လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
အယူသီး လွန်းနေရင်
အတွေးအခေါ် နည်းရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
အတ္တတွေ ကြီး လွန်းနေရင်
အသိဉာဏ်နည်းရာ ရောက်တယ်။

လူငယ် တစ်ဦး ဖြစ်နေလျက်နဲ့
အာဃာတတွေ များလွန်းနေရင်
သဘောထား မပြည့်ရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
ငါ့ကျမှ ကံဆိုးလေခြင်း ဆိုပြီး
တညည်းညည်း တညူ ညူ အတွေးတွေနဲ့
လက်လျှော့ အရှုံးပေးနေရင်
စိတ်ဓါတ် ပျော့ညံ့ရာ ရောက်တယ်။

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
ဖြစ်သမျှ အကြောင်း အကောင်းပေါ့လေ ဆိုပြီး
ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင်
ကိုယ့် ဇွဲလုံ့လကို မယုံကြည်ရာ ရောက်တယ်။

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့် . . ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်း ပါတဲ့ လူ က
နေရာတကာ ဟိုလူ့ မှီခို . . ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။
အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။
တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်
တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူ းမှာ
အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့ လူငယ်မှာလည်း
တိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့
အနှစ် အမြူ တေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူ ခြင်း .. မဖြူ ခြင်း
ရုပ်ရည်လှခြင်း .. မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။
ဘယ်လောက် အစွမ်းအစ ရှိ .. မရှိ
ဘာတွေ လုပ်နိုင် .. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

ဆရာအောင်သင်း

Credit -