စိတ်ညစ်ရင်ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ် ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ 

တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား”လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာ နေရင်လည်း ဦးခေါင်းထက်ကိုပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။

မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ် အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်း ထားရမှာပါ။ 

အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာ လာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။
စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲလုပ်တာပါ။ ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။

 ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ ဂုဏ်တော် မေတ္တာလေး ပွားလိုက် ၊ စိတ်ညစ်လာတာနဲ့ဂုဏ်တော် မေတ္တာလေး ပွားလိုက်” နဲ့ကျင့်ပါများ သွားရင် အထုံ ဖြစ်သွားပါလိမ့်မယ်။

 အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံ လေးတွေဆို စွဲနေအောင် လုပ်ထားရပါတယ်။အဲဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက် အနေနဲ့ အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို 
သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။

 မကောင်းတာ စွဲသွားရင် ဖြတ်ရတာ ခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။

 “ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီ ဖုန်းဆက် အကြံဉာဏ်တောင်း လို့ ကိုယ် အကြံတောင်းတဲ့ သူက“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံး၀ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ 

ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။ 

စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက် လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။

စိတ်ညစ်ရင် အခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက် လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့် ထားနိုင်ရပါမယ်။ 

တကယ်တော့လည်း တရား သဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ် တာလည်း အမြဲ တည်မနေနိုင်ပါဘူး။ ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘော တရားလေးကို သေချာ သဘောပေါက်ပြီး စိတ်ညစ် တာကို အကြောင်း ပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ 

စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ဘုရား ပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကိုကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။

 စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ် ရမှာပါ။ ကာလ တစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့် လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီ ကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ် တွေအနေနဲ့ ပါသွားတော့ မှာပါ။ အထုံ၀ါသနာဆိုတာနောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ် ပါရမီတွေ ပြုဖြစ် နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွား တော့မှာပါ။ 

အဓိကကတော့ ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့် ထားဖို့ပါ။ လေ့ကျင့် ထားရင် စွဲသွား တတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြ စိုက်စရာ မလို တော့ပါဘူး။ ဘာပဲပြောပြော ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ်။

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
(အလင်းတန်းဂျာနယ်)