ဟိုး…… ငယ်ငယ်တုန်းက ရွှေမန်းတင်မောင်-ရဲ့ မောင်မှူးပြဇာတ်ကို အသံချဲ့စက်ကနေ ခဏခဏနားထောင်ခဲ့ဖူးတယ်..။
အဲဒီပြဇာတ်မှာ မောင်မှူး-ကို သူ့အစ်မဖြစ်သူက “ဒီလိုလူမျိုးကို သေမင်းက ခေါ်ကိုမခေါ်နိုင်ဘူး……။ မြွေဆိုးများကလည်း မကိုက်ကြဘူး။ သေမင်းရယ် ဒီလိုလူမျိုးကို မြန်မြန်ခေါ်ပါ……”စသည်ဖြင့် ကျိန်ဆဲတာကိုကြားရပြီး လူတွေဘာကြောင့်များ ကျိန်ကြတာလဲ…? ကျိန်စာတိုက်ကြတာလဲ…? ကျိန်စာဆိုတာ ဘယ်တုန်းက စတင်ခဲ့တာလဲ?ဆိုပြီး စိတ်၀င်စားခဲ့ပါတယ်..။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်-ရောက်တော့ အဲဒီမှာ ပုဂံခေတ်ကျောက်စာတွေအကြောင်းကို သင်ယူခဲ့ရတဲ့အချိန်မှာ ပုဂံခေတ်ကုသိုလ်ရှင်တွေရဲ့ ကျိန်စာတိုက်ပုံတွေကိုတွေ့ရပြီး ငယ်ငယ်တုန်းက ကျိန်စာသမိုင်းကို စိတ်၀င်စားခဲ့တာဟာ ပြန်လည်ရှင်သန်လာခဲ့တယ်။ ဒါနဲ့ပဲ ကျိန်စာတွေကို လေ့လာခဲ့မိပါတယ်။
ဒီနေရာမှာ အိုပြည်စုံသင်-ကျိန်ခဲ့တာကလည်း စိတ်၀င်စားစရာ ကောင်းလှပါတယ်။ သူက- “ဤငါလွှတ်သောကျွန်ကို အဆွေအမျိုးဟူ၍ နှိပ်စက်ရစ်မူကား ငရဲ အပါယ်လေးပါးသောအား ကျက်စေသတည်းနောက်အား သားမြေးတော်သောသူတို့တည်း ဖျက်ဆီးရစ်၏ဟူမူကား ဘုန်းမကြီးစေ အသက်မရှည်စေ အ၀စိလျှင်ကျက်စေသတည်း ဤအားဖျက်သောသူကား ငါ့လင်မျိုးလည်းကောင်း ငါ့မျိုးလည်းကောင်း ငရဲအ၀စိကို ကျက်စေသောတည်း”ဟူ၍ ကျိန်ဆိုခဲ့သည်ကို တွေ့ရပါသည်။ အိုပြည်စုံသင်-သည် မိမိတို့မရှိသောအခါ၌ ဆွေမျိုးများမှ ကျွန်များကို နှိပ်စက်မည်စိုးသောကြောင့် “ငါ့မောင် င့ါတူ ငါ့သား”စသော စကားလုံးများဖြင့် အန္တရာယ်မှကာကွယ်ပေးခဲ့သည်ကို တွေ့မြင်ရပါသည်။
နောက်တစ်ခုထူးခြားချက်မှာ ယနေ့ခေတ်အစိုးရသာ သမိုင်းကိုဖျက်ဆီးသည်မဟုတ်၊ ထိုခေတ်ဘုရင်များသည်လည်း ရှေးဘုရင်တို့၏ အဆောက်အဦ သမိုင်းစသည်တို့ကို ဖျက်ဆီးတတ်သောကြောင့် ထိုဘုရင်တို့အနေဖြင့် ကျွန်ကိုသော်လည်းကောင်း၊ စေတီကိုသော်လည်းကောင်း နှောင့်ယှက်မည်ကို ကြိုတင်မြင်သောကြောင့် ထိုအပိုင်းတွင်လည်း မလစ်ဟင်းစေရန် ကျိန်စာဆိုခဲ့သည်ကို ထပ်မံတွေ့မြင်ရမည် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းကန်ဘုရားစေတီတို့၏ ၀တ္တကမြေများကို အခွန်ထုတ်ကောက်ယူခြင်းပြုမည့် ဘေးမှကာကွယ်ရန်လည်း သူ့ကျိန်စာတွင် ထည့်သွင်းဆိုခဲ့သည်ကို တွေ့မြင်ရပါသည်။
တစ်ခါတစ်ရံတွင် မိမိ၏အလှူကို မနာလိုမရှုစိမ့်သူများရှိသဖြင့် ထိုလူယုတ်မာများ၏ ဖျက်ဆီးခြင်းမှကင်းဝေးစေရန် ကျိန်စာတိုက်ပုံကိုလည်း သက္ကရာဇ် ၁၂၄၀-ပြည့်တွင် ဘုရားကြီးတစ်ဆူတွင် ကျွန်ငါးယောက်လှူခဲ့သော ငစွယ်သင်-ဟူသော သူကြွယ်တစ်ယောက်၏ ကျောက်စာတွင်တွေ့မြင်နိုင်ပါသည်။ ထိုကျောက်စာတွင် “ငမိတ္တာ နင်တေဖျက်မူကား ငါကျိန်တိုင်ရောက်စေသတေ”ဟု ရေးထိုး၍ မိမိအကျိုးကိုမလိုလားသူ ငမိတ္တာ-၏ နှောင့်ယှက်မှုဘေးကို ကာကွယ်ခဲ့ပါသည်။
ပုဂံခေတ်တွင် အကျိန်များသောကျိန်စာကား “အဘုန်းမကြီး အသက်မရှည်စေသတည်း။ ငရဲအ၀စိအား ကျက်စေ၏။
ဘုန်းမကြီးစေ အသက်မရှည်စေ ဘုရားအဖြစ်ဖြစ်လည်း အဖူးရစေ ဖျက်ဆီရစ်သောသူကား အအောက်၊ မြေကြီးကားအထက် အ၀စိထဲ ငရဲလျှင် ကျက်စေသတည်း။ လာလတ်အံ့သောဘုရားအဖြစ်ဖြစ်လျှင် အဖူးရစေသတည်း”ဟူ၍ဖြစ်ပါသည်။
တိုတိုလေးနှင့်ထိထိမိမိကျိန်ဆိုသော ကျိန်စာမှာ အိန်ရောက်သင်-၏ “ဤငါ့အလှူကို ဖျက်ဆီးသသူကား စားချင်လျက် မစားရတတ် သောက်ချင်လျက် မသောက်ရတတ်စေသတည်း။ ကမ္ဘာလျှင် လောင်သောခဲ့လည်း မလောင်ရာသော ကမ္ဘာတစ်ပါးသို့လား၍ မြေကြီးအထဲ ငရဲခံစေ ကျက်စေလေသတည်း”ဟူသော ကျိန်စာဖြစ်ပါသည်။
တစ်ခါတစ်ရံ၌မူ မြတ်ဗုဒ္ဓလက်ထက်တော်တွင် မြေမြိုခံခဲ့ရသော အရှင်ဒေ၀ဒတ်ကို ဥပမာပေး၍ “အလှူကိုလုယက်ဖျက်ဆီးသောသူကား ဤလူလက်ထက်လည်း အပြစ်ရှစ်ပါး ရောက်စေသတည်း။ ခန္ဓာပျက်၍ သေခဲ့သောလည်း သိဉ္ဇိုးမည်သောငရဲ ကာလသုတ်ငရဲ တာပနငရဲ ပတာပနငရဲ သင်္ဃာတငရဲ ရောရု၀ငရဲ မဟာရောရု၀ငရဲ အဝီစိငရဲ ဤသို့သောငရဲတို့၌လည်း ဒေ၀ဒတ်ခံ၏။ ဒေ၀ဒတ်ခံသောထက် အဆအရာ အဆအထောင် အဆအသောင်း အဆအသိန်း တပြောင်းပြန်ပြန် ခံစေသတည်း။ ငါ့မြေကိုစားသောယောကျာ်းလည်းကောင်း မိန်းမလည်းကောင်း သေခဲ့သော် အထုလည်း အရက်ခြောက်ဆယ်သွားသော ကျောက်ဖျာကြီးတွင် ခါး၍နစ်လျက် ရေလည်းမရ အစာလည်းမရ လျှာငါးလံထွက်လျက် ခံစေသတည်း”ဟု ကျိန်စာတိုက်ခဲ့သည်ကို အနန္တသူဇနီးကျောက်စာတွင် တွေ့မြင်ခဲ့ရပါသည်။
အထက်ပါကျိန်စာကိုကြည့်၍ အံ့သြမိပါသည်။ မိမိတို့ယနေ့ခေတ်လူများပင် မကျိန်နိုင်လောက်သောစကားလုံးမျိုးဖြင့် ကျိန်ခဲ့သည်။ ကျောက်ဖျာကြီးတွင် ခါးနစ်ကာ အစာရေစာမရဘဲ လျှာငါးလံထွက်ကာ ခံရပါစေ-ဟူသောစကားလုံးသည် အတော်ပင် ရသမြောက်သောစကားလုံးဖြစ်ပါသည်။ သို့သော် ကျိန်စာဖြစ်နေသည်မို့ ခက်ပါ၏။
ထို့နောက်တဖန် ပြိတ္တာကိုပမာထား၍ ကျိန်ခဲ့သည်ကိုမူ “ဖျက်ဆီးကုန်ရစ်သသူကား မြေပုံလုံးမျှသော ဘုရားတို့ ချွတ်၍ မကျွတ်ပါသော လူပြိတ္တာလျှင် ဖြစ်စေသတည်။ အကမ္ဘာသော ဘုရားလည်းမဖူး အပြစ်ရှစ်ပါးရောက်စေသည်း”ဟူသောစကားရပ်၌ တွေ့ခဲ့ရပါသည်။ အပြစ်ရှစ်ပါးဟူသည် မြေမြိုခြင်း မိုးကြိုးဒဏ်ထိခြင်း မီးလောင်ခြင်းစသော အပြစ်ရှစ်ပါးဖြစ်ပါသည်။
မကြိုက်သင့်မှန်းသိလျက် မိမိကြိုက်နှစ်သက်ခဲ့သောကျိန်စာကား ညောင်ရမ်းကြီးသမီး၏ ကျိန်စာပင်ဖြစ်ပါသည်။ မြောက်ဘက်အခြမ်းတွင် “ကျွန်တစ်ယောက် လယ်တစ်ပယ်သောကိုတည်း ငါ့ဆွေတွင်ကျင်လည်းကောင်း ငါ့သခင်မင်း၏ အဆွေတွင်လည်းကောင်း ပြင်သူလည်းကောင်း ရဟန်းလည်းကောင်း လူလည်းကောင်း မိန်းမလည်းကောင်း ယောကျာ်းလည်းကောင်း လုစားလတ်သော နိုင်ထက်မူလတ်သောသူကား လူတွင် ဘုန်းမကြီးစေ အသက်မရှည်စေသတည်း။ မင်းကြီးဘေးဘယာဒဏ်ကြီး သင့်စေသတည်း။ မီးဘေး ရေဘေး မိုးကြိုးပုဆိန်ဘေး ဆင်ဘေး မြင်းဘေး မြွေဘေး သစ်ကျားလဝံဘေး သမားကု၍မတတ်ရာသော အနာဘေး ကြီးစွာစွာလျှင် သင့်၍ ဖတ္တလတ်(လက်တလော)သေစေသတည်း။ သွေးခဲအန်၍ သေစေသတည်း။ သေသောလည်း အဝိစိမည်သော ငရဲကြီးလျှင် ကျက်စေသတည်း။ ဘုရားအဖြစ်ဖြစ်လည်း အဖူးရစေသတည်း။ ကြမ္မာအား လူဖြစ်ငြားတုံသော်လည်း နူသော ဝဲသော ကီသော ကန်သော နာပင်းသော အသော ရူးသော တုံလှီသော ခြိယ်လက်တိုသော နားနှာခေါင်းတိုသော ပုဆိုးခြမ်း လည်လျှင်ပတ်၍ ဖုန်းစားသော်လည်း မစားရတတ်သော လူတွင်သူမခံသော ကြမ္မာခံသော လူပြိတ္တာလျှင် ဖြစ်စေသတည်း။ မြေကြီးကမ္ဘာကား အထက် အယင်းလုစားသောသူကား အောက်ဖြစ်စေသတည်း”ဟု ရေးထိုးထားပါသည်။
ထို့နောက် တွေ့ရသောစိတ်၀င်စားဖွယ် ကျိန်စာများမှာ-
သင်ငနှစ်လိုသင်-၏ “အဆွေအဝါး သူကြီးသူတစ်ပါး ဖျက်ဆီးတည်းဟူမူကား အ၀စိကားအထက် အယင်းတို့ကားအအောက် ကျက်စေသောတည်း။ မြေပုံလုံးမျှမက သူမခံသောကြမ္မာ အယင်းတို့ခံစေသောတည်း။ အယင်းတို့ စားသောထမင်းဟင်း၊ သောက်သောရေ အယင်းတို့ကိုယ်အား အဆိပ်ဖြစ်၍ ကြေစေသောတည်း။ အယင်းတို့၀တ်သောပုဆိုး ရွှေငွေတန်ဆာ။ အယင်းတို့ကိုယ်လျှင် အဆိပ်ဖြစ်၍ ကြေစေသောတည်း”ဟူသော ကျိန်စာ….
မဟာဓီး-၏ “ကမ္ဘာလေဖျက်သောခါ မြေကြီးတောင်တော်ခပင်း မုန့်မုန့်ညက်ညက် ပျက်စီးသို့ ပျက်စီးစေသတည်း။ ဆောက်တည်ရာမရ ဖြစ်စေကုန်သတည်း။”ဟူသော ပညာသားပါသည့်ကျိန်စာ။ အဘယ့်ကြောင့်ဆိုသော ‘ဆောက်တည်ရာမရ’ဟု သုံးနှုန်းထားသောကြောင့်ဖြစ်ပါသည်။
ဥန်သင်စသူ-တို့၏ “ငါတို့ သွန်းသော ရေပူရေချမ်းခန်းသကဲ့သို့ ခွဲသောကရား ကွဲသကဲ့သို့ ကွဲစေသော။ ရေသို့ ခန်းစေသော”ဟူသော ကြောက်မက်ဖွယ်ကျိန်စာများ တိုတိုလေးနှင့်ထိထိမိမိ ကျိန်သွားခဲ့သည်ကို တွေ့မြင်ရပါသည်။
သီရိ၀ဍ္ဎနာအမတ်ကြီးကမူ- “ဤငါကောင်းမှုကို ဖျက်ဆီးသသူကား ညောင်ဦးကမ်းပါး စသော သိရီပစ္စယာတိုင်အောင် မြေပုံအလုံးလျှင် ကြုံးမကလျှင် ဘုရားဖြစ်စေ၊ ထိုသို့သောဘုရား၌ ချမ်းသာဟူသည် နားဖြင့်လျှင်မကြားစေသတည်း။ အဝိစိမည်သော ငရဲကြီး၌လျှင် သံသရာ၏ သစ်ငုတ်လျှင် ဖြစ်စေသတည်း”ဟု ထူးခြားစွာ ကျိန်ဆိုခဲ့ပါသည်။ စေ့စေ့တွေးကြည့်လေ ကြောက်စရာကောင်းလေဖြစ်သော ကျိန်စာပင် ဖြစ်ပါသည်။
သိင်္ဃသူသမီးကလည်း “ဖျက်ဆီးသောသူကား အဝိစိမည်သော ငရဲကြီးရှစ်ထပ်၊ ငရဲ၁၀၀ အမြတ်လျှင် ခံစေသတည်း။ ညောင်ဦးစသော သရေပစ္စယာတိုင်အောင် သံပုံအလုံးအတိုင်းလျှင် ခံစေသတည်း”ဟု ကျိန်ဆိုခဲ့ပါသည်။
ထိုကျိန်စာများကို စနစ်တကျလေ့လာကြည့်သော အလှူရှင်များသည် အလိုဆိုးဖြင့် ကျိန်ဆိုခဲ့သည်မဟုတ်ဘဲ မိမိတို့ကုသိုလ်ကောင်းမှုကို မသမာသူလူယုတ်မာတို့ ဖျက်ဆီးပစ်မည်ကို စိုးရိမ်သောကြောင့်သာ ကျိန်ဆိုခဲ့ကြခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ အပရစေတနာ-ချွတ်ယွင်းသည်ဟု ဆိုချင်ဆို၍ရသော်လည်း စေတနာထက်သန်သောကြောင့်သာ အလှူများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါသည်။
မှာကြားချက်// ကျောက်စာအရေးအသားများကို ကျောက်စာမူရင်းအတိုင်းပြချင်သော်လည်း စာဖတ်သူပရိသတ်တို့ အခက်အခဲဖြစ်မည်စိုး၍ အတက်နိုင်ဆုံး ဆီလျှော်အောင်ပြန်ဆိုခဲ့ပါသည်။ ပုံမှန်အားဖြင့် ကျောက်စာတစ်ခုကို လေ့လာပြီးသည်နှင့် သမိုင်းအမြင်,သုတအမြင်,ရသအမြင်,သင်္ခန်းစာယူစရာအမြင်,ကိုယ်ပိုင်ရှုထောင့်-ဟူ၍ အပိုင်း(၅)ပိုင်းခွဲ၍ သုံးသပ်တင်ပြသင့်သော်လည်း အချိန်နည်းပါးသဖြင့် ယခုကဲ့သို့ အကျဉ်းတင်ပြခြင်းအား ခွင့်လွှတ်နားလည်းပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ။ ။
မူရင်းတင်ပြသူ
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
10.12.2012
ခရက်ဒစ်
ပုဂံကျိန်စာများ
--------------------
မကြာခင်က ပုဂံ ဘုရားတချို့ကို မသမာသူတွေကဖျက်လိုဖျက်စီးပြုကြတာကို စိတ်မကောင်းဖွယ်ရာကြားသိရပါသည်။
ပုဂံသည် မြန်မာတို့၏ နှလုံးသည်းပွတ် ပင်ဖြစ်သည်။
နှလုံးသားတစ်ခုလုံး ဆွဲထုတ်သွားသလို ခံစားခဲ့ရသည်။
ဒါကြောင့်မို့ ပုဂံခေတ်အလှူတွေရဲ့ဆုတောင်းနှင့်ကျိန်စာတွေကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါသည်။။
ဖုန်းမြင့်။
ကိုးကား။မင်းဆွေ(ရှေး/သု)၏ ပုဂံခေတ်အလှုဆိုင်ရာ ဆုတောင်းနှင့်ကျိန်စာများ။
ခရက်ဒစ်
