✏ရဝေနွယ် (အင်းမ)
ကဿပဘုရားရှင်လက်ထက်မှာ အတူပါရမီဖြည့်ခဲ့ဖူးတဲ့ သူငယ်ချင်း ငါးယောက်ထဲက အကြီး တစ်ယောက်က ဗာရာဏသီမင်း ဖြစ်ပြီး ကျန်လေးယောက်ကတော့ သာမညမင်းတွေ ဖြစ်လာရ ပါတယ်။
သာမညမင်းလေးယောက်က ကမ္မဋ္ဌာန်းနည်း သင်ယူပြီး မင်းအဖြစ်ကို စွန့်လွှတ်လိုက်ပါတယ်။ ပြီးတော့ ရဟန်းဝတ်ပြီး တရား အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါတွေ ဖြစ်သွားကြပါတယ်။
ကျန်ခဲ့တဲ့ ဗာရာဏသီမင်းက တစ်ညမှာတော့ သုံးကြိမ် တိတိ လန့်လန့်နိုးပါတယ်။ ထိတ်လန့် ကြောက်ရွံ့လွန်းလို့ အသံဆိုး ကြီးနဲ့ ထအော်လိုက်မိပါတယ်။ စိုးရိမ်ကြောက်လန့်နေလို့ ဆက်မအိပ် ရဲတော့ပါဘူး။ မိုးလင်းခါနီးလည်း ဖြစ်နေလို့ အဆောင်အပြင်ဘက်ကို ပြေးထွက်ခဲ့ပါတယ်။
အပြင်ဘက်မှာ စောစောထလမ်းလျှောက်နေတဲ့ ပုရောဟိတ် ကြီးနဲ့ တွေ့ပါတယ်။ ဖြစ်စဉ် အကျိုးအကြောင်းကို ပြောပြတော့ ပုရောဟိတ်က -
‘’ဒီရောဂါဟာ ဆေးကုလို့ ပျောက်တဲ့ ရောဂါ မဟုတ်ဘူး၊ ဒါ ငါ့အတွက် စားပေါက်တစ်ခုပဲ’’ လို့ တွေးပြီး-
‘’အရှင်မင်းကြီး၊ ဒီလိုဖြစ်တာဟာ မင်းအဖြစ် ဆုတ်ယုတ်ဖို့နဲ့ အသက်အန္တရာယ်ရှိဖို့ ရှေ့ပြေး နိမိတ်ပဲ’’ လို့ လျှောက်လိုက်ပါတယ်။
ပုရောဟိတ် ပြောလိုက်မှ ဗာရာဏသီမင်းလည်း ပိုကြောက် သွားပါတယ်။ ပုရောဟိတ်က ဆက်ပြီး -
‘’ဒီအန္တရာယ်တွေ လွတ်ငြိမ်းသွားဖို့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ် စတာတွေနဲ့ ယဇ်ပူဇော်ရပါမယ်၊ ရွှေငွေတွေလည်း ပါရပါမယ်’’ လို့ ထပ်လျှောက်လိုက်ပါတယ်။
ဗာရာဏသီမင်းလည်း အသက်အန္တရာယ် မဖြစ်ဖို့နဲ့ မင်း အဖြစ်ကနေ မဆုတ်ယုတ်ရင် ပြီးရော ဆိုပြီး ‘ဆရာပုရောဟိတ် ကြိုက်သလိုသာ စီစဉ်ပါ’ လို့ မိန့်လိုက်ပါတယ်။
ပုရောဟိတ်လည်း ဘုရင့်ဆီက အမိန့်ရတာနဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်စတဲ့ သတ္တဝါတွေကို ယဇ်ပူဇော်ဖို့ နန်းတော်ထဲ သွင်း ပါတော့တယ်။
ပါရမီဖြည့်ဖက် ပစ္စေကဗုဒ္ဓါလေးပါးက ဗာရာဏသီမင်း ယဇ်ပူဇော်တော့မယ်ဆိုတာ သိရတော့ ‘’သတ္တဝါတွေ အများကြီးကို သတ်ရင်တော့ အကုသိုလ်တွေ ဖြစ်ပြီး မဂ်ဖိုလ်တရားကို သိဖို့ ရဖို့ ခက်တော့မှာပဲ’’ လို့ တွေးပြီး ဗာရာဏသီမင်းရဲ့ နန်းတော်ကို လေးပါးလုံး ကြွလာကြပါတယ်။
ဗာရာဏသီမင်းလည်း အတိတ်ရေစက်တွေကြောင့် ပစ္စေကဗုဒ္ဓါ လေးပါးကို မြင်လိုက်တာနဲ့ ချစ်တဲ့စိတ်တွေ ဖြစ်သွားပါသတဲ့။
ချစ်ခင်စိတ်နဲ့အတူ နေရာထိုင်ခင်းပေး ဆွမ်းကပ်ပြီး မေးခွန်း မေးပါတယ်။
‘’အရှင်ဘုရားတို့ အဘယ်အမည်တော် ရှိပါသလဲ ဘုရား’’
‘’ငါတို့ နာမည်က အရပ်လေးမျက်နှာလို့ အမည်ရပါတယ်’’
နာမည်က ဆန်းနေတော့ ဗာရာဏသီမင်းက ဆက်မေး ပါတယ်။
‘’အရပ်လေးမျက်နှာဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကို ပြောပြ ပါဦး ဘုရား’’
‘’မင်းမြတ်... ငါတို့ အတွက် အရပ်လေးမျက်နှာမှာ ဘေးရန် လည်း မရှိဘူး၊ စိတ်ထိတ်လန့်စရာလည်း မရှိဘူး၊ ဒါကြောင့် အရပ် လေးမျက်နှာလို့ ခေါ်တာပါ’’
‘’အရှင်ဘုရားတို့မှာ အဲဒီဘေးရန်တွေ၊ ကြောက်လန့်စိတ်တွေ ဘာဖြစ်လို့ မဖြစ်တာလဲ ဘုရား’’
‘’မင်းမြတ်... ငါတို့က မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မဝိဟာရလေးပါးကို ပွားများလို့ ဘေးရန်တွေ၊ ကြောက်လန့် စိတ်တွေ မဖြစ်တာပဲ’’
ပစ္စေကဗုဒ္ဓါလေးပါးလည်း အဖြေစကားပြောပြီး ပြန်ကြွ သွားပါတယ်။ ပြန်ကြွသွားတာနဲ့ ဗာရာဏသီမင်းက စဉ်းစားပါတယ်။
‘’ရဟန်းတွေက မေတ္တာ၊ ကရုဏာစတဲ့ တရားတွေ ပွားများ လို့ ကြောက်လန့်ခြင်းတွေ မဖြစ်ဘူးလို့ ပြောတယ်၊ ပုရောဟိတ် ပုဏ္ဏားတွေကျတော့ ကြောက်လန့်ခြင်းတွေ မဖြစ်ဖို့ ရာထောင်မက သတ္တဝါတွေကို သတ်ဖို့ ပြောတယ်၊ နှစ်ဖွဲ့ထဲက ဘယ်သူ့စကားက အမှန်ဖြစ်နိုင်မလဲ၊ ရဟန်းတွေ ပြောတာပဲ အမှန် ဖြစ်လိမ့်မယ်’’ လို့ တွေးပြီး ယဇ်ပူဇော်ဖို့ ပြင်ထားတဲ့ ကျွဲတွေ၊ နွားတွေကို အစာကျွေး ရေတိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။
ဗာရာဏသီမင်းလည်း ‘’မိတ်ဆွေကောင်းတွေရဲ့ စကား ကြောင့် မကောင်းမှု အကုသိုလ်ကံကနေ လွတ်သွားရတယ်’’ လို့ တွေးပြီး ကျေနပ်စိတ်တွေ ဖြစ်သွားပါတယ်။ ကျေနပ်စိတ်နဲ့အတူ နေရာမှာတင် ဝိပဿနာတရားကို ပွားများလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။
(သုတ္တနိပါတ်အဋ္ဌကထာ၊ပတွဲ။ နှာ-၇၆၊၇၇)
လူတွေဟာ ကိုယ်သေမှာကျ ကြောက်တတ်ကြပါတယ်။ သတ္တဝါတွေကို သတ်ပြီး ကိုယ်အသက် ရှည်ဖို့ လုပ်ရတဲ့ ကိစ္စဟာ လုပ်သင့်သလား၊ မလုပ်သင့်သလား သဘာဝကျကျ မစဉ်းစားနိုင် တော့ပါဘူး။ စိတ်ခံစားမှုက ပူလောင်နေတာ ဆိုတော့ အနီးက အကြံပေးတာကို အမှား၊ အမှန်မခွဲနိုင်တော့ဘဲ လုပ်ချလိုက်တော့တာ ပါပဲ။
ကိစ္စတစ်ခု ကြုံလာတဲ့အခါ အမှန်ကို ပြောပြနိုင်တဲ့ မိတ်ဆွေကောင်း သိပ်လိုအပ်တာပါ။ စိတ်ခံစားမှုက ပြင်းထန်နေတော့ ခံစားမှု ကို အခြေခံ ဆုံးဖြတ်ရင် မှားတာ များပါတယ်။ တချို့ကျတော့ ကိစ္စ တစ်ခု ကြုံလာတဲ့အခါ နှလုံးအေးအေးနဲ့ ကိုယ်တိုင်ပဲ ဆင်ခြင် ဆုံးဖြတ် နိုင်ကြပါတယ်။ ကိုယ်တိုင်က အမှန်ဘက်ကို ရောက်အောင် ဆုံးဖြတ် နိုင်တယ် ဆိုရင်တော့ ကံကောင်းခြင်း ပါရမီတစ်ခုပါပဲ။
တစ်ဖက်သားရဲ့ အားနည်းချက်ကို ကြည့်ပြီး အဆင်းဘီး တပ်ပေးမယ့်သူ၊ အခွင့်အရေးယူမယ့် သူတွေကလည်း အများကြီးရယ် ပါ။ ပုရောဟိတ်ကလည်း ဘုရင်ရဲ့အားနည်းချက်ကို အခွင့်ကောင်း ယူပြီး ကြုံတုန်း ကိုယ့်အတွက် ကိုယ်ကျိုးရှာသွားတာပါ။ အဲဒီအချိန် မှာ မိတ်ဆွေကောင်းပစ္စေကဗုဒ္ဓါ လေးပါး ကြွလာလို့ လမ်းမှန်ပေါ် ပြန်ရောက်သွားရတာပါ။
ဟောသူ၊ နာသူ နှစ်ဖက်လုံးက ပါရမီရှင်တွေဆိုတော့ တရား သဘောလေး ပြောပြလိုက်တာနဲ့ ချက်ချင်းသဘောပေါက်သွား ပါတယ်။ ပြောတာတောင် ‘’အခုလုပ်နေတာတွေက အကုသိုလ်တွေ၊ ဝိပဿနာတရားကို အားထုတ်’’ လို့ တိုက်ရိုက်ကြီးတောင် မပြော ပါဘူး။ ‘’ငါတို့အတွက် ဘေးရန်နဲ့ ထိတ်လန့်စရာတွေ မရှိဘူး။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ ပွားလို့ပါ’’ လို့ ကိုယ့်ကိုယ်ကိုယ်ပဲ ညွှန်းပြောသွားတာပါ။
ဗာရာဏသီမင်းကလည်း ပါရမီရှင်ဆိုတော့ ပြောလိုက်တာနဲ့ သဘောပေါက်ပြီး ဝိပဿနာတရားကို ချက်ချင်း အားထုတ်ပစ်လိုက်တာပါ။ အားထုတ်လိုက်တော့လည်း ချက်ချင်းပဲ တရားထူးကို ရသွားပါတယ်။ အားကျဖို့လည်း ကောင်းပါတယ်၊ နည်းယူဖို့လည်း ကောင်းပါတယ်။
တကယ်လို့များ တစ်ခုခုကြောင့် စိတ်မသန့် ဖြစ်နေရင် ကောင်းတာ မှန်သမျှ အကုန်ကျုံးလုပ်မယ်။ လမ်းမှာ အကြော်ဗန်း ခေါင်းပေါ်ရွက်ပြီး လှည့်ရောင်းနေတဲ့ (၁၃)နှစ်အရွယ် ကလေးမလေး ဆီက အကြော်တွေ အကုန်ဝယ်ပြီး အလုပ်ကြမ်းသမားလေးတွေ ထမင်းစုစားနေတဲ့ နေရာမှာ သွားလှူလိုက်မယ်။ မီးပွိုင့်မှာ ပန်းရောင်း နေတဲ့ ကလေးမလေးတွေဆီက ပန်းတွေ ဝယ်ပြီး အိမ်က ဘုရားမှာ ကပ်မယ်။ အခက်အခဲဖြစ်နေတဲ့သူတွေကို ဆန်၊ ဆီ၊ ပဲ၊ ငါးခြောက် စတာတွေ သွားလှူမယ်။ လမ်းမှာ အသက် (၇ဝ) ကျော်အဘိုးနဲ့အဘွား ကလေး ကစားစရာအရုပ်ကလေးတွေ စားစရာမုန့်လေးတွေ ရောင်း နေတာ တွေ့ရင် ဝယ်သွားပြီး တစ်နေရာရာမှာ သွားလှူလိုက်မယ်။ လမ်းသွားတဲ့အခါ ခလုတ်တိုက်စရာ ခဲတွေ့ရင် ကောက်ပြီး ဖယ်ဖယ် သွားမယ်။ ငါးပါးသီလကို နေ့စဉ် သေချာ ဆောက်တည်မယ်။ အထူးသဖြင့် ဝိပဿနာတရားကို အချိန်တစ်ခုပေးပြီး နေ့စဉ် သေချာ အားထုတ်မယ်။ တတ်နိုင်ရင် ရိပ်သာတစ်ခုခုမှာ ဆယ်ရက်၊ နှစ်ပါတ် သွား အားထုတ်ပစ်မယ်။ ကောင်းတာတွေ ကျုံးလုပ်နေတဲ့ကြားက အဆိုးတွေ ဖြစ်လာခဲ့ရင်လည်း မမြဲတဲ့ လောကဓံရှစ်ပါးကို နှလုံး သွင်းပြီး ရင်ဆိုင်ရုံပဲ ရှိပါတော့တယ်။ နောက်ဆုံး ကောင်းတာတွေ တွန်းလုပ်ရင်း သေချင်လည်း သေသွားပါစေတော့၊ ကောင်းတာတွေ တွန်းလုပ်ရင်း သေသွားခဲ့ရင် ကောင်းတဲ့ဘုံဘဝ ရောက်မှာတော့ အသေအချာပါပဲ။
ဗာရာဏသီမင်းကတော့ ဝိပဿနာတရားကို ချက်ချင်း အားထုတ်ပြီး သံသရာဝဋ်က ထာဝရ ကျွတ်သွားတော့တာပါ။ ကိုယ်ရဲ့ အားထုတ်မှုက ဗာရာဏသီမင်းလို သံသရာဝဋ်က ကျွတ်မသွားနိုင် သေးပေမယ့် စိတ်အေးချမ်းမှုနဲ့ သံသရာအတွက် ပါရမီအထောက်အပံ့ ကောင်းတော့ ဖြစ်သွားမှာပါ။ အားထုတ်ရင်း ရုပ်နာမ်ကွဲလာမယ်၊ မမြဲတဲ့ သဘောတရားတွေ သိလာမယ်ဆိုရင် တော်ရုံအဆိုးလောက်တော့ တရားသဘောနဲ့ ခွာခွာထားနိုင်မှာပါ။
ဝိပဿနာတရားအားထုတ်ဖို့ စိတ်ထဲက ဆုံးဖြတ်လိုက် တယ်ဆိုရင်တော့ ဗာရာဏသီမင်းလို ချက်ချင်း အားထုတ်လိုက်တာပဲ ကောင်းပါတယ်။ ဝိပဿနာတရားကို ချက်ချင်း အားထုတ်ဖို့ မြတ်စွာ ဘုရားက ဘဒ္ဒေကရတ္တသုတ်မှာ ဂါထာတစ်ပုဒ်နဲ့ တိုက်တွန်းထား ပါတယ်။
အဇ္ဇေဝ ကိစ္စ မာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။
(ဥပရိပဏ္ဏာသ-၂၂၆)
‘’အဘယ်သူသည် နက်ဖြန် သေမည်၊ ရှင်မည်ကို သိနိုင်အံ့ နည်း။ ယနေ့ပင်လျှင် အားထုတ်သင့်သော ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏။
ငါတို့မှာ ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာ၊ ဓားလှံလက်နက် အဆိပ် စသော များသော သေကြောင်း စစ်သည်ရှိသော ထိုသေမင်းနှင့် ငါတို့အား မိတ်ဆွေဖွဲ့၍ ချိန်းချက်ထားခြင်း၊ တံစိုးလက်ဆောင်ပေး၍ ချိန်းချက်ထားခြင်း၊ ကိုယ်က အနိုင်တိုက်ယူရန် စစ်သည်ဗိုလ်ပါများ စုဆောင်းထားခြင်းများ မရှိသည်သာတည်း။’’
သေမင်းရဲ့ စစ်သည်တွေနဲ့ သေမင်းဆိုတာ မြင်သာအောင် တင်စားထားတာပါ။ လိုရင်းကတော့ မနက်ဖြန် သေမယ်၊ ရှင်မယ် ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ပြုသင့် ပြုထိုက်တဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာတရားတွေကို ဒီနေ့ပဲ ပြုလိုက်ပါတဲ့။
ဒီဂါထာလေးကိုပဲ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးက လင်္ကာလေးအဖြစ် စီပေးထားပါတယ်။
*စစ်သည်များပြား၊ သေမင်းအား၊ ချိန်းထားလက်ဆောင် မရှိပါ။
*တွန်းလှန်နိုင်ကြောင်း၊ ဗိုလ်ပါပေါင်း၊ စုဆောင်းထားခြင်း မရှိပါ။
*ဒါ့ကြောင့်ဒို့မှာ၊ နက်ဖြန်ခါ၊ ရှင်မှာဧကန်မသိပါ။
*ဒါ့ကြောင့်နောက်နေ့၊ ရက်မရွှေ့၊ ယနေ့ပင်လျှင် အားထုတ်ပါ။
မဟာစည်ဆရာတော်ဘုရားကြီးက လင်္ကာလေးနဲ့ ယောဂီ တွေကို ဒီနေ့ပဲ ဝိပဿနာတရား အားထုတ်ဖို့ တိုက်တွန်း ထားတာပါ။
တချို့ စာတွေက ဖတ်ပြီး လက်တွေ့ အသုံးချလိုက်ရရင် သိပ်ကျေနပ်ဖို့ ကောင်းတာပါပဲ။ ချက်ချင်းလက်တွေ့ အသုံးမချနိုင် သေးရင်တောင် ရင်ထဲမှာ နှလုံးသွင်းထားပြီး ဘဝမှာ ကိစ္စတွေ ကြုံလာလို့ ဆုံးဖြတ်ရတဲ့အခါ ယူသုံးလိုက်ရုံပါပဲ။
ဒီဂါထာလေးကို လောကီနယ်ပယ်မှာလည်း ယူသုံးလို့ ရတာပါပဲ။ ယူလည်း သုံးရမှာပါပဲ။ ဥပမာ ကိုယ့်မိတ်ဆွေတစ်ယောက် ကို ပစ္စည်းတစ်ခုပေးမယ်လို့ ဆုံးဖြတ်ထားရင် မြန်မြန်ပေးလိုက်တာပဲ ကောင်းပါတယ်။ သူလည်း မနက်ဖြန် ရှင်မယ်ဆိုတာ မသေချာပါဘူး၊ ကိုယ်လည်း မနက်ဖြန် ရှင်မယ်ဆိုတာ မသေချာပါဘူး။ မနက်ဖြန် သူလည်း သေသွားနိုင်သလို ကိုယ်လည်း သေသွားနိုင်ပါတယ်။ သူ မနက်ဖြန် သေများသွားခဲ့ရင် ကိုယ်ပေးချင်တာ မပေးလိုက်ရတဲ့ အတွက် တစ်သက်လုံး နောင်တရနေတော့မှာပါ။ ကိုယ်ချစ်ရတဲ့သူကို ပေးမယ်ဆို မြန်မြန်ပေးလိုက်တာပဲ ကောင်းပါတယ်။ အသက်ဆိုတာ စိတ်ချရတာ မဟုတ်ပါဘူး။
ဒီလိုပါပဲ၊ ကိုယ်တွေ့ချင်တဲ့သူ တစ်ယောက်ကို မြန်မြန် တွေ့လိုက်တာပဲ ကောင်းပါတယ်။ သူလည်း သေသွားနိုင်သလို ကိုယ်လည်း သေသွားနိုင်ပါတယ်။ တွေ့ချင်တဲ့သူကို တွေ့လိုက်ရ တာကလည်း ဘဝရဲ့ ကျေနပ်မှုတစ်ခုပါပဲ။
