(သန်းဝင်းလှိုင်)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့သည် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်ဂ်ျ်၏ (၈၅)နှစ်မြောက် မွေးနေ့ဖြစ်သည်။ ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့အကြို ဒီဇင်ဘာလ ၄ ရက်နေ့တွင် နှစ်ပတ်လည်တော်၀င်လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်၍ အကျဉ်းသား (၂၀၀၀၀)ကျော်ခန့်ကို လွှတ်ပေးရန်လည်း အစီအစဉ်ရှိသည်ဟုသိရှိရသည်။
လက်ရှိထိုင်းဘုရင်မင်းမြတ်သည် ၁၇၈၂ ခုနှစ်မှစတင်၍် ထိုင်းနိုင်ငံကိုစိုးစံခဲ့သော ချက်ကရီ မင်းဆက် ( Chakri Dynasty ) မင်းဆက်၏ နဝမမြောက်ဘုရင်မင်းမြတ် ဖြစ်သည်။သို့သော် ၁၉၃၂ ဇွန် ၂၄ တွင် သွေးမြေမကျတော်လှန်ရေးဖြစ်ပွားပြီးနောက် သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျဉ်းခံ ဘုရင်စနစ်သို့ ပြောင်းလဲပေးခဲ့ရသည်။
ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျသည် ဆောင်းကုလားမင်းသား မဟီဒိုး( Prince Mahidol of Songkla )နှင့် မင်းသမီး ဆိုင်ဝန် ( The Princess Sangwan Songkla )တို့၏ သားတော်ဖြစ်သည်။ ခမည်းတော် မဟီဒိုးသည် မဟာချူလာလောင်ကွန်မင်း၏ သားတော်တစ်ပါးဖြစ်ပြီး ထိုင်းနိုင်ငံ၏ ခေတ်သစ် ဆေးသိပ္မံဖခင်ကြီး ဟူ၍ ခေါ်တွင်ခဲ့သည်။ ဘူမိဘောအဒူယာဒက်ဂ်ျကို ၁၉၂၇ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင်အမေရိကန်ပြည်ထောင်စုရှိ မတ်ဆာချူးဆက်ပြည်နယ်ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။ ထိုစဉ်က ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျ၏ ခမည်းတော်သည် အမေရိကန် ပြည်ထောင်စု ဟားဗက်တက္ကသိုလ်၌ ပြည်သူ့ကျန်းမာရေးနှင့် ဆေးသိပ္မံကို သင်ကြားလျက်ရှိနေ ချိန်ဖြစ်သည်။
ထို့နောက် ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျသည် ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့်ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင်ဥပဒေ၊နိုင်ငံရေးနှင့်လူမှုသိပံ္ပဘာသာရပ်များကို ပညာသင်ကြားခဲ့သည်။
နောင်တော်ဘုရင် အာနန္နာမဟီဒိုး နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျသည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံကို စိုးစံတော်မူလျက်ရှိသည်။ ● တော်ဝင်လက်ထပ်သဘင်
ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျသည်၁၉၅၀ပြည့်နှစ်၊ဧပြီလ(၂၈)ရက်နေ့တွင်ထိုင်းသံအမတ်ကြီး ချန်ဒရာပူရိဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ်( Sirikit Kitiyakara ) မင်းသမီးနှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြှားခဲ့၍ ကြင်ယာတော်အား (Queen Somdej Pranang Chao )မိဖုရားဘွဲ့ ပေးသနား တော်မူခဲ့သည်။သီရိခေတ်ကို ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားစဉ် တွေ့မြင်မေတ္တာမျှခဲ့ ခြင်းဖြစ်သည်။သီရိခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင် အချောအလှဆုံးအမျိုးသမီးများတွင် တစ် ယောက်အပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ လက်ထပ်ပြီး ၁၉၅၀ ပြည့်နှစ်တွင်မှာပင် ရာဇဘိ သေက အခမ်းအနားကို ကြီးကျယ်စွာ ဆင်ယင်ကျင်းပပြီး ဘိသိက်ခံခဲ့သည်။
● ပြည်သူကြားမှာ အမှန်ရှာခဲ့သောမင်း
ထိုင်းဘုရင် ဘူမိဘောသည် ရွှေနန်းပြဿဒ်များပေါ်တွင် အငြိမ့်စားဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြဿဒ်များကို သူပိုင် ဆိုင်
သည်။ ထီးတရာပဏ္ဏာခရပါသော စာဆိုနှင့်ညီအောင် လည်း ကြွယ်ဝချမ်းသာသည်။ သို့သော် ထိုင်းဘုရင် ဘူမိဘောသည် ထိုင်းနိုင်ငံ၏ ဥသျှောင်အခေါင် အထွတ်အဖျား ဘုရင်တစ်ပါးပင်ဖြစ်သော်ငြားလည်း ပြည်သူအကြားသို့ဝင်၍ အမှန်တရားကို ရှာဖွေသူ ဖြစ်သည်။
သို့သော် ဘူမိဘောသည်ကား သက်ဦးဆံပိုင်ဘုရင်မဟုတ်။“အင်နာခင်နှင့် ယိုးဒယားဘုရင်” ဝတ္ထုထဲကလို ဒေါသမာန်မာနကြီးမား၍ အာဏာစက်ပြင်းပြလှသောသူ၏ ဘိုးတော်ဘုရင်ကြီးလို မဟုတ်ချေ။
ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသူဖြစ်သည်။ စိတ်ကောင်း နှလုံး ကောင်းရှိသည်။ အမူအရာခက်ထန် မောက်ကြွားမှု ကင်းသည်။ ယဉ်ကျေးသိမ်မွေ့သည်။ မည်သူ့ကို မဆို ကူညီရိုင်းပင်းလိုသော လူမှုဝန်ထမ်းစိတ်အပြည့်ရှိသည်။
သည်စိတ်များကြောင့်ပင် ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံသော ဘဝမှနေ၍ မြေကြီးပေါ်သို့ ဆင်းကာ ဗျိုင်းတောနှင့်ရွှံ့နွံ ခြေအစုံပင်ကျွံစေ ဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့်အလုပ်မှန်လျှင် အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ်သယ်ပိုးခဲ့သည်။
ဆည်မြောင်းနှင့် တာတမံတည်ဆောက်နိုင်ဖို့အတွက် ခြင်ပေါ၍ဗွက်ထူသော ဗျိုက်တောသို့ပင် ကိုယ်တိုင်၀င်၍ တိုင်းတာသူ၊ ကိုယ်လက်မကောင်းသူများကိုပင်လျှင် အကြင်နာတရားနှင့် အားပေး နှစ်သိမ့်စကားပြောကြားသူ၊ တောင်ပေါ်နေဆင်းရဲသားများအား ဘိန်းအစား အခြားငွေရသီးနှံများဖြင့် အစားထိုးစိုက်ပျိုးရန် ကိုယ်တိုင်လိုက်လံစည်းရုံးသူ၊ မျိုးကောင်းမျိုးသန့် စပါးအထွက်များစေဖို့အတွက် လယ်ကွင်းများအတွင်း တကယ်ဆင်း၍ ပညာပေးရင်း စည်းရုံးသူ၊ လယ်သမားများနှင့် အသိချင်း ဖလှယ်သူဖြစ်သည်။
ဘူမိဘော တိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ် ရေးအင်ဂျင်နီယာများလည်း ပါသည်။ အထူးကုဆရာဝန်များနှင့် သွားဆရာဝန်တွေလည်းပါသည်။ ဆရာဝန်များက ဒေသခံဆေးရုံများနှင့် ပူးပေါင်းပြီး ပြည်သူတို့အား အခမဲ့ဆေးဝါးကုသပေးကြသည်။ မိဖုရားသီရိခေတ် ကလည်း သျှောင်နောက်ဆံထုံးပါဆိုသလို ဘူမိဘောအဒူယာဒက်ဂ်ျ နှင့်အတူ လိုက် ပါ၍ နယ်စွန်နယ်ဖျားနေ ဆင်းရဲသားပြည်သူများအား အနွေးထည်များနှင့်ခြုံစောင်များကို လက်ဆောင် ပေးသည်။
“ကျမတို့ ထိုင်းနိုင်ငံဟာ ဥရောပမှာရှိတဲ့ဘုရင်စနစ်နဲ့ အုပ်ချုပ်နေကြတဲ့ နိုင်ငံတွေလို မချမ်းသာ ပါဘူး။ဘုရင်စနစ် အရှည်တည်တံ့ဖို့ဆိုတာ တိုင်းပြည်ရဲ့အခွန်ကောက်တွေနဲ့ အထောက်အကူပြုရပါ တယ်။ ကျမတို့အတွက်ကြောင့်တော့ တိုင်းပြည်နဲ့အစိုးရအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ် စေဖို့ ကျမတို့ ဆုံးဖြတ်ခဲ့တယ်။. ပြည်သူအကျိုးသယ်ပိုးတဲ့နေရာမှာ တစ်တပ်တစ်အားပါ၀င်ကူညီသင့်တယ်လို့ ဘုရင် မင်းမြတ်က မိန့်တော် မူခဲ့တယ်”ဟု မိဖုရားသီရိခေတ် ကဆိုသည်။
ယနေ့ထိုင်းနိုင်ငံသည် အာရှတွင် ထွန်းသစ်စ စက်မှုနိုင်ငံဘဝသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်း သည်သာ ထိုင်းနိုင်ငံ၏ကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံထားသည်။
ကျေးလက်တောရွာများနှင့်တောင်ပေါ်ဒေသများ ၊နယ်စပ်ဒေသများတွင် ဆင်းရဲမွဲတေမှုနှင့် လူမှုပြဿနာများ ရှိနေသမျှ တိုင်းပြည်မ တည်ငြိမ်နိုင်ကြောင်း ဘုရင်က ကောင်းကောင်းသိသည်။
ထို့ကြောင့်ပင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က “ကြိုတင်ကာကွယ်ဆေးဝါး”ဟု တင်စားခဲ့သည်။ “ပြည်သူတို့အတွက် ချက်ချင်းဆောင်ရွက်”ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့ကျင့်သုံးလျက်ရှိသည့် ဆောင်ပုဒ်တစ်ခုပင်ဖြစ်သည်။ ဘူမိဘော၏ဆေးဝါး အညွှန်းက ရိုးစင်း လွန်းသော်လည်း အလုပ်ဖြစ်သည်။ ထိရောက်သည်။ သို့ကလို ပြည်သူအကျိုးကို နေ့မအားညမအား ဆောင်ရွက်ပေး လျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံတိုင်းသူပြည်သားများ၏ စည်းလုံးညီညွှတ်ရေးအထိမ်းအမှတ်ဖြင့် ရပ်တည်နိုင် ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ (၆၆)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ဘူမိဘော၏ နန်းသက် တလျှောက် နိုင်ငံရေးကမောက်ကမ ဖြစ်မှုများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။
စစ်တပ်မှ အာဏာသိမ်းပိုက်ယူမှု (၂၂)ကြိမ်၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ရေးဆွဲမှု (၁၁) ကြိမ်နှင့် ကက်ဘိနက်ဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှုများ(၃၆)ကြိမ်တို့ကို ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်။
ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးသာ ဖြစ် သည်။ သူက ၁၉၈၂ ခု၊ ဧပြီလထုတ် လီဒါးစ်(Leaders)မဂ္ဂဇင်းနှင့်တွေ့ဆုံစဉ် “စည်းမျဉ်းခံဘုရင်တစ်ပါး အနေဖြင့် ခေတ်သစ်စနစ်သစ်နှင့်အညီ အောင်မြင်စွာစွမ်းဆောင်နိုင်လျှင် နိုင်ငံ၏သင်္ကေတဖြစ်လာပြီး ၊ နိုင်ငံ၏စိတ်ထားလည်း ပေါ်လွင်လာမည်။ သို့ဖြင့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာကာ ပြည်သူတို့နှင့် တစ်သားတည်းရှိနေပြီး နိုင်ငံ၏ဝိညာဉ်လည်း ဖြစ်လာလိမ့်မည်” ဟုဆိုသည်။
ထို့ကြောင့် သူကား ပြည်သူချစ်သော ဘုရင်ဖြစ်သည်။
သူ၏ ကိုယ်ရည်ကိုယ်သွေးစွမ်းပကားက ကြီးမားလှသည်။
သူ၏ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများသည် ထင်ပေါ်ကျော်ကြားဖြစ်စေမှုကို အများဆုံး ရှောင်သော်လည်း ထိရောက်အောင်မြင်သော လုပ်ဆောင်မှုများဖြစ်ခဲ့သည်။သူ၏ အရှိန်အဝါက ပြည်သူများကို ကောင်းကောင်းထိန်းထားနိုင်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီးတစ် ဖွဲ့သာ ဖြုတ်ချခဲ့သည်။ ဘုရင်ဘူမိဘောကိုတော့ သစ္စာရှိကြသည်။လေးစားကြသည်။မြတ်နိုးကြသည်။ ပြည်သူအများက ရိုသေလေးစားသော်လည်း ထိုင်းဘုရင်သည် အနေမှန်သည်။ အာဏာရယူရေး ကိစ္စ များတွင် မည်သည့်ဘက်မှ မပါဝင်ဘဲ သိက္ခာသမာဓိ နှင့်သာနေသည်။ ကျောသားရင်သား မခွဲခြားဘဲ တရားနည်းလမ်းကျစွာ ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် သူ၏အပြောအဆို အဆုံးအမ နှင့်အဆုံးအဖြတ် ကို တစ်ပြည်လုံးက နာခံကြသည်။
မည်သူတွေ ပြုတ်ကျ၍ မည်သူတွေဘဲအာဏာရရ အားလုံးကတော့ သူ့အပေါ်သစ္စာရှိ၍ ရိုသေ လေးစားကြသည်။ ၁၉၄၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ပေါင်း (၃၆)ဦး၊၊နိုင်ငံရေး အာဏာ ပြောင်းလဲဆက်ခံခဲ့သော်လည်း ထိုင်းဘုရင်သည် ပြည်သူချစ်သော မင်းတစ်ပါးအဖြစ် ယနေ့ တိုင်စိုးစံနေသည်။ သူသည် နန်းသက်အရှည်ဆုံးမင်းတစ်ပါး ဖြစ်နေသော်လည်း ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ အပြည့်အဝပေါ်ထွန်းရေးသို့ဦးတည်သော လုပ်ဆောင်ချက်များကိုမူ လိုလားနှစ်သက်သူ အဖြစ် ထင်ရှားပေသည်။
သို့သော် ၂၀၁၁ ခုနှစ်တွင် လက်ရှိအာဏာရပါတီဖြစ်သည့် ဖေ့အ်ထိုင်းပါတီသည် အခြေခံ ဥပဒေနှင့်ညီညွှတ်ခြင်းမရှိသော ဘုရင်စနစ်ဖျက် သိမ်းရေး လုပ်ဆောင်နေမှုများကြောင့် အတိုက်အခံ ပါတီများနှင့် ပြဿနာများ ဖြစ်ပွားလာခဲ့ရပေသည်။ အတိုက်အခံပါ တီများက အခြေခံ ဥပဒေ အပိုဒ်(၆၈) အရ ထိုင်းဘုရင်မင်းမြတ်ကို နိုင်ငံဥသျှောင်အဖြစ်မှ ဖယ်ရှားရေး လုပ်ဆောင်ချက်များကို ကာကွယ် သွားမည်ဟု ကြေငြာခဲ့ကြသည်။မည်သည့်ပါတီမှ ထိုင်းအခြေခံဥပဒေကို အလုံးစုံပြင်ဆင်နိုင်ခွင့်မရှိ သော်လည်း လက်ရှိထိုင်းအစိုးရဆောင်ရွက်နေသော အခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေး လုပ်ဆောင် ချက်များကိုမူ ဥပဒေနှင့်ညီညွှတ်မှုရှိသည်ဟု အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကြားနာဆုံးဖြတ်ခဲ့သည်။
မည်သို့ဆိုစေ အနာဂါတ် ထိုင်းနိုင်ငံရေးသည် တော်ဝင်မိသားစု၊တပ်မတော်အဓိကကြီးစိုးနေ သော ထိုင်းနိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးကို လက်ရှိအစိုးရသည် အခြေခံဥပဒေပြင်ဆင်ခြင်းကို မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သည့်အပေါ် မူတည်နေပေသည်။ ထို့ပြင် ယင်လက်ခ်ရှင်နာဝထရာသာ ခေါင်းဆောင်သော လက်ရှိအစိုးရကိုလည်းကောင်း၊တရားဥပဒေစိုးမိုးမှု အပေါ် ပြည်သူ့ထောက်ခံမှုကျ ဆင်းနေသဖြင့် ထိုင်းဘုရင်မင်းမြတ်အား နိုင်ငံအကြီးအကဲမှ ဖယ်ရှား ရေး လုပ်ဆောင်မှုများအားလုံးသည် အောင်မြင်မှုမရနိုင်ဟု နိုင်ငံရေး ဝေဖန်သုံးသပ်သူများက ယူဆခဲ့ ကြသည်။
ထိုင်းဘုရင်မင်းမြတ်ကမူ “ထိုင်းနိုင်ငံမှာ စည်းလုံးညီညွှတ်မှု ထာဝစဉ်ရှိနေစေဖို့အတွက် ကျုပ် ဆောင်ရွက်ပေးရမယ့် ကဏ္ဍတွေရှိနေတယ်လို့ပဲ ယုံကြည်ပါတယ်။ ထိုင်းနိုင်ငံမှာ အင်အားစုချိန်ခွင်လျှာ ညီမျှနေစေဖို့ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာပြည်သူအားလုံး အခက်အခဲတွေ ၊စိန်ခေါ်မှုတွေ ကြုံတွေ့ နေရသော်လည်း ညီညွှတ်မှုရှိရင် ဘာမှဆိုးဆိုးရွားရွားဖြစ်လာမှာမဟုတ်ဘူး”ဟူ၍ ထိုင်းဘုရင်မင်းမြတ် က ဆိုသည်။
ဘုရင်ဘူမိဘော၏ ပုဂ္ဂိုရေးအာဏာသည် သူ၏နန်းသက်တလျှောက်လုံးတွင် ကြာလေခိုင်မြဲ လေဖြစ်သည်။ ထိုင်းနိုင်ငံသမိုင်းတလျှောက်တွင် နန်းသက်အရှည်ဆုံးမင်းတစ်ပါးအဖြစ် မှတ်တမ်းဝင် ခဲ့ပြီးဖြစ်သည်။သူသည် နဝမမြောက် ရာမဘုရင်ဘွဲ့ကိုပါ ပြည်သူတို့၏ဆန္ဒနှင့်အညီ ခံယူခဲ့သည်။ သူသည် မိမိတိုင်းပြည်နှင့်လူမျိုးအကျိုးကို အလုပ်နှင့်လက်အဆက်မပြတ် တရစပ်သယ်ပိုးနေသော် လည်း တစ်ဖက်ကလည်း မိမိဝါသနာပါရာကို အားလပ်ချိန်တိုင်း၌ဆောင်ရွက်ခဲ့သည်။ သူသည် ထိုင်း၊အင်္ဂလိပ်၊ပြင်သစ် ၊ဂျာမန် အပါအဝင် ဘာသာစကား (၅)ခုကို သွက်လက်စွာ ပြောဆိုနိုင်သူဖြစ် သည်။ ပန်းချီနှင့်ဓါတ်ပုံရိုက်ခြင်းကို ဝါသနာထုံပြီး ဂျာဇ် တေးဂီတကို ငယ်စဉ်ကတည်းက ဝါသနာထုံခဲ့ သည်။သီချင်းပုဒ်ရေပေါင်း (၅၀)ခန့် ရေးသားခဲ့သည်။သူသည် ပထမတန်းစား၀င် ဓါတ်ပုံဆရာလည်း ဖြစ်သည်။ ခရီးထွက်တိုင်း သူ့လည်ပင်းတွင် (Nikon) ကင်မရာတစ်လုံးကို အမြဲတမ်းလွယ်လျက်တွေ့ ကြရသည်။
သူသည် လှေလှော်ရွက်တိုက် အားကစားဘက်၌လည်း ချန်ပီယံတစ်ဦးဖြစ်သည်။ ၁၉၆၇ ခုနှစ် က ကျင်းပခဲ့သည့် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် ရွက်လွင့်ပြိုင်ပွဲ၌ ရွှေတံဆိပ် ဆွတ်ခူးရရှိကာ နိုင်ငံဂုဏ်ကို ဂုဏ်ဆောင်ခဲ့သည်။သူသည် အချိန်ကို အလဟ သမထား၊ ရသမျှအချိန်အတွင်း စာရေးစာဖတ်သည်။ သူနှစ်သက်သည့် စာအုပ်အချို့ကိုလည်း ထိုင်းဘာသာသို့ ပြန်ဆို၍ ထုတ်ဝေ ခဲ့သည်။
ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျ နှင့် မိဖုရား သီရိခေတ်တို့တွင် သမီးတော်(၃)ပါးနှင့် သားတော် တစ်ပါးထွန်းကားခဲ့သည်။သားတော်မှာ လက်ရှိထိုင်းနိုင်ငံ၏အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန် ဖြစ်ပြီး သြစတြေးလျနိုင်ငံ ဒန်ထရွန်း ဘုရင့်စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဂျက်တိုက် လေယာဉ်များကို ကျွမ်းကျင်စွာမောင်းနိုင်သူတစ်ဦးဖြစ်သည်။. ယခုအခါတွင် ထိုင်းဘုရင့်လေတပ်တွင် ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီးအဖြစ် ထမ်းရွက်လျက်ရှိသည်။ သမီးတော် မဟာချက်ကရီ သီရိဒုံသည် လူချစ်လူခင်အများဆုံးသော သမီးတော်တစ်ပါးဖြစ်သည်။ ထိုင်းတက္ကသိုလ်အပါအ၀င် နိုင်ငံတကာ တက္ကသိုလ်အသီးသီးမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့(၁၁)ဘွဲ့ကို ရရှိထားသူဖြစ်သည်။ သီရိဒုံမင်းသမီး သည် သိပ္ပံ၊ရာဇဝင်သမိုင်း၊ ပန်းချီအနုပညာတို့ကို စိတ်ပါ၀င်စားသည်။ ထိုင်းမဟာဂီတကိုလည်း ကျွမ်းကျင်စွာသီဆိုတီးမှုတ်နိုင် သူလည်း ဖြစ် သည်။
မည်သို့ပင်ဖြစ်စေ ထိုင်းဘုရင်မင်းမြတ်နှင့် ပြည်သူတို့သည် ရေကိုခြား၍ကြားမထင်သကဲ့သို့ ခွဲခြားမရအောင်ပင် သဘောကြည်ဖြူချစ်ခင်လေး စားသော နှောင်ကြိုးများကို မည်သူကမှဖြတ် တောက်၍ မရနိုင်အောင် ခိုင်မြဲတည်တံ့လျက်ရှိပေသည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးက ထိုင်းဘုရင်အား “ဆွမ်ဒက်ဖျာ ပတ္တရာမဟာရာဇာ” ဟူသော ဘွဲ့ထူးကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းဘွဲ့၏အဓိပ္ပာယ်မှာ ပြည်သူအားလုံးက မြတ်နိုးလေးစားရပါသောဘုရင်ကြီး (The Great Beloved King) ဟူ၍ အနက်ရပေသည်။ တစ်နည်းဆိုရသော် ထိုင်းပြည်သူတစ်ရပ်လုံး မြတ်နိုးချစ်ခင် အစဉ်လေးစားကြည်ညိုသောဘုရင်တစ်ပါးအဖြစ် ကမ္ဗည်းတင်နေမည်မှာ အမှန်ပင်ဖြစ်ပါလေတော့ သည်။
#Credit _ Tin Maung Hlaing✍👸
#Online_Library 📖
#Pink🌸
23-10-2021
#ပြန်လည်မျှဝေပါသည်။
