ဆရာကြီး ဦိးချစ်ပန်းသည် အိမ်ဦးခန်းရှိ လေးချောင်းထောက် စားပွဲလေးရှေ့၌ တင်ပျဉ်ခွေထိုင်ကာ ကြိမ်ကို ဝင့်လျှက်ရှိသည်။ စားပွဲ၏ အကျယ်အဝန်းမှာ အလျား သုံး‌ပေ အနံ နှစ်‌ပေမျှ ရှိ‌ပေလိမ့်မည်။ ဗေဒင်ဆရာများ အသုံးပြုသော ခြေထောက်တိုတိုနှင့် စားပွဲမျိုးဖြစ်ရာ ထိုစားပွဲမျိုးကို ယနေ့တိုင် မြန်မာဆံသော အိမ်များ၌ တွေ့နိုင်ကြလေသည်။

ဆရာက‌တော် ‌ဒေါ်ကြီး‌မေကား အိမ်၏ ဖိနပ်ချွတ်တွင် ပဲကြီး‌လှော်များကို စက္ကူက‌တော့ ထဲ၌ တပြားဖိုးစီ လီ၍ ထုပ်‌နေသည်။ သူ့‌ရှေ့၌ အဆင့်သုံးဆင့် ရှိ‌သော ‌ဈေးစင်က‌လေး ရှိသည်။ အောက်ဆုံးထစ် အဆင့်၌ ဆီးသီး၊ ဂွေးချိုသီး၊ စိမ်းစားဥ၊ ကြံ စ‌သော စားစရာများကိုကြိမ်ထဲ၌ ထည့်ကာ တည်ခင်း၍ ထားသည်။ ဒုတိယ အဆင့်၌မူ စား‌တော်ပဲ၊ ကုလားပဲ၊ ပေါက်‌ပေါက်၊ ဆီးမုန့် စသည်တို့ကို ပုလင်း အသီးသီးတွင် ထည့်၍ ဗမ်းပြ ထားသည်။ တတိယ အဆင့်၌မူ ‌ပေါက်‌ပေါက်ဆုပ်၊ မြေပဲယို၊ နှမ်းပြစ်၊ ကြံသကာ၊ ထန်းလျက်၊ အုန်းယို၊ တရုတ်မုံ့ စသည်တို့ကို မှန်‌သေတ္တာက‌လေးများနှင့် ထည့်၍ လှပစွာ ပြင်ဆင်ထားသည်။ 

အိမ်ဟူ၍ပင် ကျွန်ုပ်တို့က ခေါ်စေကာမူ စင်စစ် ဆရာကြီး ဦးချစ်ပန်း၏ အိမ်မှာ ကျောင်းဖြစ်သည်။ အဖိတ်နေ့နှင့် ဥပုသ်နေ့များတွင် အိမ်ဖြစ်၍ ကျန်ငါးရက်မှာ စာသင်ကျောင်း ဖြစ်သည်။ စာသင်ကျောင်းဟု ဆိုကြစေကာမူ ယခုခေတ် ကျောင်းများကဲ့သို့ အခန်းကြီးငယ် အသွယ်သွယ်ဖွဲ့၍ ဆောက်လုပ်ထားခြင်း မဟုတ်။ ရိုးရိုး မြန်မာအိမ် ဖြစ်သည်။ သို့သော် စာသင်ရသော နေရာ ဖြစ်သောကြောင့် အိမ်ကို ငါးပင်လေးခန်း ဖွင့်ထားသည်။ 

တံခါးမှာ ခေါက်တံခါး ဖြစ်သည်။ ငါးပင်လေးခန်း အိမ်မှာ အကျယ်ကြီး ဖြစ်သည့်ပြင် တအိမ်လုံးမှာ ဧရာမအခန်းကြီးသဖွယ် ဖြစ်ရကား ထိုခန်းမထဲတွင် သူငယ်တန်းမှ စ၍ လေးတန်းသမားအထိ ကြမ်းတပြေးတည်း စာသင်နိုင်ကြသည်။ ကျောင်းသားမှာ ပျမ်းမျှကြေး ရှစ်ဆယ်ကျော် အမြဲ ရှိသည်။ လယ်သမားတို့် လယ်ဆင်းချိန် နယုန် ဝါဆိုနှင့် ငါးပိသမားတို့ ပင်လယ်ဆင်းချိန် တော်သလင်း သီတင်းကျွတ် လောက်၌ ကျောင်းသူ ကျောင်းသား အနည်းငယ် ပါးသည်။ ထိုအချိန်များ၌ ကျောင်းသား ကျောင်းသူ အစုစုပေါင်းမှာ အမြဲတမ်း ငါးဆယ်ကျော်မျှသာ ရှိတတ်သည်။ ပြာသို၊ တပို့တွဲမှ စ၍ သင်္ကြန်တော် ပိတ်ရက် ရောက်သည့်တိုင် လေးငါးလ အချိန် အတောအတွင်း၌ကား ကျောင်းသား ကျောင်းသူပေါင်း တရာ့အစိတ်လောက်နှင့် အတော် စည်ကားပေသည်။ 

ဆရာကတော် ဒေါ်ကြီးမေ၏ ဈေးဆိုင်ငယ် တည်ခင်းထားသည့် ဖိနပ်ချွတ်နှင့် ခပ်လှမ်းလှမ်း ခေါင်းရင်းဖက် ရေအိုးစင် အနီးတွင် ချိတ်ဆွဲထားသော ‘အစိုးရ အထောက်အပံ့ခံ မြန်မာ စာသင်ကျောင်း’ ဟူသော ဆိုင်းဘုတ် ရှိသည်။ 

ထိုဆိုင်းဘုတ်မှာ ဈေးကြီးထဲမှ သံဖြူဆရာ ဦးသာလှ ကိုယ်တိုင် ပြုလုပ် စီမံပေးသော ဆိုင်းဘုတ် ဖြစ်သည်။ ရွှေဒင်္ဂါး ရေနံဆီပုံးလွတ် တခုကို ဖြန့်၍ ညီညာအောင် ပြန်ထုပြီးလျှင် အစိမ်းပုပ်ရောင် ကြက်တူရွေးတံဆိပ် သင်္ဘောဆေးကို အောက်ခံသုတ်ပြီးလျှင် မြင်းဖြူတံဆိပ် သင်္ဘောဆေး အဝါရင့်ရောင်ကို စာလုံးရေးခြယ်၍ ပျဉ်းကတိုးသားများဖြင့် လေးဖက် လေးတန် ဗောင်ခွေထားသော ဆိုင်းဘုတ် ဖြစ်သည်။ 

ထိုဆိုင်းဘုတ်မှာ အနိယတ္တ မဟုတ်ချေ။ သံဖြူဆရာ ဦးသာလှက သူ၏သားကို ကျောင်းအပ်သောအခါ ကျောင်းဝင်ကြေးသဖွယ် ကန်တော့ထားသော ဆိုင်းဘုတ် ဖြစ်သည်။ 

ကျောင်းထဲ၌ စာအံသံများသည် တညံညံနှင့် ရှိရာမှ အသံပလံတို့သည် တဖြည်းဖြည်းနှင့် တိတ်သွားသည်။ ရောင်ပေစူးနှင့် ကျောင်းသား နှစ်ဦးသည် ဆရာကတော်ထံ ချဉ်းကပ်၍ “ကျွန်တော်တို့ ကမ်းနား ဆင်းပါရစေ” ဟု ခွင့်ပန်နေသည်။ ဆရာကတော်က ဗြုန်းကနဲ ချက်ချင်း ခွင့်မပေး။ ဘာလုပ် ခဏခဏ ကမ်းနား ဆင်းချင်ရသလဲ။ မကြာခင်ကပဲ တခါတက်လာ။ ယခု တခါ ဆင်းပြန်ရသလော။ သူတပါးဆိုင်က စုန်းပြူးသော ပဲကြီးလှော်များကို ခဏခဏ စားရသောကြောင့် ယခုကဲ့သို့ ကမ်းနား ဆင်းရသည် မဟုတ်လော။ အကယ်၍ ဆရာကတော် ဒေါ်ကြီးမေ၏ ပဲကြီးလှော် ကျွတ်ကျွတ်ကလေးကိုသော် ၎င်း၊ မြေပဲလှော်နှင့် ကြံသကာကို၎င်း စားခဲ့ပါလျှင် ယခုကဲ့သို့ ခဏခဏ ကမ်းနား ဆင်းရသည့် ဝဋ်ဒုက္ခမှ ကျွတ်ရမည် မဟုတ်ပါလော။ 

ဆရာကတော်သည် ဤကဲ့သို့ ဆုံးမဩဝါဒကထာတို့ကို ဆရာကြီး ဦးချစ်ပန်း၏ ကိုယ်စား ဟောကြားလျက် ရှိသည်။ 

ကျောင်းသား နှစ်ဦးအနက် တဦးက ဗိုက်ကိုနှိပ်၍ မျက်နှာရှုံ့မဲ့ပြသည်။ ကျန်တဦးကမူ ကလေးငယ်တို့၏ ဝသီအတိုင်း “သေးထွက်တော့မယ် ဆရာကတော်ရဲ့” ဟု ပြောလေသည်။ 

“အင်မတန်ရှုပ်တဲ့ ကောင်ကလေးတွေ၊ သွား သွား ငါ့်အိမ်ပေါ် ပါမချနဲ့အုံး။ နေအုံး။ ဟိုအကောင် မနေ့က နင် ကြွေးယူတာ မဆပ်သေးပါလား” 
“ဆပ်ပါ့မယ် ဆရာကတော်ရဲ့” 
“ဆပ်ချင်ရင် ခုဆပ်၊ မဆပ်ရင် ကမ်းနား မဆင်းရဘူး။ နင့် ဆရာကို တိုင်လိုက်မယ်” 

ထိုအခါ အကြွေးပူမိသော ကောင်ကလေးက သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံ တပြားကို ထုတ်ပေးလိုက်လေသည်။ 

ကျောင်းမှာ အတန်ငယ် တိတ်ဆိတ်သွားသည်။ ဆရာကတော်နှင့် ကျောင်းသား နှစ်ဦးတို့ အချီအချ စကားပြောနေ ကြသည်ကို ဆရာကြီးကပင်လျှင် အတိုင်းသား ကြားရသည်။ ထို့ကြောင့် ဆရာကြီးသည် စားပွဲပေါ်ရှိ ဘုံသုံးကိန်း နှင့် ဘုံညီတိုင်း တွက်နည်း စာအုပ်ကို ခဏချကာ မျက်မှန်ကို နဖူးစပ်ပေါ်သို့ တင်၍ လှမ်းကြည့်လိုက်သည်။ ထိုအခါမှ သုံးတန်းသမားဖက်မှ ကျောင်းသား နှစ်ဦးသည် ရန်ဖြစ်ရာမှ တယောက်နှင့် တယောက် ကျောက်တံနှင့် ထိုးရန် ရွယ်နေသည်ကို မြင်မိသည်။ 

ဆရာကြီးသည် ထားဝယ်ကြိမ်ကို ဗြုန်းကနဲမြည်အောင် ကြမ်းကို ရိုက်ရင်း လေးချောင်းထောက် စားပွဲဆီမှ ထလာသည်။ အလိုက်သိသော ကမ်းနား ဆင်းချင်သည့် ကျောင်းသားနှစ်ဦးမှာ ဖိနပ်ချွတ်မှ လွှားကနဲ ခုန်ဆင်းပြီးလျှင် ကမ်းနားရေဆင်း တန်တားရှိ အိမ်သာထဲသို့ စွပ်ဝင်ကြလေသည်။ 

ကျောက်တံနှင့် ထိုးရန်ဟန်ပြင်နေသော ကျောင်းသား နှစ်ဦးကား ဆရာကြီး၏ ကြိမ်ဒဏ်ကို ကော့၍ ခံကြရသည်။ ၎င်းမှ စ၍ ဆရာကြီး၏ ကြိမ်သည် လေးတန်းမှ စ၍ သူငယ်တန်းအထိ ဆက်သွားရာ 

“နမော ဗုဒ္ဓါယသိဒ္ဓံ၊ အ၊ အာ၊ ဣ၊ ဤ” ဟူ၍၎င်း၊ 
“ကကြီး ယပင့် ကျ” ဟူ၍၎င်း၊ 
“ကကြီးရေး ကသတ် ကက်” ဟူ၍၎င်း၊ 
“ရေပတ်လည် ဝိုင်းသော ကုန်းမြေကို” ဟူ၍၎င်း၊ 
“တနင်္ဂနွေ ဂဠုန် အရှေ့မြောက်ကြုံ” ဟူ၍၎င်း၊
“ဘောဒေဝ ပုတ္တ အိုနတ်သား” ဟူ၍၎င်း၊
“သုဂတံ၊ သုဂတံ၊ သဌေံ၊ ကုသလံ၊ ကုသလံ၊ ဇဟံ” ဟူ၍၎င်း၊
 
အသံမျိုးစုံတို့သည် တခဲနက် ပေါ်ထွက်လာလေရာ ဆရာကြီး ဦးချစ်ပန်း၏ ကျောင်းတော် ဝိဟာမှာ စိုစိုပြေပြေ ဖြစ်သွားပြန်သတည်း။ 

ကျောင်းတော် ဝိဟာကြီး စိုစိုပြေပြေ ဖြစ်သည်နှင့်အမျှ သနပ်ခါး တဖွေးဖွေးနှင့် ရှိသော အမာကြည်၏ ပါးပြင်ကလေးမှာ စိုစိုရွှဲရွှဲ ဖြစ်သွားလေသည်။ 

အမာကြည်သည် သူ၏ တင်ပါးကလေးကို လက်နှင့်ပွတ်ရင်း တရှုပ်ရှုပ်နှင့် ကျိတ်ငိုနေသည်။ သို့သော် ငိုသံကို ကြိုးစား၍ ဖျောက်ပြီးလျှင် ဒုတိယတန်း မြန်မာဖတ်စာကို ကပျာကသီ ဖွင့်ကာ ကုန်း၍ အော်လိုက်၏။ 

အမာကြည် အော်လိုက်သော စာဖတ်သံထဲတွင် ရှိုက်သံကလေး ပါသည်။ ထိုရှိုက်သံသည် မောင်မင်းဟန်၏ နားထဲတွင် ကျောင်းသားပေါင်း တရာကျော်တို့ ဝိုင်း၍ ငိုကြသော အသံထက် ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။ ထို့ကြောင့် လေးတန်းသမားတို့၏ နေရာ ကျောင်းဦးရှိ ရေအိုးစင် အနားမှနေ၍ ကျောင်းခြေရင်းဖက်တွင် ရှိသော ဒုတိယတန်းသမားတို့၏ နေရာကို မောင်မင်းဟန်က လှမ်း၍ကြည့်လိုက်သည်။ 

အမာကြည်သည် ဆံရစ်ဝိုင်းကလေးနှင့် မျက်နှာကလေးက ဝိုင်း၊ မျက်လုံးကလေးက ဝန်းဝန်း၊ အသားအရည်က ပြည့်ပြည့်ဖြိုးဖြိုးနှင့် တမျိုးပင် ကြည့်၍ ကောင်းလှသည်။ 

သူ၏ အဖေမှာ တောအုပ် ဖြစ်သည်။ မကြာမီကမှ ဤမြို့ဤရွာသို့ ပြောင်းလာကြသည်။ အမာကြည် ကျောင်းဝင်သည်မှာ သုံးလမျှပင် မပြည့်သေးချေ။ သို့ရာတွင် ထိုသုံးလမျှသော ကာလတွင်းတွင် အမာကြည်နှင့် မောင်မင်းဟန်တို့သည် ကစားဖော် ကစားဖက် ဖြစ်သွားချေပြီ။ 

အမှန်မှာ ကစားဖော်ချင်းမျှသာ မကချေ။ မောင်မင်းဟန်မှာ အမာကြည်၏ ဆရာလည်း ဖြစ်ချေပြီ။ 

မောင်မင်းဟန်မှာ မြို့ခံလူ ဖြစ်သည်။ သူ၏ ဖခင်မှာ ရပ်ရွာတွင် ဩဇာတိက္ကမ ရှိသော မြေပိုင်ရှင် ဖြစ်သည်။ မြေပိုင်ရှင် ဆိုသည်မှာ တောမြို့ကလေးတွင် လယ်သမားကြီး ဟူ၍သာ ထင်ရှားပေသည်။ မောင်မင်းဟန်၏ဖခင်မှာ မည်မျှပင် ဩဇာတိက္ကမ ကြီးမားစေကာမူ ရပ်သူရွာသားတို့က ၎င်းကို မြေပိုင်ရှင်ဟု မခေါ်၊ လယ်သမားကြီး ဟူ၍လည်း အသိအမှတ် မပြုကြ။ တောမြို့၏ထုံးတမ်းစဉ်လာအရ ကုန်သည်ဟူသော ဂုဏ်ထူးဝိသေသဖြင့် မှည့်ခေါ်ကြလေသည်။ 

မောင်မင်းဟန်မှာ အသက် ၁၂ နှစ်မျှ မပြည့်သေး။ သို့သော် ပညာပါရမီ ရှိသူ ဖြစ်ရကား ယခုနှစ် ပညာဝန် လာ၍ စာစစ်လျှင် လေးတန်းကို ဝင်ရောက် ဖြေဆိုရတော့မည်။ လေးတန်းတွင် မောင်မင်းဟန်သည် အငယ်ဆုံး ဖြစ်သည်။ ကျောင်းသားပေါင်း တကျိပ်မျှ ရှိသည့်အနက် မောင်မင်းဟန်ကလွဲလျှင် ကျန်သူတို့မှာ အသက်အားဖြင့် ၁၄ နှစ်၊ ၁၅ နှစ်ရှိကြသည်။ အချို့မှာ လူပျိုပေါက်အရွယ်က လွန်ခဲ့ပြီးလျှင် ယခုနှစ် စာစစ် ခံပြီးသည့်နောက် မိဘများက အိမ်ထောင်ရက်သား ပေးစားရန် ကြံရွယ် ထားပြီး ဖြစ်ကြသည်။ ဤလူသိုက်ထဲတွင် မောင်မင်းဟန်သည် စာရေး၊ စာဖတ်၊ အတွက်၊ ပထဝီနှင့် လောကဓာတ် ပညာတို့တွင် အထူးလူရည်ချွန် ဖြစ်ရကား လေးတန်းမှနေ၍ နှစ်တန်းသမားများကို စာဆင်း ပြရသည်။ 

ယင်းသို့ စာပြရင်းနှင့် မောင်မင်းဟန်နှင့် အမာကြည်တို့မှာ သူငယ်ချင်း ဖြစ်သွားကြသည်။ 

အမာကြည်မှာ စကား များများမပြော။ မောင်မင်းဟန် စာပြလျှင် ရိုရိုသေသေပင် နာယူလေ့ရှိသည်။ အစဉ်အမြဲ လိုလိုပင် ချိုပြုံးသော မျက်နှာကို ထားတတ်သည်။ မိဖများက အစိုးရ အမှုထမ်း ဖြစ်သောကြောင့် မောင်မင်းဟန်တို့၏ မြို့ထက်သာသော မြို့များတွင် နေထိုင်လာခဲ့လေရာ အနည်းငယ်မျှ တောမဆံချေ။ သူ၏အသက်မှာ အလွန်ဆုံး ၉ နှစ် ၁၀ နှစ်သာ ရှိလိမ့်မည်။ သို့သော် မောင်မင်းဟန်တို့ မြို့နေ ကောင်မကလေးများ ကဲ့သို့ပင် သင်တိုင်းဝတ်၍ ကျောင်းမတက်။ အပေါ်အင်္ကျီ မပါပဲ ရှင်မီး အင်္ကျီဝတ်၍ ကျောင်းမတက်။ တကယ့် မိန်းမကြီးများကဲ့သို့ ချွေးခံအင်္ကျီ ဝတ်ဆင်၍ ကျောင်းတက်သည်။ ရွှေငွေဟူ၍ ဝေဝေဆာဆာ ဆင်မြန်းထားခြင်း မရှိပေ။ သို့သော် ရွှေဒင်္ဂါး ငါးမူးပြားကို ယိုးဒယားခက်များနှင့် ဝိုင်း၍ ရံထားသော ရွှေဆွဲကြိုး တကုံးကိုမူ အမာကြည်သည် အမြတ်တနိုး ဝတ်ဆင်ထားတတ်သည်။ 

အမာကြည်၏ ရှိုက်သံသည် မောင်မင်းဟန်၏ ဘဝင်ကို လာ၍ ခိုက်သည်။ ထို့ကြောင့် ဒုတိယတန်းဖက်သို့ လှမ်း၍ လှမ်း၍ ကြည့်သည်။ 

ထိုအတွင်း ဆရာကြီး ဦးချစ်ပန်းက “စာအံချိန် ဖြုတ်ပဟေ့။ အတွက် တွက်ကြရအောင်” ဟု ပြောလေသည်။

ဤအတွက်ချိန်ကျလျှင် မောင်မင်းဟန်က ဒုတိယတန်းသို့ ဆင်း၍ အတွက် တွက်ပြရသည်။ ထိုကြောင့် ဆရာကြီး ဦးချစ်ပန်းက အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မောင်မင်းဟန်သည် အမာကြည် ရှိရာသို့ လာခဲ့သည်။ 

အမာကြည်၏ ပါးပြင်၌ သနပ်ခါးများ ပြယ်၍ နေသည်။ မျက်ရည်ကြောင့် ပါးပြင်ပေါ်၌ မျက်ရည်ကြောင်းများ ထင်နေသည်။ မောင်မင်းဟန်က မျက်ရည်စများကို သိမ်း၍ ပေးလိုက် ချင်၏။ သို့သော် သူငယ်ချင်း ဖြစ်သည်မှာ သုံးလမျှ မရှိသေးခင် ဤမျှ အကျွမ်းတဝင် လုပ်သော် ကစားဖော် ကစားဖက်တို့က မရှုစိမ့် ဖြစ်ကြဦးမည်။ ထို့ပြင်လည်း မောင်မင်းဟန်က ဆရာ၊ အမာကြည်က တပည့် ဖြစ်သောကြောင့် 
အိန္ဒြေ သိက္ခာ စောင့်ထိန်းရမည် ဖြစ်သည်။ 

ထိုကြောင့် မောင်မင်းဟန်သည် စိတ်ထဲတွင် တုန်လှုပ်နေသော အမူအရာကို မပြပဲ အမာကြည်ကို မေးလိုက်၏။ 

“အမာကြည်၊ ခုနက ဆရာရိုက်တာ အတော် နာသလား”

အမာကြည်က ဝင်းပသော မျက်လုံးကို လှန်ကြည့်ကာ 

“အင်း” ဟု ပြန်ဖြေသည်။ 

“ငါ့မှာလဲ တတောင်ဆစ်ကို ကြိမ်ဖျား ခတ်သွားတယ်။ အတော် နာတယ်ကွယ့်”
“အင်း” 
“ဒါပေမယ့် ဒို့တော့ မငိုပေါင်” 
“နင်ကတော့ ယောက်ျားလေးကိုး၊ ဘာငိုမလဲ။ ဒို့ မိန်းခလေးတွေကို ဒီလောက် ရိုက်တာ မကောင်းပါဘူးဟယ်” 
 
အမာကြည်နှင့် အတူယှဉ်၍ နေသူမှာ ရာဇဝတ်အုပ်၏ သမီး ဖြစ်သည်။ သူကား ပုလိပ်မျိုးရိုးပီပီ ရာဇမာန် ရှတတ်သည်။ ထိုကြောင့် သူက အမာကြည် ပြောသည်ကို ထောက်ခံရင်း “ဖေဖေ့ကို တိုင်မယ်” ဟု ဆိုသည်။ 

အမာကြည် ထိုရာဇဝတ်အုပ် သမီးကို ကြောက်ရွံ့ဟန် တူပေသည်။ ရာဇဝတ်အုပ်၏ သမီးမှာ အမာကြည်ထက် များစွာ ကြီးသည်။ စိတ်အထင် မောင်မင်းဟန် ထက်ပင် အသက်ကြီးလေမည်လား မပြောတတ်ချေ။ သို့သော် သူသည်လည်း မောင်မင်းဟန်၏ တပည့်ပင် ဖြစ်သည်။ 

စင်စစ် မောင်မင်းဟန် ကဲ့သို့သော ဆဲ့နှစ်နှစ်သား အရွယ်၌ ဆရာကြီး၏ အချစ်တော် တပည့်ဦး အဖြစ်ဖြင့် ဆရာကလေး ဘဝသို့ ရောက်နေသည့် အကြောင်းကြောင့် မိမိကိုယ်ကိုမိမိ တကယ့် အဓိပတိ ဆရာသမားပမာ အိန္ဒြေ တခွဲသားလောက်ကို ဆယ်ရန် စိတ်ကူး ထုတ်မိလိုမှ ထုတ်မိပေလိမ့်မည်။ သို့သော် ဆရာ အဖြစ်ဖြင့် အိန္ဒြေ ဆယ်နေရသည်မှာ အကြောင်းရှိပေသည်။ 

စင်စစ် မောင်မင်းဟန်မှာ ကလေးပင် ဖြစ်သည်။ ထို့ကြောင့် အတုမြင် အတတ်သင် ဆိုသလို ဆရာ့ဟန်ဓာတ် ခုတ်လိုသည်။ ဆရာကြီး ဦးချစ်ပန်းက ကြိမ်ကလေး တဝင့်ဝင့်နှင့် စာပြသလို သူကလည်း စာပြချင်သည်။ သို့သော် ဆရာပေါက်စကလေးအတွက် ထားဝယ်ကြိမ်သတ်သတ် မရှိချေ။ 

ကျောင်း၏ နောက်ဖေးတွင် ဂွေးချိုပင်ကြီး ရှိသည်။ ထိုဂွေးချိုပင်မှ ဂွေးချိုသီးကို ဆရာကတော် ပိုင်သည်။ သို့ရာတွင် အကိုင်း အရွက်တို့ကိုကား ကျောင်းသားအများတို့က သူတို့ပိုင်ဟု သဘော ထားကြသည်။ ဆရာကတော်သည် ဂွေးချိုသီး ရောင်းရန်အတွက် ဂွေးချိုပင်မှ အသီးများကို ဆွတ်ခူးသည့်အခါ မောင်မင်းဟန်နှင့်တကွ ဆရာကတော့် အပေါ် ကျေးဇူးသစ္စာ စောင့်သိသူများကို ခေါ်၍ ဂွေးချိုပင်ပေါ် အတက်ခိုင်းလေ့ ရှိသည်။ ထိုအခါမျိုး၌ မောင်မင်းဟန်နှင့် အပေါင်း အဖော်သည်တို့သည် ဂွေးချိုသီးကို ချူဆွတ်၍ ဆရာကတော့်အား ပေးပြီးသည့်နောက် အကိုင်းအခက်တို့ကို သူတို့အတွက် ယူသည်။ ဂွေးချိုရွက် နုနုကလေးများကို ပုစွန်ခြောက်၊ ငါးပိ၊ ငန်ပြာရည် စသည်တို့နှင့် သုပ်စားကြသည်။ အရွက်နု ကလေးများကို သင်ပြီး ကျန်ရစ်သော အရိုးတံတို့ကိုမူ စု၍ ထားကြသည်။ ၎င်းနောက် အတန်းထဲတွင် စာအံရင်း၊ ဂွေးချိုရွက်တံ အရင်းကို ကိုက်၍ စားကြသည်။ အရိုးတံမှာ အသီးလောက် အရသာ မရှိသော်လည်း တနေ့မှ မုံ့ဖိုး တပြားရသူတို့ အတွက်ကား များစွာ အာသာပြေစေသည်။ 

မောင်မင်းဟန်သည် ဒုတိယတန်းသမားတို့ကို ဂဏန်းသင်္ချာ ပြသည့်အခါ ဆရာကြီး ဦးချစ်ပန်းကို တု၍ ဂွေးချိုရွက် အရိုးနှင့် သူ၏ တပည့်များကို ရိုက်လေ့ရှိသည်။ အတွက်၌ ညံ့ဖျင်းသောသူတို့ အထဲတွင် ရာဇဝတ်အုပ်၏ သမီးလည်း ပါသည်။ ၎င်းမှာ အတန်းထဲတွင် မိမိကိုယ်ကို ကြော့နေအောင် ပြင်ဆင်ထားသူ ဖြစ်လေရာ မောင်မင်းဟန်က ရိုက်သည့်အခါ အမြဲ မျက်နှာ စူလေသည်။ သို့သော် အမာကြည်ကား မောင်မင်းဟန် ရိုက်သည်ကို ခံရသောအခါ မျက်နှာကလေး ငယ်ငယ်နှင့် နေရှာသည်။ 

တနေ့သောအခါ အမာကြည်က သူ၏ လက်ဝါးကလေးကို ဖြန့်ပေးရင်း “ဆရာကြီးကလဲ ရိုက်ထာဘဲ၊ ဆရာကလေးကလဲ ဆရာကြီးထက် ဆိုးချင်သေးတယ်” ဟု မောင်မင်းဟန်အား လေချိုနှင့် ပြောသည်။ 

“ငါက နင့်ကိုသာ ရိုက်ထာ မဟုတ်ပါဘူး။ အားလုံးကို စာမရရရင် ရိုက်တာချည်းပါဘဲ။ ဆရာကလဲ ဖျင်းတဲ့လူကို ရိုက်သာရိုက်လို့ ဆိုတာကိုး” 

မောင်မင်းဟန်က သူလုပ်တာ နည်းလမ်းကျကြောင်း ဆင်ခြေ ပေးသည်။ 

“ဟုတ်တယ်၊ ငါ့တော့ နိုင်တိုင်း ရိုက်တယ်။ ဟိုရာဇဝတ်အုပ် သမီး မခင်ညွန့်ကိုတော့ မရိုက်ဝံ့ဘူး” 

“မနေ့က မခင်ညွန့် အတွက်တပုဒ် မှားလို့ ငါ တချက် ရိုက်တယ်။ နင်က နှစ်ပုဒ်မှားတော့ ငါ နှစ်ချက် ရိုက်တယ်။ အဲဒါ ဘာဖြစ်သေးသလဲ။ အရိုက်မခံချင်ရင် ငါ့အတန်းထဲမှာ မနေကြနဲ့ပေါ့” 

ဤသို့ အချီအချ ဆရာတပည့် နှစ်ယောက် စကားပြောနေ မခင်ညွှန့်က ဝင်၍ တောသည်။ 

“ဒို့တော့ တော်ပါပြီကွယ်။ ခဏခဏ အရိုက်ခံရတယ်။ ခုတော့ ဝဋ်ကျွတ်ပါပြီ။ ဒို့မကြာခင် ဒီမြို့က ပြောင်းရတော့မယ်။ ပြောင်းခါနီးမှာ နောက်ထပ် ဒို့ကိုများ ရိုက်မယ့်ကြံရင် အဖေ့ကို တိုင်လိုက်မယ်” 

မောင်မင်းဟန်သည် မခင်ညွန့်၏ အဖေကို မကြောက်။ သို့သော် မခင်ညွန့် အဖေက သူ၏ အဖေကို သွား၍ တိုင်လျှင် သူကိုယ်တိုင် အရိုက်ခံရမည်ကို ကြောက်သည်။ 

ထို့ကြောင့် ယခုတပတ်၌ ဒုတိယတန်း ဂဏန်းသင်္ချာ ပြသည့်အခါ မခင်ညွန့် အနားသို့ မသွားပဲ အမာကြည် အနား၌သာ ရစ်သီရစ်သီ ရပ်၍နေ၊ လုပ်၍နေသည်။ အမာကြည်ကလည်း ဥာဏ် ခပ်လေးလေး ဖြစ်ရကား ယနေ့အဖို့ဆိုလျှင် အတွက် ငါးပုဒ် ပေးထားရာ ငါးပုဒ်စလုံး မှားသည်။ 

ထို့ကြောင့် မောင်မင်းဟန်က အမာကြည်ကို လက်ဝါး ဖြန့်ခိုင်းသည်။ အမာကြည်သည် မောင်မင်းဟန်အား သူ၏ ဝိုင်းစက်သော မျက်လုံးကလေးများဖြင့် လှန်၍ကြည့်သည်။ 

မောင်မင်းဟန်၏ ရင်ထဲ၌ အတော် သနားသွားသည်။ သို့သော် ဝတ္တရားသည် ဝတ္တရားပင်။ ထိုကြောင့် ငါးချက်တိတိ ဂွေးချိုရိုးဖြင့် ရိုက်သည်။ 

အမာကြည်က “ကြည့်စမ်း၊ အဟုတ် ရိုက်တယ်နော်။ ဆရာကြီး ရိုက်ထားလို့ နာရတဲ့အထဲ သူက အဟုတ် ရိုက်တယ်” ဟု ငိုသံပါနှင့် ပြောသည်။ 

“ရိုက်တဲ့နောက် အဟုတ် ရိုက်တာပေါ့ဟ” 
“ငါ့တော့ ရိုက်လိုက်ထာဟယ်။ မခင်ညွန့်ကိုတော့ မရိုက်ရဲဘူး” 
“မခင်ညွန့်က ငါရိုက်ထာ မခံချင်ရင် ငါ သင်မပေးရုံ ရှိတော့မှာပေါ့။ ဒါကြောင့် ငါ ဒီကနေ့ သူ့ကို စာမပြဘူး။ နင့်ကိုသာ စာပြတာ” 
“တော်ပါ။ ဒီလိုသာ ရိုက်ရိုက်ပြီး စာပြတာကိုတော့ မတတ်ချင် နေပါစေတော်”
“ငါ စာပြပေးရင် တတ်မှ ကျေနပ်တယ်။ တတ်သစေ့ချင်လို့ ရိုက်သင်တာပဲ” 
“အမလေး၊ တော်ပါ။ ရိုက်မှ တတ်ထာ မှုတ်ပါဘူး” 

အမာကြည်က “ဘူး” ဟူသော စကားကို ပြောသည့်အခါ နှုတ်ခမ်းကလေးကို စူ၍ သူ၏ ပါးစုံ့ကလေးနှစ်ဖက် ဖောင်းကြွလာအောင် ဘူးမှုတ်၍ ပြောသည်။ 

မောင်မင်းဟန်က ထိုပါးစုံ့ကလေး နှစ်ဖက်ကိုကြည့်၍ ငိုင်မိသည်။ 

“တကယ် နာသွားသလားကွယ်”

မောင်မင်းဟန် လေပျော့ သွားသည်။ 

“မှန်းစမ်း နင့်လက်၊ ငါ ကြည့်စမ်းမယ်။ အေးကွယ်၊ နင်က နုဘဲ နုလွန်းပါတယ်။ ဂွေးချိုရိုးနဲ့ ရိုက်ထာ အရှိုးထင်ဘို့ မကောင်းပါဘူး” 
“နို့ ဒီမှာ အရှိုးထင်နေတာဘဲ ဥစ္စာ” 

မောင်မင်းဟန်သည် သူ့လက်ထဲတွင် ကိုင်ထားသော ဂွေးချိုရွက် အရိုး၏ အရင်းကို တချက်မျှ စုပ်လိုက်သည်။ ပြီးလျှင် အရိုးကို လွှင့်ပစ်လိုက်လေသည်။ 

“တော်ပါပြီဟယ်။ ငါက ဘယ်သူ့ကိုမှ ရိုက်ရကောင်းစေ မဟုတ်ပါဘူး။ နင်တို့ စာတတ်စေချင်လို့ပါ။ ဒါလောက်ကလေးနဲ့ အသားနာတယ် ဆိုလဲ မရိုက်တော့ပါဘူး” 

မောင်မင်းဟန်က စိတ်နာကျည်းသည့် အသံနှင့် မြည်တမ်းလေသည်။ 

“ငါကတော့ စိတ်မဆိုးပါဘူးဟယ်။ နင် ရိုက်ထာ နာပေမယ့် ခံနိုင်ပါတယ်။ ငါ့တော့ စာမပြဘဲ မနေနဲ့နော်” 

မောင်မင်းဟန်၏ ရင်ထဲတွင် မည်သို့ ဖြစ်သွားသည် မသိ။ ဖိုလှိုက် ဖိုလှိုက် ရှိလာသည်။ သူ့စိတ်ထဲ၌ အမာကြည်ကို ညီမကလေး ချစ်ရသလို ချစ်လာမိသည်။ သို့သော် ထိုအချစ်မှာ သူ့ ညီမကလေးကို ချစ်ရသော အချစ်နှင့်လည်း တူလိမ့်မည် မဟုတ်ဟု ထင်မိသည်။ ဤအချစ်မျိုးကို ရိုးရိုးချစ်ဟု ခေါ်ရပေမည်လော။ ဆန်းဆန်းချစ်ဟု ခေါ်ရပေမည်လော။ မောင်မင်းဟန် နားမလည်။ သို့သော် သူသည် ချစ်မိသည်ကိုပင်လျှင် သူ့ဟာသူ မလုံ။ သည်လို ချစ်မိသည်ကို အပြစ်ရှိသည်ဟူ၍ သူ မယူဆ။ သို့သော် သည်လို ချစ်မိသည်ကို အဘယ့်ကြောင့် သူ ရှက်မိကြောင်း သူ့ဟာသူ အဖြေမပေးတတ်။ 

အမာကြည် အပေါ်၌ စိတ်ထား မရိုးတော့ပြီ။ ထို့ကြောင့် မောင်မင်းဟန်သည် အမာကြည့် အနားသို့ မကပ်ဝံ့တော့ချေ။ 

စာပြသည့်အခါ အမာကြည်ကို မျက်နှာလွှဲ၍ နေရသည်။ နှစ်ဦးသား မျက်နှာချင်း ဆိုင်ရသည့်အခါ စကားကို ဝတ်ကျေတန်းကျေ ပြောသည်။ အတွက်မှားလျှင် မှားသည်ဟုသာ ဆိုသည်။ ယခင်ကလို အမှန်ကို တွက်ချက်၍ မပြချေ။ 

ဒုတိယတန်း သမားများကို စာပြရာ၌ မောင်မင်းဟန်သည် ထေရ်ကြီး ဝါကြီး ရဟန်းတော်များကဲ့သို့ အိန္ဒြေ ကြီးလှပေသည်။ 

တနေ့သောအခါ မောင်မင်းဟန်သည် ကျောင်းရှေ့ရှိ ဆဲ့နှစ်ရာသီ ပန်းပင်ကြီးကို မှီ၍ ကောက်ညှင်းထုပ် စားနေလေသည်။

သူ့အနား ပတ်ဝန်းကျင်တွင် ကျောင်းသား ကျောင်းသူများ ဆူညံစွာ ကစားနေကြသည်။ လမ်းမပေါ်၌ ကျောင်းသားများက ဖန်ဒိုး လှိမ့်နေကြသည်။ ကျောင်းသားတဦးက ရှုံးသဖြင့် “ကံချာ”တွင်းကို လက်နှိုက်ကာ လက်ကို ခေါက်ထားသည်။ နိုင်သောကျောင်းသားက ရှုံးသူ၏ လက်ခေါက်ကို ဖန်ဒိုးနှင့် ပစ်သည်။ ဂေါက်ကနဲ မြည်သော အသံကို မောင်မင်းဟန် ကြားရသည်။ 
 
အခြားတဝိုင်း၌ကား ကောင်မလေးများ ဂုံညင်းကစားနေသည်။ သူတို့ ပိုင်းထဲမှာ ဘဲလိန်၊ ဇီနှင်း၊ ဂံကြီး၊ ဂံကလေး ဟူသော အသံများ ဆူညံနေသည့် အထဲတွင် တဦးနှင့်တဦး “မိုးကျူးပြီ” “မကျူးသေးဘူး” ဟူသော ငြင်းခုန်သံတို့လည်း ဆူညံနေသည်။ 

အမာကြည်သည် ဂုံညင်းဝိုင်းကို ကြည့်နေရာမှ မောင်မင်းဟန် ကောက်ညှင်းထုပ် စားနေသည့် ဆဲ့နှစ်ရာသီ ပင်ကြီးဆီသို့ လျှောက်လာသည်။ မောင်မင်းဟန်ကား သူ့ကိုမမြင်။ ကျောင်းနှင့် တခေါ်လောက် ဝေးသော ကမ်းနားတန်းတွင် ရန်ကုန် သင်းဘောကြီး ဆိုက်ရောက်လာသဖြင့် ကော်ရင်ဂျီ ကူလီများ အူယားဖားယား ပြေးလွှားနေသည်ကို ကြည့်နေသည်။ 

“မင်းဟန်၊ မင်းဟန်။ ငါခေါ်တာတောင် ပြန်မထူးဘူး။ သူ့ ကောက်ညှင်းထုပ်ကလေး ဝေစားရမှာစိုးလို့ ထင်ပါရဲ့” 

အမာကြည်က ဤသို့ စကားနာထိုးလိုက်ခါမှ မောင်မင်းဟန်က အမာကြည်ကို လှည့်ကြည့်မိသည်။ 

“မကြားလို့ပါဟယ်။ ကောက်ညှင်းထုပ် စားချင်ရင် ရော့။ တခြမ်းတော့ ကျန်သေးတယ်”
“ဟင့်အင်း၊ မစားချင်ပေါင်။ ငါမြေပဲလှော် ဝယ်စားလို့ ဗိုက်ပြည့်နေပါပြီ” 
“နင် မကစားဘူးလား” 
“မကစားချင်ပါဘူး” 
“ဘာဖြစ်လို့လဲ”
“ငါကတော့ ဘာမှ မဖြစ်ပါဘူး။ နင်ကတော့ ငါ့ကို မခင်ညွန့်လို အောက်မေ့လို့လား ဟင်။ ငါ့ကို စိတ်နာသလား။ အခုတလော ငါ့ကိုတောင် စာမပြတော့ဘူး။ နင် မပြချင်ရင် နေနိုင် ပါတယ်ဟယ်။ နောက်လဲ ပြရမှာ မဟုတ်ပါဘူး” 

အမာကြည်သည် သာမန်အားဖြင့် အာသွက် လျှာသွက် မဟုတ်ချေ။ သို့သော် သူ့ရင်ထဲ၌ မကျေနပ်သည့် အချက်များ ရှိနေ၍ သူ့ရင်ထဲမှ စကားများ ပွင့်ထွက်လာသည်။ 

“ငါက နင့်ကို စိတ်မနာပါဘူးဟယ်။ နင်ကသာ ငါ့ကို စိတ်နာမလားလို့။ ငါ နင့်ကိုနောက် ဘယ်တော့မှ မရိုက်ပါဘူး” 
“ရိုက်ချင် ရိုက်ပါဟယ်၊ ငါ စိတ်မဆိုးပါဘူး။ နင်က ငါ့ကို မရိုက်ပဲ ဒီ့ပြင် ကောင်ကလေးတွေ ကိုသာ မဲပြီးရိုက်နေတော့ ငါ စိတ်မကောင်းပါဘူး။ နင်က ဒို့ဆရာပါ။ ရိုက်နိုင်ပါတယ်။ နောက်ကို ရိုက်ပါနော်” 
“ငါရိုက်တာ နာသလား။ စိတ်မဆိုးနဲ့နော်။ ရိုက်တာ မကောင်းပါဘူး။ နင့်လဲငါ မရိုက်ပါဘူး။ တခြား ကောင်ကလေးတွေကိုလဲ ငါ မရိုက်တော့ပါဘူး။ ဒါပေမယ့် နင်က နောက်ကို ငါ စာမပြရတော့ဘူး ဆိုတာက ဘာလဲ။ ငါ့အတန်းမှာ မနေချင်ဘူးလား” 
“နေချင်ပါတယ်။ ဒါပေမယ့် အဖေက မအူပင်ကို ပြောင်းရတော့မယ်တဲ့”
“ဟင်၊ ဒါဖြင့် နင်လဲ မခင်ညွန့်တို့လို ကျောင်းထွက်ရအုံးမှာပေါ့” 
“အေး” 
 
အမာကြည်က “အေး” ဟု ဆိုပေမယ့် မောင်မင်းဟန်ကလေးမှာ ရင်ပူလာပါသည်။ 

“နင်တို့က မြို့ကြီး ပြကြီးတွေ ရောက်ရမှာမို့ ပျော်နေမှာပေါ့” 
“ပျော်ပါဘူးကွယ်။ ငါက နင်တို့ မြို့ကလေးကို ခင်ပါတယ်” 
“တော်တော်ကြာတော့ ဒို့မြို့ကို မေ့မှာပါ။ ဒို့ကိုတောင် သတိရမှာ မဟုတ်ပါဘူး” 
“အမယ်၊ ဒီလို မပြောပါနဲ့ဟယ်။ နင်ကသာ ဒို့ကို မေ့မှာပါ။ ငါလဲ ကြားပါတယ်။ နင် အခု ပညာဝန် ပြန်သွားရင် လေးတန်း အောင်လက်မှတ် ရတော့မယ် မဟုတ်လား” 
“အေး၊ အဲဒါ ဘာဖြစ်သလဲ” 
“နင် လေးတန်းအောင်ရင် နင့်အဖေက ပုသိန်မှာ အင်္ဂလိပ်ကျောင်း ထားပေးမယ်လို့ ကြားတယ်” 
“အေး၊ အဲဒါ ဘာဖြစ်သေးသလဲ” 
“ပုသိန်ရောက်တော့ နင်လဲ ငါ့ကို မေ့ရောပေါ့” 
“ဟင့်အင်း၊ မမေ့ပါဘူး။ ဘယ်တော့မှ မမေ့ပါဘူး” 

* * *

ဦးမင်းဟန်သည် အမာကြည့်ကို မမေ့ပါ။ 

သူသည် ယခုအခါ ဘောဂဗလ စက်ပိုင်ရှင် ဦးမင်းဟန် ဟူ၍ သူနေထိုင်ရာ မြို့ဝယ် ကျော်စောကိတ္တိ ရှိနေသူတဦး ဖြစ်ပါသည်။ စက်သဌေးကတော် ဒေါ်စိန်ညွန့်နှင့် အလှူရေစက် လက်နှင့်မကွာ ကြည်ဖြူစွာ ပေါင်းသင်း နေထိုင်ခဲ့ရာ ယခုအခါ သမီးအကြီးကပင်လျှင် ဆယ်နှစ်အရွယ် ရောက်နေပြီ။ သားသမီး သုံးယောက် ထွန်းကားရာ အငယ်နှင့် အလတ်မှာ ယောက်ျားကလေးများသာ ဖြစ်ကြသည်။ 

ယခု သူ့အသက် လေးဆယ်ကျော်ပါပြီ။ သို့သော် သူသည် ကွယ်လွန်သူ ဆရာကြီး ဦးချစ်ပန်း၏ နေအိမ်ရှေ့မှ ဖြတ်၍ စက်ဝင်း အတွင်းသို့ ဆင်းလာတိုင်းလာတိုင်း သူနှင့် အမာကြည်တို့ ဆဲ့နှစ်ရာသီပင်ကြီး အောက်တွင် စကား ပြောဆိုခဲ့ကြသည်ကို အမှတ်ရနေပေသည်။ စင်စစ် ဦးမင်းဟန်သည် ပုသိန် အထက်တန်းကျောင်း၌ စာသင် နေစဉ်တွင်လည်း အမာကြည်ကို မမေ့။ ကောလိပ်ကျောင်းသို့ ရောက်သည့်အခါ၌လည်း အမာကြည်ကို လွမ်းဆွတ်မိသလိုလို။ မိဖတို့က လယ်ယာချောင်းမြောင်းတို့ကို အုပ်ချုပ်စီမံရန် ကောလိပ်ကျောင်းမှ ထုတ်၍ မိန်းမပေးစားသည့် အချိန်အထိ အမာကြည်ကို တမ်းတမိသည်။ နောက်၌ သမီးဦးကလေး ဆယ်နှစ်အရွယ် ရောက်လာသည့်တိုင်အောင် အမာကြည်ကို မမေ့သေး။ 

အမာကြည်ကို မောင်မင်းဟန်က ကလေးချစ် ချစ်ခဲ့ရသည်။ သို့သော် ထိုစဉ်က တဦးနှင့်တဦး ရေစက်ဆုံကြသည်မှာ ဧည့်သည်ပမာတမျှသာ ဖြစ်သည်။ တဦးနှင့်တဦး မည်သို့မျှလည်း အဆက် မရခဲ့ကြ။ အကယ်၍များ လူပျိုဖျန်းအရွယ် လူမှန်းသူမှန်း သိတတ်သော အရွယ်၌ အမာကြည်နှင့် ချစ်မိကြလျှင်- 

ဦးမင်းဟန်သည် စက်သဌေးကတော် ဒေါ်စိန်ညွှန့်ကို မြင်မိသဖြင့် ထိုအတွေးကို ဆက်လက် မတွေးဝံ့။ သို့သော် ဒေါ်စိန်ညွန့်နှင့်အတူ ပါလာသော မိန်းမ ဝဝ ပြဲပြဲတဦးကိုမူ အကဲခတ် ကြည့်မိသည်။ 

“ကိုကို၊ ဟောဒီမှာ တောအုပ်ကြီး ဦးသာဒင်ရဲ့သမီး အမာကြည်ဘဲ။ ကျမတို့ ခရမ်းမှာ နေတုန်းက အသိ ဖြစ်ခဲ့တယ်” 

ဒေါ်စိန်ညွှန့်က ဦးမင်းဟန်အား ဤသို့ အမာကြည်နှင့် မိတ်ဆက်ပေးသည်။ 

“ဒီနာမယ် ကြားဘူးပါတယ်” 
“ဟုတ်ကဲ့ စက်သဌေးမင်းရဲ့။ ကြားဘူးမလားတော့ မပြောတတ်ဖူး။ ကျမက လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက်က ဒီမြို့မှာ နေဘူးပါတယ်။ ကျမအဖေက တောအုပ်ကြီးပါရှင့်” 
“အော် ဟုတ်လား။ ကျွန်တော် ခုမှ သတိရသဗျို့။ ကျွန်တော် ကျောင်းနေတုန်းက တောအုပ်ကြီးသမီး အမာကြည် ဆိုတာ ကျွန်တော်တို့နဲ့ အတူတူဘဲ” 
“ဘယ်ကျောင်းမှာပါလဲ ရှင်” 
“ဆရာကြီး ဦးချစ်ပန်းရဲ့ ကျောင်းလေ”
“ဟုတ်မှာပါဘဲရှင်။ ကျမလဲ ဒီမြို့ကကျောင်းမှာ တနှစ်လောက် နေဘူးပါတယ်။ ဒါပေမယ့် ဟိုတုန်းက ခပ်ငယ်ငယ်မို့ ကောင်းကောင်း မမှတ်မိပါဘူး” 
“ဟုတ်မှာပေါ့လေ။ ခင်ဗျားနဲ့ ကစားဖော် ကစားဖက်တွေကိုကော ဘယ်သူ့ မှတ်မိသေးသလဲ”
“ကျမတော့ မှတ်မိသမျှ ရေးတေးတေးပါဘဲ” 
“ကျုပ်ကိုကော မမှတ်မိဘူးလား၊ မင်းဟန် ဆိုတာလေ” 
“ဗြုန်းကနဲတော့ ဇဝေဇဝါ ဖြစ်နေတာဘဲ” 
“ကျုပ်ကတော့ စတုတ္ထတန်းက ဆင်းပြီး ဒုတိယတန်းကို စာပြတဲ့အခါ အဲဒီ အမာကြည် တယောက်ကိုတော့ အတွက်သင်ပေးရလို့ မှတ်မိပါတယ်။ အဲဒီ အမာကြည် ဆိုတာ ခင်ဗျားဘဲလား မပြောတတ်ဖူး” 
“ကျမဘဲ ဖြစ်ချင် ဖြစ်မှာပါဘဲ။ ငယ်ငယ်ကလေးက ရောက်ခဲ့ပြီး အခုလို အနှစ်သုံးဆယ်လောက်မှ တခါ ပြန်ရောက်ရတာမို့ ကောင်းကောင်းတော့ မမှတ်မိဘူး” 

ဦးမင်းဟန်သည် ဒေါ်အမာကြည်ကို ကြည့်ရင်း ဆရစ်ဝိုင်းကလေးနှင့် မျက်လုံးဝန်းဝန်း ပါးစုံ့ထွက်ထွက် အမာကြည် ဆိုသော ကောင်မကလေးကို ရှာမိ၏။ မတွေ့ချေ။ တင်ဆုံကားကား ပြဲပြဲဝဝ ဒေါ်အမာကြည်ကိုသာ မြင်နေရသည်။ အသား အနည်းငယ် ဖြူသည်ကိုပင် အမာကြည်ဟု ခေါ်ဆိုရမည်လော မသိချေ။ 

“နို့ နေပါအုံးဗျာ၊ မသိလို့ မေးပါရစေ။ တယောက်ထဲဘဲလား” ဟု ဦးမင်းဟန်က ဒေါ်အမာကြည်ကို မေးလိုက်သည်။ 

ဒေါ်စိန်ညွန့်က အလိုက်သိစွာဖြင့် ကြားက ဝင်၍ ဖြေသည်။ 

“သူက အပျိုကြီးရှင့်။ ကိုကိုနဲ့ ကျမတို့ လက်မထပ်ခင် ကထဲက သူ့မှာ လွတ်လွတ်လပ်လပ် ဘဝနဲ့ ပျော်နေခဲ့တာဘဲ”

ထိုအခါ ‌ဒေါ်အမာကြည်လည်း ယခင်ကထက် ပိုမို ရင်းနှီးလာ‌သော အသွင်ကို ‌ဆောင်‌လေ‌တော့သည်။ 

“ကျမ‌တော့ လင်စိတ် သားစိတ် မကူးပါဘူးရှင်။ လွတ်လပ်တဲ့ သဘာဝကိုပဲ ကြိုက်ပါတယ်။ ကျမ ဒီမြို့မှာ ဆိုရင်လဲ ဘယ်သူ့မှ မမှတ်မိ‌တော့ပါဘူး။ အဲ၊ ကျောင်း‌နေတုန်းက ‌ကျောင်း‌ရှေ့က ဆဲ့နှစ်ရာသီပင်ကြီး ကို‌တော့ တခါတခါ ပြန်‌တွေးလိုက်ရင် သတိရတယ် ” 

ဒေါ်အမာကြည်က ဤသို့ ‌ပြောလိုက်‌သော အခါ ဦးမင်းဟန်သည် သူထိုင်‌နေ‌သော ကုလားထိုင်မှ ‌ငေါက်ကနဲ ထလိုက်သည်။ 

“ဟေ့၊ ဟေ့ ညွန့်ရဲ့။ ဟုတ်ပါပြီကွယ့်။ သူကသာ ‌မောင့်ကို မမှတ်မိတာ။ ‌မောင် အခု သတိရပြီ။ အမာကြည် ဆိုတာ သူပါဘဲ။ ဟုတ်ပါတယ်။ လက်စသတ်‌တော့ ကျုပ်တို့ ကျောင်း‌ နေဖက် သူငယ်ချင်း‌တွေဘဲ။ အနှစ်သုံးဆယ်‌လောက် ကွဲပြီးမှ အခု ပြန်‌တွေ့ရ‌တော့တယ်။ ခုဒီမှာ တည်းမယ် မဟုတ်လား။ ‌ကောင်းပါတယ်ဗျာ။ ‌တွေ့ရတာ ဝမ်းသာပါတယ်။ ကိုယ့်အိမ်လို သ‌ဘောထားပြီး ‌နေပါဗျာ။ ညွန့်‌ရေ အဲဒါ ဒို့သူငယ်ချင်းဘဲဟ။ ပြုစုပါကွယ်။ လို‌လေ‌သေး မရှိ‌အောင်။ ဝမ်းသာလိုက်တာဗျာ ‌တွေ့ရတာ။” 

* * * 

ဦးမင်းဟန်သည် ကုန်သည်တို့ သဘာဝ လောကွတ်စကားဖြင့် ဝမ်းသာပါတယ်ဟု ပြောလိုက်စေကာမူ သူတကယ် ဝမ်းသာသည်ဟု ကျွန်ုပ်တို့ အတပ် မစွဲနိုင်။ အဘယ့်‌ကြောင့် ဟူမူ သူ့ရင်တွင်း၌ကား အောက်ပါအတိုင်း မြည်တမ်း‌နေ‌သော‌ကြောင့် ဖြစ်သည်။ 

“ငါ့နှယ်ကွယ်၊ သင်း ဒီလိုသာ ဝဝပြဲပြဲ ဖိုင့်ဖိုင့်ကြီးမှန်း သိရင် ငါဟိုတုန်းက ဒီ‌လောက် စွဲမိမှာ မဟုတ်ပါဘူး။ အော် ဖြစ်မှ ဖြစ်ရ‌လေ ဟိုတုံးက အမာကြည်ကို ချစ်မိတာ ဘာကို ချစ်မိတာပါလိမ့်။” 

⬛H⬛
မောင်ထင်
၁၉၅၄။

Crd.