ဗညားဟန် သီချင်းထဲကလို
ကျိုက်ထီးရိုးဘုရား
ဆံတော်ရှင်ကြီးကို အတူတူဖူး
ရမှ ကုသိုလ်ရတာ မဟုတ်ပါဘူး။

လုံးမှန် သီချင်းထဲကလို
ဇွဲကပင်တောင်ထိပ်က
ဘုရားကို အတူတူ တက်ဖူးနိုင်မှလဲ
ကုသိုလ်ရတာ မဟုတ်ပါဘူး။

အောင်သူ သီချင်းထဲကလို
မကွေးမြို့စွန်မှာ
စံမြန်းနေတဲ့ မြသလွန်စေတီတော်
ကြီးကို အတူတူဖူးရမှ ကုသိုလ်ရတာ
မဟုတ်ပါဘူး။

ပုန်းညက်ဖြူ သီချင်းထဲကလို
မဟာမြတ်မုနိ ရုပ်ရှင်တော်။
မန္တလေးတော်ပေါ်ဘုရားတို့ကို
အတူတူ ဖူးရမှ ကုသိုလ်ရတာ
မဟုတ်ပါဘူး။

စုလတ်နိုင် သီချင်းထဲကလို
မုန်းညှင်း သမ္ဗုဒ္ဓေစေတီဘုရား
ကို သူလိုက်ပို့မှ ကုသိုလ်ရတာ
မဟုတ်ပါဘူး။

ပန်းအိဖြူ သီချင်းထဲကလို
မုံရွာမြို့ အလှကျက်သရေဆောင်
တန်ခိုးကြီး ဘုရားတွေကို သူလိုက်
ပို့မှ ကုသိုလ်ရတာ မဟုတ်ပါဘူး။

ကျော်တွယ်တာဟိန်းသီချင်းထဲကလို
အလှမ်းမဝေးတဲ့ ကပ်ကျော်ဘုရားကို
သူလိုက်ပြီး ဖူးရမှ ကုသိုလ်ရတာ
မဟုတ်ပါဘူး။

အမှန်တော့
တို့ရွာက ဘုရားလဲ တန်ခိုးကြီးတဲ့
ဘုရားပါပဲ။ဘုရားတို့မည်သည်မှာ
တန်ခိုးကြီးတယ် တန်ခိုးသေးတယ်
ဆိုတာ မရှိပါဘူး။အတူတူပါပဲ။
အတူတူဖြစ်တဲ့ ဘုရားကို အတူ
တူ စိတ်ထားပြီး ပူဇော်မယ်ဆိုရင်
ကုသိုလ်တူတူ ရတာပါပဲ။
ဒါကြောင့်လဲ...
သီတင်းကျွတ်လပြည်နေ့မှာ
တို့ကျောင်းဝင်းမှာရှိတဲ့ ဘုရားကိုပဲ
ဘော်ဒါတွေနဲ့ မီးအတူတူ ပူဇော်ရ
လို့ အလွန်ပျော်စရားကောင်းတယ်။
ကြည်နူးရာလဲ ကောင်းတယ်။

တစ်ခုတော့ ရှိတာပေါ့။
တစ်ယောက်ယောက်က မပါလို့လား
မသိဘူး ရင်ထဲမှာတော့ ဟာတာတာ။ ။