* ငါတကယ် အိုတော့မှာလား
ညိုဖျော့ဖျော့ နေတစ်လုံးနှယ်
နောက်ဆုံးတော့...
အနောက်ကုန်းဆီ ပျောက်ကွယ်တော့မှာကို
ကြောက်တယ်လို့ မဟုတ်သော်ငြား
ရွှေအားဖြင့် ခပ်ငယ်ငယ်...။

ငါ ဆယ်တန်းတက်တုန်းက
"ဓာတ်ဖမ်း"ထားတဲ့၊ အလန်းစား ပုံတစ်ပုံ
အခန်းရှင်းစဉ် ကြည့်ခွင့်ကြုံတော့
ငါ့ပုံဆိုတာကိုပင် ငါမယုံချင်
အဲဒီတုန်းကတော့ အိုတယ်ဆိုတာ ဟာသပုံပြင်။

ခုတော့ဖြင့်ကွယ်...
အိုခြင်းတပ်သားတွေက ငါ့အနားမှာဝန်းရံ
ချွတ်နင်းသံတွေ တဖြောက်ဖြောက်နဲ့
ကြောက်ပါတယ်ဆိုနေမှပဲ ဖြဲခြောက်သည့်ဟန်
ညာသံတွေပေး အိုတေးတွေဆို
ငါ့ကို လူအိုစာရင်းမှာ
ဇွတ်အတင်း သွတ်သွင်းကြတော့မယ် ထင်ပါရဲ့။

ငါတကယ် အိုတော့မှာလား...
သူတို့ပြောစကား မယုံချင်သေးလို့
အသာလေး မှန်ရှေ့ရပ်ကြည့်တော့မှ
ငါမသိတဲ့ လူအိုတစ်ကောင်ဟာ
လှောင်နေသယောင်နဲ့ ကြောင်တောင်ပြန်ကြည့်
ငါမသိလိုက် မီမှာပင် ငါလျှင် အိုခဲ့ရှာလေပြီ...။

တကယ်တော့ ငါ အိုစပြုပါပြီ
အိုစပြုတယ်ဆိုတာ၊ ခန္ဓာကိုယ်မှာ
အိုခြင်းတရားတွေ၊ မကြာမကြာ လာလာစုပြတဲ့
အိုစုပြ လို့ အိုစပြုတယ် ဆိုရလေမလား...။

မျက်လုံးတွေ အိုတာဖြင့် ကြာလှပြီ
အနီးလည်းအို၊ အဝေးလည်းအို
ဘာကိုကြည့်ကြည့်၊ မျက်မှန်မရှိရင် မှုန်ရီရီ

သွားတွေလည်း အိုပါပြီကွယ်...
အချိုစားစား အချဉ်စားစား
လျှာဖျားလည်း မမြက်၊ လျှာရင်းလည်း မစို
ဘာအလိုမကျမှန်းမသိ ဖြစ်နေခြင်းကိုက
အိုမင်းဘဝရဲ့ နိဒါန်းအစပေပဲလား...။

ဒီလိုနဲ့ပဲ...
ဆံပင်တွေအို၊ နားတွေအို
အသားတွေအို၊ ခါးတွေအို
ပျိုရွယ်စဉ်က၊ ငါဆိုခဲ့တဲ့ တေးချင်းများပင်
သီချင်းအိုကြီးတွေအဖြစ် ပြောင်းလဲလို့
ခေတ်ဟောင်းစာရင်းထဲ ပါသွားကြရှာပြီ။

တကယ်တော့ ဒီဆုမျိုးဆိုတာ
ဘုရားရှိခိုးလေတိုင်း...
ငါ တစ်ခါမှ ထည့်မတောင်းဘူးတဲ့ ဆုမျိုးပါ
ငါ လျှောက်လွှာမတင်ဘဲနဲ့ ရလာတဲ့ ပရိုမိုးရှင်းပါ
အိုခြင်းဆိုတာ...ကြီးကြီးလား သေးသေးလား
နီးနီးလား ဝေးဝေးလား၊ အတွေးပွါးဆဲမှာပင်
သူဟာ ငါ့အရေပြားပေါ်က၊ နုပျိုခြင်းဓာတ်များကိုခပ်ပါးပါးလေး၊ ဖြည်းဖြည်းခြင်း ခွါချခဲ့ပြီပဲ...။

တကယ်တော့ဗျာ...
အိုခြင်းဆိုတာ သေမင်းရဲ့ ခံတွင်းဝ
တရားကျချင်လည်းကျ၊ မကျချင်လည်းနေပေါ့
ဟိုတလောက ကြားလိုက်ရသေး မအိုဆေးရှာဖို့တဲ့
ဟိုမင်းသားနဲ့ ဟိုမင်းသမီး 
နှစ်ယောက်သား ဘန်ကောက်ထိ သွားပြီး
ဟိုဒင်းဟိုဟာ ပြုပြင်ကြရှာသတဲ့
နုချင်ကြတာကလည်း အလွန့်အလွန်...
ရွံစရာအဆီခဲတွေကိုသာ ခွဲလို့ ရချင်ရမယ်
တစတစ ယိုယွင်းလာတဲ့ အိုခြင်းတရားကိုတော့
ဘာဓားနဲ့ ခွဲကြမှာလဲ... ကဲ ပြော...။

ကွယ်...မလိုချင်ဘဲ ရလာတဲ့ ရုပ်နာမ်
မအိုချင်လည်း မရရှာတဲ့ အပုပ်သဏ္ဍာန်
အပြန်ပြန်အလှန်လှန် တွေးကြည့်တော့မှ
နိဒါန်းသည် နိဂုံး၊ နိဂုံးသည်ပင်လျှင် နိဒါန်း
ကရွတ်ကင်း လမ်းလျှောက်သလိုပါ့...
အစမရှိ အဆုံးမမြင်
သံသရာ သမုဒ်ပြင်မှာ တွင်တွင်ကူးခပ်
နိဗ္ဗာန်ကမ်း မကပ်နိုင်သေးပေမယ့်
ငါ့ရပ်ငါ့ရွာ၊ ငါ့ဆရာသမား၊ ငါ့သွေးသားနဲ့
ငါ့ဘေးနားက၊ အများအကျိုးအတွက်
ငါ...ပိုး သင့်သလောက် ပိုးခဲ့ပြီ...။

ငါ့မိငါ့ဘ၊ ဘဝထိပ်တင်
ကျေးဇူးရှင် နှစ်ပါးအတွက်
ဆပွါးညွတ်ပျောင်း
ကြွေးဟောင်းကိုလည်း ဆပ်ရဦးမယ်...။

ငါပြုစုတွေး၊ ငါ့နောင်ရေးအတွက်
မျှော်တွေးအနာဂတ် ကြွေးသစ်တွေလည်း အပ်ခဲ့ပြီ။

ငါပိုင်ဆိုင်ဘိ၊ တတ်သိပညာ
တိုအထွာသည်၊ နေလာလွင့်ပျောက်
နှင်းစက်ပေါက်မျှ၊ မလောက် မပြည့်
လိုသည်ရှိလည်း၊ တတ်စွမ်းသမျှ
ပရမံလာဘ အရေးမှ
အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်စေဖို့ရေး
ကိုယ်စိတ်ဉာဏ အသုံးချရပေဦးမယ်...။

ငါမှတစ်ပါး၊ သနားချစ်ဖွယ်
မျက်နှာငယ်နေ၊ ကယ်သူမဲ့ကင်း
ဒုက္ခတွင်းမှ၊ ဆင်းရဲထိတ်ပျာ
မိတ်သဟာများကိုလည်း
စိတ် ဆာသလောက် မှန်းမှန်းပြီး
ရိက္ခာ အခြောက်အခြမ်းတွေနဲ့
လှူဒါန်းသင့်သလောက် လှူဦးမယ်...။

သို့ဆိုလျှင် ငါပင်အိုလည်း ငါ မအိုပြီ
မှတ်ဥာဏ်တွေ ဘယ်လောက်ပင်အိုအို
အသိဥာဏ်တွေ မအိုသေးသမျှတော့ ငါ မအိုပြီ
လူပျို မဟုတ်တော့တဲ့၊ ငါ လူပြို...
ဘာကိုမှလည်း တွန့်စရာ မလိုပြီ...
ဇရာအို ဘဝလည်း ရွံ့စရာ မလိုပြီတကား...။

နေပြို ပေမယ့်၊ နေ မညိုသေးတဲ့
ညနေခင်း လေချိုချိုမှာ
ရွှေအိုရောင် တိမ်တိုက်များ
ငါ့ခေါင်းထက်က ကောင်းကင်ယံမှာ နားစေသား...။

 Credit