တနေ့သ၌ အလွန်စည်ကားသော နယ်မြို့ကြီးတမြို့ရှိ လူကုံထံများ နေထိုင်သည့် ရပ်ကွက်ရှိ နှစ်ထပ်ကျွန်း အိမ်မည်းကြီးတလုံးပေါ်မှ ပြတင်းပေါက်ဘောင်ကို မေးတင်လျက် မျက်နှာချင်းဆိုင် အိမ်တအိမ်သို့ ငေးမောကြည့်ရှုနေသော မိန်းကလေးတဦး ရှိခဲ့ဖူးသည်။

ထိုမိန်းကလေး၏ အမည်မှာ 'ခင်မေမြင့်' ဟူ၍ ဖြစ်၏။
ထိုမိန်းကလေး၏ အသက်မှာ ၂၅ နှစ်ရှိပြီ ဖြစ်၏။
ထိုမိန်းကလေး၏ ဖခင်မှာ အရေးပိုင်တစ်ဦး ဖြစ်၏။
ထိုမိန်းကလေး၏ ပညာအရည်အချင်းမှာ အင်္ဂလိပ်-မြန်မာ (၁၀) တန်းအထိ သင်ကြားဖူး၏။
ထိုမိန်းကလေး၏ ရုပ်ရည်သည် တွေ့ဖူးသူ ဆယ်ရောက်အနက် ခုနှစ်ယောက်သော သူတို့က ချောမောလှပသည်ဟု ဝန်ခံမည်ဖြစ်သော်လည်း၊ ကျန်သုံးယောက်ကမူ နှာတံပေါ်ခြင်း၊ မျက်လုံးမျက်ဖန်ကောင်းခြင်းကို အပြစ်တခုဟု ယူဆကာ ကုလားသွေး ပါသည်ဟု အပြစ်မရှိ အပြစ်ရှာကောင်း ရှာပေလိမ့်မည်။ ယခု ဖော်ပြလတ္တံသော "မျက်နှာချင်းဆိုင်အိမ်က လူတယောက်" ဆိုသည့် ဝတ္ထုမှာ အထက်က ဆိုခဲ့သည့်  'ခင်မေမြင့်' ဆိုသည့် မိန်းကလေးကို အကြောင်းခံ၍ ရေးသားထားသော ဝတ္ထုဖြစ်၏။

ထို 'ခင်မေမြင့်' သည် မိန်းကလေးတဦး ဖြစ်သောကြောင့် ...
လွန်စွာမှ စပ်စုတတ်၏။
လွန်စွာမှလည်း ဘာသိဘာသာ နေတတ်၏။
လွန်စွာမှလည်း အပြောင်းအလဲ မြန်၏။
ထို့အတူ .. လွန်စွာမှလည်း စွဲစွဲမြဲမြဲ ရှိလှ၏။
သို့ရာတွင် .. ဤဝတ္ထုသည် ခင်မေမြင့် အကြောင်းကို ရေးသားထားသော ဝတ္ထု မဟုတ်ပေ။ ၎င်း ခင်မေမြင့်၏ မျက်နှာချင်းဆိုင်အိမ်သို့ ပြောင်းရွှေ့လာသော လူတယောက်၏ အကြောင်းကို ရေးသားထားသော ဝတ္ထုသာလျှင် ဖြစ်၏။
ထို မျက်နှာချင်းဆိုင်အိမ်က လူသည် ..
လွန်စွာမှ စိတ်ထား မြင့်မြတ်သူ ဖြစ်၏။
လွန်စွာမှ စိတ်ထား နိမ့်ကျသူ ဖြစ်၏၊
သူသည် ယဉ်ကျေး၏။
ထို့အတူ .. သူသည် ရိုင်းပြ၏။
သူသည် လေးစား မြတ်နိုးဖွယ်ကောင်း၏။
ထိုအတူ .. သူသည် စက်ဆုပ်၊ ရွံ့ရှာဖွယ် ကောင်း၏။
သို့ရာတွင် သူကိုယ်တိုင်ကမူ .. သူသည် အကြွင်းမဲ့ ကောင်းသူလည်း မဟုတ်၊ အကြွင်းမဲ့ ဆိုးသူလည်း မဟုတ်။ ကောင်းခြင်း၊ ဆိုးခြင်း ဆိုသည့် အစွန်းနှစ်ပါး၊ ဘောင်အတွင်းမှ လွတ်နေသူဟူ၍ ဝန်ခံထားလေသတည်း။

ခင်မေမြင့်သည် လမ်းတဘက်ရှိ သီးခြားဆောက်လုပ်ထားသော ပျဉ်ထောင်၊ အုတ်ကျွတ်မိုး အိမ်ကလေးဆီသို့ ငေးမောကြည့်ရှုနေလေ၏။
ထိုသို့ ကြည့်ရှုနေစဉ်၌ပင် .. မြင်းလှည်းတစီးသည် ထိုအိမ်ကလေးအရှေ့သို့ ရောက်လာလေ၏။ မြင်းလှည်းသမားသည် မြင်းလှည်းပေါ်မှဆင်း၊ အိပ်ရာလိပ် သားရေသေတ္တာနှင့် ကြိမ်ခြင်းကလေးကို အောက်သို့ သယ်၍ ချလေ၏။
ထိုသို့ သယ်၍ ချနေစဉ်မှာပင် ..
အသက် သုံးဆယ် မပြည့်တတ်သေးသော အရပ်အမောင်းကောင်းသည့် လူငယ်တဦးသည် မြင်းလှည်းပေါ်မှ ဆင်းလာလေ၏။ ထိုလူငယ်သည် အညိုရောင် သက္ကလပ်ဦးထုပ်တလုံးကို ခပ်ငိုက်ငိုက် ဆောင်းထား၏။ ဘလေဇာကုတ်အင်္ကျီ နက်ပြာရောင်ကို ဝတ်ထား၏။ ပခုံးပေါ်၌လည်း အနက်ရောင်ပေါ်၌ အဖြူစက်များပါသည့် ပိုးမာဖလာတခုကို တင်ထားလေ၏။ ၎င်း၏ လုံချည်မှာမူ အကောင်းစား မြောက်ပြင်လုံချည်ဖြစ်၏။ ဖိနပ်မှာလည်း ပဲပြားကလေးများ တပ်ဆင်ထားသည့် ဦးချွန် ပန်းရှုးဖိနပ်ဖြစ်၏။
ခင်မေမြင့်သည် ထိုသူကို ကြည့်ပြီးနောက် အခန်းတွင်းရှိ နာရီကို လှမ်း၍ ကြည့်လိုက်လေ၏။ နာရီမှာ ညနေ (၅) နာရီ အချိန်ကို ဖော်ပြနေသည်ဖြစ်ရာ .. ရထား အနည်းငယ် စော၍ဆိုက်ကြောင်း သတိပြုမိလေ၏။ ထို့နောက် .. မျက်နှာချင်းဆိုင်အိမ်သို့ ဆက်လက်၍ ငေးမောကြည့်ရှုနေပြန်၏။

လူငယ်သည် မြင်းလှည်းသမားကြီးအား ငါးမူးစေ့ တစေ့ကို ထုတ်ပေးလိုက်၏။ သို့ရာတွင် မြင်းလှည်းသမားကြီးက ...
"သုံးမတ်ပေးရမယ်" ဟု တောင်းဆိုလေ၏။ ထိုအခါ လူငယ်က ..
"ခင်ဗျားပဲ ငါးမူးနဲ့ စျေးတဲ့လို့ လိုက်ခဲ့တာပဲ၊ အခုမှ သုံးမတ် ပေးရမယ်ဆိုတော့ ဘယ်တရားပါ့မလဲ၊ ရော့ .. ငါးမူး" ဟု ဆိုကာ လက်တဖက်ဖြင့် မြင်းလှည်းသမားကြီး၏ လက်အတွင်းသို့ ငါးမူးစေ့ကိုထည့်ရင်း အခြားသော လက်တဖက်ဖြင့် ကြာပွတ်ကို လှမ်းယူကာ မြင်းကို 'ရွှမ်း' ခနဲ ရိုက်ချ လိုက်လေ၏။
မြင်းလည်း လန့်၍ တအား ဒုံးစိုင်း၍ ပြေးတော့၏။ ထိုအခါကျမှပင် မြင်းလှည်းသမားကြီးသည် 'သမီး .. သမီး' ဟု အော်ကာ မြည်းလှည်း၏ နောက်သို့ ပြေးလိုက်လေ၏။
ထိုသို့ ပြေးလိုက်နေသည့် အခါကျမှပင် လူငယ်က ..
"ဗျို့ ... မြင်းလှည်းဆရာကြီး၊ ပိုက်ဆံတမတ် ယူသွားဦးလေ" ဟု လှမ်း၍ အော်ပြောလေ၏။ ထို အဖြစ်အပျက်ကို လှမ်း၍ မြင်တွေ့နေရသော ခင်မေမြင့်က ...
"အတော့ကို ရမ်းရမ်းကားကား လုပ်တတ်တဲ့လူပဲ၊ အစိုးရ အရာရှိတယောက်တော့ မဖြစ်နိုင်ဘူး၊ မြင်းလှည်းဆရာကြီးကို ပိုက်ဆံအပြည့်မပေးပဲ မြင်းကို လန့်အောင် လုပ်လိုက်တယ်၊ မြင်းလှည်းဆရာကြီးဟာ မြင်းလှည်းနောက်ကို အမောတကော ပြေးပြီး လိုက်နေတော့မှ သူက ပိုက်ဆံ ခေါ်ပေးနေတယ်။ ဒီလူဟာ လူညစ်တယောက်ပဲ။ သူဝတ်စားထားတာကလဲ ဘိုင်စကုပ်မင်းသားလိုလို၊ ဖဲသမားလိုလို ဂိုက်မျိုးပဲ" ဟု ဆိုကာ ပြတင်းပေါက်တံခါးကို 'ဂျိုင်း" ခနဲ ပိတ်လိုက်လေတော့သည်။

သို့ရာတွင် ကြာကြာပိတ်မထားနိုင်ဘဲ ခင်မေမြင့်သည် ထိုလူအား ကြည့်ရှု အကဲခတ်လိုစိတ်များ ပေါ်ပေါက်လာပြန်၏။ ထို့ကြောင့် ပြတင်းပေါက်တံခါးကို ဖွင့်လိုက်ပြန်၏။ ထိုအချိန်၌ ထိုလူသည် ခြံတံခါးကို ဖွင့်၍ အတွင်းသို့ ဝင်သွားပြီ ဖြစ်၏။ သို့ရာတွင် ခင်မေမြင့်သည် ခြံဝင်း တခုလုံးကိုရော အိမ်ကလေးကိုပါ အပေါ်စီးမှ မြင်တွေ့နိုင်သည်ဖြစ်ရာ ဆက်၍ ကြည့်ရှုနေပြန်၏။
ထိုလူသည် ပစ္စည်းများသယ်၍ အိမ်တံခါးဝတွင် စုပုံပြီးလျှင် အိမ်တံခါးကို အုတ်ခဲဖြင့် ထု၍ ဖျက်ဆီးနေလေ၏။ များမကြာမီ၌ပင် တံခါးသော့ရော၊ မျောက်လက်ပါ ပျက်စီး၍ အောက်သို့ ပြုတ်ကျသွား၏။

"ဒီလူဟာ လူရမ်းကား တယောက်ပါလား၊ အိမ်ရှင်ဆီက သော့ကိုတောင် မစောင့်ဘဲ သော့ကို ဖျက်ဆီးပြီး အထဲကို ဝင်သွားတယ်" ဟု ပြောဆိုရေရွတ်ရင်း ပြတင်းပေါက်တံခါးကို ပိတ်လိုက်ပြန်လေတော့၏။ သို့ရာတွင် ကြာရှည်စွာ ပိတ်၍လည်း မထားနိုင်ပေ။ ဆက်လက် ကြည့်ရှု အကဲခတ်လိုစိတ်များ ပေါ်လာပြန်၍ ပြတင်းပေါက်ကို ဖွင့်ပြန်လေ၏။

ထိုသို့ ကြည့်ရှုသည့် အချိန်၌ အိမ်ကလေး အိမ်ရှင်ဖြစ်သူ အန်တီကြီးသည် မြင်းလှည်းကလေးနှင့် ရောက်ရှိလာနေပြီ ဖြစ်၏။ အိမ်ရှင် အန်တီကြီးမှာ ဂါဝန်ဝတ် အင်္ဂလိုအင်ဒီးယန်း အမျိုးသမီးကြီး ဖြစ်သည့်အားလျော်စွာ အင်္ဂလိပ်စကားကိုသာ ပြောလေ၏။ လူငယ်အား မိမိကိုမျှ စောင့်ဘဲ သော့ကို ဖျက်စီးပစ်သည့်အတွက် အင်္ဂလိပ် ဘာသာစကားဖြင့် စီကာပတ်ကုံး အပြစ်တင်နေလေ၏။ လူငယ်ကမူ ထိုအန်တီကြီး အပြစ်တင်သည်ကို ဂရုမစိုက်ဘဲ ...
"သော့ကို အမြန်ဆုံး ပြန်တပ်ပေးပါ။ ပြီးတော့ ခန်းဆီးလိုက်ကာ အစိမ်းတွေ တပ်ပေးပါ။ ကျုပ်ဟာ မနက်အစောကြီးမှာ ဘရိတ်ဖတ်စ်ကို လိုချင်တယ်။ ဆယ်နာရီတိတိမှာ မနက်စာကို စားချင်တယ်။ အသားပါတဲ့ အစားအသောက် လုံးဝ ကျုပ်မစားဘူး" ဟု ၎င်းအလိုရှိသည်များကိုသာ မှာနေလေ၏။ အိမ်ရှင် အန်တီကြီးမှာမူ ပျက်စီးသွားသော သော့ခလောက်နှင့် မျောက်လက်အတွက် ငွေနှစ်ကျပ်မတ်တင်း အခု လျှော်ရမည်ဖြစ်ကြောင်း တောင်းဆိုနေလေ၏။ ထိုအခါ လူငယ်က ...
"ကျုပ်ဘက်က ပေးစရာ ရှိတာတွေအားလုံး ဘီလ်ထဲမှာ ထည့်လိုက်ပေါ့၊ ပြီးတော့ ခင်ဗျား အမြန်ဆုံး ပြန်သွားပြီး ခြံထဲမှာ တံမြက်စည်း လှည်းပေးဖို့၊ အိမ်သာနဲ့ ရေချိုးခန်းကို အမြန်ဆုံး သန့်ရှင်းပေးဖို့ လူနှစ်ယောက် လွှတ်ပေးပါ" ဟု ပြောလိုက်သဖြင့် အင်္ဂလိုအင်ဒီးယန်းမကြီးသည် ...
"ဤအိမ်ကလေး၌ နေထိုင်စဉ်အတွင်း ချမ်းမြေ့ပျော်ရွှင်ပါစေ" ဟု အင်္ဂလိပ်ဘာသာဖြင့် ဆုတောင်းပေးလိုက်၏။
ထိုအချိန်၌ပင် ခင်မေမြင့်သည် အိမ်ပေါ်မှ ခပ်သုတ်သုတ် ပြေးဆင်း၍ လာပြီးလျှင် မိမိ၏ ခြံရှေ့သို့ထွက်ကာ ပန်းပင်ကြည့်သလိုလို၊ ပန်းခူးတော့မလိုလို အမူအရာနှင့် ကပြားအန်တီကြီးအား စကားပြောရန် အခွင့်အရေးကို စောင့်မျှော်နေလေ၏။ ထိုအချိန်၌မှာပင် အိမ်ရှင် အဒေါ်ကြီးသည် အိမ်အပြင်သို့ ထွက်လာလေတော့၏။ ထိုသို့ ထွက်လာသည့်အခါ ခင်မေမြင့်ကပင် စတင်၍ ...
"ဂွတ်မောနင်း ... တီချယ်" ဟု နှုတ်ဆက်လိုက်လေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုကပြားမကြီးသည် ခင်မေမြင့် ငယ်ငယ်က အင်္ဂလိပ်စာ သင်ပေးသော ဆရာမ တစ်ဦးလည်း ဖြစ်သောကြောင့်ပင် ဖြစ်၏။ ကပြားမကြီးသည် ခင်မေမြင့်အား ...
"မောနင်း ... ခင်မေမြင့်၊ မင်း ဘာလုပ်နေတာလဲ" ဟု 
မေးလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"ပန်းတွေ ခူးမလို့ တီချယ်။ ဒါနဲ့ တီချယ် အိမ်ကလေးကိုတော့ အိမ်ငှား ရောက်လာပြီနော်" ဟု အင်္ဂလိပ်ဘာသာဖြင့်
"ဟုတ်တယ်ကွယ့်၊ ခုပဲ ရောက်တယ်" ဟု အိမ်ရှင်အဒေါ်ကြီးက ပြန်၍ ပြောလိုက်လေ၏။
"အခု ရောက်လာတဲ့ အိမ်ငှားက ဘာအရာရှိလဲ၊ဒီအိမ်ကလေးမှာက ရောက်လာရင် အရာရှိတွေပဲ မဟုတ်လား။ ဒါကြောင့် ကျွန်မက မေးတာပါ" ဟု ခင်မေမြင့်က ပြောလိုက်လေ၏။ ထိုအခါ အိမ်ရှင်အဒေါ်ကြီးက ...
"အရာရှိတစ်ယောက်တော့ ဟုတ်ဟန် မတူဘူး၊ မိတ်ဆွေ တယောက်နဲ့ ပါတ်သက်ပြီး ငှားလိုက်တာပဲ။ ဒီအိမ်ငှားကတော့ အိမ်ချည်းသက်သက် ငှားတာမဟုတ်ဘူး။ စားရေးသောက်ရေးပါ ဆရာမက တာဝန်ယူရမှာ။ ဘရိတ်ဖတ်စ် တခါကျွေးရမယ်။ လန့်ခ်ျ တခါကျွေးရမယ်။ ပြီးတော့ အသားလည်း မစားဘူး။ ဘရာမင် တယောက်များလား မဆိုနိုင်ဘူး။ လူကတော့ ဆရာမရဲ့ သော့ခလောက်ကို ရိုက်ချိုးတာကလွဲရင် လူယဉ်ကျေး တယောက်လို့ ဆိုနိုင်ပါတယ်" ဟု ပြောလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"အဲဒီလူဟာ မြင်းလှည်းသမားကိုလည်း အခမပေးဘဲ မြင်းကို လန့်အောင် လုပ်ပစ်လိုက်သေးတယ်" ဟု ပြောလိုက်ရာ အိမ်ရှင် အဒေါ်ကြီးက ...
"အလွန် ရိုင်းစိုင်းတဲ့ လူငယ်ပဲ၊ လူဆိုးဓားပြများလားကွယ်။ အဲဒီလိုဆိုရင် ဆရာမကို အမှုပတ်ချင် ပတ်နေဦးမယ်။ တဆိတ်ကလေး ဂရုစိုက်လိုက်ပါဦး" ဟု ဆိုကာ ခင်မေမြင့်အား နှုတ်ဆက်၍ မြင်းလှည်းပေါ်သို့ တက်သွားလေ၏။
ခင်မေမြင့်သည် မျက်နှာချင်းဆိုင်အိမ်ကို တစေ့တစောင်း အကဲခတ် ကြည့်ရှုပြီးနောက် အိမ်ပေါ်သို့ တက်သွားလေတော့၏။ ထိုသို့ တက်သွားရင်း ..
"ဒီလူဟာ လူရိုင်းတယောက်ပါ၊ သူ့အကြောင်း စိတ်မဝင်စားတာပဲ ကောင်းပါတယ်" ဟု စိတ်၌ ဆုံးဖြတ်လိုက်လေ၏။

ညအချိန်သို့ ရောက်သောအခါ၌ ခင်မေမြင့်သည် ညစာထမင်းစားပြီး ခေတ္တမျှနေကာ ဘုရားပန်းများ လဲ၍ ဘုရားရှိခိုးလေ၏။ ထို့နောက် အင်္ဂလိပ် မဂ္ဂဇင်းတစောင်ကို ဆွဲယူ၍ ဖတ်ရှုပြီးလျှင် ၎င်း၏ ဖခင်အား နှုတ်ဆက်၍ အိပ်ရာသို့ ဝင်လေ၏။ အတော်အတန် ညဉ့်နက်သည်အထိ အိပ်မပျော်သေးဘဲ ရှိနေသဖြင့် ဆွဲဆွဲငင်ငင် ထိုးလိုက်သော တယောသံကို ကြားရလေ၏။ တယောသံနှင့်အတူ အသံဝါကြီးဖြင့် လွမ်းလွမ်းဆွေးဆွေး ဆိုလိုက်သော သီချင်းသံကိုလည်း ကြားလိုက်ရလေ၏။ ထို့ကြောင့် ခင်မေမြင့်သည် ပြတင်းပေါက် တံခါးချက်ကို ဖြုတ်၍ မျက်နှာချင်းဆိုင် အိမ်ကလေးဆီသို့ လှမ်းမျှော်ကြည့်လိုက်လေ၏။

မျက်နှာချင်းဆိုင်အိမ်မှ လူသည် ၎င်း၏ အိမ်ရှေ့ရှိ မြေကွက်လပ်ကလေး၌ ပက်လက်ကုလားထိုင်ကလေးပေါ်တွင် ထိုင်လျှက် တယောထိုးနေသည်ကို လပြည့်ဝန်း၏ အရောင်ကြောင့် ကောင်းစွာ တွေ့မြင်ရလေ၏။ ထိုသူသည် ဆွေးမြည့်ကြေကွဲဖွယ်ကောင်းသော အသံဖြင့် သီဆိုနေလေ၏။ ထို့ကြောင့် ခင်မေမြင့်၏ စိတ်၌ ...
"သြော် ... ဒီလိုဆိုတော့လည်း သူ့ခမျာ သနားစရာပဲနော်၊ သူ့မှာလည်း အဆွေးဓာတ်ခံ ရှိနေပါလား။ သူဟာ တစုံတယောက်အတွက် ဆွေးမြည့်ကြေကွဲ လာခဲ့တယ်။ ဒါ့ကြောင့် မနက်က တွေ့ရတဲ့ သူ့ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေဟာ သူ့ရဲ့ခံစားမှုဝေဒနာတွေရဲ့ ထွက်ပေါက်ဖြစ်လျှင် ဖြစ်နေမှာပဲနော်၊ သနားပါတယ်" ဟု တွေးမိသည့် တခဏ၌ ခင်မေမြင့်သည် မျက်နှာချင်းဆိုင်အိမ်မှ လူအပေါ်တွင် ထားခဲ့သော အမျက်ဒေါသများသည် ပြေပျောက်၍ သွားလေတော့၏။

ထိုသူသည် နာရီပြန်နှစ်ချက်အထိ တယောထိုးနေလေ၏။ ခင်မေမြင့်လည်း နားထောင်နေရသည်ဖြစ်ရာ နာရီပြန် နှစ်ချက်ကျော်မှပင် အိပ်စက်ခွင့် ရလေတော့၏။

နံနက် အရုဏ်တက်သောအခါ၌ ခင်မေမြင့်သည် ဆွမ်းကပ်ရန်အတွက် အိပ်ရာမှ စောစော ထလေ၏။  သောက်တော်ရေခွက်များကို ယူ၍ ဝရန်တာမှ ရေများသွန်ချရင်း မျပ်နှာချင်းဆိုင် အိမ်က လူကို လှမ်းမျှော်ကြည့်ရှု လိုက်လေ၏။ ထိုသူသည် အိမ်ရှေ့ မြေကွက်လပ်ပေါ်၌ ကင်းမြီးကောက် ထောင်၍ နေလေ၏။ အတော်အတန် ကြာသည်အထိ ကင်းမြီးကောက် ထောင်ပြီးနောက် ကိုယ်ကို မတ်မတ်အနေအထားမှ နောက်သို့ ကော့ချကာ ဦးခေါင်းကို မြေကြီးနှင့် ထိလုနီးပါး အနေအထားထိ ကွေးချလေ၏။ ထိုမှတဖန် ဝမ်းလျားမှောက်၍ ရင်ကို အကြာကြီး ကော့ထားပြန်၏။ ခင်မေမြင့်သည် သောက်တော်ရေများကို စွန့်ရင်း မျက်နှာချင်းဆိုင် အိမ်က လူ၏ ထူးဆန်းသော ကျမ်းမာရေး လေ့ကျင့်ခန်းများကို ငေးမော ကြည့်ရှုနေလေ၏။ ခင်မေမြင့် စိတ်၌ ..
"သြော် ... သူဟာ ဘယ်လောက်ပဲ ညဉ့်နက်အောင်နေနေ နေမြင့်အောင် မအိပ်တတ်ရှာဘူး" ဟု ရေရွတ်မိလေ၏။ ထိုလူသည် ခဲရာခဲဆစ် နိုင်လှသော လေ့ကျင့်ခန်းကို ဆက်၍ လုပ်နေလေ၏။ ခင်မေမြင့်လည်း အမှတ်တမဲ့ လှမ်း၍ ကြည့်နေလေ၏။ ထို့နောက် ခင်မေမြင့်သည် ဆွမ်းတော်ကပ်လေ၏။ ဆွမ်းတော် ကပ်ပြီးနောက်လည်း ဘုရားခန်းနှင့် အပေါ်တထပ်လုံးကို တံမြက်စည်း လှည်းလေ၏။ တံမြက်စည်း လှည်းရင်းမှလည်း အိမ်ရှေ့အိမ်သို့ လှမ်းမျှော် ကြည့်ရှုပြန်လေ၏။

ထို့နောက် ထမင်းစားပွဲ၌ နံနက်စာ ကော်ဖီသောက်ရင်း ၎င်း၏ ဖခင်နှင့် ဆုံတွေ့သောအခါ၌ ခင်မေမြင့်က ..
"ဖေဖေ ... အိမ်ရှေ့အိမ်ကို မနေ့က လူတယောက် ပြောင်းလာတယ်။ ဒီမနက် အဲဒီလူက သူ့အိမ်ရှေ့ ကွက်လပ်ကလေးမှာ 'လေ့ကျင့်ခန်း' လုပ်နေတာကို သမီး အပေါ်ထပ်ကနေ လှမ်းမြင်နေရတယ်။ သူ့ဥစ္စာ အဆန်းပဲ ဖေဖေရဲ့။ ကင်းမြီးကောက် ထောင်တာလည်း ပါတယ်၊ ခြေထောက်တ‌ချောင်းကို ပခုံးပေါ်တင်ပြီး အကြာကြီး ရပ်တာလည်း ပါတယ် " ဟု ပြောလိုက်ရာ ခင်မေမြင့်၏ ဖခင်၊ အရေးပိုင် ဦးထွန်းမြတ်က ...
"ကျမ်းမာရေး လေ့ကျင့်ခန်း လုပ်တာ မဟုတ်ဘူး ထင်တယ် သမီးရဲ့၊ ဒီလူ ယောဂကျင့်စဉ် တခု ကျင့်နေတာနဲ့ တူတယ်။ ခန္ဓာကိုယ်က အကြောတွေ လျော့အောင် လေ့ကျင့်တဲ့ 'ဟာသ ယောဂ' ဆိုတဲ့ ကျင့်စဉ်တမျိုး ရှိတယ်" ဟု ပြောလေ၏။
"ယောဂကျင့်စဉ် ကျင့်နေတယ်ဆိုတာ သုဟာ သူတော် တဦးပေါ့နော်" ဟု ခင်မေမြင့်က ပြောလိုက်လေ၏။ ထိုအခါ ၎င်း၏ ဖခင်က ...
"ဒါတော့ ဖေဖေ အတတ်မပြောနိုင်ဘူး၊ ဒါပေမယ့် သူတော်စင် ဖြစ်ဖို့က များတယ်" ဟု ပြန်၍ ပြောလိုက်လေ၏။
"ဟုတ်နိုင်တယ် ဖေဖေ၊ တီချယ် မစ္စမာရေးကလည်း ပြောသွားတယ်၊ အခုရောက်လာတဲ့ အိမ်ငှားဟာ ညစာ မစားဘူးတဲ့၊ မနက်စာကိုလည်း အသက်ပါတာ မစားဘူးလို့ သမီးကို ပြောသွားတယ်" ဟု ခင်မေမြင့်က ပြောလိုက်လေ၏။ ထိုအခါ ဖခင်ဖြစ်သူက ..
"မဟုတ်မှ လွဲရော၊ ဒီလူ အိန္ဒိယပြည်မှာ အတော်ကြာ နေခဲ့ဖူးလိမ့်မယ်။ ပြီးတော့ ဆာဒူးကြီးတွေဆီက အဲဒီ အတတ်ပညာကို သင်ခဲ့ဖူးလိမ်းမယ်" ဟု ပြောလေ၏။ ထို့နောက် ခင်မေမြင့်၏ ဖခင်ကြီးသည် ခင်မေမြင့်နှင့် စကားစ ဖြတ်ကာ သတင်းစာကို ဖတ်နေလေတော့၏။ များမကြာမီ၌ ရုံးသို့ သွားရန်အတွက် ပြင်ဆင်ပြီးလျှ့င် ပြာတာမောင်ပုအား စာခြင်းများကို ထမ်းခိုင်း၍ ရုံးသို့ သွားလေ၏။ အရေးပိုင်မင်း ဦးထွန်းမြတ်သည် ရုံးသို့ သွားသောအခါ၌ မျက်နှာချင်းဆိုင် အိမ်ကို တစေ့တစောင်း ကြည့်ရှုသွားလေ၏။

ခင်မေမြင့်သည် အိမ်ဖော်များနှင့်အတူ အိမ်မှုကိစ္စများ ကူညီညာ လုပ်ပေး၏။ ထို့နောက် နံနက်စာ စားချိန်သို့ ရောက်သောအခါ၌ ၎င်း၏ဖခင်အတွက် ထမင်းပွဲကို ၎င်းကိုယ်တိုင် ပြင်ဆင်လေ၏။ ဖခင်ကြီး ထမင်းစား ပြန်လည် ရောက်ရှိလာသော အခါ၌ သားအဖနှစ်ယောက် ထမင်းစားကြ၏။ ထမင်းစားပြီး၍ ဖခင်ကြီး ရုံးခန်းသို့ ပြန်သွားသော အခါတွင်မူ ခင်မေမြင့်သည် အင်္ဂလိပ်မဂ္ဂဇင်းတစောင်ကို ယူ၍ အိမ်အပေါ်ထပ်သို့ တက်သွားပြီးလျှင် ခုတင်ပေါ်၌ ပက်လက်လှန်ကာ မဂ္ဂဇင်းကို ဖတ်လေတော့၏။ ထိုသို့ ဖတ်နေရင်း မျက်နှာချင်းဆိုင်အိမ်မှလူ မည်သည့် အလုပ်ကို လုပ်နေသည်ကို သိလိုသောကြောင့် ပြတင်းပေါက် တံခါးကို မ၍ ကြည့်ရှုပြန်လေ၏။

သို့ရာတွင် ထိုအိမ်ကလေး၏ ရှေ့တွင် ကာထားသော သံဇကာများကြောင့် အတွင်းမှ လူ၏ လှုပ်ရှားပုံကို သဲသဲကွဲကွဲ မမြင်ရပေ။ ခင်မေမြင့်သည် အားမလို အားမရ ဖြစ်လာ၏။ သဲသဲကွဲကွဲ မြင်တွေ့လိုစိတ်များလည်း ပေါ်လာ၏။ ထိုအချိန်၌မှာပင် ခင်မေမြင့်သည် တစုံတရာကို သတိရသွား၏။ ထို တစုံတရာမှာ ၎င်းဖခင်၏ စာအုပ်ဗီရို အတွင်းမှ မှန်ပြောင်းကြီးပင် ဖြစ်၏။
ခင်မေမြင့်သည် အိမ်ပေါ်ထပ်မှ ကဗျာကယာ ပြေးဆင်းလာပြီးလျှင် ဖခင်၏ စာကြည့်ခန်းသို့ ဝင်လေ၏။ ထို့နောက် စာအုပ်ဗီရိုကြီးကို ဖွင့်၍ အတွင်းမှ မှန်ပြောင်းကို ယူကာ အိမ်ပေါ်ထပ်သို့ ပြေးတက်လာလေ၏။ အိမ်ပေါ်ထပ်သို့ရောက်လျှင် တံခါးကြားမှ နေ၍ မျက်နှာချင်းဆိုင် အိမ်မှ လူအား မှန်ပြောင်းဖြင့် ချောင်းလေတော့၏။ မှန်ပြောင်းမှာ လွန်စွာ အားကောင်းသည် ဖြစ်ရာ မျက်နှာချင်းဆိုင် အိမ်မှ လူသည် ခင်မေမြင့်နှင့် တလံအကွာသို့ ရောက်ရှိလာလေ၏။ 

ခင်မေမြင့်သည် လွန်စွာ သဘောကျသွားလေ၏။ ထို့ကြောင့် ၎င်း၏ စိတ်၌ ...
"မိပြီ ... ဘသားချော ဘာလုပ်မလဲ၊ အကုန် ဒီက တွေ့နေရတယ်။ ဟီ .. ဟီ .. သူကတော့ ဘာမှမသိရှာဘူး။ ငါကတော့ သူ့ကို အကုန်မြင်နေရတယ်" ဟု ပြောဆို၍ ကြည့်ရှုနေစဉ်၌ပင် ထိုလူသည် ၎င်း၏ အင်္ကျီကို ချွတ်လိုက်သည်။ ထို့နောက် ကြိုးတန်းပေါ်မှ မျက်နှာသုတ်ပုဝါကို ဆွဲ၍ ပခုံးပေါ်သို့ တင်လိုက်လေ၏။ ပြီးလျှင် ပုဆိုးကိုပါ ကွင်းလုံး ချွတ်ချလိုက်သောကြောင့် ခင်မေမြင့်သည် မျက်စိကို ကဗျာကယာ မှိတ်လိုက်လေ၏။ ထို့နောက် ပါးစပ်မှလည်း ...
"အတော့်ကို အနေအထိုင် ပက်စက်တဲ့လူ၊ အနားမှာ မိန်မပျိုလေး ရှိနေတာကို မသိဘူးလား" ဟု ခပ်တိုးတိုး ရေရွတ်ရင်း မျက်စိကို မရဲတရဲ ဖွင့်ကြည့်လိုက်လေ၏။ ထိုအခါကျမှပင် အစိမ်းရောင် ပိုးဘောင်းဘီ ဝတ်ဆင်ထားသော ဖြောင့်စင်းဖြူဖွေးလှသည့် ထိုလူ၏ ပေါင်တံများကို တွေ့မြင်ရလေ၏။ ခင်မေမြင့်သည် 'ဟင်း' ခနဲ သက်ပြင်းချရင်း ...
"ဒီလို ယဉ်ယဉ်ကျေးကျေး လုပ်စမ်းပါ မိတ်ဆွေရဲ့၊ ဟီ  ဟီ" ဟု တယောက်တည်း ပြောလိုက်လေ၏။ ထို့နောက် သူသည် အရှည်အားဖြင့် တထွာကျော်ကျော်ခန့်ရှိ၍ လုံးပတ်အားဖြင့် လက်သန်းလုံးခန့်ရှိသော သစ်ကိုင်းတခုကို သွားပွတ်တံသဖွယ် အသုံးပြုကာ သွားတိုက်နေသည်ကို တွေ့ရသဖြင့် အတော်ကလေး အံ့သြမိလေတော့၏။
"ဟင် .. သူ့ဥစ္စာကလည်း သွားပွတ်တံလည်း မဟုတ်ပါပဲလား။ သစ်ကိုင်းကြီးကို ခပ်တည်တည်နဲ့ သွားပွတ်တံလုပ်ပြီး တိုက်နေပါလား" ဟု စိတ်တွင်းမှ ရေရွတ်ရင်း ပြုံးမိလေတော့သည်။ ထို့နောက်တွင် ခင်မေမြင့်သည် ညနေ ထမင်းဝိုင်းသို့ ရောက်လျှင် ၎င်း၏ ဖခင်အား ..
"အဖေရယ်၊ မျက်နှာချင်းဆိုင် အိမ်က လူကြီးကလေ သစ်ကိုင်းကြီးကို သွားပွတ်တံလုပ်ပြီး သွားတိုက်နေတယ်။ သမီးတော့ သူ့ကိုကြည့်ပြီး ရယ်ချင်လိုက်တာ" ဟု ပြောလေ၏။ ထိုအခါ ဖခင်က ..
"ဟဲ့ သမီး၊ အဲဒါ သစ်ကိုင်းကြီးကို သွားပွတ်တံလုပ်ပြီး သွားတိုက်တာ မဟုတ်ဘူး၊ တံပူ လို့ခေါ်တယ်။ ရှေးတုန်းကတော့ အဲဒါကို တံပူ ဝါးတယ်လို့ ခေါ်ကြတယ်ကွယ့်။ တံပူကိုလည်း အမျိုးမျိုး လုပ်ကြသေးတယ်။ တချို့က တမာ၊ တချို့က စကားသားပေါ့ကွယ်။ ဥတုဘောဇနကျမ်းမှာဆိုရင် တံပူဝါးခြင်းနဲ့ ပါတ်သက်လို့ အကျယ်တဝင့် ဖော်ပြထားတာ ရှိတယ်။ အိန္ဒိယဘက်က လာတဲ့ အလေ့အထပေါ့ကွဲ့။ မဟုတ်မှလွဲရော၊ မျက်နှာချင်းဆိုင် အိမ်က လူဟာ အိန္ဒိယဘက်မှာ အတော်ကြာကြာ နေဖူးလိမ့်မယ်ကွယ့်" ဟု ပြောလေ၏။
ထိုအခါကျမှပင် ခင်မေမြင့်သည် မျက်နှာချင်းဆိုင် အိမ်မှ လူသည် သစ်ကိုင်းခြောက်ကို သွားပွတ်တံလုပ်၍ တိုက်ခြင်းမှာ ရယ်စရာမဟုတ်ကြောင်း သဘောပေါက်မိတော့၏။

နောက်တနေ့ ညနေတွင် ခင်မေမြင့်သည် မှန်ပြောင်းဖြင့် မျက်နှာချင်းဆိုင် အိမ်မှ လူကို ချောင်းကြည့်လေ၏။ ထိုသူသည် ပက်လက်ကုလားထိုင်၌ ထိုင်ကာ စာအုပ်တအုပ်ကို သဲသဲမဲမဲ ဖတ်နေကြောင်း တွေ့ရ၏။

"အောင်မာ၊ ဘာစာအုပ် မို့လို့လဲ၊ ဒီလောက်တောင် သဲသဲမဲမဲ ဖတ်နေရတာ။ ဒီက မိန်းကလေး တယောက်က သူ့ကို ဂရုစိုက်တာတောင် သူက အရေးမလုပ်သလိုနဲ့၊ လူကိုက ဟင်း" ဟု ရေရွတ်ရင်း ခင်မေမြင့်သည် မှန်ပြောင်းအား ကြည်လင်သည်ထက် ကြည်လင်စေရန် ဖိုးကပ်စ်လုပ်၍ ထိုလူ ဖတ်နေသော စာအုပ်ကို လှမ်းကြည့်လိုက်လေ၏။

မှန်ပြောင်းသည် လွန်စွာ ကောင်းလှသည်ဖြစ်ရာ စာအုပ်အဖုံးမှ စာကို ကောင်းစွာ ဖတ်ရှုနိုင်လေ၏။ စာအုပ်အဖုံးမှ စာမှာ ..
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရေးသားတော် မူသော ဥတ်တမ ပုရိသ ဒီပနီ ဟူ၍ ဖြစ်၏။
ထို့ကြောင့် ခင်မေမြင့်က ...
"အောင်မာ၊ ဥတ္တမပုရိသ ဒီပနီ ဆိုတာ ယောကျာ်းမြတ်တွေအကြောင်း ရေးထားတဲ့ ကျမ်းစာအုပ်ပဲ။ ဟင်း ... လူကတော့ အတော့်ကို ကြီးကြီးကျယ်ကျယ်နိုင်တဲ့ လူစားမျိုးပဲ" ဟု ရေရွတ်ရင်း တကိုယ်တည်း ပြုံးလိုက်လေ၏။

ညနေပိုင်းတွင် ခင်မေမြင့်သည် မှန်ပြောင်းဖြင့် ချောင်းကြည့်ပြန်လေ၏။ ထိုအခါ၌လည်း မျက်နှာချင်းဆိုင် အိမ်မှ လူသည် စာအုပ်တအုပ်ကို စွဲစွဲမြဲမြဲ ဖတ်နေသည်ကို တွေ့ရပြန်လေ၏။ ခင်မေမြင့်သည် စာအုပ်အဖုံးမှ စာကို ကြိုးစား၍ မှန်ပြောင်းဖြင့် ကြည့်ရှုပြန်လေ၏။

စာအုပ်အဖုံးမှ စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏။
MASHI
AND OTHER STORIES
RABINDRANARH TAGORE

ခင်မေမြင့်သည် ပြုံးလိုက်ပြန်လေ၏၊ ပြီးနောက်
"ကဗျာဆရာကြီး ရာဗင်ဒြာနတ်တဂိုးရဲ့ ဝတ္ထုတွေပါလား၊ သူက ဒီလိုစာမျိုးလည်း ဝါတနာပါတာကိုး" ဟု ရေရွတ်ပြန်၏။

နောက်တနေ့တွင် ခင်မေမြင့်သည် မှန်ပြောင်းဖြင့် ကြည့်ပြန်၏။ ထိုသို့ ကြည့်ရာ ထိုလူသည် ..
ဆွာမိပရာဗုပဒ ဖွင့်ဆိုသော ဘဂင်္ဝါဂီတ ဟူသော ကျမ်းတစောင်ကို ဖတ်ရှုနေကြောင်း တွေ့ရပြန်သည်။
ထိုနေ့ ညနေပိုင်းတွင် ခင်မေမြင့်သည် အောက်ထပ်သို့ မဆင်းဘဲ ပြတင်းပေါက် ဘောင်ပေါ်တွင် မှန်ပြောင်းကို ချိန်သားကိုက် တင်ထားပြီးလျှင် ရွှေ့မသွားရန် ကြိုးဖြင့် အသေဆိုင်းကာ ခုတင်ပေါ်မှ ဝမ်းလျားမှောက်၍ မျက်နှာချင်းဆိုင်အိမ်မှ လူအား ကြည့်လေ၏။

ထိုသူသည် စာအုပ်တစ်အုပ်ကို သဲသဲမဲမဲကြီး ဖတ်၍နေ၏။ ထိုသူသည် ယခင့်ယခင်က စာအုပ်များ ဖတ်သည့်အခါတွင်မူ နှဖူးကြေရှုံ့ ၍ မျက်မှောင်ကြုံ့ကာ ဖတ်ရှုသော်လည်း ယခု စာအုပ်ကို ဖတ်သောအခါ၌မူ ဤသို့ မဟုတ်ပေ။ နဖူးကြောလည်း မတင်း၊ မျက်မှောင်လည်း မကြုံ့သူ၏ မျက်နှာသည် ရွှင်လန်းနေပုံ ရ၏။ ထိုပုံ၏ အောက်မှ အင်္ဂလိပ်စာတန်းကို ဖတ်ရှုရာ၌လည်း အတွင်း၌ ဤပုံမျိုး တရာကျော်ပါကြောင်း ရေးသားထားသည်ကို တွေ့ရလေ၏။

"ဟင်း ... ။ လူကြီးက ဒီစာအုပ်မျိုး ဖတ်ရတော့ မျက်နှာက စပ်ဖြဲဖြဲနဲ့၊ ဒါမျိုးလည်း ဝါသနာပါတယ်ကိုး" ဟု တိုးတိုးကလေး ပြောလိုက်လေ၏။

ညနေပိုင်းသို့ ရောက်သောခါ၌မူ ခင်မေမြင့်သည် မျက်နှာချင်းဆိုင်အိမ်သို့ ကြည့်လိုက်ရာ မြင်းလှည်းတစီး ဆိုက်နေသည်ကို တွေ့ရလေ၏။ မြင်းလှည်းသမားကြီးသည် ဘီယာပုလင်း၊ ဝီစကီပုလင်း ရေခဲနှင့် ဘဲကင်တကောင်ကို ဆွဲ၍ အိမ်အတွင်းသို့ ဝင်သွားသည်ကို တွေ့ရလေ၏။
ထို့နောက် မြင်းလှည်းသမားကြီး ပြန်၍ ထွက်လာ၏။ များမကြာမီ၌ မျက်နှာချင်းဆိုင်အိမ်မှ လူသည် စားပွဲပေါ်၌ ဖန်ခွက်များ၊ ရေခဲပန်းကန်များ၊ ဘဲကင်များ တင်ကာ အကျအန ဇိမ်ခံ၍ အရက်သောက်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရလေ၏။ ခင်မေမြင့်သည် မျက်လုံးပြူးသွာလေ၏။

"ငါ့နှယ်နော်၊ ယောဂကျင့်စဉ်တွေ ဘာတွေ ကျင့်နေလေတော့ သူတော်ကောင်းကြီး အောက်မေ့တယ်။ ဘသားချောက အရက်ချနေပြီကိုး။ တော်ပြီ .. တော်ပြီ၊ ဒီလို အရက်သမား တစ်ယောက်ကို ငါက ကမ္မဌာန်းရှုသလို ရှုနေလို့ ဘာများ အကျိုးရှိမှာတုန်း" ဟု ရေရွတ်ကာ မှန်ပြောင်းကို ဆိုင်းထားသော ကြိုးများကို ဖြေပစ်၍ မှန်ပြောင်းကို သိမ်းလိုက်လေ၏။

နောက်တနေ့ မိုးလင်းသောအခါ၌ ခင်မေမြင့်သည် သောက်တော်ရေလဲရင်း ထိုအိမ်ကလေးကို တစေ့တစောင်း လှမ်း၍ ကြည့်မိပြန်လေ၏။ ထိုအချိန်၌ မျက်နှာချင်းဆိုင်အိမ်မှ လူသည် အပြင်သို့ ထွက်သွားသည်ကို တွေ့ရလေ၏။ 
တနာရီခန့် ကြာသောအခါ ထိုလူသည် မြင်းလှည်းဖြင့် ပြန်၍ ရောက်လာလေ၏။ မြင်းလှည်းပေါ်၌လည်း စက္ကူဘူး အမြောက်အများ တင်လာသည်ကို တွေ့ရလေ၏။ ခင်မေမြင့်သည် စက္ကူဘူးများကို စိတ်ဝင်စားစွာ လှမ်း၍ကြည့်ရာ မည်သည့်ဘူးများ ဖြစ်သည်ကို မသဲကွဲသဖြင့် သိမ်းထားသော မှန်ပြောင်းကို ထုတ်၍ ကြည့်မှပင် ဘုန်းကြီးစီး ဖိနပ်ဘူးများ ဖြစ်ကြောင်း သိရလေ၏။ ထို့ကြောင့် ခင်မေမြင့်က ...
"ဘုန်းကြီးဖိနပ်တွေ အများကြီး ဝယ်လာပြီး ဘာများ လုပ်ဦးမလို့လဲ မဆိုနိုင်ဘူး" ဟု ရေရွတ်ပြန်လေ၏။ များမကြာမီ၌ပင် ထိုမြို့၏ ကျောင်းတိုက်ကြီး တတိုက်မှ သံဃာတော်များသည် ဆွမ်းကြီးလောင်းအတွက် စီတန်း၍ အိမ်ရှေ့မှ ကြွသွားလေ၏။ ထိုအခါ၌ မျက်နှာချင်းဆိုင် အိမ်မှ လူသည် သံဃာတော်တိုင်းအား ဖိနပ်တရံစီ လှုဒါန်း၍ ရိုသေစွာ ရှိခိုးနေသည်ကို ခင်မေမြင့် တွေ့ရပြန်လေ၏။

"ဟင်း ..၊ အလှူအတန်းတော့လည်း ဝါသနာ ပါသားပဲ" ဟု ခင်မေမြင့်က တိုးတိုးကလေး ပြောလိုက်လေ၏။

နေ့လည်ပိုင်းသို့ ရောက်သောအခါ၌ ခင်မေမြင့်သည် မျက်နှာချင်းဆိုင်အိမ်မှ လူအား မှန်ပြောင်းဖြင့် ကြည့်မိပြန်၏။ ထိုအချိန်မှာပင် လူ လေးငါးခြောက်ယောက်သည် ငွေဖလားကြီးတလုံးနှင့် အလှူခံဖြတ်ပိုင်း စာအုပ်များကိုကိုင်ကာ ထိုလူထံသို့ ဝင်ရောက်၍ အလှူခံကြလေ၏။ ထိုအခါ ထိုလူက ...
"ခင်ဗျားတို့ ဘာမှ မပြောနဲ့၊ ကျုပ်ဘာမှ မလှူဘူး" ဟု ရင့်သီးစွာ ပြော၍ ရိုင်းရိုင်းပြပြ မောင်းထုတ်လိုက်လေ၏။
ခင်မေမြင့်သည် စကားသံကို မကြားရသော်လည်း အမူအရာကို ကြည့်ခြင်းအားဖြင့် ရိုင်းစိုင်းစွာ မောင်းထုတ်နေကြောင်း သိရလေ၏။ ထို့ကြောင့် ...
"ဒီလူဟာ တကယ်တန်းကျတော့လည်း အလှူအတန်း ဝါသနာ မပါပါဘူး" ဟု စိတ်၌ တွေးမိလေတော့၏။

ညနေပိုင်းသို့ ရောက်လျှင် ခင်မေမြင့်၏ ဖခင်နှင့်အတူ ဧည့်သည်တဦး လိုက်ပါ၍ လာလေ၏။ ခင်မေမြင့်လည်း ဧည့်သည်အတွက် ဖျော်ရည်များ စီမံပေးရလေ၏။ ထိုအချိန်၌ပင် ခင်မေမြင့်၏ ဖခင် အရေးပိုင်မင်း ဦးထွန်းမြတ်က ဧည့်သည်အား ..
"ဒီလိုရှိတယ် အင်စပက်တော်ကြီးရဲ့၊ ကျုပ်ကတော့ အဲဒီလူရဲ့ မျက်နှာကို မမြင်ဖူးပါဘူး။ ကျုပ်သမီးကတော့ အိမ်အပေါ်ထပ်မှာ ဘုရားပန်းလဲရင်း၊ လမ်းလျှောက်ရင်းနဲ့ အဲဒီလူကို ကောင်းကောင်းကြီး မြင်ဖူးနေတယ်။ ဘာတွေလုပ်‌ 
နေတယ်ဆိုတာလည်း သူက သိနေတယ်။ အဲဒီတော့ သိချင်စရာရှိရင် သမီးကိုပဲ မေးပေတော့ " ဟု ပြောလိုက်ရာ ဧည့်သည်လုပ်သူက ...
"အခု ကျွန်တော် လာတဲ့ကိစ္စက သူ့ကို သိဖို့ မဟုတ်ဘူး၊ ကျွန်တော်တို့ ပုလိပ်ဘက်က ကျကျနန သိပြီးပြီပဲ။ ဒါပေမယ့် သိတာက သိတာပဲ၊ ဖမ်းဆီးလို့ ရတဲ့အထိ မသေချာဘူးလေ။ ဒါကြောင့် ကျွန်တော့ကို အထက်က တာဝန်ပေးလိုက်တာကတော့ အရေးပိုင်မင်းဆီမှာ အကူအညီ တောင်းဖို့ပဲ။ အဲဒီ အကူအညီကလည်း ဖြစ်တဲ့နည်းနဲ့ အရေးပိုင်မင်းက အဲဒီလူနဲ့ မိတ်ဆက်ပြီး တနည်းနည်းနဲ့ ရင်းနှီးအောင် လုပ်ပေးစေချင်ပါတယ်။ အခု ကျွန်တော်ပြောတာက ကျွန်တော့အနေနဲ့ ပြောတာ မဟုတ်ဘူးနော်၊ C.I.D က စုံထောက်မင်းကြီး မစ္စတာ ကရစ်ပင်ရဲ့ ခိုင်းလိုက်တဲ့အတိုင်း သူ့ရဲ့ သဘောထားကို ပြောတာပါ။ မစ္စတာ ကရစ်ပင်ရဲ့ သဘောထား ဆိုတာကလည်း တကယ်တန်း ပြောရရင် Home ရဲ့ သဘောထားပဲ။ Home ရဲ့ သဘောထား ဆိုတာကလည်း ဂါဗနာရဲ့ သဘောထားပဲ။ ဂါဗနာရဲ့ သဘောထား ဆိုတာကလည်း အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးရဲ့ သဘောထားပဲ။ အဲဒီတော့ အရေးပိုင်မင်းရဲ့ မျက်နှာချင်းဆိုင် အိမ်ကလူကို ဖြစ်တဲ့နည်းနဲ့ ရင်းနှီးအောင် လုပ်ထားရမယ်လို့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးက တိုက်ရိုက် အမိန့်တော် မှတ်လိုက်တယ်လို့ သဘောထားရမယ်" ဟု ပြောလိုက်ရာ အရေးပိုင်မင်း ဦးထွန်းမြတ်က ...
"အဲဒါ ခင်ဗျားတို့ ပုလိပ်တွေရဲ့ အလုပ် မဟုတ်ဘူးလားဗျာ၊ 
ဘယ့်နှယ်ကြောင့် အရေးပိုင်ကို လာပြီး ခိုင်းနေရတာတုံး။ ခင်ဗျား ပြောတဲ့အတိုင်းဆိုရင် အရေးပိုင်ဆိုတာ ဖမ်းလို့ မရသေးတဲ့ လူဆိုးတယောက်ကို စောင့်ကြည့်နေရတဲ့ ပုလိပ်ကလေး တစ်ယောက်ထက် ဘာများပိုပြီး အဓိပ္ပါယ်ရှိတော့မှာတုံး" ဟု ပြောလိုက်လေ၏။ ထိုအခါ ပုလိပ် အင်စပက်တော်က ...
"ဒါကတော့ ရပါတယ် အရေးပိုင်မင်း၊ ကျွန်တော် ပြောတဲ့အတိုင်း မလုပ်နိုင်ဘူး ဆိုရင်တော့် စုံထောက်မင်းကြီးကို အဲဒီအတိုင်း အစီရင် ခံလိုက်ရုံပါပဲ ခင်ဗျာ။ အဲဒီအခါ စုံထောက်မင်းကြီးကလည်း Home ကို ဆက်ပြီး အစီရင်ခံမှာပဲ။ Home ကလည်း ဂါဗနာဆီကို တက်မှာပဲ" ဟု ပြောလိုက်ရာ အရေးပိုင်မင်း ဦးထွန်းမြတ်က ...
"ကဲ ... သွားပေတော့ ကိုယ့်လူရေ။ ဘယ်မှလဲ အစီရင် ခံမနေနဲ့တော့။ ကျွန်တော် အရေးပိုင်မင်း မောင်ထွန်းမြတ်ဟာ အလုပ်ပြုတ်မှာကို အလွန် အင်မတန်ကြောက်ပါတယ်။ ဒါကြောင့် ခိုင်းတဲ့အတိုင်း လုပ်ပါမယ်တဲ့ ခင်ဗျား" ဟု ခပ်ငေါ့ငေါ့ပြု၍ ပြောလိုက်မှပင် ပုလိပ် အင်စပက်တော်ကြီးသည် အရေးပိုင်မင်း ဦးထွန်းမြတ်အား ဆလံပေး၍ ပြန်သွားလေတော့၏။ ထိုအခါ အရေးပိုင်မင်း ဦးထွန်းမြတ်သည် ခင်မေ
မြင့်ဘက်သို့လှည့်ကာ ...
"သမီးရေ၊ မျက်နှာချင်းဆိုင် အိမ်က လူဟာ ပုလိပ်ဘက်က စောင့်ကြည့်နေရတဲ့ လူဆိုးပဲ၊ ဖေဖေ့ကိုလည်း အဲဒီလူနဲ့ မိတ်ဆက်ပြီး အဲဒီလူပို ရင်းနှီးအောင် လုပ်ရမယ်လို့ ပုလိပ်ဘက်က လာပြီး ခိုင်းနေတယ်ကွယ့်။ အဲဒီတော့ အဲဒီလူကို ထမင်း ဖိတ်ကျွေးရင် မကောင်းဘူးလားကွယ်" ဟု မေးလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"မဟုတ်တာဘဲ ဖေဖေရယ်၊ သူနဲ့ကိုယ်နဲ့ သိတာလည်း မဟုတ်၊ ထမင်း ဖိတ်ကျွေးရမယ်လို့၊ မဟုတ်သေးပါဘူး၊ တခြားနည်း သမီး စဉ်းစားပါဦးမယ်" ဟု ပြောလိုက်ရာ၊ ဖခင်ဖြစ်သူက ...
"သမီးပြောတဲ့ တခြားနည်းထဲမှာ သမီးက အဲဒီလူအိမ် သွားပြီး အကြောင်းမရှိ အကြောင်းရှာ မိတ်ဖွဲ့တဲ့နည်း မဖြစ်စေနဲ့ကွယ့်" ဟု ပြောလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"အဲဒီနည်းအပြင် တခြား ဘယ်နည်းနဲ့ မိတ်ဆွေဖြစ်မှာတုန်း ဖေဖေရဲ့" ဟု ပြောလိုက်လေ၏။ ထိုအခါ ဦးထွန်းမြတ်က ...
"ပုလိပ်ဘက်က လာပြီး ပြောသွားတာက အဲဒီ စောင့်ကြည့်ရမယ့် လူဆိုးနဲ့ အရေးပိုင်မင်းနဲ့ မိတ်ဆွေ ဖြစ်ရမယ်လို့ပဲ ပါတယ်။ အရေးပိုင်သမီးနဲ့ မိတ်ဆွေ ဖြစ်ရမယ်လို့ မပါဘူး
ကွယ့်" ဟု ပြောလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"အဲဒီလို ဆိုရင်တော့ သမီးလည်း မတတ်နိုင်ဘူး ဖေဖေ" ဟု ပြောလိုက်လေ၏။ ထိုအချိန်၌မှာပင် လူစိမ်းတယောက်သည် "ခွင့်ပြုပါခင်ဗျာ" ဟု ပြောဆိုက ဝင်ရောက်လာလေ၏။ ဦးထွန်းမြတ်သည် "လာခဲ့ပါ။ လာခဲ့ပါ" ဟု ဖိတ်ခေါ်လိုက်လေ၏။
ခင်မေမြင့်သည် ထိုလူကို ကြည့်၍ အံ့သြနေလေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသူမှာ မျက်နှာချင်းဆိုင် အိမ်မှလူ ဖြစ်နေသောကြောင့် ဖြစ်၏။ ထိုသူသည် ကုလားထိုင် အလွတ်တလုံးတွင် ဝင်ထိုင်ပြီးလျှင် အရေးပိုင်မင်း ဦးထွန်းမြတ်အား ...

"အရေးပိုင်မင်း ခင်ဗျား၊ ကျွန်တော်ဟာ မျက်နှာချင်းဆိုင် အိမ်ကို ပြောင်းလာတဲ့သူပါ။ ကျွန်တော့အတွက် အခက်အခဲ ရှိတာကတော့ သတင်းစာပဲ ခင်ဗျ၊၊ ကျွန်တော် ဒီကနေ့မနက် သတင်းစာတိုက် ကိုယ်စားလှယ်ဆီကို ရောက်ခဲ့ပါတယ်။
အင်္ဂလိပ် သတင်းစာရော၊ မြန်မာ သတင်းစာရော ရဖို့ အခက်အခဲ ရှိနေပါတယ်။ အဲဒါကြောင့် အရေးပိုင်မင်းတို့ အိမ်က သတင်းစာကို ညပိုင်းကျရင် ဖတ်ခွင့်ပေးပါလို့ လာပြီး ပြောတာပါ။ ကျွန်တော့နာမည်က 'မိုးသွေး' လို့ ခေါ်ပါတယ်။ အလုပ်အကိုင်ကတော့ ရတနာ ကုန်သည်ပဲ ဆိုပါတော့ ခင်ဗျာ" ဟု မျက်နှာချင်းဆိုင် အိမ်မှ လူက ပြောလေ၏။ ထိုအခါ အရေးပိုင်ကြီးက ...
"အိမ်နီးနားချင်းကောင်း တယောက် ရောက်လာတယ်ဆိုတော့ ထမင်းလက်ဆုံ စားပွဲလေး ဘာလေး လုပ်ဦးမှ သမီးရေ" ဟု ဆိုကာ ခင်မေမြင့်ဘက်သို့ လှမ်း၍ ပြောလိုက်လေ၏။ ခင်မေမြင့်က ...
"ဖေဖေရယ် .. နက်ဖြန်ညနေပဲ စီစဉ်လိုက်တာပေါ့" ဟု ပြန်၍ ပြောလိုက်ရာ အရေးပိုင်ကြီးက ...
"ဟုတ်ပါတယ် မောင်မိုးသွေးရယ်၊ နက်ဖြန်ညနေပဲ ဦးတို့အိမ်မှာ ညစာစားဖို့ ဦးက ဖိတ်ခေါ်ပါတယ်။ မောင်ရင် အလိုရှိတဲ့ သတင်းစာကိုလည်း ညနေတိုင်း ဦးက ပို့ပေးပါဦးမယ်" ဟု ပြောလိုက်ရာ မျက်နှာချင်းဆိုင် အိမ်မှ လူက ဖိတ်ကြားချက်ကို လက်ခံကြောင်း ယဉ်ကျေးစွာ ပြန်၍ ပြောလေ၏။ ထို့နောက် သတင်းစာဟောင်း သုံးလေးစောင်ကို တောင်းယူ၍ ပြန်သွားလေ၏။

အိပ်ရာဝင်ချိန်သို့ ရောက်သောအခါ၌မူ ခင်မေမြင့်သည် တော်တော်နှင့် အိပ်မပျော်သေးဘဲ မျက်နှာချင်းဆိုင် အိမ်မှ လူအကြောင်းကို စဉ်းစား၍ နေလေတော့၏။

နောက်တနေ့ နံနက် ဖခင်ဖြစ်သူ ရုံးသွားသောအခါ ခင်မေ
မြင့်သည် မျက်နှာချင်းဆိုင် အိမ်ကလေးဆီသို့ အရဲစွန့်ကာ ကူးလာခဲ့လေ၏။ မျက်နှာချင်းဆိုင် အိမ်မှ လူသည် 'ကင်းကော့' ကုတင်ကလေးပေါ်တွင် ပက်လက်လှန်၍ အိမ်၏ မျက်နှာကျက်ကို ကြည့်နေလေ၏။ မျက်နှာကျက်၌မူ အနီရောင် စက္ကူဝိုင်းကလေး တင်ထားသည်ကို တွေ့ရလေ၏။ ထိုသူသည် ခင်မေမြင့် ခြေသံကို ကြားသဖြင့် 'ဆတ်ခနဲ' ထထိုင်လိုက်လေ၏။ ထို့နောက် ခင်မေမြင့်ကို မြင်လျှင် ...
"သြော် ... အရေးပိုင်ကြီး သမီးပါလား၊ မိန်းကလေး ထိုင် .. ထိုင်၊ သတင်းစာ လာပေးတာလား" ဟု ထိုသူက ပြောလိုက်လျှင် ခင်မေမြင့်က ...
"မဟုတ်ပါဘူးရှင်၊ ဒီကနေ့ ညစာ ကျွန်မတို့အိမ် ထမင်းစား ဖိတ်ထားတယ် မဟုတ်လား။ အဲဒါကြောင့် ဧည့်သည်ကြီး ဘယ်လို အစားအသောက်မျိုး မစားဘူးဆိုတာ သိချင်လို့ စျေးမသွားခင် လာပြီး မေးတာပါ" ဟု ပြောလိုက်လေ၏။ ထိုအခါ မျက်နှာချင်းဆိုင် အိမ်မှ လူက ...
"ကျုပ် အကုန် စားပါတယ်။ မစားတဲ့ အသားရယ်လို့ မရှိပါဘူး။ ကြက်သား၊ အမဲသား၊ ဝက်သား၊အမဲသား၊ ဆိတ်သား၊ ဖွတ်သား၊ ပဒတ်သား အကုန်လုံး စားတယ်" ဟု ပြောလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"ရှင့်ရဲ့ အိမ်ရှင်ဖြစ်တဲ့ မစ္စမာရီ ပြောတာကတော့ ရှင်ဟာ အသား မစားဘူးဆို" ဟု ပြန်၍ မေးလိုက်လေ၏။

"သြော် .. ဟုတ်တယ်။ တခါတလေ မစားချင်တဲ့အခါ သက်သတ်လွတ် စားတယ်။ စားချင်တဲ့ အခါကျတော့ အကုန်လုံး စားတယ်။ အသားစားခြင်း၊ မစားခြင်း ဆိုတဲ့ 'ဘောင်' ထဲမှာ ကျုပ်ဟာ ပိတ်မနေဘူး၊ လွတ်မြောက်နေတယ်" ဟု ပြောလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"ဒါပေမယ့် ရှင့်အိမ်ရှင် မစ္စမာရီကြီးက ပြောတယ်၊ ရှင်ဟာ ညစာ မစားဘူးတဲ့" ဟု ပြောလိုက်ပြန်ရာ မျက်နှာချင်းဆိုင် အိမ်မှ လူက ...
"သြော် .. ညစာလည်း မစားချင်တဲ့အခါ မစားဘူး၊ စားချင်တဲ့အခါ စားတယ်။ စားခြင်း၊ မစားခြင်းဆိုတဲ့ 'ဘောင်' ကနေ လွတ်နေတယ်" ဟု ထိုသူက ပြောလိုက်လေ၏။ ထိုအခါ ခင်မေမြင့်က ...
"ရှင်ဟာ ယောဂကျင့်စဉ် ကျင့်နေတာလား" ဟု မေးပြန်ရာ ထိုသူက ...
"ဟုတ်ပါတယ်၊ ကျင့်နေပါတယ်" ဟု ပြန်၍ ဖြေလေ၏။ ထိုအခါ ခင်မေမြင့်က ...
"ဒီလိုဆိုရင် ညစာစားပွဲမှာ အရက်ကို စီစဉ်ထားဖို့ မလိုဘူးပေါ့" ဟု မေးလိုက်ရာ ထိုသူက ...
"အရက်လား၊ အရက်လည်း သောက်ချင်တဲ့အခါ သောက်လိုက်တာပဲ၊ မသောက်ချင်တဲ့အခါ မသောက်ဘူး၊ သောက်ခြင်း၊ မသောက်ခြင်း ဆိုတဲ့ 'ဘောင်' ထဲကနေ လွတ်နေတယ်။ ကျုပ်ဟာ ဘာကိုမှ တရားသေ မဆုပ်ကိုင်ထါးဘူး။ ကျုပ်က အမြဲတန်း ရှင်းနေတယ်။ ဒါကြောင့် မိန်းကလေးရယ် ကျုပ်ကို သူတောင်းစား စာရင်းမှာလည်း သွင်းမထားပါနဲ့။ သူယုတ်မာ စာရင်းမှာလည်း သွင်းမထားပါနဲ့။ ကျုပ်ဟာ လူတယောက်ကိုး။ လူဆိုတာ ဒီလိုဘဲပေါ့ဗျာ။ ပြည့်စုံတဲ့ သူတော်ကောင်း တယောက်လည်း မဖြစ်နိုင်ဘူး၊ ပြည့်စုံတဲ့ သူယုတ်မာ တယောက်လည်း မဖြစ်နိုင်ဘူး" ဟု ထို မျက်နှာချင်းဆိုင် အိမ်မှ လူက ပြောလိုက်လေ၏။

ခင်မေမြင့်နှင့် ထိုသူ အချိန် အတော်ကြာသည်အထိ စကားပြော၏။ ထိုသူ၏ စာအုပ်များကို ကောက်ယူ ဆွဲကြည့်၏။ လေးနက်သော စာအုပ်များကို တွေ့ရ၏။ ထို့အတူ ကလေးများ ဖတ်သည့် ရယ်စရာ 'ကော်မစ်' စာအုပ် များကိုလည်း တွေ့ရ၏။
ခင်မေမြင့်သည် ထို လူထူးလူဆန်းအား အချိန်အတော်ကြာ စကားပြောပြီးနောက် နှုတ်ဆက်၍ ပြန်ခဲ့လေ၏။ ထို့နောက် စျေးသို့သွားကာ ဟင်းချက်စရာများ ဝယ်၍ ပြန်ခဲ့ပြီးနောက် ထမင်းချက်သော ရာဂျူးးနှင့် တစ်နေကုန် ချက်ပြုတ် နေလေတော့၏။

ညစာ ထမင်းစားပွဲ အချိန်သို့ ရောက်သောအခါ၌မူ မျက်နှာချင်းဆိုင် အိမ်မှ လူသည် နက်ပြာရောင် ဥရောပ ဝတ်စုံနှင့် လည်စည်း နက်ကတိုင်ကို ကျနစွာ စည်း၍ ရောက်ရှိလာလေတော့၏။

ထို့နောက် ထမင်းစားကြလေ၏။ ထမင်း စားသောက်ရင်းလည်း ထိုသူသည် မှတ်သားစရာကောင်းသော သို့မဟုတ် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများစွာကို သူ့နေရာနှင့်သူ အကွက်ကျကျ  ပြောနိုင်လေ၏။

ပင်လယ်ပြင်အကြောင်း၊ ထူးဆန်းအံ့သြဖွယ်ရာ ကောင်းသော ကျောက်မျက်ရတနာပစ္စည်းများအကြောင်း၊ တထောင့်တည ပုံပြင်တွင် ပါသည့် ဆာရာဒက်ခေါ် ပုဏ္ဏားကျွန်းအကြောင်း စသည့် နားထောင် မငြီးနိုင်သော အကြောင်းအရာ များစွာကို ပြောပြခဲ့လေ၏။

ထိုသို့ စကာစမြည် ပြောရင်း ထမင်းစား နေချိန်၌မှာပင် ယမန်နေ့ညက အရေးပိုင်မင်း ဦးထွန်းမြတ်ထံ လာရောက်ခဲ့သော အင်စပက်တော်ကြီးသည် ပုလိပ်များနှင့်အတူ ရောက်ရှိလာပြီးလျှင် ထိုသူ၏ ရင်ဝကို ခြောက်လုံးပြူး သေနတ်ဖြင့် ချိန်ရွယ်ရင်း ...
"ကဲ ... မိတ်ဆွေကြီး ကိုမိုးသီး၊ ခင်ဗျားကို ဖမ်းဖို့ ကြေးနန်းရပြီ။ အူကြောင်ကြောင် မလုပ်နဲ့နော" ဟု ပြောလိုက်လေ၏။
ထိုအခါ မျက်နှာချင်းဆိုင် အိမ်မှ လူက အင်စပက်တော်ကြီးအား ...
"ထမင်းစားပါဦး၊ အင်စပက်တော်ကြီး" ဟု ပြောရင်း ထမင်းကို ဆက်၍ စားနေ၏။ ပန်းကန်ထဲတွင် ထမင်းကုန်သွား
သဖြင့် ဇလုံတွင်းမှ ထမင်းများကို ထပ်၍ ထည့်နေ၏။ ထိုအခါ ..
"ကိုယ့်လူ၊ မြန်မြန်ုလုပ်" ဟု အင်စပက်တော်ကြီးက ပြောလိုက်လေ၏။ ထိုအခါ မျက်နှာချင်းဆိုင် အိမ်မှ လူက ...
"ကျုပ်ဟာ အရေးပိုင်မင်း ဦးထွန်းမြတ်ရဲ့ ဖိတ်ကြားထားတဲ့ 
ဧည့်သည်တယောက် ဖြစ်တယ်။ အရေးပိုင်ရဲ့ ဧည့်သည်ဆိုတာ ဂါဗနာရဲ့ ဧည့်သည်ပဲ။ ဂါဗနာရဲ့ ဧည့်သည်ဆိုတာ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးရဲ့ ဧည့်သည်ပဲ။ ဒါကို သဘောပေါက်ရင် ပုလိပ်ကြီး ဟိုနားမှာ ထိုင်ပြီး ကျုပ်ကို စောင့်ပါ" ဟု ဆိုကာ ထမင်းကို စိတ်ရှည်လက်ရှည် စားလေ၏။ ထမင်း စားပြီးသောအခါ ငှက်ပျောသီးကို စားလေ၏။ ကော်ဖီကြမ်း အနည်းငယ် သောက်၏။ ပြီးလျှင် စီးကရက် တလိပ်ကို ထုတ်၍ နှုတ်ဖျား၌ တေ့ကာ မီးညှိလိုက်၏။ ထို့နောက် ...
"ကဲ ... ပုလိပ်ကြီး၊ ကျုပ်ကတော့ အဆင်သင့်ပဲ" ဟု ထို မျက်နှာချင်းဆိုင် အိမ်မှ လူက ပြောလိုက်လျှင် အင်စပက်တော်ကြီးသည် အားရဝမ်းသာ ထလာပြီးလျှင် ထိုလူအာ လက်ထိပ်ခတ်လိုက်လေ၏။ ထို့နောက် ဖမ်းဆီး ခေါ်ဆောင်သွားလေတော့၏။ ထိုအခါ ခင်မေမြင့်သည် မျက်နှာကို လက်ဝါးဖြင့် အုပ်၍ ရှိုက်ကြီးတငင် ငိုချလိုက်လေ၏၊ ထိုအခါ ဖခင်ဖြစ်သူ ဦးထွန်းမြတ်က ခင်မေမြင့်၏ ပခုံးကို လက်ဖြင့် အသာအယာ ပုတ်ရင်း ...
"သမီးရယ်၊ လူဆိုးလူမိုက်တို့ရဲ့ သွားရာလမ်းဟာ ဒါပဲပေါ့ကွယ်။ ကိုယ့်နဲ့လဲ ဘာမှ တော်စပ်တာမှ မဟုတ်ဘဲ ဘာဖြစ်လို့ ဝမ်းနည်းရမှာလဲ" ဟု ပြောလိုက်လျှင် ခင်မေမြင့်က ...
"မဟုတ်ဘူး ဖေဖေ .. ဘာကြောင့်မှန်း မသိပါဘူး၊ သမီး သူ့ကို ချစ်တယ်" ဟု ပြန်၍ ပြောလိုက်လေ၏။ ထိုအခါ ဖခင်ဖြစ်သူ ဦးထွန်းမြတ်က ...
"ငါ့သမီးက သူ့ကို ချစ်တာ မဖြစ်နိုင်ပါဘူး။ မြင်တွေ့နေကျ ယောကျာ်းမျိုးထဲက မဟုတ်ပဲ နည်းနည်းကလေး အမြင်ဆန်းနေလို့ စိတ်ဝင်စားတာ ဖြစ်မှာပါ။ သမီးတို့ မိန်းမတွေရဲ့ သဘာဝမှာ အမြင်ဆန်းနေလို့ စိတ်ဝင်စားလေ့ ရှိတယ်။ ပျော့ပျောင်းတဲ့ ယောကျာ်းတွေရဲ့ ပတ်ဝန်းကျင်မှာ နေရတဲ့ မိန်းကလေး တယောက်ဟာ ရိုင်းရိုင်းစိုင်းစိုင်း ယောကျာ်းတယောက်ကို တွေ့ရင် စိတ်ဝင်စား ပြန်ရောကွဲ့။ ဒါ့ကြောင့် ဥပဓိရုပ် ကောင်းတဲ့ ဘုရားလောင်း ပဒုမမင်းသားရဲ့ မိန်းမဟာ ခြေတွေ၊ လက်တွေ မရှိတဲ့ ပေါင်တိုကို စိတ်ဝင်စားသွားတာ ကြည့်ပါလားကွဲ့၊ အမှန်က ပေါင်တိုကို သူတကယ် ချစ်တာမဟုတ်ဘူး။ အမြင်ဆန်းလို့ စိတ်ဝင်စားတာပဲ ဖြစ်မယ်၊ ပေါင်တိုကို တကယ်သာချစ်ရင် ဘူရားအလောင်း ပဒုမမင်းသားရဲ့ လက်စွပ်ကို မြင်တဲ့အခါမှာ ယောကျာ်းဟောင်းကို သတိရပြီး ရင်ကွဲနာကျပြီး သေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ မိန်းမတယောက် အနေနဲ့ အမြင်ဆန်းလို့ စိတ်ဝင်စားတာဟာ အိပ်မက်လို ပါပဲကွယ်။ အိပ်ရာက နိုးရင် ပျောက်သွားမှာပါ" ဟု ပြောလိုက်လေ၏။

အတော်အတန် ညဉ့်နက်သောအခါ အင်စပက်တော်ကြီး ရောက်လာပြန်လေ၏၊ ထိုအခါ အရေးပိုင် ဦးထွန်းမြတ်က ...
"ဘာများ ထူးသေးလဲ အင်စပက်တော်ကြီး" ဟု မေးလိုက်ရာ အင်စပက်တော်ကြီးက ...
"အခု ကျွန်တော်တို့ ဖမ်းထားတဲ့ တရားခံဟာ မိုးသွေးခေါ် မိုးသီးဆိုတဲ့ ပင်လယ်ဓားပြ တယောက်ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အရေးပိုင်မင်းဟာ သူနဲ့ သူ့မိတ်ဆွေ သေတ္တာဆိုတဲ့ ပင်လယ်ဓားပြတဦးကို တရားသူကြီး အဖြစ်နဲ့ တသက်တကျွန်း အမိန့်ချခဲ့ဖူးတယ်လေ။ ဒါပေမယ့် အယူခံမှာနိုင်ပြီး ထောင်ဆယ်နှစ်ပဲ ကျသွားတယ်။ အဲဒါကိုလည်း အရေးပိုင်မင်း မှတ်မိမှာ မဟုတ်တော့ဘူး။ အခု မိုးသီး ဒီနေရာကို ရောက်နေတာလည်း အပျော်သက်သက် အနားလာယူတာလို့ ကျွန်တော်တို့ ပုလိပ်ဘက်က မယူဆဘူး။ အရေးပိုင်မင်းရဲ့ အသက်ကို လုပ်ကြံဖို့ ရောက်နေတာလို့ပဲ ယူဆတယ်" ဟု ပြောလိုက်ရာ အနီးတွင် နားထောင်နေသော ခင်မေမြင့်က ...
"ဟင်း ... အငြိုးအမှတ် သိပ်ပြီးကြီးတဲ့ လူကြီး၊ မုန်းတယ်" ဟု ပြောလိုက်လေ၏။ ထိုအခါ စိတ်ဓာတ်ကြံ့ခိုင်သော အရေးပိုင်မင်း ဦးထွန်းမြတ်က ...
"သမီး .. အမြင်ဆန်းတဲ့ အိပ်မက် မက်နေရာကနေ လန့်နိုးသွားပြီကိုး" ဟု ပြုံးပြုံးကြီး ပြောလိုက်လေတော့ သတည်း။

🙏 သဗေ သတာ ကမသကာ 🙏
✍  မင်းသိင်္ခ
📒 ပြစ်မှုမဂ္ဂဇင်း