မိုးကြိုးသည် ကျွန်တော့်အားမပစ်။
ရွာတောင်ပိုင်းက တရားသမားလေးအား
ပစ်သွားသည်။
သိကြားမင်း အိုပြီ ထင်၏။
လက်မတည့် ရှာတော့ပေ။

ရွာတွင် အလှူအလုပ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့်
အဖေ့ သူငယ်ချင်းသည်
အရက်ဆိုင် ဖွင့်ထားသည်။ 
ချဲဒိုင်လည်း ကိုင်သည်။
မူးရစ်ဆေးဝါး အထည်ကြီးသူ။
ဘုရားဖူးလုပ်ငန်းလည်း 
ကားတွေထောင်ထားပြီး လုပ်သည်။
ပဌန်း၊ ပရိတ် အသံမစဲအောင် သူ့အိမ်ရော၊ ကျောင်းတွေမှာပါ ပူဇော်၏။
(Abstract)
##############

ငယ်ငယ်က
မြင်းမိုရ်တောင် ဘယ်နိုင်ငံမှာရှိတာလဲ ? ဟု 
ဆရာမကို မေးမိရာ 
ထိပ်ခေါက်ခံရသည်
အဖြေကား..မရ။

သားသားကြီးရင် ဘာလုပ်မလဲ ? ဟု 
အမေက မေးသောအခါ
အာကာသယာဉ်မှူး လုပ်မည်ဟု 
ဖြေဖြစ်သည်။ 
နတ်ပြည်ကို တက်ကြည့်ချင်သည်ကိုး။

အိမ်ရှေ့က အဝီစိတွင်းကြောင့် 
ငရဲပြည်တွင် ချိုးရေ သုံးရေ သောက်ရေ
အလျှံအပယ် ရှိလိမ့်မည်ဟု 
အယူမှားမိပြန်သည်။

အမေသည် ဘုန်းဘုန်းကြွလာသောအခါ
နံနက်စောစောထ၍ ချက်ပြုတ်ထားသော
ဆွမ်းကိုကပ်၏။ 
သီလရှင်များလာသောအခါ
ကန်တော့ပါသေးရဲ့ဟု ဆို၏။ 
gender ခွဲကြောင်း ဝေဖန်မိ၍ 
အမေက မျက်စောင်းခဲ၏။

မနက်တိုင်း ကြေးစည်ထု၍
ဘုရားရှိခိုးသော အဘွားထံတွင် 
ဘုရားရှိခိုး ပါဠိစာသားများ၏ 
အဓိပ္ပာယ်ကို ကျွန်တော်မေးကြည့်၏။ 
အဖွားက ကုသိုလ်ရတယ်လူလေးရဲ့
ဟုသာ ပြောတတ်ရှာလေသည်။

ဘုရားဆွမ်းတော်ကို 
အမက သူ စားချင်သော သစ်သီးများဝယ်၍
တစ်နေ့တစ်မျိုး မရိုးအောင်ကပ်၏။ 
ဘုရားကား သူ့အကြိုက်ကို လိုက်နေရ၏။
ဘုရားပန်းများကိုကား 
ရက်ခြားလွှင့်ပစ်ရသဖြင့် 
အမရယ် နင်ပန်ဖို့ ဝယ်တာဆိုလည်း
တော်သေးတယ်။ 
အခုဟာက ဘုရားက ပန်လို့လားဟ
ဟု မေးခဲ့ရာ နားရွက်လိမ်ဆွဲခံရပြန်သည်။

အဖေသည် တစ်ရက်
ထူးထူးဆန်းဆန်းစကားကို ဆို၏။ 
ပုဂံ ညောင်ဦး ပုပ္ပား ဘုရားဖူးသွားမည်တဲ့။
ရှိစုမဲ့စု စုထားသော ငွေကလေးကို
ကျွန်တော့်အတွက် စက်ဘီးဝယ်ပေးလိမ့်မည် ဟု
ထင်မှတ်မှားနေခဲ့ဖူးသည်။ 
ယခုမူ ဘုရားဖူးစရိတ်တဲ့။

အဖေ့သူငယ်ချင်းသည်
အရက်ဆိုင် ဖွင့်ထားသည်။ 
ချဲဒိုင်လည်း ကိုင်သည်။ 
ဘုရားဖူးလုပ်ငန်းလည်း 
ကားတွေထောင်ထားပြီး လုပ်သည်။ 
ရွာတွင် အလှူအလုပ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ကျွန်တော်အဖေ့ကို မေးမိသည်။ 
အဖေ အိမ်ကဘုရားက 
ဖူးရတာ ရိုးသွားလို့လားဟု။
အဖေက အခုသွားဖူးမယ့် ဘုရားတွေက
တန်ခိုးကြီး ဘုရားတွေ
ဆုတောင်းပြည့်ဘုရားတွေ တဲ့။

ဂေါတမမြတ်စွာဘုရား၏ 
ဆင်းတုတော်တို့သည် 
အိမ်တွင်ထား၍ ကိုးကွယ်လျှင်
တန်ခိုးအာနိသင်လျော့နည်းကြောင်းနှင့်
ကြီးကြီးထုဆစ်ထားသော 
ဆင်းတုတော်တို့သာ တန်ခိုးကြီးကြောင်းကို
ထိုစဉ်ကမှ ကျွန်တော်သိလိုက်ရသည်။

ဟုတ်ပေမည်။ 
အိမ်က ဆင်းတုတော်လေးသည်
ဖုန်တက်သည်ကိုပင် သူ့ဘာသာသူ
မသုတ်သင်နိုင်ရှာတော့ပေ။

အဖေ့ညီမ ကျွန်တော့်ဒေါ်လေးသည်
အတော်လေး ကျန်းမာရေးဖောက်ပြန်နေရှာ၏။
အဖေ့ထံ ဒေါ်လေးသမီး 
ကျွန်တော့်အမဝမ်းကွဲက ငိုယို၍
ငွေကြေးအကူအညီ လာတောင်းသည်။

အ ဖေက 
ဘုရားဖူးရန် စုထားသောပိုက်ဆံများ 
ပဲ့မည်ဆို၍ အထိမခံ။ 
ငါ့မှာ ငွေပိုမရှိတော့ဘူးဟု ပြောလွှတ်သည်။
တန်ခိုးကြီးဘုရားတွေမှာ
ဒေါ်လေးအတွက် အလှူပြုကာ
ဆုတောင်းပေးမည်ဖြစ်ကြောင်း
ဖြောင့်ဖျပြောဆိုသဖြင့် အမဖြစ်သူသည်
ငိုမဲ့မဲ့မျက်နှာနှင့် ပြန်သွားရရှာလေ၏။

သို့နှင့် ကျွန်တော်လည်း 
ဘုရားဖူးလိုကပွါခဲ့ရ၏။ 
မြန်မာပြည်တွင် 
တောင်းစားနေသော သူတောင်းစား 
ပေါများကြောင်းကို
ဘုရားစောင်းတန်းအနီးတွင် တွေ့ရမှ 
ကျွန်တော်သိ၏။ 
ဘုရားတွင် ကပ်လှူထားသော 
ရွှေပြားများသည် 
ထိုသူတောင်းစားလူမွဲ ဖွတ်ဘိုးအေများကို
လှောင်ပြနေသကဲ့သို့ ဖြစ်၏။

ဘုရားသည် ၇ရက်သားသမီးများကို
တပြိုင်နက် ဆုတောင်းပူဇော်ခြင်း မခံလိုပေ။
ကျွန်တော်၏ ကလေးအတွေးလည်း
ဖြစ်ကောင်းဖြစ်မည်။ 
အဖေက သောကြာထောင့်တွင် 
သွားရောက် ပူဇော်ဆုတောင်း၏။ 
အမေက အင်္ဂါထောင့်တွင်
သွားရောက် ပူဇော်ဆုတောင်း၏။ 
ဘုရားသည် အာရုံမများအောင် 
ကိုယ်ခွဲ၍ တာဝန်ခွဲယူထားပုံရသည်။

လူတချို့သည် 
မွေးနေ့ အထူးအစီအစဉ်အဖြစ်
ဘုရား ရေသပ္ပါယ်နေကြ၏။ 
သက်စေ့ပူဇော်၏။ 
မုနိမြတ်စွာသည် ရေမွန်းလျက်နေရှာ၏။
ချမ်းတုန်နေရော့မလား ဟုလည်း
ကျွန်တော်တွေးမိ၏။

ဤအဖြစ်ကို ရိပ်စားမိပုံရသော 
လူတစ်စုသည် ဘုရားအနီးတွင်
ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍
အနွေးဓာတ်ပေး၏။
နောက်တော့ သူတို့သည်လည်း
စေတနာကြောင့်ဟုတ်ဟန်မတူဟု
ကျွန်တော်တွေးမိသည်။ 
ယတြာအရ လာရောက်
ပူဇော်စီရင်နေခြင်း ဖြစ်ဟန်တူ၏
အကြောင်းမှာ ဖယောင်းတိုင်ကို
အရေအတွက် အတိအကျ
ပူဇော်နေသောကြောင့် ဖြစ်သည်။
လောင်ကျွမ်းကုန်ဆုံးစေရုံမျှသာ အာရုံရှိနေ၏။
အမွှေးတိုင်တစ်ထုပ်လည်း ထွန်းသေး၏။
ဘုရားရှင်သည် မီးခိုးမှိုင်းတို့ဖြင့်
ကျပ်တိုက်ခြင်းခံနေရရှာ၏။

ဘုရားစောင်းတန်းများတွင်
ဆင်းတုတော်ထုဆစ်နေသူများကို တွေ့ရသည်။
ပန်းပုဆရာသည် သူ၏ပေါင်တွင်
ဆင်းတုကို ညှပ်၍ထု၏။ 
ငရဲမကြီးဘူးလားဟု အဖေ့ကို
ကျွန်တော်မေးကြည့်မိသောအခါ
အဖေက အနေကဇာမတင်ရသေးသဖြင့်
ငရဲမကြီးကြောင်းဆိုသည်။
ပါဝါမတင်ရသေးသောကြောင့် တန်ခိုးမရှိ။
တန်ခိုးမရှိသောကြောင့် ငရဲမကြီး။ 
ဤသို့သာ ကလေးအတွေးဖြင့်
ကျွန်တော်မှတ်ထားလိုက်သည်။

ကျွန်တော်ဘဝင်မကျသည့်အချက်
တစ်ခုရှိသေး သည်။ 
ဗုဒ္ဓဘုရားရှင်ခြင်း တူပါလျက် 
အဘယ်ကြောင့် အိန္ဒိယမှဆင်းတုများသည်
နှာခေါင်းချွန်၍ 
တရုတ်ပြည်မှဆင်းတုများသည်
နှာခေါင်းပြားကာ 
ကျွန်တော်တို့ဆီတွင် 
ဗမာဆန်နေရတာပါလဲဟု 
အဖေ့ကို ကျွန်တော်မေးခဲ့သည်။

အဖေသည် ပါရမီရင့်သန်နေပုံရ၏။
ထို့ကြောင့်ရှေ့ဖြစ်ကို ဟော၏။ 
မင်း ဘာသာမဲ့ဖြစ်မယ့် အကောင်တဲ့။
အမေကတော့ တစ်မျိုးပြောသည်။
မိုးကြိုးပစ်မယ် သတိထားနေတဲ့။

မိုးကြိုးသည် ကျွန်တော့်အားမပစ်။
ရွာတောင်ပိုင်းက
မိဘကို လုပ်ကျွေးပြုစုနေရှာသော
မောင်ကျော်ဆိုသည့် 
တရားသမားလေးအား ပစ်သွားသည်။
သိကြားမင်းသည် အိုပြီထင်၏။
လက်မတည့်ရှာတော့ပေ။

( Credit - PK Myanmar )
crd: photo