Born ၁၈၈၉ ဧပြီ ၂၀
ဩစႀတီးယား
Died ၁၉၄၅ ဧပြီ ၃၀
ဘာလင်၊ ဂျာမနီ
ကြင်ဖော် = Eva Braun
နာမည်အပြည့်အစုံမှာ"အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။ သူ့ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင် ယနေ့ သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။ သူ၏မွေးရပ်မြေမှ ဂျာမဏီနိုင်ငံသို့ကူးပြောင်းနေထိုင်ခဲ့ပြီး ဂျာမဏီနိုင်ငံရေးလှုပ်ရှားမှုမျာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသား ဆိုရှယ်လစ် အလုပ်သမားများ ပါတီ (NSDAP) ၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။
၁၉၃၃ ခုနှစ်မှစ၍ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည် ၁၉၄၅ ခုနှစ်အထိ သူ့ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့ ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်းသိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့တွင် သူနေထိုင်ရာ ဘာလင်မြို့နန်းတော်တွင်း၌ သူ့ကိုယ်သူပင်အဆုံးစီရင်ခဲ့သည်။
ဟစ်တလာနှင့် နာဇီဝါဒ
ဟစ်တလာ၏ ဦးဆောင်မှု အောက်တွင် နာဇီဟုခေါ်သော လူတစ်စုသည် ဂျာမဏီနိုင်ငံတွင် အာဏာရှင်စနစ်ကို ကျင့်သုံးကာ "တတိယ ဂျာမဏီ နိုင်ငံတော်" ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်မှစ၍ အခြားသော နိုင်ငံရေးပါတီများကို အဓမ္မဖျက်သိမ်းခဲ့ပြီး၊ အချို့သော ပါတီများကို ရပ်တည်၍ မရအောင် နည်းအမျိုးမျိုးနှင့် နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ နာဇီအစိုးရကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ အားလုံးကို ရှာဖွေဖမ်းဆီး စေပြီး နာဇီ အကျဉ်း စခန်းများသို့ပို့ဆောင် ချုပ်နှောင်၍ အဆုံး၌ ကွပ်မျက် သတ်ဖြတ်လိုက်ကြသည်။
ဟစ်တလာနှင့်သူ၏ အပေါင်းအပါများသည် ဥရောပတစ်ခွင်တွင် မှီတင်းနေထိုင်ကြသော "ဂျူး" လူမျိုးများ၊ အခြားသော ဘာသာဝင်များ၊ လူမျိုးခြားတိုင်းရင်းသားများ အပါအဝင် အခြားသော လူ့အဖွဲ့အစည်းဝင်များကို လိုက်လံရှာဖွေပြီး ရက်စက်သောနည်းမျိုးစုံဖြင့် စနစ်တကျ သတ်ဖြတ်လိုက်ကြသည်။
နာဇီတို့၏ ထိုလုပ်ရပ်များကြောင့်ပင် ဒုတိယကမ္ဘာစစ်မီး စတင်တောက်လောင်ခဲ့ပြီး ကလေးသူငယ်များ မိခင်များ အမျိုးသမီးများအပါအဝင် ၃၉ သန်းသော လူများ အသက်ဆုံးရှုံခဲ့ရသည်။ ထိုအထဲတွင် ဂျူးလူမျိုးခြောက်သန်းသည်လည်း နာဇီတို့၏ လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြရသည်။ ဥရောပတိုက်ကြီး၏ ဒေသအတော်များများသည်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပြီး အဆုံးအရှုံးများစွာကို ရင်ဆိုင်ခဲ့ရတော့သည်။
အတ်ထုပ်ပတ်တိ
ဟစ်တလာ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကြည့်လျှင် အလွန်အမင်း ခြားနားကွာဟနေသော ဘဝအစိတ်အပိုင်းနှစ်ခုကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနေပေသည်။ သူ၏ အသက် ၃၀ အရွယ်ရောက်သည့်တိုင်အောင် ဟစ်တလာသည် အများနည်းတူ ဘဝအောင်မြင်မှုကို မရရှိနိုင်ခဲ့။ မည်သည့်အလုပ်ကိုမှ မယ်မယ်ရရ တတ်ကျွမ်းထားခြင်းလည်းမရှိ၊ မည်သည့် လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းများကိုမှလည်း ထိထိရောက်ရောက် မရှိခဲ့သူ ဖြစ်ရာ သူ၏ဘဝတိုးတက်ကြီးပွားရေးသည်လည်း နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ဟစ်တလာ ငယ်စဉ်က
ထို့နောက်တွင်တော့ ဟစ်တလာသည် နှစ်အနည်းငယ်အတွင်းတွင်ပင် ဂျာမဏီနိုင်ငံတော်ကြီးကိုပင် ဝန်ကြီးချုပ်လုပ် သိမ်းပိုက်နိုင်ရုံမက ဥရောပနိုင်ငံအတော်များများကိုလည်း သူ၏လက်အောက်သို့ ပြားပြားမှောက် ရောက်ရှိစေခဲ့သည်။ ပြောရလျှင် သူလိုလူသည် ဤကမ္ဘာလောကတွင် မရှိသလောက်ပင် ရှားသည် ဟုဆိုရမည်။
နိုင်ငံရေးလောကထဲမဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် "ပဟေဠိ" တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။ Krockow ၏စာအုပ်ထဲတွင် "ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး" လို့ဟစ်တလာက သူ့ ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားပါသည်။
အားဒေါ့လ်ဖ်ဟစ်တလာ့ကို အကောက်ခွန်အရာရှိ အားလွိုက်စ် ဟစ်တလာ နှင့် ဇနီးဖြစ်သူ ကလာရာ တို့မှ သြစတြီးယားပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ် အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နှုတ်ထွက်ခဲ့သည်။ ဗင်းန် မြို့တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှုမရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့ မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP)ဟူသည့် ပါတီအသစ်အတွင်းသို့အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် အမျိုးသာ ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ (NSDAP) အဖြစ် အမည်ပြောင်းလဲခေါ်တွင်ခဲ့သည်။
ပထမ ကမ္ဘာစစ်အတွင်းက ဟစ်တလာ
သူ၏စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့က သူ့ကို စင်ပေါ်သို့လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။
ဟစ်တလာ၏ လက်ရေးမူ
၁၉၂၃ ခုနှစ်တွင် ဟစ်တလာနှင့် လူဒန်ဒေါ့ဖ် တို့သည် မြူနစ်မြို့တွင် နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်ခဲ့ပေ။ သူ၏လုပ်ရပ်သည် ပစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။ သို့သော် သူသည် ၁၉၂၄ ခုနှစ်တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုနှစ်များတွင် သူသည် သူ၏ နောင်အချိန်တွင် နာမည်ကျော်ကြားလာသော "ကျွန်ုပ်၏စွန့်စားခန်းများ" (Mein Kampf) စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်အတွင်းတွင် သူ၏ နိုင်ငံရေး ရည်မှန်းချက်များ ဖြစ်သည့် ဂျူးလူမျိုးသုတ်သင်ရေး နှင့် အရှေ့ပိုင်းနိုင်ငံများသို့ နယ်မြေများ တိုးချဲ့ရေးစသည်တို့ပါဝင်သည်။
အကြမ်းဖက် အာဏာသိမ်းမှုသည် အောင်မြင်မှုလမ်းစ မရှိနိုင်ကြောင်း ခံစားမိသွားသည့် ဟစ်တလာသည် နိုင်ငံတော် အာဏာကို တရားဝင်နည်းလမ်းများသုံး၍ အရယူရန် ကြံစည်လေတော့သည်။ ၁၉၃၂ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် သူ၏ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ အကျိုးဆက်အနေနှင့့် သူသည် ၁၉၃၃ ခု ဇန္နဝါရီလ ၃၀ ရက်နေ့တွင် သူသည် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာခဲ့တော့သည်။
ဟစ်တလာ အာဏာရလာပုံ
အာဒေါ့လ်ဖ် ဟစ်တလာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ဝင်ရောက်လာချိန် ကတည်းကပင် ဂျာမဏီနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စိုးစင်းမျှ စိတ်ကူးခဲ့ခြင်းမရှိပေ။ သို့သော် နိုင်ငံတော်အာဏာကို သူ့၏လက်ဝယ်သို့ လျှင်မြန်စွာ ရောက်ရှိရေးနှင့် ရရှိပြီးသော အာဏာကို အဓွန့်ရှည်ကြာစွာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက်ကိုမူ ဒီမိုကရေစီလမ်းစဉ်ကို စနစ်ကျစွာ အလွဲသုံးစား ပြုခဲ့သည်။ ဟစ်တလာသည် တရားဝင် နည်းလမ်းသုံးသွယ်ကို အသုံးပြုကာ အကြွင်းမဲ့အာဏာရှင်အဖြစ်သို့လွယ်လင့်တကူပင် ရောက်ရှိလာခဲ့ပေတော့သည်။
အုပ်ချုပ်ရေးအာဏာကို အရယူခြင်း
၁၉၃၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဂျာမဏီနိုင်ငံ ပြည်သူ့လွတ်တော်အဆောက်အဦီကြီး မီးစွဲလောင်သည်။ ထိုမီးလောင်မှုကြီးသည်ပင် ဟစ်တလာကို အာဏာရှင်အဖြစ်သို့ရောက်ရှိလာရန် ပထမဦးဆုံး တွန်းအားပေးခဲ့ပေသည်။ မီလောင်မှုနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အချိန်မဆိုင်းဘဲ ခေါ်ယူဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးတွင် ဟစ်တလာက လက်ရှိ နိုင်ငံတော်သမ္မတထံမှ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့သည်။
"နိုင်ငံတော်နှင့် လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေ" ဟုခေါ်သည့် ၄င်းဥပဒေကြောင့် တရားဝင်ထုပ်ပြန်ထားသည့် နိုင်ငံသားတို့၏ လွပ်လပ်ခွင့်နှင့် လူသားအားလုံး၏ အခြေခံဥပဒေများအားလုံးသည် အချိန်အကန့်အသတ်မရှိဘဲ အလိုအလျောက် ရုပ်သိမ်းခြင်းကို ခံလိုက်ရပေတော့သည်။ ထိုအစည်းအဝေးကျင်းပသည် ၂၈ ရက်နေ့ ညနေတွင် ဟစ်တလာသည် သူ၏အတိုက်အခံများ ဖြစ်ကြသော ကွန်မြူနစ်များ၊ လက်ဝဲအစွန်းရောက်များနှင့် ဆိုရှယ်ဒီမိုကရက် များကို သူ၏အမိန့်ဖြင့် လိုက်လံ ဖမ်းဆီး ချုပ်နှောင်စေခဲ့သည်။
ဥပဒေပြုအာဏာကို အရယူခြင်း
၁၉၃၃ ခု မတ်လ ၂၄ ရက်နေ့တွင် ဟစ်တလာသည် စစ်ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုဥပဒေကို "နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့် ဥပဒေ" ဟု တရားဝင်ခေါ်ဆိုခဲ့သော်လည်း ထိုအမိန့်ဥပဒေအရပင် ဟစ်တလာ အာဏာရှင်သည် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုသလို မွှေနှောက်အသုံးချနိုင်သူ ဖြစ်သွားသည်။
ထို့ထက်ဆိုးသည်မှာ အဆိုပါ အမိန့်အရ ပြည်သူ့လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရ သွားလေ တော့သည်။ ဤနည်းဖြင့်ပင် ဂျာမဏီနိုင်ငံတွင် အချိန်အတော်အတန်ကြာ အမြစ်တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကြီးသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့လေတော့၏။ တချိန်တည်းတွင်ပင် စစ်အာဏာရှင်များသည် နိုင်ငံရေးအတိုက်အခံများ၊ တော်လှန်ပုန်ကန်သူများ ကို ချုပ်နှောင်ထိန်းသိမ်းရန် နာဇီအကျဉ်းစခန်းများကို စတင် တည်ဆောက်လေတော့သည်။
တရားစီရင်မိန့်အာဏာကို အရယူခြင်း
နိုင်ငံရေးသမားများကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး တော်လှန်ပုန်ကန်သူများကိုလည်း ဖြုတ်ထုတ်ရှင်းစနစ်ဖြင့် ကြိုးကိုင်ထိန်းချုပ်ထားနိုင်ခဲ့သည့်အချိန်တွင် အာဏာရှင်စနစ်ဆိုးကြီးသည်လည်း အရှိန်တဟုမ်းဟုမ်းဖြင့် လောင်ကြွမ်းနေလေပြီ။ ၁၉၃၃ ခု ဇွန်လ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရုမ်းမ် "Roehm" ၏ အာဏာသိမ်းရန် ကြံစည်မှုကြီးက ဟစ်တလာကို နောက်ထပ် လှေကားထစ်တစ်ခုသို့ထပ်မံ တွန်းပို့လိုက်သည်နှင့် တူနေလေတော့သည်။
SS စစ်တပ်နှင့် ကာကွယ်ရေးစစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီး အာဏာသိမ်းရန် ကြံစည်သော အဲ့န်စ်တ် ရုမ်းမ် "Ernst Roehm" အပါအဝင် အခြားသော SA စစ်ဗိုလ်များကို ကွက်မျက်စေခဲ့သည်။ ၁၉၃၃ ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန် သော ဥပဒေအသစ်မှ ၏လုပ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သဖြင့် ဥပဒေကြောင်လမ်းအရ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ ှSA စစ်တပ်ကြီးသည် ထိုအချိန်မှစ၍ သူ၏လုပ်ပိုင်ခွင့်နှင့် အထူးအာဏာများကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သည်သာလျှင် ဟစ်တလာ၏တိုက်ရိုက်ဦးဆောင်မှု့ဖြင့် အာဏာရှင်လက်ကိုင်တုတ်များ ဖြစ်လာကြတော့သည်။
ဤသို့သော တရား၀င်နည်းလမ်းအသွယ်သွယ်ကို အသုံးချရင်း နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့သည်။ ဂျာမဏီနိုင်ငံသမ္မတ ဟင်းဒန်းဘွတ်ခ် ကွယ်လွန်ပြီးသည့်အချိန်မှစ၍ လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၀န်ကြီးချုပ်၊ ခေါင်းဆောင်ကြီး အမည်များခံယူကာ ဟစ်တလာသည် အကြွင်းမဲ့အာဏာရှင်ဘဝသို့ ပြိုင်ဘက်မရှိ ရောက်ရှိသွားလေတော့သည်။
#Credit _ Tin Maung Hlaing✍👸
#Online_Library 📖
#Pink🌸
23-10-2021
#ပြန်လည်မျှဝေပါသည်။
