အားနေရင် ဈေးဝယ်ထွက်ချင်နေတဲ့စိတ်ကို အရင်ပြုပြင်ပါ။
🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳

ခြင်းတောင်းအပြည့်ဈေးဝယ်လာပြီး လိုအပ်တာတွေရလာလို့ စိတ်ပျော်ရွှင်ရပေမယ့် တခါတလေ ငွေတွေအရမ်းကုန်သွားလို့ ဝယ်ပြီးမှ စိတ်ဆင်းရဲနေရတဲ့ အခါတွေလည်း လူအားလုံးမှာ ရှိတတ်ကြပါတယ် ။

ခြင်းထဲက ပစ္စည်းတွေကိုပြန်ကြည့်ပါ ။ တခါတလေ မဝယ်လည်းရတဲ့ပစ္စည်းတွေ ပါလာတတ်ပါတယ် ။

တချို့ပစ္စည်းတွေက အိမ်မှာအရင်ထဲက ရှိပြီးသားပစ္စည်းတွေလည်း
ဖြစ်နေတတ်ပါတယ် ။

လိုရမယ်ရဝယ်ထားလိုက်ပြီး ဝယ်ပြီး(၆)လတစ်နှစ်အထိ မသုံးရတဲ့ပစ္စည်းတွေလည်း ဖြစ်နေတတ်ပါတယ် ။

ဒါ့ကြောင့် market placeတွေ ပေါများလွန်းတဲ့ခေတ်မှာ လိုအပ်တဲ့အရာကိုပဲ ဝယ်ပါ ။

ခြင်းတောင်းတလုံးနဲ့ ပတ်ကြည့်နေပြီး ဝယ်ချင်တာကို ကောက်ထည့်ပြီး မိမိစိတ်နောက် ငွေလိုက်သွားတာမျိုးတွေကိုရှောင်ရှားပါ ။

သင်ခြင်းတောင်းအပြည့်နဲ့ ဝယ်လာတာကို သင့်ကိုယ်သင် ဂုဏ်ယူနိုင်ပေမယ့် နောင်တချိန်မှာ ငွေမစုမိခဲ့လို့ ဆင်းရဲဒုက္ခရောက်နေချိန်မှာ
သင့်ဘေးမှာ ဘယ်သူမှ ရှိမနေနိုင်ပါဘူး ။

ချက်ပြီးသားတွေရှိလျက်နဲ့
အပြင်ထွက်စားခြင်းကို တတ်နိုင်သမျှလျှော့ပါ ။
🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳

တခါတလေ အိမ်မှာဟင်းတွေအများအပြား ချက်ထားပေမယ့်
မစားချင်တော့လို့ အပြင်ထွက်စားကြတာမျိုး ရှိတတ်ကြပါတယ် ။

အပြင်အစားအစာတွေဟာ စားကောင်းတယ် ။အနံ့အရသာအိမ်မှာနဲ့မတူဘူး ။ ဇိမ်ရှိရှိစားနိုင်တယ် ။စားရတာပျော်စရာကောင်းတယ်။

ဟုတ်ကဲ့ ဒါပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့ ဒါဟာ ပိုက်ဆံဖြုန်းတီးတာ သက်သက်ဖြစ်သွားပါတယ် ။

အပြင်မှာစားမယ့် အစီအစဉ်ရှိရင် အိမ်မှာမချက်ပါနဲ့ ။ နေ့စဉ်နဲ့အမျှ လွှင့်ပစ်ရတဲ့ဟင်းတွေ ရေခဲသေတ္တာထဲကနေ date ကုန်လို့ အမှိုက်ပုံးထဲရောက်သွားတဲ့ အစားအစာတွေဟာ ပိုက်ဆံနဲ့ဝယ်ယူထားရတာတွေပါ ။

ဒါ့ကြောင့်' ဥစ္စာပြို စားဖိုက'တဲ့
ရှေးစကားပုံတောင် ရှိပါတယ် ။

အားမနာပါနဲ့ ။
🔳🔳🔳🔳

လူတချို့ကို အားမနာပါနဲ့ ။မိမိကုန်သွားမယ့် ပိုက်ဆံတွေဟာ တကယ့်မိတ်ဆွေတွေအတွက် ကုန်သင့်လို့ ကုန်တာလား မကုန်သင့်တဲ့လူတွေကို အားနာပါးနာနဲ့ကုန်ရမှာလား အမြဲတွေးပါ ။

သင်ဟာ ဘီလီယံနာ တစ်ဦးမဟုတ်တဲ့အတွက် တွေ့သမျှလူတွေ ကြုံသမျှကိစ္စ မြင်သမျှအရာရာအတွက် သင်ကပဲအကုန်ခံနေစရာမလိုအပ်ပါဘူး ။

မိတ်ဆွေကောင်းတွေအတွက် သာရေးနာရေးဟာ မသွားမဖြစ်ကူညီရပါမယ်။ ဒါပေမယ့် အားနေလို့ အလကားထထလုပ်နေတဲ့
မွေးနေ့ပွဲတွေ တခါမှမကြားဖူးတဲ့လူတွေရဲ့ မင်္ဂလာဆောင်တွေ
ဘာမှန်းမသိတဲ့အလှူခံတွေ အတွက် သင်ကူညီနေရမယ်ဆိုတော့
သင်ငွေစုမိမှာ မဟုတ်ပါဘူး ။

နောက်.....ကတိမတည်တဲ့လူတွေရဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အလွယ်တကူငွေချေးမိတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။

ဒါကြောင့် အရာရာကိုသိပ်အားမနာပါနဲ့ ။

အရည်မရ အဖက်မရအရာတွေအတွက် ငွေသိပ်မဖြုန်းပါနဲ့ ။
🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳

နေ့စဉ် ၂ထောင် ၃ထောင်ဖိုး ကွမ်းစားတာတွေ နေ့စဉ် ဘီယာဆိုင်ထိုင်တာတွေ အပျင်းပြေသုံးဖို့ ဖုန်းဘေလ် ငါးထောင်ကျော်
နေ့တိုင်းကုန်နေတာတွေ နေ့တိုင်း spa သွားနေတာတွေ စတဲ့
အသေးသုံးငွေတွေဟာ သင်သာ ဘရိတ်မအုပ်တက်ရင် အရှိန်ပါပြီး အကျင့်ဖြစ်သွားတတ်ပါတယ် ။

နေ့စဉ် ငွေအနည်းငယ်တွေဟာ သိပ်မသိသာပေမယ့် လနဲ့တွက်လိုက်ရင် သင်ဖြုန်းတီးခဲ့တဲ့ငွေဟာ သိန်းဂဏန်းဖြစ်နေတာကိုတွေ့ရမှာပါ ။

ဒါ့ကြောင့် အသေးစားသုံးတာတွေကို လျှော့ချကြည့်ပါ။
ငွေဖြုန်းတာ အကျင့်ပါတတ်ပါတယ် ။ ငွေမသုံးရ မဖြုန်းရရင်
မနေနိုင်တဲ့လူတွေ အများကြီးရှိပါတယ် ။

သင်သတိထားကြည့်ပါ ။ အထည်ကြီးပျက်တော်တော်များများဟာ
သူတို့အထည်ကြီးကို သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့တာများပါတယ် ။
သူတို့ကို သင်နမူနာယူပါ ။

တိုးပြီးမရှာနိုင်လျှင် ဖြုန်းတာတွေကိုလျှော့ပါ ။
🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳

ဟုတ်ကဲ့ အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေဟာ လကုန်ရင်ဒီလစာသာရမှာဖြစ်လို့ ဝင်ငွေတိုးမလာနိုင်တဲ့အခါ ဖြုန်းတာတွေကိုတော့ တက်နိုင်သမျှလျှော့ချကြည့်ပါ ။

လူတော်တော်များများဟာ မလိုလားတာတွေအတွက် ဖြုန်းတီးခဲ့ကြရင်း အသက်တွေကြီးလာတဲ့အခါ စီးပွားရေးလည်းမလုပ်တက် ရင်းနှီးမြုပ်နှံမှုလည်းမရှိနဲ့ ဆင်းဆင်းရဲရဲ အသက်ကြီးသွားကြတာကို
မြင်ဖူးကြမှာပါ ။

အဲဒီလိုမဖြစ်အောင် ခုသတိပြုမိတဲ့အချိန်ကစပြီး ငွေမဖြုန်းပါနဲ့တော့။

တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး တစ်သိန်းဆယ်ခါဟာ ဆယ်သိန်းဖြစ်ပါတယ် ။

ဒါကြောင့် ငွေ တစ်သောင်းလောက်နဲ့ ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့ ။

ငွေတစ်သိန်းဆိုတာ အေးဆေးပါလို့ မတွေးပါနဲ့ ။ အဲဒီ ငွေတစ်သောင်း ငွေတစ်သိန်းရဖို့ သင့်ထက်အများကြီးပင်ပန်းခံပြီး ရှာဖွေနေရသူတွေအများကြီး ရှိနေတယ်ဆိုတာ သတိပြုပါ ။

ဆင်းရဲလွန်းတဲ့ အဖိုးအဖွားတွေအတွက်
ငွေ တစ်သောင်း ငွေတစ်သိန်းဟာ
အလွန်တန်ဖိုးရှိတယ်ဆိုတာ သင်မမေ့ပါနဲ့ ။

မိတ်ဆွေ
ငွေသုံးပါ ။
ငွေမဖြုန်းပါနဲ့။

Credit...✍