ဂျပန် စာရေးဆရာကြီး ရှီမာဇာကီ တိုဆန် ရေးသည့် ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။ ရှီမာဇာကီသည် ဂျပန်ကဗျာခေတ်သစ်ကို ရှေ့ဆောင်သူတစ်ဦးဖြစ်၍ သဘာဝသရုပ်ဖော် ဝတ္ထုများကိုလည်း ရေးလေ့ရှိသည်။

သူ့စာများသည် သဘာဝနှင့်လည်း နီးစပ်၍ ဘဝနှင့်လည်း နီးစပ်သည်ဟု ဝေဖန်ရေးဆရာများက ဆိုကြသည်။
ဤဝတ္ထု၌ ခွေးလေတစ်ကောင်၏ ဘဝကို ရှီမာဇာကီ ဖော်ပြထားပုံမှာ ကရုဏာရသ မြောက်သည်ဟု ဆိုသင့်သည်။ တိရစ္ဆာန်ဘက်ကကြည့်လျှင် လူသားသည် အလွန်ကြမ်းကြုတ် ရက်စက်သော သတ္တဝါ
ဖြစ်နေသည်။ ဤသဘောသည် ယခုဝတ္ထုတွင် အထင်းသား ပေါ်နေသည်။

ဂျပန်စာပေသမိုင်းဆရာတို့က ဂျပန်ဝတ္ထုတိုဟူ၍ အထင်အရှား ပေါ်လာသည်မှာ ၁၉ဝ၅ ခု ရုရှား ဂျပန် စစ်ပွဲပြီးသည့်နောက်မှ ဖြစ်သည်ဟု ဆိုကြသည်။ ဤအဆိုကို အမှန်ဟု ယူဆရလျှင် ဂျပန်ဝတ္ထုတိုသည်
အနှစ်ခြောက်ဆယ်ကျော်မျှသာ ရှိသေးသည်ကို တွေ့ ရသည်။

              .......... ခွေးလေ ........

မွေးကတည်းက သူ ကံမကောင်း။ လောကကြီးထဲသို့ သူ ဝင်လာသည့်အခါ၌ အမွေးအမှင်ကလည်း ထူသည်။ နားရွက်ကလည်း တွဲသည်။
မျက်လုံးများကလည်း မြေခွေးမျက်လုံးများနှင့် တူသည်။ အိမ်တွင်မွေးသည့် တိရစ္ဆာန်တိုင်း၌ လူတွေ ချစ်စရာ အရည်အချင်း တစ်ခုစီတော့
ရှိကြစမြဲ ဖြစ်သည်။ 

သို့ရာတွင် သူ့၌ လူချစ်စရာ အရည်အချင်းဆို၍ တစ်ခုမျှ မရှိ။ သူ့မျက်နှာထားကလည်း ခပ်ဆိုးဆိုးဖြစ်၍ မည်သူကမျှ မချစ်ချင်။ ချုပ်၍ ပြောရလျှင် သူ့တွင် အိမ်မွေးတိရစ္ဆာန်တို့တွင် ရှိတတ်သည့် အရည်အချင်းမျိုးဆို၍ တစ်ခုမျှ မရှိ။ 

ထို့ကြောင့် သူ့ကို မည်သူကမျှလည်း မချစ်ကြ။
သို့ရာတွင် သူသည် သူ့ဘာသာ သူ့အသက်ရှင်အောင် မနေတတ်သည့် ခွေးတစ်ကောင်သာ ဖြစ်သည်။ သူ့ဘိုးဘေးစဉ်ဆက်များကဲ့သို့ ရွာနီးချုပ်စပ်သို့ ကပ်၍ လူတို့စွန့်ပစ်သော စားကြွင်းစားကျန်များကို
စားသောက်ကာ တောကြီးမျက်မည်းထဲသို့ ပြန်ဝင်သွားရန်လည်း မလွယ်။

သို့ဖြင့် သူသည် သူ့ကို လက်ခံမည့်အိမ်ကို တစ်အိမ်ပြီး တစ်အိမ် လိုက်ရှာရသည်။

ဒုက္ခပွေလှသော ဤတိရစ္ဆာန်သည် ခြံသမား ကင်စန်၏ အိမ်သို့ ရောက်လာခဲ့သည်။ ကင်စန်၏ အိမ်သည် ဆောက်ပြီးခါစ ဖြစ်သည်။

သစ်သားအုပ်ကြွပ်မိုးထား၍ ကိုကူဘို ရွာသွား လမ်းမပေါ်တွင် နောက်ဖေးမှ အိမ်ရှေ့သို့ တိုးလျှိုပေါက် ဝင်နိုင်သည်။ ကြမ်းပြင်အောက်က မြေကြီးက ခြောက်သွေ့သည်။ ပို၍ကောင်းသည်က
အိမ်နှစ်လုံးကြားက ခြံစည်းရိုးတစ်နေရာတွင် မည်းမှောင်ကျဉ်မြောင်းသည့် ချောင်ကလေးတစ်ချောင် ရှိသည်။ 

အရေးကိစ္စကြုံလျှင် ထိုချောင်ကလေးထဲသို့ ဝင်၍ ပုန်းနိုင်သည်။ ထို့ကြောင့် သူသည် ထိုချောင်ကလေးကို သူ့ရိပ်မြုံအဖြစ် ရွေးလိုက်သည်။

နေစရာတော့ ရှိပြီး စားစရာ လိုသေးသည်။ ဤနေရာတစ်ဝိုက်၌ အိမ်နှစ်လုံးရှိသည်။ ခြံသမား ကင်စန် မိသားစုနေသည့် အိမ်နှစ်လုံးနှင့်ပေါင်းလျှင် ဤအနီးတစ်ဝိုက်တွင် အိမ် လေးလုံးရှိသည်။ အိမ်များက
တစ်အိမ့်တစ်အိမ် ကျောပေးနေကြသည်။ အိမ်များကြားတွင် လှပသော သစ်ခက်များရှိသည့် သစ်ပင်များ ပေါက်နေကြသည်။ 

သူ၏ အနံ့ခံကောင်းသော နှာခေါင်းက မီးဖိုခန်းကို ချက်ချင်းသိလိုက်သည်။ ဆာလွန်းသဖြင့် တခြား ရှည်ရှည်ဝေးဝေး လိုက်မရှာနိုင်။ အသီးအခွံများ၊
အေးစက်၍ သိုးစပြုနေပြီဖြစ်သည့် ဟင်းကျန်များ စသည့် စားစရာမှန်သမျှကို အကုန် စားပစ်လိုက်သည်။ 

အကယ်၍ ဤစားစရာများနှင့် မတင်းတိမ်လျှင် သူသည် အမှိုက်ပုံကို အနံ့ခံကြည့်သည်။ မောပန်း
အားကုန်သွားသည်အထိ အမှိုက်ပုံကို မွှေနှောက်လှန်လှောရှာသည်။

ရေတွင်းဘေးက အင်တုံတစ်ခုထဲတွင် ညစ်ပတ်နေသော ခြေအိတ်များကို ရေစိမ်ထားသည်။ သူသည် ဝမ်းသာအားရဖြင့် အင်တုံထဲက ရေကို တဝ
သောက်ပစ်လိုက်သည်။

ခြံထဲတွင် မိုကူဆေ ပင်အိုကြီးတစ်ပင် ရှိသည်။ ထို သစ်ပင်အိုရိပ်ကြီးအောက်ကို အပန်းဖြေ နားနေရာအဖြစ် အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။ 

သူသည် ခြေလေးချောင်းကို မြေကြီးပေါ်တွင် ဆန့်၍
လှဲလိုက်သည်။ သစ်ရွက်များကြားမှ ထိုးကျလာသော နေရောင်ကြောင့် သူ့ခြေထောက်များသည် နွေးနေကြသည်။ မြေကြီးပေါ်လှဲရင်းသက်ပြင်းချသည့်အခါ ချ၍၊ ယားသည့်နေရာကို ကုတ်သည့်အခါတွင် ကုတ်သည်။

ညနေ မိုးချုပ်လျှင် အိမ်အောက်က သူ့ရိပ်မြုံဆီသို့ လာကာ မီးသွေးအိတ်ကြီးများပေါ်သို့ တက်၍ ခွေသည်။ တစ်ခါတစ်ရံတွင်လည်း သံစည်ပိုင်းပြတ်
အလွတ်တစ်လုံးထဲသို့ ဝင်၍ အိပ်တတ်သည်။ ချမ်းလွန်းမက ချမ်းသည့်အခါများတွင် မီးဖိုအောက်တည့်တည့်သို့ သွားကာ သုံးပြီးသား မီးသွေးဟောင်းများ ထည့်သည့် သေတ္တာပေါ်သို့ တက်အိပ်သည်။ 

မီးသွေးက မီးငြိမ်းပြီးခါစဖြစ်၍ နွေးနေသည်။ ဤသို့ဖြင့် သူ့ဘဝကို အစပြုခဲ့ရသည်။

ထိုအချိန်က ကင်စန်တို့အိမ်တွင် အဖြူနှင့်အညို ရောနေသည့် စာဥခြောက် ခွေးကလေးတစ်ကောင် မွှေးထားသည်။ အမည်က ပိုချီဟုခေါ်သည်။ ကင်စန်တို့အိမ်တွင် သူ့ကို ကြိုဆိုမည့်သူဆို၍ ပိုချီတစ်ဦးသာ
ရှိသည်။ 

ပိုချီသည် သဘောကောင်းဟန်ရှိသည်။ ပိုချီက မြေကြီးကို လက်နှစ်ဖက်ဖြင့် ယက်ကာ သူ့အနားသို့ ကပ်လာသည်။ သူကလည်း ဝဲစားစပြုနေသည့် အမြီးတိုကလေးကို ယမ်းရင်း ပြန်နှုတ်ဆက်သည်။

သို့ရာတွင် ကင်စန်နှင့်တကွသော အခြားသူများကမူ သူ့ကို ပိုချီ ဆီးကြိုသည့်နှယ် ဝမ်းသာအားရ ဆီးကြိုခြင်း မပြုကြ။

“အရုပ်ဆိုးပြီဆိုရင် ခွေးတောင် ကြည့်လို့မကောင်းဘူး။ ခွေးက လှတယ်ဆိုရင်လည်း ကောက်မွှေးရသေးရဲ့” ဟု တစ်ယောက်က ဆိုသည်။

ထိုစကားများသည် သူ့အဖို့ ဘာမျှ အဓိပ္ပာယ်မရှိ။ သူ့အမည်ကို မသိသူများကမူ “ဟဲ့ခွေး” ဟု သာမန်မျှသာ ခေါ်ကြသည်။ ထိုအနားက အိမ်လေးလုံးစလုံး၌ အိမ်ရှင်မများ ရှိကြသည်။ သူ့ကို အိမ်ရှင်မတွေ
ကရော ကလေးတွေကရော မုန်းကြသည်။ ရယ်ကြသည်။ "ဟဲ့ခွေး” ဟု အော်ကြ၊ ငေါက်ကြသည်။ 

အဖေများကမူ ထို့ထက်ပင် ကြောက်စရာ ကောင်းကြသေးသည်။ သူတို့ရှေ့တွင် သတိလစ်ကာ ခပ်ပေါ့ပေါ့ မနေလိုက်လေနှင့်၊ နေလိုက်သည်နှင့်တစ်ပြိုင်နက် နောက်က လိုက်ကြသည်။

ကျောက်ခဲများ၊ လောက်စာလုံးများ၊ မီးညှပ်များဖြင့် ပစ်ကြသည်။ တစ်ခါက တုတ်ကြီးတစ်ချောင်းဖြင့် ပစ်လိုက်သဖြင့် နောက်ခြေထောက်တွင်
ဒဏ်ရာ အနာတရ ဖြစ်ခဲ့ဖူးသေးသည်။

ကြာသော် သူသည် လူ၏စိတ်သဘောကို နားလည်စ ပြုလာသည်။ မဲ့ပြလိုက်လျှင်၊ တစ်စုံတစ်ခုကို ကောက်ဟန်ပြင်လိုက်လျှင်၊ ပခုံးတွန့်၍ နှုတ်ခမ်းကိုက်လိုက်လျှင် သူ့ကို တစ်စုံတစ်ရာ လုပ်တော့မည်
ဧကန္တ ဟု သိနေပြီ။ လွတ်အောင် ပြေးပေတော့။ 

တစ်နေ့သော်
ကံကောင်း၍ ကင်စန့်အိမ်က မီးဖိုချောင်ထဲတွင် ချောင်ပိတ် အရိုက်မခံရခြင်း ဖြစ်သည်။ မည်သူကမျှ သူ လွတ်မည်မထင်တော့။ “ကြိုးယူခဲ့ဟေ့ . . . ကြိုးယူခဲ့” ဟု ပွတ်လောရိုက်အောင် အော်နေကြသည်။

သူ သိပ်ကြောက်လန့်နေပြီ။ ခြံထဲက ချုံတွေကြားထဲ စွတ်ပြေးပြီး ရေချိုးခန်းကို ပတ်သည်။ ထို့နောက် စပါးစည်ဘေးမှ ဖြတ်ကာ ကွင်းပြင်ထဲသို့ ထွက်ပြေးလာခဲ့သည်။

“လွတ်သွားပြီဟေ့ . . . တို့အိမ် လာနှောင့်ယှက်နေတဲ့ခွေး မဟုတ်လား” ဟု ကင်စန်က အော်ပြောသည်။ ထိုအခါကျတော့လည်း ကင်စန်သည် သဘောကောင်း နှလုံးကောင်း ရှိသူကဲ့သို့ ရယ်နေသည်။

ဤလို သေပြေး ရှင်ပြေး ပြေးခဲ့ရသော အကြိမ်ပေါင်းမှာ သူ့ဘဝတွင် တစ်ကြိမ်မကတော့။ သို့ရာတွင် သူသည် ဤလို အခက်အခဲမျိုးကို
လွယ်လွယ်နှင့် အရှုံးပေးတတ်သော သတ္တဝါမျိုး မဟုတ်။ နောက်တစ်ကြိမ်တွေ့လျှင် “ဒါ ကျုပ်နယ်မြေ ဟု ဆိုသကဲ့သို့ ဣန္ဒြေရရဖြင့် အစာ ရှာနေ
တတ်သည်။

သူသည် မီးဖိုချောင်ထဲသို့ ခပ်တည်တည် ဝင်လာတတ်သည်။
သို့မဟုတ်လျှင်လည်း ညစ်ပတ်ပေရေနေသော ခြေထောက်များဖြင့် စင်္ကြံပေါ်တွင် လျှောက်လာတတ်သည်။ ဖိနပ်မှ သားရေများကို ကိုက်ဖဲ့
ပစ်တတ်သည်။ အိမ်ရှင်မတို့ လျှော်ဖွပ်ထားသော အဝတ်များကို ဆော့ကစားကာ ဖုံတွေ ရွှံ့တွေ လူးအောင် လုပ်တတ်သည်။ 

ကလေးများကိုမူ နည်းနည်းမျှ အကြောက်အလန့် မရှိ။ ကင်းစန်တို့ အိမ်တွင် ကိုချန် ဆိုသော မိန်းကလေးတစ်ယောက် ရှိသည်။ ကိုချန်သည် သစ်သား ခုံဖိနပ်ကြီးကို စီးကာ အိမ်ရှေ့ကွက်လပ်တွင် ကစားတတ်သည်။ ထိုအခါမျိုး၌ သူသည် ကိုချန်ကို အပျင်းပြေ လိုက်တတ်သည်။ တစ်ခါတစ်ရံတွင် ကိုချန်က မုန့်တစ်ချပ်ကို ထုတ်ပြကာ . . .

“ဟဲ့ခွေး၊ လာ. . . လာ' ဟု ခေါ်တတ်သည်။ သူက ခုန်၍ မုန့်ကိုဟပ်သည့်အခါတွင် 'မေမေရေ၊ ကိုချန့်မုန့်ကို ခွေး လုစားသွားပြီ” ဟု တိုင်တတ်သည်။

ကိုချန်သည် တစ်ဆိတ်ရှိလျှင် အမေကို တိုင်လေ့ရှိသည်။ ထိုအခါ အမေထွက်လာပြီး • •

'ဟဲ့ ကိုချန်၊ ဒီ သစ်သား ခုံဖိနပ်ကြီးကို ဘာလို့ စီးနေတာလဲ” ဟု အော်တတ်သည်။ အမေ ထွက်လာသည့်အခါ၌ ကိုချန့်လက်ထဲတွင် ဘာမျှမကျန်တော့။ မုန့်က သူ့ပါးစပ်ထဲသို့ ရောက်နေပြီ။ သို့ဖြင့် သူသည်
လူတို့ စားလေ့ရှိသော စားကောင်းသောက်ဖွယ်များကို စားခဲ့ရသည်။

စားကောင်းသောက်ဖွယ် စားပြီးသည့်အခါမျိုး၌ သူသည် နီရဲသော လျှာဖြင့် နှာထိပ်ဖျားကို လျက်နေတတ်သည်။

သို့ရာတွင် မုန့်လုစားပြီး နှာသီးဖျားကို လျှာဖြင့် လျက်နေခြင်းမှာ မည်သူ့ကိုမျှ မခန့်လေးစား ပြုလို၍ မဟုတ်။ အိမ်ရှင်များက ဆဲရေးတိုင်းထွာကြသော အသံများကိုလည်း သူ နားမလည်။ လူတို့ တီထွင်ဖန်တီးထားသည့် ကျင့်ဝတ်များကိုလည်း သူ သဘောမပေါက်။ 
သူသည် ခွေးတစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ 

သူ့အပြုအမူသည် ယဉ်ကျေးသည်ဖြစ်စေ၊ ရိုင်းသည်ဖြစ်စေ သူ့အဖို့ ပြဿနာမရှိ၊ သဘာဝနှင့်အညီ
ကျင့်ကြံနေထိုင်ရသည့် အဟိတ်တိရစ္ဆာန်တစ်ကောင်မျှသာ ဖြစ်သည်။

ယခုနှစ် ဆောင်းတွင်းသည် အအေးဓာတ်လည်း လွန်ကဲသည်။
အစာရေစာလည်း ရှားပါးသည်။ သည်တစ်ဆောင်းတွင်မူ သူ အစာရေစာပြတ်၍ သေရတော့မည်ဟု ထင်နေသည်။ သို့ရာတွင် သူ မသေ။

ကိုကူဘိုရွာသို့ ဆွမ်းခံလာလေ့ရှိသည့် ဘုန်းကြီးက သူပင်လျှင် ဆွမ်းကွမ်းမမျှတ ဟု ပြောသံကြားရသည်။ ကလေးတစ်ယောက်ကို ချီ၍ တောင်းစား
နေသည့် သူတောင်းစားမအဖို့လည်း “သွားပါဦးတော့” ဟူသော အသံများကိုသာ ကြားရသည်။ ထိုနှစ် ဆောင်းရာသီ၌ သူ့လို အဟိသ်မပြောနှင့် လူတွေပင်လျှင် မဝရေစာ စားကြရသည်။ သို့ဖြစ်၍ ဘာအတွက်မျှ အသုံးမကျသော ခွေးငတ်တစ်ကောင်ကို မည်သူက မ
ထမင်းကျန်၊ ဟင်းကျန် စွန့်ကြဦးမည်နည်း။

 ထိုနှစ်တွင် သူသည် နှင်းခဲတွေဖုံးသည့် ကွင်းပြင်တစ်လျှောက် လျှောက်သွားကာ တွေ့သမျှ ကို
စားရသည်။ လိမ္မော်ခွံကိုပင် စားရသည်။

ထို့နောက် နွေရာသီ ရောက်လာသည်။ နှင်းတွေ အရည်ပျော်သည့်အခါတွင်မူ သူသည် အရွယ်ရောက်စပြုလာသည်။ ကင်စန်၏ အိမ်မှ ပိုချီ၊ ရေချိုးအိမ်မှ ကူရိုနှင့် သစ်ဆိုင်မှ ကြောက်စရာခွေးကြီး စသည်တို့သည် သူ့အနားတွင် ဝိုင်းဝိုင်းလည်နေကြသည်။ သူ သွားလေ ရာရာတွင် နောက်က ခွေးထီးနှစ်ကောင်၊ သုံးကောင် ပါလာတတ်သည်။ 

သို့ဖြင့်
အရိပ်အာဝါသကောင်းလှသော မိုကူဆေပင်ကြီးအောက်တွင် ခွေးသံတွေ ညံညံစည်နေတော့သည်။ ချစ်တင်းစကားဆိုသည့် အသံ များလော။

သူ့အလှကို ဖွဲ့ဆိုထားသည့် အလှဘွဲ့များလော။
ရေတွင်းသို့ ရေလာခပ်သည့် အိမ်ရှင်မတစ်ဦးက သူတို့တစ်သိုက်ကို မြင်သွားသည်။

'ဟောတော့. . . လက်စသတ်တော့ ဒီခွေးက ခွေးမပါလား” ဟု ပြောလိုက်သည်။ ဤတွင် အနား၌ရှိသည့် အခြား အိမ်ရှင်မတစ်ဦးကလည်း 
"ဟုတ်တယ်၊ ကျွန်မလည်း အစက အထီး ထင်နေတာ” ဟု ပြောသည်။

အိမ်ရှင်မနှစ်ဦးသည် အားရပါးရ ရယ်ကြသည်။
အိမ်လေးလုံးမှ အိမ်သားများအဖို့ ပြဿနာတစ်ရပ် တက်လာသည်။ ထိုပြဿနာမှာ သူ့ကို မောင်းထုတ်ရေး၊ မထုတ်ရေး ကိစ္စ ဖြစ်သည်။ အိမ်ရှင်ယောက်ျားများက တစ်ဖက်၊ အိမ်ရှင်မများကတစ်ဖက် အငြင်းပွားကြသည်။ အိမ်ရှင်မများက သူ့တွင် ဇီးကပ်နေပြီထင်ကြောင်း၊ ခွေးလေးတွေ မွေးလျှင် ဒုက္ခရောက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နှင်မထုတ်သင့်ကြောင်းဖြင့် အကြောင်းပြကြသည်။ 

ဤနေရာတွင် အိမ်ရှင်မများသည် ကိုယ်ချင်းစာကြသည်။ ဤလို အတွေ့အကြုံမျိုးကို သူတို့လည်း တွေ့ခဲ့ကြုံခဲ့ကြဖူးသည် မဟုတ်လော။ ဤတွင် ယောက်ျားများကလည်း သူတို့ အကြောင်းပြချက်များကို လက်ခံကြရတော့သည်။

ထို့ကြောင့် သူ့အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခု တညီတညွတ်တည်း ချနိုင်ခဲ့ကြသည်။ ဤအကြောင်းများကို သူ ဘာမျှ
မသိ..။

တစ်နေ့တွင် ကင်စန်တို့အိမ်ရှေ့သို့ မြင်းရထားတစ်စင်း ဆိုက်လာသည်။ မြင်းရထားပေါ်တွင် အဖုံးမပါသည့် သေတ္တာအခွံနှင့်တူသည့် အရာတစ်ခု ပါလာသည်။ အထဲတွင် ကောက်ရိုးတွေ ခင်းထားသည်။

သူက အနံ့ရလိုက်ရုံဖြင့် ရထားပေါ် ပါလာသည့် ပစ္စည်းကို သိလိုက်ပြီ။
မြင်းရထားပေါ်မှ ရဲဝတ်စုံ ဝတ်ထားသူတစ်ဦးနှင့် မသင်္ကာစရာ လူတစ်ဦးတို့ ဆင်းလာကြသည်။ ပိုချီနှင့် အခြားခွေးများက ထိုလူနှစ်ယောက်ကို ဆီးဟောင်ကြသည်။

“ခွေးသတ်ဗိုလ်ကြီး လာပြီ မေမေ”ဟု ကိုချန်က အော်ကာ အမေ့နောက်တွင် ပုန်းနေသည်။

အိမ်က လူများကလည်း ခြံထဲသို့ ပြေးဆင်းလာခဲ့ကြသည်။
ပန်းခြံထဲက ပန်းပင်များကို ရေလောင်းနေသည့် ကင်စန်၏ သမီးက ပန်းကရားကြီးကို ကိုင်ကာ လမ်းမသို့ ထွက်လာသည်။ ရေဆေးဖြင့် ပန်းချီဆွဲနေသည့် အလယ်တန်းကျောင်းသားကလေးက ဆွဲလက်စ
ပန်းချီကားကို ထားပစ်ကာ ထလာသည်။

“ဟိုမှာ. . . ဟိုမှာ၊ ပြေးပြီ’

အားလုံး ပြေးကြလွှားကြဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။
နောက်ဆုံးတွင် သူ လွတ်လာခဲ့သည်။ လက်ထဲတွင် သစ်သားတုတ်ကြီးကို ကိုင်ထားသည့် လူတစ်ယောက်က ခေါင်းကို ယမ်းရင်း. . .

‘ပြေးပြီး မမိလိုက်တော့ဘူး” ဟု လှမ်းပြောသည်။ ရဲသားက ရယ်နေသည်။ သူတို့နှစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြသည်။ မည်သို့ဆိုစေ၊ ဤတစ်ချီတော့ လွတ်သွားပြီ။

သူ့ဝမ်းဗိုက်သည် တဖြည်းဖြည်း စုထွက်စပြုလာသည်။ မျက်ကွင်းတွေ ညိုစပြုလာသည်။ သူ့အသက်ကိုသာမက ဝမ်းဗိုက်ထဲက သားသမီးများ၏ အသက်ကိုပါ ကာကွယ်ရတော့မည်။ ထို့ကြောင့် အရိပ်ကောင်းသည့် မိုကူဆေပင်ကြီး၏ အောက်တွင် အေးအေးသက်သာ လှဲမနေနိုင်တော့။ 

မြေစိုစိုကြီးပေါ်တွင် လှဲ၍ အမောဖြေနေသည့်တိုင် ရိပ်ခနဲမြင်လိုက်လျှင် ထွက်ပြေးရန် အဆင်သင့်ပြင်ထားရသည်။ တစ်ချက်ကလေးမျှ သတိလစ်၍ မဖြစ်။ သူ့အဖို့ လောကတွင် လူလောက်ရက်စက်၍ အကြင်နာကင်းမဲ့သူဟူ၍ တစ်ယောက်မျှရှိသည်ဟု မထင်။

သို့တိုင်အောင် သူသည် လူသူနှင့်ဝေးရာအရပ်သို့ မသွားနိုင် အခြား တိရစ္ဆာန်များကဲ့သို့ တောထဲက စိမ်းစိုသော သစ်ပင်များ၊ မြက်တောများကြားသို့သွား၍ သားသမီးမွေးဖွားရလျှင် မည်မျှ အေးအေး
လူလူ ရှိမည်နည်းဟု အချို့က ထင်ကောင်းထင်ကြမည်။ 

သို့ရာတွင်
ဤသို့လည်း သူ မသွားနိုင်။ လူ့အသိုင်းအဝန်းတွင်သာ နေတတ်သည့် သူ့သဘာဝကို သူ မဖျောက်ဖျက်နိုင်။
ဇွန်လဆန်းလောက်တွင် သူ့ကိုယ်ဝန် လစေ့သည်။ ကင်စန်တို့အိမ်က ရေချိုးခန်းထဲတွင် ခွေးငယ်ကလေး လေးကောင်ကို မွေးသည်။

နှစ်ကောင်က အဖြူ အညို စာဥပြောက်ကလေးများဖြင့် ဖြစ်၍ ပိုချီနှင့်တူသည်။ တစ်ကောင်က အနက်ဖြစ်၍ ကျန်တစ်ကောင်ကမူ မအေ့လို ပြာမွဲမွဲအရောင် ဖြစ်သည်။

သူ ကလေးမွေးပြီးသည့်နောက်ကျမှ လူသတ္တဝါ၏ အပြုံးကို ပထမဆုံး မြင်ဖူးတော့သည်။ သူ့တစ်သက်တွင် လူသတ္တဝါက ကြည်ကြည်ဖြူဖြူကျွေးသော အစာကို ပထမဆုံး စားရတော့သည်။
'ဟဲ့ ခွေးမ၊ လာ. . . လာ ...."

ကင်စန်၏အိမ်မှ အိမ်ရှင်မက မီးဖိုတံခါးကိုဖွင့်၍ခေါ်သည်။
ထိုနေ့မှစ၍ သူသည် “ခွေးမ” ဟူသော အမည်ပညတ်ကို ရခဲ့ပေသတည်း။

မြသန်းတင့် ဘာသာပြန်
နှစ်ဆယ်ရာစုနှစ်၊ ကမ္ဘာ့ ဂန္ထဝင်ဝတ္ထုတိုများမှ ဂျပန် ဝတ္ထုတို ရှီမာဇာကီ တိုဆန် (Shimazaki Toson) (၁၈၇၁-၁၉၄၃)
နှစ်ဆယ်ရာစုနှစ်၊ ကမ္ဘာ့ ဂန္ထဝင်ဝတ္ထုတိုများ