ဒေါ်မြမေသည် တိုက်ကလေးရှေ့ရှိ ပန်းခြံထဲတွင် ပန်းပင်နှင့် ပန်းအိုးကလေးများကို တယုတယ ပြုစုနေလေသည်၊ ဦးချမ်းသာက မနီးမဝေးတွင် မိုးတိုးမတ်တတ် ရပ်သည့်အခါရပ်၍ လျှောက်သည့်အခါလျှောက်ကာ လမ်းသလား၍ နေလေသည်။

မိုးကျွတ်ပြီးသည့်နောက် ဆောင်းဝင်စပြု၍ အားယူနေသော ရာသီဥတုသည် မြောက်ပြန်လေညင်းကလေးများကို ဝေ့၍ ဝေ့၍ သွင်းလာကြသည်။ မစိုလွန်းမခြောက်လွန်းသော ရာသီ၌ မအေးလွန်း မပူလွန်းသေးသော သရဒဥတု၏ အငွေ့အသက်ကို ဆောင်ကြဉ်းလေသည်။ ဆွေးမျိုးနီးစပ် အိမ်ဖော်မိန်းမပျိုကလေးက ဒေါ်မြမေထံသို့ ထမင်းပွဲပြင်ပြီးကြောင်း ပြောလာသည်၊ ဒေါ်မြမေက သူ့အလုပ်ကို လက်စသတ်ကာ မြေမှုန့်များကို ခါချရင်း “ကဲ၊ အဖေကြီး ထမင်းစားကြရအောင်” ဟု လှမ်း၍ ပြောလိုက်သည်။ ဦးချမ်းသာသည် ကြိုတင်၍ ဝင်သွားသော ဒေါ်မြမေကို တချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင် နောက်မှ လိုက်သွားသည်၊ ဦးချမ်းသာက ထမင်းစားပွဲရှိရာ ကုလားထိုင် နောက်မှီကိုကိုင်၍ ရပ်လိုက်စဉ် အိမ်ဖော်မကလေးက လက်ဆေးပန်းကန်ကို လာ၍ချပေးသည်။ ဦးချမ်းသာက ဟင်းပွဲများကို ကြည့်နေစဉ်မှာပင် လက်နှစ်ဘက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးလာပြီးသော ဒေါ်မြမေက

“ငါးပုဏ္ဏားကလေးလတ်လတ်ရလို့ အိုးကင်းကပ် ခပ်ခြောက်ခြောက်ကလေးချက်ထားတယ်၊ ဟောဒါကတော့ ပျဉ်းမနားမျှစ်ချဉ်နဲ့ သုံးထပ်သားကလေးကို အရည်သောက် ချက်ထားတာ၊ ဟိုဘက်ကတော့ ဂေါ်ရခါးသီးကို ပုစွန်နဲ့ကြော်ထားတာထင်ပါရဲ့” ဟု အဓိက ဟင်းသုံးခွက်ကို ပြသပြောဆိုနေသည်။
ဦးချမ်းသာက ဟင်းပန်းကန်များကိုကြည့်ရင်း ကုလားထိုင်တွင်ဝင်ထိုင်ကာ “အင်း” ဟု သက်ပြင်းရှည်ကြီးငြီးရင်း လက်ဆေးပန်းကန်တွင် လက်နှိုက်ကာ စိမ်ပြေနပြေ လက်ဆေးနေရာက

“အသေသတ် လက်မရွံကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှာကြ၊ စိုးနှောင့်သင်္ချေ” ဟု တိုးတိုးလေး မြည်တမ်းလိုက်လေသည်။ ဒေါ်မြမေ၏ ရွှင်ကြည်နေသော မျက်နှာထားသည် တည်ကြည်ရင့်ကျက်သလို ဖြစ်သွားရလေသည်၊ အသက်ငါးဆယ်ကျော်ကတည်းက ဦးချမ်းသာ၏ နှုတ်မှ ရံဖန်ရံခါ ငြီးနေကျဖြစ်သောကြောင့် ကြားဖူးနားဝရှိနေသော ဒေါ်မြမေအဖို့ ဣန္ဒြေဆည်လိုက်နိုင်ခြင်း ဖြစ်ပါသည်၊ ဒေါ်မြမေ၏ အသက်လေးဆယ်လောက်က ကြားလိုက်ရသည့် အချိန်ကမူ ထိတ်လန့်တကြား တုန်လှုပ်သွားမိခဲ့သည်။

“မောင်ကလည်း စားခါနီး သောက်ခါနီး ဘာတွေများ ရွတ်နေရတာလဲကွယ်” ဟု မေးပြော ပြောမိသည်။

“လယ်တီဆရာတော်ကြီး ဆုံးမတော်မူခဲ့တဲ့ သံဝေဂလေးချိုးကြီးပေါ့ မြရဲ့၊ ‘မိုက်မလင်းနိုင်လို့၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မီ သီမဝေ့နိုင်ဘု’ ဆိုတဲ့ လေးချိုးကြီးလေ၊ တို့တတွေဟာ သေမင်းလာခေါ်ရင် လိုက်ဖို့ ဟင်းကောင်း ကျွေးကောင်းကလေးတွေကို ကြံဖန်လုပ်ကိုင်စားသောက်ရင်း အိမ်ပြတင်းပေါက်က အသင့်စောင့်မျှော်ကြရတယ်တဲ့၊ တရားရစရာ မကောင်းဘူးလား”

“စားတုန်းသောက်တုန်းများ စိတ်အေးချမ်းသာနဲ့ စားစမ်းပါ မောင်ရယ်၊ ဥရောပမှာဆိုရင် ဒီလိုညစာများစားတဲ့အခါ ရယ်စရာ မောစရာတွေတောင် တမင်ပြောကြရသေးတယ်၊ ဒါမှ စားလို့ ခံတွင်းတွေ့တယ်၊ အစာကြေလွယ်တယ်လို့ ဆိုကြတယ် မဟုတ်လား”

“ဒါက ပေါ့ပေါ့နေ ပေါ့ပေါ့တွေးပြီး ပေါ့ပေါ့စားနေကြတဲ့ အလေ့အကျင့်တွေပေါ့ကွယ်၊ ‘ဆင်သေပေါ်ကကျီး’ လိုလေ”

“သူတို့လည်း လူတိုင်းဟာ သေကြရမှာပဲလို့ သိကြတဲ့လူတွေပဲဟာ”

“သူတို့သိတာက ‘သညာသိ’ ပဲကွ၊ ဗုဒ္ဓဆုံးမတော်မူခဲ့တာက ‘ပညာသိ’ သိကြရမယ်တဲ့၊ သညာသိဆိုတာက အမှုမဲ့ အမှတ်မဲ့ ကလေးသိဆိုတာမျိုး၊ နက်နက်နဲနဲ ဆင်ခြင်ပြီးသိတာ မဟုတ်ဘူး၊ ပညာသိဆိုတာက ကမ္မဌာန်းဘာဝနာဖြစ်အောင် ဆင်ခြင်နိုင်စွမ်းရှိတဲ့ အသိမျိုးကို ခေါ်တာ၊ ဒါကို အမြဲမပြတ် သတိရှိနေရင် မရဏာနုဿတိ ကမ္မဌာန်း ဖြစ်လာတယ်”

“မြ မသိလို့ မေးမယ်နော် အဖေကြီး၊ တနေ့နေ့ ငါသေရတော့မှာပဲ၊ ငါသေရတော့မှာပဲလို့ အောက်မေ့ပါများလာရင် စိတ်ဓါတ်တွေ ကျမကုန်ပေဘူးလား”

“အေး၊ အခုနပြောတဲ့ သညာသိ, သိတဲ့ လူများအတွက်တော့ ကျောချမှ ဓားပြမှန်းသိတဲ့အခါမှာ မျက်ကလဲဆန်ပျာနဲ့ တုန်လှုပ်ချောက်ချားပြီး စိတ်ဓါတ်တွေ ကျနေမှာပေါ့၊ ပညာသိ, သိပြီး မရဏာနုဿတိကို အဖန်တလဲလဲ အောက်မေ့နေနိုင်သူများအတွက်တော့ ပြေးလို့မရ၊ ပုန်းလို့မရ မလွဲမသေ သေရမယ့်အတူတူ စိတ်ဓါတ်မကျဘဲ ရဲရဲရင်ဆိုင်ဝံ့လာနိုင်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သေခါနီးမှာ တရားလက်လွတ် ငှက်တောင်ကျွတ်မဖြစ်အောင်၊ အကြီးအကျယ် တုန်လှုပ်ချောက်ချားမှုမဖြစ်အောင် ကြိုတင်ပြင်ဆင်မှုများ၊ ဒါန သီလ ဘာဝနာ၊ သီလ သမာဓိ ပညာ ရင့်သည်ထက်ရင့်အောင် ဖြည့်ကျင့်ထားနှင့်နိုင်လို့ပေါ့ကွယ်”

“သေရမှာ ကြောက်စရာကောင်းလိုက်တာ”

“ကြောက်တဲ့လူများ နှစ်ခါသေရသတဲ့၊ ရဲရင့်တဲ့လူများကတော့ တခါပဲသေရသတဲ့၊ နောက်ပြီး သေရမှာကို တကယ်ကြောက်ရင် နောက်ဘဝ ဘဝတွေမှာ နောက်ထပ်တခါ မသေရအောင် ကျင့်ဆောင်နိုင်တဲ့ နည်းလမ်းဟာ တို့ ဗုဒ္ဓတရားတော်မှာပဲ ရှိပါတယ်၊ ဘယ်ဘာသာ ဘယ်အယူဝါဒမှ အဲဒီလို အဆုံးစွန်အထိ နည်းလမ်းပြထားတာ မရှိပါဘူး၊ မရှိတော့ မသိကြတော့ဘူးပေါ့ကွယ်”

“မရဏာနုဿတိဆိုတာ အနုဿတိ ဆယ်ပါးထဲကပေါ့နော်၊ ကျွန်မတော့ အားလုံးကို မမှတ်မိတော့ဘူး၊ ပြောပြပါဦး”
“၁။ ဗုဒ္ဓါနုဿတိ၊ မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အမြဲမပြတ်အောက်မေ့ခြင်း၊ ဂုဏ်တော်ပုတီးစိပ်တယ်ဆိုတာလည်း ဗုဒ္ဓါနုဿတိ ဖြစ်တယ်။
၂။ ဓမ္မာနုဿတိ၊ တရားဂုဏ်တော်ခြောက်ပါးကို အမြဲမပြတ် အောက်မေ့ဆင်ခြင်တာ။
၃။ သံဃာနုဿတိ၊ သံဃာ့ဂုဏ်တော်ကိုးပါးကို အမြဲမပြတ် အောက်မေ့ဆင်ခြင်တာ။
၄။သီလာနုဿတိ၊ မိမိမှာရှိနေတဲ့ အကျင့်သီလကို အမြဲမပြတ် အောက်မေ့ဆင်ခြင်တာ။
၅။ စာဂါနုဿတိ၊ မိမိလှူဒါန်းပြီးခဲ့သော အလှူဒါနတို့ကို အမြဲမပြတ် အောက်မေ့ဆင်ခြင်တာ။
၆။ ဒေဝတာနုဿတိ၊ သုဂတိနတ်တို့ရဲ့ သဒ္ဓါတရားကို အားကျပြီး မိမိသဒ္ဓါတရား၌ အမြဲမပြတ် အောက်မေ့ဆင်ခြင်နေတာ၊ ဒါလည်း ရတနာသုံးပါးကို တကယ်ယုံကြည်ထားမှနော်။
၇။ ဥပသမာနုဿတိ၊ ကိလေသာ အာသဝေါမှ ကင်းသော နိဗ္ဗာန်၏ ဝိရာဂစသော ဂုဏ်ကျေးဇူးကို အမြဲမပြတ် အောက်မေ့ဆင်ခြင်နေတာ၊ အဲဒါကတော့ နိဗ္ဗာန်ရဲ့ အမြိုက်အရသာကို တကယ်လိုချင်မှနော်။
၈။ မရဏာနုဿတိ၊ သေခြင်းတရားကို အမြဲမပြတ် အောက်မေ့ဆင်ခြင်နေတာ။
၉။ ကာယဂတာသတိ၊ သုံးဆယ့်နှစ်ကောဌာသလို့ခေါ်တဲ့ ဒွတ္တိံသကမ္မဌာန်းကို စီးဖြန်းနေတာ။
၁၀။ အာနာပါနဿတိ၊ ထွက်သက်ဝင်သက်ကို အမှတ်ပြု၍ အာနာပါနကမ္မဌာန်း စီးဖြန်းနေတာတို့ပေါ့ကွယ်၊ နောက်ကို မေ့မသွားအောင် မှတ်ထား”

ဒေါ်မြမေက တွေ၍ စဉ်းစားနေလိုက်သည်၊ ဦးချမ်းသာကလည်း စကားဆက် ပြတ်နေလေသည်၊ အတန်ကလေးကြာမှ ဒေါ်မြမေက စ၍ အသံပြုလိုက်သည်၊ သူ့အသံက ‘ဟင်း ဟင်း’ ဟူ၍ မပွင့်တပွင့် တိုးတိုးသက်သာ ရယ်လိုက်ခြင်းဖြစ်သည်။

“ဘာများလဲကွ”

“ဪ၊ ကျွန်မတို့အဖြစ်ကို ပြောပါတယ်၊ ကိုယ်နဲ့ ရင်းနှီးသိကျွမ်းတဲ့သူတွေ သေတယ်လို့ ကြားရသိရတဲ့အခါ၊ အသုဘပို့တဲ့အခါ အဲဒီအခါမျိုးတွေမှာ သူ့ခမျာ သေရှာပြီ ဆုံးရှာပြီလို့ နှမြောစိတ် ဝမ်းနည်းစိတ်ကလေးတွေတော့ ပေါ်ပေါက်လာတတ်ပါရဲ့၊ အင်း၊ သူ့လိုပဲ ငါလည်း တနေ့သေရမှာပဲလို့ စဉ်းစားမိတဲ့အခါမျိုး မရှိသလောက်ပါပဲ၊ သူတို့သာ သေပြီး ကိုယ့်မှာတော့ မသေရတော့မလိုလို”

“အဲဒါကြောင့် မရဏာနုဿတိဆိုတဲ့ ဆင်ခြင်မှုမျိုး လိုအပ်တယ်လို့ ပြောတာပေါ့ကွ၊ တို့ပတ်ဝန်းကျင်မှာ ကြည့်စမ်း၊ တို့အပေါင်းအသင်းတွေ တို့ဆွေမျိုးတွေ ထင်ရှားကျော်ကြားတဲ့လူ‌တွေ သာမန်အညတြလူတွေ လူတိုင်းလူတိုင်းဟာ မသေခင်က ရုတ်ရုတ်ရုတ်၊ သေသွားတော့ ဘာမှမဟုတ်ဆိုတာ တွေးကြည့်ဖို့ကောင်းတယ်၊ ဒီလို တွေးလိုက်နိုင်ရင် တို့တတွေမှာရှိတဲ့ လောဘတွေ၊ ဒေါသ‌တွေ၊ မာန်မာနတွေဟာ နည်းနည်းတော့ လျော့ပါးသွားနိုင်တာပေါ့ကွာ၊ အဲဒီလို ဆင်ခြင်နိုင်အောင် ဗုဒ္ဓမြတ်စွာက ဂါထာတပုဒ်ပေးခဲ့တယ်”

“ ‘အနိစ္စာမေ ပဥ္စက္ခန္ဓာ၊ အနိစ္စာယ၊ မရိဿန္တိ၊ မရဏန္တံ ဂမိတွာန၊ ဣမံကာယံ ခိပိဿန္တိ’ တဲ့၊ မြန်မာလို အဓိပ္ပာယ်ကတော့ ငါ၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် မမြဲကြကုန်၊ မမြဲသော သဘောတရားကြောင့် သေရမည်ဖြစ်၏၊ ထိုသေခြင်းသို့ ရောက်သောအခါ အသုံးမကျသော ငါ၏ ကိုယ်ကာယကို စွန့်ပစ်ရလိမ့်မယ်တဲ့”

ဒေါ်မြမေသည် ဣန္ဒြေရစွာ ထမင်းစားနေသော ဦးချမ်းသာကိုကြည့်ရင်း အထက်ပါစကားများကို ပြန်၍ စဉ်းစားနေမိခြင်း ဖြစ်သည်၊ တကယ်ကတော့ ဦးချမ်းသာ ဆက်တိုက် တောက်လျှောက် တကြိမ်တည်း ပြောခဲ့သော စကားများမဟုတ်၊ ထမင်းစားရင်း မေးသဖြင့် တစ်ခွန်းစ နှစ်ခွန်းစ အကြောင်းအရာတခုစ နှစ်ခုစပြောကြားသည်လည်းရှိသည်၊ ထမင်းစားပြီး၍ စိတ်အေးလက်အေး ညဦးညချမ်းအခါ အနားယူနေစဉ် ထမင်းဝိုင်းမှ စကားစပ်ကို ဆက်၍ဆွေးနွေး မေးမြန်းသဖြင့် ကြားရသော ဓမ္မဿဝနများလည်း ဖြစ်လေသည်။ မှန်ပါသည်၊ ဒေါ်မြမေ၏ အသက်အရွယ်နှင့် ပထမဦးဆုံးသေခြင်းတရားကို ကြားရစဉ်က မကြားဝံ့ မနာသာ နားရွံ့ခဲ့သော်လည်း အသက်ငါးဆယ်ကျော်ခဲ့သည့် အချိန်တွင်ကား သေခြင်းတရားများကို စဉ်းစားဝံ့လာသည်၊ ဦးချမ်းသာပြောသလို ‘သေရဲရှင်ရဲ’ ရဲရင့်သော စိတ်ဓာတ်မျိုး လိုချင်လာသည်။ ကိုယ်သေဦး၊ သူသေဦး တယောက်ယောက်တော့ 
တနေ့နေ့မှာ သေရလိမ့်မည်၊ သူ့ကိုချန်ရစ်၍ ကိုယ်ကသေနှင့်ရမည်လား၊ ကိုယ့်ကိုချန်ရစ်၍ သူက သေနှင့်တော့မှာလား၊ သည်သဘောတရားနှင့် ဆက်နွယ်၍ ရယ်စရာတခုလိုနှင့် ရင်တုန်လိုက်သည့် အဖြစ်တခုကို ကြုံခဲ့ရပါသေးသည်။

“မောင်ရေ၊ မန္တလေးက ဒေါ်ဌေးဌေး လက္ခဏာကြည့်ချင်ပါတယ်ဆိုလို့ လက္ခဏာဆရာ့ဆီ ဒီနေ့လိုက်ပို့ရတယ်၊ တလက်စတည်း ကျွန်မလက္ခဏာကိုပြတော့ မြမှာ မုဆိုးမလက္ခဏာ မပါဘူးလို့ ဟောလိုက်တယ်”

ဒေါ်မြမေက ဝမ်းသာအားရ ပြောပြသည်ကို ဦးချမ်းသာက တွေတွေကလေး စိုက်ကြည့်ရင်း လေးလေးတွဲ့တွဲ့ ခေါင်းနှစ်ချက် ဆက်ညိတ်ပြီးမှ

“အင်း၊ မင်းက ဝမ်းသာနေတယ်လား၊ မုဆိုးမလက္ခဏာ မပါဘူးဆိုတာ မိမိလင်ယောကျ်ားထက် မယားက အရင်သေလိမ့်မယ်ဆိုတာကို ပြောတဲ့ အဓိပ္ပာယ်ခင်ဗျ၊ အဲသလိုကော စဉ်းစားမိရဲ့လား” ဟုဆိုမှ “အမယ်လေးတော် ဟုတ်ပါရဲ့” ဟု ဒေါ်မြမေက သူ့ရင်ဘတ်ကို သူတီးလိုက်ရလေသည်၊ ယနေ့လည်း ထိုအကြောင်းကို သတိရလိုက်မိ၍ ရယ်ရမလို ငိုရမလို ဖြစ်လိုက်ရပါသေးသည်။

ထမင်းစားပြီး၍ ညဦးပိုင်းသို့ ရောက်သောအခါ အိမ်ဦးခန်းတွင် ဆေးပြင်းလိပ်ကိုဖွာ၍ စိမ်ပြေနပြေရှိနေသော 
ဦးချမ်းသာ၏ အနားသို့ သွားထိုင်လိုက်သည်၊ ဦးချမ်းသာအား တချက်ကြည့်ပြီးနောက်

“သူလည်း ကျန်းကျန်းမာမာကြီး ရှိသေးတာပဲ၊ ငါ့မှာလည်း သေကောင်ပေါင်းလဲ သေနိုင်တဲ့ဝေဒနာ ကြီးကြီးကျယ်ကျယ် မရှိသေးပါဘူး” ဟု အားတင်း၍ စဉ်းစားနေမိသည်၊ တကယ်ပြောရလျှင် ကိုယ်လိုရာကို ကိုယ်ဆွဲ၍ လိပ်ခဲတည်းလည်း လုပ်နေခြင်းသာဖြစ်သည်။

“ဘာတွေများတွေးနေလဲ အမေကြီးရဲ့” ဟု ဦးချမ်းသာက မျက်နှာရိပ်မျက်နှာကဲကို ခတ်၍ စပ်စုလိုက်လေသည်။

“ဪ၊ မောင်ပြောခဲ့တဲ့ မရဏာနုဿတိ ဆိုတာတွေကိုပေါ့”

“သာဓုဗျာ၊ သာဓု၊ ဆိုစမ်းပါဦး”

“ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်မအနေနဲ့ဖြင့် တရားတော့သိပါရဲ့၊ တရားမထိုင်နိုင်သေးဘူးဆိုတာမျိုးလို အခါခပ်သိမ်း နှလုံးမသွင်းနိုင်သေးလို့ပါ၊ လူ့ကိစ္စတွေကလည်း အများသား မဟုတ်လား”

“ဟုတ်တာပေါ့ကွယ်၊ ငါလည်း ထို့အတူပါပဲ၊ အသိက အရှိဖြစ်အောင် ကြိုးစားကြရမှာပေါ့၊ သိတာပဲတော်သေးတယ် ဆိုရမယ်”

“အင်း၊ မကျန်းမမာ ဝေဒနာဖိစီးပြီး အိပ်ရာထဲ လှဲနေရတဲ့အခါများတော့ မပြတ် ဆင်ခြင်နေမိမလား မသိဘူး”
“ဟဲ ဟဲ၊ အထင်မကြီးနဲ့ ကျောင်းအမရေ့၊ ဝေဒနာဖိစီးလာတဲ့အခါ ကယ်ပါယူပါနဲ့ မရဏာနုဿတိကို အမှတ်မပြုနိုင်ဘဲ ဝေဒနာထဲမှာသာ အလူးအလဲ ခံစားနေရတတ်တယ်၊ ဒါကြောင့် ကျန်းကျန်းမာမာ ရှိနေစဉ်ကတည်းက ဝေဒနာမပေါ်ခင်ကတည်းက အဆောက်အအုံဖြစ်အောင်၊ အထုံပါအောင် ကြိုးစားနေကြရမယ်၊ တို့တတွေက နာမကျန်းဖြစ်ပြီးမှ သေရလိမ့်မယ်ထင်နေကြတယ်၊ ဘယ်ဟုတ်လိမ့်မလဲ၊ ကွေးတဲ့လက်မဆန့်ခင်၊ ဆန့်တဲ့လက် မကွေးခင်တဲ့၊ သေခြင်းတရားဆိုတာ အဲဒီလောက်မြန်တယ်”

“ဒီအကြောင်းနဲ့ပတ်သက်လို့ ဗုဒ္ဓမြတ်စွာက ငါးရာ့ငါးဆယ် တေရသနိပါတ် ဇဝနဟံသဇာတ်မှာ ဟောတော်မူထားတယ်ကွဲ့”

“ပြောပါဦး အဖေကြီးရယ်”

“ရှေးရှေးတုန်းက စိတ္တကုဋ်တောင်မှာ ကိုးသောင်းသော ဟင်္သာတို့ အခြံအရံရှိတဲ့ ဇဝနဟင်္သာမင်းဆိုတာ ရှိသတဲ့၊ သူ့မှာ ညီတော်နှစ်ပါးလည်း ရှိသေးတယ်၊ အဲဒီ ဇဝန ဟင်္သာမင်းဟာ ဗာရာဏသီ ဗြဟ္မဒတ်မင်းနဲ့ အဆွေခင်ပွန်း ဖြစ်နေကြသတဲ့”

“ဒီဗြဟ္မဒတ်မင်းက ရွှေဥဒေါင်းကိုဖမ်းတဲ့ ရှင်ဘုရင်လို မဟုတ်ဘဲ သူတော်ကောင်း ဖြစ်မှာပေါ့နော်”

“ဒါပေါ့ကွ၊ သူတော်ကောင်းမို့ သူတော်ကောင်းနဲ့ ပေါင်းမိတာပေါ့၊ တနေ့တော့ သူ့ညီတော်နှစ်ပါးကနေမင်းနဲ့ အသွားလျင်မြန်ပုံချင်းပြိုင်ပါရစေလို့ ခွင့်တောင်းသတဲ့၊ ဒီတော့ ဘုရားလောင်းက တားတော်မူတယ်၊ သို့ပေမဲ့ သူတို့က သူတို့ရဲ့ စွမ်းပကားအားကိုးနဲ့ ဇွတ်တိုးပြီး ပြိုင်ကြသတဲ့”

“နေမင်းကိုပြိုင်လို့ နိုင်မတဲ့လားတော်”

“အေးပါလေ၊ နားထောင်ပါဦး၊ အဲဒီလို နောင်တော်ကြီးရဲ့ စကားကို နားမထောင်ဘဲ နေမင်းထွက်လာတာနဲ့ ယုဂန္ဓိုရ်တောင်ထိပ်မှ တက်ပြိုင်ကြတဲ့အခါ ညီငယ်ဟင်္သာက မွန်းလတ်အချိန်ထိသာ ပျံနိုင်ပြီး အတောင်ညောင်းလို့ သေအံ့မူးမူးမှာ နောင်တော် ဟင်္သာကြီးက အလျင်အမြန်လိုက်၍ အတောင်နဲ့ပွေ့ပိုက်ပြီး စိတ္တကုဋ်တောင်ကို ပြန်ခေါ်ခဲ့ရသတဲ့”

“ဒါဖြင့် ညီလတ်ကတော့ ဆက်ပြီး ပျံနိုင်တယ်ပေါ့နော်”

“ဟင့်အင်း၊ ညီလတ်ခမျာလည်း မွန်းတည့်ချိန်မှာ အတောင်ညောင်းလို့ ရှေးနည်းအတိုင်းပဲ နောင်တော်ကြီးက လိုက်ကယ်ခဲ့ရသတဲ့၊ အဲဒီနောက် ဇဝနဟင်္သာမင်းက ငါလည်း ငါ့စွမ်းပကားကို သိရအောင် ပြိုင်စမ်းကြည့်ရရင် ကောင်းမှာပဲလို့ အကြံရကာ စိတ္တကုဋ်တောင်က မွန်းတိမ်းသွားပြီဖြစ်တဲ့ နေမင်းကို အမီလိုက်ပြီး ပျံလိုက်တာ နေမင်းကြီးရဲ့ရှေ့ကိုတောင် ကျော်ပြီး ရောက်သွားသေးသတဲ့”

“ကြည့်စမ်းပါဦး၊ ရွှေဟင်္သာမင်းမှာ ညီတော်အငယ်ကိုလည်း လိုက်ခေါ်ပြီး ပြန်ပို့ရသေးတယ်၊ ညီအလတ်ကိုလည်း လိုက်ခေါ်ပြီး ပြန်ပို့ရသေးတယ်၊ မွန်းတိမ်းချိန်ရောက်မှ နေမင်းကို အမီလိုက်ပျံနိုင်တာ အံ့ဩစရာကြီးပေါ့နော်”

“အေးပေါ့ကွ၊ ဇဝနဆိုတဲ့ပါဠိကိုက လျင်မြန်ခြင်းလို့ အဓိပ္ပါယ်ထွက်တယ်၊ ဘုရားလောင်းရဲ့ ပါရမီတော်တို့က အင်မတန် ကြီးပေတာပဲ၊ ဒီလိုနဲ့ ပြိုင်ရာက အနိုင်ရမှန်းသိပြီးတဲ့နောက် စဉ်းစားမိသတဲ့၊ ဒီအလုပ်တွေဟာ အကျိုးမရှိတဲ့အလုပ်တွေပဲ၊ ဒီလိုအကျိုးမဲ့အလုပ်ကို လုပ်နေတာထက် ငါ့မိတ်ဆွေ ဗြဟ္မဒတ်မင်းထံသွားပြီး တရားဟောနေရတာကမှ ကျေးဇူးရှိလိမ့်ဦးမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်၊ အဲဒီလိုနဲ့ ဗာရဏသီပြည် ဗြဟ္မဒတ်မင်းရဲ့ နန်းတော်ထဲကို ပျံသန်းဝင်ခဲ့သတဲ့၊ ဒီတော့ ဗြဟ္မဒတ်မင်းက သူ့အဆွေခင်ပွန်းကို ကောင်းမွန်စွာ ကြိုဆိုဧည့်ခံပြီးတဲ့နောက် အခုဘယ်ကကြွလာခဲ့ပါသလဲလို့ မေးမြန်းတော်မူတယ်”

“အဲဒီအခါ ဘုရားလောင်းက သူ့ညီတော်နှစ်ပါး နေမင်းကို အပြိုင်ပျံသန်းကြတဲ့အကြောင်း၊ အတောင်ညောင်းလာတဲ့ ညီတော်များကို တပါးစီ တပါးစီ နှစ်ကြိမ်နှစ်လီ ကယ်ယူပြီး စိတ္တကုဋ်တောင်ကို ပြန်ပို့ရတဲ့အကြောင်း၊ နောက်တော့ သူကိုယ်တိုင် လိုက်ပြိုင်ကြည့်တဲ့အကြောင်း၊ အဲဒီကမှ နေမင်းကို အနိုင်ရပြီးတဲ့နောက် အကျိုးမရှိတဲ့အလုပ်ကို စွန့်ခဲ့ပြီး မင်းကြီးထံဝင်ခဲ့ကြောင်း ပြန်ပြောပါသတဲ့၊ အဲဒီအခါမှာ ဗြဟ္မဒတ်မင်းကြီးက အံ့ဩခြင်းမက အံ့ဩသွားပြီး ‘ဘုရားလောင်းရဲ့ လျင်မြန်သော အရှိန်အဟုန် စွမ်းပကားကို မျက်ဝါးထင်ထင် မြင်ချင်စမ်းပါဘိ’ လို့ တောင့်တတော်မူလိုက်တယ်”

“ဟုတ်တာပေါ့ရှင်၊ အံ့ဩစရာကြီးဆိုတော့ ကြည့်ချင်မြင်ချင်မှာပေါ့၊ အဲဒီတော့ ဟင်္သာမင်းက ပျံသန်းပြသေးသလားဟင်”

“နေမင်းက ဝင်စပြုသွားလို့ နေမင်းကို ပြိုင်မပြနိုင်တော့ပါဘူး၊ ပြိုင်ပြလည်း ဗြဟ္မဒတ်မင်းက မြင်နိုင်မှာ မဟုတ်ဘူးလေ၊ ဒီတော့ ဘုရားလောင်းက ပြောတယ်၊ “အသင်မင်းကြီးတဲ့၊ နေမင်းကိုပြိုင်တာတော့ အသင်မင်းကြီးရဲ့ ‘မံသ’ မျက်စိနဲ့မြင်နိုင်မှာ မဟုတ်ပါဘူး၊ ဒီတော့ ဒီလိုလုပ်ပေးပါ၊ မင်းရင်ပြင်မှာ ကျောက်တိုင်ကြီးတတိုင် မြင့်မြင့်စိုက်ပေးပါ၊ အဲဒီနောက် မျက်စိတမှိတ် လျှပ်တပြက်မှာ အချက်ပေါင်းတထောင် ပစ်စွမ်းနိုင်တဲ့ ‘အက္ခဏ ဝေဓိ’ လေးသည်ကျော်များကို အရှေ့ အနောက် တောင် မြောက် လေးမျက်နှာမူ၍ အဆင်သင့်ထားပေးပါ၊ အဲဒီလိုခေါ်ထားပြီးရင် ကျွန်ုပ်၏ လည်တိုင်ကို ရွှေဆည်းလည်း (ဆွဲလဲ) ကလေးချည်ပေးပါ၊ မင်းကြီးက အချက်ပေးလိုက်တဲ့အခါ လေးသည်ကျော်များက မိမိတို့ရဲ့ ‘တူရူ’ မျက်နှာကို မြားတစင်းစီ တပြိုင်တည်း ပစ်လွှတ်လိုက်ပါစေ၊ ကျွန်ုပ်က ထိုမြားများ မြေသို့မကျခင် လေးစင်းစလုံးကို ပျံသန်းကိုက်ချီကာ လေးသည်တော်တို့၏ ခြေရင်းမှာ မြားတစင်းစီ ပြန်ချပေးပြီးတဲ့ နောက်မှ ကျောက်တိုင်ထိပ်မှာ ရပ်တည်ပြပါမယ်၊ ကျွန်ုပ်၏ လျင်မြန်သော အဟုန်ကို အသင်မင်းကြီး မြင်နိုင်မှာ မဟုတ်တဲ့အတွက် ကျွန်ုပ်၏လည်ပင်းမှ ရွှေဆည်းလည်း၏ အသံကိုသာ နားဆင်၍ ကြည့်ပါလော့’ လို့ အကြံပေး မှာထားတော်မူတယ်”

“အမလေး၊ အံ့ဩစရာကြီးပါလားနော်၊ ရှင်ဘုရင်ကလည်း ဘုရားလောင်း မိန့်တော်မူတဲ့အတိုင်း လုပ်ဆောင်ပေးသတဲ့လား”

“လုပ်ပေးတာပေါ့ကွ၊ အဲဒီလို လုပ်ပေးပြီးတဲ့နောက် ရှင်ဘုရင်တပါးတည်းသာမကဘူး၊ မိဖုရားနဲ့ မောင်းမမိဿံ အခြွေအရံအားလုံး မှူးကြီးမတ်ရာ တိုင်းသူပြည်သားများပါမကျန် ဘုရားလောင်း၏ စွမ်းပကားကို ကြည့်ရှုကြစေသတဲ့၊ အဲဒီနောက် ဗြဟ္မဒတ်မင်းကြီးက အချက်ပေးလိုက်တယ်ကွာ၊ လေးသည်ကျော်တို့ကလည်း တပြိုင်တည်းပစ်လိုက်ကြတယ်ကွာ၊ ဘုရားလောင်း ဟင်္သာမင်းကလည်း အထက်က ပြောခဲ့တဲ့အတိုင်း မြားလေးစင်းစလုံးကို တမုဟုတ်ချင်း ပျံသန်းကိုက်ချီယူခဲ့ပြီး လေးသည်တော်တွေ ခြေရင်းမှာ မြားတစင်းစီ ချပေးလိုက်တယ်ကွာ၊ ပြီးတော့မှ ကျောက်တိုင်ထိပ်မှာ ရပ်နားပြတော်မူလိုက်တယ်၊ တကယ်ပါဘဲ ဗြဟ္မဒတ်မင်းကြီးဟာ ဘုရားလောင်းပျံသန်းတာကို မြင်တောင်မမြင်လိုက်ရဘဲ ရွှေဆည်းလည်းအသံကိုသာ ကြားရပြီး ကျောက်တိုင်ထိပ်မှာ ရပ်လာတော့မှ ဘုရားလောင်း၏ ရွှေကိုယ်တော်ကို မြင်တော်မူရပါတယ်”

“အမလေး၊ အံ့ဩလက်ခတ်၊ ရင်ဘတ်စည်တီး၊ ချီးပ မကုန်ဆိုသလိုပါပဲကလားနော်”

“အေး၊ မင်းချီးမွမ်းသလို ဗြဟ္မဒတ်မင်းကြီးကလည်း ချီးမွမ်းပါသတဲ့၊ အဲဒီအခါမှာ ဘုရားလောင်းက ဘာပြောသလဲသိလား၊ အသင်မင်းကြီးတဲ့ ယခုကျွန်ုပ်၏ လျင်မြန်ခြင်းဟာ အယုတ် အလတ် အမြတ်အားဖြင့် ‘အယုတ်’ မျှသာ (အနိမ့်ဆုံးအဆင့်သာ) ဖြစ်ပါသေးတယ်တဲ့၊ ဒီထက်အလျင်မြန်ဆုံး ပျံသန်းနိုင်သေးတဲ့ စွမ်းပကားကို ထောက်ချင့်၍သာ ကြည့်ပါတော့ လို့ မိန့်တော်မူသတဲ့၊ အဲဒီတော့ ဗြဟ္မဒတ်မင်းကြီးက ဘုရားလောင်းကို ယခုလို မေးမြန်းလိုက်တယ်”

“ဒါဖြင့်လောကမှာ အသင်ဟင်္သာမင်းထက် လျင်မြန်တဲ့ အခြင်းအရာ အကြောင်းတရား အခြားရှိပါသေးသလားတဲ့”

“ ‘အသင်မင်းကြီး၊ ကျွန်ုပ်ထက်လျင်မြန်ခြင်းမက လျင်မြန်လှတဲ့ အကြောင်းတရားတခု ရှိပါသေးတယ်၊ အဲဒါကတော့ ‘သေခြင်း’ ဆိုတဲ့ အကြောင်းတရားပါပဲ’ တဲ့”

“ရွှေဟင်္သာမင်းက အဲဒီလိုလည်း ပြောလိုက်ရော၊ ဗြဟ္မဒတ်မင်းဟာ သေရမှာကို အကြောက်ကြီးကြောက်ပြီး မူးမေ့လဲကျသွားပါသတဲ့၊ မောင်းမမိဿံ အခြွေအရံများက ထိတ်ထိတ်ပျာပျာနဲ့ ကူမ နှာနှပ်ပြုစုကြရတာပေါ့၊ ဗြဟ္မဒတ်မင်း သတိပြန်လည်လာတဲ့အခါ ဘုရားလောင်း ရွှေဟင်္သာမင်းက ‘အသင်မင်းကြီး၊ သေခြင်းတရားကို ကြောက်နေရုံမျှနဲ့ မလွန်ဆန်နိုင်ပါဘူး၊ ထိုတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့သာ အရေးကြီးပါတယ်’ လို့ ပြောလိုက်တယ်”

“ ‘ဘယ်လိုရင်ဆိုင်ရမှာလဲ ရွှေဟင်္သာမင်းရယ်’ လို့ မေးတော့
‘ငါသည် သေရအံ့တကားလို့ သတိတရားနဲ့ ‘မရဏာနုဿတိ’ ကို အမြဲပွားများနေပါ၊ မင်းကျင့်တရား ဆယ်ပါးနဲ့လည်း ပြည့်စုံပါစေ’ လို့ ရွှေဟင်္သာမင်းက တရားပြတော်မူခဲ့တဲ့အကြောင်း မြတ်စွာဘုရားကိုယ်တော်တိုင် အတိတ်ဆောင်၍ ဇဝနဟံသဇာတ်ကို ဟောတော်မူခဲ့ပါတယ်”

“ဇာတ်တော်ပေါင်းတဲ့အခါမှာတော့ ဗြဟ္မဒတ်မင်းက ရှင်အာနန္ဒာ ဖြစ်လာတယ်၊ ညီတော်အငယ်က ရှင်မောဂ္ဂလာန်၊ ညီတော်အကြီးက ရှင်သာရိပုတ္တရာ၊ ဟင်္သာအပေါင်းတို့က ဘုရားရဲ့ ပရိသတ်၊ ဇဝနဟင်္သာမင်းကတော့ ဘုရားကိုယ်တော်မြတ်ပေါ့ကွယ်၊ အေး၊ သေခြင်း၏ လျင်မြန်ပုံကို ရွှေတိဂုံဘုရားဂေါပကဟောင်း ဓမ္မမိတ်ဆွေတဦးက မြန်မာကဗျာလေးတပုဒ် စပ်ဆိုရေးသားထားတာ ရှိတယ်၊ သူ့အာဘော်က နက်ဖြန်ဆိုတာ အဝေးကြီးတဲ့၊ နောက်ဘဝဆိုတာက နီးနီးလေးတဲ့၊ ကဲ နားထောင်နော်၊ နက်ဖြန်ဆိုတာ၊ တနေ့တာသည်၊ ဒီကာလနောက်၊ ညမှောင်ရောက်ပြီး၊ နောက်နေ့နံနက်၊ အရုဏ်တက်မှ၊ ဆက်ဆက်ရောက်လာ၊ ခရီးကွာ၏။
သို့ပါသော်လည်း၊ မသဲကွဲသည့်၊ ရောက်မြဲဌာန၊ နောက်ဘဝကား၊ ခရီးရောက်ဖို့ နီးသည်၊ ကွေးပြီးလက် မဆန့်မီတည်း”

ဆရာကြီးဦးသုခ၏ "ချယ်ရီအလှ စာအလှ" စာအုပ်မှ ကူးယူဖော်ပြပါသည်။