောင်းလခ ကုန်ကျတာကို ငါးဆယ်ပေးမယ် ပြီးတော့မင်းအသက်ကြီးမှ သင်ရတာ ထူးထူးချွန်ချွန် အောင်ရမယ်။ သူများ လို သာမန်လောက်အောင်တာဆိုရင် အလကားပဲ။ စာအုပ်တွေဘာတွေ လိုတာ၀ယ်ဖက်ရမယ်. စာအုပ်ဖိုး လိုတာတို့ အခြားသုံးဖို့ လိုတာတို့ရှိရင်လဲ ထပ်မှာ ဘာမှအားမနာ နဲ့ဟုပြောပါသည်။
ကျေးဇူးတင်စရာ ကောင်းသော သူငယ်ချင်းဖြစ်ပါ၏။

နွေရာသီနှင့် လူရည်ချွန်စခန်း

စာမေးပွဲပြီးသည်နောက် ကျောင်းပိတ်၍ အမေကြီးနှင့် ဦးလေးရှိရာ ရွာသို့ပြန်ခဲ့၏။ အိမ်ရှေ့မှာ ညောင်ပင်ကြီး ရွက်နုတွေ ဝေပြီး။ ရွာရှုခင်းက စိမ်းစိမ်းစိုစို သာယာနေ၏။ နွေဆိုသော်လည်းရွာမှာ မပူ။ သစ်ပင်အရိပ် ကောင်း၍ လေးကလေးကအေးနေ၏။ နွေသဘာ၀နှင့် ရွာအလှကိုသဘောကျ သည် အမေကြီး နှင့် ဦးလေးတို့၏ မေတ္တာရိပ်ကလည်း အေးချမ်းသည်။ ရွာမှာနေရသည်ကို မောင်ငြိမ်းချမ်း သဘောကျ မိသည်။
“အင်း....ငါ့မြေးလဲ...ပညာတွေသင်ရင်းနဲ့ရွာမှာ နေဖို့ဝေးပြီထင်ပါရဲ့”

စာတစ်လုံးမှမတတ်သော အမေကြီးက မောင်ငြိမ်းချမ်းရွာနှင့် ဝေးမှာစိုးနေသည်။ ဤအသက်အ ရွယ်အထိ မပြီးနိုင် မစီးနိုင် ပညာသင်နေရသည်ကို နားမလည်နိုင်။ သို့သော် သူ့ဘ၀တိုးတက်ဖို့ လုပ်နေတာ ဖြစ်မှာပေါ့ဟု နားလည်လိုက်သည်။ မောင်ငြိမ်းချမ်းလုပ်သမျှ ဟန့်တားခြင်းမရှိ။
မောင်ငြိမ်းချမ်း က ရွာမှာနေရင်း လူရည်ချွန်စခန်းသို့ သွား၍ ပြင်ဆင်ရသည်။ ဂီတဝါသနာပါသူမို့ လူရည်ချွန် စခန်း မှာ သီဆိုရမည့် လူရည်ချွန်သီချင်းများကိုလည်း ကြို၍လေ့ကျင့်ထားသည်။ မယ်ဒလင်နှင့် တီး တတ်အောင် နုတ်စ်နှင့်သီချင်းများကိုလည်း ကြို၍လေ့ကျင့်ထားသည်။ 

မရသော သီးချင်းများကို ကျောက်ဆည်သို့သွား၍ တယော ကိုဟန်ထွန်းထံမှ နုတ်စ်ပြပြီးလေ့ကျင့်သည်။
သတ်မှတ်ရက်တွင် လူရည်ချွန် ကျောင်းသူ ကျောင်းသားများ မန္တလေးဘူတာကြီးမှ တဆင့်မီးရထား ဖြင့် ရန်ကုန် သို့သွားရသည်။ ရန်ကုန်လူရည်ချွန် စခန်းတွင် တက္ကသိုလ်လူရည်ချွန်များနှင့် အထက် တန်း အလယ်တန်း အဆင့် လူရည်ချွန်များစုပေါင်းနေကြရ၏။ လူရည်ချွန်စခန်းမှာ ထူးခြားလှပစွာ ငုရွှေဝါပန်းများပွင့်လန်းနေကြသည်။ တစ်၀င်းလုံးရွှေဝါရောင် တောက်နေ၏။
စခန်းဖွင့်ပွဲနေတွင် လူရည်ချွန်လက်ကမ်းစာစောင် ထုတ်၍ဧည့်သည်တော်လူကြီးများနှင့် လူရည်ချွန်များ အားလုံးကို ဝေသည်။ ထိုအစောင်၏အဖွင့်စာမျက်နှာမှာ မောင်ငြိမ်းချမ်း၏ ကဗျာလေးပါသည်။

ငုရွှေဝါရေ ပေးတော့ အရှုံး
လူရည်ချွန် တို့စခန်းမှာလေ၊ ငုပန်းကအလှချယ်
ထပ်ပါပေါ့ သူ့အပြုံး
သို့ပေမယ့်မြတ်အမွန်၊ လူရည်ချွန်ဆိုသည့်ပန်းရယ်က
လှဆန်းရုံ ဂုဏ်သာ မကပါဘူး ချိုမြစွာရနံ့ပါမွှေးသည်မို့
ငုရွှေဝါရေ... ပေးတော့အရှုံး
    မောင်ငြိမ်းချမ်း(မန်းတက္ကသိုလ်)

ထိုဖွင့်ပွဲသို့ မန္တလေးတက္ကသိုလ်မှမြန်မာစာပါမောက္ခဦးချမ်းမြ (မြကေတု) တက်ရောက်သည်။ လက်ကမ်း စာစောင် ရ၍ ကဗျာလေးဖတ်ရသောအခါ သဘောကျစွာ ဂုဏ်ယူ၍ ရေးသူမှာ မန္တလေး တက္ကသိုလ်မှ မြန်မာစာ ကျောင်းသားဖြစ်ကြောင်း မိတ်ဆွေများကို ပြေားကြားနေပါသည်။
ရန်ကုန်မြို့ မှာ လူရည်ချွန်ကျောင်းသားများ လေ့လာရေးသွားသည်။ ဟောပြောပွဲများနား ထောင် ရသည်။ ညစာစားပွဲများတက်ရသည်။ မြန်မာ့အသံဖျော်ဖြေပွဲ ယဉ်ကျေးမှုကဇာတ်ဖျော်ဖြေပွဲ အဆိုတော်များ၏ ဖျော်ဖြေပွဲ များကို တက်ရောက်ရသည်။

ရန်ကုန်လူရည်ချွန်စခန်း ပြီးသောအခါအလယ်တန်း အထက်တန်းလူရည်ချွန်များက ငပလီရွှေဝါ ချိုင် လူရည်ချွန် စခန်း သို့ သွားကြသည်။ အင်းလေးရေပြင်ကျယ်ကိုမျက်နာမှုလျက်နောက်ဘက်မှာ တောင်တန်းကြီးများကို နောက်ခံထားပြီး ဆောက်ထားသည့်တိုက်ကလေးများမှာ လူရည်ချွန်များ နေကြ ရသည်။ ရေကြက် ငှက်သံ၊ ရေပြင်အလှ၊ တောတောင်အလှတို့နှင့် သာယာသော စခန်း ဖြစ်သည်။
ထမင်းစားသော ဟောပြောခန်းမဆောင်နှင့် ကစားကွင်းကျယ်ကြီးများလည်း ရှိသည်။ ရာသီဥတုကလည်း နွေရာသီမှာပင်အေးချမ်းစွာနေ၍ ကောင်းပါ၏။

အင်းလေးခေါင်တိုင်မှတဆင့် ကယားပြည် ငွေတောင်ဆည်လောပိတရေ တံခွန်ရေအားလျှပ်စစ်။ တောင်ကြီး ဗထူးမြို့ စသည့်ဒေသများသို့လေ့လာရေးခရီးသွားရသည်။ အင်းလေးခေါင်တိုင် ပြန် ရောက် သော် ဟောပြောပွဲများ တက်ရသည် ဖောင်တော်ဦးဘုရားသို့ သွား၍ ဘုရာဖူးရသည်။ အင်းထဲမှ ရွာများ သို့ သွား၍ ကျွန်းမျောစိုက်ပျိုးရေးနှင့် ယက္ကန်းလုပ်ငန်းများကို လေ့လာကြရသည်။
သင်တန်း ဆင်းပွဲ ကျင်းပသောအခါ လူရည်ချွန်ဆုပေးပွဲ၊ ကခုန်သီဆိုဖျော်ဖြေပွဲ နှုတ်ဆက်ပွဲများ ပြုလုပ် ကြသည်။ မနက်ဖြန်ဆိုခွဲခွာကြရတော့မည် ပျော်စရာနှင့် လွမ်းစရာ။
နောက် တစ်နေ့ မှာ တောင်ကြီးလွိုင်ကော်စသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်မှ လူရည်ချွန်များ ခွဲခွါ သွားကြသည်။ ကျန်လူရည်ချွန်များ ရထားကြီးနှင့် ခရီးဆက်ကြ၏။ လမ်းဘူတာများမှာ ကျန်ခဲ့သူ များကို လက်ပြ နှုတ်ဆက်ရသည်။

သို့ ပြန်မည့်သူများ ရထားနှစ်စီးကွဲသွားသည်။ လွမ်းစရာနှုတ်ဆက်ခွဲခွါကြရ၏။
မောင်ငြိမ်းချမ်းတို့အဖွဲ့ မန္တလေးဘက်သို့ ပြန်ခဲ့ကြသည်။ လမ်းဘူတာမှဆင်းသူတို့က မျက်ရည်ရစ်ဝဲနှင့် လက်ပြနှုတ်ဆက်ကျန်ရစ်၏။ မန္တလေးဘူတာကြီးရောက်သောအခါ နောက်ဆုံး အဆင့်လူစုခွဲကြသည်။
စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်လူနည်းစုက ရထားတစ်စင်းနှင့် ခရီးဆက်သွားသည်။
လက်ပြ နှုတ်ဆက် ကျန်ရစ်သူက မောင်ငြိမ်းချမ်းတို့ဖြစ်သွားကြ၏။ ပျော်စရာကြည်နူးစရာ နွေရာသီ မှလူရည်ချွန် ခရီးဖြစ်ပါ၏။

ကျေးဇူးရှင် ဆရာမ

ပထမပညာသင်နှစ်၏ ဒုတိယနှစ်၀တ်ကျောင်းတက်နေစဉ် တစ်နေ့တွင် မြန်မာစာဌာန လက်ထောက် ကထိက ဒေါ်မိမိလေးက ခေါ်ယူတွေ့ဆုံသည်။
ဆရာမသည် မောင်ငြိမ်းချမ်းတို့အတန်းကို ပထမနှစ်ကတည်းက ရှေးဟောင်းကဗျာများကို သင်ကြားခဲ့သူ ဖြစ်သည်။ ယခု ဒုတိယနှစ်မှာလည်း မွေ့နွန်းရကန်၊ ရတနာကြေးမုံ စသည်တို့ကို သင်ကြားနေသူဖြစ်သည်။

မြန်မာစာဆရာမ ပီသစွာ ၀တ်ပုံဆင်ပုံ လွန်စွာသပ်ရပ်သည်။ အတန်း၀င်လာတိုင်း ပုဝါခြုံထားသည်။ အသားအရေ က ဖြူစင်၀င်းစက်နေ၏။ အပျိုတုန်းက အလွန်လှသည်ဟု နာမည်ကြီးပါသည်။ ယခု အချိန် တွင် ဝနေပြီးဖြစ်သော်လည်း ကြည့်မြင်ရသည်မှာ ခန့်ညားတင့်တယ်ပါ၏။
စာသင်ပြရာ မှာလည်း အလွန်ကောင်းသူ ဖြစ်ပါသည်။ သင်မည့်သင်္ခန်းစာကို အသေအချာ ပြင်ဆင်ပြီးမှ သင်ကြားသည် မှာ သိသာပါသည်။ တပည့်များအပေါ်မှာ စေတနာထား၍ လုပ်ငန်းအပေါ်မှာလည်း အလေး အနက် ထားသူဖြစ်သည်။

ဆရာမသည်နိုင်ငံကျော် တရားရုံးချုပ်ရှေ့နေအဖြစ် နာမည်ကျော်ကြားသော ရှေ့နေကြီးဦးမြစိန်၏ ဇနီး လည်း ဖြစ်၍ တက္ကသိုလ်သို့ ကိုယ်ပိုင်ကားဖြင့် ကျောင်းတက်နိုင်သူလည်းဖြစ်သည်။
ဆရာမစားပွဲရှေ့မှာထိုင်ပြီး ဆရာမ ပြောမည့်စကားကို ရိုသေစွာနားစွင့်လျက်-
“မင်းကိုဆရာမ ပြောချင်တဲ့စကားမပြောခင် ကြိုပြီးတော့ မေတ္တာရပ်ခံထားရအုံးမယ်။ လူငယ်ဆိုတာ မာန ရှိတယ်ကွယ့်။ ဆရာမက ကူညီလိုတဲ့ စေတနာသန့်သန့်နဲ့  ပြောတာပါကွယ်။ မင်းသဘော မကျဘူးဆိုရင်လဲ ဆရာမ စေတနာကို နားလည်ပြီးစိတ်မရှိပါနဲ့လို့ မေတ္တာရပ်ခံချင်တာပါ”

“ပြောပါ ဆရာမ....ရပါတယ်..”

“ဒိလိုကွယ် ဆရာမတို့ မိသားစုအနေနဲ့ တခြားလည်း ကုသိုလ်ကောင်းမှု ကြီးကြီးမားမား မလုပ်နိုင်ပါဘူး။ ဆရာမ အကျိုးရှိမယ့် ကောင်းမှုတစ်ခုပြုချင်လို့ပါ။ အဲဒါကတော့ မောင်ငြိမ်းချမ်းက ပညာတော်တယ် ကြိုးစား တယ်၊ တက္ကသိုလ် လူရည်ချွန်ဖြစ်တယ်၊ နေတာထိုင်တာကို ဆရာမတို့ အကဲခတ်ကြည့်တော့လဲ လိမ္မာ တယ်။ မောင်ငြိမ်းချမ်းရဲ့ ပညာရေး အတွက် ကိုယ်တတ်နိုင်သမျှ ကူညီချင်တယ်။ အကိုကြီး (ဦးမြစိန်) ကိုပြောပြတော့ အကိုကြီးကလဲ သဘောကျတယ်။ ဒါကြောင့်မို့လာမယ့် ဒုတိယနှစ်ကစပြီး စာအုပ် စာတန်းဖိုး ကုန်ကျတာမှန်သမျှ ဆရာမတို့ မိသားစုက ကုသိုလ်လုပ်ပါရစေလို့... ဗလာစာအုပ် ကစပြီး ပြဌာန်းစာအုပ် ရည်ညွှန်းစာအုပ်အပါအ၀င် စာအုပ်အားလုံးပေါ့ကွယ်။ မောင်ငြိမ်းချမ်း လက်ခံပါ။ ဆရာမ ကူညီပါရစေကွယ်”။
ဆရာမပြောပုံက ချင့်ချင့်ချိန်ချိန် တောင်းတောင်းပန်ပန်။ အကူအညီခံရမည့်သူက အားနာယူရသည်။

“ရပါတယ် ဆရာမ ရယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော် လက်ခံနိုင်ပါတယ်”
“အေးကွယ် ကောင်းပါလေ့....ဆရာမ၀မ်းသာပါတယ်”
ထိုအချိန်မှစ၍ ကျောင်းဖွင့်ချိန်ရောက်တိုင်း ဗလာစာအုပ်မှအစ ပြဌာန်းစာအုပ်များ အကြမ်း ဖတ် စာအုပ်များ၊ ရည်ညွှန်းစာအုပ်များအားလုံး အသင့်ထားပေးပါသည်။ အသစ်မထွက် ရှားပါးသော စာအုပ် ဆိုလျှင် အဟောင်းရှာ ၀ယ်ပြီးသေသပ်စွာ အဖုံးချုပ်ပေးသည်။ သူတကာ ထိုစာအုပ်မရ၊ သည်စာအုပ် မရှိဖြစ်ချိန် မှာ မောင်ငြိမ်းချမ်းက ဘာမျှပူစရာမရှိ။ နှစ်စဉ်စာအုပ်အပြည့်အစုံကို ဆရာမထံမှ အဆင်သင့် ရပါသည်။

မြန်မာစာအသင်း အတွင်းရေးမှူး

ကျောင်းပြန်ဖွင့်သောအခါ မောင်ငြိမ်းချမ်းပညာသင် ထောက်ပံ့ကြေး ငွေများထုတ်ရပြီ။ 
တင်ထွန်းထံမှ တစ်လ(၃၀) သာ ယူရတော့သည်။ ကျောင်းနေရသည်မှာ အစစအရာရာ အဆင်ပြေသွားပါသည်။ ဒုတိယနှစ်၀က် စာမေးပွဲများကို ဖြေဆိုရသည်။ မောင်ငြိမ်းချမ်း ကောင်းစွာ  ဖြေဆိုနိုင်ပါသည်။
ဒုတိယနှစ် ကျောင်းပြန်တက်ရသောအခါ မောင်ငြိမ်းချမ်း မြန်မာစာ အသင်းအတွင်းရေးမှူး အရွေးးခံရသည်။ အတန်းလိုက်မှ တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသား ကိုယ်စားလှယ်များ၏ မဲဖြင့် ရွေးချယ် ရခြင်းဖြစ်သည်။

ဘာသာရပ်အလိုက် ဘော်လီဘောပြိုင်ပွဲများ ကျင်းပတော့မည်။ မောင်ငြိမ်းချမ်းတို့ မြန်မာစာအသင်းမှာ တက္ကသိုလ်လက်ရွေးစင် ကိုသန်းမောင်ပါသည်။ သူ့ကို နှုတ်ခမ်းမွှေးသန်းမောင်  ဟုခေါ်သည်။ နှုတ်ခမ်းမွှေး အကြီးကြီး ထား၍ ဖြစ်သည်။ ဘီးဖြင့်ဖြီး၍ ရသောနှုတ်ခမ်းမွှေးအထူကြီး ဖြစ်သည်။ ထိုနှုတ်ခမ်းမွှေးကြီး ကြောင့် ပင် သူသည် ရှိရင်းအသက်ထက် (၂၀)ခန့်ပိုကြီးသည် ထင်ရသည်။ ယောလုံချည်အနက်၊ ပင်နီ အကျီင်္လက်ရှည် ကချင်လွယ်အိတ်အနက်နှင့် ဆေးပြင်းလိပ်ကြီးခဲလိုက်သောအခါ အသက်(၅၀)ခန့်ရှိသော အဘိုးကြီး ဟု ထင်ရသည်။ ထို့ကြောင့် သူ့ကို တက္ကသိုလ်မှာကျောင်းသူ၊ ကျောင်းသားများက အဘ ဟု ခေါ်ကြသည်။ နောက်ကြာလာသောအခါ ဆရာ၊ ဆရာမများကပါ အဘဟုခေါ်ကြသည်။ သူ၏၀တ်ပုံဆင်ပုံ နေပုံထိုင်ပုံ ဒီဇိုင်းက အဖိုးကြီးပုံပေါက်နေ၍ အဘခေါ်ကြခြင်းဖြစ်သည်။

သို့သော် ထူးခြားသော လှည့်စားချက်လိုဖြစ်နေသည်မှာ အဘ အားကစား ၀တ်စုံ ၀တ်ပြီး ဘောလီဘော ကွင်းဆင်း လိုက်လျှင် အသက်(၃၀) ခန့်ဟုသာထင်ရသည်။ အားကစား၀တ်စုံ ကတော့ သပ်သပ် ရပ်ရပ်မရှိ။ အောက်ပိုင်း မှာ ဘောင်းဘီတို ၀တ်လေ့မရှိ။ ထရက်ဆု ဘောင်းဘီအရှည်ကိုသာ ၀တ်ထားသည်။ အပေါ်ပိုင်း  အင်္ကျီကလည်း ခါးကရှည်နေသောကြောင့် သူ့အတွက် အဆင်မပြေ။ ၀မ်းဗိုက်ပေါ်နေသည်။ ဘော်လီဘော ကွင်းထဲ မှ  အဘ၏ ဒီဇိုင်းဖြစ်သည်။

ဘော်လီဘော ပင့်ထောင်ပေးလိုက်၍ ရိုက်ချလိုက်ပြီဆိုလျှင်တော့ အံ့သြစရာ အုန်းခနဲ စိုက်ကျ သွားသည်။ ဘယ်သူမျှမဖမ်းနိုင်။ ထိုအခါကျလျှင်တော့ သူခုန်တက်သွားပုံ ရိုက်ချက်ပြင်းပုံ ကိုကြည့်ပြီး အသက်နှစ်ဆယ်ကျော် ဖြစ်သည်ကို အလိုလိုခန့်မှန်းမိကြသည်။ သူသည် မန္တလေး တက္ကသိုလ် လက်ရွေးစင် သာမက မန္တလေးတိုင်း လက်ရွေးစင်လည်း ဖြစ်၏။
ကိုသန်းမောင်က မြန်မာစာတတိယနှစ်မို့ မြန်မာစာအသင်း၏ ဘော်လီဘော အသင်းခေါင်းဆောင်။ မိန်းကလေး အသင်းကိုလည်း သူကိုယ်တိုင်နှစ်စကတည်းက သင်ကြားလေ့ကျင့်ပေးနေသည်။ ယခုနှစ်မှာ ယောက်ျားလေး ရော မိန်းကလေးပါ မြန်မာစာ က ဒိုင်းဆုယူမည်ဟု အားခဲထားသည်။

မောင်ငြိမ်းချမ်းမှာ အရပ်ခြောက်ပေရှိ၍ သန်မာထွားကျိုင်းသောကြောင့် တက္ကသိုလ် ဘော်လီဘော လက်ရွေးစင် အရွေးခံရခြင်းဖြစ်၏။ လက်ရွေးစင် အရွေးခံရသည်နှင့် နေ့စဉ်ကွင်းဆင်းရ သည်။ နည်းစနစ်များကိုသင်ကြားပေးသည်။ စနစ်တကျလေ့ကျင့်ရသည်။ တစ်၊ နှစ်၊ သုံး ခုန်တက်ရိုက်ချ လေ့ကျင့်ခန်းကို ပိုက်ရှေ့မှာ အကြိမ်များစွာ လုပ်နေရသည်။ ဘောလုံးမပါသေး။ ခြေလှမ်းမှန် ရိုက်ချက်မှန်မှ ဘောလုံး ထောင် ပေးသည်။ အပြင်းဆုံးရိုက်ချရသည်။ ပိုက်တိုးချင်တိုးပါစေ။ အပြင်ထွက်ချင်ထွက်ပါစေ။ ဤနည်းဖြင့် လေ့ကျင့်ပေးသည်မှာ သုံးလအတွင်း ကောင်းစွာရိုက်နိုင် လာသည်။ တက္ကသိုလ်မရောက်ခင် ကိုယ့်ဘာသာ (၄)နှစ် ခန့် ဘော်လီဘော ရိုက်နေခဲ့သည်မှာ နည်းစနစ်မမှန်၍ တိုးတက်ခြင်းမရှိ။ နည်းစနစ် နှင့် လေ့ကျင့်သော (၃)လမှာ လျှင်မြန်စွာ တိုးတက်သည်။

ထို့ကြောင့် မနှစ်ကပွဲမှာ ကိုသန်းမောင်ခေါင်းဆောင်ပြီး မောင်ငြိမ်းချမ်းနှင့် နှစ်ယောက်ပေါင်း၍ အောင်ပွဲ ရခဲ့သည်။ ယခုနှစ်ဆိုလျှင် ပို၍သေချာအောင် လေ့ကျင့်ထားကြသည်။
ပြိုင်ပွဲကျင်းပသောအခါ မြန်မာစာအသင်း ယောက်ျားလေးရော၊ မိန်းကလေးပါ ပထမဒိုင်းဆုရသည်။
မောင်ငြိမ်းချမ်း အတွင်းရေးမှူးလုပ်သည့်နှစ်တွင် အင်း၀ကို ပျော်ပွဲစားနှင့်ပုဂံကို လေ့လာရေး ခရီးလည်း သွားနိုင်ခဲ့ သည်။ စာပေဟောပြောပွဲနှင့် ဂီတဆည်းဆာကိုလည်း နှစ်ကြိမ်လုပ်ပေးနိုင်ခဲ့ သည်။ ဆရာကန်တော့ပွဲ လည်း လုပ်နိုင်ခဲ့သည်။ တမာရိပ်မွန်မဂ္ဂဇင်းလည်း ထုတ်နိုင်ခဲ့ပါသည်။
တက္ကသိုလ် ကျောင်းသားဘ၀မှာ ပညာကို ကောင်းစွာသင်ကြားရင်း ကောင်းကျိုးရှိအောင် ထိုက်တန်စွာ လုပ်နိုင်သည် တို့လည်း အများကြီးဖြစ်ပါ၏။

ရည်မှန်းချက်နှင့်စာပေတံခါး

မောင်ငြိမ်းချမ်း၏ ရည်မှန်းချက်မှာ စာရေးဆရာဖြစ်သည်။ ဤရည်မှန်းချက်ကြောင့်ပင် မြန်မာစာအဓိက ဘာသာရပ်ကိုယူခဲ့ခြင်းဖြစ်သည်။ မြန်မာစာပေနှင့် ပတ်သက်၍ နှံ့စပ်ချင်သည်။ မြန်မာစာပေ အရေးအသား ကျွမ်း ချင်သည်။

စနစ်သစ် မြန်မာစာသင်ကြားရေးတွင် ပဌမနှစ်မှာပင် ပျို့၊ ရတု၊ ရကန်၊ အဲ၊ အန်၊ အေးချင်း၊ အိုင်ချင်း၊ တျာချင်းများကိုသင်ရသည်။ ဒုတိယနှစ် ရောက်သောအခါ ကျောက်စာ၊ မင်စာ၊ မွန်စာများကို သင်ရသည်။ ရှေးကျသာ ၀တ္ထုများ ခေတ်ပေါ်၀တ္ထုများ၊ ပြဇာတ်များကိုပါ သင်ရသည်။ ခေတ်ပေါ်ကဗျာများကို လေ့လာဆန်းစစ် ရသည်။ ကိုယ်တိုင်လည်းရေးဖြေရ လေ့ကျင့် ရသည်။ အထူးသဖြင့် တစ်ပတ်တစ်ခါ နည်းပြ သင်တန်းမှာ တာ၀န်ပေး ရေးသားရသည့်အကြောင်း များမှာ စာရေးခြင်း လေ့ကျင့် ရသကဲ့ သို့ဖြစ်သည်။ မောင်ငြိမ်းချမ်း ကြိုးကြိုးစားစားရေးသည်။ အမှတ်လည်းပေးသည်။
မဂ္ဂဇင်း များတွင် ၀တ္ထု၊ ဆောင်းပါးရေးသားခြင်းဖြင့်လည်း စာပေတံခါးကို ခေါက်၏။ တစ်ပုဒ်ပါရန် ခက်ခဲ လှသည်။

ငွေတာရီမဂ္ဂဇင်းတွင် တက္ကသိုလ်ကဏ္ဍဟု ဖွင့်လှစ်ထား၏။ မောင်ငြိမ်းချမ်း ရေးသားပေးပို့သည်။ ညမိုက်၊ ကျောင်းတော်ကြီးကအိုအို...စသော စာပဒေသာလေးများပါ၀င်၍ အားတက်ရ၏။ နေက်တွင်ထိုကဏ္ဍကို စာပဒေသာ ကဏ္ဍ ဟု ပြောင်းလဲလိုက်သည်။ တက္ကသိုလ် ကျေင်းသူ၊ ကျောင်းသားများသာမက မည်သူမဆို ဝါသနာပါသူများ ကလောင်သွေး၍ စာရေးနိုင်ရန် ဖြစ်သည်။ မောင်ငြိမ်းချမ်း ရေးသား ပေးပို့သည်။ လသာသောည စက်ဘီးတန်းကြီး စသည့် စာပဒေသာများ အရွေးခံရ ဖော်ပြခံရသည်။

မောင်ငြိမ်းချမ်းအားတက်လာ၍ ပြိုင်ဘက်အမည်နှင့် ၀တ္ထုတိုလေးတစ်ပုဒ်ကို မြ၀တီမဂ္ဂဇင်းသို့ ပို့ လိုက်သည်။ ပါရန်လွယ်မည်မထင်သော်လည်း ကြိုးကြိုးစားစားရေးပြီး ပေးပို့ရခြင်းဖြစ်၏။ မြ၀တီမဂ္ဂဇင်းမှာ ရောင်စုံ သရုပ်ဖော်ပုံနှင့်တကွ ပြိုင်ဘက်၀တ္ထုတို့ကို ရွေးချယ်ဖော်ပြလိုက်သည်။ 
ကျောက်ဆည်မှာနေစဉ်က ဆယ်တန်းမြန်မာစာဆရာ ပြောပြသည့် သူ့သူငယ်ချင်းနှင့် သူ၏အဖြစ်ကို ကိုယ့်သူငယ်ချင်းနှင့်ကိုယ့်အဖြစ် ပေါင်းစပ်၍ ရေးသားခြင်းဖြစ်သည်။ နိုင်ချင်၍ ပြိုင်ခဲ့သော်လည်း တကယ် ကိုယ်နိုင်၍ သူရှုံးနိမ့်သည့်အခါ သူနိုင်ခဲ့သည်ကို ကြည်ဖြူစွာ ပြန်တွေးမိခြင်းဖြစ်ပါ၏။

စာအုပ်နှင့်အတူ ငွေ ၅၀ ပို့ပေးသည်။ ခေါက်ဆွဲကြော်တစ်ပွဲ တစ်ကျပ်မို့ သူငယ်ချင်း (၅)ယောက် နှင့် အတူ ဟော်တယ် သွားပြီး တစ်ဆယ်ဘိုး စားနိုင်ခဲ့သည်။
သို့သော် တစ်နှစ်တစ်ခါ ၀တ္ထုတစ်ပုဒ် ပါနိုင်ခဲ့သည်မဟုတ်ပါ။ ပွင့်ရန်ခက်ခဲသော စာပေတံခါးကို ဆက်၍ ခေါက်နေရဦးမည် ဖြစ်ပါသည်။

အနစ်နာခံသောဦးလေး

ဒုတိယနှစ် စာမေးပွဲများအားလုံးပြီးသောအခါ မောင်ငြိမ်းချမ်း ရွာပြန်လာ၏။ တင်ထွန်းက ကျောက်ဆည် မှာ သူနှင့် အတူနေစေချင်သည်။ သူ့အိမ်မှာ ပြည့်စုံသည်။ ကောင်းကောင်းစားရမည်။ ကောင်းကောင်းနေရမည်။ သူက သူငယ်ချင်းကိုအလွန်ခင်သူဖြစ်သည်။
ခုတော့ သူလည်း အိမ်ထောင်ကျပြီ။ သူယူမည့်ဇနီးလောင်းကို လက်မထပ်မီ ကြိုတင်၍ မောင်ငြိမ်းချမ်း အတွက် ကျောင်းလခမှစ၍ လိုအပ်သော ပညာသင်စရိတ်များ ထောက်ပံ့ရကြောင်း ပြောပြီး သဘော တူညီချက် ယူသည်။ လက်ထပ်သော မိန်းကလေးကလည်း တခြားသူမဟုတ်။ မောင်ငြိမ်းချမ်း ဆယ်တန်း စာမေးပွဲဖြေစဉ် က အင်္ဂလိပ်စာ လေ့ကျင့်ခန်းများကို စစ်ဆေးပေးသော ဆရာမ မကြည်ကြည်ဖြစ်သည်။ မကြည်ကြည် က သဘောတူသည်။ သူတို့ မင်္ဂလာဆောင်မှာ မောင်ငြိမ်းချမ်း လူပျိုရံလုပ်ပေးရသည်။

တင်ထွန်းကတော့ပြောသည်။ ”မင်းက သူငယ်ချင်းဆိုပေမယ့် သားသမီးကွ.... ငါကကျောင်းထား ပေးရတော့ မိဘကွ၊ မိဘဆိုတာ ကျောင်းပိတ်ရင် သားသမီးကို မျှော်တာပဲကွ။ သားသမီး အိမ်ပြန် လာစေချင်တာပေါ့..... ”။ သူက သူ့အိမ်လာနေစေချင်သည့် ဆန္ဒကို ဟာသနှော၍ ပြော ခြင်းဖြစ်၏။
 ထိုစကားမှန်လျှင် အမေကြီးနှင့် ဦးလေးက ပိုမျှော်ရှာလိမ့်မည်။သူတို့ခမျာ ငယ်စဉ်ကတည်းက မွေးခဲ့ရသော သားသမီး။ သူတို့မှာ ပျော်စရာလည်းများများမရှိ။ သူငယ်ချင်းအိမ်လောက် အစား ကောင်းစားရမည် မဟုတ်သော်လည်း အမေကြီးနှင့်ဦးလေးဆီကိုသာ ပြန်ခဲ့သည်ကများပါ၏။ ဦးလေးကို ကန်တော့ လိုက်လျှင် ဦးလေးကဘယ်တော့မှ လက်မခံ အတင်းပြန်လွှတ်သည်။ နေပူ သည်။ မြွေအန္တရာယ်ရှိသည်ဟု ပြော၏။ သူကတော့ ထိုအပူထိုအန္တရာယ်များနှင့် အမြဲလုပ်နေ၏။

အမေကြီးက မောင်ငြိမ်းချမ်းပြန်လာတိုင်း ၀မ်းသာပျော်ရွှင်နေသည်။ မောင်ငြိမ်းချမ်း ကြိုက်သည့် စားကောင်း သောက်ဖွယ်များကို ချက်ကျွေးသည်။ နွားနို့ချက်၊ ပြောင်းဖူးကြော်၊ ကောက်ရိုးမှိုချက် တို့မှာ မောင်ငြိမ်းချမ်း အကြိုက်ဖြစ်သည်။ 
ဟင်းကောင်းလေးများကို ဦးလေးကဘယ်တော့မှ များများမစား။ အနစ်နာခံသည်။ ဟင်းခွက်ကို မောင်ငြိမ်းချမ်း ပြောသော်လည်းမရ လျှော့စားကြသည်။
တက္ကသိုလ် ကျောင်းဖွင့်၍ ပြန်သွားရတော့မည့်အခါတွင် မောင်ငြိမ်းချမ်း ချွေချွေတာတာသုံး၍ ချန်ထားသော ငွေလက်ကျန်ရှိပါ၏။ သို့သော်လည်း ဦးလေးက မိဘတို့ ထုံးစံအတိုင်းကျောင်းသွား မည့် မောင်ငြိမ်းချမ်း ကို ပိုက်ဆံပေးချင်သည်။ ”မခင်ရေ.... လုပ်ပါအုံး၊ လူလေးကျောင်းသွားတော့ မှာ ပိုက်ဆံပေး ဖို့ လုပ်ပါအုံး။

မောင်ငြိမ်းချမ်း၏နှမကို လှမ်းပြောသည်။
 မောင်ငြိမ်းချမ်း သိပါသည်။ အိမ်မှာ ပိုက်ဆံမရှိ၊ နှမလေးက ယက္ကန်းခတ်ပါသည်။ လက်ခစားနှင့် ခတ်ရခြင်းဖြစ်၏။ သို့သော် ထိုလက်ခလေးများမှာ လယ်စရိတ်၊ ယာစရိတ် မပေးမဖြစ်သည် တို့အ တွက် ကြိုတင် ယူသုံးထားပြီး ဖြစ်ပါသည်။
နှမလေးက ဘာမျှမပြောပါ။ မရှိဘူး မပြောချင်၍ ဖြစ်ပါသည်။ ”မလိုဘူးဦးလေး.... ကျွန်တော့်မှာရှိ တယ် နေပါစေ... မပေးနဲ့တော့... ”
သို့သော် နှမလေး ရွာထဲသို့ ထွက်သွားပါပြီ။ ပိုက်ဆံသွားချေးခြင်း ဖြစ်ပါသည်။ မောင်ငြိမ်းချမ်းသိပါ သည် သူနှင့် ရင်းနှီးခင်မင်သော ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်သိန်း ထံ သွားမည်ဖြစ်ပါသည်။
”နေပါစေ...ဦးလေးကျွန်တော်သွားတော့မှာ... နောက်ကျနေလိမ့်မယ်.... ”
 ”နေစမ်းပါအုံးကွ....နွားတွေလဲစားတုန်းရှိပါတယ်... ခဏလေးပါ..... ”

ဦးလေးက စဉ့်ကိုင်ကားဂိတ်အထိ လှည်းဖြင့် လိုက်ပို့မည်ဖြစ်သည်။ သိပ်မကြာပါ နှမလေးပြန်လာ သည်။ နွားများလည်း စားပြီးပြီ။ အမေကြီးနှင့် ဦးလေးကို မောင်ငြိမ်းချမ်းကန်တော့သည်။ အမေ ကြီး က အင်္ကျီ အိတ်ထောင် ထဲမှ နွေလေးနှစ်ဆယ်ထုတ်ပေးသည်။ နှမလေးပေးထားသော ငွေဖြစ်သည်။ ”ဒါပဲလား.... အဒေါ်ရယ်.... နည်းလိုက်တာ.... ထပ်ပေးလိုက်ပါအုံး... ”အမေကြီးကဘာမျှမပြော။ ဘေးမှာရှိသော နှမလေး ကလည်းဘာမျှမပြော။

ပြုံးချင်စရာကောင်းသော်လည်း မောင်ငြိမ်းချမ်းမပြုံးရက်။ ဒီငွေနှစ်ဆယ်ကိုပင် ဆန်ပေးပါမည်။ ဆီပေးပါမည်၊ ပဲပေးပါမည် ပြော၍ ချေးလာခဲ့ရခြင်း ဖြစ်မည်ကို ဦးလေးရော မောင်ငြိမ်းချမ်းပါ သိပါသည်။ ထပ် အပေးခိုင်းသော်လည်း ပေးစရာတစ်ပြားမျှ မကျန်သည်ကို ဦးလေးသိပါသည်။ သို့ သော် ပေးနိုင်သော ငွေက နည်းနေ၍ စိတ်ထဲမှာ အားမရသောကြောင့် အပေးခိုင်းနေခြင်းသာ ဖြစ် သည်။ 
”ရပြီ....ဦးလေးတော်ပြီ.... မလိုတော့ဘူး။ ဒီကပြန်ရင် စတိုင်ပင်လဲထုတ်ရအုံးမှာ... ”
ဦးလေး နှင့် အမေကြီး စိတ်ချမ်းသာအောင်ပြောရသည်။
ကျောင်းမြန်မြန်ပြီးဘွဲ့မြန်မြန်ရ အလုပ်မြန်မြန်ရပြီး အမေကြီးနှင့် ဦးလေးကို လုပ်ကျွေးချင်လှပါပြီ။

အမေကြီးအတွက်သွေးအလှူ

မောင်ငြိမ်းချမ်း တက္ကသိုလ်တတိယနှစ်မှာ အမေကြီး၏ ကျန်းမာရေး အားနည်းလာသည်။ မောင်ငြိမ်း ချမ်း ရွာပြန်သွားသော အခါ ယခင်က ၀၀ဖြိုးဖြိုးရှိခဲ့သော အမေကြီးမှာ မဝတော့ပါ။ ပိန်သည့် ဘက် သို့ပင် ရောက် သွားပြီ။
”ငါ့မြေးရယ်... အမေကြီးအိပ်လို့မရတာ... နှစ်ညရှိပြီ လက်အနာက တအားကိုက်တာပဲ... ”
အမေကြီး ၏ လက်ကို မောင်ငြိမ်းချမ်းကြည့်လိုက်သည်။ လက်မတစ်ချောင်းလုံးယောင်ကိုင်းနေ သည်။ ဘာလုပ် ရမည်ကို မောင်ငြိမ်းချမ်းနားလည် လိုက်ပါသည်။

”လာ အမေကြီး ဆေးရုံသွားမယ်.... ”
အိမ်မှလှည်းကို ကိုယ်တိုင်မောင်း၍ အမေကြီးကို စဉ့်ကိုင်ဆေးရုံလိုက်ပို့သည်။ အမေကြီး၏ လက် အနာကို ဆရာ၀န် နှင့်ပြသည်။
ခွဲရမည်ဟု ဆရာ၀န်ကပြောသည်။ ထုံဆေးရှိမရှိ မောင်ငြိမ်းချမ်းမေးသည်။ လုံး၀မရှိ။ မောင်ငြိမ်း ချမ်းက ဆရာ၀န် ကို ခေါင်းညိတ်ပြလိုက်သည်။ 
အမေကြီး လက်ကို မောင်ငြိမ်းချမ်းဆုပ်ကိုင်ပေးထားသည်။ အမေကြီးကျွန်တော့ကိုကြည့်နေ။ အမေကြီးက မောင်ငြိမ်းချမ်း ကိုကြည့်ရင်း ကောင်းသည့်လက်ဖြင့် မောင်ငြိမ်းချမ်းလက်မောင်းကို ဆုပ်ကိုင်ထားသည်။

ဆရာ၀န်က လက်မပေါ်ဓားတင်ခွဲလိုက်သည်။ မြန်သည်။ ယောင်ကိုင်းနေသော လက်မထက်ခြမ်း ကွဲ သွားသည်။ ဆရာ၀န်က တစ်ဆက်တည်း ညှစ်ချလိုက်သည်။ အမေကြီးတစ်ချက်သာ အော်လိုက်ရသည်။ သွေးပြည်ပုတ်များ ထွက်သွားသည်။ ဆရာ၀န်က လက်အနာကို သန့်စင်ဆေး ကြောပြီး ဆေးထည့် ပတ်တီး စီးသည်။ မြန်သည် ပြီးသွားပြီ။
အမေကြီး မနာတော့ပါ။ မကိုက်တော့ပါ။ ထိုညက အမေကြီးကောင်းစွာအိပ်ရပါသည်။ အနာပျောက်သွားပြီး နောက်သုံးလကြာမှာ အမေကြီးကို မန္တလေးဆေးရုံတင်ရသည်။ အမျိုးသသီး ဆိုင်ရာ ရောဂါ သားအိမ်ကို ထုတ်ရမည်ဟုဆိုသည်။ အမေကြီးကိုခွဲစိတ်ကုသရသည်။ သွေးလိုသည်။ အို အမျိုးအစား ဖြစ်သည်။ မောင်ငြိမ်းချမ်း ၀မ်းသာရသေးသည်။ ကိုယ့်သွေးကအိုမို့ ကျေးဇူးရှင်အမေကြီးကို သွေးလှူခွင့် ရသည်။ တက္ကသိုလ်မှာ မောင်ငြိမ်းချမ်း၏ သူငယ်ချင်း တစ်ယောက်ကလည်း လှူသည်။

”မသေပါနဲ့အုံးအမေကြီးရာ နောက်တစ်နှစ်ဆို ကျွန်တော်ပြီးတော့မှာပါ။ အမေကြီးကို ကောင်းကောင်း လုပ်ကျွေးချင်လို့ပါ...။
မောင်ငြိမ်းချမ်း တကယ်ပင်စိုးရိမ်စိတ်နှင့် တောင်းတောင်းပန်ပန်ပြောမိ၏။ ဘွဲ့ရအလုပ်ရသည်အထိ အမေကြီး ကျန်းမာစေချင်သည်။ အသက်ရှည်စေချင်သည်။

အပိုင်း (၁၄)

ဘဘဘုန်းဘုန်း ကျန်းမာရေး

အမေကြီးကျန်းမာနေကောင်းပြီး ဆေးရုံဆင်းသွား၍ အမေကြီးအတွက် စိတ်အေးချမ်းသာ ဖြစ်ရသည်။ သို့သော် တတိယနှစ်စာမေးပွဲ ဖြေခါနီးမှာ မောင်ငြိမ်းချမ်းနေထိုင်ရာအိမ်သို့ အဒေါ်ကြီး တစ်ဦး ရောက်လာသည်။ ၀မ်းတွင်းမြို့ သိမ်တော်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဦးကောသိယ ပျံလွန်တော် မူပြီးဖြစ်၍ ဦးကောသိယနေရာတွင် တိုက်အုပ်ဆရာတော် တာဝန်ကို ထမ်းဆောင်နေသော ဘဘဘုန်းဘုန်း (ဆရာတော် ဦးအဂ္ဂဝံသ) မန္တလေးဆေးရုံကြီးမှာ ရောက်နေ၍ မောင်ငြိမ်းချမ်းကိုတွေ့လိုကြောင်း လာပြော သည်။ ဆေးရုံအခန်းနံပါတ်ကို ပေးသွားသည်။

ဇရာနှင့် မမြဲသောအနိစ္စကို မောင်ငြိမ်းချမ်း နားလည်သလိုခံစားရ၍ သံဝေဂဖြစ်မိသည်။ အဖေကြီးကဲ့သို့ပင် လည်ချေင်းကင်ဆာဖြစ်၏။ အဖေကြီးတုန်းက မန္တလေးမှာ ဓာတ်ရောင်ခြည် ကင်သောစက်မရှိ၊ ယခု မန္တလေး ဆေးရုံကြီး မှာ ဓာတ်ကင်စက်ရှိ၍ ဘဘဘုန်းဘုန်းကို ကင်ထားပြီးပြီ။ ညနေကျောင်းပြီးသည်နှင့် မောင်ငြိမ်းချမ်း  မန္တလေးဆေးရုံကြီးသွား၍ အဖေကြီး ဘဘဘုန်းဘုန်းကိုတွေ့သည်။
မောင်ငြိမ်းချမ်း ၏ ကျေးဇူးရှင်ဘုန်းဘုန်းဖြစ်ပါ၏၊ မောင်ငြိမ်းချမ်းကို ငယ်စဉ်က မန္တလေးမိဘမဲ့ ကျောင်းသို့ပို့ခဲ့သည်။ ဆယ်တန်းဖြေတော့လည်း ဘဘဘုန်းဘုန်းသတင်းသုံးရာ သိမ်တောင်မှာ (၇)ရက် စာကျက် ခဲ့ရသည်။ ဘဘဘုန်းဘုန်းအဆက်အသွယ်နှင့် မိတ္ထီလာမှာ ဆယ်တန်းစာမေးပွဲ ဖြေဆို အောင်မြင် ခဲ့ရသည်။

မောင်ငြိမ်းချမ်း ရောက်သွား၍ ဘုန်းဘုန်း ၀မ်းသာအားတက်ဖြစ်ပါသည်။ သို့သော် ကင်ဆာဆိုသည် က တော့ အားပျက်စရာ။
မောင်ငြိမ်းချမ်း နေ့စဉ်သွားသင့်သော်လည်း စာမေးပွဲကကပ်နေပြီ နှစ်ရက်သွားပြီးသည်နှင့် စာမေးပွဲ ဖြေရပြီ။ မောင်ငြိမ်းချမ်းစာများကို မနားတမ်းကျက်ရသည်။ ကျက်ပြီးသည်နှင့် ဖြေရသည်။
ဆေးရုံ သို့ လေးရက်မရောက်။ အိမ်သို့စာလေးတစ်စောင်ရောက်လာသည်။ ဘုန်းဘုန်းက သူ့ကျန်းမာရေး အခြေအနေ မကောင်းကြောင်း လာတွေ့စေချင်ကြောင်း ဖြစ်သည်။
သြော် စာမေးပွဲ နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်....။

နောက်တစ်နေ့ စာမေးပွဲနားသည်။ ဘုန်းဘုန်းကိုသွားတွေ့မည်ဟု ဆုံးဖြတ်ပြီး စာမေးပွဲဖြေရသည်။ 
နောက်တစ်နေ့သွားသောအခါ ဘုန်းဘုန်းပျံလွန်တော်မူရှာပြီ။ မတွေ့လိုက်ရတော့ပါ။
သြော် ငါ့ဆီရေးတဲ့စာဟာ ဘုန်းဘုန်းရဲ့ နောက်ဆုံးရေးတဲ့စာပါလား.......။
စိတ်မကောင်းကြီးစွာ ဖြစ်ရသည်။ ဘုန်းဘုန်း၏ရုပ်အလောင်းကို မပုတ်မသိုးအောင် ဆေးသွင်းပြီး သိမ်တောင် ကျောင်းတိုက် သို့ ပို့ပေးခဲ့ရသည်။ မောင်ငြိမ်းချမ်း ကောင်းစွာကျေးဇူးဆပ်နိုင်သော အခြေအနေ သို့ မရောက်မီကျေးဇူးရှင်များ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်နေကြသည်မှာ စိတ် မကောင်းစရာ။

စိတ်ဝင်စားမိသော မိန်းကလေး

တက္ကသိုလ်တတိယနှစ်ရောက်သောအခါ မောင်ငြိမ်းချမ်း မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စား မိသည်။ တကယ်တော့ သူ့ကိုသတိထားမိခဲ့တာ ကြာပါပြီ။ ပထမနှစ်ကတည်းကပါ။ တွေ့တွေ့ချင်းဟုလည်း ပြောနိုင် ပါသည်။ သူက သိပ်ကိုရှက်တတ်လွန်းသည့် မိန်းကလေး။
၀တ်ပုံဆင်ပုံကလည်း မြန်မာမှုမြန်မာဟန် ယဉ်ယဉ်လေး။ ဆံပင်ကောင်းသည်။ ကေသာရစ်ခွေ ထုံးဖွဲ့ ထားသည်က သေသပ်ကျစ်လျစ်သော ဆံထုံးကြီး။ ဆံထုံး၏ ညာဘက်ဘေးမှာ နှင်းဆီပွင့်တစ်ပွင့် ပန်ထား တတ်သည်။ တစ်ခါတရံ သရဖီပန်း၊ စပယ်ပန်းကိုသီကုံး၍ ဆံထုံးမှာ ရစ်ခွေပန်တတ်သည်။

အရပ်ကမနိမ့်မမြင့် အသားကမဖြူမညို။ ကိုယ်ခန္ဓာက မပိန်မ၀။ အချိုးအဆစ်ကျသည်။ လမ်းလျှောက်လျှင် ထို ခေတ်အခါက တက္ကသိုလ်ကျောင်းသူတို့၏ ဟန်အတိုင်း စာအုပ် ကလေးများကို ရင်မှာပွေ့ပိုက်၍ ခါးကလေး နွဲ့ကာ နွဲ့ကာ စည်းချက်ကျစွာ သွားတတ်သည်။ တမင်လုပ်သည်မဟုတ်။ သူ၏ပင်ကိုယ်ဟန်။
မျက်နှာလေး က ရိုးရှင်းစွာလှသည်။ ယဉ်သည်။ ပြေပြစ်သည်။ ရှက်တတ်လွန်းသည်က မျက်နှာလေးပို၍ နုညက်ပြီး နှစ်သက်စရာ။ 
သူကျောင်းတက်ရန်လာလျှင် စာအုပ်ကလေးပိုက်ပြီး ကနွဲ့ကလျ လမ်းလျှောက်သည်ကို စောင့်ကြည့်သော ကျောင်းသား များရှိသည်။ ပုံတူလျှောက်ပြ တတ်သူလည်းများသည်။ မောင်ငြိမ်းချမ်းတို့အဆောင်မှ အခန်း နီးချင်း စိုင်းယုမွန်ဆိုလျှင် အကောင်းဆုံးတူအောင် လျှောက်ပြတတ်သည်။ 

သူရှက်ရွံ့စွာ လမ်းလျှောက်သည်ကို စောင့်ကြည့်ကြသော ကျောင်းသားများကြောင့် သူ့ခမျာခြေလှမ်း မှား၊ ကိုယ့်ခြေ နှင့် ကိုယ်တိုက်ပြီးလဲကျသည် ကိုကြားရသောအခါ မောင်ငြိမ်းချမ်း သနားစိတ်ဖြစ်မိ သည်။
သူ့နာမည် က မို့မို့။ မုံရွာမြို့က။ မောင်ငြိမ်းချမ်း ပထမနှစ်ကတည်းက သတိထားမိသော်လည်း တက္ကသိုလ် ဘော်လီဘော လက်ရွေးစင်ရွေးထား၍ နေ့စဉ်ကွင်းဆင်းလေ့ကျင့်ရသည်။ ကိုယ်ကတော်လို့ အရွေးခံရတာ မဟုတ် အရပ်ရှည်၍ ရွေးထားခြင်းဖြစ်ကြောင်း ကွင်းမဆင်းလျှင် ဖြုတ်ပစ်မည်ဖြစ်ကြောင်း အားကစားမှူး က သတိပေးထားသည်။ ညနေတိုင်းဘော်လီဘော ကွင်းဆင်းကစားရသည်။ သူများတွေလို ရည်းစား ထားပြီး ပါလာ(ဧည့်ဆောင်) သွားဖို့ စိတ်ကူးယဉ် ၍မရ။ ခုတော့ အားကစားမှူး မောင်ငြိမ်းချမ်းကို ဖြုတ်မပစ် နိုင်တော့ပါ။ မောင်ငြိမ်းချမ်း တတိယနှစ်ရောက်မှ ဘောလုံးကစား၍ ဒူးမှာဒဏ်ရာရခဲ့သည်။ အတွင်း မှ အရွတ်စုတ်သွား၍ အားကစားမလုပ်နိုင်တော့ပါ။

ဆရာမကြီး ဒေါ်မိမိလေးကလည်း တတိယနှစ်ရောက်ပြီမို့ တက္ကသိုလ်မှာ ဘဝဖော်ကို ရှာဖွေသင့် ကြောင်း သတိပေး သည်။ 
ဆရာမကြီးသတိပေးသည်နှင့် မို့မို့မျက်နှာလေးကို မြင်ယောင်လိုက်သည်။ သိမ်သိမ်မွေ့မွေ့နှင့် ရှက်ရွံ့ တတ်သော မိန်းကလေး ကို ဘ၀အဖော်အဖြစ် အမြတ်တနိုးတန်ဖိုးထားချင်သည်။ သို့သော် အလွန် ရှက်တတ် သော မိန်းကလေးမို့ စတင်ရန်ခက်ခဲ့သည်။ အနှောင့်အယှက်ပေးသလို ဖြစ်မှာစိုးသည်။ သို့သော် ကြာသည် နှင့်အမျှ နေမြင့်လေ အချစ်ရင့်လေဖြစ်ခဲ့သည်။
ခုတော့ တတိယနှစ်ရောက်ပြီ။ အချိန်က တစ်နှစ်ကျော်ကျော်သာ ကျန်တော့သည်။ စတင်ရန် ဆုံးဖြတ် လိုက်သည်။

မို့မို့နှင့် မောင်ငြိမ်းချမ်း မြန်မာစာအဓိကဘာသာတူ အတန်းတူမို့ စာသင်ခန်းမှာ နေ့စဉ်တွေ့နေရ သည်။ ကြည့် လိုက်တိုင်း ယဉ်သည်။ နုသည်။ ရှက်တတ်သည်မို့ ကျက်သရေရှိသည်။ နှစ်သက်စိတ် တိုးရသည်။
တတိယနှစ် မြန်မာစာအဓိကကျောင်းသူ ကျောင်းသားများ ကျောက်ဆစ်လုပ်ငန်း စာတန်းပြုစုရန် မန္တလေး ဘုရားကြီး ကျောက်ဆစ်တန်းသို့ လေ့လာရေးထွက်ရာတွင် မို့မို့လိုက်ပါလာသည်။ မို့မို့နှင့် အတွဲဆုံး သူငယ်ချင်းလှလှရီကို မို့မို့မှာ ချစ်သူရှိမရှိမေးကြည့်သည်။ မရှိမှန်းသိသော်လည်း သေချာ အောင် မေးခြင်းဖြစ်သည်။
“အမယ်လေး ဒီလောက်ရှက်တတ်တာ....မေးမှမေးရက်တယ်...”
“ဒါဆို..... သူတစ်သက်လုံး ယောက်ျားမယူတော့ဘူးလား...”

“ဒါတော့ဘယ်သိမလဲ..”
လှလှရီကဆက်ပြောချင်ပုံမရ။
“ကျွန်တော် သူ့ကို မိတ်ဆက်စကား ပြောလို့ရမလား..”
မောင်ငြိမ်းချမ်း စူးစမ်းကြည့်ခြင်း ဖြစ်၏။
“အမယ်လေး မလုပ်ပါနဲ့ ရှက်တာ နဲ့ သေတောင်သွားအုံးမယ်”
မောင်ငြိမ်းချမ်း ဘာမျှမပြောချင်တော့ပါ။ မလွယ်ပါလားဟုလည်း စိတ်အားပျက်ရသည်။

မောင်ငြိမ်းချမ်းက ပြန်ခါနီးမှာ မို့မို့နှင့် အခန်းဖော် ထွေးထွေးနှင့် စကားပြောရင်း...
အခန်းနံပါတ် ဘယ်လောက်လဲ ... ဟုထွေးထွေးကို မေးသည်။
တစ်..နှစ်...သုံး ..မှတ်လို့လွယ်တယ်.....။
ထွေးထွေး က ပြောပြီးမှ သတိရသွားဟန်တူပါ၏။
ဘာလုပ်မလို့လဲ ... ဟုမေးသည်။
ဘာမှ မလုပ်ပါဘူး ...သိချင်လို့ပါ။

မေတ္တာ၊ သစ္စာ၊ စာလေးများ

မန္တလေးတက္ကသိုလ်၊ သစ္စာဆောင်၊ အခန်းအမှတ် ၁၂၃ သို့ လိပ်စာ တတ်ပြီး မောင်ငြိမ်းချမ်း စာတစ်စောင်ရေးလိုက်သည်။ ရှေးဦးရေးသားချက်များမှာ ဘယ်မိန်းကလေးမျှ စိတ်ဝင်စားမည် မထင်ပါ။ ကျေးလက် တောရွာမှာ အဘွားနှင့်နေရသူဖြစ်ကြောင်း၊ ဆင်းရဲ၍ ပညာသင်ထောက်ပံ့ ကြေးနှင့် ကျောင်းတက် ရကြောင်း၊ သို့သော် မိမိကိုယ်ကို ယုံကြည့်မှုရှိပြီး ဘ၀ကို အောင်မြင်အောင် ရိုးရိုးသားသား ကြိုးစား မည်ဖြစ်ကြောင်း၊ မို့မို့ကို စတွေ့ကတည်းက စိတ်ဝင်စားမိ၍ ရှက်တတ်လွန်း သည်ကိုလည်း အမြတ်တနိုး တန်ဖိုးထားမိကြောင်း၊ မိန်းကလေးတစ်ယောက်၏ အလှမှာ ရှက်ရွံ့မှုလေးပါမှ ပြည့်စုံ ကြောင်း.....

သို့သော် ရှက်တတ်လွန်းသူလေးကို အနှောင့်အယှက်ပေးသလို ဖြစ်မှာစိုး၍ စတင်ရန် ခက်နေကြောင်း၊ ယခု အခါ တတိယနှစ်ရောက်ကြပြီမို့ ကျောင်းပြီးရန်မလိုကြတော့သောကြောင့် စာရေးရခြင်းဖြစ်ကြောင်း...
မည်သို့ မြတ်နိုးမိပုံ ဘ၀အဖော်ကောင်းဖြစ်စေရန် ၀န်ခံကတိပြုပုံ၊ မေတ္တာ၊ သစ္စာများကို တတ်နိုင် သမျှ နုညက် ပြေပြစ်အောင် ကြိုးစားရေးသားခဲ့သည်။
တစ်ပတ်ကြာသော်လည်း ပြန်စာမရပါ။ ထူးခြားသည်မှာ မို့မို့ကျောင်းတက်ရန်လာသောအခါ ပို ရှက် နေသည်။ ခေါင်းပိုငုံ့သွားသည်။ မောင်ငြိမ်းချမ်းကို သာမက သူ့သူငယ်ချင်းသုံးယောက်မှ လွဲ၍မည်သူ့ကိုမျှ မကြည့် တော့ပါ။

နေက်တစ်ပတ်မှာ စာတစ်စောင်ထပ်ရေးပါသည်။ အကောင်းဆုံးသော မေတ္တာဘွဲ့နှင့် သစ္စာတိုင်ဖြစ် အောင် ကြိုးစားသည်။ မည်သည့်ပြန်စာမျှမလာ။ ပို၍ထူးခြားသည်မှာ၊ မို့မို့၏ အခန်းဖော် ထွေးထွေးက မောင်ငြိမ်းချမ်း ကို မလိုမလား တင်းမာသောအကြည့်များနှင့် ဟန့်တားသည်။ မောင်ငြိမ်းချမ်းစိတ်မကောင်း ဖြစ်ရ၏။ သို့သော် တတိယတစ်စောင် ထပ်ပြီးရေးသားပေးပို့သည်။
မောင်ငြိမ်းချမ်း နေ့လယ်ကျောင်းဆင်း၍ အခန်းပြန်သောအခါ အခန်းတံခါးဖွင့်လျှင် အသေအချာ ကြည့် သည်။ စာပို့သမားက စာများကိုအခန်းတံခါး၏ အောက်မှ ထိုးသွင်းထားလေ့ရှိသောကြောင့် ဖြစ်သည်။ အမှတ် တမဲ့ ၀င်သွားမိလျှင် ချစ်သူ၏ ပြန်စာလေးကို တက်နင်းမိမှာစိုးသည်။

သို့သော် မည်သည့်စာမျှမတွေ့ရ။ မောင်ငြိမ်းချမ်းကြိုးစားမှုကို မြင့်တင်လိုက်သည်။ တစ်ပတ် တစ်စောင် ရေးရာ မှ တစ်ပတ်နှစ်စောင်ရေးပို့သည်။ 
နှစ်ပတ်မှာလေးစောင်ရေးပို့ပြီးသောအခါ ထူးခြားမှုဖြစ်ပေါ်လာပါသည်။ သူနှင့်အခန်းဖော် ထွေးထွေးက ရှင်ဘယ်လို လုပ်တာလဲ။ ရှင်ရေးတဲ့စာတွေ မို့မို့နာမည်နဲ့ တစ်ပတ်နှစ်ခါ စာကပ်တဲ့ နို့တစ်စ်ဘုတ်မှာ ကပ်ထားတာ တွေ့လို့ မိုမို့ ကို လူတကာစနေကြပြီ။ မို့မို့ရှက်လွန်းလို့။ ရှင်ထပ်မရေး ပါနဲ့ ဟုပြောသည်။
သြော် ...ငါ ဘယ်လိုလုပ်ရပါ့..၊
ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ မရေးဘဲနေရမလား ဆက်ရေးရမလား။
ကိုယ့်ကြောင့် သူမ အရှက်မရစေချင်။ စိတ်အနှောင့်အယှက်မဖြစ်စေချင်။ မောင်ငြိမ်းချမ်း တစ်ပတ်လောက် စာမရေး ဘဲနေရသည်။ စိတ်ထဲကတော့ သိပ်ရေးချင်သည်။ အတွေးထဲမှာ အမြဲရေးနေမိသည်။
အို.... ကာယကံရှင်က တားတာမှ မဟုတ်ဘဲ...။

မောင်ငြိမ်းချမ်း နည်းနည်းလျှော့ပြီး တစ်ပတ်တစ်စောင်နှုန်းနှင့်  ဆက်ရေးသည်။ သုံးပတ်ရေးမိပြီး နေ့ခင်း ကျောင်းဆင်းချိန် အခန်းတံခါးဖွင့်လိုက်သောအခါ စာလေးတစ်စောင်တွေ့ရသည်။
မို့မို့ စာ ဖြစ်ပါစေဗျာ....။
စာလေးကိုအမြတ်တနိုးကောက်ယူပြီး အိပ်ရာခုတင်ပေါ်ပစ်လှဲ၍ ဖောက်ဖတ်လိုက်သည်။
အိုဟုတ်တာပေါ့.... မို့မို့စာ....။
ပျော်လွန်း၍ ရင်များခုန်နေသည်။ ရေးထားသည်ကတစ်ကြောင်းတည်း။ ဖတ်ကြည့်လိုက်သည်။
"လုံးဝမဖြစ်နိုင်ပါဘူးရှင်...ဟုရေးထားသည်။

သက်ပြင်းတစ်ချက်ချမိသည်။
သြော် ဘာလို့မဖြစ်နိုင်တာလဲ...မို့မို့ရယ်....။
ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။ ပြတ်သားစွာငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
သို့သော် မောင်ငြိမ်းချမ်းအားမလျှော့။ မဖြစ်နိုင်သည့်အကြောင်းကို စာရေးမေးသည်။ ချစ်သူရှိလို့လား အခြား ဘာကြောင့်လဲ၊ အမေးနှင့်အတူ သူ၏ခံစားချက်များကို စာရေးသည်။ ဘာမျှမပြန်၊ မပြန်လည်း အားမလျှော့၊ လျှော့၍လည်းမဖြစ်၊ ကိုယ်ကသူ့ကို သိပ်ချစ်နေပြီ။ ဘ၀အဖော်အဖြစ် တန်ဖိုးထား၍ မြတ်နိုး နေမိပြီ။ တစ်ပတ်တစ်စောင် မှန်မှန်စာရေးနေမိပြီ။

တတိယနှစ် ပထမနှစ်ဝက်ကုန်ဆုံးသည်အထိ ဘာစာမျှပြန်မလာ။ ဒုတိယနှစ်ဝက် ဆက်ရေးနေရသည်။ စာတစ်စောင် ပြန်လာပြီ။ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း။ အောင်မြင်ပြီကွဟု စိတ်အားထက်စွာ စာလေးကို ဖောက်ဖတ် လိုက်သည်။

မောင်ငြိမ်းချမ်း၏ စိတ်သဘောထားနှင့် သူ့အပေါ်ထားသော သံယောဇဉ်ကို နားလည်ပါကြောင်း ပြန်၍ မေတ္တာ ထားနိုင်အောင် ကြိုးစားကြည့်ကြောင်း သို့သော် သူ့ရင်ထဲမှာ မေတ္တာစိတ် လုံးဝဖြစ်မလာကြောင်း စိတ်ဝင်စားခြင်း လုံးဝမရှိပါကြောင်း။ တခြားတစ်ယောက်ယောက်ကို ပြောင်းလဲ၍ ဘ၀အဖော် ရွေးချယ် ပါရန် အကြံပြုပါကြောင်းရေးထားသည်။
စိတ်အားပျက်လိုက်သည်မှာ တစ်ကိုယ်လုံး အရိုးပျော့ရောဂါရသွားသလို ခံစားရသည်။ ရင်ထဲမှာလည်း နာကျင် ရသည်။

သူက ကြိုးစား တောင်ကြည့်ပေးသေးသည်။ မောတ္တာစိတ် လုံးဝမဖြစ်ပါဆိုသော သူ့ရင်ထဲမှခံစားချက်ကို မောင်ငြိမ်းချမ်း ၀မ်းနည်းစွာ နားလည်လိုက်ပါသည်။ သည်ဘ၀ အတွက်တော့  မောင်ကြီးလက်လျှော့ နေလေ တော့ ဆိုသောသဘောဖြစ်သည်။ စာဆက်ရေးဖို့ပင် အားပျက်သွားမိသည်။
ထိုအချိန်တွင် မြန်မာစာအသင်းက ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှ ရွှေစာရံစေတီသို့ ပျော်ပွဲစားခရီးထွက် သည်။ အနော်ရထာ နှင့် ရှင်မွန်လှ တို့၏ ကြေကွဲစရာအလွမ်းဇာတ်၏ အထိမ်းဘုရား။ မောင်ငြိမ်းချမ်း ရင်ထဲမှာ အလွမ်း တွေနှင့် ဝေနေသည်။

ထိုပျော်ပွဲစားခရီးသို့ မို့မို့လည်းသူ့သူငယ်ချင်းများနှင့်အတူ လိုက်ပါလာသည်။ စခန်းချရာ သရက်ပင် တောအုပ် မှ ရွှေစာရံဘုရားဆီသို့ မောင်ငြိမ်းချမ်းလျှောက်သွားသောအခါ သူငယ်ချင်းနှစ်ယောက်နှင့် အတူ ရွှေစာရံဘုရား မှ ပြန်လာသော မို့မို့တို့နှင့် လမ်းမှာဆုံသည်။ နွဲ့နွဲ့လေးယဉ်ကျေးစွာ လျှောက်သောမို့မို့ကို အဝေး မှပင် သတိထားမိသည်။ ကြိုးစားကြည့်သည်ပင် ကိုယ့်ကိုလုံးဝ မေတ္တာ စိတ်မဖြစ်ပါဆိုသော မိန်းကလေး။ ရင်ထဲမှာ နာကျင်စွာခံစားရသည်။ သူ့ကိုမကြည့်တော့ဘဲ ခေါင်းငုံ့၍ ရှောင်ခဲ့သည်။ သြော်.... ပင်ပန်းဆင်းရဲ သောအလွမ်းဝေဒနာ။
ထမင်းစားပြီး၍ ပါဆယ်ဂိမ်းကစားကြသောအခါ မြန်မာစာအသင်း အတွင်းရေးမှူးဖြစ်သော မောင်ငြိမ်းချမ်း က ပထမဆုံး ပါဆယ်ထုပ် ရသည်။ ဖွင့်ဖောက်လိုက်သောအခါ-
သီတာဒေဝီ ကဲ့သို့ ချစ်စဖွယ်အလှသွေးကြွယ်သော မိန်းကလေးကို ရွေးချယ်ပေးပါ။ ဟုရေးထားသည်။

နှစ်ခါ စဉ်းစားစရာ မလို။ နှစ်ယောက်မရှိ တစ်ယောက်တည်းပါ။ မို့မို့ထိုင်နေရာဆီသို့ လှမ်းကြည့်လိုက် သည်။ မို့မို့ သာမက သူ့သူငယ်ချင်းများပါ ခေါင်းငုံ့ထားကြသည်။ အခန်းဖော်ထွေးထွေး တစ်ယောက် သာ မောင်ငြိမ်းချမ်း ကို တင်းမာသောအကြည့်နှင့် ဟန့်ထားနေသည်။
အားလုံး စိတ်ဝင်စားနေကြသည်။ မောင်ငြိမ်းချမ်း ဘယ်သူ့ကိုပေးမည်နည်း။
ပေးမှာစိုး၍ ခေါင်းငုံ့နေသော ရှက်တတ်လွန်းသည့်မိန်းကလေး။ ကိုယ့်ကိုလုံးဝ စိတ်ဝင်စား၍ မရသော မိန်းကလေး ကို မပေးချင်တော့ပါ။ အလာခရီး မှာ ကျေးဇူးရှင်ဆရာမကြီး ဒေါ်မိမိလေးနှင့်အတူ
ကားစီးခဲ့ရာ ထို ဘတ်စ်ကားပေါ်မှာ ပါလာသော မိန်းကလေးတစ်ယောက် ကို ဆရာမကြီးက ညွှန်ပြသည်။ ဖြူဖြူနုနု ချောချော လှလှလေး ပထမနှစ်ကျောင်းသူမို့ အသက်ကလည်း ငယ်သေးသည်။ 
သဘောမကျဘူးလား ....ချစ်သူမရှိသေးရင် အဲဒီမိန်းကလေးကိုရွေး....။

တက္ကသိုလ်မှာ ဘ၀အဖော်ရသွားစေချင်သော ဆရာမကြီးက ခပ်တိုးတိုးလေးအကြံပေးသည်။
မောင်ငြိမ်းချမ်း ဆုံးဖြတ်လိုက်ပါသည်။ ပါဆယ်ထုပ် ကို ထိုမိန်းကလေးထံ သွားပေးလိုက်သည်။ ပြုံးပြုံးလေး ပါဆယ်ထုပ် လက်ခံယူသော မိန်းကလေးကိုကြည့်ပြီး အားလုံးသဘောကျစွာ လက်ခုပ် သြဘာ ပေးကြသည်။ ပါဆယ်ထုပ်ကစားသည့် ကာလတစ်လျှောက်လုံး ထိုမိန်းကလေးထံသို့ ပါဆယ်ထုပ် လေးခါ ပြန်ရောက်သည်။ ထိုမိန်းကလေးသည် ပျော်ပွဲစားခရီးစဉ် ၏ အလှမယ် ကြယ်တစ်ပွင့် ဖြစ်သွားသည်။

မောင်ငြိမ်းချမ်း ကို လည်း လှပသော မိန်းကလေးကို မြင်တတ်ပေသည် ဟုသူငယ်ချင်းများက ချီးကျူး ကြ သည်။
အပြန်ခရီးတွင် မို့မို့ပါသောကားပေါ်မှာလိုက်ခဲ့ရန် သူငယ်ချင်းများက လှမ်းခေါ်သည်။ မောင်ငြိမ်းချမ်း ခေါင်းခါ ပြ လိုက်သည်။
သီတာဒေဝီ မင်းသမီးလေးပါသော ကားကိုလည်း မောင်ငြိမ်းချမ်း မလိုက်ဖြစ်ပါ။ သို့သော် ဘာကြောင့်မှန်း မသိ။ ထိုကားထွက်သွားသည် ကို ငေးကြည့်နေမိသည်။ လူကစိတ်နှင့်ကိုယ်နှင့် မကပ်ချင်။ ကိုယ် အမြတ်တနိုး တန်ဖိုးထား၍ ချစ်မိသူ က ကိုယ့်ကိုလုံးဝစိတ်မ၀င်စားပါဆိုသော စာအတွက် ရင်မှာ နာကျင် ခံစား နေရသည်။ ဘာဆက်လုပ်ရမှန်းလည်းမသိ။ ငေးငေးငိုင်ငိုင် ကျန်ရစ်ခဲ့သော မောင်ငြိမ်းချမ်း နောက်ဆုံး ကျန်သော ကားနှင့် လိုက်ပါလာခဲ့သည်။

ချစ်ကြည်နူးစရာအပျော်ရက်များ

ရွှေစာရံခရီးမှ ပြန်လာပြီးသုံးရက်မှာ နေ့ခင်းအခန်းပြန်လာသောအခါ စာလေးတစ်စောင် ရောက်နေသည်။ သိပါသည်။ မို့မို့လက်ရေး။ သို့သော် စိတ်အင်အားမတက်မိပါ။ စာကို ဖောက်ဖတ်လိုက်သည်။ ရေးထားသည် က တစ်ကြောင်းတည်း။

ကိုငြိမ်းချမ်း

ရှင်လိုချင်တဲ့အဖြေပေးလိုက်ပြီ
မို့မို့

မယုံနိုင်စရာ။ မောင်ငြိမ်းချမ်း အံ့သြ၀မ်းသာဖြစ်ရသည်။
" အောင်ပြီကွ။ ငါ့ဘ၀မှာ အရချင်ဆုံးဆန္ဒပြည့်ပြီ ... "
တစ်ကိုယ်လုံးမှာ အပျော်တွေပြန့်ပြီး အားအင်တွေ ပြည့်သွားသလို ရွင်လန်းတက်ကြွနေသည်။ မြန်လိုက်သည့်အပြောင်းအလဲ လောကမှာ ပျော်စရာအကောင်းဆုံးလူ။ ကံအကောင်းဆုံးလူ ဟု ကိုယ့်ဘာသာခံစား ရသည်။

၀မ်းသာအားရ စာရှည်ရှည်တစ်စောင်ရေးပြီး စာတိုက်ပုံးရှိရာသို့ ပြေးခဲ့ရသည်။
ချစ်သူရှိပြီ။ ငါ့မှာ ချစ်သူရှိပြီ။ ရဖို့ခက်တဲ့ အလွန်ရှက်တဲ့မိန်းကလေးရဲ့ မေတ္တာကိုရပြီ။ တစ်သက်လုံး အမြတ်တနိုး ချစ်ရမယ့်ချစ်သူ၊ တစ်သက်တာ အတွက်ဘ၀အဖော် ပျော်လိုက်တာ။
မောင်ငြိမ်းချမ်း ၏ ခြေကမြေမှာမထိ။ လေမှာ လမ်းလျှောက်နေရသည်။
မောင်ငြိမ်းချမ်းစာထည့်ပြီး တစ်ပတ်အတွင်းမှာ စာပြန်လာသည်။ ချစ်သူထံမှစာ။ အတိအကျချစ်သူဖြစ်သွားပြီ၊ ချစ်စရာကောင်းသော အနုအနွဲ့ အလှအပ သိင်္ဂါရ ရသများကို ဖတ်ရတော့မည်။ ကြည်နူးစိတ်နှင့် စာ ကလေး ကို ဖောက်ဖတ်လိုက်၏။ ရေးထားသည်က တိုတိုလေး။

သူနဲ့ချစ်သူ ဖြစ်တဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ပါလာဆောင် (ဧည့်ဆောင်) ကိုလည်း မလာပါနဲ့။ လမ်းတွေ့ရင် စာသင်ခန်းမှာ တွေ့ရင်လည်း နှုတ်မဆက်ပါနဲ့။ အရင်ကလိုပဲနေပါတဲ့။
ချစ်သူ ၏ ပထမဆုံး အမိန့်ပေးစကား။ ဟုတ်တာပေါ့ သူက ရှက်တတ်တာကိုး။ တော်သေးသည်က ဘယ်သူ့ မှမပြောရသေး။ ချစ်သူဆန္ဒအတိုင်း မောင်ငြိမ်းချမ်း လိုက်နာပါသည်။ စာကလေးများနှင့်သာ အချစ်သည်း နေရသည်။

စာသင်ခန်းမှာ မြင်ရသည့်အခါ အရင်ကနှင့်မတူ " အဲ့ဒါငါ့ချစ်သူဟု ရင်ထဲမှာ ကျေနပ်မိသည်။ သို့သော် တစိမ်းတွေလို နေရသည်က လွမ်းစရာ မောင်ငြိမ်းချမ်း မို့မို့ကို ချစ်နေတာ သူငယ်ချင်းအားလုံးသိသည်။ အခန်း ဖော် ကိုထွန်းတင် က မောင်ငြိမ်းချမ်းစာတွေရေး စာတွေသွားထည့်တာကို ကြည့်ပြီ
" ကိုယ့်လူလုပ်မနေနဲ့ ဟိုက ဒီလောက်ရှက်တတ်နေတာ။ ချစ်တတ်တဲ့စိတ်လည်း ဖြစ်မှာမဟုတ်ဘူး။ ကြိုးစား နေလဲ သေတောင်ရမှာ မဟုတ်ဘူး... "
မောင်ငြိမ်းချမ်းရင်ထဲမှာ ပြုံးလိုက်သည်။

" ရပြီ ... ရပြီ သေတောင်မဟုတ်ဘူး ခုတောင်ရနေပြီ ... "
မောင်ငြိမ်းချမ်းကြွားလိုက်ချင်သည်။ သို့သော် ကြွား၍ ရင်ထဲမှာ မျိုသိပ်ထားရသည်က တစ်မျိုးတော့ ကြည်နူးစရာ။ ပျော်စရာ။
မို့မို့ထံမှလာသော စာတစ်စောင်တွင် ပဟေဠိပုစ္ဆာတစ်ခုပါလာသည်။ လုံးဝမဖြစ်နိုင်ကြောင်း ငြင်းဆန် နေရာ မှ ဘာကြောင့်ခုလို အဖြေမြန်မြန်ပေးရသည်ကို စဉ်းစားကြည့်ပါ။ စဉ်းစားလို့ရရင်ပြောပါ ... " ဟူ၍ ဖြစ်သည်။
မှန်သည်။ ဤမေးခွန်းမေးဖို့ကောင်းသည်။ စဉ်းစားဖို့လည်းကောင်းသည်ဟု မောင်ငြိမ်းချမ်းသဘောကျသည်။ စဉ်းစား သည်။
ရွှေစာရံပျော်ပွဲစားမှအပြန်တွင် အဖြေရခြင်းဖြစ်သည်။ သီတာဒေဝီလို မိန်းကလေးကို သူပါဆယ်ထုပ်ပေးခဲ့ လို့လား။ ဖြစ်နိုင်သည်။ သူ့ရင်ထဲမှာ ဖြစ်ပေါ်လာသော မနာလိုစိတ်၊ မကျေနပ်စိတ်များက အချစ်ကို ပေါက် ကွဲ ပေါ်ထွက်လာစေတာဖြစ်မည်။

ထိုအကြောင်း ကို မောင်ငြိမ်းချမ်းစာရေး၍ အဖြေပေးလိုက်သည်။ နောက်တစ်ပတ်မှာ မို့မို့ထံမှ စာပြန်လာ သည်။ မောင်ငြိမ်းချမ်း ပဟေဠိ အဖြေမှန်မမှန်သိချင်စိတ်နှင့် စာကို အမြန်ဖောက်ဖတ်လိုက်သည်။ အဖြေမှန် ပါလာပါသည်။ " သီတာဒေဝီလို မိန်းကလေးနှင့် ပတ်သက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ မိန်းကလေး ကို ပါဆယ်ထုပ်ပေးလို့တော့မဟုတ်ပါဘူး။ ပါဆယ်ထုပ်ပေးတဲ့အချိန်မှာ အဲဒီ မိန်းကလေးကို လှမ်းကြည့်မိ တော့ ချောလိုက် လှလိုက်တာ သူဘယ်လိုများ ရှာတွေ့ထားပါလိမ့်လို့ အံ့သြစိတ်တော့ ဖြစ်မိ ပါတယ်။ ဒါပေမဲ့ မနာလိုစိတ် ချစ်စိတ်ဘာမှမဖြစ်ပါဘူး။ အဲဒီ မိန်းကလေးကို ပြောင်းချစ်သွားရင်လဲ ကောင်းတာပဲ လို့ ၀မ်းသာစိတ်တောင် ဖြစ်မိတယ်"

ရွှေစာရံကအပြန် ကားတွေထွက်ခါနီးတော့ မောင်ငြိမ်းချမ်းရပ် ကျန်ခဲ့တာကို တွေ့တယ်။ သူငယ်ချင်း တွေက မို့မို့ပါတဲ့ကားပေါ်ကနေ လိုက်ခဲ့ဖို့ခေါ်တာကို မလိုက်ဘဲချန်ခဲ့တာကို သတိထားမိတယ်။
အဲဒီအချိန် မှာ သီတာဒေဝီပါတဲ့ ပထမနှစ်ကျောင်းသူ ကျောင်းသားတွေ ကားထွက်သွားတာကို ငေးငေး ငိုင်ငိုင်လှမ်းကြည့်ပြီး ကျန်ရစ်တာကို မြင်ရမှ စိတ်ထဲမှာ သနားသလို လွမ်းသလိုခံစားရတယ်။ မျက်ရည်ကျ ချင်လာလို့စိတ်ကို တင်းထားရတယ်။ အဲဒီမှာ ကိုယ့်ဘာသာသိလိုက်ပါတယ်။ ပိတ်နေတဲ့တံခါးပွင့်သွားသလိုလဲခံစားရပါတယ်။ ဒါကြောင့်မို့ ဟန်ဆောင်မနေတော့ဘဲ ချက်ချင်းစာပြန်လိုက်တာပါ။ သီတာလို မိန်း ကလေး ကို ချောတယ်လို့ သဘောကျရုံကလွဲပြီး ဘာမှ မနာလိုစိတ်မဖြစ်ပါဘူး။ ဒါပေမဲ့ သူ့ကို အကြောင်းပြု ပြီး ရင်ထဲမှာ ငုတ်နေတဲ့အချစ် ထွက်ပေါ်လာရလို့ အဲဒီ မိန်းကလေးကို ကျေးဇူးတင်ပါတယ် ... " ဟု ရေး ထားသည်။

အိုကောင်းလိုက်တာ မယ်သီတာလို မိန်းကလေးကို မောင်ငြိမ်းချမ်း ကိုယ်တိုင်လည်း ကျေးဇူးတင်မဆုံးဖြစ် ရသည်။ သူ့ကြောင့်သာမဟုတ်လျှင် ငုတ်နေသော အချစ်စိတ် နောက်ဆုံးနှစ်ပြီးသည်ထိ မဖြစ်ပေါ်ခဲ့လျှင် ဒုက္ခ ဟု ရင်မောစွာတွေးရသည်။
ထိုမှ နောက်မှာတော့ စာကလေးများက ပို၍ နုညက်စွာ အချစ်ကို ခံစားကြရသည်။ လူချင်း မဟုတ်သော် လည်း စာချင်းမှတဆင့် နှလုံးသားချင်း ရင်းနှီးမှု ခရီးပေါက်ခဲ့ပြီ။ ဤနည်းဖြင့် တတိယနှစ်ကုန်သွားခဲ့သည်။
မို့မို့က သူ့ဇာတိ မုံရွာကိုပြန်သည်။ မောင်ငြိမ်းချမ်းက စဉ့်ကိုင်မြို့နယ်ထဲမှ သူ့ဇာတိရွာလေးကို ပြန်ခဲ့သည်။ ဝေးသော်လည်း စာရေးမပျက်ပါ အဝေးမှလာသော စာလေးများကို ဖတ်၍ ချစ်သူနှင့် နီးနေရသည်သို့ ခံစား ရသည်။

ကျောင်းပြန်ဖွင့်၍ ကျောင်းပြန်တက်သောအခါ နှစ်ယောက်စလုံး စတုတ္ထနှစ် နောက်ဆုံးနှစ်သို့ ရောက်ကြပြီ။
ချစ်သူအဖြစ် အတိအလင်းဖြစ်ခွင့်ပြုရန်နှင့် နှစ်ယောက်အတူ အပြင်ထွက်လည်ခွင့်ပြုရန် မို့မို့ ကို မောင်ငြိမ်း ချမ်း ခွင့် တောင်းသည်။
နောက်ဆုံးတော့ မို့မို့ခွင့်ပြုသည်။ သို့သော် ကန့်သတ်ချက်ရှိသည်။ ယခုလာမည့် တနင်္ဂနွေ မနက် (၅)နာရီ သစ္စာဆောင် အနောက်ပေါက်မှာ လာစောင့်ရန်။ ဘယ်သူမှမသိစေဘဲ တက္ကသိုလ်မှထွက်ခွာ၍ ပြင်ပ တစ် နေရာ မှာ တွေ့ဆုံရန်ဖြစ်သည်။

မောင်ငြိမ်းချမ်း သဘောတူသည်။ ရွှေကြက်ယက်ကို သွားကြရန် မောင်ငြိမ်းချမ်းကညှိနှိုင်းသည်။ ကိုယ်သွား ဖူး၍မဟုတ်။ သွားဖူးသူပြောသည်ကို ကြားဖူး၍ဖြစ်သည်။
တနင်္ဂနွေနေ့မနက် (၄)နာရီကတည်းက မောင်ငြိမ်းချမ်း အိပ်ရာမှထပြီး ပြင်ဆင်သည်။ (၅)နာရီမထိုးမီ သစ္စာဆောင် အနောက်ဘက်ပေါက်တည်ပင်လေးအောက်မှာ ရောက်နေသည်။ စောင့်နေရသည်ကပင် ကြည်နူး စရာ။ ကမ္ဘာဦးသူတို့ နေနှင့်လကိုမျှော်ရသည်ထက်ပင် ကြီးကျယ်မည်ထင်ပါသည်။ လမ်းလျှောက် ပင်တန်းလေး နှစ်ဖက် ၏ အလယ်မှ ကွန်ကရစ်လမ်းလေးအတိုင်း ကနွဲ့ကလျလျှောက်လှမ်းလာမည့်ချစ်သူ ကို မျှော်လင့်ကြီးစွာ စောင့်နေရသည်။

လာပြီ။ (၅)နာရီမထိုးမီ (၅)မိနစ်မှာ ထွက်လာသည်။ အို ... လှလိုက်တာ လုပ်လဲ့လုပ်လီ ... သီကရီ လျှောက်လှမ်းလာသည့် ချစ်သူလေး။ ကမ္ဘာပေါ်မှာ အလှဆုံးမြင်ကွင်း။ ကြုံခဲ့ရသမျှ မနက်များစွာမှာ အသာယာဆုံး နံနက်ခင်း။
ခေါင်းလေးငုံ့လျက်လျှောက်လာနေသည်။ မောင်ငြိမ်းချမ်းရှိနေမည့်နေရာသို့ လုံးဝမကြည့်။
စိမ်းနုရောင် ၀တ်စုံလေးက နံနက်ခင်းနှင့်လိုက်ဖက်လှ၏။ ခေါင်းမှဆံထုံးတွင် ဖြူလွသော စံပယ်ပန်းကုံး လေး ပန်ထားသည်။
ခြေတစ်လှမ်းရှေ့သို့ တိုးလာတိုင်း မောင်ငြိမ်းချမ်း၏ရင်ခုန်သံတစ်ချက်တိုး၍မြန်နေသည်။
စိတ်ကူးယဉ် မဟုတ်။ အိပ်မက်မဟုတ်။ တကယ့်အဖြစ်ဆိုသည်ကို ၀မ်းသာကြည်နူးစွာ အတည်ပြု နေမိသည်။
တံခါးပေါက်နား အထိ သွားကြိုရပ်နေလိုက်သည်။

မို့မို့ထွက်လာပုံမှာ ခမ်းနားကြီးကျယ်စွာလှပနေသည်။
တံခါးပေါက်လေးမှ အပြင်သို့ ထွက်လာပြီ။ မောင်ငြိမ်းချမ်းကိုမကြည့်ပါ။ နှုတ်လည်းမဆက်ပါ။ မောင်ငြိမ်းချမ်း အလိုက်သိစွာ ဘာမျှမပြောဘဲ ဘေးချင်းယှဉ်၍ အတူလျှောက်လာခဲ့သည်။ ချစ်သူနှင့် အတူ တွဲ ၍ ပထမဆုံးအကြိမ် လမ်းလျှောက်ဖူးခြင်းဖြစ်သည်။
ကျောင်းသူ ကျောင်းသားများ အိပ်ရာမထကြသေး။ မထွက်ကြသေး။ မို့မို့ မရှက်ရသည့်အတွက် ၀မ်းသာရ သေးသည်။
မိန်းအဆောင်ကြီးရှေ့မှ လမ်းသို့ ရောက်သောအခါ မြင်းလှည်းတစ်စီးမောင်းလာသည်။ မောင်ငြိမ်းချမ်းက မြင်းလှည်း ငှားပြီး မို့မို့နှင့်အတူ မြင်းလှည်းပေါ်တက်ကြသည်။ ခုံနှစ်ခုမှာ မျက်နှာချင်းဆိုင်ထိုင်ကြသည်။ မြင်း လှည်းသမားကြီးနှင့် ဈေးစကားပြောပြီး ဘုရားကြီး အနောက်မုခ်သို့ လိုက်ပို့ခိုင်းသည်။

မြင်းလှည်းသမားက ထိန်းထားသောမြင်းဇက်ကြိုးနှစ်ချောင်းကို ဖျောင်းခနဲမြည်အောင် မြင်းကျောပေါ်သို့ ပုတ်လိုက်သည်။ မြင်းကလေး ပြေးထွက်သွားသည်။
မြင်းခွာနှင့် ကတ္တရာ လမ်းထိပြီး ထွက်လာသည့်အသံမှာ မောင်ငြိမ်းချမ်းအတွက် ကမ္ဘာပေါ်မှာ အသာယာဆုံးဂီတ။ မြင်းလှည်းသမားကြီး ကြာပွတ်ဝှေ့ရမ်းသောလက်မှာ ကမ္ဘာပေါ်တွင် အလှဆုံးအက။
မောင်ငြိမ်းချမ်းရင်ထဲမှာ ပျော်နေသည်။ လေတိုက်တာလည်းလှသည်။ သစ်ရွက်ကြွေ တာလည်းလှသည်။ မြင်မြင်သမျှ အကုန်လှနေသည်။
မျက်နှာချင်းဆိုင်ထိုင်သော်လည်း တစ်ယောက်ကို တစ်ယောက် မကြည့်ကြ။ လက်ကလေးချင်းပင် မထိမိကြ။ ကြည့်စရာလည်းမလို၊ ထိစရာလည်း မလို၊ နှလုံးသားချင်းမြင်နေရသည်။ နှလုံးသားချင်း နားလည် နေကြပြီ။

နံနက်ခင်း၏ အလင်းနုလေးမှာ ရွှေရောင်တ၀င်းဝင်းနှင့် မဟာမြတ်မုနိ ဘုရားကြီး လှမ်းမြင်ဖူးမြော်ရသည်။ မို့မို့ လက်အုပ် ကလေးချီလိုက်သည်။ ကြည့်၍ကောင်းလှသည်။
အနောက်မုခ် စစ်ကိုင်းသွားသောလမ်းမှာ မြင်းလှည်းပေါ်မှ ဆင်းကြသည်။ မကြာမီ စစ်ကိုင်း ကားတစ်စင်း ရောက် လာသည်။ မောင်ငြိမ်းချမ်း လက်ပြထားသည်။ ကားရပ်သည်။ ကံကောင်းလေစွ၊ မနက်စောစော ဖြစ်နေ ၍ ကားရှေ့ခန်းမှာ လူမပါ။ နှစ်ယောက်အထူ ကားရှေ့ခန်းမှာစီးခွင့်ရသည်။
ဘေးချင်း ထိကြပြီ။ လက်မောင်းချင်းထိကြပြီ။ နွေးထွေးနုညက်သော အတွေ့အထိများ။ လူချင်းပို၍ ရင်းနှီး သွားကြပြီ။
မို့မို့ က ယူလာသည့် သကြားလုံးလေးတစ်လုံး မောင်ငြိမ်းချမ်းကို ပေးသည်။ ပေးပုံက အခွံလေးပါ ခွာပေးခြင်း ဖြစ်သည်။ ရင်ထဲမှာ ကြည်နူးလိုက်ရသည့်ဖြစ်ခြင်း။ မွှေးလိုက်ချိုလိုက်။ ကောင်းလိုက်သည့် သကြား လုံး။ 

စကားလေးတွေ ပြောလို့ရကြပြီ။ ကားမောင်းသူ မမြင်အောင် လက်ကလေးချင်း ဆုပ်ထားမိကြပြီ။
" မရှက်တော့ ဘူးလား ... "
မောင်ငြိမ်းချမ်းကမေးတော့ မို့မို့က မောင်ငြိမ်းချမ်း၏ ပခုံးကိုထုသည်။
" အို ... တစ်သက်လုံး အထုခံချင်စမ်းပါဘိ "
မော်တော်ကား ခရီး ၏ ခဏတာလေးအတွင်းမှာပင် ရင်းနှီးခင်မင်မှုက အတော်ခရီးပေါက်ခဲ့လေပြီ။
ဤခရီးစဉ်လေး မပြီးစေချင်၊ မကုန်စေချင်။ စက္ကန့်တိုင်းမှာ ကြည်နူးစရာပျော်စရာ၊ ရှုခင်းအလှများကို နှစ်ယောက် အတူကြည့်ကြ၊ ခံစားကြရသည်။
ရွှေကြက်ယက်လမ်းဆုံရောက်သောအခါ နှစ်ယောက်အတူ ဆင်းကြသည်။ မောင်ငြိမ်းချမ်းက အရင်ဆင်းပြီး လက်ကလေးကမ်းပေးသည်။ မို့မို့က မောင်ငြိမ်းချမ်းလက်ကို အားပြုပြီး ကားပေါ်မှ ဆင်းသည်။ နှစ်ယောက် အတူလျှောက်ခဲ့ကြ၏။

မီးရထားလမ်း ကို ကျော်ပြီးသောအခါ ရွှေကြက်ယက်သွားသော လမ်းကျယ်ကြီးကို တွေ့ရသည်။
အံ့သြစရာ တိုက်တိုက်ဆိုင်ဆိုင် လမ်းမကြီး၏ ဘေးနှစ်ဘက်မှာ တန်းစီရှိနေကြသည့် လက်ပံပင်ကြီးများ အားလုံး ပွင့်နေကြသည်။ လှလိုက်သည့်ဖြစ်ခြင်း။ တစ်လမ်းလုံးရဲရဲနီနေသည်။ အပင်ပေါ်မှာလည်း နီသည်။ အပင်အောက် လမ်းပေါ်မှာလည်း လက်ပံပွင့်ကြွေများနှင့်နီနေသည်။ ဆက်၍လည်း တဖြုတ်ဖြုတ် ကြွေ နေဆဲ။
ကြွေကျလာသော လက်ပံပွင့်တစ်ပွင့်ကို မောင်ငြိမ်းချမ်း မိအောင်လိုက်ဖမ်းသည်။ မိသည်။
မို့မို့ကို ပေးသည်။ မို့မို့က ပန်ရသည်လည်း မဟုတ်ဘဲနှင့် ၀မ်းပန်းတသာ လက်ခံယူသည်။ သူလည်း ပျော် နေ ရှာသည်။ အတော်လေးသွားမိသောအခါ။

" ရေဆာလိုက်တာ ... "
မို့မို့က မောင်ငြိမ်းချမ်းကိုပြောသည်။
မောင်ငြိမ်းချမ်းသွားရင်းလာရင်း ဟိုဟိုသည်သည်ကြည့်သည်။ တွေ့ပြီ ဟိုမှာ။ ထန်းလက်မိုးထားသော ရေအိုးစင်လေး က စိုစိမ့်နေသည်။ ရေအိုးဖုံးပေါ်မှာ ရေညှိတက်၍ စိမ်းနေသော ရေမှုတ်ကလေး က မှောက်လျက်။
ရေအိုးစင်ရှိရာသို့ နှစ်ယောက်အတူ လျှောက်သွားကြသည်။ (ထိုအချိန်က ရေသန့်ဘူးခေတ်မဟုတ်သေး။ ဘီပိုး လည်း မသိ စီပိုးလည်းမကြားဘူး။)
မောင်ငြိမ်းချမ်းရေတစ်မှုတ်ခတ်ယူပြီး မို့မို့ကိုပေးလိုက်သည်။ မို့မို့က တစ်ဝက်ကုန်အောင်သောက်ပြီး ကျန် တစ်ဝက် ကို မောင်ငြိမ်းချမ်းထံ ပြန်ပေးသည်။ သူသောက်၍ ကျန်သောရေကို သောက်ရန် ပေးခြင်း ဖြစ်သည်။ သူ့ကို ရွံမရွံစမ်းခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်းမရွံရုံမက အမြတ်တနိုးပင် တန်ဖိုးထား၍ မော့ သောက် လိုက် သည်။ ရေငတ်မပြေသေး။

နောက်တစ်မှုတ်ခတ်ပြီး မောင်ငြိမ်းချမ်းတစ်ဝက်သောက်လိုက်သည်။ ကျန်တစ်ဝက်ကို မို့မို့ထံ လှမ်းပေးသည်။ ပြန်လည်၍ စမ်းသပ်ခြင်းဖြစ်၏။ မို့မို့ ကလည်း မရွံပါ။ မှုတ်ထဲမှာကျန်သောရေကို ကုန် အောင် သောက် လိုက်သည်။
တစ်ယောက် ကို တစ်ယောက် ကြည့်၍ ကြည်နူးစွာပြုံးနေမိကြသည်။ ငွေတစ်ပြားမှမကုန်ဘဲ တန်ဖိုး ကြီးသော ရေနှစ်မှုတ်ဖြစ်သည်။
ရွှေကြက်ယက်တောင်ခြေသို့ ရောက်သောအခါ ဘုရားသို့ရောက်အောင် တက်ခဲ့ကြ၏။ လက်ချင်းတွဲလိုက်၊ ပခုံးချင်းထိလိုက်။ မောသည်မထင်။ ပန်းသည်မသိ။ တောင်ပေါ်သို့ ရောက်သောအခါ နှစ်ယောက်အတူ ဘုရား ကန်တော့ပြီး ချစ်ခင်စွာ ပေါင်းရပါစေကြောင်း ဆုတောင်းကြသည်။

ပြီးသော် ရွှေကြက်ယက်ဘုရား၏ အနောက်ဘက်သို့ သွားသောအခါ အုပ်ဖွဲ့နေသော တရုတ်စကားပင်ကို တွေ့ရ သည်။ ဖြူဖွေးသော ပန်းလေးတစ်ပွင့်ကို မောင်ငြိမ်းချမ်းခူးယူပြီး မို့မို့ကိုပေးသည်။ မို့မို့က သူ့ဆံထုံး ၏ ညာဘက်ဘေးမှာ အမြတ်တနိုးပန်လိုက်သည်။
ပြီးတော့ တရုတ်စကားပင်အောက်မှ ကျောက်ထိုင်ခုံလေးပေါ်မှာ ဧရာဝတီမြစ်ဘက်မျက်နှာမူလျက် နှစ်ယောက် အတူဘေးချင်းယှဉ်ပြီးထိုင်ကြသည်။ မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုရား များကို နှစ်ယောက်အတူ ဖူးကြသည်။
"ဟိုဟာက ဆွမ်းဦးပုညရှင် ... ဟိုဟာက ဥမင်သုံးဆယ် ... ဟိုဟာက လွမ်းစေတီ ... ဟိုမှာက စစ်ကိုင်း တံတားကြီး ... "
တောင်အလှ၊ မြစ်ပြင်အလှ၊ သဲသောင်ဆိပ်ကမ်းအလှတို့ကိုလည်း ကြည့်ကြသည်။

" ဟိုသောင်ခုံပေါ်ကြည့် ဟင်္သာငှက်ကလေးနှစ်ကောင် "
မောင်ငြိမ်းချမ်းက ဟင်္သာငှက်ကလေးများကို အချစ်ငှက်ကလေးများအဖြစ် နှစ်ကောင်တွဲလျက် အမြဲနေတတ်ကြောင်း ပြောပြသည်။ မို့မို့ ဟင်္သာငှက်ကလေးနှစ်ကောင်ကိုကြည့်၍ ချစ်ခင်စွာ သဘောကျ နေ သည်။
မောင်ငြိမ်းချမ်းငှက်ကလေးများကိုကြည့်ရင်း ကိုယ့်ဘ၀ကို ပြန်စဉ်းစားမိသည်။ မို့မို့နှင့် ဝေးရမှာ စိုးရိမ် စိတ်ဖြင့် လွမ်းစေတီသို့ ငေးနေမိသည်။
မောင်ငြိမ်းချမ်းက ဆင်းရဲသား၊ တောသား၊ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းနေရသည်။
မောင်ငြိမ်းချမ်းက မို့မို့၏ အုပ်ထိန်းသူများအကြောင်း မေးမြန်းစူးစမ်းသည်။ မို့မို့မှာလည်း မိဘမရှိ။ အဘွား နှင့် အတူနေသည်။ သို့သော် မို့မို့မှာ ဝိုင်းဝန်းတာဝန်ယူအုပ်ထိန်း၍ ပညာသင်ပေးကြသော ဦးလေး များ အဒေါ် များက အားကောင်းသည်။

သူတို့အားလုံးက ချမ်းသာကြသည်။ ပညာတတ်ကြသည်။ ရာကြီးထူးကြီးရှိကြသည်။ မို့မို့ကို ကောင်းစွာ ထောက်ပံ့ကြ အ၀တ်အဆင်ကအစ တင့်တယ်အောင်ဆင်ကြ စောင့်ရှောက်ကြကြောင်း ပြောသည်ကို နား ထောင်ရင်း မောင်ငြိမ်းချမ်းစိတ်အားပျက်မိသည်။
မို့မို့ ၏ အုပ်ထိန်းသူများက သူ့လိုဘာမျှ မပြည့်စုံသူနှင့် လက်ထပ်ရန် သဘောတူပါ့မလားဟု မောင်ငြိမ်းချမ်း မေးကြည့်သည်။
မို့မို့က ရိုးရိုးလေးပင်ဖြေသည်။
" တူမယ် မထင်ပါဘူး " ဟူ၍
" အားတက်စရာကြီးပါလား "ဟု တွေးပြီး မောင်ငြိမ်းချမ်းပြုံးချင်မိသည်။ မြစ်ပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

သောင်ခုံပေါ်မှာ ဟင်္သာငှက်ကလေးတစ်ကောင်သာ ကျန်တော့သည်။ နိမိတ်မကောင်းဟုယူဆ၍ စိတ် မကောင်း။
" ဟိုမှာ ... ဟင်္သာဖိုလေးတစ်ကောင်တည်း ကျန်တော့တယ် ... ဟင်္သာမလေးက သူ့အုပ်ထိန်းသူတွေ သဘော မတူ လို့ ပျံသွားပြီ ... "
" အို ... ဟုတ်ပါရဲ့ ... "
ဟင်္သာလေးကို လှမ်းကြည့်ပြီး မို့မို့ စိတ်မကောင်းဖြစ်နေသည်။
" ဘယ်လိုဆိုရင် မို့မို့ အုပ်ထိန်းသူတွေ သဘောတူမလဲ "
မောင်ငြိမ်းချမ်း မေးသည်ကို အဖြေပေးရန် စဉ်းစားနေသည်။
မောင်ငြိမ်းချမ်း စောင့်နေရသည်မှာ ရင်မောစရာ။ ခဏကြာမှ။

" တက္ကသိုလ်မှာ ဆရာပြန်ဖြစ်ရင်တော့ သဘောတူမယ်ထင်တာပဲ။ မို့မို့ အနေနဲ့လည်း သဘောတူပေးဖို့ ပြော လို့ရမယ် ထင်တယ် ... "
" စိတ်ချ ဖြစ်အောင် ကြိုးစားမယ် ... "
မောင်ငြိမ်းချမ်းတက်တက်ကြွကြွ ပြောလိုက်သည်။ မဖြစ်နိုင်စရာ ဘာမျှ မရှိ။ မောင်ငြိမ်းချမ်း စာ ကြိုးစားသည်။ ပြီးခဲ့သည့် သုံးနှစ်လုံးလည်း ဂရိတ်ဖိုးထွက်ခဲ့သည်။ ယခုနှစ်လည်း နောက် ဆုံးနှစ် အစွမ်းကုန် ကြိုးစားမှာမို့ ဂရိတ်ဖိုးထွက်မှာသေချာသည်။ ဂရိတ်ဖိုးထွက်လျှင် နည်းပြဆရာလျှောက် မည်။ လူရည်ချွန် ရထားသည်မို့ နည်းပြခန့် မှာ သေချာသည်။ နည်းပြလုပ်ရင်း မဟာဝိဇ္ဇာဆက်တက်မည်။ တက္ကသိုလ် နယ်မြေတွင် ချစ်သူနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဘ၀အဆင့်ဆင့် မြင့်စေရမည်။

" ဒီကြားထဲမှာတော့ မို့မို့ က ကိုယ့်ကို စောင့်နေပေးပါနော် ... "
မောင်ငြိမ်းချမ်း မေတ္တာရပ်ခံသည်။
" စောင့်မှာပေါ့ ... စိတ်ချပါ ... "
မို့မို့က အခိုင်အမာကတိပြုသည်။
" ဟော ဟိုမှာကြည့်လိုက် မို့မို့ ... "
သောင်ပြင်မှာ ဟင်္သာငှက်လေးနှစ်ကောင်ပြန်ဖြစ်သွားပြီ ...။ ဟင်္သာမလေး ပြန်ရောက်လာပြီ။
သောင်ပြင်ဆီ လှမ်းကြည့်ပြီး မောင်ငြိမ်းချမ်းဝမ်းသာအားရ ပြောမိသည်။

" အို ... ဟုတ်ပါရဲ့ ... "
အတူတွဲလျက် ရှိနေကြသော သောင်စပ်မှ ဟင်္သာမောင်နှံကို ကြည့်၍ မို့မို့ ကြည်နူးဝမ်းသာဖြစ်နေရှာသည်။
မောင်ငြိမ်းချမ်းက မို့မို့ လက်ကလေးကို တင်းတင်းဆုပ်လိုက်သည်။
မို့မို့ကလည်း မောင်ငြိမ်းချမ်း၏လက်ကို တင်းတင်းလေး ပြန်ဆုပ်ထားလိုက်ပါသည်။
" နှစ်ယောက်အတူ ဘယ်တော့မျှ မခွဲပါဟူသော ခိုင်မာသည့် ဆုံးဖြတ်ချက်ကိုယ်စီနှင့်။
-------------------------
နောက်ဆုံးနှစ်စာမေးပွဲ

တက္ကသိုလ်၏နောက်ဆုံးနှစ်မှာ မို့မို့နှင့် မောင်ငြိမ်းချမ်းအတွက် တစ်သက်တာမမေ့နိုင်စရာ။
မို့မို့ရော မောင်ငြိမ်းချမ်းပါ အတန်းမှန်မှန်တက်ကြသည်။ အတန်းမှန်လျှင် ချစ်သူကို မြင်နေရသည် တွေ့နေရ သည်။ ညနေမှာ ပါလာဆောင်သွား၍ စကားပြောကြသည်။ မန်းတက္ကသိုလ်၏ ရေနီမြောင်းမှာ လမ်းလျှောက် ကြသည်။
ကျောင်းပိတ်လျှင် မဟာမြတ်မုနိသွား၍ ဘုရားဖူးကြသည်။ မန္တလေးတောင် စစ်ကိုင်းတောင်များသို့သွားကြ သည်။ ပြင်ဦးလွင် ကန်တော်ကြီးပန်းခြံ၊ 
ပွဲကောက်ရေတံခွန်စသည့် သာယာလှပသောနေရာများကို သွား လည်ကြသည်။

သူငယ်ချင်းများလည်း အားလုံးသိကုန်ကြပြီမို့ မို့မို့မရှက်တော့ပါ။ မို့မို့၏ အခန်းဖော်ထွေးထွေးကလည်း မောင်ငြိမ်းချမ်း နှင့် အလွန်ရင်းနှီးသော သူငယ်ချင်းဖြစ်နေပြီ။ မို့မို့၏ သူငယ်ချင်း မိန်းကလေးများအားလုံး မောင်ငြိမ်းချမ်း ၏ သူငယ်ချင်းများ ဖြစ်ကုန်ကြပါပြီ။ မောင်ငြိမ်းချမ်း၏ သူငယ်ချင်းအားလုံး မို့မို့နှင့် ရင်းနှီး ချစ် ခင်နေကြပြီ။
အလွန်ချစ်စရာကောင်းသော ချစ်သူလေးကိုရထားပြီမို့ မောင်ငြိမ်းချမ်း၏ဘ၀မှာ ပြည့်စုံနေပြီ။ 
စိတ်‌လေလွင့် စရာဘာမျှမရှိ။ စာကို ယခင်နှစ်များကထက် ပိုကြိုးစားသည်။ ကျောင်းမပျက်သလို ညတိုင်း စာကြည့်မပျက်။ စာမေးပွဲ မှာ မေးနိုင်သည့် မေးခွန်းများကို ကြိုထုတ်ပြီး အဖြေများပါ အသင့်ရေးထားသည်။
ပါမောက္ခ သင်ကြားသော မွန်ကျောက်စာမှာ ခက်သည်။ နှစ်စဉ် အကျများသည်။ မြစေတီမွန်ကျောက်စာ ကို အရှည်ကြီးဖြစ်၍ စာမျက်နှာများသော်လည်း မောင်ငြိမ်းချမ်းအားလုံးအလွတ်ရအောင် ကျက်ထားလိုက် သည်။ ခြေချော်လက်ချော် အဖြစ်မခံနိုင်။

ချစ်သူက ပြောထားသည်။ တက္ကသိုလ်မှာ ဆရာပြန်ဖြစ်လျှင် မျှော်လင့်ချက်ရှိမည်။ မျှော်လင့်ချက်အပျက် မခံနိုင်။ မေးချင်သလိုသာ မေးပါတော့ ဆရာကြီးဟုပင် စိန်ခေါ်နိုင်ပါပြီ။
တက္ကသိုလ်နောက်ဆုံးနှစ်၏ အချိန်များကို မောင်ငြိမ်းချမ်းထိုက်တန်စွာ အသုံးချနိုင်ခဲ့ပါသည်။ ချစ်သူနှင့် အတူ အတန်းတက်ရသည်။ ချစ်သူနှင့် အတူ ပျော်ရွှင်ကြည်နူးရသည်။ ပညာကိုလည်း အကောင်းဆုံးကြိုး စား၍ နောက်ဆုံးနှစ်စာမေးပွဲအတွက် သေချာအောင် ပြင်ဆင်နိုင်ခဲ့သည်။ ချစ်သူနှင့် နှစ်ယောက်အတူ နီးရရေး အတွက်ပါ ပိုမို အားထည့်၍ကြိုးစားရသည်။
မောင်ငြိမ်းချမ်း ၏ ကြိုးစားမှုကြောင့် နောက်ဆုံးနှစ်တွင် တက္ကသိုလ် လူရည်ချွန်ထပ်မံအရွေးခံရပြန်သည်။

ကြည်နူးစရာ ပျော်စရာကောင်းသောအချိန်ဆိုသည်မှာ ကုန်လွယ်လွန်းလှ၏။ နောက်ဆုံးနှစ် နောက်ဆုံး စာမေးပွဲကြီး နီးလာခဲ့ပြီ။ ကျောင်းပိတ်ရက်များမှာ မို့မို့နှင့် မောင်ငြိမ်းချမ်းတို့ စာအတူကျက်ကြသည်။ ယခင်ကလို --- အပြင်ထွက်မလည်တော့ပါ။
မောင်ငြိမ်းချမ်းက သူရေးသားပြင်ဆင်ထားသော စာများကိ မို့မို့နှင့်အတူကျက်သည်။ မို့မို့နားလည်အောင် ရှင်းပြတော့ ပို၍ မှတ်မိသည်။ နှစ်ယောက်အတူ စာကျက်ရသည်။
စာမေးပွဲရက်သို့ ရောက်သောအခါ မို့မို့ရော မောင်ငြိမ်းချမ်းပါ စာမေးပွဲကို ကောင်းစွာဖြေနိုင်ပါသည်။ လူတိုင်း ကြောက်၍ မွန်ကြောက်စရာဟု ခေါ်သော မွန်ကျောက်စာမှာပင် မောင်ငြိမ်းချမ်းအကောင်းဆုံးဖြေ နိုင်ခဲ့သည်။ ကျန်ဘာသာရပ်အားလုံးကိုတော့ ပို၍ပင် ကောင်းအောင် ဖြေနိုင်ခဲ့သည်။ စာမေးပွဲအပြီးမှာ စိတ် အေးချမ်းသာရှိခဲ့ရသည်။ ဂရိတ်ဖိုးရမှာသေချာပြီ။ ဂရိတ်ဖိုးရလျှင် တက္ကသိုလ်မှာ ဆရာ ပြန်ဖြစ်ရန် လည်း သေ ချာပြီ။

စာမေးပွဲပြီး၍ ကိုယ့်ရပ်ဌာနေ ပြန်ကြသောအခါ မို့မို့နှင့် မောင်ငြိမ်းချမ်းတို့ ပြုံးပြုံးရွှင်စွာ နှုတ်ဆက်နိုင်ကြ သည်။ တစ်သက်တာ အတူနေနိုင်ကြဖို့ ခဏတာ ခွဲခွာရခြင်းဖြစ်သည်။ ဒီကြားထဲမှာ စာတွေ မှန်မှန်ရေး၍ အဆက် အသွယ် မပြတ်ရှိကြမည်။
မောင်ငြိမ်းချမ်းဇာတိရွာလေးပြန်ရောက်ပြီး အောင်စာရင်းစောင့်နေစဉ် ရွာပတ်ဝန်းကျင်မှ တောဓလေ့ သဘာဝ သာယာသောရှုခင်းများကို ကြည့်ရမြင်ရသောအခါ မို့မို့ကို လွမ်းစာများရေးမိသည်။
မို့မို့ ကလည်း မုံရွာဝန်းကျင်မှ မြစ်အလှတောင်အလှများကို ကြည့်မြင်ရ၍ မောင်ငြိမ်းချမ်းကို လွမ်းမိကြောင်း စာများ ရေးပါသည်။
အောင်စာရင်းထွက်သော အခါ မောင်ငြိမ်းချမ်း မန္တလေးတက္ကသိုလ်သွားကြည့်သည်။

မို့မို့ ရော မောင်ငြိမ်းချမ်းပါ စာမေးပွဲအောင်ပါသည်။ သို့သော် မောင်ငြိမ်းချမ်း ဂရိတ်ဖိုးမထွက်ပါ။ စိုးရိမ်သည့် အတိုင်းဖြစ်ခဲ့ပြီ။ ဆင်ပြောင်ကြီး အမြီးရောက်ခါမှ တစ်နေရသလိုမျိုး
 ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ရပြီ။ မျှော်လင့်ချက် တောင်ကြီး  အမြွှာမြွှာ ပြိုကွဲပျက်စီးသွားလေပြီ။
မောင်ငြိမ်းချမ်းစိတ်ထဲမှာ ဆင်းရဲပင်ပန်းစွာ ခံစားရလွန်းသည်။ ဂရိတ်ဖိုးမရခြင်းကြောင့် တက္ကသိုလ်မှာ ဆရာပြန်ဖြစ်ရန် ဝေးသွားပြီ။ တက္ကသိုလ်မှာ ဆရာပြန်မဖြစ်တော့၍ ချစ်သူနှင့်လည်း ဝေးတော့မည်။
မျှော်လင့်ချက်ရောင်ခြည်အားလုံး မှေးမှိန်သွားကြပြီး။ ဘ၀တစ်ခုလုံး၏ ရည်မှန်းချက်များ ဝေ၀ါးသွားကြပြီ။

တက္ကသိုလ်မှာ စာမေးပွဲပြီး၍ ကိုယ့်ဒေသကိုယ်ပြန်ခါမီးမှာ ချစ်သူနှင့်အတူ သစ္စာစကားတွေဆိုခဲ့ကြသည်။ ပြန်လည် ဆုံတွေ့ပြီး တစ်သက်အတူ နေကြရမည့် ဘ၀အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ယုံကြည်မှု အပြည့် နှင့် စိတ်ချလက်ချ ခွဲခွာခဲ့ကြခြင်းဖြစ်သည်။
ယခုတော့ ထိုခွဲခွာခဲ့ခြင်းသည် အပြီးအပိုင် ခွဲခွာခြင်းဖြစ်လေပြီလား။
ချစ်သူ မျက်နှာလေးကို မြင်ယောင်မိသည်။ ရှက်တတ်လွန်း၍ နုနယ်လွန်းသော ချစ်သူ၏ ဟန်ပန်လေးများ ကို လွမ်းဆွတ် မိသည်။
ပြန်လည် မြင်ခွင့်ရပါအုံးမည်လား။

" သြော် ... ရက်စက်လိုက်တာ ... ပြုရက်ပါပေတယ် ... "
လောကဓံတရား၏ မညှာတာသော ရိုက်ချက်ကြောင့် ဘ၀၏ မျှော်လင့်ချက်များ ပျက်ရလေပြီ။
မို့မို့ အောင်စာရင်းလာမကြည့်ပါ။ သို့သော် မုံရွာမှလာကြည့်သူများကြောင့် မို့မို့ရော မောင်ငြိမ်းချမ်းပါ အောင် သော်လည်း မောင်ငြိမ်းချမ်းဂရိတ်ဖိုး မရသည်ကို မို့မို့သိပါလိမ့်မည်။
သူလည်း ၀မ်းနည်းကြေကွဲစွာ ခံစားရတော့မည်။ မျှော်လင့်ချက်များအတွက် ပူပင်သောကဖြစ်ရတော့မည်။
" သနားစရာကောင်းလိုက်တာ မို့မို့ရယ် ... "
------------------------------
ကျောက်မီးရွာ အလယ်တန်းကျောင်းသို့

မောင်ငြိမ်းချမ်းတက္ကသိုလ်မှာ နည်းပြဆရာဖြစ်ဖို့ဆိုလျှင် ဂရိတ်ဖိုးရရန်လိုသည်။ ဂရိတ်ဖိုးရချင်လျှင် စတုတ္ထနှစ် ထပ်တက်ရမည်။ သို့သော် မတက်နိုင်ပါ။ ပညာသင်ထောက်ပံ့ကြေးက စတုတ္ထနှစ်မှာပင်ပြီးသွား ခဲ့ပြီ။
မောင်ငြိမ်းချမ်း အလုပ်တစ်ခုလုပ်ရတော့မည်။
ညီဝမ်းကွဲ တစ်ယောက်နှင့်အတူ မောင်ငြိမ်းချမ်း ရှမ်းပြည်နယ်တောင်ကြီးသို့သွားသည်။ ရှမ်းပြည်နယ်တွင် ဘွဲ့ရ များကို အထက်တန်းပြဆရာခန့်နေသည်။
တောင်ကြီးမြို့ တိုင်းပညာဝန်ရုံးမှာ ညီအစ်ကိုနှစ်ယောက် လျှောက်လွှာတင်ခဲ့ကြသည်။ မောင်ငြိမ်းချမ်း ၏ ညီ က သိပ္ပံဘွဲ့ဖြစ်၍ မောက်မယ်မြို့ အထက်တန်းကျောင်းမှာ အထက်တန်းပြဆရာရသည်။ မောင်ငြိမ်းချမ်း အလုပ်မရပါ။

မို့မို့ကိုလည်း သူ့အုပ်ထိန်းသူများက သူတို့သဘောကျသူများနှင့် နီးစပ်အောင် ဆောင်ရွက်နေကြပြီ။ သူတို့ သဘောတူသူ များ စာရင်းတွင် မောင်ငြိမ်းချမ်းလုံးဝမပါဝင်ပါ။
မို့မို့ထံမှ လာသော စာကလေးများကို ဖတ်ရသည်က အားပျက်စရာ။
" ဒီလိုပုံ နဲ့ မိုးကြီးချုပ်တော့မှာလား။ တဖြည်းဖြည်းနဲ့ ဝေးကြရမှာရင်လေးစရာ ... "
အပျော်မှန်သမျှ ဆိတ်သုဉ်းနေသည့် အလွမ်းရက်၊ အမောရက်များ ဖြစ်ပါသည်။

ဖေဖော်ဝါရီလကျမှ အလယ်တန်းပြဆရာ ခန့်စာရသည်။ မန္တလေးတိုင်း ပညာရေးကြီးကြပ်မှု ကော်မတီက လူရည်ချွန်ဖြစ်၍ အထူးအခွင့်အရေးပေးပြီး ခန့်ထားခြင်းဖြစ်သည်။
သွားရမည့် ကျောင်းက မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲမှ ကျောက်မီးရွာ အလယ်တန်း ကျောင်း ဖြစ်သည်။ ကျောင်းဖွင့်ခွင့် အမိန့်ကျထားသော်လည်း ကျောင်းအုပ်မရှိ၊ အလယ်တန်းပြဆရာ၊ ဆရာမ တစ်ယောက် မျှမရှိ။ အလယ်တန်းကျောင်းသူ ကျောင်းသားလည်းမရှိ။ ကျောင်းဆောင်နှင့် ပရိဘောဂ  လည်း ပြည့်စုံခြင်း မရှိ။ မူလတန်းဆရာ၊ ဆရာမလေးများနှင့် မူလတန်းကလေးများသာ ရှိသည်။
နွေရာသီကျောင်းပိတ်ပြီး၍ ကျောင်းပြန်ဖွင့်လျှင် အလယ်တန်းကျောင်း ဖွင့်အောင် ကြိုတင်ဆောင်ရွက်ရန် တိုင်းပညာဝန် က တာဝန်ပေးလိုက်ခြင်းဖြစ်သည်။
အလယ်တန်းပြဆရာအဖြစ်နှင့် ကျောက်မီးရွာလေးသို့ သွားရသည်။

တက္ကသိုလ်ဆရာမဟုတ်ရုံမက၊ အထက်တန်းပြဆရာပင်မရ။ အလယ်တန်းပြ ဆရာဖြစ်သော မောင်ငြိမ်းချမ်း အဖြစ်မှာ အုပ်ထိန်းသူများနှင့် အားပြိုင်ရန် မို့မို့အတွက် အခက်ကြုံရလေပြီ။
ရင်ထဲ မှာ ကြေကွဲရလွန်းသည်။ ဘဝမျှော်မှန်းချက်သာမက ချစ်သူနှင့် ပါဝေး၍ ဆွေးမြေ့စွာခံစားရသည်။
ဖတ်ခဲ့ဖူး၍ အလွန်သဘောကျသော သူ ၀တ္ထုထဲမှအားကျခဲ့ရသည့် ဆရာဝန်ကြီး ဒေါက်တာမြင့်မောင်ကို အတုယူပြီး ကျောက်မီးရွာ အလယ်တန်းကျောင်းလေး အောင်မြင်စွာ ဖြစ်ပေါ်လာအေင် အစွမ်းကုန် ကြိုးစား မည်။ ကလေးများအပေါ် စေတနာထား၍ အလွမ်းဝေဒနာများမှ သက်သက်သာအောင် ဖြေသိမ့် ရတော့ မည်။

ကျောက်မီးရွာကလေးသို့မောင်ငြိမ်းချမ်းသွားရောက်ခဲ့ပါသည်။
အချိန်က နွေဦးပေါက်စ တပို့တွဲလ။
တိုက်တိုက်ဆိုင်ဆိုင် ကြုံရပါပေသည်။ ကျောက်မီးရွာကိုကျော်၍ ကျောင်းအနီးသို့ရောက်သောအခါ ကျောင်း ရှေ့တာဘောင်ပေါ်မှာ ပင်လုံးကျွတ် ရဲရဲနီအောင်ပွင့်နေသော လက်ပံပင်ကြီးကဆီးကြိုနေသည်။
" သြော် ... လွမ်းလိုက်တာ ... မို့မို့ရယ် ... "

ပြီးပါပြီ