" ဆရာ .. ကျွန်တော်တို့၀ယ်မယ့် သင်္ဘောက သုံးပြီးသားအဟောင်းကြီး ဖြစ်နေပေမယ့် စျေးနှုန်းက အသစ်အတိုင်း ဖြစ်နေပါတယ်။ ဒီအတွက် စစ်ဆေးပေးရသူ ကျွန်တော့်ကို တစ်သန်းလာဘ်ထိုးပါတယ်" ရဲဝံ့တည်ကြည်စွာနဲ့သူ့ရဲ့ရေတပ်ဗိုလ်ချုပ်ကြီးကို တင်ပြလိုက်တယ်။ ဗိုလ်ချုပ်ကြီးက ရုံးခန်းထဲ အသေး စားဂေါက်ကစားကွင်းငယ်မှာ ဂေါက်ကစားရင်းကနေ သူ့ဘက်ကို မျက်နှာမူလိုက်တယ်။ "တစ်သန်း ဟုတ်လား "  "တော်တော် အသုံးမကျတဲ့ ညှိနှိုင်းမှုပဲ။ တကယ်ဆို နှစ်သန်းလောက် ပေးရမှာ။ ပြန်သွားပြီး စစ်ဆေးမှုအတည်ပြုကြောင်း လက်မှတ်ထိုးလိုက်ပါ။ ဗစ်ကရန်ကို ငါညှိနှိုင်းပြောထားလိုက်မယ်"  ရေတပ်ဗိုလ်ချုပ်ကြီးရဲ့စကားက သူ့ကို အံ့အားသင့်သွားစေခဲ့တယ်။ သူနှုတ်ဆိတ် ဆွံ့အ နေချိန်မှာ ဗိုလ်ချုပ်ကြီးက အခန်းထဲကနေ တစ်လှမ်းချင်း ထွက်ခွာသွားတယ်။ တစ်လှမ်းချင်း ထွက်ခွာသွားတဲ့ ဗိုလ်ချုပ်ကြီးရဲ့ခြေသံတွေကို နားထောင်ရင်း သူဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ သူ့နာမည်က ရုစတန် ။ တိတိကျကျ ပြောရရင် ရေတပ်ဗိုလ်မှုး ရုစတန်။ ရေတပ်ဗိုလ်ချုပ်ကြီးပြောတဲ့ ဗစ်ကရန် ဆိုတာက ကာကွယ်ရေး၀န်ကြီးဌာနအတွင်းစည်းပိုင်းအထိ ပေါက်ပေါက်မြောက်မြောက်ရှိတဲ့ လက်နက်ကုန်သည် ပွဲစား။ အိန္ဒိယရေတပ်မှာ ဗြိတိန်ထုတ် လေယာဉ်တင်သင်္ဘော ၀ယ်ယူဖို့ကိစ္စဖြစ်လာအောင် ဗစ်ကရန်ရဲ့ စကားပေါက်မြောက်ခဲ့သလို တစ်ဖက်က ရောင်းချမယ့် ကုမ္ပဏီဘက်နဲ့ချိတ်ဆက်ညှိနှိုင်းထားပြီးသား။ ၀ယ်ယူဖို့အရေးမှာ အဲဒီလေယာဉ်တင်သင်္ဘောကို စစ်ဆေးရေးအဖွဲ့က လန်ဒန်အထိ သွားရောက် စစ်ဆေးခဲ့ရတယ်။ ဒီစစ်ဆေးမှုကို ဦးဆောင်သူက ရုစတန်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ရုစတန်က နိုင်ငံတော်ရဲ့တာ၀န်ပေးချက်အရ လန်ဒန်ကို သွားရောက်ရပါတယ်။ သူ စစ်ဆေးနေချိန်တစ်လျှောက် တွေ့ရှိခဲ့တဲ့ ရလဒ်အချို့ကတော့ သင်္ဘောဟာ ဆီယိုစိမ့်မှု၊ ခံနိုင်၀န်သတ်မှတ်ချက်ကျဆင်းလာမှု၊ တစ်ပတ်ရစ်ဖြစ်နေမှု၊ စက်အင်ဂျင်နဲ့အခြားသော ဆက်စပ်အစိတ်အပိုင်းအချို့ဟောင်းနွမ်းနေမှုစတဲ့ ဘက်စုံမှာ ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းနေတာကို တွေ့ခဲ့ရပါတယ်။ ဒီတွေ့ရှိချက်ကိုပဲ ရေတပ်က ဗိုလ်ချုပ်ကြီးဆီကို သူတင်ပြခဲ့တာပဲဖြစ်တယ်။  ရုစတန် မတင်ပြခင် မစစ်ဆေးရသေးခင် လန်ဒန်ကို မသွားခင်ကတည်းက ဗစ်ကရန်က ရုစတန်ကို သူသွားရမယ့်နေရာ တည်းရမယ့် ဟိုတယ်ကအစ အသေးစိတ်အစီအစဉ်တွေ သိရှိထားကြောင်း ပြောခဲ့သလို ဒီစစ်ဆေးမှုက သူလိုချင်တဲ့အဖြေမျိုး ဖြစ်ရင် ရုစတန်အတွက် ရူပီးတစ်သန်းပေးဖို့အထိ သူစဉ်းစားထားတယ်လို့ရုစတန်ကို ပြောခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကို ရုစတန်က ငြင်းဆိုခဲ့ပြီးတော့ လန်ဒန်ကိုသွားခဲ့တာပါ။ ပြန်လာတဲ့အချိန်မှာပဲ ရုစတန်က သူ့ဗိုလ်ချုပ်ကြီးဆီကို တင်ပြခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးက ရူပီးနှစ်သန်းရအောင် ညှိနှိုင်းပေးမယ်လို့ရုစတန် ကို ပြန်ပြောခဲ့တာကြောင့် ရုစတန် အံ့အားသင့်ခဲ့ရတာပါပဲ။  ရုစတန် အံ့အား သင့်မိဆုံးအချက်ကတော့ အိန္ဒိယရေတပ်ကြီးတစ်ခုလုံးရဲ့ ဗိုလ်ချုပ်ကြီးက အိန္ဒိယအမျိုးသား အကျိုး စီးပွားကို နင်းချေပြီး လေယာဉ်တင်သင်္ဘောအစုတ်ကြီးကို ဘာကြောင့် အတင်း၀ယ်ဖို့ကြိုးစားခဲ့တာလဲ ဆိုတာပါ။ ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးက ခေါ်လို့အရက်အတူသောက်ကြရင်း ဗိုလ်ချုပ်ကြီးက ထပ်ပြီးညှိနှိုင်းပါတယ်။ "ရုစတန်..ဒီငွေပမာဏဟာ မင်းတစ်သက် ပုံမှန်အတိုင်းရှာနေရင် ရမှာ မဟုတ်ဘူး။ မင်း စဉ်းစားပုံ မလွဲမိစေနဲ့။ ဟိုမှာ ဗစ်ကရန်လာနေပြီ " လို့ဗိုလ်ချုပ်ကြီးက ပြောရင်း ဝိုင်းကနေ ထထွက်သွားပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ ဗစ်ကရန်နဲ့စျေးစကား ညှိနှိုင်းကြဖို့ပေ့ါ။ ဗစ်ကရန်က ဒီစစ်ဆေးမှုကို အတည်ပြုကြောင်း လက်မှတ်ထိုးဖို့တိုက်တွန်းသလို ကာကွယ်ရေး ၀န်ကြီး ဌာနအထိပါ ပေါက်မြောက်တဲ့ သူ့ရဲ့အားသာချက်ကို ပူးပေါင်းပြီး ရာထူးတိုးရေးပါ စီစဉ်ပေးမယ့် ဆိုတာမျိုး ညှိနှိုင်းပါတယ်။ ဒါကို လက်မခံနိုင်ဘူးလို့ရုစတန်က ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဗစ်ကရန်ဘက်က " မင်း မလုပ်နိုင်ရင် မင်းနေရာမှာ အခြားသူအစားထိုးဖို့အထိ ငါလုပ်နိုင်တယ်နော်" လို့ဖိအားပေးပါတယ်။ အထူးသဖြင့် ရုစတန်ရဲ့ရာထူးမတိုးရေးနဲ့နေရာအပြောင်းအရွေ့ကိုပါ စီမံနိုင်စွမ်း ရှိတယ်လို့စိန်ခေါ်လာပါတယ်။ "င့ါနိုင်ငံတော် ငါ့၀တ်ထားတဲ့ ယူနီဖောင်းအပေါ် မြတ်နိုးပြီး သစ္စာ စောင့်သိတဲ့ ငါ့စိတ်ကို မင်းငွေတွေ ရာထူးတွေနဲ့လာပြီး ပစ်ပေါက်ဖို့နောက်ဘယ်တော့မှ မစဉ်းစားနဲ့" လို့ပြောရင်း ဗစ်ကရန်ရဲ့နားရင်းကို ရုစတန်က တစ်ချက် ရိုက်ချလိုက်တယ်။ ပြီးတော့ ဝိုင်းကနေ ထထွက်လာခဲ့တယ်။ သုံးလခန့်အကြာမှာတော့ ဗစ်ကရန် အသတ်ခံလိုက်ရတယ်။ လိုတိုရှင်း ပြောရရင် တော့ ရုစတန် သတ်လိုက်တာပါ။ အပြင်လူတွေ အမြင်မှာတော့ ဗစ်ကရန်က ရုစတန်ရဲ့ မိန်းမနဲ့ ဖောက်ပြန်မှုတွေ ရှိခဲ့တာကြောင့် ရုစတန်က သတ်လိုက်တာဆိုတဲ့ ရှုထောင့်ပါပဲ။ အိန္ဒိယသတင်းစာ တွေက ဝေဝေဆာဆာ ဖော်ပြနေတာမှာတော့ ရုစတန်မမှားဘူး။ တစ်ပါးသူ မိန်းမကို ပြစ်မှားကျုးလွန်တဲ့ ဗစ်ကရန်လို လူမျိုးကို သတ်ပစ်သင့်တယ်ဆိုတာအပြင် လူထုကပါ ရုစတန်ဘက်မှာ ရှိလာပါတယ်။ ရုစတန်ဟာ ဗစ်ကရန်သတ်တဲ့အချိန်ကနေစပြီး သွားပြီး အဖမ်းခံချိန်၊ အချုပ်ထောင်မှာ ရှိချိန်၊ တရား ရင်ဆိုင်ချိန်အားလုံးမှာ ရေတပ်ဗိုလ်မှုး၀တ်စုံကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်ထားတယ်။ တရားသူကြီးနဲ့ရှေ့နေက မေးခွန်းထုတ်ရသည်အထိ၊ တပ်မတော်ရေက အရာရှိကိုယ်တိုင်က ရုစတန်ကို ရေတပ်အချုပ်ခန်းဆီ လွှဲပေးဖို့ပြောချိန်အထိ ရုစတန်ဘက်က ဖြေကြားမှု့ဟာ တစ်ခုတည်းပဲ။ ၀တ်စုံ၀တ်ထားခြင်းက နိုင်ငံတော်ရဲ့တာ၀န်ကို ဘယ်အချိန်မှာမဆို သစ္စာရှိရှိထမ်းဆောင်မယ်ဆိုတဲ့ စိတ်ခံယူချက်နဲ့ဖြစ်ပြီး ရေတပ်အချုပ်ဆီ မလိုက်တာကတော့ ရေတပ်ဗိုလ်မှုးလည်း အခွင့်ထူးမခံဘဲ သာမန်ပြည်သူလိုပဲ သာမန်အချုပ်မှာ နေနိုင်တယ်ဆိုတာကို ပြချင်လို့ပဲ ဆိုတဲ့အချက်ပါ။ နှစ်ဖက်ကြားနာ စစ်ဆေးမှုတွေ ပြီးချိန်မှာတော့ ဂျုရီလူကြီးတွေက ဆုံးဖြတ်ချက် ချဖို့ပြင်ဆင်ကြပါတယ်။ ရုစတန်ကိုယ်တိုင် လာအဖမ်းခံလို့ဖမ်းခဲ့တဲ့ နာမည်ကျော် ရဲစုံထောက်ကတော့ ဒီအမှုဟာ သာမန်အမှုမဟုတ်ဘူးဆိုတာကို သဘောပေါက်လို့နယူးဒေလီမှာရှိတဲ့ ကာကွယ်ရေး၀န်ကြီးဌာနရုံးအထိ ကွင်းဆက်လိုက်ခဲ့ရင်း အသံဖိုင် တစ်ဖိုင်ကို ရခဲ့ပါတယ်။ ဒီအသံဖိုင်ထဲမှာတော့ ဗစ်ကရန်ကို လုံး၀သည်းမခံနိုင်တော့ဘူးလို့ ကာကွယ်ရေး ၀န်ကြီးကို အတိအလင်းပြောထားတဲ့ ရုစတန်ရဲ့အသံ ပါ၀င်နေခဲ့ပြီး ဂျုရီလူကြီးမင်းတွေက ဒီအသံကိုပါ ထည့်စဉ်းစားလာရပါတယ်။ တရားရုံး ဆုံးဖြတ်ချက် မချခင် ညမှာတော့ ရဲစုံထောက်ကြီးက စိတ်ထဲမှာ တစ်ခုခုလိုသလို ခံစားနေရဆဲမို့ ရုစတန်နဲ့သွားပြီး စကားပြောခဲ့ပါတယ်။ " ခင်ဗျား အလုပ်လုပ်တာ စေ့စပ်တာကို တော်တော်လေး သဘောကျတယ်။ ဒါပေမယ့် ခင်ဗျားရလာခဲ့တဲ့ အသံဖိုင်က တစ်ချို့ အပိုင်းတွေကို ဖြတ်တောက်ထားတယ်ဆိုတာ ခင်ဗျား မသိလိုက်ဘူး " လို့ ရုစတန်က ရဲစုံထောက်ကြီးကို ပြောလိုက်ပါတယ်။ စုံထောက်ကြီး အံ့အားသင့်သွားပြီးတော့ မေးခွန်းစမေးပါတော့တယ်။ လန်ဒန်မှာ သင်္ဘောသွားကြည့်တာအပြင် အခြေအနေအားလုံးနီးပါးကို ရဲစုံထောက်ကြီး သိလိုက်ရသလို သူ့လုပ်ရပ် က မှန်သလိုလိုနဲ့မှားသွားခဲ့ပြီဆိုတာ သဘောပေါက်သွားတယ်။ ဖြတ်တောက်ထားတဲ့ အသံဖိုင်ထဲမှာ ပါတဲ့ စကားတွေကတော့ " ရုစတန်.... မင်း အဲဒီလောက် မရူးစမ်းပါနဲ့။ ဗစ်ကရန်ကို ငါညှိပေးပါမယ် " ဆိုတဲ့ ကာကွယ်ရေး၀န်ကြီးကိုယ်တိုင် လေယာဉ်တင်သင်္ဘောအစုတ်ကြီး ၀ယ်ယူရေးအစီအစဉ်မှာ ပါ၀င်ခဲ့တာကို သိလိုက်ရတာပါပဲ။ " ကျွန်တော် အဲဒီတုန်းက စဉ်းစားပုံစဉ်းစားနည်းက ကျွန်တော့် လက်မှတ်တစ်ခုကြောင့် အိန္ဒိယနိုင်ငံသားတွေရဲ့ငွေကြေးတွေ အသက်တွေ ဆုံးရှုံးသွားမှာကို ကျွန်တော်မှ မတားရင် ဘယ်သူတားတော့မှာလဲဆိုတာပါပဲ " လို့ရုစတန်က ပြောလိုက်ပါတယ်။ " ခင်ဗျားဆိုရင်ရော ဘယ်လိုစဉ်းစားမလဲ ရဲအရာရှိကြီး" လို့သူထပ်မေးလိုက်ပါတယ်။ ရဲအရာရှိကြီးဟာ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ အကြောင်းအရာတစ်ခုကို သဘောပေါက်သွားခဲ့ပါတယ်။ အိန္ဒိယတပ်မတော်ရေမှာ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယအအမျိုးသားအကျိုးစီးပွားကို ချနင်းခဲ့တဲ့ ဖြစ်စဉ်အမှန်တစ်ခုကို ရုပ်ရှင်ဇာတ်ကား အဖြစ် ပုံဖော်ရိုက်ကူးပြီး အိန္ဒိယပြည်သူတွေကို အသိတရားတွေပေးခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။