ကျွန်တော်တို့ငယ်စဉ်က ကျွန်တော်တို့မြို့တွင် ဖဲသမား ဘိုးအေး ဆိုသူ တယောက် ရှိပါသည်။ သူ့ကို ‘ဖဲသမား’ ဟု ခေါ်ကြခြင်းကြောင့်တော့ဖြင့် စိတ်မဆိုးတတ်ပါ။ သူ့ဝါဒအရ ဖဲသမား ဆိုသည်မှာ ဖဲကျွမ်းကျင်သူ ဖဲဆရာဟု ဆိုလိုခြင်းဖြစ်သည်ဟု ယူဆပါသည်။ ဟုတ်လည်း ဟုတ်ဟန် ရှိပါသည်။ ဆရာနှင့် သမားမှာ တွဲ၍ သုံးကြသော မြန်မာစကားအဓိပ္ပါယ်အတူပင် ဖြစ်ပါသည်။

သူ့မှာ အခြားအလုပ်အကိုင် မရှိ၊ ဖဲကစားခြင်းသာလျှင် ပရိယေသနလုပ်ငန်း ဖြစ်သည်။ ရှေးခေတ်က လခတရာကျော်ကလေးသာ စားရသော သပြုသီးမြို့အုပ်ဟု ခေါ်ကြသည့် ဒီပြူတီ အရာရှိကလေးတွေထက် ဝတ်နိုင်စားနိုင် သုံးနိုင်ဖြုန်းနိုင်ပါသေးသည်။

ရုပ်ကလည်း ခေသူမဟုတ်။ အဝတ်အစားကိုလည်း အမြဲတစေ သပ်သပ်ရပ်ရပ် ဝတ်တတ်သောကြောင့် စာရေးလိုလို၊ မြို့အုပ်လိုလို၊ လူကြီးလူကောင်းလိုလို ထင်ရသည်။ အင်္ဂလိပ်လိုနှင့် ကုလားလို ပြောရမည်ဆိုလျှင် တကယ့်ဘာသာရင်းများ ပြောရသလို ရွှမ်းရွှမ်းဝေအောင် ပြောနိုင်ပါသည်။ မြန်မာလို ဗဟုသုတလည်း တော်တော်ကလေး ခေါက်မိပါသည်။ လူတဦးတယောက်၏ဝါသနာပါရာကို စုံစမ်းတီးခေါက်ရလျှင် ထိုလူဝါသနာအကြောင်းကို ကျလောက်အောင် ပြောနိုင်ပါသည်။ ဤပညာများက သူ၏အလိုကို များစွာ အထောက်အပံ့ဖြစ်စေသည်။ ခင်မင်ရင်းနှီးစေသည်။ အညာဆန်သင်္ဘောကြီးပေါ်တွင် ဤနည်းက အမဲရှာဖို့ အချက်အချာဖြစ်ကြောင်း ကျွန်တော့်အား ပြောပြဖူးသည်။

“ခင်ဗျားတို့အလုပ်ဟာ ရွာလည်ပြီး မီးမြှိုက်နေတဲ့ အလုပ်မျိုးပဲ”

“ဟဲ... ဟဲ... ဟဲ ဘာဖြစ်လို့လဲကွ”

“ဘာဖြစ်ရမှာလဲ... လူတွေကို မတရားလောဘနဲ့ လိုက်နှိပ်စက်နေတာ”

“အေး ... မင်း ဒီလို ပြောလိမ့်မယ်လို့ အထင်သားပဲ”

“ကျွန်တော်တင် မဟုတ်ဘူး၊ လူတိုင်းက ပြောမှာပဲ”

“အင်း... လူတိုင်းက ပြောရင် လူတိုင်း မှားနေကြတာပေါ့၊ ဒီမယ် ငါပြောမယ်၊ ဗြုန်းခနဲတွေးရင် မင်းတို့ပြောကြတာ မှန်သလိုလိုပဲ၊ လူတွေကို မတရားလောဘနဲ့ လိုက်နှိပ်စက်နေတာတဲ့ ဟုတ်စ ... တကယ့်အမှန်က မတရားလောဘနဲ့ နှိပ်စက်ချင်တဲ့လူကိုသာ တို့က ဆုံးမနေရတာကွ၊ တနည်းပြောရရင် ရွာစဉ်ကို လျှောက်ပြီး လောဘ- ဒေါသ- မောဟ တရားတွေရဲ့ မကောင်းကျိုးတွေကို လက်တွေ့ပြရတဲ့ ဓမ္မကထိကကြီးတွေပေါ့ကွာ ဟဲ...ဟဲ... ဟဲ” 

ဟု သူ့စကားကို သူသဘောကျ၍ အားရပါးရ ရယ်လိုက်ပါသေးသည်။

“လုပ်စမ်းပါဦးဗျ... ဘယ်လိုကြောင့်လဲ”

“အေး... ပြောမပေါ့ကွာ...၊ မင်းစဉ်းစားကြည့်ပေတော့၊ လောင်းတမ်းကစားတယ် ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို ဆန်းစစ်ကြည့်မယ် ဆိုရင် သူတပါးပစ္စည်းကို အချောင် လိုချင်ကြတဲ့ လောဘက ပထမ တရားခံပဲ၊ ကိုယ့်လူရင်း အချင်းချင်း အပျင်းပြေ ကစားကြတာတော့ လောဘလို့ မဆိုလိုဘူးပေါ့ကွာ၊ ဒါကတော့ ထားပါတော့။ ဥပမာ- ငါ ပြောမယ်၊ တို့ဉာဏ်သမားတွေက ကစားဝိုင်း စ,လိုက်တယ် ဆိုတာနဲ့တပြိုင်နက် ဝါသနာပါတဲ့ လူတွေဟာ ဝိုင်းလာ တတ်ကြတယ်။ တို့အဖွဲ့မှာဆိုရင် ထိုင်ကစားတဲ့ လူသုံးယောက်က တဖွဲ့၊ အနားက ဝိုင်းကြည့်ပြီး အလံရှူး လုပ်ရတဲ့လူ လေးငါးယောက်က တဖွဲ့ရှိတယ် ဆိုတာ မင်း သတိထားရလိမ့်မယ်။ ကဲ... ကိုးမီး လက်ကိုင်ကြတယ် ဆိုပါတော့ကွာ... ဒိုင်လုပ်တဲ့လူက ခပ်ရိုးရိုး,အအ၊ ဒါပေမဲ့ သူ့ကိုယ်သူတော့ သူလူလည်လို့ ထင်တလုံးရှိတဲ့ လူစားမျိုး၊ ပိုက်ဆံပေါပေါနဲ့ ကြွားတတ်တဲ့ လူစားမျိုး၊ အမူအရာနဲ့ ပါဝင် အသုံးတော်ခံရတဲ့ တို့အဖွဲ့ဝင် ဇာတ်လိုက်တယောက်ပေါ့။ တို့အရည်အချင်းကို မင်းသိတယ် မဟုတ်လား၊ ဖဲ ငါးဆယ့်နှစ်ချပ်ကို ဘယ်လိုပဲ ကုလားဖန်ထိုးထိုး၊ ဘယ်သူက ဝင်ချိုးချိုး၊ လိုချင်တဲ့အခါမှာ ဘယ်အိမ်မှာ ဘယ်ဖဲတွေရောက်ပြီး ကိုယ့်အိမ်မှာ ဘာဖဲတွေဖြစ်ဖြစ် ရောက်လာအောင် ဝေနိုင်တဲ့ပညာမျိုး ရှိကြတာလေ၊ အဲသည်လို ကစားလာကြရာက အနားမှာ အမဲကောင်းကောင်းတွေ ရောက်လာပြီ ဆိုတာနဲ့ တပြိုင်နက် ကိုးမီးလက်သည် လုပ်တဲ့လူက မခံချင်အောင် ပြောပြီး ဖဲတွေ ဝေလိုက်တယ်၊ ဖဲသုံးချပ်စီ ဝေပြီးတဲ့နောက် ပရိယာယ်လုပ်ပြီး အမှတ်တမဲ့ အနေမျိုး နေလိုက်တယ်၊ ဒီအခါကလေးမှာ ငါက ငါ့ဖဲသုံးချပ်ကို ခိုးကြည့်လိုက်တယ်၊ ငါ့ဖဲသုံးချပ်က ကုလားသုံးကောင်ပေါ့ကွာ၊ ဒိုင်လုပ်တဲ့လူကတော့ မီးခြစ်ပျောက်လို့ လိုက်ရှာနေတာမျိုးတို့၊ ပိုက်ဆံတွေရေပြီး ထုတ်လိုက်သွင်းလိုက် လုပ်နေတာမျိုးတို့ ဒါမှမဟုတ်ရင်လည်း အနားက လူတယောက်နဲ့ စကားများနေတာမျိုးတို့ပေါ့၊ အဆင်သင့်သလို ကြည့်လုပ်ရတာပဲ၊ ဒီအခါမှာ ငါကတော့ ရှိသမျှ ပိုက်ဆံတွေ ပုံထိုးလိုက်တာပေါ့၊ ငါ့အက်တင်ကလည်း အနားက ဝိုင်းကြည့်နေတဲ့လူတွေကို စိတ်မလုံသလို ပြန်ပြန်ကြည့်ပြီး... “တေ‌တေကနိတ် ... တိတ်တိတ်ကနေ၊ ကြောင်လိမ္မာ ကြောင်စား၊ ကြွက်လိမ္မာ ကြွက်စား၊ ပိုက်ဆံလိုချင်ရင် ဝေစားမျှစားဗျ” လို့ မသိမသာ ဆွယ်တရား ဟောရတယ်၊ ဒီတော့ ဒိုင်က မခံချင်တဲ့သဘောနဲ့ “ခင်ဗျား ဘယ်လောက် ထိုးမလဲ၊ သတ္တိရှိရင် လူပါ ထွက်ထိုင်လိုက်၊ အရော်အစား” လို့ ဒေါနဲ့မောနဲ့ ပြောနေတယ်။ “ဟာဗျာ... ဒီလိုပွဲတော်မျိုး ကျုပ်မှာ များများစားစား မပါလို့ပေါ့... ငါက တက် တခေါက်ခေါက်နဲ့ ညည်းနေတုန်း အနားက အလံရှူးတွေက သူတို့ပေါ်မှာ ရှိသမျှ ငွေတွေ ပုံထိုးကြတဲ့အပြင် ဘေးလူတွေပါ ဆွယ်ကြတာပေါ့၊ ဒိုင်လုပ်တဲ့ ဇာတ်လိုက်ကလည်း မခံချင်အောင် ပြောနေတာပဲ “ဒါပဲလားဗျာ့... သတ္တိအကုန်လား၊ နောက်ထွက်ရင် တိုက်စားလေ” “အဲသလို ပြောလိုက်တော့ အနားက လောဘသမားတွေဟာ အလိုလို အူယားလာကြတာပေါ့၊ ငါ့အိမ်က ကုလားသုံးကောင် ဆိုတာ သူတို့မျက်မြင် မဟုတ်လား၊ အဲသည်အပေါ် ဒိုင်က သရေကျောရေနဲ့ တိုက်စားပေးထားပြန်တော့ အဲသည်နည်းဟာ လောဘသမားတွေကို ဒုက္ခအပေးဆုံးပဲ။ သူတို့ရဲ့ စိတ်ထားကို မင်း စဉ်းစားကြည့်စမ်း။ လူတွေဟာ ဘယ်လောက် မတရားကြသလဲ၊ သူတပါးရဲ့ ပစ္စည်းကို အပိုင်စီးချင်ကြတယ်။ တကယ်သာဆိုရင် လူမမာကို ဝိုင်းထောင်ချင်ကြတဲ့ သဘောမျိုးပဲ။ ဒိုင်က လျော်အားရှိတဲ့အကြောင်း ငွေစက္ကူတွေ ထုတ်ပြလေ... အဲသည်ငွေတွေကို လိုချင်ကြလေပဲ၊ တချို့ မိန်းမတွေ ယောက်ျားတွေများ ဘယ်လောက်အထိ ဆိုးရွားသလဲ၊ လက်ဝတ်လက်စားများကိုတောင် ချွတ်ထိုးကြတယ်။ ဒါဟာ တကယ့် တကယ် ကံတိုက်ကစားကြတဲ့အခါမျိုးဆိုရင် ထိုးရဲကြပါ့မလား၊ အဝေးကြီး...။ အခုတော့ ဝိုင်းဖိကြတာပေါ့၊ နိုင်ထက်စီးနင်း လုပ်ကြမယ့် အခါမှန်းသိလို့ ဒိုင်လုပ်တဲ့လူရဲ့ ဖဲသုံးချပ်ဟာ တစ်သုံးလုံး ဖြစ်နေတဲ့အကြောင်း သိရင် ဘယ်သူထိုးမလဲ၊ အဲသည်အထဲမှာ ယုန်ထောင်ကြောင်မိ ဆိုသလို ဖြစ်တတ်တာ ရှိသေးတယ်။ မိန်းမကြီးတယောက် အသက် ခြောက်ဆယ်လောက် ရှိပြီ၊ ဆင်းဆင်းရဲရဲ စုတ်စုတ်ချာချာ ထဲကပဲ၊ တွယ်ချိတ် နှစ်ချောင်း သုံးချောင်းနဲ့ သေသေချာချာ ပိတ်ထားတဲ့ သူ့အိတ်ထဲက လက်ကိုင်ပဝါ ခပ်ညစ်ညစ် အထုပ်ကိုဖြေပြီး ငွေတရာ့အစိတ်ကို ချထိုးလိုက်တယ်၊ ငါက မထိုးစေချင်လို့ ကြည့်လိုက်တာတောင် သူက တောင်းပန်တဲ့မျက်လုံးနဲ့ ပြုံးပြလိုက်သေးတယ်။ ဖဲဝိုင်းမစခင် စကားစပ်မိလို့ ပြောကြကတည်းက ဒီ မိန်းမ အိုအိုကြီးဟာတော့ တောအုံချုံကြားက ဆင်းရဲသားမှန်းလည်း ငါသိရတယ်၊ အခု မြို့ကို တက်ပြီးလာတဲ့ ကိစ္စက မြေးကလေးကို ရှင်ပြုရအောင် တတ်အားသမျှနဲ့ သင်္ကန်းပရိက္ခရာ ဝယ်ဖို့ပေါ့။ သူ့မှာ အဖော် တူတယောက်တော့ ပါတယ်၊ အဲသည် တူကလည်း လောဘ ခပ်ကြီးကြီးရယ်၊ သူ့မှာပါသမျှ အကုန်စုပုံပြီး ထိုးတဲ့အပြင် ဒီအမယ်ကြီးကိုလည်း သူပဲ သွားဆွယ်တာပေါ့။ ငါ့မှာ အတော်သနားမိသေးတယ်။ တကယ်ဆိုရင် သနားစရာကောင်းတာက တခြား၊ မိုက်လုံးကြီးတာကို ဒေါသဖြစ်စရာကောင်းတာက တမျိုးပဲ။ သူ့ငွေစကလေးဟာ သာသနာ့နုဂ္ဂဟ သာသနာ့အမွေ ခံရအောင် ဆိုပြီး လှူဖို့ တန်းဖို့ ရည်ရွယ်လာတဲ့ ငွေကလေးတွေ မဟုတ်လားကွာ။ လှူတယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ကင်းဖို့ မဟုတ်လား။ အခုတော့ ကြည့်စမ်း၊ အိုကြီး အိုမနဲ့ လောဘတွေ ထွက်နေလိုက်တာ၊ အဲဒါ ငါဘာတတ်နိုင်မလဲ၊ သူ့ကို ကန့်ကွက်ဖို့လည်း မဖြစ်တော့ဘူး။ ဒိုင်က နောက်ဆုံး တစ်သုံးလုံးနဲ့ စားသွားရော၊ အမယ်ကြီး မျက်လုံး အကြောင်သားနဲ့ ငိုင်သွားတာဟာ ငါ့မျက်စိထဲက ကနေ့အထိ မထွက်တော့ပါဘူးကွာ။ ဒီထက်ဆိုးတာက တငိုငို တရှိုက်ရှိုက် ဖြစ်နေပြီး ချော့မရအောင် ဖြစ်နေတာ အခက်ဆုံးပဲ၊ ဒိုင်လုပ်တဲ့ လူကတော့ ဝိုင်းသိမ်းပြီးတာနဲ့ တပြိုင်နက် တော်ရာကို ထ,သွားတာကလား၊ ငါ့မှာသာ သူ့ကို တရားချနေရတာပေါ့” “အမေကြီး ရှက်တာပါပဲကွယ်၊ ရှက်တာပါပဲ၊ အိုကြီးအိုမနဲ့ အလှူပစ္စည်း သွားဝယ်တာ ဖဲရှုံးလို့ အလှူပျက်ရတယ် ဆိုတာ ရွာပြန်လို့မှ မကောင်းတော့ပါဘူး” “အမေကြီးကို ကျွန်တော်တားတော့ အတားချင်သားပဲ၊ အမေကြီးက ဇွတ်ကိုး” “ဪ ဒါကတော့ သူငယ်ရယ်၊ တရာ့အစိတ်က နှစ်ရာ့ငါးဆယ် ဖြစ်လာရင် သည်ထက်ပိုပြီး လှလှပပ လှူနိုင်ရဲ့ အောက်မေ့မိတာကိုး၊ လောဘ-လောဘ -လောဘပေါ့ မောင်ရယ်၊ လောဘဆိုတာ ကောင်းကျိုး ဘယ်တော့မှ မပေးဘူးလို့ ရွာဦးဘုန်းကြီး ဟောတာ ကြားဖူးသားနဲ့ အမေကြီး မိုက်မိတာ” အဲသလို ပြောပြီးလို့ ဘာမှ မကြာပါဘူးကွာ၊ သင်္ဘောတစင်းလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားတာပါပဲ။ ဘာဖြစ်လို့လဲ သိရဲ့လား၊ အမေကြီး ရေထဲ ခုန်ချလို့ပေါ့ကွာ၊ ရေထဲ ခုန်ချလို့။ သူ့အဖို့မှာတော့ ဘယ်လောက် စိတ်ထိခိုက် သွားသလဲ စဉ်းစားကြည့်ပေတော့”

ဖဲသမား ဘိုးအေးသည် ကျွန်တော့်ကို ပြောရင်း ငေးမိငေးရာ ငေးနေပါသည်။ 

“ဒါနဲ့ သေရောလားဗျာ ... ကိုဘိုးအေး”

“ဒါပေါ့ကွာ။ သင်္ဘောပေါ်က လူတွေရော၊ သင်္ဘော ကက်ပတိန်နဲ့တကွ သင်္ဘောသား ကု|လားတွေရော အမယ်ကြီးကို ဆယ်ရအောင် ကြိုးစားကြပါသေးရဲ့၊ ဒါပေမဲ့ သူ ရေထဲ ခုန်ချလိုက်ပြီးတဲ့နောက် သင်္ဘောက ပြန်လှည့်နေရတာမို့၊ သမ္ဗန်ကလေး ချနေရသေးတာတို့က အချိန်အတော်ကြီး ကြာသွားသေးတာကိုးကွ”

“ဖြစ်မှ ဖြစ်ရလေဗျာ၊ ခင်ဗျားကလည်း ဆွဲမထားလိုက်ဘူးတဲ့လား”

“ဟ ... ငါသိရင် ဒီလို ဖြစ်ရမလားကွာ၊ ငါနဲ့ စကားပြောပြီး သင်္ဘောအောက်ထပ် ဆင်းသွားတာ အမှတ်တမဲ့ နေလိုက်မိတာပေါ့။ အောက်ထပ်က စူးစူးဝါးဝါးနဲ့ အော်ကြမှ ငါလည်း သိရတာ၊ ဒါပေမဲ့ ငါ့ပယောဂ မကင်းဘူး၊ ဒါကတော့ ငါသာ အသိဆုံးပေါ့။ နောက်ဆုံးတော့ ဘယ်သူမပြု မိမိမှု ဆိုသလို အမယ်ကြီးကလည်း သူ့လောဘကြောင့် သူဒုက္ခ ဖြစ်သွားရတာပဲ။ ငါလည်း ငါ့အမှုနဲ့ တသက်လုံး သင်ခန်းစာ ရလိုက်မိတယ်၊ ဘယ်တော့မှလည်း မမေ့နိုင်တော့ဘူး။ ဒီထဲက ကု|လားမရုပ်ကြီး မြင်တိုင်း ဒီအမယ်ကြီးကိုသာ သွားသွားပြီး သတိရမိတာပဲ၊ ဒါဟာ မင်းပြောသလို ရွာလည်ပြီး မီးမြိုက်နေတာလို့ ပြောမယ်ဆိုရင် ပြောနိုင်တာပေါ့၊ တကယ်တမ်း စစ်လိုက်ရင်လည်း ကိုယ့်လောဘ ကိုယ်သတ်လိုက်တာပဲ။ ငါ့တသက်လုံးအဖို့လည်း ဖဲအတတ်နဲ့ လူတယောက်ရဲ့ အသက်ကို သတ်မိသလို ဖြစ်လို့ ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး။ တွေးမိတိုင်း တွေးမိတိုင်း ဖဲဝိပဿနာ တင်တာပေါ့ကွာ”

---

#သုခ
#ဖဲဝိပဿနာ
(သုခဝတ္ထုတိုများ၊ ဆဋ္ဌမအကြိမ်၊ ၁၉၉၆၊ ဇန်နဝါရီ၊ ပါရမီစာပေ။)