လောဘတွေကြီးကျယ်နေတယ်၊
ဒေါသတွေ ကြီးကျယ်နေတယ်၊ 
မာန်မာနတွေ ကြီးကျယ်နေတယ်၊
တစ်ယောက်ကိုတစ်ယောက် 
မနာလို ဝန်တိုတဲ့ ဣသာ မစ္ဆရိယတွေ 
ကြီးကျယ်နေတယ်...။

လောကကြီး ဘာဖြစ်ဖြစ် 
ကမ္ဘာကြီးဘာဖြစ်ဖြစ်
ကိုယ်ဘာမှ မဖြစ်စေနဲ့
ကောင်းအောင် နေလိုက်စမ်းပါ...။

မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ 
တချို့ပေါလျှံနေကြတာကို
အားမကျဘူးလားလို့မေးရင်...
ပုထုဇဉ်မို့ ခင်မင်မက်မောတတ်တဲ့ 
လောဘ မကုန်သေးတော့
အားမကျပါဘူး လို့တော့ မပြောဝံ့ပါဘူး...။

ဒါပေမယ့် သတိရှိလိုက်တာနဲ့
ဥာဏ်ကလေး ကွက်ခနဲ 
သဒ္ဓါလေး ဒက်ခနဲ 
ပေါ်လာတာနဲ့ တပြိုင်နက်
ဒါတွေဟာ သေစာတွေ လို့
တန်းမြင်မိတော့တာပဲ...။

ဒီနေ့ခေတ်မှာ
သစ်ပေ့ ဆန်းပေ့ ဆိုတာတွေဟာ
တကယ်တော့ ဘာမှ သစ်တာ ဆန်းတာ 
မဟုတ်လှပါဘူး...။

မိုးအောက် မြေပြင်ပေါ်မှာ
မြင်ဖူးပြီးသားတွေချည်း ပါပဲ၊ 
အာရုံတွေဆိုတာက ကြာသွားရင် 
ရိုးသွား အီသွားတတ်တာကြောင့်
မရိုးရ မအီရလေအောင်
ကြံဖန် စီမံနေကြတာတွေပါ...။

လောကမှာ ဘာမှ 
သစ်တာ ဆန်းတာ မရှိပါဘူး...။

အစားကောင်းတိုင်းအဝတ်ကောင်းတိုင်း
အနေကောင်းတိုင်း ချမ်းသာတာ မဟုတ်ဘူး၊
တဏှာ လောဘ ဒေါသ နည်းရင်
ချမ်းသာတာပါပဲ...။

ဒါနနဲ့ သီလမှာ
ဒါနက ငွေကုန်တယ်၊ 
သီလက ငွေမကုန်ဘူး၊ 
အကျိုးရတော့
သီလက အကျိုးပိုရတယ်...။

ဒါပေမယ့် လူတွေက
ငွေကုန်တဲ့ အလုပ်ကို 
ပို အားသန်ကြတယ်၊ 
ဂုဏ်တော်ပွားပါ,မေတ္တာပွားပါဆိုတော့
ပျင်းကြတယ်,ငြင်းကြတယ်,
အတွက်လွဲကြရှာတယ်...။

ဘဝပါရမီဆိုတာ
ဖြည့်ဆည်းဖို့ မလွယ်ဘူး၊ 
အများက ဝိုင်းဖြည့်ကြပေမယ့် 
ကိုယ့်အစွမ်း ရှိသလောက်သာ 
ကိုယ့်ဝေစု ရပါမယ်...။

သူတစ်ပါးရဲ့လှေကွဲကို
ဖာထေးပေးနိုင်ပါလျက် 
ကိုယ့်လှေကျမှ မဖာနိုင်ရင် 
ရေလယ်မှာ နစ်ရလိမ့်မယ်...။ 

ပေးတာရလို့ဖြစ်တဲ့ ပီတိထက် 
ရအောင် ပေးလိုက်ရတဲ့ ပီတိက 
ပိုတာရှည်ခံပါတယ်...။ 

လောကမှာအပျော်အပါး 
အမော်အကြွားတွေ,
ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့
မေ့လျော့နေတတ်ကြတယ်...။

ဒါနကို မေ့တယ်, 
သီလကို မေ့တယ်, 
ဘာဝနာကို မေ့တယ်,
ကိုယ်ကသာကုသိုလ်ကောင်းမှုတွေကို 
မေ့နေတာနော်၊
ကိုယ့်ကို မမေ့တဲ့သူကတော့ 
ကိုယ့်ကို အမြဲစောင့်ကြည့်နေတယ် 
အဲ့ဒါက သေမင်းပဲ...။

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ 
ဆရာတော်ဘုရားကြီး