တစ်ချို့က ကားသိပ်မသုံးဖြစ်ဘဲ ဒီအတိုင်းရပ်ထားရတဲ့အချိန်တွေ များလာတာ ရှိပါလိမ့်မယ်။ အချိန်အကြာကြီးရပ်ထားပြီး ကားကို ပြန်လည်အသုံးပြုတဲ့အခါ အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

၁။ ကားအင်ဂျင်ဝိုင်တွေကို လဲထားပါ။ အင်ဂျင်ဝိုင် လဲမထားတာ ကီလို 3,000 – 4,000 ကြာနေပြီဆိုလျှင် အင်ဂျင်ဝိုင် သက်တမ်းမကုန်သေးတာဖြစ်နိုင်ပေမယ့် ကားကိုအကြာကြီး ထိုးမထားခင်လဲထားသင့်ပါတယ်။ ညစ်ပေနေတဲ့အင်ဂျင်ဝိုင်ထဲမှာ အညစ်အကြေးတွေဟာ စက်မနှိုးဘဲအချိန်ကြာလာလျှင် ပျစ်ခဲလာတတ်ပါတယ်။ ဒါ့ကြောင့် ကားကိုအသုံးမပြုဘဲ အချိန်အကြာကြီး ထိုးထားမယ်ဆိုလျှင် အင်ဂျင်ဝိုင်အသစ်လဲပြီးမှ ထိုးထားတာက များစွာပိုကောင်းပါတယ်။
ထို့အတူပဲ ဂီယာဝိုင် နဲ့ ကရောင်းဝိုင်တွေ မလဲတာကြာနေပြီဆိုလျှင်လည်း လဲထားပြီးမှ ထိုးထားသင့်ပါတယ်။

၂။ ကားဆီတိုင်ကီထဲကို ဆီအပြည့် ဖြည့်ထားပါ။ ပြီးလျှင် ဆီကို မပျက်စီးစေတဲ့ Additives တွေ ထည့်ထားပါ။ ဆီတိုင်ကီထဲမှာ ဆီအပြည့်မရှိရင် တိုင်ကီအတွင်းထဲမှာ သံချေးတက် တက်ပါတယ်။ ဒါ့ကြောင့် ဆီအပြည့် ဖြည့်ထားခြင်းဖြင့် ဆီတိုင်ကီအတွင်းသံချေးတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဆီတိုင်ကီထဲမှာ အသုံးမပြုဘဲထားတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဟာ အချိန်ကြာလျှင် အရည်အသွေး ကျဆင်းလာပြီး ဆီလမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။ ဒါ့ကြောင့် ဆီအရည်အသွေး ကျမသွားစေရန် ဓါတ်ဆီကားဆိုလျှင် Hybrid Additive သို့မဟုတ် Injection Cleaner ဒီဇယ်ကားဆိုလျှင် Super Diesel Additives ကို ထည့်ထားပြီးမှသာလျှင် အချိန်အကြာကြီး ထိုးထားသင့်ပါတယ်။

ဥရောပ လို ဆောင်းရာသီလတွေ အကြာကြီး ကားတွေ ဆိုင်ကယ်တွေကို ထိုးထားရမယ်ဆိုရင်တော့ ဆီတိုင်ကီထဲကို ထည့်ရတဲ့ ဓါတ်ဆီအတွက် Benzin Stabilizer တွေ ဒီဇယ်အတွက် Diesel Anti-Bacterial Additives တွေ သီးသန့် ရှိပါသေးတယ်။
Additives တွေ ထည့်ပြီးလျှင် အနည်းဆုံး (၁၅) မိနစ်ခန့် စက်နှိုးထားပြီးမှ ရပ်ထားသင့်ပါတယ်။ ဒါမှသာ Additives တွေအတွက် ဆီလမ်းကြောင်းတစ်​လျှောက် ပြန့်နှံ့ရောက်ရှိပို အချိန်လုံလောက်စွာ ရရှိမှာဖြစ်ပါတယ်။

၃။ တာယာတွေကို လေအပြည့်ထိုးထားပါ။ ဖြစ်နိုင်လျှင် ကားကိုတာယာပေါ် ဝန်မပိစေရန် အသုံးပြုသည့် တာယာဒေါက်များကို အသုံးပြုပါ။ ကားကို တစ်လ နှစ်ကြိမ်ခန့် ထုတ်မောင်းပြီး လေလျော့နေပါက ပြန်ဖြည့်တင်းပါ။ တာယာထုပါးသည့် ပြိုင်ကားများအတွက်တော့ (၂) လခန့် ဒီအတိုင်းရပ်ထားလျှင်လည်း အဆင်ပြေပါတယ်။

၄။ ကားပါကင်ဘရိတ်ကို ဆွဲမထားပါနဲ့။ ကားဘရိတ်တွေဟာ Rotor တွေနဲ့ ထိကပ်တာ ကြာလာလျှင် ကပ်သွားတတ်ပါတယ်။ ကားရပ်ထားရမယ့် မျက်နှာပြင် မညီညာလျှင် ကားဂီယာမနာစေရန် နှင့် ကားမရွေ့စေရန် ဂျမ်းတုံးရှာပြီး ခုထားပါ။

၅။ ကားကို အပြင်ရော အတွင်းပါ သန့်ရှင်းထားပါ။ အပြင်ကို သန့်ရှင်းထားခြင်းသည် ကား၏ ဆေးသားများကို အညစ်အကြေးများမှ စားသွားခြင်း ကွက်သွားခြင်းမှ ကာကွယ်ရန်ဖြစ်ပြီး အတွင်းပိုင်းကို သန့်ရှင်းခြင်းသည် မှိုများ ဘက်တီးရီးယားများ ပေါက်ဖွားလာမည့် အညစ်အကြေးများကို သန့်ရှင်းခြင်းဖြစ်ပါတယ်။
ကားအတွင်း မှိုနံ့များရပါက Klima Fresh ကို အသုံးပြုပြီး လွယ်ကူစွာသန့်ရှင်းနိုင်ပါတယ်။

၆။ ကားအတွင်းခန်းတွင် ကြွက်များ ခိုအောင်းမနေရန်နှင့် ဝါယာကြိုးများကို ကြွက်မကိုက်စေရန် ဖြန်းသည့် ဆေးရည်ကို အသုံးပြု၍ ကြွက်သိုက်များနှင့် ကြွက်ကိုက်ခြင်းကို ကာကွယ်ထားသည့်ပါတယ်။ LIQUI MOLY မှာ ကြွက်များကို မလာစေတဲ့ Martan Spray ထုတ်လုပ်ထားပါတယ်။ ကြွက်ကိုက်ထားသည့် ဝါယာကြိုးများသည် ဝါယာရှော့ဖြစ်ပြီး ကားမီးလောင်ခြင်းအန္တရာယ်ကို ဖြစ်စေနိုင်သဖြင့် ဝါယာများ ကြွက်ကိုက်ထားခြင်းရှိမရှိ ကားပြန်လည်အသုံးပြုမည့်အချိန်တွင် စစ်ဆေးသင့်ပါတယ်။

၇။ ကားရပ်ထားတာ ကြာလျှင် ဘက်ထရီ အားကုန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ကားကို အနည်းဆုံး (၁) ပတ် တစ်ကြိမ် ၁၅ မိနစ်ခန့် စက်နှိုးပေးပါ။ ဒီလိုစက်နှိုးပေးခြင်းဟာ ဒုက္ခများတဲ့ ဘက်ထရီထောက်နှိုးရခြင်းကို ကာကွယ်ပေးပါတယ်။ မိမိကား ဘက်ထရီအားကုန်တာ မြန်တယ်ဆိုရင် (၃) ရက်ခြားတစ်ခါ (၁၅) မိနစ်ခန့် စက်နှိုးပေးသင့်ပါတယ်။ ဖြစ်နိုင်လျှင် နှစ်ပတ်လျှင် တစ်ကြိမ်ခန့် ကားကို (၁၅) မိနစ်ဝန်းကျင် ပတ်မောင်းပေးသင့်ပါတယ်။ ကားရဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို ဆီများနဲ့ ချောမွေ့ကာကွယ်ပေးနေစေဖို့ ဖြစ်ပါတယ်။

၈။ ကားဟာ အိမ်အတွင်းခြံဝင်းအတွင်းမှာရပ်ထားတယ်ဆိုလျှင် မှန်ကို အနည်းငယ် (၁) လက္မ၏ (၄) ပုံ (၁) ပုံခန့် ဖွင့်ထားနိုင်ပါတယ်။ ကားအတွင်း လေတွေနဲ့ စိုထိုင်းဆတွေ ပူပြီး ပိတ်လှောင်မနေဖို့ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ နေရာကနေ ဖုန်တွေများစွာ ဝင်မလာစေရန် မိုးကာနဲ့ လုံခြုံစွာ အုပ်ထားသင့်ပါတယ်။ ခြံပြင်မှာရပ်ထားတယ်ဆိုလျှင်တော့ မှန်ကိုအပေါ်ထိလုံခြုံစွာ ပိတ်ထားသင့်ပါတယ်။

၉။ ကားဝိုက်ပါ များကို ပလပ်စတစ် အကြည်သားတစ်ခုနဲ့ အုပ်ထားပါ။ ကားဝိုက်ပါ ရာဘာသားတွေဟာ အချိန်ကြာမြင့်စွာ ပစ်ထားလျှင် မှန်နဲ့ ကပ်သွားပြီး ပျက်စီးတတ်ပါတယ်။ ဒါ့ကြောင့် ပလပ်စတစ် အကြည်အလွှာပါးနဲ့ အုပ်ထားသင့်ပါတယ်။

အမျိုးတွေကားလေး ပြန်လည်အသုံးပြုမယ့်အချိန်မှာ သွက်လက်ကျန်းမာနိုင်ကြပါစေခင်ဗျာ။

credit to original uploader